ပခုံးကို လည်း တွန့်ပြကာ ဘာမှမတတ်နိုင်ဟူသော ပုံမျိုး လုပ်ပြသည်။ သို့သော် သူ့မျက်နှာကြီးကို ကြည့်ရသည် မှာကား ကျေနပ်ဂုဏ်ယူနေပုံရသည်ဟု ရာဂျာက ထင်မိပါသည်။ ဒုတိယ ဦးစားပေး အနေနှင့် ရာဂျာကို ပန်းသီးကိတ် လှီးပေးသည်။ "ကျွန်တော် အရင်က တစ်ခါမှ ပန်းသီးကိတ် မစားဖူးပါဘူး။ သိပ်အရသာရှိတဲ့ မုန့်မှန်း ခုမှသိပါတယ်။ ပန်းသီးကိတ်နဲ့ ရေခဲမုန့် တွဲစားရတဲ့ ပထမဆုံး အရသာကို ကျွန်တော် ဘယ်တော့ မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး ခင်ဗျာ" ရာဂျာ၏ စကားကို ကြားရတော့ မစ္စက်အေမိစ်၏ မျက်နှာတစ်ခုလုံးသည် ကျေနပ်မှုဖြင့် ၀င်းပသွားလေ တော့ သည်။ "ကဲ ညစာလည်း စားပြီးပြီ။ လူစီဘဲလ်ရေ ရာဂျာကို ကျောင်းဝင်းကို လိုက်ပြချေပါလား။ လမ်းလျှောက် ရင်းနဲ့ပေါ့။ တခြားကျောင်းသားတွေ ရောက်မလာသေးခင် အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ကြည့် ရတာပေါ့" ကို ဆက်ဖတ်ရန်................
မစ္စက်အေမိစ် က ပြောသည်။
"ပန်းကန်တွေကကော ဘယ်သူဆေးမလဲ မေမေ"
"အို ပန်းကန်တွေအတွက်တော့ မပူပါနဲ့။ သမီးပြန်လာလို့ ပန်းကန်တွေ မဆေးရသေးဘူးဆိုရင် သူတို့ဟာ သမီး ကို စောင့်နေတယ်ဆိုတာ သေချာနေပြီပေါ့ကွယ့်" "ရှင်ကကော လမ်းလျှောက်ချင်ရဲ့လား"
လူစီဘဲလ်က ရာဂျာကို မေးလိုက်သည်။ "သိပ်လျှောက်ချင်တာပေါ့ ဘင်း" "မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်မကို ဘင်းလို့ မခေါ်ပါနဲ့ရှင်။ လူစီဘဲလ် လို့ပဲ ခေါ်ပါနော်" သူက ကမန်းကတန်းပင် တောင်းပန်လိုက်သည်။
ဖုံလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက် လျှောက်သွားကြသည်။ ထိုလမ်းမှာ တက္ကသိုလ်ဝင်းသို့ ဦးတည်နေသည်။ ၀က်သစ်ချပင်ကြီးများမှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အစီအရီ ပေါက်နေကြ သည်။ လမ်းကလေး ကို သစ်ပင်ရိပ်များက ထီးမိုးပေးထားသည်။ အပင်ပေါ်မှ ကြွေကျသော သစ်ရွက်ကလေး များကို လေရူးလေးက ပွေ့ချီသွားတတ်သည်။ အဝေး မှ နွားအော်သံနှင့် တစ်ချက်တစ်ချက် ထွက်ပေါ် လာသော ခွေးဟောင်းသံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ သည်။ ကိုယ့်ခြေသံ ကိုပင် ကိုယ် ကျကျနန ကြားနေရသည်။ တစ်မိုင်ကျော်ကျော် ခန့် လျှောက်ပြီးသောအခါ လဲကျနေသော ၀က်သစ်ချပင်ကြီး တစ်ပင်ဆီသို့ ရောက်လာကြသည်။
"ဒီမှာ တို့ခဏထိုင်ကြမလား ဟင်" ရာဂျာက ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး သစ်တုံးပေါ်တွင် ထိုင်လိုက်ကြ၏။
"ရာဂျာ ကျွန်မကို အိန္ဒိယပြည်အကြောင်း ပြောပြပါလား"
"ပြောစရာတွေ များလွန်းလို့၊ ဘယ်ကစပြီး ပြောရမှန်းတောင် မသိတော့ဘူး"
"ဒါဆို ရှင်တို့ မိသားစုအကြောင်းက စပြော"
"တို့အဖေ က ရှေ့နေကြီး။ တို့အဘိုးကတော့ သမားတော်ကြီးပေါ့ကွယ်"
ထို့နောက် စကားမဆက်နိုင်တော့။ အိမ်လွမ်းရောဂါထလာ ပြန်ပြီလေ။
"ရှင့်မှာ သူငယ်ချင်းကော ရှိလားဟင်။ မိန်းကလေး သူငယ်ချင်းလေ"
သူက ခေါင်းခါပြ လိုက်သည်။
"တစ်ယောက်မှ မရှိဘူး ဟုတ်လား"
"တစ်ယောက်မှကို မရှိပါဘူး"
သူက သေချာအောင် ထပ်ပြောလိုက်သည်။
လူစီဘဲလ် ရင်ထဲတွင် အေးချမ်းသွားသည်။
"ကျွန်မဟာ ရှင့်သူငယ်ချင်း ဖြစ်လာပြီပေါ့ရှင်"
ထိုသို့ သူက ပြောလိုက်ချင်သည်။ သို့သော် ထိုစကားအစား "ဆက်လျှောက်ကြရအောင်နော်" ဟုသာ ပြောလိုက်မိသည်။
ရာဂျ ကတော့ "လူစီဘဲလ်" သည်သာ ရထားပေါ်တွင် တွေ့ခဲ့သော ကောင်မလေးဆိုလျှင် ဘယ်လောက်ကောင်းမလဲ ဟု တွးနေမိသည်။
သို့ဆိုလျှင် သူသည် အိန္ဒိယပြည်အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြပေလိမ့်မည်။ အိန္ဒိယပြည်၏ အတိတ် အကြောင်း က ရွှေထီးဆောင်းခဲ့ပုံများ၊ မျက်မှောက်ခေတ် အောင်မြင်မှုများကို ပုံပေါ်လာအောင် စာပန်းချီခြယ်မှုန်းပြ မည် ဖြစ်သည်။ လူစီဘဲလ်နှင့် ကျတော့ သူသည် ရှက်သလို ရွံ့သလို ဖြစ်နေသည်။ စိတ်သိပ် မပါချင်။
သူတို့သည် တောင်ကုန်းကလေးတစ်ခုပေါ် တက်လာကြသည်။ လူစီဘဲလ်က မြေပြန့်မှ အဆောက်အအုံများကို လက်ညှိုးထိုးပြသည်။ "အဲဒီမှာ ရှင်သွားနေရမယ်" အဆောက်အအုံအားလုံးမှာ အမိုးနီနီလေးတွေချည်း၊ ၀ရန်တာတွေ လည်း ပါသည်။ သပ်ယပ်သော ပန်းခြံလေးများလည်း ရှိနေကြသည်။
"ရှင်နဲ့ အခန်းဖော်အဖြစ် နေရမယ့် လူဝီဟာ ဒီမှာတော့ အတော် ရေပန်းစားတဲ့သူပဲ၊ သူ့ကို ထရပ်ကား ပေါ်မျာတုန်းက တွေ့ခဲ့တယ် မဟုတ်လား။ အခု သူက ရူပဗေဒဘာသာ သဘောတရားပညာကို သင်နေတယ်လေ။ ဥာဏ်သိပ်ကောင်းတယ်။ ရှင်နဲ့ ပေါင်းလို့ရလိမ့် ထင်ပါတယ်"
"မင်းနဲ့ကော ပေါင်းလို့ရရဲ့လား" "တစ်ခါတစ်လေတော့ ပေါင်းလို့ရတာပဲ။ တစ်ခါတစ်လေကျတော့လည်း မျက်နှာကြော သိပ်မတည့်ဘူး။ အထူးသဖြင့် ကျွန်မအဖေပုံမျိုး လိုက်ဖမ်းတဲ့ အခါမျိုးတွေပေါ့။ ရာဂျာ ရှင်တော့ ဒီ ဘန်နီကာ မှာ ပျော်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်တာပဲရှင်" ရာဂျာ က ဘာမှပြန်မဖြေ။
"ကဲကွာ အချိန်လည်း နောက်ကျလှပြီ၊ အဆောင်ပြန်နေဖို့ ကောင်းပြီ ထင်တယ်" သူ က အေးတိအေးစက် ပြောသည်။ "စိတ်မရှိဘူးဆိုရင် ကျွန်မ လမ်းလျှောက်ပြီး လိုက်ပို့ပေးမယ်လေ"
"ရပါတယ်၊ စိတ်မရှိပါဘူး" ရာဂျာက သူ၏ စိတ်မပါလက်မပါ အမူအရာများကို နောင်တရမိ၏။ အဆောင်ရောက်သော အခါ လူစီဘဲလ် က သူ့အခန်းသည် တတိယထပ်တွင် ရှိကြောင်း ညွှန်ပြပြီး၊ အားရပါးရ ပြုံးပြ ကာ နှုတ်ဆက် သွားသည်။ ဒီလိုပြုံးတော့လည်း သူ့အမေနဲ့ အဆင်သားပဲ။
ရာဂျာ က မှတ်ချက်ချမိ၏။ အခန်းထဲရောက်တော့ ရာဂျာက မီးဖွင့်လိုက်သည်။ အခန်းမှာ အတော်ကျယ်သည်။ လူနှစ်ယောက် သက်တောင့်သက်သာ နေနိုင်သည်။ တစ်ယောက်အိပ် ခုတင်နှစ်လုံး၊ စားပွဲခုံ နှစ်ခုံနှင့် စာအုပ်စင်ကြီး နှစ်ခု ရှိသည်။ အခန်းထဲတွင် ကျောက်သင်ပုန်းတစ်ချပ်လည်း ရှိ၏။ ကျောက်သင်ပုန်းပေါ်တွင် ကား သင်္ကေတများ၊ ဂဏန်းများ ရေးထားသည်ကို တွေ့ရသည်။
ကျောက်သင်ပုန်း၏ အပေါ်တွင်ကား ဓာတ်ပုံများ၊ ရုပ်ပုံများ များစွာကို ကပ်ထားသည်။ ထိုအထဲတွင် ရာဂျာ သတိပြုမိသည်က ဓာတ်ပုံနှစ်ပုံ။
တစ်ပုံ က "ဒေါက်တာ ဂျေ ရောဘတ် အိုပင်ဟီးမား"၊ တစ်ပုံက "လူစီဘဲလ်"၏ ပုံအကြီးကြီး။ ထိုပုံ အောက်တွင် "လူဝီ အတွက် အချစ် အချစ် အချစ် များစွာဖြင့်" ဟူသော လူစီဘဲလ်၏ လက်ရေးလေးကို တွေ့ရသည်။ ရာဂျာက ပုံ ကိုရော လက်ရေးစာကိုရော သိပ်ဂရုမစိုက်။
သူက သေတ္တာထဲမှ အ၀တ်များကို ထုတ်ပြီး ဘီဒိုထဲ ထည့်သည်။ ရှပ်အင်္ကျီ၊ ခြေအိတ်၊ လည်စည်း၊ အတွင်းခံဘောင်းဘီ တို့ကို ပထမဆုံးအကြိမ် ဘီဒိုထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ဖူးခြင်း၊ အားလုံး နေသားတကျ ထည့်နိုင်သည် ကို တွေ့တော့ ကိုယ့်ကိုယ်ကို အတော်ဟုတ်လှပြီ အောက်မေ့သွားသည်။ ထို့နောက် အ၀တ် လဲ လိုက်၏။ မိနစ် အနည်းငယ်ကြာတော့ လူဝီရောက်လာပြီး၊ သူ့ကို နှုတ်ဆက်လိုက်သည်။
"ဟာ အင်္ကျီဘောင်းဘီတွေက တယ်ကောင်းပါလားဗျ"
"ဒါက အိန္ဒိယမြောက်ပိုင်းသားတွေရဲ့ ၀တ်စုံလေ။ ကျွန်တော်တို့ အိမ်မှာနေရင် ဒါမျိုးတွေပဲ ၀တ်ရတယ်။ ခင်ဗျားကြိုက် ရင် အမေ့ဆီ စာရေးပြီး တစ်စုံမှာပေးပါ့မယ်။ ဒီပုံအတိုင်း ရစေ့ရမယ်"
ရာဂျာက ရယ်ပြီး ပြောသည်။ "ကြယ်သီးတွေကတော့ ရွှေကျယ်သီးတွေပါလားဗျ"
"ဟုတ်တယ်လေ၊ ခင်ဗျားမသိဘူးလား၊ အိန္ဒိယပြည်ဟာ ရွှေနဲ့ ကျောက်မျက်ရတနာတွေ သိပ်ချမ်းသာ တဲ့ နိုင်ငံဗျ" ရာဂျာက ဓာတ်ပုံတစ်ပုံကို နံရံတွင် ချိတ်နေသည်ကို လူဝီက သတိပြုမိ၏။ "ဒီကောင်မလေးက ဘယ်သူလဲဗျ" "ကျွန်တော့် ရည်းစားလေ" "နာမည်ကကော" "မီနာကူမာရီ တဲ့" "မဆိုးဘူးဗျ၊ ခင်ဗျားထက်တော့ နည်းနည်းပို အသက်ကြီးတယ် ထင်တယ်" "ခင်ဗျား သိသလား" "သိပ်သိတာပေါ့" ရာဂျာကထပ်ပြီး ရယ်လိုက်ပြန် သည်။
"နားထောင် လူဝီ နားထောင်၊ မီနာကူမာရီဆိုတာက ကျွန်တော်တို့ဆီက ထိပ်တန်းရုပ်ရှင်မင်းသမီးဗျ။ ခင်ဗျားရဲ့ နံရံမှာ မိန်းမလှလေးတွေ ပုံတွေချည်း အများကြီး ချိတ်ထားတော့ ကျွန်တော်လည်း အားကျ မခံ တစ်ပုံတစ်လေ ပြန်ချိတ်တာပေါ့ဗျာ" "ဒါဖြင့် ဒီ ငွေဘောင်နဲ့ ဆွဲထားတဲ့ ရုပ်ဖြောင့်ဖြောင့် အဘိုးကြီးကလည်း မင်းသားပဲလား" "မဟုတ်ပါဘူး၊ ဒါကတော့ ကျွန်တော့်အဘိုးပါ။ ဒေါက်တာ မိုဟန်လားလ်တဲ့" ရာဂျာက ဂုဏ်ယူ ၀ံ့ကြွားစွာ ပြန်ပြောလိုက်သည်။ "ဒါနဲ့ ဒီကျောက်သင်ပုန်းကကော ဘာလုပ်တာလဲဗျ" "ဒါက ရူပဗေဒ သင်ခန်းစာတွေ ကျက်မှတ်တဲ့အခါ ရေးပြီး လေ့ကျင့်နိုင်အောင် လုပ်ထားတာပါ" လူဝီက ဆေးတံ ကိုထုတ်၊ ဆေးထပ်ထည့်ကာ မီးညှိလိုက်ပြီး ထပ်မေးပြန်သည်။ "ရာဂျာ ခင်ဗျား ဘာဆက်လုပ်မလဲ ဟင်"
"ခင်ဗျား ဘာဆိုလိုတာလဲဗျ၊ ကျွန်တော်က ဘာဆက်လုပ်ရမှာမို့လို့လဲ" "ခင်ဗျား ဒီမှာနေမလို့လား" "ဘာဖြစ်လို့ မနေရ မှာလဲဗျ"
ဤမေးခွန်းမှာ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် ဆွေးနွေးပြီး ဆုံးဖြတ်ရမည့် မေးခွန်းမျိုးဖြစ်သည်ဟု ရာဂျာက ထင်သည်။ ယခု ဤနေရာတွင် ဆွေးမျိုးများ မိတ်ဆွေများ မရှိ၊ တစိမ်းတရံစာချည်းသာ။ ထို့ကြောင့် ဘ၀ပြဿနာတစ်ခုကို သူ့အနေနှင့် ပထမဆုံး အဖြေရှာရတော့မည်။ ခုနက အင်္ကျီတွေ ထုတ်ပြီး ဘီဒိုထဲ ထည့်သလို ပင် သူ့အတွက် အဆုံးအဖြတ်ကိုလည်း ပထမဆုံး ပေးရတော့မှာပါကလား။
"ဟုတ်တယ်။ ခင်ဗျား ဒီမှာ နေသင့်တယ် ရာဂျာ။ ခင်ဗျားဟာ ဒီကျောင်းမှာ ပထမဆုံး အိန္ဒိယ ကျောင်းသားဖြစ်ရုံမကဘူး။ ပထမဆုံး အာရှတိုက်သားလည်း ဖြစ်တယ်။ ခင်ဗျား ဒီမှာ မနေဘူးဆိုရင် အတော် နာလိမ့်မယ်ဗျ"
"ကျွန်တော် ဒီမှာ မနေချင်ဘူးဆိုတာ ခင်ဗျား ဘယ်နှယ့်သိသလဲ ဟင်"
"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နီဂရိုးတက္ကသိုလ် ပို့လိုက်တဲ့ အကြောင်းကို မသိခဲ့တဲ့လူမို့လို့ပေါဗျ"
"ဒါက ခင်ဗျား ဘယ်လိုလုပ်သိသလဲ" "ဒါကတော့ ခင်ဗျားမျက်နှာပေါ်မှာ အဖြေရှာရ တွေ့နိုင်ပါတယ်ဗျာ။ ခင်ဗျားမျက်နှာ အမူအရာ ကြည့်ရင်ပဲ ရှင်းရှင်းကွက်ကွက်ကြီး တွေ့နေနိုင်ပါတယ်။ ခင်ဗျား ထရပ်ကားပေါ် စတက် လိုက်ကတည်း က ကျွန်တော်ကတော့ သိပြီးသား။ ဒီကောင်လေးဟာ စိတ်မရှင် မကြည်မသာ ဖြစ်နေတယ်။ သူက တို့လို လူမည်းတွေနဲ့ ရောနှောချင်ပုံ မရဘူးဆိုတာ။ ကဲဗျာ ကျွန်တော်ပြောတာ ဟုတ်လား၊ မဟုတ်လား။ ဖြေစမ်းပါဦး" "ဟုတ်ပါတယ်၊ ခင်ဗျားထင်တာ မှန်ပါတယ်ဗျာ" ရာဂျာက ပွင့်ပွင့် လင်းလင်း ၀န်ခံလိုက်မိ၍ သူ့ကိုယ်သူပင် အံ့သြသွား၏။
လူဝီသည် ရာဂျာထိုငနေသော ခုတင်ဆီသို့ လျှောက်လာသည်။
"ရာဂျာ ရယ် မသွားပါနဲ့ဗျာ၊ ဒီမှာ ခင်ဗျားနေသင့်တဲ့ အချက်ထဲမှာ အရေးကြီးဆုံး အချက်တစ်ချက် ရှိတယ်။ ခင်ဗျား က ဒီနိုင်ငံအကြောင်းကို သိချင်တယ်ဆိုရင်၊ ဒီနိုင်ငံဟာ တကယ်တမ်း ဘာနဲ့တူတယ် ဆိုတာ သိချင်ရင်၊ ခင်ဗျားတို့ နိုင်ငံကို ပြန်ရောက်တဲ့အခါ အမေရိကန်နိုင်ငံဆိုတာ ဘာလဲလို့ သေသေချာချာ ပြောပြချင်တယ် ဆိုရင်လေ။ ခင်ဗျားဟာ ဒီဘင်ဂျမင်တက္ကသိုလ် မှာ နေပြီး ကျွန်တော် တို့ မျက်လုံးလုံးတွေ တပ်ပြီး အမေရိကကို ကြည့်ရှု့လေ့လာရလိမ့်မယ်ဗျို့"
(၈)
ထုံးစံအတိုင်း သူသည် အရုဏ်မပျို့ မီမှာပင် နိုးလာသည်။
ထိုအချိန်သည် နေ့လည်းမဟုတ် ညလည်းမမည်သော ကြားကာလ။
ပြတင်းပေါက်ဘေးရပ်ပြီး လေကောင်းလေသန့် ရှူသည်။ မသံဖိုသံ ပေးနေကြသော ငှက်ကလေး များ၏တေးဆိုသံ ကို နားထောင်သည်။ နှင်းစက်နှင်းပေါက်လေးများ မြက်တွေအပေါ် ဆင်းသက်လာပုံကို ကြည့်သည်။ လရောင်လေးက မမှိန့်တမှိန့်၊ နေခြည်ကလည်း မပျို့တပျို့၊ သိပ်လှတဲ့အချိန်ပဲ။
ဒီနေ့တော့ သူသည် ထိုအလှအပများကို သိပ်မခံစားမိပါ။ သူ့ စိတ်နှလုံးသည် ဗလောင်ဆူ နေသည်။ စစ်ပွဲကြီး များကို ဦးဆောင်တိုက်ခိုက် ကြသော စစ်ဗိုလ်ချုပ်ကြီးများနည်းတူ သူ့အဖို့လည်း ဦးနှောက်အလုပ် ရှပ်နေသည်။
"ဘာလုပ်သင့်သလဲ""နေရမလား" "လူဝီက ပြောတော့သူတို့မျက်လုံးတွေက တစ်ဆင့်အမေရိက ကို ကြည့်ပါတဲ့" "သူတို့ မျက်လုံးတွေက ၀မ်းနည်းကြေကွဲမှုတွေနဲ့ ပိတ်ဖုံးနေတယ်။ အဲဒီမျက်လုံးမျိုးနဲ့ သူက ကြည့်ရမတဲ့လား"
"သွားပါ၊ သွားပါ၊ ဂုဏ်တွေ၊ အာဏာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးကို သွားပါ" နှလုံးသား ကတော့ ရထားပေါ်မှ အဖြူမလေးကို သတိရပြီး ထိုသို့ပြောနေသည်။ "ဘယ်လိုသွားရမလဲ၊ ဘယ်ကို သွားရမလဲ" သူ့အဘိုးသာ နံဘေးတွင် ရှိနေလျှင်တော့ တစ်ခွန်းတည်းသာ စကားကို ဆိုမည်ပင် မုချ။
"နေပါ၊ ဆက်နေစမ်းပါ။ မင်းရဲ့တာဝန်ဟာ ဒီမှာ နေဖို့ပဲကွ" ဟူ၍ ပြောမှာ သေချာသည်။
ခုတော့ သူ့မှာက နောက်ထပ်တာဝန်တစ်ခုကပါ ပိုလာသည်။ ဒီနေ့မနက် ဘွဲ့နှင်းသဘင် အခမ်းအနာတွင် စကားပြော ရန် ဒေါက်တာ မေမိစ်က သူ့ကို တိုက်တွန်းထားသည်။ ထိုသို့စကားသာ ပြောဟောပြီးပါက ၊ ပို၍ပင် ဒီနေရာ မှ ခွာဖို့ခက်ချေမည်။ သူက သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင်ကြီး ချလိုက်မိသည်။
"လူဝီ"နိုးလားတော့ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်သို့ ဆင်းလာကြသည်။ လက်ဖက်ရည် ဆိုင်တွင်ကား ကိုယ်ထူကိုယ်ထ စနစ်။ ကိုယ့်ပန်းကန်လေးကို ကိုယ်ဆွဲကာ တန်းစီပြီး စားသောက်ရသည်။ ရာဂျာကတော့ အတော်အံ့သြနေသည်။ "စားပွဲထိုးရှိရင် ဘယ်လောက်ကောင်းမလဲ၊ ပေါင်မုန့်တို့၊ ကြက်ဥတို့အစား ပလာတာတို့ ပဲဟင်း တို့ရရင် လယ်လောက်ကောင်းမလဲ၊ သူတို့ အစားအစာများကို သူ့ခံတွင်း မတွေ့၊ နို့လေးပဲ နည်းနည်းသောက် လို့ ကောင်းသည်"ဟု သူထင်သည်။
နံနက်စားစားပြီးသောအခါ ကျောင်းဝင်းထဲသို့ သွားကြသည်။
စကားပြောသံ၊ ရယ်သံ၊ မောသံ၊ အော်ဟစ်သံ၊ အချင်းချင်း နှုတ်ဆက်သံတို့ဖြင့် ညံနေသည်။ လတ်ဆတ် သစ်လွင်သော လူငယ်တို့၏ အသံများသည် နံနက်ခင်းကိုအလှချယ်ထားသည်။ သူတို့ကြားတွင် ရာဂျာသည် အားလုံး ၏ အထူးဂရုစိုက် လေ့လားခြင်းကို ခံနေရမှန်း သိရှိခံစား လိုက်ရသည်။
မကြာခင်"လူစီဘဲလ်"ရောက်လာသည်။ သူက "လူဝီ" ကို ၀တ်ကျေ ၀တ်ကုန်သာ နှုတ်ဆက်လိုက်သည်။ သူ့မျက်လုံးတွေကတော့ "ရာဂျာ"ဆီတွင်သာ "ကျွန်မတော့ ဒီနေ့ သိပ်ပျော်တာပဲရှင်" "မင်းလည်း ဒီနေ့ သိပ်လှနေပါလားကွ" ရာဂျာက ပြန်ပြောလိုက်သည်။
လူဝီကတော့ "လူစီဘဲလ်"သည် "ရာဂျာ"ကို မျက်စိကျသွားမှာ စိုးနေသည်။ ၉နာရီတိတိတွင် ခန်းမကြီးထဲသို့ ၀င်ကြရသည်။ ဘွဲ့ ယူလေ့ကျင့်ခန်းလုပ်ရန် ဖြစ်သည်။
ပါမောက္ခများလည်း သူ့နေရာသူ ရောက်ကြ၊ ကျောင်းသားများနှင့် ဧည့်သည်များလည်း နေရာယူပြီးသောအခါ အခမ်းအနား စတော့၏။ ဘုန်းတော်ကြီးပျိုတစ်ပါးက ဆုတောင်း ၀တ်ပြုမှုကို စတင်သည်။ ထို့နောက် ကား နိုင်ငံတော် သီချင်းဆိုကာ အလံတော်ကို အလေးပြုကြရသည်။
ထို့နောက် ဘွဲ့ဝတ်ရုံနက်ကြီးကို ဆင်မြန်းထားသော ဒေါက်တာအေမိစ်သည် ပရိသတ်ကို နှုတ်ခွန်း ဆက်စကား မြွက်ကြားသည်။ သူ၏ ဥပဓိသံ သည် တစ်ခန်းလုံးညံသွားစေသည်။
"တက္ကသိုလ် အဖွဲ့ဝင်းများ၊ ဂုဏ်ထူးဆောင်ဧည့်သည်တော်များ၊ ကျောင်းသားဟောင်းများ၊ ကျောင်းသားသစ်များ ခင်ဗျား၊ ကျွန်တော်က အားလုံးကို ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်ရဲ့ ကိုယ်စား ကြိုဆိုနှုတ်ခွန်း ဆက် လိုက်ပါတယ်။ အခုသင်တန်းသစ်တွေ ဖွင့်ချိန် ရောက်လာပါပြီ။ တက္ကသိုလ်မှာ တစ်နှစ်ထက် တစ်နှစ် ကျောင်းသား ဦးရေ ပိုများလာပါတယ်။ ထင်ရှားကျော်ကြားတဲ့၊ နာမည်ကျော်ကြားတဲ့ ပါမောက္ခတွေ ဆိုလည်း ဒီတက္ကသိုလ် မှာ အများကြီး စုနေကြပါတယ်။
လူငယ်ထုအတွက်လည်း အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်ပေးနိုင်တာ အားလုံးအသိပါပဲ။
"ကမ္ဘာတစ်ဝှန်းလုံးမှာ ပြောင်းလွဲမှု လေမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ အဖွဲ့အစည်း ဟောင်းတွေ ချုပ်ငြိမ်း ကုန်ပြီ။ အဖွဲ့အစည်းသစ်တွေ ပေါ်ထွန်းလာပြီ။ လန်းဆန်းသစ်လွင်တဲ့ လေပြေလေညင်းဟာ ညင်ညင်သာသာ တိုက်ခတ်လေပါပြီ။ လွတ်လပ်တဲ့ အမှီကင်းတဲ့ အာဖရိက နိုင်ငံသစ်တွေ ပေါ်ထွန်းလာတာကို ကျွန်တော်တို့ မျက်စိအောက်မှာ မြင်တွေ့နေရပါတယ်။ ဒီလှုပ်ရှားမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အရှိန်အဟုန် ကြီးမား ထွန်းကားလာတာ၊ ခုဆိုရင် မှောင်မည်းတဲ့တိုက်ကြီးဟာ ထွန်းလင်းတောက်ပတဲ့ တိုက်ကြီးတစ်ခု ဖြစ်လာပါပြီ။
"၁၉၆၀ မတိုင်မီက အာဖရိကမှာ လွတ်လပ်တဲ့နိုင်ငံ ၈ ခုပဲ ရှိခဲ့ပါတယ်။ အီဂျစ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ တူနစ်ရှား၊ မော်ရိုကို၊ လစ်ဗားရီးယား၊ ဂီနီ၊ ဂါနာ၊ ၁၉၆၀ ခုနှစ်အတွင်းမှာပဲ နောက်ထပ် အာဖရိကနိုင်ငံ ၁၇ နိုင်ငံ ဟာ အချုပ်အနှောင်ကြားက လွတ်မြောက်လာပြီး ကမ္ဘာ့သမိုင်းရဲ့ မှန်ကန်တဲ့စင်မြင့်ပေါ်ကို တက်လှမ်း လာနိုင်ကြပါတယ်။ အဲဒီမတိုင်မီကဆိုရင် မော်ရီတန်းနီးယား၊ မာလီ၊ ဗောက်တာ၊ ချက်ဒ်နိုင်ငံ ဆိုတာတွေကို လူတွေ သိပ်မကြားဖူးပါဘူး။ ဒီနေ့တော့ ဒီနိုင်ငံတွေ အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ကံကြမ္မာကို ကူညီပိုင်းခြားပေး ဖို့ ကြိုးစားနေကြပါပြီ။ ဒေါက်တာအေမိစ်သည် စကားကို ခဏနားကာ ပရိသတ်အား ကြည့်လိုက်သည်။ လူစီဘဲလ်ကလည်း သူ့နံဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကျောင်းသားများအား ပီဘိတိတ်ဆိတ်နေကြသည်။ အာရုံစိုက် နားထောင်ကြသည်။ ဒေါက်တာအေစိမ် က စကားဆက်ပြောသည်။
"ကျွန်တော်တို့ အမေရိကန်နီဂရိုးတွေကတော့ အာဖရိက ကညီတော် နောင်တော်တွေနဲ့၊ အတော်အလှမ်း ကွာခဲ့ပါပြီ။ တစ်ခါတစ်လေ ရယ်စရာ ဖြစ်ရပ်တွေတောင် ဖြစ်ခဲ့ရပါသေးတယ်။ ၁၉၅၇ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့တဲ့ ဂါနာနိုင်ငံ လွတ်လပ်ရေး အခမ်းအနားမှာ အမေရိကန်အရာရှိကြီးတစ်ယောက် တစ်ယောက်တည်း ရပ်နေ တဲ့ အဝတ်အစား သားသားနားနား ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သွားမေးလိုက်တယ်တဲ့"
"ဒီနေ့လို အချိန်အခါမျိုးမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မယ့် နေ့မျိုးမှာ ခင်ဗျား ဘယ်လိုခံစားရသလဲဟင်။ ခင်ဗျားတို့ ယခုဆို ကိုယ့်အစိုးရအဖွဲ့ဝင်တွေကို ကိုယ်ရွေးချယ် တင်မြှောက်ခဲ့နိုင်ပြီ။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ကို ရွေးချယ်ခဲ့နိုင်ပြီ။ ခင်ဗျားအနေနဲ့ စိတ်ခံစားမှု ဘယ်လိုရှိနေသလဲ သိချင်ပါတယ် လို့ မေး လိုက်တယ်။
အမေးခံရတဲ့လူက၊ အမေရိကန်အရာရှိကြီးကို ကြည့်ပြီး
"ကျွန်တော်တော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့လူ ဖြစ်ရလို့၊ ကိုယ့်အစိုးရ အဖွဲ့ဝင်တွေကို ကိုယ်တိုင်ရွေးချယ် ရလို့ ကုလသမဂ္ဂကိုယ်စားလှယ်တွေကို ရွေးနိုင်ခဲ့ လို့၊ ဘယ်လိုခံစားရ တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဂါနာလူမျိုးမှ မဟုတ် တာ။ မစ္စစ်စပီက အမေရိကန်နီဂရိုးပဲဗျ" လို့ပြန်ပြောတယ်တဲ့။
"ကဲ အဲဒါပဲကြည့်ဗျာ။ ဒီလိုလမ်းကြောင်းကို ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ ဆက်လျှောက်ကြဦးမလဲ။ ကျွန်တော် တို့ဟာ မနေ့ကလည်း ဒီအတိုင်းပဲ။ တစ်နေ့ကလည်း ဒီအတိုင်းပဲ။ ဒီနေ့အထိ ခွဲခြားဖိနှိပ်မှုဒဏ် ခံနေရဆဲ ပါပဲ။
"ကျွန်တော်တို့ရဲ့ အခြေအနေတွေဟာ တိုးတက်လာနေပါတယ်လို့ သူတို့ကပြောတယ်။ ဟုတ်ကဲ့ ကျွန်တော်ရဲ့ တိုးတက်တယ်ဆိုတာက တစ်နှစ်သားလေး ဝမ်းလျားထိုးသွားတတ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ လွတ်လပ်ခွင့် ကြေညာစာတမ်းကြီးဟာ ကျွန်တော် တို့ မွေးစကတည်း က ရေးဆွဲ ခဲ့တယ် ဆိုရင်တော့ ခုဆိုကျွန်တော်တို့ဟာ အသက်ရာ ကျော် အဘိုးအဘွားတွေ ဖြစ်နေပြီလို့ ဆိုရပေမယ်။ ဒီအတိုင်း ဆိုရင်တော့ ဝမ်းလျားထိုးအဆင့်က မတက်ဘဲ၊ ဘယ်တော့မှ လမ်းလျှောက်တတ်တော့မှာ မဟုတ်ဘူး။
"ကျွန်တော်တို့ လွတ်လပ်ခွင့်အတွက် သူတစ်ပါးတွေကို အပြစ်ဖို့နေစရာ မလိုပါဘူး။ ၁၈၈၃ခုနှစ်၊ စက်တင်ဘာလ ကင်တပ်ကီပြည်နယ် လူဝီဝီးလ်မြို့မှာ ကျင်းပတဲ့ လူမည်းတွေရဲ့ အမျိုးသားညီလာခံမှာ "ဖရက်ဒရစ်၊ ဒေါက်ကလပ်စ်က"က ဒီလိုကြေညာခဲ့ပါတယ်။ လွတ်မြောက် ချင်တဲ့လူတွေဟာ ကိုယ်ဖာသာကိုယ် တိုက်ပွဲ ဝင်ကြ။ အကယ်၍ ဒီနိုင်ငံက လူမည်း ၆သန်းသာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ လက်နက်ကို စွဲကိုင်ပြီး သူတို့ရဲ့ ထောက်ခံမှုကိုယူပြီး၊ အသားအရောင် ခွဲခြားမှုနဲ့ ဖိနှိပ်မှုတို့ကို ဆန့်ကျင် ကာကွယ် နိုင်ကြမယ်ဆိုရင် ဘာပြဿနာမှ ပေါ်မှာမဟုတ်ပါဘူး။ လူတွေစုပေါင်းပြီး တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်နိုင်ကြပါတယ်။ သူတို့ဖာစာသူတို့ ကာကွယ်မယ့်အစား မပြောတတ်ကြလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့စကားပြောတတ်ကြတဲ့ လူတွေလား။ ဒါမှမဟုတ် စကားမပြော တတ်ကြတဲ့ လူတွေလား။ ကွဲကွဲပြားပြားသိဖို့ ကောင်းပါပြီတဲ့။"
"ဟောဒီမှာ စုရုံးရောက်ရှိလာကြတဲ့။ မင်းတို့လူငယ်တွေဟာ၊ တို့အားလုံးအတွက် စကားပြောပေးဖို့ တာဝန်ရှိကြ တယ်။ ဒီအသိုင်းအဝိုင်း က ယောက်ျားလေးရော၊ မိန်းကလေးရော၊ အားလုံးဟာ အထူးအခွင့်အရေး ရှိကြတဲ့ သူတွေပဲ။ ကျွန်တော်တို့ဟာ စီးပွားရေးနဲ့ လူမှုရေး အဆင့်အတန်းတွေ မြင့်တက်လာပါပြီတဲ့။ မှန်ပါတယ်။ ဒါပေမဲ့ ဒါက လူနည်းစုပါ။ ဒါနဲ့ ကျေနပ်နေကြရမှာလား။ ဘယ်သူသေသေ ငတေမာပြီးရော တဲ့လား။ ကဲ အားလုံး ကျေနပ်ကြရဲ့လား။ "လူစီဘဲလ် သည် သူ့ဖခင်၏ စကားထဲတွင် နစ်မျောနေရာမှာ ပတ်ဝန်းကျင် တစ်ခုလုံး ကို လုံးဝ သတိမထားဘဲရှိနေစဉ်တွင် တစ်ခန်းလုံးပြည့် အော်ဟစ်လိုက်ကြသံကြောင့် လန့် ဖျန့််သွား သည်။ "မကျေနပ်ဘူး၊ မကျေနပ်ဘူး။ ဒါလောက်နဲ့ မကျေနပ်နိုင်ပါဘူး" ကျောင်းသားအားလုံးပင် မတ်တတ်ရပ်ပြီး။ လက်ခုပ်တီးကြ။ ခြေဆောင့်ကြ၊ အော်ဟစ်ကြနှင့်။
"ဒါကို မကျေနပ်ကြဘူးဆိုရင် အာဖရိကတိုက် ပြည်သူတွေလို တကယ့်လွတ်လပ်ရေး ရနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေကြ"
တစ်ခန်းလုံးပင် သြဘာသံ လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်။
အခန်းပြန်ငြိမ်သွားတော့မှ ဒေါက်တာအေမိစ်က ဆက်ပြောပြန်သည်။
"ဒီနေ့ အဖို့ ထူးခြားတဲ့အချက်တစ်ခုကို ပြောပြဦးမယ်။ ဒီတက္ကသိုလ်သမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ်၊ အာရှ က ကျောင်းသားတစ်ယောက် ဒီကိုလာပြီး ပညာသင်တဲ့ အကြောင်းပါပဲ။ သူက အိန္ဒိယက "ဂျာကုမာတြိဝေဒိ" ပါပဲ။ သူ့ကို စကားနည်းနည်းပြောဖို့ ကျွန်တော်တောင်းဆိုပါရစေ။
ရာဂျာက စကားပြောစင်မြင့်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ မျက်လုံးတွေ အများကြီးက သူ့ကို ကြည့်နေသည် ကို သူသတိထားမိ၏။ သူက ခေတ္တခဏမျှ ဘာမှမပြောဘဲ ရပ်နေလိုက်ပြီးမှ တိုးညင်းသော်လည်း ကြည်လင်ပြတ်သားသော အသံဖြင့်စပြီး ပြောလိုက်သည်။
"လေးစားအပ်ပါသော ကျောင်းဆရာကြီ၊ တက္ကသိုလ် ဆရာဆရာမတွေနဲ့ ဧည့်သည်တော်တွေ၊ ကျောင်းသူကျောင်းသားလုံးတို့ ခင်ဗျား
"အိန္ဒိယပြည်ဟာ လွတ်လပ်ရေးတိုက်ပွဲကို လွဲခဲ့ရတာ သိပ်မကြာလှသေးပါဘူး။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင် ဟာ မိုဟန်ဒတ်စ် ဂန္ဒီပါ။ သူ့ကို မဟတ္တမလို့ ခေါ်ကြပါတယ်။ သူ့ရဲ့ သူတော်စင်ဆန်တဲ့ ကျင့်စဉ်တွေကြောင့်ပါ။ သူက အကြမ်းမဖက်သော နည်းနဲ့ လွတ်လပ်ရေးကို အရယူနိုင်မယ်လို့ ယုံကြည့်ခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းကို သူ ရတာက လူနှစ်ယောက်ဆီကပါ။ တစ်ယောက်က ရုရှားလူမျိုး၊ တစ်ယောက်က အမေရိကန်လူမျိုး၊ ရုရှားလူမျိုး ကတော့ နာမည်ကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်း၊ အမေရိကန်လူမျိုးကတော့ ထင်ရှားတဲ့ သဘာဝတ္တ ပညာရှင်ကြီး ဒေးဗစ်ဟင်နရီသော်ရူး။ ''သော်ရူးရဲ့ အဘိဓမ္မာတွေဟာ အမေရိကန်ပြည်မှာ မအောင်မြင်ခဲ့ပေမယ့် အိန္ဒိယ မှာတော့ အောင်မြင်ခဲ့ပါတယ်။ သော်ရူးဟာ ဟိန္ဒူအဘိဓမ္မာ ကိုလည်း သဘောကျ နှစ်ခြိုက်ခဲ့ သူ ဖြစ်ပါတယ်။ သူက ''ဘဂဝါဂီတ'' ကိုတောင် ကျေကျေညက်ညက် လေ့လာနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
''ဂန္ဒီကကြေညာထားတာ တစ်ခုရှိပါတယ်။ ကျွန်တစ်ယောက်ရဲ့ အဆင့်အတန်းဟာ ကျွန်ပိုင်ရှင် အဆင့်အတန်း ထက် ပိုပြီး မြင့်မြတ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ပိုင်ရှင်ဆိုတာက မကောင်းဆိုးဝါး ဖြစ်ပြီး၊ ကျွန် ဆိုတာကတော့ အပြစ်ကင်းသူမို့ပါ ပဲတဲ့။ ဒီလို သဘောတရားတွေကို ကိုင်တွယ်ပြီး သူဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု တွေ ကို လုပ်ပြီးနိုင်ငံရေးပြဿနာကို ပြောင်းခဲ့ပါတယ်။
''အိန္ဒိယပြည်ဟာ ခင်ဗျားတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး လုပ်ရပ်တွေ မှာ အောင်ပွဲဆင်နိုင် ဖို့ စောင့်ကြည့်နေခဲ့ပါတယ်။ ဒေါက်တာ မာတင်လူသာကင်းဆိုတဲ့ နာမည်ကို ကျွန်တော်တို့အားလုံး သိနေကြပါတယ်။ သူဟာ သူ့အတိုက်ခံတွေအပေါ်မှာ စာရိတ္တအောင်ပွဲတစ်ခုတည်းနဲ့ ပြီးမလား။ အာဏာဖီဆန်မှု လုပ်ငန်းတွေ ကမှ အလင်းရောင်လမ်းစ မဟုတ်ဘူးလား။ ခပ်ကြမ်းကြမ်းရမ်းရမ်း နည်းတွေသုံးရင်တော့ ဒုက္ခရောက်ကြ တာပဲ အဖတ်တင်ပါလိမ့်မယ်။
''အာဏာဖီဆန်ရေး လုပ်ရပ်တွေဟာ သတိတရားနဲ့ သစ္စာတရားတို့ရဲ့ အနှစ်သာရတွေမို့ ကမ္ဘာ က လေးစားကြမှာဖြစ်တယ်။ ပင်စည်က ကျန်းမာမှ အမြစ်တွေက ခိုင်မာပါမှ အဲဒီအပင်ရဲ့ အသီးတွေက ချိုမြ ပါလိမ့်မယ်။'' ထို့နောက် သူသည် လက်အုပ်ချီလိုက်သည်။ ထို့နောက် ခေါင်းညွှတ်ကာ အရိုအသေပြုသည်။
ကျောင်းသားများက ငြိမ်ငြိမ်သက်သက် ယဉ်ယဉ်ကျေးကျေးပင် လက်ခုပ်တီးလိုက် ကြသည်။ပါမောက္ခအချို့နှင့် ဧည့်သည်အချို့တို့ကမူ လှိုက်လှိုက်လှဲလှ် ပြန်၍ လက်ခုပ်တီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ရာဂျာ၏မိန့်ခွန်း သည် ဒေါက်တာ အေမိစ်၏ အစွန်းရောက် အကြမ်းဖက်ဆန်သော မိန့်ခွန်းကို ချေပလိုက်၍ပင် ဖြစ်သည်။ လက်ခုပ် လုံးဝ မတီးသူကား သုံးယောက်သာရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့် လူဝီ။ သူတို့ သုံးယောက် သာ ရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့် ဒေါက်တာအေမိစ်ကမူ သူနှင့်ရာဂျာတို့၏ ပဋိပက္ခလေးတော့ စပြီဟု စိတ်ထဲတွေးမိလိုက်သည်။
သမိုင်းအစဉ်အလာအရမူ အကြမ်းဖက်မှုသည် တိုက်ပွဲတိုင်းတွင် ရှိစမြဲဟု သူနည်းလည် သိရှိခဲ့သည်။
''အကြမ်းမဖက်နှင့်၊ သင်၏ ညာဘက်ပါးကို ရိုက်ပါက ဘယ်ဘက်ပါးကို လှည့်ပေးလိုက်ပါ'' ဟူသော တရားကို လက်တွေ့ တွင် ကျင့်ကြံနိုင်ကြပါ့မလား။
ပြည်တွင်းစစ်တွေ မရှိဘဲနှင့် ကျွန် များ လွတ်မြောက်လာနိုင်ကြပါ့မလား။
ကျွန်ပိုင်ရှင် များသည် နောက်ဆုံး၌ တရားပေါက်လာပြီးမှ ကျွန်တော်ကို လွတ်လပ် ခွင့်ပေးခဲ့သည့် အစဉ်အလာကော တွေ့ခဲ့ဖူး ပါသလား။ အမေရိကန်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် လေးနှစ်ကျော် တိုက်ခိုက်ခဲ့ကြပြီး လူု့အသက်ပေါင်း ၆သောင်းကျော် သေကြေပျက်စီးခဲ့ရသည်။ ဒီလိုမလုပ် ဘဲ အောင်ပွဲ မရနိုင်ဘူးလား။ လူ့အသက်တွေ ဒီလောက် ရင်းနှီးပြီးမှ တိုက်ယူ၍ရသလား။ ဟုတ်ကဲ့ ဒီလိုပဲ တိုက်ယူမှ ရနိုင်မည် ဟု ဒေါက်တာအေမိစ် က ယုံကြည်ပါသည်။ ထိုသို့တိုက်ယူ၍သာ ကျွန်ပိုင်ရှင်စနစ်သည် ဥပဒေ အရ ချေဖျက် ပျက်ပြုန်းသွားရ သည် မဟုတ်ပါလား။
ပြည်တွင်းစစ် ဖြစ်ပြီးနောက်၊ ပြန်လည် ထူထောင်ရေးကာလ အတောအတွင်းတွင် မြောက်ပိုင်းသားများနှင့် ကျွန်ပိုင်ရှင်ဟောင်း တို့၏ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်တွေ ထပ်မံ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုအခါမျိုးတွင် အကူအညီမဲ့၊ လက်နက်မဲ့ လူမည်းတွေက ဘယ်လိုပြန်ကာကွယ်ခဲ့ကြသလဲ။
ဒေါက်တာအေမိစ်က ထိုသို့တွေးနေမိသည်။ သို့သော် လူစီဘဲလ်ကမူ ထိုသို့မဟုတ်ပါ။ ရာဂျာ စကားစပြော ကတည်းက သူသည်အငေးသားနားထောင်ခဲ့ပါသည်။ ကဗျာဆရာတစ်ယောက် ကဗျာရွတ်နေသည်ကို နားထောင်သလို ပင် နားထောင်နေခဲ့ပါသည်။ သူဘာတွေ ပြောနေသည်ကို ကား သူမသိ။ သူသိသည်ကတော့ သူ၏ပြောပုံ ဆိုပုံ ဟန်ပန်ကိုသာ။
ရာဂျာ စကားဆုံးသွားသော အခါ သူသည် လက်ခုပ်ပင်မတီးမိ။ လက်ခုပ်တီးလိုက်လျှင်ပင် အလှအပလေး တစ်ခု။ ပြန်မရနိုင်သည့် အလှအပလေးတစ်ခုကို သူဖျက်ဆီးမိမှာကိုစိုး၍။ ထို့ကြောင့် သူသည် လက်ခုပ်မတီးခဲ့။ သို့သော် သဘောကား ကျ၏။ လူဝီ၏ အမူအရာမြင်မှ သူသတိပြန်လည်လာသည်။
''နင်က မကြိုက်ဘူးလား။''
''ဘာကို မကြိုက်တာလဲဟင်''
''ရာဂျာရဲ့ မိန့်ခွန်းကိုလေ။''
''ငါက မကြိုက်ဘူးလို့ တစ်ခါမှ မပြောမိသေးပါလားဟ''
''ဒါပေမဲ့ နင့်ကြည့်ရတာ သိပ်ပြီး ဘဝင်မကျနေတဲ့ပုံပဲ''
''ဒါတော့ ငါလည်း မတတ်နိုင်ဘူးလေ။''
''နင်က မနာလိုဝန်တို ဖြစ်နေတယ်လို့ ငါထယ်တယ်ဟာ''
လူဝီက ဘာမျှပြန်မပြေပဲ မတ်တတ်ထလိုက်သည်။
''မသွားပါနဲ့ဟယ်။ ငါတောင်းပန်ပါတယ်။ ငါဆိုလိုတာက အဲဒီလိုမဟုတ်ပါဘူး။
''နင်က ဒီလို မဆိုဘူးဆိုရင် ဒါမျိုးဘာဖြစ်လို့ ပြောခဲ့တာလဲ''
လူဝီက ဒေါသသံဖြင့်ပြောကာ ထွက်သွားတော့၏
အဆောင်ပြန်ရောက်တော့ လူစီဘဲလ်က ရာဂျာကို ပြောသည်။
''ရှင်စကားပြောတာ သိပ်အံ့သြစရာကောင်းတာပဲ။ လက်ထဲမှာလည်း ဘာစာရွက်မှ ရေးတာမှတ် တာမရှိဘဲနဲ့ လက်တန်းပြောနိုင် တယ်နော်။ ''စာရွက်တွေ ဘာတွေ ကိုင်ဖို့ မလိုပါဘူးကွယ်။ စကားပြောပညာဆိုတာ အိန္ဒိယပညာတတ်တွေရဲ့ ယဉ်ကျေးမှု တစ်ရပ် ပဲကွ။ ဒါနဲ့ စကားမစပ်။ သိပ်အံ့သြစရာကောင်းတာပဲဆိုတဲ့ စကားမျိုးကို ငါ့အဖေလည်း သိပ် သုံးတတ်တာပဲ။ အံ့သြစရာကောင်းတယ်ကွာ၊ အံ့သြစရာကောင်းတယ်ကွာနဲ့ သူ့အတွက် အရာရာ ဟာ အံ့သြစရာ ချည်း ဖြစ်နေတာပဲ'' ရာဂျာ၏ စကားသံထဲတွင် ခါးသီးမှုများပါနေ၍ လူစီဘဲလ်ပင် အံ့သြသွားသည်။
''ဘယ့်နှယ့်၊ ရှင်က ရှင့်အဖေကို မကြိုက်ဘူးလားဟင်''
''ကြိုက်တာပေါ့။ ကြိုက်သမျှ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ငါက သူ့ကို မနာလိုဖြစ်နေမိတယ်လို့ ထင်တယ်ကွာ''
ထို့နောက် သူက သူ့အိမ်အကြောင်း ပြောပြလိုက်သည်။ လူစီဘဲလ်က ငြိမ်ငြိမ်လေး နားထောင်နေသည်။ သူ့ လက်ကမူ ရာဂျာ ၏ လက်မောင်းများကို တွယ်ချိတ် ထားသည်။ ရာဂျာက မိန်းမသားလက်နုနုလေး၏ အတွေ့အထိ ကို ခံစားနေရသည်။ သူက ဒီလိုယုယကြင်နာမှုမျိုးကို လိုအပ်နေ ချိန်၊ တောင့်နေချိန်၊ မေတ္တာငတ်မွတ်နေချိန်တွင် ဒီလိုအပြုအမှုလေးကြောင့် တုန်လှုပ်သွားသည်။ အိန္ဒိယ လုံမပျိုလေး များက ဒီလို ဘယ်တော့မှ လုပ်ရဲကြမည်မဟုတ်။ ထို့နောက် သူ့ဖာသာသူ သဘောကျပြီး ရယ်ချ လိုက်သည်။
ဆက်ရန်
.

No comments:
Post a Comment