Wednesday, August 15, 2012

ကြည်မင်း ၏ ချစ်လို့…အပိုင်း (၁)

ကြည်မင်း ၏ ချစ်လို့…

(၁)

နိုးနိုးကြားကြားရှိသူမို့ ညဉ့်တာသည် ရှည်၏ဟူသော နီတိကျမ်းလာ စကားကို သူသည် ဘယ်နှကြိမ် မြောက် သတိရမိနေပြီမသိ။ ညဥ့်တာ၏အတိုင်းဆသည် လိုအပ်မှုထက် ပိုရှည်လာနေပြီကို သိ၏။ ကား သံကြားတိုင်း ခေါင်းထောင်ထနေမိပြန်သည်။ ဝေးသွားသော ကားသံကို စိတ်ပျက်ခြင်းကြီးစွာဖြင့် ဆက် လက် နားထောင်ရင်း က သားငယ်၏ဆံနွယ်ပျော့ပျော့ကလေးများကို သပ်ပေးနေမိပြန်သည်။ ပြုံးယောင် ပြုံးတုံ့ဖြင့် အိပ်ပျော်နေရှာသော သားငယ်ကား သူ့အဖေသည် နိုးကြားမှုကို အဖော်ပြုရင်း ညဥ့်တာရှည် ကြီးကို ခက်ခဲကြီး စွာ ဖြတ်သန်းနေရကြောင်း သိရှာမည်မဟုတ်။

အိမ်ရှေ့၌ ကားရပ်သံ ကြားရ၏။ သူသည် သူ့အားဖက်တွယ်ထားသော သားငယ်၏လက်များကို ညင် သာစွာ ဆွဲဖယ်ရင်း အိပ်ရာမှ ခပ်သော့သော့ ထလိုက်၏။ ခေါင်းရင်းခန်းမှ လှုပ်ရှားသံတစ်ချက် ကြား လိုက်ရပြီး "လာပြီ ထင်တယ်ကွဲ့" ဟူသော ယောက္ခမကြီး၏အသံကို ကြားလိုက်ရသောကြောင့် နိုး ကြားစွာ ညဥ့်တာရှည်လျက် ရှိနေရသူ မှာ သူတစ်ဦးတည်း မဟုတ်ကြောင်း သဘောပေါက်မိသည်။
ကားတံခါးပိတ်သံ ကြားရပြီးနောက် ကားထွက်သွားသံ ကြားရ၏။ ခြေသံများကိုမျှော်မိသည်။ အိမ်ဘက် သို့ လျှောက်လာသံ၊ လှေကားမှ တက်လာသံ၊ သူသည် မီးခလုတ်ကို အသင့်ကိုင်ထားရင်း ရင်ခုန်စွာ စောင့်နေ မိသည်။ လှေကားအစသို့ ရောက်သံကြားသည်နှင့် မီးဖွင့်ပေးလိုက်မည်။ ကျဉ်းမြောင်း မတ် စောက်သော လှေကားထစ် တွင် သူ၏ချစ်ဇနီး ခြေချော်လေ့ ရှိသည်ကို ဤတစ်ကြိမ်မှာတော့ သူ ကာ ကွယ်ပေးနိုင် ခွင့် ရှိကောင်းပါရဲ့။

ဂဏန်းများကို ဖြည်းဖြည်း ရေတွက်မည်ဆိုလျှင်ပင် တစ်ထောင်ကျော်ရော့မည်။ ဘာခြေသံမှမကြားရ။ မီးရောင် လက် သွား၏။ သြော်… မျက်နှာချင်းဆိုင် တိုက်ခန်းက မရွှေချောကိုး…။ သူ သည် နွမ်းလျစွာဖြင့် လေးလံသော ခြေလှမ်း များကို ပြန်သယ်လာခိုက်မှာ "တယ်လည်း ခက်ကြပါလား" ဟု မတိုးမကျယ် ညည်းညူ လိုက်သော ယောက္ခမကြီး၏အသံကို ကြားရ၏။ သူလည်း ပူပင်ရှာပေလိမ့်မည်။ ညသန်းခေါင် ကျော်သည်အထိ ပေါ်မလာသည့် တစ်ဦးတည်းသော သမီးအတွက် ပူပင်ပေလိမ့်မည်။ ရှက်ရှာပေလိမ့် မည်။

ထိုရှည်လျားသော ညတစ်ညအတွင်း သူသည် ဘဝအပိုင်းအစ အချို့ကို မမြင်ချင်ဘဲနှင့် ပြန်မြင်နေရ လေသည်။

(က)

"အိမ်မှာ ဒီနေ့ မုန့်ဟင်းခါးချက်တယ်… မောင်"
"ဟုတ်လား"
"ကြည့်… အေးတိစေးအက်နဲ့"
"အင်းလေ… ကောင်းရဲ့လား"
"ဘယ်သိဦးမလဲလေ"
"အင်း…"
"မေမေ့လက်ရာ ကောင်းမကောင်း မောင်လည်း သိသွားအောင်"
ကံ့ကော်ပင်အုပ်ထဲ သို့ ဘွဲ့နှင်းသဘင်ဘက် ဖြတ်တိုက်လာသော လေသည် ဝင်ရောက်မွှေနှောက်သွား ၏။ သူသည် "အေး"၏မျက်နှာကို ငေးမောနေရင်းက အဖြေတစ်ခုကိုရှာနေမိ၏။ သူ မုန့်ဟင်းခါး အလွန် ကြိုက်တတ်ကြောင်းကို အေးက အတွင်းသိ။ ထို့ကြောင့် မုန့်ဟင်းခါး စားရန် ဖိတ်ခြင်းမှာ စင်စစ်တော့ မဆန်းပြား လှပါ။

သို့သော် နွေဦးတွင် လေရူးသည် ဆန်းပြားသော လမ်းကြောင်းများကို ဖြစ်ပေါ်စေသည်သာ။ ဘာ ကြောင့် ယနေ့ မှ ဖိတ်ပါသလဲ။ အခုလို ဘွဲ့ရ အလုပ်လက်မဲ့ဘဝမှ လွတ်ခါကျွတ်ခါစ အလုပ်သင်အရာရှိ ပေါက်စ ကလေးဘဝ ရောက်ခါ မှ ဖိတ်ခေါ်ရပါသလဲ။
အေး၏မျက်နှာ ကို အဖြေလွှာတစ်ခုလို စေ့စေ့စပ်စပ် ကြည့်မိ၏။ အချစ်ဟူသော အဖြေမှတစ်ပါး အခြား မပေါ်ထွက် လာခဲ့ပါပေ။ အချစ်သည် အချစ်ကြောင့် အင်အားသစ်များ၊ စိတ်ကူးသစ်များ ကို ပေါက်ဖွား ပေးစေနိုင် ပါလိမ့်မည်။

မေမေက သူတို့ကို တည်ကြည်စွာ လက်ခံခဲ့ပြီးနောက်မှာ သူတို့သည် အရင်တုန်းကလို အေး ကျောင်း တက်ရာ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် တို့၊ မြို့လယ်ရုပ်ရှင်ရုံတို့၊ နန်းသီတာကမ်းနားတို့တွင် သိပ်မကျင်လည် ဖြစ်ကြတော့ ဘဲ အေး၏ အိမ်ခန်းမှာသာ အတူတူနေထိုင်ရင်း ချစ်သူတို့၏အချိန်များကို ကုန်ဆုံးဖြစ်ခဲ့ကြ ၏။ လက်တွေ့ မပါသော်လည်း စိတ်ကူးယဉ်၍ ကောင်းလှစွာသော ချစ်သူတို့ဘဝများကို စီမံကိန်းများ၊ စိတ်ကူးများဖြင့် ထုံမွမ်းခဲ့ကြ၏။ ကိုယ့်မှာ အလုပ်နှင့် အကိုင်နှင့်ဖြစ်ပြီမို့ လက်ထပ်သင့်ကြပြီဟု အညာမှ သူ့မိဘများနှင့် ရန်ကုန် မှ အေး၏မိခင်တို့က အဆိုပြုကြသောအခါတွင် သူတို့နှစ်ဦးသည် ခေါင်းကို ခပ် သွက်သွက် ညိတ်ဖြစ်ခဲ့ကြ၏။ "ကျောင်းပြီးတော့မှ ပဲ လက်ထပ်ရင် လက်ထပ်လေ၊ အေး သဘော" ဟု ဆိုသောအခါ အေးက သူ့ကို စိတ်မချသည့် အကြည့်ဖြင့် ကြည့်ဖူးပါ၏။

(ခ)

အဖေတူသားမို့ ချစ်မဝနိုင်သော အချစ်ဖြင့် တစ်ချစ်တည်း ချစ်နေသော သူ့ကို အေးကပင် မျက်စောင်း ထိုးပါသည်။ လူခြေတိတ်သော ကာလတွင်ကား "မောင်ရေ… မောင့်ကြည့်ရတာ အေးကိုတောင် သတိ မရတော့ သလိုပဲ၊ သားကိုပဲ ချစ်နေတာ" ဟု စကားနာ ထိုးလာလေပြီ။ အသက် သုံးဆယ်နားသို့ နီးကပ် လာသော ကာလတွင် လင်မယားအချစ်တို့၊ လင်မယားကိစ္စတို့ထက် ရင်သွေးကို ချစ်ရသော အချစ်နှင့် ကလေးငယ် တစ်ဦးကို ပြုစုပျိုးထောင်ပေးရသော ကိစ္စတို့က ပိုပြီး အဓိကကျလာတော့ကြောင်းကို မရွှေ အေးအား ရှင်းပြ မနေချင်တော့ပေ။

အေးကကော…။ အေးက တကယ်တော့ ပိုပြီးသည်းပါလိမ့်မည်။ အလုပ်မရှိသူပီပီ တစ်နေ့လုံး သားကို ချစ်နေသူ။ သား ကိုသာ တစ်နေ့လုံး ချစ်နေရသူပီပီ လင်သည် ပြန်ရောက်လာတော့ ငယ်ငယ်တုန်းကလို "မောင့်"ရဲ့အယုအယတွေ လိုချင်ရှာပေလိမ့်မည်။ သို့သော် သူ့အတွက်ကား အိမ်ထဲဝင်လိုက်သည်နှင့် စက်ရုံစီမံကိန်း ဖိုင်များ၊ ငွေကြေးဇယားများကို စားပွဲပေါ်တင် ပြီး သားကို ပွေ့ယူမြဲ နမ်းရှိုက်ခြင်း။

သွားဟယ် လာဟယ်၊ စားဟယ် သောက်ဟယ်နှင့် အပျော်အပါးတွေကြားမှာ နေခဲ့ဖူးပါသည်ဆိုသော အတိတ်ကို သူ လုံးဝမေ့ပျောက်သလောက် ဖြစ်နေခဲ့၏။ တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လုံးလုံး အတိအကျ ပြောရလျှင် ခြောက်ရက်တိတိ အလုပ်ခွင်မှာ စက်ကိစ္စများ၊ လုပ်သားကိစ္စများ၊ သက်သာ ကိစ္စများ၊ ငွေကြေးကိစ္စများနှင့် လည်ပတ်နစ်မွန်းခဲ့ရသူအဖို့ တစ်နှစ်သာသာအရွယ် သားငယ်ကလေး နှင့် တနင်္ဂနွေ တစ်နေ့ လုံး အချိန်ဖြုန်းရခြင်းမှာ အဖိုးတန်လှသော လွတ်မြောက်မှုတစ်ရပ် ဖြစ်လာခဲ့၏။ ဤသည် ကို အေး နားလည်ပါလေစ။ တစ်ပတ်လုံးလုံး သားငယ်ကိစ္စ၊ အိမ်ကိစ္စတို့နှင့်သာ နပန်းလုံးနေခဲ့ ရသည့် ငယ်ရွယ် လှပသော သားသည်အမေသည် တနင်္ဂနွေတစ်ရက်မှာ ရုပ်ရှင်ရုံတို့၊ စားသောက်ဆိုင် တို့ကို သွားချင်ရှာပေ လိမ့်မည်။
ကန်းနှစ်ခု သည် ရေတိုက်စား၍ ပါးလျားရာမှ မြစ်ပြင်တဖြည်းဖြည်း ကျယ်လာနေလေပြီလား…။

(ဂ)

ဧည့်သည်တစ်ယောက် စောင့်နေပါတယ်ဟူသော အင်တာကွန်းမှတစ်ဆင့် စက်ခန်းထဲသို့ ပျံ့လွင့်လာ သော အသံ ကို ကြား၍ သူသည် ပြုလက်စစစ်ဆေးမှုကို ဂရုတစိုက် အဆုံးသတ်လိုက်ရ၏။ ဆီချေးပေ နေသော လက်ကို ဆပ်ပြာကြမ်းဖြင့် ဆေးကြောခြင်းက ဘယ်သူများပါလိမ့်ဟု အပြင်းအထန် စဉ်းစား သည်။ ရုံးချိန် အတွင်း သူ့ထံ ရောက်လာသူမှာ အလုပ်ကိစ္စနှင့် ပတ်သက်သော သူများသာ ဖြစ်တတ် သည်။
ရုံးခန်းထဲ ဝင်သွားသောအခါ သူ့ကို လှမ်းပွေ့ပြီး ကြိုဆိုနေသော သူငယ်ချင်းတစ်ဦး။

"ဟေ့ကောင် အေပေး၊ ဇီးကွက်"
သူ့အမည်ရင်း ကျော်လွင် ကို ပျောက်ကွယ်စေပြီး ဇီးကွက်ဟူသော နာမည်သစ်ကိုပင် တွင်အောင် လုပ်နိုင်ခဲ့ပါပေသော သူငယ်ချင်း အောင်နိုင်၊ တောကျီးကန်း အောင်နိုင်။
"ခွေးကောင် တောကျီးကန်း၊ ဘယ်ကများ ရောက်လာသလဲဟ"
ကျောင်းဆင်းသည် မှ ကွဲကွာသွားကြသော သူငယ်ချင်းနှစ်ဦး။ ဟိုတုန်းကတော့ ဆံပင်တိုတို စုတစ်စုတ် ပြတ်ပြတ်နှင့် ကျောင်းစာ ကို ပြိုင်တူကျုံးခဲ့ကြသော ဆင်းရဲသော ကျောင်းသားနှစ်ဦး။ ယခုတော့ သူက စက်ရုံထဲမှာ အရာရှိဖြစ်လို့ ဇနီးချောနဲ့ သားကြီးနဲ့။ အောင်နိုင်ကကော…။

"ငါလည်း ဌာနကို ပရိုမိုးရှင်းနဲ့ ပြောင်းလာရတာ သူငယ်ချင်း၊ မင်းကို စုံစမ်းပြီး ချက်ချင်း လိုက်တာလာ၊ ဟန်ကျ တယ်ကွာ၊ တို့တစ်တွေ ပြန်ဆုံကြပြီ"
"ကျီးမ တစ်ကောင်လောက်ကော မရသေးဘူးလား"
"မစွံ့ပါဘူးကွာ၊ အညာသား မြစ်ဝကျွန်းပေါ် ရောက်တော့ အသားမည်းလို့များ မကြိုက်ကြသလား မသိဘူး၊ အေးလေကွာ၊ ရန်ကုန်သူတွေနဲ့ ဖူးစာဆုံဖို့ပေါ့၊ မင်းတော့ ဇီးကွက်ပေါက်စတွေ ဘာတွေ တောင် ရပြီဆို…"
သူငယ်ချင်း နှစ်ဦး၏စကားဝိုင်းမှာ အတိတ်ရနံ့များ ထုံစည်နေလေသည်။ အောင်နိုင်ကို အပြင်လိုက်ပို့ တော့ မာဇဒါဂျစ် အသစ်တစ်စင်း ကို မောင်းသူက တံခါးဖွင့်ပေးနေနှင့်သည်ကို တွေ့ရ၏။

(ဃ)

"တံခါးခေါက်သံ ကြားတယ် မောင်၊ မောင့်သူငယ်ချင်း လာပြီထင်တယ်"
သူသည် မီးဖိုထဲ တွင် ဝင်ကူနေရာမှ ဧည့်ခန်းထဲသို့ ထွက်လိုက်၏။ သားသားကို ချီထားသော ယောက္ခမ ကြီးက တံခါးဖွင့်ပေး ၍ အောင်နိုင် ဝင်လာ၏။ သူ့လက်ထဲတွင် ဆင်ရုပ်ကြီးတစ်ရုပ်။ သားငယ်လေးမှာ ဆင်ရုပ်ကြီး ကို ပွေ့ရင်း "ရုပ်ရုပ်… ရုပ်ရုပ်" နှင့် မြူးနေလေသည်။

ထမင်းဝိုင်းသည် စည်ပင်လှ၏။ အောင်နိုင်က အပျင်းပြေသောက်ရန်ဟု ဝယ်လာသော မြန်မာဖြစ် စပျစ် သီးဝိုင် တစ်လုံး လည်း ကုန်လေသည်။ အေးမှာ ထမင်းစားရသည်က နည်းနည်း၊ သူတို့ သူငယ်ချင်းနှစ် ယောက်၏ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ရင်း အပြောကောင်း လှသော တောကျီးကန်း အောင်နိုင် ၏ဟာသများတွင် မျက်ရည်ထွက်မတတ် ရယ်မောနေရသည်က များနေလေ သည်။ အလုပ် က ပြန်လာသည်နှင့် သားကိုဆော့၊ ပြီးလျှင် ရေချိုး ထမင်းစား၊ သတင်းစာဖတ်၊ ပြီးလျှင် သားကို ရင်ခွင် ထဲ ထည့်သိပ်ရင်း စာတစ်အုပ်ဖြင့် တိတ်ဆိတ်စွာ အချိန်ကုန်လေ့ရှိသော သူ၏အိမ်အဖို့ ဤယနေ့ ည သည် အပြောင်းအလဲ တစ်ရပ်ကို ပေးခဲ့သောညဖြစ်၏။

အေး၏မျက်နှာမှာ သွေးရောင်လွှမ်းကာ ချစ်စရာ လှပ၍ပင် နေသေး၏ဟု သူက နည်းနည်း ရီဝေရင်းက မှတ်ချက် ချမိသေး၏။
အောင်နိုင် ပြန်တော့ သားငယ်ကို ချီရင်း သူတို့လင်မယားနှစ်ယောက် လိုက်ပို့၏။ အောင်နိုင်သည် မာဇ ဒါဂျစ်ထဲ ဝင်ပြီးကာ မှ "သွားမယ်ဟေ့ ဇီးကွက်ပေါက်စလေး၊ သွားမဟ ဇီးကွက်ကြီး၊ အဲ… အဲ၊ ဇီးကွက်မ ရေ သွားပဟေ့" ဟု နောက်ကာ ကားကိုတအားမောင်းထွက်သွား၏။
အိပ်ခန်းထဲတွင် တိတ်ဆိတ်ကျန်ခဲ့သော်လည်း ပူနွေးမှု၊ လှိုက်လှဲမှုတို့၏ ရနံ့ကား သင်းပျံ့ဆဲဟု သူ သိ သည်။

(၂)

"ကားရပ်သံများလား မောင်ကျော်လွင်" ဟူသော အသံကို ကြားရ၍ သူသည် တွေးလက်စများကို ဖြတ် တောက်ကာ နားစွင့်လိုက်၏။ ဟုတ်ပါသည်။ ကားရပ်သံ၊ သူသည် သားကြီး၏ပါးပြင် ကို တစ်ချက်မွှေး ကာ အိမ်တံခါးဆီ ရောက်သွားရပြန်သည်။ ကားတံခါးပိတ်ပြီး ဆက်မောင်းသွားသံ ကြားရ၏။ မကြာမီ အိမ်ရှေ့လမ်းမှာ ခြေသံ ကြားရလိမ့်မည်။ ပြီးလျှင် လှေကားရင်း သို့ ရောက်လာသံ ကြားရပေလိမ့်မည်။
ဂဏန်းများကိုသာ ဖြည်းဖြည်းမှန်မှန် ရေတွက်ခြင်း ပြုလုပ်လျှင် တစ်ထောင်ကျော် သွားပြန်ရော့ မည်။ ခြေသံ ကား ရောက်မလာ။
သူသည် သက်ပြင်းကို လေးနက်စွာ ချ၍ ပြန်လှည့်လာမိ၏။ အိမ်ရှေ့စားပွဲပေါ်မှာ နာရီကို ကြည့်လိုက် ၏။ ညဥ့် နှစ်နာရီ ထိုးတော့ မည်။
သား၏ အဘွားထံမှ သက်ပြင်းချသံ ကြားရ၏။

ရှည်လျားလှသော ညဥ့်တာတစ်ခုသည် တဖြည်းဖြည်း ကုန်ဆုံးနေသည်ဟု မယုံနိုင်စရာ ကောင်း လောက်အောင် ရှည်လျားနေဆဲ…။
ဤသို့ ရှည်လျားလှသော ညများကို ဘယ်သူ စတင်ဖန်တီးခဲ့ပါသနည်း။ ကံတရားကလော။ သူက လော…။

(က)

ကိုငွေထွန်း နိုင်ငံခြား သို့သွားရန် အကြောင်းပေါ်လာသောအခါ သူသည် သူ့အထက်အရာရှိကြီးကို အရင်ပြေးမြင် လိုက်မိ၏။ သူတို့ဌာနက နိုင်ငံခြားနှင့် အဆက်အဆံများပြားလှပေရာ နိုင်ငံခြားသွားဖို့ အခွင့်အရေးများ ခဏခဏ ရတတ်၏။ နိုင်ငံခြားသို့ သွားရခြင်းမှာ အတတ်ပညာတိုးပွားမှု၊ ဘွဲ့တိုးပွားမှု တို့အပြင် ချမ်းသာမှု၊ စည်းစိမ်ဥစ္စာ ပြည့်ဝမှု တို့ပါ တိုးပွားစေနိုင်လေရာ နိုင်ငံခြားသွားရရေးကို လူတိုင်း မျှော်လင့်ကြသည်သာ။ သူလည်း ပဲ မျှော်လင့်ခဲ့သည်သာ။ အထူးသဖြင့် သူ့လို စက်ကိရိယာပိုင်းကို တာဝန်ယူရသူအဖို့ စက်ကိရိယာများ မွမ်းမံရေး၊ ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး နိုင်ငံခြား သွားရန်ကိစ္စ ခဏခဏပေါ်တတ်သော ဤဌာနတွင် သူလည်း တစ်ခေါက်လောက်တော့ သွားရမည်ဟု ထင်မိသည် သာ။ အေးကလည်း မျှော်လင့်သည်။

သို့သော် သက်ဆိုင်ရာက အဆိုပြုလိုက်တိုင်း ဦးကျော်လွင်၏နေရာတွင် လူစားထိုးရန် ခက်ပါ၍ဟူသော မှတ်ချက် မျိုးဖြင့်လည်းကောင်း၊ ဦးကျော်လွင်မှာ အင်ဂျင်နီယာဖြစ်၍ စက်ကိရိယာများကို ကျွမ်းကျင်ပြီး ပါပြီ၊ …မှာ သာမန် အရာရှိမျှသာဖြစ်၍ စက်ကိရိယာကျွမ်းကျင်ရန် လိုအပ်ပါသောကြောင့် ဟူသော မှတ် ချက်မျိုးဖြင့်လည်းကောင်း၊ အခြားနည်းမျိုး များဖြင့်လည်းကောင်း သူ့မှာနာမည်ကြီးပြီး အလုပ်များ တအားလုပ်နေရသည်သာ အဖတ်တင် ကျန်ခဲ့မြဲ။

ယခု သူ့လက်အောက်မှ ငွေစာရင်းတာဝန်ခံ ကိုငွေထွန်း နိုင်ငံခြားသွားရန် ကြုံလာသောအခါ သူသည် သူ၏ အထက်အရာရှိကို သတိရ၏။ မကောင်းသောစံပြကို အတုမယူသင့်ပါပေ။ ကိုငွေထွန်းမှာ စာရင်း အင်းကျွမ်းကျင် ဝန်ထမ်းဖြစ်သောကြောင့် သူ မရှိလျှင် ငွေစာရင်းမှာ အတော်အခက်အခဲတွေ့ပေလိမ့် မည်။ သို့သော် လူကြီးဖြစ်လာ လျှင် နှလုံးကြီးမှ တော်ပေလိမ့်မည်။ ကိုငွေထွန်း၏တာဝန်ဝတ္တရားများကို သူက လွှဲယူလိုက်သော အခါ ဘာတစ်ခွန်းမျှ ထုတ်ဖော်မပြောသော်လည်း ပြောလိုက်သည်ထက် လေး နက်စွာ ကြည့်သွားသော ကိုငွေထွန်း၏ အကြည့်ကိုသာ သူ ဂုဏ်ယူစွာ လက်ခံရယူပါသည်။
ခါတိုင်းနေ့များ မှာပင် ညနေ ၆ နာရီမှ စက်ရုံထဲကထွက်ရသော သူသည် ယခုတော့ ညကိုးနာရီ အစော ဆုံးဖြစ်လာလေပြီ။ သူ ပြန်ရောက်သည့်အချိန်မှာ သားကြီး အိပ်နှင့်ပြီ။ မနက်စောစော သူ ရုံးသွားမည့် အချိန်မှာ သားကြီးက အိပ်ကောင်းတုန်း။ တစ်ရေးနိုးလို့ "ဖေဖေကြီး… ဖေကြီး" နှင့် ယောင်ယမ်းခေါ်ကာ ဖက်ပွေ့ထားဆဲ ကာလများနှင့် တနင်္ဂနွေနေ့ဆိုသည်များ မရှိလျှင်တော့ သားကြီးသည် သူ့ကို အဖေ အဖြစ် မှတ်မိနိုင်တော့မည် မဟုတ်ဟု သူ ရယ်စရာ တွေးမိသေး၏။

(ခ)

စေ့ထားသော အိမ်တံခါးကို တွန်းဖွင့်ပြီး ရှူးဖိနပ်ကို ချွတ်ကာ ဖိနပ်စင်မှာ ဖြစ်သလို ပစ်ထားခဲ့ပြီး အိမ် ရှေ့စားပွဲ မှာ ရုံးသုံးလက်ဆွဲအိတ် ကို တင်ထားခဲ့ကာ အိပ်ခန်းထဲဝင်သွားသောအခါ သားကြီး ရှိမနေ သည် ကို တွေ့ရလေသည်။
"သား ဘယ်မှာလဲ အမေ၊ သူ့အမေကော…"
"မောင်အောင်နိုင် တို့ လာလို့ကွယ်၊ ရုပ်ရှင်သွားကြည့်ကြသတဲ့၊ သားသားလည်း လိုက်သွားလေရဲ့"
နာရီကို ကြည့်မိ၏။ ဆယ်နာရီ ထိုးတော့မည်။
ခုနစ်နာရီခွဲပွဲ ပြီးလောက်ပြီ။

သူသည် ထမင်းကို အားပါးတရ စားနေဆဲမှာ သူတို့ ပြန်လာကြလေသည်။ သားသားက အေး ပခုံး ထက်မှာ အိပ်ပျော်နေ ၏။ တောကျီးကန်း က ကားသော့ကိုမွှေ့ယမ်းရင်း နောက်က တက်လိုက်လာ၏။
"ဟ… ကျီးကန်းကြီး ထမင်းစားဦး"
"စားလဟ၊ ငါ စားပြီးပြီ"
"အံမယ်၊ ဘယ်တုန်းက ဘယ် အမှိုက်ပုံမှာလဲ"
"မင်းဘိုးအေ၊ မင်းမိန်းမ ဇီးကွက်မ ပဲ ခူးကျွေးတာ"
သားကြီး ကို နေသားတကျ သိပ်ခဲ့ပြီးသော အေးက သူတို့အနားရောက်လာ ၏။ အေး၏ မျက်နှာမှာ သွေး ရောင်လွှမ်း၍ ဝင်းပနေသည်ဟု သူ ထင်သည်။

"အေးကွာ၊ တောကျီးကန်းရေ၊ ငါကတော့ အလုပ်နဲ့ နပန်းလုံးနေရတဲ့ကောင်၊ အေးလည်း ရုပ်ရှင်ဆိုတာ အရည် လား အမှုန့်လား မသိတော့တာ၊ မင်းလာမှပဲ အဖော်ရသွားတယ်၊ ငါလည်း နားညည်းသက်သာ ဦးမယ်"
အေးက သူ့အား မျက်စောင်းသာသာ ထိုးပါသည်။
နောက်နေ့ နံနက် သူ ရုံးသွားမည်ပြုသောအခါ သူ့ရှူးဖိနပ်မှာ ခါတိုင်းလို ပြောင်လက်တောက်ပနေခြင်း မရှိကြောင်း သတိပြုမိ လိုက်လေသည်။

(ဂ)

"မောင်ကျော်လွင်… မင်း အလုပ်က လျှော့လို့မရဘူးလားကွယ်"
အမေ (အေး၏မိခင်) သည် သူ့အား ဖြုန်းခနဲ စကားတစ်ခွန်း ပြောလာလေသည်။ သူသည် ဖတ်လက်စ အလုပ်ခွင် အခြေပြ အစီရင်ခံစာတစ်ထပ်ကို ဘေးသို့ချလိုက်၏။
"မရပါဘူး အမေရယ်၊ ပိုများလာဖို့ပဲ ရှိပါတယ်"
"ပိုများလာဦးမယ်" "ဟုတ်ကဲ့ အမေ၊ ရှေ့အပတ်ကျရင် ဦးတင်ယု ဆိုတဲ့ ကျွန်တော့်လက်ထောက် အင်ဂျင်နီယာလေး…" "ဟို… သုဝဏ္ဏက ကောင်လေးလား…" "ဟုတ်ကဲ့၊ သူ ဂျာမနီသွားဦးမယ်၊ သူ့အလုပ်ကိုပါ တာဝန်ယူရဦးမှာ…" "အင်း…" အမေသည် သက်ပြင်းရှည်ကို ချလိုက်၏။

"နက်ဖြန်ခါကော မင်း အားရဲ့လား"
"စက်ရုံမှာ လုပ်အားပေးပွဲရှိတယ် အမေ၊ နားရမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ"
"သြော်… မလှတင့်ရဲ့သမီးလေး မင်္ဂလာဆောင်ကို မင်းတို့လင်မယား ဖိတ်ထားတာရှိနေလို့"
"အေးနဲ့ပဲ သွားလိုက်ကြပါတော့ အမေရယ်"
"မင်းမှာလည်း အလုပ်တွေ များလွန်းတာ မကောင်းဘူးကွယ်"
"ဟုတ်တော့ ဟုတ်ပါတယ် အမေရယ်၊ စက်ရုံလုပ်ငန်း ဆိုတာလည်း တစ်နေရာမှာ ဟာသွားရင် စက် ရပ်သွားမှာ၊ ကျွန်တော်လည်း မိသားစုနဲ့ အေးအေးဆေးဆေး နေချင်ပါတယ်။ သားသားနဲ့ အေးအေး ဆေးဆေး မဆော့ရတာတောင် ဘယ်လောက်ကြာပြီလဲ အမေရယ်၊ တာဝန်တွေ ရှိနေတော့…"
"အင်း…" အမေက သက်ပြင်းရှည်ချဆဲမှာ ကားရပ်သံ ကြားရ၏။ အိပ်ခန်းထဲတွင် တစ်ယောက်တည်း ခေါင်းအုံး ကို ဖက်အိပ်နေသော သားငယ်ထံမှ "မေမေကြီး… မေမေ… မေကြီး" ဟု ယောင်နေသံ ကြားရသည်။

(ဃ)

ဆူးလေဆိပ်ကမ်းတွင် ရောက်နေသော စက်ပစ္စည်းများ သွားယူရသည့်နေ့ကိုသူ မှတ်မိသည်။ ထိုနေ့ နံနက်ပိုင်းက စက်ရုံမှဘောနပ်စ်များ ထုတ်ပေးသည်နှင့် တိုက်ဆိုက်နေသောကြောင့် ပစ္စည်းများ ရွေးယူ ရန် အတွက် အကောက်ခွန်ရုံးတွင် ထုံးစံကိစ္စများ ဆောင်ရွက်နေစဉ် သူသည် ရသမျှအချိန်အားကို ခိုးယူ ကာ ဂလုပ်ရုံ အောက်ဘက်သို့ထွက်လာခဲ့၏။ သားအတွက် ချောကလက် တစ်ထုပ်နှင့် ကစားစရာ တစ် ခုခုဝယ်ရန် သန်လာခဲ့သောဇော သည် သူ့အနားမှာ ဖြတ်တက်သွားသော မာဇဒါဂျစ်တစ်စင်းကြောင့် အရှိန်ပျက်သွားရ၏။

သူ့ကိုလည်း မမြင်၊ ဘယ်သူ့ကိုမှလည်း မြင်ပုံမရသော လူသားနှစ်ဦး သည် ပပဝင်းရုံသို့ တိုးဝှေ့ ဝင် ရောက် လျက် ပျောက်ကွယ်သွား၏။ သူသည် တိုင်ကွယ်သို့ ပိုမိုးတိုးကပ်ရင်း ပုန်းကွယ်နေလိုက်မိ၏။ သူ့ ကိုများ မြင်သွား ၍ တစ်မျိုး ထင်သွားကြမည်လား…။

အဖျားမကျနိုင်သေးသော သားကြီးအတွက် စိတ်ပူပန်မှုက ရုတ်တရက်ဝင်လာခဲ့ပြီး ရုပ်ရှင်ရုံများနှင့် သုံး လမ်းလောက် သာ ဝေးသာ တိုက်ခန်းသို့ ခြေကုတ်သုတ်ကာ ပြေးသွားနေမိ၏။ "ကလေးအထူးကု ဆရာ ဝန်ဆီ ကို ဆေး သွားယူဦးမယ်ဆိုပြီး တစ်ယောက်တည်း ဆင်းသွားတာပဲကွဲ့၊ ခုပဲ ပြန်လာတော့မှာ စောင့်ပါဦးလား" ဟု အမေက ပြောသော် လည်း စောင့်မနေဖြစ်တော့။ အပူဒဏ်ကြောင့် မှိန်းနေသော သားသား၏နဖူးအား ရွရွနမ်းနေ ဆဲ ကလေး၏နဖူးပေါ်သို့ မျက်ရည်တစ်စက် ကျသွား၏။
"ဆေးတိုက် သွားရင်းနဲ့ မောင်ရယ်၊ မိစူဆန်တို့လူသိုက်နဲ့ သွားဆုံပြီး စကားများလိုက်ကြတာ ဗိုလ်ချုပ် ဈေးထဲတောင် ရောက်သေးတယ်" အေး၏စကားသံကို နားထောင်ရင်း သားကြီးကို တင်းကျပ်စွာ ဖက် ထားမိ သည်။

(င)

"ဆရာ စားပါ ဆရာ၊ ဘီယာလည်း သောက်ပါဦး"
"ရပါတယ် ကိုငွေထွန်း ရယ်၊ ဖြည်းဖြည်းပေါ့၊ ခင်ဗျားအတွက် ဖြည်းဖြည်းလေး ဝမ်းသာပါရစေဦး"
ညဥ့်နက်နေ ပြီ။ ထုံးစံ အိမ်ပြန်ချိန်ထက် ပို၍နောက်ကျတော့မည်ည။ မတတ်သာပြီ။ နိုင်ငံခြား မှ ပြန် ရောက် လာသာ ကိုငွေထွန်း က သူတစ်ဦးတည်းကိုသီးသန့်ပြုစုချင်ပါသည်ဟု အတင်းခေါ်သောကြောင့် လိုက်လာခဲ့ရ၏။

"ဆရာရယ်၊ ဆရာ့ကို ကျေးဇူး အရမ်းတင်ပါတယ်၊ ဆရာ့အတွက် စိတ်မကောင်းပါဘူး၊ ဘော့စ်ကတော့ ဆရာ့ကို စက်တစ်ခု လို၊ နယ်ရုပ်တစ်ရုပ်လို သဘောထားနေတော့တာပဲ၊ ခု ဂျပန်သွားဖို့ ကိစ္စလည်း သူ့ တူကို လွှတ်မှာလို့ ကြား တယ်"
"ရှိပါစေ ကိုငွေထွန်း၊ ကျွန်တော့်မှာ ကံမပါလို့ဘဲလို့ ထားပါဗျာ၊ စိတ်မချမ်းသာစရာတွေ မပြောကြရ အောင်ဗျာ"
သူသည် ဘီယာခွက် ကို တစ်ရှိန်ထိုးမော့ချလိုက်၏။ အေးသက်သက် ရှတတ ဘီယာသည် ရှိန်းခနဲဖြစ် သွားစေလေသည်။

"မပြောနဲ့ဆိုလည်း ပြောရဦးမယ် ဆရာ"
ထိတ်ခနဲ ဖြစ်သွားမိ၏။ နေ့လယ်တုန်းကပင် သူ့ရဲဘော်တစ်ယောက်က "အားတော့နာတယ် ကိုကျော် လွင်၊ မပြောရင် မဖြစ်လို့ ပြောရဦးမယ်" အစချီပြီး ပြောသွားခဲ့တာမျိုးလား၊ အိုကေ… ဒီတစ်ပတ်အတွင်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ငါ့ကို တည့်တည်ကော သွယ်ဝိုက်လို့ကော၊ လူကိုယ်တိုင်ရော တယ်လီဖုန်း နဲ့ရော ပြောကြတာ များ လှပြီ မဟုတ်လား။ ကိုငွေထွန်း ပြောမယ်ဆိုတာလည်း ဘာများထူးတော့မှာမို့ လဲ။ သူသည် အားတင်းကာ နားကို စွင့်လိုက်၏။

"ဒီလို ဆရာရေ၊ ပရိုမိုးရင်း ကိစ္စလေ"
သူသည် စိတ်အေးချမ်းစွာ သက်ပြင်းချလိုက်၏။
"ဆရာ ရရမှာ လို့ ကျွန်တော်တို့အားလုံးက နားလည်နေကြတယ်၊ ဆရာက လုပ်သက်လည်း ရင့်တယ်၊ အင်ဂျင်နီယာ လည်း ဖြစ်တယ်၊ ဘော့စ်ကတော့… ကို ထောက်ခံလိုက်တယ် ကြားတယ်၊ တစ်နေ့က ဝိုင်းမှာ အဲဒီလူက ထုတ်ကြွားနေတာ ကြားရတာ၊ မနှစ်က ဆရာ ပြင်သစ်သွားဖို့ကို သူ့ကိုပဲ ထပ်လွှတ် လို့ ကားနဲ့ တီဗီနဲ့ အိမ်နဲ့ ခြံနဲ့ ဖြစ်နေပြီပဲ"
"ဒါတော့ဗျာ…"
"ဆရာကလည်းလေ၊ ဆရာ့ အခွင့်အရေးလည်း လုယူသေး၊ ကျော်လည်း ကျော်တက်သေး…"
"ထားပါ ကိုငွေထွန်း ရယ်၊ ကျွန်တော်တောင်ခံနိုင်သေးတာပဲဗျာ၊ ခင်ဗျားက ကြားထဲက စိတ်ဆင်းရဲမဖြစ် ပါနဲ့၊ ညစ်ပတ်သူ နဲ့ အညစ်ပတ်ခံရသူမှာ ညစ်ပတ်သူကသာ သူ့လုပ်ရပ်အတွက်ရှက်ရမှာပါ၊

အညစ်ပတ် ခံရတဲ့သူက ရှက်နေစရာ မလိုပါဘူး၊ သူ လုပ်ရဲမှသာ ကိုယ်က ခံရဲပြရုံပေါ့"
"ဟာဗျာ… မဟုတ်သေးပါဘူး၊ ဟော… ဆရာ ဆရာ၊ ဒီဝက်နံရိုးကြော် က နာမည်ကြီး ဆရာ၊ ရော့ ရော့ … မြည်းပါဦး"
ကိုငွေထွန်း၏မျက်နှာပေါ်တွင် တဒင်္ဂဖြတ်သန်းသွားသော အရိပ်အယောင်များစွာကို သူ သတိထားမိ လိုက် သည်။ ကိုငွေထွန်း မျက်နှာမူရာသို့ လိုက်ကြည့်မိ၏။ ဘယ်သူမျှ မရှိ။
ဟိုတယ် အနောက်ဘက် ကားရပ်ထားရာဆီသို့ ကားတစ်စင်း ထွက်လာသံကြားရပြီး သူတို့မြင်သာ သော နေရာ မှ ကားတစ်စီးဖြတ်သွားသည်။ မာဇဒါဂျစ်တစ်စင်း…။ ကိုငွေထွန်းသည် သူ့အား အားနာစွာကြည့်ရင်း ဘီယာထပ်မှာနေသည်။

ဆက်ရန်ရှုမဝမဂ္ဂဇင်း ၁၉၈၆ နိုဝင်ဘာ
.

3 comments:

Anonymous said...

မိမိကိုယ်ကိုလည်းမကာကွယ်နိုင်
သူများမကောင်းကြံတာကို မဟန့်တားနိုင်တာ
သူကိုယ်တိုင်ကညံ့လို့ပါ
လောကကြီးမှာအရာရာစနစ်တကျ မှန်ကန်နေတယ်လို့
ဘယ်တုန်းကမှ မျှော်လင့်လို့မရတာကို
မသိနိုင်တာ တော်တော်ဆိုးပါတယ်

သိင်္ဂါကျော် said...

အဲ့ အပေါ်က comment လေးကို ထောက်ခံတယ်..

Anonymous said...

အလုပ်ခွင်မှာတော့ သူများမကောင်းကြံတာကို မဟန့်တားနိုင်တာ ကိုယ်တိုင်ကညံ့လို့ပြောလဲ ခံရမှာပဲဗျာ။ ဒီဝတ္ထုထဲကလို အဖြစ်မျိုး ခံရဖူးမှပဲ နားလည်မှာပါ။