Friday, October 26, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၆)

"မနက်ဖြန် ကျွန်တော် အလုပ်စမယ်၊ သံရုံးထဲမှာ အလုပ်လုပ်နေတဲ့ လူတွေနဲ့ ဒီနေ့ ကျွန်တော် တွေ့ မယ်၊ အစေခံတွေ၊ ထမင်းချက်တွေရောပေါ့၊ သံအမတ် နဲ့ တိုက်ရိုက် ဆက်ဆံရတဲ့ လူဆို ပိုကောင်း တာပေါ့" စားပွဲပေါ် က ဓာတ်ပုံကို ကျွန်တော် စိုက်ကြည့်နေသည်။ အရပ်မြင့်မြင့်နှင့် အထက်တန်းလွှာ ပညာတတ် ပုံပေါက်နေ သည့် ဂျာဆင်ပီယာဘိုဒီ။ သူ့မျက်နှာ တွင် ခံပြင်းမှု၊ နာကြည်းမှု၊ စက်ဆုပ် ရွံရှာမှုတွေအပြည့်။ တံခါးဝဆီသို့ ကျွန်တော် လှမ်းကြည့်လိုက်သည်။ ဓာတ်ပုံထဲ က ပုံစံအတိုင်း သူ့ကို တွေ့လိုက်ရ၏။ ကို ဆက်ဖတ်ရန် ......

ပီယာဘိုဒီ
စန်ကာလို
(ပထမနေ့)

အခန်းထဲတွင် အမေရိကန်လမ်းသရဲပုံပေါက်နေသည့် လူငယ်တစ်ယောက် ရောက်နေသည်။ ဝေ့ကြည့် လိုက်၏။ သူတစ်ယောက် တည်း၊ အခြား ဘယ်သူမှမရှိ၊ အရောင်လွင့်ပြယ်ပြီး အနားတွေဖွာလန်ကြဲနေ သည့် ဂျင်းဘောင်းဘီနှင့် တီရှပ်က အနက်ရောင်၊ ရွှေရောင်နှင့် အနီရောင်ရောနေသည့် ဆံပင်တွေ ပခုံး ပေါ် အထိ ကောက်လိမ်ဝဲကျနေသည်။
သူ့ရှေ့တွင် သတင်းစာတစ်စောင်၊ ပြီးတော့ အဖုံးမည်းနှင့် ဖိုင်တွဲတစ်ခု၊ လူလွန်းမသား ဖမ်ဘိုရာက ကျွန်တော် ကို နောက်မှ ဆောင့်တွန်းလိုက်သဖြင့် အခန်းထဲသို့ ဒယိမ်းဒယိုင်ရောက်သွားသည်။ အသေ ခံ တပ်သား၊ တော်လှန်ရေးလူငယ် ပီဒရိုဆိုသော မလောက်လေး မလောက်စား ကောင်လေး၏လက်ထဲ မှ ကြိုး တင်း သွားပြီး သူပါ အခန်းထဲအပြေးရောက်လာသည်။
လမ်းသရဲ က ကျွန်တော့်ကို သေသေချာချာကြည့်ပြီး ဖမ်ဘိုရာကို လှမ်းပြောသည်။

"ဒီဂျာကင်ကို ချွတ်ပေးလိုက်၊ ပြီးတော့ ချာတိတ်ကိုပါ အပြင်ခေါ်သွား"
ဖမ်ဘိုနာ က ကျွန်တော့်ရှေ့မှ သူ့ဆီသို့ ဖြတ်လျှောက်သွားသည်။ ထုံးစံအတိုင်း လက်ထဲတွင် စက် သေနတ်နှင့် သူက ခေါင်းသွက်သွက်ယမ်းပြီး… "သူ ဒီအင်္ကျီကို တစ်စက္ကန့်တောင် မချွတ်ရဘူး၊ တခြားလူတွေလဲ အလားတူပဲ"
လမ်းသရဲက သက်ပြင်းချပြီး ခြေထောက်တွေကို စားပွဲပေါ်ဖြုတ်ချသည်။ ထရပ်ပြီး အညောင်းဆန့် သည်။ ပြီးမှ စားပွဲ ကို ပတ်လျှောက်လာသည်။ ကောင်းဘွိုင်ဖိနပ်စီးထားသည်ကို သတိပြုမိ၏။ ကျွန်တော် ပင်ပန်းနေပြီ၊ မအိပ်ရသည် မှာ သုံးရက်ရှိပြီ။
ကောင်းဘွိုင် ဖိနပ်တစ်ရပ် ကျွန်တော့်ဆီသို့ လှမ်းလာနေသည်။ ပြောင်လက်နေအောင် တိုက်ထား၏။ သူ့အရပ် က ကျွန်တော့်နီးပါး မြင့်သည်။ မျက်လုံးအစုံက အပြာရောင်၊ မျက်နှာက လူငယ်ကလေးတစ် ယောက်၏မျက်နှာ၊ သို့သော် အသက်ကို ခန့်မှန်းရခက်သည့် မျက်နှာမျိုး။

အင်္ကျီမှ ကြိုးများကို သူ စဖြေသည်။ ဖမ်ဘိုနာကို ကျွန်တော် လှမ်းကြည့်လိုက်၏။ သူက မျက်လုံးအပြူး သားနှင့် ကြောင်ကြည့်နေပြီးမှ ဒေါသတကြီး ဟောက်သည်။
"ခင်ဗျား မေးစရာရှိ မေး၊ သူ့ကို ဘာမှမလုပ်နဲ့"
လမ်းသရဲ က သူ့အလုပ်သူ ဆက်လုပ်နေ၏။ ဖမ်ဘိုနာကို လုံးဝဂရုမစိုက်၊ ကြိုးတွေ တစ်ခုပြီးတစ်ခု လိုက်ဖြုတ်နေ ၏။ ဒေါသအမျက် ခြောင်းခြောင်းထွက်နေသည့် ဖမ်ဘိုနာက သေနတ်ကို ဖျောင်းခနဲ မောင်းဆွဲတင်သည်။ လမ်းသရဲ ၏နောက်ကျောကို သေနတ်နှင့် ထောက်ထားလိုက်၏။
လမ်းသရဲက အပြုံးမပျက်၊ ကျွန်တော်ပင် အံ့သြသွားသည်။ ပြီးတော့ အင်္ဂလိပ်သံပီပီဖြင့်…
"အင်း… တော်လှန်ရေးလူငယ်တွေမှာ စည်းကမ်းသေဝပ်မှုအား အတော်နည်းနေတာပဲ"
ချာတိတ်ကလေး မှာ ကြောက်လွန်းသဖြင့် မျက်နှာပျက်နေပြီ၊ ဖမ်ဘိုနာ့လက်ထဲမှ သေနတ်ကိုတစ်လှည့်၊ လမ်းသရဲကိုတစ်လှည့် ကြည့်နေ၏။ စနက်တံသေတ္တာကို ကိုင်ထားသည့် လက်တွေ တဆတ်ဆတ်တုန် နေ၏။

လမ်းသရဲ ရှေ့တစ်လှမ်းတိုးလာပြီး အင်္ကျီကို ခေါင်းမှချွတ်ယူသည်။ ကျွန်တော်က အလိုက်သင့် လက် မြှောက်ပေး လိုက်သည်။ သူ့ကိုယ်မှ ရေမွှေးနံ့မရပါ။ ကျွန်တော့်ကိုယ်ပေါ်မှ အလေးချိန် အများကြီး လျော့ကျ သွား သဖြင့် နေရထိုင်ရ အပုံကြီး လွတ်လပ်သွားသည်။
လမ်းသရဲ က အင်္ကျီကို ချာတိတ်လက်သို့ ကမ်းပေးပြီး စပိန်ဘာသာဖြင့်…
"မင်း… ကောင်မလေးတွေ များများစွံပါစေကွာ" ဟု ပြောရင်း အခန်းပြင်သို့ အသာတွန်းပို့လိုက်သည်။ ပြီးတော့ ဖမ်ဘိုနာ ကိုရော သူ့လက်ထဲမှ သေနတ်ကိုပါ တစ်ချက်မှမကြည့်ဘဲ စားပွဲဆီသို့ ပြန်လျှောက် လာသည်။ သူ့ဖိနပ်သံ က ပတ်ဝန်းကျင်ကို သရော်နေသလိုလို။

ဖမ်ဘိုနာ သည် ဒေါသကြောင့် ဆတ်ဆတ်တုန်နေ၏။ သေနတ်ချိန်လျက်သား ရှေ့နှစ်လှမ်းတိုးလာ၏။ လမ်းသရဲ က သတင်းစာငုံ့ဖတ်နေရာမှ ကျွန်တော့်ကို မော့ကြည့်ပြီး မျက်နှာချင်းဆိုင် ကုလာထိုင်ကို လက်ညှိုးထိုးပြီး…
"ကျေးဇူးပြုပြီး ထိုင်ပါ သံအမတ်ကြီး ခင်ဗျား၊ ကျွန်တော်တို့တွေ ဆွေးနွေးစရာတွေ အများကြီးရယ်၊ အချိန်က သိပ်မရှိဘူး ခင်ဗျ"
အခန်းထဲ တွင် ငြိမ်သက်သွားသည်။ ဖမ်ဘိုနာ၏အသက်ရှူသံမှတစ်ပါး ဘာသံမှမကြားရ၊ ပေါက်ကွဲ တော့မည့် မီးတောင်တစ်ခု ၏တောင်ထိပ်တွင် ရောက်နေသည့်အလား။
အချိန်မရွေး သူ့လက်ချောင်းကလေးက မောင်းဖြုတ်နိုင်သည်။ လမ်းသရဲ၏ မျက်လုံးများထဲ တွင် ကြောက်ရွံ့ခြင်း ကို ကျွန်တော် ရှာဖွေကြည့်သည်။ စိုးစဉ်းမျှမတွေ့ရ။ ကျွန်တော် သူ ညွှန်ပြသည့် ကုလားထိုင် တွင် ထိုင်ချလိုက် သည်။ လမ်းသရဲလူငယ်က ကျွန်တော့်ပခုံးပေါ်မှကျော်ကြီး ဖမ်ဘိုနာကို ခပ်ပြုံးပြုံးကြည့်ရင်း ပြောသည်။

"ရဲဘော်၊ မင်းတို့ စန်ကာလိုနာမည်ကြီး ကော်ဖီအိတ်တွေ ရိက္ခာကားပေါ်မှ ပါလာတာတွေ့ တယ်၊ ကော်ဖီနှစ် ခွက်ဖျော်ပြီး ပို့ခိုင်းလိုက်၊ ခပ်ပြင်းပြင်းဖျော်နော်၊ နောက်တစ်နာရီကြာရင် နောက်နှစ်ခွက် ထပ် ပို့ခိုင်း၊ ဟုတ်ပြီလား"
ဘုရား… ဘုရား၊ ဖမ်ဘိုနာအကြောင်း သည်သူငယ် မသိသေးပါလား၊ သူ့ရဲဘော်တစ်ယောက်ကို ဘာ မဟုတ် သည့် ကိစ္စလေး အတွက် သေကောင်ပေါင်းလဲရိုက်သည်၊ ခုလောက်ဆို သူ့လက်ချောင်း ကလေး သေနတ်မောင်း ကို ဖြုတ်ဖို့ တွေးနေလောက်ပြီ။ ကျောထဲစိမ့်သွား၏။ တစ်ဖက်ကို တိုးကပ်နေလိုက်ချင် ၏။ သို့သော် ဣနြေ္ဒမပျက် ဆက်ထိုင်နေ လိုက်၏။
စက္ကန့်များ စွာ မိနစ်များစွာ ကြာသွား၏။ ကျွန်တော် အသက်မရှူရဲသေး၊ နောက်ဆုံးမှ အခန်းထဲက ထွက် သွားသော ခြေသံနှင့် တံခါးပိတ်သံ ကြားလိုက်ရသည်။
သက်ပြင်းရှည်ကြီး တစ်ချက် ကျွန်တော် မှုတ်ထုတ်ပစ်လိုက်ချင်၏။ သို့သော် အောင့်ထားပြီး သာသာ မျှဉ်းမျှဉ်း ကလေး ရှူထုတ်လိုက်၏။ စိတ်လှုပ်ရှားမှုကို ကျွန်တော်ပြ၍ မဖြစ်ပါ။ ဘယ်ခြေပေါ်သို့ ညာခြေ ချိတ်တင်ပြီး ထိုင်လိုက်သည်။ လမ်းသရဲ က ကျွန်တော် ထိုင်ပုံကို သတိထားမိပုံရ၏။ သူက အပြုံးဖြင့် စကားစသည်။

"ကျွန်တော်တော့ ဒီလို လူတန်းစားနဲ့ ဘယ်တော့မှ စကားနိုင်မလုဘူး၊ သူတို့ကိုယ်သူတို့ အရေးပါတယ် ထင်သွားမှာ စိုးလို့"
သူ ပြောတာ ကျွန်တော် သဘောကျပါ၏။ သို့သော် မသိသလိုနေလိုက်ပြီး…
"မောင်ရင့် ကို သူ ပစ်သတ်နိုင်တယ်နော်"
"အင်း… ဖြစ်နိုင်ပါတယ်"
ကျွန်တော် ဘာ ဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။ ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသည့် အန္တရာယ်စက် ဝိုင်းက ကျွန်တော့်ဝိဉာဉ် ကို လွှမ်းမိုးနေ၏။ သေခြင်းတရား၏တံခါးဝတွင် ရောက်နေသည်ကို သူ သိပုံရ သည်။ သို့သော် သူ မသိကျိုးကျွန်ပြုနေခြင်းဖြစ်၏။ ဆိတ်ငြိမ်မှုက ပို၍နက်ရှိုင်းလာ၏။ ကျွန်တော်တို့ နှစ်ယောက် တစ်ဦးကိုတစ်ဦး အပြေးအလွှား လေ့လာနေကြ၏။ နောက်ဆုံး သူကစပြီး မိတ်ဆက်သည်။

"ကျွန်တော့် နာမည် ဂျော်ဂျီကယ်လ်ဒီရို"
သူ့လေသံ က သူ့နာမည်ကို ကျွန်တော် သိပြီးသားဟု ယူဆနေပုံ၊ လူတစ်ယောက်က သူ့နာမည်ကို ဝင်စတန်ချာချီ ပါ။ ဂျော့ရှ်ဝါရှင်တန်ပါ၊ အဲလ်ဘတ်အယ်စတိန်းပါ၊ ဆစ်ဒ်မန်ဖရောက်ဒ်ပါ၊ ကားလ်မတ်စ် ပါ ဟု ပြောနေ သယောင်ယောင်၊ စဉ်းစားနေစဉ် ကျွန်တော့်ခေါင်းထဲ ဗုံးပေါက်ကွဲသလို ဝုန်းဒိုင်းကြဲသွား သည်။

ရင်ထဲက လှုပ်ရှားမှု ကျွန်တော့်မျက်နှာတွင် ပေါ်သွားလေမည်လား၊ ကျွန်တော်သည် သည်လောက်မညံ့ ပါ။ သူ့မျက်နှာ ကို ဣနြေ္ဒရရ စိုက်ကြည့်နေုလိက်သည်။ သူက မတုန်မလှုပ်၊ ကျွန်တော်က ကျောက်ရုပ်၊ ကျွန်တော် မျက်ခုံး ပင့်လိုက်သည်။ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းထားနိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွား၏။
သူက ပခုံးတွန့်ပြီး ရှေ့သို့ ကိုင်းကာ…
"ကျွန်တော်က…"
စိတ်ထဲ မှာ သည်တစ်ပွဲ တွင် ကျွန်တော်နိုင်မည်ဟု ထင်လိုက်၏။ သူ့စကားကိုဖြတ်ပြီး…
"ကျူးဘား ဗဟိုထောက်လှမ်းရေးအဖွဲ့ က ဂျော်ဂျီကယ်လ်ဒီရို မဟုတ်လား၊ ကျူဘားရဲ့ အတောက်ပ ဆုံး ကြယ် တစ်ပွင့်ပေါ့"

သူ ပြုံးပြီး ကုလားထိုင်နောက်ကျောကို မှီလိုက်သည်။ ခုချိန်ထိ ကျွန်တော် အံ့သြနေတုန်း ကက်စထရို လက်ထက် မတိုင်မီနှင့် နောက်ပိုင်း ကျူးဘားနိုင်ငံရေးကိစ္စရပ်များကို နှိုက်နှိုက်ချွတ်ချွတ် သိထားသည့် ကျွန်တော့် အနေဖြင့် ကျူဘားထိပ်သီးခေါင်းဆောင်များနှင့် အကျွမ်းတဝင် မရှိသူမရှိသလောက်ပင်။ လွန်ခဲ့သော အပတ် က ကျူဘားတာဝန်ခံ စီအိုင်အေထိပ်သီး ဂျိမ်းဆန်နှင့် သည်ပုဂ္ဂိုလ်အကြောင်း ဆွေးနွေးခဲ့သည်ကို ချက်ချင်း ပြန် သတိရလိုက်၏။ နာမည်က ဂျော်ဂျီကယ်လ်ဒီရို။ အသက်က သုံးဆယ် အောက်၊ သို့သော် ထိုထက်ပို၍ ကြီးသည် ထင်ရ၏။
ကက်စထရို၏မျိုးဆက်သစ် ခေါင်းဆောင်တစ်ယောက်၊ ဥက္ကဋ္ဌကြီးမော်၏ ရဲညွှန့်နီတစ်ယောက်နှင့် ကျွန်တော် တွေ့ဆုံနေရခြင်းလား မဟုတ်လောက်ပါ။ ကျွန်တော့်ရှေ့မှ ထိုလူငယ်သည် အလွန့်အလွန် ဉာဏ်ပညာ ထက်မြက်ပြီးတစ်ပြိုင်တည်းတွင် အန္တရာယ်အလွန်ကြီးသူဖြစ်ကြောင်း အလိုလိုသိနေသည်။

ခေတ်ပညာတတ် တော်လှန်ရေးသမားတစ်ယောက်၊ တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်ဝံ့သူတစ်ယောက် အဖေ လုပ်သူ က အလွန်ချမ်းသာသည့် စပိန်လူမျိုး ပန်းချီဆရာကြီး၊ အမေက စကော့အမျိုးသမီး၊ ကျူဘားတော်လှန်ရေးပြီးပြီးချင်း အဖေက တိုင်းပြည်ကိုစွန့်ခွာသွားသည်။ အမေနှင့် သားကလေး ကျူဘားတွင် ကျန်ရစ်ခဲ့ ၏။ ဥပဒေဘွဲ့ရပြီးသည်နှင့် ဂျော်ဂျီသည် ကက်စထရို၏ထောက်လှမ်းရေး တပ်ဖွဲ့သို့ ဝင်လိုက်သည်။ အလွန်ကျော်ကြားသည့် ထောက်လှမ်းရေးတစ်ယောက်ဖြစ်လာ၏။ တစ်ပြိုင် တည်းတွင် အမာခံ မတ်စ်ဝါဒီ သမားတစ်ယောက် ဖြစ်လာ၏။ သို့သော် သူ့ကို ကြည့်လျှင် ကွန်မြူနစ် တစ်ယောက်မှန်း ဘယ်လိုမှ မသိစေရ။

သတင်းစာကို သူက စားပွဲရှေ့သို့ တိုးပေးလိုက်သည်။ မနေ့က ဟယ်ရယ်လ်ထရီဗွန်း သတင်းစာ။ သတင်းစာကို ကျွန်တော် ငုံ့ကြည့်လိုက်၏။ သတင်းစာကို ကျွန်တော် အပြေးအလွှား ဖတ်လိုက်သည်။ ပြီးသည်နှင့် ကျွန်တော့်နှုတ်မှ အလိုလိုထွက်သွားသည့် စကားလုံးများက…
"ဟ… သောက်ရူးတွေလားကွ"
"ဟုတ်တယ်… သောက်ရူးတွေပဲ"
ကျွန်တော် သူ့ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာက လေးနက်သည့်အသွင်ကိုဆောင်နေ၏။ ကျွန်တော် တစ်ဆင့်တက် ပြောသည်။
"မောင်ရင် ဒီနေရာ ကိုရောက်နေတဲ့ သဘောက တော်လှန်ရေးအစိုးရကို ကိုယ်စားပြုနေတာ မဟုတ် လား"
"မှား ပါတယ်၊ ကျွန်တော့်ရဲ့ရပ်တည်ချက်က ခမစရစ္စတာ တော်လှန်ရေးနဲ့ ဘာမှမပတ်သက်ဘူး၊ ပြီးတော့ ခင်ဗျား သံရုံး ကို သိမ်းထားတာနဲ့ ဘာမှမဆိုင်ဘူး"
"ဒါဆိုရင်"
သူ လက်ဝှေ့ယမ်းပြီး သတင်းစာကို လက်ညှိုးထိုးသည်။

"လာမယ်လေ၊ ခင်ဗျား လူတွေ ဘာဆက်လုပ်မယ် ထင်သလဲ"
သူ နည်းနည်းလောသွားသည်။ သူက ကျွန်တော့်အမြင်ကို တောင်းသည်။ ရလျှင် ဘာမျူဒက်ဇ်ဆီပြေး ပြီး သတင်း ပို့မည်။ ကျွန်တော်က…
"သူတို့ အမျိုးမျိုး စဉ်းစားနေတယ်၊ အဲဒီအမျိုးမျိုးထဲမှာ မောင်ရင်တို့အတွက် ထွက်ပေါက်ရှိတာ တစ်ခုမှ မပါဘူး"
သူက ဘာမှ မမှုသလို ပခုံးတွန့်သည်။ သတင်းစာကို သူ့ဘက်သို့ ဆွဲယူပြီး ခဏဆက်ဖတ်သည်။
"ဒေါ်လာ သန်းနှစ်ထောင့်ငါးရာဆိုတာ မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ရဲ့ဒီနှစ်ဘတ်ဂျက်လိုငွေက အဲဒီထက် အဆ တစ်ရာ များတာပဲ"
"ဒါက သက်သက်ခြိမ်းခြောက်တာပဲ"
"မှန်ပါတယ် ခင်ဗျာ"
သူက ပြုံးပြီး ဆံပင်ရှည်တွေကို လက်နှင့်သပ်လိုက်ရင်း စကားဆက်သည်။

"စကားလုံးပေါ်မှာ မူတည်ပါတယ်၊ လျော်ကြေးတောင်းခံတယ်ပြောရင်လဲ ရပါတယ်၊ တကယ်တော့ ခင်ဗျားတို့ အစိုးရဟာ သူတို့အပေါ်မှာ ကိုယ်ကျင့်တရားပိုင်းကကြည့်ရင် ပေးဆပ်စရာတွေ အများကြီးပါ"
"သောက် အဓိပ္ပာယ် မရှိ"
သူက သတင်းစာ ကို ပြန်ငုံ့ကြည့်သည်။
"အမေရိကန် ကုမ္ပဏီသုံးခုရှိတယ်၊ အန်ဒါနာရယ်၊ ဂျင်နရယ်ဗက်တယ်လ်ရယ်၊ ယူနီဗာဆက် စားကုန် လုပ်ငန်းရယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်ကတည်းက ဒီတိုင်းပြည်ကလေးကို ခင်ဗျားတို့ မုဒိမ်း ကျင့်လာခဲ့တာ ခုထိပဲ၊ ဒီကုမ္ပဏီကြီးတွေကို ခင်ဗျားရဲ့အစိုးရ ကျောထောက်နောက်ခံပေးထားတယ်၊ တခြား ကုမ္ပဏီငယ်လေးတွေ လဲ အများကြီးပဲ၊ ယူနီဗာဆယ်စားသောက်ကုန်လုပ်ငန်းက မြေဧကသန်း ဝက်ကို တန်ရာတန်ကြေးပေးမယ် ဆိုရင် အန်ဒါနာနဲ့ ဂျင်နရယ် ဗက်တယ်လ်က အခွန်အခတွေ ပုံမှန် အတိုင်း ပေးမယ်ဆိုရင် အမေရိကန်က စန်ကာလိုကို ပေးရမယ့်အကြွေးဟာ ဒေါ်လာ သန်းသုံးထောင် အထက်မှာ ရှိမယ်၊ ဘာမျူဒက်ဇ်က လျှော့လျှော့ပေါ့ပေါ့ တောင်းတာပါဗျာ၊ သူက ဒေါ်လာသန်းငါးရာ တောင် အလျော့တွက်ပေးထားတာပဲ၊ အခု ဒီတိုင်းပြည်မှာ သတ္တုကုန်သလောက် ရှိသွားပြီ၊ ငှက်ပျော သီးလဲ အထွက်ကျလာပြီ"

လွန်ခဲ့သည့် သုံးရက်က ဟင်နရီဝက်ဘာ၏စာအုပ်ကို ဖတ်ခဲ့သေးသည်။ ကိန်းဂဏန်းများက သူပြော သည့်အတိုင်းပင်၊ ကျွန်တော်က အေးစက်စက်လေသံဖြင့်…
"အလယ် အမေရိကတိုက်ရဲ့ သမိုင်းသင်ခန်းစာတွေ ငါ စိတ်မဝင်စားဘူး၊ မင်းရဲ့ဘာမျူဒက်ဇ် ငါတို့အစိုး ရဆီက တစ်ဆင့်တောင်ရမှာ မဟုတ်ဘူး"
"သူလဲ မမျှော်လင့်ပါဘူး"
"ဘာ"
သူ ပြုံးသည်။
"ဟုတ်တယ်၊ ခင်ဗျားတို့ဆီက တိုက်ရိုက်ရဖို့ မမျှော်လင့်ဘူး၊ သန်းနှစ်ထောင့်ငါးရာလဲ သူ မလိုဘူး၊ သန်း တစ်ထောင် ရရင် သူ ကျေနပ်မယ်"
ကျွန်တော့် ခေါင်းထဲတွင် အတွေးတွေ ရှုပ်ထွေးသွားသည်။ သည်လူကောင်းသားသည် မကြာသေးခင်မှ ဘာမျူဒက်ဇ်နှင့် ဆွေးနွေးလာခဲ့သူ ဖြစ်ရမည်။
"အဲဒီတော့"
"ဘာမျူဒက်ဇ်ဟာ လက်တွေ့သမား မတ်စ်ဝါဒီ တစ်ယောက်၊ ဒီတိုင်းပြည်ကို သူ ဆက်အုပ်ချုပ်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မှာပေါ့၊ တိုင်းပြည်က ဒေဝါလီခံရတော့မယ့်ဆဲဆဲပဲ၊ အဓိက သယံဇာတဖြစ်တဲ့ ဓာတ်သတ္တုတွေ လဲ ကုန်သလောက်ရှိနေပြီ၊ ကမ္ဘာပေါ်မှာ တစ်ဦးချင်းဝင်ငွေ အနည်း ဆုံး တိုင်းပြည်၊ ပိုက်ဆံ ဘယ်က ရမလဲ၊ ကမ္ဘာ့ဘဏ်က ရမလား၊ ဘယ်ရမလဲ၊ ခင်ဗျားတို့ ဦးစီးထားတဲ့ ဘဏ်ပဲ၊ တခြားနိုင်ငံတွေကလဲ အကူအညီ ရမှာ မဟုတ်ဘူး၊ ခင်ဗျားတို့က ပိတ်ထားမှာပဲ၊ သူ့ရှေ့မှာ ကျူးဘားနဲ့ နီကာရာဂွာ နမူနာရှိနေပြီလေ၊ သူတို့ရဲ့ယုံကြည်ချက်ကြောင့် သူတို့ဘာမှမရကြတဲ့ သဘောပဲ"

လမ်းသရဲက တော်တော်ထက်မြက်ပုံရပါ၏။ သို့သော် တင်ပြပုံက မဟုတ်သေး။ ကျွန်တော်က စိတ်ချဉ် ပေါက်ပေါက်ဖြင့်…
"ဒီတိုင်းပြည် ကို အုပ်ချုပ်ရင် ဘယ်သူ့ဆီ ဘာအကူအညီမှရမှာ မဟုတ်ဘူး၊ အနောက်နိုင်ငံတွေက ပြန် ပေးသမား၊ လူသတ်သမား ကို ဘယ်တော့မှ မကူညီဘူး၊ မှတ်ထား"
သူက ခပ်ရွှင်ရွှင်ရယ်သည်။
"ဒါပေါ့ဗျာ၊ သူတို့က ဖက်ဆစ်တွေပဲ၊ ဒါပေမယ့် ဘာမျူဒက်ဇ်က အကူအညီအနည်းဆုံး သန်းတစ် ထောင်လောက် ရလိမ့်မယ် လို့ မျှော်လင့်နေတာဗျ"
"ဘယ်က ရမှာလဲ၊ ရုရှားဆီကလား၊ သက်သက် အိမ်မက်မက်နေတာ"
"မဟုတ်ဘူး၊ ဥရောပဘုံဈေးအဖွဲ့နဲ့ ဂျပန်ဆီက"
"သူရော၊ မင်းရော သောက်ရူးတွေပဲ"
"သူ ရူးချင်ရူးမယ်၊ ကျွန်တော်ကတော့ မရူးချင်ဘူးခင်ဗျ၊ ဒါပေမယ့် သူ့မှာ စီမံချက်တွေရှိတယ်၊ တော် လှန်ရေး လူငယ် တပ်ဖွဲ့ဆိုတာကတော့ ရုပ်ပြပါ၊ အဲဒါအားလုံးသိတယ်၊ ဒါပေမယ့် တစ်ခါတလေကျ တော့လဲ ရုပ်ပြ လိုပါတယ်၊ လူငယ်တွေက သန်းနှစ်ထောင်ငါးရာတောင်းဖို့ အရေးဆိုတယ်၊ ဘာမျူဒက်ဇ် က မရဘူးဆိုတာ သိတယ်၊ ဒါပေမယ့် လောလောဆယ် လူငယ်တွေ နဲ့ မျှောလိုက်နေတဲ့ သဘောပဲ ၊ တော်လှန်ရေး လူငယ်အဖွဲ့ကတော့ သေသေချာချာ လေ့ကျင့်ထားတာ၊ ခင်ဗျားနဲ့ အပေါင်းပါတွေကို အတင်းလာကယ်ဖို့ လုပ်ရင်တာ့ သူတို့ တကယ်အသေခံကြမှာပဲ၊ ဒါထက် နစ်မစ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ လေယာဉ်တင် သင်္ဘောကြီး လာပြီး နေရာ ယူထားပြီတဲ့၊ ဒါပေမယ့် ခင်ဗျားတို့လှမ်းမပစ်ရဲပါဘူး"

သူ့ဆီက ရသည့်သတင်းကြောင့် ကျွန်တော် အသက်ရှူချောင်သွားသည်။
"ငါတို့ သမ္မတက မင်းသလို မဟုတ်ရင်ကော"
သူက ဆံပင်တွေ ကို လက်နှင့်သပ်လိုက်ပြန်သည်။
"ခင်ဗျား အတွက် သူ မမိုက်ပါစေနဲ့လို့  ကျွန်တော် ဆုတောင်းပါတယ်၊ ဟန်ရေးပြတာသက်သက်လို့ ထားလိုက်ကြရအောင်ပါ၊ ကျွန်တော်တို့ တောင်အမေရိကတိုက်သားတွေက ဟန်ရေးမပြတတ်ကြဘူး၊ သူတို့က တိုက်ပွဲဝင်ဖို့ အမြဲတမ်းအသင့် ပဲ၊ ခင်ဗျားတို့ သမ္မတကတော့ သူတို့ရဲ့ပစ်ကွင်းပေါ့ဗျာ"
သူက ပြုံးပြီး ဆက်ပြောသည်။

"တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ခင်ဗျားရဲ့သံအဖွဲ့ထဲက အာနိုးတက်စလာဟာ စီအိုင်အေမှန်း ကျွန်တော်တို့ သိတယ်၊ သူ့အဖေ က သမ္မတကိုတောင် ကြိုးကိုင်နိုင်တဲ့လူဆိုတာလဲ ကျွန်တော်တို့သိတယ်၊ ဒီသမ္မတ ဟာ သူ့ရန်ပုံငွေတွေကြောင့် မဲနိုင်လာတာ မဟုတ်လား"
သူက ဓာတ်ပုံတွေ စီရိုက်ထားသည့် သံရုံးသုံ့ပန်းများထဲမှာ တက်စလာပုံကိုကြည့်ပြီး…
"အင်း… ခုတော့ ဖအေကြီး တက်စလာဟာ သူ့သားလေးကိုယ်ပေါ်က မိုင်းဗုံးအင်္ကျီရယ်၊ ခလုတ်ကို နှိပ် ချင်လို့ လက်ယားနေ တဲ့ နံဘေးက လူငယ်ရဲ့ပုံရယ် ခုလောက်ဆိုရင် တွေ့ပြီးရောပေါ့၊ သူက သူငယ် ချင်း သမ္မတ ကိုပြောမယ်၊ သောက်ရမ်းမလုပ်ကြပါနဲ့ကွာလို့၊ သမ္မတကလဲ နားထောင်မှာပါ၊ ကျွန်တော် မထင်ပါဘူး၊ ခင်ဗျားကို ကယ်ဖို့ ဘယ်ကမ်းတက်တပ်တွေမှ ရောက်လာမှ မဟုတ်ဘူး"
သူက ကျွန်တော့် တုံ့ပြန်မှုကို စောင့်နေသည်။ သူ ပြောသမျှ အမှန်တွေဖြစ်ပါ၏။ သို့သော် ကျွန်တော်က ဘာမှဝေဖန်ချက် မပေးဘဲ နေလိုက်သည်။ သူက ပခုံးတွန့်ပြီး စကားဆက်သည်။

"လောလောဆယ်ဆယ်တော့ ဘာမျူဒက်ဇ်က ကြားနေနိုင်ငံတစ်နိုင်ငံကတစ်ဆင့် ကမ်းလှမ်းလိမ့်မယ်၊ အပြည်ပြည်ဆိုင်ရာ က ဒေါ်လာသန်းတစ်ထောင် အကူအညီရရင် လူငယ်တွေက သုံ့ပန်းတွေကို လွှတ် ပေးမယ် လို့ ပြောလိမ့်မယ်၊ အဲဒီအခါမှာ ဘက်ပေါင်းစုံက အကြံဉာဏ်တွေ အမျိုးမျိုး ဝင်လာလိမ့်မယ်၊ ကြက်ခြေနီလဲ ပါလာ မှာပဲ၊ အဲဒီအခါ နိုင်ငံရေးဂုဏ်သိက္ခာအရ အမေရိကန်လဲ ကုသိုလ်ပါဝင်ရတော့မှာ ပဲ"
ဒုတိယအကြိမ် သူက ကျွန်တော့်ထင်မြင်ချက် တောင်းသည့်ဟန်ဖြင့် စောင့်နေသည်။ ကျွန်တော်က တစ်ခွန်း မှမဟ။

"ခင်ဗျား သမ္မတအကြောင်း ခင်ဗျား သိပါတယ်၊ သူ ဘာမှမလုပ်နိုင်ပါဘူး၊ ပထမခြိမ်းခြောက်မယ်၊ ပြီး တော့ ကြားခံ တစ်နိုင်ငံကတစ်ဆင့် ဝက်အူတင်းမယ်၊ အဲဒါနဲ့ တစ်လလောက် အချိန်ကုန်သွားရော၊ မရ တော့မှ ကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပြည်သိမ်းတိုက်ပွဲ တစ်ခါတည်း ဆင်နွှဲမယ်"
သူ ပြောသည့် အတိုင်း ကွက်တိမှန်ပါသည်။ ပထမတော့ သမ္မတ ဒေါသူပုန်ထမည်။ ပြီးတော့ လောက နီတိ မျိုးစုံဖြင့် စဉ်းစားမည်။ ယမင်းရုပ်ကလေးနှင့်တူသည့် သမ္မတကတော်က သူ့လက်မောင်းကို ပုတ် ကာ ပုတ်ကာဖြင့် သူ့မျက်လုံးတွေ ကို စိုက်ကြည့်မည်။
"မောင်ရယ်၊ မောင် လုပ်သမျှ အမှန်အတိုင်းဖြစ်မှာပါ၊ တိုင်းပြည်ကလည်း အမှန်အတိုင်း မြင်မှာပါ၊ ဘုရားသခင် လဲ မြင်တော်မူမှာပါ"
ဤသို့ဖြင့် လျှာလေးလေးဖြင့် အမိန့်တွေပေးမည်။ ပြီးတော့ အိပ်ရာဝင်မည်၊ သည်ထက်မပိုပါ။ သို့ဆို လျှင် အဖြေတွေ လည်း သူ သိထားပါလျက် ကျွန်တော့်ရှေ့တွင် ကွန်မြူနစ်ဆံရှည်ကိုယ်တော် ဘာ ကိစ္စ ရောက်နေခြင်းလဲ၊ ကျွန်တော် သူ့ကို မေးခွန်းထုတ်လိုက်သည်။

"ငါ့အထင်တော့ မင်းနဲ့ အဲဒီကိစ္စတွေနဲ့ဘာမှမပတ်သက်ဘူး၊ ဘာလို့ အဲဒါတွေ လျှောက်ပြောနေတာလဲ"
"ခင်ဗျားပြောတာ ဟုတ်ပါတယ်၊ စူးစမ်းရှာဖွေချင်တဲ့ စိတ်ကြောင့်ပါဗျာ၊ ကျွန်တော်က ဘာမျူဒက်ဇ် အောင်မြင်စေ ချင်တယ်၊ ဒါပေမယ့် သူ တစ်ချက်မှားသွားတယ်၊ ခင်ဗျားတို့ကို သူ ဖမ်းလိုက်တာ သူ့ အမှား ပဲ၊ ဒါပေမယ့် အဲဒီအမှားဟာ ကျူဘားအတွက် အမြတ်ထွက်သွားတယ်"
သူက သတင်းစာ ကို ဘေးဖယ်ပြီး အနက်ရောင်ဖိုင်တွဲတစ်ခုကို ဆွဲယူလိုက်သည်။ ဖိုင်တွဲကို လှန်မည့် ဆဲဆဲတွင် အပြင် မှ တံခါးခေါက်သံကြားရသည်။
"ဝင်ခဲ့"
သူ့အော်သံနှင့်အတူ တံခါးပွင့်လာသည်။ အလွန် သင်းပျံ့သည့် ကော်ဖီနံ့ အခန်းထဲတွင် ပျံ့သွား သည်။ ကော်ဖီဗန်းနှင့် ဝင်လာသည့် ချာတိတ်ကို ကျွန်တော် ချက်ချင်းမှတ်မိလိုက်သည်။ သံရုံးမီးဖိုဆောင်တွင် အလုပ် လုပ်သည့် ကပြားချာတိတ်ကလေး။ တော်လှန်ရေးလူငယ်ဆိုတာ လူငယ်တစ်သိုက်က ချက်ဖို့ ပြုတ်ဖို့ ဝါသနာပါဟန် မတူ။ သံရုံးမှ ဌာနေဝန်ထမ်းများကို ချက်ခိုင်းပြုတ်ခိုင်းနေ၏။

ချာတိတ် စိတ်လှုပ်ရှားနေပုံရ၏။ ကျွန်တော့်ကို မျက်နှာလွှဲထားပြီး ကော်ဖီဗန်းကို ချထားခဲ့သည်။ ဂျော်ဂျီ က မတ်ခွတ်နှစ်ခွက်ထဲသို့ ကော်ဖီ ငှဲ့ထည့်သည်။ ကျွန်တော့်ကို မမေးဘဲ ကျွန်တော့် မတ်ခွက်ထဲသို့ သကြားခဲ သုံးခဲ ထည့်သည်။ ပြီးတော့ နို့ နည်းနည်းထည့်သည်။
"အဲဒါ ခင်ဗျား အကြိုက်ဆုံး အချိုအခါး မဟုတ်လား"
"မင်း ဘယ်လိုလုပ်သိသလဲ"
သူက ကော်ဖီခွက်ကို မော့သောက်ပြီး…
"ကျွန်တော် ခင်ဗျားအကြောင်းတွေ အများကြီး လေ့လာထားပြီးပြီ"
"ဘာဖြစ်လို့"
"ဘာ့ကြောင့်လဲဆိုတော့၊ ခင်ဗျားနဲ့ ကျွန်တော့် စကားတွေ အများကြီး ပြောစရာရှိလို့ပဲ"

"ဘာအကြောင်းတွေလဲ"
 သူက ဖိုင်တွဲကို လက်နဲ့ပုတ်ပြီး ကျေနပ်စွာ ပြုံးရင်း…
"သံအမတ်ကြီး ခင်ဗျား၊ ကျွန်တော့်ကို "မြွေဟောက်စစ်ဆင်ရေး"အကြောင်း ပြောပြပါလား"

ဆက်ရန်
.

No comments: