Saturday, October 27, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၇)

ချာတိတ် စိတ်လှုပ်ရှားနေပုံရ၏။ ကျွန်တော့်ကို မျက်နှာလွှဲထားပြီး ကော်ဖီဗန်းကို ချထားခဲ့ သည်။ ဂျော်ဂျီ က မတ်ခွတ်နှစ်ခွက်ထဲသို့ ကော်ဖီ ငှဲ့ထည့်သည်။ ကျွန်တော့်ကို မမေးဘဲ ကျွန်တော့် မတ်ခွက်ထဲသို့ သကြားခဲ သုံးခဲ ထည့်သည်။ ပြီးတော့ နို့ နည်းနည်းထည့်သည်။ "အဲဒါ ခင်ဗျား အကြိုက်ဆုံး အချိုအခါး မဟုတ်လား" "မင်း ဘယ်လိုလုပ်သိသလဲ"
သူက ကော်ဖီခွက်ကို မော့သောက်ပြီး… "ကျွန်တော် ခင်ဗျားအကြောင်းတွေ အများကြီး လေ့လာထားပြီးပြီ" "ဘာဖြစ်လို့" "ဘာ့ကြောင့်လဲဆိုတော့၊ ခင်ဗျားနဲ့ ကျွန်တော့် စကားတွေ အများကြီး ပြောစရာရှိလို့ပဲ"  "ဘာအကြောင်းတွေလဲ"  သူက ဖိုင်တွဲကို လက်နဲ့ပုတ်ပြီး ကျေနပ်စွာ ပြုံးရင်း… "သံအမတ်ကြီး ခင်ဗျား၊ ကျွန်တော့်ကို "မြွေဟောက်စစ်ဆင်ရေး"အကြောင်း ပြောပြပါလား"
ကို ဆက်ဖတ်ရန် ...........

ဂျော်ဂျီ
စန်ကာလို
(ပထမနေ့)


အချိန်တော့ ပေးရမည်။ သူ့ကို ကျွန်တော် မုန်းစိတ်တွေ ဝင်နေမိပြီ။ သူသည် ဘာကို ကိုယ်စားပြု သည့် လူလဲ။ လူသန်းပေါင်း များစွာကို ကုပ်သွေးစုပ်ပြီး ဒီမိုကရေစီမျက်နှာဖုံးစွပ်ကာ လူကြီး လူကောင်းနေရာကို ယူထားသည့် လူပဲ။
ခေါက်ရိုး မကျိုးသည့် သူ့ဝတ်စုံကို ကျွန်တော် အမြင်ကတ်သည်။ သေသေသပ်သပ် ဖြီးထားသည့် သူ့ ဆံပင်ကို မုန်း သည်။ သေသပ်လွန်းသည့် သူ့လည်စည်းကို အလုပ်သမား လူတန်းစားအား ဖိနှိပ်သည့် သင်္ကေတအဖြစ် ကျွန်တော် မြင်သည်။

သူ့ ကိုယ်တွင် မိုင်းဗုံးတွေ ဝတ်ဆင်ပြီး ခလုတ်ဖြုတ်မည့် အသေခံတပ်သား တစ်ယောက်နှင့် သူ နေခဲ့ သည်မှာ သုံးရက် ရှိပြီ။ သို့သော် သူ့ပုံစံ က အခုမှ ဆံပင်ညှပ်ဆိုင်ထဲက ထွက်လာသည့် ပုံမျိုး။
အလွန် ပူအိုက်လှသည့် အခန်းထဲတွင် သူက ဝတ်စုံပြည့်ဖြင့် ချွေးပင်မစို့။ ကျွန်တော် သူ့ကို လုံးဝ မကြိုက်ပါ။ ကျွန်တော်နှင့် မို့ သူ အနေချောင်နေခြင်း ဖြစ်လိမ့်မည်။ ဖမ်ဘိုနာနှင့်ဆိုလျှင် သူ့အတွက် မလွယ်။ အခြေအနေကို သူ တမင် မသိကျိုးကျွန်လုပ်နေခြင်းဖြစ်မည်။
ကျွန်တော့်နာမည် ကို ပြောလိုက်တော့ သူ ချက်ချင်း မှတ်မိသည်။ သို့သော် မျက်ခုံးတစ်ချက် ပင့်တက် သွားရုံမှ အပ လုံးဝ အမူအရာ မပျက်။ သူ ကျွန်တော့်ကို အနိုင်ယူနေခြင်းဖြစ်သည်။
ခု ကျွန်တော်က "မြွေဟောက်စစ်ဆင်ရေး" အကြောင်း စလိုက်တော့လည်း သူက သူ မဟုတ် သလို။ လူတော် တစ်ယောက်ဖြစ်သည် ကိုတော့ ကျွန်တော် မငြင်းနိုင်။ သူနှင့် ဖဲထိုင်ရိုက်လျှင် ကျွန်တော် နိုင်ကောင်း နိုင် ပါ လိမ့်မည်။ သို့သော် သူ့ အကြောင်း တစ်ပတ်လောက်တော့ ကြိုပြီး လေ့လာရမည်။

သိပ်သတိထားရမည်။ ကျူဘီလက်စ်နှင့်ဖြစ်သည့် ပြဿနာတွင် ခရုဇ်ကို ကျွန်တော် ပြောခဲ့သည့် စကားကို အမှတ်ရနေ ၏။
"ထောက်လှမ်းမေးမြန်းတယ် ဆိုတာ သွေးဆောင်ဖြားယောင်းခြင်းပဲ၊ အနုပညာ ပါရမယ်၊ အစစ်ခံရ မယ့် လူဟာ တည်တည်ငြိမ်ငြိမ် အနေအထား မှာ ရှိရမယ်၊ ဒါပေမယ့် အသိဉာဏ်ဟာ ပုံမှန်အနေ အထားမှာ မရှိအောင် လုပ်ထား ရမယ်။ အာရုံတွေ ရှုပ်ထွေးနေစေရမယ်၊ အဲဒီအချိန်မျိုးမှာမှ စမေး သင့်တယ်"
လွန်ခဲ့ သည့် ခြောက်နှစ်က ရုရှားသင်တန်းဆရာ ဂျူဘာလော့ဗ်၏ပို့ချချက်များကိုလည်း ကျွန်တော် ပြန် သတိရနေ ၏။ ကျွန်တော် မကြိုက်ပါ။ တရားခံ ကို မူးယစ်ဆေးဝါးပေးပြီး မေးသောနည်း၊ အတော် အောက်တန်း ကျပါသည်။ မိန်းကလေးတစ်ယောက်၏ အချိုရည်ထဲတွင် အရက်ခိုးထည့်ပြီး အကောက် ကြံသည့် သဘောနှယ် သိပ်မကွာ ဟု ထင်ပါသည်။

လုံးဝ ပညာသားမပါသည့် နည်းများဖြစ်ပါ၏။ လိုချင်တာရအောင် ဖော်ထုတ်ဖို့ စစ်ဆေးမေးမြန်း သည် ဆိုရာတွင် အချိန်အကြာကြီးပေး ရပြီး  တစ်ဦးနှင့် တစ်ဦး ပညာပြိုင်ရသောပွဲမျိုးဖြစ်ပါသည်။ အပေါက် တစ်ပေါက် တွေ့လျှင် အတိမ်အနက် ကို မှန်းဆရသည်။ သည်ဝင်ပေါက်ကို မှတ်ထားရ မည်ဖြစ်သော်လည်း တစ်ဖက်လူ သတိ မထားမိအောင် ကျော်လွှားသွားရမည်။ နောက်တစ်ကျော့ တွင်မှ ဖျတ်ခနဲ ရှေ့တစ်လမ်းတိုးပြီး အလစ်ဖမ်းရမည်။ သူ ဘာမှ မလုပ်နိုင်တော့။ ပင်အပ်ထိပ်ဖျား တွင် မိနေသည့် လိပ်ပြာ ကလေးတစ်ကောင် ဖြစ်သွားပြီ။
သူ့စိတ် စွမ်းအင်၊ အားနည်းချက်၊ အကြောက်တရား၊ လိုအင်ဆန္ဒနှင့် မာန်မာနတို့ကို အကျေအညက် လေ့လာ ထားရမည်။ ကိုယ့်အမေကို နားလည်သလို၊ ကိုယ့်ချစ်သူကို နားလည်သလို သူ့အကြောင်း အူမ ချေးခါးမကျန် သိထား ရမည်။

ကိုယ့် သုတကြွယ်ဝမှု သည် သူ့အတွက် အားနည်းချက်ဖြစ်စေရမည်။ သူ့အားနည်းချက်ကို ဖော်ထုတ်ပြီး သည်နှင့် ခွန်အား ကို တစ်ဆင့် မြှင့်လိုက်ရမည်။ နောက်ဆုံး သင့်ရှေ့မှ အစစ်ခံရသူ သည် အိတ်သွန် ဖာမှောက် ဝန်ခံပြီး ရင်ထဲပေါ့သွားသလို ငိုချင် ငိုချလိမ့်မည်။ ဒါဆိုလျှင် သင် အမှန် ကို သိရပြီ။
ကျွန်တော့်ရှေ့မှ ပီယာဘိုဒီဆိုသည့် ပုဂ္ဂိုလ်ထံမှ လိုချင်သည်မှာ နာမည်တစ်ခုသာဖြစ်သည်။ သစ္စာ ဖောက်မှု တစ်ခု တွင် အမည်တွေ အများကြီးပါမည် မုချ။ သို့သော် ကျွန်တော်က တစ်ယောက်၏ နာမည်ကိုသာ လိုချင်သည်။ တစ်ယောက်ရေလျှင် နောက်နာမည်တွေ့ရဖို့ မခက်တော့ပါ။ ကျွန်တော့်ရှေ့မှ ဖိုင် တွဲသည် တစ်ခု တည်းသော လက်နက်ဖြစ်ပါ၏။ သည်လက်နက်ဖြင့် သူ့ရင်ကို ဖွင့်ရမည်ဖြစ်ပါသည်။ လူနာခွဲသလို အချိန်ကိုက် ဖို့တော့လိုပါသည်။ စောလွန်းနေလျှင် မမှည့်သေး လဲ နောက်ကျလျှင် အသက် အန္တရာယ်ဖြစ်တတ်ပါသည်။

သည်အကျိုးအပြစ်တွေကို ဆင်ခြင်နေရင်း သူ့မျက်နှာကို ကျွန်တော် စိုက်ကြည့်နေသည်။ သူ ရင်ဆိုင် နေသည့် အရာတိုင်း ကို နကမ္ပတိ၊ မတုန်မလှုပ် ကျောက်ရုပ်လိုနေမည့် လူစားမျိုး။ သို့သော် သူ့မျက်နှာ တွင် တွေဝေခြင်း၊ နားမလည်ခြင်း အရိပ်ကတော့ အနည်းငယ် ယှက်သန်းနေသည်။
 သူ့မျက်နှာ မှာ သူ့အဝတ်အစားများကဲ့သို့ သေသပ်သည်။ ပါးပြင်နှစ်ဖက်စလုံး ချောမွေ့နေ၏။ မျက်လုံး ညိုများပေါ် မှ မျက်ခုံးအကျက ပေါ်လွင်သည်။ ရှင်းရှင်းသန့်သန့်ရှိ၏။ နှာတံက စင်းနေ သည်။ ဘယ်တုန်းကမှ ဒဏ်ရာ ရဖူးခြင်းမရှိသည့် နှာတံမျိုး၊ သွားဖွေးဖွေးတွေပေါ်မှ နှုတ်ခမ်းတွေက ခပ်ပါးပါး။

ဆံပင် ကျိုးတိုးကျဲတဲ ဖြူနေပြီ၊ သေသပ်စွာ ဖြီးထား၏။ သူ့အသက်မှာ ခြောက်ဆယ့်သုံးနှစ်ရှိပြီဖြစ် သော်လည်း ဆယ်နှစ်လောက် ပိုငယ်သည် ထင်ရ၏။ အမျိုးသမီးတွေ ကြွေသည့်ရုပ်ရည်မျိုး။ သူ့မျက်နှာက အလွန်အားရှိပြီး ယုံကြည်မှု အပြည့်ရှိနေသည့် မျက်နှာမျိုး။ ပြီးတော့… ပညာအရာ၌ အလွန်ထက်သည့် မျက်လုံးများ။
သူ့ကိုယ်နေဟန် က ခန့်ညားထည်ဝါပြီး နေပုံထိုင်ပုံက ကျက်သရေ ရှိလှသည်။ သည်အုတ်တံတိုင်း တွေကို ကျွန်တော် ဖြိုချ ပစ်ရမည်။
အခြား အခြားသော အနုပညာပစ္စည်းများကို ဖန်တီးရာတွင် လိုအပ်သလို သုံ့ပန်းတစ်ယောက်ကို စစ် မေးရာတွင် "ဈာန်" ဝင် ဖို့ လိုပါသည်။ မမျှော်လင့်ဘဲ ဒီလိုခံစားမှုများ ကျွန်တော့် ကိုယ်တွင်းသို့ စိမ့်ဝင် လာသည်။

တစ်ခုတည်းသော လက်နက်နှင့်စဖွင့်ရမည့် အက်ကြောင်းကလေးကို ကျွန်တော်မြင်နေရပြီ။ ကျွန်တော့် အာရုံတွေ တက်ကြွနိုးကြားနေ၏။ သည့်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နေ၏။ အချိန်ကို ကျွန်တော် တွက် လိုက်သည်။
သည်လိုလူနှင့် ဆိုလျှင် သိပ်လော၍မဖြစ်။ အချိန်ပေးဖို့ ရက်ပေါင်းနှစ်ဆယ်ဟု သတ်မှတ်ထားလိုက် သည်။ လိုအပ် လျှင် သည့်ထက် ထပ်ပေးနိုင်ပါသေးသည်။ သူ့ရှေ့တွင် ဖိုင်တွဲကိုဖွင့်ပြီး…
"ကျွန်တော်တို့နှစ်ယောက်စလုံး ဆင်ခြင်တုံတရားရှိတဲ့ လူတွေဗျနော၊ ခင်ဗျားအကြောင်း ကျွန်တော် အများကြီး လေ့လာ ထားပြီးပြီ၊ အလားတူ ကျွန်တော့အကြောင်းလဲ ခင်ဗျား သိပြီးသား ဖြစ်မှာပါ။ ကျွန်တော့် ဘက်က သာရည်ရှိတာ တစ်ခုရှိတယ်။ ခင်ဗျား ကိုယ်ရေးရာဇဝင်ဖိုင်တွဲကို ကျွန်တော် လေ့ လာနေတာ ရက်ပေါင်း အတော်ကြာခဲ့ပြီ"

သူက ပခုံးတွန့်လိုက်သည်။ လုံးဝမမှုသည့် အမူအရာဖြင့် ကော်ဖီခွက်ကို ကောက်ယူပြီး သေသေ သပ်သပ် သောက် သည်။ ကျွန်တော်က အသံကို အမာဆုံးထားပြီး…
"ကျွန်တော် တို့ အစိုးရ မတည်မငြိမ် ဖြစ်အောင်လုပ်တဲ့ နောက်ခြေလှမ်းတစ်လှမ်းက ခင်ဗျား တို့ရဲ့မြွေ ဟောက် စစ်ဆင်ရေး ပဲ၊ စီအိုင်အေက ကျွန်တော်တို့ကို တိုက်တဲ့ စစ်ဆင်ရေးပေါင်း နှစ်ဆယ်ကျော်ပြီ၊ တစ်ခုမှ မအောင်မြင် ဘူး မဟုတ်လား၊ ခုတစ်ခါလဲ ကျဆုံးဦးမှာပဲ"
ကျွန်တော်က ဖိုင်တွဲကိုပုတ်ပြီး…
"ခင်ဗျား က နိုင်ငံခြားရေးဌာနရဲ့ နံပါတ်တစ်ကျူးဘားရေးရာ ကျွမ်းကျင်သူပေါ့၊ ဟုတ်လား၊ ဒီစစ်ဆင် ရေးက တခြား စီအိုင်ဒီ စစ်ဆင်ရေးတွေထက် ကြီးကျယ်တယ်၊ ဝက်ပင်လယ်ကွေ့ကိစ္စပြီးရင် ဒါ အကြီးဆုံးပဲ၊ ခင်ဗျား ဒီစစ်ဆင်ရေး အကြောင်း ကို အများကြီးသိတယ်၊ အများကြီး ဆွေးနွေးခဲ့ဖူး တယ်"

သူက ပျင်းရိငြီးငွေ့နေသည့် အသံဖြင့်…
"ငါက နိုင်ငံခြားရေးဌာနရဲ့ဝန်ထမ်းအရာရှိတစ်ယောက်ပဲ၊ စီအိုင်အေနဲ့ ဘာမှမပတ်သက်ဘူး"
ကျွန်တော် စာနှစ်မျက်နှာ လှန်လိုက်ပြီး…
"နိုဝင်ဘာလ နှစ်ဆယ့်ရှစ်ရက်နေ့မှာ သူနဲ့ကတ်၊ ဂျိမ်းဆင်၊ မက်ထရိုပိုလီတန် ကလပ်တွင် နေ့လယ် စာ စားသည် တဲ့"
သူ့ကို မော့ကြည့်သည်။ သူ့မျက်နှာ အမူအရာ တစ်စုံတစ်ရာ မပြောင်းလဲ၊ ကျွန်တော်က အသံကို ပို တင်းပြီး ဆက် သည်။
"နံပါတ်တစ်၊ ဂျိမ်းဆင် က ကျူးဘားအခြေစိုက် စီအိုင်အေရဲ့ဌာနမှူး၊ နံပါတ်နှစ် ဒီကို သံအမတ် တာဝန်နဲ့ ခင်ဗျား မရောက်လာခင် လပေါင်းများစွာ ခင်ဗျား လုပ်ခဲ့တဲ့အလုပ်က ကျူးဘားအစိုးရ အဖွဲ့နဲ့ အစိုးရ အဖွဲ့ဝင်တွေ ကို လေ့လာတဲ့ ကျူးဘားရေးရာ ကျွမ်းကျင်သူ"
စာမျက်နှာတွေ ထပ် လှန်သည်။

"လွန်ခဲ့တဲ့ သုံးလက လန်ဂလေ မှာ အစည်းအဝေး တစ်ဒါဇင်လောက် အနည်းဆုံးတက်တယ်၊ ခင်ဗျားရဲ့ မူရင်း တာဝန် ထက် အဲဒီကိစ္စကို ပိုပြီးအချိန်ပေးတယ်" သူ့မျက်လုံးများကို ကျွန်တော် အကဲခတ်လိုက်သည်။
"ဒီမယ်… မစ္စတာ ပီယာဘိုဒီ၊ စီအိုင်အေ ကို ကျွန်တော်တို့ ဘယ်တော့မှလျှော့မတွက်ဘူး၊ သူတို့ ရဲ့ နောက်ပိုင်း လုပ်ရပ်တွေက ဘယ်လိုပဲ အထင်သေးစရာ ပါပါပေါ့လေ၊ ဒါပေမယ့် ခင်ဗျားတို့လူတွေက ကျွန်တော်တို့ကို အမြဲ အထင်သေးတယ်၊ ခင်ဗျားကို ကျွန်တော် ပြောပြဖို့ ဝန်မလေးပါဘူး၊ ကျွန်တော်တို့ ဌာန ဘတ်ဂျက်ရှစ်ဆယ် ရာခိုင်နှုန်း ကို အမေရိကန်ဌာနခွဲအတွက် သုံးတယ်၊ ပြီးတော့ ကေဂျီဘီဆီက လဲ ခင်ဗျားတို့ရဲ့ကျူးဘားရေးရာ သတင်းတွေ အများကြီး ရတယ်၊ ဒါကြောင့် ခင်ဗျားနဲ့ စီအိုင်အေ ဘယ် လောက်ပတ်သက်တယ်၊ ကျူးဘားအရေး နဲ့ မြွေဟောက်စစ်ဆင်ရေးကိစ္စတွေမှာ ခင်ဗျား ဘယ်လောက် သိထားတယ်ဆိုတာ ကျွန်တော် သိထားတယ်၊ ခင်ဗျားဟာ ကျွန်တော့်လို ထောက်လှမ်းရေးသမားပဲ၊ အဲဒါ ဘယ်လိုမှ ငြင်းလို့မရဘူး"

ဟုတ်ပြီ၊ သူ ဒေါပွလာပြီ၊ သူ မတ်တတ်ထရပ်သည်။ စားပွဲပေါ်သို့ ကိုင်းလိုက်ပြီး ကျွန်တော့်မျက်နှာကို လက်ညှိုးငေါက်ငေါက် ထိုးလျက် နှုတ်ခမ်းတင်းတင်း စေ့ရင်းက…
"ငြင်းလို့ မရဘူး ဟုတ်လား၊ ဘာကိစ္စ မင်းကို ငါက ခေါင်းညိတ် ခေါင်းခါလုပ်ရမှာလဲ၊ နိုင်ငံတကာ ဥပဒေ အရ ဒီသံရုံးဝင်း ဟာ အမေရိကန် ပိုင်တယ်၊ မင်းလဲ ဟိုခွေးသား လူသတ်သမားတွေလိုပဲ၊ ဒီကို ရောက် လာစရာ အကြောင်း မရှိဘူး၊ မင်းလဲ သံရုံးကိုဝင်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေလိုပဲ အပြစ်ရှိ တယ်၊ အဲဒီအတွက် မင်းတို့ အားလုံး ငါ့အစိုးရ ရဲ့ဒဏ်ခတ်မှုကို အသေအလဲခံရမယ်"
ကျွန်တော် ခပ်ကျယ်ကျယ် အော်ရယ် လိုက်သည်။ ပို၍ ဒေါပွလာသော သူ့မျက်နှာကိုကြည့်ပြီး ပို၍ပို၍ ပီတိဖြစ်နေ မိ၏။ သူ ကျွန်တော့်ကိုများ ထထိုးမလားဟု စိုးရိမ်သွားသေးသည်။ သို့သော် သူက ဒေါသကို ထိန်းလိုက်ဟန်ဖြင့် ချက်ချင်း ဣနြေ္ဒ ဆည်ထားသည်။ ကျွန်တော့်ဦးခေါင်းကိုကျော်ပြီး နံရံဆီသို့ စိုက် ကြည့်နေ၏။

"မစ္စတာပီယာဘိုဒီ၊ ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေဟာ သိပ်ဆိုးတဲ့ အခြေအနေမှာ  ရှိ နေတယ်၊ ခုဆိုရင် အမေရိကန် အစိုးရ သိပ်စိတ်ဆိုးလောက်ပြီ၊ သိပ်တော့ မဆန်းပါဘူး၊ သူတို့က ကျွန် တော်တို့ တိုင်းပြည်တွေ ကို တစ်သက်လုံး ဒေါသနဲ့ဆက်ဆံခဲ့တာချည်းပဲ၊ ကိစ္စမရှိဘူး။ အခု ကျွန်တော် ဒီကိုလာတာ ဘယ်သူမှ မသိနိုင်ဘူး။ ဘယ်သူမှမမြင်နိုင်အောင် လိုက်လာတာ၊ ဒီကိစ္စ ခင်ဗျားတို့ဘက် က တစ်ခုခုစွပ်စွဲရင် ကျွန်တော့် အစိုးရက ကောင်းကောင်းငြင်းနိုင်တယ်ဗျ၊ ကဲ… မြွေဟောက်စစ်ဆင်ရေး ကိစ္စ ပြန်သွားရအောင်"
သူက ဒေါသလွှမ်းသည့် လေသံဖြင့်…
"ဒီမှာ ကယ်လ်ဒီရွန်၊ မင်းကိုယ်မင်း ငါ့ကို စစ်နိုင် မေးနိုင်မယ်ထင်ရင်တော့ မင်း သောက်ရမ်းမှားနေပြီ၊ ကျူးဘား အရာရှိ တစ်ယောက်အနေနဲ့ ဒီကို ပိုင်နက်ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ငါ ကန့်ကွက် တယ်ဆိုတာက လွဲပြီး မင်းနဲ့ ပြောစရာ မရှိဘူး"

သူ့မျက်လုံးတွေက ကျွန်တော့်ပခုံးပေါ်ကျော်ပြီး နံရံကို စိုက်ကြည့်နေဆဲ၊ နှုတ်ခမ်းအစံကို မျဉ်းဖြောင့် တစ်ကြောင်းဖြစ်အောင် တင်းတင်းစေ့ထားဆဲ။ အင်း… မဆိုးပါဘူး။ ကျွန်တော့်နာမည်ခေါ်ပြီး ပြောဖော် ရလာ သည်။ လှေကားပထမထစ်ကို သူ တက်လာခြင်းပင်။ သို့သော် သူက ဒါထက်ပိုမတက်ဖို့ သတိရှိ နေဟန်။ ကျွန်တော့် အဖို့မူ ရှေ့ဆက်တွန်းတင်ဖို့ အကောင်းဆုံးအချိန် ဖြစ်နေ၏။ ကျွန်တော့်အာရုံ နိုးကြားမှုတွေကို ခွင်ကျအောင် သုံး ရတော့မည်။
မတ်တတ်ထရပ်ပြီး နောက်ဘက်တစ်ခန်းဆီကို ကျွန်တော် လျှောက်သွားသည်။ ပြီးတော့ တံခါးဖွင့် လိုက်သည်။ ဧရာမပြတင်းပေါက်ကြီး နှစ်ပေါက်ရှိသည့် အခန်း။ သံတိုင်တွေကာထားသည်။ လိုအပ် လျှင် အချုပ်ခန်းအဖြစ် အသုံးပြု ဖို့ ရည်ရွယ်ပြီး ဆောက်ထားပုံရသည်။ ကျွန်တော် သူ့ဘက်သို့ပြန်လှည့် လိုက်သည်။ သူ ကျွန်တော့်ကို စောင့်ကြည့်နေ၏။ ကျွန်တော်က စကားဆက်သည်။

"ခင်ဗျား နောက်ကို မိုင်းဗုံးအင်္ကျီ ဝတ်ထားစရာ မလိုတော့ပါဘူး"
"ဒါပေမယ့် အားလုံးနဲ့ ခွဲထားမယ်၊ ဒီအခန်းထဲမှာပဲ နေရမယ်"
ကျွန်တော်က လွတ်နေသည့်အခန်းကို လက်ညှိုးထိုးပြလိုက်သည်။ စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်များ သူ့မျက်နှာတွင် ရိပ်ခနဲ တွေ့လိုက်ရ၏။ ကျွန်တော့် အထင်မှန်လျှင် မိုင်းဗုံးအင်္ကျီ ကြောင့် မဟုတ်တန်ရာ၊ ကျန်သုံ့ပန်းများကို မိန်းမသတ်သတ်၊ ယောက်ျားသတ်သတ် အခန်းကျယ်ကြီး တစ်ခုစီတွင် စုထားသည်။ ပီယာဘိုဒီက တစ်ယောက်တည်း နေချင်သူ၊ တစ်ကိုယ်တော်သမား၊ ဒါ ကြောင့် သူ ပျော်သွားခြင်းဖြစ်သည်။ သို့သော် ခဏတာအတွင်း သူ စိတ်ဓာတ်ကျသွားပါလိမ့်မည်။

"ကျွန်တော် တစ်ရက်နှစ်ရက် အတွင်း ပြန်လာခဲ့ပါမယ်၊ လောလောဆယ် လိုအပ်တာလေးတွေ ဖမ်ဘိုနာ ကို ကျွန်တော် မှာ ခဲ့ပါ့မယ်၊ နံရံကပ်အိပ်ရာတွေကို ဖြုတ်ခိုင်းလိုက်မယ်၊ ကောက်ရိုးမွေ့ရာ ကြမ်းပြင် ပေါ်မှာ ခင်းပေး မယ်၊ အိမ်သာနဲ့ ရေချိုးခန်းကို အသေပိတ်ထားမယ်၊ အိမ်သာတက်ဖို့နဲ့ အပေါ့သွားဖို့ ပုံး တစ်လုံး ပေးထားမယ်၊ ဒါပေမယ့် ဆပ်ပြာတော့ မရဘူး၊ အစားအသောက်ကို တစ်နေ့မှ တစ်နပ်ပဲ ရမယ်၊ ခင်ဗျား စားနေကျ အစားအစာ မျိုးတော့ မဟုတ်ဘူးနော်၊ စွပ်ပြုတ်ကျဲကျဲရယ်၊ ထမင်းရယ်၊ အသီးအရွက်ရယ်ဒါလောက်ပဲ၊ တစ်ခါတစ်လေတော့ သားငါး ရမှာပေါ့ဗျာ"
မတုန်မလှုပ် မျက်နှာမျိုးမဟုတ်တော့၊ မယုံကြည်နိုင်သလို ဖြစ်နေသည့်ပုံမျိုး၊ ကျွန်တော် စကားဆက် သည်။

"အဝတ်အစားတွေ ချွတ်ပြီး စားပွဲပေါ်မှာ တင်ထားခဲ့ပါ၊ အတွင်းခံဘောင်းဘီတော့ ဝတ်ထားနိုင်ပါတယ်၊ အဲဒါကို ကျွန်တော့် ဒီကထွက်သွားတာနဲပ တစ်ပြိုင်နက် လုပ်ပါ၊ ဖမ်ဘိုနာရောက်လာတဲ့အထိ မချွတ်ရ သေးရင် သူ့လူတွေ နဲ့ အင်အားသုံးပြီး ချွတ်ကြလိမ့်မယ်၊ အဲဒါဆိုရင်တော့ ခင်ဗျား သိက္ခာကျလိမ့်မယ်၊ သူက ဒါမျိုးလုပ်ရရင် သိပ်ပျော်တာ"
သူ ဝုန်းခနဲထရပ်သည်။ အထိတ်အလန့်နှင့် ဒေါသအမျက် ခြောင်းခြောင်းထွက်နေပြီး ပါးစပ်ကို ဟလိုက် စေ့ လိုက်နှင့် ပြီးမှ အေးစက်စက်လေသံဖြင့်…
"ငါ အဲဒီလိုနေမယ် မင်း ထင်လား၊ ငါကွ… ငါ"
"ဟုတ်ကဲ့… ခင်ဗျားမို့ အဲဒီလိုလုပ်ရတာပါ၊ ခင်ဗျားတို့က ဗားဂက်စ်ကို အာဏာရအောင် လုပ်ပေးကြ တယ်၊ ဗားဂက်စ် က ဒီတိုင်းပြည်က လူသန်းပေါင်းများစွာကို အဲဒီအတိုင်းထားတယ်၊ သမံတလင်းမှာ အိပ်ရတယ်၊ ပုံးတစ်လုံး ထဲမှာ တပိုတပါး သွားရတယ်၊ ခင်ဗျားကို ကျွေးမယ့်အစာမျိုးပဲ စားရတယ်၊ ဗားဂက်စ်ရဲ့ကော်ဖီခြံထဲမှာ လူတွေ တန်ပေါင်းထောင်ချီပြီး ကော်ဖီစေ့ ခူး ရတယ်၊ သူတို့တစ်တွေ ကော်ဖီတစ်ခွက်မှ ဝယ်မသောက်နိုင်ကြ ဘူး၊ အဲဒါတွေ စဉ်းစား ထားဗျာ၊ ကျွန်တော် ပြန်လာမှ မြွေဟောက်စစ်ဆင်ရေးအကြောင်းရယ်၊ ကျူးဘားက သစ္စာဖောက်တွေ အကြောင်းရယ် ဆက်ပြောကြ တာပေါ့"
"ဘယ်တော့မှ မပြောဘူး"
သူ တအား အော်ပြောလိုက်ခြင်းဖြစ်သည်။

"ခင်ဗျား မပြောလို့ မရပါဘူး၊ တနည်းနည်းနဲ့ ကျွန်တော့်ကို ပြောရမှာပါ"
သူက နောက်တစ်လှမ်းဆုတ်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ပြောပြန်သည်။
"မင်းတို့ ငါ့ ကို ညှင်းဆဲမယ်ပေါ့လေ၊ ဟုတ်လား…၊ အမေရိကန်သံအမတ်တစ်ယောက်ကို"
ကျွန်တော် က ခေါင်းယမ်းပြီး…
"ညှင်းဆဲတဲ့အလုပ် ကို ကျွန်တော် ဘယ်တော့မှမလုပ်ဘူး၊ အဲဒီနည်းက အလုပ်မဖြစ်ပါဘူး၊ နောက်ပြီး ဘယ်တော့ မှ  ကျွန်တော် မူးယစ်ထုံထိုင်းဆေးဝါး မသုံးဘူး၊ ဒါကြောင့် အစားအသောက်ကိုသာ စိတ်ချ လက်ချသာ စားပါ၊ ဘာမှမစိုးရိမ်နဲ့" သူက အတွင်းခန်းကို လက်ညှိုးထိုးပြီး…
"ငါက ဒီလိုအခန်းမျိုးထဲမှာ နေရမယ် ဟုတ်လား၊ ဒါသက်သက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုပဲ"
ကျွန်တော် ရယ်ချလိုက်သည်။ "ဒါကတော့ဗျာ၊ အချစ်မှာတောင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုမျိုး ရှိသေးတာပဲ၊ ခင်ဗျား သိပါတယ်လေ"

ဆက်ရန်
.

No comments: