''ငါတို့ ဒီနေ့ ချိန်းလိုက်တာ ရက်အရွေးမှားပြီတူတယ် စန်းချို၊ ဒီနေ့ ပြဿဒါးနေ့ကြီးလား မိသဘူး'' ဟုသန်းဆိုင် က ခပ်တိုးတိုးညည်းဟလိုက်သည်။ တံငါသည်၏ သမီးသည် ဘုန်းကြီးလူထွက်၏ သားကဲ့သို့ ပြဿဒါးတွေ၊ ရက်ရာဇာတွေ၊ ၀ါရမိတ္တုတွေ မသိပေ။ ထို့ကြောင့် သန်းဆိုင်ကို ဘာတစ်ခွန်း မှလည်း ပြန်မပြောပေ။
ထိုစဉ်၊ စောစောက ထွက်သွားသော ကလေးသုံးယောက်ထဲမှ၊ အကြီးဆုံးကောင်မလေး လည်း ဂါဝန်စုတ် တဖားဖားနှင့် ပြေးဝင်လာသည်။ ''အမကြီး တို့ကို အဖေကြီးခေါ်နေတယ်။ ဒီလူကြီးလည်း လာခဲ့ရမယ်တဲ့'' ဟု သတင်းပေး နှိုးဆော်ပြီးသော် ကောင်မလေးသည် ..ဘာစိတ်ကူးပေါက်မှန်းမသိ၊ သန်းဆိုင် ၏ ကျောကုန်းကို လက်ဝါး ကလေးဖြင့် ပုတ်ကာလှစ်ခနဲ ပြေးထွက်သွား၏။ (အင်း...ဒီကောင် မလေးလည်းကျပ်ပြည့်ပုံမရဘူး) ဟု သန်းဆိုင် အတွင်းကျိတ် စိတ်ညစ် သွား မိပြန်တော့ သည်။ ကို ဆက်ဖတ်ရန်...............
''လာ သန်းဆိုင်၊ အဖေက ဘာအမိန့်တော် မြတ်ချမှတ်ဦးမလဲမသိဘူး''
စန်းချိုက သန်းဆိုင်၏ ဒဏ်ရာမရှိသော လက်မောင်းကို ပုတ်လိုက်သဖြင့်၊ သန်းဆိုင်မှာ တင်းကုပ်ထဲမှာဝပ်ပြီး စားမြုံ့ပြန်နေ ခိုက်၊ သခင်ကနွားဖားကြိုးလာအဆွဲခံရသော ခိုင်းနွား ကြီးတစ်ကောင်ကဲ့သို့၊ လေးလေးတွဲ့တွဲ့ ထရပ် လိုက်သည်။
''နင့်အဖေ အမူးပြေသွားပြီတူတယ်''
''သူက အမြဲတမ်းပုံမှန် အတိုင်းပဲ၊ နင်ဘာမှ ၀င်မပြောနဲ့၊ ကြားလားသန်းဆိုင်၊ ငါပဲပြောမယ်'' ဟုစန်းချိုက တိုးတိုး ကျိတ်ကျိတ် ကပ်မှာေ နစဉ်၊ သန်းဆိုင်သည် ရှုံမဲ့ထားသည့် မျက်နှာပါရှိ ရာ၊ ဆံပင်တိုနံ့နံ့နှင့် ဦးခေါင်းကြီးကို တဆတ်ဆတ် ညိတ်ပြနေရပြန်သည်။ သိမ်ငယ်စိတ် က သူ့ကို ဖိစီးထားပုံလည်း ရပါလေသည်။
စန်းချိုမှာ မူကား၊ သေချာပေါက် အနိုင်ရမည့် ပြိုင်ဘက်နှင့် ထိုးသတ်ရခါနီး လက်ဝှေ့သများ တစ်ဦး၏ ဟန်ပန်ကဲ သို့ မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။ မျက်လုံးမည်းမည်း ရွဲရွဲတွေက ညနေ(၄) နာရီိခန့်၊ နေရောင်ခြည်ထဲမှာ ရွှန်းရွှန်းတောက်နေ ကြ၏။ မျက်နှာထားကလည်း၊ အိမ်ထောင်ရေးကိစ္စ တိုင်ပင်ဆွေးနွေးရမည့် မိန်းကလေး တစ်ယောက်နှင့် မတူ၊ စစ်မြေပြင် မှာလှံစွပ်တက်သေနတ်ကိုင်၍ ကင်းစောင့်နေသော စစ်သည်တော်ကြီး၏ မျက်နှာထား ကဲ့ သို့ တင်းမာအေးစက်နေသည်။
ဦးဖိုလူသည် သန်းဆိုင်နှင့် စတွေ့တုန်းက ပုံစံအတိုင်း ဒူးပေါ်ပေါင်ပေါ် ထိုင်နေ၏။ သူ့ရှေ့တွင် အရက်ကရားနှင့် ဖန်ခွက် မရှိတော့။ သို့သော် ချက်အရက်(၄) ပုလင်း ဆန့်သော အဖြူရောင် ပလစ်စတစ်ပုံးတစ်လုံးနှင့် လက်ကိုင်ပြုတ်နေသော ပိန်ရှုံ့ရှုံ့ သတ္တုမတ်ခွက် တစ်လုံးတို့နှင့်အတူ၊ မြေပဲကြော် ပန်းကန်တစ်ချပ် သူ့ရှေ့ မှာ ရောက်နေပြန်တော့၏။ သူ့မျက်နှာသည် ပိုမိုမည်းကြုတ်နေပြီး မျက်ခုံးတွေက မီးထောက် မီးလျှံတွေ ထွက်အန်ကျ တော့ မလို ရဲရဲတွက်လျက် ရှိကြသည်။ (အခြေအနေကောင်းပုံမရဘူး) ဟု သန်းဆိုင် စိတ်အား ပျက်စွာ တွေးလိုက်၏။
''ဒီမျာ အုတ်ဖိုစုက ဘုန်းကြီးလူထွက်၊ လယ်ပိုင်ရှင် ကိုကံငွေရဲ့သား သန်းဆိုင်၊ မင်းကိုငါ တဲ့တိုးပြေမယ်။ ငါပြောတာ ကောင်းကောင်းကြီး မှတ်ထားကွ၊ မင်းတို့ဘက်က ငါ့သမီးနဲ့ သဘောမတူနိုင်ဘူးဆိုတော့ ငါကလည်း ပါးကိုက် လို့ နားပြန်ကိုက်ရတော့မှာပဲ၊ ငါကလည်း င့ါသမီးကို မင်းနဲ့မပေးစားနိုင်ဘူးကွာ...ရှင်းလား... ''
အဘိုးကြီး က မတ်ခွက်ထဲမှ ချက်အရက်ကို မော့ချနေခိုက် သန်းဆိုင်နှင့် စန်းချိုတို့၊ တစ်ယောက်ကို တစ်ယောက် ပြူးပြူးပျာပျာကြည့်မိကြသည်။ သန်းဆိုင်မှာ ရပ်နေရာမှ လဲကျတော့မလို ဒယီးဒယိုင်ဖြစ် သွား သည်။
စန်းချို သည် တဲအိမ်၏နံရံတစ်နေရာရှိ ဓားမတိုကလေး တစ်လက်ကို လှစ်ခနဲပြေး၍၊ ထရံ ကြားမှ နှုတ်ယူ လိုက်၏။
ထိုနောက် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် နတ်ပူးဇော်သကဲ့သို့၊ နဖူးမှာကပ်ပြီး သော်၊ စန်းချိုသည် ဦးဖိုးလူ ၏ ရှေ့သို့ တိုးကပ်သွားသည်။ ဦးဖိုးလူက သမီးဖြစ်သူ၏ အပြုအ မူကိုစတ်ဝင်စားခြင်း မရှိဟန်မျိုးဖြင့် အရက်ခွက် ကို တစိမ့်စိမ့် မော့သောက်နေပြန်သည်။
'' အဖေရှုံချည်နှပ်ချည် မလုပ်ပါနဲ့၊ နေ့ခင်းတုန်းက အဖေစကားတစ်မျိုးပြောတယ်၊ အခု တမျိုးပြောတယ်၊ အခုနောက် တစ်မျိုး ပြောင်းပြောတယ်။ အဖေဗလောင်းဗလဲလုပ်ပေမဲ့ ကျွန်မက ဆုံးဖြတ်ချက်ကို လုံးဝ မပြောင်းဘူး။ သမီး ကို သန်းဆိုင်နဲ့ အိမ်ထောင်မပြုစေချင် ရင် ဒီဓားနဲ့သာ ကျွန်မလည်းပင်းကို ပိုင်းချလိုက်တော့'' စန်းချို က ပကတိတည်ငြိမ်ပြတ်သားသော အသံဖြင့် ပြောရာမှ အသွားထက်ပုံရသော ဓားမတိုကလေးကို ဖခင်ကြီး၏ရှေ့ ၀ါးကြမ်းပေါ် သို့ အသာအယာချပြီး ဆံထုံးကိုဖြေကာ လည်းစင်းပေး လိုက်၏။ ''တောက် မသာမကလေး''
ကြုံးဝါးရေရွတ်ရင်း၊ ဦးဖိုးလူက ဓားကို ဖျတ်ခနဲကောက်ပြီး တဲရှေ့ငါးခြောက်လှန်းစင်ဘက် သို့ လွှင့်ပစ် လိုက်ပြီးနောက်-
''ငါ့မှာအလိုလို ကမှ ငရဲများရတဲ့အထဲ နင်က ငရဲလာပေးနေပြန်ပြီ။ သွား-သွား၊ ဒီလောက် တောင် အဖြစ်သည်းနေရင် သန်းဆိုင်နောက် ကို လိုက်သွားတော့၊ နင့်ကိုသမီးစာရင်းကနေ ငါဖျက်လိုက်ပြီ၊ င့ါကိုလည်း ဖအေလို သဘောမထားနဲ့၊ ငါရှိရာအရပ် ကိုလည်း ခြေဦးမလှည့် နဲ့'' ဟုလည်ချောင်းသံကြီးဖြင့် အော်ပြောသည်။
တစ်ချိန်တည်း ၌ သန်းဆိုင်သည် သွေးရူးသွေးတန်း အမူအရာဖြင့် စန်းချို၏ လက်မောင်း တစ်ဖက် ကို ပြေးဆွဲလိုက်၏။
''မှားကုန်မယ် စန်းချို မှားကုန်မယ်။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဟာ ငါတောင်းပန်ပါတယ်၊ စဉ်းစဉ်းစားစား လုပ်စမ်းပါ စန်းချိုရာ'' စန်းချိုသည် မျက်ရည်ရစ်ဝဲနေခဲ့သော၊ သန်းဆိုင်၏ မျက်နှာကြီးကို တစ်ချက်စောင်းငဲ့ ကြည့်ပြီး၊ သူမ၏လက် ကို သန်းဆိုင်၏ လက်ထဲကနေ ဆောင့်ရုန်းလိုက်ရာ၊ အားလွန်ပြီး လျှင်၊စန်းချို၏ တံတောင်ဆစ်ရိုးသည် သန်းဆိုင်၏ မေးရိုးကို ပင့်ရိုက်လိုက်သလို ဖြစ်သွား တော့သည်။ ညည်းတွားရင်း၊ ဒယိမ်းဒယိုင်ဖြစ်နေသော သန်းဆိုင် ကို ကြည့်မနေတော့ဘဲ၊ စန်းချိုသည် တဲကြမ်းခင်းပေါ်သို့ ခုန်တက်ကာ အတွင်း ကျကျ အခန်းထဲသို့ ပြေးဝင်သွား၏။
ထိုအချိန်၌၊ ဒေါ်စောပုသည် ဦးဖိုးလူအား လက်ညှိုးငေါက်ငေါက်ထိုးရင်း၊ မြန်မာစကားတစ် ၀က်ကရင်စကား တစ်ဝက်ဖြင့် ပြစ်တင်ရှုချနေ၏။ ဦးဖိုးလူကား ဒေါ်စောပု၏ စကားတွေကို နားထောင်နေဖို့ မဆိုထားဘိ။ သူနှင့် တစ်လံအကွာ မှာ ဒေါ်စောပုရှိနေသည်ဟု အသိ အမှတ်ပြုပုံပင်မရပေ။ သူသည် အရက် တစ်ကျိုက် သောက်လိုက်၊ မြေပဲကြော် တဖျောက် ဖျောက်ဝါးလိုက်နှင့် ဒူးတစ်လုံး ကိုပင် နှန့်နေသေး၏။
သန်းဆိုင် မှာ လက်မောင်း မှ ဝေဒနာဟောင်းကို မေ့ပြီး မေးရိုးမှဝေဒနာသစ်ကို မချိမဆံ့ ခံစားနေရလေသည်။ မှားပြီ၊ အကြီးအကျယ် မှားပြီ၊ စန်းချိုခေါ်ရာကို လိုက်လာမယ့်အစား ငါတို့တစ်နေရာရာကို ထွက်ပြေးကြရမှာ ဟုနောင်တ တွေးဖြင့် ပူးဆွေးမွန်းကျပ်နေမိပြန်၏။ လက်ရှိအကျပ်အတည်းထဲမှာ၊ ဘယ်လို ထွက်ပေါက်ရှာရမည် ကို မစဉ်းစားနိုင်တော့ လောက်အောင်၊ သူ့ဦးနှောက်မှာ ထုံထိုင်းအေးခဲလျက်ရှိသည်။
အရူးဖိုးတာ အပါအ၀င်၊ စန်းချိ၏မောင်ငယ်၊ ညီမငယ်(၄)ယောက်က၊ သန်းဆိုင်ကို တောထဲကဖမ်းလာခဲ့ပြီ၊ ယခုအခါ နှောင်ကြိုးတန်းလန်းနှင့် စိတ်အနှောင့်အယှက်တွေ့ နေသောမျောက်တစ်ကောင်ကို ၀ိုင်းကြည့်သလို မလှမ်းမကမ်း မှ ကြည့်နေကြ၏။ သန်းဆိုင် ကိုယ်တိုင် အချုပ်အနှောင်မိသကဲ့သို့ မကြုံစဖူးအောင်၊ စိတ်ဒုက္ခရောက်နေမှန်း ထိုသတ္တ၀ါ ကလေးများ မသိကြရှာပေ။ သန်းဆိုင်အား '' မျောက်ပွဲ'' ကြည့်သလို ကြည့်နေကြသူတွေ မှာ စန်းချို ကို ရိပ်ခနဲမြင်လိုက်သည်နှင့် တစ္ဆေတွေလို ရုတ်ခြည်း ပျောက်ကွယ်သွားကြတော့ ၏။
စန်းချိုသည် ကြိမ်ဆွဲခြင်းအစုတ်ကလေးကို ဆွဲ၍၊ တဲကြမ်းခင်းပေါ်မှ ခုန်းဆင်းလာ သည်။ ပြီးလျှင်၊ မြေပြင်ပေါ် တွင် ကျုံ့ကျုံ့ထိုင်လိုက်ပြီး၊ ဖခင်နှင့် မိခင်ကို ဦးသုံးကြိမ်ချသည်။ ဦးဖိုးလူက အရက်သောက်မပျက်ဘဲ၊ စန်းချိုကို မျက်နှာလွှဲထားသော် လည်း၊ ဒေါ်စောပုမှာ မျက်စိမျက်နှာပျက် ဂနာမြိငိမ် ဖြစ်နေ၏။ သို့ဖြစ်နေရာ မှ ဒေါ်စောပုသည် စန်းချိုပြေးဖက် လိုက်ပြီး... ''ဟဲ့စန်းချို၊ ညည်းငါဘာလုပ်တာလဲ'' ဟုငိုသံပါပါ မေးလိုက်သည်။
''ကျွန်မအမေ တို့နဲ့ မနေတော့ဘူး။ သူခေါ်ရာလိုက်သွားတော့မယ်၊ ဒီအိမ်မှာနေလို့လည်း မဖြစ်တော့ဘူး''
''အို ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ စန်းချို'' သားအမိနှစ်ယောက် ဖက်သူဖက်၊ ရုန်းသူက ရုန်းလုပ်နေစဉ်၊ ဦးဖိုးလူက၊ အရက် ထည့်သော သတ္တုမတ်ခွက်ကို ၀ါးကြမ်းပေါ်သို့ ဂျောင်းခနဲမြည်အောင် ဆောင့်ချ လိုက်သည်။
''ဟေ့၊ စောပု လွှတ်ပေးလိုက်စမ်း၊ သင်းယူချင်တဲ့သူကိုယူ၊ သင်းနေချင်တဲ့ နေရာမှာ နေပစေ၊ သင်းနဲ့ ငါတို့နဲ့ ဘာမှ မပတ်သက်တော့ဘူး၊ သူသွားလိုရာ သွားပါစေ၊ သူလည်း အတောင်အလက်စုံပြီပဲဟာ၊ ငါတို့ဘက် ကလည်း မိဘ၀တ္တရားကျေ ပါပြီ''
ဒေါ်စောပုသည် စန်းချိုကိုလွှတ်ပြီး၊ ဦးဖိုလူဘက်သို့ လှည့်လိုက်ပြန်၏။ ဘာမိဘ၀တ္တရား ကျေတာလဲ၊ ဘာကျေ တာလဲ၊ သမီးကို မင်္ဂလာကလေးမှ ဆောင်မပေးနိုင်တာဟာ မိဘ၀တ္တရားကျေသလား ကိုဖိုးလူ၊ တော်ပြောတော့ တော်ငယ်ငယ်က ဘုန်းကြီးဦးတိက္ခ ကျောင်းမှာ နေဖူးသေးဆို။ မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်...ဖခင်မယ် တို့်တာ ဆိုတဲ့မိဘ၀တ္တရား ငါးပါး ဆိုတာ မသင်ခဲ့ရဘူးလား''
ဦးဖိုးလူသည် ကြမ်းကိုလက်ဝါးနှစ်ဖက်ဖြင့် ပုတ်ကာ၊ ခွက်ထိုးခွက်လန်ရယ်မောစ ပြုတော့ သည်။ ထိုင်၍ ရယ်နေရာမှ၊ ကြမ်းပေါ်သို့လှဲချကာ၊ လက်တွေခြေတွေ လှုပ်ခါရင်း၊ စိတ်လွတ်ကိုယ်လွတ် ရယ်မောပြန်လေသည်။
''ဟားဟား၊ ဘုန်းကြီးကျောင်းက ထွက်ပြေးပြီး ငါးမျှားတံစကိုင်တဲ့ နေ့ က စလို့၊ သင်ခဲ့ရတဲ့ စာတွေ အကုန်လုံး ငါ မေ့ပစ်လိုက်ပြီဟ စောပုရဲ့ ဟားဟား''
ဦးဖိုးလူတို့ ဇနီးမောင်နှံ၊ သူတို့အချင်းချင်းသာ အာရုံစိုက်နေခိုက်၊ စန်းချိုနှင့် သန်းဆိုင်တို့ တဲကြီးအနီကနေ ခပ်သုတ်သုတ် ထွက်လာခဲ့ကြသည်။ စန်းချိုသည် သန်းဆိုင်၏ သေတ္တ ကလေးကို ရွတ်ရင်း၊ လက်တစ်ဖက်က သူမ၏ အကောင်းဆုံးဝတ်စုံ သုံးလေးစုံပါရှိသော ကြိမ်ဆွဲခြင်းစုတ်ကလေးကို ဆွဲထားသည်။ သန်းဆိုင်မှာ လက်မောင်းမှ ကိုက်ခဲသည့် ဝေဒနာကြောင့်၊ ခြေထောက်များပါ မသန်စွမ်းတော့သည့် အလား၊ ခြေတရွတ် ဆွဲ၍ လျှောက်လျက်ရှိ၏။
ထိုအခိုက်၊ သူတို့နောက်သို့ အရပ်ပုပျပ်ပျပ်၊ ကိုယ်ကာယကျစ်ကျစ်လျစ်လျစ်၊ အသား မည်းမည်း၊ ဆံပင်ရှည် ကုပ်ထောက်နှင့် လူငယ်တစ်ယောက် အမောတကော ပြေးလိုက်လာ လေသည်။ သူကား...စန်းချိုနှင့် အသက်(၁)နှစ်ခွဲ သာခြားသော စန်းချို၏မောင်ငယ် ''သာထူး'' ဖြစ်၏။ သာထူးသည် လုံချည်တိုတိုဝတ်ထားပြီး အင်္ကျီမရှိ၊ ဖိနပ်မပါ။ မျက်နှာတွင် ရွှံခြောက်အချို့ စွန်းကပ်နေကြ၏။
''အစ်မကြီး စန်းချို...အစ်မကြီးစန်းချို''
သာထူး က အစာနင်နေသော ၀မ်းဘဲတစ်ကောင်၏ အသံမျိုးဖြင့် လှမ်းအော်သည်။
စန်းချိုတို့နှစ်ယောက် ပြိုင်တူရပ်လိုက်ကြပြီး၊ သာထူးကို လှည့်ကြည့်လိုက်ကြသည်။ သာထူးသည် စန်းချိုကို အစိမ်းလိုက် ၀ါးစားတော့မလိုကြည့်ရင်း အသက်ပြင်းပြင်းရှုလျက်၊ စန်းချိုအနီးသို့ကပ်လာ၏။
''နင် ဒါ ဘာလုပ်တာလဲ စန်းချို မိသားစုကို အရှက်ခွဲတာလား၊ နင်သူ့နောက်မလိုက်ရဘူး။ အိမ်ကိုပြန်''
သာထူး မှာ ဒေါသကြောင့်လော...အရှက်ကြောင့်လော မသိ။ မည်းနက်သော မျက်နှာမှာ ပို၍နက်မှောင်မှိုင်း ညိုနေ ၏။ သားထူး ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း သိသိသာသာ ဆတ်ဆတ်တုန်နေသည်။ စန်းချို က နှုတ်ခမ်း တစ်ချက်မဲ့ကာ...
''ဟင်း အရေးထဲ မှာ နင်က ဇယားဝင်ရှုပ်နေပြန်ပြီ၊ ငါ့ကိစ္စမှာ နင်ဘာမှ ၀င်မရှုပ်နဲ့။ ဘာတစ်ခွန်းမှ မဟနဲ့၊ နင်နဲ့ ဘာမှ မဆိုင်ဘူး'' ဟု အော်သည်။
''မဆိုင်ဘူးဟုတ်လား စန်းချို၊ နင်နဲ့ငါနဲ့ မောင်နှမအရင်းခေါက်ခါက်ကြီးဆိုတာတောင် နင်မေ့သွားပြီလား၊ နင့်မှာ မောင်နှမ စိတ် မိသားစုစိတ်ကော ရှိသေးရဲ့လား...ဟင်''
စန်းချို က ငေးကြောင်ကြောင် ရပ်နေသည့် သန်းဆိုင်ဘက်သို့ လှည့်လိုက်သည်။
“သန်းဆိုင် က ကြောင်ကန်းကန်းနှင့် သူ၏ သေတ္တာအပိန်အလိမ်ကလေးကို လှမ်းယူနေစဉ်၊ စန်းချိုက လက်ထဲမှ ကြိမ်ဆွဲခြင်းစုတ် ကို မြေကြီးပေါ်သို့ ချလိုက်ပြီး၊ ဆွဲခြင်းထဲတွင် ရှိနေ သောာ ဘယ်အချိန် က ကောက်ထည့်လာမှန်းမသိသည့်၊ သူမကိုယ်ထိုင် ထရံကြား မှ နုတ်ယူ ပြီး ဦးဖိုးလူရှေ့သို့ချပေးခဲ့သော ဓားမတိုကလေးကို ဆွဲထုတ်လိုက်၏။ ဓားက အရွယ်သေး သော်လည်း အသွားထက်ပုံတော့ရ၏။ '' သာထူး င့ါကိစ္စမျာ နင်ဘာမှဝင်မရှုပ်နဲ့၊ ငါ့လမ်းငါ လျှောက်မယ်၊ ငါ့လမ်းကို လာပိတ်တဲ့ သူတွေကတော့ ဇာက်ပြတ်မှာပဲ''
ရှေ့တိုးတော့မည့် သာထူး၏ ခြေလှမ်းများနောက်သို့ တွန့်ဆုတ်သွားကြ၏။ သူသည် စန်းချို၏ မျက်နှာကို တစ်လှည့်၊ လက်ထဲမှဓားကိုတစ်လှည့် ထိတ်လန့် အံ့သြဟန်ကြည့် နေသည်။
''သွား၊ င့ါရှေ့က မြန်မြန်ထွက်သွားစမ်း သာထူး၊ နင်ငါအကြောင်းသိတယ်နော်'' ဟုဆိုရင်း၊ စန်းချိုက ဓားကို ၀င့်လိုက်ပြန်၏။
သာထူးသည် အားမတန်၍ မာန်လျှော့လိုက်ရသည့် မျက်နှာထားဖြင့် စန်းချို တို့ကို ကျောခိုင်းလိုက် သည်။ ကျောမခိုင်းမီ၊ မခံချိမခံသာ ၀မ်းခေါင်းသံကြီးဖြင့်-
''ငါနားလည်ပြီ စန်းချို၊ နင့်မှာ မိသားစုစိတ်မရှိတော့တဲ့အပြင် လူစိတ်ပါ ပျောက်သွားပြီ၊ လူတောထဲနေပြီး လူစိတ် မရှိရင် နင်ဘေးတွေ့မှာပဲ၊ ဘေးမတွေ့ပါစေနဲ့ ငါဆုတောင်းလိုက် ပါရဲ့'' ဟူ၍ လှိုက်လှဲလေးပင် စွာ ပြောခဲ့သေးသည်။
''ဟဲ့ မသာ၊ သွားမှာသွားစမ်း၊ စကားကြီး စကားကျယ်တွေ လာအူမနေနဲ့''
စန်းချို ကလည်း မအောင့်နိုင်မအည်းနိုင် ငေါက်ထုတ်ပစ်အောင် ငေါက်ထုတ်လိုက်ပါ သေး၏။ သန်းဆိုင်ကတော့ မျက်စိပေကလပ် ပေကလပ်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူသည် သားအဖတွေကြားမျာလည်း ထိထိရောက်ရောက် ဖြေရှင်းပေး နိုင်ဖြင်းမရှိပေ။ ယခု...မောင်နှမကြားမှာလည်း ဘာမှ ညှိနှိုင်းမပေးနိုင်ဘဲ၊ ကြက်ဖကြီး လည်လိမ်ထားသလို ပြူးကြောင်လျက်သား ဖြစ်နေ၏။
စန်းချို က နေခြည်ဝင်းဝင်းတောက်ဆဲ အနောက်ဘက်ကောင်းကင်ဆီသို့၊ မျက်လုံးတွေ ရှေ့မှာ လက်ဝါးကာရင်း လှည်းကြည့်သည်။
''သွားကြမယ်ဟေ့ သန်းဆိုင်...၊ သုံးအိမ်စုကို မမှောင်ခင်ရောက်မှ ဖြစ်မယ်''
''သုံးအိမ်စု'' ဆိုသောစကားလုံးကြောင့် သန်းဆိုင်ကြက်သီးဖြန်းဖြန်း ထသွား၏။
''သုံးအိမ်စု '' သည်ရွာနာမည်တစ်ခု ဖြစ်သော်လည်း ကျေးရွာအင်္ဂါရပ်နှင့် ပြည့်စုံသော သူနေရပ်ဝန်းတစ်ခု မဟုတ်ပေ။ သုံးအိမ်စုဟု ခေါ်တွင်ကြသော်လည်း သုံးအိမ်စုတွင် စုစုပေါင်း အိမ်ခြေ(၁၈) လုံးရှိ၏။ သို့ရာတွင် အိမ်(၁၈) လုံးတွင်အိမ် ဟု သတ်မှတ်ခေါ်ဝေါ် လောက်သည့် အဆောက်အအုံ တစ်ခုမျှရှိ မနေပေ။ လေးတိုင်စင် သာသာ၊ တစ်ဖက်ရပ်တဲ သာသာ ဓနိမိုးတဲအိမ်ကလေးများကိုသာ တွေ့နိုင်ပေ၏။ စန်းချိုတို့၏ ဝက်လူးရွာမှ၊ တောင်ဘက်စူးစူး (၇)မိုင်အကွာတွင် ရေနက်ကွင်းဟုခေါ်သော၊ ဧကထောင်ပေါင်းများစွာ ကျယ်ဝန်း သည့် ကွင်းပြင်ကျယ်ကြီးရှိနေပြီး၊ ထိုကွင်းပြင်ကျယ်ကြီးအလယ် ဗဟိုချက်မလောက်တွင် (၃)ဖာလုံ ပတ်လည်ခန့် ကုန်းမို့မို့ကလေးရှိနေတာ၊ ထိုကုန်းပေါ်ရှိ အိမ်စုကို သုံးအိမ်စုဟု ခေါ်ကြခြင်းဖြစ်သည်။ သုံးအိမ်စုကို အနီးဆုံးကျေးရွာကြိးဖြစ်သည့် တောင်သူလယ်သမားအများစု နေထိုင်ကြရာ ချောင်းဆောက် ရွာကြီးရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းက (၁)မိုင်အကွာကနေ လှမ်း၍အုပ်ချုပ်သည်။
အင်္ဂလိပ်ကိုလိုနီ ခေတ်ကတည်းက သုံးအိမ်စုတွင် အရပ်လူကြီးမရှိခဲ့သည်မှာ ယခုထက်တိုင်ဖြစ်၏။ သုံးအိမ်စု တွင် အရပ်လူကြီးခန့်အပ်နေရာပေး၍ မရဟု အဆိုရှိသည်။ သက်ဆိုင်ရာမှ၊ သုံးအိမ်စုတွင် အရပ်လူကြီးတစ်ယောက်ယောက် ခန့်ထားလိုက်ပါက၊ မကြာမီ ထိုအရပ် လူကြီးမှာချောင်း အရိုက်ခံရလေ့ ရှိသည်ဟုလည်း ရာဇာဝင်မှာလာသည်။ အနည်းဆုံးတော့ ထိုအရပ်လူကြီး၏ အိမ်မွေးတိရစ္ဆာန်ကြက်ဘဲဝက်သာ မက၊ ခွေးတွေကြောင်တွေ ပါ ပျောက်ရှ(လူခိုးခံရ)တတ်သည်ဟု တစ်နယ်လုံးက နားလည်ထားကြသည်။ စင်စစ် သုံးအိမ်စုသည် အမှီအခိုကင်းမဲ့စွာ ကိုယ်သဘောကိုယ်ဆောင်၍ ရှင်သန်နေသော အထီးကျန်လူအဖွဲ့ အစည်း ကလေး ဖြစ်တော့သည်။
ယခုလို နွေခေါင်ခေါင်ကာလဆိုလျှင်၊ သုံးအိမ်စု ပတ်ပတ်လည်တွင် ပင်လယ်ဝါကြီး ၀ိုင်းရံ ထားသကဲ့သို့၊ ရိုးပြတ်တော ဖုံးလွှမ်းရာ လယ်ကွင်းတွေက တစ်မျှော်တစ်ခေါ် ပတ်ချာ ၀ိုင်းနေသည်။ နေ့ခင်းဆိုပါကသုံးအိမ်စုကို ပတ်ဝိုင်းနေသော ကွင်းပြင်ကြီးထဲတွင် တံလှပ် တွေတရိပ်ရိပ်ထသဖြင့် အာရုံမှောက်မှားပြီး ကြည့်လိုက်လျှင် သုံးအိမ်စု ကို ရေပြင်ဖွေးဖွေးက ဝိုင်းရံထားသည်ဟု ထင်စရာဖြစ်နေမည်။ ထိုအချိန်မျိုးတွင် သစ်ရိပ် ဝါးရိပ် ကောင်းသော သုံးအိမ်စုတဲ၌ ကြက်တိုက်ပွဲ(ကြက်ဝိုင်း)တွေ ခြိမ့်ခြိမ့်သဲမျှ ဆူည့စည်ကားနေလိမ့်မည်။ ကြက်ဝိုင်းနှင့် အနီထောင်ကဲ့သို့သော လောင်းကစားဝိုင်း များတွင် တက်ကြွစွာ ပါဝင်ဆင်နွှဲနေကြသူများမှာ သုံးအိမ်စု သားတွေ မဟုတ်။ ဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ ဖြတ်လမ်းလိုက် စီးပွားရေးသမားများ သာ ဖြစ်ကြ သည်။ ထိုအချိန်မှာ သုံးအိမ်စုသားတွေ ဘာလုပ်နေကြသလဲ။
သူတို့က ဧည့်သည်တွေကို ထမင်းဟင်းရောင်းချကြသည်။ အရက်နှင့်ဆေးလိပ် ကွမ်းယာရောင်းကြသည်။ ပစ္စည်း ရွှေငွေလက်ဝတ်လက်စား အပေါင်ခံကြသည်။ ကယ်ရီယာ စက်ဘီးများဖြင့် အခကြေးငွေများယူ၍ လိုရာခရီး ကို ပို့ဆောင်ပေးကြသည်။
ဤသို့သော တရားမဝင် ဥပဒေချိုးဖောက်သည့် လောင်းကစားပွဲကို သက်ဆိုင်ရာမှ လက်ပိုက်ကြည့်နေခဲ့ ပါသလား။
သက်ဆိုင်ရာ ဥပဒေဘက်တော်သား ဝန်ထမ်းများသည် သုံးအိပ်စုမှ နွေရာသီလောင်းကစားပွဲတွေကို နှိမ်နင်းရန် အတန်တန်ကြိုးပမ်း ခဲ့ကြသည်။ ကြိုးပမ်းသလောက် အောင်မြင်မှုမရခဲ့ဟု ဆိုရပါမည်။ သူတို့သည် ကိုင်းဖျား ကိုင်းနားလောက် ကိုသာ၊ ခုတ်ပိုင်းရှင်းလင်းနိုင်ခဲ့ကြပြီး ပင်စည်နှင့် အမြစ်ကို မဖြိုခွင်းနိုင်ခဲ့ပေ။
သို့ဖြစ်ရခြင်းတွင် သုံးအိမ်စုသား လူလည်တစ်ယောက်၏ ပယောဂလည်း ပါဝင်သည်။
တိုးရွှေ့ အမည်ရှိသော ထိုလူလည်သည် ရန်ကုန်မြို့တော်ကြီးကို ရောက်သခိုက်၊ အဝေးကြည့် မှန်ပြောင်း တစ်လက်ကို ဝယ်ယူလာခဲ့၏။ ထိုမှန်ပြောင်းသည် ကိုက်(၂၀၀၀) အကွာအဝေးထိ ပီပြင် ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိလေသည်။ သုံးအိမ်စုရှိ အမြင့်ဆုံး မျောက်ချောပင် အထက်ပိုင်းသို့ တက်၍ ယာယီလင့်စင်ကလေးထိုးကာ၊ ထိုလင့်စင်ပေါ် ကနေ တိုးရွှေ၏ အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်လဆင်...၊ ပတ်ပတ်လည်ကွင်းပြင်ထဲရှိ သက်ရှိ သက်မဲ့ အရာဝတ္ထုများအားလုံးကို (ကိုက်၂၀၀၀ အတွင်း) ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်သည်။
လောင်ကစားဝိုင်းတွေ ကျင်းပလေ့ရှိသော နံနက် (၉)နာရီမှ၊ ညနေ (၅)နာရီအတွင်း၊ သုံးအိမ်စုသား ကင်းသမားနှစ်ယောက် သည် အလှည့်ကျ လင်စင်ပေါ်တက်၍၊ မှန်ပြောင်းဖြင့် အရပ်လေးမျက်နှာသို့ စူးစမ်းလေ့လာ ကြရသည်။ ထိုကင်းသမားနှစ်ယောက် သည် ဧည့်သည်လောင်းကစားသမားအားလုံးကို မှတ်မိ သူများဖြစ်ပြီး။ မျက်နှာစိမ်းဆိုလျှင်လည်း မှန်ပြောင်းထဲမှာ တွေ့သည်နှင့် မြွေလား ကြိုလား ဆိုသည်ကို ချက်ချင်း ခွဲခြားနိုင်စွမ်းရှိကြသည်။ မိမိတို့၏ စီးပွားရေးလုပ်ငန်းကို အန္တရာယ်ပြုနိုင်သော ပုဂ္ဂိုလ်များလာနေကြပြီဆိုသည်နှင့် ကင်းသမား သည် အသင့်ဆောင်ထားသော ခရာကို တရွှီးရွှီး တွတ်လိုက်တော့သည်။
တာဝန်ရှိသူများရောက်လာသော အခါ ထန်းရည်ဝိုင်းဖွဲ့နေသူများ၊ ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောနေသူ များ၊ ကက်ဆက် ဖွင်ပြီး အရက်မူးမူးနှင့် ကခုန်နေကြသူမျာကိုသာ တွေ့ကြရလေသည်။ တိုက်ကြက်ဖ များလည်း ဘယ်ရောက်ကုန်ပြီမသိ။ ဖဲချပ်ဆိုလို့လည်း စုတ်ပြတ်နေသည့် ဖဲချပ်တစ်ချပ်ကိုမျှ မတွေ့ရ။ ကလေးများသည် မှန်ရာကို ပြောလေ့ရှိ သည်ဟု ယူဆကာ၊ ကလေးများ ကို ချော့ချည်တစ်ခါ၊ ခြောက်ချည်တစ်လှည့်ဖြင့် မေးအံ့။ ခေါင်းတစ်ခါတည်း ခါနေကြသော ''သစ္စာရှင်'' ကလေးများ ကိုသာ ကြုံတွေ့ရပေလိမ့်မည်။
သုံးအိမ်စုသား ကျား/မ အားလုံးကလည်း၊ လူကြီးမင်းများကို ထိုက်သင့်သလို ဧည့်ဝတ်ပြု ရင်း တစ် (ဘူး)တည်း (ဘူး)နေကြတော့ သည်။ ဤကဲ့သို့ ဥပဒေကို လက်တစ်လုံးခြား လှည့်ဖျားနေခြင်းကို လူကြီးမင်းတို့ ခံပြင်းလွန်း လှပေသည်။
“ခင်းဗျားတို့ ဒီအလုပ်တွေ ရပ်တန်းကရပ်ကြနော၊ ဟောဒီသုံးအိမ်စုကုန်းကလေးဟာ လူနေရွာ သတ်မှတ် ထားတဲ့နေရာ မဟုတ်ဘူး။ မြေပုံထဲမှာဆိုရင် ဒီနေရာဟာ အစိုးရပိုင်မြေသက်သက်ပဲ၊ ခင်ဗျားတို့က အစိုးရမြေပေါ် မှာ အခွင့်မဲ့ကျူးကျော်ပြီး နေနေကြတာ၊ ခင်ဗျားတို့ကို အချိန်မရွေး နေရာရွှေ့ခိုင်းလို့ရတယ်”
တစ်ခါက စိတ်တိုတတ်သော လူကြီးမင်းတစ်ဦးက၊ အထက်ပါအတိုင်း သတိပေးစကားပြောခဲ့ဖူးသည်။ ထိုအခါ သုံးအိမ်စု တွင် အသက်အကြီးဆုံးဖြစ်သော မျက်စိတစ်ဖက်လပ် အဘိုးအို “ဦးဖဲဆောင်”က....
“ကျုပ်တို့ မကျူးကျော်ရပေါင်ဗျာ၊ ကုလားဖြူမင်းလက်ထက်ကတည်းက ကျုပ်တို့မိဘတွေဒီကုန်းမှာ အခြေ တကျနေပြီး လယ်လုပ် လာခဲ့ကြတာပါ”ဟုဝင်ပြောသည်။ လူကြီးမင်းသည် ပို၍စိတ်တိုသွားပြီး....
“အခု ကုလားဖြူခေတ် မဟုတ်တော့ဘူး အဘိုးကြီး” ဟု ဟောက်လိုက်သည်။
စာရွက်စာတမ်း အထောက်အထားများမရှိသည့်တိုင် သုံးအိမ်စုကုန်းကို ပိုင်ဆိုင်သူမှာ ချောင်းစောက်ကျေးရွာတွင် ကိုလိုနီခေတ် က အကြွယ်ဝဆုံး ဖြစ်ခဲ့သော ဘုရားဒကာ၊ ကျောင်းဒကာ၊ မြေပိုင်ရှင် လယ်ပိုင်ရှင် တိုက်နယ်သူကြီး “ဦးလော်ပေါ်” ဆိုသူဖြစ်၏။ သူက၊ မျက်နှာဖြူ မျက်နှာနီ ကြေးတိုင်အရာရှိများနှင့်ပေါင်းပြီး သုံးအိမ်စုကုန်း ကို အပိုင်ဝယ်ယူထားခဲ့၏။ သူ၏ မွန်မြတ်သော စေတနားကာ၊ ဤကုန်းမြေတစ်ဝိုက်တွင် လယ်ယာ လုပ်ကိုင်ကြသူများ ရာသီမရွေး သောက်ရေသုံးရေ ရရှိရန်၊ ကုန်းတွင်းပိုင်းမှာေ၇ကန်တစ်ကန် တူးဖော် လှူဒါန်းထားခဲ့ခြင်း ဖြစ်လေသည်။
သူကြွယ်ကြီး ဦးလော်ပေါ် သည် သူမကွယ်လွန်မီကပင်၊ သူ၏ ရေကန်ကို နောင်လာနောက်သား များ၊ အကျိုး ရှိစွာ ဆက်လက် သုံးစွဲနိုင်ရန်၊ ရေကန်ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သူ၏ လယ်ကျွန် (လယ်ကူလီ/ သူရင်းငှား)ထဲမှ၊ ရိုးသား ကျိုးနွံသော မိသားစုကို တာဝန်ပေးခဲ့၏။ ထိုမိသားစု သုံးစု၏ မျိုးဆက်သုံးစုသည်လည်း ဤရေကန်စောင့် ဒုတိယမျိုးဆက်မှ မိသားစု သုံးစသည်၊ ရေကန်ရှိရာ ကုန်းကလေးပေါ်သို့ ပြိုင်တူလိုလို လာရောက်နေထိုင်၊ အခြေစိုက်ကြရာမှ ... ဤနေရာသည် သုံးအိမ်စု ဟု အမည်တွင်သွားလေတော့သည်။
ဆက်ရန်
.

2 comments:
စိတ်ဝင်းစားဖို့ကောင်းလာပြီမမရေ..နှစ်ယောက်တစ်ဘဝ ထူထောင်ရတဲ့ ဘဝကလည်း မလွယ်ပါလားနော်...:)))
ဆရာကြူးနှစ် ရဲ့အရေးအသားကတော့
ရှယ်ပဲ ၀က်သားဆီပြန်ဟင်းနဲ့ထမင်းစားရသလိုပါလား
နေ့တိုင်းတင်ပေးမယ်ဆိုရင်တော့
ကျေးဇူးအတိုင်းထက်အလွန်ပါပဲ
မြန်မာစာ ချစ်သူတဦး
Post a Comment