Sunday, September 2, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၁ဝ)

အလို… ကပြားမကလေးပါလား။ သို့သော်… မျက်နှာတွေကတော့ တခြားကလေးတွေအတိုင်း ပင် ဖြစ်သည်။ အာရှတိုက်သား မျက်လုံး များပင် ဖြစ်သည်။ မျက်လုံးပြူးပြူးနှင့် ချစ်စရာ မျက်နှာကလေး။ "ကလေးက ဘယ်သူလဲ" သူမ၏စကားကို ကလေးက နားလည်မည် မဟုတ် ဆိုသည် ကို သိသော် လည်း လော်ရာ က လေသံဖြင့် မေးလိုက်မိသည်။ ကို ဆက်ဖတ်ရန် ..

တခြားကလေးတွေ ဆူညံသံ ရပ်သွားကြသည်။ အသက်အကြီးဆုံး ယောက်ျားကလေးတစ်ယောက်က မိန်းကလေး၏ လက်ကို ကိုင်ကာ လော်ရာ့ထံတွင် လက်ဖြန့်၍ ပိုက်ဆံတောင်းရန် အတင်းတိုက်တွန်း နေသည်။ မိန်းကလေး က ငြင်းဆန်နေသည်။
ထို့နောက်… လက်ကို အတင်း ဆွဲဖြုတ်ကာ လူအုပ်ထဲမှ ထွက်ပြေးသွားတော့သည်။
"အို… သူ ဘာလို့ ထွက်ပြေးတာပါလိမ့်" လော်ရာက အော်ပြောလိုက်ပြီး ကလေး နောက်သို့ ပြေးလိုက်လာခဲ့ သည်။ ကလေးမကလေးသည် ဟို တယ်နောက်ဘက် လမ်းကြားကလေးထဲသို့ ဝင်ပြေးသွားသည်။
လော်ရာက ဆက်လိုက်သွားပြီး လမ်းထောင့်တိုက်ကွယ်မှ အသာရပ်ကြည့်နေသည်။

ကလေးမကလေးသည် ဟိုတယ် နောက်ဘက်ပေါက်နှင့် မလှမ်းမကမ်းတွင် ရပ်နေသည်။ သူ့ကို ကြည့် ရသည် မှာ တစ်စုံတစ်ယောက်ကို စောင့်နေသည့်ပုံမျိုး။ မျက်လုံးကလေးတွေ ပေကလပ် ပေကလပ်နှင့် တမျှော်မျှော် လုပ်နေသည်။ အဖြစ်မှန်ကို လော်ရာ သိရပါပြီ။ ဟိုတယ် အလုပ်သမားတစ်ယောက်သည် စားကြွင်းစားကျန်များ ကို ဗန်းကြီး တွင် ထည့်ကာ ဟိုတယ် နောက်ပေါက်မှထွက်လာသည်။ သူသည် ခြံပြင်မှ သစ်သားသေတ္တာဟောင်း ကြီး ထဲသို့ စားကြွင်းစား ကျန်များကို သွန်ထည့်ပြီးနောက် ဟိုတယ် သို့ ပြန်ဝင်သွား သည်။
ကလေးမကလေးသည် လက်ဝဲ လက်ယာ ဘေးဘီသို့ မျက်ကလူးဆန်ပျာ ကြည့်လိုက်သည်။ ပြီး တော့… သစ်သား သေတ္တာကြီး ရှိရာသို့ လာခဲ့ပြီး သေတ္တာထဲသို့ လက်နှင့် နှိုက်စမ်းနေသည်။ ထို့နောက် ဟင်းဖတ် အစအန ကလေးများ ကို ရွေးကာ ပါးစပ်ထဲသို့ အငမ်းမရ သိပ်ထည့်နေတော့သည်။

ငါ ဘာလုပ်ရမှာလဲ။ ဘာကူညီရမှာလဲ။ ငါ ဘာလုပ်ပေးနိုင်သလဲ။
လော်ရာက ကလေးမကလေး ကို ရပ်ကြည့်နေရင်းမှ သူမကိုယ် သူမ မေးခွန်းတွေ ထုတ်နေပါသည်။
သူမကို မြင်သွားလျှင် ကလေးမကလေး ထွက်ပြေးမည်မှာ သေချာသည်။
ငါ သူ့ကို အတင်းသွားဖမ်းရင်တော့ မိမှာပဲ။ မိတော့ကော ငါက သူ့ကို ဘာအကူအညီများပေးနိုင်မှာလဲ။
တကယ်တော့… သည်နိုင်ငံတွင် သည်လို ကလေးတွေ ထောင်သောင်းချီ၍ ရှိနေသည်။ သူမ ဘာများ တတ်နိုင်ပါအံ့နည်း။ သူမသည် သည်နိုင်ငံသို့ ဘာကြောင့်လာခဲ့ပါသနည်း။ ကလေးတစ်ယောက်ကို ရှာရန် လာခဲ့ခြင်းဖြစ် သည်။ ယခု ယင်းကလေးကို သူမ တွေ့ခဲ့ရပြီ။

ထို့ကြောင့် ယင်းကလေးကိစ္စကိုသာ သူမ ပူပန်ရမည်။ တခြားကလေးတွေကိစ္စ လျှောက်တွေးနေ၍ မဖြစ်။ သူမ အနေဖြင့် အဓိကကိစ္စ လုပ်ရမည့်ကိစ္စကိုသာ ဦးစားပေးသင့်သည် မဟုတ်ပါလော။
ဘုရားရေ… သူ ငါ့ကို မြင်သွားပြီ။ ကလေးမကလေးသည် စားကြွင်းစားကျန်များကို လက်နှစ်ဖက်ဖြင့် အပြည့်ကျုံးယူပြီး လမ်းကြားအတိုင်း သုတ်ခြေတင် ထွက်ပြေးသွားတော့သည်။
လော်ရာသည် စိတ်ပျက်လက်ပျက်ဖြင့် လမ်းမပေါ်သို့ ပြန်လှည့်လာခဲ့သည်။ သူမသည် ကိုယ်ရော စိတ်ပါ နွမ်းခွေကျသွား သည်။ လမ်းလျှောက်လိုစိတ်လည်း မရှိတော့။
ဟိုတယ်ဘက်သို့ ခြေဦးလှည့်လိုက်သည်။ အခန်းထဲသို့ ရောက်သောအခါ စာရေးစားပွဲတွင် ထိုင်၍ ခရစ္စထံ သို့ ပေးရန် စာရေးသည်။

သည်စာကို ရေးရသည်မှာ ခါတိုင်းထက် ကြာသည်။ နေလုံးကြီး ခေါင်းပေါ်ရောက်တော့မှ စာတစ်စောင် ရေး၍ ပြီးသွားသည်။ သို့သော် စာက အရှည်ကြီးမဟုတ်။ တိုတိုတုတ်တုတ်သာ ဖြစ်သည်။
မျှော်လင့်တာ ထက် အများကြီးမြန်ပါတယ် မောင်။ အခုဆိုရင် ကျွန်မ လုပ်ငန်းစနေပါပြီ။ ဆွန်ယာနဲ့ လည်း တွေ့ပြီးပါပြီ။ ဒါပေမဲ့… စကားတော့ သေသေချာချာ မပြောရသေးပါဘူး။ ကလေးနဲ့လည်း ဒီနေ့ တွေ့ဖြစ်အောင်တွေ့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မ အထင်တော့ သူ့အမေက ကလေးကို လွယ် လွယ် နဲ့ လက်လွှတ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ အဘွားအိုကြီးနဲ့ နေရတာ ကလေးခမျာ သနားစရာပါပဲ။ ပြီးတော့… ဆွန်ယာ…
သူမက ဆက်မရေးတော့ ဘဲ ဆွန်ယာ့နာမည်ကို ပြန်ခြစ်ပစ်လိုက်သည်။

စိတ်ထဲကတော့ ဆွန်ယာ၏"ပန်းရိပ်သာ"အကြောင်း၊ ကလေးအခြေအနေ။ အမှိုက်ပုံထဲမှ စားကြွင်း စား ကျန်ကောက် စားနေသော ကလေးမကလေးအကြောင်း… စသည့် စသည့် သူမ တွေ့ကြုံခံစားရသမျှ တွေကို ခရစ္စ အား စီကာပတ်ကုံး အသေးစိတ် ပြောပြလိုက်ချင်သည်။
သို့သော်… သူမ ပြောလို့မထွက်။ ရေးလို့မရ…။ နှလုံးသားတွေက ထုံကျဉ်နေသည်။ လက်တွေက ဆွဲ မရ။ လေးလံနေသည်။ ထို့ကြောင့်… ဆက်မရေးတော့ဘဲ…
မောင့်ကို ထာဝစဉ် ချစ်လျက်ပါ ဟူသော စာကြောင်းဖြင့်သာ စာကို အဆုံးသတ်လိုက်တော့သည်။
ဟုတ်တယ်၊ ငါ ဆွန်ယာ့ ဆီ ပြန်သွားရမယ်။ ငါ တစ်ယောက်တည်း သွားမှဖြစ်မယ်။ ဒါမှ သူနဲ့ပိုပြီး ရင်း ရင်းနှီးနှီး စကားပြောနိုင် မယ်။ ဒီနေ့ဆိုရင် ကလေးလည်း အိမ်မှာရှိချင် ရှိနိုင်မယ်။ နေကလည်း တော် တော်ပြင်းနေပြီ။ ဦးထုပ် ဆောင်းသွားမှ ဖြစ်မယ်။

သူမ ဟိုတယ်ခန်းထဲမှ ထွက်မည်လုပ်တော့ စားပွဲပေါ်မှ ပန်းအိုး လှမ်းမြင်လိုက်မိသည်။ ပန်းအိုးထဲ တွင် တောင်အုန်းပင်ကလေး ညှိုးနေပြီ။
ပန်းအိုး ထဲမှ မြေကြီးကို လက်နှင့် စမ်းကြည့်သည်။ ရေမရှိတော့။ ခြောက်နေပြီ။
သို့ဖြင့် လက်ကိုင်အိတ်ကို စားပွဲပေါ်တွင် ပြန်ချပြီး ရေချိုးခန်းထဲ ဝင်ကာ ရေတစ်ခွက် ယူလာသည်။
ပြီးတော့… ပန်းအိုးထဲ ရေလောင်းထည့်လိုက်သည်။

ဆွန်ယာတို့အိမ်ကို လွယ်လွယ်ကူကူပင် ရှာတွေ့သည်။ လော်ရာက အမှတ်သညာ အလွန်ကောင်း သည်။ ခရစ္စက ကားမောင်း လျှင် သူမက ဘေးတွင်ထိုင်ကာ မြေပုံကိုကြည့်ပြီး လမ်းတွေ အဆောက် အအုံတွေ မှတ်သွားတတ်သည်။
ယနေ့ မနက် တွင်လည်း အငှားကားဆရာဘေးတွင် သူမကပင် လမ်းညွှန်လုပ်လာခဲ့သည်။ မနေ့က လောက်ပင် မကြာ။ အချိန်တိုတိုဖြင့် တိုက်ခံအိမ်ကလေးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ သည်။

ဆွန်ယာက အလုပ်သွားရန် အိမ်ရှေ့သို့ထွက်လာစဉ် အိမ်ရှေ့တွင် အငှားကားထိုးရပ်လိုက်သည်။ လော်ရာ ကားပေါ်မှ ဆင်းလိုက်သည်။ ဆွန်ယာက လက်ထဲမှ လက်ဆွဲအိတ်နှင့် ထီးကို အသာပြန်ချပြီး လော်ရာ့ ဆီသို့ လျှောက်လာသည်။ လော်ရာ့လက်ကိုဆွဲကာ အိမ်ပေါ်ခေါ်လာခဲ့သည်။
အိမ်ထဲ တွင် တခြား ဘယ်သူမှမရှိ။ အဘွားကြီးကိုလည်း မမြင်ရ။
ဆွန်ယာနှင့် နှစ်ယောက်တည်း တွေ့ရတာကို စိတ်ထဲ တစ်မျိုးကြီး ခံစားရသည်။ သို့သော် အေးအေး ဆေးဆေး နှစ်ယောက်တည်း ကိုယ်ရေးကိုယ်တာကိစ္စများကို ပြောရတာ တစ်မျိုးတော့ ကောင်း သည်။
ဆွန်ယာက အင်္ဂလိပ်လို့ လိပ်ပတ်လည်အောင်မှ ပြောတတ်ပါ့မလား။ သူ့ရိပ်သာတွင် အမေရိကန်တွေ ကို လက်မခံ ဆိုတော့ သူ့အနေနဲ့ အင်္ဂလိပ်စကားပြောကျင့်ရန် အခွင့်အလမ်း ပိတ်နေတာ တော်တော် ကြာရောပေါ့။ မနေ့တုန်း ကတော့ မစ္စတာချိုက စကားပြန် လုပ်ပေး၍ အဆင်ပြေခဲ့သည်။

ဆွန်ယာက လော်ရာအား ဧည့်ခန်းကိုဖြတ်ပြီး အတွင်းခန်းထဲ ခေါ်လာခဲ့သည်။ ဧကန္တ သူ့အိပ်ရာခန်းဖြစ် မှာပဲ။ အခန်းကလေး က သပ်သပ်ရပ်ရပ်ရှိသည်။ အမေရိကန်ဆန်ဆန် ပြင်ဆင် မွမ်းမံထားသည်။
ပြတင်းပေါက် တွင် ပန်းရောင်ပွင့်ရိုက် လိုက်ကာတပ်ထားသည်။ ခုတင် ခန်းဆီးကြီးကလည်း ပန်းရောင် ပိုးထည်။ ကြမ်းခင်းထိုင်ဖုံ အခင်းတွေကလည်း ပန်းရောင်ပိုးထည်။
အလှပြင် မှန်တင်ခုံပေါ်တွင် ဓာတ်ပုံတစ်ပုံ ထောင်ထားသည်။ ခရစ္စ၏ပုံ၊ နုပျိုသော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိသော အပြုံးမျက်နှာနှင့်…။
သည်ဓာတ်ပုံကို မြင်လိုက်ရတော့ လော်ရာ ငိုချင်သလိုပင် ဖြစ်လာမိသည်။ စိတ်ကို တင်းထားလိုက် သည်။
သူတို့နှစ်ယောက် သည်အခန်း သည်အိပ်ရာမှာပင် ချစ်ရည်လူးခဲ့ကြလေသလား။

ဆွန်ယာက လော်ရာ၏အကြည့်ကို သတိထားမိသဖြင့် မှန်တင်ခုံနားလျှောက်သွားပြီး ဓာတ်ပုံကို နံရံ ဘက်သို့ လှည့်ထားလိုက်သည်။
"ဒါတွေက ကြာခဲ့ပါပြီ။ အချိန်တွေ အများကြီး ကြာခဲ့ပါပြီ။ သူ့ဘဝက အခုအချိန်မှာ ပြောင်းလဲသွားခဲ့ပါ ပြီ၊ သူက မမရဲ့ယောက်ျားဖြစ်နေပါပြီ။ ကျွန်မကတော့ အောက်မေ့ သတိရရုံသက်သက်ပဲ ရှိပါတော့ တယ်။ အဲဒီထက် မပိုတော့ပါဘူး"
ဆွန်ယာက လေသံအေးအေးဖြင့် အင်္ဂလိပ်လို ပြောသည်။

"ဒါနဲ့… ညီမမှာ သားကလေး ရှိတယ်… နော်" "မမ ခေါ်သွားမှာလား" "မခေါ်ပါဘူး" "ဒါဖြင့် ဘာလုပ်ဖို့ လာတာလဲ" "မမကိုယ် မမလည်း ဒီမေးခွန်းကို ခဏခဏ မေးနေခဲ့တယ်။ ဒါပေမဲ့ အဖြေ အတိအကျ မရသေးပါဘူး။ ကလေးက သူ့… အေး… မမ ယောက်ျားဆီ စာလှမ်းရေးတယ်။ မိမိတို့အနေနဲ့ ကလေးအတွက် ဘာ အကူအညီ ပေးနိုင်သလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိချင်လို့ လာခဲ့တာပဲ။ အထူးသဖြင့်ကတော့ ကလေးရဲ့ပညာရေးအတွက်ပါပဲ" ဆွန်ယာက လက်ဝါးကို ကာပြရင်း…
"ဒါကတော့ ကျွန်မ အပြစ် မဟုတ်ပါဘူး။ သူ ကျောင်းတက်ခွင့်မရတာက မွေးစာရင်း မှတ်ပုံမတင်ခဲ့ လို့ ဖြစ်ရတာပါ။ သူ ကျောင်းတက်ခွင့် ရတောင်မှ မလွယ်ပါဘူး။ တခြားကလေးတွေက သူ့ကို နောက်ကြ ပြောင်ကြ မှာပဲ။ အခုလည်း သူ့ကို မြင်ရင် ညစ်တီးညစ်ပတ် စကားလုံးတွေနဲ့ စကြတယ်။ သူ့အဖေ က အမေရိကန် ဖြစ်နေတာကိုး။ သူက ကျွန်မကို မေးတယ်။ သူ့အဖေဟာ ဘာဖြစ်လို့ အမေရိကန် ဖြစ်တာ လဲတဲ့။ ဒီမေးခွန်း ကို ကျွန်မ ဘယ်လိုဖြေရမှာလဲ။ ကျွန်မ ဘယ်လိုမှမဖြေတတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့အ နေ နဲ့ ပညာတော့ နည်းနည်းပါးပါး သင်ရပါတယ်။

တစ်ချိန်က ကျွန်မ က ဆရာငှားပြီး သင်ပေးခဲ့တယ်"
လော်ရာ က မသိမသာ ရှက်သွေးဖြာနေသော ဆွန်ယာ၏မျက်နှာကို စေ့စေ့ကြည့်နေသည်။ သူတို့နှစ် ယောက် သည် အလယ်တွင် စားပွဲနိမ့်ကလေးခြားကာ ကြမ်းခင်းထိုင်ဖုံများ ပေါ်တွင် ထိုင်နေကြသည်။
တစ်ဖက်မှ မှန်ခန်းဆီးကို ဖွင့်ထားသဖြင့် ကျောက်တုံးဥယျာဉ်ကို မြင်နေရသည်။ ပင်စည်ကောက် ကောက် သစ်ပင်တစ်ပင်၏ အကိုင်းပေါ်တွင် အညိုရောင် ငှက်ကလေးတစ်ကောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ တေးဆို မြည်ကျူးနေသည်။
"ဒီတော့ သူ့အဖေ က ဘာဖြစ်လို့ အမေရိကန် ဖြစ်ရတာလဲ"
လော်ရာ က လေသံမျှ တိုးတိုးကလေး မေးလိုက်သည်။

အကြာကြီး ငြိမ်သက်နေပြီးတော့မှ ဆွန်ယာက ဖြေသည်။
"အမှန်အတိုင်းပြောရရင် ကျွန်မ သူ့ကို မြင်မြင်ချင်း မချစ်ခဲ့ပါဘူး။ ကျွန်မက သိပ်ပြီး ဆင်းရဲပါတယ်။ စစ် ပြီးကာလ မှာ လူတိုင်းလိုလိုပဲ ဆင်းရဲကြပါတယ်။ ဗုံးဒဏ်ကြောင့် ကျွန်မဖေဖေ ဆုံးသွားရှာပါတယ်။ အိမ် လည်း မီးလောင်ပြီး ပျက်စီးသွားပါတယ်။ ကျွန်မက တစ်ဦးတည်းသော သမီးပါ။ တခြား မိန်းကလေး တွေ တော်တော် များများဟာလည်း ကျွန်မလိုပဲ ဒုက္ခရောက်ကြရပါတယ်။ တခြားလုပ်စရာ အလုပ်က လည်း မရှိတော့… ကျွန်မတို့မှာ သီချင်းဆိုရ ကကြရပါတယ်။ ဒီလိုနဲ့ အမေရိကန် စစ်သားတွေနဲ့ ဆုံကြ ရပါတယ်။ ပထမတုန်းက ကျွန်မ ဘယ်ယောက်ျား နဲ့မှ မဆက်ဆံချင်ပါဘူး၊ သီချင်းဆိုရုံ၊ ကရုံသက်သက် ပဲ ရည်ရွယ်ခဲ့ပါတယ်"
"အဲဒီတုန်းက ညီမအသက် ဘယ်လောက်ရှိပြီလဲ" ချစ်စရာကောင်းသော မျက်လုံးတွေ ပြူးကျယ်သွားသည်။

"ကျွန်မ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ အမေရိကန် တွက်နည်းနဲ့ဆိုရင်တော့ ၁၇ နှစ်ပါ။ အဲဒီတုန်း က ကျွန်မအရပ် လည်း အခုလောက်ပဲ ရှည်ပါတယ်။ ယောက်ျားဆိုရင် ကျွန်မ သိပ်ကြောက် တယ်။ ယောက်ျားတိုင်း ကို ကြောက်ပါတယ်။ ယောက်ျားတွေက ကျွန်မကို ကြည့်ရင် မျက်နှာတစ်ဖက်ကို လွှဲ ပစ်တယ်။ အဲဒီ လို နေလာခဲ့ရင်း က တစ်ညကျတော့ တခြားယောက်ျားတွေထက် ပိုတော်တဲ့ လူတစ် ယောက်ကို ကျွန်မ တွေ့ရတော့ တာပဲ" "တခြားယောက်ျားတွေထက် ပိုတော်တယ်… ဟုတ်လား"
"ဟုတ်ပါတယ်။ သူက အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်လည်း ချောတယ်။ သူ့မျက်နှာ ကလည်း ဝမ်းနည်းနေ တဲ့ မျက်နှာမျိုး၊ သူက တခြားယောက်ျားတွေလို ပြုံးလည်း မပြုံးဘူး၊ ရယ်လည်း မရယ်ဘူး၊ ဟေးလား ဝါးလား အော်ဟစ်တာမျိုးလည်း မရှိဘူး။ သိပ်ပြီး တည်ငြိမ်တာပဲ။ သူ့ကြည့်ရတာ မျက်နှာညှိုးညှိုး နဲ့ စိတ်မချမ်းသာတဲ့ ပုံမျိုးပဲ။ သူက မိန်းကလေးတွေကိုလည်း မကြည့်ဘူး။ နောက်တော့ ဆူဆူညံညံ တေတေပေပေ စစ်သားတစ်ယောက်က ကျွန်မကိုလာပြီးအတင်းဆွဲခေါ်တယ်။

တက္ကဆက် ပြည်နယ်သားဆိုလားပဲ။ သူက အရက်လည်း တော်တော်မူးနေတယ်။ ကျွန်မလည်း တအား ငိုယိုပြီး သူ ဆွဲရာ ပါသွားတယ်။ အဲဒီမှာ ခုနက ပြောတဲ့ အရပ်ရှည်ရှည် ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ စစ်သားကလေး က ထိုင်နေရာ က ထလာပြီး ကျွန်မကို ဟိုလူကြမ်းလက်က ဆွဲဖြုတ်လိုက်တယ်။ ပြီးတော့ သူထိုင်တဲ့ စကားပွဲကို ခေါ်လာတယ်။ ကျွန်မက ကြောက်ကြောက်လန့်လန့်နဲ့ သိပ်ပြီး ငိုထားတော့ မျက်နှာတစ် ပြင်လုံ မျက်ရည်တွေ အိုင်ထွန်းနေတယ်။ ဒါနဲ့… သူက သူ့လက်ကိုင်ပဝါကို ထုတ်ပြီး ကျွန်မကို မျက်ရည် သုတ်ပေးတယ်" သို့သော်… ခရစ္စပြောပြတုန်းက သည်အချက်တွေ လုံးဝမပါ။ သူက ဆွန်ယာ့ကို လိုက်လည်း မရှာ။ စားပွဲ သို့လည်း ခေါ်မလာ။ အခု ဆွန်ယာပြောနေတဲ့ စကားတွေဟာ အမှန်ပဲလား။
ဘာပဲပြောပြော ဆွန်ယာက တကယ့်ခံစားမှုဖြင့် စိတ်ပါလက်ပါ ပြောပြနေတာကတော့ အမှန်ပင်။

လော်ရာ ကြည့်နေရင်းမှပင် ဆွန်ယာ၏မျက်လုံးအစုံတွင် မျက်ရည်အစုံတွင် မျက်ရည်တွေ ဝိုင်းလာ သည်။ သူမလက်နှင့် သုတ်သည်။ မျက်ရည်က မစဲ။ လက်ကိုင်ပဝါ ထုတ်၍ သုတ်သည်။
ဆွန်ယာ့ ကို လော်ရာ တကယ် ယုံပါပြီ။ ဆွန်ယာ တကယ် ခံစားနေရတာပါကလား။
"သူက အခြားယောက်ျားတွေနဲ့ မတူဘူး" ဆွန်ယာက တစ်ချက်ရှိုက်လိုက်ပြီးမှ ဆက်ပြောပြန်သည်။
"အကြင်နာတရားရှိတဲ့ လူတစ်ယောက်ပါ။ ဒီလိုကြင်နာမှုမျိုးကို ကျွန်မဖေဖေက လွဲပြီး ဘယ်ယောက်ျား ဆီကမှ မရခဲ့ဖူးပါဘူး။ ဒီလိုနဲ့… နောက်နေ့ ညလည်း ကပွဲကို သူ ရောက်လာပြန်တယ်။ ပထမတော့ သူ မရောက်သေးဘူး။ သူ မလာမှာကို ကျွန်မ တွေးပြီး စိုးရိမ်နေမိတယ်။ နောက်တော့ သူ ရောက်လာ တယ်။

ကျွန်မက သူ့စားပွဲနား ပြေးသွားမိတယ်။ သူ့အနားရောက်သွားတော့ ကျွန်မ အားရှိသွားပါ တယ်။ ပျော် လည်း ပျော်နေ မိပါတယ်"
ဆွန်ယာက စကားပြော ရပ်လိုက်သည်။ ခေါင်းကို ခါယမ်းပြီး မျက်လုံးများကို လက်ကိုင်ပဝါနှင့် အသာ အယာတို့နေသည်။ အပြင်ဘက်တွင် အညိုရောင် ငှက်ကလေးက တေးဆိုမြဲ ဆိုနေသည်။ အသံက သေးပေမဲ့ အလွန် နား ဝင်ချိုသည်။
"နောက်တော့ကော… ဆက်ပြောပါဦး"
လော်ရာက စကားစ ဖော်ပြေးသည်။

"နောက်တော့… ကျွန်မတို့နှစ်ယောက် တစ်ခါတစ်လေ တောင်ပေါ်ကို ပျော်ပွဲစားထွက်ကြသည်။ တစ်ခါ တလေလည်း ညပိုင်းမှာ ကပွဲသွားပြီး ကကြတယ်။ ပြီးတော့ နှစ်ယောက်သား စကားထိုင်ပြောကြတယ်။ သူ့မှာ မိန်းမရှိမှန်း ကျွန်မ မသိပါဘူး။ ကျွန်မ မေးလည်း မမေးမိဘူး။ သူကလည်း မပြောဘူး။ ကျွန်မက ကိုယ့်စိတ်ကူးနဲ့ကိုယ် သိပ်ပြီး ပျော်နေမိတယ်။ ကျွန်မက သိပ်ပြီး စိတ်ကူးယဉ်တတ်တာ။ အဲဒီလို စိတ်ကူးယဉ် တာ ကျွန်မ အမှားပါပဲ။ သူက ငါ့ကို လက်ထပ်မယ်။ ပြီးတော့ အမေရိကကို ခေါ်သွားလိမ့် မယ်။ ကျွန်မက အဲဒီလို စိတ်ကူးယဉ်နေ မိတာ။ နောက်တော့ သူက ကျွန်မကို နမ်းတယ်။ ဒီလိုနဲ့… ကျွန်မတို့နှစ်ယောက် ချစ်သွားကြ တယ်။ ကျွန်မတို့ တဲအိမ်ကလေးမှာ ညတိုင်းလိုလို ဆုံကြတယ်"
"သူက ညီမ ကို လက်ထပ် ယူပါ့မယ်လို့ မပြောဘူးလား"

"မပြောပါဘူး။ တစ်ခါမှ မပြောပါဘူး။ ကျွန်မကတော့ သူတစ်နေ့ပြောနိုး တစ်နေ့ပြောနိုးနဲ့ မျှော်နေတာ ပေါ့"
"ဒါနဲ့ ညီမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ဘယ်တော့လောက သိရသလဲ"
ဆွန်ယာက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ ပြီးတော့… လက်ကို ပြန်ရုပ်ကာ ပေါင်ကြား ထဲ ညှပ်ထားလိုက်သည်။ သူ့ရုပ်သွင်ကို မြင်ရသည်မှာ နေလောင်ထားသော ကြာပွင့်လို ညှိုးရော်ပျော့ အိနေသည်။
"ကျွန်မ ကလေး မလိုချင်ပါဘူး။ယုံပါ။ ကျွန်မ တကယ်ပြောတာပါ။ ဒါပေမဲ့ သူက ပူဆာပါတယ်။ ကျွန်မ မလိုချင်ပေ မဲ့ သူလိုချင်တယ်တဲ့။ သူ့အတွက် ကလေးတစ်ယောက် မွေးပေးပါတဲ့"
"ဘာ...ဘယ်လို...သူက ဒီလိုပဲ တကယ်ပြောသလား....ဟင်" ဒါ လုံးဝ မဖြစ်နိုင်။ ခရစ္စက ဒီစကားမျိုး ဘယ်တော့ မှ မပြောနိုင်။

"ကဲ...ပြောစမ်းပါဦး။ သူက တကယ်ပဲ အဲဒီလို ပြောသတဲ့လား"
လော်ရာက ဒေါသသံ မပါအောင် စိတ်ကို မနည်းထိန်းထားရသည်။
ဆွန်ယာ က  သူမ၏ နက်မှောင်နေသော မျက်ခုံးနှစ်ဖက်ကို ပင့်ကာ ဆက်ပြောသည်။
"သူဟာ အိမ်ကို မပြန်နိုင်ဘဲ တစ်နေ့နေ့မှာ သေရတော့မယ်ဆိုတာ ခဏခဏ ပြောတတ်ပါသည်။ သူက ပြောတယ်။ တိုက်ပွဲ ပြီးသွားပေ မဲ့ စစ်ပွဲ မပြီးသေးဘူးတဲ့။ တကယ်လို့ လူသေသွားခဲ့လို့ရှိ ရင်ဘာမှ ကျန်ရစ် မှာ မဟုတ်ဘူးတဲ့။ သူ့ကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ သူ့ရင်သွေး ကလေး တစ်ယောက်လောက် ထားပစ်ခဲ့ချင် တယ်တဲ့"
"ဒါနဲ့ပဲ...ညီမက သူ့အတွက် ကလေး မွေးပေးတယ် ဆိုပါတော့..."
"ကျွန်မက သူ့ကို သိပ်ပြီး ချစ်လို့ပါ ...မမရယ်"
မိန်းမသား နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေကြသည်။

"ကျွန်မ သူ့ကို အမြဲတမ်း သတိရနေပါတယ်။ သူ့အကြောင်းကိုပဲ နေ့ရှိသရွေ့ တွေးနေမိပါတယ်။ သူဟာ ကျွန်မ နဲ့ ကလေး ကို တစ်နေ့နေ့မှာ အမေရိကကို ခေါ်လိမ့်မယ်ဆိုတာ ကျွန်မ အမြဲတမ်း မျှော်လင့်နေခဲ့ပါတယ်။ သူနဲ့ရတဲ့ သူ့သားကလေး ရှိနေတဲ့အတွက် သူက ကျွန်မကို ခေါ်ကိုခေါ် မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီလိုနေနေရင်း...တစ်နေ့ကျတော့... တစ်နေ့ကျတော့... စာတစ်စောင် ရောက်လာပါတယ်"
"ဘာစာလဲ၊ ဘယ်လို စာလဲ" လော်ရာက အသက်အောင့်ပြီး ကမန်းကတန်း မေးလိုက်သည်။
"မမဆီက စာပါ။ ဟုတ်ပါတယ်... ကျွန်မ ကောင်းကောင်း မှတ်မိပါတယ်။ ကျွန်မ သေသေချာ ချာဖတ်ပါတယ်။ သူ အိပ်ပျော်နေတုန်း သူ့ အင်္ကျီအိတ်ထဲက ကျွန်မယူပြီး ဖတ်ပါတယ်။ မမက သူ့ကို ပြန်လာစေချင်လှပြီ။ သူ့ကို မမက-ပြန်ခေါ်တယ်။ ကျွန်မ စာဖတ်ပြီးတော့ စိတ်ကို တုံးတုံး ချလိုက်တယ်။ သူပြန်သွားမယ်ဆိုတာ ကျွန်မ သိ လိုက်ပြီ။ ကျွန်မစာကို သူ့အိတ်ထဲ ပြန်ထည့် လိုက်တယ်။ သူ့ကို ဘာစကားမှ မပြောဘူး။ တစ်ခုတော့ရှိပါတယ်။ ကျွန်မ မမစာ ကို ဖတ်ပြီးတော့ သူ့ကိုအရင် ကထက်ပိုပြီး ချစ်သွားမိပါတယ်။

အစတုန်းကတော့ ကျွန်မ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်တာ မကောင်းပါဘူး။ မမခေါ်သံကို သူကြားနေရ တယ်။ ဒါကြောင့်ပဲ တစ်နေ့ကျ တော့် သူပြန်သွားပါတယ်။ နောက်နေ့ကျတော့ သူမိတ်ဆွေ တစ်ယောက်က ကျွန်မ ကို ပိုက်ဆံရယ်။ သူ့စာရယ် လာပေးပါတယ်။ သူက စာထဲမှာ သူ့လိပ်စာ ရေးထားတယ်။ သူ့အဖေ အမေတွေနဲ့ နေတဲ့ အိမ်တဲ့။ ကျွန်မ တစ်ခုခု ဒုက္ခရောက်နေရင် သူ့ဆီ စာရေးပါတဲ့"
"အဲဒီအိမ် က အခု မမတို့နေတဲ့ အိမ်ပေါ့။ သူ့မိဘတွေက အခု မရှိကြတော့ဘူး။ ဆုံးသွားကြပြီ။ အဲဒီစာ ညီမဆီမှာ ရှိသေးသလား" "ရှိသေးတယ်။ ကျွန်မ တစ်သက်လုံး သိမ်းထားတယ်"
ဆွန်ယာက ခုတင်အောက်မှ သေတ္တာကလေး တစ်လုံးကိုဖွင့်သည်။ သေတ္တာထဲ လက်ဖြင့်စမ်း၍ ရှာနေသည်။ ပြီးတော့ ဝေခွဲမရဟန်ဖြင့် ပြန်လှည့်ပြီး... "ဟင်...ဒီမှာလည်း မရှိပါလား....။  ဒီစာ ဘယ်ရောက် သွားပါလိမ့်။ သြော်...သိပြီ။ သီပြီ။ ဒီကောင် လေး လက်ချက်ပဲ။ သူ ယူတာဖြစ်ရမယ်။ တစ်ခါတုန်းက သူ့ကို ကျွန်မ ဖတ်ပြတယ်။ ဒီကလေးက သိပ်ပြီး အမေအမြန်းထူတာပဲ။" "ကျွန်တော့် ဖေဖေဘယ်သူလဲ။ ဘယ်မှာနေ သလဲ။ သူဘာဖြစ်လို့ စာမရေးတာလဲ။ သူပြန်မလာတော့ဘူးလား"ဆိုပြီး ခဏခဏမေးနေတာပဲ။

ဒါနဲ့ ကျွန်မက စာကို ထုတ်ပြီး သူ့ကို ဖတ်ပြလိုက်တယ်။ "ဒီစာကို မင်း ဘယ်တော့မှ မကိုင်နဲ့" လို့လည်း ပြော လိုက်တယ်။ "ဒါကြောင့် မို့ သူလိပ်စာသိသွားပြီ အမေရိကကို စာရေးလိုက်တာ ဖြစ်မှာပေါ့"
ယခုတော့ ဖြစ်ကြောင်းရယ်ကုန်စင် ကို လော်ရာ အပြည့်အစုံ သိရပါပြီ။
သို့သော်...ဒီလူသား နှစ်ယောက်ကို စွန့်ခွာပြီး အမေရိကသို့ ခရစ္စပြန်လာအောင် သူမက ဘာ တွေ များ ရေးလိုက်ပါလိမ့်။ ဘယ်လိုများ ရေးလိုပါလိမ့်။ သူမ...မမှတ်မိတော့။
ဆွန်ယာ၏ တရှုပ်ရှုပ် ရှိုက်သံကြောင့် သူမ စိတ်မချမ်းမသာ ဖြစ်ရပြန်ပြီ။

"မငိုပါနဲ့ ညီမရယ်။ ညီမကို မမအပြစ်မတင်ပါဘူး။ တကယ်တော့ ဒီကိစ္စက သူ့အပြစ်ပါ။ သူ့ ကြောင့်ဖြစ်ရ တာပါ။ သူ သိသင့်ပါတယ်။ စဉ်းစားသင့်ပါတယ်" ဆွန်ယာက ရုတ်တကရက် အားတက်လာ သလို ခေါင်းကို မော့လိုက်သည်။ "သူ့အပြစ် မဟုတ်ပါဘူး၊ မမ အပြစ်ပါ။ မမကြောင့် ခုလိုဖြစ်ရတာပါ"
"ဟင်... မမမအပြစ်။  ဘာကြောင့်ပါလိမ့်။ မမလည်း မသိရပါလားကွယ်"
"မမ သူ့ဆီ စာရေးလိုက်တာ မမအပြစ်ပဲပေါ့" သူမ ကောင်းကောင်းမှတ်မိပြီ။ ထိုနေ့သည် သူမအသက် ၂၃နှစ် ပြည့်သောနေ့။ ချမ်းအေးလှ သောနိုဝင်ဘာလ၏ နေ့တစ်နေ့။ သူမ၏မွေးနေ့။

နယူးယောက်မြို့ရှိ သူမ မိဘများ အိမ်ကြီးအပေါ်ထပ်မှ သူမအခန်းသို့ မွေးနေ့ ၀တ်စုံဝတ်ရန် တက်လာခဲ့သည်။ အခန်းပြတင်း က "ရေမာစီ"ပန်းခြံကို မျက်နှာမူနေသည်။
မိုးသီးမိုးပေါက် များက ပြတင်းပေါက်မှန်တံခါးများကို အဆက်မပြတ် ရိုက်ခတ်နေကြသည်။ လူသူ ကင်းပြတ်နေသော ပန်းခြံ ကို မိုးက်တွေ ကြားမှ မှုန်းဝါးဝါးသာ မြင်နေရသည်။ သူမသည် အထီးကျန် ဝေဒနာကို ရုတ်တရက် ခံစားလာရသည်။
လွန်ခဲ့သော သုံးနှစ်လောက်က သူနှင့် ခရစ္စတို့သည် လက်ချင်းယှက်ကာ ပန်းခြံတွင် လမ်း လျှောက် ခဲ့ကြဖူးသည်။

ထိုစဉ်က သူမမှာ အသက် ၂၀မျှသာ ရှိသေးသည်။ မိမိ၏ချစ်သူနှင့် ရွှေလက်တွဲကာ ပန်းခြံထဲ လမ်းလျှောက် နေရသည်ကို သူမ အလွန်ပျော်ခဲ့သည်။ မကြာမီ တက္ကသိုလ်သို့ ပြန်သွားပြီး အလုပ် ကိစ္စအတွက် စဉ်းစား ရတော့မည်ကိုပင် သူမ သတိမရနိုင်အောင် ဖြစ်ခဲ့ရသည်။ တက္ကသိုလ်ပြန် ရောက်လျှင် သူ့ဆီမကြာ မကြာ စာရေး ရန် ခရစ္စက တတွတ်တွတ် မှာနေသည် ကြားယောင်လာမိ သည်။
ထိုးစဉ်က ကိုရီးယားနိုင်ငံ အကြောင်းကို တစ်ယောက်မျှ မတွေးမိကြ။ ဝေးလံသော တစ်နေရာမှာ သည်နိုင်ငံကလေး အကြောင်းကို သူတို့နှစ်ယောက်စလုံး သိည်း လုံးဝမသိကြ။

သူမက သူ့ဆီစာတွေ မကြာ မကြာ ရေးပါမည်ဟု ကတိပေးခဲ့သည်။ သို့သော် ကတိတော့ ပြည့် ပြည့်၀၀ မတည်နိုင် ခဲ့။ အေးစက်စက်နိုင်လှသော။ သမီးရည်းစား မဆန်သော စာတိုကလေးတွေကို ကြိုကြား ကြိုကြားရေးနိုင် ခဲ့သည်။ တကယ်တော့ သူမ အခြေအနေက စာရေးရန်ပင် အချိန်မရှိသ လောက်ဖြစ်နေသည်။ သူမ သည် ကမ္ဘကျော် အဏ္ဏ၀ါဗေဒသိပ္ပံပညာရှင်ကြီး ဒေါက်တာဒွန်လော ဆန်၏ လက်အောက်တွင် စာတွေ့ လက်တွေ့ ပညာဆည်းပူးရင်း လက်မလည်နိုင်အောင် အလုပ် များနေသည်။ ဆရာကြီးက သူမအပါအ၀င် တခြား သိပ္ပံပညာရှင်သုံးဦးတို့အား အဏ္ဏ၀ါဗေဒ လေ့လာရေး ခရီးထွက်ရန် ခေါ်သည်။ ရေအောက် ကြမ်းပြင်ရှိ အယ်လဂျေ အပင်များကို လေ့လာ စူးစမ်းကြရန်ဖြစ်သည်။ ဤခရီးသည် သူမအတွက် ပထမဦးဆုံး သိပ္ပံလေ့လာရေး ခရီးဖြစ်၍ သူမ၏ အနာဂတ်အတွက် အလွန်အရေးပါသည်။ ထို့ကြောင့်လည်း သူမသည် ခရစ္စထံ သို့ စာရှည်ကြီး တွေ မကြာခဏ ရေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ ၂၃နှစ်မြောက် မွေးနေ့ကို ကောင်စွာ မှတ်မိနေပါသေးသည်။ သူမသည် ပြတင်းပေါက် တွင် ထိုင်ကာ ခရစ္စအား ဆို့ဆို့နင့်နင့် အောက်မေ့နေမိသည်။
သူ့ထံ မှ နောက်ဆုံး ရခဲ့သော စာသုံးစောင်ကို သူမ မကျေနပ်နိုင်ဖြစ်နေသည်။ သူက သူမ သိချင် သော အချက်တွေ ကို ဘာမှ ရေးမထား။
ထိုင်ရာမှ ထကာ စာရေးစားပွဲဆီသို့ လာခဲ့သည်။
ပြီးတော့... သူမ ဘယ်တုန်းကမှ မရေးခဲ့ဘူးသော စာမျိုးကို ကမန်းကတန်း ရေးချနေမိသည်။
မောင်........ ဒီနေ့ဆိုရင် ကျွန်မ အသက် ၂၃နှစ် ပြည့်ပါပြီ။ မောင်က သတိမှ ရပါရဲ့လား။ မောင့်ဆီက စာမလာ တာလည်း ကြာလှပါပြီ။ ကျွန်မကတော့ မောင့်ဆီက စာတွေကိုပဲ နေ့ရှိသမျှ မျှော်နေမိတယ်။ စာမ ရေးနိုင်ရန် တယ်လီဖုန်းဖြစ်ဖြစ် ဆက်ပါလား။ ခရီးက ဝေးပေမဲ့ ဆက်ချင်တဲ့ ဆန္ဒရှိရင် မခက်ခဲပါ ဘူး။

ဒီနေ့ ကျွန်မ မွေးနေ့မှာ ကျွန်မကို မောင် သတိမှရပါရဲ့လား။ အခု ကျွန်မ စာရေးနေတဲ့ အချိန်မှာ မိုးတွေ သဲသဲမဲမဲ ရွာနေ တယ်။ လေကလည်း တိုက်နေတယ်။ ပန်းခြံထဲက ရွက်ကြွေတွေ မိုးတွေ လေတွေထဲမှာ လွင့်မျော ပါသွားကြသည်။ ချမ်းကလည်း ချမ်းလိုက်ပါဘိသနဲ့။
ဒါနဲ့.. .မောင် ဘယ်တော့ပြန်လာမှာလဲ...ဟင်၊ မောင်...ပြန်လာရင် ဘယ်လိုများ၊ ဖြစ်နေပါလိမ့်မလဲ ဆိုတာ ကျွန်မစိတ်ကူးနဲ့ မှန်းကြည့်ပါတယ်။ မောင် စိတ်များပြောင်းသွားမှာလား။ ကျွန်မကပဲ စိတ်ပြောင်းသွားမှာလား။ ကျွန်မအဲဒီလို မတွေးပါဘူး။ မောင် အရင်ကထက် နည်းနည်းတော့ အိုစာသွားလိမ့်မယ် ဆိုတာလောက် ပဲ တွေးမိပါတယ်။ ကျွန်မအခု ဆရာကြီး ဒေါတာလောဆန်နဲ့ အဏ္ဏ၀ါဗေဒ လေ့လာရေး ခရီးထွက်ဖို့ စီစဉ်နေတယ်။

တခြား သိပ္ပံပညာရှင် သုံးယောက်လည်း ပါတယ်။ မောင့်ဆီက စာအချိန်မီ ရောက်လာရင်တော့ ကျွန်မသူတို့နဲ့ လိုက်မသွားတော့ပါဘူး။ အဲဒီတော့... ကျွန်မဆီကို အမြန်ဆုံးသာ စာပြန်ပါ... မောင်၊ တကယ့်မောင်နှလုံးသားနဲ့ ခံစားပြီး ရေးတဲ့ စာမျိုးကိုမှ ကျွန်မ ဖတ်ချင်ပါတယ်။
မောင် တပ်ထဲ ပြန်ဝင်ဖို့များ ဆုံးဖြတ်ထားသလား။ အဲဒီလို ဆိုရင်တော့... ကျွန်မ ဆရာကြီးတို့ အဖွဲ့နဲ့ လိုက်သွားတော့မယ်။ သူမရေးခဲ့သော စာကို ယနေ့တိုင်း လုံးစေ့ပတ်စေ့ မှတ်မိနေသည်။ သို့ပေမဲ့.... ခရစ္စဆီက ပြန်စာ မလာ။  သူမ ဘာမှ ခံစားမနေတော့။ စိတ်ကို တင်းထားလိုက်သည်။

ပြီးတော့...ဆရာကြီး ဒေါက်တာလောဆန်နှင့် ခရီးထွက်လာခဲ့တော့သည်။
ဆရာကြီးက ရေအောက်သို့ ငုပ်လျှိုးပြီး အယ်လဂျေပင်များကို ရှာဖွေနေစဉ် သူမက နိုင်လွန်ကြိုး တပ်ထားသော ပိုက်ကွန် ကလေးဖြင့် ရေပေါ်မျောပိုးမွှားကို ဆယ်ယူနေသည်။ နိုင်လွန်ကြိုးကို ရွက်သဘောင်္ပဲ့ပိုင်းတွင် ချည်ထား သည်။ ရွက်သဘောင်္ကို ဆရာကြီး၏မိတ်ဆွေ သန်းကြွယ် သူဌေးကြီးတစ်ဦးထံ ခေတ္တ ငှားယူလာခဲ့ခြင်းဖြစ်သည်။ သူမသည် ရေကူးဝတ်စုံကို ဝတ်ကာ သဘောင်္ကုန်းပတ်ပေါ်တွင် တစ်နာရီပြီး တစ်နာရီ။ တစ်နေ့ပြီး တစ်နေ့ ထိုင်ရင်း ပိုးမွှားများကို ဆယ်ယူသည်။
သူများတွေ ကတော့ သူမကိုမြင်လျှင် တကယ့်ကို ကြိုးစားသော သိပံ္ပပညာရှင်မကလေးဟု ချီးကျူးထောမနာ ပြုကြလိမ့်မည်။ သို့သော်... သူမအကြောင်းကို သူမဟာ အသိဆုံး။ သူမ စိတ်တခြား လူတခြား ဖြစ်နေတာကို သူမအသိဆုံး။

မောင့်ဆီက ဘာလို့ ပြန်စာမလာတာပါလိမ့်။ သည်အတွေးသည် သူမ ခေါင်းထဲတွင် အချိန်တိုင်း ဝင်မွှေနေသည်။
ထို့ကြောင့် သူမ သည် သုံးရက် တစ်ကြိမ်စီ အိမ်သို့ မှန်မှန် ဖုန်းဆက်မေးသည်။
"မေမေ...ဘာစာမှာ မလာဘူးလား....ဟင်" "ကိုရီးယားက ဘာစာမှ မလာဘူး...သမီး" သူမ အိမ်ပြန်လာတော့ ခရစ္စ ပြန်ရောက်နေသည် ကို တွေ့ရတော့သည်။

သူတကယ် အိမ်ပြန်လာခဲ့ပြီ။ သူက ကိုရီးယားတွင် ဆက်လက်အမှုထမ်းရန် ဆုံးဖြတ်ထားပေ မဲ့ လော်ရာ ရေး လိုက်သော စာကြောင့် စိတ်ပြောင်းသွားပြီး အပြီးအပိုင် ပြန်လာခဲ့ရသည်ဟု ဆိုသည်။
သူ ကိုရီးယား တွင် ဘာကြောင့် ဆက်လက် အမှုထမ်းချင်ခဲ့ကြောင်းကို ယခု နှစ်ပေါင်းဆယ့်တစ်နှစ် မျှ ကြာညောင်း ခဲ့ပြီးသောအခါမှ လော်ရာသိရတော့သည်။
သူက အာရှကို ချစ်နေမိပြီ။ အာရှကို သံယောဇဉ် တွယ်နေမိပြီ။
ယခု ရုပ်ရည် ချောမောသော အာရှသူကလေးသည် သူမရှေ့တွင် ထိုင်လျက်ရှိသည်။
"သူက မမ ကိုချစ် လို့ ကျွန်မကို ပစ်သွားတာပါ"
ဆွန်ယာ က မသိမသာကလေး သက်မချသည်။

ပြီးတော့...ခေါင်းကလေးငုံ့ကာ သူမ၏ဂါဝန်မှ ပိုးသားနုနု အနားတွန့်ကလေးများကို ခေါက်ကစား နေသည်။ ဆွန်ယာ့စိတ်ထဲ ဘာတွေ တွေးနေသည်ကို လော်ရာက ခန့်မှန်း၍မရ။
နှစ်ယောက်သား ဘာစကားမှ မပြောဘဲ ငြိမ်ချက်သား ကောင်းနေကြသည်။
အတန်ကြာတော့မှ အိမ်ပြင်ဘက်မှ မိန်းမ တစ်ယောက်၏ ကျယ်ကျယ်လောင်လောင် စကားပြော သံကို ကြားလိုက် ရသဖြင့် လော်ရာ အတွေးပြတ်သွားသည်။ စကားသံမှာ အသက်ကြီးကြီး မိန်းမ တစ်ယောက်က တစ်စုံးတစ်ယောက် အား ကိုရီးယားလို ဆူပူကြိမ်းမောင်းသံ ဖြစ်သည်။ ဆက်တိုက် လိုပင် လူငယ်တစ်ယောက်၏ ရယ်ရယ်မောမော ပြောသံကိုပါ ကြားလိုက်ရသည်။
ဆွန်ယာက ခေါင်းမော့လာသည်။ လော်ရာက သူမ မျက်နှာကို စေ့စေ့ကြည့်၍ပြောသည်။
"ကလေး ကို မမ တွေ့ချင်တယ်"
ဆွန်ယာထိုင်ရာမှ ထရပ်သည်။ ၀န်ရန်တာဘက်သို့ လျှောက်သွားပြီး ခြံဝင်ထဲ လှမ်းကြည့်လိုက် သည်။ ထို့နောက် လော်ရာဘက်သို့ ပြန်လှည့်ရင်း ပြောသည်။

"ကျွန်မ ဒီနေ့ ပြန်မလာတော့ဘူး။ ကလေးကို မမဆီ ကျွန်မလွှတ်လိုက်မယ်။ ဒီက ထိုင်စောင့်ပါ"
ယင်းသို့ ပြောပြီးနောက် ဆွန်ယာသည် လက်ဆွဲဆိတ်နှင့် ထီးကို ကောက်ယူပြီး အိမ်ပေါ်မှ ဆင်းသွားသည်။ ထို့နောက် ဘဲဥပုံ ရေကန်ကလေးပေါ်တွင် အုပ်မိုးနေသော မိုးမခပင်တွေနောက် ကွယ်သို့ ၀င်ရောက် ပျောက်ကွယ် သွားသည်။

သူမ ထိုင်စောင့်နေသည်မှာ ဘယ်လောက်ထိ ကြာသွားပြီဆိုသည်ကို လော်ရာအတိအကျ မပြော တတ်တော့။ သို့သော် သူမ စိတ်ထဲကတော့ တစ်သက်တာလောက်ပင် ကြာသွားပြီဟု ထင်မိ သည်။ တကယ်တော့ သူမ ထိုင်စောင့်နေသည် မှာ မိနစ်ပိုင်းမျှသာ ရှိပါသေးသည်။
ဥယျာဉ်ထဲတွင် တိတ်ဆိတ်နေသည်။ ငှက်သံကျေးသံတွေလည်း မကြားရတော့။
လော်ရာသည် အိမ်ပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်။
ဒီကလေး ဘယ်ဘက်ကများ ပေါ်လာလိမ့်မလဲ။ ဥယျာဉ်ဘက်က ပေါက်လာမှာလား၊ အိမ်နောက် ကများ ၀င်လာ မှာ လား။
အိမ်ထဲတွင်လည်း အပ်ကျသံ ကြားရမတတ် တိတ်ဆိတ်နေသည်။

ငါ့ကို ဆွန်ယာများ တစ်ပတ်ရိုက်သွားပြီလား၊ သူ့သားကလေးကိုများ တစ်နေရာရာသို့ခေါ် ထုတ်သွားပြီလား။ သူ ငါ့ကို ဒီအတိုင်းပဲထား ပစ်ခဲ့ တာများလား။
ယင်းသို့ တွေးပူနေရင်းမှပင် ကလေးကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။
သူသည် အိမ်ဘေးမှ ပတ်ဝင်လာပြီး ဥယျာဉ်ကို ကျော်ပေးကာ သူမရှေ့တွင် ရပ်နေသည်။

ဆက်ရန်
.

No comments: