Wednesday, August 15, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၄)

စိတ်လှုပ်ရှားမှု လွန်ကဲပြီး၊ အမြင်အာရုံတွေ ချွတ်ချော်ကာ သန်းဆိုင်သည် ပထမဦးစွာ တံခါးဝမှာ သားကြီး မိုးကျော်အောင် ကို ၀င်တိုးမိ၏။ ထို့နောက် မိမိပုဆိုးစ မိမိပြန်နင်းမိပြီး ၀မ်းလျာထိုးလဲကျ သွားစဉ် ကြမ်းခင်းနှင့် မေးစေ့မထိမီ၊ သူ့နဖူးက ဧည့်ခန်းရှိ ဆက်တီစားပွဲစောင်းကို အရှိန်ဖြင့် ၀င်ဆောင့်မိ သွားသည်။ နောင်သောအခါ ... "ငါ့နဖူး နဲ့ စားပွဲစောင်းနဲ့ ဘယ်သူက ပိုမာသလဲဆိုပြီး စမ်းကြည့်တဲ့ အချိန်မှာ ငါ့မျက်စိထဲမှာ မီးပွားတွေ တ၀င်းဝင်းဖြစ် သွားတော့တာပါပဲကွာ ..." ဟု သန်းဆိုင်က အကြောင်းတိုက်ဆိုင်လျှင် ရယ်ရယ်မောမော ပြောပြ တတ်သည်။ ကို ဆက်ဖတ်ရန် ...............

××× ××× ×××

မနက် (၅)နာရီခွဲ အိပ်ရာမှထပြီး (၆)နာရီမှာ ဆိုင်ဖွင့်၊ ဆိုင်ခင်းလုပ်ကာစကမူ မိုးကျော်အောင် ထိုင်းမှိုင်း လေးလံ မအီမသာ ဖြစ်ခဲ့သေးသည်။ တစ်ပတ်လောက်ကြာတော့ ကျင့်သားရပြီး လန်းလန်းဆန်းဆန်း နှင့် ဆိုင်ဖွင့်နိုင်လာ၏။ သူက သန်းဆိုင်တုန်းကထက်ပင် ဆိုင်ဖွင့်ချိန် တော်လေ့ ရှိသည်။ သူ့မွေးသဖခင် သန်းဆိုင်မှာ ဆိုင်ဖွင့်ခြင်း၊ ဈေးရောင်းခြင်း၊ ဆိုင်းပိတ်ခြင်း အလုပ်တို့မှ ခေတ္တအနားယူနေဟန် ရှိလေ သည်။

ဆိုင်နောက်ကျောတံခါးကို ဖွင့်ပြီးနောက် ဆိုင်ထဲသို့ ၀င်ပြီး ညကသူကိုယ်တိုင် သိမ်းဆည်းခဲ့သော မုန့်ပဲသရေစာထုပ်အစရှိသော တိုလီမိုလီကုန်ပစ္စည်းတွေ နေသားတကျ ရှိမရှိ သိရအောင် လက်နှိပ် ဓာတ်မီးထိုး၍ စစ်ဆေးကြည့်လိုက်၏။ ဤတွင် တံခါးကြားမှ ဆိုင်ခုံပေါ်သို့ ထိုးသွင်းထားသော စာအိတ် ကို မိုးကျော်အောင် တွေ့ရလေသည်။
စာကို တွေ့တွေ့ချင်း မြွေဆိုးတစ်ကောင်ကို တွေ့ရသလို မိုးကျော်အောင် အခိုက်အတန့်မျှ လန့်သွား သလိုလို ရှိသည်။ ပြီးလျှင် စာအိတ်ကို ကောက်ယူပြီး၊ လက်နှိပ်ဓာတ်မီးဖြင့် စာအိတ်ပေါ်သို့ (ဦးသန်းဆိုင်သို့) ဟူသော စာတန်းကို ထိုးကြည့်ပြီးသည့်အခါတွင်မူ မိုးကျော်အောင် အလန့်ပြေပြီး သက်မချသည်။ သည်စာအိတ်က သူ့အတွက် မြွေဆိုးထက်ပင် အဆိပ်ပြင်းစရာ ဖြစ်ကောင်း ဖြစ်နိုင် သည်။

စာအိတ်ကော စာအိတ်ပေါ်က လက်ရေးပါ၊ သူ့ဖခင်သန်းဆိုင် ရခဲ့သော ပစ်စာနှင့် တော်တော်တူသည်။ ယခု စာကိုလာချသူမှာ ပထမ စာကိုချခဲ့သူပဲ ဖြစ်ရမည်ဟု မိုးကျော်အောင် ယုံကြည်သည်။ ပထမ စာသည် သူတို့မိသားစုကို ပြိုကွဲလုခမန်း ကောင်းကောင်းကြီး ဂြိုဟ်မွှေသွားခဲ့သည်။ ညကြီးမင်းကြီး မိဘနှစ်ပါး ၀ရုန်းသုန်းကား ဖြစ်သော ညကပင် သန်းဆိုင်သည် နဖူးနှင့် မေးစေ့တို့မှ သွေးယိုစီးလျက် ... သားနှစ်ယောက်နှင့် မိထူးတို့အား ပစ်စာ ရချိန်မှစ၍ သူစိတ်နှလုံးချောက်ချား၊ ကြေကွဲဝမ်းနည်းခဲ့ရ ကြောင်း နတ်သံနှောသည်။ စန်းချိုကို လိုက်ချောင်းခဲ့ပုံ၊ နေမကောင်းဟန် ဆောင်ရာမှ တကယ် နေမကောင်းလာခဲ့ပုံတွေကို ၀န်ခံသည်။

"အဲဒီရက်ပိုင်းက အဖေရတဲ့ ရောဂါက အဖျားအနာ မဟုတ်ပါဘူး သားတို့ရာ၊ အသည်းကွဲနာပါ" ဟု သန်းဆိုင် ငိုသံပါကြီးနှင့် ပြောခဲ့သည်။ ထိုအခါ ဒေါသအရှိန် မပြေသေးသော စန်းချိုက ...
"အသည်းကွဲလည်း အဲဒီကတည်းက တန်းသေရင်အေးရော" ဟု ဘု စကားဝင်ပြောသည်။
"ငါသေရင် နင်ဖောက်ပြန်တယ်ဆိုတဲ့ အစွဲပါသွားပြီး ကျွတ်မှာ မဟုတ်ဘူး၊ ဒီခြံထဲမှာ ကုလားပုသရဲအပြင် ...၊ သရဲသန်းဆိုင်ပါ တိုးပွားမယ်" ဟု သန်းဆိုင်က အတည်လိုလို ရယ်စရာလိုလို နှင့် ဒဏ်ရာတွေကို နနွင်းသိပ်ပေးနေသည့် ခယ်မ မိထူး၏ အပြုအစုအောက်မှာ ငြိမ်သက်နေရာက ထအော်ခဲ့သေး၏။

မိုးကျော်အောင်က ကော်ကပ်ထားသည့် ပြားချပ်ချပ် စာအိတ်ကလေးကို ကြည့်ရင်း ပင့်သက်တ၀ှီးဝှီး မှုတ်နေ သည်။ အဖေ့ကို ခေါင်းတပ်ထားတော့ အဖေမတ်ရခင် ငါဖွင့်ဖတ်လို့ သင့်တော်ပါ့မလား၊ ပထမစာကတော့ အဖေ့နဖူးမှာ သုံးချက်ချုပ်ရပြီး မေးစေ့ကြီး ဖူးရောင်သွားအောင် လုပ်ပစ်လိုက်ပြီ။ ပတ်ဝန်းကျင်ကလည်း အထင်အမြင်သေးအောင် ပယောဂဖက်လိုက်ပြီး၊ ဒေါက်တာ တင်ဆန်းဦးလည်း အခင်မင် ပျက်သွားပြီ၊ ဘကြီးပွား လည်း ငွေပုံပေးပြီး သွားပင့်တောင် လာမှ မဟုတ်တော့ဘူး၊ အဖေ မဖတ်သင့်တဲ့စာဆိုရင် ငါဖတ်ပြီး မီးရှို့ပစ်လိုက်မယ် ... ဟူ၍ အချိန်ယူ စဉ်းစားပြီးမှ မိုးကျော်အောင်က စာအိတ်ကို ဖြဲ၍ ဖွင့်လိုက်သည်။

မိတ်ဆွေကြီး ... ဦးသန်းဆိုင်ခင်ဗျား

ကျွန်တော်၏ ပထမစာ သည် အဖြစ်မှန်ကို ရေးသားခြင်း မဟုတ်၍ မယုံကြည်ပါနှင့်။ မေ့ပစ်လိုက်ပါ။ မီးသာရှို့ပစ် လိုက်ပါခင်ဗျား။ ခင်ဗျား၏ဇနီး ဒေါ်စန်းချိုသည် မယားဝတ္တရား ပြည့်ဝသည့်ဇနီးကောင်း တစ်ယောက် သာ ဖြစ်ပါသည်။ ကျွန်တော် လုပ်ဇာတ်ခင်း၍ အပျင်းပြေရယ်ရမောရအောင် ကျီစယ်လိုက် ခြင်းဖြစ်ပါကြောင်း လွန်တာရှိ ၀န္ဒာမိပါခင်ဗျာ။

နောက်ပြောင်ကျီစယ်တတ်သော မိတ်ဆွေတစ်ဦး

"အိုး ဒီလိုကိုး"  ဟုပင် မိုးကျော်အောင် မထိန်းနိုင်မသိမ်းနိုင် အသံထွက်၍ ရေရွတ်လိုက်သည်။ ၀မ်းမြောက် ရွှင်လန်းခြင်းကြောင့် စာကိုကိုင်ရင်း၊ ဆိုင်ဖွင့်ဖို့ပင် ခေတ္တမေ့သွားသည်။ ဒီစာတွေရေးတာ ငါတို့ ဓာတ်သိ မိတ်ဆွေတွေ ထဲကပဲ ဖြစ်ရမယ်၊ ဆိုက်ကားသမားအုပ်စုကတော့ ဒီလောက် လက်ရေး လက်သား မကောင်းနိုင် ဘူး၊ ကဗျာဆရာ မောင်မိုးပြာလို့ နာမည်ခံထားတဲ့ ကိုခင်မောင်ငြိမ်းများ ဖြစ်မလား၊ သူ့လက်ရေး ငါမြင်ဖူးတာပဲ၊ သူ့လက်ရေးက သေးသေးချွန်ခမန်ကလေးတွေ၊ ဒီစာက လက်ရေးလို ၀ိုင်းဝိုင်းကြီးတွေ မဟုတ်ဘူး၊ ဒါပေမဲ့ စာချတဲ့လူက တခြားတစ်ယောက်ကို အရေးခိုင်း လည်းရသားပဲ၊ စာချတဲ့လူကိုတော့ ဖမ်းလို့ရမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အဖေနဲ့အမေ ငြိမ်းချမ်း ရေးတော့ ရသွားတာပဲ ဟုတွေးရင်း၊ ကွမ်းယာဆိုင်ရှေ့ဘက် မျက်နှာစာ တဲလား တံခါးကြီးကို မိုးကျော်အောင် ဖွင့်လိုကတော့လေသည်။

××× ××× ×××
××× ××× ×××

နဖူးဆံစပ်မှ ဒဏ်ရာသည် ချုပ်ရိုးဖြေပြီး၍ အနာကင်းသေသွားပြီး ဖြစ်သော်လည်း၊ သန်းဆိုင်သည် ကွမ်းယာထိုင်မရောင်း၊ အိမ်ပေါ်မှ အောက်သို့ မဆင်း။ ခါတိုင်းဖွင့်ထားနေကျ အိမ်ရှေ့တံခါးကို ဧည့်သည်တွေ အလွယ်တကူ မ၀င်နိုင်အောင်၊ စေ့ထားလိုက်သည်။ အညောင်းပြေ လမ်းလျှောက် လိုလျှင် ညဘက် အိမ်ရှေ့လမ်းပေါ်မှာ အသွားအလာရှင်းပြီး၊ လူခြည်တိတ်ချိန်ကျမှ ဆိုင်ရှေ့နားမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ ခပ်လှမ်းလှမ်းကနေ ရင်းနှီးသူတစ်ယောက်ယောက်ဟု ထင်မှတ်ရသူလာနေလျှင် သန်းဆိုင် အိမ်ပေါ်သို့ သုတ်သုတ်တက်၍ တိမ်းရှောင်၏။

နဖူးနဲ့မေးစေ့က ဒဏ်ရာတွေကို ချော်လဲတာပါလို့ပြောလည်း ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး။ ငါဆေးခန်း သွားပြိး ချုပ်ရ၊ ဆေးထည့်ရတာကို ကြည့်ကြပြီး၊ ဟိုညက စန်းချိုငါ့ကိုရိုက်လို့ နဖူးကွဲ မေးစေ့ပြဲသွားတယ် ဆိုပြီး လမ်းထဲမှာ သတင်းက ပြန့်နေတာ၊ သင်းတို့ကို ဖြေရှင်းနေရရင် ××× လုပ်ရှုပ်မယ်၊ ပါးစပ် ညောင်းမယ်၊ နဂိုကမှ လူတစ်ယောက်ပြဿနာဖြစ်ရင် စပ်စုဖို့၊ အတင်းချဖို့ စောင့်နေတဲ့ သတ္တ၀ါ တွေ၊ သြော် ... လူတွေ၊ လူတွေ များကွာ ... ၀ူး သန်းဆိုင် ပင့်သက်ရှူနေတော့၏။

သန်းဆိုင်မှာ အနီးကပ် အတိတ်ကားဆီသို့ စိတ်ကို လွှတ်မိနေရင်းမှ ရှက်ရွံ့အားငယ်ပြိး အိမ်အောက် မဆင်းဝံ့အောင် သိမ်သိမ်ငယ်ငယ် ခံစားနေရသော်လည်း နောက်ပြောင်ကျီစယ်တတ်သော မိတ်ဆွေ တစ်ဦး၏ စာကို ရရှိသည့်နေ့မှစ၍ စန်းချိုကတော့ ယခင့်ယခင်ကအတိုင်း ဖြီးလိမ်းဝတ်စား ၍ ဈေးဝယ်ပြန်ထွက်နေပြီ ဖြစ် သည်။ စန်းချိုက သူမကို အဓိပ္ပာယ်အမျိုးမျိုးဖြင့် ကြည့်လာကြသည့် ပတ်ဝန်းကျင်မှ မျက်လုံး အမျိုးမျိုးကို သူ၏ ပြူးတောက်သော မျက်လုံးကြီးများဖြင့် ခပ်ရဲရဲ ပြန်ကြည့် ပစ်လိုက်ရုံသာမက ယခင်က ဈေးဆိုင်နှင့် အိမ်မှာသာ ရံဖန်ရံခါ သောက်ဖွာလေ့ရှိသည့် စီးကရက်ကို ဈေးသို့ အသွားလမ်းထဲကအဖြတ်၊ ဆိုက်ကားပေါ်မှာ ရုပ်ရှင်မင်းသမီး အိုက်တင်အပြည့်နှင့် မီးခိုးတထောင်းထောင်း ဖွာပြသည်။

"ဟား တို့အစ်မကြီးတို့က တစ်လိပ်(၃၀)တန် လုံဒုံပစ်စလက်တွေ ဘာတွေခဲလို့ပါလား၊ မင်းသမီး ခင်စိုးပိုင် ကျနေတာပဲကွာ" ဟု ဆိုက်ကားသမားရန်ပိုင်က အဆဲခံရတော့မည့်မှန်းသိလျက်နှင့် နောက်လေသည်။
"ဟဲ့-မသာရန်ပိန်၊ နင် ငါ့လို လန်ဒန်သောက်နိုင်လို့လား၊ လန်ဒန်သောက်ရမှာကျတော့ နှမြောပြီး၊ ဟိုအရည်ဖိုးကျတော့ မနှောမြောဘူး။ မိန်းမထဘီတောင် အရက်ပေါင်သောက်တဲ့အကောင်" ဟု စန်းချိုက လူကြားထဲမှာ ချိုးနှိမ်သော်လည်း ရန်ပိုင်က သွားကျိုးကလေးတွေပေါ်အောင် ရယ်ပြသည်။

"ငါ ဒီနေ့ ဈေးပြန်နောက်ကျမယ်ဟေ့၊ ပန်းထိမ်ဆိုင် ၀င်စရာ ရှိတယ်" ဟု ဈေးသွားခါနီး စန်းချိုက အမွှေးနံ့သာ တထောင်းထောင်းနှင့် ခန္ဓာကိုယ်ကြီးကို သန်းဆိုင်နား လာရပ်ပြီး၊ အရာရှိက အောက်လက်ငယ်သား အလုပ်သမား ကို အသိပေးသည့်ဟန်မျိုးဖြင့် ပြောသည်။ သန်းဆိုင်သည် သူ့အကျင့်အတိုင်း ကြိမ်ထိုးဆက်တီ ကုလားထိုင်ပေါ် မှာ မှိုင်တွေတွေဖြင့် ဆောင့်ကြောင့်ထိုင်နေ သည်။
"၀မ်းနိုင်းတူး ကိုပါ နင်ပြန်တဲ့အထိ စောင့်ခိုင်းမလို့လား၊ သူ့ကို ပစ္စည်းတွေနဲ့ အရင်ပြန်လွှတ်လိုက်လေ၊ နင်က ဘယ်လောက်တောင် ကြာမှာမို့လဲ" ဟု သန်းဆိုင်က စိတ်လိုလက်ရ မရှိလှသော မျက်နှာထား စူစူနှင့် မေးလိုက် သည်။ စန်းချိုက စီးကရက်ငွေ့တွေကို သန်းဆိုင်၏ မျက်နှာသို့ ဖွာထုတ်သည်။

"ဘယ်လောက်ကြာမလဲ ငါမပြောတတ်ဘူး၊ ဆံပင်တွေ ပြန်ဖြောင့်မလို့ ဆံပင်ကောက်ဆိုင်လည်း ၀င်ရဦးမှာ၊ နင့်စိတ်ထဲ မှာ ခုထက်ထိ ငါအီဗရာဟင် ကုလားလက်ဖက်ရည်ဆိုင်ကို သွားဦးမယ်လို့ ထင်နေတုန်းလား သန်းဆိုင်" သန်းဆိုင်သည် မိမိတစ်ကိုယ်လုံးကို ကိုက်ခဲ့နေသည့် ခြင်တွေ မှက်တွေကို အမြီးရမ်း၍ ခါလိုက်သော မြင်းမကြီးကဲ့သို့ ဆတ်ဆတ်တုန် သွား၏။ စန်းချိုကိုလည်း အလန့်တကြား မော့ကြည့်သည်။
"ချေးခြောက်ရေ မနှူးစမ်း နဲ့ စန်းချို နင်သွားစရာရှိတာသွား၊ ငါ့ဖို့ ၀က်သားဝယ်ပေးလိုက်ရင် တော်ပြီ"
"၀က်သားတင် မကဘူး၊ ၀က်သားသည်မကိုပါ ထည့်ပေးလိုက်မယ်" ဟု ဆိုရင်း စန်းချိုက စီးကရက် မီးခိုးတွေကြားကနေ တလှုပ်လှုပ်ထွက်သွားသည်။ သန်းဆိုင်၏ မျက်နှာထားမှာ စန်းချိုနှင့် စကား မပြောမီ ကထက် ပို၍ ညှိုးမှိုင်ငြိမ်သက်လာ၏။ သူ့မျက်လုံးတွေက ဘုရားစင်ဆီသို့ ငေးနေသော် လည်း မှန်ကျောင်းဆောင် အတွင်းမှ တင်ပြဉ်ခွေ ဆင်းတုတော်ကို တွေ့မြင်ပုံတော့မရ။ သူစိတ်ကြည်လင်ခြင်း မရှိပါ။ သံသယ အပင်ကြီး သူ့ရင်ထဲမှာ ခုတ်ပိုင်းလှဲဖြိုပြီးသည့်တိုင် သစ်ငုတ်က ကြွင်းကျန်ရစ်နေသည်။

ပစ်စာချတဲ့ ကမြင်းမသားက ...၊ သူ့အရှုပ်ကို သူပြန်ဖြေပေးတာတော့ ဟုတ်ပါရဲ့၊ စန်းချိုက ကျေနပ် သွားပေမဲ့ ငါ့ရင်ထဲမှာ ခိုးလိုခုလု ဖြစ်နေတယ်၊ ဒီကောင်က ပထမပစ်စာလည်း ချပြီးရော ငါတို့အိမ် မှာ ဗရုတ်သုက္ခတွေဖြစ်တာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားပုံ၇တယ်။ ဒါကြောင့် ငါတို့ စိတ်ချမ်းသာရာရအောင် (တကယ်မဟုတ်ပါဘူး၊ နောက်တာပါ)လို့ တောင်းတောင်းပန်ပန်နဲ့ ဖြေရှင်း စာရေးလိုက်တာ။ နောက်တစ်မျိုး စဉ်းစား လို့တော့ ရသေးတယ်၊ ပစ်စာချတဲ့ ခွေးမျိုးဟာ စန်းချိုနဲ့ လူစိမ်းကုလားဒိန် လက်ဖက်ရည်ဆိုင်မှာ တွဲ တွဲထိုင်တာကို တကယ်တွေ့ထားတဲ့ကောင် ဖြစ်ရမယ်၊ သူပထမစာရေးပြီးမှ (တခြားသူတွေကိစ္စ ကြားကနေ ငထွားခါးနာ နေလို့ မဖြစ်ပါဘူး) လို့ အတွေပေါက်၊ (သူတို့ဟာ ဖြစ်ချင်ရာဖြစ်ကြပစေ၊ သူ့အရှိန်နဲ့ သွားပစေ၊ ငါမမြင်မသိရင်ပြီးတာပဲ) ဆိုပြီး ငါ့ကို အာရုံလွှဲပေးတဲ့အနေနဲ့ စိတ်ပြောင်းအောင် လုပ်ပေးတဲ့အနေနဲ့ ဒုတိယစာကို ရေးလိုက် တာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒုတိယစာဟာ ငါ့ကို အရူးလုပ်လိုက်တာပဲ၊ ငါက စန်းချိုကို စိတ်ချ လက်ချ ယုံကြည်ပြီး၊ လွှတ်ထားလိုက်ရင် သူတို့ လွတ်လွတ်လပ်လပ် စခန်းသွားလို့ရတာပေါ့။ ဒီခွေးမျိုးဟာ ငါတို့အကျိုးကို လိုလားသလိုလိုနဲ့ ကြားက၀င်ပြီး သပ်လျှိုတာပဲ၊ စန်းချိုကို ကုလားဒိန် က ချူစားနိုင်အောင် သွယ်ဝိုက်တဲ့ နည်းနဲ့ အားပေးတာပဲ၊ ဘယ်ကောင်ဆိုတာ တိတိကျကျ သိရလို့ ကတော့ကွာ၊ အဲဒီကောင်ရဲ့ စာရေးတဲ့ လက်ကို ဓားနဲ့ခုတ်ဖြတ်ပစ်မယ်ဟု တွေးတောဝေခွဲ ကြည့်နေ ရာမှ၊ သန်းဆိုင်၏ ဦးနှောက် ထဲသို့ ရှုထောင့်အသစ်တစ်မျုး ၀င်လာခဲ့ပြန်လေသည်။

ငါ့သားကြီးရဲ့ အယူအဆအတိုင်းဆိုရင် ပစ်စာချတဲ့ကောင်ဟာ ငါတို့နဲ့ မဆံ့ရင်ကန် ရင်းနှီးခင်မင်ပြီး၊ အနောက်အပြောင် ၀ါသနာကြီးတဲ့ကောင်ပဲ ဖြစ်ရမယ်၊ ပထမစာက၊ လက်ဆပြင်းသါားပြီး ငါတို့ လင်မယားတွေက သောင်းကနင်းဖြစ်တာတွေ့တော့၊ အခြေအနေ ပိုမဆိုးအောင် ရိုးရိုးသားသားစိတ် နဲ့ ဒုတိယ စာချပြီး ဖြေဆေးထိုးပေးလိုက်တာ၊ ငါတို့မှာလည်း ဆဲမနာဆိုမနာ အသိအကျွမ်းတွေက တစ်ပုံတစ်ခေါင်းကြီး ဘယ်သူ တရားခံလဲဆိုတာ ခန့်မှန်းရခက်ပါဘိ ... (ဟူး) ...။
သန်းဆိုင်သည် ကုလားထိုင်ပေါ်မှ လေးကန်စွာ ဆင်းလိုက်ပြီး ပြတင်းပေါက်မှာ ငူငိုင်ငိုင်ရပ် သည်။ ပြတင်းပေါက်မှ အနောက်အရပ်သို့ ကြည့်လျှင် သစ်ပင်မျိုးစုံ ကို ဖြတ်သန်းလျက် ကောင်းကင် နောက်ခံ တွင် ရွှေရောင်ဝင်းနေသော ကျိုက်ဒေးယျုံစေတီ၏ ငှက်ပျောဖူး အထက်ပိုင်း ကို ငှက်မြတ် နားတော်အထိ ဖူးတွေ့နိုင်သည်။

ထိုအခိုက် ဘုရားကြီး မုခ်ဦးအနီးရှိ အလှူခံမဏ္ဍပ်မှ ဖွင့်နေသော တရားသံကို သန်းဆိုင် ကြားမိပြီး မရည်ရွယ်ဘဲ နားစွင့်ကြည့် သည်။ ဟောကြားနေသော ဘုန်းတော်ကြီးမှာ မထင်မရှားထဲက ပုဂ္ဂိုလ် ဖြစ်ဟန် ရှိသည်။ ကျော်ကြား ထင်ရှားသော ဆရာတော်ကြီးများ၏ တရားကက်ဆက်ခွေများကိုကား အလှူခံမဏ္ဍပ်မှ (၁၂)ရာသီ ဖွင့်လှစ်ပေးလေ့ရှိသဖြင့် သန်းဆိုင် နားယဉ်လျက် ရှိပေပြီ။ သို့ရာတွင် သူက အရယ်အသောကလေး များ ပါရှိသော ကြာနီကန်ဆရာတော်၏ တရားခွေများကိုသာ တိတ်တခိုးတောင့်တနေခဲ့၏။ ဘုရားကြီးဝေယျာ ၀စ္စအတွက် သန်းဆိုင်က အလှူငွေ ရက်ရက် ရောရော ပေးလှူတတ်သော်လည်း အခါကြီး ရက်ကြီးတွေမှာ ဥပုသ်သီတင်း မစောင့်ဖြစ်။

ဘုရားကြီး တန်ဆောင်းထဲက တရားပွဲသို့လည်း မရောက်ခဲ့။ သူ့အဖေဦးကံငွေ မသေမီက သန်းဆိုင် တစ်ယောက် ရှေးဟောင်းသမိုင်း ၀င်စေတီကြီးနားမှာ အခြေချနေထိုင်သော သတင်းကို ကြားသောအခါ "သန်းဆိုင် ဆိုတဲ့ကောင်က ဘုရားနားမှာနေတဲ့ တိတ္ထိကွ၊ တံငါသည်သမီး ငါးစိမ်း သည်မကို ယူထားတဲ့ကောင်ပဲ" ဟု ရှုတ်ချသည်ဟု သန်းဆိုင် ကြားခဲ့ရ၏။ ထို စကားပြောစဉ်က ဦးကံငွေသည် သူ့ပါးစပ်မှ အရက်နံ့မထွက်အောင် ဆေးပြင်းလိပ်ခိုးတွေ လှိုင်လှိုင်ကြီး မှုတ်ထုတ်နေခဲ့ လိမ့်မည်ဟု သန်းဆိုင် ကျိန်ပြောရဲပါသည်။ အသံချဲ့စက်အော်လံကြီးထဲမှ ဘုန်းတော်ကြီး၏ ကြည်လင်စူးရှသောအသံမှာ ...
"လောကုတ္တရာတရားကို ဟောအပြီးမှာတော့၊ ဘုန်းကြီးက လောကီတရားကလေး နည်းနည်းကြား ညှပ်ဟောချင်တယ် တရားနာပရိသတ်တို့ရဲ့ တင်ပါဘုရား ...။
ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးများနဲ့ တစ်မဂ်၊ တစ်ဖိုလ်ရပြီးတဲ့ ပုဂ္ဂိုလ်ထူးများကလွဲရင် ဘုန်းကြီးတို့ ပုထုဇဉ် လူသားအများစုဟာ မောဟနွံနစ်ပြီး ရူးမိုက်မှားယွင်းနေကြတာ ... လောကရဲ့ ဓမ္မတစ်ခုပေါ့နော်၊ ဘုန်းကြီးပြောချင် တာကတော့ ပုထုဇဉ်လူသားရဲ့ အကျင့်သဘာဝအရ သူတစ်ပါးရဲ့ အပြစ် ကို မြင်လွယ်သလောက်၊ မိမိရဲ့ အပြစ်ကိုကျ မမြင်တတ်ကြဘူး၊ မြင်ခဲတယ်၊ မြင်ပြန်ပါသော်လည်း ... မမြင်ချင်ယောင် ဆောင် တတ်ကြတယ် ...။

သန်းဆိုင်သည် အသံချဲ့စက်မှ ဟောပြောချက်ထဲတွငက် အလိုလို စိတ်ဝင်စားလာပြီး၊ ပြတင်းပေါက် ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကာ မျက်နှာကို မော့လိုက်၏။
ဘုန်းကြီး တို့ရွာမှာ လင်မယားနှစ်ယောက် ရှိကြတယ်။ ငယ်လင်ငယ်မယား သားသမီးကလေး (၂)ယောက်က အရွယ် မရောက်တစ်ရောက်ဗျ၊ ဇနီးသည်က ဈေးတောင်းခေါင်းရွက်ပြီး စီးပွားရှာ တယ်၊ လင်လုပ်သူကတော့ ယာကလေး လုပ်သယောင်နဲ့ ကြက်ဝိုင်းမှာ အချိန်ကုန်ပြီး ထန်းရည်အမြဲ မူးနေတယ်၊ ထန်းရည်မူးရင် တပင်တပန်း ဈေးရောင်းရရှာတဲ့ အိမ်သူဇနီးကို ဆဲဆိုနှိပ်စက်တယ် ...၊ ကြာတော့ ဇနီးခမျာ သည်းညည်း မခံနိုင်ရှာတော့ဘူး၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနိုင်လွန်းတော့ ထွက်ပေါက် ရှာတယ်မှတ်ပါရဲ့၊ တစ်ရွာသား မုဆိုးဖိုတစ်ယောက် နဲ့ လိုက်သွားပါလေရော တရားနာပရိသတ်တို့ မှန်လှပါဘုရား။

သည်တော့ ထန်ရည်သမားဟာ ဒေါသူပုန်ထတဲ့ပြီး၊ သူ့မယားဟာ ဧရာမဒုစရိုက်မှုကြီးကို ကျူးလွန် တယ်၊ ကာမေသုမိစ္ဆာစာရကံကို မရှောင်ကွင်းဘူးလို့ ရွာရိုးလျှောက်ပြီး ထန်းရည်မူးမူးနဲ့ ကြော်ငြာပါ တယ်၊ ပြီးတော့ ဓားတစ်လက် ဆွဲပြီး၊ အိမ်က ထွက်လာသတဲ့၊ သူ့ဇနီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဘူးလို့လည်း လူသိရှင်ကြား ကြိမ်းမောင်းအော်ဟစ်နေ သပေါ့။ ထန်းရည်တဲမှာ သူနဲ့တစ်ရွာတည်း သား၊ ငယ်သူငယ်ချင်း၊ ညီအစ်ကိုလိုခင်တဲ့ ၀ါသနာတူ ထန်းရည်သမား "ငဂျိုး" နဲ့ သွားတွေ့တယ်၊ ပြောရရင် ငဂျိုးကိုယ်တိုင်လည်း အလုပ်မည်မည်ရရ မလုပ်ဘဲ ထန်းရည်ပဲ မူးနေလို့ မယားကပစ်ပြီး နောက်အိမ်ထောင်ထူသွားတာကို တွေ့ကြုံထားရတာ မကြာလှသေးဘူး၊ ဒါပေမဲ့ ငဂျိုးက ဘုန်းကြီး ပြောတဲ့ ထန်းရည်သမားလို မဟုတ်ဘူး၊ ခပ်အေးအေးသမား၊ သူ့ သူငယ်ချင်း ဓားဆွဲပြီး ဖောက်ပြန် သွားတဲ့ မယားကို ရှာသတ်မလို့ လုပ်နေမှန်းသိတော့ သူငယ်ချင်းကို တရားချသတဲ့ ...။

သူငယ်ချင်း ...၊ ငါ့မိန်းမ နောက်အိမ်ထောင်ပြုသွားတာကို ငါလုံးဝအပြစ်မပြောခဲ့တာ တစ်ရွာလုံး အသိပဲ၊ သူပိုင်ဆိုင်သင့်တဲ့ ပစ္စည်းပစ္စယတွေတောင် ငါခွဲပေးလိုက်သေးတာ မင်းသိတယ် မဟုတ်လား၊ ငါသူတော်ကောင်း စိတ်ဝင်ပြီး ငါ့မယားကို ခွင့်လွှတ်တာ မဟုတ်ဘူး ...၊ သူအပြစ် မကျူးလွန်ခင် ငါကနှစ်ပေါင်းများစွာ စောပြီး အပြစ်တွေ ကျူးလွန်နေခဲ့တာ၊ ငါ့အပြစ်ကတော့ အိမ်ထောင်ဦးစီ မပီသဘဲ ရွာရိုးကိုးပေါက် လျှောက်ပြီး အရက်သောက်၊ ဖဲရိုက်၊ ထန်းရည်မူး၊ မူးယစ်ရမ်းကား၊ ကိုယ့်စီးပွားကို ဖျက်တဲ့အပြစ်တွေပဲ၊ လင်နဲ့မယား တစ်ယောက်ယောက် က မှားပြီဆိုရင် ကျန်တဲ့တစ်ယောက်မှာလည် ချွတ်ယွင်းချက် ကင်းခဲ့တယ်၊ သူ့မှာလည်း အပြစ် တစ်ခုခု တော့ ရှိနေတတ်တာပဲ၊ မင်းလည်း မင်းမယားချည်းပဲ အပြစ်တွေ ပုံမချနဲ့၊ မင်းအပြစ်တွေ မင်းပြန် သတိရဦး၊ မင်းမှာ အမှားတွေ ချွတ်ယွင်းချက်တွေ လင်ဝတ္တရား မကျေတာတွေ အများကြီးဆိုတာ ငါအသိဆုံး သူငယ်ချင်း)

ဘုန်းတော်ကြီး၏ ဟောပြောချက်ထဲတွင် သန်းဆိုင်၏ သောတအာရုံမကပ်ငြိတော့။ သူသည် ပြတင်းပေါက်မှ ချာခနဲ လှည့်ထွက်လာသည်။ ကတုန်ကယင် ခြေလှမ်းများဖြင့် အိမ်ထဲတွင် ၀င်္ကပါထဲ၌ မျက်စိ လည်နေသူတစ်ဦးပမာ ပတ်ချာလည် လျှောက်နေသည်။ ဧည့်ခန်းကနေ မီးဖိုဆောင် ရောက်သွားပြီး၊ မီးဖိုဆောင်ကနေ အိမ်ဦးခန်း ဘုရားစင်ရှေ့ ရောက်လာသည်။ ဘုရားစင်ရှေ့ကနေ အိပ်ခန်းထဲသို့ ၀င်သွားပြီး၊ စမ်းတီးစမ်းတားဟန်ပန်ဖြင့် ဧည့်ခန်းထဲ ပြန်ရောက် လာပြန်၏။ စိတ်လှုပ်ရှားမှုကြောင့် တသွင်သွင် ယိုဆင်းလာသော ချွေးတွေက သူ့ကို စွတ်စိုသော အပူဓာတ်ဖြင့် ဖုံးလွှမ်းထားခြင်းကိုလည်း သူခံစားမိဟန် မရှိ။

ငါ့မှာ ဘာအပြစ်များ ရှိလို့လဲ အချစ်စစ် အချစ်မှန်နဲ့ ချစ်ပြီး မိဘဆွေမျိုးတွေရဲ့ အပစ်ပယ်ခံဘ၀နဲ့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းခဲ့တယ်။ ညားပြီဆိုကတည်းက လူချင်းတူတူ သူချင်းမျှမျှ နေနိုင်အောင် ငါဟာ တပင်တပန်း စီးပွားရှာခဲ့တာ အားလုံးအသိ၊ ငါ အရက်မသောက်၊ ဖဲမရိုက်၊ ကြက်မတိုက်ဘူး၊ အပျော်အပါးဆိုတာ ဝေလာဝေး၊ ဘုရားပွဲအချိန်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဟာမတွေ ပြီတီတီ လာလုပ်တာတောင် ... ငါက ဆဲလွှတ်ခဲ့တဲ့ကောင်၊ ငါက တစ်လမ်းသွားစနစ်နဲ့ ကောင်၊ စန်းချိုမှ စန်းချို သင်း အရုပ်ဆိုးမှန်း သိတယ်၊ ဒါပေမဲ့ ငါ့စိတ်နှလုံးထဲမှာတော့ စန်းချို အကျည်းတန်တယ်ဆိုတာ မရှိဘူး ...။

အိမ်ထောင်သက်တမ်း တစ်လျှောက် ငါလင်ဝတ္တရား ပျက်ကွက် ချွတ်ယွင်းတာများကော ရှိခဲ့ဖူး သလား၊ ငါဟာ သူ့ကိုဘယ်တုန်းကမှ နိုင်လိုမင်းထက် မပြောဆို မဆက်ဆံခဲ့ဘူး၊ ငါရှာရသမျှ ပိုက်ဆံ သူ့လက် အကုန်အပ်ခဲ့တာချည်းပဲ၊ ပြီးတော့ တခြားမိန်းမတွေနဲ့ ဘယ်တုန်းကမှ ဇာတ်လမ်းမရှုပ်ဘူး၊ အ၀က်အစား အဆောင်အယောင် ဆိုရင် သူ့ကိုပဲ ဦးစားပေးတယ်။ သူဝတ်ချင်တဲ့ ထဘီမျိုးတွေ့ရင် ငါကိုယ်တိုင် ၀ယ်ပေးမဲ့ တာကလား၊ ငါ့ပါးစပ်ကသာ ဘာဟဲ့ညာဟဲ့နဲ့ ပြောထွက်ချင် ထွက်တာ၊ သူ့ကို ချစ်ခင်ကြင်နာစိတ်နဲ့ ငါအမြဲ ဆက်ဆံ ခဲ့တာချည်းပဲ။ ဒါတွေဟာ ရှေးလူကြီးတွေ သတ်မှတ်တဲ့ လင့်ဝတ္တရား(၅)ပါးပဲ မဟုတ်လား။ ငါဟာ လင့်ဝတ္တရား ကျေပွန်တဲ့အပြင် ပိုတောင်ပိုလျှံနေသေး တယ်လို့ ပြောရဲတယ်။ ငါ့လိုလင်ယောက်ျားမျိုးအပေါ် သစ္စာဖောက်လော်လည် တဲ့ မိန်းမဟာ သေရင် ဟိုးအောက်ဆုံးရဲ့ အောက်ဆုံးက ယောယုဝငရဲမှာ ခံရမှာ မြေကြီးလက်ခတ်မလွဲဘူး ...၊ ဒါပေမဲ့ သူငရဲကျတဲ့အထိတော့ ငါက စောင့်မကြည့်နိုင်ဘူး၊ သူလမ်းလွဲ လိုက်ရင်တော့ အချိန်မီ ထိန်းသိမ်း ရမယ်၊ ထိန်းလို့မရရင် ဘုန်းကြီးတရားခွေထဲက ထန်းရေသမားလို ဓားဆွဲရမှာပဲ ..."

ဘုန်းကြီးရဲ့ တရားခွေကို နားထောင်လိုက်တော့ ငါတရားရလာတယ်၊ ငါ့မှာ အပြစ်ရှိမရှိ ပြန်လည် သုံးသပ်ဖို့ သတိဝင်လာတဲ့ တရားပါ။ ငါဟာ အပြစ်ဆိုလို့ မြူတစ်မှုန်စာတောင် မရှိတဲ့ အိမ်ထောင် ဦးစီး လင်ကောင်း တစ်ယောက်ဆိုတာ ထင်ထင်ရှားရှား တွေ့ရပြီ၊ ငါ့လို လင်သားမျိုး ရှာကြည့်ကြ စမ်းဟေ့ ... လို့ အိမ်ထောင်ရှင် မိန်းမတိုင်း၊ အိမ်ထောင်ပြုကြမယ့် မိန်းမပျိုတိုင်းကို ရဲရဲဝံ့ဝံ့ လက်မထောင် ရင်ကော့ပြီး ကြေညာဝံ့ပြီ ဟူသော အတွေးအာရုံများက သန်းဆိုင်က ထွေးယှက် လွှမ်းခြုံထားသဖြင့် သူသည် အချိန်ကာလနှင့် နေရာ အခင်းအကျင်းတို့၏ ဆက်စပ်မှုက လွတ်ထွက် လုလု မိန်းမောတွေဝေနေ၏။ သူသည် ပစ္စုပ္ပန်၌ မတည်ရှိ ပစ္စုပ္ပန်ကို ခုန်လွှား ၍ အတိတ်နှင့် အနာဂတ်ကို ပေါင်းကူးပျံသန်းနေသယောင် ရှိသည်။

လူတွေဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ကြတယ်။ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အထူးသဖြင့် ဆင်းရဲသားတစ်ယောက် ချမ်းသာသွားရင် အောက်ခြေလွတ်သွားတတ်တယ်လို့ ပြောစမှတ်ပြုထား ကြတယ် မဟုတ်လား၊ အဲဒီထဲမှာ စန်းချိုပါနေတယ်၊ ဆင်းရဲတုန်းက အ၀တ်ကို ခြိုးခြံချွေတာတယ်၊ အစား ကို ငွေကုန်အသက်သာဆုံးနဲ့ပဲ ရောင့်ရဲတင်းတိမ်တယ်၊ ငွေစ ကြေးစကလေးလည်း ပိုလျှံလာရာ သင်းက သူဌေးကတော်ရှုံးအောင် ၀တ်ချင်လာတယ်။ အစားကိုလည်း ဆီပြန်ဟင်း သုံးလေးခွက်ချက်ပြီး ဟိုတယ်မှာ တက်စားသလို စားပစ်တယ်။

ပိုဆိုးတာက ကိုယ့်ထက်အပုံကြီး ချမ်းသာတဲ့လူတွေကို အတုခိုးတာပဲ၊ လိုက်တုတာပဲ၊ တိုက်ကြီးဆောက်၊ ကားကြီးစီး ဖို့ ထီတွေ အမျိုးမျိုး ထိုးလိုက်ရတာလည်း (ပလုံ၊ ပလုံ)) မြည်နေတာပဲ၊ သေချာပေါက် ... ထီပေါက်နိုင်အောင် စီမံပေးနိုင် တဲ့ ပုဂ္ဂိုလ်တွေ၊ ဗေဒင်ဆရာတွေဆီ ပြေးရတာလည်း အမော၊ ငွေလည်းသောက်သောက် လဲ ကုန်၊ တကယ်လို့ သူယုံကြည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က (လူမျိုးခြားနဲ့ လက်တွဲပြီး စီးပွားရေး လုပ်ပါ) လို့ ညွှန်ကြားလိုက်ရင် စန်းချိုဟာ ကုလားဒိန်ကော နွားနို့ကုလားကော စဉ်းစားနေတာ မဟုတ်တော့ဘူး၊ အဲသလို ဘ၀မေ့ပြီး စိတ်ဓာတ်ပျက်စီးသွားတဲ့ မိန်းမတစ်ယောက်ဟာ အရုပ် ဘယ်လောက်ပဲ ဆိုးဆိုး၊ အသက်ဘယ်လောက်ပဲရှိရှိ စာရိတ္တဖောက်ပြန်ဖို့ ၀န်လေးနေမှာ မဟုတ် တော့ဘူး၊ ဒီစိတ်ဓာတ်မျိုးဝင်သွားရင် ဖျောက်ဖျက်ဖို့ ခဲယဉ်းတယ်၊ ဘုရားတရား ကြည်ညိုသယောင် ယောင်နဲ့ ဘုရားကြီးကို မှန်မှန်လာဖူး၊ ပုတီးစိပ်ပြီး နောက်ဆုံးကျတော့ စီးနေကျဆိုက်ကားသမား "ငတွတ်" ဆိုတဲ့ကောင် ဆီက ငွေတစ်ထောင်လိမ်သွားတဲ့ အဘွားကြီး ကြည့်ပါလား၊ အသက်(၆) ကျော်လို့ ခေါင်းတွေဖြူနေပြီ၊ ငတွတ်က လိုက်စုံစမ်းတော့ အဘွားကြီးရဲ့လင်က သူ့သားလောက်ပဲ ရှိသတဲ့၊ အဲဒီကောင်က သူ့ရပ်ကွက်မှာ လူမိုက် ဆိုပဲ၊ ငွေလိမ်တယ်လို့ သူမယားကြီးကို မတရားစွပ်စွဲ ပါတယ်ဆိုပြီး ရိုက်မလို့လုပ်တာ ငတွတ်ဆိုက်ကား ကို အတင်းနင်းပြေးခဲ့ရသတဲ့ ...။

လောကကြီးမှာ အဲသလို သီလကြောင်မိန်းမတွေ ရှိနေတာ မဆန်းဘူး၊ ဒါပေမဲ့ ကိုယ့်မိန်းမက အဲဒီ စာရင်းထဲဝင် သွားရင်တော့ ဆန်းသွားမယ်၊ ငါလည်း နွားပြာကြီးအောက်သွားမရှတဲ့ ပုံစံနဲ့ လူတကာ အထင်သေးခံရမယ်၊ ဒီတော့ စန်းချို ကို အရင်လို စိတ်ချလက်ချ လွှတ်ထားလို့ မဖြစ်တော့ဘူး၊ သူ့ခြေလှမ်းကို စောင့်ကြည့်ရမယ်၊ ပစ်စာ (၂)စောင် ဟာ နိမိတ်ပြတဲ့ သတိပေးစာတွေ၊ ငါ့ကို အိပ်မော ကျရာကနေ နှိုးလိုက်တာပဲ။
××× ××× ×××

ဆက်ရန်
.

No comments: