သူသည် သူမေမေ၏ ပန်းရိပ်သာတွင် မနေ့ကမှ ပထမဆံး အကြိမ် ရောက်ခဲ့ဖူးသည်။ ပန်းရိပ်သာတွင် မိန်မချာလေးတွေ ပြည့်နှက်နေသည်။ မေမေ က သူ့ကို ပန်းရိပ်သာ သို့ ခေါ်သွားပြီး ရေချိုးပေး သည်။ ခေါင်းလျှော်ပေးသည်။ ပြီးတော့ ဆံပင်ကို လည်း တိုတို ညှပ်ပေး သည်။ ''သားဟာ ဒီနေ့ ကစပြီး နောက်ကို အမြဲတမ်း ''ပန်းရိပ်သာမှာ'' မေမေနဲ့ အတူ ကူလုပ်ပေးရမယ်။ ဒါကြောင့်မို့ ဒီက လုပ်ငန်းတွေကို ကျွမ်းကျင်အောင် လေ့လာရမယ်'' ဟုလည်း မေမေ ကပြောသည်။ ကို ဆက်ဖတ်ရန်.........
သည်စကားဖြင့် သူ့မေမေ ဘာကို ဆိုလိုတာပါလိမ့်။ သည်အချက်ကို သူလုံးဝ သဘောမပေါက်။
သူက သီချင်းဆိုရတာ။ ဗျပ်စောင်းတီးရတာကိုတော့ အလွန်သဘောကျသည်။ သည်ပညာတွေကို သူ့ဘာသာ သူ လေ့ကျင့်ပြီး တက်လာခြင်း ဖြစ်သည်။ သူ့မေမေက အဆိုအက အလွန်တော်သည်။ ထို့ကြောင့် မေမေ့ကို ချစ်လွန်း၍ မေမေ့ပညာကို သူလည်း တက်လာခြင်း ဖြစ်သည်။
သူသည် ဈေးထဲတွင် တံမြက်စည်း လှည်းပြီး ပိုက်ဆံအတော်အသင့် စုမိသောအခါ ဗျပ်စောင်း တစ်လက် ၀ယ်သည်။ ဗျပ်စောင်းက အကောင်းစားတော့မဟုတ်။ အပေါစား ဗျပ်စောင်းသာ ဖြစ် သည်။ သို့သော် ကိစ္စမရှိ။ ဗျပ်စောင်းဆိုလျှင် တော်ပါပြီ။ ကောင်းကောင်းဆိုးဆိုး တီးရလျှင် ကျေ နပ်ပါပြီ။
မနေ့ညက သူ့ဗျပ်စောင်းကလေးကို တီးခတ်၍ ဧည့်သည်များအား ဖြေဖျော်ခဲ့ရသည်ကို သူအလွန် ဂုဏ်ယူခဲ့ရသည်။ အလွန်ဝမ်းသာခဲ့ရသည်။
မနေ့ညက ဧည့်ခံပွဲပြီးသွားပြီးသည့်နောက် ပန်းရိပ်သာသို့ လူတွေ တော်တော်များများ ရောက်လာ ကြသည်။ သူတို့က မိန်းကလေးတွေ ကိုယ်စီနှင့် သီးသန့်ခန်းကလေးတွေဲထဲ အသီးသီးဝင်သွား ကြသည်။
သို့သော် မေမေ့အခန်းကိုတော့ ဘယ်သူမှ မသွား။
ခရစ္စတိုဖာက ပန်းရိပ်သာတွင် မအိပ်။ ဂိတ်စောင့် အဘိုးကြီးအခန်းမှာ သွားအိပ်သည်။ အဘိုးကြီး ကတစ်ညလုံး တခေါခေါဖြင့် ဟောက်နေ၍ အိပ်ရေးပင် မ၀ခဲ့။
သည်နေ့ မနက်ကျတော့ သူ့မေမေဆီသို့ မစ္စတာချို ရောက်လာသည်။ သူက ဇီဇ၀ါပန်းချုံဘေး တွင် ပုန်းကာ ချောင်းနားထောင်ခဲ့သည်။
ယခုတော့ မစ္စတာချို ပြန်ထွက်သွားပြီ။ သူက ချုံကွယ်တွင်ရပ်ကာ အခြေအနေကို ဆက်လက် အကဲခတ် စောင့်ကြည့်နေ သည်။
မကြာမီ တွင် သူ့မေမေအခန်းသို့ မိန်းမကြီး တစ်ယောက် လက်ဖက်ရည်ပွဲ ယူ၍၀င်လာသည်။ သူ့ မေမေက မိန်းမကြီး အား စိတ်ဆိုးမာန်ဆိုး အမူအရာဖြင့် မောင်းထုတ်သည်။
"ပြန်ယူသွား...မသောက်ချင်ဘူး။ ဒီအခန်းထဲ ဘယ်သူမှ မလာစေနဲ့။ ကျွန်မ တစ်ယောက်တည်း နေပါရစေ"
သူ့မေမေသည်လို စိတ်ဆိုးသည်ကို သည်တစ်ပါပဲ သူမြင်ဖူးသေးသည်။
မိန်းမကြီး ပြန်ထွက်သွားသည်။ ရှိုက်သံကြားရသည်။ သူက ချုံကွယ်မှ ထွက်၍အခန်းထဲသို့ ချောင်း ကြည့်သည်။ သူ့မေမေသည် ကြမ်းခင်းထိုင်ခုံပေါ်တွင် ထိုင်ကာ ရှိုက်ကြီးတငင်ငိုနေသည်။
သူမသည် လက်နှစ်ဖက်ကို စားပွဲပေါ်တွင်တင်ကာ လက်ပေါ်တွင် မျက်နှာအပ်၍ ငိုနေသည်။
ခရစ္စတိုဖာကလေးက မ၀ံ့မရဲဟန်ဖြင့် သူ့မေမေ အနားသို့ကပ်လာခဲ့သည်။
"သား......အားလုံး သိပါပြီ မေမေ"
သူက ကိုရီးယား စကားဖြင့်ပြောလိုက်သည်။
ဆွန်ယာ က ဆတ်ခနဲ မျက်နှာမော့ကာ....
"ဘာ သိတာလဲ"
"သား ဘယ်သူ ဆိုတာကို ပြောတာ"
"သားက မေမေ့သားပဲ။ ဒါများ ပြောနေစရာ လိုသေးသလား"
"သားရဲ့ အမေရိကန် ဖေဖေ့နာမည်ကို သားသိပြီ" သူက ဆက်ပြောသည်။
"သူ့နာမည် သိတော့ကော ဘာဖြစ်မှာလဲ။ ဘာအကြောင်းထူးမှာလဲ။ သူက သားကို ရှိမှန်းတောင် မသိပါဘူး။ သားအတွက် ပိုက်ဆံလည်း တစ်ပြားမှ မပို့ဘူး။ သားဘယ်မှာ နေတယ်ဆိုတာကို တောင် စုံစမ်းတာ မဟုတ်ဘူး" ခရစ္စတိုဖာ က သူ့မေမေ မျက်နှာကို စိုက်ကြည့်နေသည်။
ငါစာရေးတာကို မေမေ သိသွားပြီလား။ မသိသေးဘူးလား။
"ဒါပေမဲ့ သူ ဘယ်မှာ နေတယ်ဆိုတာကို သားသိတယ်။ သူ့လိပ်စာကို သားသိပြီးပြီ"
ဆွန်ယာ က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောလိုက်သည်။
"ဟင်... ဒီလိုဆို နင်က သူ့ဆီ စာရေးလိုက်တယ်ပေါ.....ဟုတ်လား။ ငါ့စားပွဲထဲက စာကို ခိုးဖတ်ပြီး ငါ့အကြောင်း မကောင်းရေးလိုက်တယ် ပေါ့လေ ဟုတ်လား။ မေးနေတာ မကြားဘူးလား ဟင်"
"သား.......မေမေ့အကြောင်း...မေမေ့အကြောင်း....... မကောင်း မရေးပါဘူး.....မေမေ"
မေမေ ဆူပူကြိမ်းမောင်းလျှင် သူအမြဲတမ်း တုန်တုန်ယင်ယင် ဖြစ်နေတတ်သည်။ ယခုလည်း သူ ကြောက်ဒူး တုန်နေ သည်။
ဆွန်ယာက ထိုင်နေရာမှ ကမန်းကတန်း ထတဲ့ပြီး ခရစ္စတိုဖာ၏ ပါးပြင်နှစ်ဖက်ကို ဘယ်ပြန်ညာပြန် ရိုက်သည်။ ခရစ္စတိုဖာက ကြမ်းပြင်ပေါ် ၀ပ်ချလိုက်သည်။
သူ့မေမေအရင်း ခေါက်ခေါက်ကမှ သူ့ကိုမချစ်တော့လျှင် ဘယ်သူက ချစ်ဦးမည်နည်း။ သူသည် တစိမ်းနိုင်ငံ တွင် တစိမ်း တစ်ယောက်လို ဖြစ်နေပြီ။ သူက ကြမ်းပြင်ပေါ် ၀ပ်ရင်း ခေါင်းကိုလက်နှစ် ဖက်ဖြင့် အုပ်ထားသည်။ သူ့မေမေ က သူ့တင်ပါး ကို ခြေထောက်နှင့် ပိတ်ကန်ပြန်သည်။
"ခွေးတိရစ္ဆာန်ကလေး၊ ခုချက်ချင်းထွက်သွားစမ်း၊ ငါက ဒီလောက် လုပ်ကျွေးနေတာတောင်မှ ငါ့ကို မချစ်ဘူး။ ကျေးဇူးကန်းကလေး၊ သွား.....မကြည့်ချင်ဘူး.....ခုချက်ချင်း ထွက်သွား"
ခရစ္စတိုဖာကလေးက ကြမ်းပြင်ပေါ် ၀ပ်နေရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။ ပြီးတော့ ရှိုက်ရင်း ငိုရင်း ပြောသည်။
"သား....မေမေ့ကို ချစ်ပါတယ်...မေမေ။ မေမေ့ကို သားချစ်ပါတယ်"
"အလကား ညာပြောတာ။ မင်း ငါ့ကို မချစ်ပါဘူး။ မင်းက မင်းအဖေကိုမှ ချစ်တာ။ ကိုယ့်ကို သေပြီ လား... ရှင်နေသေး သလား ဆိုတာတောင် စုံးစမ်းဖော် မရတဲ့ အဖေကိုမှ မင်းက ချစ်တာ...."
သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေကြသည်။
ခရစ္စတိုဖာ၏ တစ်ကိုယ်လုံးတွင် အားမာန်တွေ ၀င်လာပြီး ဒေါသစိတ်များ ကြွတက်လာသလို ခံစား ရသည်။
"ဒါဆို ...သားက ဒီလိုပဲ မိဘမရှိတဲ့ လူတစ်ယောက် အနေနဲ့ တစ်သက်လုံး နေသွားရတော့မှာ လား။ ဒီအတိုင်းသာ ဆိုရင် သားလူကြီးဖြစ်လာရင် ဘယ်လို နေမှာလဲ။ ဘာဖြစ်မှာလဲ။ သား လမ်း ဘေးအမှိုက်ပုံမှာ အ၀တ်စုတ် ကောက်တဲ့ကောင် လုပ်ရမှာလား။ ဒါမှမဟုတ် သူတောင်းစားပဲ လုပ်ရမှာလား"
"အဲဒါတွေ ဘာမှမလုပ်ရဘူး။ ဒီရိပ်သာမှာပဲ နေရမယ်။ ငါ့ကို ကူညီလုပ်ပေးရမယ်။ ငါခိုင်းတာကို လုပ်ရမယ်"
"အစေခံ အလုပ်လား"
"အစေခံ အလုပ်"
သူမက အော်ပြောလိုက်သည်။
"ဟုတ်တယ်။ အစေခံအလုပ်၊ အဲဒါမင်းနဲ့ အသင့်တော်ဆုံး အလုပ်ပဲ"
ခရစ္စတိုဖာက သူ့မေမေ၏ မျက်နှာကို စိုက်ကြည့်နေသည်။ "သြော်...ငါဟာ ငါ့အမေရဲ့သားပါလား" ဟူသော အသိရုတ်တရက် ၀င်လာသည်။ သူ့မေမေ၏ မျက်နှာသည် သူ့မျက်နှာနှင့် တစ်ထေရာ တည်းဖြစ်သည်။ ဟိုအရင်တုန်းက ဆို သူ့ကိုယ်သူ သူ့ဖေဖေ အမေရိကန်နှင့် ပို၍တူသည်ဟုသာ ထင်မှတ်ခဲ့သည်။
"အဲဒီတော့ မေမေက သားကို ဘာဖြစ်စေချင်သလဲ"
သူက ပြတ်ပြတ်ပင် မေးလိုက်သည်။
ဆွန်ယာ ဒေါသ ပြေသွားပြီ။ သတ်မတစ်ချက် ရှိုက်ထုတ်လိုက်ပြီး...
"ခုနက မေမေပြောခဲ့ပြီမဟုတ်လား၊ တခြား ဘာလုပ်ရဦးမှာလဲ။ မေမေ့လုပ်ငန်းမှာ ၀င်လုပ်ရုံပဲ။ သားက အဆိုလည်းကောင်း တယ်။ ပြီးတော့ ဗျပ်စောင်းတီးလည်း တော်တယ်"
"ဟင်...အဲဒါတော့ သားမလုပ်ချင်ဘူး၊ ဒါက မိန်းကလေး အလုပ်ပဲ"
"အဲဒါက အစကလေး ပါ။ နောက်တော့ သားကစာရင်းအင်းပညာ နားလည်အောင် သင်ယူရမယ်။ စာရင်းအင်းပညာ ကျွမ်းကျင်လာတဲ့အခါ လုပ်ငန်း တစ်ခုလုံးကို ကြီးကြပ်အုပ်ချုပ် ရမယ်။ နောက်ဆုံး မေမေ အငြိမ်းစား ယူတဲ့အခါ ဒီလုပ်ငန်းကို သားပဲ ပိုင်လာမှာပေါ့"
ခရစ္စတိုဖာ က စဉ်းစားနေသည်။ သူသည် ကလေးမဟုတ်တော့။
ဘယ်တုန်းကမှလည်း ကလေး မဟုတ်ခဲ့။ သူက သူ့လိုဘ၀တူ ကလေးတွေ အကြောင်း ကို ကောင်းကောင်းသိတယ်။ ထိုကလေး တွေမှာလည်း သူ့လိုပင် အမေရိကန် ကပြားကလေးတွေဖြစ်ကြသည်။ သူတို့သည် အမေရိကန် စစ် စခန်းများကို သွားရောက်ပြီး သူတို့၏အစ်မများအတွက် "ကိုယ်စားလှယ်" လုပ်ပေးကြသည်။ ယင်း အတွက် သူတို့အား အမေရိကန် စစ်သားတွေက "ကိုယ်စားလှယ်ကြေး" ပေးကြသည်။
သူ့မိတ်ဆွေလေးတစ်ယောက်ဆိုလျှင် သည်အလုပ်မျိုးကို အမြဲတမ်း လုပ်စားနေသည်။
မနေ့ကပဲ ဖြစ်ရပ်တစ်ခုကို ကြုံခဲ့ရသေးသည်။
သူတို့သည် အမေရိကန် စစ်စခန်းတစ်ခု၏ ဂိတ်ဝအပြင်ဘက်တွင် ဇယ်တောက်တမ်း ကစားနေကြ စဉ် အမေရိကန် လူငယ် စစ်သားသုံးယောက် ဂိတ်ဝမှ ထွက်လာသဖြင့် ကစားဝိုင်း ရပ်သွားသည်။
ဤသည် ခရစ္စတိုဖာ၏မိတ်ဆွေကလေးသည် ဝိုင်းထဲမှ ရုတ်တရက် ပြေးထွက်သွားပြီး အမေရိကန် စစ်သားများနောက် မှ လှမ်းအော်ပြောလိုက်သည်။
"ဟေး… ဟေး… မိန်းမ လိုချင်သလား။ အသစ်ကလေး ရမယ်။ အရမ်းလှတယ်"
သို့သော် စစ်သားများက သူ့ကို လှည့်ကြည့်ရုံသာ လှည့်ကြည့်ပြီး ဆက်လျှောက်သွားကြသည်။ သို့ ဖြင့် သူတို့လည်း ကစားပွဲ ကို ဆက်လက် ကစားကြသည်။
အများအားဖြင့်တော့ အမေရိကန် စစ်သားတွေက သူတို့ ကစားဝိုင်းသို့ မကြာခဏ လာရောက်ပြီး သူတို့နှင့် မိတ်ဖွဲ့ တတ်ကြသည်။ ပြီးတော့ မိန်းကလေးလှလှ ရှာပေးနိုင်မလားဟု မေးတတ်ကြ သည်။ ဤသို့ဖြင့် ကလေး အတော်များများ မှာ လက်ထဲတွင် ပိုက်ဆံ ရွှင်နေကြတော့သည်။
တစ်ခါကဆိုလျှင် စစ်သား တစ်ယောက် ရောက်လာပြီး သူ့ကို "ပန်းရိပ်သာ" သို့ လိုက်ပို့ခိုင်းသည်။ လိုက်ပို့လျှင် ခရစ္စတိုဖာအား ပိုက်ဆံပေးမည်ဟုလည်း ပြောသည်။ သို့သော် ခရစ္စတိုဖာက ငြင်း လိုက်သည်။ အကြောင်းကတော့ သူ့အနေဖြင့် သည်အလုပ်မျိုးကို ယခင်က တစ်ခါမှ မလုပ်ဖူးသေး သောကြောင့်ဖြစ်သည်။ သူ့မေမေ ကြိုက်မကြိုက် မသိသေးသောကြောင့်လည်း ဖြစ်သည်။ မေမေ က မကြိုက်လျှင် သူ အဆူခံရမည် ကြောက်သည်။
"ငိုင်တိငိုင်တိုင်နဲ့ မင်း ဘာတွေ စဉ်းစားနေတာလဲ ခရစ္စတိုဖာ"
ဆွန်ယာက မေးသည်။
ခရစ္စတိုဖာက ပခုံးနှစ်ဖက်ကို တစ်ချက်တွန့်လိုက်ပြီး ဘာမှပြန်မပြောဘဲ ချာခနဲ လှည့်ထွက်သွား တော့သည်။ ဆွန်ယာ က ကမန်းကတန်း လှမ်းခေါ်သည်။
"ဟဲ့… ဒါက ဘာလုပ်တာလဲဟင်။ ခုချက်ချင်း ပြန်လာစမ်း။ ငါ မေးတာ လာဖြေစမ်း။ မင်း အရိုက်ခံ ချင်သလား… ဟင်"
ရိုက်ချင်သလောက် ရိုက်ပါစေတော့။ ခရစ္စတိုဖာကတော့ သူ့မေမေစကားကို လုံးဝ နားမထောင်နိုင် တော့။ မေမေ့ ကို ကြောက်စိတ်လည်း တစ်စက်ကလေးမျှ မရှိတော့။ မေမေ့ ကို ကြောက်စရာ လည်း မလိုတော့။ ဘယ်တော့မှလည်း မကြောက်တော့။
သူ့မေမေ ၏ သဘောထားကို သူ သိရပြီ။ သူ့ကို မေမေ ဘာဖြစ်စေချင်သည် ဆိုတာကို သူ သိရပြီ။ မေမေက သူ့အား "ပွဲစား" လုပ်ငန်းကို လုပ်စေချင်သည်။ သူ မလုပ်နိုင်။ လုံးဝ မလုပ်နိုင်။ ဘယ် တော့မှ မလုပ်နိုင်။
လောလောဆယ် သူ လုပ်ရမှာက သူ့ဖေဖေကို တွေ့အောင် ရှာရမည့်အလုပ်သာ ဖြစ်တော့သည်။
လော်ရာ ခုတင်ပေါ်တွင် လှဲနေစဉ် အခန်းတံခါးခေါက်သံ ပေါ်ထွက်လာသည်။ တံခါးခေါက်သံက ရဲရဲ တင်းတင်း ခေါက်သံမျိုး မဟုတ်။ မဝံ့မရဲ ခေါက်သံမျိုး။
သူမ မျက်လုံးများကို ဖွင့်လိုက်သည်။ သို့သော် အိပ်ရာပေါ်မှတော့ မထသေး။
သူမ တော်တော် ပင်ပန်းနေသည်။ စိတ်ပန်းလက်ပန်းဖြစ်ကာ ဘာမှမလှုပ်ချင်လောက်အောင် နွမ်း နယ်နေသည်။ ဘာကိုမှ လည်းပြန်ပြန်သားသား စဉ်းစား၍မရ။ သူမ စိတ်တွေ ဂနာမငြိမ် ဖြစ်နေ သည်။ တွေဝေနေသည်။
"ဒေါက်… ဒေါက်… ဒေါက်"
တံခါးခေါက် သံ ကြားရပြန်သည်။ သည်တစ်ခါတော့ အသံကတော်တော်ကျယ်သည်။ ရဲရဲတင်းတင်း ခေါက်သံ မျိုး။
ကမန်းကတန်း အိပ်ရာမှ လူးလဲထသည်။ ရေလဲဝတ်ရုံကြီး ကောက်ဝတ်ပြီးနောက် တံခါးဆီ သို့ လျှောက်လာခဲ့သည်။
တံခါးကို ဆွဲဖွင့် လိုက်သည်။
တံခါးဝ တွင် ကင်ခရစ္စတိုဖာကလေး ရပ်နေသည်။ သူသည် မနက်တုန်းက အဝတ်အစားများကိုပင် ဝတ်ထား သည်။ ခြေထောက်တွင်တော့ ကောက်ရိုးဖိနပ် စီးထားသည်။
သူက လော်ရာ၏ မျက်နှာကို စိုက်ကြည့်ရင်း မတုန်မလှုပ် ရပ်နေသည်။
"လာပါ… ဝင်ပါ… ကင်ခရစ္စတိုဖာ"
သူမက ဖိတ်ခေါ်လိုက်သည်။
သူ အခန်းထဲသို့ ဝင်လာသည်။ ဘေးဘီကို မျက်လုံး တစ်ချက် ကစားကြည့်သည်။
"ထိုင်ပါကွယ်"
သူမက ကုလားထိုင်တစ်လုံးတွင် အရင်ဝင်ထိုင်သည်။ ထို့နောက် ခရစ္စတိုဖာက တခြားတစ်လုံး တွင် ဝင်ထိုင် သည်။
ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင်သည် ခရစ္စတိုဖာ၏မျက်နှာပေါ်သို့ တည့်တည့်ဖြာကျ နေသည်။ သူ့ပါးပြင် နှစ်ဖက် တွင် နီရဲရဲအရှိုးကလေးတွင် ထင်နေသည်။
"ကလေး မျက်နှာပေါ်က အနီကြောင်းတွေက ဘာဖြစ်တာလဲ… ဟင်"
"မေမေ့ လက်ချက်ပေါ့"
သူက ပြောရင်း ညာဘက်လက်ကိုမြှောက်ပြီး ဘယ်ပြန်ညာပြန် ရိုက်သလို လုပ်ပြသည်။
"အို… မဟုတ်တာဘဲ။ မေမေက ဘာလို့များ ရိုက်ရတာလဲကွယ်"
လော်ရာ က ကုလားထိုင်မှ ထသွားပြီး ခရစ္စတိုဖာ၏ပါးပြင်နှစ်ဖက်ကို လက်ဖြင့် အသာအယာ စမ်း ကြည့်သည်။ ကလေး၏ပါးပြင်များက ဝင်းမွတ်ပြီး နူးညံ့နေသည်။
"သူက ဘာဖြစ်လို့များ ရိုက်ရတာလဲဟင်"
ခရစ္စတိုဖာ က အင်္ဂလိပ်လို စကားလုံးမျာ ရွေးချယ်နေသည်။ အတန်ကြာတော့မှ ကြိုးစားပြီး ပြော သည်။
"မေမေက… သူ… သူက ကျွန်တော့်ကို သူ့အနားမှာပဲ နေစေချင်တယ်"
"ပန်းရိပ်သာ ကို ပြောတာလား"
သူက ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့၊ သူက အဲဒီမှာ သူနဲ့အတူ အလုပ်လုပ်ခိုင်းပါတယ်"
"ကလေးက အဲဒီမှာ လုပ်ချင်သလား"
"ဟင့်အင်း… မလုပ်ချင်ဘူး"
လော်ရာက ကလေး၏မျက်နှာကို စိုက်ကြည့်နေသည်။ ကလေး ဘာတွေ စိတ်ကူးနေသည်ကို မှန်း ကြည့်နေခြင်းဖြစ်သည်။
"ကလေးက မေမေ့ကို ချစ်သလား"
"တစ်ခါတလေတော့ ချစ်ပါတယ်"
"တစ်ခါတလေ… ဟုတ်လား။ သူက ကလေးကို ကြင်ကြင်နာနာ ရှိရဲ့လား"
သူ တုံ့ဆိုင်းဆိုင်း လုပ်နေသည်။ ပြီးတော့မှ…
"ကျွန်တော့်ကို ကျောင်းမထားဘူး"
"အဘွားကရော ဘယ်လိုနေသလဲ၊ ကလေးကို ချစ်ရဲ့လား"
ခရစ္စတိုတဖာက ကြမ်းပြင်ကို ဖနောင့်ဖြင့် ပေါက်ပြရင်း…
"သူက ကျွန်တော့်ကို ဒီလို ဒီလို ခဏခဏ လုပ်တယ်"
ခရစ္စတိုဖာက ကုလားထိုင်တွင် ပြန်ထိုင်သည်။ သူ့လက်နှစ်ဖက်ကို အရိုးငေါနေသော ဒူးနှစ်ဖက်ပေါ် တွင် ယှက်တင်ထားသည်။
သူက တံခါးဝကို ငေးကြည့်သေနည်။ သူ့မျက်နှာတွင် ခံစားမှု ကင်းမဲ့နေသည်။
"အန်တီက ကလေးကို ဒီမှာ ကျောင်းထားပေးရင် ဖြစ်နိုင်မလား"
သူက ခေါင်းကို ခါယမ်းပြသည်။ စကားတော့ မပြော။
"မဖြစ်နိုင်ဘူးလား"
လော်ရာက ထပ်မေးသည်။
သူက လော်ရာအား မျက်တောင် ပင့်ကြည့်လိုက်ပြီး…
"ကျွန်တော် အမေရိကကိုပဲ သွားချင်တယ်"
လော်ရာက သက်မတစ်ချက် ချလိုက်သည်။
"ကျွန်တော့် ဖေဖေ ကိုပဲ တွေ့ချင်ပါတယ်။ သူ့ကို ကျွန်တော် သိပ်ပြီး တွေ့ချင်ပါတယ်"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အန်တီ သဘောပေါက်ပါပြီ။ အန်တီ သဘောပေါက်ပါပြီ။"
လော်ရာက စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှထကာ ပြတင်းပေါက်သို့ လျှောက်လာခဲ့သည်။ အပြင် ဘက်တွင် ဆိုးလ်မြို့တော် ကို စီးမိုး၍ မြင်နေရသည်။
ဟုတ်ပါတယ်။ ဒီမြို့၊ ဒီနေရာ၊ ဒီလူတွေဟာ ငါနဲ့ ဘာမှမဆိုင်တဲ့ သူစိမ်းတရံဆံတွေချည်းပါပဲ။ ဒါပေ မဲ့ ဒီကိစ္စက ဒီကလေးတစ်ယောက်တည်း ရှင်းရမယ့်ကိစ္စ မဟုတ်ဘူး။ ခရစ္စနဲ့ တိုက်ရိုက်ပတ်သက် နေတဲ့ကိစ္စ။ ဒီတော့ သူ့အကြောင်းကိုလည်း ထည့်ပြီး စဉ်းစားမှဖြစ်မယ်။ ငါ့အနေနဲ့တော့ ဘဝနှစ်ခု မှာ ကျင်လည်နေရတဲ့ လူ။ တစ်ဘဝက သိပ္ပံပညာရှင်ဘယ။ သိပ္ပံပညာရှင်ဆိုတာ ကိုယ့်ပညာရပ်နဲ့ မဆိုင်တဲ့ အရာတွေကို လုံးဝ အာရုံ စိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်ကြည့်ပြန်တော့ ငါဟာ ခရစ္စရဲ့မိန်းမ။ ဒီတော့ သူ့ကိစ္စဟာလည်း ငါ့ကိစ္စပဲ။ ခရစ္စရဲ့ ဘဝက တခြားလူတွေ။ မဲဆန္ဒရှင်တွေရဲ့ စိတ်စေတနာအပေါ်မှာ တည်ဆောက်ထားရတဲ့ ဘဝ။ မဲဆန္ဒရှင်တွေ ကြိုက်ရင် သူ့ဘဝ တိုးတက် မယ်။ မကြိုက်ရင် သူ့ဘဝ ကျဆုံးမယ်။ ဒီတော့ ဒီကလေးကိုငါ ခေါ်သွားရင် ဘယ်လိုဖြစ်မလဲ။ ခရစ္စ အကြောင်း မကောင်းသတင်းတွေ ပြည်နယ်တစ်ခုလုံး… တစ်နိုင်ငံလုံး… တောမီးလို ပျံ့သွားမှာ မလွဲဘူး။ အဲဒီအတိုင်းဆိုရင်တော့ သူ့ဘဝတစ်ခုလုံ ရေစုန်မျောတော့မှာပဲ။ သူ့ဘဝ ပျက်တော့မှာပဲ။ ဒါပေမဲ့ ဒီပြဿနာတစ်ခုလုံးမှာ အပြစ်လုံးဝကင်းတဲ့လူကတော့ ကင်ခရစ္စတိုဖာ ကလေး ပါပဲ။
သူမသည် ဆတ်ခနဲ ပြန်လှည့်ပြီး ခရစ္စတိုဖာကလေး အနားသို့ လျှောက်လာသည်။ သူ့လက်နှစ် ဖက်ကို ဆုပ်ကိုင် လိုက်သည်။
ကလေး ၏ အဝတ်အစားတွေက ကြည့်မကောင်းအောင် ညစ်ပတ်ဟောင်းနွမ်းနေကြပြီ။ အာဟာရ ချို့တဲ့သောကြောင့် လူ ကလည်း ရုပ်မပေါ်အောင် ပိန်လှီနေသည်။ အသားအရေကတော့ နူးညံ့ဖြူ ဖွေးနေသည်။
"ကင်ခရစ္စတိုဖာကလေးအတွက် အန်တီက ဘောင်းဘီ အင်္ကျီတွေ ဝယ်ပေးမယ်။ အန်တီကို ဆိုင် လိုက်ပါပြ လား"
"အား… ဟုတ်ကဲ့… ဟုတ်ကဲ့"
ခရစ္စတိုဖာက ယင်းသို့ ဝမ်းပန်းတသာ ပြောလိုက်ပြီး လော်ရာ၏လက်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့ သည်။
ဟိုတယ်ရှေ့ရောက်တော့ သူက လမ်းထိပ်ဘက်သို့ လက်ညှိုးထိုးပြသည်။
"အင်္ကျီဆိုင် ရှိသလား"
လော်ရာက မေးသည်။
"ဟုတ်ကဲ့… ဟုတ်ကဲ့"
ခရစ္စတိုဖာက အားတက်သရော ပြန်ပြောသည်။
နောက်တစ်နာရီလောက်ကြာတော့ ခရစ္စတိုဖာကလေးမှာ အင်္ကျီအသစ်။ ဘောင်းဘီအသစ်တွေနှင့် သားသား နားနားဖြစ်နေပြီ။ လော်ရာက သူ့အား ဝတ်စုံသုံးစုံနှင့် ကြက်သွေးရောင် အနွေးထည် ဆွယ်တာ လက်ရှည်တစ်ထည် ဝယ်ပေးသည်။
"ဒီအဟောင်းတွေကို မဝတ်နဲ့တော့။ လွှင့်ပစ်လိုက်တော့…"
လော်ရာက ပြောသည်။
ခရစ္စတိုဖာ ကလေး မျက်လုံးပြူးသွားသည်။ သို့သော် သူက ဘာမှတော့ ပြန်မပြော။
လော်ရာ က အဝတ်အစား သစ်သစ်လွင်လွင်ဖြင့် ပို၍ ခောနေသော ခရစ္စတိုဖာကလေးကို ကြည့် ကာ သဘောကျနေ သည်။
ဒီအချိန်မှာ ခရစ္စသာ ရှိလိုက်ရင် ဘယ်လောက် ကောင်းလိမ့်မလဲ။
ခရစ္စတိုဖာကလေးက ရုပ်ချောရုံသာမဟုတ်။ ကျက်သရေလည်း ရှိသည်။ အားမာန်လည်း ရှိသည်။
သူက ဘာစကားမှမပြောဘဲ လော်ရာရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ စိတ်ရှည်စွာ ရပ်နေသည်။ လော်ရာ ဘာပြောဦးမှာလဲ ဆိုတာကို စောင့်နေခြင်းဖြစ်သည်။
"ကောင်းတယ်။ ငါ့တူကြီးက သိပ်လှသွားပြီ"
လော်ရာက ချီးကျူးစကား ဆိုသည်။
"အမေရိကန်နဲ့ တူတာလား"
ခရစ္စတိုဖာ က မျှော်လင့်ချက်ဖြင့် မေးသည်။
"ဟုတ်တယ်"
လော်ရာက အမှားတစ်ဝက် အမှန်တစ်ဝက် ဖြေလိုက်သည်။
မှန်ပါသည်။ ခရစ္စတိုဖာက ကိုရီးယားနိုင်ငံတွင် အမေရိကန်ရုပ်ပေါက်နေသည်။ သို့သော်… အမေရိ ကန်ရောက်တော့ ကိုရီးယားရုပ်ပေါက်မှာ သေချာသည်။ တကယ်တော့ သူ့ဘဝက တော်တော်ဆန်း သည်။ ကြွက်နှင့်လည်း တူသည်။ ငှက်နှင့်လည်း တူသည်။ သို့သော်… ကြွက်လည်း မဟုတ်။ ငှက် လည်း မဟုတ်။
ဒီတော့… သူ ဘာလဲ။ သူ ဘယ်သူလဲ။ ကြွက်လား… ငှက်လား။
သူ့နိုင်ငံ ဘယ်မှာလဲ။ သူ ဘယ်မှာနေရမှာလဲ။ ကိုရီးယားမှာ နေရမှာလား။ အမေရိကန်မှာ နေရမှာ လား။
လော်ရာ အဖြေရှာမရတော့။
သို့ဖြင့် သူမက စိတ်ကူးပေါ်ရာကိုသာ ပြောလိုက်တော့သည်။
"ကဲ… လာပါ…ခရစ္စတိုဖာ။ တို့နှစ်ယောက် ဟိုတယ်ပြန်ပြီး နေ့လယ်စာ သွားစားကြစို့"
စားသောက်ခန်းထဲသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်း လော်ရာက မစ္စတာချိုကို ချက်ချင်းမြင်မိသည်။ သူသည် ထိုင်နေကျ ပြတင်းပေါက်နားမှ စားပွဲတွင် ထိုင်နေသည်။
လော်ရာ က ပြုံးပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် အခြားစားပွဲတစ်လုံးတွင် ကင်ခရစ္စ တိုဖာနှင့်အတူ ဝင်ထိုင်ကြသည်။
မစ္စတာချိုက သူတို့နှစ်ယောက်ကို စိတ်ဝင်စားစွာ လှမ်းကြည့်နေသည်ကို လော်ရာ သတိထားမိ သည်။ ယင်းသို့ ကြည့်နေသည်ကို စိတ်ထဲကလည်း ကျေနပ်မိသည်။
တကယ်တော့ မစ္စတာချိုသာမဟုတ်။ တခြားစားပွဲများမှာ အမေရိကန်လူမျိုးများနှင့် ဥရောပတိုက် သားများ အပါအဝင် ကမ္ဘာလှည့်ခရီးသည်များကလည်း သူတို့နှစ်ယောက်ကို လှမ်းကြည့်နေကြ သည်။
သူတို့ အား လှမ်းကြည့်ရုံတွင်မကဘဲ သူတို့အကြောင်းကို အချင်းချင်း တီးတိုးပြောဆို ဝေဖန်နေကြ တာကိုလည်း လော်ရာ မြင်ရသည်။
ကင်ခရစ္စတိုဖာကလေးနှင့် ယခုလို တစ်စားပွဲတည်းတွင် အတူထိုင်နေရတော့ လော်ရာ၏စိတ်ထဲ တွင် မိခင်တစ်ယောက်၏ပျော်ရွှင်ကြည်နူးမှုမျိုးပင် မသိမသာ ဖြစ်ပေါ်လာမိသည်။
သို့ပေမဲ့ ခရစ္စတိုဖာကတော့ အခြားလူတွေ၏အကြည့်ကို လုံးဝသတိရပုံမပေါ်။ သူက လော်ရာက ဇွန်းနှင့် ခက်ရင်း ကို ကိုင်ပုံ။ လက်သုတ်ပဝါကို အသုံးပြုပုံတို့ကို သူက အတုယူ၍ လိုက်လုပ်နေ သည်။
မကြာမီ တွင် မစ္စတာချို စားသောက်၍ ပြီးသွားသည်။ သူက သိချင်စိတ်ဖြင့် လော်ရာတို့ စားပွဲနားမှ ဖြတ်လျှောက်လာပြီး…
"ဘယ့်နှယ်… နေကောင်းပါရဲ့လား… မစ္စက်ဝင်းတား"
သူက ယဉ်ကျေးစွာဖြင့် နှုတ်ဆက်သည်။
"ဟုတ်ကဲ့… နေကောင်းပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီနေ့ ခရစ္စတိုဖာနဲ့အတူ ဈေးဝယ် ထွက်ခဲ့ တယ်… မစ္စတာချို"
မစ္စတာချို၏မျက်နှာတွင် တွေဝေရိပ် သမ်းသွားသည်။
"အား…ဟုတ်လား… ကောင်းပါတယ်။ ကောင်းပါတယ်။ ကိုယ့်လူက ဘယ်ဆိုးလို့လဲ။ အမေရိကန် ကလေးကျနေတာပဲ။ ဒါနဲ့ သူ့ကို မစ္စက်ဝင်းတား အမေရိကကို ခေါ်သွားမလို့လား"
လော်ရာ က ခရစ္စတိုဖာဘက်သို့ လှည့်ကာ ပြုံးပြရင်း…
"ဘယ့်နှယ်လဲ။ ခေါ်သွားရမှာလား"
"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပါ… အန်တီ"
"သူ့အမေကရော သဘောတူမယ် ထင်သလား"
မစ္စတာချိုက မေးသည်။
"ဟုတ်ကဲ့…တူလိမ့်မယ် ထင်ပါတယ်"
လော်ရာက ပြန်ဖြေသည်။
သူမ၏အဖြေကို နောက်မှပြန်၍ အံ့သြမိသည်။ တကယ်တော့…သူမအနေဖြင့် ဘာကိုမှ တိတိကျ ကျ မဆုံးဖြတ် ရသေး။ သို့ပေမဲ့ မစ္စတာချို၏ အဓိပ္ပာယ်ပါသော စကားကြောင့် သူမက ယင်းသို့ပင် အလို အလျောက် ဖြေလိုက်မိလျက်သား ဖြစ်သွားသည်။
"အား… ဒါဆို မဆိုးပါဘူး။ ကောင်းပါတယ်။ ကောင်းပါတယ်"
ယင်းသို့ ပြောပြီး မစ္စတာချို ပြန်ထွက်သွားသည်။
စားသောက်နေစဉ်အတွင်း ခရစ္စတိုဖာကလေးက တစ်ချိန်လုံး ငြိမ်နေသည်။ စကားတစ်ခွန်းမှ မပြော။ သည် အတွက် လော်ရာ၏ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားရသည်။ သို့သော် တစ်ဖက်က ကြည့်တော့လည်း သူမ အတွက် ဆုံးဖြတ်ချက်တစခုကို အပိုင်ချရန် အခြေအနေက ပေးပြီဟု ထင် မိသည်။
ကလေးက စားပွဲပေါ်လာချသမျှကို အားရပါးရ စားသည်။ လော်ရာက ဝမ်းလည်းသာသည်။ စိတ် မကောင်း လည်း ဖြစ်မိသည်။
စားသောက်ပြီးသောအခါ ကလေးကို ပြန်လွှတ်ရမှာ ရင်လေးနေမိပြန်သည်။
သူ့ကို ဒီနေရာ ခေါ်ထားလို့ ဘာထူးမှာလဲ။ စဉ်းစားစရာတွေ အများကြီးရှိသေးတယ်။ လုပ်စရာတွေ အများကြီး ကျန်သေး တယ်။
"မနက်ဖြန် ကျတော့ ပြန်လာခဲ့ပါဦး… ခရစ္စတိုဖာ"
လော်ရာက ဆင်ဝင်ဆောင်တွင် ခရစ္စတိုဖာအား အဝတ်အစားထုပ်များကို ပေးရင်း ပြောသည်။
"မနက်ဖြန် မနက်ကျတော့ လာခဲ့ပါဦး"
"ဟုတ်ကဲ့ပါ… အန်တီ"
ငါ့ကို အန်တီလို့ မခေါ်နဲ့ဟု ပါးစပ်မှ ထွက်သွားတော့မလို ဖြစ်သွားသည်။ သို့သော် သူမက စိတ်ကို ပြန်ထိန်းလိုက်သည်။
တကယ်တော့…အန်တီလို့ ခေါ်ခြင်းသည်သာလျှင် အခြေအနေအရ အကောင်းဆုံး။ မစ္စက်ဝင်းတား ဟု ခေါ်လျှင် လည်း သူစိမ်းပြင်ပြင် နိုင်လှသည်။ "မေမေ" ဟု ခေါ်ခိုင်းဖို့ကလည်း ဘယ်လိုမှမဖြစ် နိုင်။ သူ့မှာ အမေ အရင်းကြီး ခေါက်ခေါက် အသက်ထင်ရှား ရှိနေသေးသည်။
အို… ဒီကိစ္စက အရေးမဟုတ်ပါဘူး။ နောင်ခါလာ နောင်ခါဈေးပေါ့။ အခြေအနေအရ ဖြစ်လာမှာပေါ့။
"ကဲ… ကောင်းပြီ… ခရစ္စတိုဖာ။ ပြန်လိုက်ဦးတော့… နော်"
လော်ရာ သည် ခရစ္စတိုဖာကလေးအား တယုတယ နမ်းချင်စိတ်ကို မနည်းကြီး ပြန်ထိန်းထားလိုက်ရ လေသည်။
ဆက်ရန်
.

No comments:
Post a Comment