Wednesday, August 29, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၇)

ယခုတော့ သူမ မာနချပါပြီ။ သူမတွင် သားသမီးမရှိ။ အကယ်၍ သားသမီးရှိခဲ့လျှင် သူမအတွက်ရော လင်တော်မောင် အတွက်ရော ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ သူတို့ဇနီးမောင်နှံ တွင် အနည်းဆုံး ကလေးတစ်ယောက်သာရှိခဲ့လျှင် သူမ၏အချစ်ကို ခရစ္စအား မျှဝေ ပေးနိုင် လိမ့်မည်။ ခရစ္စအနေဖြင့် ယခုအချိန်တွင် တစ်ယောက်တည်း အိမ်တွင် အောင်းကာ အထီးကျန် ဖြစ်နေစရာမရှိ။ ကလေးနှင့် ကစားရင်း ပျော်ရွှင်ချမ်းမြေ့နေမည်မှာ မလွဲ။ ကို ဆက်ဖတ်ရန်..........

တကယ်လို့များ ငါ့မှာ ကလေးမွေးလာခဲ့ရင် ဘယ်လိုများ နေလိမ့်မလဲ။ ကလေးမွေးလာရင် ငါ့အလုပ်ကို စွန့်လွှတ်ရတော့မယ်။ ဟင့်အင်း… အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မစွန့်လွှတ်နိုင်ဘူး။ ဒါဆိုရင် ငါ့အနေ နဲ့ ကလေးအကြောင်း စိတ်ကူးထဲ လုံးဝထည့်စရာမလိုတော့ပါဘူး။
သူမ၏စိတ်ကူးသည် ခရစ္စဆီသို့ ရောက်သွားပြန်သည်။
ခရစ္စသည် လွန်ခဲ့သော သုံးလေးရက်အတွင်းတွင် သူ့ကိုယ်သူ မူမပျက်အောင် အထူးကြိုးစားပြီး ဟန် ဆောင်နေခဲ့သည်။ သည်အချက်ကိုတော့ သူမ သိသာလှသည်။
ခရစ္စက သူမ၏ခါတိုင်းနှင့်မတူ တစ်မူထူးခြားသော အမူအရာကို အကဲခတ်မိသည်။ ထို့ကြောင့်လည်း သူ စိတ်မချမ်းသာဖြစ်နေရသည်။
သူနှင့် ခွဲခွာလာခါနီးတွင် သူက သူမကိုဖက်ပြီး ပြောခဲ့သေးသည်။

"လော်ရာ… ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကိုသာ ငါ ချစ်ပါတယ်ကွယ်။ အခုလည်း ချစ်လျက်ပါ။ နောက်ကိုလည်း တစ်သက်လုံး ချစ်သွားမှာပါ။ ယုံပါ အချစ်ရယ်"
သူက ယင်းသို့ပြောပြီး သူမကို အားပါးတရ နမ်းလိုက်သည်။
သူ့အနမ်းသည် သူမ မျက်နှာပေါ်တွင် ယခုတိုင် နွေးထွေးလျက်ပင် ရှိသေးသည်။
သူမ၏ဦးနှောက်ထဲ အသိတစ်ခု ရုတ်ခြင်း ဝင်လာသည်။
တကယ်တော့… ခရစ္စသည် လုံးဝမပြောင်းလဲ။ ပြောင်းလဲတာက သူမသာဖြစ်သည်။
ခရစ္စအကြောင်းကို သူမ အကြွင်းမရှိ အလုံးစုံမသိတာကတော့ အမှန်။ ခရစ္စသည် သူမနှင့် ပေါင်းသင်း လာခဲ့သော ကာလတစ်လျှောက်လုံး လျှို့ဝှက်ချက်ကြီး တစ်ရပ်ကို သူ့ရင်ထဲ၌ မျိုသိပ်ထားခဲ့သည်။ ယင်းလျှို့ဝှက်ချက် ကို သူက သူမအား ထုတ်ဖော်မပြောဘဲ နေခဲ့သော်လည်း လျှို့ဝှက်ချက်ကတော့ အမြဲတမ်း ရှိနေခဲ့သည်ပင်။ သို့ပေမဲ့ သူမသည် သူ့အား တစ်လျှောက်လုံးချစ်လာခဲ့သည်။ သို့ဖြစ်လျှင် ယခုအချိန်တွင်ကော သူမက သူ့အား ဆက်လက်၍ ချစ်မြဲတိုင်း မချစ်နိုင်တော့ဘူးလား။

ဤမေးခွန်းကို သူမကိုယ်သူမ အရဲစွန့်၍ အတင်းမေးကြည့်သည်။ အဖြေက ထွက်မလာ။ သူမ အဖြေ ရှာမရ။
သူမသည် ၂၄ နာရီလုံးလုံး အာကာသထဲတွင် လွင့်မျောလျက်ရှိသည်။ သူမ စီးနင်းလိုက်ပါလာသော ဂျက်လေယာဉ်ကြီးသည် တစ်နည်းအားဖြင့် သူမနှင့် တူညီနေသည်။
ဖြူဖွေးနေသော တိမ်လွှာများအောက်မှ ပထဝီမြေပြင်ကို လုံးဝမမြင်ရ။ တစ်ခါတစ်ရံ သမုဒ္ဒရာရေပြင် ကျယ်ကြီးကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်လိုက်ရသည်။ အောက်ဘက်မှ ရေပြာပြာသည် အထက်မှ ကောင်း ကင်ပြာပြာနှင့် လိုက်ဖက် ဟပ်မိနေသည်။
လေယာဉ်ပေါ်ရောက်နေသော သူမ၏အခြေအနေမှာ ဘာမှထူးခြားမှု မရှိ။ ပုံမှန်သံသရာထဲတွင် လည် နေသည်။

လေယာဉ်ခရီးသည်များအား အစားအစာမျိုးစုံကို အလျှံပယ်ကျွေးမွေးသော်လည်း သူမကတော့ စား သည်ဆိုရုံမျှ တို့ကနန်း ဆိတ်ကနန်းသာ စားသည်။ ကောက်တေးလ် အရက်တစ်ခွက် နှစ်ခွက် သောက် သည်။ ညစာ စားပြီးတော့ ကော်ဖီနှင့် အစာပိတ်အရက် အနည်းငယ် သောက်သည်။
ကောင်းကင်တစ်ခွင် တစ်ပြင်တွင် မှောင်ရိပ်သမ်းလာသောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်သည်။ နံနက် အရုဏ်တက် ရောင်နီလာသောအခါ အိပ်ရာမှ နိုးလာသည်။
ပြီးတော့… ရေမိုးချိုးသည်။ ဖြူရော်ဖျော့တော့နေသော မျက်နှာကို မိတ်ကပ်ခြယ်သည်။ ပွသရောင်းထ နေသော ဆံပင် ကို ဖြီးသင်သည်။
တစ်ချိန်လုံးတွင် သူမက တစ်ယောက်တည်းဖြစ်နေသည်။ တခြားခရီးဖော်များနှင့် ကင်းကွာနေသည်။ သူမ၏ လှုပ်ရှားမှုမှန်သမျှ သည်လည်း စက်ရုပ်တစ်ရုပ်၏လှုပ်ရှားမှုမျိုးသာ ဖြစ်နေသည်။
တခြားခရီးဖော် တစ်ဦးဦးက ပြုံးပြလျှင် သူမကလည်း ပြုံးပြသည်။ စကားစမြည် ပြော၍ မိတ်ဆက်လာ လျှင် လည်း တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောသည်။
သူမသည် ဘယ်နေရာမှမှ မရှိ။ ဘယ်သူမှ မဟုတ်။ ဘာမှ မဟုတ်။

သူမအဖို့ အတိတ်လည်း မရှိ။ အနာဂတ်လည်း မရှိတော့။ အတိတ်ကာလမှာ စိတ်ကူးယဉ် ကမ္ဘာထဲ တွင် မျောပါသွားခဲ့ပြီ။ အနာဂတ်ကာလကိုလည်း ဘယ်လိုမှ ခန့်မှန်း၍မရ။
အိမ်ကို ပြန်မသွားတော့ဘဲ ဦးတည့်ရာကို ထွက်ပြေးသွားရ ကောင်းမလား။ သည်ဘဝသည်မျှနဲ့ပဲ ဇာတ် မြှုပ်လိုက်ရကောင်းမလား၊ ဟင့်အင်း… ဟင့်အင်း… ဒီလိုလုပ်လို့လည်း မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ ငါ သွားရမယ့် လမ်းက စီမံကခန်းချပြီးသား။ စီမံကိန်းအတိုင်း အဆုံးရောက်အောင် ဆက်သွားရမှာက ငါ့တာဝန်…။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သူမ ရောက်ခဲ့ပြီ။ သူမ၏ပတ်ဝန်းကျင်တွင် ဆံပင်နက်နက်။ မျက်လုံးနက် နက်ဖြင့် အသားအရောင် တစ်မျိုးတည်းသာရှိသော လူတွေကိုသာ မြင်တွေ့နေရသည်။ သူမ မကြားဖူး သော ဘာသာစကားနှင့် မကြားဖူးသော အသံဗလံများကိုသာ ကြားနေရသည်။
သို့သော် သူမမှာ ခရီးလမ်းညွှန်ပါလာသည်။ ခရစ္စက အဆင်သင့်စီစဉ်ပေးလိုက်သည်။ တည်းခိုရမည့် ဟိုတယ် နာမည်နှင့် လမ်းနာမည်အပြင် အကောက်ခွန်ကိစ္စ ရှင်းလင်းပြီးနောက် ဟိုတယ်သို့ ဘယ်လို သွားရမည်ဆိုသော လမ်းညွှန်ချက်များ အပြည့်အစုံပါလာသည်။
လူငယ် အကောက်ခွန်အရာရှိ၏ အင်္ဂလိပ်စကားပြောသံ ကြားလိုက်ရတော့ သူမ အလွန်ဝမ်းသာ သွားမိ သည်။

"မဒမ်က ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ ခင်ဗျ" "အတိအကျတော့ မပြောတတ်သေးပါဘူး"
"အနည်းဆုံး နှစ်ပတ်လောက် ဆိုပါတော့" "ဟုတ်ကဲ့။ အဲဒီထက်တော့ မပိုနိုင်ပါဘူး" "နှစ်ပတ်ထက် ပိုနေမယ်ဆိုရင်တော့ သက်ဆိုင်ရာက ခွင့်တောင်းရလိမ့်မယ် ခင်ဗျာ့" "နှစ်ပတ်ထက်တော့ ပိုမယ် မထင်ပါဘူး"
အကောက်ခွန်အရာရှိက ပြုံးပြသည်။ သူ့သွားတွေက ညီညာဖြူဖွေးနေသည်။ "ဒီမှာက ကြည့်စရာ ရှုစရာ အလှအပတွေ အများကြီးရှိပါတယ် မဒမ်။ ရက်ကြာကြာ နေနိုင်လေ ကောင်း လေ ပါပဲ" သူမ မပြုံးခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီ။ သို့သော်… ယခုတော့ သူမ ပြုံးလိုက်ပါပြီ။ အကောက်ခွန် အရာရှိကလေး၏အပြုံးကလည်း  ရင်းနှီးလှိုက်လှဲသော အပြုံးမျိုး။ "ဟုတ်ကဲ့။ အများကြီး ကျေးဇူးတင် ပါတယ်ရှင်" သူမကလည်း တကယ်ပင် လှိုက်လှဲဝမ်းသာ တုံ့ပြန်လိုက်မိသည်။

ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် စိတ်ကို ငြိမ်အောင်တော့ အစွမ်းကုန်ထိန်းထားရမည်။ စိတ်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက် လျှင် ဘယ်အခက်အခဲ မျိုးကို မဆို ကျော်လွှားနိုင်လိမ့်မည်။
ဟိုတယ်သို့ သွားရန် အငှားကားတစ်စီးခေါ်လိုက်သည်။ အငှားကားက ဂျစ်ကားဟောင်း။ ဘေးပတ် လည်နှင့် အမိုးများ ကို သံဖြူပြားကပ်ပြီး သံနှင့် ရိုက်ထားသည်။ သို့သော် ကားဖြစ်လျှင်တော်ပြီ။ စီးလို့ ဖြစ်လျှင် လုံလောက်ပြီ။
ဒရိုင်ဘာ က လူငယ်၊ ဖာထေးရာအပြည့်နှင့် မွဲခြောက်ခြောက် အရောင်ဖျင်ကြမ်း ဝတ်စုံဟောင်းကို ဝတ် ထားသည်။ အင်္ဂလိပ်စကား မပြောတတ်။ သို့ပေမဲ့ သွက်သွက်လက်လက်ရှိပြီး ဖော်ရွေရွှင်ပျသည်။
သူက ဟိုတယ်နာမည်ကိုလည်း ချက်ချင်း မှတ်မိသည်။ ကားမောင်းလာခဲ့သည်မှာ သိပ်မကြာသေး ဟု တွေးမိသည့် အချိန် မှာပင် တုံ့ခနဲ ကားရပ်သွားသည်။
ဒရိုင်ဘာလူငယ် က ကားပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းပြီး အထုပ်နှစ်ထုပ်ကိုဆွဲချကာ ဟိုတယ်ဘက်သို့ လှမ်း အော် လိုက်သည်။

ဟိုတယ်ထဲမှ ပေါ်တာ အလုပ်သမားတစ်ယောက် ပြေးထွက်လာသည်။ သူက ဒရိုင်ဘာလက်မှ ပစ္စည်း များကို လှမ်းယူလိုက်သည်။ ပြီးနောက် လော်ရာက ဒရိုင်ဘာအား ကားခ ရှင်းပေးနေသည်ကို ရပ်စောင့် နေသည်။ ဒရိုင်ဘာ က သူ့လက်ညှိုးကောက်ကောက်ဖြင့် အကြွေတွေကို ကူညီရေတွက်ပေးသည်။
ဒရိုင်ဘာက သူ့သွားဖြူဖြူတွေကို ပြုံး၍ပြပြီး ကားပေါ်သို့ လွှားခနဲတစ်စောင်း ခုန်တက်ကာ လူတွေပြည့် ကျပ်နေသော လမ်း အတိုင်း ပြန်လည်မောင်းထွက်သွားသည်။ သည့်နောက်မှာ… လော်ရာက ဟိုတယ်ထဲသို့ ဝင်လာခဲ့သည်။

ခရစ္စက သူမထက် စော၍ရောက်နှင့်ပြီ။ ဧည့်ခန်းစားပွဲပေါ်တွင် သံကြိုးစာတစ်စောင် အဆင်သင့် ရောက်နေ သည်။ ဟိုတယ်စာရေးက သူမနာမည်ကို ကြိုသိထားပြီ။ "အခန်းထဲမှာ ပန်းတွေလည်း အဆင် သင့် ရောက်နေပါပြီ… မဒမ်" ဟိုတယ်စာရေးက သတင်းပေးသည်။

ပန်းဆိုသည်နှင့် ခရစ္စအား ချက်ချင်း သတိရလိုက်မိပြန်သည်။
သံကြိုးစာကို လက်ထဲတွင်ကိုင်ကာ ဟိုတယ်စာရေး နော်ကမှ သွက်လက် ရွှင်မြူးစွာဖြင့် လိုက်ခဲ့သည်။
တကယ်ပါပဲ။ အခန်းထဲတွင် ရောင်စုံပန်း တစ်စည်း အဆင်သင့်ရောက်နေသည်။

သူမက ဟိုတယ်လုလင်အား "လက်ဖက်ရည်ဖိုး" ပေးပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည်။ ပြီး တော့မှ သံကြိုးစာအိတ် ဖွင့်ဖောက်လိုက်သည်။

    ငါဟာ မင်းနဲ့အတူ ရှိနေပါတယ်… လော်ရာ။
    ငါဟာ မင်းနဲ့အတူ နေ့ရောညပါ ရှိနေပါတယ်။
မင်းကိုချစ်သော
ခရစ္စ

ရင်ထဲတွင် သိမ့်ခနဲ ခံစားလိုက်ရပြီး မျက်ရည်တွေ သွန်ကျလာကြသည်။ သူမ တသိမ့်သိမ့် ငိုနေမိပြီ။ ယခင်က ဘယ်တော့မ မငိုခဲ့ဖူးသော မိန်းမ… ယခု ငိုနေမိပါပြီ။
မျက်ရည်များနှင့်အတူ ရင်ထဲတွင် တင်းကျပ်နေသော နာကျင်မှုတွေ မျောပါသွားသလို ခံစားလိုက်ရ သည်။
ခရစ္စဟာ ငါ့ကို တကယ်ချစ်တာပါကလား။ သူဟာ တစ်ချိန်လုံး ငါ့ကိုပဲ သတိရနေပါကလား။ ငါဟာ တစ်နိုင်ငံတစ်ပြည်ခြားရောက်နေပေမဲ့ အားငယ်စရာ မရှိတော့ဘူး။ ငါနဲ့အတူ ခရစ္စလည်း ရှိနေပြီပဲ…။
သူမ ရပ်ဝေးမြေခြားသို့ရောက်ရှိနေသော်လည်း သူမ၏အိမ်ကို လှမ်းမြင်နေရသည်။ ခရစ္စ စားပွဲတွင် ထိုင်နေသည် ကိုမြင်ရသည်။ ခရစ္စတစ်ယောက်တည်း အဖော်မဲ့စွာ ထိုင်နေသည်။ သူမ မရှိ၍ သူ အောက်မေ့နေသည်။

သြော်… ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ဂေဟာဆိုတာ သီရိဂေဟာပါကလား။ အဖိုးမဖြတ်နိုင်သော အိမ်ဂေ ဟာပါကလား။ အို… ထာဝရ ဘုရားသခင်… အဖိုးမဖြတ်နိုင်အောင် ကျက်သရေအပေါင်းနဲ့ ပြည့်စုံသော အိမ်ဂေဟာ ကို မှီတင်းနေထိုင်သူ လူသားတွေရဲ့အားနည်းမှု၊ မိုက်မဲမှုကြောင့် ဘယ်တော့မှ ဖျက်ဆီးလို့ မရနိုင်ပါစေနဲ့ … ဘုရားသခင်။
သူမ စိတ်ရှည်ရမည်။ သည်းခံရမယ်။ ခွင့်လွှတ်ရမည်။ ခွင့်မလွှတ်ခြင်းသည် သောကစိတ်ကို ပွားစေ သည်။ ထို့ကြောင့် သူမ ခွင့်လွှတ်ရမည်။ သူမ အိုးမကွာ အိမ်မကွာစေရန် ခွင့်လွှတ်ရမည်။ အိုးကွာအိမ် ကွာ ဖြစ်ခြင်း သည် အထီးကျန်ဘဝကို ရောက်ခြင်းပင်ဖြစ်သည်။ အထီးကျန် ဘဝရောက်လျှင် လူတစ် ယောက်အဖို့ ဘဝပျက်ခြင်း ပင်ဖြစ်သည်။

တောင်ထိပ်ပေါ်တွင် မေးတင်၍ ထွက်ပြူလာသော အရုဏ်ဦး အလင်းရောင်ကြောင့် သူမ အိပ်ရာ မှ နိုးလာခဲ့သည်။
မနေ့ညက မြို့တွင်း လမ်းများကိုသာ တွေ့မြင်ခဲ့ရသည်။ ယခုမူ အိပ်ရာမှထ၍ ပြတင်းပေါက်တွင် သွား ရပ်သော အခါ မြို့တော်တစ်ခွင် တစ်ပြင်လုံးကို မြင်ကွင်းကျယ် မြင်တွေ့ရသည်။
တောင်ကြားချိုင့်ဝှမ်းကြီးထဲတွင် ခေတ်မီအိုးအိမ်တိုက်တာများနှင့် အိမ်အိုအိမ်ဟောင်းများ ရောပြွမ်းပြွတ် သိပ် စုပြုံနေကြ သည်။ တောင်များပေါ်တွင် သစ်ကြီးဝါးကြီးတွေ မရှိ။ တောင်ရိုးကျောကုန်းကြီးတွေ ပြိုင်းပြိုင်းပေါ်နေသော ကျောက်တောင်ကြီး များ ဖြစ်သည်။ တောင်ခြေတွင် ခရမ်းရောင်အရိပ်များ ထိုး နေပြီး တောင်ထိပ် များပေါ်တွင်တော့ ရွှေရောင် ဝင်းလျက်ရှိသည်။ ရှုမော အံ့မခန်းစရာ အလှတစ်မျိုးပါ ပင်။

ဒါပေမဲ့ စစ်သားကလေး ခရစ္စအနေနဲ့ တက်ရောက်တိုက်ခိုက်ခဲ့ရသော ဒီကျောက်တောင် ကျောက်ကမ်း ပါးကြီးတွေ ပဲပေါ့။ သူ့ခမျာ ဘယ်လောက်များ ပင်ပန်းရှာလိမ့်မလဲ။ ဘယ်လောက်များ စိတ်ပျက်ရှာလိမ့် မလဲ။ ငါ ဘာကြောင့် စစ်တိုက် နေရပါလိမ့် ဆိုတာကိုလည်း မသိ။ အိမ်ကို အောက်မေ့စိတ်ကလည်း အမြဲတမ်းဖြစ်ပေါ်နေ တဲ့ စစ်သားကလေးတစ်ယောက်အနေနဲ့ ဒီကျောက်တောင်ကြီးတွေကို နေပူမိုးရွာ မရှောင်တက်ပြီး သေမင်းကို လိုက်ရှာနေကြရတာ ဘယ်လောက်များ စိတ်ဆင်းရဲရှာလိမ့်မလဲ…။ သူမ၏ရင်တွင် စာနာသနားခြင်း လှိုင်းတံပိုး သည် အရှိန်ပြင်းစွာ ရိုက်ခတ်လာသည်။

သူသည် သည်အကြောင်းတွေကို သူမအား ပုံပြင်ပမာ စီကာပတ်ကုံး ပြောပြခဲ့သည်။ သူမကလည်း ကိုယ်တိုင် ခံစားရ သလို ညီတူညီမျှ ခံစားခဲ့ရသည်။
သို့သော် သူက ဆွန်ယာအကြောင်းကိုတော့ တစ်ခွန်းတစ်ပါဒမျှ မပြောပြခဲ့။ ကိုရီးယားမှ မမျှော်လင့်ဘဲ စာတစ်စောင် ရောက် လာတော့မှပင် ဆွန်ယာ့အကြောင်းကို သူမ သိခဲ့ရတော့သည်။
သည်အကြောင်း ကို တွေးမိပြန်တော့လည်း သူမ၏ရင်သည် ဆို့ကျပ်လာသည်။ အသက်မရှူနိုင်အောင် ဖြစ် လာမိသည်။ နောက်တစ်နာရီခန့်အကြာတွင် သူမသည် ဟိုတယ်လှေကားကျယ်ကြီးအတိုင်း အောက်ထပ်သို့ ဆင်း လာခဲ့သည်။ ဆောင်ကူး ဝရန်တာခန်းကို ဖြတ်ကာ နံနက်စာစားရန် စားသောက်ခန်းမကြီးထဲသို့ဝင်လာ ခဲ့သည်။

တစ်ခန်းလုံး လူတွေနှင့် ပြည့်ကျပ်နေသည်။ အများစုမှာ အမေရိကန်လူမျိုးတွေ ဖြစ်နေသည်။ အနောက်တိုင်း ဝတ်စုံ ဝတ်ထားသော ကိုရီးယားတိုင်းရင်းသားများကမူ မဆိုစလောက်သာ တွေ့ရ သည်။
သူမသည် တံခါးဝတွင် ထိုင်ခုံလပ်ရှိမရှိ ဝေ့ကြည့်လိုက်သည်။ ပန်းဥယျာဉ်ဘက်သို့ ဖွင့်ထားသော တံခါး ပေါက် အနီးရှိ နှစ်ယောက်စားပွဲတွင် ထိုင်ခုံနေရာ လပ်နေသည်ကို တွေ့ရသည်။
စားပွဲတွင် ထိုင်နေသူက ကိုရီးယား အမျိုးသား။ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်း အရွယ်။ ဖြူရော်ရော် သူ့မျက်နှာ က ခံ့ညားတည်ကြည်သော အသွင်ရှိသည်။ လော်ရာအနီးသို့ စားပွဲထိုး ရောက်လာသည်။

"ဝမ်းနည်းပါတယ်… မဒမ်။ လောလောဆယ်တော့ နေရာလပ် မရှိသေးပါဘူး" စားပွဲထိုး က တောင်းပန်စကား ဆိုသည်။  လော်ရာက ထိုင်ခုံဆီသို့ မေးထိုးပြရင်း… "ကျွန်မ ဟိုနေရာမှာ ထိုင်လို့ရမလား"
စားပွဲထိုး က ချက်ချင်း ပြန်မဖြေဘဲ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ပြီးတော့မှ… စားပွဲမှ ထိုင်နေသော အမျိုးသားထံ သို့ လျှောက်သွားပြီး စကားပြော သည်။ ထိုသူက အံ့သြသွားဟန်ဖြင့် မျက်နှာမော်ကြည့် သည်။ လော်ရာ့ ကို မြင်တော့ ထိုင်ရာ မှ ထရပ်လိုက်သည်။
"ထိုင်နိုင်ပါ တယ် ခင်ဗျား" သူက လော်ရာ့အား တလေးတစား ဖိတ်ခေါ်သည်။

"ကျေးဇူးတင်ပါတယ်ရှင်" ဟု လော်ရာက ပြောပြီး ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
ထိုနေ့ နံနက်စာ မှာလိုက်သည်။ ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်လိုက်တော့ ပန်းဥယျာဉ်ကို လှမ်း မြင်ရ သည်။ ဥယျာဉ်က ကျောက်တုံးဥယျာဉ်။ ကျောက်တုံးတွေ ကြားထဲတွင် သဲဖြူမြေလွှာတွေ ရှိ သည်။ မြေလွှာ များပေါ်တွင် ရောင်မျိုးစုံပန်းတွေ ဖူးပွင့်နေကြသည်။ ပန်းနွယ်များက ကျောက်တုံးတွေ ပေါ် တွားတက်နေကြ သည်။ ပင်စည်ကောက်နေသော သစ်ပင်ကြီး တစ်ပင်က ရေကန်ဘက်သို့ ကိုင်း ညွှတ်နေသည်။
သူမ သည် နံနက်ခင်း၏လှပသော မြင်ကွင်းကို ကြည့်နေသော်လည်း စိတ်ထဲကတော့ သူမနှင့် တစ်စား ပွဲတည်း ထိုင်နေ သည့် အရပ်ရှည်ရှည်နှင့် လူကို သတိရနေသည်။ သို့သော် သူမက စကားတော့မပြော။
ခဏအကြာ တွင် ထိုသူကပင် စတင်နှုတ်ဆက်သည်။ သူ့အင်္ဂလိပ်စကားက ကောင်းလွန်းလှသည်။

"ကျွန်တော် မိတ်ဆက်ပါရစေလား ခင်ဗျား" သူက မှတ်စုသားရေအိတ်ကလေးကို ထုတ်ကာ ကတ်ပြားကလေး တစ်ခု ဆွဲထုတ်လိုက်ပြီး လော်ရာရှေ့ မှ စားပွဲပေါ်တွင် တင်လိုက်သည်။ သူမက ကတ်ပေါ်မှနာမည်ကို အသံထွက် ၍ ဖတ်လိုက်သည်။
"မစ္စတာချိုယုရင်" "ဟုတ်ပါတယ် ခင်ဗျား" သူက ပြုံးပြီး ပြောသည်။
"ကုန်သည် တစ်ယောက်ပါ။ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းပါ။ ကျွန်တော်ပိုင် ကုမ္ပဏီရှိပါတယ်"
လော်ရာက သူ့မျက်နှာ ကို စေ့စေ့ကြည့်လိုက်သည်။ အကြင်နာတရားရှိသော မျက်နှာရိပ် ပေါ်လွင်နေ သည်။

"မင်္ဂလာ နံနက်ခင်းပါ… မစ္စတာချို"
မစ္စတာချိုက ဦးညွှတ်လိုက်ပြီ…
"တစ်ယောက်တည်း ခရီးထွက်လာတာပါလား… မဒမ်"
"ဟုတ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပါ"
"တော်တော်ကြာမယ် ထင်ပါရဲ့"
"သိပ်ကြာမယ် မထင်ပါဘူး၊ ကျွန်မကို တလွဲမထင်ပါနဲ့ရှင်။ ကျွန်မဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပဲ အိမ်ကို သိပ်ကိုပြန်ချင်နေလို့ပါ။ ဒါကြောင့်မို့ ကျွန်မအနေ နဲ့ ရှုခင်းသာတွေ လိုက်ကြည့်နေဖို့ အချိန်မရပါ ဘူး။ ဒီလိုပြော ရတာ ကျွန်မ တောင်းပန်ပါတယ်။ တကယ်တော့ ကျွန်မ ဒီမှာ သုံးလေးရက်လောက်ပဲ နေနိုင်မှာ မို့လို့ပါ"
မစ္စတာချိုနှင့် စကားပြောရသည် မှာ သက်တောင့်သက်သာရှိသည်။ စိတ်ချယုံကြည်ခြင်းလည်း ဖြစ်မိ သည်။

မစ္စတာချိုက လက်ထဲမှ ဇွန်းနှင့် ခက်ရင်းကို ပန်းကန်ပြားပေါ် ပြန်ချလိုက်သည်။ သူ စားနေတာက အမေရိကန် နံနက်စာ။ ဝက်ပေါင်ခြောက်၊ ကြက်ဥဟပ်ဘွိုင်၊ ပေါက်မုန့်မီးကင်၊ ကော်ဖီနှင့် သစ်သီးစုံ။
"ကျွန်တော့် စကားမှားရင် ခွင့်လွှတ်စေချင်ပါတယ် ခင်ဗျား။ ကျွန်တော်က မဆိုင်တာ စပ်စုတာတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့… ကျွန်တော့်တစ်သက် မမေ့နိုင်တဲ့ ကိစ္စမို့ ကြုံတုန်းရင်ဖွင့်ရတာပါ။ ကျွန်တော် ဟာ မဒမ်တို့နိုင်ငံ မှာ ကျောင်းသားဘဝနဲ့ တော်တော်ကြာကြာ နေခဲ့ဖူးပါတယ်။ ပျော်လည်း အလွန်ပျော် ခဲ့ရပါတယ်။ ၁၉၃၅ ခုနှစ်တုန်းက ယေးတက္ကသိုလ် ကျောင်းသားဘဝနဲ့ပါ။ အခုလည်း စီးပွားရေးကိစ္စနဲ့ ပတ်သက်လို့ တစ်နှစ်တစ်ခေါက် ဆိုသလို မပြတ်ရောက်ပါတယ်။ ကျွန်တော့်ကုမ္ပဏီက မဒမ်တို့နိုင်ငံက ထိပ်တန်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ နဲ့ ဆက်သွယ်လုပ်ကိုင်နေပါတယ်။ အမေရိကားကို သွားလည်ရတာ ကျွန်တော် အလွန်ပျော် ပါတယ်။ မဒမ်တို့ လူမျိုးတွေကလည်း အလွန်ဧည့်ဝတ်ကျေပွန် ပါတယ်"
သူက စကားဖြတ်၍ ဆက်ပြောသည်။

"ဒါနဲ့… မဒမ် အခု ကိုရီးယားကို လာတာ ပထမအခေါက်ပဲလား ခင်ဗျား"
"ဟုတ်ပါတယ်။ ပထမအခေါက်ပါ" မစ္စတာချိုက စကားပြတ်သွားပြန်သည်။ လော်ရာက သူ့မျက်နှာ ကို စေ့စေ့ကြည့်နေသည်။ သူ့မျက်လုံး များက နက်မှောင်နေသည်။ မေးခွန်းထုတ်နေသော မျက်လုံးများ…။
သို့သော် လော်ရာက ဘာမှမပြောဘဲ ငြိမ်နေသည်။ စားပွဲထိုးက လိမ္မော်ရည်၊ ကော်ဖီ၊ ကြက်ဥနှင့် ပေါင် မုန့်မီးကင် များ လာချသည်။ စားပွဲထိုး ပြန်ထွက်သွားတော့မှ မစ္စတာချိုက ဆက်ပြောပြန်သည်။

"ကျွန်တော် တစ်ခုခု မှားသွားရင် ခွင့်လွှတ်ပါ မဒမ်။ အမေရိကန်နိုင်ငံက ကျွန်တော့်အပေါ် အများကြီး ဧည့်ဝတ်ကျေပွန် လိုက်ပေမဲ့ ကျွန်တော်ဘက်က ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေး အလွန်ရခဲပါတယ်။ ဒါကြောင့် မို့လို့ မဒမ် အနေနဲ့ ဒီနိုင်ငံမှာ လိုအပ်တဲ့ အကူအညီရှိရင် အားမနာပါနဲ့။ ပြောသော ပြောပါ။ ကျွန်တော် တတ်နိုင်တဲ့ ဘက်က ကူညီပါရစေ။ မဒမ်ကို ကျွန်တော် ဇနီးနဲ့ မိတ်ဆက်ပေးခွင့်ရရင် သိပ် ကောင်းမှာပဲလို့ ကျွန်တော် တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးက မနှစ်ကပဲ ဆုံးသွားရှာပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ ဒီဟိုတယ်မှာပဲ တစ်ယောက်တည်း အခန်းငှားနေပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့မှ တောက အိမ်ကိုပြန် ပါတယ်။ အိမ်မှာ ကျွန်တော့်အမေ နေပါတယ်။ ကျွန်တော့်သားကတော့ ကျွန်တော် တက်ခဲ့ တဲ့ ယေးတက္ကသိုလ် မှာပဲ တက်နေပါတယ်။ ကျွန်တော့်မှာ အဲဒီသားတစ်ယောက်ပဲ ရှိပါတယ်"

လော်ရာက မစ္စတာချိုအား အကဲခတ်ရင်း စိတ်ဝင်စားစွာ နားထောင်သည်။ မစ္စတာချိုသည် ရုပ်ရည် ချောမော သလောက် လေးစားခင်မင်စရာ ကောင်းလှသော လူကြီးလူကောင်း တစ်ယောက်ဟု သဘော ပိုက်မိသည်။
သူက အရပ်လည်း ရှည်သည်။ ဝတ်ထားသော ဝတ်စုံကလည်း အင်္ဂလန်ချုပ် မီးခိုးရောင် အကောင်းစား ဝတ်စုံ။ ဆံပင်က နားသယ် နှစ်ဖက်တွင် နည်းနည်းပါးပါး အဖြူရောင်သမ်းစပြုနေသည်မှတစ်ပါး နက် မှောင်နေသည်။ မျက်လုံးကလည်း အနက်ရောင်။ မျက်လုံးအရောင်က လွဲလျှင် သူ့ကို အီတာလျံတစ် ယောက်။ သို့မဟုတ် စပိန်တစ်ယောက်ဟုထင်နိုင်စရာရှိသည်။ သို့သော် သူ့မျက်လုံးတွေက အာရှတိုက် သား မျက်လုံးများ။
ဘယ်လိုပင်ဖြစ်ဖြစ် သူ့ကြည့်ရသည်မှာ ပွင့်လင်းသည်။ သိက္ခာရှိသည်။ လေးစားစရာ ကောင်းသည်။

ထို့ကြောင့်… လော်ရာက သူမ၏လက်ကိုင်အိတ်ကို အလိုအလျောက် ဖွင့်မိလျက်သား ဖြစ်သွားသည်။
သူမက ကတ်ပြား ကလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ကတ်ပြာလေးပေါ်တွင် ဆွန်ယာ၏နေရပ် လိပ်စာကို ခရစ္စက ရေးပေးလိုက် သည်။ "ဒီလိပ်စာ ဘယ်မှာရှိပါသလဲ။ ကျေးဇူးပြုပြီး ကြည့်ပေးပါရှင်"
မစ္စတာချိုက လိပ်စာကတ်ကို ကြည့်သည်။ သူ့မျက်နှာ တည်သွားသည်။ "ဒီလိပ်စာက တော်တော်ရှာရခက် တဲ့ နေရာပါကလား။ တောင်ဘက်မြို့ပြင်ကို တော်တော်လေး ဝေးပါ တယ်။ မဒမ် ဘယ်ကိုသွားမှာလဲ။ ကားနဲ့ပဲ သွားရမှာပေါ့" "ဟုတ်ပါတယ်။ တက္ကစီ ငှားသွားမယ်လို့ စိတ်ကူးထားပါတယ်"

"တစ်ယောက်တည်း သွားမှာလား" "ကျွန်မမှာ ဒီမှာ အသိတစ်ယောက်မှ မရှိပါဘူး" မစ္စတာချိုက စဉ်းစားနေ သည်။ ပြီးတော့မှ… "အမေရိကန် သံရုံးက တစ်ယောက်ယောက် ခေါ်သွားရင် ပိုကောင်းမယ် ခင်ဗျာ့"
"အို… အဲဒါတော့ မဖြစ်နိုင်ဘူးရှင့်" သူမက ခပ်မြန်မြန် ဖြတ်ပြောလိုက်သည်။
"ကျွန်မကိစ္စက ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ပါ" သူက လိပ်စာကတ်ပြားကို ပြန်ပေးသည်။ လော်ရာ က ကတ်ကို လက်ကို လက်ကိုင်အိတ် ထဲက ပြန် ထည့်လိုက်သည်။

မစ္စတာချိုသည် ဘာမှပြန်မပြောဘဲ ကြက်ဥနှင့် ကော်ဖီကို လက်စသတ်ရင်း စဉ်းစားခန်းထုတ်နေသည်။ စားပြီးသွားသော အခါ ပန်းကန်များ ကို ဘေးသို့ ဖယ်လိုက်သည်။ "ကျွန်တော့်ကို လိုက်ခွင့်ပြုနိုင်ပါ့မလား"
သူက ဖြတ်ခနဲ မေးလိုက်သည်။ သူမ အံ့အားသင့်သွားသည်။ "အို… မဖြစ်နိုင်ဘူးထင်ပါတယ်။ ရှင်က အလုပ်လည်း အားမှာ မဟုတ်ပါဘူး" "ကျွန်တော့်အလုပ်မှာ ကျွန်တော် ဆရာပါ။ ကျွန်တော့်ရုံးခန်းကို တယ်လီဖုန်းဆက်လိုက်ရုံပါပဲ။ ကျွန် တော့်ကို စိတ်ချယုံကြည်စေချင်ပါတယ် မဒမ်။ အမေရိကန် အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီလိုခေါင် တဲ့နေရာမျိုးကို တစ်ယောက်တည်း သွားလို့ မသင့်တော်ပါဘူး။ မဒမ် ဆန္ဒရှိရင် ကျွန်တော့် အတွင်းရေး မှူး စာရေးမကိုပါ ခေါ်သွားလို့ရပါတယ်။ အင်း… ကျွန်တော်နဲ့ မရင်းနှီးသေးတော့လည်း ဒီလိုပဲဖြစ်ရမှာ ပေါ့လေ" "အို… ဒီလို မဟုတ်ပါဘူးရှင်" သူမက နောက်ထပ် စကားဆက်မပြောနိုင် ဖြစ်နေမိသည်။

"မဒမ်က ကိုယ်ရေးကိုယ်တာကိစ္စလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က တက္ကစီကားထဲမှာ စောင့် ကျန်ရစ်ခဲ့ရင်တော့ မဖြစ် ဘူးလား ခင်ဗျာ့"
သူမ စိတ်လှုပ်ရှားလာသည်။ "တကယ်တော့ ကျွန်မ ကိစ္စလည်း မဟုတ်ပါဘူး။ ကျွန်မ ခင်ပွန်းနဲ့ ပတ်သက်တဲ့ ကိစ္စ တစ်ခုအတွက်ပါ" "သြော်… ဒီလိုဆို မဒမ်က အိမ်ထောင်နဲ့ကိုး" "ဟုတ်ပါတယ်။ ကျွန်မနာမည် မစ္စက် ဝင်းတား…။ မစ္စက် ခရစ္စတိုဖာဝင်းတားပါရှင်" "ဘယ်က လာတာပါလဲ"
"ဖီလာဒေးလ်ဖီးယားကပါ" သူက ပြုံုးလိုက်သည်။ စောစောက တည်နေသော သူ့မျက်နှာတွင် ထူးခြားသော အရောင်တစ်မျိုးဖြင့် ထိန်လင်းသွားသလို ထင်ရသည်။

"အား… လတ်စသတ်တော့ မစ္စက်ဝင်းတားက ဖီလာဒေးလ်ဖီးယားကကိုး။ မမျှော်လင့်ဘဲ အခုလို တွေ့ ရတာ ဝမ်းသာလိုက်တာဗျာ။ ဖီလာဒေးလ်ဖီးယားက သိပ်ပြီးလှတဲ့ မြို့တစ်မြို့ပဲ။ ကျွန်တော် အကြိုက် ဆုံး မြို့တစ်မြို့ပေါ့။ ကျွန်တော်က ခရစ္စခမတ် ကျောင်းပိတ်ရက်တိုင်း ဖီလာဒေးလ်ဖီးယားမြို့ကို သွား လည်တာပဲ ခင်ဗျာ့။ အဲဒီမှာ ဒေါက်တာ ဟမ်းစ်ဝပ်သ်တို့ ဇနီးမောင်နှံရှိတယ်။ မစ္စက်ဝင်းတား သိပါ သလား"
"ဟို… ကမ္ဘာကျော် အရှေ့တိုင်းယဉ်ကျေးမှု ပါရဂူကြီးကို ပြောတာလား"
"အား… ဟုတ်လိုက်လေ ခင်ဗျား။ သူ့ကို မစ္စက်ဝင်းတား သိသလား၊ ဟင်"
"ရင်းတော့ မရင်းနှီးပါဘူး။ ဆုံဖူးရုံပါ" "ဒါဆို ခင်ဗျား သူ့ကို ကောင်းကောင်းမှတ်မိတာပေါ့။ ဒီပုဂ္ဂိုလ်ကြီးက တစ်ကြိမ်မြင်ဖူးရင် တစ်သက် မမေ့ နိုင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ကျွန်တော်က သူ့ကို အမေရိကန် ဖေဖေလို့ခေါ်တယ်။ အခုဆိုရင် ဆရာကြီးတော် တော် အို လှရောပေါ့။ ကျွန်တော်တော့ အမေရိကန်ရောက်တိုင်း သူ့ကို အမြဲတမ်း သွားကန်တော့ ပါ တယ်။ သူကလည်း ကျွန်တော့်ကို ကိုရီးယားသားသားလို့ ခေါ်တယ်။ ပြီးတော့ ကျွန်တော့် သားလည်းပဲ အမေရိကမှာ ပညာသင်နေတုန်း ကျွန်တော့် အစဉ်အလာကို ဆက်လက်ကျင့်သုံးနေပါတယ်။

ကျောင်း ပိတ်တိုင်း ဆရာကြီးတို့ လင်မယားနဲ့အတူ အဲဒီအလွန်လှတဲ့ ရှေးဟောင်းအိမ်ကြီးမှာသွားပြီး အချိန်ဖြုန်း ပါတယ်။ အင်း… ဒါနဲ့ ဆရာကြီးကတော် အသက်မရှည်ခဲ့တာ စိတ်မကောင်းပါဘူးဗျာ။ ဆရာကြီး ကတော်က ကျွန်တော် တက္ကသိုလ် တက်နေတုန်းမှာ ဆုံးသွားရှာတယ် ခင်ဗျာ့" လော်ရာ့အနေဖြင့် မစ္စတာချိုအပေါ်တွင် အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီ။ စိတ်ကိုလည်း တုံးတုံးချပြီး ဆုံး ဖြတ်လိုက်သည်။ သူမ ကံကောင်းပါသည်။
သို့ဖြင့် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ… မစ္စတာချို"
"ကောင်းပါပြီ မစ္စက်ဝင်းတား၊ စားသောက်ပြီးတော့ သွားကြတာပေါ့"

ဆက်ရန်
.

1 comment:

နော်နော် said...

သူတို့တွေ့ဆုံခန်းလေးက ဘယ်လိုပါလိမ့်နော်...စောင့်မျှော်နေပါတယ် မမရေ...