Friday, September 7, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁၅)

"မနက်ဖြန် မနက်ကျတော့ လာခဲ့ပါဦး"  "ဟုတ်ကဲ့ပါ… အန်တီ" ငါ့ကို အန်တီလို့ မခေါ်နဲ့ဟု ပါးစပ်မှ ထွက်သွားတော့ မလို ဖြစ်သွားသည်။ သို့သော် သူမက စိတ်ကို ပြန်ထိန်းလိုက်သည်။  တကယ်တော့… အန်တီလို့ ခေါ်ခြင်းသည်သာလျှင် အခြေအနေအရ အကောင်းဆုံး။ မစ္စက်ဝင်းတား ဟု ခေါ်လျှင် လည်း သူစိမ်းပြင်ပြင် နိုင်လှသည်။ "မေမေ" ဟု ခေါ်ခိုင်းဖို့ကလည်း ဘယ်လိုမှမဖြစ် နိုင်။ သူ့မှာ အမေ အရင်းကြီး ခေါက်ခေါက် အသက်ထင်ရှား ရှိနေသေးသည်။  အို… ဒီကိစ္စ က အရေးမဟုတ် ပါဘူး။ နောင်ခါလာ နောင်ခါဈေးပေါ့။ အခြေအနေအရ ဖြစ်လာမှာပေါ့။
"ကဲ… ကောင်းပြီ… ခရစ္စတိုဖာ။ ပြန်လိုက်ဦးတော့… နော်" လော်ရာ သည် ခရစ္စတိုဖာကလေးအား တယုတယ နမ်းချင်စိတ်ကို မနည်းကြီး ပြန်ထိန်းထားလိုက်ရ လေသည်။
ကို ဆက်ဖတ်ရန်.........

အခန်းထဲရောက်တော့ ခရစ္စထံမှ စာရှည်ကြီးတစ်စောင် ရောက်နေသည်ကို တွေ့ရသည်။ ပထမ ဆုံး ရရှိသော စာရှည်ကြီးပင် ဖြစ်သည်။
သူမ ဆိုးလ်မြို့သို့ရောက်နေသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ရက်သတ္တပတ် တော်တော် များများ ကြာသွားပြီဟု ထင်မိသည်။
စာအိတ်ကို ကောက်ယူပြီး ကုလားထိုင်တွင် ထိုင်ချလိုက်သည်။ ပြီးတော့ တခြားကိစ္စတွေ အားလုံး မေ့ထာလိးုက်ကာ စာကိုသာ စိတ်ပြေနပြေဖတ်တော့သည်။

အချစ်ဆုံး လော်ရာ
    မင်းစာတွေက တိုလွန်းတော့…
ဟုတ်ပါတယ်… မောင်။ ကျွန်မစာတွေက တိုလွန်းပါတယ်။ အဲဒီလိုဖြစ်ရတာကလည်း ရှည်ရှည်ရေး စရာ အကြောင်း မရှိသေးလို့ပါ… မောင်ရယ်။
    … ငါ့မှာ တော်တော့်ကို ကသိကအောက်ဖြစ်ရတယ်… လော်ရာ။ ဒါကြောင့်မို့ ဒီက အလုပ် တွေအားလုံး ဒီအတိုင်း ပစ်ထားခဲ့ပြီး မီရာလေယာဉ်ပတ်နဲ့ လိုက်လာရမလားလို့တောင် စိတ်ကူးမိခဲ့ တယ်။ ဒါပေမဲ့… အဲဒီကို လိုက်လာ ရင် မင်းအတွက် ပြဿနာတွေ ပိုလာဖို့သာ များတယ်ဆိုတာ ပြန်တွေးမိလို့ မလာဖြစ်တော့ဘူး။ အခုဆိုရင် မင်းက ကလေးကိုလည်း တွေ့ရပြီနော်…
အို… မောင့် ကို မြင်စေချင်လိုက်တာ… မောင်ရယ်။ အဲဒါဆိုရင် ဆုံးဖြတ်ချက်ချရတာ ပိုလွယ်သွား မယ် ထင်တာပဲ။ တကယ်တော့… လွယ်ပါ့မလား။ မလွယ်တဲ့အပြင် ပိုတောင်များ ခက်သွားမလား။
    … အမျိုးသမီး က မင်းကိုတော့ ဒုက္ခပေးလိမ့်မယ် မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်။

ထို့နောက်တော့ သူက မဲဆွယ်တရားဟောပွဲအကြောင်းကို စိတ်ပါလက်ပါ အသေးစိတ် ရေး ထားသည်။
တရားပွဲတွေ တစ်ပွဲပြီးတစ်ပွဲ မနားတမ်း တက်ရောက်ဟောပြောနေရသော လင်တော်မောင် ကို မြင်ယောင် လာသည်။ ရုပ်မြင်သံကြားမှ စကားပြောနေသော သူ့ရုပ်ပုံကို မြင်ယောင်မိသည်။ သူက ဥပဓိရုပ် ကောင်း သလောက် ဓာတ်ပုံလည်း အလွန်စားသည်။

သို့ပေမဲ့… အစစ အရာရာ သတိတမန်။ ဉာဏ်မြေကတုတ် ရှိဖို့တော့ အထူးလိုအပ်သည်။ တစ်ဖက် မှ အပြိုင်ပုဂ္ဂိုလ်မှာ ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်သည်။ သူတို့က ခရစ္စကို အပုပ်ချနိုင်ရေးအတွက် ခရစ္စ၏လှုပ်ရှားမှု မှန်သမျှ ကို အလွတ်စုံထောက်တွေငှား၍ မျက်ခြည်မပြတ် ထောက်လှမ်းနေကြ သည်။ ခရစ္စ ကလေးဘဝမှသည် ယခုအချိန်အထိ အဖြစ်အပျက်များကို အသေးစိတ် စုံစမ်းထောက် လှမ်းကာ ပျော့ကွက် ရှာနေကြ သည်။ တော်တော်ညစ်ပတ်သော လုပ်ငန်းပါတကား။ သို့သော်… နိုင်ငံရေး ဆိုသည်မှာ မိမိနှင့် မိမိပါတီ အနိုင်ရရှိရေးအတွက် တစ်ဖက်သား၏လည်ပင်းကို ရက်ရက် စက်စက် ဖြတ်ရသောလုပ်ငန်းမျိုးမဟုတ်ပါလား။
လော်ရာက အတွေးကို ရပ်ပြီး စာကို ဆက်ဖတ်သည်။

… ဟင်နရီအလန်ကတော့ တကယ့်အားကိုးလောက်တဲ့  ပုဂ္ဂိုလ်ကြီးပါပဲ။ သူက ပြည်နယ် အတွင်းမှာသာမက တစ်နိုင်ငံ လုံး အတိုင်းအတာအထိ အဘက်ဘက်မှာ သြဇာတိက္ကမရှိတဲ့ ပုဂ္ဂိုလ် ကြီးလည်း ဖြစ်သည်။ သူ့လို ပုဂ္ဂိုလ်ကြီး တစ်ယောက်ရဲ့အားပေးထောက်ခံမှုကို ရထားရင် ငါ့အနေနဲ့ ဒီရွေးကောက်ပွဲမှာ အောင်ပွဲခံရမှာ ကျိန်းသေ ပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က တရားသဖြင့် အောင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ကိုတော့ ငါ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားရမှာပဲ…။
လော်ရာ က ဂုဏ်ယူစွာဖြင့် စာကို နမ်းလိုက်သည်။ ပြီးတော့ စာရွက်ကိုခေါက်ပြီး သူမ၏အင်္ကျီရင် ဟိုက်ထဲ ထိုးထည့် ထားလိုက်သည်။
ထို့နောက် ကုလားထိုင်တွင် နောက်မှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ မျက်လုံးတွေ မှိတ် ထားသော် လည်း ခရစ္စ ကို မြင်နေသည်။ သူ့အကြောင်းကို တွေးနေမိသည်။

မေတ္တာချစ်ကို အလေးအနက် မထားကြဘဲ တဏှာချစ်ကိုသာ ပုံကြီးချဲ့နေကြသော သည်ခေတ်ကြီး တွင် သူမအနေဖြင့် မေတ္တာချစ်သဘောကို ကော်ငးကောင်းနားလည်သည့် ခင်ပွန်းကောင်းတစ် ယောက်ကို ရနိုင်ခဲ့သည် မှာ အလွန်တရာမှ ကံကောင်းလှပါကလား။
တကယ်ဆိုရင် ငါ့လို မိန်းမတစ်ယောက်ကို ဘယ်ယောက်ျားက ချစ်ပါ့မလဲ။ ချစ်နိုင်ပါ့မလဲ။ ငါ ဖြစ် နေတဲ့ဘဝ။ ငါ လုပ်နေ တဲ့ အလုပ်မျိုးကို ဘယ်ယောက်ျားကများ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်နိုင်ပါ့မ လဲ။ နားလည်နိုင်ပါ့မလဲ။ ငါ့ကို သူ့လုပ်ငန်း ကို ဘာမှအထောက်အကူမပြုနိုင်ဘဲ သူကသာ ငါ့လုပ် ငန်းကို အထောက်အကူပြုနေတာ…။ အခုလို တစ်နိုင်ငံ တစ်ပြည်ခြားမှာ တခြားမိန်းမတစ်ယောက် နဲ့ ရခဲ့တဲ့ သားကလေး တစ်ယောက် ရှိနေတာတောင်မှ တို့နှစ်ယောက်ရဲ့အချစ်က ပျက်ပြယ်မသွား ဘူး။ ဒါဟာ အလွန်ရခဲ့ ဘဝတစ်ခုပဲ။ သူ့သားကလေး လည်း ချစ်စရာကောင်းလိုက်တာ။

ဒါပေမဲ့ သူ့ ခမျာ တိုင်းပြည်မရှိတဲ့ကလေး။ လူမျိုးမရှိတဲ့ကလေး ဖြစ်နေရှာတယ်။ ဒီတော့ ဒီကလေး ပြဿနာ ကို ဘယ်လိုဖြေရှင်း မလဲ။ ဒီကလေးအတွက်ကြောင့် သူ့ဘဝ အပျက်ခံရမှာလား။ ဒါတော့… လုံးဝ မဖြစ်နိုင်ဘူး။ သူ့ဘဝ ဘယ်နည်း နဲ့မှ အပျက်ခံလို့မဖြစ်ဘူး။ သူ့ဘဝက သိပ်ပြီး တန်ဖိုးရှိတဲ့ဘဝ… ရခဲတဲ့ ဘဝ။ လူသန်းပေါင်းများစွာရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ဘဝ။ တကယ်လို့ သူ့ရန် သူတွေကသာ သူ့အကြောင်းကို အပုပ်ချ ဖော်ထုတ်ခြင်းမပြုရင်… သူ့အနေနဲ့ တိုင်းပြည်ကောင်းကျိုး ကို တကယ်ဆောင်ရွက်နိုင် မှာ သေချာတယ်။
လော်ရာ က ဟင်နဂီလန်အကြောင်းကို ရုတ်တရက် တွေးမိပြန်သည်။

ခရစ္စက ဒီကလေးကိစ္စကို ဟင်နရီအလန်ကို သွားပြောလိုက်ပြီလား။ ပြောကော ပြောပြသင့်သ လား။ ပြော မပြရင်ကော ရိုးသားရာ ရောက်ပါ့မလား။ အို… တကယ်တွေးကြည့်ရင် သူ့အဖြစ်က မလွယ်လှပါကလား။ ဆုပ်လည်းစူး၊ စားလည်းရူးမယ့် အဖြစ်ပါကလား။
လော်ရာက တွေးရင်း တွေးရင်းဖြင့် ရင်ထဲ ဆို့ကျပ်လာသည်။ သို့ဖြင့်… သူမ၏ ခံစားချက် များကို အောင်မထားတော့ဘဲ ခရစ္စအား ဖွင့်မေးရန် ဆုံးဖြတ်လိုက်သည်။
သူမ သည် စားပွဲတွင်ထိုင်ကာ ခရစ္စထံသို့ စာရေးတော့သည်။

မောင်…
    ခရစ္စတိုဖာကလေး ကိစ္စကို ဟင်နရီအလန်ကို ပြောပြသင့်တယ်လို့ မောင် ထင်သလား။ အင်း… သာမန်လူတစ်ယောက် မဟုတ်တာဟာ တော်တော်လည်း အနေကျပ်လှပါကလား မောင် ရယ်။ တကယ်ဆိုရင် ဒီကလေး ကိစ္စဟာ ကျွန်မတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်ပါ။ တခြား လူတွေ ဘယ်လိုထင်ထင် ကျွန်မ တို့ ဂရုစိုက်စရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့… ဒီကလေးလို ပဲ ကလေးတွေ ထောင်သောင်းချီလို့ရှိနေတာပဲ မဟုတ်လား။ အဲဒီတော့… ကျွန်မက ဒီလိုစဉ်းစားမိ တယ်… မောင်၊ သူ့ကို ကျွန်မ ခေါ်လာပြီး… ကိုရီးယား စစ်အတွင်း က မိသဆိုး ဖသဆိုး ကလေးဖြစ် သွားတဲ့ ကလေးအဖြစ် မွေးစားထားတယ်။ လူတွေက ပြောချင်သလို ပြောကြပါစေတော့။ တကယ် တော့ ဒီကိစ္စဟာ သူတို့နဲ့ ဘယ်လိုမှမဆိုင်ပါဘူး။ အခု ဆိုရင် မောင့်ရဲ့အနာဂတ်ဘဝဇာတ်လမ်းက သိပ်ပြီး ဖြောင့်ဖြူးနေပြီ။ ကျွန်မထင် ကို ပြော ရရင်တော့…ဒီအမှားကလေးတစ်ခုကြောင့် မောင့်ရဲ့ ကြီးကျယ်တဲ့ အနာဂတ် ရည်မှန်းချက်ကို လုံးဝ မစွန့်လွှတ်သင့်ဘူး လို့ ထင်ပါတယ်… မောင်။
သူမက စာကိုဖတ်ပြီး အမှားကလေးတစ်ခုဟူသော အသုံးအနှုန်းကို ပြန်ခြစ်လိုက်ကာ အတွေ့ အကြုံတစ်ခု ဟူသော စကားကို အစားပြန်ထိုးလိုက်ပြီးတော့မှ စာကို ဆက်ရေးသည်။

… ဒီကလေး မွေးဖွားမလာရင် သိပ်ကောင်းမှာပဲလို့ ဆုမတောင်းရဲလောက်အောင်ပါပဲ… မောင်။ ကလေး က မောင့်လိုပဲ သိပ်ပြီးချောပါတယ်။ ချစ်စရာလည်း အလွန်ကောင်းပါတယ်။ သူ့ အမေအပေါ်မျာ ဘယ်လို သဘောထားတယ်ဆိုတာတော့ ကျွန်မလည်း အခုအချိန်အထိ အကဲခတ် လို့ မရသေးပါဘူး။ ဒါပေမဲ့ သူက မောင့် ကို သိပ်ပြီး တွေ့ချင်နေတာတော့ အမှန်ပဲ။
ဒီနေ့ ကျွန်မ သူ့ အတွက် အဝတ်အစားအသစ်တွေ ဝယ်ပေးလိုက်ပါတယ်… မောင်။

လော်ရာက စာကို အဆုံးသတ်လိုက်သည်။ ခရစ္စတိုဖာကလေးအကြောင်း တော်တော်ပင် ရေးလိုက် မိသည်။ သို့သော် သူမက ရေးလို့ ရေးမှန်းပင် သတိမထားလိုက်မိ။ စုစုပေါင်း စာရေးစက္ကူ ငါးမျက် နှာအပြည့်။

ထို့နောက်တော့ သူမက စာကို စာအိတ်တွင်ထည့်ကာ စာတိုက်ပုံးထဲ သွားထည့်လိုက်သည်။
ပြီးတော့ အခန်းထဲ ပြန်လာပြီး ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲအိပ်ကာ အားရပါးရ ငိုချလိုက် တော့သည်။
သူမ သည် လင်တော်မောင်ကိုလည်း အလွန်အောက်မေ့မိသည်။ အိမ်ကိုလည်း လွမ်းသည်။ သူတို့ အိမ်ကြီးက ကျယ်ဝန်း ခမ်းနားပြီး နောက်ခံသမိုင်းရှိသော အိမ်ကြီး။
ဟိုး… လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝင်းတားမိသားစုဝင် ပုဂ္ဂိုလ်ကြီးတစ်ဦးသည် ပြင်သစ် အမျိုး သမီး တစ်ယောက် အား အရူးအမူးစွဲချစ်မိခဲ့သည်။
သူက လက်ထပ်ခွင့်တောင်းသောအခါ ထိုအမျိုးသမီးက အခွင့်အရေးတစ်ရပ် တောင်းဆိုသည်။ သူမအား လက်ထပ် လိုလျှင် အမေရိကန်မှ ဝင်းတားမိသားစုအိမ်ကြီးကို ပြင်သစ်ပြည်မှ သူမတို့၏ ရဲတိုက်ကြီး အတိုင်းပြုပြင်ဆောက်လုပ်ရမည်ဟုသူမက တောင်းဆိုသည်။

သို့ဖြင့် ထိုပုဂ္ဂိုလ်သည် ချစ်သူ၏မေတ္တာပန်းကို ရရှိနိုင်ရေးအတွက် မိသားစုအိမ်ကို ရဲတိုက်ကြီး အသွင် ပြုပြင်ဆောက်လုပ်ခဲ့ရသည်ဟု ဆိုသည်။
ယခုတော့ သူမသည် မိုင်ပေါင်းများစွာ ဝေးကွာလှသော ဟိုတယ်တစ်ခုအပေါ်မှနေ၍ အိမ်ကို လွမ်း နေမိပြီ။ အိမ်ကိုသာ မဟုတ်။ သစ်ပင်တွေ စီတန်းပေါက်နေသော လမ်းတွေကိုလည်း လွမ်းသည်။ အိမ်နီးချင်းတွေ ကိုလည်း လွမ်းသည်။ သူမ၏အလုပ်ကိုလည်း လွမ်းသည်။
အခုဆိုလျှင် အိမ်ကြီးထဲတွင် ခရစ္စတစ်ယောက်တည်း ပျင်းနေရှာရော့မည်။ သူမ အိမ်သို့ ချက်ချင်း ပြန်သွား ချင်သော ဆန္ဒပေါ်လာသည်။ တကယ်ပြန်မည်ဆိုလျှင်လည်း နာရီပိုင်းအတွက် ရောက် သွားနိုင်သည် သာ ဖြစ်သည်။

ကိုရီးယားသို့ ထွက်လာခါနီးတွင် ခရစ္စက အလေးအနက် မှာလိုက်တာကို အမှတ်ရမိသည်။ "အပြန် လက်မှတ်၊ ပတ်စပိုနဲ့ ခရီးသွားချက်လက်မှတ် စာအုပ်တွေကို လက်ကိုင်အိတ်ထဲမှာ အမြဲတမ်း ထည့်သွားဖို့ မမေ့ပါနဲ့" တဲ့။
ပြီးတော့ သူက ဆက်ပြောသေးသည်။
"ဘယ်အချိန် မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဆိုးလ်မြို့က ရန်သူ့နယ်စပ်နဲ့ မိုင် ကိုးဆယ် သာသာ ပဲဝေးတာ။ ဒါကြောင့်မို… အရေးရယ်၊ အကြောင်းရယ်ဆိုရင် ချက်ချင်း ထွက်ခွာ လာနိုင်အောင် အဆင်သင့်ဖြစ်နေ ဖို့ မမေ့ပါနဲ့"
သူမသည် ချက်ချင်း ပြန်သွားလိုစိတ် ဖြစ်ပေါ်လာမိသည်။
ဟုတ်ပါတယ်။ ပြန်သွားတာပဲ ကောင်းပါတယ်။ ဟိုတယ်ကထွက် တက္ကစီငှားပြီးတော့ လေယာဉ် ကွင်းသွား။ ပထမဆုံး ထွက်တဲ့ လေယာဉ်နဲ့ပြန်။ ဒါဆို ပြီးတာပဲ။
သို့သော် ဒုတိယအတွေးကြောင့် သူမ စိတ်တစ်မျိုးပြောင်းသွားပြန်သည်။

ပြန်သွားလို့မဖြစ်သေး။ သည်မှာ ကိစ္စတွေကို ပြတ်အောင် လုပ်ခဲ့ရဦးမည်။ သို့သော်… ဘယ်လို ပြတ်အောင် လုပ်ရ မှာလဲ။
သူမ၏မေးခွန်းကို ဖြေလိုက်သည့်အလား စားပွဲပေါ်မှ တယ်လီဖုန်းမြည်သံ ရုတ်တရက် ပေါ်ထွက် လာသည်။
"ဟုတ်ကဲ့… ပြောပါရှင်"
"မစ္စက်ဝင်းတားပါလား…"
ဗိုလ်ဘရောင်း ၏ အသံမှန်း ချက်ချင်း သိလိုက်သည်။
"ကျွန်တော် နဲ့ ဂျင်တို့က စိတ်ကူးတစ်ခုရလို့ပါ မစ္စက်ဝင်းတား။ ဝေါ့ကားကုန်းမြင့် ရိပ်သာကို ကား မောင်းထွက်ကြ ရင် ကောင်းမလားလို့ပါ။ ပြီးတော့ အဲဒီမှာ ညစာစားကြတာပေါ့။ ကချင်ရင်လည်း က နိုင်ပါတယ်"
"ကောင်းသားပဲ…"
သူမ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။
"ကောင်းပါပြီ။ နာရီဝက်အတွင်း ဟိုတယ်ကို ကျွန်တော်တို့ လာခေါ်ပါ့မယ်"
"ကောင်းပါတယ်"

ဗိုလ်ဘရောင်းနှင့် ရဲဘော်ဂျင်တို့သည် ခါတိုင်းလို မဟုတ်တော့ဘဲ ယနေ့တော့ မီးပူကျ ယူနီဖောင်း ဝတ်စုံများ ကို ကြော့နေအောင် ဝတ်လာကြသည်။
"ရှင်တို့ နှစ်ယောက် ဒီလိုမလာခင်ကလည်းက သိကျွမ်းလာခဲ့ကြတာလား"
ဂျင်က ကားကိုမောင်းနှင်လာစဉ် လော်ရာက စကားမစပ်ဘဲနှင့် ကောက်ကာငင်ကာ မေးလိုက် သည်။
"မဟုတ်ပါဘူး။ ဂျင်က ကျွန်တော့်အသက်ကို ကယ်လိုက်တာကြောင့် သိကျွမ်းခဲ့ကြတာပါ"
ဗိုလ်ဘရောင်းက လေးနက်သော အမူအရာဖြင့် ပြန်ဖြေသည်။

"တစ်ညမှာ ကျောင်းသားတွေက မြို့ထဲလျှောက်ပြီး ဆူပူဆန့်ကျင်ကြတယ်။ သူတို့က ဂျပန်နဲ့ စာ ချုပ်တာကို မကျေနပ်လို့ ဆူပူကန့်ကွက်ကြတာ။ ကျွန်တော်က ကျောင်းသားအုပ်ထဲရောက်နေတဲ့ အချိန်မှာ ဂျင်က အတင်းပြေးဝင် လာပြီး ဆွဲထုတ်ကယ်တင်လာလို့ ကျွန်တော် မသေတာပေါ့။ ဒါ တောင် မနည်းကြီး အရိုက်ခံ လိုက်ရသေးတာ"
"ကျွန်မ မသိလို့ မေးပါရစေဦး။ သူတို့က စာချုပ်ကို ဘာဖြစ်လို့ ကန့်ကွက်ကြတာလဲ"

"ဒါကတော့ ရှင်းပါတယ်။ ဂျပန်က ကိုရီးယားကို နှစ်ပေါင်း ငါးဆယ်ကျော်ကျော် အုပ်ချုပ်ခဲ့ဖူးတယ်။ ဟိုတုန်းက ဆိုရင် ကိုရီးယားလူမျိုးတွေက ကိုယ့်မင်းကိုယ်ချင်းနဲ့ လွတ်လွတ်လပ်လပ် နေလာခဲ့ကြ တာ။ သူတို့က နိုင်ငံနဲ့ လူမျိုး ကိုလည်း သိပ်ပြီး ချစ်ကြတယ်။ ဂျပန်တွေ လက်အောက်မှာ ကိုရီးယား ယဉ်ကျေးမှုတွေ ပျက်ခဲ့တယ်။ ကျောင်းတွေမှာလည်း ဂျပန်စကားကိုပဲ သင်ရတယ်။ ဒါကြောင့်မို့ ကိုရီးယားတွေက ဂျပန်တွေကို မယုံကြတော့ ဘူး။ အခုလို စာချုပ်လိုက်တာဟာ ဂျပန်က ကိုရီးယား စီးပွားရေးကို နောက်ထပ် ချုပ်ကိုင်ချင်လို့ လှမ်းလိုက် တဲ့ခြေလှမ်းပဲလို့ ကိုရီးယားတွေက ထင်ကြ တယ်။ အဲဒီက တစ်ဆင့်တက်ပြီး တစ်ပြည်လုံးကို သိမ်းယူတဲ့ အထိ ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြတယ်"

လော်ရာက ကြားဖြတ်ပြီး…
"အဲဒါဆိုရင် အမေရိကန် ကပြားကလေးတွေ ဘယ်လိုဖြစ်နိုင်သလဲ"
"အဲဒါတော့ အတိအကျ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ မလွယ်တာတော့ အမှန်ပဲ။ ဒုက္ခတော့ တစ် နည်းမဟုတ် တစ်နည်းရောက် ကြမှာပဲ"
သုံးယောက်စလုံး စကားဆက်မပြောတော့ဘဲ ငြိမ်သွားကြသည်။
ဆည်းဆာချိန် မို့ ပတ်ဝန်းကျင် ရှုခင်းတွေက သာယာလှသော်လည်း စစ်ကြီးကြောင့် မွေးဖွားလာ သော ကလေးများ ၏ကြောက်စရာ ကံကြမ္မာကိုတွေးပြီး အားလုံးပင် ရှုခင်းတွေ စိတ် မဝင်စားနိုင် အောင် ဖြစ်နေကြသည်။

တောင်စွယ်တွင် နေကွယ်သွားသောအခါ လျှိုမြောင်တောင်ကြားတွေထဲသို့ အရိပ်တွေ ထိုးကျလာ သည်။ တောင်တန်းတွေက ခရမ်းရောင်။ လျှိုမြောင်တွေက အစိမ်းရောင် ပြောင်း သွားကြ သည်။ ကျောက်တောင် ကျောက်စွန်းကြီးများ ၏အနက်ရောင် နောက်ခံတွင် ရွှေရောင်လင်းနေသော ပေါ် ပလာပင်များ ကိုလည်း ဟိုနေရာ တစ်ပင်၊ သည်နေရာတစ်ပင် ကြိုကြားကြိုကြား မြင်တွေ့ရ သည်။ တောရွာများက လယ်ကွင်းများကြားတွင် စုပြုံနေကြသည်။ တစ်ခါတစ်ရံတွင် အဖြူရောင် ဝတ်ရုံ ကြီး ဝတ်ကာ အနက်ရောင် မြင်းမွေးဦးထုပ်မြင့်ကြီးကို မေးကြိုးသိုင်းဆောင်းထားသော အရပ်ရှည် ရှည်နှင့် လူကြီးတစ်ယာက်ယောက်ကိုသော်လည်းကောင်း၊ တစ်ခါတစ်ရံတွင်မူ ဂါဝန်ပွကြီးနှင့် တင်း ကျပ်သော အင်္ကျီကိုဝတ်ကာ ခေါင်းပေါ်တွင် အထုပ်ကြီးတစ်ထုပ်ရွက်၍ ရွာရိုးတစ်လျှောက် လျှောက်သွားနေသော မိန်းမကြီးတစ်ယောက်ယောက်ကို သော်လည်းကောင်း တွေ့ရတတ်သည်။

လော်ရာ၏အတွေးမြှားဦးသည် တစ်နေရာသို့ ရုတ်တရက် လှည့်သွားပြီး ခပ်တိုးတိုး မေးလိုက် သည်။
"ကျွန်မ တို့ စစ်သားတွေဟာ ဒီမိန်းမတွေနဲ့ ဖြေသိမ့်ပြီး ကလေးတွေမွေးအောင် လုပ်ကြတာ ကျွန်မ တော့ လုံးဝ နားမလည်နိုင်အောင်ပဲ"
ဂျင်က ကားလက်ကိုင်ဘီးကို ထိန်းရင်း ရှေ့တည့်တည့်သို့ကြည့်ရင်းမှ ခပ်မြန်မြန်ကလေး ပြန်ဖြေ သည်။
"ကျွန်တော့် မှာလည်း မိန်းကလေး တစ်ယောက်ရှိတယ် မစ္စက်ဝင်းတား။ ကောင်မလေးက မိကောင်း ဖခင် သားသမီးပါ။

သူက ကျွန်တော့်တစ်ယောက်တည်းကိုပဲ စွဲနေတယ်။ ဒါပေမဲ့ ကျွန်တော့်က တော့ သူ့ကို အပြတ်ပြောထားတယ်။ "ဒီမှာ ကလေးမ… မင်းက ငါ့ဆီလာပြီး ကျွန်မှာ ကိုယ်ဝန်ရှိနေ ပြီလို့ ပြောတဲ့နေ့ဟာ မင်းနဲ့ ငါနဲ့ ပြတ်တဲ့နေ့ပဲ" ဆိုပြီး ပြောထားတယ်။ သူကလည်း နားလည်ပြီးသား ပါ။ ကျွန်တော့်စကားအတိုင်း သူ လိုက်နာနိုင်သမျှတော့ သူ့အပေါ် မှာ ကျွန်တော် ကောင်းနေဦးမယ် ဆိုတာ သူ သဘောပေါက်ပြီးသားပါ"
"ကိုယ်ဝန် ရှိလာတော့ကော မင်းကို ပြောမလားကွ။ သူ့ဟာသူ ဖျက်ချပစ်မှာပေါ့"
ဗိုလ်ဘရောင်း က ခပ်တည်တည်ဖြင့် ပြောသည်။
"အဲဒါကတော့ သူ့ဟာသူ ဘာပဲလုပ်လုပ်ပေါ့"
"တစ်ချို့ မိန်းကလေးတွေများ တစ်နှစ်မှာ ရှစ်ကြိမ် ကိုးကြိမ်အထိတောင် ဖျက်ချကြတာ"
"အဲဒါ ကျွန်တော့်အလုပ် မဟုတ်ဘူး"
ထိုအခိုက် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် ကလေး သုံးယောက် လမ်းမပေါ်သို့ ပြေးထွက်လာ ကြသဖြင့် ကား ကို လမ်းဘေးသို့ ကမန်းကတန်း ထိုးရပ်လိုက်သည်။

ကလေးများက ညစ်ပေနေသော လက်ကလေးများကိုဖြန့်၍ တစာစာ အော်ဟစ်ကာ ပိုက်ဆံ တောင်းကြသည်။
"စကားတောင် မဆုံးသေးဘူး။ ဒီချာတိတ်တွေနဲ့တော့  လာတိုးနေပြန်ပြီ"
ဂျင်က အင်္ကျီအိတ်ထဲ ပိုက်ဆံနှိုက်ရင်းပြောသည်။
"သူတို့အားလုံး ကပြားကလေးတွေချည်းပဲ"
ဗိုလ်ဘရောင်း က ဖြည့်စွက်လိုက်သည်။
"သူတို့ကလေးတွေ ရွာတိုင်းမှာ တင်းကြမ်းပြည့်။ ကဲ… ဟေ့ ဟောဒီမှာ ရော့… ရော့…"
ဂျင်က ယင်းသို့ပြောရင်း ပိုက်ဆံအကြွေတွေကို မြေကြီးပေါ်သို့ ပစ်ပေးလိုက်သည်။ ကလေးတွေက အမဲရိုး ကို ခွေးတွေ ဝိုင်းလုကြသလို တစ်ယောက်နှင့် တစ်ယောက် တွန်းဆွဲတိုးဝှေ့ကာ ဖုန်တောထဲ မြုပ်နေသော ပိုက်ဆံအကြွေ များကို သွေးရူးသွေးတန်း ယက်ရှာကြသည်။

လော်ရာကကလေးတွေကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေသည်။
အားလုံးပင် အမေရိကန်ကပြားကလေးတွေချည်း ဖြစ်ကြသည်။ ယောက်ျားကလေးတစ်ယောက်က ဆံပင်နီနီနှင့်။ မျက်နှာမှာလည်း မှဲ့ခြောက်ကလေးတွေပြည့်လို့…။ မိန်းကလေး တစ်ယောက်က တော့ ဖုန်မှုန့်တွေ ပေကျံနေသော အညိုရောင် ဆံပင်နှင့်။ သူ့မျက်လုံးကလေးကျတော့… ချော လိုက်တာ။ ပုံပြင်ထဲက နတ်မိမယ် ကလေး မျက်နှာအတိုင်း။ သူကလေးသည် ပိုက်ဆံကြွေတွေ လု ယက်ရှာဖွေနေကြသော အဖော်ကောင်ကလေးနှစ်ယောက် အား လက်သီးဆုပ်ကလေးဖြင့် ထုရင်း အော်ဟစ်ကျိန်ဆဲနေသည်။
သည်မြင်ကွင်း ကို ကြည့်ပြီး လော်ရာ အလွန် စိတ်ပျက်သွားသည်။ ထို့ကြောင့် သူမက ဂျင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကဲ… သွားကြစို့။ ဒီလောက်ဆို တော်ပါပြီ"

သူတို့သုံးယောက် ညနေစာ စားပြီးကြသောအခါ ကော်ဖီ သောက်ရင်း ငြိမ်သက်နေကြသည်။
လော်ရာက ဟိုတယ်သို့ ပြန်ရမှာကို တွေးကြောက်နေသည်။ အခန်းထဲတွင် တစ်ယောက်တည်း အချိန်ဖြုန်း ရမည်ကို ကြောက်နေသည်။ နောက်ထပ် ဘာအလုပ် ဆက်လုပ်ရမည်ကိုလည်း အတိ အကျ မဆုံးဖြတ်နိုင်သေး။
ဝေါ့ကားကုန်းမြင့်ရိပ်သာမှ ခန်းမဆောင်ကြီးထဲတွင် ယူနီဖောင်းဝတ် အမေရိကန် အမျိုးသားများနှင့် အနောက်တိုင်း ဝတ်စုံဝတ် ကိုရီးယားအမျိုးသမီးကလေးများ ပြည့်နှက်လျက်ရှိသည်။
လော်ရာသည် အရူးအမူးနှင့် ဝရုန်းသုန်းကာဖြစ်နေသော လူအုပ်စုထဲ ဝင်ကရန် ဘယ်လိုမှ စိတ်မပါ အောင် ဖြစ်နေ သည်။
ဂျင်က သူ့ထက်အရပ်မြင့်သော ပိန်ပိန်ပါးပါး ကချေသည်မကလေးတစ်ယောက်ကို ဆွဲထုတ်လာ သည်။

"သတိထားပါ ကိုယ့်လူ။ မင်းကောင်မ ကြည့်ရတာ တီဘီရုပ်ပဲ"
ဗိုလ်ဘရောင်း က အင်္ဂလိပ်လို ပြော၍ သတိပေးသည်။
"ဘာမှမဖြစ်ပါဘူး။ စိတ်ချရပါတယ် ဗိုလ်ကြီး"
"သူတို့ထဲမှာ တစ်ဝက်လောက် က တီဘီရောဂါသည်တွေကွ"
သို့သော် ဂျင် က နားမထောင်။ သူ့ကောင်မလေးကို ဆွဲခေါ်သွားပြီး ဝိုင်းထဲ ကနေသည်။
"သူတို့မှာ ရောဂါရှိနေတာ ဆေးမကုကြဘူးလား"
လော်ရာက ဗိုလ်ဘရောင်း ဘက်သို့လှည့်၍ မေးလိုက်သည်။

"ဆေးကုဖို့ ပိုက်ဆံမှ မရှိတာ။ စားဖို့က အရေးကြီးတော့ အလုပ်ပဲဖိလုပ်နေကြရတာပေါ့။ ကပြား မလေးတွေ လည်း သူတို့လိုပဲ အနည်းဆုံးတစ်ဝက်လောက်တော့ တီဘီ ရှိနေကြလိမ့်မယ်"
"ဒီလောက်တောင် များပါ့မလား"
"ဘာလို့ မများရမှာလဲ။ သူတို့ကို ဘယ်သူက အရေးလုပ်ပြီး ဆေးကုပေးမှာလဲ"
ဗိုလ်ဘရောင်း ၏ စကား က စစ်သားပီပီ ပြတ်ပေမဲ့ မေတ္တာပါကြောင်း လော်ရာက အကဲခတ်မိသည်။
"ရှင်ကရော အဲဒီကလေးတွေကို ကြင်နာမိရဲ့လား"
"ကြင်နာတော့ကော ကျွန်တော်က ဘာတတ်နိုင်မှာတဲ့လဲ မစ္စက်ဝင်းတား"
ထိုစဉ် ခန်းမဆောင် အဆုံးရှိ ဇာတ်ခုံပေါ်တွင် အခမ်းအနား အစီအစဉ် ကြေညာသူ လာရပ်သည်။
ဂီတသံများ ရပ်သွားသည်။ ကချေသည်မလေးများ ဇာတ်ခုံနောက်သို့ ပြန်ဝင်သွားကြသည်။

အစီအစဉ် ကြေညာသူက အားရပါးရ ပြုံးကာ အသံကိုမြှင့်၍ ပြောသည်။
"ရွှေပွဲလာ ဧည့်ပရိသတ်များ ခင်ဗျား… ဒီနေ့ညမှာ ဧည့်ပရိသတ်များကို ကြုံတောင့်ကြုံခဲတဲ့ အထူး အစီအစဉ်များနဲ့ ဧည့်ခံဖြေဖျော်ဖို့ ကျွန်တော်တို့ စီစဉ်ထားရှိကြောင်းကို ဝမ်းမြောက်ဝမ်းသာ ကြေညာလိုပါတယ် ခင်ဗျား"
"အထူး အစီအစဉ်များ အနက် ပထမဆုံး အစီအစဉ်အနေနဲ့ ဆန်ဖရန်စစ္စကိုမြို့မှ ရောက်ရှိလာတဲ့ ကချေသည် အမျိုးသမီး က ဖြေဖျော်မှာဖြစ်ပါတယ်။ ဒီအမျိုးသမီးလေးဟာဆိုရင်ဖြင့် အမေရိကမှာ အလွန် ထင်ရှားကျော်ကြားသူကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အထူးဂရုစိုက်ပြီး ရှုစား ကြပါလို့ ကျွန်တော် က ကြိုတင်ပန်ကြားလိုပါတယ် ခင်ဗျား…"
"သူ ဖြေဖျော်ပြီး တဲ့ နောက်မှာလည်း အထူး အစီအစဉ်တွေနဲ့ ဆက်လက်ဖြေဖျော်ဖို့ ရှိပါသေးတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့နာမည်ကျော်ကချေသည်မကလေး မစ္စဆွန်ယာအကြောင်းကို ရွှေပွဲလာ ဧည့် ပရိသတ်များ ကြားဖူးကြောင်း ကြားဖူးကြပါလိမ့်မယ်"

"မစ္စဆွန်ယာကလည်း ပရိသတ်များရဲ့အထူးမေတ္တာရပ်ခံချက်အရ ဧည့်ပရိသတ်များအား သီဆို ဖြေ ဖျော် ပါလိမ့်မယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်"
လော်ရာက အံ့အားသင့်စွာဖြင့်…
"သူ ဒီကိုလာမယ်ဆိုတာ ရှင်တို့ ကြိုတင် သိထားသလား"
"လုံးဝ မသိပါဘူး"
ဗိုလ်ဘရောင်းက ပြန်ပြောသည်။

"သူက ဒီကို လာခဲ့ပါတယ်။ တစ်ခါတစ်လေလောက်ပဲ သူ လာတတ်ပါတယ်။ အထူး ဧည့်သည်တော် တွေ ရောက်လာမှ သူ လာတတ်ပါတယ်။ သူတို့ အပြောအရဆိုရင် မစ္စဆွန်ယာ ရဲ့ဖြေဖျော်မှု ကို ကြည့်ရဖို့ မလွယ်ဘူး။ သူက သူ့ကိုယ်ပိုင် ရိပ်သာကလွဲပြီး တခြားနေရာတွေမှာ ဖြေဖျော်ခဲပါတယ်။ အခုလို ဒီနေရာကို သူလာပြီး ဖြေဖျော်တာဟာ အလွန်ရတောင့်ရခဲတဲ့ အခွင့်အရေး တစ်ရပ်ပဲ မစ္စက်ဝင်းတား"
"သူ့အဆင့်အတန်းက ဒီလောက်တောင် မြင့်လို့လား"
"လူတွေက မြင့်တယ်လို့ မထင်ပေမဲ့ သူကတော့ သူ့ကိုယ်သူ မြှင့်ထားတယ်။ ဒါကြောင့်မို့လို့လည်း သူ့ကို လူတိုင်း မြင်တွေ့ရ ဖို့ မလွယ်ပါဘူး"
"ကိုရီးယား လူမျိုးတွေတောင်မှ သူ့ကို မြင်ရဖို့ မလွယ်ဘူးလား"
"ဟုတ်ပါတယ် မလွယ်ပါဘူး"
ဇာတ်ခုံပေါ်တွင် ဆန်ဖရန်စစ္စကိုမှ ကချေသည်မကလေး ပေါ်လာသည်။

သူကလေးသည် ချက်အောက်ပိုင်းတွင် အသားကပ် ဘီကီနီရေကူးဝတ်စုံကို မလုံ့တလုံ ဝတ်ထား သည်။ စနေနှစ်ခိုင်ပေါ် တွင်မူ ပန်းပွားတပ် ရွှေရောင်ရင်လွှားပါးပါးကလေးကို လွှမ်းထားသည်။
တစ်ခန်းလုံး အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်နေသည်။ အမျိုးသားတွေက ကုလားထိုင် တွင် နောက်မှီကာ မလှုပ်မယှက် စိုက်ကြည့်နေကြသည်။ အမျိုးသမီးတွေက စားပွဲပေါ် တံတောင်တင် ကာ မျက်လုံးဒေါက်ထောက် ကြည့်နေကြသည်။

တစ်ခန်းလုံး ဂီတသံ လွှမ်းခြုံသွားသည်။ ကချေသည်မကလေးက စတင်ကသည်။ ကသည် ဆို သော်လည်း သူမ၏ ကိုယ်ခန္ဓာ က လုံးဝမလှုပ်ရှားဘဲ ကြွက်သွားများကသာ လှုပ်ရှားနေကြသည်။ ဗိုက်သားနှင့် ရင်သားများက တခြားစီဖြစ်နေကြသည်။ ဗိုက်သားက ခွေနေသော မြွေတစ်ကောင်လို တလိပ်လိပ် လှုပ်ရှားနေ သည်။ သူကလေး၏ခန္ဓာကိုယ် အစိတ်အပိုင်းတချို့က လှုပ်ရှားနေကြသော် လည်း အပြာရောင် မျက်လုံးပြာ များကတော့ မျက်တောင်ပင် မခတ်သလို ထင်ရသည်။ အနီရောင် ဆိုးထားသော နှုတ်ခမ်း အစုံကိုလည်း စေ့နေအောင်ပိတ်ထားသည်။
လော်ရာ က တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည်။

အမေရိကန်တွေက ရယ်မောနေကြသည်။ အာရှတိုက်သားတွေကတော့ လုံးဝမရယ်မပြုံးကြ။ သူတို့ ၏မျက်နှာတွေ က လေးနက်တည်ကြည်နေကြသည်။ သူတို့သည် အနောက်တိုင်းမှ ထူးဆန်းသော အကကို အထူး စိတ်ဝင် စားနေကြသည်။
လော်ရာ က သည်မြင်ကွင်းကို ကြည့်နေရင်းမှ စိတ်ထဲတွင် ရှက်သလိုလို ခံစားလာ၇သည်။
သည်မိန်းကလေးက ဘယ်သူလဲ။ ဘယ်လိုမျိုးရိုးက မွေးဖွားလာသူလဲ။ သူက သူ့ဇာတိ နိုင်ငံမှာ ဘာဖြစ်လို့ မနေရတာ လဲ။ အစဉ်အလာယဉ်ကျေးမှုကို အလွန်တန်ဖိုးထားသော ဒီလိုနိုင်ငံမျိုးကို ဘာဖြစ် လို့ ရောက်လာ ရတာလဲ။
အကရပ်လိုက်သောအခါ အမေရိကန်များက လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်၍ သြဘာပေးကြ သည်။

အာရှတိုက်သားတွေကတော့ လက်ခုပ်လက်ဝါးလည်း မတီး။ အော်ဟစ်၍လည်း သြဘာမပေး။ ပကတိ ငြိမ်သက်စွာ ပင် ထိုင်နေကြသည်။
ကချေသည်မ ကလေးက ပရိသတ်အား ဆတ်ခနဲ ဦးညွှတ်အလေးပြုပြီးနောက် ဇာတ်ခုံပေါ်မှ ပြန်လည် ထွက်ခွာ သွားသည်။
ထို့နောက် အစီအစဉ် ကြေညာသူ ပေါ်လာပြန်သည်။
"ဂုဏ်သရေရှိ ဧည့်ပရိသတ်များ ခင်ဗျား… အခုအချိန်က စပြီး မစ္စကင်ဆွန်ယာက ဖြေဖျော်ပါလိမ့် မယ်။ နားသောတဆင်တော်မူကြပါ ခင်ဗျား"
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ဇာတ်ခုံပေါ်တွင် ဆွန်ယာတက်လာသည်။

သူမသည် ကိုရီးယား ရိုးရာဝတ်စုံကို ဝတ်ဆင်ထား သည်။ နှင်းဆီပွင့်ရိုက် လှိုင်းတွန့်ပိုး ဂါဝန်နှင့် ငွေချည်ထိုး ပိုးအင်္ကျီ။
သူမ၏ပိတုန်းရောင် ကေသာကို ကျစ်ဆံမြီးထိုးကာ နောက်သို့ချထားသည်။ ခြေထောက်တွင်မူ ငွေ ရောင် ညှပ်ဖိနပ်ကိုစီးထားသည်။ သူမ၏ခြေသန်းဖျားကလေးတွေက အပေါ်သို့ ကော့ထောင်နေကြ သည်။
သူမ သည် လက်နှစ်ဖက်ကိုယှက်ကာ မလှုပ်မယှက် ရပ်နေရင်း တီးဝိုင်းမှ ဂီတသံကို စောင့်ဆိုင်းနေ သည်။
တီးဝိုင်း မှ ဂီတသံပေါ်ထွက်လာသည်။ မျက်နှာကို မူလအနေအထားထက် အနည်းငယ် မော့လိုက် ပြီးနောက် သီချင်းစ ဆိုတော့သည်။
သီချင်း က ကိုရီးယားသီချင်းမဟုတ်။ ကမ္ဘာကျော် ရုရှအမျိုးသား ဂီတစာဆိုကြီး ချိုက်ကော့စတီး၏ "အထီးကျန်နှလုံးသား" သီချင်းဖြစ်သည်။

ယခုတော့ အမေရိကန်များ၏ ဆူညံရယ်မောသံတွေ မကြားရတော့။ အာရှတိုက်သားများ၏တအံ့ တသြ ငေးမောစိုက်ကြည့်နေကြသည့် အမူအရာများကိုလည်း မမြင်ရတော့။
ဆွန်ယာ သီဆိုနေသော သီချင်းက တစ်ကမ္ဘာလုံး နားလည်သည့်သီချင်း။ အရှေ့တိုင်းရော အနောက်တိုင်းပါ ခံစားနိုင်သည့် သီချင်း။
ပိတ်ပိတ်သား တိတ်ဆိတ် ငြိမ်သက်နေသည်။ ခန်းမဆောင်ထဲတွင် သူမ၏သီချင်းသံက ညှို့ဓာတ် အပြည့်ဖြင့် ခြုံလွှမ်း မင်းမူနေသည်။
သီချင်းသံ သည် တစ်ခါတစ်ရံ လေတိုးသံမျှ လျှော့ကျသွားပြီး တစ်ခါတစ်ရံ မုန်တိုင်းတိုက်သံလို မြင့် တက်လာ သည်။
သီချင်း ဆုံးသွားသောအခါ လက်ခုပ်သံများဖြင့် တစ်ခန်းလုံး ဝက်ဝက်ကွဲ ပဲ့တင်ဟိန်းသွားသည်။
ဆွန်ယာက ပရိသတ်များအား ဦးညွှတ်အလေးပြုပြီးနောက် ဇာတ်ခုံပေါ်မှာ ပြန်လည်ထွက်ခွာသွား သည်။
သူမ လျှောက်သွားပုံမှာ လမ်းလျှောက်သွားသလို မထင်ရ။ ကြမ်းပြင်နှင့် ခြေဖဝါး ပွတ်တိုက် ကာ ဖြည်းဖြည်းသာသာ လျှောစီးသွားသလိုသာ ထင်မှတ်ရသည်။
""
ဆက်ရန်
.

No comments: