Friday, August 31, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၉)

အားလုံးပင် လော်ရာ့ကိုသာ စိုက်ကြည့်နေကြသည်။ သူတို့အားလုံး လော်ရာ ပြောမည့်စကားကိုသာ နားစွင့်နေကြ သည်။
လော်ရာ့အနေဖြင့် အဖြစ်မှန်ကို ဖွင့်ပြောရမည့်အချိန်ရောက်ပြီ။ သူမသည် လက်ကိုင်အိတ်ကို ဖွင့်ကာ သားရေဖုံး စာအုပ်ပါးကလေး ကို ထုတ်ယူလိုက်သည်။ ပြီးတော့ စာအုပ်ကလေးကို ဖွင့်လိုက်သည်။ ခရစ္စ၏ ယခုလက်ရှိ အသက်အရွယ်နှင့် ရိုက်ထားသော ဓာတ်ပုံ။ သူမက စိုက်ကြည့်နေသော မျက်လုံးတွေကို မော်ကြည့်လိုက်သည်။ တကယ့်ကို ဖြူစင်ရိုးသားသော မျက်လုံး များ…။ သူမက ဘာစကားမှမပြောတော့ဘဲ ဓာတ်ပုံကို ဆွန်ယာ့ဆီသို့ ကမ်းပေးလိုက်သည်။
ကို ဆက်ဖတ်ရန်.........

ကလေးဘဝကလည်း စကားနည်းခဲ့သည်။
အရွယ်ရောက်လာပြန်တော့လည်း စကားနည်းသည်။
အိမ်ထောင်ရှင်ဘ၀ရောက်ပြန်တော့လည်း ထိုနည်းလည်းကောင်းပင်။
သူမသည် အချစ်ကို စကာဖြင့် မဖော်ပြတတ်။ ဟန်အမူအရာ။ အတွေ့အထိ လုပ်ရည်တို့ဖြင့် သာ ဖော်ပြတတ်သူဖြစ်သည်။
သို့သော် ယခုအချိန်တွင် မိမိ၏လင်တော်မောင် အဝေးကြီးတွင်ရှိနေသည်။ သူမအနီးတွင် မစ္စတာချိုမှ တစ်ပါး မည်သူမျှ မရှိ။ သည်ပုဂ္ဂိုလ်အား သည်နေ့ ကြုံတောင့်ကြုံခဲတွေ့ခဲ့ရသည်။ သူ၏ အင်္ဂလိပ် စကားပြောကောင်းခြင်းကြောင့် သိကျွမ်းရင်းနှီးခဲ့ရသည်။

“မစ္စက်ဝင်းတား ကြည်ရတာ တော်တော်နွမ်းပါးနေပုံရတယ်”
မစ္စတာချိုက စကားဆိုလာသည်။
“ကျွန်တော်တို့ တစ်နေရာသွားပြီး တစ်ခုခုစားလိုက်ကြရင် ကောင်းမယ်ထင်ပါတယ်။ လက်ဖက်ရည်ဖြစ်ဖြစ်သောက်လိုက် ကြ ရအောင်လား။ အခု ဆိုရင် (၁၂)နာရီတော်ကျော်သွား သွားပြီ”
သူက ခဏရပ်လိုက်ပြီးမှ မျက်ခုံးကို ပင့်ကာ....
“ကဲပါ.. ဖြစ်ပါတယ်။ မစ္စက်ဝင်းတားက အမေရိကန်လူမျိုးပါ။ ကျွန်တော်လည် အမေရိကန်အိမ် တွေကို အများကြီး သွာလည်ပြီး စားသောက်ဖူးပါတယ်။ အဲဒီတော့.. ကျွန်တော့်အိမ်လိုက်ပြီး တစ်ခုခုစာပါလး။ အဲဒီမှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒါပေမဲ့ မစ္စက်ဝင်းတားကို မြင်ရင် သူဝမ်းသာမှာပါ။ ကျွန်တော် အမေရိကန်မှာ ပညာသင်တုန်းက အမေရိကန်တွေက ကျွန်တော့်ကို ကူညီလိုက်တဲ့ အတွက် မေမေ ကလည်း သိပ်ပြီး ကျေးဇူးတင်နေပါတယ်။ အခုလည်း ကျွန်တော့်သားကို ဆက်လက် ကူညီနေတဲ့ အတွက် မေမေက ကျေးဇူးတင်လို့မဆုံးပါဘူး”
“အခုလို ကျွန်မအပေါ်စေတနာထားတာ အများကြီးကျေးဇူးတင်ပါတယ် မစ္စတာချို”
လော်ရာက တိုးတိုးလေး ပြန်ပြောလိုက်သည်။

တက္ကစီကားကလေးသည် ရေလှိုင်းများအား သင်္ဘောဦးဖြင့် ခွဲသွားသလို ပြွတ်သိပ်နေသော လမ်းသွား လမ်းလာများအား ခွဲကာ ဟွန်းသံ အဆက်မပြတ်ပေးရင်း တစ်လမ်းပြီး တစ်လမ်းကျော် ဖြတ် ၍ မောင်းနှင်လာခဲ့သည်။
မစ္စတာချိုကား ဤမြို့တွင် လူသိများသူ တစ်ယောက်ဖြစ်သည်။ သူ့အာ လမ်းသွားလမ်းလာများက လှမ်း၍ နှုတ်ဆက်ကြသည်။ မစ္စတာချိုက သူတို့အား အပြုံးဖြင့် ပြန်လည်တုံ့ပြန်သည်။
မြို့ပြင်ရောက်လာသည်အထိ တစ်ယောက်မျှ စကားမပြောကြ။ ကာကလေးသည် လမ်းမကြီးပေါ်တွင် အရှိန်ကောင်းကောင်းဖြင့် ပြေးနေရာမှ အေးချမ်းသာယာသော လမ်းသွယ်တစ်ခုထဲသို့ ချိုးဝင်လိုက်သည်။ လမ်းသွယ်တစ်ဖက်တစ်ချက်တွင် ရွက်နုထွက်စ ပေါ်ပလာပင်များ စီတန်းနေကြသည်။
မီးခိုးရောင် အုတ်တံတိုင်းကာထားသော ခြံဝင်းကြီးတစ်ခု၏ တံခါးဝတွင် ကားရပ်သွားသည်။ သစ်သားဂိတ် တံခါးကျယ်ကြီး ကို အနီရောင်သုတ်ထားသည်။

ဒရိုင်ဘာက လှမ်းအော်လိုက်သည်။ ဂိတ်တံခါးဖြည်းဖြည်းပွင့်လာပြီး တံခါးစောင့်ကြီး ထွက်လာသည်။
“ဒါ ကျွန်တော်တို့ရဲ့ ဘိုးဘွားစသ်ဆက်အိမ်ကြီးပဲ မစ္စက်ဝင်းတား”
မစ္စတာချို က ယင်းသို့ပြောပြီး လော်ရာအားခြံဝင်းကျယ်ကြီးထဲသို့ ဦးဆောင်ခေါ်လာသည်။ ခြံဝင်းကြီးထဲမှ အိမ်ကြီးက တစ်ထပ်မျှသာဖြစ်သော်လည်း ဧရာမအိမ်ကျယ်ကြီး။ အိမ်တိုင်များကလည်း ဟင်္သပြဒါး သုတ် ထားသော ဧရာမတိုင်ကြီးတွေ။

“သိပ်ပြီး အေးချမ်းတဲ့ နေရာပဲနော်”
လော်ရာက မှတ်ချက်ချလိုက်သည်။
“အမြဲတမ်းတော့ မအေးချမ်းခဲ့ပါဘူး”
မစ္စတာချိုက ပြန်ပြောသည်။
“ဂျပန်ခေတ်တုန်းကဆိုလျှင် ဂျပန်စစ်ဗိုလ်ကြီး တစ်ယောက်က နှစ်ပေါင်းများစွာ အပိုင်စီးထားခဲ့တယ်။ အမေရိကန်တွေရောက်လာပြန်တော့လည်း အမေရန်ကန် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်က သိမ်းပိုက်ခဲ့ပြန်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ကျွန်တော်တို့လက်ထဲ ပြန်ရောက်လာခဲ့တယ်”
အိမ်ရှေ့တံခါးဝတွင် အသင့်စောင့်နေသော အိမ်စေမိန်းကလေးက သူတို့၏ ဖိနပ်များကို အ၀တ်ညှပ် ဖိနပ်များ ကို ပြန်စွပ်ပေးသည်။
မစ္စတာချိုက အိမ်စေကလေးအား တစ်စုံတစ်ရာကို တိုးတိုးလေးပြောလိုက်သည်။ သူမက တလေး တစား ခေါင်းညိတ်ပြီးနောက် အိမ်ထဲသို့ပြန်ဝင်သွားသည်။
ထို့နောက် မစ္စတာချို က လော်ရာအား ဧည့်ခန်မကြီးထဲသို့ ခေါ်လာခဲ့သည်။

“မိန်းကလေးက မေမေ့ကိုသွားပြောပါလိမ့်မယ်။ ဒီအတောအတွင်း ကျွန်တော် တို့ အေးအေးဆေးဆေး အနားယူကြတာပေါ့။ သိပ်ပြီး အလျင်မလိုပါနဲ့ မစ္စက်ဝင်းတား၊ သက်သောင့်သက်သာ ထိုင်ပြီး အနားယူပါ။ ပန်းဥယျာဉ်နဲ့  ရေကန်ကိုလည်း မြင်နေရပါတယ်။ ဒီအချိန်ကဆောင်းရာသီကုန်ပြီးလို့ နွေဦးပေါက် ရာသီဝင်စ ဆိုတော့ တောတောင်သဘာဝကလည်း အလွန်သာယာကြည်နူးစရာကောင်းပါတယ်။ ဒါဟာ မစ္စက်ဝင်းတားအတွက် နိမိတ်ကောင်းလည်း ဖြစ်ပါလိမ်မယ်”
ဧည့်ခန်းက ကျယ်ဝန်းသလောက် ခမ်းလည်းခမ်းနားသည် စားပွဲကုလားထိုင်စသည့် ပရိဘောဂအားလုံးပင် အနောက်တိုင်း လက်ရာများ ဖြစ်ကြသည်။ တစ်ခန်းလုံးကို မြက်စိမ်းရောင်ကော်ဇောကြီး အပြည့်ခင်းထား သည်။ ပြတင်းပေါက်များတွင် ရွှေရောင်ဖဲလိုက်ကာများ တပ်ထားသည်။

အခန်းနံရံတစ်ဖက်ကို တွန်းဖွင့်၍ရသော ရှိုဂျီမှန်သားဖြင့် ကာထားသည်။ မှန်ချပ်ကိုပိတ်ထားသဖြင့် တစ်ဖက်တွင်ဘာတွေများ ရှိပါလိမ့်ဟု လော်ရာတွေးမိပြန်သည်။
လော်ရာ သည် ရွှေေ၇ာင်ဖဲသားထိုင့်တပ်ထားသော ကုလားထိုင်ပေးတါင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အပြင်သို့ လှမ်းကြည့်လိုက်လျှင် ကျောက်လှေကားကိုဖြတ်ပြီး ပန်းဥယျာဉ်နှင့်ရေကန်ကို လှမ်းမြင်နေရ သည်။ ရေကန်အစွန်း တစ်နေရာမှ ရေကန်ထဲသို့ရေတွေ အဆက်မပြတ်ပေးသွင်းထားသည်။ မစ္စတာချို က လော်ရာဘေးမှ ကုလားထိုင်လွတ်တွင် ၀င်ထိုင်လိုက်သည်။ သူက ယွန်းစီးကရက်ဘူးကို ဖွင့်၍လော်ရာအား စီးကရက် တစ်လိပ် ကမ်းပေးသည်။ လော်ရာက ခေါင်းကိုမသိမသာယမ်းကာငြင်းသည်။
မစ္စာတာချို က စီးကရက်ကို မီးညှိသောက်နေသည်။

အိမ်စေကလေးတစ်ယောက်က လက်ဖက်ရည်အိုးနှင့်ပန်းကန်များ ယူကာအခန်းထဲသို့ ၀င်လာ သည်။ နောက်တစ်ယောက် က ကိတ်မုန့်နှင့် ချိုချဉ်ဗန်းကို ကိုင်၍၀င်လာသည်။
“ကဲ လန်းသွားအောင် သုံးဆောင်လိုက်ပါဦး မစ္စက်ဝင်းတား”
မစ္စတာချိုက ပြောသည်။
“စိတ် ချမ်းသာသလိုနေ၄ပါ။ ဘာမှ အားနာစရာမရှိပါဘူး။ မစ္စ၀င်းတားက အတော်ကလေး လူပန်းစိတ်ပန်း ဖြစ်နေတယ်”
နှစ်ယောက်သား စကားမပြောပဲ တိတ်ဆိတ်စွာဖြင့် သောက်ကြသည်။ တဖြည်းဖြည်းနှင့် လော်ရာနေသာ ထိုင်သာရှိလာသည်။ သူမက လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်ပြန်ချလိုက်သည်။ မစ္စတာချိုက လက်ဖက်ရည် ထပ်ထည့်လိုက်သည်။ ထိုအခိုက် နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြသည်။ လော်ရာ့ မျက်လုံးတွေက မေးခွန်းထုတ်နေသော မျက်လုံးများ၊...။ မစ္စတာချို၏ မျက်လုံးများကတော့ အားပေးနေသော မျက်လုံးများ၊ သို့ဖြင့် လော်ရာအားတက်လာပြီး ရုတ်တရက်မေးလိုက်သည်။

“မစ္စတာချိုက ဆွန်ယာ့ကို သိတယ်နော်”
“ဟုတ်ကဲ့..။ သူ့ကိုလူတိုင်းသိပါတယ်။ ဒါနဲက ဒီအချိုမုန့်ကလေး စားကြည့်ပါဦး မစ္စတာဝင်းတား၊ ဒီမုန့်က မေမေ့စပ်နည်းအတိုင်း လုပ်ထားတာ။ ကျွန်တော်တို့သိပ်ကြိုက်ကြတာပဲ”
လော်ရာက ဗန်းထဲမှ မုန့်သေးသေးလေးတစ်တုံးကို ယူကာမြည်းကြည့်သည်။
“သိပ်အရသာရှိတာပဲ မစ္စတာချို။ ဒါနဲ့ ဆွန်ယာ့ကို ဘာကြောင့် လူတိုင်းသိနေရတာလဲ..ဟင်”
“သူ့ကို လူနိုင်းသိနေတာက သူ့ကပွဲရုံကြောင့်ပါ။ သူ့ကပွဲရုံက သိပ်ပြီး နာမည်ကြီးတယ်။ ဒါပေမဲ့ သူက တခြား မိန်းကလေးတွေနဲ့တော့မတူဘူး၊ ရိုးရိုးကုပ်ကုပ်ပဲနေတယ်။ သူ့အိမ်ကို မစ္စက်ဝင်းတား မြင်ခဲ့သားပဲ။ သူ့အိမ်ကို ကျွန်တော် ဟိုတုန်းက တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး သူဘယ်မှာနေတယ်ဆိုတာလည်း မသိဘူး။ သူ့နာမည် ကင်ဆွန်ယာ ဆိုတာတောင်မှ မသိပါဘူး။

သူကအလုပ်မှာ နာမည်တစ်မျိုးပေးထားတယ်။ သူ့ကပွဲရုံနာမည်က “ပန်းရိပ်သာ”တဲ့။ သိပ်ပြီး ခမ်းနယ်တယ်။ မိန်းကလေးတွေလည်း သိပ်ပြိးချောကြတယ်။ သူက အဲဒီမိန်းကလေးတွေကို အဆိုအကအားလုံးသင်ပေးတယ်။ သူ ကိုယ်တိုင် လည်းအဆိုအက အလွန်တော်တယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်လည်း မဆို၊ကလေည်းမကတော့ပါဘူး။ သူက စည်းကမ်းတစ်ခုထုတ်ထားတယ်။ သူ့ရိပ်သာကို ကိုရီးယား အမျိုးသား ကိုသာ လာခွင့်ပြုထားတယ်။ ရိပ်သာနှုန်းကလည်း သိပ်ပြီးကြီးတယ်။ ဒါကြောင့်မို့ သူ့ရိပ်သာကို သူဌေးတွေပဲ အများဆုံး သွားကြတယ်”
မစ္စတာချို က “ကျွန်တော်တို့လို သူဌေးတွေအများဆုံးသွားကြတယ်”ဟု မပြောသည် ကို လော်ရာ သတိပြု မိလိုက် သည်။
ယင်းသို့ မပြောခြင်း မှာ သူ့အနေဖြင့် ပန်းရိပ်သာသို့ မကြာခဏသွားလေ့မရှိဟု ဆိုလိုသောကြောင့်ပေလော။ ဘာပဲပြောပြော သူက ဆွန်ယာကိုတော့ ကောင်းကောင်းသိနေသည်။
အလို ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ခရစ္စအတွက်ကြောင့် ဒီကိုရောက်လာရတဲ့သူပါ.
သူမသည် ခံစားချက် အမျိုးမျိုးဖြင့် ဝေခွဲမရဖြစ်နေရာမှ အတိတ်ဖြစ်ရပက်ကို စတင်ရင်ဖွင့်လေတော့သည်။

“လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဒီကို ကျွန်မယောက်ျားရောက်ဖူးတယ်။ သူနဲ့ ဆွန်ယာတို့ တွေ့ကြတယ်။ အဲဒီတုန်းက ဆွန်ယာကအပျိုပေါက်အရွယ်ပဲရှိပါသေးတယ်။ နောက်တော့ သူတို့မှာ သာကလေး တစ်ယောက်ရလာတယ်။ ကျွန်မယောက်ျားက အဲးဒီအကြောင်း ကျွန်မကိုမပြောပဲ အကြာကြီးနေခဲ့ပါတယ်။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ် ကြတဲ့ လင်မယားပါ။ ကျွန်မတို့ နှစ်ယောက်အကြားမှာ လျှို့ဝှက်ချက်ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြေင့်မို့ ဒီအကြောင်း သူကကျွန်မကို အစကတည်းက ဘာလို့ ဖွင့်မပြောခဲ့တာပါလိမ့်လို့ ကျွန်မ စဉ်းစားမိတယ်။ အခုတော့..ကလေးဟာ ကျောင်းမနေရပါဘူးလို့ သူ့ဆီစာရေးလိုက်တော့မှ သူကျွန်မကို အဖြစ်မှန် ပြောပြတယ်။ ဒါနဲ့ပဲ ကျွန်မဒီကို ရောက်လာခဲ့ရတာ
မစ္စတာချိုက ကိုယ်ကို ရှေ့သို့ကိုင်းလျက်...

"ဒီလိုဆိုရင် မစ္စ၀င်းတားရဲ့ ခင်ပွန်းက မစ္စက်ဝင်းတားကို ဒီလို တစ်ယောက်တည်း လွှတ်လိုက် တာ ပေါ့ဟုတ်လား"
"မဟုတ်ပါဘူး... ကျွန်မသဘောနဲ့ ကျွန်မ လာခဲ့တာပါ။ သူ့အနေနဲ့ အလုပ်များနေလို့လည်း မလာနိုင်ပါဘူး။ ပြီးတော့ ကလေးရဲ့ ပညာရေးအတွက် အဆင်ပြေအောင် စီစဉ်ဖို့ ကိစ္စမှာ ကျွန်မ အနေနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်မယောက်ျားရဲ့ သားကလေးတစ်ယောက် စာမတတ် ပေမတတ် ဘ၀မျိုး ရောက်သွားရမှာ ကို ကျွန်မ အနေနဲ့ လုံးဝ မရှုရက်ပါဘူး"
သူမက သူမ၏ စေတနာအမှန်ကို အမှန်အတိုင်းပင် ပြောလိုက်သည်။
"ကျွန်မ အခု လို လာခဲ့ရတာကတော့...ဒီလိုဖြစ်ရပ်မျိုး ဘာကြောင့်ဖြစ်ခဲ့ရတယ် ဆိုတာ ကိုယ်တိုင် ကိုယ်ကြပ် သိချင် လို့ လာခဲ့ရတာပါ"
"ဟုတ်ပါတယ် မစ္စက်ဝင်းတား...။ အခုလို မစ္စက်ဝင်းတား ကိုယ်တိုင် လာတာ အများကြီး သဘာဝကျပါတယ်"
မစ္စတာချို က လေသံအေးအေးဖြင့် ပြောလိုက်သည်။

"မစ္စက်ဝင်းတား ဟာ ကိုယ့်ရဲ့ လင်ယောက်ျားကို သိပ်ပြီး ချစ်တာကိုး။ ဘယ်နိုင်ငံမှာမဆို ကိုယ့်ယောက်ျားက တခြား မိန်းမ တစ်ယောက် ယူတယ်ဆိုရင် မယားကြီးအနေနဲ့ အသည်းကွဲစရာ ပါပဲ"
"အဲဒီတုန်းက ကျွန်မတို့ လက်ထပ်ပြီးခါစ ရှိပါသေးတယ်"
မစ္စတာချို၏ မျက်နှာတွင် ကြင်နာရိပ်တွေ ပေါ်လာသည်။ လောရာ၏ နှုတ်ခမ်းတွေ တရွရွ လှုပ်လာ သည်။ သူမက ကြိုးစားပြီး ပြုံးလိုက်သည်။
"ကျွန်မ တို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ သိပ်ပြီးအဆင်ပြေပါတယ် မစ္စတာချို။ အခုလို ပြဿနာ ပေါ်လာတောင် မှ ဘာမှမဖြစ်ပါဘူး။ ဘာမှလည်း မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ လင်မယားက တစ်ယောက် ကို တစ်ယောက် နားလည်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ကြ တယ်။ အကျိုးတူ ပြဿနာတွေ ကို မျှဝေခံစားကြတယ်"
"ကျွန်တော် သဘောပေါက်ပါတယ်....မစ္စက်ဝင်းတား"
မစ္စတာချို က လေးလေးနက်နက် အမူအရာဖြင့် ပြောသည်။

"ဒါပေမဲ့ ဒီလို ပြဿနာမျိုး ပေါ်လာရင် အတ္တကိုတော့ ထိတာပါပဲ။ နောက်တော့လည်း သူ့အလို လိုပြေပျောက် သွားမှာပေါ့။ ဒီတော့...မစ္စက်ဝင်းတားက ဆွန်ယာနဲ့ ပထမဆုံး တွေ့မယ်။ ပြီးတော့ မှကလေးနဲ့တွေ့မယ် ဆိုပြီး လာခဲ့တယ် ပြောတယ်။ ဒါဆို ဆွန်ယာ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားထားပါသလဲ"
လော်ရာက စဉ်းစားနေသည်။ ခဏကြာတော့မှ....
"ဒါတော့ ကျွန်မ အတိအကျ မပြောနိုင်သေးပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာ မိပါတယ်။ ခံလည်း ခံစားရပါတယ်။ ဒါပေမဲံ့....ဘာမှတော့ ပြတ်ပြတ်သားသား မစဉ်း စားရသေးပါဘူး။ သူက နူးညံ့သိမ်မွေ့ တဲ့ မိန်းကလေးတစ်ယောက် ဆိုတာတော့ သိရပါပြီ"

"အဲဒီလို မဟုတ်ဘူး။ သူက အလွန် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးပါ"
"သူက ကျွန်မပါးကို လက်ဝါးနဲ့ ပွတ်တာ နူးညံ့တဲ့သဘောကို ပြတာပေါ့"
"သူ့မှာလည်း သနားကြင်နာမှု ရှိတယ်ဆိုတာကို ပြတာပါ"
"ကျွန်မကို သနားတာလား"
"တခြားဘ၀တူ မိန်းမသားတစ်ယောက်ကို သနားတာပါ။ ယောက်ျားတွေနဲ့ ပတ်သက်လို့တော့ သူက အမြင်ရှင်း နေပါပြီ။ သူက သူ့ရိပ်သာက မိန်းကလေးတွေကို ခဏ ခဏပြော တတ်တဲ့ စကားကို မစ္စက်ဝင်းတား ကြားစေချင်ပါတယ်"
သူက သဲ့သဲ့ ကလေး တစ်ချက် ရယ်လိုက်ပြီးတော့မှ..

"သူ့ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ သူ့ဖောက်သည် တစ်ယောက်ပါ။ သူကသိပ်ပြီး လူသိများတဲ့ အမျိုးသမီးပါ။ သူ့ရိပ်သာကို ကိုရီးယားအမျိုးသားတွေ ကလွဲပြီး ဘယ်သူမှ မလာရဘူး။ အနောက်တိုင်းသားတွေကို လုံးဝလာခွင့်မပြုဘူး။ အထူးသဖြင့် အမေရိကန်တွေကို လုံးဝခွင့်မပြုဘူး။ သူတို့က တတိယတန်း အဆင့်လောက်နဲ့ပဲ တန်တယ်။ အဲဒီကိုပဲ သွားကြပါစေဆိုပြီး သူက မကြာ ခဏ ပြောတတ်တယ်။ ဒါဟာ တစ်ယောက်ယောက်ကို ကလဲ့စားချေတာပါ။ သူတောင်းတဲ့ဈေး ပေးနိုင်တဲ့ ကိုရီးယား အမျိုးသားတွေ ဆိုရင် နိုင်ငံခြားသားတွေနဲ့ လုံးဝ မဆက်ဆံတဲ့ မိန်းကလေးတွေ ကို တွေ့ခွင့် ရတယ်။ အဲဒီ မိန်း ကလေးတွေက သန့်လည်း သန့်ကြတယ်။ ပညာလည်း တတ်ကြ တယ်"
သည်စကား ကြားရတော့ လော်ရာအဖို့ အောင့်သက်သက် ဖြစ်သွားမိသည်။ အံ့လည်း အံ့သြမိ သည်။ သြော်..... ခရစ္စခမျာ သနားစရာပါကလား....။
"ဆွန်ယာက အမြဲတမ်း ဒီအတိုင်းပဲလား"

"အမြဲတမ်း...ဟုတ်လား၊ မဟုတ်ပါဘူး၊ အမြဲတမ်း ဒီအတိုင်းပဲ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ပထမဆုံး အကြိမ်တွေ့တော့..."
မစ္စတာချို က ခဏရပ်ပြီး ချောင်းဆိုးနေသည်။
"ပြောသာပြောပါ...မစ္စတာချို၊ ဘာမှ ရှက်စရာမရှိပါဘူး၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အဲဒီအဆင့် ထက်ကျော်သွားပါပြီ။ ကျွန်မတို့ တွေ့ကြရတာ အချိန်မကြာသေးပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်သွားကြပြီပဲ။ မဟုတ်လား... ကျွန်မပြောတာ"
မစ္စတာချိုက ရယ်လိုက်ပြီး...
"အင်း...မစ္စက်ဝင်းတားကတော့ ချီးကျူးလောက်ပါပေတယ်ဗျာ။ အလွန်နားလည်မှုရှိတဲ့ အမျိုး သမီးတစ်ယောက် ပါပဲ။ ဒါနဲ့...ဆွန်ယာ့အကြောင်း ဆက်ပြောရဦးမယ်။ ကျွန်တော်နဲ့ စတွေ့တုန်း က သူ့မှာကိုယ်ပိုင် ရိပ်သာ မရှိသေးပါဘူး။ နာမည်ကြီး ကပွဲရုံ တစ်ခုမှာ သီချင်းဆိုတယ်။ ကတယ်။ ဖြေဖျော်တယ်။ မျက်နှာကလေး ညှိုးညှိုးငယ်ငယ် နဲ့ သူ့သီချင်းဆိုသံ ကြားရတော့ ကျွန်တော့် စိတ်ထဲမှာ သူ့ကို အလိုလို စိတ်ဝင်စား လာမိတယ်။

သူ့ မြူးမြူးရွှင်ရွှင် ပျော်စရာ သီချင်းကို ဆိုတာ တောင်မှ သူ့အသံဟာ ဆွေးမြည့်ကြေကွဲသံပါနေတယ်လို့ ကျွန်တော်ထင်မိတယ်။ ဒါနဲ့.... ကျွန်တော်က သူ့ကို ဖိတ်ခေါ်ပြီး ကျွေးတယ်။ စကားပြောတယ်။ မစ္စက်ဝင်းတားနဲ့ ကျွန်တော်နဲ့ ပြောကြသလိုပေါ့။ သူ့ဘ၀အခြေအနေကို ကျွန်တော့်ကို ပြောပြတယ်။ သူဟာ မိခင်အိုကြီး နဲ့ သားကလေး တစ်ယောက်ကို လုပ်ကျွေးနေရတယ်လို့ ပြောတယ်။ နောက်တော့ သူ့သားကလေး သတင်းတွေကို ကျွန်တော် ကြားလာရတယ်။ ကလေးအဖေဟာ အမေရိကန် လူမျိုး ဖြစ်ကြောင်း။ ဆွန်ယာက ကလေးအဖေနဲ့ ပြန်ပြီး ဆက်သွယ်ဖို့ကြိုးစားနေကြောင်း သိလာရတယ်။ ဒါနဲ့ သူက အဲဒီအမေရိကန်ဆီ စာတွေ တစ်စောင်ပြီး တစ်စောင်ရေးတယ်။ ဒါပေမဲ့ ပြန်စာတစ်စောင်မှ မရခဲ့ ဘူး။ နောက်တော့ ကျွန်တော်က ကိုယ်ပိုင် ကပွဲရုံထောင်ဖိုက သူ့ကိုတိုက်တွန်းတယ်။ ကျွန်တော် ကပဲ အရင်းငွေ ထုတ်ချေး တယ်။ နောက်ပိုင်း သူက အကျေအလည်ပြန်ဆပ်တယ်။ တကယ်တော့ ဆွန်ယာဟာ စီးပွားရေး အမြင်ရှိ တဲ့ မိန်းကလေးတစ်ယောက်ပါ။"
လော်ရာက စိတ်ဝင်စားစွာ နားထောင်နေသည်။ သည်ပုဂ္ဂိုလ်နှင့်မှ တိုက်တိုက်ဆိုင်ဆိုင်လာပြီး တွေ့ဆုံရခြင်းကို အံ့လည်းသြမိသည်။ ၀မ်းလည်း သာမိသည်။ ယခုတော့ ဆွန်ယာ့ကို အကြောင်း ပြုပြီး သည်ပုဂ္ဂိုလ်သည် သူမနှင့်ရော ခရစ္စနှင့်ပါ ပတ်သက်သော အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ။

တံခါးဝသို့ အိမ်စေ မိန်းကလေးရောက်လာပြီး မစ္စတာချိုအား တစ်စုံတစ်ရာကို ပြောသည်။
"အား...ဟုတ်ပြီ။ မေမေနဲ့ သွားတွေ့လို့ ရပါပြီ...မစ္စက်ဝင်းတား" မစ္စတာချိုက ပြောသည်။
သို့ဖြင့် သူတို့နှစ်ယောက် အိမ်စေမကလေး နောက်မှ လိုက်လာခဲ့ ကြသည်။ ဧည့်ခန်းကျယ်ကြီး တစ်ုထဲ ၀င်လာကြသည်။ လေးဖက်လေးတန်မှန်ခန်းဆီးများကို ဖွင့်ထားသဖြင့် အခြား ဆက်တွဲ အခန်းများကို မြန်နေရသည်။ အခန်းကျယ်ကြီးထဲတွင် ကြက်သွေးရောင် ကော်ဇော်ကြီးကို ခန်းလုံးပြည့် ခင်းထားသည်။ အရောင် တလက်လက် တောက်နေသော ယွန်းသည် အနက်သုတ် စာအုပ်ဗီရို နိမ့်နိမ့်ကလေး များနှင့် ခေတ်မီ စားပွဲ ကုလားထိုင်များ ခင်းကျင်းထားသည်။ စားပွဲနိမ့်က လေးတစ်လုံးနှင့် ကိုယ်လုံး ကိုယ်ထည် သေးသေးညှက်ညှက်နှင့် တစ်ခေါင်းလုံး ဖြူဖွေးနေသော အဘွားအိုတစ်ယောက် ထိုင်နေသည်။ အဘွားအိုမှာ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော်လည်း မျက်နှာက ထူးထူးခြားခြား ချောမောလှပသည်။ အနရက်ရောင် မျက်လုံးများမှာလည်း အရောင် တလက်လက် တောက်နေသည်။ ခပ်တင်းတင်းစေ့ထားသော ပါးစပ်ကတော့ တည်ငြိမ်ခြင်းနှင့် ဇာတိမာန်ကို ဖော်ပြနေသည်။

မစ္စတာချိုက မိခင်ကြီးအား ဦးညွှတ်၍ အရိုအသေပြုကာ ကိုရီးယားလို စကားပြောသည်။ မိခင်ကြီး ကခေါင်းညိတ်ကာ ဧည့်သည်ကို စိုက်ကြည့်နေသည်။ ပြီးတော့ အသံသေးသေးဖြင့် တစ်စုံတစ်ရာ ကို တိုးတိုးကလေး ပြန်ပြောသည်။ သားဖြစ်သူက လော်ရာအား ဘာသာပြန်ပြောသည်။
"မစ္စက်ဝင်းတားမှာ သားယောက်ျား ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မေမေက သိချင်ပါတယ်"
"၀မ်းနည်းပါတယ်ရှင်၊ ကျွန်မမှာ သားသမီး တစ်ယောက်မှ မရှိပါဘူး"
မစ္စတာချိုက မိခင်ကြီးအား ပြန်လည်ပြောပြသည်။ အဘွားကြီးကမျက်လုံးဝိုင်းကြီးများဖြင့် လော်ရာ အားစိုက်ကြည့်နေ ဆဲပင်။ ထို့နောက် သူမက တစ်စုံတစ်ရာကို မေးမြန်းပြန်သည်။
"မေမေ က ပြောတယ်။ မစ္စက်ဝင်းတားက သိပ်ပြီး ချောတယ်တဲ့။ ဒါပေမဲ့ ဆံပင်နဲ့ မျက်လုံး အရောင်တွေ ကိုတော့ မေမေက မကြိုက်ဘူးတဲ့"

လော်ရာက ရယ်လိုက်ပြီး.
"ကျွန်မလည်း မကြိုက်ပါဘူး။ ကျွန်မက ဆံပင်နက်နက် မျက်လုံးနက်နက် သိပ်လိုချင်ပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင် ပါ့မလဲ။ ကျွန်မဘ၀က ဒီလိုပဲ ဖြစ်လာတာ။ ဖြစ်လာတဲ့အတိုင်းပဲ ကျေနပ် ရတော့မှာပေါ့"
မစ္စတာချို က မိခင်ကြီးအား ဘာသာပြန်ပြောပြလိုက်သည်။ အဘွားကြီး၏ ဆင်စွယ်ရောင် မျက်နှာ ပေါ်တွင် အပြုံးရိပ် သန်းသွားသည်။ ပြီးတော့ အသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ပြောသည်။
မစ္စတာချိုက ပြန်ပြုံးပြသည်။ အဘွားကြီးက ပြောပြန်သည်။ မစ္စတာချိုက ဦးညွှတ် လိုက်သည်။ ပြီး တော့လော်ရာ ဘက်သို့ လှည့်ကာ..
"ကျွန်တော်တို့ ပြန်နိုင်ပါပြီတဲ့။ မေမေက အသက် ၉၀ ပြည့်တော့မယ်။ သိပ်ပြီး စိတ်မရှည်တော့ ဘူး။ တစ်ယောက် တည်း နေတာ များတယ်။ မေမေအခုလို အသက်ရှည်တာ ကျွန်တော်တို့ သိပ်ပြီး ဂုဏ်ယူပါတယ်။ သူဟာ တစ်အိမ်လုံး မှာ လူတိုင်းရဲ့ အချစ်တော်ပဲ မစ္စက်ဝင်းတား"
လော်ရာက အဘွားကြီးအား ဦးညွှတ် ၍ အရိုအသေပြုသည်။

ထို့နောက်အသင့် ကားရပ်ထားသော အိမ်ရှေ့တံခါးဝသို့ ပြန်ထွက်လာခဲ့ကြသည်။
"မစ္စက်ဝင်းတားက ဒီနေ့မနက်ပိုင်းမှာ တော်တော် ပင်ပန်းသွားပြီ။ အဲဒီတော့.... ဟိုတယ် ပြန်ပြီး အနားယူ လိုက်ပါဦး။ မနက်ဖြန်ကျတော့မှ ပြန်တွေ့ကြတာပေါ့။ ကျွန်တော် အကူအညီ လိုရင်လည်း အားမနာ ပါနဲ့ ပြောသာပြောပါ"
လော်ရာက ကားပေါ်တွင် ၀င်ထိုင်လိုက်သည်။ မစ္စတာချိုကလည်း သူမဘေးတွင် ၀င်ထိုင်သည်။
ထို့နောက်...မြို့တွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။
လော်ရာ သည် တကယ်လည်း ပင်ပန်း နွမ်းနယ်နေည်။ အချိန်တို ကလေးအတွင်း စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေကို အများကြီး မြင်တွေ့ခံစားခဲ့ရသည်။ တစ်လမ်းလုံးတွင် မစ္စတာချိုက စကားတစ်ခွန်း မှ မပြောဘဲ ငြိမ်၍လိုက်လာသည်ကို အထူး ကျေးဇူးတင်မိသည်။

ဟိုတယ် ရောက်တော့ မစ္စတာချိုက ဓာတ်လှေကားအထိ လိုက်ပို့ကာ ထုံစံအတိုင်း ဦးညွှန်၍ နှုတ်ဆက် သည်။
လော်ရာကအပေါ်ထပ်မှ သူမ၏ အခန်းသို့ တက်လာခဲ့သည်။ အခန်းမှာ ဘာမှ ခြေရာလက်ရာ မပျက်။ သူထားခဲ့သည့် အတိုင်းပင် အားလုံး နေသားတကျ ရှိနေကြသည်။ သို့သော် စားပွဲပေါ်မှာ အစိမ်းရောင် ပန်းအိုးကလေးထဲမှာတော့ တောင်အုန်းပင်ကလေး တစ်ပင် ရောက်နေသည်။ ပြတင်း ပေါက်မှ ၀င်လာသော ညနေစောင်း နေရောင်တွင် တောင်အုန်းပင် ကလေးမှာ စိမ်းစိုလန်းဆန်း လျက်ရှိသည်။
သူမက ပန်းအိုးတွင် ချိတ်ထားသော ကတ်ပြားကလေးကို ကြည့်လိုက်သည်။ မစ္စတာချိုထံမှ ပို့လိုက်ခြင်း ဖြစ်သည်။ ဧကန္တတော့ သူ့အိမ်မှာ ရှိစဉ်တုန်းက သူက အိမ်စေ တစ်ယောက်ယောက် ကိုစီစဉ်ခိုင်းလိုက် တာ ဖြစ်မည်။

တောင်အုန်းပင်သည် ကိုရီးယား လူမျိုးတို့အဖို့ အသက်ရှည်ခြင်း။ ဘ၀ခိုင်ကြည်ခြင်း အထိမ်းအ မှတ် အပင် တစ်မျိုး ဖြစ်သည်။ ဟိုတယ်တွင် လော်ရာ တစ်ယောက်တည်း စိတ်ဓာတ်ကျနေမည်ကို တွေးမိပြီး မစ္စတာချိုက ဤ တောင်အုန်းပင်ကလေးကို မှတ်မှတ်ရရ ပို့ခိုင်းလိုက်ခြင်းပင် ဖြစ်ပေလိမ့် မည်။
သို့်သော်... လောလောဆယ်တွင် လော်ရာကတော့ ကိုယ်ရောစိတ်ပါ နွမ်းနယ်လျက် ရှိသည်။ သူမ တော်တော်ပင် စိတ်ဓာတ်ကျနေသည်။ သည်အဖြစ်မှ လွတ်မြောက်ရာကို သူမ တမ်းတမိသည်။ ကိုယ့်အိမ် မှာ သာဆိုလျှင် စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ဓာတ်ခွဲခန်းထဲ ၀င်ကာ အလုပ် လုပ်နေမည် ဖြစ်သည်။ သို့မဟုတ် လျှင်လည်း အေးမြသော သမုဒ္ဒရာ ရေလွှာအောက်သို့ ငုပ်လျှိုး ကာစိတ်အာရုံကို လွှဲပြောင်း လိမ့်မည် ဖြစ်သည်။

သို့သော်.... သည်နေရာတွင်တော့ ယင်းအရာတွေကို ဘယ်လိုမှမရနိုင်။
ထို့ကြောင့်...အ၀တ်အစားလဲကာ အိပ်ရာပေါ်တွင်သာ ခြေပစ်လက်ပစ် လှဲချလိုက်မိတော့သည်။
သူမ မကြာမီ အိပ်ပျော်သွားလေသည်။
နောက်နေ့မနက် တွင် အိပ်ရာမှ နိုးလာသည်။
နှင်းဆီရောင် နေခြည်များ ပြတင်းပေါက်မှ ဖြတ်ဝင်လာကာ အခန်းထဲတွင် ထိန်လင်းနေသည်ကို မြင်လိုက်ရတော့ မနေ့ မနက် က ဆည်းဆာ အချိန်များလားဟုပင် ရုတ်တရက် ထင်လိုက်မိသေး သည်။
ညတုန်းက အိပ်မက်ရာမက် ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်းနေသည်။ ပူပင်သောက စိတ်လည်း လုံးဝမရှိတော့။
အိပ်ရာမှ ထကာ ရေမိုးချိုးသည်။ အ၀တ်အစားလဲကာ ဖြီးလိမ်းပြင်ဆင်သည်။
အချိန်က အစောကြီးရှိသေးသည်။

သို့ပေမဲ့...သူမသည် အောက်ထပ်ရှိ စားသောက်ခန်းသို့ဆင်းလာခဲ့သည်။
အခန်းထဲတွင် ဧည့်သည် ဖြစ်ဟန်တူသော လူငယ်သုံးယောက်မှ တစ်ပါး မည်သူမှ မရောက်သေး။ မစ္စတာချိုလည်း သည်အချိန်တွင် အိပ်ရာမှပင် နိုးဦးမည် မဟုတ်။
သူမက မစ္စတာချို မရှိဘဲ ယခုလို တစ်ယောက်တည်း အေးအေး ဆေးဆေး လွတ်လွတ်လပ်လပ် တွေးနေရသည်ကိုပင် ၀မ်းသာနေမိသည်။
သူမသည် နံနက်စာ စားသောက်ပြီးလျှင် တစ်ယောက်တည်း လမ်းလျှောက်ထွက်နိုင်သည်။ ထို့ နောက် ပြန်လာပြီး ခရစ္စထံသို့ စာရေးမည်။ ထို့နောက်တွင်တော့ ပထမဆုံး လုပ်စရာ အလုပ်ကို စတင် ရမည်။
နံနက်စာ စားသောက်ပြီးသောအခါ အခန်းသို့ မပြန်ဘဲ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။

လမ်းမပေါ်တွင် လူတွေ ဥဒဟို သွားလာနေကြသည်။ စာရေး စာချီတွေက ရုံးသို့ သွားကြသည်။ မိန်းမတွေ က ဈေးသို့ သွားကြသည်။ ကလေးတွေက ကျောင်းသို့ သွားကြသည်။ အဟောင်းနှင့် အသစ်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် လမ်းပေါ်တွင် ရောထွေးနေကြသည်။ ဟိုတယ်နှင့် မျက်နှာချင်းဆိုတွင် ပန်းဥယျာဉ်တစ်ခု ရှိသည်။ ဥယျာဉ်ထဲ တွင် အဘိုးကြီး နှစ်ယောက် စကားများ နေကြသည်။ သူတို့နှစ်ယောက် ဘာဖြစ်နေကြောင်း သိချင်၍ ဥယျာဉ်ထဲသို့ ၀င်လာခဲ့သည်။ အဘိုးကြီး နှစ်ယောက်မှာ ဥယျာဉ်မှူးများ ဖြစ်ကြပြီး ပန်းပင်စိုက်ရန် နေရာ ရွေးရင်း အချင်းချင်း စကားများနေကြခြင်း ဖြစ်သည်။

အသက်ငယ်သော အဘိုးအိုက မြေပုံကားချပ် ထုတ်၍ ပန်းပင်စိုက်ရန်သူ ရွေးထားသော နေရာကို ပြသည်။ သို့သော် အသက်ကြီးသော အဘိုးအိုက သဘောမတူ။ စိုက်ပြီးသား အပင်များ ကို ပြန် နုတ်ပြီး နေရာသစ် တွင် ပြန်စိုက်သည်။
အဘိုးအို နှစ်ယောက်ကို ကြည့်၍ လော်ရာက ပြုံးမိသည်။ လူငယ်နှင့် လူကြီး ပြဿနာသည် နေရာ တိုင်း။ တိုင်းပြည်တိုင်းတွင် ရှိပါကလားဟုလည်း တွေးလိုက်မိသည်။
သူမ ဆက်လျှောက်လာခဲ့သည်။
နောက်မှ အပေါ်အင်္ကျီစွန်ကို ဆွဲထားသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်ဖြင့် ကလေး လေးငါးခြောက်ယောက်ကို တွေ့ရသည်။ လမ်းပေါ် မှ ခြေသလုံး အိမ်တိုင် သူတောင်းစားကလေးများ ဖြစ်သည်။
သူတို့က ညစ်ပတ်ပေရေနေသော လက်ဝါးကလေးတွေ ဖြန့်ကာလော်ရာ့ ထံတွင် ပိုက်ဆံ တောင်း ကြသည်။
"သူတောင်းစား တွေ့ရင် ပိုက်ဆံလုံးဝ မပေးနဲ့ " အိမ်မှ ထွက်ခွာနီးခရစ္စက မှာလိုက်သည်။ "အထူး သဖြင့် ကလေး သူတောင်းစားတွေ ကို လုံးဝမပေးပါနဲ့။ သူတို့ကိုမြင်ရင် ဝေးဝေးကသာ ရှောင်ပြေး။ နို့မဟုတ်ရင် မင်းစိတ်ညစ် ရလိမ့်မယ်။"

သူမက ရှောင်ပြေးမည်ဟု ခြေလှမ်းပြင်လိုက်စဉ်မှာပင် ထူးခြားသော ကလေးတစ်ယောက်ကို မြင်လိုက် မိ၍ ခြေလှမ်းရပ်လိုက်သည်။
ထိုကလေးမှာ မိန်းကလေးဖြစ်သည်။ သူကလေးသည် ဆူဆူညံညံ ပိုက်ဆံတောင်းနေသော တခြား ကလေးတွေနှင့် မရောဘဲ ခပ်လှမ်းလှမ်းတွင် မျက်နှာညှိုးကလေးဖြင့် ရပ်ကြည့်နေသည်။ ရုပ်ရည်က လည်း အရိုးပေါ် အရေတင် လို့…။ သူကလေး အသက်ဘယ်လောက်ရှိမည်ဆိုတာကို လော်ရာ မှန်း၍ မရ။
လော်ရာ က သူကလေး အနီးသို့ လျှောက်လာပြီး မေးစေ့ကို လက်နှင့်ကိုင်ကာ မျက်နှာကို သေသေချာ ချာ ကြည့်လိုက်သည်။

အလို… ကပြားမကလေးပါလား။
သို့သော်… မျက်နှာတွေကတော့ တခြားကလေးတွေအတိုင်းပင် ဖြစ်သည်။ အာရှတိုက်သား မျက်လုံး များပင် ဖြစ်သည်။ မျက်လုံးပြူးပြူးနှင့် ချစ်စရာ မျက်နှာကလေး။
"ကလေးက ဘယ်သူလဲ"
သူမ၏စကားကို ကလေးက နားလည်မည် မဟုတ် ဆိုသည်ကို သိသော် လည်း လော်ရာ က လေသံဖြင့် မေးလိုက်မိသည်။

ဆက်ရန်
.

No comments: