Thursday, August 16, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၁၅)

လောကကြီးမှာ အဲသလို သီလကြောင်မိန်းမတွေ ရှိနေတာ မဆန်းဘူး၊ ဒါပေမဲ့ ကိုယ့်မိန်းမက အဲဒီ စာရင်းထဲဝင် သွားရင်တော့ ဆန်းသွားမယ်၊ ငါလည်း နွားပြာကြီးအောက်သွားမရှတဲ့ ပုံစံနဲ့ လူတကာ အထင်သေးခံရမယ်၊ ဒီတော့ စန်းချို ကို အရင်လို စိတ်ချလက်ချ လွှတ်ထားလို့ မဖြစ်တော့ဘူး၊ သူ့ခြေလှမ်းကို စောင့်ကြည့်ရမယ်၊ ပစ်စာ (၂)စောင် ဟာ နိမိတ်ပြတဲ့ သတိပေးစာတွေ၊ ငါ့ကို အိပ်မော ကျရာ ကနေ နှိုးလိုက်တာပဲ။ ကို ဆက်ဖတ်ရန်
.............................................................................................................................
"နင့် ဘယ်လက်မြှောက်စမ်း သန်းဆိုင်"
နေ့လယ် (၂)နာရီ နေပူပူထဲမှ ဖြတ်ပြန်လာသဖြင့် စန်းချို ချွေးပြိုက်ပြိုက်ကျနေသည်။ ချွေးနဲ့ မိတ်ကပ်၊ ရေမွှေး၊ ဘော်ဒီ စပရေးနံ့တွေ ရောစပ်ပေါင်းယှက်လိုက်သောအခါ ...၊ သန်းဆိုင်နှာခေါင်း ထဲတွင် အမည် မဖော်တတ်သော အော့နှလုံးနာဖွယ် အနံ့အသက် ဖြစ်လာသည်။ စန်းချိုပြန်လာ ကတည်းက အကွေးအကောက် အတွန့်အညွန့်တွေ မရှိတော့သော စန်းချို၏ ဆံပင်ပုံစံအသစ်ကို မြင်ပြီး (တီဗွီမှာလာတဲ့ ဆတ်ကော့ လတ်ကော့ဟာမရဲ့ ဆံပင်ပုံစံမျိုးပါလား) ဟု တွေးမိကာ သန်းဆိုင်က စန်းချိုကို မကြည့်မိအောင် ကြိုးစားနေခဲ့သည်။
ခုတော့ ... မကြည့်လို့မရ။ သေခါနီးလူမမာ၏ တောက်လက်တတ်သော မျက်လုံးမျိုးဖြင့် မော့ကြည့် သည်။

"ဘာလုပ်မလို့တုံးဟ"
"ပေးစမ်းပါဟာ၊ နင့်လက်"
စန်းချိုက ဇိုးဇိုးဇက်ဇက်နှင့် သန်းဆိုင်၏ အကြောသေသလို ဖြစ်နေသော ဘယ်လက်ကို ဆွဲယူလိုက် ၏။ ဘယ်ဘက်လက်သူကြွယ် ကို ဆွဲထုတ်၍၊ မူလက ၀ှက်ကိုင်ထားခဲ့သော ရွှေလက်စွပ်ကို သန်းဆိုင်၏ ဘယ်လက်လက်သူကြွယ်မှာ စွပ်ပေးလိုက်၏။ လေးထောင့်ပုံ ကျောက်နီကလေးကို ရွှေဖြင့် ကွပ်ထားသည့် လက်စွပ် ဖြစ်သည်။ ငါးမူးသားခန့်တော့ ရှိမည်။ သန်းဆိုင်၏ လက်သူကြွယ် နှင့် မဆိုစလောက်ကလေးတော့။
ချောင်နေ ၏။ သန်းဆိုင်က သူ့လက်ပေါ်မှာ ပိုးမွှားတစ်ကောင်ကောင် တွယ်ကပ်လာသကဲ့သို့၊ နှာခေါင်း ရှုံ့ရင်း လက်စွပ် ကို ငုံ့ကြည့်နေသည်။

"ငါတို့အိမ်ထောင်ကျကာစတုန်းက ဝယ်စုထားတဲ့ အတိုအစကလေး ၅ ပဲသားကို ဖြည့်ပြီး လုပ်လိုက် တာ၊ ဒီအိမ်မှာ အားလုံးလက်စွပ်တွေနဲ့ချည်း၊ နင့်မှာ လက်စွပ်မရှိသေးဘူး၊ ပြီးတော့… နတ်စင်ကုန်း က ဗေဒင်ဆရာမ ကလည်း သောကြာသားကို ကျောက်နီလက်စွပ် ဆင်ရမယ်လို့ ယတြာပေးထားလို့"
ကျေနပ်ကြည်နူး ဝင်းပနေသော စန်းချိုမျက်နှာကို သန်းဆိုင်က ရန်လိုသောမျက်နှာထားဖြင့် မော့ကြည့် လိုက်သည်။
"လမ်းဘေး ကွမ်းယာထိုင်ရောင်းရတဲ့ကောင်က ရွှေလက်စွပ်ဝတ်ထားရမလား… ဟ၊ ကြွားတယ်ထင်ပြီး သက်သက်မဲ့ လူများက ကွယ်ရာမှာ ဆဲလိမ့်မယ်၊ ဒီခေတ်မှာ ရွှေရည်စိမ်အတုတွေ ဝတ်တဲ့ကောင်တွေ အများကြီး၊ ကိုယ်က အစစ်ဝတ်လည်း (ကွမ်းယာသည် သန်းဆိုင် ရွှေလက်စွပ်အတုကြီးနဲ့ဟေ့) ဆိုပြီး အကဲ့ရဲ့ ခံရဦးမယ်၊ နင့်လက်စွပ် ပြန်ချွတ်… ငါ မဝတ်ဘူး" စန်းချို မျက်လုံးတွေ ကျယ်လာပြီး၊ နှုတ်ခမ်းထော်ထော်တွေ တွန့် လိုက်သည်။

"သန်းဆိုင်ရယ်… ငါ စိတ်ညစ်လိုက်တာ၊ နင့်ကို ဝတ်စေချင်လို့ ငါက စိတ်ချရတဲ့ ပန်းထိမ်ဆိုင်မှာ တကူး တကန့် အပ်ပေးရတာဟဲ့၊ နင် တောင်ပြောမြောက်ပြောနဲ့ ခွမလုပ်နဲ့၊ ရွှေရည်စိမ်ထည်ဝတ်တော့ကော ဘယ်သူ့ ××× ဂရုစိုက် ရမှာလဲဟဲ့၊ ရွှေရည်စိမ်တောင် မဝတ်နိုင်တဲ့ ဖွတ်တွေတစ်ပုံကြီး…"
"ဗေဒင်ဆရာမ… ဟောလို့ နင် ငါ့ကို လက်စွပ်ဆင်တာ မဟုတ်လား"
စန်းချို က ရာဇဝတ်သားကို ရဲက ဟိတ်ဟန်ပါပါ မေးခွန်းထုတ်သည့်လေပေါက်၊ မျက်နှာထားတို့ဖြင့် မေး ရာ၊ စန်းချို ဒေါသအစွယ်ပြူထွက် လာ၏။
"နင်ဟာ စေတနာကို ဝေဒနာဖြစ်အောင်လုပ်တဲ့ အလကားကောင်ပဲ သန်းဆိုင်၊ မဝတ်ချင်လည်းနေ၊ ဂျီး ဂျွတ်တော့များ မနေနဲ့၊ ငါ ဝတ်ပြမယ်…"
စန်းချို သည် လေထဲမှာမြှောက်ထားဆဲရှိသော သန်းဆိုင်၏ဘယ်ဘက်မှလက်စွပ်ကို ဝယ်ပေးတုန်းကလို မဟုတ်ဘဲ ဆောင့်ဆောင့်အောင့်အောင့် ဆွဲချွတ်၏။

"ဖြည်းဖြည်းလုပ်ပါ ကမြင်းမရဲ့၊ လက်ပါ ပြတ်ပါသွားဦးမယ်"
"ပြတ်ပြတ်…"
စန်းချိုသည် လက်စွပ်ကို ချွတ်ယူပြီး၊ သန်းဆိုင်အနီးမှ ဒေါနှင့်မောနှင့် ထွက်သွားသည် ကိုသန်းဆိုင် က… ပေစောင်းစောင်းလိုက်ကြည့်သည်။
ငါ့ကို သူငယ်နှပ်စားများ အောက်မေ့နေသလားမသိဘူး၊ သင်းအပေါ်မှာ ငါ သံသယရှိနေတုန်းလို့ထင်ပြီး သံသယပြေအောင် ငါ့ ကို လက်စွပ်နဲ့ချော့တာ၊ သွေးတိုးစမ်းကြည့်တာ၊ ဘယ်ရမလဲ စန်းချိုရာ ငါ့ကို ငတုံးလို့ ထင်ရင် မှားသွားမှာပေါ့၊ ကျိုက်ဒေးယျုံဘုရားကြီးရှေ့မှာ ကွမ်းယာရောင်းလာတာ နှစ် (၂၀) ရှိ ပြီ၊ လူဆိုး လူကောင်း၊ ဘုန်းကြီးရဟန်း၊ ဖွားသီလ၊ ဆိုက်ကားသမား၊ အရက်သမား၊ ရသေ့၊ အရူး… လူမျိုး (၁၀၁) ပါးနဲ့ ဆက်ဆံ လာခဲ့တာဆိုတော့ ငါ့ဟာ အုတ်ဖိုစုက ဘုန်းကြီးလူထွက် ဦးကံငွေရဲ့သား၊ လယ်သမားအနုံ့အအ သန်းဆိုင် မဟုတ်တော့ဘူး…၊ ပညာဗဟုသုတတွေ ပြည့်လျှံနေတဲ့ ခြံပိုင်အိမ်ပိုင်၊ ဆိုင်ပိုင်၊ ဆိုက်ကားငါးစီးအုံနာ… မြို့သားကြီး သန်းဆိုင် ဖြစ်နေပြီ…၊ ငါ့ကို ကြောမယ်မကြံနဲ့…၊ လူများ လည်တာ… သန်းဆိုင် ရပ်နေသလောက်ပဲ ရှိသေးတယ်… ဟု စိတ်ထဲက ကြုံးဝါးရာမှ တစ်ဖန်၊ လက် နောက်ပစ်ပြီး လမ်းထလျှောက်ရင်း…

ငါ့အဖေ ဦးဇင်းဘဝတုန်းက ဟောဖူးတဲ့ တရားဇာတ်လမ်း တစ်ပုဒ်ရှိတယ်၊ မိန်းမများကို ခေါင်းဖြူစွယ် ကျိုး အရွယ် တိုင်အောင် မျက်စိစုံမှိတ်ပြီး မယုံဖို့၊ အဓိကကတော့ ကာမတဏှာ အမိုက်အမှောင်သဘော ကို ရှင်းပြ တာပဲ၊ ဒိသာပါမောက္ခဆရာကြီးက သူ့တပည့်လူငယ်ကလေးကို မိန်းမသားများဟာ ဇရာ ထောင်းပေမဲ့ တဏှာက မကောင်းဘူး၊ ယောက်ျားချောချောခန့်ခန့်တွေ့ရင် ငယ်မူငယ်သွေးဝင်ပြီး စိတ် ဖောက်ပြန်တတ်တဲ့ သဘာဝရှိတယ်ဆိုတာ…၊ တပည့်ရဲ့မိခင် အဘွားအိုကြီးနဲ့ သက်သေသာဓကထုတ် ပြတဲ့ဇာတ်ပေါ့…၊ ဒီလို… ပညာပေးဇာတ်တွေ ကို ယောက်ျားတိုင်းလေ့လာမှတ်သားကြရမယ်။ ကိုယ့် ဇနီး၊ ကိုယ့်သမီး၊ ကိုယ့်နှမ၊ ကိုယ့် တူမ၊ ကိုယ့်ဒေါ်ကြီးဒေါ်လေးတွေဟာ ယောက်ျားချောချောနဲ့ပရောပရီ နေပြီဆိုရင် သတိသာထားပေရော့၊ ရုပ်ရှင်မင်းသားချောချောတွေ ဘာကြောင့် အောင်မြင်ပြီး ပိုက်ဆံ တွေ လှိမ့်ရကြသလဲ၊ မေးစရာမလိုဘူး၊ ကြီးငယ်မဟူ မိန်းမတွေက ငမ်းငမ်းတက်စွဲလမ်းပြီး ဝက်ဝက်ကွဲ အောင် အားပေးနေကြလို့ပေါ့၊ ငါ့အဖေ တစ်ခါတစ်ခါပြောတဲ့ (ဣတ္ထိဝင်္ကံ၊ နဒီဝင်္ကံ) ဆိုတာကို မြစ်တွေ ကွေ့ကောက်သလို… မိန်းမတွေ လည်း ကွေ့ကောက်လော်လည်ကြတာပဲ၊ နင့်ကို.. ငါ မယုံနိုင်ဘူး စန်း ချို၊ ဗေဒင်တွေ၊ နတ်တွေနဲ့လည်း ငါ မသိမမြင် ထုံထိုင်းအနနေအောင် နင်ပြုစားခိုင်းလို့ မရဘူးမှတ်ပါ…၊ နင့်ကို ငါ သံသယ မျက်လုံးနဲ့ အမြဲကြည့်နေ မယ်…၊ နင် ငါ့ဘေးမှာ အိပ်ပျော်နေတာတောင် နင် ဘာ အိပ်မက်တွေ မက်နေသလဲဆိုတာသိအောင် ငါ ကြိုးစားမယ်… ဟူသော မတွေးဖူးသည့် အတွေးစများ နှင့် တစ်မေ့စေတ်မော ဖြန့်ကြက်ရက်ဖွဲ့နေလေသည်။


ထိုစဉ်… အိမ်ရှေ့ဈေးဆိုင်ဆီမှာ စန်းချို ဦးဆောင်သော၊ ဝမ်းနိုင်တူးအပါအဝင် ဆိုက်ကားသမားတစ်ခု ၏ ရယ်သံ တအုံးအုံး ပေါက်ပွဲထွက်လာရာ၊ သန်းဆိုင် အတွေးစပြတ်ပြီး၊ လမ်းလျှောက်နေရာမှ သံပတ် ကုန်သွားသော အရုပ်ကြီး လို၊ မတ်တတ်ငြိမ်သက်သွားတော့၏။ သူ အိမ်ပေါ်က အိမ်အောက်မဆင်း သည့်အကြောင်းပြောပြီး၊ ရယ်မောပြောင်လှောင်ကြခြင်းသာ ဖြစ်ရမည်ဟူသောအတွေးကြောင့်၊ သူ့ နှလုံးသည် သူ့ရင်ပုံရိုး ကွဲအက်မတတ် ယမ်းခါခုန်လှုပ်လာသည်။ (ငမည်းတူးမကြီး၊ မိန်းမချင်း စကား ဝိုင်းဆို မရယ်ဘူး၊ ယောက်ျားတွေနဲ့ဆိုရင် သွားခေါကြီး တဖွေးဖွေး နဲ့ ရယ်ပြပါလိမ့်မယ်) ကုလားထိုင် ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင်း…၊ သန်းဆိုင် တရှူးရှူးမြည်အောင် အသက်ပြင်းစွာ ရှူနေ၏။

    ×××        ×××        ×××
    ×××        ×××        ×××

လက်စွပ်ကိစ္စကလေးကိုအရင်းခံ၍ တစ်နေ့လုံး လင်မယားနှစ်ယောက် မျက်နှာချင်းမဆိုင်၊ စကား မပြော ဖြစ်ကြသော်လည်း ည (၁၁) နာရီမှာ အိပ်ရာထဲ အတူတကွ ရောက်ရှိကြချိန်တွင်မူ… စကားပြောဖြစ်စ ရာ အခြေအနေက ပေါ်လာသည်။ စန်းချိုသည် နဖူးပေါ်လက်တင်၍ ပက်လက်ငြိမ်သက်နေသော သန်း ဆိုင်ဘက်သို့ လှည့်ကာ၊ တံတောင်ဆစ်နှစ်ဖက်ဖြင့် အားပြုထောက်လျက်၊ ဝမ်းလျားမှောက် လိုက်သည်။ မွှေးပျံ့နေကျ ရနံ့ကို… သန်းဆိုင်က မေ့ပျောက်ပစ်ပယ်၍ မရသည့်နောက်ဝယ်…၊ ခိုးကြောင်ခိုးဝှက် မျှင်း ၍ ရှု လိုက်လေသည်။
သန်းဆိုင် က မျက်ခွံတွေကို မှေးထားသည့်တိုင်…၊ မျက်တောင်မွေးတွေကြားထဲကနေ စန်းချို၏ အလင်း ကျောခိုင်းထားသော မျက်နှာသဏ္ဌာန်ကို ဝိုးဝိုးဝါးဝါး တွေ့မြင်ခွင့်ရနေ၏။ ကောင်မ၊ ငါ့ကို ဘယ်လို အပျော့ဆွဲ ဆွဲဦး မလဲ မသိဘူး၊ ညနေကလည်း ငါ သိပ်ကြိုက်တဲ့ ဝက်ခြေထောက်စွပ်ပြုတ်တွေ သွား ဝယ်လာသေး တယ်။ (ကြည့်) အခုလည်း ငါ့အသားကို မထိတထိလုပ်နေတယ်… ဟု သရိုးသရီ ယားကျိ ကျိဖြစ်လာ သလို ခံစားရင်းတွေးသည်။

စန်းချိုက မှောင်ခြည်ပျပျထဲမှာပင် တောက်ပစူးလက်နေသော မျက်ဝန်းကြီးများဖြင့် သန်းဆိုင်မျက်နှာ ကို အနီးကပ် စိုက်ကြည့်နေ၏။ သန်းဆိုငမှာ စိတ်ညှို့ခံလိုက်ရသည့်အလား…၊ မျက်လုံးတွေ ဖျတ်ခနဲ ဖွင့်ကြည့်၏။ စန်းချို၏ ထူးခြားသောမျက်ဝန်းတွေကို တွေ့လျှင်…၊ ရင်မဆိုင်ဝံ့သည့်စိတ်ဖြင့် သူ့မျက်လုံး တွေ ပြန်မှိတ်သည်။
"ဒီမယ် သန်းဆိုင်…၊ နင် နေကောင်းနေပြီပဲဟယ်၊ ကွမ်းယာလေး ဘာလေးရောင်းပါဦး၊ နင့်ဖောက်သည် တွေက ကိုသန်းဆိုင် ယာတဲ့ ကွမ်းပဲစားချင်တယ်ဆိုပြီး ဂျီတိုက်နေကြလို့ဟဲ့…၊ ငါ့နဲ့ မိထူးလည်း ဆိုင်က တစ်ဖက်၊ အိမ်မှာ ချက်ရပြုတ်ရ၊ လျှော်ရဖွပ်ရ တာက တစ်ဖက်နဲ့ ဖတ်သီလိုက်နေပြီ"
စန်းချိုဆီ မှ ကြားရခဲစွသော ညင်သာတိုးညင်းသံတွေ ကြားရသည်။ သန်းဆိုင်၏စိတ်ဘဝင်ကတော့ ညွှတ်နူး မသွားချေ။

"ငါ နေကောင်းမှန်း ငါ သိတယ်။ ငါ ဆိုင်မှာ မထိုင်ချင်လို့ကို အိမ်အောက်မဆင်းတာ"
မျက်လုံးတွေ ပြန်ဖွင့်ပြီး မာဆတ်ဆတ် ပြော၏။
"နင် ဘာလို့ ဆိုင်မှာ မထိုင်ချင်ရသလဲဆိုတာ… ငါ ကောင်းကောင်းသိတယ် သန်းဆိုင်"
"နင့်အမေလင်… ဘာသိတာလဲ" ဟု သယောက်သဟသံနှင့် ပြောကာ၊ နဖူးပေါ်မှ လက်မောင်းကို ဖယ် လိုက်သည်။ စန်းချို က ပေါ်လာသော အမာရွတ်အသစ်စက်စက်ကို လက်ညှိုးဖြင့် ဖွဖွထောက်၏။
"ဒီအမာရွတ် ကို လူတွေမြင်မှာ နင် ရှက်လို့မဟုတ်လား ဟင်"
သန်းဆိုင် တုဏှိဘာဝေလုပ်နေလိုက်၏။ မျက်လုံးကို ခြင်ထောင်အမိုးဆီသို့ ငေးစိုက်ထားသည်။
"အမာရွတ်ကို လူ မမြင်စေချင်ရင်… ခေါင်းပေါင်းပေါင်းပြီး ရောင်းပေါ့ဟယ်၊ မဟုတ်ဘူးလား…" ဟု စန်းချိုက သန်းဆိုင့် ပခုံးတစ်ဖက်ကို ဖွဖွလှုပ်ရင်း ပြောသည်။

"နင့်အမေ့လင်၊ ဒီလောက် ပူတဲ့အိုက်တဲ့ရာသီကြီးမှာ ခေါင်းပေါင်းကြီးပေါင်းထားရအောင် ငါက ××× ရူးမှ မဟုတ်တာ"
စန်းချိုက ဝမ်းလျားမှောက်ရာမှထ၍ တင်ပြဉ်ခွေထိုင်ချလိုက်ရာ၊ ကြီးမားသော ဒူးခေါင်းကြီး တစ်ဖက်နှင့် ပေါင်လုံး ကြီး တစ်ဖက်က သန်းဆိုင်၏ရင်ဘတ်တစ်ခြမ်းကို ပိလာကြ၏။ သန်းဆိုင်က ဘာမျှမခံစားရ သလို ငြိမ်နေ သည်။
"မနက်ဖြန်… နင်ဆိုင်မှာထိုင်မှဖြစ်မယ် သန်းဆိုင်၊ မိထူး ထဘီလာနေလို့ဟဲ့၊ ရှင်းပြီလား…၊ ကွမ်းရွက်က နတ်ကြီးတယ်၊ ကွမ်းရွက်ခင်း ထဲဆိုရင် မသန့်တဲ့မိန်းမတွေတောင် ဝင်ခွင့်မရှိတာမဟုတ်ဘူး"
အံမယ်… ကောင်မ က ဒီဗဟုသုတတွေတောင် သိလို့၊ မခေပါလား… ဟု သန်းဆိုင်စဉ်းစားရင်း စန်းချို၏ ကြီးမား တုပ်အိသော ပေါင်လုံးကြီးကို တွန်းဖယ်လိုက်၏။

"ဟူး နင်တို့မိန်းမတွေကို ဇယားရှုပ်လွန်းပါတယ်ဟာ၊ ထဘီလာရတာနဲ့၊ သွေးပေါ်ရတာနဲ့၊ ဓမ္မတာဆင်း ရတာနဲ့ လုပ်စားကိုင်စား ဖို့ကို အချိန်မရှိဘူး"
"ဟဲ့ နင် ဘာသိလို့လဲ။ ကွမ်းရွက်အဖျားနဲ့၊ အညှာဘက်မှာ နတ်ဘီလူးနှစ်ပါး စောင့်ရှောက်တယ်ဆိုတာ နင် ကြားဖူး လို့လား၊ ကွမ်းရွက်က အသန့်ကြိုက်တယ်တဲ့"
"နေ့တိုင်း ဈေးထဲမှာ ကွမ်းရွက်ရောင်းနေတဲ့ မိန်းမတွေ ဘယ်လိုလုပ်မလဲ၊ နင် ပြောသလိုဆို ရာသီလာ တိုင်း ကွမ်းမရောင်းရတာ နဲ့ ငတ်သေကုန်မယ် ဟင်း၊ နင်ကော ရာသီလာနေတုန်း ကွမ်းယာရောင်းနေ တာပဲ မဟုတ်လား စန်းချို" "ငါက နတ်ဘီဘူးတွေကို ကန်တော့ပြီးမှ ရောင်းတာ အဲဒီအချိန်မှာ ပိုတောင်ရောင်းကောင်းသေး"

"ဟဲ ဒါဆို၊ နင့် နတ်ဘီလူးတွေက တန်ခိုးမရှိတဲ့ ပေါတောတောနဲ့ ဘီလူးတွေပဲဖြစ်မှာပါဟာ၊ အသန့် ကြိုက်တယ် လည်း ပြောသေး၊ ကန်တော့လိုက်တော့လည်း ရောင်းကောင်းအောင်တောင် ကူညီသေး၊ ဟပ် ဟပ် ဟပ် နင်တို့ ညီအစ်မ တစ်ယောက်တစ်လှည့်စီ ဓမ္မတာဆင်းပေးနေကြစမ်းဟာ၊ ဒါမှ နင်ဖြစ် ချင်တဲ့ တိုက်တွေ ကားတွေ မြန်မြန်ဝင် လာမှာ ဟပ် ဟပ်"
"မသာကောင် နင် မယုံရင် နတ်ကို မစော်ကားနဲ့၊ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့၊ နင် လုပ်လိုက်လို့ ဒီတစ် ခါ နဖူးကွဲရုံ တင်မကဘူး၊ ဦးနှောက်ပါ အဖတ်လိုက် ထွက်သွားမယ်… ဘာမှတ်လို့လဲ…"
"ငါ နဖူးကွဲ တာ နင့်ကြောင့်ပါ စန်းချိုရာ"
အရည်မရ အဖတ်မရ စကားနိုင်လုကြရာကနေ၊ အချိန်တန်တော့လည်း လင်မယားနှစ်ယောက် ကျော ချင်းကပ်ပြီး အိပ်ပျော် သွားကြသည်။ အိပ်ပျော်ကာနီးမှာ သန်းဆိုင်က… အမာရွတ်မပေါ်အောင် ငါ့ဆံပင် ကို ရာဇာနေဝင်း ပုံစံ ရှေ့ကိုအုပ်ပြီး ဖြီးချထားရမယ်ဟု မနက်ဖြန် ဆိုင်ထွက်ဖို့ ဆုံးဖြတ်ရင်း ကြိုတင်စိတ် ကူးနေခဲ့သေးသည်။

    ×××        ×××        ×××
    ×××        ×××        ×××

ဆိုင်မှာ ပြန်ထိုင်ထိုင်ချင်း…၊ တစ်ခါမှပဲ မထိုင်ဖူးသလို ကြောင်တက်တက်ယောင်မှား ခံစားရင်း၊ သန်း ဆိုင် မျက်နှာထား က ပြုံးမလိုလို၊ မဲ့မလိုလို ဖြစ်နေသည်။ အမာရွတ်ကို ဆံပင်တိုနံ့နံ့ဖြင့် ဖုံးထားသည့် ပြင် ဆံပင်ကိုပါ သူ့ သားတော်မောင်တွေ သုံးစွဲကြသည့် FEEL ဆိုသော ခေါင်းလိမ်းဆီမွှေးလူးထားသ ဖြင့်၊ ဆီမွှေးရနံ့ရှုရင်း သူ့ဘာသာသူ ကျိတ်၍ ရှက်ကိုးရှက်ကန်းဖြစ်နေရပြန်၏။ သူ့တစ်သက်မှာ အုန်းဆီ ကလွဲလို့ မည်သည့်ခေါင်းလိမ်းဆီမွေး မှ မလူးစဖူးခဲ့။ မေးစေ့က အမာရွတ်ကိုတော့ သေးငယ်သဖြင့် မုတ်ဆိတ်မွေးငုတ်တို ကလေးတွေကြားမှာ ပျောက်ကွယ်နေသည်။ သို့သော် သေချာစူးစမ်းကြည့်မည့် မျက်စိရှင်သူတွေ ကတော့ တွေ့မြင်နိုင်လိမ့်မည်။

ဆိုင်ဖွင့်ပြီး နေထွက်ပြူစအချိန်၊ ဝယ်သူမကျသေးခင်၊ တစ်စုံတစ်ယောက်က ဆိုက်၏ကဲလားတံခါး အောက်သို့ ခပ်သုတ်သုတ်ဝင်လာသည်။ စောစောစီးစီး ဘုရားမှာ ပုတီးစိပ်ပြီး ၍ ပြန်ဆင်း လာသော ဆေးဆရာကြီးဦးပွားဖြစ်သည်။သူက ဝါးတောင်ဝှေးကို မထောက်ဘဲ မြေပြင်နှင့်ပြိုင်လျက် ကန့်လန့် ကိုင် ထားသဖြင့်၊ တောင်ဝှေးထောက်သံမထွက်၊ သန်းဆိုင်ကလည်း ခေါင်းငုံ့ပြီး ငွေစာရင်းစာအုပ်ကို ကြည့် နေသောကြောင့် ဦးပွားရောက်လာသည်ကို မသိလိုက်။ ဦးပွားကလည်း ခါတိုင်းနေ့တွေလို သန်းဆိုင် သားကြီး မိုးကျော်အောင် ထိုင်နေမည်ဟု ထင်ကာ ဆေးပြင်းလိပ်ဝယ်ဖို့ ဝင်လာသည်။
"ဆေးပြင်း ဟာ…"
မျက်နှာမော့လိုက်သော သန်းဆိုင်ကို တွေ့သည်နှင့် ဦးပွားသည် လောက်တဖွားဖွားတက်နေသော အလောင်းကောင်ပုပ် တစ်ခုကို တွေ့မြင်ရသကဲ့သို့ နှာခေါင်းရှုံ့ကာ ချာခနဲလှည့်ထွက်သွားတော့၏။ ပြိုင် တူလိုပင် သန်းဆိုင်ကလည်း ဦးပွားကိုတွေ့သည်နှင့် ပါးပျဉ်းထောင်နေသည့် မြွေဟောက်ကြီးတစ် ကောင်ကို ရုတ်တရက်တွေ့ လိုက်သလို… အလန့်တကြား မြည်တမ်းသည်။

"အိုး… ဘကြီးပွား"
ဦးပွားသည် သန်းဆိုင်ရှေ့မှ တစ္ဆေတစ်ကောင်လို ရိပ်ခနဲ ပျောက်သွား၏။ (အဘိုးကြီး ငါ ဓားကြိမ်းကြိမ်း တာကို တော်တော်စိတ်နာသွားပုံရတယ်၊ စန်းချို သိရင်တော့ ငါ့ကို အပြစ်တင်ဦးမှာပဲ၊ အို ကိုယ် မယုံ ကြည်တဲ့ လူကို ဘာလို့ ကိုးကွယ်နေရမှာလဲ၊ သွားစမ်းပါ) သန်းဆိုင် ချက်ချင်းမာန်ဝင်ပြီး အံကြိတ်ထား လိုက်သည်။ (ရေတစ်ခွက် ကို ငွေ ငါးရာနဲ့ ရောင်းစားနေတဲ့လူကြီး)
ဤသို့ လူမှုဆက်ဆံရေးတွင် သန်းဆိုင်ကို အဖုအထစ်တွေ့ကြုံရအောင် စတင်ဖန်တီးလိုက်သူမှာ၊ သူ့ ဖခင် ရဟန်း လူထွက်ကြီး ဦးကံငွေဖြစ်၏။ လူရှေ့ သူရှေ့မှာ ဘုရားကြောင်း၊ တရားကြောင်း အသံ ကောင်းဟစ်ပြီး၊ ကွယ်ရာတွင် အရက်ခိုးသောက်နေသည့် ဖခင်ကြီးကို ကြည့်ကာ သန်းဆိုင်က "ဆရာ" ဆိုသူတိုင်းကို ဇွတ်မှိတ်မယုံကြည်တတ်တော့။ စန်းချိုအပေါ် မယုံကြည်နိုင်သော အစွဲကလည်း…၊ သန်း ဆိုင် စိတ်နှလုံးထဲမှာ အမြူတေခဲကြီးလို ဖြစ်သွားခဲ့ပေပြီ။

သန်းဆိုင် ကွမ်းယာဆိုင်မှာ ပြန်ထိုင်ပြီဆိုသည်နှင့် သူ၏ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်၊ သူ၏ဆိုက် ကားတွေနှင့် ထမင်းစားနေကြရသော နင်းသားများလည်းဖြစ်၊ ရင်းနှီးသော အသိအကျွမ်းတွေလည်းဖြစ် ကြသော လူကြီးလူငယ် အရွယ်စုံတို့သည် ဆိုင်ရှေ့က ခုံတန်းလျားနှစ်ခုမှာ စုရုံး စုရုံး ဖြစ်လာကြပြန် သည်။ နောက်သံပြောင်သံ၊ ရယ်သံမောသံတွေသာမက၊ အခံရသက်သာသော ဆဲသံဆိုသံကလေးတွေ လည်း ကွမ်းယာ ဆိုင်ရှေ့မှာ စီစီညံစပြုလာ၏။

"ကိုကြီးသန်းဆိုင် နေမကောင်းဖြစ်ပြီးမှ ဝလာသလိုပဲ၊ မျက်နှာကြီးကို ပြဲလို့" ဟု ရန်ပိန် (ခေါ်) ရန်ပိုင်က "ထောင်" ပေး လိုက်လျှင် ကျော်ကြီးက…
"မစန်းချို က သူ့ကို နေ့တိုင်းဝက်သားချည်း ချက်ကျွေးနေတာကွ၊ ကြာရင် မျက်နှာက မပြဲဘဲ၊ ဝက်လို ချွန်းသွားမှ မျက်နှာ ချွန်းကြီး ဖြစ်နေဦးမှာ မြင်ယောင်သေး" ဟု ရယ်ကြဲကြဲမျက်နှာထားဖြင့် "ရိုက်"ချ လိုက်သည်။ ထိုအခါ သန်းဆိုင်က-
"ဟေ့ကောင် မင်းမျက်ခွက်ကို မင်း ပြန်ကြည့်စမ်း၊ မင်း မျက်ခွက်မှ ချွန်းနေတာ၊ ချွန်းတာက ဝက်လို တောင် မဟုတ်ဘူး၊ ကြွတ်စုတ်ချွန်း ချွန်းနေတာ" ဟု လက်ညှိုးကြီးထိုးပြီး ထအော်သောအခါ ရယ်မော သံတွေ ဆူပွက် သွားပြန်လေသည်။

ဝတ္ထုစာအုပ်ကလေးတစ်အုပ်ကို လက်ထဲမှာ ကိုင်ထားသော ခင်မောင်ငြိမ်းကမူ၊ သန်းဆိုင်၏မျက်နှာကို ကွက်ကြည့် ကွက်ကြည့်လုပ်ရင်း…
"မမစန်းချိုတို့ကတော့ဗျာ၊ (ရိုက်ဆွင်း) ကော (အပ်ပါးကတ်) ပါ တော်တော်ကျွမ်းပုံရတယ်၊ (လင်းနော့ လူးဝစ်) ကိုတောင် စိန်ခေါ်ဖို့ ကောင်းသား" ဟု သူ့ဘာသာတစ်ယောက်တည်း ပြောသလို ပြောလေ့ရှိ သည်။ ပထမတော့ အင်္ဂလိပ် လက်ဝှေ့အားကစား အခေါ်အဝေါ်တွေ၊ ဟဲဗီးဝိတ်ချံပီယံနာမည်တွေမှန်း၊ သန်းဆိုင်မသိ၊ နောက်မှ… နားလည်သူတစ်ယောက်က သန်းဆိုင်ကို ရှင်းပြသောအခါ၊ စန်းချိုက မိမိကို ညာဝိုက်လက်သီးနှင့် ပင့်လက်သီး သုံး၍ ထိုးသတ်ခဲ့၍ နဖူးနှင့် မေးစေ့မှာ အမာရွတ်ရခဲ့ခြင်းကို ဆိုလို ကြောင်း သန်းဆိုင်သိသွားပြီး ခင်မောင်ငြိမ်းကို စက်သေနတ် ပစ်သလို ကျိန်ဆဲလေတော့သည်။

ဘတ်စကားပိုင်ရှင် ဒရိုင်ဘာကြီး ဦးဘာဘူလာလျှင်တော့ သူ ကြားရသမျှ၊ ဖတ်ရသမျှ၊ တီဗွီမှာ မြင်ရသ မျှ သတင်းစုံ ကို ဘယ်သူကမှ မမေးမမြန်းမတောင်းဆိုဘဲ ကရားရေလွှတ် အစီရင်ခံတင်ပြတတ် ပြီး နောက်ဆုံးတွင်…
"သန်းဆိုင် ငါ ပြောသလို မင်းခြံထဲက တစ္ဆေကုလားပုကို ခေါစာမှန်မှန်ပစ်နော်၊ ဒါမှ… မင်းလည်း နေ့ တိုင်း ဝက်သားဟင်း ဖြောင့်ဖြောင့်တန်းတန်းစားနိုင်မှာ" ဟူသော သတိပေးစကားနှင့်သာ အဆုံးသတ် လေ့ရှိသည်။ သန်းဆိုင် က ပထမတော့… (ကျုပ်ခြံထဲမှာ ကုလားပုလည်း မရှိဘူး၊ ကုလားရှည်လည်း မရှိ ဘူး၊ ကျုပ်က ကျုပ်တို့ အုပ်ဖိုစုရွာက စာပေကျမ်းဂန်တတ် ဆရာတော်ဦးသြသဓ ဆီမှာ ပရိတ်ကြီးကုန်တဲ့ အထိ သုံးနှစ်လုံးလုံး ဘုရားစာတွေ သင် လာခဲ့တာ၊ ရတနာသုံးပါးကလွဲပြီး ဘာမှမယုံဘူး၊ ခေါစာလည်း မပစ်ဘူး၊ ယတြာလည်း မချေဘူး) ဟု ဘုစကားပြောမည်ကြံပြီးမှ၊ ဦးပွားကဲ့သို့ မိတ်ပျက်မည်စိုး၍၊ အင်း မလှုပ် အဲမလှုပ် ငြိမ်နေလိုက်၏။ ဦးဘာဘူ ကတော့ ဆိုင်မှ ပြန်ထွက်ကာနီးတိုင်း…
"သန်းဆိုင်ရေ…၊ တစ္ဆေကုလားပုအတွက် မမေ့နဲ့နော…" ဟု မမေ့မလျော့ သတိပေးသွားလေ့ရှိ၏။ သို့ ဖြင့် ကျော်ကြီး တို့ ဆိုက်ကားသမားတွေအတွက် (သန်းဆိုင်ရေ… တစ္ဆေကုလားပုအတွက် မမေ့နဲ့နော) ဟူသော ဦးဘာဘူ ၏မှာတမ်းစကားမှာ ပြက်လုံးတစ်ခု ဖြစ်လာခဲ့ရပြန်ပါလေသည်။

ကွမ်းယာဆိုင် တွင် သန်းဆိုင် ထိုင်ရောင်းချိန်သည် အခြားလူတွေ ထိုင်ရောင်းချိန်နှင့်မတူပါ။ စန်းချို ထိုင် ရောင်းလျှင် အဆဲခံဝံ့သူတချို့သာ စရဲနောက်ရဲသဖြင့် ရယ်ရခဲသည်။ မိထူးထိုင်လျှင်တော့… ဆိုင်ပေါ် မှာ စကားသံ တိတ်နေတော့၏။ မိုးကျော်အောင်တို့ ညီအစ်ကိုထိုင်သည့်အခါတွင်လည်း ရယ်သံမောသံ သိပ်မမြည်။ သန်းဆိုင် ထိုင်ချိန်တွင်ကား ဆိုင်ရှေ့ခုံတန်းလျားမှာ အုပ်စုနှင့် အတူ ရောက်ရာပေါက်ရာ၊ ပေါက်တီးပေါက်ရှာတွေ လျှောက်ပြော ရင်း၊ နောက်ကြ၊ ပြောင်ကြနှင့် ဝါးလုံးကွဲ ရယ်သံတွေ ပွက်ပွက်ညံ နေတတ်ပါသည်။ တစ်ခါတစ်ရံ ဗိုက်ရွှဲကြီးတလှုပ်လှုပ်ဖြင့် အော်ရယ်တတ်သော သန်းဆိုင်ရယ်သံက အကျယ်ဆုံးဖြစ်နေတော့၏။

သို့သော် သန်းဆိုင်သည် "ပစ်စာ" မရမီက သန်းဆိုင်မဟုတ်တော့မှန်း ဘယ်သူမျှမရိပ်မိ။ အများနှင့်အ တူ ရောယောင်ရယ်မောနေသော်လည်း အများပျော်သလို သန်းဆိုင်ရင်ထဲမှာ ပျော်ရွှင်မြူးထူးခြင်းမရှိ ကောင်း ဘယ်သူ မျှ အကဲမခတ်မိနိုင်ကြ။ သန်းဆိုင်ကိုယ်တိုင်လည်း ယခင်ကလို သူအပြည့်အဝ မပျော် ရွှင်နိုင်တော့မှန်း နားလည် ခံစားနေရသည်။
တကယ်တွေ့လို့ မြင်လို့၊ မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာကောင်းနဲ့ သတိပေးတာပဲဖြစ်ဖြစ်၊ အပျော်အပြက် နောက်ချင်ပြောင်ချင်လို့ပဲဖြစ်ဖြစ် ပစ်စာလာချတဲ့ကောင် ဘယ်သူဆိုတာတော့ ပေါ် အောင် လုပ်ရလိမ့်မယ်၊ ငါ့ဆိုင်ရှေ့မှာ လူပေါင်းစုံရောကောသောကာ လာထိုင်ကြတယ်၊ အားလုံးလိုလို ငါတို့မိသားစုနဲ့ ခင်နေကြ တယ်၊ ငါတို့လင်မယားအကြောင်းကိုလည်း သူတို့ ထိုက်သင့်သလောက် သိ ထားကြတယ်။ ဒီတော့ ပစ်စာချတဲ့ကောင် က ငါ့ဆိုင်ရှေ့မှာ လာလာထိုင်တတ်တဲ့ကောင်တွေထဲက တစ်ယောက်ယောက် ပဲ ဖြစ်ရမယ် ဟူ၍ သန်းဆိုင် စုံထောက်အတွေး တွေးကြည့်၏။

တစ်ခု စဉ်းစားဖို့ရှိတာက၊ အီဗရာဟင့်ဆိုင်မှာ စန်းချိုတို့ကို နေ့စဉ်ရက်ဆက်တွေ့တယ်ဆိုတော့၊ သူတို့ ကော စန်းချို က သတိမထားမိဘဲ နေမတဲ့လား၊ အသိအကျွမ်းထဲက ဖြစ်နေရင် စန်းချိုက သူ့အပြစ်ကို ဖုံးကွယ်ရအောင် ဖက်လှဲတကင်း နှုတ်ဆက်မယ်၊ လက်ဖက်ရည်ခေါ်တိုက်မယ်၊ ကုလားဒိန်ဟာ ကုန် သည်ပွဲစား တစ်ယောက်ဖြစ်ပြီး၊ သူနဲ့စီးပွားရေးကိစ္စ ဆွေးနွေးနေတဲ့အကြောင်း ကြံဖန်လီဆယ်ပြီး လုပ် ဇာတ်ခမ်းမယ်၊ ယုတ္တိရှိရှိ ဖြီးမယ်ပေါ့လေ၊ နောက်ရက်တွေကျတော့ အီဗရာဟင့်ဆိုင်မှာ မထိုင်ကြတော့ ဘဲ တခြားဆိုင် မှာ ပြောင်းထိုင်မယ်၊ အသိအကျွမ်းတွေ မတွေ့အောင် ချောင်ကျကျနေရာမှာ ပုန်းပြီး ထိုင်မပေါ့၊ အဲဒါကြောင့် ပစ်စာရေးတဲ့ကောင်ဟာ ငါတို့အသိအကျွမ်းထဲက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက တော့ ငါတို့ကို တစ်ဖက်သတ် သိနေတယ်လို့ ယူဆနိုင်တယ်…၊ သူဟာ ကုလားဒိန်ကို လူလိမ်လူ ကောက်တစ်ယောက်လို့ ထင်ပြီး ငါ့ကို စေတနာ နဲ့ အသိပေးတာဖြစ်ချင်ဖြစ်မယ်ဟု တွေးခေါ်ရှင် ဆန်ဆန် တွေးနေတတ်သည့် သန်းဆိုင်မှာ ဒုတိယပစ်စာ ကို သုံးသပ်စီစစ်ရင်း…

ပထမကို ပစ်တဲ့ကောင်ကပဲ ဒုတိယစာကို ရေးပြီးပစ်ပြန်တာမဟုတ်ဘူး၊ ပထမစာမှာ မိုးလးကဲလားတင် ပြီး ဒုတိယစာမှာ "လျှော"ချသွားတာ မဟုတ်လား၊ အတည်ကြီးပြောပြီးမှာ (နောက်တာပါဗျာ)လို့ ဗလောင်းဗလဲ ပြောတဲ့ခွေးသား...၊ တစ်ခုတော့ရှိတယ်၊ သူပထမစာကြောင့် ငါတို့လင်မယား ခုလောက် ကြီး ရုပ်ပျက် ဆင်းပျက်ဖြစ်သွားလိမ့်မယ်လို့ သူကြိုတွေးမိပုံမရဘူး၊ ငါက စုန်းပူးသလိုလို၊ နတ်ပူးသလို လို လုပ်ပြလိုက်တော့ မှ သူရေးတာ  လက်လွန်သွားပြီလို့ နောင်တရပြီး ဖြေစာရေးတာ၊ အဲဒီတော့ ဒီခွေးသားကို မယုံရလည်း အခက်၊  ယုံရလည်းအခက်ပဲ...ဟု တွေးမိပြန်ရင်း၊ ဒေါသနှင့် ဒေါမနဿ ပေါင်းယှက်ကာ၊ သူ့ခန္ဓာထဲ က သွေးစီးဆင်းသံတွေ မြည်ဟည်းဆူညံလာကြတော့သည်။

ဆိုင်မှာထိုင်ရင်း  အရောင်းပါးသည့်အခါ ခုံတန်းလျားမှာ စကားပြောဖော်တွေ မရှိသည့်အခါ၊ သူစဉ်းစား မိသည်မှာ...
နောက်မယ်ပြောင်မယ်ဆိုလည်း၊ ပါးစပ်နဲ့ နောက်နိုင်တဲ့ကောင်တွေ အရှိသားပဲ၊ ကျော်ကြီးတို့၊ ရန်ပိန် တို့ ဆိုင် ဘယ်လိုပဲ ဆဲဆဲ၊ နောက်နေကြတာပဲ၊ တစ်ခါက ရန်ပိန်ဆိုရင် စန်းချိုကို ငါမရှိခင် အတည် ပေါက် ကြီးလာနောက်တာ (မစန်းချို၊ ကိုသန်းဆိုင်ကို ညဘက် ကာရာအိုကေရုံကို မလွှတ်နဲ့၊ ရုံဘေးမှ "ပွင့်စွယ်တော်" ဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်မဟုတ်လား၊ အဲဒီဆိုင်ရှင်မိန်းမက နှစ်ခုလပ်တဲ့ဗျ၊ ည ဘက်ဆို ကိုသန်းဆိုင်က ကာရာအိုကေ ၀င်မဆိုဘဲ အဲဒီဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ရင်း ဆိုင်ရှင် အမျိုးသမီးနဲ့ နှစ်ယောက်တည်း စကားလက်ဆုံ ကျနေကြတာဗျ၊ ခင်ဗျားလူကြီးကို လွှတ်မထားနဲ့နော်၊ ဟိုမိန်းမက အသက်ကသာ ၅၀နားကပ်နေပေမဲ့ မော်ဒယ်ဂဲလို ပြထားတာ၊ ကိုသန်းဆိုင်ကြီး ပါသွားမှ ဖြင့်)လို့ကို စန်းချိုကို တည်တည်ကြီးလာကပ်ပြောတာ၊ စန်းချိုက နောက်မှန်းသိတော့၊ (ပါသွားပစေ ဟယ်၊ သူပါသွားတော့လည်း ငါကဆံပင် အစေ့ လင်အစေ့ ယူပစ်လိုက်မယ်)လို့ ရွဲ့ပြောပစ်ခဲ့တာ၊ ရန်ပိန် နောက်တာကို စန်းချိုက ငါ့ကိုပြန် မပြောပါဘူး၊ ရန်ပိုင် ကိုယ်တိုင် ငါ့ကို ရယ်ရယ်မောမောနဲ့ လာပြောလို့ ငါသိရတာ...၊

 (ဟေ့ကောင် အရက်သမား အဲသလိုတော့ မနောက်နဲ့ကွာ၊ အဟုတ်မှတ်ပြီး စန်းချိုနဲ့ငါ နပန်းလုံးနေ ရဦးမယ်)လို့ ရန်ပိန် ကိုဟန့်လိုက်ရသေး၊ ၀မ်းနိုင်းတူးဆိုတဲ့ မအေပေးကလည်း တစ်ခါ ငါ့ကိုလာချွန်သေးတယ်၊ (ကိုသန်းဆိုင် ရာ....၊ မစန်းချိုတို့က ဈေးထဲမှာ သိပ်မျက်နှာပွင့်တာပဲဗျာ၊ သူ့ကိုတွေ့တာနဲ့ လက်ယပ်ခေါ်နေကြတော့ တာ ပဲ၊ ခေါ်တဲ့ဈေးသည်တွေကလည်း ရုပ်ဖြောင့်ဖြောင့် ယောက်ျားတွေချည်းပဲ၊ မစန်းချို ကလည်း ယောက်ျားတွေ ရောင်းတဲ့ဆိုင်တွေချည်း ရွေးဝယ်တာကိုးဗျ) တဲ့၊ (ဟေ့ကောင် အဲဒါ မင်းအပူ ဘယ်နှပြားဖိုးပါလို့လဲ၊ သူ့ဟာသူ ယောက်ျားရောင်းတဲ့ဆိုင်မှာ ၀ယ် ၀ယ်၊ ဂန်ဒူးရောင်းတဲ့ဆိုင်မှာပဲ ၀ယ်ဝယ်၊ မင်း ... လုပ်မဟုတ်ဘူး) လို့ ငါကဆဲတော့မှ (အလကားပါဗျာ၊ ကိုသန်းဆိုင်ကို ခင်လို့စိတ်စမ်းကြည့်တာပါ ဟဲ ဟဲ) ဆို ပြီးမျက်နှာသွေးသပ်ပြောတယ်၊ (ငါ့ကိုစိတ်မ စမ်းနဲ့ မင်းကြီးဒေါ်အပျိုကြီးကိုပဲ စိတ်သွားစမ်း၊ အူကြောင် ကြောင်မလုပ်နဲ့၊ စန်းချို ဈေးသွားဈေးပြန်ဖို့ မင်းဆိုက်ကားကို အော်ဒါမချဘဲ၊ တခြား ဆိုက်ကားကို ပြောင်း ငှားလိုက်မယ်)လိုက် ခြောက်လိုက်လှန့် လိုက်မှ ခွေးမျိုးလက်အုပ်ချီတယ်၊ (အဲသလိုတော့ မလုပ် လိုက်ပါနဲ့...ကျေးဇူးရှင်ကြီးရယ်)တဲ့၊ နောက် ပိုင်း...ဒီကောင်ပြောလို့လားမသိဘူး၊ ငါ့ကို ဘယ်သူမျ စန်းချိုနဲ့ ပတ်သက်ပြီး မချွတ်ရဲကြတော့ဘူး၊ ဟင်းဒီပစ်စာချတဲ့ ခွေးသူတောင်းစားနဲ့ကျမှပဲ ငါ့မှာ ဦးနှောက် စားနေရပြီဟုတွေးရင်း သန်းဆိုင် သက်မ တချချ ဖြစ်မိရလေသည်။

သူ၏ အပြင်းပြ၊ အပူလောင်ဆုံး ဆန္ဒမှာ ပစ်စာတွေကို အပြီးအပြတ် လုံးဝမေ့ဖျောက် လိုခြင်း ဖြစ်၏။ မေ့ ဖျောက်နိုင်စွမ်းမရှိ၍ သူအတွင်း ကျိတ်မအီမသာ ခံစားနေရသည်။ သူက ရှေးမူမပျက်၊ သူ့စရိုက် သူ့ ဟန် အတိုင်းအားလုံးနှင့် ဆက်ဆံပြောဆို နေထိုင်လျက်ရှိသော်လည်း သူ့ရင်တွင်းတစ်နေရာမှာ ခိုကပ် နေသော သင်္ကာရနံ့မရှင်းလင်းခြင်းနှင့် ပစ်စာတရာခံကို မဖော်ထုတ်နိုင်ခြင်းတို့ကြောင့် သူစိတ်ချမ်း မြေ့မှုမရှိ။ အပြင်း အထန်မဟုတ်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသည့် သွားကိုက်နာကို လူ မသိ သူမသိ ကျိတ်ခံ စားနေရသည်နှင့် တူသည်။

သူ့မှာသာ အနာအကင်းမသေသလို လျှို့ဝှက်အုံ့ပုန်း ခံစားနေရသော်လည်း စန်းချိုကတော့၊ မူလပုံစံ အချိုး အတိုင်း အအိပ်မပျက်၊ အစားမပျက်၊ အလှပြင်မပျက်၊ ပူပန်ကြောင့်ကျင်းမဲ့ဟန် ပေါ်လွင်နေပါ သည်။ သန်းဆိုင် အံ့သြရသည့် စိတ်ကူးဆန်းတစ်ခုကိုပင် စန်းချိုက အကောင်အထည်ဖော်လိုက်သေး သည်။ စင်စစ်၊ အားလုံး အံ့သြဖွယ် စိတ်ကူးဆန်းပင်ဖြစ်၏။ စန်းချိုသည် ဘယ်သူ့ကိုမှ ကြိုတင်အသိမ ပေးဘဲ၊ ငွေထောင်ချီ၍ အကုန်အကျခံသော ရောင်စုံဖိုက်ဘာဖြင့် စားလုံးဖော်ထားသော ခေတ်မီဆိုင်း ဘုတ်တစ်ခုကို မှာယူ၍၊ ကွမ်းယာဆိုင်၏ အရှေ့ဘက်၊ ကဲလား၊ တံခါးအစွန်းမှာ ချိတ်ဆွဲထားလိုက်ခြင်း ဖြစ်သည်။ အဖြူရောင် ဖိုက်ဘာပြား အောက်ခံ တွင်၊ ပန်းရောင်၊ ဖက်ဖူးရောင် စားလုံးများ ဖောင်းကြွ တောက်ပနေကြပြီး၊ စားလုံးတွေ က ကြေညာဖိတ်ခေါ်ထားကြသည်မှာကား...
(မူလလက်ဟောင်း ဦးသန်းဆိုင်၊ ဒေါ်စန်းချို ကွမ်းယာနှင့် မုန့်မျိုးစုံဆိုင်) ဟူသတည်း။

"ဟေ့ သန်းဆိုင်၊ ငါမသိလို့ မေးကြည့်ပါရစေကွာ၊ မင်းတို့ ဆိုင်းဘုတ်မှာက မူလ လက်ဟောင်းဆို တော့... လက်သစ်တွေပေါ်နေလို့လား"ဟု ဦးဘာဘူက အမှန်တကယ် မသိနားမလည်ဟန်ဖြင့် မေးရင်း၊ ကျီစယ် စကားပြောခြင်း ဖြစ်သော်လည်း၊ ဆိုင်းဘုတ်နှင့် ပတ်သက်၍ စိတ်မကြည့် မသာသော သန်းဆိုင် အနာဆွ ခံရ သလို ဟန်မလုပ်နိုင်။ စန်းချိုက သူ့ကိုလည်း မတိုင်ပင်ဘဲ၊ ဆိုင်းဘုတ်အတွက် ငွေသုံးထောင်၊ ဆိုင်းဘုတ်၊ ချိတ်သောနေ့ က၊ ကန်တော့ပွဲပေးပြီး အနီးအနားက လူကြီးကလေးတွေကို ကြက်သားကြာဇံ ချက် တိုက်ကျွေး လှူဒါန်း၍ ကုန်ကျသော ငွေခြောက်ထောင်...၊ စုစုပေါင်း ငွေတစ် သောင်းနီးပါးထွက်သွားခြင်းကို သန်းဆိုင်က အလဟဿဖြုန်းတီးခြင်း၊ ပကာသနလုပ်ခြင်းဟု သတ်မှတ် ပြီး ဤကိစ္စမှာ သူ့ကို စန်းချိုက တိုင်ပင်ဆွေးနွေးနေရာ မပေး၍ သူတနုံ့နုံ့ ခံစားနေရသည်။

"အိမ်က အရူးမ သက်သက်မဲ့ အရူးထပြီး ဆိုင်းဘုတ်တင်တာပါဗျာ၊ ကျုပ်ဆိုင်က ဆိုင်းဘုတ်မလိုပါဘူး၊ ကွမ်းယာဆိုင် ဖွင့်လာတာ နှစ် (၂၀)ကျော်ပြီ၊ ဘုရားကြီးရှေ့မှာ ကျုပ်ဆိုင်ရှိတယ်ဆို.. ဟို ပဲခူးတို့ သန်လျင် တို့က လူတွေတောင် သိတယ်၊ အလကားမိန်းမပစ်စလက်ခတ်ငွေဖြုန်းတာ၊ ဘာမဟုတ်တဲ့ ပလတ်စတစ် ပြားကို သုံးထောင်တောင်ပေးရ သတဲ့၊ ဘူတာရုံနားက ဘော်ကြီးတို့ ကွမ်းယာဆိုင်ဆိုရင် သွပ်ပြားစုတ်မှာ ထုံးနဲ့ ဖြတ်ကတတ်ဆန်း ရေးပြီး ဆိုင်းဘုတ်ချိတ်ထားတာပဲ ကျုပ်တို့ထက်တောင် ပိုရောင်းကောင်းသေး၊ အိမ် က ကောင်မ က သူ့ကိုယ်သူ...သုဌေးမယားငယ် လို သဘောထားပြီး ဖြုန်းတီးတာဗျ..."
"ဘာပြောပြော... ဆိုင်းဘုတ်ချိတ်ပွဲတုန်းက ကျွေးတဲ့ကြာဇံချက်ကတော့ ရှယ်ပဲဟေ့၊ ငါသုံးပန်းကန် တောင် တီး ပစ်လိုက်တယ်"

ဦးဘာဘူ က ကြာဇံချက်အကြောင်း အစဖော်ပေးတော့ သန်းဆိုင်မေးကြောကြီးတွေ ထောင်ထလာ၏။ သားကိုသခင်၊  လင်ကိုဘုရားဆိုတဲ့ စကားကို နားမလည်တဲ့ မိန်းမ...၊ ထိုနေ့က ကြာဇံချက်မလောက် ၍ သန်းဆိုင် တစ်ဇွန်းမျှ မမြည်းလိုက်ရပါ။ ကြက်ရိုးတွေကိုလည်း ရန်ပိုင်တို့ ဆိုက်ကားဆရာ အရက် သမားအုပ် စုအမြည်း လုပ်ဖို့ အကုန်သယ်သွားသဖြင့်....၊ ဆိုင်ရှင်ကြီးသန်းဆိုင်ခမျာ ကြက်ခြေထောက် ကလေးပင် ကိုက်ခွင့် မရလိုက်ရှာ။
"ကြာဆံချက်အကြောင်း....မပြောချင်ပါနဲ့ဗျာ၊ စိတ်နာလွန်းလို့"
ခုတစ်လော ချိုးနှိမ်ထိန်းချုပ်ထားခဲ့သော ဒေါသမြွှေဆိုးကလေးတွေက ပခြုပ်နှင့်တူစွာသော သူ့ရင် ခေါင်း နှင့် နံရိုးအိမ်ထဲမှာ လူးလွန်းလာကြသည်။ "ဘာဖြစ်လို့ ကြာဆံချက်ကို စိတ်နာရတာတုံးကွ"
"စိတ်နာပါတယ် ဆိုမှ ခင်ဗျားကလည်း မေးနေပြန်ပါပြီဗျာ။ စိတ်နာတဲ့ကိစ္စ ဘယ်သူက ပြောချင်မှာလဲဗျ" ဟု သန်းဆိုင် ၏ ဒေါသသည် စန်းချိုကို ဦးတည်နေခဲ့ရာမှ ပစ်ချက်ကျော်ပြီး ဦးဘာဘူကို ရှပ်မှန်သွား သည်။

"ဒီနေ့...မင်းနဲ့စကားပြောလို့မကောင်းဘူး"ဟု ဆိုကာ ဦးဘာဘူ ထသွားသည်။
သြ...ငါ ဘုမှုတ်တာကို နှာကောက်သွားတယ်ပေါ့၊ နှာကောက်ရုံ မကလို့ နှာပဲပြုတ်ကျပြုတ်ကျ.. ဟူ၍ ဒေါသတွေး တွေး၍ မဆုံးမီ ဦးဘာဘူက ပြန်လှည်လာပြီး ဆိုင်ရှေ့မှာ ရပ်၍
"ဘာပဲဖြစ်ဖြစ်ပေါ့ကွာ...၊ မင်း တစ္ဆေကုလားပုကိုတော့ မမေ့ပါနဲ့၊ သူက အစိမ်းသေ သေတာတာ ဆို တော့ ကောင်းကျိုးထက် ဆိုးကျိုးပေးဖို့ များတယ်"ဟု အော်ပြာပြီးမှ ပြန်ထွက်သွားသည်။ သန်းဆိုင်မှာ မျက်လုံးပြူး ကြီးတွေနှင့် ကြောင်အအ ဖြစ်နေ၏။

မမျှော်လင့်ဘဲ သူ၏အင်္ကျီမဲ့ ကျော်ပြင်အောက်ပိုင်း အောင့်သွားသည်။ သူက ဆက်ခနဲ လှည့်ကြည့်ရာ၊ ချိန်ရွယ်ထား ဆဲ... လက်စွပ်တ၀င်းဝင်းနှင့် စန်းချို၏ လက်သီးဆုပ်မည်းမည်းကြီးကို တွေ့ရသည်။ မျက်နှာ ဖောင်းပွပွကြီးမှာ မျက်လုံးကော နှုတ်ခမ်းပါ ပြုံးနေကြ၏။
"လူ မသိပေမဲ့...ငါ့ကိုယ်စောင့်နတ် သိတယ်၊ နင် ငါ့အတင်းပြောတော့မယ်ဆိုတာ ကြိုတင်သတိပေးလို့ ငါလာချောင်းနေ တာ၊ ဦးဘာဘူကို နင်အတင်းချနေတာနဲ့ တန်းတိုးတော့တာပဲ ဟင်း- ဟင်း၊ ဆိုင်းဘုတ် လည်း ချိန်ပြီးပြီ၊ ဆိုင်ရာပိုင်ရာ ကိုလည်း တင်မြှောက်ပသပြီး၊ လူတွေကိုလည်း လှူဒါန်းကျွေးမွေးပြီးပြီ၊ နင်က ဘာ ခုမှ ချေးခြောက်ရေနှူးနေတာ လဲ သန်းဆိုင်၊ ကြာဆံချက်ကို စိတ်နာရတယ်ဆိုတာလည်း နင်မစားလိုက်ရလို့ မဟုတ်လား၊ နင်လက်နှေး လို့ငတ်တာ၊ ငတ်ပလေ့စေ၊ နင် ဒီလောက်ငတ်ကြီးကျရင် နင်တစ်ယောက်တည်း မျိုရ ဆို့ရအောင် ငါချက်ကျွေးဦးမယ်၊ စားမလား ပြောစမ်း"

သန်းဆိုင်က ဆိုင်ရှေ့ဘက် ပြန်လှည့်ပြီး မကြားမသိချင်ယောင် မထုံတက်သေး လုပ်နေလိုက်၏။ ရှိရင်းစွဲ ဒေါသကို ထပ်မံမတိုးချဲ့လိုတော့။ အမြစ်စွဲနေသည့် အဆိုးမြင်သံသယနှင့်၊ လတ်တလော ဒေါသပေါင်း တပ်လိုက်မိ ပါက ရက်ပေါင်းများစွာ ငြိမ်းချမ်းသာယာလာခဲ့သော လင်မယား ဆက်ဆံရေး အခင်းအကျင်း ကလေး ပျက်စီးသွားဦးမည်။ အရှုံးပေးရင် နှလုံးအေးတဲ့ဆေး....လို့ တရားစကားမှာလာတာပဲ၊ သူကလျှော့ ပေ မဲ့၊ စန်းချိုက တင်းပြန်သည်။
"ပြောလေသန်းဆိုင် နင် ကြာဆံချက် အ၀စားချင်လို့လား"
"နင် ချက်ကျွေးရင် ငါက သေဆေးတောင် စားမှာပါ စန်းချိုရာ"
သန်းဆိုင် က အသံခြောက်အက်အက်နှင့် အေးစက်စက်ပြောလိုက်သော စကားက ခုံတန်းလျားအုပ်စုအ တွက် ပြက်လုံးဟောင်းဖြစ်သွားကာ တသေသော ရယ်ကြသည်။ စန်းချိုက သန်းဆိုင်၏ ပခုံးတစ်ဘက်ကို ကိုင် လှုပ်သည်။ သန်းဆိုင်က ရုန်းပယ်ခြင်းမပြုဘဲ ငြိမ်ခံနေ၏။

"နင် အတည်ပြောတာလား၊ ငါဒီနေ့ပဲ ကြာဆံချက် ချက်ကျွေးမယ်"
ဆိုင်ကားနင်းသား ရန်ပိုင် က ထိုင်ရာမှ ထလာပြီး.....
"စားမယ်လို့ ပြောလိုက်ဗျာ ကိုသန်းဆိုင်၊ ခင်ဗျား စားလို့မကုန်ရင် ကျွန်တော်တို့ ၀ိုင်းစားပေးမယ်"ဟု သန်းဆိုင် ကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောသည်။
"ငါ ပြောပြီးပါပလောလားကွာ၊ သူက အဆိပ်ဟင်း ကျွေးရင်တောင် ငါစားပါ့မယ်လို့"
ရယ်သံတွေ ပိုမိုမြည်ညံဆူပွက်လာသည်။ စန်းချိုက သန်းဆိုင်ကို တစ်ချက်ကိုင်လှုပ်ပြန်ပြီးနောက် ဘာကိုမှ အလေး မထားတော့သလို အိမ်ပေါ်ပြန်တက်သွားသည်။

"တစ်ယောက်ကလည်း ယောက်ျားကို ကြာဇံချက်အ၀ကျွေးချင်တယ်၊ တစ်ယောက်ကလည်း မိန်းမက သာ ချက်ကျွေး လို့ကတော့... အဆိပ်ပါရင်တောင် စားဝံ့တယ်တဲ့၊ အဲဒါပေါ့ကွ၊ လေးဆယ်ကျော်အချစ် ဆိုတာ.. အားကျလိုက်တာကွာ"
"စိုင်းထီးဆိုင်သီချင်းလို ကမ္ဘာတည်မယ့် မေတ္တာပေါ့ကွာ..."
"လိုမိယို နဲ့ ဂျူးမြစ်ချက် အချစ်မျိုးကွ"
ခုံတန်းလျားအုပ်စုက ထုံစံအတိုင်း တစ်ယောက်တစ်ပေါက် ဆူပွက်နေစဉ် သန်းဆိုင်မှာ ရယ်ချင်လျက် နှင့် မရယ်နိုင်ပါဘဲ မျက်နှာသေကြီးဖြင့် ကွမ်းယာရောင်းနေသည်။ သို့ရာတွင် ရန်ပိုင်၏ စကားကိုတော့ သူစိတ် ဘ၀င်မကျမိပါ။ သူနှင့် (ရိုမီယိုနှင့် ဂျူးလိယက်)ဇာတ်လမ်းမှာ အလှမ်းဝေးကွာလွန်းပါသည်။
"ဟေ့ကောင်ရန်ပိန်၊ ဘာ...လိုမီလိုတွေ ဂျူးမြစ်ဟင်းတွေ လာအော်နေတာလဲ၊ ဘာစကားတွေလဲ၊ လမ်းပေါ် က စကားတွေ လမ်းပေါ်မှာထားခဲ့၊ ငါ့ဆိုင်ရှေ့မှာ မင်္ဂလာမရှိတဲ့ စကားတွေ လာမပြောနဲ့ လာဘ်တိတ်တယ်" ဟု သန်းဆိုင် က ငေါက်ကာမှပင် ရန်ပိုင်က အတွန့်တက်သည်။

"ကိုသန်းဆိုင်ကလည်းဗျာ၊ မင်္ဂလာမရှိတဲ့စကားမဟုတ်ဘူး၊ မင်္ဂလာရှိတဲ့စကားဗျ၊ လိုမီလို အဲလေ... ရိုမီယိုနဲ့ ဂျူးမြစ်ချက်ဆိုတာ အသက်ပေးပြီး ချစ်ကြတဲ့ချစ်သူတွေဗျ၊ ခင်ဗျားနဲ့ မစန်းချိုတို့အချစ်ကို လိုမီယိုတို့အချစ် နဲ့ နှိုင်းယှဉ်ပြလိုက်တာ သဘောပေါက်ပြီလား၊ ဒါဟာ..... ချစ်ရေးချစ်ရာ မင်္ဂလာ စကားပဲ၊ ကိုသန်းဆိုင်နဲ့ မစန်းချို နှစ်တစ်ရာတိုင် ပေါင်းရစေသားလို့ နိမိတ်ဖတ်လိုက်တဲ့ ထုတိသြဘာ မင်္ဂလာ စကားပါပဲဗျို့"
ထိုစဉ်...၀တ္ထုစာအုပ်ကလေ၊ ချိုင်းကြားညှပ်၍ ရောက်လာသော ခင်မောင်ငြိမ်းက...
"ရန်ပိန်...မင်း ဘာမှမသိဘဲ ရွှီးမနေနဲ့၊ မင်းစကားက မင်္ဂလာ စကားမဟုတ်ဘူး၊ ရိုမီယက်နဲ့ ဂျူးလိ ယက်ဟာ နှစ်ဖက်မိဘသဘောမတူကြလို့၊ နှစ်ယောက်စလုံး သင်္ချိုင်းဂူထဲမှာ ကိုယ့်ကိုယ်ကို သတ်သေ ကြတာ..၊ ဘယ်လိုလုပ်ပြီး မင်္ဂလာစကားဖြစ်မှာလဲ...." ဟု ၀င်ပြောလိုက်သောအခါ သန်းဆိုင်ပါးစပ် ဟ သွား၏။ ခင်မောင်ငြိမ်းလို ဘွဲ့ရပညာတတ်၏ စကားကိုတော့ အတည်မှတ်ယူရပေမည်။ မူလတန်း အောင်ရုံသာရှိသောရန်ပိုင်လည်း ခင်မောင်ငြိမ်းကို အာခံငြင်းဆန်ခြင်း မပြုရဲဘဲပြုံးဖြဲဖြဲကလေး လုပ်ရုံသာလုပ်နေသည်။

"မဟုတ်က...ဟုတ်က တော်တော်ရွှီးချင်တဲ့ ခွေးမျိုး"
သန်းဆိုင်က သူ့နားမှာ အသင့်ရှိနေသော စီးကရက်ဘူးခွံတစ်ခုကို ကောက်ယူကာ၊ ခင်မောင်ငြိမ်း ဘန်စကားလုံး (ရွှီး)ကို ယူသုံးလျက်၊ ရန်ပိုင်ကို (ရွှစ်-ဒေါက်)ဟူသော အသံမြည်သွားစေရအောင် လှမ်း ပေါက်လိုက်၏။
ရန်ပိုင် က နဖူးကိုပွတ်၍ ထွက်ပြေးရင်း အော်သွားသည်။
"ဟေ့ကောင် ခင်မောင်ငြိမ်း မင်းတော်တော်ချွန်တဲ့ကောင်၊ ငါ့ကိုရနိုင်လို့ခေါ်ကြသလို မင်းကိုလည်း ခင်မောင်ချွန် လို့ ဒီနေ့ကစပြီးခေါ်မယ်၊ လိုမီယိုတို့ ဘယ်လိုပဲသေသေ...၊ သူတို့ချစ်ပြီးမှ သေကြတာ ကွ... သေတာတောင် အလောင်းချင်း ထပ်သေတာ...နားလည်လား...."

သူ့ဘေးမှာ ပက်လက်အိပ်ပျော်နေသော စန်းချိုထံမှ ဟော်သံမကြားရသဖြင့် သူကထိုင်ပြီး စန်းချို မျက်နှာကို အနီးကပ်ကြည့်၏။ နဂို ဟနေသော နှုတ်ခမ်းထူကြီးတွေက ပို၍ဟပွင့်နေကြပြီ၊ နှုတ်ခမ်းတွေ က ဖြူဖတ်ဖြူ လျော်ဖြစ်နေကြသည်။ စန်းချိုအသက်မရှုတော့၊ စန်းချိုသေနေပြီ။ စန်းချိုသေသွားပြီး။ နီအောင်မယ်လေး ဘုရားကြီးကယ်တော်မူပါ ဘုရား....ရား...ရား။
ပါးစပ် က ယောင်ယမ်းမြည်တမ်းရင်းနှင့် အိပ်မက်ဆိုးမှ လန့်နိုးလာပြီး၊ စန်းချို ရှိမည့် သူ၏ဘယ်ဘက် သို့ ဖြုန်းခနဲ လှည့်စောင်းကြည့်၏။ စန်းချိုရှိမနေ။ အခန်းထဲကို လှည့်ပတ် မျက်စိကစားကြည့်ပြန်သည်။ အပေါ့အပါး သွားလိုလျှင်..၊ အိပ်ခန်းထဲမျာ "ညအိုး"ရှိသည်။ စန်းချို အိမ်ပြင်က အိမ်သာမှာ အစာ ဟောင်း သွားစွန့်ခြင်း ပဲ ဖြစ်ရမည်။ နှလုံးသွေးရပ်မတတ် ခံစားလိုက်ရသော အိမ်မက်ကြောင့် သူရင်တုန် ပန်းတုန် ချွေးဖြိုင်ဖြိုင် ယိုစီးနေသည်။ အသက်ရှူမ၀သလို ဖြစ်လာပြီး ခြင်းထောင်ပြင်သို့ ကမန်းကတန်း ထွက်သည်။

အိပ်ခန်း ထဲကပါ အပြင်သို့ ဒယိမ်းဒယိုင် လှမ်းထွက်သည်။ မီးဖိုဆောင်တံခါးမကြီးက ပိတ်လျက်သားရှိနေသည်။ သို့သော် အတွင်း မှ မင်းထုပ်ကိုထားခြင်းမဟုတ်၊ အပြင်မှစေ့ထားခြင်းဖြစ် ၏။ ဒီမိန်းမကလည်း အိမ်သာထဲ ကနေ အိမ်ထဲ လူဝင်လူထွက်ဖြစ်နိုင်အောင်၊ မီးဖိုခန်းတံခါးဖွင့်ထားတာ မဟုတ်ဘူး၊ လဘော်သရေနိုင်တဲ့ မိန်းမ၊ သန်းဆိုင် သည် သွပ်ပြားကို သစ်သားဘောင်ဖွဲ့ထားသည့် တံခါးအား အလျင်စလို တွန်းဖွင့် လိုက်သ ဖြင့်ဂျိုးဂျိုးဂျောင်းဂျောင်း မြည်သွားသည်။

အင်္ဂတေအုတ်တိုက်အိမ်သာကလေးက၊ သူရပ်နေရာမှ (၁၅)ပေခန့်သာ ဝေးသည်။ လူရှိလျှင် ထွန်း ထား တတ်သည့် လျှပ်စစ်မီးပွင့်ကမလင်း။ အိမ်သာတံခါးကတော့ ပိတ်လျက်သားရှိ၏။ မီးလုံးကျွမ်းတာ လုံးဝ မ ဖြစ်နိုင်ဘူး ညနေကမှ ၀ယ်တပ်ထားတာ
"စန်းချို...၊ စန်းချို နင်အိမ်သာထဲမှာလား"
အသံအုပ်အုပ်ဖြင့် ခေါ်ကြည့်ရာ အိမ်သာဆီမှ ဘာတုံ့ပြန်သံမှ ပေါ်မလာ။
သန်းဆိုင်မှာ တစ်ကိုယ်လုံး အကြောအခြင်တွေ ပြိုင်တူတောင့်တင်းသွားသလို ဖြစ်နေရာမှ၊ ပါးစပ်မှ အသံ ဖြင့် ခေါ်ရင်း အိမ်သာ ဆီသို့ သုတ်သုတ်ပျာပျာ လှမ်းသွား၏။

"စန်းချို.... စန်းချို....ဟင်"
သန်းဆိုင်၏ သွေးတွေ ဗြုန်းစားဗြင်းစားကြီး အေးခဲသွားသလား ထင်လိုက်ရ၏။ အိမ်သာတံခါးကို အပြင် ဘက် ကနေ၊ တံခါးချိန်ကလေးဖြင့် မိမိရရ ချိန်ထားပါသည်။ အတွင်းမှာ လူရှိလျင် ချိတ်ချိတ်ထား ဖို့ မလိုပါ။ သန်းဆိုင် က မကျေနပ်သေးဘဲ အိမ်သာတံခါးကို တုန်တုန်ရီရီ လက်ချောင်းတွေဖြင့် ဖွင့်ကြည့်သည်။ အနံ့ ဆိုးပျပျ ရှူမိပြီး တံခါးကို ပြန်ဆောင့်ပိတ်လိုက်၏။ သူ့နှလုံးသည် သူ့ရင်ပုံရိုးကို တဒိုင်းဒိုင်း တိုးဆောင့်နေ တော့သည်။
စန်းချို ဘယ်မှာလဲ... ဘယ်မှာလဲ၊ ဘယ်ထွက်သွားလဲ.... အချိန်မတော်ကြီး ဘယ်များလျှောက်သွားနေ လဲ ဘုရား.... ဘုရား ဟူသော အသံက သူ့ခန္ဓာထဲမှာ မြည်ဟည်းနေ၏။ သူ၏ ဦးခေါင်းသည် လေထိုး လိုက်သော ဘောလုံးအခွံကဲ့သို့ ဖြည်းဖြည်းချင်း ဖောင်းကားလာသည်ဟု သူထင်နေမိပြန်လေတော့ သည်။

သူသည် မီးဖိုတံခါးပေါက်က နေအိမ်ထဲသို့ ပြန်ပြေးဝင်၏။ အိမ်ရှေ့ခန်းသို့ ပြေးလာသည်။ အိမ်ရှေ့ တံခါးမကြီး မှာ၊ မင်းတုပ် အပြည့်အစုံချ၍ ပိတ်ထားသည်။ ပြတင်းပေါက်တွေလည်း ပိတ်နေကျ အကုန် ပိတ်လျက်သား ရှိကြ၏။ နောက်ဖေးကပတ်ပြီး ဈေးဆိုင်ထဲများ ရောက်နေသလားမသိဘူး။ မနက် (၃) နာရီလောက်ကြီး ဆိုင်ထဲ ဘာလို့သွားရမှာလဲ... ဟူ၍ တိုင်ကပ်နာရီကို မော့ကြည့်ရင်း အတွင်းစကား ပြောလျက် အိမ်ရှေ့တံခါးမကြီးမှ ခေါက်တံခါးရွက် တစ်စုံကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားလျှင် မီးထိန် အောင်ထွန်းထားသော ဈေးဆိုင်ကိုတွေ့ရသည်။ ဈေးဆိုင်သို့ ဝင်ပေါက်သစ်သားတံခါးသည် အာမခံ သော့ခလောက် ပိတ်လျက်သား ရှိနေသည်ကို ကြည့်ပြီး၊ သန်းဆိုင် အသက်ရှုကျပ်သွားသည်။ စန်းချို... စန်းချို ဘယ်ရောက်နေသလဲဟု ရင်ထဲမှဟစ်အော်ရင်း သူသည် ခြံထဲရှိ ပန်းပင်တွေ၊ သစ်ပင်တွေကြား မှာ ကုပ်ချောင်းချောင်းနှင့် လျှောက်သွားနေပြန်၏။ စန်းချို၏ အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိပါ။

သန်းဆိုင် သည် မောကြီးပန်းကြီးဖြင့် ခြံတံခါးဝသို့ ရောက်လာသည်။ ခြံတံခါး သော့ပွင့်နေခြင်း မရှိ။ သို့ သော်.. သော့ကို အတွင်းမှမခတ်ဘဲ အပြင်ဘက်မှ ပြန်ခတ်ထားသည်။ သန်းဆိုင်သည် လူတစ်ရပ် လောက် မြင့်သော (၂) တစ်လက်မသစ်သားချောင်းတွေ ခပ်စိပ်စိပ်ရိုက်ထားသည့် ခြံတံခါးကို မှီလျက် ဒူးနှစ်ဖက်ပျော့ခွေပြီး လဲကျမသွား အောင် အားတင်းထားသည်။    
သူထွက်သွားပြီ... သူထွက်သွားပြီ... စန်းခ်ျို ထွက်သွားပြီဟု စိတ်ထဲမှ မြည်တမ်းညည်းရှိုက်ကာ...၊ မာန်သွင်း၍ အိမ်ပေါ်ပြေးတက်ပြန်၏။ ဧည့်ခန်းသို့အတက်က၊ သစ်သားခန်းပန်းကို ခလုတ်တိုက်ကာ၊ လေးဖက်ထောက်ကြီး လဲကျသွားသည်။ ခလုတ်တိုက်လဲကျသည်ကို စိတ်မှတ်မထားအားချေ။ အစိုးမရ နိုင်သော၊ အမည် မဖော်နိုင်သော လှုပ်ခတ်ဆူလောင်နေကြသည့် ဝေဒနာတွေဖြင့် သန်းဆိုင်သည် သူ၏ ခန္ဓာကိုယ်ကြီးကို အားယူ ထရပ်လိုက်၏။

''ဟေး...သားကြီးနဲ့ သားငယ် ထကြစမ်း၊ ထကြစမ်း''
သားနှစ်ယေက် ၏ အိပ်ခန်းနံရံကို ခပ်ပြင်းပြင်းထုပုတ်ပြီးနောက် ခယ်မမိထူး၏ အခန်းတံခါးကို လက်ဖ နောင့်ဖြင့် တရစပ် ပုတ်ခတ်နေပြန်သည်။
''မိထူး...မိထူး၊ အရေးကြီးလို့ ထစမ်း မြန်မြန်ထ... ''
အရင်ဆုံး သားတွေက အိပ်မှုန်စုံမွှားထလာကြသည်။ ပုဆိုးတိုတိုဝတ်လျက်၊ ဗလာကိုယ်လုံးကြီး မှာ ချွေး တွေရွှဲကာ...၊ မျက်နှာက ငိုတော့မယောင်ဖြစ်နေသော ဖခင်ကို လူငယ်နှစ်ယောက် ကြောင်အမ်းအမ်း ကြည့်ကြသည်။
''အဖေ...ဘာဖြစ်လို့လဲဟင်'' ဟု သားကြီးက အသံအစ်အစ်ဖြင့် မေးသည်။

''မင်း... မင်းတို့အမေ မင်းတို့အမေ စန်းချို မရှိတော့ဘူးကွ၊ ထွက်... ထွက်သွားပြီ၊ ငါတစ်ခြံလုံး လှည့် ပတ်ရှာကြည့်ပြီးပြီ...။ မတွေ့ဘူး ခြံတံခါးကိုလည်း အပြင်ကသော့ပြန်ခတ်သွားတယ်။ သော့လည်း ဘယ်နား ထားခဲ့ မှန်း မသိဘူး၊ ဒုက္ခပါပဲကွာ''
သန်းဆိုင်သည်  ထိုင်နေကျကုလားထိုင်ပေါ်သို့ ကြိုးပြတ်လဲကျသွား၏။ သားကြီးက၊ သူ့ဖခင်လေဖြတ် သွားပြီ ဟု ထင်မှတ်သည့်အလား၊ သန်းဆိုင်ကို ပြေးဖက်သည်။ သန်းဆိုင်က သူမျက်ရည်ကျသည်ကို သားကြီး မမြင်စေလိုသဖြင့် မျက်နှာကို ရင်ဘတ်နှင့် ဖိကပ်ထားရင်း၊ ရင်ခေါင်းသံအက်အက်နှင့် ညည်း တွားနေ၏။

''ဒုက္ခပါပဲ၊ ဒုက္ခပါပဲ...၊ ဒီမိန်းမ ဘာတွေစိတ်ရူးပေါက်သွားပြီလဲ မသိဘူး၊ ညကြီးမင်းကြီးလမ်းမှာ ပြဿ နာ တက်တော့မှာပဲ...၊ သြ... ဒုက္ခ၊ ဒုက္ခ...''
''ကျွန်တော် နဲ့ အဖေနဲ့ ထွက်ရှာမယ်ဗျာ၊ ကောင်စီရုံးကိုလည်း ဝင်အကြောင်းကြားမယ်''ဟု သားကြီးက လည်း မချိတင်ကဲ သံဖြင့် ပြောသည်။
သားငယ်နှင့် မိထူးတို့ကော... မျက်စိပေကလပ်နှင့် ငြိမ်သက်စွာရပ်နေကြလျက်။ သန်းဆိုင်ကိုသာ စိုးရိမ်တကြီး ကြည့်နေကြ၏။
''မင်း... အမေ က ခြံတံခါးကိုလည်း အပြင်က သော့ခတ်သွားတယ်ကွ၊ သော့လည်းဘယ်ထားခဲ့မှန်းမ သိဘူး၊ ဒီအချိန်... ဘတ်စကား မထွက်သေးတော့ သူ ဘတ်စကားဂိတ်နဲ့ ညလုံးပေါက်ဖွင့်တဲ့ ဈေး နားက လက်ဖက်ရည် ဆိုင်မှာပဲရှိမှာ... ''
သားကြီး ၏ အဆိုပြုချက်ကို သူလက်ခံပါသည်။ သို့သော်...ယခုအခါ သန်းဆိုင်မှာ ''ဝါဇီကရဏ'' ခွန် အားဓာတ်ကုန်ခန်း သွားသူကဲ့သို့၊ လက်တွေ ခြေတွေပင် မလှုပ်ချင်အောင် နွမ်းချည့်နေလေသည်။ လမ်း မလျှောက်နိုင်ဟု သူဘာသာ သူသိနေ၏။ သူ့ခန္ဓာမှ အဆီပြင်များ ကလည်း သူ့ကို မောဟိုက် အောင် မောင်းနှင့်နေကြ၏။

''အဖေ၊ အဖေ တစ်ရေးနိုးလို့... သူ့ဘက်လှည့်ကြည့်လိုက်တော့မှ သူမရှိမှန်းသိတာ၊ အဖေတို့... ရန် လည်း မဖြစ်ကြ ပါဘူးကွာ၊ တီဗွီအတူတူကြည့်ပြီး အေးအေးဆေးဆေး အိပ်ရာဝင်ကြတာ... သားကြီးတို့ လည်း အမြင်ဘဲ...၊ ဟူး- ဒုက္ခပါလားနော်''
''အစ်ကိုကြီး ဒုက္ခကို ဘေးချိတ်ထားဦး အစ်မကြီး စန်းချို ဘာပစ္စည်းတွေ ယူသွားသလဲ ဆိုတာလည်း... ပြန်ကြည့်ဦးလေ''
အဆွံ့အအ လိုနေတတ်သော မိထူးက ဤနေရာမှာတော့ ဆီလျော်သည့်အကြံဥာဏ်ကို ပေးလာသည်။ သဘာဝ ကျတယ်၊ လက်တွေ့ဆန်တယ်၊ လုပ်သင့်တယ်ဟု သန်းဆိုင်တွေးလိုက်သော်လည်း ပါးစပ်မှ မပြောဖြစ်။ သူ့စိတ် ထဲကတော့၊ စန်းချို လင်နောက်လိုက်ပြီဆိုကတည်းက ရွှေတွေ ငွေတွေ အကုန် မသွားမှာ သေချာသည်ဟု ယုံကြည်ပြီး သားဖြစ်နေသည်။
နင်- နင်တို့ပဲ အခန်းထဲဝင်ပြီး သေတ္တာတွေ၊ ဗီရိုတွေ ဖွင့်ကြည့်ကြပါတော့ဟာဟု၊ အစာနင်သံကြီးဖြင့် ပြောကာ၊ သန်းဆိုင် သည် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ထားလိုက်၏။ သားကြီးက အဖေအား နှစ်သိမ့်နေသည့် လက်များကို ဖယ်ပြီး ထရပ်သည်။ ထို့နောက်သူတို့ တူဝရီးသုံးယောက်... အိပ်ခန်း ထဲသို့ ဝင်သွားကြသည်။

သန်းဆိုင်သည် မရှိုက်မိအောင် စိတ်ကို ပင်ပန်းကြီးစွာ ချုပ်ထိန်းနေသော်လည်း မျက်နှာကိုကာအုပ် ထားသည့် လက်ချောင်းတွေကြား ထဲကနေ..မျက်ရည်စီးကြောင်းတွေ တစိမ့်စိမ့် ယိုထွက်လာကြသည်။
လှည့်စားနိုင်ပါပေ့ စန်းချိုရယ်...၊ လှည့်စားနိုင်ပါပေ့...၊ နင် ပညာသားပါပါနဲ့ ငါ့ကို ချာလပတ်လည် အောင် လုပ်ပစ်တာကိုး...၊ ပစ်စာချတဲ့ကောင်ကို နင်သိတယ်။ သိလို့လည်း တစ်နည်းနည်းနဲ့ စည်းရုံး ပြီး ဒုတိယပစ်စာရေးခိုင်းပြိးတော့ နင့်အပေါ် သံသယကင်းအောင် ကြံစည်တယ်။ နင့်ကို ငါ ယုံကြည် လောက်ပြီဆိုတော့မှ အပိုင်ခုန်ထွက်သွားတော့တာပါလား...။ နင်...လူမဆန်ဘူး စန်းချို၊ နင်ဟာ တိရစ္ဆာန် တစ်ပိုင်း မိန်းမရိုင်းဖြစ်သွားပြီ။ ငါ့အသည်းကို ဟက်တက်ကွဲအောင် ခွဲတယ်။ သားတွေမျက်နှာ ငယ် ရအောင် အရှက်ခွဲ တယ်၊ အခြေကျ ခိုင်မာနေတဲ့ အိမ်ထောင်ရေးကို ဖြိုခွဲတယ်၊ နင်ဟာ ကမ်းကုန် အောင် ရက်စက် တဲ့ မိန်းမအဖျက်သမားကြီးပဲ... ဟူသော ဗျာပါဒ အတွေးများနှင့်အတူ သန်းဆိုင် တသိမ့်သိမ့် ရှိုက်နေတော့ သည်။

အိပ်ခန်းတွင်တော့... တူဝရီးသုံးယောက် စကားအုပ်အုပ်ပြောရင်း ပစ္စည်းတွေ မွှေနှောက်နေကြသံ၊ ဂျိုးဂျိုးဂျောက်ဂျောက်တွေ ထွက်ပေါ်လျက်ရှိ၏။ သေတ္တာကို ကြမ်းပြင်ပေါ်မှာ အလျင်စလို တရွတ်တိုက် ဆွဲသံ ကလည်း တဂျီးဂျီးမြည်သည်။ ဗီရိုဖွင့်သံ၊ ပိတ်သံ၊ ဗီရိုအ့ဆွဲဆောင့်ပိတ်သံတွေလည်း ဂျိန်းဂျိန်း ဒေါင်းဒေါင်း ညံနေကြလေ သည်။(၁၅) မိနစ်ခန့်ကြာတော့ သုံးယောက်သား ချွေးတလုံးလုံး မျက်နှာတွေ ခက်ထန် တင်းမာ လျက် ပြန်ထွက် လာကြ၏။

''လက်ဝတ်လက်စားတွေ ဘာတစ်ခုမှ မတွေ့တော့ဘူး၊ ပိုက်ဆံဆိုလို့လည်း ဈေးဆိုင်သေတ္တာကလေး ထဲ က ငွေနှစ်ထောင်ကျော် ပဲ ကျန်တော့တယ်၊ အဝတ်အစားတော့ များများပါမသွားဘူး၊ နောက်ဆုံးချုပ် တဲ့ အသစ် ၄/၅ စုံလောက်ပဲ ယူသွားပုံရတယ်၊ ခေါက်ထီးအသစ်ယူသွားတယ်။ မိတ်ကပ်တွေ နှုတ် ခမ်းနီတွေ လည်း လျော့နေတယ်၊ မစီးသေးဘဲ သိမ်းထားတဲ့ ဒေါက်ဖိနပ်အသစ် မရှိတော့ဘူး၊ လက်ကိုင်ပဝါတွေ လည်း အများကြီး ယူသွားပုံပဲ''
မိထူးက ဒေါသသံဖြင့် အစီရင်ခံနေသည်ကို သူငိုထားမှန်းသိမှာဆိုးသော သန်းဆိုင်က မျက်နှာကြီး ငုံ့လျက် နားထောင်ရင်း... တစ်အိမ်လုံးသာမယူသွားပါတော့ စန်းချိုရယ်... ဟု မြည်တမ်းခံစားမိရာမှ ကျယ်လောင် စွာ ရှိုက်ငင် လိုက် တော့၏။

''ငိုမနေပါနဲ့ အဖေရာ....၊ တစ်ချိန်ကျရင် အမေကောင်းကောင်းကြီးနောင်တရမှာပါ'' ဟု သားကြီးက မျက်ရည် ဝဲလျက် ပြောသောအခါ သားငယ်ကလည်း... ''အမေ့ကိုလိုက်ရှာကြမယ်ဗျာ၊ တော်ကြာ... လမ်းမှာ ရွှေတွေ ပိုက်ဆံတွေ လည်း အလုခံနေရဦးမယ်'' ဟု စိတ်မရှည်သောအသံကလေးဖြင့် ဝင်ပြော ပြန်သည်။
''ရဲစခန်းကို တိုင်ပါလားအစ်ကိုကြီး'' ဟု မိထူးက ပြောနေစဉ် သန်းဆိုင် စိတ်ဒုက္ခကြားကနေ ကျွဲမြီးတို လာ၏။ ''ကိုယ့်မိန်းမ လင်ငယ်နောက်လိုက်တာ ရဲသွားတိုင်မယ့်အစား ငါ့မျက်နှာကိုပဲ ဓားနဲ့ပြန်လှီးမယ်''

''ပြောနေကြာတယ် အဖေ၊ ကားဂိတ် တို့ ဈေးတို့ဘက်လိုက်ကြည့်ရအောင်'' ဟုဆိုပြီး သားကြီးက သူ့ဒူးတစ်ဖက် ကို လက်လှုပ်သောအခါ သန်းဆိုင် ခေါင်းခါသည်။
''အဖေ ခေါင်းတွေတအား ကိုက်နေတယ်၊ အဖေမလိုက်နိုင်ဘူး၊ သားတို့ညီအစ်ကိုနှစ်ယောက်ပဲ သွား ရှာကြကွာ...၊ တွေ့ရင် အဖေတက်ပြီး သတိလစ်သွားလို့ ဆရာဝန်တင်ဆန်းဦးကို ခေါ်ထားရတယ်လို့ ပြော၊ မင်းတို့သွားရင်... ဘေးဆီးရန်ကာ... အိမ်က ဝါးရင်းတုတ်တစ်ချောင်းစီ ကိုင်သွား၊ သားကြီး... ရုံးတွေဘာတွေ တိုင်မနေပါနဲ့ ကွာ၊ ကိုယ့်အထုပ်ကိုယ် ဖြေပြရာကျမယ်...၊ ကိုယ့်ပြဿနာကိုယ်ရှင်းတာ ကောင်းတယ်....၊ ဟင်း...ဒုက္ခ မှ အတုံးလိုက် အတစ်လိုက်ပါလားနော်''

သားကြီးနှင့် သားငယ်တို့ အဝတ်အစားအမြန်လဲ၊ လက်နှိပ်ဓာတ်မီးနှင့် ဝါးရင်းတုတ်တွေ ယူပြီး အိမ် ပေါ်မှ ဆင်းသွားကြသည်။ ခြံတံခါးဖျက်သံကြားရပြီးနောက်၊ အသံဗလံတွေ တိတ်ဆိတ်သွားတော့၏။ တိတ်ဆိတ်ငြိမ်သက်သွားခြင်းကြောင့် အားငယ်စိုးရွံ့စိတ်ဖြင့် ချောက်ချားတုန်လှုပ်လာကာ သန်းဆိုင် မှိတ်ထားသည့် မျက်လုံးတွေဖွင့်၍ မျက်နှာကို မော့လိုက်သည်။
မျက်နှာသုတ်ပဝါကို ကိုင်လျက် မျက်ရည်တွေ ရစ်ဝဲကာ၊ သူ့ရှေ့မျာ ရပ်ရင်း သူ့ကို စိုက်ကြည့်နေသော မိထူးကို တွေ့မြင်လိုက်ရလျှင် ရုတ်တရက်တော့ မိထူးကို အခုမှပဲ တွေ့ဖူးသလို ထင်ယောင်ခံစားမိ၏။ စစ်စစ်... မိထူးကိုစသိ ကတည်းက ယနေ့ထက်ထိ မိထူး မျက်ရည်ဝဲခြင်း ငိုယိုခြင်းတို့ကို သန်းဆိုင် မတွေ့ဖူးခဲ့ပါ။ ငယ်စဉ်က မိထူးအမှားအယွင်း တစ်ခုခုလုပ်မိ၍ စန်းချို လက်ဝါးကြမ်းကြီးဖြင့် နားထင် နားရင်းတွေ ''အုပ်''လျှင်လည်း မိထူးက ကြိတ်မှိတ်ခံတတ်သည်။ မညည်းတွား၊ အသံမထွက် မျက်ရည် မကျတတ်။ ယခု...မိထူး မျက်ရည်ဝဲကာ... ငိုလုလုဖြစ်နေပုံက... သန်းဆိုင်၏ရင်အုံကို ခပ်ဖွဖွထုနှက် လိုက် သလို ဖြစ် သွားလေသည်။

"အစ်ကိုကြီး... မျက်ရည်တွေသုတ်ပစ်လိုက်စမ်းပါ၊ ငိုမနေပါနဲ့တော့..." ဟုပြောရင်း မိထူးက မျက်နှာ သုတ်ပ၀ါ လှမ်းပေးစဉ် သန်းဆိုင်က သက်မကြီးဟည်းခနဲချရင်း မျက်နှာသုတ်ပ၀ါကို လှမ်းကိုင်သည်။ သူ့လက်တစ်ဖက် က မိထူး၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လျက်သားဖြစ်သွားပြီး လွှတ်လိုက်ရမည့် အစား...၊ ယောင်ယောင် ကန်းကန်း နှင့် ပို၍ တင်းစွာဆုပ်ထားလိုက်မိတော့သည်။ မိထူးကလည်း ရုန်း ဖယ်လိုက် ဖို့ မေ့နေ သယောင်ယောင်...။
"လူကြားလို့မှ ကောင်းကြသေးရဲ့လား မိထူးရာ… ဟင်...၊ ငါ့မျက်နှာကြီး ဘယ်မှာသွားထားရပါ့မလဲ... နင်တို့ လည်း မျက်နှာမပူကြဘဲနေမလား...၊ နင့်တူတွေဆို လူပျိုကလေးတွေ... အရမ်းရှက် ကြမှာပဲ... တော်တော် မိုက်ကန်းတဲ့မိန်းမ… ဟင်း-ဟင်း"

စိတ်မာန် တင်းသော်လည်း သန်းဆိုင်သည် ရင်ထဲမှာ ဆို့ပိတ်တင်းကျပ်လာပြီး အသံအက်ကြီးနှင့်သာ ငိုမိပြန် လေသည်။ သူ့လက်ကတော့နွေးနေသော မိထူးလက်ကို မလွှတ်။ မိထူးက မရုန်း။ မီးရောင်ဖြင့် မျက်ရည်တွေ ရွှဲစို တောက်လက်နေသော ပုံပန်းရွဲ့စောင်းနေသည့် မျက်နှာကြီးကိုသာ ပြူးကြောင် ကြောင် ငုံ့ကြည့်နေ ၏။
"ဒီပြသာနာကြီးနဲ့... ငါမျက်နှာပြောင်တိုက်ပြီး ဆိုင်မှာဘယ်လိုလုပ်ပြီး ကွမ်းယာထိုင်ရောင်းလို့ရမှာလဲ မိထူး ရယ်"
သန်းဆိုင် က မငိုမိအောင် အသက်ကိုတစ်ဝကြီးပြင်းပြင်းရှူသွင်းပြီး မျှင်း၍ မျှင်း၍ ပြန်ရှိုက်ထုတ်လိုက် သည်။ ထိုအချိန် မှာ မိထူးက သူမ၏ လက်ကိုဖြည်းညင်းစွာ ဆွဲထုတ်၏။

"ရွာမှာ အမေနေမကောင်းလို့ အစ်မကြီး ညတွင်းချင်း ရွာကိုလိုက်သွားရတယ်လို့ ပတ်ဝန်းကျင်ကို အသံလွှင့် ထားလိုက်မယ် အစ်ကိုကြီးသန်းဆိုင်"
ထုံပေပေ အူတူတူနှင့် ခယ်မအပျိုကြီး၏ လုံးဝန်းသော ဦးခေါင်းထဲ၌ ဤသို့သော ဖြတ်ထိုးဥာဏ်က လေးတွေ ရှိနေပါလား... ဟုတွေးပြီး သန်းဆိုင်က မိထူးကို စူးစူးရဲရဲမော့ကြည့်လိုက်သည်။ မိထူးက နောက်ဆုတ်ပြီး ရပ်၏။
"ဟိုစာ ထဲမှာပါတဲ့... ကုလားဒိန်နောက်လိုက်သွားတာပဲ ဖြစ်ရမယ်၊ ကုလားက လူပျိုမှန်း လူအိုမှန်း မသိ၊ အစ်မကြီးစန်းချို... ရူးများရူးသွားသလားမသိပေါင်တော်၊ အဖေသာ မသေသေးလို့ ဒီလိုသတင်းကြား ရင် အစ်မကြီး ကို ဓားနဲ့လာခုတ်သတ်မှာ၊ ဒီကိစ္စ ရွာက မသိအောင် ဖုံးဖိထားရဦးမယ် အစ်ကိုကြီး သန်းဆိုင်...၊ အစ်ကိုသာထူး က အဖေ့ထက် ဆယ်ပြန်ဆိုးမှာ...၊ သူကထောင်ကလွတ်တာ ဘာမှ မကြာသေး ဘူး၊ သူကြားရင် ဓားဆွဲပြီး အစ်မကြီး စန်းချို ကို မြေလှန်ရှာတော့မှာ..."

မိထူးတစ်ယောက်၊ ဤရွေ့ဤမျှ စကားတံရှည်ရှည်လေးအေးအေးနှင့်ပြေပြသည်ကို တစ်ခါမှ မကြားဖူး ခဲ့၍ သန်းဆိုင်တအံ့တသြနှင့် ငေးပြီးနားထောင်လျက်ရှိ၏။ မိထူးပေးသော မျက်နှာသုတ်ပ၀ါကြီးနှင့် လည်း မျက်ရည် ခြောက်သွေ့ပြီးဖြစ်သည့် သူ့မျက်နှာကို ထပ်တလဲလဲ ပွတ်နေသည်မှာ မျက်နှာအရေ ခွံတွေ ခွာရန်ကြိုးစားသည့်နှင့်ပင် တူနေလေ၏။
"သူ့ကိုသတ်ရင် သတ်တဲ့သူပဲ အပြစ်ဒဏ်ထိမှာ မိထူး၊ သူကျူးလွန်တဲ့ပြစ်မှုကတော့ ပပျောက်သွားမှာ မဟုတ် ဘူး"

"အင်း..."
"သင်းအဖြစ်က... ယောက်ျားနောက်လိုက်ပြေးတဲ့အဖြစ်တင်မကဘူး ရှိသမျှ ရွှေတွေခိုးသွားတယ်၊ ငွေ တွေ ယူသွားတယ်၊ လင်မယားအတူရှာတဲ့ ပစ္စည်းမို့ သူယူမယ်ဆိုရင် တစ်ဝက်ပဲယူသင့်တယ် မဟုတ် လား မိထူး"
"အင်း"
သန်းဆိုင် သည် မိထူးနှင့် တစ်ယောက်ချင်း ဤသို့စကားကြော ရှည်ရှည်ပြောဖူးခဲ့သည်မဟုတ်ပေ။ ယခု အချိန်တွင်ကား... သူသည် မိထူး၏ဆွဲဆောင်မှုကင်းမဲ့သော မျက်နှာကို စိုက်ကြည့်ရင်း၊ စကား ပြော လိုစိတ်တွေ ပြင်းထန်လှုပ်ခတ်နေသည်။ စကားပြောနေရခြင်း၌လည်း သာယာကြည်နူး သလိုလိုနှင့် သောကတွေ ကို မေ့လောနေတော့သည်။
သန်းဆိုင်က သူ့ညှိုးကို မိထူး၏ ရင်ညွှန်းဆီသို့ ချိန်ရွယ်လိုက်၏။
ဒီမယ်... မိထူး စဉ်းစားကြည့်စမ်း ပျိုပျိုရွယ်ရွယ်ဆိုရင်တော့ ထားပါတော့၊ စန်းချိုရဲ့အသက်အရွယ်ကို ဘယ်ယောက်ျားက မက်မောမှာတဲ့လဲ၊ ဘယ်ခွေးသူတောင်းစားက သစ္စာရှိရှိကြင်နာမြတ်နိုးမှာတဲ့လဲ... အဲ... သင်းတို့မက်မှာက စန်းချိုဝတ်ထားတဲ့ ရွှေတွေ၊ ဖောင်းကားနေတဲ့ စန်ချိုချိုင်းကြားက ပိုက်ဆ အိတ်ကြီး၊ ဒါတွေကိုပဲ မက်မှာ၊ အဲဒီရွှေတွေကို  ချူစားပြီးတာနဲ့ စန်းချိုကို စုတ်ပြီးသား ကြံဖတ်လို လွှင့် ပစ်လိုက်တော့မှာပေါ့ မိထူးရာ၊ မဟုတ်ဘူးလား...

"အင်း"
မိထူးသည် ကုလားထိုင်အလွတ်တွေရှိသော်လည်း ကုလားထိုင်ပေါ်မှာ မထိုင်တတ်သကဲ့သို့ နံရံကိုမှီပြီး ကြမ်းပေါ် မှာ ငုတ်တုတ်ထိုင်ကာ ဒူးတစ်ဖက်ပေါ် လက်တစ်ဖက်ထောက်၍ လက်ဝါးတစ်ဖက်ဖြင့် ထွက် ကျမတ် ငုံ့စိုက်ငေးကြည့်နေ၏။ မိထူးကိုကြည့်ရင်းသန်းဆိုင်မှာ စန်ချို၏ ရုပ်သွင်ကို တရစပ်မြင်ယောင် နေမိသည်။ ညီအစ်မ အရင်းပီပီ စန်းချိုနှင့်မိထူးတို့က ရုပ်သွင်သဏ္ဍာန် အတော်ဆင်သည်။ အရွယ် အစားအကြီးအသေးသာ ကွာ သည်။ ယခု အသက် (၃၀) အရွယ်မိထူးသည် စန်းချိုအသက် (၂၀) တုန်း က ကိုယ်လုံး အဆက်အပေါက် မျိုးပင်ဖြစ်သည်။
သန်းဆိုင် က မျက်ရည်မကျဘဲ...၊မျက်ရည်သတ်သကဲ့သို့ ပ၀ါဖြင့် မျက်လုံးတွေကို ခပ်ဖွဖွတို့နေလိုက် ပြန်သည်။

"အဟင်း... ဟင်း- မိုက်လိုက်တဲ့မိန်းမ မိုက်လိုက်တဲ့ မိန်းမ၊ ငါဒီလိုခြံခုန်ထွက်သွားရင် နောက်ပိုင်းက လူတွေ ဘယ်လိုဖြစ်ကျန်ရစ်ခဲ့ကြမယ်ဆိုတာကို မစဉ်းစားဘူး... ဒီပြသနာကြီးနဲက ဆိုင်မှာ ဘယ်လို ဈေးထိုင်ရောင်းရမှာ လည်း မိထူးရယ်...၊ ငါသိပ်ရှက်တယ်၊ ရှက်လွန်းလို့ သေ သေတောင် သေ-သေ လိုက်ချင်မိပါတာ..."
သန်းဆိုင် စကားလုံးတွေ ထစ်ငေါ့၊ အသံအက်၊ မျက်နှာကြီးက ငိုလုဆဲဆဲ မဲ့ရှုံ့လာသောအခါ၊ မိထူး လည်း ငိုနေရာ မှ ထရပ်သည်။ သန်းဆိုင်အနီးသို့ တိုးကပ်လာသည်။
အစ်ကိုကြီး သန်းဆိုင် မရောင်းချင် လည်း... နေမကောင်းလို့ဆိုပြီး အိမ်ပေါ်မှာပဲနေပါတော်...၊ ကျွန်မတို့ တူဝရီးတွေ တစ်လှည့်စီ ရောင်းမှာပေါ့၊ အစ်မကြီးစန်းချိုသူ့ဘာသာ ထွက်သွားတာ အရေး မကြီးဘူး၊ ဈေးရောင်းတော့ အပျက်ခံလို့မဖြစ်ဘူး...၊ ဆိုင်ကရနေတဲ့ ၀င်ငွေမျိုးတော်ရုံတန်ရုံ ရှာလို့ရနိုင်တာမှ မဟုတ် ဘဲ။

သန်းဆိုင်က မိထူးကို အလန့်တကြားမျက်လုံးတွေဖြင့်မော့ကြည့်ပြီး တစ်နေရာရာသို့ထသွားတော့မည် ဟန်မျိုး ထရပ် သည်။ ပြီးမှ မျက်နှာသုတ်ပ၀ါကို မိထူးပခုံးတစ်ဖက်ပေါ်လှမ်းတင်လိုက်ပြီး သွေ့ခြောက် ခြောက် ဆို့နစ်နှစ် အသံကြီးဖြင့်...
"မိထူး တို့ကောင်းမယ်ထင်သလိုသာ ကြည့်လုပ်ကြပါတော့ဟာ...၊ အစ်ကိုကြီးတော့ ခေါင်းမီးတောက် ပြီး ဘာကိုမှ စဉ်းစားလို့မရတော့ဘူး၊ ခေါင်းတင်မကဘူး၊ တစ်ကိုယ်လုံး မီးတောက်နေတာ... အံမယ် လေး နေရင်းထိုင်ရင်းရင်တောင်ပူလာသလိုပါလား မိထူးရယ်" ဟုပြောကာ ကုလားထိုင်ပေါ်သို့ လူမမာ ကြီး တစ်ဦးပမာ ယိုင်နဲ့နဲ့ ပြန်ထိုင်ချ၏။ စိတ်ထဲမှ ခံစားရသည်ကို နှုတ်ဖြင့် လိုသည်ထက်ပိုပြီး ဖွင့်ဟ လိုက်သော အခါ ဝေဒနာ တိုးပွားသွားသည့်နှယ်...သန်းဆိုင်မျက်ရည်ပေါက်ပေါက်ကျလာလေသည်။

မိထူး မျက်နှာသုတ်ပ၀ါလှမ်းပေးပြန်သည်။ သည်တစ်ခါလည်း သန်းဆိုင်က မိထူးလက်တစ်ဖက်ကို ဆုပ် ထားလိုက်ပြန်သည်။ လက်နှစ်ဖက်စလုံး တုန်ယင်နေကြမှန်း ကို နှစ်ယောက်စလုံး သတိပြုမိဟန်မရှိ။
"မိ..မိထူး၊ အစ်-အစ်ကိုကြီး သောက်-သောက်ရည် တစ်-တစ်ခွက်လောက်"
    ×××        ×××        ×××
ဆက်ရန်
.

No comments: