Friday, August 31, 2012

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

စံ- ဇာဏီဘို ၏ ငယ်ငယ်တုန်းက

အပြစ်များစွာကို ကျူးလွန်လေ့ရှိသော လူ့ဘ၀သည် သွန်သင်ခံရခြင်း၊ ဆုံးမခံရခြင်း၊ ဆူပူမာန်မဲ ခံရခြင်း၊ ငေါက်ငမ်းခံရခြင်း ...၊ လက်ပိုက်၍ မတ်တတ်ရပ်ရခြင်း၊ နားရွက်ဆွဲ ထိုင်ထလုပ်ရခြင်း၊ လက်ခေါက်၊ လက်ဝါးမှ အစ ခြေသလုံး တင်ပါးအဆုံး ကြိမ်လုံးဖြင့် တဗုန်းဗုန်းရိုက်နှက်ခံရခြင်း၊ ဆံပင်ဆွဲ ခံရခြင်း၊ ခေါင်းခေါက် ခံရခြင်း၊ ဘုန်းကြီး ထံအပ်၍ ဆုံးမခံရခြင်း၊ အရိုက်ကြမ်းသော ဆရာတို့ထံတွင် အပ်နှံ၊ ပေတံနှင့် ခြေသလုံး၊ တင်ပါး၊ လက်ဝါး၊ လက်ခုပ်မကျန် ရိုက်နှက်စေခြင်း၊ မုန့်ဖိုးဖြတ်ခံရခြင်းစသည့် .... စသည့် အပြစ်ပေးသော ဒဏ်များ ကို ခံရစမြဲဖြစ်သည်။
အပြစ်မရှိသေး သည့် ကလေးဘ၀ဆိုသည်ကား ပုခက်အတွင်း နေခဲ့ရသော မွေးကင်းစ လအနည်းငယ် သာ ဖြစ်မည် ထင်၏။ ငယ်ဘ၀ဆိုသည်ကို တွေးမိတိုင်းစိတ်ဆိုး ဒေါသထွက်နေသော မျက်နှာများ၊ ယူကျုံး မရဖြစ်နေသော မျက်နှာများ၊ အားမလိုအားမရဖြစ်နေသော လက်ဦးဆရာများကိုသာ မြင်ယောင် မိတော့သည်။

နွေရာသီကျောင်းပိတ်ရက်သည်ကား ...အသက်(၇) နှစ် အရွယ်တစ်ဦးအတွက် လွန်စွာ စိတ်ညစ်ဖွယ် ကောင်းသော ကာလရှည်တစ်ခုဖြစ်၏။ ပိုလိုကတ်ရိုက်ဖက်၊ သားရေကွင်းပစ်ဖက်၊ ပေသီးပစ်ဖက်၊ သူငယ်ချင်းများနှင့် တရုန်းရုန်းနေခဲ့ရသော ကျောင်းတက်ရက်များကို လွမ်း၏။ အိမ်နီးချင်းများသည် မိန်းကလေးများလှ၏။ အပျိုမကြီး အစ်မ ခက်ချော မှ ဦးဆောင်၍ ထမင်းချက်တမ်းကစားခြင်း၊ ထုပ်ဆီး တိုးခြင်း၊ ဈေးရောင်းဈေးဝယ် ကစားခြင်း၊ အစ်မနှင့် သူငယ်ချင်းများက မွန်တို့ဌာနေ ရမညဟူသော သီချင်းများနှင့် မင်းသမီးလုပ်၍ ကခုန်သောခါ ကန့်လန့်ကာဆွဲရ၊ ခိုင်းတိုင်းလုပ်ရနှင့် မည်သို့မျှ မပျော်နိုင်။ အဆိုးဆုံးသည်ကား ကျောင်းတက်ရက်များတွင် ရနေကျမုန့်ဖိုး(၁၀) ပြားမရခြင်းတည်း။

လေးထောက့်ပုံ ၁၀ ပြားစေ့ ခြင်္သေ့ရုပ်တစ်ဖက်၊ ပန်းတစ်ဖက် ခပ်လေးလေး သတ္တုစေ့ကို လက်ဝါးစား တွင် ပတာနီ ၀ယ်စားလိုက်၊ ဆီးပေါင်းဝယ်စားလိုက်၊ ပဲကြော်ဝယ်စားလိုက်၊ ဗယာကြော်ဝယ်စားလိုက်၊ ခေါက်မုန့်ကို တကြွပ်ကြွပ်ဝါးစားလိုက်နှင့် မုန့်စားဆင်းချိန်မှ မုန့်ပဲသရေစာတို့၏ အရသာတို့ကိုလည်း စိတ်ကူးမှ ပုံဖော်ကာ တစိမ့်စိမ့်ထွက်လာသော သွားရေနှင့် တံတွေးပေါင်း၍ ဂလုခနဲမျိုချရသည်။
ကျောင်းတက်သော အချိန်၌သာ မုန့်ဖိုးပေး၍ ကျောင်းမတက်သော အချိန်၌ မုန့်ဖိုးမပေးသော မိဘတို့ အား မည်သို့ နားလည်ရမှန်းမသိ။ အိမ်မှချက်သော ထမင်း၊ ဟင်း၊ ကျွေးမွေးသော မုန့်မျိုးစုံတို့သည် ကား ကျောင်းရှိ ခါလာကြီးမုန့်ဆိုင်မှ ၅ ပြားတန်မုန့်၏ အရသာကိုပင်မမီ။ မိန်းကလေးများ ကစားသော နေရာတွင်လည်း ကြာကြာမကစားနိုင်။ တစ်ဦးတည်း ခွေလိမ့်ရန် လမ်းမပေါ်သို့ တက်ခဲ့သည်။ စမုတ်တံ များမပါတော့သည့် သံချေးအထပ်ထပ်နှင့် စက်ဘီးခွေ အဟောင်းအား တုတ်တိုနှင့် ရိုက်လိုက်။ အလယ်မြောင်းမှ တွန်းလိုက်နှင့် ကတ္တရာလမ်းမှ မော်တော်ကားများ၊ မြင်းလှည်းများ၊ စက်ဘီး၊ ဆိုင်ကယ်များနှင့် ယှဉ်၍ ပြေးလွှားရသည်ကား အရသာရှိ၏။

မောလျှင် တုတ်ကိုခါးထိုး၊ ခွေကို ဆွဲ၍ မြင်းရထား၏နောက် တွဲလဲခို၍ လိုက်သွားရသည်ကား ...တဂျီဂျီ သီချင်းဆိုလိုက်၊ ကလိုက်၊ ဖန်ခုန်တမ်းကစားလိုက်၊ ခဲလုံးများပစ်ကာ မှောက်ကာ ဇယ်ခုတ်နေသော မိန်းကလေးများနှင့် နေရခြင်းထက် ပို၍ ပျော်ရွှင်ဖွယ်ဖြစ်သည်။
မြင်းလှည်းခိုစီး၍ ဈေးကြီးဘက်သို့ ရောက်လေသော် ဖျတ်ခနဲ ခုန်ဆင်း၏။ ထို့နောက် မြ၀တီစတိုးရှိရာ သို့ သွား၏။ ကာတွန်းအရုပ်များကြည့်၏။ တစ်အုပ်လျှင်ပြား ၆၀ ပေးရသော မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ပေါ်ပြူလာကာတွန်း၊ ကာတွန်းစုံ၊ ကာတွန်းပဒေသာ စသည့် ကာတွန်းတို့အား ကြည့်၍ မောင်ကမ္ဘာ၊ ဗိုလ်ပုချို၊ မြားနတ်မောင်၊ ဘုတ်ဆုံ၊ ဗလကြီး၊ ဗလလေး၊ မောင်သတ္တိ၊ ဒီလုံး၊ ဦးစံရှား၊ ဦးဒိန်းဒေါင်၊ ဦးစိတ်တို၊ မျောက်ညို၊ တာဇံ၊ ဦးကပ်စေး စသည့် ရင်ထဲမှ ကာတွန်းဇာတ်လိုက် တို့ကိုကြည့်၏။ အဖုံးသာ ကြည့်ရသည်။ ကိုင်ခွင့်မရှိ။ ရုပ်ရှင်ရုံဘက်သို့ လမ်းလျှောက်၏။ ဘိုင်စကုပ် ပိုစတာများကြည့်၏။ ပိုစတာ ပန်းချီ ရေးခြင်းကိုလည်း ထိုင်ငေး၏။

ဓာတ်ပုံပေါ်၌လည်းကောင်း၊ ပိတ်ကားပေါ်၌လည်းကောင်း လေးထောင့်ကွက်များချ၍ ပုံကူးဆွဲခြင်းကိုကြည့်၏။ စိန်မေ၀င်း ရုပ်ရှင်ရုံ တွင် တင်ထားသော ပိုစတာထဲမှ ဘိုင်စကုပ်မင်းသား ၀င်းဦး သည် နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ပါ၏။ အမွေးရှိ၏။ ဓာတ်ပုံအတိုင်း ကျကျနနပုံဆွဲခြင်းကို ကြည့်နေစဉ် ချာတိတ် မင်းဘီလမ်းက ဆန်နီ မဟုတ်လား။ ပခုံးပုတ်၍ မေးလာသဖြင့် လှည့်ကြည့်သော် ဘိုင်စကုပ်မင်းသား ကို တွေ့၏။ အမောက် ထောင်ထား၏။ နှုတ်ခမ်းမွေးရှိ၏။ မေးစေ့တွင် မှဲ့ရှိ၏။ သေချာကြည့်လေသော် မေးစေ့မှ မှဲ့ကို ဆေးအနက်ဆိုး၍ မှဲ့အတုလုပ်ထားခြင်းဖြစ်သည်။ ၀င်းဦးနှင့် မတူ တူအောင် နှုတ်ခမ်းမွေးထား၊ မှဲ့ထိုး ထားခြင်းဖြစ်သည်။ မည်သို့ဖြေရမှန်းမသိ၍ ခေါင်းညိတ်၍ ဟုတ်ကြောင်းတုံ့ပြန်လိုက်သည်။

ဝင်းဦးအတုက ပြုံးရယ်ကာ အိတ်ထဲမှ ချိုချဉ်ကို ထုတ်ကျွေး၏။ ရှုားမီးချိုချဉ်အုတ်ခဲပုံဖြစ်သည်။ အပေါ်မှ ပလတ်စတစ်ကိုခွဲ၍ ချိုချဉ်ပါးစောင်ထဲသွင်း၊ တပြွတ်ပြွတ်စုပ်၍ မော့ကြည့်သောအခါ ချာတိတ် မင်းတို့ အိမ်ခေါင်းရင်းက ခင်ချောနဲ့ မင်းနဲ့သိလား ''သိတယ်'' ချိုချဉ်အား တစ်ဖက်ပါးစောင်သို့ပြောင်း ..တပြွတ် ပြွတ်စုပ်ကာ ခေါင်းညိတ်၍ ပြန်ဖြေသည်။ ၀င်းဦးအတု ပြုံးသွားသည်။ ''သူနဲ့ငါက ချစ်သူတွေ ကွ ကျောင်းကပိတ်ထားတော့ ...လူချင်းကလည်း မတွေ့ရတော့''... ဆိုသော စကားမဆုံးမီ ''ဟုတ်တယ်... ကျောင်းပိတ်တာ လုံးဝမကောင်းဘူး.... မုန့်ဖိုးဆယ်ပြားမရဘူး၊ သူငယ်ချင်းတွေနဲ့လည်း မကစား ရဘူး'' ဟူ၍ ခံစာချက်အပြည့်နှင့် စကားပြန်ရင်း အပြန်အလှန် မိတ်ဖွဲ့လေသည်။ လှပသော အရုပ်များ ပါ၍ မွှေးရနံ့ရှိသော စာအိတ်ကို သယ်ဆောင်၍ ''ခင်ချော ထံ'' လူကြီးမသိအောင် ပေးရမည်ဖြစ်သည်။

''ပေးပြီးလျှင် သူပေးတဲ့စာ ပြန်ယူခဲ့..ဒီနေ့ညနေ ၃း၀၀ နာရီမှာ ပြည်တော်သာကွင်းရှေ့က ညောင်ပင် အောက်မှာ စောင့်နေမယ်'' ဟုပြောကာ .... ''မင်းက ကာတွန်းကြိုက်လို့လားဟူ၍ဆိုကာ ပေါ်ပြူလာ ကာတွန်းတစ်အုပ်အား ၀ယ်ပေး၏။ ပေးလာသော ကာတွန်းကြိုက်လို့လားဟူ၍ ပေးရမည့်စာအား ကာတွန်းစာအုပ်ကြားညှပ်၍ ခွေကိုလှိမ့်၍ ပြန်ရသည်မှာ မမောနိုင်တော့... ''အစ်မခင်ချော''ရော့ နှုတ်ခမ်းမွေးနဲ့ ၀င်းဦးပေးခိုင်းလိုက်တာ''ဟု ပြော၍ လူအလစ်ပေးလေသော်... မခင်ချော၏ မျက်နှာပြင် သည်ကား စတော်ဘယ်ရီသီးလိုလို၊ ချယ်ရီပန်းလိုလို၊ နီတစ်လှည့် ပန်းရောင် တစ်လှည့်နှင့်။ ''ဟဲ့ ကောင်လေးဆန်နီ နင်ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်'' ခါတိုင်း မာန်လိုက်မဲလိုက် အစ်မချောသည် ကား ဆိတ်နို့ဘီစကစ် တစ်ချပ်ကျွေး၍ ပြုံးပြုံးရယ်ရယ် ဆက်ဆံခြင်းက ဆန်းလှပေ၏။ ကာတွန်းဖက် လိုက်၊ ဘီစကစ်စားလိုက်နှင့် ဟန်ကျကာ မေမြို့နွေဦးလေပြည်အောက် တွင် မှေးငိုက်နေဆဲ ''ဟဲ့ ဆန်နီ ဆန်နီ'' အမည်ခေါ်၍ လှုပ်နှိုးသံကြား၍ မျက်လုံးဖွင့်ကြည့်သော်... အစ်မခင်ချော ကို တွေ့ရသည်။

''ရော့ သူ့ကို ဒီစာသွားပေး၊ ဘယ်သူမှ မသိစေနဲ့နော်'' အလွန်မွှေးလှသော ပန်းရောင်စာရွက်ကို ဘိုင်စကုပ် ကြော်ငြာများ ခေါက်သကဲ့သို့ လေးထောင့်ပုံ ခေါက်ချိုးထး၏။ စာကို အိတ်ထဲထည့် ....ခွေလှိမ့် ၍ ညောင်ပင်အောက်မှ ၀င်းဦးအတုကိုသွားပေး၏။ စာကိုဖတ်ကာ ၀င်းဦးအတု နှုတ်ခမ်းမွေးများ ကားသွား အောင်ပြုံး၏။ ''ချာတိတ် မင်းတော်တယ်'' ဟု ဆိုကာ အပြာရောင် စက္ကူတစ်ရွက်ပေး၏။ ပိုက်ဆံ (၁၀) ဖြစ်၏။ ကျောင်းတွင်သင်သော အလီတိုင်ကို ရွတ်၍ ငွေ ၁၀ အား ၁၀ ပြား ဖြင့်ဖွဲ့လေသော်၊ တစ်ကျပ် လျှင် ၁၀ ပြားစေ့ ၁၀ စေ့ဖြစ်ပေရာ ငွေတစ်ဆယ်က ဆယ်ပြားစေ့ အစေ့ (၁၀၀) နှင့် တူ၏။ ငါးပြားစေ့ ဆိုလျှင်ကား အကြွေစေ့ပေါင်း ၂၀၀။ ပျော်လိုက်သည့်ဖြစ်ခြင်း။ တစ်နေ့ ၁၀ ပြား မုန့်ဖိုးရသည့် ကျောင်းတက်ရက်ပေါင်း ၁၀၀ လျှင် ရသောငွေကြေးကို ရခြင်းတည်း။ ထိုပိုက်ဆံကို ကိုင်၍ အိပ်မပျော်၊ ခေါင်းအုံးအောက် ထည့်လိုက်၊ ဘောင်းဘီထဲထည့်လိုက်၊ အင်္ကျီအိတ်ထဲထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်၊ လွယ်အိတ်ထဲ ထည့်လိုက်နှင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။ အိမ်အနီးအပါးမှ ဆူညံသံများကြား၍ အိပ်ရာ မှ နိုးလေသော်... နေအတော်မြင့်နေသည်။

''အမလေး သမီးမိုက် မိခင်ချောရဲ့... အခုတော့ လင်နောက်လိုက်ပါပေါ့လား'' ဟု အော်ကြီးဟစ်ကျယ် တစ်ရပ်လုံးကြားအောင် ငိုနေသော... အစ်မခင်ချော၏ အမေအသံကို နားထောင်လိုက်...၊ စာအုပ်ကြး မှ ပိုက်ဆံ ၁၀ ကို ကြည့်လိုက်နှင့်။

သုံးရခက်သော ပိုက်ဆံတစ်ဆယ်

ထိုခေတ်ကာလ ငွေ ၁၀ သည်ကား အလွန်သုံးရခက်၏။ လမ်းထိပ်ရှိ မာမူမုတ်ဆိတ်ကြီးဆိုင်၌ ပတာနီ ထုပ်ဝယ်၏။ တစ်ထုပ် ငါးပြားဖြစ်၏။ ပိုက်ဆံ ၁၀ တန်အား ထုတ်ပေးသော် ''အာ ရို့ ရို့... ချွတ်တား ဘာရာဆတ်'' (သူဌေးပေါက်စလေး...) ငါးပြားနှင့် ပိုက်ဆံ ၁၀ တန်ကို ဘယ်လိုအမ်းမလဲ။ အကြွေပါ လား။ ငါးပြား ပါလားပေး ဆိုးထားသော ဆံပင်နီရဲရဲ၊ အဖြူအမည်းရောင် ရောထွေးနေသော မုန်ဆိတ် နှင့် ကွမ်းချေး တက်ကာ မည်းနေသောသွား၊ နီရဲနေသော လျှာများ၊ တစ်ချိန်လုံးနီရဲနေသော မျက်လုံးနီ ကြီးများနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ကြည့်ကာ အပိုင်စီးမည့် ပုံပေါက်နေသဖြင့် ဆိုင်ရှင်ကုလားကြီး၏ လက်မှ ပိုက်ဆံ ၁၀ ကို ဆတ်ခနဲ ပြန်လုကာ ပတာနီထုပ် ကိုလည်း ပြန်မထားဘဲ လှစ်ခနဲ ထွက်ပြေးလေသည်။ ''အာရေး ဘားဘား ကျိုးရ် ၀ါလား၊ ချွတ်တား ကျိုးရ်ဝါလား''...little thief... thief... ဒေါရဘော...တခိုး....တခိုး...စသည့် ဘာသာ စုံနှင့် အော်ဟစ်နေသော ကုလားကြီးအား ကျောခိုင်း၍ တချီတည်းပြေးလေတော့သည်။ မြို့လယ်ခေါင် လာရှိုးလမ်းနံဘေး တံတားဘောင် တွင် အကျအနထိုင်၏။ ပတာနီတစ်လုံးအား ပါးစပ်ထဲပစ်ထည့်လိုက် တံတားကြီးအောက်တွင် စီးဆင်းနေသော မေမြို့မြောင်းပုပ်ကြီးထဲ တစ်လုံးပစ်ချလိုက်နှင့် ပိုက်ဆံ ၁၀ မည်သို့ သုံးရမည်ကို အကြံထုတ်လေသည်။

''ဟေ့ကောင် ဆန်နီ'' ဘာလုပ်နေတာလဲ...ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ လမ်းထိပ်မှ လူပျိုပေါက် ဂျွန်ကိုတွေ့ရ၏။ ''ဂျွန်''သည် ဂျူးကပြား ဖြစ်၏။ လူပျိုကြီးများနှင့် တွဲသည်။ ပေသီးပစ်ခြင်းတွင် ကျွမ်းကျင်၏။ ကျွဲချို၊ လောက်လေးခွကို ပိုင်၏။ စက်ဘီးကို လက်နှစ်ဖက်လွှတ်၍ စီးနိုင်၏။ သူ၏ ဖခင်၏ ဂစ်တာကိုလည်း ယူ၍ တဂျောင်ဂျောင်တီးနိုင်၏။ တာဇိံလိုလည်း ကြိုးခိုစီးနိုင်သည်။ သစ်ပင် တက်ကျွမ်ကျင်သည်။ ရှေ့ကျွမ်း၊ နောက်ကျွမ်း ထိုးတတ်သည်။ ကောင်းဘွိုင်ကဲ့သို့ ကြိုးကွင်းပစ်တတ် သည်။ ကလေးအားလုံး၏ Hero ''ဟီးရိုး'' တစ်ယောက် ဖြစ်သည်။ မိုးထိမြင့်အောင် ''လေတံခွန်'' (စွန်) လွှတ်တတ်သည်။ ''ဟာကိုဂျွန်ကြီး ဘယ်သွားမလို့်လဲ'' ... ''ပျင်းရင် လိုက်ခဲ့လေကွာ''ဟု ခေါင်းပုတ်၍ စိတ်လို လက်ရ ခေါ်၏။ ၁၃ နှစ်အရွယ်ရှိသော ဂျွန်ကခေါ်လျှင် ဘယ်နေရာရောက်ရောက်လိုက်ရပေ မည်။ ညံတောရှိ ဘိလိယက်ခုံသို့သွား၏။ အင်္ဂလိပ် ဘိုင်စကုပ်မင်းသားအလား ပိုလိုစီးကရက်ကိုခဲကာ ဘိလိယက်ထိုးခြင်းကို သဘောကျ၏။

 ''ဟိုဟာခိုင်းလိုပ်ပေး...ဒီဟာခိုင်းလုပ်ပေး ဖင်ပေါ့သော ဆန်နီကို ဂျွန်သဘောကျသွား၏။ ဘိလိယက်ထိုး၍ ပိုက်ဆံ အတော်အတန်နိုင်ပုံရ၏။ လက်ဖက်ရည်ဆိုင် ခေါ်သွား၏။ လက်ဖက်ရည်တိုက်၏။ မုန့်ကျွေး၏။ ထို့နောက် ညံတောကွင်းဘေးသို့ ခေါ်သွား၏။ လမ်းဘေး အရိပ်ကောင်းလှသော ညောင်ပင်ကြီးအောက်တွင် ပိုက်ဆံထောက်ပစ်သူပစ်၊ ကျားထိုးသူ ထိုး၊ ကြွေအံပစ်သူပစ်၊ မိုးကြိုး ပစ်ဘက်မှ ဂေါ်ရခါးတစ်ခုသည်လည်း ဖဲရိုက်နေကြ၏။ ကွင်းပြောင် ပြောင် တစ်နေရာ၌ ဂျွန်ကထိုင်၍ ရေး၏။ လက်ခုပ်တဖျောင်းဖျောင်းတီး၍ တင်ပျဉ်ခွေထိုင်ကာ ၅ မူးစေ့ ၂ စေ့ကို ထုပ်၍ တစ်ပြားပြီးတစ်ပြားလှည့်၏။ ဘယ်တစ်လှည့်၊ ညာတစ်လှည့် လှည့်ကာ လက်ဝါးဖြင့် အုပ်၏။ ခြင်္သေ့ ၂ ကောင်ပေါ်က ခေါင်းစုံ၊ ပန်း ၂ ဖက်ပေါ်က ပန်းစုံ၊ ခြင်္သေ့တစ်ဖက် ပန်းတစ်ဖက်ပေါ် ကဘက်ဟုယူဆ၏။ ပန်းတစ်ဖက်၊ ခေါင်းတစ်ဖက်ပေါ်က ဘက်စုံကို လျော်ရ၏။ လျော်လိုက်၊ စားလိုက် နှင့် အလွန်ပျော်စရာ ကောင်း၏။ ပိုက်ဆံဟူသည်မှာ အလွန်ပျော်စရာကောင်းသော ကစားစရာတစ်ခု ဖြစ်သည်ကို ထိုအချိန်မှစ၍ သဘောပေါက်လေတော့သည်။

ကလေးသူခိုး ငရဲရောက်ခြင်း

ဤသို့ဖြင့် နွေရာသီကျောင်းပိတ်ရက်ကြီး ကုန်လုပြီ။ ကျောင်းဖွင့်လျှင် ကျောင်းပြန်တက်ရမည်ကို စိုးရိမ် ၏။ ၂ တန်းသို့ တက်ရမည်။ ရွယ်တူ ၂ တန်းကျောင်းသားများနှင့် အတူတက်ရမည်ကို ၀န်လေး၏။ ညံတောကွင်းဘေး ကာလသား တစ်သိုက်နှင့် ဒေါ်အေးခ အကြော်ဆိုင်သွားစားလိုက်၊ ဦးမောင်အေး မုန့်တီစားလိုက်၊ စိန်ပေါက်ခေါက်ဆွဲကြော်ဆိုင်၌ ခေါက်ဆွဲကြော်စားလိုက်၊ လေငွန်တွင် ၀က်စတူးဟင်း စားလိုက်၊ ပင်းသာသို့သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ ပင်းသာသို့ သွား၍ မုန့်စားလိုက်၊ ချာတာကြီးဆိုင်မှ ချောကလက်ဝယ်စားလိုက်၊ မြို့မရုပ်ရှင်ရုံရှေ့တွင် ဆိတ်သား ခါးပတ်စားလိုက်။ အသားတင်ကပ်လိုက်နှင့် ကာလသားတို့ထုံး နှလုံးမူရသည်မှာ ကျောင်းမုန့်ဆိုင်တန်း မှ ၅ ပြား တန် ပတာနီ၊ ဗယာကြော်၊ ဆီးပေါင်းတို့အား လားလားမှပင်ပြန်၍ မတွေးချင်။

ခါလာကြီးဆိုင်မှ ၅ပြားတန် ပီကေနှင့် ချာတာကြီးဆိုင်မှ ငါးမူးတန် ပီကေသည်ကား အရသာလည်းမတူ အနှစ်သာရ လည်း ကွာလှ၏။ တစ်စစ လူပျိုကြီးများသောက်သုံးသော ဘိလပ်ရည်ကိုပင် ၀ယ်ယူသောက်သုံးသော အဆင့် ကိုရောက်၏။ ပုလင်းဝအပေါက် အလယ်တွင် ပိတ် ထားသော ဂေါ်လီလုံးကိုဖယ်၍ အမြှုပ်များ ထွက်စေကာ ကျလာသော အမြှုပ်များကို လက်နှင့်တို့ လျှာဖြင့်လျက်လိုက၊ ပုလင်းကိုလှုပ်လိုက်၊အမြှုပ် များထွက် လာလိုက် အပေါင်းအသင်းများနှင့် ဆော့ကြ၏။ ဗင်တို၊ ဖလူတို၊ ကရင်ဆော်ဒါ၊ လိမ္မော်၊ ပင်မှည့်၊ ဂျင်ဂျာဘီယာ အစရှိသည်တို့ကို တစ်မျိုးပြီးတစ်မျိုး လှည့်ကာ သောက်သုံး၏။ ဆယ်ပြားဟူသော ပိုက်ဆံသည်ပင် အိတ်ထဲ၌လေးလှ၏။

ကျောင်းဖွင့်သောအခါ မုန့်ဖိုး ၁၅ ပြားရ၏။ နေ့စဉ် ကျောင်းတက်ရသော် ညောင်ပင်အောက်မှ ကာလသား များနှင့် ဝေး၏။ သားရေကွင်းလည်း မပစ်လို တော့။ ပတာနီထုပ်ကို ကိုင်၍လည်း မျိုမကျ။ ကျောင်းမှကြော်သည်လည်း အေးစက်နေ၏။ အတန်းကြီးမှ ကျောင်းသားများ သောက်နေသော ဘိလပ်ရည် အနံ့သည်လည်း အရသာသိနေသော သူ့အတွက် သွားရည်တများများ။ သုံး၍မ လောက်သော ပိုက်ဆံ ၁၅ ပြားအား ငုံ့ကြည့်ရင်း အိမ်မှ အစ်မ၏ စုဘူးအား စိတ်ထဲမှာ မြင်ယောင် လာ၏။
အစ်မ၏ စုဘူးသည် ကြောင်းအဖြူရုပ်လေးဖြစ်၏။ ရရှိသမျှမုန့်ဖိုးကို စု၏။ အစ်မသည် အလွန် ကပ်စေးနှဲ ၏။ ပေးသမျှသော ပိုက်ဆံများအား ၀ယ်မစားဘဲ ပိုက ပိုက်ဆံစုဘူးထဲထည့်ကာ စုထား၏။ လက်ဖြင့် ''မ '' ကြည့်သောအခါ အလွန်လေး၏။ ပိုက်ဆံ အတော်အတန် စုဆောင်းမိပြီဖြစ် မည်ဟုထင်၏။

ပိုက်ဆံဖောဖောသီသီ သုံးစွဲရန်အလို့ငှာ အစ်မ၏စုဘူးအား ဖောက်၍ ခိုးယူရန် ဆုံဖြတ်လိုက် တော့သည်။
စုဘူး ၏အောက်ခြေ ကြောင့်ခြေထောက်ဝန်းကျင်ကို စမ်းကြည့်သော် ပလတ် စတစ် ပျော့ပျော့ ရှိ၏။ ရေချိုးခန်းထဲရှိ ဖခင်၏ မုတ်ဆိတ်ရိတ်ဓားကို ယူကာ အောက်ခြေမှနေ၍ သပ်သပ်ရပ်ရပ်ဖောက်၏ ။ စုဘူး ၏အောက်ခြေ ဟသွား၏။ ပိုက်ဆံလို သလောက်ယူ၏။ အပေါက်များကို ပြန်စေ့ထား၏။ ၂ တန်း ကျောင်းသားပင်ဖြစ်လင့်ကစား တက္ကသိုလ်ဝင်ဖြေမည့် မက်ထရစ်ကျောင်း သား များနှင့် တွဲ၏။ ပိုက်ဆံ ကုန်သွားလိုက် စုဘူးနှိုက်လိုက်နှင့် တစ်နေ့သောအခါ လက်ပူးလက်ကြပ်မိလေတော့ သတည်း။ '' ကဲ ခိုးဦးဟဲ့ '' ဟုဆိုကာ တဖျန်းဖျန်း ရိုက်၏။ အဖေက တအုန်းအုန်း နှက်၏။

မာလာရုံ  ဘုန်းကြီးကျောင်းသို့ပို့ကာ ဆရာတော်ထံအပ်၏။ ဆရာတော်က ခိုး လျှင် ငရဲကြီးးမည်။ အကြော်ဒယ်အိုး ထဲထည့်၍ အကြော်ခံရမည်ဟုဆို၏။ ဒယ်အိုးထဲထည့်၍ ကြော်သော ဒေါ်အေးခ အကြော် ကို မြင်ယောင်ကာ ဗိုက်ပင် ဆာလာ၏။ ငရဲခွေးကြီး ကိုက်မည်ဆိုသော် ထန်းလျက်ကျွေးလျှင် အမြီးလှုပ် တတ်သော ဆရာတော်၏ ဂုတ်ကျားခွေးတို့အား သွား၍သတိရမိ၏။ ငရဲမင်း၊ ငရဲသားများက ရိုက်နှက်မည် ဟုပြောသောအခါ အဖေကိုမြင်၏။ အမေကိုမြင်၏။ ကျောင်းမှ အရိုက်ကြမ်းသော ဆရာ ဦးသန်းဖေအား မြင်၏။ ငရဲပြည် သည်ကား ဤမေမြို့ကဲ့သို့ပင် ဖြစ်မည်ဟု တွေးမိ၏။ မည်သို့ဆိုစေ တစ်လ နှစ်လခန့် မခိုးတော့။

သို့သော် တစ်နေ့တွင် ချိတ်ထားသော ဖခင်၏ အင်္ကျီအိတ်ထဲရှိ ငွေစက္ကူ ဖောင်းဖောင်းကိုတွေ့၏။ ဘေးဘီတွင် မည်သူမှမရှိ။ ဤအချိန်တွင် ညံတော ကွင်းဘေး ညောင်ပင်ကြီးအောက်တွင် ခေါင်ပန်း လှန် ပိုက်ဆံထောင် ပစ်သူနှင့် အတော်အတန် စည်ကားလှပေတော့မည်ထင့်။ ပျော်စရာ ထိုဝန်းကျင် သို့သွား လိုသောစိတ်များ တဖွားဖွားပေါ်လာကာ ဖခင်အိတ်ထဲမှ ပိုက်ဆံကိုနှိုက်၍ တစ် ဖန် သူခိုးဘ၀သို့ ရောက်ပြန်လေသည်။
လစ်လျှင် လစ်သလို ခိုး၏။ အမေ့ပိုက်ဆံအိတ်ထဲမှ နှိုက်၏။ အဖေ့သားရေအိတ် ထဲမှယူ၏။ ထမင်းချက်ကြီး ဦးမတ်နော်၏ ကုတ်အင်္ကျီထဲမှနှိုက်၏။ ကားဒရိုင်ဘာ ဦးစောတင်အောင် အိတ်ထဲမှ ယူ၏။ ကလေးထိန်းသည့် မအေး ၏ ထန်းခေါက်ဖာ ကိုပင် အလွတ်မပေးတော့... ခိုးသူတို့၏ လားရာလမ်းသည်ကား လက်ပူးလက် ကြပ် မိခြင်းပေ တည်း။ ပို၍ ရိုက်နှက်၏။ ကျောင်းသိုပင်လိုက်၍ ဆရာ၊ ဆရာ ကြီးများထံသို့ လိုက်၍တိုင်၏။

အရှက်ရသော သူခိုးလေး

အတန်း်ဘက်သို့လှည့် ခုံပေါ်တက် မတ်တတ်ရပ်ကာ ခေါင်ပေါ်တွင် I am a thief .ကျွန်တော် သူခိုးပါဟူသော လျှောက်လွှာစာရွက်ဖြင့် ခေါင်းတွင် ထောင်ထား၏။ အလွန်ရှက်လှ၏။ ခေါင်းသော် မဖော်ဝံ့။ ကျောင်းအုပ်ဆရာကြီးခေါ်ယူ၍ ဆုံးမ၏။ ကျောင်းအုပ် ဆရာကြီသည် ဘရာသာ ဂျူးလီးယက် အမည် ရှိ၏။ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်၏။ သင်တိုင်း အဖြူကြီးကို ၀တ်၏။ ကျောင်းသားကြီးများက ကွယ်ရာတွင် ဒေါက်တိုဟူ၍ သူ့ကိုခေါ်၏။ ကျောင်းအုပ်ကြီးရှေ့သို့ မတ်တတ်ရပ်လေသော် တစ်ချက်ကြည့်၏။ little thief ဟူ၍ နှုတ်မှရွတ်ကာ ကြိမ်လုံးကိုကိုင် နားရွက်ကိုဆွဲခေါ်၍  LKG သူငယ်တန်းမှ ၁၀တန်းအထိ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် သူခိုဖြစ်ကြောင်း လိုက်လံကြေညာကာ အတန်း တိုင်း၏ ရှေ့မှောက်တွင် ကြိမ်လုံးဖြင့် တဖျန်းဖျန်းရိုက်၏။

နာကျင်၍ ကျသောကမျက်ရည်များ၊ ရှက်၍ ကျသော မျက်ရည်များ၊ ချွေးများ၊ နှာခေါင်းမှ စီး ကျလာသော နှာရည်များ... အံကြိတ်ခံ၍ သွားဖုံးမှ ထွက်လာသော သွေးများကျ လာပြီ၊ ဆီကြော်သော ဒယ်အိုး မကြောက်၊ ငရဲခွေးမကြောက်သူသည်ကား... အရှက်ရဖွယ်ဖြစ်သော ဤအကြောင်းအရာကား ယနေ့ထက်တိုင် ရင်ထဲနှလုံးသား ထဲ စွဲနေ၏။ တစ်ပတ်တိတိ ကျောင်းမ တက်နိုင်။ ဖျားနေဆဲ အိမ်နံ ဘေ့း ရှိ ပြည်တော်သာ ကျောင်းသား ဘမောင်၏ စာကျက်သံသည် ကြိမ်ဒဏ်နှင့် အိပ်ရာပေါ် တွင် ဖျားနေသော ဆန်နီ၏ နားထဲသို့ ၀င်လာ၏။ ကိုယ်နှင့်မဆိုင်ခွင့်မပိုင် ဆွဲကိုင် မကြည့်ရ။ ကိုင်ကြည့်လိုငြား ပိုင်ရှင်အား ဦးစွာ ခွင့်တောင်းပါ ဆိုသည့် သံပေါက် သည်ကား ထိုခေတ် ထိုကာလ ကလေးများ နေ့စဉ်သုံးစွဲနေသော စကားတည်း။ ပစ္စည်း တစ်ခုအား ခိုးယူရန် မဆိုထားနှင့် ပိုင်ရှင်မသိလျှင် လက်နှင့်ပင်မကိုင်ရကြောင်း ကလေးတိုင်း သိလျက်နှင့် အဘယ့်ကြောင့် မိုက်တွင်းနက် မိသနည်း။

ညှိုးငယ်စွာဖြင့် ကျောင်းပြန်တက်၏။ မည်သည့်ပစ္စည်းကိုမှ မခိုးတော့။ သို့သော် ပစ္စည်း တစ်စုံတစ်ရာ ပျောက်တိုင်း မိမိလွယ်အိတ်အား ဦးစွာပထမ ရှာဖွေခံရသည်။ သူငယ်ချင်းနား ကပ်လျှင်ပင် ၄င်းတို့၏ ပစ္စည်းအား ဦးစွာပထမ သိမ်းကြသည်။ ဈေးဆိုင်နားသွားလျှင်ပင် မိမိအား မည်သည့် ပစ္စည်းအား ခိုးယူမည်နည်း ဟု ဂရုတစိုက်ကြည့်ခြင်းခံရသည့် ၁၉၆၃ ခုနှစ်သည်ကား ဘဝမုန်တိုင်းနှစ်ပေတည်း။ ဘဝသင်ခန်းစာ ကို ရရှိခဲ့သော နှစ်ဖြစ်ခဲ့သည်။ ယနေ့ယခုထိတိုင် အပ်တိုတစ်ချောင်းခိုးရန် မဆိုထားနှင့် တစ်ပါးသူ မသိအောင်ပင် ပစ္စည်းတစ်စုံတစ်ရာ ကိုင်မကြည့် တော့။ နာကျင်စွာ အရိုက်ခံရသော တင်ပါးမှ ကြိမ်ဒဏ် များ အထင်သေးစွာ အကြည့်ခံရခြင်းသည်ပင် ရင်ထဲမှာ ကျင်ခနဲခံစားရသည်။ ခိုးဝှက်ခြင်းသည် ရှက်စရာကောင်းလွန်းသော ပြစ်မှုတစ်ခုဖြစ်သည်။
ဆိုးရိုးရှိသည်မှာ ငယ်စဉ်ကာလ ရွှေထီးဆောင်းခဲ့ရသော ဘဝရှိကြကုန်သည်ဟုဆို၏။ ကျွန်ုပ်အတွက်တော့ ငယ်စဉ်ကာလ သူခိုးဦးထုပ်ဆောင်းခဲ့ရသော ဘဝကို ရင်တွင်တမြည့်မြည့် ခံစားနေရဆဲ။

စံဇာဏီဘို
ကောင်းသန့် စီစဉ်သော ငယ်ငယ်တုန်းကထဲမှ
.

3 comments:

လရိပ်အိမ် said...

ဗေဒင်ဆရာ စံ-ဇာဏီဘိုလား?
ငယ်ဘဝအကြောင်းဖတ်သွားသည်။

Anonymous said...

very good post, remember my childhood:) almost the same, hei hei....

တိုးတိုး said...

ဖတ်ပြီးသွားပြီး ဆရာ ငယ်ဘ၀ကိုပြန်မြင်ရောင်မိ သွားတယ်