Thursday, August 2, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၄)

သူကြွယ်ကြီး ဦးလော်ပေါ် သည် သူမကွယ်လွန်မီကပင်၊ သူ၏ ရေကန်ကို နောင်လာနောက်သား များ၊ အကျိုး ရှိစွာ ဆက်လက် သုံးစွဲနိုင်ရန်၊ ရေကန်ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သူ၏ လယ်ကျွန် (လယ်ကူလီ/ သူရင်းငှား) ထဲမှ၊ ရိုးသား ကျိုးနွံသော မိသားစုကို တာဝန်ပေးခဲ့၏။ ထိုမိသားစု သုံးစု၏ မျိုးဆက်သုံးစု သည်လည်း ဤရေကန်စောင့် ဒုတိယမျိုးဆက်မှ မိသားစု သုံးစသည်၊ ရေကန်ရှိရာ ကုန်းကလေးပေါ် သို့ ပြိုင်တူလိုလို လာရောက်နေထိုင်၊ အခြေစိုက်ကြရာမှ ... ဤနေရာသည် သုံးအိမ်စု ဟု အမည်တွင် သွားလေတော့သည်။ ကို ဆက်ဖတ်ရန်..........

ခေတ်ကာလများ ရွေ့လျားပြောင်းလဲလာခဲ့ပြီးသောအခါ သုံးအိမ်စုသည် ပိုင်ရှင်မဲ့ နယ်မြေဖြစ်သွားကာ၊ ရပ်ထဲရွာထဲ ၌ နေထိုင်ရန်အဆင်မပြေသော မိသားစုများသည် သုံးအိမ်စု သို့ ပြောင်းရွှေ့ အခြေချ နေထိုင် လာခဲ့ကြရင်း၊ ယခုအခါ...၊ သုံးအိမ်စုတွင် လူနေအိမ်(၁၈)လုံးတိတိ တိုးပွားလာခဲ့၏။ သုံးအိမ်စု သက်တမ်း ကလည်း နှစ်(၁၀၀)နီးပါးရှိခဲ့ပေပြီ။

သုံးအိမ်စု ၏ ပထဝီဝင်အားနည်းချက်တစ်ရပ်တော့ ရှိ၏။ မိုးရာသီ (၃/၄)လအတွင်း၊ သုံးအိမ်စုပတ်လည် လယ်ကွင်းများ သည် ရေနက်ကွင်းများဖြစ်၍ လူတစ်ရပ်ကျော်ကျော် နက်သော ရေထုရေပြင်ကျယ်ကြီး များအောက် သို့ ရောက်ရှိနစ်မြုပ်နေလေ့ရှိသည်။ ထိုအခါ သုံးအိမ်စုသားတို့သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် အလို့ငှာ၊ လှေ ကိုသာ အားကိုးအားထားပြုကြရသည်။ သို့ရာတွင် မိုးရာသီတွင် သုံးအိမ်စု၏ ပထဝီဝင် အားသာချက် မှာ၊ သုံးအိမ်စုကို ဝိုင်းရံနေသော ရေပြင်ကြီးမှာ၊ ထိုကာလတွင် “အင်း” ကြီးတစ်အင်း အသွင် သို့ ပြောင်းသွားပြီ၊ ကဋေပေါင်းများစွာသော ငါး၊ပုစွန်များ ကျက်စားပေါက်ဖွားရာ အဏ္ဏဝါအာဟာရ ရတနာသိုက်ကြီး အသွင်သို့ ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။

ဤအချိန်မျိုးတွင် သုံးအိမ်စုသားများသည် အလိုအလျောက်တံငါများဖြစ်လာကြတော့၏။ သီတင်းကျွတ်လ (အောက်တိုဘာ)လောက် တွင် မိုးပါးပြီး ကွင်းထဲ၌ ရေကျသွားချိန်၌ ဆောင်းစပါးစိုက်သော လယ်သများများက၊ လယ်ကွင်းပြင်ကျယ်ကြီး ကို မြစိမ်းရောင်လွှင်အောင် ဖန်တီးကြည့်အခါ သုံးအိမ်စုသားများမှာ အလိုအလျောက် လယ်သမားတွေ၊ လယ်သူမတွေ ဘဝသို့ ကူးဝင်ခဲ့ကြပြန်တော့သည်။ သို့နှင့် စပါးရိတ်ရာသီ ပြီးဆုံးသွား ၍ နွေရတုချိန်ခါ သို့ ရောက်ရှိလာပြီဆိုလျှင်တော့၊ သုံးအိမ်စုသားများသည် “ဧည်သည်”များကိုမျှော်ရင်း၊ ပိုက်ဆံ ထည့်ရန်သေတ္တာ များကို အသင့်ဖွင့်ထားလိုက်ကြ၏။ ထမင်းဟင်းရောင်းချမည့်သူများကလည်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော ကုန်ခြောက်များအပြင်၊ ကြက်ဘဲဝက်များကို အသင့်ခြံလှောင်ထားလိုက်ကြ၏။

အရက်ရောင်းမည့်သူများကလည်း၊  ရာဝင်အိုးကြိးများ ကို ဆေးကြောသန့်စင်၍ နေလှန်းလျက် ရှိသည်။ မျောက်ချောပင် အထက်ရှိ လင့်စင်ကို ပြင်ဆင်သူတွေက ပြင်ဆင်နေကြ၏။ တပေါင်း တန်ခူး ဆိုသော နွေရာသီနှစ်လ သည် သုံးအိမ်စုသားတွေ ငွေအရွှင်ဆုံးကာလပင်ဖြစ်ပေသည်။ ကျန်ကာလများ တွင်ကား သူတို့ သည် ကြုံရာကျပန်း အလုပ်ဖြင့် ရရစားစား၊ ဝါးဝါးမျိုမျို မနက်ဖြန်မရှိသော လူသားများ ကလို ပေါ့ပေါ့လှပ်လှပ်၊ ရောင်ရောင့်ရဲရဲသာ ရှင်သန်နေထိုင်ကြပေ၏။

သုံးအိမ်စုကို အကုသိုလ် ပစ္စန္တရစ်အဖြစ် သမုတ်ကြသူတွေ အများအပြားရှိကြပါသည်။ သို့သော်၊ သုံးအိမ်စုတွင် ယနေ့အထိ ကြီးကျယ်သော ရာဇဝတ်မှုကြီးမျိုးဖြစ်ပွား ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ၄/၅ ချက်လောက် ချုပ်ရရုံ ခေါင်းကွဲအောင် ရိုက်မှုလောက်၊ ဆဲမှုလောက်၊ ကြက်ခိုးမှုလောက်သာ ဖြစ်ဖူး၏။ ထို့ကြောင့်လည်း သုံးအိမ်စု မှာ ဖျက်သိမ်း ဖယ်ရှားခြင်း မခံရဘဲ၊ ယနေ့ထိ ကွင်းခေါင်ခေါင်ထဲမှာ တစ်သီးပုဂ္ဂလကျွန်းကလေး တစ်ကျွန်း လို ရပ်တည်နေခဲ့ရခြင်းဖြစ်သည်။

သုံးအိမ်စု မှာ စန်းချိုအဖေ ဦးဖိုးလူရဲ့ အစ်ကိုရင်း ဦးခန့်ဆိုတာ ရှိတယ်။ ဦးခန့်စာ သုံးအိမ်စုမှာ ရပ်မိ ရပ်ဖလူကြီးပဲ၊ သုံးအိမ်စုသားတွေ တစ်ညီတစ်ညါတ်တည်း ခန့်ထားတဲ့ သူကြီးလို့ဆိုပါတော့၊ အရပ်လူကြီးဖြစ် သလို ဦးခန့်ဟာ သူ့ညီ ဦးဖိုလူလို ဂျပုကလေးမဟုတ်ဘဲ၊ အရပ်(၆) ပေလောက်မြင့်တဲ့ လူထွာကြီး၊ အရပ်အမောင်း နဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အတ္တဘောကြီးရှိပြီး။ မည်းမည်းသည်းသည်းနဲ့ တကယ့် ကျွဲသိုးကြီး အတိုင်း လေးထောင့်စပ်စပ်မျက်နှာကြီးနဲ့ ပါးတစ်ဖက်မှာလည်း ဓားဒဏ်ရာအမာရွတ်ကြီးနဲ့။ တကယ့်တော့ ဦးခန့်ဟာ တစ်ချိန်တုန်းက ဓားပြဗိုလ်ကြီးဆိုပဲ၊ ထောင်နန်းစံရတဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်ဘူးတဲ့။

ငါနဲ့စန်းချို တို့ ရောက်သွားချိန်မှာတော့ ဦးခန့်က ဓားပြတိုက်ဖို့ စိတ်ကူးပုံမရတော့ဘူး။ ဒါပေမဲ့ စိတ်ပုတီးလည်း ကိုင်တာ မဟုတ်ဘူး၊ မိန်းမ (၂) ယောက်ယူထားပြီး၊ မိန်းမတွေဈေးတောင်းခေါင်းရွက် လုပ်ကျွေးတာကို အိမ်ဦးခန်းမှာ မြိန့်မြိန့်ကြီးထိုင်စားနေတယ်။ နွေရာသီ ကြက်ဝိုင်း၊ လောင်ကစားဝိုင်းတွေ ခင်းကျင်းတဲ့ပွဲ (သူတို့အခေါ်အာဝါဒေးပွဲ) မှာ ဦးခန့်က ကြီးကြပ်ရတာ၊ ကစားဝိုင်းတွေမှာ အကောက်မကောက်ပေမယ့် ပွဲပြီးတဲ့ အခါမှာတော့ ကစားသမားတွေစုပြီ၊ ဦးခန့်ကို ရပ်ရေးရွာမှုမှာ သုံးစွဲဖို့ ရန်ပုံငွေချီးမြှင့်ကြတယ်။ အဲဒီငွေထဲကနေ ဦးခန့် က အဝေးကြည့် မှန်ပြောင်းငှားတဲ့ တိုးရွှေနဲ့ အလှည့်ကျကင်းစောင့်တဲ့ ကင်းသမားတွေကို သင့်တင့် သလောက် ခွဲတမ်းချ တယ်။ ကျန်တာကတော့ သူ့အိတ်ကပ်ထဲ ထည့်လိုက်တာပေါ့။

အာဝါဒေးပွဲ က ရလိုက်တဲ့ငွေဟာ၊ ဦးခန့်အတွက် တစ်မိုးတွင်းလုံး ဒူးနှံ့ပြီးထိုင်စားလောက်တယ်။ ဒါပေမဲ့ ဦးခန့်က ရတဲ့ ငွေကို စနစ်တကျ သုံးတာမဟုတ်ဘူး။ ကြက်ဝက်အမဲသားငါးတွေကို အိုးကြီးခွက်ပြဲနဲ့ချက်၊ အရက်တွေ (၅) ဂါလံပလတ်စတစ် ပုံးကြီးနဲ့ မှာပြီ၊ သုံးအိမ်စုသားတွေကို အလှူကြီးပေးသလို ပေးပစ်တာတဲ့။ ဦးခန့် အဲသလို လှူတဲ့ ရက်မျိုးဆိုရင် သုံးအိမ်စုမှာ မီးခိုးတိတ်ပဲ၊ လူကြီး ကလေး ခွေးတွေပါမကျန် လာစားကြတာ၊ ဒီတော့ အာဝါဒေးကရတဲ့ ငွေဟာ (၁၀)ရက်တောင်မခံဘူး၊ ပြောင်သလင်းခါတာပဲ။

ဦးခန့် ဒီလို ဖြုန်းတီးပစ်တာကို သူ့မိန်းမနှစ်ယောက်လုံး စကားဟဟမဝေဖန်ရဲကြဘူး၊ ဘယ်လောက်ကြောက် ရသလဲဆိုရင် “ဟေ့ မပုံ” လို့ မယားကြီးကို ဦးခန့်လှမ်းခေါ်လိုက်ရင် မပုံဟာ ရောက်ရာအရပ်မှာ လန့်ဖျပ်ပြီး ထ ထခုန် တတ်တယ်၊ “ဟဲ့... ထွေးကြည်”လို့ မယားငယ်ကို ဦးခန့်ခေါ်လိုက်ပြန်ရင်လည်း မထွေးကြည်ဟာ အိမ်သာ ကို အရင်ဆုံးတန်းပြေးပြီးမှ ဦးခန့်ဆီ ပြန်လာတတ်လေရဲ့။ သားသမီး(ဇနီးတွေက မွေးထားကြတာ) ရှစ်ယောက် ဟာလည်း ဖအေ့ရှေ့မှာဆိုရင်၊ ခြင်္သေဂူဝက ယုန်ကလေးတွေလို ကတုန်ကရီနဲ့ မျက်စိသူငယ် နားသူငယ်ဖြစ်ကြ လို့။

အဲဒီ ဦးခန့်ဆီကို ငါနဲ့ စန်းချိုတို့ ရောက်သွားကြတော့ နေစောင်နေပြီ။ ဦးခန့်က သူ့တူမ စန်းချိုကို ချစ်ခင် တွယ်တာပုံပဲ။ ငါ့ကိုတော့ မျက်လုံးတောက်တောက်ကြီးတွေနဲ့ စက္ကန့်မလပ် အကဲခတ်နေတယ်။
စန်းချို က သူ့ဦးကြီးကို အခြေအနေ အဖြစ်အပျက်တွေအားလုံး အရင်းအမှန်အတိုင်း ဖွင့်ပြောလိုက်တော့ ဦးခန့် က သူ့ညီကို အဝေးကနေ ကလော်တုတ်တော့တာပါပဲ။ သူ့ရှေ့မှာသာ ဦးဖိုးလူရှိနေရင် နားရင်းပါး၇င်း ထအုပ်မလား မဆိုနိုင်ဘူး။ သူတို့ညီအစ်ကိုဟာ သံယောဇဉ်တွယ်ကြပေမဲ့ စရိုက်ချင်းမတူကြတော့။ လက်ပွန်း တတီး မနေကြဘူး။ (၇)မိုင်လောက်ဝေးတဲ့ နေရာတွေမှာ ခပ်စိမ်းစိမ်း နေကြတာကိုသာ ကြည့်ပေတော့။

“ဖအေလုပ်တဲ့ ဟိုနွားက မင်္ဂလာဆောင်မပေးတော့လည်း ငါ့တူမကို ဦးကြီးကပဲ မိဘအရာကနေ မင်္ဂလာဆောင်ပေးရ တာပေါ့လဟာ”လို့ ဦးခန့်ကပြောလိုက်တော့ ငါဖြင့် ဝမ်းသာလိုက်တာ ထကမိမတတ်ပါပဲ။ (ဤစကား ကိုပြောလိုက်စဉ်၊ သန်းဆိုင်သည် သူ့ကိုယ်သူ လွန်ခဲ့သော နှစ်၂၀ လောက်က၊ ဦးခန့်ရှေ့မှာ ဝမ်းသာခဲ့သည့် ပုံမျိုးဖြင့်၊ လက်နှစ်ဖက်ကို ကတော့မည့်ဟန် ကွေးချည်ဆန့်ချည်လုပ်နေသည်။ ဦးဘာဘူနှင့် ခင်မောင်ငြိမ်း တို့က ပြုံလိုက်မိကြလေ၏။)

“မင်္ဂလာဆောင်တယ် ဆိုတာ ဘာမှ မဆန်းဘူး။ ဆန်းတာက လင်နဲ့မယား ချစ်ချစ်ခင်ခင်၊ ကြင်ကြင် နာနာနဲ့ အေးအတူပူအမျှ ရာသက်ပန်ရိုးမြေကျ၊ သေမင်းက ခွဲတဲ့အထိ ပေါင်းသင်းသွားကြဖို့ပဲဟေ့” လို့ ဦးခန့်က လူကြီး စကားပြောနေရာကနေ၊ ငါ့ဘက်ကို စူးစူးစိုက်စိုက်ကြည့်တဲ့ပြီး-
“ဟိတ်ကောင်၊ မင်းငါ့တူမကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါမယ်လို့ ကတိပြုမလား”လို့ လူမိုက်လေသံနဲ့ မေးတယ်။ ငါလည်း ဓားပြဟောင်းကြီးကို ကြည့်ပြီး ကျောရိုးထဲမှာ စိမ့်သွားတယ်။ (ဦးခန့်ကို မတွေ့ခင် လမ်းမှာကတည်းက သူ့ဦးကြီးဟာ ဓားပြဟောင်းကြီးဆိုတာ စန်းချိုက ပြောပြပြီးသား) ကတိပြုပါတယ် လို့ ပါးစပ်က ပြောမထွက်နိုင်အောင် ငါလည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်နေတာမို့ ငါခေါင်းညိတ်ရုံပဲ ညိတ်ပြနိုင် တယ်။

“အေး ကောင်းပြီ၊ မင်းကတိပေးတယ်နော်။ နောက်ပိုင်းကျမှ ကူလိကူမာမများနဲ့၊ ငါ့ကိုပေးတဲ့ ကတိဖက်တဲ့ကောင်တွေကို ငါဘာလုပ်တတ်သလဲဆိုတာ ဟောဟို ချောင်းစောက်ရွာ သင်္ချိုင်း က မြေကြီးအောက် မှာ သွားမေးကြည့်၊ မကျေနပ်သေးရင် စန်းချိုတို့ ဝက်လူးရွာတောင်ဖျား က ချောင်းကပ် စပ်နုန်းတွေအောက် မှာ သွားမေးကြည့်၊ ငါ့တူမက အရုပ်ဆိုးတော့ ခုကတည်းက မင်းကိုယောက်ျာ အချင်းချင်း ယောက်ျား စကား ခုကတည်းက ကြိုတင်ထားတာကွ”

ဒီနေရာမှာငါလည်း၊ ဦးခန့်ဆိုတဲ့လူကြီးကို ကြောက်သလို၊ ထိတ်သလိုဖြစ်နေတဲ့ကြာကနေ၊ သတ္တိတွေ ဖျစ်ညှစ် ထုတ်ပြီး..
“ဦးကြီးတူမ အရုပ်ဆိုးမှန်းသိတဲ့ကြားက ကျွန်တော် မေတ္တာရှိခဲ့တာပါ။ သူဒီထက်လည်း ပိုပြီး ရုပ်မဆိုးနိုင်တော့ ပါဘူး၊ သူ့ထက် အရုပ်ဆိုးတဲ့ မိန်းကလေးတောင် သူ့လောက်အရုပ်မဆိုးနိုင်တောပါဘူး။
ကျွန်တော် ကလည်းလှတာမက်ရင် ညစာခက်မှာစိုးလို့ အရုပ်ဆိုတာကိုပဲ ရှာခဲ့တာပါ”လို့ ပါးစပ်ထဲတွေ့ရာ၊ စွတ်ရွတ်ပြောပစ် လိုက်တယ်။ အဘိုးကြီး ငါပြောတာ သဘောကျပြီး ရယ်ပါလေရော။ စန်းချိုကတော့ သူ့ဦးကြီးရှေ့ မရှောင် ဘာမရှောင် (ဟဲ့.. မသာ၊ နင်ဘာတွေလျှောက်ပြောနေတာလဲ)ဆိုပြီး ငါ့ကျောကုန်းကို တအုံးအုံး ထုတော့တာပဲ။
“ကောင်းပြီလေ။ မင်းတို့နှစ်ယောက်စလုံး မိပစ်ဖပစ်၊ ရပ်ပစ်ရွာပစ်တွေဖြစ်နေကြပြီဆိုတော့ ငါကပဲ နှစ်ဖက် မိဘတွေ ကိုယ်စား အကောင်းဆုံးစီမံနေရာချပေးရမှာပဲ”လို့ ဦးခန့်က ဆေးတံကြီးခဲရင်း၊ အမြိန့်သားပြောတယ်။ ပြီးတော့ တစ်ဆက်တည်း..

“ကဲ ပြောနေစကားကြောရှည်မယ်၊ ဟဲ့ မပုံ” လို့အနားမှာထိုင်နေတဲ့၊ မယားကြီးဒေါ်ပုံကို ခေါ်လိုက်တယ်။ အဲသလိုခေါ်လိုက်တာနဲ့ ကျောက်ရုပ်လိုထိုင်နေတဲ့ ဒေါ်ပုံဟာ ကြမ်းပြင်ပေါ်ကနေ မြောက်ခနဲ ကြွတက်ပြီး၊ ကြမ်းပေါ်ပြန် ကျတယ်။ မျက်လှည့်ပြသလား အောက်မေ့ရတယ်။ ထူးဆန်းပါပေ့ကွာ။
“မပုံ၊ ဖိုးဖဲဆောင် တို့ မယ်ခံကြွယ်တို့ သက်ကြီးရွယ်အို လေးငါးခြောက်ယောက်လောက် ဒီကို သွားခေါ်လာခဲ့စမ်း” လို့ ဦးခန့်က ဇနီးကြီးကို အမိန့်ပေးပြီးတဲ့အခါ၊ ဇနီးငယ်ဘက်လှည့်ပြီး “ထွေးကြည်” လို့ခေါ်လိုက်တယ်။ ခေါ်လိုက်တာနဲ့ မျက်လုံးပြူးပြီး “ခဏ နေဦးလို့ လက်ကာပြတယ်။ ပြီးတာနဲ့ အိမ်သာရှိတဲ့ ဆီကို သုတ်သီး သုတ်ပျာ ထပြေးတော့တာပဲ။

ဒေါ်ထွေးကြည် ဖြစ်ရပုံက၊ သုံးအိမ်စုသားတွေအတွက အဆန်း မဟုတ်တော့ပါဘူး၊ ငါကတော့ ..... သူ့ကြည့်ပြီး သနားလည်း သနားရဲ့၊ ရယ်လည်း ရယ်ချင်မိပါရဲ့၊ ဒေါ်ထွေးကြည် အဲသလို ဖြစ်သွားအောင် ဦးခန့် ဘယ်လို များ ပြုစားလိုက်သလဲဆိုတာ ငါခု ထက်ထိ စဉ်းစားလို့ အဖြေမပေါ်ဘူး။ စန်ချို ပြောဖူးတာ ကတော့ ဒေါ်ထွေးကြည် ဟာ အလွန်မတန် စိတ်လှုပ်ရှားရင် ရှူးရှူးတွေ ထွက်ကုန်ရောတဲ့၊ ဒါကြောင့် ဦးခန့် ခေါ်လိုက်တာ နဲ့ သူသေးထွက်မကျခင် အိမ်သာတန်းတန်းပြေးရရှာတာတဲ့။

ငါနဲ့ စန်းချို မင်္ဂလာဆောင်ပုံကို မင်းတို့ကြားဖူးမယ်တောင် မထင်ဘူး၊ အခု ငါပြောပြတော့ ကြားဖူးသွားလိမ့်မယ်။
ဦးခန့် က ပြောတယ်၊ ဆေးတံကြီးခဲပြီး၊ တည်တည်ကြီးပြောတာ။ “ဟေ့ဒီမယ် သန်းဆိုင်နဲ့စန်းချို၊ မင်းတို့ဟာ ခေတ်သား၊ ခေတ်သမီးတွေ ဖြစ်ပေမဲ့ ရှေးရိုးထုံးတမ်းအတိုင်း လက်ထပ်ကြရလိမ့်မယ်။ ငါတို့ မြန်မာ့ ဓလေ့ထုံးတမ်း အရ၊ ဖိုနဲ့မ ချစ်လို့ခင်လို့ပဲဖြစ်ဖြစ်၊ မိဘတွေ သဘောတူပေးစားလို့ပဲဖြစ်ဖြစ် တရားဝင် ပေါင်းသင်းကြတော့မယ်ဆိုရင် ပတ်ဝန်းကျင် ရှေ့ (၇) အိမ်၊ နောက် (၇) အိမ်ကို (ကျွန်တော် ကျွန်မတို့ အရွယ် လည်း ရောက်ကြပါပြီ၊ မေတ္တာလည်းမျှနေကြပါပြီ၊ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းဖို့လည်း သစ္စာပြုခဲ့ကြပြီး ပါပြီ၊ ဒါကြောင့် ဒီနေ့ ဒီရက်ကစပြီး ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် အသိအမှတ်ပြုပေး ကြပါ) လို့ ခွင့်ပန်လိုက်ရင်၊ လင်မယား အရာမြောက်တယ်၊

ကျွေးမွေးဧည့်ခံတာ၊ ဘုန်းကြီးတွေကို မင်္ဂလာဆွမ်းကပ်တာတွေဟာ အဆွယ်အပွား ကိစ္စတွေပဲ၊ မင်းတို့ တက်နိုင် လို့ မင်္ဂဘလာမဏ္ဍပ်ကြီး ဟည်းနေအောင်ထိုးပြီး၊ ဝက်သားတုံးကြီး ဒူးလောက်ပေါင်လောက်ပဲ ချက်ကျွေးကျွေး၊ ဆင်းရဲချို့တဲ့လို့ မတက်နိုင်တာနဲ့ ရှေ့ (၇) အိမ်၊ နောက် (၇) အိမ်ကို၊ ပဲလှော်နဲ့ လက်ဖက်ကြမ်းပဲ ဧည့်ခံချင်ခံ၊ ဒီကစ္စတွေက အဓိကမကျဘူး၊ အဓိကကျတာက ရှေ့ (၇)  အိမ်၊ နောက် (၇) အိမ်က မင်းတို့ကို လင်စုံမယား ဖက်အဖြစ်၊ တစ်ညီတစ်ညွှတ်တည်း သဘောတူ အသိအမှတ်ပြုလိုက်ဖို့ပဲ၊ ဒါဟာ ပကာသန မဖက်တဲ့ မြန်မာမင်္ဂလာဆောင် သက်သက်ပဲ၊ တတ်နိုင်ရင်တော့ မင်္ဂလာဆွမ်းတွေဘာတွေကပ် ဧည့်ပရိသတ်ကို ထမင်းရည်ချောင်းစီး ကျွေးမွေးဧည့်ခံပေါ့ကွာ၊ အခုဟာက မင်းတို့မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာသာပဲ ရှိကြ တယ်၊

နေစရာလည်းမရှိဘူး လက်ဆုပ်လက်ကိုင်ပြစရာ ရေရေရာရာ အလုပ်လည်း မရှိကြသေးဘူး ဒီတော့ ငါစီစဉ်တဲ့ အတိုင်း ပဲ မင်္ဂလာဆောင်လိုက်ကြ”
ငါတို့ နှစ်ယောက် ဘာမှ စောဒက မတက်နိုင်ကြဘူးလေ။ ဦးခန့်ဟာ ငါတို့ရဲ့ ကယ်တင်ရှင် သကြားမင်းကြီး ဖြစ်နေပြီ ကိုး။ သူစီမံရာကို နာခံရုံပဲပေါ့။
    တစ်ခဏနေတော့ သုံးအိမ်စုမှာ လူအိုစာရင်းဝင်လို့ သတ်မှတ်ရမယ့် ယောက်ျားကြီး မိန်မကြီး ၁၄/၅ ယောက် ကြောင်တက်တက်အမူအရာတွေနဲ့ ဦးခန့်ရဲ့ တဲကြီးပေါ် တက်လာကြတယ်။ ဦးခန့်က် သူအကျဉ်းရုံး လိုက်တဲ့  ငါတို့ မင်္ဂလာကိစ္စပြောတော့ လူအိုကြီးတွေက မှုန်သီသီမျက်လုံးတွေနဲ့ ငါတို့နှစ်ယောက် ကို  စူးစူးစမ်းစမ်း ကြည့်ကြတယ် အဲဒီလူအုပ်ထဲက မျက်စိတစ်ဖက်လပ် ဦးဖဲဆောင် ဆိုတဲ့ အဘိုးကြီးက အိမ်ဦးခန်း မှာ ထိုင်ပြီး ဓမ္မကထိကလေသံနဲ့ ငါတို့နှစ်ယောက်ကို ဆုံးမသြ၀ါဒစကားတွေ တသွင်သွင် ပြောတော့တာပဲ၊ "လင်မှတ်မှတ် သားမှတ်မှတ်ပေါင်းသွားကြနော်" ဆိုတဲ့စကားကို၊ အဘိုးကြီးက မရေ မတွက်နိုင် အောင် ထပ်သလဲလဲ ပြောနေတော့၊ ငါဖြင့် ဒီအဘိုးကြီး အရက်များမူနေသလားလို့တောင် သံသယ ၀င်မိ ပါသေးရဲ့။

နောက်ပိုင်းမှာ သိရတာကတော့ ဦးဖဲဆောင်ဟာ မျက်စိတစ်ဖက်သာ ပျက်နေတာ၊ မိန်းမလေးယောက်တောင် ယူခဲ့ဖူးတဲ့ အာဂယောက်ျားသားကြီးဆိုတာပါပဲ၊ အဘွားကြီးတွေက လည်း ဣနြေ္ဒကြီးနဲ့ ခပ်တည်တည်ထိုင်နေတဲ့ စန်းချိုကို မယားဝတ္တရား ထွေလီကာလီတွေကို ပြာလဲ့မှာ ဇာချဲ့နေကြလေရဲ့။ ငါ့မှာတော့ အားငယ်စိတ်တွေ ဖိစီးပြီး ခေါင်း မဖော်ဝံ့ဘူး။ လက်မောင်းက အနာကလည်း ကိုက်လို့။
လူကြီးဝိုင်းထဲကို ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ပန်းကန်တွေ ရောက်လာကြတယ်။

လူကြီးတွေဟာ သတို့သားနဲ့ သတို့သမီးကို မေ့ပစ်လိုက်ကြပြီး၊ ရေနွေးကြမ်း တရွှတ်ရွှတ်သောက်၊ လက်ဖက်သုတ် တစွတ်စွတ်ဝါးရင်း၊ သူတို့အချင်းချင်း ရောက်တတ်ရာရာတွေသာ ပြောနေကြတော့တယ်။ ဦးခန့်က ဘယ်က သွားငှားမှန်းမသိတဲ့၊ ဘက်ထရီမီးချောင်း (၂-ပေချောင်းကလေးပါ) ထွန်းပြီး၊ ကာလသား တွေကို ညွှန်ကြားချက် အမျိုးမျိုး ထုတ်နေတယ်။ ယောက်ျားတစ်ယောက်ရဲ့ဘ၀မှာ မင်္ဂလာဆောင် တဲ့နေ့ဟာ အပျော်ဆုံးနေ့ တစ်နေ့ပဲ လို့ ပြောကြတယ်။ ငါဖြင့် မပျော်နိုင်ပါဘူး။ လက်မောင်းအနာက ကိုက်တာ တစ်မျိုး၊ ထမင်းဆာ တာက တစ်မျိုး၊ လူကြီးတွေကြားထဲမှာ ကိုရင်ဝတ်မယ့် ရှင်လောင်း ကလေးကို ကုပ်ကုပ်ရုပ်ရုပ် ကလေး ထိုင်နေတာကြလို့ ညောင်းလိုက်တာက တစ်မျိုး၊ အိပ်ချင်တာ က တစ်မျိုး။ ဝေဒနာပေါင်းစုံ ၀ိုင်းနှိပ်စက်နေတော့ ငါဘယ်လို ပျော်နိုင်မှာတဲ့လဲ။

ည(၈)နာရီလောက် လူကြီးတွေ ပြန်သွားကြတော့၊ ကာလသားတွေက၊ တဲရှေ့မီးရောင်အောက်မှာ မီးဖိုပြီး ထမင်းအိုး ကြီး တည်ကြတယ်၊ ကြက်သုံးကောင်ကို အမွေးနုတ်သူက နုတ်နေကြတယ်။ မီးရောင်နဲ့ နည်းနည်းဝေး တဲ့ မှောင်ရိပ်မှာ ကာလသား ၃/၄ယောက် ပုလင်းထောင်ရင်း၊ တ၀ါးဝါး ရယ်နေကြလေရဲ့။

ဒီနေရာ မှာ ငါဟာ သူတစိမ်းသက်သက် ဖြစ်တယ်။ ပြီးတော့ ကိုယ်ယူမယ့်မိန်းမကို၊ ကိုယ်နဲ့ပတ်သက်တဲ့ ရပ်ကွက် ကို ခိုးမသွားနိုင်ဘဲ၊ မိန်းမကသာ သူ့အမျိုးအဆွေရှိရာကို ခေါ်လာရတဲ့၊ အသုံးမကျတဲ့ လူညံ့ တစ်ကောင် ဖြစ်နေတယ်။ ပြီးတော့ မင်္ဂလာဆောင်မှာ ဧည့်ခံဖို့ ငွေကြေး တစ်ပြားတစ်ချပ်မှ မရှိတဲ့ ဘိုင်ကောင်။ ဒီတော့ ငါဟာ ဆီးသွားချင် တာတောင် မသွားဘဲ၊ အိမ်ပေါ် မှာပဲ ငေါင်းစင်းစင်း ကုပ်ချောင်းချောင်းကလေး ထိုင်နေမိလေ ရဲ့။ သုံးအိမ်စုက ကာလသားတွေက ငါ့ကို မိတ်ဖွဲ့ချင်ဟန် ပြကြပေမဲ့ လိပ်ပြာမလုံတဲ့ ငါက ... သူတို့ နဲ့ သွားမရောရဲဘူး။

ဆက်ရန်
.

4 comments:

Angelhlaing(May everybody be happy and healthy! said...

ရင်ခုန်စရာ မင်္ဂလာဦးညလေး..:)))

mstint said...

၃နဲ့၎ ပေါင်းဖတ်သွားပြီ ညီမရေ။ ကျေးဇူးပါ။ ဆက်ရန်ကိုစောင့်နေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so