Sunday, September 23, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၄)

 "အမယ်လေး… ခုမှ အလုံးကြီး ကျသွားတော့တယ်…။ ငါ့ခက်ကရော အောက်မေ့နေတာ၊ မင့် ကျေးဇူး ပါပဲကွယ်..."
မောင်ဖြတ်စက ပြုံးစိစိနှင့်…
"ကျေးဇူးပြောနေရုံနဲ့ မပြီးသေးဘူး၊ ကျွန်တော့်ကို ပေးမယ်ဆိုတဲ့ ဘရန်ဒီလည်း လုပ်ဦးလေဗျာ…"
"သြော်… ဟုတ်သားပဲ၊ ပေးပါ့မယ်ကွယ်… ကဲ… သမီး သွားယူပေးလိုက်ပါကွယ်၊ သူ့ဉာဏ်ပူဇော်ခ"
"သြော်… ဒီမှာ အန်တီ၊ အဘိုးကြီး ပြန် လာရင် ဘာမှမပြောနဲ့နော်၊ ဘာမှမဖြစ်သလိုနေ သိလား…"
"အမယ်လေး ပြောဖို့ နေနေသာသာ သူ့မျက်နှာတောင် မကြည့်ချင်ဘူး"
တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သွားသော ဦးတုတ်ပေါ ကား ပြန် မလာသေး။ မောင်ဖြတ်စတို့ တူဝရီးကား ဘရန်ဒီတစ်ပုလင်းနှင့် ဇိမ်တိုးလျက်…။
ကို ဆက်ဖတ်ရန်...

မယ်တပ်ကုန်း

ခရစ်တော် သက္ကရာဇ် ၁၉၄၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ရမည်းသင်း ဒိစကြိတ်တပ်ကုန်းမြို့မှ မြေပိုင်ရှင် ဦးသာဝက်၏သမီး "မယ်တပ်ကုန်း" ဘွဲ့ရ မာဂရက်သာဝက်သည် မန္တလေး ရန်ကုန် အစုံရထား ၂ နံပါတ်ကို စီး၍ သူ၏အဘိုးဖြစ်သူ ကြည့်မြင်တိုင်၊ ကျွန်းတောကွက်သစ်ရှိ မင်းတိုင်ပင် အမတ်ဟောင်း ဦးတုတ်ပေါ၏နေအိမ်သို့ သူ၏မိခင် ဒေါ်ဇာကျယ်နှင့်အတူ ရောက်ရှိလာ လေ၏။
ဒေါ်ဇာကျယ် သည် မိမိ၏ယောက်မ ဒေါ်မြခင်နှင့် ယောက္ခမ ဦးတုတ်ပေါအား အတော်ညဥ့်နက်အောင် တီးတိုး တိုင်ပင် ပြောဆိုပြီး သမီးကို အပ်နှံခဲ့ကာ နောက်တစ်နေ့နံနက်တွင် အဆန်ရထား နံပါတ် ၁ နှင့် တပ်ကုန်းမြို့ သို့ ပြန်သွားလေ၏။

မာဂရက်သာဝက်၏ ရုပ်ရည်ရူပကာယမှာ အထူးဖော်ပြစရာမလို။ တပ်ကုန်းမြို့ အမျိုးသမီးအလှပြိုင်ပွဲ တွင် စိန်ဘယက်ကြီးတစ်ခုနှင့် "မယ်တပ်ကုန်း" ဘွဲ့ကို ရခဲ့သူဖြစ်၍ မယ်ဒဂုံ၊ မယ်ဗမာ၊ မယ်တက္ကသိုလ် နှင့် အခြားမယ်ဟဝါ တို့၏ ဓာတ်ပုံများကို ကြည့်ရှုခြင်းအားဖြင့် စာဖတ်သူသည် မာဂရက်၏ရုပ်လုံး ကို ဖော်နိုင် မည်ဖြစ်ပေ ၏။

ပင်နီစလင်၏အစွမ်းသတ္တိကြောင့် ရောဂါဟောင်းများ အမြစ်ပြတ်စဖြစ်သော ပိန်ချည့်ကုန်းကွ မောင်ဖြတ်စသည် နိပွန်မာစတာ တို့၏လက်အောက်တော်မှ မဟာအင်္ဂလိပ်တို့၏ လက်ထက်တော်တိုင် သူ့ဦးလေး ကိုဘနိုင် ကိုအကြောင်းပြု၍ ဦးတုတ်ပေါ၏နေအိမ် ၌  အဒေါ်ဖြစ်သူ ဒေါ်မြခင်၏ငြူစူစောင်း မြောင်းခြင်းကို အရွဲ့တိုက်ကာ ဆက်လက် ပေကပ်နေတုန်းပင်ဖြစ်ပေ၏။
ရန်ကုန်မြို့၊ မြို့တော်ခန်းမကြီးတွင် ကျင်းပသော မယ်ဒဂုံပြိုင်ပွဲကို မနေနိုင် မထိုင်နိုင် ဆတ်ဆော့ပြီး ခေတ္တမျှ သွားရောက်ကြည့်ရှု မိသည်နှင့်ပင် ရောဂါဟောင်းပြန်ထမလိုဖြစ်ခဲ့ရှာသော ဖြတ်စ ခမျာမှာ ယခု ပထမ၊ ဒုတိယ၊ တတိယ မယ်ဒဂုံတို့နှင့် နင်လား ငါလား တကယ်တမ်းယှဉ်ပြိုင်နိုင်အောင် ချောမောလှပ စိုပြည်တောင့်တင်း လှသော "မယ်တပ်ကုန်း" မာဂရက်ကို တစ်အိမ်တည်း အတူနေ အတူစား နီးနီးကပ် ကပ် တွေ့မြင်ရသော အခါ၌မူ ဝမ်းဘဲအရှင်ကို ဂုန်နီအိတ်ထဲ ထည့်ထားဘိသကဲ့သို့ နေမထိ ထိုင်မသာ တလှုပ်လှုပ် တရွရွ ဖြစ်ရရှာလေ ၏။ သူ၏အဖြစ်ကို ပိုဆိုးဝါးစေသည်ကား မာဂရက်သည် ရောက်သည့်နေ့မှစ၍ နေ့စဉ်ရက်ဆက် လေ့ကျင့် ခန်းယူခြင်း ပင်ဖြစ်ပေ၏။

မာဂရက်၏ အမူအရာမှာ ဤအိမ်သို့ လာရောက်နေထိုင်ရခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှ ရွှင်လန်း ဟန် လက္ခဏာ မရှိသော်လည်း "မယ်တပ်ကုန်း"ဟူသော ဘွဲ့ကို စောင့်ထိန်းရသောအားဖြင့် ကိုယ်လက် အင်္ဂါ လှပရေး လေ့ကျင့်ခန်း ကို မပျက်မကွက် ဆက်လက်ယူရမည်ဖြစ်၍ ရောက်သည့်နေ့ည၌ပင်…
"အန်တီ… အန်တီတို့ ရေချိုးခန်းလုံရဲ့လား၊ မာ လေ့ကျင့်ခန်း ယူရအောင်" ဟု မေးလာ၏။
ဒေါ်မြခင်က… "လုံပါတယ်ကွယ်၊ ပျဉ်ပြားအသစ်တွေနဲ့ ပြန်ကာထားတာ၊ စိတ်ချလက်ချသာ သဘောရှိ လေ့ကျင့် ပါ တော့" ဟု ပြန်ပြောလေ၏။
ဤသည်ကို အခြားတစ်ဖက်ခန်းတွင်ရှိ အမှုမဲ့ အမှတ်မဲ့ မနေတတ်သော မျက်စိလျှင်နားပါး မောင်ဖြတ်စ ကြားလေ၏။ စိတ်ကူးဉာဏ်လျင်မြန်သူဖြစ်သည့်အတိုင်း ချက်ချင်းပင် အိမ်ပေါ်မှဆင်းသွားကာ မအူပင် လမ်းရှိ လက်သမား ဦးရွှေတူအိမ်သို့ သုတ်ခြေတင်လေ၏။ လွန်ပူတစ်ချောင်း အမြန် ငှားခဲ့ကာ နောက် ဖေးလမ်းကြား ဘက်မှနေ ၍ ရေချိုးခန်း နောက်ဘက်ပျဉ်ထောင်ကို သူ့မျက်စိနှင့် အဆင်သင့်ရုံ အပေါက် ကလေး ဖောက်ထား လိုက်လေသည်။

နောက်တစ်နေ့နံနက်မှစ၍ ဤမှာဘက်၌ ဝါသနာမသေးလှသော မောင်ဖြတ်စသည် မယ်တပ်ကုန်း မာဂရက်၏ကုန်းကော့ကွကား လေ့ကျင့်ခန်းများကို နံနက်စောစောကြီး တစ်ကြိမ်၊ ညနေတစ်ကြိမ် အချိန်မှန်မှန် ချောင်းမြောင်းကြည့်ရှုနေရလေသဖြင့် ယခင်အလုပ်ဖြစ်သော ဖျာပုံလမ်းထိပ်သို့ သွား ရောက် ၍ ဂေါ်ရခြင်း တို့ပင် ပျက်ကွက်ရလေ၏။
မယ်ဟဝါ မာဂရက်၏ ကိုယ်လုံးကိုယ်ပေါက်မှာ ခေတ်ပေါ်နည်းအတိုင်း လေ့ကျင့်ခန်းယူရန် ပြင်ဆင် လိုက်သောအခါ တွင် မိုးဦးကျစနောက်ချေး ဒီဒိုးဥထဲမှ ခွဲထုတ်လိုက်သော လတ်လတ် ဆတ်ဆတ် တောက်တဲ့ကောင်ကြီး ကဲ့ သို့ ဖောင်းအိတောင့်တင်း ဝါဝါဝင်းကြီးဖြစ်ပေ၏။

မယ်တပ်ကုန်းဟူသော ဘွဲ့ထူးကို ဆွတ်ခူးနိုင်သည့် မာဂရက်၏အင်္ဂါရုပ်တွင် ခေတ်ဆန်ဆန် အဝတ် အစားအပြည့်အစုံနှင့် ပထမအကြိမ် မြင်စကပင် ဝါသနာအလျောက် တုန်လှုပ်ခြောက်ခြားခဲ့သော မောင် ဖြတ်စမှာ ယခု ကဲ့သို့ လွတ်လွတ်လပ်လပ် ထင်သလို လေ့ကျင့်နေသည်ကို တွေ့မြင်နေရသောအခါ၌ သူ့စိတ်ထဲတွင် သာမက  တစ်ကိုယ်လုံးတွင် မည်သို့မည်သို့ ဖြစ်တည်နေမည်ကို ရေးသားဖော်ပြခြင်းငှာ မဝံ့တော့ ပြီ။ ရေချိုးခန်းတွင်း သို့ ရုတ်တရက် ခုန်ဆင်းပြီး အတင်းမွှေးရလျှင် သဘောတူသော် တော်ပါ ၏။ မကြည်ဖြူ လျှင်မူ မိမိကဲ့သို့ ပိန်ချည့်သေးကွေး၊ ဖလံချောင်းကလေးကို အဝေးသို့ရောက်အောင် လက်နှစ်ဖက်နှင့် ကိုင်မြှောက် တအားကုန်ပေါက်လိုက်ချေတော့မည်။ ဤသို့သော သခင်စိုး၏အလံနီ အကြမ်းနည်းသည်လည်း အားမတန် ၍ မဟန်သေး။ ဗိုလ်ချုပ်၏ဖြည်းဖြည်းနှင့် အေးအေးဆေးဆေး ရသောနည်း စက္ကူဖြူနှင့်သာ ဆက်သွယ် ရချေတော့မည်ဟု အကြံပိုက်ကာ တတ်သမျှ မှတ်သမျှ ဂေါ်စာ တစ်စောင် ရေးလေ၏။

မာဂရက်ရောက်၍ နှစ်ရက်မြောက်သောနေ့ ညနေ မောင်ဖြတ်စသည် စတုတ္ထအကြိမ်မြောက် ရေချိုးခန်း ပေါက် ကို နောက်ဖေးလမ်းကြား အိမ်သာနားမှ စိတ်အားထက်သန်စွာ ဝတ္တရား အတိုင်း ချောင်း၍ ကြည့် နေရာ တုံးတုံးတစ်တစ် မာဂရက်၏ခက်ခက်ခဲခဲ နက်နက်နဲနဲ အကွက်အကွင်းကျလှသော လေ့ကျင့်ခန်း အလယ်ပိုင်း သို့ရောက်လျှင် မောင်ဖြတ်စမှာ စောစောက ဆပ်စ်ပင်ဒါ ဝတ်မထားမိသဖြင့် ရုတ်တရက် မျက်စိပြတ်ကလည်း မခံနိုင်သောကြောင့် ပျဉ်ထောင် ကို နဖူးတေ့ပြီး ခါးတောင်းကျိုက်လိုက်ရလေ၏။

ဤအချိန်တွင် ထိုသို့ ခါးတောင်းကျိုက်လိုက်ရခြင်းမှာ သူ့အဖို့ များစွာအကွက်ဆိုက်လှချေ၏။ အကြောင်းမူကား ညနေချီ တုတ်ကောက်နှင့် လမ်းလျှောက်ပြန်လာသော ဦးတုတ်ပေါသည် လွန်ခဲ့ သော ညက နောက်ဖေးဆောင် မှ ဆေးပြင်းလိပ်တစ်တို လွတ်ကျသွားသည်ကို သတိရပြီး ပြန်ကောက် ရန် နောက်ဖေးလမ်းကြားသို့ လှည့်ဝင် အလာတွင် သဲသဲမဲမဲခဲ၍ ကြည့်နေသော မောင်ဖြတ်စကို မြင်လေ၏။
"ဟေ့ကောင် ခါးတောင်းကျိုက် ကြားကြားနဲ့ ဘာများ ကပ်ကြည့်နေတာလဲကွ" ဟု မေးလိုက်မည်အပြု တွင် မျက်စိလျှင် လှသော ဖြတ်စသည် ဦးတုတ်ပေါ၏အရိပ်အခြည်ကို မြင်လျှင် မြင်ချင်း အသံမထွက် ရန် လက်ကာပြပြီး ခြေသံ မကြားအောင် အသာလျှောက်လာရန် လက်ရိပ်ပြ၍ ခေါ်လိုက်၏။ ဘာမှန်း ညာမှန်း မသိသော ဦးတုတ်ပေါသည် ကြည့်ချင် သိချင်ဇောဖြင့် မောင်ဖြတ်စပြသော အမူအရာအတိုင်း အသာချောင်း၍ ငှက်ကုလားအုပ် ၏ခြေလှမ်းမျိုးဖြင့် သွားလေ၏။

ဦးတုတ်ပေါ အနီးသို့ရောက်လျှင် ဖြတ်စသည် အပေါက်ကို ဖယ်ပေးပြီး ဦးတုတ်ပေါကို ကြည့်စေလေ၏။ ဦးတုတ်ပေါ လည်း အပေါက်ဝသို့ မျက်နှာအပ်လိုက်သည်နှင့် တစ်ပြိုင်နက် "ဟင်း"ခနဲ တစ်ခွန်းတည်း မြည်ပြီး ဦးတုတ်ပေါ ၏မျက်နှာမှာ ခဲမှန်သော မျောက်၏မျက်နှာကဲ့သို့ ရုတ်ခြည်းပင် ရှုံ့တွသွားကာ အမူ အရာအတိုင်း သွားအကျဲသားနှင့် ဆတ်ခနဲ ပျဉ်ထောင် မှ ခွာလိုက်လေ၏။
ယင်းသည်မှာ ၂ စက္ကန့်ခွဲအတွင်း၌ပင် မောင်ဖြတ်စနှင့် ဦးတုတ်ပေါသည် ကိုက် ၂၀၀ ပြေးပွဲကလေးကို ရုတ်တရက် ကျင်းပလိုက်ရလေ၏။ အကြောင်းမူကား ဦးတုတ်ပေါသည် မောင်ဖြတ်စဘက် လှည့်ကြည့် ရင်း ဒေါသသံနှင့် "ခွေး" ဟု တစ်ခွန်းတည်း အချက်ပေးလိုက်ရသေးသည်။ ဂိတ်ထွက်ကောင်းသော မောင်ဖြတ်စ သည် တစ်ဟုန်တည်း သုတ်ခြေတင်လေ၏။ "ခွေးကျင့်ခွေးကြံ" ဟုသာ ကြိမ်းမောင်းနိုင် သော ဦးတုတ်ပေါ သည် ဘောင်းဘီတို၊ စပို့ရှပ်နှင့် လမ်းလျှောက်တုတ်ကြီးကိုကိုင်ကာ ခဲကြီးကို စီး ကောင်းသော ဂျော်ကီ၊ ဦးဘိုဝဲဇောင်း မှ ၉ လက်မမြင်းကြီးကို စီးသကဲ့သို့ အပြင်းအထန် လိုက်လေ၏။ သို့သော် နောက်ဆုံးဖလားပွဲတွင် ဘုရင်ခံ ကတော်၏မြင်းကို ဘုရင်ကလေး တွန်းဝင်သွားသကဲ့သို့ ခြေ ကုန်သုန်သွားသော မောင်ဖြတ်စကိုကား မမီနိုင်တော့ ပြီ။

ဖြတ်စသည် ဤပြေးပွဲကလေးကို အနိုင်ရလိုက်သည့်အတွက် အချည်းနှီးမဖြစ်ချေ။ အကြောင်း မူကား ခြေကုန်သွန်ရင်း ဒေါတထောင်းထောင်းထလာသော ဦးတုတ်ပေါသည် သူလိုက်၍ မမီနိုင်မှန်းသိသော အခါ၌ လက်ကိုင်တုတ်နှင့် တအားကုန်လွှဲရမ်းပစ်လိုက်လေသည်။ သူသည် တုတ်ပစ်ညံ့သူမဟုတ်၊ ဤ အပြေးပစ်ပွဲ ၌ပင် မောင်ဖြတ်စ၏နောက်စေ့ကို တုတ်အလယ်ပိုင်းနှင့် ခတ်၍ မှန်လေ၏။ တုတ်သည် ခေါင်းပေါ်သို့ ကျော်တက်သွား၍ ရှေ့လွန်အကျတွင် မောင်ဖြတ်စသည် မြေသို့မထိမီပင် ကျင်လည် စွာ ဖမ်းလိုက်ပြီး နောက်ကိုမျှ ပြန်လည့်မကြည့်တော့ဘဲ ရှမ်းလမ်းမကြီးအတိုင်း ဆက်ပြေးကာ စမ်းချောင်း ထိပ် ရှိ မတုပနိုင်သော ဒို့ဗမာရသာရုံခေါက်ဆွဲဆိုင်ကြီးထဲသို့ တိုက်ရိုက်ဝင်သွားလေ၏။

ဦးတုတ်ပေါ၏ယမနေသား လက်ကိုင်တုတ်မှာ မည်မျှကောင်းမွန်သည်ကို အထူးဖော်ပြစရာ မလို။ ခေါက်ဆွဲဆိုင်ရှင် ကိုပုသည်ပင် အေးရွာဘက်မှ တိတ်တိတ်ခိုးသွင်းသော ချက်အရက် မီးတောက် ဆေး ရောပြီးသား တစ်ပိုင်းနှင့် ဝက်သားကင် တစ်ကျပ်ဖိုး ကို ၎င်းတုတ်ဖြင့် လဲလှယ်ရန် သဘော တူလေ သည်။ ထို့ကြောင့် မောင်ဖြတ်စသည် ဤရိက္ခာအပြင် ကြက်သွန်ချဉ်၊ ဆာဒါးဟင်းချိုတို့ကို စားပွဲ ထိုင်လိုက်ရ လေ၏။ ညမှောင်စပျိုးလျှင် ဤပြေးပွဲကလေးအကြောင်းကို အနီးပတ်ဝန်းကျင်မှ ပါးစပ် သတင်းထောက် များ လာရောက်မေးမြန်းကြကုန်၏။ သို့သော် ဦးတုတ်ပေါသည် မည်သို့ မှ ဖော်ထုတ် မပြော။ မြေးဖြစ်သူ မာဂရက် ၏မျက်နှာကိုလည်း မကြည့်ရဲ။ "ဒီကောင် နှင်ပစ်၊ ဒီကောင် နှင်ပစ်" ဟူ၍သာ ဒေါသတကြီး ပြောနေ၏။

အေးရွာ အရက်တန်ခိုးကြောင့် အိပ်ရာထဲတွင် ဇိမ်တိုးနေသော မောင်ဖြတ်စကို လာရောက်မေးမြန်းကြ သေး၏။ သို့သော် မောင်ဖြတ်စက လူကြီးလုပ်သူက ဖွင့်မပြောသည်ကို မိမိထုတ်ဖော်ရန် မသင့်လျော်ပါ ကြောင်း၊ အနိုင် ရ၍ ဆုအဖြစ် ပေးလိုက်သော ပစ္စည်းကိုသာ ကိုပုဆိုင်တွင် ချက်အရက် ဝက်သားကင် နှင့်လဲပြီး စားပွဲထိုင်ခဲ့ကြောင်း၊ ယခုအချိန်၌ လာရောက်မေးမြန်းနေကြခြင်းသည် မိမိ၏ဇိမ်ကို ဖျက်ဆီး ရာရောက် သဖြင့် နောက်ထပ်မမေးမြန်းရန် တောင်းပန်ပါကြောင်း ဟူ၍သာ ပြန်ပြောလေသောကြောင့် နောက်ဆုံးတွင် ပါးစပ် သတင်းထောက်များ လက်လျှော့ကာ အသီးသီး မိမိတို့နေအိမ်သို့ ပြန်သွားကြရ လေ၏။

နောက်တစ်နေ့ညနေအချိန်တွင် ယင်းသည့်သတင်းထောက်များ လာရောက်စုအုံကြပြန်လေ၏။ အကြောင်း မူကား မောင်ဖြတ်စသည် ဦးတုတ်ပေါ၏ပယောဂကြောင့် ချောင်းမြောင်းကြည့်ရှုခွင့်မရတော့ သဖြင့် ယခင်မြင်ခဲ့ ရသည် တို့ကို အစွဲပြု၍ အောင့်အည်းခြင်းငှာ မစွမ်းနိုင်တော့ဘဲ နောက်ပိုးနည်း၏လုပ် ငန်းစဉ်အတိုင်း စက္ကူဖြူ အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်ပေ၏။
""
ညနေ လေ့ကျင့်ခန်းပြီးခဲ့၍ အဝတ်ဆန်ဆာ မွှေးနံ့သာ အရောင်တင်တို့ခြယ်မှုန်းထားသော မာဂရက် သည် ရေချိုးခန်း ဝင်မည်အပြုတွင် အိမ်သာထဲမှာချောင်းနေသော မောင်ဖြတ်စသည် ရုတ်တရက်ထွက် လာကာ တုန်ရီသောလက်များဖြင့် "မာဂရက် ပလိစ်" ဟု ဆိုကာ စာကိုပေးလိုက်၏။ မာဂရက်သည် ပြုံး ရွှင်စွာ ယူလိုက်သဖြင့် လက်မှခံပါမည်လားဟု နှလုံးတခုန်ခုန် ရင်တထိတ်ထိတ်နေခဲ့သော မောင်ဖြတ်စ မှာ အကြီး အကျယ် ဝမ်းသာသွားလေ၏။

သို့သော် သူ၏ဝမ်းသာမှုမှာ စက္ကန့်ပိုင်းမျှသာဖြစ်၏။ အကြောင်းမူကား မာဂရက်သည် စာကိုရလျှင် ရခြင်း ရေချိုးခန်းဝင်ရမည်ကိုပင် မေ့လျော့ကာ နောက်သို့ချက်ချင်း ပြန်လှည့်ပြီး မီးဖိုချောင်ထဲ၌ ငရုတ်သီး ထောင်းနေသော သူ့အန်တီထံသို့သွားလေ၏။ စင်စစ် မာဂရက် ၏ပြုံးခြင်းမှာ ဖြတ်စလိုအကောင် ကို မေတ္တာရှိ၍ မဟုတ်။ ဘိန်းထည့်ပြီးဖမ်းသော တရားခံကို ပစ္စည်းနှင့်တကွ လက်ပူးလက်ကြပ်မိသောအခါ ၌ ပုလိပ်၏ ဝမ်းသာခြင်းဖြင့် ပြုံးသောအပြုံးမျိုးသာဖြစ်ပေ၏။
ဖြတ်စ သည် သူ့အန်တီလက်ထဲသို့ စာရွက်ပေးလိုက်သည်ကို မြင်လျှင်မြင်ချင်း ရှေ့သို့မတိုးရဲတော့ဘဲ အိမ်သာထဲ သို့ ပြန်ဝင်ကာ တံခါးပိတ်နေလိုက်တော့၏။

မာဂရက်တို့ တူဝရီးနှစ်ယောက်မှာ စာကိုဆုံးအောင် မဖတ်ကြ။ ရည်းစားစာမှန်းသိသည်နှင့် တစ်ပြိုင် တည်း အချက်ကောင်း ရပြီဟူသော အဓိပ္ပာယ်မျိုးဖြင့် ရုတ်တရက် ငရုတ်ကျည်ပွေ့ကြီးကို ဒုံးခနဲပစ်ချ ကာ ခြေဆောင့် နင်းလျက် အိမ်ဦးခန်းသို့ထွက်သွားပြီး "မမရှင်တို့၊ မဖွားမေတို့ မကြိုင်တို့လာကြပါဦး။ ဟောဒီ ဖြတ်စလုပ်ပုံ လာကြည့်ပါဦး" ဟု သူ့အိမ်နီးသားချင်း အတင်းပြောဖော်ပြောဘက်တို့ကို ကုန်း၍ ခေါ်လေ၏။ ထိုမိန်းကလေး တို့လည်း ချက်ရင်းပြုတ်ရင်းတန်းလန်း ထမင်းအိုး ဟင်းအိုးတို့ကို ပစ်ထားခဲ့ ကာ ပျာပျာလောင်လောင် အရေးတကြီး လာကြကုန်၏။
"ကြည့်ကြပါဦးတော်… ဖြတ်စက ကျုပ်တူမကို စာပေးသတဲ့တော့၊ တူတာတန်တာချင်း လက်ဆွဲတာ ခံ လိုက်ချင်သေး တယ်၊ ခုတော့ ဒီလို ခွေးဝင်စားကောင်မျိုးက ကြံရက်တာ အံ့ပါပေရဲ့တော့၊ အနုလက်သီး ထိုး ခံရတာပါပဲ အရပ်ကတို့ ရဲ့…"
ဒေါ်မြခင်၏စူးစူးရှရှ အော်ဟစ်မှုကြောင့် တစ်မိန်စအတွင်းတွင် "ဖြတ်စက မာဂရက်ကို စာပေးလို့တဲ့… ဒေါ်မြခင် ဆူနေတယ်" ဟသော သတင်းမှာ တမဟုတ်ချင်း ပျံ့နှံ့သွားလေ၏။ ဤကွက်သစ်၏ဓလေ့ အတိုင်း သန့်သန့်ကြား လျှင် ဝိုင်းအုံလေ့ရှိသော မိန်းမကြီးငယ်၊ ကလေးအပေါင်းတို့မှာ လေးပင်သုံးခန်း အိမ်ကလေး တွင် ပြည့်လုနီးပါး ရှိသွားလေ၏။

လူစုံရှေ့တွင် ဒေါ်မြခင်သည် ဟန်မူရာခပ်ပါပါနှင့် "အကြံပက်စက် ဆန်ကောလောက် မှ စောက်မနက် လေခြင်းတော်။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ၊ ဒါ သူပေးတဲ့စာတဲ့တော့" ဟု မောင်ဖြတ်စ ဂရုတစိုက် ရေးထာေးသာ စာရွက်ကလေး ကို ဖြန့်ကာ လူသေ၍ငိုသော အသံမျိုးဖြင့် အော်လေ၏။
"ကျုပ်ဖြင့် အထင်သားပဲတော်။ မာဂရက် ရောက်ကတည်းက ဖြတ်စ ဒီလို ကြံလိမ့်မယ်ဆိုတာကို" ဟု လက်ကျန် သမီးပျိုနှစ်ယောက် ကို အသက်လေးဆယ်ကျော် မုဆိုးမဒေါ်ရင်ရင်က ထောက်လိုက်၏။ ဆေးရိုဖက်သည် တစ်ခုလပ် ဒေါ်ကြားဝးက "ကျုပ်လည်း အရိပ်မိသားပဲတော်… မပြောကောင်းလို့သာ မမြခင်ကို သတိပေးမယ်တောင် ကြံ ပါသေးတယ်"
"အမယ်လေ… ဒီလိုစာပေးတာပဲ တော်ပါသေးတယ်ရှင်၊ ညအိပ်တုန်း အလစ် မကြံတာဘဲ ဖြတ်စကို ကျေးဇူးတင်ပါဦး" ဟု အသက် ၃၀ ကျော်နှင့် ကလေး ၉ ယောက်မွေးပြီး မကြိုင် က ဖြတ်စ ဘက်ကို ထောက်ခံလိုက်၏။

တန်သည် မတန်သည် အရေးမဟုတ်၊ အရောင်းအဝယ်တည့်လျှင် ပြီးတမ်းဟူသော မိန်းမတွေ တိတ် တိတ်ပုန်းထုတ် အိမ်တွင်းပစ္စည်းပွဲစား ဒေါ်ဖွားရွှေက "သြော်… လူပျိုလေးနဲ့ အပျိုလေး ကြိုက်တော့ လည်း စာပေးပေ မပေါ့"
ဤသည် ကို ကြားမှပင် မီးတောက် လေဝှေ့ပေးသလို ဒေါ်မြခင် ပိုမိုဒေါပွကာ "အမယ်လေးတော်… လူပျိုဖြစ်တိုင်း အပျိုကို စာပေးသတဲ့လားလို့၊ ကိုယ်နဲ့ တန်၏ မတန်၏ ကြည့်ပါဦးတော့၊ ဖာကျိုးလို့ လူစဉ်မမီ ဘဲ တေလွန်း၊ ပေလွန်းလို့ အိမ်က နှင်ထားရတဲ့အကောင်က၊ ကျုပ်တူမ မယ်တပ်ကုန်းဘွဲ့ရ လာခဲ့တာ၊ သူ့လိုကောင် နဲ့ဆို ဘုရင့်သမီးတော်နဲ့ ကပ္ပလီကျွန်းက သူတောင်းစားလောက် ကွာပါတယ်"
ဤသို့ သမီးဖြစ်သူ ဒေါပွနေဆဲ ဦးတုတ်ပေါသည် လမ်းလျှောက်ရာမှ ပြန်လာ၍ အဖြစ်သနစ်ကို မေးလေ၏။

အိမ်သာထဲမှာ မလှုပ်မရှားဘဲ နားထောင်နေရသော မောင်ဖြတ်စမှာ လူကြီးရောက်လာလျှင် ငြိမ်းအေး သွားလိမ့်မည်ဟု အောက်မေ၏။ သို့သော် သူ့အထင် တက်တက်စင်အောင် လွဲချေသည်။ ဦးတုတ်ပေါ သိမှပင် ပိုမို ဆိုးရွားလာကာ "အောင်မာ…ဒီကောက်ကများ ငါ့မြေး စာပေးသတဲ့၊ ဘယ်မလဲ ဒီကောင်" ဟု တွေ့လျှင် သတ်တော့ မခန်း အောင်မြင်သော ဝမ်းခေါင်းသံကြီးနှင့် မေးလေ၏။
"မာ… လာတော့ အိမ်သာထဲ ဝင်ကျန်ရစ်ခဲ့တယ်၊ ခုတော့ နောက်ဖေးဘက်ကပဲ ဆင်းပြေးပလား၊ ရှိပဲ ရှိသေးလား မသိဘူး" ဟု မြေးဖြစ်သူ မာဂရက်က လမ်းညွှန်လိုက်၏။
မောင်ဖြတ်စ မှာ မာဂရက် ပြောသံကြားမှပင် နောက်ဖေးပေါက်မှ ဆင်းပြေးရန် သတိရလာသော အိမ်သာတံခါး ကို ဖွင့်၍ တွန်းလိုက်၏။ သို့သော် သူ နောက်ကျနေချေပြီ။ အသက်ခြောက်ဆယ်ကျော် ဗိုက်ရွှဲရွှဲ၊ ဘောင်းဘီတို၊ စပို့ရှပ်ကိုဝတ်၍ နံနက်စောစောကပင် ကိုပုခေါက်ဆွဲဆိုင်မှ ၃ ကျပ် ၉ ပဲနှင့် ပြန် ရွေးထားရသော တုတ် လက်နက်ကိုင် ဦးတုတ်ပေါ ခေါင်းဆောင်သည့် မိန်းမတစ်စုနှင့် ကလေးတစ်အုပ် မှာ (လင်ငယ်လက်ထဲမှ ပြန်ခေါ်လာသော မိန်းမကို ဆွေမျိုးတစ်စု ဝိုင်းတွေ့ကြသကဲ့သို့) ပြုံးသူပြုံး၊ မဲ့ သူမဲ့၊ တီးတိုးပြောသူပြောနှင့် ကံဆိုးသူ မောင်ဖြတ်စကလေးကို အိမ်သာအဝတွင် ပိတ်မိကြလေ၏။

"နင်… ငါ့မြေးကို စာပေးတယ်ဆို"
မနေ့ကကိစ္စပါရော၍ ဒေါသကြီးနေသော ဦးတုတ်ပေါသည် အနီးရှိ လှမ်းထားသော ထမီရေစိုများ လွင့် လုမခန်း ဝမ်းခေါင်းသံကြီးနှင့် အော်လိုက်လေ၏။ မောင်ဖြတ်စမှာ ဘာမှမပြောနိုင်။ လက်နှစ်ဖက် နောက်ပစ်ကာသာ တရားခံ ငိုင် ငိုင်နေရလေ၏။ "အိမ်မှာလည်း မှန်တွေ အရှိသားနဲ့၊ ကိုယ့်ရုပ်ကိုလည်း မှန်ထဲကြည့်ပြီး တူလား တန်လားဆိုတာ စဉ်းစား ဦးမှပေါ့။ ငါ့မြေးက အလှပြိုင်ပွဲမှာ စိန်ဘယက်နဲ့ မယ်တပ်ကုန်းဘွဲ့ရလာခဲ့တာ၊ နင့်ရုပ်က အစာငတ် ငတ်နဲ့ အမွေးတစ်ပင်မျှမရှိတဲ့ ခွေးဝဲစားလိုအကောင်၊ ဖာကျိုးဖာဒဏ်နဲ့ မသာစော်နံနေတာ ထွီ… ငါ့နှယ် သေ သေစမ်းချင်တော့…" တရားခံမောင်ဖြတ်စမှာ မျက်နှာမထားတတ်။ ဝိုင်းအုံနေကြသော လူစုကို လည်း မကြည့်ရဲ၊ သို့သော် သူ့ အဘိုးနံဘေး၌ ခါးထောက်နေသော မာဂရက်ကို မျက်လွှာတစ်ချက်ပင့်၍ ကြည့် မိ၏။ မာဂရက်က ပြုံးမဲ့မဲ့ကလေး လုပ်ပြလိုက်၏။

နင်တော့ သိစေမပေါ့ကွာ ဟူသော အဓိပ္ပာယ်ဖြင့် ပြန်၍ အံကြိတ်ပြလိုက်၏။ လူအုပ်ထဲတွင် ဖြတ်စထံမှ လက်ဖက်ရည်သောက်ဖူး၊ မုန့်စားဖူးသော ကလေးများနှင့် အောင်သွယ်ညာ မိန်းမအချို့မှာ သူ့မျက်နှာ ကြာကြာ ကြည့်ရမှာ အားနာလာ၍ တဖြည်းဖြည်း ဆုတ်ခွာကုန်ကြ၏။  ဦးတုတ်ပေါ ကား ဒေါသကြီးတုန်းပင်။ မျက်နှာကို စေ့စေ့ကြည့်၍… "ကိုယ်နဲ့ မတူမတန်တာများ ကြံရက်တာ အံ့ပါရဲ့ကွာ၊ မိုးကြိုးပစ်မချတာ ကံကောင်း၊ သိကြားမင်းက သဘောကောင်းလို့သာပေါ့…၊ ထွီ… ငါ့လိုကောင်ဖြင့် ရှက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် သိရဲ့လား" အရှက်အကြောက် အတော်အတန် နည်းခဲ့သော မောင်ဖြတ်စပင်လျှင် ဤရေချိန်၌ ခံနိုင်ရည်မရှိတော့ ဘဲ ပြေးပေါက်ကို ကြည့်လိုက်၏။ လူစုလျော့သွားပြီကိုမြင်ရ၍ အားရှိလာကာ မာဂရက် ၏ မျက်နှာကို တစ်ချက်မျှ မျက်စောင်းထိုးပြီး တစ်ဟုန်တည်းလွှတ်အပ်သော မြား၏လျင်မြန်ခြင်းဖြင့် ရုတ်တရက် လူထု ထဲမှ ထိုးဖောက်ကာ အိမ်ရှေ့ခန်းဘက်သို့ ပြေးခဲ့လေ၏။
ဦးတုတ်ပေါ၏လူစုမှာ တစ်ပြိုင်တည်း "ဟယ်" ခနဲ အော်မိကြကာ နောက်မှ အလျင်အမြန် လိုက်ကြပါ သော် လည်း လေကဲ့ သို့ လျင်မြန်စွာ လှေကားထစ်မှ ခုန်ဆင်းပြေးသော မောင်ဖြတ်စကိုမူကား အရိပ် အငွေ့မျှ မမြင်လိုက် ရတော့ချေ။

ထိုနေ့အဖို့၌ ပါးစပ်သတင်းထောက်များမှာ သတင်းအပြည့်အစုံရကြ၍ အားရဝမ်းသာ သတင်းစာဆရာ တို့၏ထုံးစံအတိုင်း သတင်းမှန်နှင့် ထင်မြင်ချက်များကို ဖြည့်စွက်ကာ ဖြစ်သည်ထက် ပို၍ သတင်းလွှင့် လိုက်ကြလေ၏။ သို့သော် သူတို့သည် နောက်တစ်နေ့၌ အနည်းငယ်ကလေးမျှ မထင်မြင်နိုင်လောက် အောင် ထူးဆန်း အံ့သြဖွယ်ရာသော သတင်းကို ကြားရလိမ့်မည်ဟု ရေးရေးမျှ တွေးမိကြလိမ့်မည် မဟုတ်ချေတကား။
ညဥ့်ဦးယံ တစ်ဝက်ကျိုးခဲ့လေပြီ။ မောင်ဖြတ်စသည် သူ၏သူငယ်ချင်း မောင်ကောင်း၏အိမ်တွင် ရှက် ပုန်း ပုန်းနေခဲ့ ရာ စမ်းချောင်း မီးသတ်စက်ကြီးမှ သံချောင်း ၉ ချက်မျှ ခေါက်လိုက်လျှင် မောင်ကောင်း သည် ပါးစပ် ကိုဖြဲလျက် ဝါးခနဲ သမ်းလိုက်ကာ "ကဲ… ကိုယ့်လူ ပြန်ပေတော့၊ အရှက်ပြေလောက်ပြီ၊ ကျွန်တော်တို့လည်း အိပ်ချင်လှပြီ၊ ကဲ… ခင်ရေ… အိပ်ရာပြင်တော့ကွယ်" ဟု သူ့မိန်းမကို လှမ်း၍ ပြော လိုက်၏။

မောင်ဖြတ်စသည် ခေါင်းကုပ်ကာ "ဟာ… ကိုကောင်းရာ ကျွန်တော် မပြန်ချင်ဘူးဗျာ၊ ရှက်တယ်ဗျာ၊ ဒီမှာပဲ အိပ်မယ်၊ ခင်ဗျားတို့ လင်မယား နှစ်ယောက်တည်း အိပ်ခန်းလည်း အကျယ်ကြီးပဲ…"
"ဘယ်လောက်ကျယ်ကျယ်၊ ဒါတော့ မဖြစ်ဘူး ဆရာရေ့၊ ကျွန်တော်စိတ် အရင်တုန်းကလို မဟုတ် တော့ဘူး၊ ရှင်းရှင်းပြောရရင် မန္တလေး စာရေးဆရာတွေရေးတဲ့ တဏှာညွှန်းစာအုပ်တွေ ဖတ်ပြီးက တည်းက ကျွန်တော့် မယား က ပိန်တာနဲ့ အခုမိန်းမကို ယူပြီးတော့ အိမ်မှာ ညအိပ်ညနေ ဧည့်သည့်ကို လက်မခံတော့ ဘူး။ အေး… နေ့လာတဲ့ ဧည့်သည်တွေ ရှိတာအကုန်စားသောက်သွား၊ ဘာမှကိစ္စမရှိဘူး" "ဟာ… ကိုကောင်း ကလည်းဗျာ၊ တစ်ညတည်းပါ၊ ရှက်လွန်လွန်းလို့ပါဗျာ…"
"ကိုယ့်လူလည်း အရင်တုန်းက အရှက်လုံးလုံးရှိခဲ့တာ မဟုတ်ဘဲနဲ့ ခုမှပဲ သူငယ်ပြန် ရှက်တတ်နေ တယ်"
"မဟုတ်ဘူး… ကိုကောင်း၊ ဒီနေ့ကိစ္စက အတော့်ကိုဆိုးတယ်၊ အရင် ဂျပန်ခေတ်က ဂျပန်နဲ့ညားသွားတဲ့ အဘိုးကြီးမြေး မော်လီ ကို ဖက်နမ်းတုန်းက အိမ်ထဲတင် ဆူတာ၊ အပြင်လူသိတာ မဟုတ်ဘူး၊ အခု ကောင်မ ကျတော့ စာပေးရုံရှိသေး တစ်ရပ်လုံး ဝိုင်းအုံလာအောင် အော်ပြီး ဆူတာ၊ ကျွန်တော်လည်း တစ်ရပ်လုံးက သိနေတော့ ရှက်တာပေါ့ဗျ၊ လူမြင်ကို မခံဝံ့အောင် ဖြစ်နေတာ…" "လူမြင်မခံဝံ့ရင် ဟော့ဟို အိုဗာကုတ် အင်္ကျီကြီး ဝတ်ပြီး အပေါ်က ကက်ဦးထုပ်ကို မျက်နှာအုပ်အောင် ဆောင်းသွား၊ ဝါး… ဟား… ဟား… အိပ်ချင်ပြီဗျာ၊ ခင်ရေ… အိပ်ရာပြင်ပြီးပလား…" "ဟုတ်ကဲ့ ကိုကို၊ ညဥ့်နက်လှပြီ လာတော့လေ၊ ဟိုစာအုပ်လည်း ယူခဲ့…"

ကိုကောင်းမိန်းမ၏ အသံကို ကြားရရာ မောင်ဖြတ်စသည် နောက်ထပ်ပြောသော်လည်း အကြောင်းမထူး တော့ပြီကို သိရှိကာ စစ်တပ်ထဲမှ အချောင်ထုတ်ရောင်းသော သက္ကလပ် အိုဗာကုတ် အင်္ကျီပွကြီး ကို ဝတ် ၍ ကက်ဦးထုပ် မျက်နှာအုပ်အုပ်ဆောင်းကာ ပြန်လာခဲ့ရလေ၏။
အိပ်အနီး သို့ရောက်သောအခါ အိမ်ဦးခန်း၌ မီးရောင်လင်းနေ၍ ရုတ်တရက် မဝင်ရဲသေး။ နောက်ဖေး ပေါက်က အလစ် တက်မည် ဟု အကြံပြုကာ နောက်ဖေးလမ်း မှောင်ကျကျတွင် အသာချောင်း၍နေလေ ၏။ သူ မတ်တတ် ရပ်မိ ၍ တစ်မိနစ်မျှမကြာမီ နောက်ဖေးတံခါးသည် ရုတ်တရက်ပွင့်ထွက်လာကာ တဘက်ခေါင်းမြီးခြုံနှင့် သားရေသေတ္တာ ဆွဲကိုင်ထားသော မိန်းမပုံသဏ္ဌာန်တစ်ခု ရိပ်ခနဲ ပေါ်လာပြီး မိမိဆီသို့ ခပ်သုတ်သုတ် လာနေသည်ကို မြင်ရလေ၏။

ဖြတ်စသည် အလို… ဘယ်သူများပါလိမ့်မည်ဟု တွေးတောအံ့သြကာ ကက်ဦးထုပ်ကို မျက်နှာအုပ် အောင် ဆွဲချ လိုက်စဉ် တွင် ထိုသဏ္ဌာန်မှာအနီးသို့ရောက်လာပြီး သူ့လက်မောင်းကို လှမ်းဆွဲ၍ "အမယ် လေး ကိုကိုလတ် စောစောလာတာ အဆင်သင့်ပဲ၊ မာ… မျှော်နေတာ ကြာလှပြီ" ဟု ခပ်တိုးတိုးပြော သော မာဂရက်၏ အားရ ဝမ်းသာအသံ ကို ကြားရသဖြင့် ဖြတ်စမှာ ရုတ်တရက် အံ့အားသင့်သွားလေ၏။
မာဂရက် သူ၏လက်မောင်းကို လှုပ်ယမ်းကာ "ဘာငိုင်နေတာလဲ ကိုကိုရဲ့လာပါ။ မြန်မြန်သွားကြပါစို့၊ အိမ်ရှေ့ခန်း မှာ ဦးလေးကိုဘနိုင် မူးလာ လို့ အန်တီတို့ အလုပ်များနေတယ်။ လာ… လာ… ဟောဒီ နောက်ဖေးလမ်းကြားက လှည့်ထွက်မယ်။ ကားဘယ်မှာ ထားခဲ့သလဲ" ဟု ဆိုလိုက်မှ ဇဝနဉာဏ် လျင် မြန်သော မောင်ဖြတ်စ မှာ ပေါက်ကောင် မှား၍ ဝက်ကန်းအိမ်သာထဲ ကျသည်ကိုသိရှိလာသော မာဂရက်၏ ခါးကို တစ်ဖက်လက်ဖြင့် ပွေ့ဖက်၍ ညာလက်ဖြင့် သားရေသေတ္တာကို လှမ်းယူပြီး ဟန်မူရာ ပါပါနှင့် နောက်ဖေးလမ်းကြား မှောင်ကျကျနေရာများမှ တွဲ၍ခေါ်သွားလေ၏။

ဆက်ရန်
.

3 comments:

Anonymous said...

ဆရာသော်တာဆွေ့
ဇာတ်လိုက်တွေက ကိုယ့်ခြေပေါ်ကိုယ် မရပ်ဘဲ သူများအငြိုငြင်ခံပြီး ဟိုအိမ်ကပ်နေ ဒီအိမ်ကပ်နေ ဟိုလူ့ကပ်စား ဒီလူ့ကပ်စား လူတွေ ဖြစ်နေတာ များတယ်နော်။ ရယ်ရပေမယ့် ဇာတ်လိုက်တွေရဲ့ စရိုက်ကတော့ လေးစားစရာ မရှိဘူး
(ရိုက်ပေးတဲ့ အစ်မတွေ စိတ်မရှိပါနဲ့ဗျာ။ စာရေးဆရာနဲ့ သူ့စာတွေကို ဆိုလိုပါတယ်.အစ်မတို့ ရိုက်ပေးတာကိုတော့ ကျေးဇူးတင်နေတာပါ။)

Anonymous said...

မောင်ရင်လေးက စာဖတ်အားသိပ်မရှိသေးဘူးထင်ရဲ.။
ဆရာသော်တာဆွေရဲ. စာအုပ်တွေကို အခုမှစဖတ်ဘူးတယ်ထင်ပါတယ်။ ဒီဝတ္ထုဟာ အနှစ် ၆၀ မကတော့ပါဘူး။ ဗိုလ်ချုပ်တို.လုပ်ကြံခံရတဲ့နှစ်ကပါ။ ဆရာကြီးရဲ.ဟာသ သဘာ၊ ပညာ တွေဟာ အရမ်းမြင့်မားလှပါတယ်။
သူ.ရဲ.အမှာစာ မှာကိုကပါ ပါတယ်။ မရွှေစင်ရိုက်တင်ပေးတဲ့ အပိုင်း (၁) က စဖတ်ပါ။ “ဒီဝတ္ထုတွေ ဘယ်လိုက ဘယ်လို ဖြစ်ပေါ်လာရသနည်း” ဆိုတာလေ။
“ဖြတ်စနှင့် ကျော်စံကေးတို့သည် လည်ပင်းကျပ်အပြည့်နှင့် ပိန်ချည့်ကုန်းကွ ဖြစ်ရုံသာမက အကျင့် စာရိတ္တ အင်မတန်ကောင်းကြ၏။ လူစွမ်းလူစ များလည်း အဘက်ဘက်က ထက်ကြ၏… စသည်ဖြင့် အများလူတို့၏ နဂိုမူလနှင့် လွတ်အောင် ဖန်တည်းထားကြသည်များကို အရွဲ့တိုက်လို၍ဖြစ်၏။”
အဲဒီမှာ… မရွှေစင်ရိုက်တာ စာနဲနဲကျသွားတယ်ထင်ပါတယ်။ (မူရင်းစာအုပ်ကိုဖတ်ဘူးတာကြာပါပြီ၊ စာသားကိုကောင်းကောင်းမမှတ်မိတော့ပါ) အဲဒီမှာ ဟောသည်လိုမျိုးဆင်ဆင် ပါ ပါတယ်။
“အခြားစာရေးဆရာများ၏ ဇာတ်လိုက်များသည် အကျင့် စာရိတ္တ အင်မတန်ကောင်းကြ၏။ လူစွမ်းလူစ များလည်း အဘက်ဘက်က ထက်ကြ၏… စသည်ဖြင့် အများလူတို့၏ နဂိုမူလနှင့် လွတ်အောင် ဖန်တည်းထားကြသည်များကို အရွဲ့တိုက်လို၍ဖြစ်၏။” လို. ဖြစ်ရမှာ ဖြစ်ပါတယ်။
ဆရာ့ရည်ရွယ်ချက်က၊ စာရေးဆရာအများစုရဲ. ဇာတ်လိုက်တွေဟာ အဖက်ဖက်မှာမယှဉ်သာအောင်တော်ကြတယ် (ဆားပုလင်းနှင်းမောင်တို.လိုပေါ.)။ အရမ်းလူစွမ်းထက်ကြတယ်။ ဗဟုသုတမှာလည်း သူတို.မသိတာမရှိဘူး။ လူချောလူဖြောင့်၊ ကိုယ်လုံးကိုယ်ပေါက် အဆက်အပေါက်ကောင်းကောင်း (ဆရာကြီးမဟာဆွေရဲ. ဇာတ်လိုက်တွေလိုပေါ.)။ စာရိတ္တကလည်း အရမ်းကောင်း စသည်ဖြင့် လူတကာတို.စံကနေအရမ်းမြှင့်ထားတာကို အရွဲ.တိုက်ချင်လို. သူ.ဇာတ်လိုက်တွေကိုသူများနဲ.လုံးဝမတူအောင် ဖန်တီးထားတာပါ။
လူစွမ်းလူစမရှိ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်တဲ့ ကပ်စားရပ်စား၊ နာတာရှည်၊ အော့ကြောလန်လေး တစ်ယောက်ကရောဇာတ်လိုက်ဖြစ်ပိုင်ခွင့်မရှိဘူးလား။
ဆရာသော်တာဆွေကပြောတယ်လေ၊ “သူ.ဇာတ်လိုက်တွေကို သူအမြဲတမ်း ချောက်ချပေးနေပါတယ်” ဆိုတာ။
ဒါပါပဲဆရာ့ပညာ၊ သူများနဲ.မတူအောင်ရေးဖွဲ.သွားတာပါ။ ရည်ရွယ်ချက်နဲ.တမင်ဖွဲ.ဆိုသွားတာပါ။
စာရေးသူတစ်ဦးရဲ.မူရင်းရည်ရွယ်ချက်ကိုသေချာမစေ့ငုပဲ ဝေဖန်ဖို.သင့်မယ်မထင်ပါ။

မှ / ဦးကိုကို

Anonymous said...

စာအရေးအသားမှာ ဘက်စုံထူးချွန်ပါပေ့ဆိုတဲ့ ဆရာသော်တာဆွေကို ကဲ့ရဲ့မယ်ဆိုရင်တော့ ဆရာရေးတဲ့စာအားလုံးကိုဖတ်ဖူးဖို့လိုမယ်ထင်တယ်
ဟိုအပေါ်ကဆရာလေး ဘယ်နှအုပ်ဖတ်ဖူးလဲမေးကြည့်ချင်ပါတယ်....