Thursday, September 6, 2012

ဒေါက်တာမောင်သင်း ၏ ငယ်စဉ်ကရခဲ့တဲ့ "ဝ"တတ် အမေရဲ့အမွေ

ငယ်စဉ်ကရခဲ့တဲ့ "ဝ"တတ် အမေရဲ့အမွေ

ကျွန်တော် က တောသား ပါ။ ကျွန်တော့်အစ်ကို(၂)ယောက်နဲ့ ကျွန်တော်က(၆) နှစ်လောက်ကွာပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်း မှာနေတော့ အစ်ကိုကြီးက အလယ် တန်းအောင်ပြီးပြီ။ အမေ့ရဲ့အမြင်က သူ့သားတွေ အားလုံး ကို ပြည်တော်သာကျောင်း (မူလတန်းကျောင်း) မထားမီ ဘုန်းကြီးကျောင်းမှာ တစ်ဝါတွင်း သွားထားလေ့ ရှိပါတယ်။ သီတင်းကျွတ်တော့မှ အစိုးရမူလတန်းကျောင်း ရွှေ့ပါတယ်။ ကျွန်တော်ငါးနှစ်သားမှာ ဘုန်းကြီးကျောင်း ထားပါတယ်။ ကျွန်တော်ကမသွားလိုပါ။

ဘုန်းကြီးကျောင်း က ကျောင်းဒကာ ရဲ့သားဆိုပြီး အစားအသောက်ကောင်းကောင်း ကျွေးပေမဲ့ ဘုရားစာ စာသင်တာ (မင်္ဂလသုတ်ပါတဲ့ ငါးစောင်တွဲ) အလျှော့မပေးပါ။ ကျွန်တော်ကဥာဏ်ထက်လို့နဲ့တူတယ်။ အခက်အခဲ မရှိပါ။ ကိုယ်ကစာရရင် သူများကို အားလုံးရှေ့ထွက်ပြီး စာတိုင်ပေးရပါတယ်။ မရတဲ့သူတွေက လိုက် ဆိုပေါ့။ အဲဒီအချိန်ပျော်တောင်ပျော်ပါသေးတယ်။ ကျွန်တော့်ကို ငယ်တဲ့သူမို့ ကျောင်းဒကာရဲ့သားမို့ဆိုပြီး ကုဋီဆေးခိုင်း၊ ပန်းကန်ဆေးခိုင်း၊ ကျောင်းမြက် ရှင်းခိုင်း၊ မြက်သယ်တာမလျှော့ပါ။ အဲဒါအတွက်လည်း စိတ် မပျက်ပါ။

မနက်တိုင်း ဦးပဉ္ဇင်းတွေ၊ ကိုရင်တွေတန်းစီပြီး ဆွမ်းခံကြွလေ့ရှိပါတယ်။ ကျွန်တော် က ရှေ့ဆုံး က ကြေးစည်တီး ရပါတယ်။ ကြေးစည်သံကြားတော့မှ အိမ်တွေကဆွမ်းထွက်လောင်း တာပါ။ အဲဒါလည်း ပျော်ပါတယ်။ ခက်တာက အပြန် မှာပါ။ တစ်ရွာ လုံး အနှံ့ ဆွမ်းခံပြီးတော့ အပြန်မှာ အစိုးရမူလတန်းကျောင်း တက် တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဆုံပါတယ်။ အဲဒီအခါမှာ သူတို့လှောင်ပြောင်တာက ဘုန်းကြီးကျောင်းသား သူတောင်းစား၊ စာသင် ကျောင်းသား အကောင်းစား`` ဆိုတာကပါပဲ။ အဲဒီတုန်းက ဘုန်းကြီးကျောင်းသားက (၄၀) လောက် ရှိပါတယ်။ မိဘတွေချို့တဲ့လို့ သူတို့သားသမီးကို မကျွေးနိုင်၊ စာမသင်ပေးနိုင်တဲ့ အတွက် ဘုန်းကြီး ကျောင်းဒကာသားဖြစ်တဲ့ ကျွန်တော်က ဘုန်းကြီးကျွေးတာစားနေရတော့ အဲဒီလို လှောင်ပြောင်တာ မခံနိုင် ပါ။ ပြီးတော့ ကျွန်တော့်လိုလူက ကျွန်တော်တစ် ယောက်တည်းပါ။

ကျွန်တော် ကတော့ ကျောင်းအိပ် ကျောင်းစားမဟုတ်ပါ။ မနက်(၆)နာရီသွား ညနေ(၅)နာရီ ပြန်ပါတယ်။ ဒါကြောင့် မနက်(၆)နာရီ ဘုန်းကြီးကျောင်း သွားရမယ်ဆိုရင်တိုင်း အမေနဲ့ပြဿနာတက်ပါတယ်။ ကျွန်တော် နည်းမျိုးစုံငြင်း ပါတယ်။ တစ်ခါမှာတော့ အမေစိတ်ဆိုးလို့ ရိုက်လည်းရိုက်၊ လက်ဆွဲပြီး ကျောင်းပို့ပါတယ်။ လမ်းမှာ'' နင်တို့ကို ဘုန်းကြီးကျောင်းထားတာ လိမ္မာဖို့၊ ဘုရား၊ ရဟန်း၊ ဘုန်းကြီးကျောင်း နဲ့ မဝင်ဆံ့လို့ ဘာသာတရား မလေးစားရင် ငါ့သားတွေ မလိမ္မာရင် နင်တို့ အလကား ပဲတဲ့။'' နောက်တစ်နေ့တွေမှာတော့ အရိုက်ခံ ရမှာစိုး ၍ ဘုန်းကြီးကျောင်း မှန်မှန်သွားခဲ့သည်။ သီတင်းကျွတ်ရက်ကို မျှော်ရင်းပေါ့။

သီတင်းကျွတ်တော့ အစိုးရကျောင်းကို ပြောင်းတက် ပါတယ်။ (အဲဒီတုန်းက မူလတန်းကျောင်းတွေက လက်ခံ ပါသည်)။ စာမေးတော့ တော်တော် ဖြေနိုင်သဖြင့် သူငယ်တန်းလေးအဆင့်ကိုကျော်ပြီး သူငယ်တန်းကြီးတက် ရပါ သည်။ (ယနေ့ သူငယ်တန်းကို ၂တန်း မခွဲတော့ပါ။ ''ဘုန်းကြီးကျောင်းသား သူတောင်းစား အလှောင် ပြောင်ခံ ဘဝ''က လွတ်လို့ ပျော်ခဲ့ပါသည်။ ဒါပေမဲ့ အမေ့ရဲ့ ''ဘုရား၊ ရဟန်း၊ ဘုန်းကြီးကျောင်းနဲ့ ဝင်ဆံ့မှုကင်းပြီး ဘာသာတရား၊ မလေးစားခဲ့ရင် နင်တို့ မလိမ္မာမှာစိုးလို့ ''ဆိုတာ ကို နားမလည်ခဲ့ဘဲ ဘုန်းကြီးကျောင်း မှ ထွက်ခဲ့သည်။

အမေ က အိမ်ရှင်မ၊ အဖေ့စီးပွားရေးနားမလည်ပါ။ ကျွန်တော်(၅)နှစ်သားမှာ ရုတ်တရက် အဖေဆုံးတော့ အဖေ့ စီးပွားရေး ကို ဘာဆက်မှန်းမသိ။ လူလိမ်ခံရ၊ ဒါနဲ့ စီးပွားကျဆင်းလာပါသည်။ ဆင်ပိန်ကျွဲပါ။ ဒါပေမဲ့ သားသမီး(၅)ယောက် နဲ့ အမေကငတ်မှာကြောက်နေတယ်။ ဒါနဲ့ အမေအကြော်ကြော်ပါတယ်။ ပြီးတော့ (၈)နှစ်သား ကျွန်တော့် ကို အကြော်ဗန်း ခေါင်းရွက်ပြီး ရွာရိုးတစ်လျှောက် ရောင်းရပါတယ်။ အဲဒီတော့ တစ်ဆွေတစ်မျိုးလုံး နဲ့ တစ်ရွာလုံးက အမေ့မပြောရဲတော့ ကျွန်တော့်ကို '' နင်တို့အမေက ငတ်နေလို့ ဒီလို လုပ်တာလားတဲ့''ကလေးပီပီ ရှက်ပြီး မျက်ရည်ကျ အမေ့ကို ပြန်ပြောတော့ အမေက ''သူများပစ္စည်းခိုးတာမှ မဟုတ်တာ၊ သမ္မအာဇီဝ ပဲ၊ ဘာမှ ရှက်စရာမရှိဘူး သတ္တိရှိရှိ လုပ်စမ်းပါ သားရယ်'' တဲ့ဆိုပြီး အားပေးတာ ဆက်ရောင်းခိုင်း ပါတယ်။

ဒီလိုနဲ့ စာသင်နေတဲ့ အစ်ကိုကြီး(၉)တန်းနဲ့ (ကျောင်းထွက်ပြီး ဆိုရှယ်လစ်ခေတ် စပြောင်းချိန် မို့ ပြည်သူ့ဆိုင်တွေ အဖွင့်မှာ) ဆိုင်တာဝန်ခံအလုပ်ရလို့ ကျွန်တော်တို့မိသားစု သနပ်ပင်မြို့ကို ပြောင်းခဲ့ပါတယ်။ ကျွန်တော်(၂)တန်းအောင် တဲ့ (၁၉၆၅)ခုနှစ်ကပါ။ အမေက ကျောင်းပိတ်ရက် မှာ မြေပဲဆားလှော်ရောင်း ခိုင်းပါတယ်။ မြို့ဆိုတော့ ရွာမှာလို '' နင့်အမေက ငတ်နေလို့ ဒီလိုခိုင်းတာလား''လို့ပြောမယ့်သူ၊ သရော်မယ့်သူ မရှိပါ။ ကျွန်တော် လှေဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံတွေ မှာ ပျော်ပျော်ကြီး မြေပဲဆားလှော် ရောင်း ပါတယ်။ နွေရာသီ ကျောင်းပိတ်ရင် ရေခဲချောင်းရောင်း ပါတယ်။ အရင်းမလိုပါ။ တစ်ချောင်း (၅)ပြား၊ အချောင်း တစ်ရာကုန်ရင်(၁)ကျပ်ပြား (၅၀)(တစ်ကျပ်ခွဲ) မြတ်ပါတယ်။ အဲဒီလို ကိုယ့်ကျောင်းစရိတ်ကို ရှာရင်း ကိုယ့်အား ကိုယ့်ကိုး တတ်တဲ့ အလေ့အထ ရလာပါတော့သည်။

တစ်နေ့တော့ မြေပဲဆားလှော်ရောင်းရင်း မျောက်ပန်းဝိုင်းနားရောက်သွားပါတယ်။ (အကြွေစေ့လေးတွေ နဲ့ ခေါင်းပန်း လှန်တာပါ။  အဲဒီမျောက်ပန်းဝိုင်းက လူတွေ ဝယ်လိုက်တာနဲ့ ကုန်သွားတော့ အချိန်စောသေးတာ နဲ့ လောင်းကစားဝိုင်း ကို ကြည့်နေမိပါတယ်။ (၁၀)မိနစ်လောက်ကြာတော့ မျောက်ပန်းလောင်းနည်း တတ်သွား ပါတယ်။

ငါးပြား၊ ဆယ်ပြားလောင်းမိတယ်၊ ကံကောင်းချင်တော့ လောင်းတိုင်းနိုင်တယ်။ တစ်နာရီကျော်ကြာ လောင်း မိတော့ တစ်ကျပ်လောက် နိုင် ပါတယ်။ အပြန်မှာ ပန်းသေးခေါက်ဆွဲဆိုင်နားရောက်တော့ အမေကြိုက်တာကို သတိရတာ နဲ့ ပန်းသေးခေါက်ဆွဲ တစ်ပွဲ ဝယ်ပါတယ်။ တစ်ပွဲမှ (၇၅)ပြားပါ။ ဆိုင်ရှင်က အသိဆိုတော့ အရည်ထည့်မယ့် ချိုင့်ကလေး ပါ ငှားလိုက်ပါတယ်။ အိမ်ရောက်တော့ အမေ့ကို ဝမ်းသာအားရပေး ပါတယ်။ ခေါက်ဆွဲချိုင့် ကို မဖွင့်ပါ။ အမေက ပိုက်ဆံဘယ်ကရတာလဲတဲ့။ ကျွန်တော် လည်း မျောက်ပန်းနိုင်တာ လို့ ပြောလိုက်ရော ပန်းသေးခေါက်ဆွဲချိုင့် ကို လွှင့်ပစ် လိုက်ပါတယ်။ ပြီးတော့ ''လျှာမြက်ပေါက်ပါစေ၊ ငါ့ကို ဒါမျိုး ရှာမကျွေးနဲ့'' တဲ့။ အမေအင်မတန်ဒေါသ ထွက်နေပုံကို ကြည့်လိုက် မြေပေါ်မှာ ပြန့်ကျဲနေ တဲ့ ခေါက်ဆွဲဖတ်တွေ ကို ကြည့်လိုက်နဲ့ ကျွန်တော် မှင်တက်နေမိပါတယ်။ ကျွန်တော့် ဘဝတစ်လျှောက် အမေ ဒီလောက် ဒေါသ ထွက်တာ ဒီတစ်ခါ ပထမဆုံး နဲ့ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။

အမေရဲ့ စိတ်ဆိုးမာန်ဆိုး စကားကို တတိယတန်းကျောင်းသား ကျွန်တော်နား လည်ခဲ့ပါတယ်။ ငတ်ပြီးစားစရာမရှိလို့ မြေကြီးပဲ ယူစားရတာများလို့ လျှာပေါ်မှာ မြေကြီးတွေ ထူပြီး မြေကြီးထဲကပါလာတဲ့ မြက်ပေါက်တဲ့ဘဝ ရောက်ပါစေ။ မတရားမှုနဲ့တော့ အသက်မ မွေးနဲ့လို့ အမြဲဆုံးမနေကျမို့ပါ။ ယခုလည်း ကျွန်တော်ရှာလာတဲ့ ပိုက်ဆံက လောင်းကစားနဲ့ ရလာတဲ့ပိုက်ဆံမို့ သူအင်မတန်ကြိုက်တဲ့''ပန်းသေးခေါက်ဆွဲ''ကို ဖွင့်တောင်မကြည့်ဘဲလွှတ် ပစ်ခဲ့ပါတယ်။

အမေရဲ့ ''လျှာပေါ်မြက်ပေါက်ပါစေ''ကြောင့် နောက်ပိုင်းမှာ အမေနဲ့အတူ ပွဲဈေးတန်း တွေမှာ၊ ညဘက် ကောက်ညှင်းထုပ် ရောင်း ခဲ့ပါတယ်။ ကိုယ့်အိမ် အတွက် ရေခပ်ရင်း၊ ဘေးအိမ်အတွက် ပါ ရေငှားထမ်း ခဲ့ ပါတယ်။ တစ်ထမ်း(၁၅)ပြားနဲ့ပါ။ ပြီးတော့ အဒေါ်ရဲ့အိမ်မှာ ဆေးလိပ်ပို(တောင်းအကြီးကြီးခေါ်တာပါ) တွေ ထမ်းခဲ့ပါ တယ်။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်ပါတယ်။ (၁၉၇၃)ခုနှစ်ပါ။ တစ်ကျောင်းလုံး လူ(၁၀၀)ကျော် မှာ နှစ်ချင်းပေါက် (က) အဆင့် က အောင်တာ(၂)ယောက်တည်းပါ။

ကျွန်တော်တို့ (၁၀)တန်းအောင်တဲ့နှစ် မှာ အလုပ်နေရာတွေ အများကြီးပေါ်လာ ပါတယ်။ ရပ်ကွက်ကောင်စီ စာရေး ပါ။ ကျွန်တော်တို့မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ် စု(၆၃)ခုရှိလို့ အလုပ်နေရာတွေက အများကြီး လိုပါတယ်။ လျှောက်တဲ့သူ ရ ပါတယ်။အများစုကတော့ လျှောက်ဖို့ ပြောပေမဲ့ ကျွန်တော်က စိတ်မဝင်စား ပါ။ တက္ကသိုလ် တက်ချင်ပါတယ်။ အမေ့မှာက မနိုင်ဝန်ပါ။ အမေ့ကို မဝံ့မရဲပြောတော့ ''တို့အမျိုးထဲ ဘွဲ့ရ မရှိဘူး၊ ငါကလည်း ငါ့သား ကို ပညာတတ်ကြီးပဲ ဖြစ်စေချင်တယ်။ အစ်ကိုကြီးနဲ့တိုင်ပင်''တဲ့။

အစ်ကိုကြီးက ''ငါ့တို့ ဝိုင်းကူမယ်။ မင်းချွေတာသုံး''တဲ့ ။ဒီလိုနဲ့ တက္ကသိုလ်တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ပတ်ဝန်းကျင် က ပြောတာခံရပြန်ရော၊ ''သူများတွေအလုပ်ရဖို့ ပါတီရုံးတွေမှာ နှစ်တွေ၊ လတွေကြာအောင် လုပ်အားပေး မှ ရတာအခု အလွယ်တကူ အလုပ်တစ်ခုရတာမယူဘူး၊ မိဘက ရှိတာလည်း မဟုတ်ဘဲနဲ့။ ဘွဲ့ရတော့ကော အလုပ်က ရမှာလား။ မိုက်လိုက်တဲ့သား တဲ့။ ကျွန်တော်ကတော့ ပညာသင်ဖို့ပဲ အားသန်ခဲ့ ပါတယ်။ ကျွန်တော်ရဲ့ ပညာရှာလိုစိတ် အားထက်သန်မှုကို အမေက အားပေးခဲ့တယ်။ ကျွန်တော် လည်း ကျောင်းပိတ်လို့ပြန်လာရင် ဆေးလိပ်ခုံမှာ ဖက်ပိုထမ်းပြီး ကျောင်းစရိတ်စုပါတယ်။ မိန်းမပျိုလေးတွေကြားမှာ တက္ကသိုလ် ကျောင်းသား ကျွန်တော် က မရှက်ခဲ့ပါ။ (၈)နှစ်သားတုန်းက ရွာမှာ အကြော်ရောင်းစဉ် က အမေမွေးခိုင်းခဲ့တဲ့ သတ္တိရခဲ့လို့ပါ။

ကျွန်တော် တို့ သနပ်ပင်တစ်နယ်လုံး မော်လမြိုင်ကောလိပ်မှာတက်ရပါတယ်။ အဲဒီတုန်းက တက္ကသိုလ် မဖြစ်သေး ပါ။ မော်လမြိုင် က မှောင်ခိုမြို့တော်ပါ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ ထိုင်းနိုင်ငံမှ သယ်လာသမျှ ပစ္စည်း အားလုံး မော်လမြိုင်မှာ တစ်စခန်းချပါတယ်။ ပြီးတော့မှ ရန်ကုန်ကို သယ်ပါတယ်။ အဲဒီတုန်းက ကျောင်းသားတစ်ယောက် ခရီးသည် လက်ဆွဲအိတ်(၂)အိတ်လောက် ရန်ကုန် သယ်နိုင်ရင် ငွေကျပ်(၁၀၀) နဲ့ (၂၀၀)ကြားမြတ် ပါတယ်။ အဲဒီခေတ်က ကျောင်းစရိတ်တစ်လစာ လုံလောက် ပါတယ်။ ကျောင်းသား ဆိုရင် အကောက်ခွန်က မဖမ်းပါ။ တချို့ တစ်လတစ်ခေါက် ရန်ကုန်ပြန်ပြီး ကျောင်းစရိတ် ရှာပါတယ်။ ကျွန်တော် မလုပ်ခဲ့ပါ။ မလုပ်ရတဲ့အကြောင်းက အမေ့ကြောင့်ပါ။ အဲဒီလို ကျောင်းသားဆိုတဲ့ အရှိန်အဝါ သုံးပြီး မှောင်ခိုပစ္စည်းသယ်လို့ရတယ် ဆိုတာ အရပ်ကပြောလာတော့ အမေက ကျွန်တော် ကို ခေါ်ပြောပါတယ်။ ဥပဒေနဲ့ မကင်းတာ မလုပ်နဲ့ တို့အမျိုးထဲ မှာ ရုံးရောက်၊ ဂါတ်(ရဲစခန်း)ရောက်တာ မရှိဘူးတဲ့။ ငါလည်း မသွားချင်ဘူး ရှက်တယ်တဲ့။

ကျွန်တော်တို့ မိသားစု သတင်းစာလပေး ဝယ်ဖို့မတတ်နိုင်ပါ။ စာအုပ်၊ ဂျာနယ်ဆိုတာ ဝေးပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းပါတယ်။ အိမ်ရှေ့က ကျွန်တောအဒေါ်က သတင်းစာလပေး ဝယ်ပါသည်။ အိမ်နားက  အထက်တန်း စာရေး အစ်ကိုကြီး က ဂျာနယ်မျိုး စုံဝယ်ပါသည်။ သတင်းစာ ဘယ်လောက်စောသလဲဆိုရင် ကျွန်တော်ကျောင်း သွား ရင် သတင်းစာဖတ်ပြီးမှ သွားတာပါ။ (တီဗီ ခန့်စည်သူနဲ့ မြဝတီသတင်းစာကြော်ငြာမှာ မနက် ၇း၀၀နာရီရောက်တယ် ဆိုတော့ ငယ်ငယ်က ဘဝကို သတိရမိသေး။) အိမ်နားက အစ်ကိုကြီးက ရှုထောင့်၊ အိုးဝေ၊ ရွှေတူတို့ ဖတ်ပါတယ်။ ကျွန်တော်က စာဖတ်ဝါသနာ ပါမှန်းမသိတော့ ဖတ်ပြီးတိုင်း ကျွန်တော့်ပေး ပါတယ်။ စာအုပ်တွေလည်း ဒီလိုပဲ။  ပြီးတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့အစ်ကိုက စာအုပ် ဆိုင်ဖွင့်တော့ အဲဒီဆိုင် မှာ စနေ၊ တနင်္ဂနွေ၊ ဝိုင်းကူရာကနေ စာမျိုးစုံဖတ်လာ တယ်။(၁၀)တန်း ကျောင်းသား ဘဝရောက် တော့  နိုင်ငံရေး စာတွေ ဖတ်လာပါတယ်။ တက္ကသိုလ်ရောက်တော့ ကွန်မြူနစ်ဆန် တဲ့ စာတွေဖတ် မိ ပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ် နဲ့ ကွန်မြူနစ်စာမတောက်မခေါက်က  ''အလုပ် ဆိုတာ ကုန်ထုတ် လုပ်တဲ့ လုပ်ငန်း '' လို့ အစွဲမှား အယူမှတ်ခဲ့ပါတယ်။

အဲဒီအစွဲမှား ကျွတ် ဖို့ ဖန်လာတဲ့နေ့ ရောက်လာပါတယ်။ တတိယနှစ်တက္ကသိုလ် ကျောင်း သားဘဝ ဒီဇင်ဘာကျောင်းပိတ် ရက် ပါ။ ကျွန်တော်တို့မြို့က ပဲခူးနဲ့(၇)မိုင်ဝေး ပါတယ်။ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်က ဦးပဉ္ဇင်းတွေ ဆွမ်းဆန်စိမ်း အလှူခံဖို့ကြွတော့ အမေက လောင်းပါတယ်။ အမေ ဆွမ်းဆန်စိမ်းလောင်းနေတုန်း ကျွန်တော် က ရဟန်းပျို တွေကိုကြည့်ပြီး ဒီလောက်ခွန်အားနဲ့ပြည့်စုံတဲ့အရွယ် ယောက်ျားသားတွေ အလုပ် မလုပ်ဘဲ ဘာလို့များ သူများလှူ တဲ့ တန်း တဲ့ ပစ္စည်းတွေ စားနေရတာလဲ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ် လို့ဖြစ်သား နဲ့ ဆိုပြီးရေရွတ်မိပါတယ်။ အမေကလှည့်ကြည့် မျက်စောင်းထိုးပါတယ်။ ဆွမ်းလောင်းလို့လဲပြီးရော ငသင်း လို့ခေါ် ပါတယ်။

အမေစိတ်ဆိုးရင် မောင်ဖြုတ်ပြီး ငတတ်ပြီး ခေါ်တတ်ပါတယ်။ နင်ကအလုပ်လုပ်တယ်ဆိုတာ လယ်လုပ်၊ စက်ရုံမှာ လုပ်၊ ဈေးရောင်းမှ အလုပ်လို့ထင်တာလား၊ ကျောင်းဆရာတွေလိုပဲ ဆရာတော်တွေလည်း လူတွေကို လိမ္မာ အောင် ဒေါသ၊ မောဟ၊ မာန၊ လောဘနည်းအောင် ဟောပေး၊ သင်ပေးတဲ့ အလုပ်လုပ် နေတာလေ ဆရာ တစ်မျိုး တဲ့ ပြီးတော့နင်တို့ပြောနေ တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဆိုတဲ့ အဖွဲ့တွေပေါ်တာ ဘယ်လောက်ကြာပြီ လဲတဲ့။ ကျွန်တော်ကနှစ် (၈၀) ကျော်ပါ။ အများဆုံး (၁၀၀)ပေါ့ အမေလို့ပြောတော့ သံဃိာ အဖွဲ့က နှစ်ပေါင်း(၂၅၀၀)ကျော်ပြီဟို ဦးနုခေတ် က ဖဆပလ အခုမရှိတော့ဘူး မဟုတ်လား။ အဲဒီလို မခိုင်မာတဲ့ အဖွဲ့တွေပေါ များတဲ့ အထဲက၊ ဒီလောက်နှစ်ပေါင်း ၂၅၀၀ကျော်တည်မြဲတာ ကောင်းလို့ပေါ့။ ဘာကောင်း တာလဲ ငါ မပြောတတ်ဘူး။ နင့်ဟာနင် ရှာကြည့်။ အမေရဲ့နှစ်ပေါင်း ၂၅၀၀ကျော် တည်မြဲတဲ့ အဖွဲ့ ဟာ ကောင်းလို့ပေါ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ဖတ်တဲ့စအုပ်တွေ ဟာ မာ့က်စ်၊ လီနင်၊ မော်စီတုံး တို့ဘက် ကို ရှေ့ဆက် မသွားတော့ပါ။ ဗုဒ္ဓ ဓမ္မဆီိ သို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။

ကျွန်တော်တို့ အခြေခံပညာအထက်တန်းစာမေးပွဲဖြေပြီးမှာ သန်းခေါင်းစာရင်းကောက် ရပါတယ်။ ၁၉၇၃ခုနှစ် ကပါ။ သန်းခေါင်စာရင်း ကောက်ရတဲ့အချက်မှာ လူတစ်ဦးရဲ့ ပညာအရည်အချင်း ကို မေးရ ပါတယ်။ အောင်တဲ့အတန်း ကို ဖြည့်ပေးရပါတယ်။(ဥပမာ-၄တန်းအောင်၊ ၅တန်းအောင်၊ ဘွဲ့ရ စသည်ဖြင့်) စာမတတ် ရင် မတတ်လို့ဖြည့်ရပါတယ်။ အတန်းတွေကမအောင်ပေမဲ့ စာရေးတတ်၊ ဖတ်တတ်ရင်တော့ ဝတတ် လို့ (ဝလုံး ကိုစပြီး ရေးသား မှ တတ်လာတဲ့မြန်မာစာကို ရေးတတ်၊ဖတ်တတ်တာမို့ ဆိုလို ပါတယ်) ဖြည့်ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရတဲ့ အဖေနဲ့အမေ ဟာ ကျောင်း မနေ ခဲ့ရလို့ (၁)တန်း မှ မအောင်ခဲ့ပါ။ စာရေးတတ် ဖတ်တတ်လို့ သန်းခေါင်စာရင်းမှာ "ဝ" တတ်ဆို တဲ့ စကား ကို အမေ သိ၊ အမေနားလည်ခဲ့ပါတယ်။

ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ အမေ့ကို အနားပေးပြီး အမေ့ကုန်စုံဆိုင် အ လုပ် ပဲ ဆက်လုပ်မယ် ကျွန်တော် ဆုံးဖြတ်ပြီး အမေ့ကို ပြောတော့ ဘွဲ့ရ (၁၆) တန်းအောင် (သူငယ် တန်းလေး၊ သူငယ်တန်းကြီး (၂)တန်း၊ ကထမတန်း မှ ၁၀ တန်းထိ (၁၀) တန်း၊ ဘွဲ့ (၄) တန်းပါဆို တော့  ၁၆ တန်းပါ) တဲ့ သူက တစ်တန်းမှ မအောင်တဲ့  ''၀'' တတ် သူတွေလုပ်တတ် တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုတော့ မင်း ဘာလို့ ပညာသင် ခဲ့တာလဲသား၊ (၁၆) နှစ်လုံးလုံး မရှုံးဘူး တဲ့၊ အမေရဲ့ ဈေးကွက် အတွက်အရ  ပေါ်ထွက်လာတဲ့ ဘ၀အောင်မြင်ရေး ဒဿနပါ၊ အဖေ၊ အမေထက် (၁၆) တန်းသာတဲ့ ကျွန်တော်ဟာ အမြင့်ကို မလှမ်းဘဲ ခပ်နိမ့်နိမ့် ဘ၀ မှာ ပျော်ပိုက်နေလို့ မဖြစ်တော့ပါ။ ဒါနဲ့ အောင်စာရင်းထွက်တော့ Qualify ၀င်တာနဲ့ မဟာဘွဲ့ သင်တန်းကို ထုံးစံအတိုင်း ကိုယ် ကျောင်းစရိတ် ကိုယ်ရှာ၊ စုပြီး ကျောင်းဆက်တက်ခဲ့တာ ယနေ့ ဘ၀ရောက် ခဲ့ပါတယ်။

ကျွန်တော် ယနေ့ ပါမောက္ခချုပ်ဆိုတဲ့ဘ၀ ရောက်ခဲ့ရတာဟာ တစ်တန်းမှမအောင်ဘဲ သေစာ၊ ရှင်စာလောက် သာ ဖတ်တတ်တဲ့ ''၀ '' တတ် အမေ က ပေးခဲ့တဲ့ သုံးမကုန်တဲ့ အမွေကြောင့်ပါ။
ဘုန်းကြီး၊ ရဟန်း၊ ကျောင်း နဲ့မနီးစပ်ရင် မင်းကို မလိမ္မာမှာစိုးလို့ဆိုတဲ့ စကားဟာ  နောက်ပိုင်းမှာ မှန်မှန်း သိလာ ပါတယ်။ သူတော်ကောင်းစကား နဲ့ ဓမ္မစကားအမြဲကြားနေရ မှ လိမ္မာသူ ဖြစ်တာကိုး...
သမ္မာအာဇီဝ အလုပ် ဟာ ဘာမှ ရှက်စရာမရှိဆိုတဲ့ မှန်ကန်တဲ့အသက်မွေးမှုနဲ့  မှန်ကန်တဲ့အလုပ်ဆို ရင် လုပ်ရဲတဲ့ သတ္တိအမွေ ကို  ပိုင်ဆိုင်ပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာ ကျောင်းတက်ခဲ့လို့....

-      '' သားကို အမေက ပညာတတ်ပဲ ဖြစ်စေချင်တယ် '' ဆိုတဲ့ ပညာအမွေသာ ယူဖို့လမ်း ပြပေးခဲ့လို့
-        ဘွဲ့ရ (၁၆) တန်းအောင်တဲ့သားက ''၀'' တတ်တွေတောင်လုပ်တတ်တဲ့ ဈေးရောင်းအလုပ်   
        လုပ်ရင် မရှုံးဘူးလား ဆိုပြီး အမြင့်ဆီကို တက်လှမ်းဖို့ ဘ၀အောင်မြင်ရေး အတွက်အချက်
        ပညာ အမွေရခဲ့လို့...  ''

လျှာမြက်ပေါက်ပါစေ တော်မတရားရှာမကျွေးနဲ့ဆိုတဲ့အမွေရလို့ ငွေကြေးဓနကြောင့် ၀န်ထမ်းဘ၀မှာ လုပ်ပိုင်ခွင့် သုံးကာ မတော်မတရား စီးပွားမရှာခဲ့ပါ။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ကျွန်တော် ဆုပေးတိုင်း ''ဒီဘ၀မှာ ကြုံကြဆုံရတဲ့ အမိ၊ အဘ၊ ဆရာသမားတွေထက် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ပညာရပ်တွေ မှာ သာလွန်မြင့်မြတ်တဲ့ ပညာရှင်ကောင်း ၊ ပညာရှင်မြတ် ဖြစ်ကြပါစေလို့ '' ဆု ပေးလေ့ ရှိပါတယ်။ ''၀'' တတ် ကျွန်တော်မိခင် က ကျွန်တော့်ကို ပေးခဲ့တဲ့ အမွေတွေကြောင့်ပါ။

ကျွန်တော် အမေ ဟာ လောကီပညာ တတ်တဲ့ ပညာတတ်ဖြစ်ရန် ငွေကြေးမပြည့်စုံတဲ့ကြားက တက္ကသိုလ် ပို့ခဲ့ပါတယ်။ လောကုတ္တရာပညာရဖို့ ကျောင်းမနေခင်ကတည်းက တရာဓမ္မနဲ့နီးအောင် ဘုန်းကြီးကျောင်းပို့ခဲ့ သလို ကွန်မြူနစ်ဝါဒ မှ  ဓမ္မဆီသို့ ပြန်လှည့်အောင် သွန်သင်ပေးခဲ့ပါတယ်။ လူငယ်တွေ မိဘ ဆီမှ မြတ်သော မြင့်သော အမွေယူတတ်နိုင်ပါမှ မိဘထက် ပို မြင့်တဲ့ဘ၀ရောက်ကြမှာ။ ဒါမှ မိဘတွေပျော်မှာ အဲဒီလို ကျောင်းစာ အပြင် အသိဉာဏ် ပိုပွင့်လင်းအောင် စာများများ ဖတ်မှရမှာပါ။ စာဖတ်နာကြပါ။

(၁၉၈၀ ပြည့်နှစ်က ကွယ်လွန်ခဲ့ပြီး ကျေးဇူးဆပ်ခွင့်မကြုံခဲ့တဲ့ မွေးသမိခင် ကျေးဇူးရှင် ဒေါ်ကြင်ကြင် သို့ ရိုသေစွာ ပူဇော်ကန်တော့ လျက်)

ဒေါက်တာမောင်သင်း
.
ကောင်းသန့် ၏ ငယ်ငယ်တုန်းက စာစု များမှ
.

2 comments:

Thu said...

Very intelligent mother, honesty is the best policy.

seesein said...

လေးစား အားကျပါတယ်ဆရာ...ဆရာ့မေမေအတွက်လဲ ဂုဏ်ယူပါတယ်....