Friday, August 3, 2012

မာန်(တောင်လုံးပြန်) ၏ ရွှေမုဆိုး, အပိုင်း (၆)

ထိုစီမံကိန်းမှာ ရွှေလုပ်ကွက်များအပေါ် သက်ရောက်မှုမရှိခဲ့ရာမှ ရွာများပြောင်းရွှေ့ရမှုအပေါ် တစစ စိုး ရိမ် လာကြရပြီ။ ရွှေလုပ်ကွက်များ၏ရှေ့အလားအလာမှာ မသေမချာဖြစ်လာကြသည်။ သို့ရာတွင် တိကျသေချာသော အဖြေ ကား မထွက်သေး။ ရွှေလုပ်ကွက်များဆီသို့ တားမြစ်သောအမိန့် မည်သူမှ မပေးသေး။ ထို့ကြောင့်ပင် လုပ်မြဲအတိုင်း ဆက်၍လုပ်နေကြသည်။
တန်ဖဲရွာ သည် တဒင်္ဂဆူပွက်ခဲ့သော သတင်းအပြီးတွင် ပြန်၍မေ့ပျောက်သွားကြပြန်သည်။ ရွှေလုပ် ကွက်များ သည် နဂိုအတိုင်းပင် စက်ကြီးသံများထွက်နေဆဲ။ ရေစုပ်စက်သံများ ထွက်နေ ဆဲ။ ရွှေကျင်သူ တို့၏ အားထုတ်ကြိုးပမ်းမှုများမှာ ပြန်၍သက်ဝင်လှုပ်ရှားလာခဲ့ပြန်၏။ တန်ဖဲရွာသည် သူ့တာဝန် ကိုသူ ကျေပြွန်သကဲ့သို့ ပြန်၍ လှုပ်ရှားရုန်းကန်နေပါတော့သည်။
ကို ဆက်ဖတ်ရန်.........

ကိုမြတ်မင်းက အန်ကယ်ဦးသိန်းဇော်ထံ ဖုန်းဆက်ပြီးသည်နှင့် ရွှေလုပ်ကွက်များမှ တာဝန်ခံများကို ခေါ် ယူ၍ အစည်းအဝေးကျင်းပပါသည်။ လက်ရှိလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ရွာများ ရွှေ့ ပြောင်းရမည့်ကိစ္စများအပေါ် စိုးရိမ်ပူပင်မှု မရှိစေဖို့ မှာကြားသည်။

ရွှေဈေးမှာ ရုတ်တရက် ခုန်တက်သွားခဲ့သည်။ ဤသည်မှာ မဆန်းပါချေ။ ရွှေလုပ်ကွက်များ ရွှေ့ပြောင်း ပိတ်သိမ်းရမည်ဟူသော ကောလာဟလဖြစ်လာသည်နှင့် ရွှေကုန်သည်များက တွန်း၍ဝယ်တော့သည်။ သူုတို့က လက်ထဲမှာ ငွေများများထားပြီး ပြန်သည်သွားရမည်ကို မလိုလား။ ဘယ်လုပ်ကွက်က ငွေလာ ၍ ကြိုတောင်းတောင်း ပေးရန်အသင့်။ ငွေပြန်ဆပ်သည်ကို မလို။ ရွှေကိုသာ လိုသည်။ ရွှေဆိုင်းလုပ် သားများကိုလည်း လုပ်ကွက်များက အလုပ်ပျက်မခံတော့။ လုပ်သားတစ်ယောာက် အလုပ်နားလျှင် ထွက်နှုန်းလျော့တော့မည်မို့ လုပ်ခကိုပဲ ကြိုတောင်းတောင်း၊ ချေးငွေပဲ တောင်းတောင်း ပေးရန်အသင့်။ အလုပ်ပျက်မှာကိုတော့ မလိုလား။

ကိုမြတ်မင်းက အစည်းအဝေးပြီးသည်နှင့် ထမင်းဆိုင်ကိုပြန်ထွက်လာခဲ့သည်။ သူ စောင့်မျှော်နေသည် က စုထံမှ သတင်းနှင့် ဇော်ဟိုး ပြန်မလာမည့်သတင်း။ တန်ဖဲရွာနှင့် မြစ်ကြီးနားက (၂၇) မိုင်ဝေးသည်။ လမ်းခရီးက ကြမ်း လှ၏။ နူးမှာက ကိုယ်လေးလက်ဝန် အရင့်အမာနှင့်မို့ အဆင်ချောဖို့ လိုသည်။ လမ်း ခရီးတွင် ကချွတ် ကချော်ဖြစ်ပါက သူ့တာဝန် မကင်း။ နူး ချောချောမွေ့မွေ့ မီးဖွားနိုင်ဖို့ အရေးကြီးလှ သည်။ သို့မှသာ ဇောဟိုးနှင့်ဆွေးနွေး သည့်ကိစ္စ အဆင်ပြေမည်။ ရွှေကြောအသစ်ကိစ္စက ကုမ္ပဏီတော် တော်များများ ထံ၌ အသံထွက်နေကြ၏။ တချို့ဆိုလျှင် ရွှေမုဆိုးများစေငှား၍ လိုက်လံစုံစမ်းစေသည် အထိ ခြေလှမ်းပြင်နေကြလေပြီ။

ဤသည်ကား ကိုမြတ်မင်းအတွက် ရတက်မအေးဖွယ်ပင်။
မြစ်ဆုံရွှေလုပ်ကွက်များကား နေ့လား ညလား မသေချာတော့။ တန်ဖဲရွာနှင့် ရွာပေါင်း ငါးရွာရွှေ့ပြောင်း ရန် အစည်းအဝေး ထိုင်နေကြပြီ။ ရွာများရွေ့ပြောင်းရသည့်အပေါ် ဒေသခံများ မကျေမလည် ဖြစ်လာ မည်။ နယ်ခံ အဖွဲ့အစည်း များထံ အကူအညီတောင်းနိုင်သည်။ လုံခြုံရေး တာဝန်ယူထားရသူများနှင့် နယ်ခံ အဖွဲ့အစည်း များကြားတွင် ရွှေလုပ်ကွက်များက ကြားညှပ်သွားလိမ့်မည်။ ရွာများ ရွှေ့ပြောင်းရ လေတိုင်း ဒေသခံများဘက်က မကျေမနပ်ဖြစ်ကြသည်။ ဘိုးဘွားဘီဘင် လက်ထက် မှ နေထိုင်လာကြ သော ဒေသခံများအဖို့ ရွှေ့ပြောင်းပေးရသည့်ပြဿနာအပေါ် အခဲမကြေဖြစ်ကြမည်သာ။

ထိုအရေးကို ကုမ္ပဏီအားလုံး သိထားသည်။
ကုမ္ပဏီအားလုံးလိုလိုသည် ရွှေကြောသစ်တစ်ခုရဖို့ ဘာမဆို စွန့်စားရန်အသင့်။ ယခု ကြားနေရသော ရွှေကြောသည် ဒဏ္ဍာရီမဟုတ်။ ကလေးချော့ပုံပြင်မဟုတ်။ မေခမြစ်ဝှမ်းတစ်လျှောက်သို့ စီးဝင်နေသည့် ချောင်းတစ်ချောင်းမှ ရွှေကြောအစစ်ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာညောင်းလာပြီမို့ တချို့ကျောက်များ တွင် ရွှေချပ်လွှာများအလွှာလိုက်ကပ်ညှိနေသည်တဲ့။ ကိုမြတ်မင်းလက်ဝယ် နမူနာအပိုင်းလေး တစ်ပိုင်း ရှိနေ သည်။ ထို့ကြောင့် ထိုရွှေကြောသည် ဒဏ္ဍာရီမဟုတ်မှန်း သူကပို၍ သိထားသည်။ သူ့ကိုရောင်းချခဲ့သော ရွှေပွဲစားကိုယ်တိုင်ကလည်း ဤရွှေချပ်လွှာသည် မြစ်ဝှမ်းတစ်နေရာတွင် ရှိနေသည် ဟု အခိုင်အမာပြော လာခဲ့သည်။ ကိုမြတ်မင်း လေ့လာစုံစမ်းရင်း ဇော်ဟိုးထံတွင် သတင်းရပ်စုံ ကျနေသည်။
ထို့ကြောင့် ဇော်ဟိုး လာအောင်စောင့်ရသည်။ ဇော်ဟိုးက လွယ်လင့်တကူ ပြောလိမ့်မည်မဟုတ်။ ဒါကို သူ သိပါ သည်။ သူ သိ၍လည်း နူး ကို သူ့လက်ထဲသို့ ရောက်လာအောင် ကြိုးပမ်းခဲ့ပြီးပြီ မဟုတ်လား။

"မဟုတ်ဘူး အစ်မ၊ ကျွန်တော်တို့က သစ်ခွရှာတာမဟုတ်ဘူး။ တကယ်ရှာတာက ရွှေကြောအသစ် ရှိ တယ်ဆိုလို့ သွားကြ တာ။ တောထဲမှာ ဆယ်ရက်ကျော်နေပြီ။ သူ့ကိုသစ်ပင်ပိလို့ ပြန်ဆင်းလာကြတာ။ ရွှေကြောလည်း မတွေ့ရ ဘူး အစ်မရယ်"
"ဘယ်နားမှာ ဖြစ်တာတုံး၊ ဘယ်လို စဖြစ်တာလည်း"
ကောင်လေးက စု အမေးကိုသွက်လက်စွာ ပြန်ဖြေပါသည်။

"နေရာတော့ ကျွန်တော် မသိဘူး။ ကိုစိန်ကြီး ခေါ်တဲ့နောက် လိုက်ရတာ။ သူက တောတက် ဖူးတယ်။ တောအကြောင်းလည်း ကောင်းကောင်းသိတယ်ဗျ။ မေခမြစ်ဝှမ်းဘက်ကို တက်သွားတာတော့ သိ တယ်။ စဖြစ်တာက တောင်ပြိုသလို ဘာလိုလိုပါ အစ်မရယ်။ ကျွန်တော်တို့ အိပ်နေတုန်း အသံတွေ ကြားရတာ။ ညကလည်း မှောင်နေတော့ ဘာမှန်းမသိဘူး။ ပြေးပြေးဆိုလို့ ပြေးကြတာ။ ဓာတ်မီးကိုင်တဲ့ လူနောက်ကို လိုက်ရတာ ဗျ။ နောက်မှ လူကျန်ခဲ့တယ်ဆိုပြီး ပြန်ရှာတော့ သူ့ကို သစ်ပင်ပိနေပြီ။ ဒါပေ မဲ့..."
ကောင်လေး က စဉ်းစားသလိုဖြင့် စကားစဖြတ်သွားသည်။

"ပြောပါဦးဟယ်၊ ဒါပေမယ့် ဘာဖြစ်လဲ"
ကောင်လေးက သူ့ကို ချောမောလှပ၍ ခေတ်ဆန်သော ကောင်မလေးက အရေးတယူမေးနေသည်မို့ ခပ်ပျော်ပျော်ဖြစ်နေ သည်။ သူသိသမျှ အိတ်သွန်ဖာမှောက် ပြောတော့မည်ဟု ဆုံးဖြတ်လိုက်၏။
"ဓာတ်ပုံရိုက်မယ်နော်"
"ဟာဗျာ ရှက်စရာကြီး"
စုက ဓာတ်ပုံရိုက်ခွင့်တောင်းသည် ကို ကောင်လေးက ရှက်နေ၏။
"သြော် ကြုံတုန်း ရိုက်ထားတာပါ။ ဘာရယ် မဟုတ်ပါဘူး။ ကဲ ဆက်ပြောလေ"
စုက ကင်မရာ ကိုချိန်တွယ်ရင်း ကောင်လေးကို စကားကြောင်းပေးသည်။ နံဘေးမှ ကျန်ကောင်လေးက ကိုယ်လုံး ကို တစ်ဖက်သို့ တိုးသွားပေးသည်။

"အဲဒါဗျာ၊ ဟို... သစ်ပင်က..."
ကောင်လေး က ကင်မရာချိန်တွယ်ထားသဖြင့် ထစ် အနေတော့၏။ စု မြန်မြန်ရိုက်လိုက်ပြီး ကင်မရာကို ပြန်ချထားလိုက်ရသည်။
"ကျွန်တော် တို့ ပြန်ရောက်တော့ သူ့ခြေထောက်ပေါ်သစ်ပင်ပိနေပြီ။ ခေါင်းကိုလည်း ထိထားတယ်။ ဒါပေမဲ့ သစ်ပင်တွေ က အပင်ကြီးတွေ ဘာမှမဖြစ်ဘူး။ အဲဒါပဲ ကျွန်တော် အံ့သြနေတာ။ ပြီးတော့ သူ့ ခေါင်းကို ဘယ်လို ထိလဲ။ သစ်ပင်က ခြေထောက်ပေါ်ပိနေတာ။ သူ ပြောတော့ နောက်က လှမ်းရိုက်သ လို ဖြစ်သွားတာတဲ့။ ည ကလည်း မှောင်နေတော့ ဘာမှသဲသဲကွဲကွဲ မမြင်ရဘူး။ သစ်ပင်တွေတော့ လဲ နေတာတွေ့တယ်"
"အခု မြစ်ဆုံ ကနေ သွားရင် ဘယ်နှရက်လောက် ကြာလဲ"
စု မေးခွန်း ကို ကောင်လေးက စဉ်းစားနေဆဲ၊ နံဘေးမှ ကောင်လေးက ဝင်၍ဖြေလိုက်သည်။

"တစ်ရက် သွားရတယ်"
"မောင်လေးတို့က နေ့စား နဲ့ လိုက်သွားတာလား။ အရင်က ဘာလုပ်ဖူးလဲ"
"နေ့စား မဟုတ်ဘူး အစ်မ၊ တစ်ယောက် ငါးသောင်းနဲ့ခေါ်လို့ လိုက်သွားတာ။ ရွှေကြောတစ်ခု ရှာမယ် ဆိုလို့။ တွေ့ရင် သူဋ္ဌေးဖြစ်မှာ။ မတွေ့တော့လည်း ကံပေါ့။ သူက ပိုက်ကြီးထိုးတာ။ ကျွန်တော်က စက် မောင်း တယ်။ ကျွန်တောို့က ဒီဗရာက်တာ လေးလကျော်ပြီ။ ကုမ္ပဏီက လိုက်သွားဆိုလို့"
"ဟင် အခုကျတော့ ကုမ္ပဏီက ဘာမှလုပ်မပေးဘူးလား"

ကောင်လေးက ရယ်နေသည်။ ကျန်ကောင်လေးက-
"အလုပ်ကထွက်ပြီး သွားရတာ၊ တစ်စုံတစ်ရာဖြစ်ရင် ကုမ္ပဏီက တာဝန်မယူဘူး ပြောပြီးသား၊ ကျွန်တော်တို့က တားမြစ်နယ်မြေထဲ ကို သွားကြတာ။ သူဋ္ဌေးဖြစ် ခွေးဖြစ်ပဲဗျ"
စုက ထိုစကားများကို ဂရုစတစိုက် နားထောင်နေမိသည်။ ဤသတင်းကို မည်သို့ ဖော်ပြရမည် ကိုလည်း တွေးနေသည်။ သတင်းကတော့ အရင်းအမြစ်တွေ့နေရပြီ။ သူ တင်ပြရမည့်ပုံစံကို တွက်ဆ ရင်း ရွှေ ကြောအသစ် ဆိုသည်ကို စဉ်းစားနေမိတော့သည်။ တားမြစ်နယ်မြေဟူသော စကားကို ပိုစိတ်ဝင်စားမိ သည်။ ကားက လမ်းကြမ်းနေသည်မို့ တရွေ့ရွေ့ ခရီးနှင်နေ၏။ ကားရှေ့ခန်းတွင် နူးက သက်သောင့် သက်သာ ထိုင်နေသည်မို့ စု စိတ်အေးသွားမိသည်။ သူတို့ စကားပြောနေသည်ကို ကားနောက်မြီးပိုင်း မှာ ထိုင်နေသော လောဟိုက ဂရုတစိုက် နားထောင်နေသည်။ ကားနောက်ခန်းမှ လူနာတော့ သတိ လစ်နေပြီ။ ကားသည် မြစ်ကြီးနားမြို့သို့ ဆက်၍ ဦးတည်နေတော့သည်။

"မြန်မာ-တရုတ် နယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးပွားလာခြင်း"
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်တွင် သစ်တောပြုန်းတီးမှု တိုးတက်နေပြီး ယခင်က သစ် ထုတ်လုပ်ခြင်းသာ ရှိခဲ့ရာမှ ယခုအခါ တစ်ဖက်နိုင်ငံသို့ သစ်ပင်လိုက် ပြောင်းရွေ့သည့် သစ်တော ပြောင်းရွေ့မှု ရှိလာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နည်သည် ယခင်က စိမ်းစိုသောသစ်တောများ ပေါများစွာတည်ရှိပြီး သစ်ပင် သစ်တော အပါအဝင် သဘာဝသယံဇာတများကြောင့် ထင်ရှားသောသဘာဝနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

"သစ်တောက သိသိသာသာ ပြုန်းလာတယ်။ တစ်ဖက်ကို သယ်နေတာ အခုနောက်ပိုင်းတော့ သစ်ပင် ခုတ်တာ မဟုတ်တော့ ဘူး။ သစ်ပင်လိုက် အမြစ်ပါအောင်သယ်ပြီး ဟိုဘက်မှာ ပြန်စိုက်နေတာ။ သစ် တောရွေ့တဲ့သဘောပေါ့။ နောက်ပိုင်းဆို တရုတ်ဘက်မှာတော့ သစ်ပင်တွေ စိမ်းလန်းနေပြီး ဒီဘက် မှာ တော့ သစ်တောမရှိတော့တာတောင် ကြုံလာနိုင်တယ်"
ဦးစိုးအေး က WEEKLY ELEVEN ဂျာနယ်မှ သတင်းထောက် ဖြူနု၏ဆောင်းပါးကို ဖတ်ရင်း စဉ်းစားခန်း ဝင်နေတော့ သည်။ သတင်းတင်ပြချက်က အဖိုးတန်လှ၏။ နှိုင်းယှဉ်သုံးသပ်ချက်မှာ သပ်ရပ်လှ၏။ ထို တင်ပြချက်မျိုး သည် မျိုးချစ်စိတ်၊ ပြည်ချစ်စိတ် ဘာဘာညာညာ ပြောနေသည်ထက် အဆထောင် သောင်းမက ထိရောက်လှသည်။

ဦးစိုးအေးက ထိုသတင်းကို Underline လုပ်၍ ဂျာနယ်တိုက်၏ဘလက်ဘုတ်တွင် ဖော်ပြရန် ရည်ညွှန်း မှတ်ချက်ရေးပေုးလိက်သည်။ မကြာခင်မှာပင် တိုက်ဝန်ထမ်းများ အလုပ်ခွင်ဝင်လာလျှင် ဘလက်ဘုတ် ကို ဦးစွာကြည့်ကြမည်။ ဒီကနေ့ အထင်ကရဖြစ်နေသော အရေးကြီးသတင်းမျိုးကို ဦးစိုးအေးတို့က အယ်ဒီတာပီပီ ဦးစွာဖတ်ရှုမိသမျှ ရည်ညွှန်းလမ်းညွှန်လုပ်ပေးစမြဲ။ ဦးစိုးအေးတို့ ရည်ညွှန်းသောသတင်း များက ဂျာနယ်ဝန်ထမ်းများအတွက် လွယ်လင့်တကူ ဗဟုသုတ တိုးပွားစေသည်။ သတင်းတန်ဖိုးကို ပို၍ အကွက်မြစ်စေသည်။ မသိသူများကတော့ သူတစ်ပါးဂျာနယ်မှ သတင်းများကို ရည်ညွှန်းနေသည့် အတွက် အထင်သေးကြပေမည်။ ဦးစိုးအေးက ဤသို့မယူဆ။ ဂျာနယ်ကြီးများထံမှ သတင်းကောင်းမျိုး ဆိုလျှင် တကူးတက ပြန်၍ ရည်ညွှန်းပေးသည်။ ဒါမှ မိမိတို့ သတင်းထောက်များ သတင်းကောင်း၊ သတင်းထူး၊ အဖိုးတန်သတင်းတို့၏အာဘော်ကို သိနားလည်မည်။ သတင်းဟူသည် တိုသည်၊ ရှည် သည်၊ ကြီးကျယ်သည်၊ Celebrity တွေ ပါဝင်သည်ဆိုပါမှ သတင်းမဟုတ်။ ကိုယ့်နိုင်ငံမှ သစ်ပင်တစ် ပင်၊ ငှက်တစ်ကောင်၊ ရတနာတစ်ခုပါသွားခြင်းသည် ဘယ်နံရောအခါမှ ပြန်ရဖို့မရှိ။ အသားကိုလှီးပေး လိုက်ရသည်ဟု အများပြည်သူတွေးတတ်လာပါလျှင် တိုင်းချစ်ပြည်ချစ်စိတ်တို့ တိုးပွားလာခြင်းဖြစ်မည်။ ဤသည်ကို ဖော်ဆောင်ပေးရမည်က ဂျာနယ်သမား၏ဝန်။

ဦးစိုးအေးသည် နဂိုအားဖြင့် သက်သောင့်သက်သာ ဘဝကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ မိသားစုပိုင်စီးပွား ရေး သီးသန့်ရှိနေပြီဖြစ်သည်။ ဂျာနယ်အလုပ်ကို ဝါသနာပြင်းထန်လွန်းသည့်အတွက် တည်ထောင်ခဲ့ ခြင်း ဖြစ်သည်။ သတင်းတစ်ပုဒ်သည် တကယ်ထိရောက်ပြီဟေ့ဆိုလျှင် တိုင်းပြည်နယ်နိမိတ်ကို ကျော် သွားနိုင်သည်။ ကာလ အပိုင်းအခြားကို ဖြတ်သန်းနိုင်သည်။ စည်းမျဉ်းစည်းကမ်းများကို မေးခွန်းထုတ် နိုင်သည်။ ဖုံးထားသော အရာ ကို ဖွင့်ပစ်နိုင်သည်။ မှောက်ထားသော ခွက်ကို လှန်ပစ်နိုင်သည်။ သတင်း ၏စွမ်းပကား ဟူသည် ခန့်မှန်းနိုင်းဆ၍မရ။

အထက်တွင် ဖော်ပြခဲ့သည် သတင်းမျိုးဆိုလျှင် တိုင်းပြည်အတွက် များစွာအရေးပါသည်။ သတင်း၏စာ တစ်လုံးချင်းစီ၌ပင်လျှင် အဖိုးအနဂ္ဃထိုက်တန်နေသည်။ ဤသို့သော သတင်းမျိုးဆိုလျှင် ဦးစိုးအေး မမေ့ တော့။ ထိုသတင်းဖော်ပြပြီးနောက်တွင် ဖြစ်ပေါ်လာမည့် ရိုက်ခတ်မှုတို့ကို ကြိုတွေးသည်။ ထိုရိုက်ခတ် သည် တစ်ရက် ကြာချင်ကြာမည်၊ တစ်လ ကြာချင်ကြာမည်၊ တစ်နှစ် ကြာချင်ကြာမည်။ မည်မျှပင်ကြာ သည်ဖြစ်စေ ထိုသတင်းကြောင့် တာဝန်ယူရမည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက လူတွေ ဥပေက္ခာ ပြုထား၍ မရတော့ပြီ။ သစ်ပင်တစ်ပင်သည် တိုင်းပြည်တစ်ပြည်အတွက် မည်သို့တန်ဖိုးဖြတ်မည်နည်း။ သစ်တောသစ်တော ဆိုလျှင်ကော၊ တောင်တန်းတစ်ခု၊ ချောင်းငယ်တစ်သွယ်၊ မြစ်ရေတစ်ပေါက် ဆို လျှင်ကော။
တိုင်းပြည်တွင် လူသားတို့ နေထိုင်ကြသည်။

လူသားမျိုးဆက်တို့ ပေါက်ဖွားနေကြသည်။
ထိုလူသားတို့နှင့် တိုင်းပြည်၏သစ်တစ်ပင်၊ ချောင်းငယ်တစ်သွယ်၊ မြစ်ရေတစ်ပေါက်တို့က ယှက်နွယ် နေသည်။ အနာဂတ်မျိုးဆက်တို့၏ရေသောက်မြစ် ဖြစ်သည်။ ဤသည်ကို လှုံ့ဆော်ရန် တာဝန်ရှိသည် မှာ ဂျာနယ်သမား၊ သတင်းသမားတို့၏တာဝန်ဟူ၍ ဦးစိုးအေး နားလည်ထားခြင်းပင်။
သူသာလျှင်မကသေး။ သူ့ဂျာနယ်တိုက်မှ လူအားလုံးကို နားလည်စေချင်သည်။ ယနေ့ခေတ်သည် နိုင်ငံ ရေးကို လက်သီးလက်မောင်းတန်း၍ ဝင်လုပ်ပြနေဖို့မလို။ နိုင်ငံ၏အမွေအနှစ်တစ်ခုကို မြတ်နိုးစိတ်ဖြင့် ရပ်တည်လျှင်ပင် နိုင်ငံရေးအသိစိတ်ဖြစ်နေပြီဟု သူ မကြာခဏ ပြောလေ့ရှိသည်။ ယခုလည်း သစ်တောရွေ့ပြောင်းနေသောသတင်းကို အားလုံး သိစေဖို့ သူ ရည်ညွှန်းလိုက်ရခြင်းဖြစ်တော့သည်။
..........................................................................................................................................
ငြိမ်းနုက ဓာတ်ခွဲခန်းမှ အကြောင်းပြန်လာသည့် အဖြေစာရွက်ကို ကိုဇော်မင်းရှေ့သို့ ချပေးလိုက်သည်။ လွန်ခဲ့သော (၅) ရက်က ရွှေဘုံသာမုနိဘက်မှ တံငါသမားမိသားစုထံတွင် ငါးတချို့ဖမ်းမိသည်။ ငါးများ က ပိုက်ဖြင့် ဖမ်းမိလာသောငါးများမဟုတ်။ ရေစပ်သို့ တိုးတက်လာသည်ကို ကောက်ယူဖမ်းဆီးမိခဲ့ခြင်း ပင်။ တစ်ခုတော့ ရှိသည်။ ဖမ်းမိသောငါးများတွင် ကျောရိုးတစ်လျှောက် မီးလောင်နာကဲ့သို့ ဒဏ်ရာများ ပါလာခြင်းပင်။ ထိုဒဏ်ရာကြောင့် ငါးများ ကမ်းခြေသို့ တိုးလာကြသည်။ ဖမ်းမိချိန်တွင် ငါးတစ်ကောင်မှ မလှုပ်ရှားနိုင်တော့။ ဆူးတောင်များ၊ ကြေးခွံများက ထိလိုက်သည်နှင့် ပြုတ်ထွက်ကုန်ကြသည်။

ထိုသတင်းကို ငြိမ်းနုကိုယ်တိုင် သွားရောက်လေ့လာခဲ့သည်။ ငါးတစ်ကောင်ကို နမူနာယူ၍ ရန်ကုန် ဓာတ်ခွဲဋ္ဌာန သို့ပို့၍ စစ်ဆေးခဲ့သည်။ ဓာတ်ခွဲဌာနမှ အဖြေပေးလာသည်။ ဓာတုအဆိပ်ကြောင့် စားသုံး ရန် မသင့် မြစ်ရေကိုစစ်ဆေးပါဟု ပြန်ကြားလာခဲ့သည်။ ထိုအဖြေကို သက်ဆိုင်ရာ အာဏာပိုင်များ လည်း ဖြေရှင်းရန် လေ့လာနေကြပြီ။ မြစ်အတွင်းမှ ရေတွင် ဓာတုဗေဒပျော်ဝင်နှုန်း မည်မျှရှိနေပြီကို လေ့လာ ကြသည်။ အဖြေ မတွေ့ကြသေး။

"ဒီသတင်း ကိုယ် ကြားပြီးပြီ ငြိမ်း။ ကိုယ် စာပေးလိုက်တာ ငြိမ်း ရပါတယ်နော်။ အဲဒါ ငြိမ်းကို တောင်း ပန်တာပါ"
"ငြိမ်း စိတ်မဆိုးပါဘူး။ ကိုဇော့်ထက် ပြင်းထန်တဲ့ လုပ်ငန်းရှင်တွေ ငြိမ်း ကြုံခဲ့ပြီးပြီ။ တချို့ဆို တရားစွဲ မယ်တောင် ပြောတယ်။ ဟွန်း ကိုယ့်ကျိုးစီးပွားထိတော့မယ်ဆိုတော့ ကြိမ်းကြ ဝါးကြတာပေါ့"
"ကိုယ် တောင်းပန်ပါတယ် ငြိမ်းရယ်။ ငြိမ်း ကြိုးစားနေတာတွေ ကိုယ် သိပါတယ်။ ကိုယ် အဲဒီနေ့က ကြို တင်ပြင်ဆင် လာခဲ့လို့ပါ။ ငြိမ်း ပြောတာတွေ တစ်ခုမှ မမှားပါဘူး။ ကိုယ့်ဘက်က ကိုယ်ကျိုးကြည့်နေမိ တာ ကိုယ် သိပါတယ်"

ကိုဇော်မင်း က ဂရုတစိုက်ပင် လေသံအေးအေးဖြင့် တောင်းပန်စကားပြောလာသည်မို့ ငြိမ်းနု အံ့အား သင့်မိသည်။ စာရွက်ပေါ်ရှိ ဓာတ်ခွဲဌာနမှအဖြေကို ကိုဇော်မင်းက ယူဖတ်ကြည့်သည်။ ပြီးတော့ စားပွဲ ပေါ် သို့ ပြန်ချထားသည်။
"ကိုယ်တို့ ဘာတာဝန်ယူပေးရမလဲ ငြိမ်း ပြောပါ"
"ငြိမ်းလည်း ဘာမှမပြောတတ်သေးဘူး။ ဒါက မြစ်ကြောင်းထိန်းသိမ်းရေးဌာနနဲ့ ငါးလုပ်ငန်းဌာနက ပညာရှင်တွေ တွေ့ဆုံပြီးမှ အဖြေထွက်မှာ။ ဒါမျိုး ဖြစ်ဖူးတဲ့သတင်းတွေ ပြန်လေ့လာနေတာ မပြီးသေး ဘူး။ ငြိမ်း သိရ သလောက်တော့ စွန့်ပစ်အမှိုက်တွေက အဆိပ်သင့်ပြီး ငါးက စားမိတာလည်း ဖြစ်နိုင် တယ်။ မြစ်ရေက စီးနေတာဆိုတော့ အဆိပ်သင့်ပစ္စည်းတွေက မျောသွားတာနေမယ်။ ဒီအတိုင်းသာ မှန်ရင် မြစ်ကြောင်း တစ်လျှောက်မှာ ဒီလိုပြဿနာ ထပ်ဖြစ်ဦးမှာ သေချာတယ်"
ကိုဇော်မင်း က နားထောင်နေသည်။ ငြိမ်းနုက ဆက်၍ရှင်းပြပါသည်။

"ဒါမျိုးက ချက်ချင်းကြီး တရားခံကို ရှာလို့မရဘူး ကိုဇော်။ ဟိုးတလောကဆိုရင် ဂတ်စ်အိုး အဟောင်း တွေဝယ် တဲ့ ဆိုင်က အရည်တွေကိုဖောက်ပြီး ချောင်းထဲသွန်ချတယ်။ အဲဒီထဲမှာ လူတောင် အနံ့ခံ လို့မရ တဲ့ အက်စစ်တွေ ပါတယ်။ ဒါမျိုး အသိတရားနည်းတာကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ရမယ်။ အရေးယူရမယ်။ ဒါပေမဲ့ ဘယ်သူမှ တားမြစ်ရကောင်းမှန်း၊ အရေးယူရကောင်းမှန်း မသိဘူး။ မြို့တိုင်း မြို့တိုင်းမှာ စက်မှုလက်မှု လုပ်ငန်းတွေ ရှိတယ်။ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့တွေ ရှိတယ်။ အဲဒီမှာ စက်သုံးဆီ အကြွင်းအကျန်တွေ ထွက် လာတယ်။ မြေကြီးပေါ်ရောက်တယ်။ အဲဒီမှာ စက်သုံးဆီအကြွင်း အကျန်တွေ ဘယ်လို စီးမလဲ၊ မြောင်းတွေထဲ စီးမယ်။ ချောင်းထဲစီးမယ်။

 ပြီးရင် မြစ်ထဲရောက်မယ်၊ ဒါက မြစ်တစ်လျှောက်မှာရှိတဲ့ လူနေဝန်းကျင်က ရိုက်ခတ် တဲ့ ပြဿနာတွေ၊ ဖြေရှင်း ရတာ သိပ်ခက်တယ် ကိုဇော်။ တစ်ခါခါတော့လေ ငြိမ်း မျက်ရည်တောင်ကျမိတယ်။ ဒီမြစ်ကို သုံးတယ်။ ဒီမြစ်ရေ ကို သောက် တယ်။ ဒီမြစ်ရေတွေနဲ့ စိုက်ပျိုးရေးတွေ လုပ်ပြီးရင် ဒီမြစ်ကို ပြန်ဖျက်ဆီးနေတယ် ဆိုတာဘယ်လိုပြော ပြော မယုံကြဘူး ကိုဇော်။ ငြိမ်းတို့ကပဲ ပုံကြီးချဲ့နေတယ်တဲ့။ ငြိမ်း တကယ်ပဲ မျက်ရည်ကျ မိပါတယ်"
ငြိမ်း၏ခံစားချက် ကို ကြားလိုက်ရချိန်တွင် ကိုဇော်မင်း မှင်တက်သွားမိတော့သည်။ ငြိမ်းကို သူ ထင်ထား သည်ထက်ပို၍ လေးနက်တည်တံ့နေသည်ကို တွေ့လိုက်ရသည်မို့ ငြိမ်း ခံစားနေရသည်ကို ကိုယ်ချင်း စာလာ မိသည်။ စောစောက စာရွက်လေးကို သူ ပြန်၍ဖတ်ကြည့်မိပြန်သည်။

"ပြဿနာက တစ်ဦးတည်း ဖြေရှင်းလို့မရဘူးနော်။ ကိုယ် ဘာလုပ်ပေးရမလဲ။ ဒီကိစ္စကို ကိုယ် ကူညီ ချင်တယ်။ တကယ်ပြောတာပါ"
ငြိမ်း မျက်နှာသည် တစ်မုဟုတ်ချင်း ဝင်းပရွှန်းလဲ့သွားသည်။ ကိုဇော်မင်းထံမှ အားပေးစကားကို သူ ကျေကျေ နပ်နပ် ခံယူနေမိသည်။
"ကိုဇော် တကယ်ပြောနေတာပါနော်"
ငြိမ်းက ရွှင်မြူးသောလေသံဖြင့် မေးလိုက်သည်။

"ကိုယ် လေ့လာထားတာတွေလည်း ရှိတယ်။ ငြိမ်းအတွက် အသုံးဝင်မယ် ထင်ပါတယ်။ ဂျာနယ်မှာ ပါတဲ့ ဆောင်းပါးတွေ ကိုယ် စုထားတာရှိတယ်။ ဂျာနယ်မှာပါပြီးသားဆိုတော့ တရားဝင်ပြောလို့ ရတာ ပေါ့။ မြစ်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ ကိုယ် ယူလာခဲ့မယ်လေ"
"ကိုဇော့်အလုပ်ကရော"
ငြိမ်းအမေး ကို ကိုဇော်က ပခုံးနှစ်ဖက်တွန့်ပြလိုက်သည်။
"ကိုဇော် အလုပ်ထွက်မှာလား"
"မပြောတတ်ဘူးလေ၊ ငြိမ်းအတွက် အကူအညီပေးဖို့ ဆုံးဖြတ်ပြီးပြီ၊ ဦးလေးကိုတော့ နားလည်အောင် ပြော ရမှာပဲ။ ကိုယ်က အလုပ်ထဲမှာ တာဝန်ရှိတယ်ဆိုပေမယ့် ကိစ္စအားလုံး ဦးလေးက ကိုင် ထားတာ။ ကိုယ်မရှိလည်း သူ့ဟာသူ လည်ပတ်မှာပဲ။ သူကတော့ ပြောမှာပေါ။

ခွေးကောင် မွဲချင်လို့ ပြာပုံတိုးတယ် ဆိုပြီး။ ကိုယ့်ကတော့ နဂိုကတည်းက သူခိုင်းလို့သာ လုပ်နေရတာ၊ သိပ် စိတ်ပါတာ မဟုတ်ဘူး။ ဟိုနေ့ ကငြိမ်းနဲ့တွေ့ပြီးတော့ ကိုယ် ပြန်စဉ်းစားမိတယ်။ ငြိမ်းလို မိန်းကလေး တစ်ယောက်၊ မိဘလည်း ပြည့်စုံ တယ်၊ တခြားမှာ အလုပ်လုပ်လည်းရတယ်။ ဒါတောင် NGO ထဲမှ ဝင်လုပ်နေ တယ်။ ကိုယ်က ဘာမို့ လက်ပိုက်ကြည့်နေတာလဲလို့ တွေးပြီး ရှက်လာတယ်။ ဦးလေးအလုပ်မှာ ဇိမ်ခံနေရတာ ငါးနှစ်တောင် ပြည့်တော့မယ်။ သူဌေးတူ သူဌေးတူ ဆိုပြီး ကျေနပ်နေတာ။ ငြိမ်းကို ကိုယ် အားကျမိတယ်။ ကိုယ်..." ကိုဇော်မင်း မျက်မှန်ကို ပင့်လိုက်ပြီး စကားမဆက်တော့။

ငြိမ်းရင်ထဲ၌ လှိုက်ခနဲဖြစ်သွားသည်ကိုလည်း သိမည်မထင်။
ငြိမ်းက ခုန်လာသောရင်ကို ကာကွယ်လိုသောကြောင့် ဖိုင်တွဲများကိုထုတ်ပြီး ကြည့်ပြီးသားစာရွက်များ ကို ပြန်လှန်လှောနေဖြစ်တော့သည်။ စောစောက စကားသံများ ဆူဝေနေသာ အခန်းလေးမှာ ပြန်၍ တိတ်ဆိတ် သွားပါတော့သည်။ သူတို့နှစ်ဦးစလုံး ရင်ခုန်နေသည်ကို နှစ်ဦးသားထိန်းချုပ်ရင်း တုံဏှိဘာ ဝေ ဖြစ်နေကြတော့သည်။

ဦးသိန်းဇော်က လေဆိပ်မှ ထွက်ခွာလာသော အငှားယာဉ်နောက်မှ ထပ်ကြပ်မကွာလိုက်လာရင်း အထူးကုဆေးခန်း ဆီသို့ လှမ်း၍ဖုန်းဆက်သွယ်လိုက်သည်။ တစ်ဖက်မှ ဖုန်းဖြေသည်နှင့် ကား ထွက်လာပြီးဖြစ်ကြောင်း အကြောင်းကြားပေးလိုက်သည်။

အငှားယာဉ်ပေါ်၌ နူးသည် မွေးကင်းစသားကိုပွေ့၍ ဘေးဘီဝဲယာသို့ငေးလျက်လိုက်ပါလာခဲ့ သည်။ သားလေး ၌ မွေးမွေးချင်း အသားဝါ ပါလာသောကြောင့် ရန်ကုန်သို့ သွားရောက်ကုသမှု ခံယူရန် ကိုမြတ်မင်းမှ စီမံပေးခဲ့ သည်။ သည်ရင်သွေးလေးကို နူး အသက်ပုံ၍ချစ်ရသည်မို့ ဆေးကုရန် လိုက်လာခဲ့မိခြင်းပင်။ ကိုဇော်ဟိုးကတော့ တန်ဖဲရွာသို့ ပြန်မရောက်သေးကြောင်း သိရသည်။ သူပြန်လာလာချင်း ကိုမြတ်မင်းက အကျိုး အကြောင်း ရှင်းပြမည်ဟု ပြောထားသဖြင့် စိတ်မပူတော့။ တန်ဖဲရွာ ပြောင်းရွှေ့ရေးမှာလည်း လှုပ်လှုပ် ရှားရှား ဖြစ်လာပြီမို့ နူးစဉ်းစားရခက် လာပြီ။ ကလေး၏ ကျန်းမာရေးအတွက် တွေးပူလာမိသည်။ ကလေးကို ရန်ကုန်တွင် ကုသဖို့အ တွက်အစစအရာရာ စီစဉ်ပေးသော ကိုမြတ်မင်းကို ကျေးဇူးတင်၍ မဆုံး။

အငှားကားသည် အထူးကုဆေးရုံသို့ ဆိုက်ကပ်လာသည်။ အငှားကားနောက်မှာဦးသိန်းဇော်ကား ကပါလာသည်။ ဆေးရုံဝန်ထမ်းများက ကားဆီသို့ အပြေးအလွှား ရောက်လာကြသည်။ နူးက သားလေး ကိုပွေ့၍ ကားပေါ်မှာဆင်းလိုက်သည်ည။
"ဟယ် ကလေး က ချစ်စရာလေးပါလား။ လာ လာ ညီမလေး၊ အထဲကိုလာ"
သူနာပြုဆရာမနှစ်ဦးက နူးကို နွေးထွေးလှိုက်လှဲစွာ ခေါ်ဆောင်သွားသည်။ ဦးသိန်းဇော်က ကောင်တာနားတွင် ရပ်နေသော ဆရာဝန်ထံ သို့ သွားရောက်၍ စကားပြောနေသည်။ နူးကို  နေရာ ချပေးပြီးနောက် ကိုမြတ်မင်း ထံသို့ ဖုန်းခေါ်လိုက်ပြီး အခြေအနေကို ပြောပြလိုက်ပါတော့သည်။
.............................................................................................................................................
စုထံမှ စာကိုဖတ်ပြီးကတည်းက ဦးကောင်းမြတ်တစ်ယောက် အတွေးများဖြင့် နောက်ကျိသွားခဲ့ သည်။ သမိုင်း တစ်ပတ်သည် နှစ်ခြောက်ဆယ်ခရီးကို ရုတ်ခြည်းလှည့်လည်လာ ပြီကော။
သူ့အာရုံတွင် ငွေရောင်ဖွေးနေသည့် ရေခဲတောင်ကြီးများ ဟေါ်လာသည်။ သူကရေခဲတောင်ကြီး များအလယ်မှ ထူးဆန်းသော နတ်သမီးရေကန်အနီး တွင် ရပ်နေသည်။ သူ့အရွယ်က ဆယ်နှစ်က လေးအရွယ်။ အဘိုးဖြစ်သူ က ထိုရေကန်ကြီး များ ပတ်ပတ်လည်မှ ဥယျာဉ်ပန်းမန်များကြားတွင် သူ့ကိုလှမ်း၍ လက်ပြကျီစယ်နေ၏။ သူက ရေကန်ကြီး ကို ကြည့်၍မ၀။ ထိုအခိုက်မှာပင်  သူ့ဆီကို ကောင်မလေး တစ်ယောက်ပြေးလာသည်။ အဘိုးက ထိုကောင်မလေးကို လှမ်း၍ဟန့်တားနေ၏။ မိုးသားတိမ်လိပ်တို့ တစ်ခဲနက် ညှို့မှိုင်း တက် လာသည်။ ကောင်မလေးက ကြောက်လန့်တကြား သစ်ပင်တစ်ပင်ခြေရင်းတွင် ပြေး၍ပုန်းခိုနေ၏။ ကြည်လင် ၀င်းပနေသော ကန်ရေပြင်သည် တစ်ခ ဏချင်း အုံ့မှိုင်းညိုမည်းကာ မိုးကြီးရွာချပါတော့သည်။

သူပြန်၍ အာရုံစိုက်မိချိန်တွင် အဘိုးလက်ထဲ၌ ကောင်မလေး မေ့မြောနေ၏။ ကန်ရေပြင် က ပြန်၍ ပြန့်ပြူး သာယာနေဆဲ။ သူ့လက်ထဲမှ ပန်းပွင့်များက မိုးရေတစက်စက်ကျနေ၏။ အဘိုးက ဒူး ထောက် လျက်သား ကောင်မလေး ကို ပွေ့ထားရင်း တောင်ပိုင်နက်သမီးအား နှုတ်ဖျားမှ တဖွဖွ ရွတ်ဆို တောင်းပန်နေ ၏။

သူ့အာရုံများက တသွင်သွင်စီးနေသော စမ်းချောင်းလေးနံဘေးသို့ ရောက်သွားပြန်သည်။ အဘိုးက စမ်းချောင်း ထဲမှ ကျောက်လွှာတစ်ချပ် ကို ခွာယူနေသည်။ သူက တအံ့တသြဖြစ်နေ၏။ ထို့နောက် ထိုကျော်လွှာချပ်ကို အိတ်ထဲ သို့ ထည့်လိုက်သည်။ ထိုအခိုက်မှာပင် တောပြိုသံများ ကြားရ၏။ အဘိုးက သူ့ကို လက်တွဲ ၍ တောင်အောက်သို့ ပြေးဆင်းတော့သည်။ သစ်ပင်များက တ၀ုန်းဝုန်းပြိုလဲနေ၏။ တောင်များက ကြွထ ရုန်းကန်ပြီး သူတို့နောက်မှ ကဆုန်စိုင်း၍ လိုက်နေသည်။ အဘိုးက ပြေးနေရင်းမှ အိတ်ထဲ က ကျော်လွှာချပ် ကို ပြန်၍ ပစ်ချလိုက်၏။ ရွှေရောင် ကျောက်ချပ်လွှာ သည် တောင်အောက် သို့ ပြန်ကျ သွားသည်။ တောင်ပြိုသံများ၊ သစ်ပင်ပြိုမှု များ သည်  ရုတ်တရက် ရပ်ဆိုင်သွားတော့၏။ အဘိုးက ဒူးထောက် ၍ တဖွဖွတောင်းပန်နေတော့ သည်။

သူ့အသက်နှစ်ဆယ်တွင် အိမ်တက်မင်္ဂလာ ကျင်းပခဲ့သည်။ အဘိုးက ဦးစီးဦးဆောင်ပြုကာ ကျင်းပ ပေးခြင်းပင်။ သူတို့ အိမ်တက် မင်္ဂလာပွဲ ကျင်းမနေစဉ်မှာပင် လူစိမ်းသုံးဦး ရောက်လာကြသည်။ သူတို့က အဘိုးနှင့်အတူ အိမ်ဝင်း ထဲ မှ ထွက်ခွာသွားကြ၏။ သူတို့မင်္ဂလာပွဲ ကျင်းပနေခိုက်မှာပင် သေနတ်သံ ကြားရသည်။ အဖေနှင့် ရွာသား တချို့ ပြေးထွက်သွားကြ၏။ အဖေတို့ပြန်လာချိန်တွင် အသက်မဲ့နေသော အဘိုး၏ ခန္ဓာကိုယ် ကို ပွေ့၍ပြန်လာကြသည်။ သူ အဘိုး ကို ပြေး၍ ပွေ့မိသည်။ အဘိုး လက်ထဲ၌ တင်းတင်း ဆုပ်ကိုင် ထားသည် မှာ ရွှေကျောက်ချပ်လွှာ အပိုင်းလေး။
အဖေက သူ့ကို ချက်ချင်းပင် ရန်ကုန်သို့ ထွက်ခွာစေခဲ့သည်။ ဤနယ်မြေတွင် သူ့အတွက် အန္တရာယ် ရှိနေပြီ။ ရွှေချပ်လွှာ ဘယ်နေရာမှ ရသည်ကို သိထားသော သူ့အဖို့ အသက်အန္တရာယ် ကမသေးလှ။ ထို့ကြောင့် သူတို့လင်မယား နှစ်ဦး စလုံး အမြန်ပင် ထွက်ခွာလာခဲ့ ကြရ၏။

ဆက်ရန်
.

No comments: