Saturday, October 27, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၇)

ရေကြည်တစ်ပေါက်သောက်ရဖို့အရေး

" ဦးတူးမိုင်၊ ရော့ ခင်ဗျားမှာတဲ့ ရာဘာကျွတ် "
ဦးဂင်ရန်လီသည် ဂျစ်ကားပေါ်မှ စက်ဘီးတာယာကျွတ်အဟောင်း တစ်ထွေးတစ်ပိုက်ကြီးကုဆွဲချကာ ဦးတူးမိုင် အား ပစ်ပေးလေ၏။ ဤသို့ ပြောဆိုပြုလုပ်သည်မှာ ဦးဂင်ရန်လီမြစ်ကြီးနားမှ ပြန်ရောက်လာသည့်အခါ တိုင်းဖြစ် သည်။ ဦးတူးမိုင် သည် ဦးဂင်၇န်လီတို့ရုံးမှ ရုံးစောင့် ဖြစ်၏။ သို့သော် သူသည် တစ်မြို့လုံးရေရရှိရေး တာဝန်ခံ လည်း ဖြစ်သည်။ ထို့ကြောင့် သူ့အား " ရေမင်းကြီး " "ရေ၀န်ကြီး" ဟု သူ၏ကွယ်ရာတွင် ဂုဏ်ပြုပြောဆိုကြ၏။

သို့ဖြစ်လျှင် " ရေမင်းကြီး " နှင့် စက်ဘီးတာယာကျွတ်ဟောင်းနှင့် မည်သို့ပတ်သက်နေသနည်းဟု မေးဖွယ် ရာရှိ၏။ အလွန် ဆက်စပ်ပတ်သက်လျက်ရှိသည်ဟု ဖြေရပါမည်။ ဦးတူးမိုင်တွင် စက်ဘီးကျွတ်ဟောင်းပြတ် လျှင်ကား မြို့တွင် ရေရှားပြီ။ မြို့လူထု ရေ-ေ၇ ဟုပွက်စီပွက်စီပြောကြပြီ။ ပလတ်စတစ်ပုံးဖြူတွေကိုင် ၍ လျှောက်သွားနေကြပြီ။
ဆွမ်ပရာဘွမ်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄၆၀၀ တွင်တည်ရှိ၏။ တောင်ကုန်းပေါ်တွင် တည်ထား ၍ ရေတွင်းတူး၍မရ။ သို့ဖြစ်၍ သံမဏိပိုက်များဖြင့် ရေသွယ်မှုဖြန့်ဝေသည့် စနစ်ကို ဟုယခင် အဂ်လိပ်ခေတ် ကပင် စတင်ခဲ့သည်။

မြို့၏ အနောက်မြောက်ဘက်ရှိ တောင်ကျရေ "၀ါ့စပ်ခ" ချောင်းမှ သွယ်ယူ၏။ တစ်မြို့လုံးသို့ ထပ်ဆင့်ဖြန့် ဝေပေးနိုင် သည့် နေရာကို ရွေးချယ်ပြီး ရေလှောင်ကန်များ ပြုလုပ်ထား၏။ အဓိကကျသည့် ကန် မှာ နှစ်ကန် တွဲရေကန်ကြီးနှစ်ခုဖြစ်သည်။ ယခုတော့ ကာလအားဖြင့် နှစ်ပေါင်း (၇)ကျော်ပြီဖြစ်၍ ကန်နံရံ များပေါက်ပြဲ လျက်ရှိပြီ။ ကန်အောက်ခြေတွင် ရေ ၁၀ ပုံ ၁ ပုံသာလှောင်နိုင်တော့သည်။ မြို့တွင်း ရေ အခက်အခဲ မှာ ဤ သည်လည်း အကြောင်းတစ်ရပ်ဖြစ်သည်။
သံမဏိပိုက် များသည်လည်း နှစ်ပေါင်းကြာမြင့်နေပြီဖြစ်၍ တစ်ချို့နေရာများတွင် ဆွေးမြည့်ပေါက်ပြဲလျက်ရျိ ကြပြီ။ ဒီတော့ ရေသည် ထိုအပေါက်များမှ မိခင်မြေကြီးဆီသို့ အလုအယက် ဆင်းပြေးကုန်၏။ ဤတွင် ဦးတူးမိုင် ၏ တာယာကျွတ်ဟောင်းသည်သာလျှင် ရေတာဆီးရေးအကောင်းဆုံးလက်နက် ဖြစ်လာပါတော့ သည်။

ဦးတူးမိုင်သည် တာယာကတ်များကို ထမ်းခါ တစ်မြို့လုံးနေရာအနှံ့ပိုက်လိုင်းလိုက်၍ အပေါက်ရှာဖွေ ရစ်ပတ် နေ ရ၏။ ပိုက်ခိုးဖောက်ရေသွယ်ယူသည့် နေရာများ တားဆီးဖာထေးရ၏။ သံမဏိပိုက်များသည် မြို့တွင်း သာမက ရေ စတင်သွယ်ယူသည့် ၀ါ့စပ်ခချောင်းအထိ ရှည်လျား၏။
ဝါ့စပ်ခချောင်း မှ ပင်မရေလှောင်ကန်အထိ ပေ ၅၀၀၀ မျှရှိရာ ဦးတူးမိုင်သည် ထိုရေခံချောင်းအချ သွားနေရ ၏။ ပိုက်ထိပ်ဝ မှ အမှိုက်များ ဖယ်ရှားရ၏။ ချုံခုတ်၍ ပိုက်ပေါက်ရှာရ၏။ သူသည် ကျွတ်လိုက်၍ သွေးစိမ်း ရှင်ရှင် စီးကျနေ သည့် ခြေနှစ်ချောင်းနှင့် မိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်၏။

မြို့လုထူ သည် ဂင်ရန်လီရောက်သည့်နေ့မှစ၍ ရေ-ရေ ဟုသာပြောဆို၏။ ရေရရှိရေးကိုသာ တင်ပြကြ ၏။ ရေပိုက်များ ကိုကား ဦးတူးမိုင် ယာယီဖြေရှင်းပေး၍ ရ၏။ သို့သော် ရေကန်ကြီးများပြုပြင်ရန်ကား မြို့လူထု အနေဖြင့် မတတ်နိုင်။ ငွေကြေး၊ အတတ်ပညာ လိုသည်။ သည်တော့ အထက်အဖွဲ့အစည်းသို့ တင်ပြရန် လိုအပ်လေ သည်။ သို့နှင့် မြို့ရေရရှိရေး၊ ရေကန်များပြုပြင်ရေးအတွက် အထက်အဖွဲကအစည်းသို့ တင်ပြ အကူအညီတောင်းခံ တင်ပြကြလေသည်။
ကမ္ဘာ့မျက်နှာပြင်၏ ၇၀ % သည် ရေထုဖြစ်သည်ဟုဆိုကြ၏။ သို့သော် ကမ္ဘာ့နိုင်ငံများစွာ တို့ ၌ သောက်သုံးရေ၊ ရေကြည်ရေသန့်ပြဿနာရှိသည်ဟု စာနယ်ဇင်းမှာဖတ်ရ၏။ ရေဒီယိုမှာကြားရ၏။ ရုပ်မြင် သံကြားမှာပြ၏။ တချို့ တိုင်းပြည်များဆိုလျှင် သူများတိုင်းပြည်မှ ရေကို သွယ်ယူသောက်ရသည်ဆိုကြ၏။

ဂင်ရန်လီ တို့ ရွာသည် တောင်ပေါ်၌ တည်ဆောက်ထားသော်လည်း ရေပြဿနာမရှိခဲ့။ လူဦးရေသည်လည်း ရာဂဏန်း ပင် မပြည့်ချင်သည့်ရွာဖြစ်၍ စမ်းရေပေါက် သုံးပေါက်တွင် လက်ယက်ရေတွင်းပြု လုပ်ထားရုံနှင့် ရေပြဿနာပြီး ၏။ တောင်ပေါ်ဒေသတွင် မိုးများရကား စမ်းရေပေါက်ခမ်းခြောက် သည် ဟူ၍ မရှိ။ ရေကြည် ရေသန့် အစဉ်သောက်သုံးးရပါ၏။
ဂင်ရန်လီကြီးပြင်း လာ၍ သူများမြို့ရွာသို့ ရောက်လာသည့်အခါတွင်ကား ရေပြဿနာနှင့် ကြုံခဲ့ရ၏။ အမှန် တော့် ထိုမြိုကရွာ များတွင် အမှန်တကယ် ရေရှား၍မဟုတ်၊ ဓနအင်အားနှင့် ပညာချို့တဲ့၍ ဖြစ်သည်က များ၏။

မန်စီမြို့၏ တောင်ဘက်အစွန်တွင် နမ်ယူးချောင်းရှိ၏။ အရှေ့နှစ်မိုင်ခန့်တွင် နမ်ဂျေချောင်းရှိ၏။ သို့သော် ထိုချောင်းများ မှ ရေသွယ်ရေနည်းပညာမရှိ။ နည်းစနစ်မသိ။ သိပါသော်လည်း ငွေကြေးကုန်ကျမှု မပြုနိုင်။ သည်တော့ မရှားပါး သင့်သော ရေသည်ထိုမြို့၌ နွေရာသီတွင် ရှားပါးလာ၏။ ကျောက်ဖျာခံ၍ နက်နက် မတူး နိုင် ဟုဆိုကြသည် ရေတွင်းများသည်လည်း ခန်းခြောက်ကုန်ကြပြီ။
ဦးဂင်ရန်လီနေသည့် အိမ်နားတွင် ပြည်တော်သာ ရေတွင်းတစ်ခုရှိ၏။ မိုးရာသီတွင်ရေသည် အပေါ်ဘောင်အထိ တက်လာပြီး ရေပုံးဖြင့် ကြိုးမပါဘဲ ခပ်၍ရ၏။ နွေရာသီတွင်ကား အောက်ခြေ၌ ရေစိမ့် ရုံသာရှိတော့သည်။ သည်တော့ ၀ီရိယ ရှိသူ ဦးသူက ရေရ၏။ နောက်ကျသွားသူကား နို့ဆီခွက်သို့မဟုတ် ဒန်လက်ဆွဲချိုင့်အသေးကို ကြိုးသေးသေးဖြင့် ချည်ကာတွင်း ထဲချ ရေကို ဖြည်းဖြည်းချင်းစုယူရတော့၏။

ညပိုင်း ရေအသုံးနည်းသည့်အချိန်တွင်မူ ရေတွင်းရေသည် နှစ်ပေခန့် ရှိနေတတ်၏။ ထိုရေကို နံနက် အစောဆုံး ထနိုင်သူ ရမည်။ သို့မဟုတ်လျှင်ကား မြို့အစွန် နမ်ယူးချောင်းသို့ လစ်ပေတော့။
ဂင်ရန်လီ တို့ အိမ်နားက ရေတွင်းသည် လျှိုတစ်ခု၏ ထိပ်တွင်ရှိ၏။ ထိုလျှို၏ အရှေ့ဘက်ကမ်းတွင် ဒေါ်မန်း တို့လက်ယက်ရေတွင်း ရှိ၏။ သက်ငယ်ဖြင့် မိုးပြီးဝါးချမ်းဖြင့်ကာထား၏။ ဒေါ်မုန်းသည် ကျန်းမာတုတ်ခိုင် သည့် အိမ်ရှင်မ တစ်ဦးဖြစ်သည်။ သူအိမ်ထောင်ရှင်၏ ခန္ဓာကိုယ်သည် သူ၏ ထက်ဝက်မျှသာရှိရာ လင်မယား ရန်ဖြစ်သည့် အခါများ တွင် လင်ယောက်ျားအား ဖမ်းချုပ်ပြီး ဖင်ခုထိုင်ထားရာ သူ့ယောက်ျားခမျာ တုတ်တုတ်မျှ မလှုပ်နိုင် အရှုံးပေးမြဲဟုဆိုကြ၏။

သူသည် အလွန်ဝိရိယရှိသူလည်း ဖြစ်၏။ သူများတကာ အိပ်ပျော်ချိန် ညသန်းကောင်ကျော်၌ ထပြီး ရေခပ်သည်။ အိမ် တွင် ရှိသမျှ စဥ့်အိုးကအစ ပုံးကြီးပုံးငယ်မကျန်ရေဖြည့်သည်။ ပြီးလျှင် သူ၏မဟာ လက်ယက် ရေတွင်း ထဲသို့ခေါက်တုန့်ခေါက်ပြန် ခပ်ထည့်ပါတော့သည်။ အာရုံမတက် ခင် ပြည်တော်သာရေတွင်း သည် ရေစင် ကုန်ခမ်း ၍ သဲနုသာကျန်ပြီ။ ထိုအချိန်မှသာ ဒေါ်ရွှေမုန်းသည် စိတ်ချ လက်ချ စက်တော်ခေါ်နေ ပါတော့ သတည်း။
ဒေါ်မုန်းလောက်မှ ၀ီရိယမရှိသော ရေတွင်းနားချင်းများ ရေပုံးကိုယ်စီထမ်း၍ သွားကြလေတော့ နမ့်ယူးချောင်း။ မြစ်ကြီးမြစ်ငယ် ချောင်းကြီးချောင်းငယ်တို့၏ ဘ၀ချုပ်ငြိမ်း ရာ မြစ်ဝကျွန်းပေါ်ဒေသ တွင် ရေရှားသည်ဆိုလျှင် ယုံကြည်နိုင်ဖွယ်မရှိ။ သောက်သုံးရေ အခက်အခဲရှိသည်ဆိုလျှင်လည်း သဘောတူကြ မည်မဟုတ် သို့သော် ဦးဂင်ရန်လီ သည် ထိုဒေသ သောက်သုံးရေ အခက်အခဲနှင့်ကြုံခဲ့ရလေသည်။

ထိုမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိ၏။ မြစ်လက်တက်တစ်ခုသည် မြစ်မကြီးမှခွဲထွက်ကာ ထိုမြို့နှင့် နီးကပ် စွာ စီးဆင်းသွား၏။ သူတို့သည် မြစ်ဖျားမရှိသော ထိုရေစီးကြောင်းကြီးကို လှိုင်မြစ်ဟု သမုတ်ကြ ၏။ ထိုမြို့သားတို့သည် လှိုင်မြစ်ကိုကွေ့ပတ်၍ ဧရာဝတီမြစ်မကြီးဆီသို့ သွားနေရ သည်ကို စိတ်မရှည်နိုင်ကြ။ သို့ဖြစ်၍ ဖြတ်လမ်းဖောက်သည့် အနေဖြင့် သူတို့မြို့နှင့် မြစ်မကြီးတည့်တည့် တူးမြောင်းကြီးတစ်ခုကို အဆင်ခြင် ကင်းမဲ့ စွာ တူးဖောက်ကာ ဧရာဝတီမြစ်ရေ အား ခေါ်ယူကြ။ ဤတွင် ဧရာဝတီမြစ်ကြီးဟာ " ငါသည် သင်တို့မြို့ ကို ပတ်ကာ စီးဆင်းရန် မြစ်လက်တက်တစ်ခုခွဲဝေပေးခဲ့ပြီ။ ယခု ငါ့အား သင်တို့ မြောင်းဖောက် ၍ ပေး နေပြန်ပြီလော၊ ဤမျှလောက်တောင် ငါ့အား မြောင်းတူးမြူဆွယ် သည့် သင်တို့ ထံ ငါလာပြီဟဲ့ "ဟု ဆိုကာ အရှိန်အဟုန်ပြင်းစွာဖြင့် ရေလုံးကြီးအဖြစ် လှိမ့်ဆင်းလာပြီး ကမ်းနားရပ် ကွက်တစ်ခု လုံး ၀ါးမျိုလိုက်လေသည်။

ဦးဂင်ရန် သည် ဧရာဝတီမြစ်ကြီး ဒေါသတကြီးစီးဆင်းလာ၍ မြို့ကို ၀ါးနေသည်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေ ၏။ တွေးခေါ် မျှော်လင့်မထားသော အဖြစ်အပျက်ကြောင့် မြို့လူထုသည်လည်း ရေလုံးကြီးအား မည်သို့ မျှ မတားနိုင်ခဲ့။ မြစ်ရေတရဟောစီးဝင်၍ ရေနစ်မြုပ်လာသည့် ကမ်းနားက လူထုသည် ရရာပစ္စည်း၊ အ၀တ်ထုပ်ဆွဲ ၍ လွတ်ရာ ကျွတ်ရာသို့ပြေးကြကုန်၏။
မြစ်ကမ်းဘေး သောင်ပြင် တွင် မိုးကောင်းကင်ဆီသို့ ထိုးထိုးထောင်ထောင် ၀ံ့ကြွားစွာတည်နေသည့် လွတ် လပ်ရေးကျောက်တိုင် သည်လည်း တောင့်မခံနိုင်ရှာတော့ပဲ ဧရာဝတီမြစ်ကြီးအား ကိုင်းညွှတ်အလေးပြုရင်း လှိုင်းလုံးကြား ထဲတွင် နစ်မြှုပ်ပျောက်ကွယ်သွားလေတော့သည်။

ဤမျှ ရေပေါသောမြို့တွင် ဂင်ရန်လီသည် ရေအခက်အခဲနှင့် ကြုံနေရ၏။ သည်တော့ ရေစည် တွန်းသော ရေစည်မောင်မောင်နှင့်မိတ် ဖွဲ့၍ ပြဿနာရှင်းရလေသည်။ ဦးဂင်ရန်လီသည် ၀ါသနာအလျှောက် စိုက်ချင် ပျိုးချင် ၏။ မီးဖိုချောင်ပြဿနာတစ်ဖက်တလမ်းမှ ဖြေရှင်းရန်လည်း ဖြစ်၏။ စိုက်ပျိုးရေးလုပ်သည့်ကာ အပင် များ ရေလောင်းရန် လိုလာ၏။ ကြာလာတော့ ရေဖိုးမတတ်နိုင်။
သို့နှင့်သူ ၏ တူတော်မောင် ဇော်ထုန်အား ရေတွင်းတူးရန် တိုင်ပင်၏။ နှစ်ဦးပေါင်းတူးကြရာ ၁၀ ပေအနက် တွင် ရေရ၏။ ထိုရေသည် ရေစည်မောင်မောင်၏ ရေထက် ကြည် ၏။ ရေစည်မောင်မောင် ၏ရေ သည် မြစ် ရေဖြစ်၍ အမြဲနောက်ကျိနေ၏။ ရေကြည်သာသုံးဖူးသော ဦးဂင်ရန်လီသည် ထိုရေကိုမြင်၍ စိတ်အနှောင့် အယှက်ဖြစ် ရ၏။ ပထမသော် ပလုပ်ကျင်းရန်ပင် စိုးရွံ့နေ၏။ မြို့ခံများက ကန်ဘောင်ရေ မျက်နှာပြင် အား ပတ်လည်တွင် ကျောက်ချဉ်ပွတ်ရန် အကြံပေးကြ၏။ သို့သော် သိပ်မထိရောက် လှ။

ယခု ရေတွင်းတွင် ရေကြည်ရ၍ ဟန်ကျနေပြီ။ သုံးရေ၊ ချိုးရေ၊ အပင် အတွက် ရေရပြီ။ နောက်တစ်နေ့ တွင် ရေစည်မောင်မောင် ရေစည် တွန်းလာ၏။ " ဆရာ ဘယ်နှစ်စည်ယူမလဲ၊ ကန်အပြည့် ထည့်ရမလား "ဟုမေးလေ ၏။ " နိုး နိုး ကိုမောင်မောင်၊ ကျုပ် ရေတွင်းတူးပြီး ရေရပြီ၊ နောက်မလာနဲ့တော့၊ ဒီတစ်စည် တော့ ရေကန်ထဲ ထည့်ထားလိုက်" ဟု ၀ံ့ကြွားသည့်လေသံနှင့်ပြောလိုက်၏။
ထိုရေတွင်း သည် ဂင်ရန်လီတို့အားများစွာ အကျိုးပြုလျက်ရှိ၏။ ရေတွင်းနားတွင် အ၀တ်လျှော်ခုံနှင့် ပုဆိုး တဘက်တင် ရန် ၀ါးတန်းကလေးနှင့်။
သို့သော် သိပ်မကြာလိုက်ပါ။ မိုးသည်းထန်စွာရွာသည့် ညတစ်ည၏ နောက်နေ့နံနက်တွင် ထိုရေတွင်း ပျောက်ကွယ် သွားလေ၏။ ဦးဂင်ရန်လီသည် ထိုရေတွင်းကို ၀ါးခြမ်းဂွေပင် ချမထားမိခဲ့။ သည်တော့ မိုးရွာ ၍ မြေကြီးပျော့အိပြိုကျသွားပြီ။

ထိုနေ့ နံနက်တွင် ဦးဂင်ရန်လီသည် ရေစည်မောင်မောင်ထံသွား၍ ချဉ်းကပ်ရပြန်သည်။ " ကိုမောင်မောင် ကျုပ် အိမ် အတွက် ရေနှစ်စည်" ဟု ပြောရာ ရေစည်မောင်မောင်က အံ့အားသင့်စွာဖြင့် " ဆရာ့ အိမ်ရေတွင်း တူးထား ပြီ ဆို " ဟု မေးလေသည်။ " အေး ငါ့ရေတွင်း ခုတော့ မြေကြီးထဲ ငုပ်လျှိုးသွားပြီ" ဟုပြော ဆို ကာ ရေစည်မောင်မောင် ထံ မှ ပြန် လာခဲ့လေသည်။
ဆွမ်ပရာဘွမ်မြို့ ရေကန်ပြုပြင် ရန် အထက်အဖွဲ့အစည်းမှ ရန်ပုံငွေချေပေးလေ၏။ ထိုရန်ပုံငွေ ရရှိပြီးနောက် မြစ်ကြီးနားမြို့ စည်ပင်သာယာရေး အဖွဲ့၏ ကျွမ်းကျင်မှုပညာဖြင့် ပြုပြင်ကြ၏။ လူထုနှင့် ၀န်ထမ်း များ သည် လည်း တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီကြ၏။

သဲနှင့် ကျောက်လုံးများကို ၁၆ မိုင်ဝေးသည့် ဧရာဝတီမြစ်ကမ်းမလိယန်ဒေသမှ ရွှေကုမ္ပဏီများ၏ အကူအညီဖြင့် သယ် ယူ၏။ ခွဲကျောက်များကိုကား ယခင် အဆောက်အဦးဟောင်း အုတ်ခုံများမှ ရရှိ၏။
ရေကန်ပြုပြင်ရာတွင် အတတ်ပညာပိုင်းဆိုင်ရာ၊ လုပ်အား၊ ထုံး၊ ဘိလပ်မြေပြဿနာမရှိ။ ပြဿနာအကြီး အကျယ် တက်နေသည်ကား သဲနု ရရှိရေးဖြစ်သည်။ ကျောက်ဖြုန်းသဲ ကိုမူ အနီးအနား ကားလမ်းကမ်းပါးယံ မှရ၏။ သို့သော် ထိုသဲဖြင့် ရေကန် အချောကိုင်၍မရ။ ရေကန် သည် ရေလုံရမည်။ ဒီတော့ (၁၆)မိုင်ဝေးသည့် မလိခမြစ် မှ သယ်ယူ ရ၏။ ကားတစ်စီးနှစ်စီးသာ သယ်ရသေးသည် မိုးကျ၍ ကားလမ်းကမ်းပါးပြို၍ ကားမ သွားနိုင်တော့။ ဆွမ်ပရာဘွမ် ၏ နွေရာသီကား တိုတောင်းလှပါဘိ။

ဤတွင် သဲနု ရရှိရေးသည် ရေကန်ပြုပြင်ရေးအတွက် သေရေးရှင်ရေးဖြစ်လာ၏။ သဲနုရနိုင်သည်ဟု အထင် ရှိ သည့် ချောင်းကြိုချောင်ကြား လိုက်ရှာ ၏။ မတွေ့။ ကားလမ်းတစ်လျှောက် ချောင်းတွေကတိုင်းဆင်း ကြည့်၏။ မရ။ မိုင် (၁၀၀) ခန့်ဝေး သည့် တီယံဇွပ်ရွာ မြစ်ကမ်းနံဘေးတွင်ကာ သံသောင်ပြင်ရှိ၏။ ထိုသောင် ပြင်မှသဲကို ယူသော် ရ၏။ သို့သော် ထိုမှ ဆွမ်ပရာဘွမ်မြို့ရောက်လျှင် ထိုသဲများသည် ရွှေတမျှ တန်ကြေးရှိ မည်။
ဤသို့ဖြင့် ကမ္ဘာ့မြေပြင် အား သဲများက ကန္တာရအသွင်သို့ ကူးပြောင်းဝါးမျိုတော့မည်ဟု ချိန်းခြောက်နေသည့် အချိန် တွင် ဂင်ရန်လီသည် သဲတစ်ပွင့်၏ တန်ဖိုးကို ကောင်းစွာနားလည်သွားလေသည်။
နောက်ဆုံး တွင် ဂေါက်သီးကျင်းစိမ်ကစားရန် ဖန်တီးထားသည့် ဆောက်လုပ်ရေးဗိုလ်တဲရှိသဲတစ်ကျင်း စာခန့်ကို သက်ဆိုင်သူ ထံ မေတ္တာရပ်ခံရယူပြီး လုပ်ငန်းအပြီးသတ်နိုင်ခဲ့လေတော့သည်။

ဝါ့စပ်ခချောင်းမှ သွယ်ယူထားသော ရေသည် ကန်အသစ်တွင် သံမဏိပိုက်မှ အဆက်မ်ြပတ် စီးကျလာ၏။ ဦးဂင်ရန်လီ သည် စီးကျလာသည့် ရေအလျဉ်ကို ၀မ်းသာပီတိမျက်လုံးတို့ဖြင့် အချိန်အတန်ကြာ စိုက်ကြည့် လေ ၏။ ၀ါ့စပ်ခချောင်းရေသည် ကန်သစ်တွင် သန့်ရှင်းကြည်လင်လျက်ရှိ၏။ ယခုတော့ မြို့လူထု၏ ရေလိုအပ်ချက် အထိုက်လျောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။
သို့သော် ရေပိုက်သစ်များ မလဲနိုင်သေး၍ ဦးတူးမိုင်သည် စက်ဘီးတာယာကျွတ်ဟောင်း တစ်ထွေးတစ်ပိုက် ထမ်း၍ မြို့ရပ်ကွက်အနှံ့သွားလာလှုပ်ရှားနေရဦးမည်။
မည်သို့ဖြစ်စေ ပလတ်စတစ်ပုံးများကိုင်၍ ဟိုဘုံဘိုင်မှာ ရေရနိုးနိုး ဒီဘုံဘိုင်မှာရေ ရနိုးနိုးနှင့် ရေကြည် တစ် ပေါက်အတွက် အချိန်ကုန် ခံ ဒုက္ခခံ လှုပ်ရှားနေကြသည့် မြို့လူထု၏ မြင်ကွင်းကို မမြင်မတွေ့ရတော့။

ဦးဂင်ရန်လီသည် ဆေးဝါး ဝေါဟာရအနေဖြင့် ပြောရလျှင် "ရက်လွန်နှစ်ချို့" ဖြစ်နေပြီ။ ဒီတော့ မိမိ၏ ရှည် လျားလှသော ၀န်ထမ်းဘ၀ ကို ဦးညွတ်အလေးပြုပြီး ထိုမြို့မှ ထွက်ခွာသွားလေတော့သည်။
သုံးလခန့်ကြာသောအခါ ထိုမြို့နှင့် လွန်းပြတ်သွား၍ ကုန်ပို့နေသည့် ကားဆရာနှင့်တွေ့လေ၏။ ထိုကား ဆရာနှင့် စကားစမြည်တစ်ခွန်းနှစ်ခွန်းသာပြောရသေး၊ ကားဆရာက "ဆရာတို့လုပ်ထား တဲ့ ရေကန်ကြီး ပေါက် သွားပြီ" ဟု အဆက်အစပ် မရှိ ပြောချလိုက်လေသည်။ ဤတွင် မိမိရင်ဘတ် အား ခြေဖနောင့်နှင့် ဆောင့်ကန် ခံရသကဲ့သို့ ပြင်းထန်သည့် ဝေဒနာတစ်ရပ် ခံစားလေတော့သည်။
ဘယ့်နှယ် ၀န်ထမ်းဘ၀ ၏ နောက်ဆုံးကောင်းမှုအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်လုပ်ငန်း၊ ကျွမ်းကျင် သည့် ပညာရှင် များနှင့် မိမိကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်သည့်လုပ်ငန်း၊ ခွဲကျောက်၊ ကျောက်လုံးချော များ ဖြင့် သေချာစီ၍ အသစ်ကဲ့သို့ တည်ဆောက်ထားသည့်လုပ်ငန်း၊ ယခုတော့ ပေါက်သွားပြီတဲ့။

ရေကန် ကို အနည်းငယ်ပြန့်သော တောင်ကြောနေရာတွင် မြေညှိကျင်းတူး၍ တည်ဆောက်ထားခြင်းဖြစ်၇ာ ကန်ဘောင်ပြိုကျပေါက်ထွက် ၇န် အကြောင်းမရှိ။ မိုးသည်းထန်စွာရွာ၍ ပြင်ပရေများ ရေကန်နံရံဖောက်၍ စီးဝင်ခြင်း သာဖြစ်ပေမည်။
ရေကန်ပြုပြင်စဉ် က နံရံကို ကျောက်လုံးများစီးခဲ့သော်လည်း သဲနုအခက်အခဲကြောင့် မဆလာများများမသုံး နိုင်။ ထို့ကြောင့် ခပ်ပါးပါးသာ အချော ကိုင်နိုင်ခဲ့သည်။ ဆွမ်ပရာဘွမ်မြို့ပေါ်လမ်းမကို တောင်ကြောလိုက် ၍ကွေကောက်ဖောက် လုပ်ထားခြင်းဖြစ်ရာ မိုးသည်းထန်သည့်အခါ မိုးရေများသည် လမ်းမပေါ် စုကျ လာကာ ချောင်းငယ်သဖွယ်စီးဆင်းနေပါတော့သည်။
ယခင် က ကတ္တရာ ခင်းဖူးသော်လည်း ရေတိုက်စားသွား၍ ယခုတော့ ကျောက်တုံးကျောက်ခဲများ ငေါထွက် လျက်ရှိနေ သည်။

ရေကန်သည် ကားလမ်းဘေးတွင်တည်ရှိရာ မိုးရွာသည့်အခါ လမ်းမပေါ်မှ လျှံလာသည့် မိုးရေများသည် ကန်ပတ်လည်မြေသား များ ထဲ စိမ့်ဝင်သွားလိမ့်မည်။
ရေကန် သည် အစဉ်အမြဲ ရေပြည့်နေသည်မဟုတ်။ ပိုက်ဖြင့်သွယ်၍ ၀င်လာသည့်ရေထက် မြို့ထူလု၏ သုံးစွဲ သည့်ရေများနေလျှင်ေ၇သည် ကန်ထက်ဝက်ပင်မရှိတတ်။ ထိုအချိန်မျိုးတွင် ကန်ဘောင်ဘေးပတ်ဝန်းကျင် မှရေများ အပေါက်ရှာ၍ ကန်ထဲစိမ့်ဝင်သွားခြင်းဖြစ်မည်။ စိမ့်ဝင်ဖန်များတော့ တဖြည်းဖြည်း အပေါက်ကျယ် လာကာ ပေါက်ပြဲသွားခြင်းဖြစ်ပေမည်။
ဂင်ရန်လီ သည် ညမို့ လူထု ရေရရှိရေးအတွက် မိမိ၏ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ယူ၍မ၀သေး။ ရေအကျိုး (၁၀) ပါး တနင့်တပိုးခံစားရတော့အုံးဟု စောင့်မျှော်လျက်ရှိနေဆဲ။ ခုတော့ ရေကန်ပေါက်သွားပြီတဲ့။
ထို အမင်္ဂလာသတင်း သည် မိမိ၏ အငြိမ်းစားအစ၊ ဘ၀နုနုကို ဓားထက်ထက်ဖြင့် နုပ်နုပ်စဉ်းပစ်နေသည်ဟု ဂင်ရန်လီ ခံစားနေရပါတော့သည်။

ပြီး
 .................................
ဆက်ရန် (အသစ် တပုဒ်)

.

1 comment:

Anonymous said...

စာပေကောင်းလေးတွေဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ အစ်မရွှေစင်

ပြီး
---------------------
ဆက်ရန် (အသစ် တပုဒ်)ကို အရမ်းသဘောကျလို့ အသံထွက်ပီးရယ်သွားတယ်