"ငြိမ်းပုံကြမ်းတွေတောင် ထုတ်ထားပြီးပြီ။ စွန့်ပစ်ဓာတုပစ္စည်းတွေနဲ့ စက်သုံးဆီတွေ၊ ရေဆိုးတွေက အကန့် သုံးကန့် ရှိတယ် ကိုဇော်"
ကိုဇော်မင်း နည်းနည်းလေး တွန့်သွားမိသည်။ ဥက္ကဋ္ဌလည်းဖြစ် ဦးလေး လည်း တော်စပ် သော ဒေါသ ကုမ္မာရကြီး က အမိန့်တော်မြတ် ထုတ်ခဲ့သည်လေ။ ငွေကုန်ကြေးကျ ပါမည့် မည့်သည့် သဘောတူ လက်ခံချက် ကိုမှ လက်မခံဖို့ပင်။ ကို ဆက်ဖတ်ရန်.............
''ငြိမ်းကို ကိုယ်တစ်ခုပြောချင်လို့။ ကိုယ်တို့စက်ရုံအနေနဲ့ လုပ်ငန်းပိုင်းကို နည်းနည်းပြောချင်လို့ပါ''
သူ့စကားကြောင့် ငြိမ်းနုက ပြုံးစစဖြင့် ကြည့်နေလိုက်မိသည်။ သူဘာပြောတော့မည်ကို ငြိမ်းနု သိပြီးနေ ပြီ။ ရှေ့ကကြုံခဲ့ဖူးသော အတွေ့အကြုံက သင်္ခန်းစာများ ရှိခဲ့သည်ကိုး။ စက်ရုံမှူးများ၊ ထုတ် လုပ်ရေး မန်နေဂျာများ၊ စည်းကမ်းထိမ်းသိမ်းရေးမှူးများ၊ စီမံဌာန တာဝန်ခံများနှင့် ငြိမ်းနုတွေ့ခဲ့ဖူးလှပြီ။ သူတို့ထံ မှ ဘေးထွက်ရေဆိုး များ ၊စွန့်ပစ်ပစ္စည်းများ၊ ဓတုပစ္စည်းကြွင်းအကျန်များနှင့် ပတ်သက်၍ ပုံပြင် များစွာ နားထောင် ရပြီးပြီ။ ယခု ကိုဇော်မင်း ပြောမည့်ဇာတ်လမ်းမှာ ထူးလှမည်မဟုတ်။
သူရှင်းပြနေသည်များကို နားထောင်ရင်း ငြိမ်းနု အာရုံ၌ တက္ကသိုလ်စာကြည့်တိုက်တစ်ခု ရုတ်တရက် ပေါ်လာ သည်။ စကားဖောင်ဖွဲ့နေသော တက္ကသိုလ်ကျောင်းသားနှစ်ဦး၊ စာကြည့်တိုက်တာဝန်ခံ မိန်းမပျို တစ်ဦး၏ ပုံရိပ်များ။ စာကြည့်တိုက်ထဲတွင် စကားများနေသော ကျောင်းသားနှစ်ဦးကို မာန်မဲနေ သည့် ပြကွက်။ ငြိမ်းနု အာရုံ၌ အသားညိုညို အရပ်မြင့်မြင့် မျက်ခုံးမျက်လုံးကောင်းကောင်းဖြင့် ညိုချော ချောသည့် ရဲထွန်းပုံရိပ် ၀င်လာ သည်။ ထို့အတူ စာဂျပိုးပုံပေါက်နေသော ဇော်မင်း၏ပုံသဏ္ဌာန်များ။
ငြိမ်းနု သက်ပြင်းပူကို ချလိုက်ရင်း ကိုဇော်မင်းကို ဖျတ်ခနဲ အကဲခတ်လိုက်မိသည်။ သူတစ်ချိန်ုလိုပင် သံယောဇဉ် ရှိနေတုန်းပဲလား ဟု အကဲခတ်လိုက်ခြင်းပင်။ သို့ရာတွင် ကိုဇော်မင်းက စက်ရုံထွက်ကုန် စာရင်းများ ကို နှစ်အလိုက် ရှင်းပြနေသည်မို့ ပါဝါမျက်မှန်အောက်တွင် သံယောဇဉ်ရှာရခက်ဘိတောင်ုး။ သူက မျက်မှန် ကို ပင့်လိုက်ပြန်သည်။
''ဒီနှစ်ထဲကျမှ စီမံကိန်းအသစ်တွေ အော်ဒါကျလာတော့ ဘယ်လိုမှ နောက်ပိုင်းကို လှည့်မကြည့်နိုင်ဘူး ငြိမ်းနု ရယ်။ ပြီးတော့ ကိုယ်တို့စက်ရုံက မြစ်နဲ့လှမ်းပါတယ်။ အဲဒါကြောင့် ဆွေးနွေးချင်တာက မြစ်နဲ့ ပတ်သက်ပြီး ကိုယ်တို့ ဘတ်ဂျက် သီးသန့်ထားပါတယ်။ ငြိမ်းနုတို့လုပ်ငန်းအပေါ် အများကြီးထောက ခံပါတယ်။ ဒါကြေင့် အလှူငွေထည့် ဖို့ လျာထားပြီးပြီဆိုတော့လေ......... ''
ငြိမ်းနု က စိတ်မထိမ်းနိုင်ပဲ ရယ်ချလိုက်ပ်ါသည်။ သူကသံယောင်လိုက်၍ လိုက်ရယ်ပြန်သည်။
''တကယ်ရယ်ရတယ် ကိုဇော်ရယ်။ တကယ်ပါ တကယ်ပါ''
ဟုတ်တယ် ငြိမ်းနုရေ၊ အဖြစ်ကတော့ ရယ်စရာပဲလေ''
''ငြိမ်းရယ်တာက ကိုဇော့်စကားကြောင့်ပါ။ အလှူငွေဆိုလို့လေ။ ကိုဇော်ကိုယ်တိုင် ငြိမ်းတို့ နားမလည် သေးတာ ကို တွေးမိလို့ပါ''
''ဒါတော့ NGO တွေဆိုတာ''
''တော်ပါတော့ ကိုဇော်ရယ်၊ နဂိုရှိရင်းစွဲ ခင်မင်မှုလေးတွေမပျက်ခင် ဒီစကားကို တော်ပါတော့။ လုပ်ငန်းရှင်တွေ က ငြိမ်းနုတို့ကို ဒွန်းစဏ္ဍားတွေလို့ ထင်နေကြထယ်။ အလုပ်မရှိ အလုပ်ရှာပြီး ပတ်ဝန်းကျင် ထိမ်းသိမ်းရေုး လုပ်နေတယ်၊ ကမ္ဘာမြေစိမ်းလန်းရေး ဗန်းပြပြီး အလှူခံစားနေတယ်လို့ တွက်ကြတယ်လေ''
''မဟုတ်ဘူးငြိမ်းရယ်၊ကို ဆိုလိုတာက၊ ဟို... ''
''တော်ပါတော့ ကိုဇော်ရယ်၊ ငြိမ်း သိပါတယ်၊ ကိုဇော်ဆွေးနွေးတာ စက်ရုံနဲ့ပတ်သက်ပြီး ငြိမ်းဆီက နားလည်မှု ရဖို့ မဟုတ်လား။ ငြိမ်းနားလည်ပါတယ်။ လောလောဆယ်မှာ ကိုဇော်တို့စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ အကြွင်း အကျန်တွေ အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကို ပြောချင်တာမဟုတ်လား''
''ကိုယ်က အကူအညီတောင်းနေတာပါ''
သူ့စကားကို ငြိမ်းနု ခေါင်း တညိတ်ညိတ် လုပ်ရင်း အံဆွဲထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်လိုက်သည်။
''ငြိမ်း စကားနည်းနည်းပြောမယ်နော်။ ကိုဇော် အချိန်ရတယ်မို့လား''
သူက ငြိမ်းနုစကား ကို ဆက်၍နားစွန့်နေသည်။ ငြိမ်းနုက ဖိုင်တွဲထဲမှ ဓာတ်ပုံတစ်ချို့ကို ထုတ်ယူလိုက်သည်။
''ဒါတွေက မြစ်ကြောတစ်လျှောက် သောင်ထွန်းနေတာကို နှစ်အလိုက်ရိုက်ထားတဲ့ပုံလေ။ ပြီးတော့ ရေစီးကြောင်းပြောင်းလာတဲ့ ပုံတွေ။ ဒီစာရွက်ထဲမှာ ပြထားတဲ့ ဇယားက နှစ်အလိုက်ရေထုညစ်ညမ်း လာတဲ့ကိန်းတွေ။ ဒါတွေကို ကိုဇော်တို့်ဘက်က မေးချင်လိမ့်မယ်။
စက်ရုံနဲ့ဘာပတ်သက်လို့လဲလို့။ မြစ်ဆိုတာ ပြုပြင်ထိမ်းသိမ်းဖို့ မလုပ်ရင်တောင် ပျက်စီးဖို့ဆိုတာ မဖြစ်သင့်ဘူး ကိုဇော်။ ကိုဇော် က မေးချင် မေးလိမ့်မယ် ။ ဒီမြစ်က ဘာများပျက်စီးနေသလဲလို့။ ငြိမ်း သဘော တရားတွေ၊ ဆောင်ပုဒ်တွေ၊ ပေါ်လစီ စကားတွေ မပြောပါဘူး။ မြစ်ကြီး တစ်ခု လုံး ရေစီးကြောင်းတွေ ပျက်၊ သောင်တွေထွန်း လာပြီဆိုရင် အဲဒီမြစ်ကြော တစ်လျှောက်မှာရှိတဲ့ မြို့တေ၊ရွာတွေ ၊ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေ၊ လူမှုဘ၀တွေပျက်ပြီ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ဆိုင်ရင် လူတွေဂေဟ စနစ် ကို နားမလည်လို့ ဖြစ်တာ။ လူတွေဟာ ကိုယ့်အနာဂါတ်ကို ကိုယ်လှီးစားနေကြတာ မသိကြဘူး။ မြစ်တစ်ခု ပျက်စီးရင် အနာဂါတ်မျိုးဆက်တွေ အနာဂါတ်မျိုးဆက်တွေ အကုန် ပျက်စီးမယ်ဆိုတာ မသိကြဘူး။ ကဲ ကိုဇော် ပြန်ပါတော့။ ငြိမ်းကဒါတွေကို အသိပေးရုံပဲတတ်နိုင်တယ်။ ငြိမ်းဘယ်သူ့ ဆင်ခြေကိုမှ နားမထောင် ချင်တော့ ဘူး။ ဘယ်သူ့ကိုမှလည်း ဘာမှမပြောချင်တော့ဘူး''
ငြိမ်းနု စကားကြောင့် သူမျက်နှာပျက်သွားလေပြီ။ သို့သော် ထပ်မံရှင်းပြလာခြင်းမရှိ။ ထိုင်ခုံမှ ညင်သာစွာ ထ၍ အခန်းထဲ မှ ထွက်သွားပါသည်။
ငြိမ်းနု ရင်ထဲ၌ မွန်းကျပ် တွေဝေနေတော့၏။
ငယ်ဘ၀သံယောဇဉ် အစွန်းအထင်းလေးက ပြန်၍ပျောက်ကွယ်သွားရပြန်ပြီကော။ ငြိမ်းနု အံ့သြနေ သည်ကား လူတို့၏ အပြောင်းအလဲကိုပင်။ တက္ကသိုလ်ကျောင်းပရ၀ဏ်အတွင်းက ခင်မင်လေးစားခဲ့ ရသူကုဇော်။ မိမိကို ချစ်ခင်မြတ်နိုးစွာ ချစ်ရေးဆိုခဲ့သူ ကိုဇော်။ သူငယ်ချင်းဖြစ်သူ လက်ဦးခဲ့သည်မို့ နောက်ဆုတ်ပေးခဲ့သော ကိုဇော်။ အမြဲစာအုပ်တစ်အုပ်ဖြင့် ငြိမ်သက်စွာနေတတ်သော ကိုဇော်။ ယခုတော့ ဘ၀ခြားသကဲ့သို့ပါလား။ ဒီလောက် စာတွေဖတ်၊ ပညာတွေ တတ်ထားသူတစ်ဦးက NGO အဖွဲ့ကို ဒွန်းစဏ္ဍားလို့ ထင်မှတ်နေပါလား။
ငြိမ်းနု နာကျင်စွာဖြင့် မှတ်စုစာအုပ်လေးကို ဖွင့်လိုက်သည်။ မှတ်စုထဲ၌ ရေးမှတ်ထားသော ကိုဇော်တို့ စက်ရုံ အမည်နာမ နံဘေးတွင် အနီရောင်မှတ်ချက်လေး ရေးမှတ်လိုက်ရ၏။ ထိုသို့ ရေးမှတ်နေစဉ်အ တွင်းငြိမ်းနု နှလုံးသား တို့ နာကျင်နေရသည် ကို အဘယ်သူ သိနိုင်အံ့။
အခန်း (၅)
နူး ပြောပြသည့်စကားများကို ကိုမြတ်မင်း ဂရုတစိုက် နားထောင်နေမိသည်။ နူးက ဇော်ဟိုးရှာဖွေ နေသည့် သစ်ခွများနှင့် ပတ်သက်သည့် ဈေးကွက်နှင့် ကုန်သည်တို့၏ အခြေအနေကို သူသိသမျှ ရှင်းပြနေခြင်းပင်။
"ဟိုးကတည်း ကလည်း ဒီကို ခဏခဏပဲ လာကြတယ်။ မှာတာတွေကတော့ စုံနေတာပဲ အစ်ကိုရဲ။ ဒီက မျိုးတွေက ဘယ်မှာမှမရှိဘူးလေ။ မရှိတာမှ သစ်ခွတွေက ရှစ်ဆယ် ကိုးဆယ်လောက်ကို ဒီမှာပဲရတာ။ ကိုဇော်ဟိုးပြောတာတော့ ဒီမှာက တစ်နှစ်ပတ်လုံး တောင်တန်းကြီးတွေက ရေခဲ ဖုံးလွှမ်းနေလို့တဲ့။ အနီးအနား မှာ ဘယ်နိုင်ငံ မှ ဒါမျိုးမရှိဘူးတဲ့။ မိုးကလည်း ကောင်းကောင်းရ တယ်လေ။ သူများတောတောင်တွေနဲ့ မတူ လို့ပေါ့။ ဒါမှ သစ်ခွမျိုးတွေရှိတာ အဲဒီ ကတည်းက ဒီသစ်ခွတွေ နဲ့ နာမည်ရလာတာ အစ်ကိုရေ"
"အခွန်ကောဆောင်ရလား ညီမ"
ကိုမြတ်မင်း မေးသည်ကို နူးက နားမလည်။
သစ်ခွတွေရောင်းတော့ အခွန်ဆောင်ရလား လို့ မေးတာ။ အစ်ကိုတို့ဆိုရင် ရွှေထွက်တဲ့အပေါ် သိန်း သုံးလေးဆယ် အခွန်ပေး ရတယ်လေ။ ညီမတို့ကော မပေးရဘူးလား
"အင်း....."
နူးက စဉ်းစားရင်း ခေါင်းလေးတညိတ်ညိတ်လုပ်နေ၏။ ပြီးတော့မှ-
"ပေးရရင်လည်း ပေးရမှာပေါ့ အစ်ကိုရယ်။ ဒါပေမယ့် နူးဆီတော့ တစ်ခါမှ လာမတောင်းပါဘူး။ ဟိုးတစ်လော ကတော့ အခွန်တောင်း တာ ကြားတာပဲ။ ပိဿချိန်နဲ့တောင်းသလား မသိပါဘူး။ ကိုဇော်ဟိုး ရှာတာက မှာတဲ့သူ ရှိမှ ရှာတာ။ ပေးရမယ့်တော့ မထင်ဘူး။ လာယူတဲံသူက သူ့ဘာ သာယူသွား တာပဲ။ တောကောင်ဖမ်းတဲ့ လူတွေက အခွန်ဆောင်တယ်လို့ ကြားတယ်အစ်ကို။ ဘယ်လောက်ဆောင်ရသလဲတော့ မသိဘူး"
နူးက စကားကောင်းနေရာမှ ရေနွေးအိုးဆူလာသည်ကို တွေ့၍ဓာတ်ဘူးများကို ပြင်ဆင်ရင်း ရေနွေးအိုး တည်ထားရာ သို့ ထသွားတော့သည်။
ကိုမြတ်မင်း က တွေးတောနေရာမှ နူးရှေ့သို့ ကပျာကယာ ထွက်သွားပြီး ရေနွေးအိုးကို လှမ်းကိုင် လိုက်၏။ နူးက ဘာမှမပြောဘဲ အားနာပြုံးဖြင့် ကြည့်နေသည်။ ကိုမြတ်မင်းက ဓာတ်ဘူးများ ကို ဖြည့်သွင်းပြီး ရေပြန်ဖြည့်ကာ မီးဖိုပေါ် သို့ ပြန်တင်ထားလိုက်၏။
"ကျွန်မတော့ ဒီမှာ မွေးလို့ရရင်ကောင်းမှာပဲ။ စစ္စတာကြီးက စိတ်မချရဘူးလို့ ပြောနေတယ်။ ကိုဇော်ဟိုး လာရင် ကောင်းသားနော်"
"ဘာဖြစ်လဲ ညီမရယ်။ အစ်ကိုလည်းရှိတယ်။ လောဟိုလည်း ရှိတယ်။ မွေးကာနီးတော့ မြစ်ကြီးနား ကိုသွားလို့ရတာပဲ။ ဇော်ဟိုးလည်း လာတော့မှာပါ"
ကိုမြတ်မင်းက နူးကို အားပေးစကားပြောနေသည်ကို နူးကခေါင်းညိတ်ရင်း လောဟို ကိုတော့ အားမ ကိုးပါဘူး ဟု ညည်းတွားနေသည်။ နူးပြောလည်း ပြောချင်စရာပေ။ လောဟို လည်း တစ်ခါခါ ဘယ်သွားလို့ သွားမှန်းမသိ။ ညအိပ်ညနေ မျိုးကိုပင် ခွင့်မပန် အကြေားမကြားပါဘဲ ပျောက်သွား တတ်၏။ ကိုမြတ်မင်းကတော့ ဘာမှ ၀င်မပြော။ သူကိုယ်တိုင် ကလည်း လျှို့ဝှက်ချက်ရှိနေသည်မို့ သိပ်ပြောလို့လည်း မကောင်း။
နူး ကိုယ်ဝန်နှင့် ပတ်သက် လို့စစ္စတာကြီးက သိပ်စိတ်မချဖြစ်နေသည်ကိုတော့ ကိုမြတ်မင်း သိထား သည်။ ကိုမြတ်မင်း ကိုယ်တိုင်လည်း နူးကိုစိတ်ပူပင်နေမိသည်။ မစ္စတာကြီးက သန္ဓသားမှာ ထွားသည့်အပြင် တစ်ခါ တစ်ရံ အနေအထား မမှန်ချင်။ ထို့ပြင်နူးသည် မွေးဖွားရခက်သောညှပ်ရိုး ကျဉ်းသည့် ကိုယ်ဝန်သည်ဖြစ်နေ သည်။ အလုပ် ကိုလည်း မနားမနေ လုပ်ပြန်သည်။ ထို့ကြောင့် မစ္စတာကြီးက မြစ်ကြီးနားသို့ သွားမွေးစေချင်နေသည်။ နူး ကတော့ ဇော်ဟိုးပြန်လာစေဖို့သာ တမျှော်မျှော်။
ကိုမြတ်မင်းက နူးအတွက် ကြိုတင်တွေးတောကာ စီမံကိန်းရေးဆွဲနေမိသည်။ နူးကို သူကူညီချင် သည်။ အခွင့်အခါ သင့်ခဲ့ပြီမို့ ၀မ်းမြောက်နေမိသည်။ ယခုအခါ နူးသည် ကိုမြတ်မင်းကို ရွှေမုဆိုး တစ်ဦးလို မမြင်တော့။ အစ်ကိုကြီး တစ်ဦး သဖွယ် တိုင်ပင်ဆွေးနွေးလာသည်။ နူးမှာ ကိုယ်ဝန်ရင့်မာ သည်မို့ ချက်ရေးပြုတ်ရေးများကို သိပ် မလုပ်နိုင်တော့။ လောဟို ကလည်း အကြမ်းထည်သမား။ ထမင်းချက်နိုင်သည်။ ဟင်းကိုတော့ လွှတ်ထား၍ မရ။ ထမင်းဆိုင် ဆိုတော့လည်း ဟင်းအရသာ က ဖြစ်ကတတ်ဆန်း ဖြစ်နေ၍မရပြန်။ တန်ဖဲရွာကလေးက စည်ကားသထက် စည်ကားနေမြဲပင်။ စက်ကြီး လုပ်ငန်းများက ပို၍ တွင်ကျယ်လာသည်။ ရွှေမှော်စက်လှေများ တိုးပွား လာသည်။ ရွှေ အ၀ယ်တော် များ ပေါများလာသည်။ ကမ္ဘာ့ရွှေဈေးကလည်း တိုးတက်လာသည် မို့ ရွှေအ၀ယ်တော် များနှင့် စည်ကားလျက်တန်ဖဲမှာလည်း ရွှေဈေးတက်လာခဲ့သည်။
ရွှေလုပ်ကွက် များသည် နေ့ည ဟူ၍ မကွဲပြားတော့။ တောကိုလည်းတိုးသည်။ တောင်ကို လည်းဖြိုသည်။ ကမ်းပါး ကိုလည်း တွယ်၍တတ်သည်။ မြတ်ထဲမှ ရွှေပါသော မြစ်ကြမ်းပြင်ကို စုပ်တင် နေသောပိုက်ကြီးပိုက်ငယ်တို့က အသွယ်သွယ်။ တွန်းလွှတ်ရေးအားဖြင့် ကမ်းပါးကို ဖဲ့သည်။ မြေလွှာကို ခွင်း သည်။ သစ်မြတ်သစ်ခြေတို့ကို တိုးသည်။ ရွှေလုပ်ကွက်မှန်သမျှ ဗြုံးထွက် မည့်မြေသားကို နည်းမျိုးစုဖြင့် တူးဖော်နေကြသည်။ အရေးကြီး သည်ကား အချိန်၊ လုပ်ခွင့်ရသော အချိန်။ လုပ်ခွင့်သာသော အချိန်၊ လုပ်၍ အလုပ်ဖြစ်နေသော အချိန် အတွင်း သူ့ထက်ငါ မနားမနေ ကြိုးပမ်းနေကြသည်။
ကိုမြတ်မင်း အဖို့ လုပ်ကွက်များမှာ ရေအထွက်တိုးလာသည်ကို မကြည်နူးနိုင်။ မှာယူ အသုံးပြုနေ သော ရေတင် စက်၊ မြေတူးစက်၊ ရေပိုက်များနှင့် အသုံးစရိတ်တို့က ကပိန်မသာလိမ်မသာရှိနေဆဲ။ ထွက်သည့်ရွှေနှင့် လုပ်ငန်း ကို လည်ပတ်နိုင်သော်ငြား အသစ်မှာယူထားသည့် စက်ကြီးများအတွက် ခေါင်းခဲနေရဆဲပင်။
ကုမ္ပဏီကလည်း သူ့ကိုပုံအပ်ထားပြီးပြီ။ စက်ပစ္စည်းများကို လပေးစနစ်ဖြင့် ပို့ပေးလိုက်ပြီးပြီ။ ထိုစက် များကြောင့် လုပ်ငန်းပို၍ တွင်ကျယ်လာသည်။ အထွက်တိုးလာသည်။ သို့သော် ကိုမြတ်မင်း တကယ်မျှော်မှန်း ထားသည့် ရွှေကြောမျိုး ကို မရရှိသေး။ လက်ရှိလုပ်ကွက်များက စာချုပ်ချုပ်၍ရ သောနေများကို တူးဖော်နေခြင်း မျှသာ။ ကိုမြတ်မင်းကြားထားသည့် ရွှေကြော သည် မည်ကာမတ္တ ရွှေကြောကြီးမျိုး မဟုတ် စီးနေသောရေလွှာ အောက်ခြေ မှကျောက်တုံးများ ကြားတွင် ကပ်ငြိမ်နေ သောရွှေခေါက်လွှာမျိုး ရှိနေ သည့် ရွှေကြောကြီး။
သူသတင်းရခဲ့သည်က မကြာသေး။ ရွှေကုန်သည်တစ်ဦးကိုယ်တိုင် ၀ယ်ယူခဲ့ သည့် ရွှေချပ်လွှာ ကို ပြခဲ့ သည်။ ရွှေချပ်လွှာ မှာ ဖဲ့ထားသည့် လက္ခဏာရှိသည်။ မူလရှိသည့် ချပ်လွှာက မည်မျှရှိမည်ကို မသိနိုင်။ ထို ကုန်သည်က သူကိုယ်တိုင် ၀ယ်ခဲ့ရသည်မဟုတ် ၍ မည်သူလာရောင်းသည်ကို မသိလိုက်။ သူ့လက်ထဲရောက် လာချိန်တွင် နှစ်ဆင့်ပြောင်းခဲ့ပြီးပြီ။ သို့ရာတွင် ဤရွှေချပ်လွှာမျိုး သည်ရွှေလုပ်ကွက် မှ ထွက်သော ရွှေမျိုးနှင့် မတူ။ အရည်အသွေးကောင်းသည်။ ရွှေအတိ ပါဝင် နေသည်။ ထို့ပြင် ထွက်ရှိရာဒေသ တွင် အများအပြား ရှိနိုင်သေးကြောင်း တိတိကျကျ ကောက်ချက် ချခဲ့သည်။ ထိုကိစ္စကို ကိုမြတ်မင်းက ဘာသိဘာသာမနေ။ ထိုလူ့ထံမှ ရွှေချပ်လွှာ ပိုင်းကို ပြန်၍၀ယ်ယူပြီး သူ့ဘာသာဆက်၍စုံစမ်းသည်။ တဖြည်းဖြည်းနှင့် ထိုပိုင်ရှင်မှာ ဇော်ဟိုး ဟု သိလာရသည်။ ဇော်ဟိုးကတော့ သူသေသေချာချာ စကားမစရခင်မှာပင် သစ်ခွ ရှာရန် တောထဲသို့ ထွက်သွားခဲ့လေပြီ။ ကိစ္စမရှိ။ တစ်နေ့တော့ မုချမသွေ ပြန်လာရမည်သာ။ သူ့ ဇနီးဖြစ်သူ နူးတစ် ယောက်နေ့စေ့လစေ့ဖြစ်နေမြီမို့ မလွဲမသွေပြန်လာပေ ဦးမည်။ ထို့နေ့ရက် ကို စောင့်စားရန်ကား သူ့တာဝန်ဟုတွေးကာ ကိုမြတ်မင်း မျှော်လင့်ချက်ကို အတိုးချကာ ထုပ်ပိုးထားပါတော့ သည်။
-------------------------------------------------------------------------------------------------------------------
အယ်ဒီတာဦးစိုးအေးက စုစုမြတ် ပေးပို့လာသည့်သတင်းကို ပြန်၍အသေးစိတ်ဖတ်ရှုနေမိသည်။
ဧရာဝတီမြစ်ရေ နည်းပါး ရခြင်း၏ အရင်းခံမှာ မိုးရွာသွန်းမှုနှင့် ရေခဲအရည်ပျော်မှုတို့ပေါ်တွင် အခြေခံသည့် သတင်းဖြစ်သည်။ ဧရာဝတီမြစ်ကြီးသည် ထိုနှစ်ချက် မပြည့်စုံပါက နှစ်စဉ် ရေလျော့ နည်းမှု ကြုံတွေ့ရနိုင် သည်ဟု ဖော်ပြထားသည်။ ထို့ပြင် မြစ်အထက်ပိုင်းဒေသများတွင် မြစ်ကြောင်း ကိုပြောင်းလဲစေသည့် လုပ်ငန်း များ၊ သဘာဝသယံဇာတတူးဖော်ရာမှ သဘာဝပတ် ၀န်းကျင်ကို ထိခိုက်စေမှုများ၊ သစ်တောပြုန်းတီးမှု များကြောင့် မြစ် သည် ရေအရင်းအမြစ် လျော့နည်းလာရကြောင်း၊ သို့ဖြစ်၍ ထိုအခြေအနေမျိုး နှစ်စဉ် တိုး၍ကြုံတွေ့ လာရကြောင်း ရေးဖွဲ့ ထားသည်။
ဦးစိုးအေး များစွာကျေနပ် ၀မ်းမြောက်မိတော့သည်။
စုစုမြတ်ကို နယ်သို့စေလွှတ်နိုင်ခြင်းသည် ဂျာ နယ်အတွက် သတင်းကောင်းများ ဖြစ်ထွန်းစေခဲ့သည်။ ယနေ့မြစ် ၏ပြဿနာ က သိမ်မွေ့ လှသည်။ အားလုံးက ကိုယ်နှင့်မဆိုင်လျှင် ၀င်မပါချင်ကြ။ မြစ်၏အတိဒုက္ခကို တကယ် နားလည်သူ ကား အသိပညာရှင်၊ အတတ်ပညာရှင် လူတန်းစားတစ်စုသာ ရှိနေသည်။ သူတို့ထဲ မှာပင် မြစ်အရေး ကို ရေးကြီးခွင်ကျယ် မလုပ်ချင်သူ ခပ်များများ၊ မြစ်တိမ်ကောမှုကြောင့် တကယ် အတိ ဒုက္ခရောက် နေကြသူများ ကိုယ်တိုင်ပင်လျှင် ကံကိုသာ ယိုးမယ်ဖွဲ့နေဆဲ။ မြတ်ဝှမ်းတစ်လျှောက်တွင် စိုက်ပျိုး ရေး လုပ်ကိုင်နေသူ များမှာ ခေါင်းပေါ်မှကံကိုသာ တွေးကြ၏။ မြစ်ထဲမှညည်းတွားသံ ကို ဂရုမပြုကြ ပါ ချေ။
ဤကိစ္စသည်ကား နက်နဲ၏။ သိမ်မွေ့၏။ ညင်သာ၏။ ရှုပ်ထွေး၏။ ကမ္ဘာပေါ်မှာပင် အသက်ငင်နေ သောမြစ်များ တစစစ တိုးပွားလာခဲ့ပြီး။ ကမ္ဘာကို ထားပါဦး။ ယနေ့ဖြစ်နေ့သည် မြစ်နေတိမ်ကော မှုသည်သာမန်ကာ လျှံကာ ပြဿနာ မဟုတ်တော့ပြီ။ ရင်းနှီးမှုတွေ၊ မြုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေ ယှက်နွယ်မှုတွေ တစ်ပုံတစ်ပင် ပါဝင်နေ သည်။
ဦးစိုးအေး က ဂျာနယ်လစ်ပီပီ မြစ်ကိစ္စကို စေ့စေ့တွေးနေမိသည်။ မြစ်ဟူသည် အနှောင့်အယှက် ကင်းကင်း စီးဆင်းနေ ရမည်။ ရှင်သန်နေရမည်။ သာယာဖြောင့်ဖြူးနေရမည်။ မြစ်မှရရှိသော ကောင်းကျိုးချမ်းသာကို ခန့်မှန်း တွက်ဆ ၍ ပင်မရ။ ထို့ကြောင့်စုစုမြတ် ပေးပို့သောသတင်းကို ဂရုတစိုက်ဖတ်ရင်း ဂျာနယ် စာမျက်နှာ ထက် သို့ တင်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် မြတ်နှင့် ပတ်သက်သော ကိစ္စမှန်သမျှ ဆက်လက် အလေးကရုပြု၍ လေ့လာတင်ပြပါရန် စုစုမြတ်ထံသို့ အကြောင်းကြားစာ ပေးပို့မည်ဟု ဆုံးဖြတ် လိုက်တော့ သည်။
ပြီးခဲ့သည့်အပတ် က စုစုမြတ်ထံမှ ကချင်ပြည်နယ် ကြိုးဝိုင်းသစ်တောများအကြောင်း ရေးသားပေး ပို့ခဲ့သေး သည်။ ဦးစိုးအေး ဘက်က ကျေနပ်မိသည်မှာ စုစုမြတ်၏ သတင်းတင်ပြမှုနှင့် ပါးနပ်မှုကို ဖြစ်သည်။ စုစုမြတ် က သတင်းတစ်ပုဒ် ကို ဘယ်သောအခါမှ ရည်ရွယ်ချက်မပါဘဲ မရေး။ တင်ပြသော သတင်းတစ်ပုဒ် ၏ နောက်ကွယ် ၌ ဌာနဆိုင်ရာ များပင် အကျိုးရှိနိုင်သော သတင်းတင်ပြချက် ပါဝင်တတ်သည်။ သတင်းကို ရုတ်ရက် ဖတ်ကြည့်ပါ လျှင် ဘာမှမထူးခြား ဟု ယူဆနိုင်ပါသည်။
ကချင်ပြည်နယ်အတွင်း ကြိုးဝိုင်းသစ်တော် (၂၂၁၈.၅၃) စတုရန်းမိုင်ရှိပြီး ကြိုးပြင်ကာကွယ်တော မှာ (၂၆၇၄၀.၉၃) စတုရန်းမိုင်ရှိကြောင်း၊ ကချင်ပြည်နယ်၏ မြောက်ပိုင်းတွင် မပူလျော့တောင်မြင့် သစ်တောများနှင့် အပူလျော့မြေနိမ့် သစ်တောများ၊ အပူပိုင်းရွက်ကြွေသစ်တောများနှင့် အမြဲစိမ်း လန်းသော သစ်တောများပေါက်ရောက် လျက်ရှိကြောင်း......။
သတင်း က ထိုသို့ တင်ပြထားသည်။
ဤသည်ကားမှတ်တမ်းတင်နေခြင်းဟု သာမန်လူများ မသိနိုင်။ သတင်းသမားမှသာ သိသည်။ နောက်တစ်ခေတ် တစ်ခါ တွင် ထိုမြေဒေသများ၌ သစ်တောဧရိယာများကွယ်ပျောက်ခဲ့ပါလျှင် မည်သူတွင် တာဝန်ရှိသည်ကို ရှင်းရပေမည်။ တောသည် ဖန်တီး၍မရ။ မြစ်သည် မွေးမြူ၍မရ။ ထိုကမ္ဘာမြေလက်ဆောင်များကို တန်ဖိုးထား ထိန်းသိမ်း ရမည်ဟု ဦးစိုးအေး ယူဆသည်။ ယခု စုစုမြတ်က သူ့သဘောထားကို နားလည်၏။ ကိုယ်တိုင် လည်း တောကို ချစ်သည်။ တောင်ကိုချစ် သည်။ မြစ်ကို မြတ်နိုးသည်။ ထို့ကြောင့် စုစုမြတ် သတင်းလွှာများက တိုတိုရှင်းရှင်းနှင့် အဖိုးနဂ္ဃ ထိုက်တန်နေတော့၏။
သတင်းတစ်ပုဒ် သည် တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ သမိုင်းတန်ဖိုးအားဖြင့် ကြီးမားတတ်သည် ကို အတွေ့အကြုံ အရ သူသိထားပြီးပြီ၊ စုစုမြတ်ပေးပို့နေသော သတင်းများက ကချင်ပြည်နယ် တစ်ဝိုက်မှ ပကတိ အခြေအနေများ ကိုလည်းကောင်း၊ သမိုင်းကြောင်းရပ်တည်မှုများကို လည်းကောင်း ဆက်စပ်၍ရနေသည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က မြစ်ဆုံဒေသ စီမံကိန်းလုပ်ငန်း စတင်ခြင်း အခမ်းအနား တစ်ရပ် ကျင်း ပခဲ့သည်။ အမှတ် (၁)လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ ပူးပေါင်း၍ ရေလှောင် တမံတည်ဆောက်ရေး စီမံကိန်း စတင်ခြင်း အခမ်းအနားဖြစ်သည်။
နောက်ပိုင်း တွင် ကချင်ပြည်နယ်ရှိ သဘာဝဘေးမဲ့တောများအကြောင်း၊ ထိုဘေးမဲ့တောများမှာ ရှားပါးမျိုးနွယ် တိရစ္ဆာန် များ အကြောင်း၊ သယံဇာတများအကြောင်း၊ ဒေသခံများအကြောင်း၊ လှပရှုမောဖွယ် သာယာလှပပုံများ အကြောင်း ဖော်ပြထားသည်။
တဖြည်းဖြည်းဖြင့် သတင်း တို့က ဆက်စပ်လာသည်။ ကျွမ်းကျင်ပညာရှင်တို့က ဝေဖန်ဆွေးနွေး လာသည်။ တတ်သိ နားလည်သူတို့ ပူပင်သောက ဖက်လာကြသည်။ ဤသည်ကား သတင်းတို့၏ ယှက်နွယ်မှု၊ ဆက်စပ်မှု၊ သက်ရောက်မှု ဖြစ်သည်။ ကိုယ့်ကိစ္စမဟုတ်၊ ကိုယ့်ပြဿနာမဟုတ်၊ ကိုယ့်အရေး မဟုတ်ဟု ယူဆသူများ ရှိသကဲ့သို့ သဘာဝအလှတရားများနှင့် သယံဇာတများ ကွယ်ပျောက်မည့် အရေး၊ မြစ်တစ်ခုဘေးတွေ့ရမည် အရေးကို နေ့ညမအား တွေးတောပူပင်သူများ ၏လှုံ့ဆော်မှုကလည်း ဆက်တိုက်ဖြစ်လာသည်။
ဤအခြေအနေ ကို လျော့ချ၍မဖြစ်။ မိမိတို့ သတင်းရင်းမြစ်ရသည့်နေရာတွင် ကျောက်ချမိပြီ။ အဖိုးတန်သတင်း များ ကို ရှာဖွေတင်ပြရသည်။ ဤသည်ကား သတင်းသမား ၏ သမိုင်းပေးတာဝန်ပေ မို့ ဆက်၍ တင်ပြရပေ ဦးမည်။
ကိုမြတ်မင်း စာကိုဖတ်ပြီးသည်နှင့် ရှေ့မှာရပ်နေသော မိန်းမပျိုကို အကဲခတ်လိုက်သည်။ ဖြူစင် နုနယ်နေသော မျက်နှာထားထက် တွင် ဘာကိုမှ ထီမထင်သည့်ဟန်။ ဆံပင်က ဖြစ်သလို စည်းထား သည်။ ဂျာကင်ခါးတို အင်္ကျီနှင့် ဂျင်းဘောင်းဘီ ပွပွကိုဝတ်ထားသည်။ ကျောပိုးအိတ်တွင် ဦးထုပ် ပျော့ တစ်လုံးကို ထိုးချိပ်ထားသည်။ ကင်မရာ ကို ရင်ဘတ်ရှေ့တွင် လွယ်ထားသည်။ ပုံစံက ကမ္ဘာ လှည့်ခရီးသည်လိုလို အပျော်တမ်း ကင်မရာမင်း လိုလို။
"မင်းရောက်နေတာ ၅ရက်တောင်ရှိနေပြီ။ ဘာလို့ ဒီကိုအကြောင်းမကြားတာလဲ။ နေပါဦး၊ မင်းက မသီရိ သမီး ဆိုတော့ ဆိုင်မှာလည်း ငါမတွေ့မိပါလား"
ကိုမြတ်မင်း စကားကြောင့် စုက ပါးကိုရွဲလိုက်သည်။ တွေ့တွေ့ခြင်း စစ်လားဆေးလား လုပ်လာ သည့်အပြင် အန်ကယ်ဦးသိန်းဇော် ရေးပေးလိုက်သော စာကိုပင် ဂရုမထားဘဲ လေရှည်နေကောဟု ဒေါကန်နေမိသည်။
"ဘာလဲ၊ မင်းက ရွှေလုပ်ကွက်တွေ လေ့လာမယ် ဆိုတော့ လုပ်ကွက်ကောင်းရင် လုပ်ဦးမလို့လား"
စု ပါးစပ် က ညာမှ ဘယ်သို့ ပြန်ရွဲ့သွားပြန်သည်။ စိတ်ထဲကလည်း တော်တော်ဝေးတဲ့လူဟု တွက်နေ မိသည်။
"ကဲကဲ၊ ဒီမှာနေချင် လည်းနေ။ ကုမ္ပဏီထဲမှာ နေချင်လည်းနေ။ စားရင်တော့ ဒီမှာလာစားချည်။ ကုမ္ပဏီထဲမှာက အားမှ ချက်တာ၊ အဲဒီက ချက်တာတွေလည်း မင်းစားနိုင်မှာမဟုတ်ဘူး၊ နေပါဦး၊ မသီရိက မင်းကို တကယ်လွှတ် တယ်နော်၊ အံ့စရာပဲ"
ကိုမြတ်မင်း စကားကို စုကဆက်၍ နားမထောင်လိုတော့ပြီမို့ နူး ထိုင်နေသော ကွပ်ပျစ်ဆီသို့ လှမ်းကြည့်ပြီး ထွက်လာခဲ့သည်။
"ညီမရေ၊ အစ်ကို့တူမလေး ကို အခန်းထဲမှာ စီစဉ်ပေးပါကွာ"
နူးက ကိုမြတ်မင်းကို ခေါင်းညိတ်ပြပြီး စုကို ပြုံး၍ ကြိုဆိုရင်း ကွပ်ပျစ်ပေါ်သို့ ဖိတ်ခေါ်လိုက် သည်။
"လာ အစ်မ လာလာ။ အတော်ပဲ ညီမလည်း အဖော်မရှိလို့ ပျင်းနေတာ။ ပြီးရင် ထမင်းပြင်ပေး မယ်။ အခန်း ကတော့ နည်းနည်းမှောင်နေတယ်၊ ရေချိုးရင် နောက်ဖေးခန်းမှာချိုးနော်။ ရေစိုထမီ လည်းရှိတယ်"
နူးက စုကို ဖိတ်ခေါ်ရင်း နေရာစီစဉ်ပေးလိုက်သည်။ စုကကျော်ပိုးအိတ်ကို ခေါင်းရင်းဘက်သို့ ပစ်တင်လိုပြီး ဂျာကင်အင်္ကျီ ကို ချွတ်လိုက်သည်။ လွယ်ထားသော ကင်မရာကို စစ်ဆေးပြီးသည်နှင့် အပြင်ထွက် ရန် ပြင်လိုက်သည်။
"ထမင်းစားမယ်လေ အစ်မ"
"ဖြည်းဖြည်းပေါ့။ ဓာတ်ပုံရိုက်စရာ ရှိသေးလို့။ ပြန်လာခဲ့မယ်လေ"
စုက ပြောပြောဆိုဆို ကွပ်ပျစ်ပေါ်မှဆင်းလိုက်သည်။ ကိုမြတ်မင်းက စာရင်းစာအုပ်များ ကြည့်နေ ရာမှ စုကို တစ်ချက်လှမ်းကြည့်ပြီး ဘာမှမပြော။ စုတို့လို နှစ်ဆယ်ကျော်ကလေးမလေးများ သည်ပြောရဆိုရမလွယ်။ ကိုယ့် ကိုယ်ကိုယ် ဟုတ်လှပြီထင်နေသည့် အရွယ်တွေမို့ ဘာမှမပြော လိုတော့။
စုကလည်း ကိုမြတ်မင်းကို ငဲ့၍မျှ မကြည့်။ ထမင်းဆိုင်အပြင်သို့ ရောက်သည်နှင့် ရွှေလုပ်ကွက်များ ဆီသို့ ထွက်လာခဲ့သည်။ ကမ်းပါးမြင့် အပေါ် မှ ဆီး၍မြင်နေရသည့် ရွှေလုပ်ကွက်များကို ကြည့်ရင်း စု ရင်မော သွားသည်။
တောင်မြေသား တို့သည် မွရာကျဲနေ၏။ ရေပိုက်များမှ ထိုးထွက်လာသော ရေအားကြောင့် မြေစိုင်မြေခဲများ အလွားလိုက် ချေမွခံနေရသည်။ ငြမ်းဆင်ထားသော ရေပိုက်လိုင်းကြီးများနှင့် ကြိုးအသွယ်သွယ်တို့က ရှုပ်ထွေးနေ ၏။ ပလတ်စတစ်စ အစိမ်းရောင်ကြီးများ ဗြုံးများကို ခံယူနေ သည်။ ကျောက်တုံးကျောက်စိုင်တို့က ကျဉ်းကျဉ်း ကျပ်ကျပ် စုပုံထားကြသည်။ စက်ကြီးများက မြေလွှာကို ထိုးခွင်နိုင်သမျှ ထိုးခွင်းနေသည်။ ကမ္ဘာမြေ ကို ခွာနေသူများ၏ လုံ့လဥဿဟကြောင့် ရွှေလုပ်ကွက်များသည် ဖရိုဖရဲနိုင်လှသည်။ စီးနေသောရေများက ရွှံ့နွံရောင်ပြေးနေသည်။ စက်ကြီးစက်ငယ်များ၏ အသံက တောတောင်အနှံ့ပို့ ပျံ့ထွက်နေတော့သည်။
စုက ကင်မရာကို ရိုက်ချက်တင်ရင်း တရွေ့ရွေ့ဖြင့် သစ်တောများဘက်သို့ မြင်ကွင်းရောက်လာသည်။ လဲပြိုနေသော သစ်ပင်ကြီးငယ်များ၊ သစ်ငုတ်တိုပြက်များ၊ အပိုင်းပိုင်းဖြတ်ထားသော သစ်တုံးများ ကိုမြင် ရသည်။ ရွှေလုပ်ကွက်များသည် မူလူအစက တောရိပ် တောင်ရိပ် သစ်ပင်ကြီးငယ်များဟု စုနားလည်မိသည်။ သစ်ကိုခုတ်သည်။ တောကိုရှင်းသည်။ မြေကိုလွှာသည် မြေသားကိုတူးသည်။ မြစ်ထဲမှ မြေကြီးကို စုပ်ယူ၍ တွင်းထဲသို့ စုသည်။ သဲနှင့်ကျောက်ရောနေသော မြေသားကို စက်နဲ့ စုပ်ယူနိုင်ရန် ရေကိုတွင်းထဲသို့ ပန့်ဖြင့် တင်ပေး သည်။ ကျောက်တုံးကျောက်ခဲများက သံဇကာခံ ထားသည့်နေရာတွင် ကျန်ရစ် ၍ရွှေ ပါသော နုန်းမြေ များက ဆက်၍စီးသွားသည်။ ထိုအထဲမှ ရွှေကို ရှာယူကြသည်။
မြေသားတို့ သည် တောင်ကတုံးအဖြစ်မှ အပိုင်းလိုက်၊ အကွက်လိုက် တူးဆွဖဲ့ ချွေခံနေရပြီ။ တောင်တို့သည် တစစ ဖြိုချခံနေရပြီ။ မြေသားတို့သည် အလျှိုလျှိုအပိုင်းပိုင်းဖြင့် ဒဏ်ရာရနေသော လူနာလိုပင် ကြည့်ရက်စရာ မရှိတော့။ ထိုဒဏ်ရာမှ ယိုစီးထွက်လာသော သွေး တို့သည် နွံရေများ အဖြစ် မြစ်ဧရာ ထဲသို့ ပြေးဝင်နေသည်။ မြစ်သည် တုံ့ပြန်နိုင်စွမ်း မရှိချေပြီလေ။ ရွှေမှော်စက်လှေများဆီက မြစ်ကြမ်းပြင်မှ အနည်းအနှစ်များ ကို စုပ်ယူ၍ နုန်းမြေမှထွက်သော ရွှေမှုန်ကို ရှာကြစုကြသည်။ တစ်နိုင်တစ်ပိုင် သမားများက မြစ်ဆုံတစ်ဝိုက်တွင် ကျောက်တုံး ကျောက်ခဲများကို ဖယ်၍ မြေသားကို ဆေးကြောကာ ရွှေမှုန်ကို စုကြသည်။ ဧရာမ ရွှေလုပ်ကွက် ကြီးများကတော့ တောင်ကိုရှင်းသည်။ တောကိုမွှေသည်။ မြေကိုခွဲသည်။ သည်မြင်ကွင်းအစုံကို စုက ရိုက်ကူးရင်း ရင်ထဲက ဆို့နင့်လာတော့သည်။
စု ကင်မရာကို ရပ်လိုက်သည်။
သူရပ်နေသော သစ်ပင်၏ အောက်ခြေသစ်မြစ်များသ်ည လေဟာနယ်ထဲသို့ တစ်ဝက်ကျွံနေပြီ။ ကမ်းပါ၏တစ်ဝက်တွင် ရပ်တည်ရုံသာ အမြစ်တွယ်နေသည်။ တစ်ချိန်က ထိုသစ်ပင်၏ အပေါင်း အပါတို့သည် ဘယ်ဆီဘယ်ဝယ် ရောက်ကုန်ကြပြီနည်း။ လူဟူသော စွမ်းအားရှင်များက လိုချင်တာ ရဖို့ တောပြုန်းတောင်ပြုန်းအောင် နေ့ညမအား မွှေနှောက်ရှာဖွေနေကြသည်ကော။
"ဘိုးတို့ ကချင်ပြည်နယ်ရဲ့အလှကို ဒီကမ္ဘာမှာ တင်စားလို့မကုန်နိုင်ဘူး မြေးရဲ့။ မြေပေါ်မှာ လည်း ရတနာ၊ မြောက်အောက်မှာလည်း ရတနာ၊ ကုန်ကုန်ပြောရရင် စီးနေတဲ့ ရေထဲမှာတောင် ရတနာရှိတယ်။ သစ်ပင်တောတောင်တွေ ကလည်း အဖိုးထိုက် အဖိုးတန်တွေချည်းပဲ။ မြေးကို လိုက်ပြချင်လိုက်တာ"
စု ငယ်ငယ်ကတည်းက ကြားဖူးခဲ့သော ကချင်ပြည်နယ်၏ အလှတရားတို့သည် သူ ပိုက်ထွေးထား သော ရတနာ တို့ကြောင့် ဒဏ်ရာဒဏ်ချက်တို့ ပြည့်နှက်ရလေပြီ။ စုသည် စို့တက်လာသောမျက် ရည်ကို သိမ်း လိုက်သည်။ သူ့မှာလည်း ကချင်သွေး တို့ပါခဲ့သည်မို့ ယခုလို ဖြိုလှဲထွင်းဖောက်ခံနေ ရသည် ကို မြင်ရသည့် အတွက် ရင်၌ မချိစွာခံစားနေရသည်။ ထိုအတွေးတို့ကို သတင်းထောက်ဟူ သောခံစားချက်က ထပ်ဆင့်၍ ရသမျှ မြင်ကွင်း တို့ကို ရိုက်ကူးနေမိတော့သည်။
"ဟေ့ ဘာလုပ်နေတာလဲ"
နောက်မှအော်ဟစ်မေးမြန်းလိုက်သော အသံကြောင့် စုကလှည့်ကြည့်မိသည်။
"မင်း ရပ်နေတာ အောက်ကို ကြည့်လိုက်စမ်း"
အမိန့်ပေးသံနှင့်အတူ ကိုမြတ်မင်းက ရှေ့ကိုတိုးလာသည်။ စုက ကိုမြတ်မင်းကို မကျေမနပ် ပြန်ကြည့်နေသည်။
"အချိန်မရွေး မြေသားတွေ နဲ့ အတူ ကျသွားနိုင်တယ်ကွ။ ဒီသစ်ပင်ကလည်း အောက်ကို လဲသွားနိုင် တယ်။ ဒီလောက် အန္တရာယ်များတဲ့ဟာ မင်းကိုမင်း ဘာများအောက်မေ့လို့ ဒီနေရာကို လာရ တာလဲ၊ ဒါအန္တရယ်ဇုန်ကွ နားလည်လား"
"သိပ်အော်မနေပါနဲ့ အန်ကယ်ကြီးရဲ့။ ကျချင်ရင် အစောကတည်းက ကျပြီးနေပြီ"
"မင်း ကျတာ အရေးမကြီးဘူး၊ နောက်က ဖြေရှင်းချက်ထုတ်ဖို့ ငါကအားတာမဟုတ်ဘူး၊ နောက်ဆို ဒီနေရာကို မင်း မလာနဲ့။ လုပ်ကွက်တွေထဲ သွားချင်ရင်...ဟေ့...ဘယ်လဲ...ငါပြောနေတယ်"
ကိုမြတ်မင်း က ကမ်းပါးဆင်ခြေလျှောအတိုင်း ပြေးဆင်းသွားသည် စုကို အော်ဟစ်ရင်း ကျန်နေခဲ့ တော့သည်။ စုက တစ်ချက်မျှပင် လှည့်မကြည့်တော့။
ဆက်ရန်
.

2 comments:
[url=http://buy-essay-college.lo.gs]buy essay college[/url]
[url=http://buy-essays-online42.lo.gs]write my paper cheap[/url]
[url=http://do-my-homework-for-me-online.lo.gs]write my paper me free[/url]
[url=http://buy-essay-for-cheap.lo.gs]buy essay for cheap[/url]
[url=http://need-someone-write-my-paper.lo.gs]need someone write my paper[/url]
[url=http://help-me-do-my-essay.lo.gs]buy literary analysis essay[/url]
[url=http://do-my-essay-cheap65.lo.gs]write my paper one day[/url]
[url=http://write-my-paper-mla-format.lo.gs]buy essay now[/url]
[url=http://buy-literary-analysis-essay.lo.gs]writing my essay[/url]
[url=http://buy-essay-papers-online.lo.gs]buy good essay[/url]
payday loans in the uk
short term loans no credit check australia
direct payday loan lenders uk only
new payday lenders bad credit
payday loans online direct lenders instant approval uk
Post a Comment