Thursday, July 12, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၅)

ဒေါ်ရော်သီ နေမထိထိုင်မသာဖြစ်နေသည်။ လူမြင်ကွင်းတွင်ရပ်ပြီး မသောက်တတ်သောက်တတ်နှင့် စီးကရက်သောက်နေ သည်။ ညေးက မသိလိုက်မသိဘာသာ လုပ်နေသည်။ ကျောင်းတွင် အခြားကျောင်သူများနှင့် အတူ ကော်ဖီသောက်ရင်း တစ်ခါတစ်လေ ဒေါ်ရော်သီဆေးလိပ်သောက်ခဲ့ဖူးသည်။ သို့သော် ယခုသောက်ပုံနှင့်မတူ။ အထက်တန်းစားအလွှာ လုပ်ပုံလုပ်နည်း မဟုတ်။ သူ့အဖေသာသိလျှင် မိုးမီးလောင် လိမ့်မည် မုချ။ သူ့အဖေ ဒေါသူပုန်ထလည်း ထလောက်သည်။ ဒေါ်ရော်သီ ခွက်ထွက်ဖို့ စဉ်းစားတုန်း ရှိသေး။ ညေးက "ကျွန်တော်လည်း ဟိုတယ်သွားပြီး လက်ဖက်ရည်သောက်မလို့ ထွက်လာတာ။ လက်ဖက်ရည်လေး လိုက်သောက်ပါဦးလား ခင်ဗျာ" ဟု ပြောသည်။ ကို ဆက်ဖတ်ရန်...........

"ခွင့်လွတ်ပါရှင်။ ကျွန်မလည်း စလီဒန်သွားပြီး ကျွန်မယောက်မနဲ့ လက်ဖက်ရည်သောက်ရမှာမို့ပါ"
"သြော်... ဟုတ်သားပဲ။ သူ့ကို တစလောက မြို့ထဲမှာ ကျွန်တော်တွေ့လိုက်သေးတယ်။ သဘောကောင်း ပုံပဲနော်။" "သိပ်ကောင်းတာပေါ့"
"ကျွန်တော် ဟက်ဒယ်လ်စတန်ရှေုာက်နေတာ ၂ နှစ်ရှိပြီဗျာ။ တစ်ခါမှ မျက်နှာချင်းဆို မဆုံဖူးဘူး။ အံ့ရော။ ခင်ဗျားယောက်မတော် ကလည်း သိပ်ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တယ်နဲ့ တူပါရဲ့ဗျာ"
"ဟုတ်တယ်။ သူကလည်း အေးအေးပဲနေတယ်။ ကျွန်မ အစ်ကိုကလည်း သိပ်ကျန်းမာလှတယ် မဟုတ်ပါဘူး။ ဒီတော့ တော မှာနေတာ ကောင်းတယ်ဆိုတာ သူလည်းသိတာပေါ့"
ညေး က စာစာနာနာ ခေါင်းတဆတ်ဆတ် ညိတ်သည်။

"ခင်ဗျား အစကိုတော် အကြောင်းတော့ ကြားဖူးပါတယ။ မိန်းမအရတော်တာ ကံကောင်းတာပေါ့ဗျာ။ သူ စစ်ထဲ မှာ ရှိတုန်းက တွေ့ကြတာလား။ သူ့ဇနီးက သူနာပြုဆရာမလား"
"ဘုရာရေ... မဟုတ်ပါဘူးရှင်"
ဒေါ်ရော်သီ က ညေးအထင်ကို ပြင်ပေးလိုက်ဦးမည် စိတ်ကူးသေးသည်။ သို့သော် ညေးက စကားအစ်နေ မှန်း ခေါင်းထဲတွင် ချက်ချင်း အသိပေါ်လာသည်။ ယခင်ကလည်း ဤလေချိုသွေးနည်းမျိုး ဤအပျော့ဆွဲ နည်းမျိုး။ ဤရေကူးညာတင် စကားပြောနည်းမျိုးဖြင့် သူ့ထံမှ စကားအစ်ထုတ်ခဲ့သည်။ ယခုကိစ္စမှာတော့ တုံး လွန်းသည်။ ညေးကို လက်စာချေဖို့ အခွင့်ကောင်းရပြီ။ ဒေါ်ရော်သီ ရယ်ကျဲကျဲလုပ်နေလိုက်သည်။

"ဘာပြက်လုံးများတွေ့နေလို့ပါလိမ့်ဗျာ"
"သြော်.... ဘာမှ မတွေ့ပါဘူး။ ရှင်အတွေးနှယ် ခေါင်မှခေါင်နိုင်လွန်းပလေတယ်ရှင်။ အဲဒီလို အထင်အမြင်တွေ ရှင်ခေါင်း ထဲ ဘယ်လိုများရောက်လာပါလိမ့်"
"ကျွန်တော် လူမှားနေပြီပေါ့။ ဒါဖြင့် သူက ဘယ်သူပါလိမ့်"
ဒေါ်ရော်သီ လက်တန်းထိုးဇာတ်ခင်းတော့သည်။ တလွဲတချော်ဖြစ်နိုင်သမျှဖြစ်အောင် ပြောတော့သည်။
"မေမေ့ သူငယ်ချင်း တစ်ယောက်ရဲ့သမီးပါ။ ဒေးဗစ်နဲ့လည်း ငယ်ငယ်ကတည်းက ခင်လာကြတာပါ"
"သြော်... "ညေး မျက်စိလည်သွားသည်။

"သူ့မိဘတွေနဲ့ ကျွန်မတို့ မိဘတွေက သိပ်ရင်းတာရှင့်။ အားလပ်ရက်တွေမှာလည်း အတူလည်ကြတာ။ သူတို့ အိမ်ကလည်း ကျွန်မတို့အိမ်နဲ့ ကပ်ရက်ပဲ။ ငယ်ငယ်မတည်းက အတူနေလာခဲ့ကြတာ။ ကြီးတော့မှ သူက ကျောင်းဆရာမ သွားလုပ်တာ"
"ဘယ်မှာ သွားလုပ်ရတာလဲ" "စကော့တလန်မြောက်ပိုင်းက မိန်းကလေးကျောင်းတစ်ကျောင်းမှာပါ။ အဘာဒင်းမြို့ မှာလေ" "ဟုတ်လား" ညေးလေသံက ပို၍ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
"အိမ်ထောင်မကျခင် သူ့နာမည်က ဘယ်သူတဲ့တုန်း"
"အယ်လီဇဘက် ကာဆယ်တန် တဲ့"
ဒေါ်ရော်သီက အတည်ပေါက်ပြောလိုက်သည်။ ကျက်စိကျက်နှာတစ်ချက်မပျက်။ ကျက်တောင်တစ်ချက်မခတ်။ ဘယ်က ဘယ်လို ရောက်လာမှန်းတော့မသိ။ သူ ကြည့်ဖူးသည့် ရုပ်ရှင်ထဲက နာမည်ဖြစ်ကောင်းဖြစ်လိမ့်မည်။

"သူတို့က မျိုးကြီးဆွေကြီးတွေပါ။ ပစ္စည်းတော့မရှိလှပါဘူး။ သူ့ဦလေးတစ်ယောက်က အောက်ရုံးရှေ့နေ လုပ် တယ်လေ"
ညေးက ကာဆယ်တန်းနာမည် ကို တဖွဖွရွတ်နေသည်။ ဒေါ်ရောသီက ညေးကို ချည်ခင်အေူပေါက်ဖြစ်အောင် လုပ်လိုက်ရ ၍ ကျေနပ်သွာသည်။ စက်ဘီးခြေနင်းကို တစ်ပတ်လှည့်လိုက်သည်။ ထိုင်ခုံပေါ်တင်ပလွဲ ထိုင် လိုက်သည်။ "ကျွန်မလည်း သွားလိုက်ဦးမှပဲ။ အယ်လီးဇဘက်က မျှော်နေရှာရော့မယ်"
"သြော်.. ဟုတ်ကဲ့ ခင်ဗျာ။ ခုလို ပြန်တွေ့ရတာ သိပ်ဟန်ကျတာပဲ နောက်လည်း တွေ့ကြဦးစို့ရဲ့။"
ညေးက စီးကရက်ကို ပစ်ချပြီး သတိပြန်လည်လာသလို ပြောလိုက်၏။ သို့သော် မျက်နှာချိုသွေးဖို့ကိုတော့ သတိပင် မရတော့။

"သွားတော့မယ်နော်" ဒေါ်ရော်သီက ယဉ်ကျေးဖွယ်ရာ နှုတ်ဆက်လိုက်သည်။
လမ်းချိုးအရောက်တွင် ဒေါ်ရော်သီ သမင်လည်ပြန်လှည့်ကြည့်သည်။ ညေးတစ်ယောက် ရပ်နေတုန်းပင်။ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့်။ ခါတိုင်းထက် ပို၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
မကြာမီ ဒေါ်ရော်သီ မြို့ပြင်သို့ရောက်သွားသည်။ စက်ဘီးကို သုတ်ခြေတင်နင်းရင်း သူ့ ကိုယ်သူ  ကျေနပ်နေလေသည်။ သူမသာ ကိုယ်မသာ။ ကျေရော။ လက်လုပ်လက်စား အသိုင်းအဝိုင်းမှ တက်လာ သည့် ကော်ရာ့ဘဝကို လူအထုပ်ဖြေပြမိအောင် ညေးက အကောက်ဥာဏ်ဖြင့် စကားခေါ်ခြင်းဖြစ်သည်။ ညေးကို အကြံ ပျက်အောင် လုပ်လိုက်ရာ၍ သူ သိပ်ပျော်သွားသည်။ သီချင်းကလေး တအေးအေး ဆိုလိုက်။ စက်ဘီးကို တက်လွှတ်စီးလိုနှင့် မကြာမီမှာပင် စလီဒန်ရွာသို့ ရောက်ခါနီးလာသည်။

ရွာထဲသို့ ဆင်ခြေလျှောအတိုင်း အရှိန်နျင့် ဆင်းလာစဉ် ဆိပ်ခံတံတားပေါ်တါင် လမ်းလျှောက်နေ သည့် ကော်ရာ့ ကို မြင်လိုက်သည်။ လှိုင်းကာတံတိုင်အဆုံးသို့သူရောက်လာချိန်တွင် ကော်ရာက သူ့ကို လှည့်ကြည့်သည်။
"ဟယ်... ဒေါ်ရော်သီပါလား။ ဘာမပြောညာမပြော။ ဘယ်ကရောက်လာတာလဲဟင်။ အို... အို.. သတိထားနော်။ စက်ဘီးကြီး နဲ့လဲမှဖြင့်.... "
"ကိစ္စမရှိပါဘူး မမရဲ့"
ဒေါ်ရော်သီက ပြောပြောဆိုဆို ကော်ရာကို ကွေ့ပတ်ကာ စက်ဘီးပေါ်မှ ဆင်းသည်။ ဆိပ်ခံတံတားအစွန်းနားသို့ ဘီးရောက်သွား၍ ကော်ရာ မျက်ကလဲဆန်ပြာဖြစ်သွားသည်။ ဒေါ်ရော်သီ သတိထားမိလိုက်သည်။

"မေမေ့ဆီက စာတစ်စောင် လာပို့တာပါ"
"ဒေးဗစ် အတွက်လား"
"မဟုတ်ပါဘူး။ မမအတွက်ပါ။ ဘာကြောင်ကြည့်နေတာလဲ မမရဲ့"
ဒေါ်ရောသီက စာကို ဆွဲထုတ်သည်။ ကော်ရာ့ လက်ထဲထည့်သည်။ ကော်ရာက စာကို မယုံသင်္ကာ ကြည့်နေ သည်။ ယခင်က သူ့အပေါ် မစ္စစ်ပေ့ ဆက်ဆံပုံကို တွေးမိပြီး စိတ်စနိုးစနောင့် ဖြစ်နေ၏။ စာကို ဖွင့်ဖောက် ဖတ်လိုက်သည်။ မျက်နှာပေါ်တွင် ပီတိရောင် လွှမ်းလာသည်။
"အဲဒါ ဘာဖြစ်လဲ။ နေ့လယ်စာ ကျွေးတာနဲ့များ ၀မ်းသာအယ်လဲ ဖြစ်ရောတဲ့လား။ နေ့လယ်စာက ဒါလောက် လည်း မကောင်းသေးပါဘူးရှင့်"
"သြော် ... အဲဒါကို ပြောတာ မဟုတ်ပါဘူးကွယ်။ အမှတ်ရတာကို ကျေးဇူးတင်တာပါ"
ကော်ရာ က စာကို ဂရုတစိုက်ခေါက်သည်။ အမြတ်တနိုး ပစ္စည်းပမာ စာအိတ်ထဲ ပြန်ထည့် သည်။

"ကဲ အိမ်ဘက်သွားလိုက်ကြဦးစို့"
"မမ ဆက်မနေတော့ဘူးလား။ ပင်လယ်ကြီးကို ထိုင်ကြည့်ရအောင်လေ။ အဲဒီလို ကြည့်နေ ရတာ မမ ကြိုက် တယ် မဟုတ်လား။ မမ ဒီနေရာကို အမြဲလာထိုင်နေတာ ကျွန်မ သိသားပဲ"
"ဒေးဗစ် အလုပ်လုပ်နေတဲ့အချိန်ပဲ လာတာပါကွယ်။ ကဲ ... ညီမကို လက်ဖက်ရည် တိုက်ရ ဦးမယ်" ကော်ရာက ပြုံးပြုံး ရယ်ရယ် ပြောသည်။
စက်ဘီး ကို အလယ်တွင် ထားပြီး တွန်းလာခဲ့ကြသည်။ ဒေါ်ရော်သီက သူ့ယောက်မကို သဘောကျသည်။ သူ့စကား အတိုင်းဆိုလျှင် ကော်ရာ လျှပ်ပေါ်လော်လီမှု ကင်းရှင်းခြင်း ကြောင့် ဖြစ်လေ သည်။ ဒေါ်ရော်သီ တွေးကြည့် မိသည်။ ကော်ရာ လောကွတ် မလုပ်တတ်။ တွေ့ရတာ ၀မ်းမသာဘဲ ၀မ်းသာ သည် မပြော။ ၀မ်းသာလျှင်လည်း နှစ်နှစ်ကာကာ ၀မ်းသာသည်။ မူရာမာယာ မရှိ။ သူ တစ်ပါးအတွက် ဒုက္ခခံတတ်သည်။

ချက်ဟယ်ပြုတ်ဟယ်၊ လျှော်ဟယ်ဖွတ်ဟယ်၊ ချုပ်ဟယ်ဖာဟယ်နှင့် ဒေးဗစ်ကို ပြုစုယုတ်ပုံ၊ ဥယျာဉ်ကလေးကို ပျိုးထောင်ပုံ၊ ဒေးဗစ်ဒ ဘ၀င်မြင့်မြင့် အပြောအဆို အမူအရာအားလုံးကို ဆိုးမျိုးခံပုံ၊ ဒေးဗစ်အား စာဆိုတော်ကြီး ရှိတ်စပီးယားနှင့် မီလ်တန် ပေါင်းစပ်ထားသူပမာ အလေးထားပုံ စသည်တို့သည် ဒေါ်ရော်သီအဖို့ ကော်ရာ၏ လျှပ်ပေါ်လော်လီ ကင်းမှု၊ ဣနြေ္ဒသိက္ခာ ရှိမှု၏ ပြယုဂ်များပင် ဖြစ်နေလေတော့သည်။
ရှင်းပြန်ရန် မဖြစ်နိုင်သော အရာများသည် ကော်ရာမှာ ရှိသေးသည်။ လှိုက်လှဲ နွေးထွေး သော နူးညံ့သိမ်မွေ့မှု။ အေးချမ်းတည်ငြိမ်သော သူ့အမူအကျင့်တွင် အထင်းသားပေါ် လွင် နေသည့် ပန်းလျလျသောက ဖိစီးမှု။
ထိုသောကစိတ် သည် ကော်ရာကို ဆွေးဆွေးမြေ့မြေ့ ဖြစ်အောင် လုပ်နေလေသည်။ ဤတစ်ခဏ မှာတော့ ကော်ရာ ရွှင်ရွှင်ပျပျ ဖြစ်နေသည်။

မီးဖိုချောင်ထဲတွင် ဒေါ်ရော်သီက စားပွဲပြင်သည်။ ကော်ရာက လက်ဖက်ရည်နှပ်၊ ပေါင်မုန့် မီးကင်၊ ထောပတ်သုတ်၊ ငါးသေတ္တာဗူးဖောက်နှင့် အလုပ်ရှုပ်နေ သည်။ ဒေါ်ရော်သီ က နေပါစေတော့ဟု ပြောထားစေကာမူ ငုံလိုက်ရုံနှင့် လျှာပေါ်ပျော်ကျသွားသော ဆီကြော်မုန့် ကလေးတွေ ကိုလည်း လုပ်နေလိုက်သေး၊
ယောက်မ လုပ်သူ စားပွဲ တွင် လာထိုင်ပြီး သူနှင့်အတူ လက်ဖက်ရည်သောက်ဖော်ရတော့မှ ဒေါ်ရော်သီက ...
"မမကဖြင့် ဟောဒီဆီကြော်မုန့်ကလေးတွေ လုပ်တဲ့နေရာမှာတော့ ရှားပါတယ်ရှင့်ပဲ" ဟု ပြောလေသည်။

"ဒေါ်ရီ နှုတ်လုံမယ်ဆိုရင် လုပ်နည်းပြောပြမယ်"
မစ္စစ်ပေ့၏ ဖိတ်စာကြောင့် စိတ်ရွှင်နေဆဲဖြစ်၍ ကော်ရာက မြူးမြူးကလေး ပြောသည်။ မီးဖို မီးကြောင့် သူ့မျက်နှာ မှာ ပန်းနုရောင် သန်းနေသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ လေကြောင့် သူ့ဆံပင် ထူထူက ဖွာဖွာလွှင့်နေသည်။ သူ ထိုင်နေပုံမှာ ထူးထူးခြားခြား လှနေသည်။
"ဘာကြောင့် လုပ်တတ်သလဲဆိုတော့ နွေတစ်နွေမှာ မမ ဘာမှ မလုပ်ဘူး။ ခရီးသွား ခရီးလာတွေ စားဖို့ ဆီကြော်မုန့်တွေ ကို ရာထောင်ချီပြီး ကြော်ရောင်းခဲ့တယ်။ တကယ်ကို ရာထောင်ချီပြီး ကြော်ခဲ့ရတာကွဲ့"
"ဘုရားရေ ... မမရော မစားဘူးလား"
"ဟင့်အင်း ... သိပ်မစားဘူး။ တစ်နေ့လုံးကြော်နေရတော့ ညှော်တာနဲ့ စားချင်စိတ်ကို ကုန်နေတာပဲ"
ကော်ရာ ပြောပုံက ရယ်စရာလို ဖြစ်နေ၍ ဒေါ်ရော်သီက တဟားဟား ရယ်သည်။

"ညနေတုန်း က ကိုစပ်စုကြီး ညေးနဲ့ တွေးခဲ့တယ်။ အဲဒီအချိန်ကသာ ဒီအကြောင်း သိထားရ ကောင်းသား။ ကာဆယ်လ်တန် ဆီကြော်မုန့် ရောင်းစားခဲ့ရတယ်လို့သာ ပြောလိုက်ရရင် လန့်ဖြန့် ပြီး ခေါင်းမွှေး  တွေတောင် ထောင်ထ လာလိမ့်မယ် ထင်တာပဲ"
ကော်ရာ မပွင့်တစ်ပွင့် ပြုံးနေသည်။ ဒေါ်ရော်သီ ဘာပြောနေမှန်းမသိ။ ဒေါ်ရော်သီက သူ့ပြက်လုံးကို ရှင်းပြ သည်။ ညေးနှင့် တွေ့ခဲ့ပုံတို့ကို ဆီကြော်မုန့် ပလုပ်ပလောင်းစားရင်း ဇာတ်ကြောင်းပြန်သည်။ ကော်ရာလည်း အူမြူး သွားလိမ့်မည်ဟု သူ ထင်ထားသည်။ ကော်ရာက ရယ်စရာကောင်းသည်ဟု ထင်ပုံမရ။ ပြုံးပျော်နေတာကလေးတွေပင် ကော်ရာ့ မျက်နှာမှ လွှင့်စင်သွားသည်။ စိတ်ကသိကအောက် ဖြစ်သွားပုံလည်း ရသည်။ အပူရုပ်က ပေါ်လာပြန်တော့သည်။

"သူက ဘာသိချင်တာတဲ့လဲ။ လမ်းလယ်ကောင်ကြီးမှာ ရပ်ခိုင်းပြီးတော့ ... သူ့မှာ ဒီလို လုပ်ခွင့် မရှိဘူး"
"အို ... ဒါကတော့ ... သတင်းထောက်ဆိုတာ ဒီလိုမျိုးချည်းပါပဲ မမရယ်။ လူတွေကို ဒီလိုပဲ လုပ်ပြီး အရှက်ခွဲနေကြတာပဲဟာ။ ကျွန်မအကြောင်း ရေးခဲ့တာကို မမ ဖတ်ရသားပဲ မဟုတ်လား ..."
ကော်ရာက အတွေးထဲ နစ်နေသလိုတစ်လုံးချင်း ပြောသည်။
"သိပါတယ်။ ဒါပေမဲ့ အဲဒါက တခြားပဲ။ မမကလည်း သူ့ကို မသိ။ သူကလည်း မမကို မသိပဲနဲ့"
"အခုလည်း မမကို သူ မသိပါဘူး"
ဒေါ်ရော်သီက အရယ်အပြက် ပြောသည်။

"စိတ်ချပါ ... မစ်ကာဆယ်လ်တန်ရယ် ခြေရာလည်းပျောက် ရေလည်းနောက် လုပ်ခဲ့ပြီး သားပါ"
"ဟုတ်လား။ တကယ်လျင်တဲ့ ကလေးမပါလား ဒေါ်ရီ"
ကော်ရာက ခေါင်းကိုရမ်းရင်း ပြောသည်။ ခဏငြိမ်နေသည်။
"မမက ဒီမော်ကွန်းက လူတွေ တစ်ပြုံလုံး လွင့်ကုန်ကြပြီလို့ ထင်နေတာ"
"လွင့်တော့မှာပါ။ မကြာတော့ပါဘူး။ သူကိုယ်တိုင်လည်း ကျွန်မကို ဒီအတိုင်း ပြောတာပဲ။ ကျွန်မ ကိုတောင် နှုတ်ဆက်နေသေးတာပဲ"
ကော်ရာက စိတ်ချလက်ချ ဖြစ်သွားသလို မျက်နှာကြည်လင်လာသည်။ အားလုံးပေါ့။ ချီကတည်းက ယဉ်ကို ဆိုတဲ့လူတွေပဲ။ ကောင်းကွက်ဆိုလို့ တစ်ကွက်ကလေးတောင်ရှိတာ မှ မဟုတ်တာ။ ကဲ ... ဒေးဗစ် လက်ဖက်ရည် သောက်ချိန်ရောက်ပြီ"
ကော်ရာ မီးလင်းဖိုဘောင်ပေါ်မှ နာရီကို လှမ်းကြည့်သည်။ စားပွဲဘေးရှိ ခေါင်းလောင်း ကလေးကို တီးလိုက် သည်။ ဒေါ်ရော်သီကိုလည်း ပြုံးပြလိုက်သည်။

"အချက်ပေးတာလေ။ သူ သိပ်ခေါင်းရှုပ်နေပါတယ် ညီမရယ်။ မမတို့ ပြောနေကြတာတွေ ကို သူ့ကို သွားမပြောပါနဲ့တော့နော်"
ခဏအကြာ တွင် ဒေးဗစ် ဆင်းလာသည်။ သူ့ကို ဒေါ်ရော်သီ မတွေ့ရတာ အတော်ကြာပြီ။ အလွန်အမင်း ပိန်ချုံးနေ ၍ ဒေါ်ရော်သီပင် အံ့အားသင့်နေမိသည်။ အမူအရာကပို၍ ကင်းကင်း ကွာကွာ ဖြစ်နေ၏။ ဒေါ်ရော်သီကို တွေ့ရတော့ သူ ၀မ်းသာပုံပေါ်၏။ ဒေးဗစ်က လက်ဖက်ရည်ခွက်ကို ယူသည်။ မီးလင်းဖို သတ္တုဘောင် ကို ဖြေတစ်ဖက်နင်းကာ မတ်တတ်ရပ်ရင်း လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်သည်။

"ဆီကြော်မုန့်ကလေး တစ်ခုလောက်စားပါလား ဆွေမျိုးေ့လောက်အောင် ကောင်းတယ် ကိုကိုရေ့"
ဒေးဗစ် က ပြုံးလိုက်သည်။ "ဂရိတွေဟာ ကောင်းတာမွန်တာဆိုရင် သူတို့ကိုယ်တိုင် ဝေစု မရဘဲ ထရိုဂျင်တွေကို ဘယ်တော့ မှ မပေးဘူး။ အဲဒီကလေးမကို တစ်ခုလောက် ပေးလိုက် ပါဦးကွယ်"
"ကျွန်မ တော်ပါပြီ။ တကယ်ပြောတာပါ။ ကိုကို စားစေချင်လို့ ပြောတ" ဒေါ်ရော်သီက ငြင်းသည်။
"ဟုတ်သားပဲ။ တစ်ခုလောက်တော့ စားလိုက်ပါ ဒေးဗစ်ရယ်။ နေ့လယ်စာ စားတာလည်း သိပ်နည်းတာပဲ"
ကော်ရာက ဆီကြော်မုန့်တစ်ခုကို ပန်းကန်ထဲ ထည့်ပြီး လှမ်းပေးသည်။
"လုပ်ပါ ... ကိုကိုရဲ့" ဒေါ်ရော်သီက ဇွတ်ကျွေးသည်။

"ဆီကြော်မုန့် ဇာတ်မြူးကလေးကိုး။ မစားဘူးလား။ စားမလား။ ဤကား ပြဿနာလို့ ဆိုရမလို ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် မစားချင်ပါဘူး။ ကျေးဇူးပါပဲကွယ်"
ဒေးဗစ်က ဆီကြော်မုန့်ပန်းကန်ကို ယဉ်ကျေးမှုရာဖြင့် လှမ်းယူလိုက်၏။ ပြီးမှ သူ့ကျောဘက်ရှိ မီးလင်းဖိုဘောင်ပေါ် တွင် တင်ထားလိုက်၏။ လက်ဖက်ရည်ကို တမြုံ့မြုံသောက်ရင်း ဂီတပွဲ အစီအစဉ် ကို ဆွေးနွေးနေ၏။ ဂီတဆရာကြီး မာလာနှင့် ဟင်ဒါမစ်တို့၏ လက်ရာများ မပါဝင်၍ ဝေဖန်ပြစ်တင်နေသည်။
ဒေါ်ရော်သီ က သူ့အစ်ကိုကို မကျေမချမ်း ကြည့်နေသည်။ သူ အမြဲ ဒီလိုချည်းပဲဟု စိတ်ထဲက ငြူစူ နေမိ၏။ ဘာဖြစ်လို့ များ ဒေးဗစ် ဒီလောက် သွေးနားထင် ရောက်နေရပါလိမ့်။ ဘ၀င်မြင့်လိုက်သည် မှာ လှိမ့်ကန်ပစ်ချင် စရာပင် ကောင်းနေတော့၏။ အခန်းသို့ ပြန်သွားချိန်အထိ ဆီကြော်မုန့်ကို လက်ဖျားနှင့်ပင် တို့မသွား။ ကော်ရာက တစ်ခွန်းမှ မပြော။ ဒေးဗစ် ပန်းကန်ထဲမှ မုန့်ကို ကျန်နေ သေးသော မုန့်များနှင့် ရောထုပ်သည်။ ကြောင်အိမ်ထဲတွင် ထည့်ထားလိုက်သည်။

ကော်ရာသည် တစ်ခုခုကို တနုံ့နုံ့ တွေးနေပြန်သည်။ အိမ်မှာဆိုလျှင် လုပ်ဖို့ နေနေသာသာ အိပ်မက်ပင် မမက်သည့် ပန်းကန်ဆေးအလုပ်ကို ဒေါ်ရော်သီ ၀ိုင်းကူလုပ်ချိန်တွင်မှ ကော်ရာ အတွေး ပြယ်သွားပုံပေါ်သည်။
"ကဲညီမ ရယ် မေမေ ဖို့ ပန်းနည်းနည်းခူးကြဦးစို့လား" ကော်ရာက ရွှင်ရွှင်လန်းလန်း ပြောသည်။
ပန်းခြံထဲသို့ နှစ်ယောက်သား ဆင်းသွားကြသည်။ ကော်ရာက ပန်းတွေ တစ်ပွေ့တစ်ပိုက် ကြီး ခူးသည်။ စက္ကူဖြင့် ထုပ် သည်။ စက်ဘီးနောက်ခုံတွင် ကြိုးဖြင့် ချည်ပေးသည်။
"သိပ်ပျော်တာ ပဲ ကော်ရာရေ ... ကျေးဇူးတင်လိုက်တာ။ ဂီတပွဲကျမှ တွေ့ကြသေးတာ ပေါ့နော်"
ဒေါ်ရော်သီ က ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အလွမ်းသယ်တတ်သူ မဟုတ်။ ထို့ကြောင့် သာမန်ကာ လျှံကာ နှုတ်ဆက်ရုံ နှုတ်ဆက်သည်။ ထို့နောက် အိမ်သို့ စက်ဘီးနင်းပြီး ပြန်လာခဲ့လေ၏။

(၃)

တနင်္ဂနွေနေ့ ညနေ ၃နာရီ ထိုးရန် ၅မိနစ်အလိုတွင် မော်ကွန်းသတင်းစာ စီမံခန့်ခွဲရေးမှူး ဟာရိုးစမစ်နှင့် အယ်ဒီတာချုပ် လီယိုနတ်ညေး တို့ ခြင်္သေ့နီ ဟိုတယ်မှအတူ ထွက်လာခဲ့ကြ ၏။
စမစ်က ဟိုတယ်လှေကားမှ ဆင်းလာရင်း ...
"ဘာအကြံနဲ့များ ဒီလိုသွားဖို့ စိတ်ကူးရသလဲဆိုတာ စဉ်းစားလို့ကို မရဘူးဗျာ။ ကျွန်တော် တော့ အခုထိ မသွားသင့်ဘူးလို့ ထင်တာပဲ" ဟု ပူပူပန်ပန် ပြောသည်။
"ဘာဖြစ်ရပြန်တာလဲဗျာ။ အ၀တ်အစားတွေ လဲပြီးမှ မသွားလို့ ဖြစ်မလားဗျ"
ညေးမှာ ခါတိုင်းထက်ပို၍ စိတ်မကြည်မသာ ဖြစ်နေ၏။ လွန်ခဲ့သည့် လေးရက်အတွင်း ခေါင်းရှုပ်စရာတွေချည်း ကြုံနေခဲ့ရ၏။ သူကိုယ်တိုင်ကလည်း ဇဝေဇ၀ါ ဖြစ်နေသည်။ စမစ် ကလည်း သွားခါနီးလာခါနီး ဆုတ်ကန် ဆုတ်ကန် လုပ်နေသည်။ သို့သော် သူတို့ ဂီတပွဲသို့ ထွက်လာဖြစ်ကြသည်။

သူတို့မှာ ကိုယ်ပိုင်ကား မရှိတော့။ ထို့ကြောင့် ခြေကျင်လျှောက်သွားခဲ့ကြ၏။ ပန်းခြံ လမ်းထောင့်အရောက်တွင် မြို့တော်ခန်းမ သို့ ဦးတည်ရွေ့လျားနေသော လူတန်းရှည်ကြီး နှင့် တွေ့သည်။ လူအုပ်ထဲ ရောလိုက်သွားသည်။ ခဏအကြာတွင် သူတို့မြို့တော် ခန်းမထဲသို့ ရောက်သွားကြတော့၏။
ဂီတ၀ိုင်းတော်သား များက အသံပင် ညှိနေကြလေပြီ။ ခန်းမကြီးတစ်ခုလုံး လူပြည့်နေလေ ပြီ။ သီးသန့်နေရာများတွင် မြို့ပေါ်မှ ထင်ရှားသူများကို မောင်နှံယှဉ်တွဲကာ ပွဲသွား ကြော့ကြော့ ၀တ်ကောင်းစားလှဖြင့် တွေ့ရ၏။

အချို့က ဂီတပွဲရငွေကို အကျိုးရှိသော ကိစ္စအတွက် သုံးမည်ဖြစ်၍ ရောက်နေခြင်း ဖြစ်၏။ အချို့က မတတ်သာ၍ ၀ယ်ထားရသော လက်မှတ်ဖိုးကို နားငြီးခံပြီး ကျေအောင်လုပ်ရန် ရောက်နေခြင်း ဖြစ်၏။ အချို့ကမူ ဂီတပွဲများမှာ ဟက်ဒယ်လ်စတန်မြို့၏ မြို့ရေးရွာရေး ကိစ္စဖြစ်နေ၍ ရောက်နေခြင်း ဖြစ်၏။ အများစုမှာမူ ဟင်နရီပေ့၏ တစ်နှစ်ပြီး တစ်နှစ် ဇွဲကောင်းကောင်း ကျင်းပပေးမှုကြောင့် သောတရုံ အဆင့်အတန်း မြင့်မားလာပြီး ပြောင်မြောက်သော ဂီတကို အရသာခံရန် ရောက်လာကြခြင်း ဖြစ်သည်။
"အာဂစဖြီးတွေ ပဲဗျာ။ သီချင်းကြီး သီချင်းခန့်တွေနဲ့ မွေးလာတာ ကျနေတာပဲ။ ဟန်လုပ်နေ တာလိုက်ကြတာ။ ရှိုပန် ဆိုတာ ဂျိုနဲ့လားမေးမယ့် လူတွေဗျ" ဟု ပြောသည်။
ညေးက ရုတ်တရက် စကားဖြတ်လိုက်၏။ ပေ့ မိသားစု ၀င်လာသည်။ ဒေးဗစ်နှင့် ကော်ရာ နောက်က ကပ်ပါ လာသည်။ ရှေ့ဆုံးတန်းအလယ်တွင် သူတို့ နေရာယူကြသည်။ စမစ် နေရာ ရွေးကောင်းသည်ဟု ညေးက ချီးမွမ်း လိုက်မိသေး၏။

ဒေါ်ရော်သီနှင့် စကားစမြည် ပြောပြီးသည့်နောက် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး မြို့ထဲတွင် ညေး သတင်း နံ့ခံနေခဲ့သည်။ သို့သော် သူ့စကားအတိုင်းဆိုလျှင် ဘဲဥ အစ ရှာမရသလို ဖြစ်နေခဲ့သည်။ ဂီတပွဲသို့လာရသည်မှာ အူကြောင်ကြောင် နိုင်လှ၏။ သူတို့ အရေးနိမ့်နေ မှန်း လူတိုင်းသိသည်။ စမစ်ကလည်း အလားတူ အတွေးပေါက်နေ ဟန် တူ၏။ အစီအစဉ် စာရွက်ကိုသာ မဲကြည့်နေသည်။ နေမထိထိုင်မသာ ဖြစ်နေသည်။ သို့သော် ကော်ရာကို လှမ်းကြည့်လိုက်တိုင်း သူတို့အလာမှန်သည်ဟု ညေး သိနေ၏။ တစ်ခုခုတော့ တစ်ခုခု ပင်။ ကော်ရာ့မှာ တစ်ခုခုတော့ ရှိသည်။ ထိုအတွေးက သူတို့ကို မရိုးမရွ ဖြစ်နေစေသည်။

ပထမတော့ ကော်ရာက ပြုံးပြုံးရွှင်ရွှင်။ ရှိုးတိုးရှန်းတန်း။ ဒေးဗစ်နှင့် နှစ်ကိုယ်ကြား ပြော နေသည်။ ပွဲကိုလည်း တမျှော်မျှော် လုပ်နေသည်။ အနီရင့်ရောင် ၀တ်စုံကို ၀တ်ထားသည်။ နှုတ်ထမ်းနီတော့ မဆိုး။ ဖြူယော်ယော် သူ့ မျက်နှာ၊ နက်မှောင်မှောင် သူ့ဆံပင်နှင့် သူ့မျက်လုံးတို့က သူ့ကို တစ်မူထူးစေသည်။ မက်စရာကောင်းစေသည်။
တစ်စုံတစ်ယောက် ကို လှမ်းစကားပြောရန် ကော်ရာ နောက်သို့ အလှည့်လိုက်တွင် ညေးကို မြင်သွားသည်။ ချက်ချင်း ပင် မျက်နှာပြောင်းသွားသည်။ ကိုယ်ဟန် တောင့်သွားသည်။ အပြုံးပြယ်သွားသည်။ မျက်စိချက်ချင်း လွှဲလိုက်သည်။

ညေးက စိမ်းစိမ်းကြည့်နေ၍ မျက်နှာလွှဲသွားခြင်း ဖြစ်သည်။ သို့သော် သူ့ကို မြင်လိုက်၍ ကော်ရာတစ်ယောက် ကယောက်ကယက် ဖြစ်သွားမှန်းတော့ ညေး သိလိုက်၏။
ဂီတပွဲ စသည်။ ခြေဆင်းတီးလုံးအပြီးတွင် အမျိုးသမီးအဆိုတော်တစ်ဦးက ရှူးမန်း၏ တေးတစ်ပုဒ်ကို သီဆိုသည်။ အမျိုးသား ဂီတပညာရှင်တစ်ဦးက တစ်ကိုယ်တော် တယော လက်စွမ်း ပြသည်။ ကရိစလာ၏ ရှုန်းရို့စ်မာရင်း တီးကွက်မှန်း ညေး မှတ်မိသည်။ သို့သော် နားမထောင်။ တွေးနေ၏။ ကော်ရာကို အကဲခတ်နေ ၏။ ပုလိပ်သတင်းပေးမလေး ဒေါ်ရော်သီ သူ့ကို သက်သက် အကြောင်ရိုက်သွားမှန်း သိလာသည်။

ညေး ကြည့်နေမှန်း ကော်ရာ အလိုလို သိနေသည်။ ကြာလေ ဂဏှာမငြိမ်လေ ဖြစ်လာသည်။ ညေး မအံ့သြ။ သူ့ကို ပေ့နှင့် အပြိုင်ကျဲနေသည့်သတင်း စာကမှန်း ကော်ရာ သိလိမ့်မည်။ ထို့ကြောင့် သူ့ကို ကော်ရာ ရှုစိမ့်နိုင် လိမ့်မည် မဟုတ်။ သို့သော် ဒါလောက်သာ မဟုတ်သေး။ တစ်ခုခုတော့ ရှိရဦး မည်။ ကော်ရာ နောက်လှည့်ကြည့်မည် တကဲကဲလုပ်နေသည်။ သို့သော် စိတ်ထိန်းထားပုံရ သည်ဟု သူ ထင် မိသည်။
ဂီတတွင် ကော်ရာ အာရုံမ၀င်စားမှန်း ဒေးဗစ် သတိထားမိစပြုလာသည်။ ဒေးဗစ်က ကော်ရာဘက် သို့ ကိုယ်ကို ယိမ်း သည်။
"ဘာဖြစ်နေတာလဲ အချစ်" ဟု လေသံဖြင့် မေးသည်။

ကော်ရာ ဘယ်လို ပြန်ဖြေလိုက်မှန်း ညေး မသိ။ ဒေးဗစ်ကို စိတ်အေးအောင် ပြောနေမှန်း တော့သည်။ ဒေးဗစ်က သူ့ကို တစ်ချက်နှစ်ချက် ကြည့်လိုက်သည်။ ဇာတ်ခုံဘက်သို့ အာရုံ ပြန်ရောက်သွား၏။ တီးဝိုင်းအဖွဲက ချိုက် ကော့စက် ဆဋ္ဌမမြောက် ဆင်ဖိုနီ တီးကွက်ကို တီးရန် အသံစမ်းနေသည်။
ကော်ရာသည် အတန်ကြာ ဘာသာလ၀ါနေလိုက်သည်။ ပြီးမှ ဘေးလူတွေ မသိအောင် ခေါင်းကိုတဖြည်းဖြည်းချင်းလှည့်ကာ ညေးဘက်သို့ လှမ်းကြည့်လိုက်၏။ သူတို့ မျက်လုံး ချင်း ဆုံသည်။ ကော်ရာ လန့်သွားသည်။ ညေး သိလိုက်သည်။ လန့်တာမှ လိပ်ပြာစင် မတတ်။ တစ်မျက်နှာ လုံး သွေးတစ်စက် မရှိအောင် ဖြူသွားသည်။ သိသာလောက်အောင် ဆတ်ခနဲ တုန်သွားသည်။ ဒေးဗစ် သတိထားမိလိုက်သည်။ နောက်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။ ညေးကို မြင်သည်။ ဒေါသဖြင့် ကြည့်သည်။ ကော်ရာဘက်သို့ ကိုယ်ယိမ်းကာ လက်ကို ဆွဲကိုင်လိုက်၏။

"ဘာဖြစ်တာလဲ" ဒေးဗစ် မေးသံကို ညေး ကြားရ၏။
"မဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး"
"ဘယ်ကောင် နှောင့်ယှက်နေလို့လဲ"
"မဟုတ်ပါဘူး။ ... အခန်းက လှောင်လိုက်တာ မောင်ရယ်။ မူးနောက်နောက်တောင် ဖြစ်လာတာပဲ"
"အပြင် ခဏထွက်လိုက်ပါလားဟင်"
ကော်ရာ အပြင်ထွက်ချင်သည်။ မပြောဝံ့။ ခေါင်းကို ငိုက်စိုက်ချထားသည်။ လက်ကိုင်အိတ်ထဲမှ လက်ကိုင်ပ၀ါကို ထုတ်ပြီး နှာခေါင်း တွင် တေ့ထားလိုက်သည်။ အော်ဒီကလုံးရေမွေးနံ့က ညေးဆီ အထိ ရောက်လာသည်။ သက်သာပုံမပေါ်။

"ရေကလေးတစ်ခွက်လောက်ရရင် ကောင်းသား" ဟု ကော်ရာက သဲ့သဲ့ ပြောသည်။
"ရတာပေါ့ကွယ်"
ဒေးဗစ် ပြာပြာသလဲ ဖြစ်နေ၏။ ကုန်းကုန်းကွကွ ထရပ်သေး၏။ လူတွေ ရှေ့မှ ဖြတ်သွားရမလို ဖြစ်နေ၍ ခုံတန်းအစွန်းဆုံးရှိ ဒေါ်ရော်သီကို လှမ်းပြောသည်။
"ကော်ရာ ဖို့ ရေတစ်ခွက် မြန်မြန်သွားယူခဲ့စမ်း" ဆိုသော ဒေးဗစ်အသံကို ညေး ပီပီသသကြီး ကြားလိုက်ရလေသည်။
ကော်ရာ ဆိုသော နာမည်က ညေးကို ကျည်ဆန်မှန်သလို ဒိုင်းခနဲ လာထိသည်။ မြတ်စွာဘုရား။ ဟုတ်ပြီပေါ့။ ထိုနာမည် သည် တစ်ညနေခင်းလုံး သူ့ခေါင်းထဲတွင် ပေါ်လုတဲကာ ဖြစ်နေ၏။ ယခုမှ ပင် ပေါ်တော့ ၏။ ကော်ရာဘိတ် ... ဘလက်ပူးလ် ... လွန်ခဲ့သည့် ၃နှစ် ... နွေရာသီအတွင်း ...။

ကော်ရာ ရေသောက်ချိန်အထိ မစောင့်တော့။ ထိုင်ခုံအောက်မှ ဦးထုပ်ကို ကောက်ကိုင်လိုက် သည်။
"သွားကြစို့" စမစ် ကို ပြောလိုက်၏။
"ဘာဖြစ်တယ်။ တော်ပြီလား ..." စမစ်က မျက်စိမှေးပြီး မှိန်းနေရာမှ
"တီးမှုတ်နေတုန်း ထွက်လို့ ဘယ်ဖြစ်ပါ့မလဲဗျ" ဟု ပြောသည်။
"ကိစ္စမရှိပါဘူး။ သွားကြစို့"
"နေပါဦးလေ"
"အရေးကြီးတယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား"
ညေး မတ်တတ်ရပ်လိုက်သည်။ လူကြားထဲမှ ထွက်လာခဲ့သည်။ စမစ်က နောက်မှ ကပ်ပါလာသည်။ သူတို့ ထွက်သွားကြမှန်း ကော်ရာ သိလိုက်သည်။ ဟင်နရီပေ့ကပင် မကျေမချမ်း ငဲ့ကြည့်လိုက်သေး၏။ ညေးက အရေးမစိုက်။ ယခုလိုအချိန်တွင် ဘာကိုမှ အရေးစိုက်မနေနိုင်။

ဟိုတယ်သို့အပြန် တစ်လမ်းလုံး ညေး အတွေးကျွံနေသည်။ ရေငုံနှုတ်ပိတ် လုပ်လာခဲ့သည်။ စမစ်က တတွတ်တွတ်မေးနေသည်။ ညေး တစ်ခွန်း တစ်ပါဒမှ ပြန်မဖြေ။ ဟိုတယ်ရောက်တော့ ညေးက အရက်ခန်းထဲသို့ အလျင်ဝင်သည်။ အရက်မှာပြီးမှ စကားစပြောသည်။
အစတွင်တော့ စမစ် က အရိပ်ပြသော်လည်း အကောင်မထင်သူ၊ ချက်ဆို နားခွက်က မီးတောက်သူ မဟုတ်၍ တအံ့တသြကြီး ဖြစ်နေ ၏။ ယုံရခက်ကြီး ဖြစ်နေ၏။ ညေး၏ ဟန်အမူအရာကို ကြည့်ပြီး အရေးကြီး မှန်းတော့သည့်။
"ကျွန်တော်တော့ မယုံနိုင်ဘူးဗျာ" ခဏကြာမှ စမစ်က အလန့်တကြား ပြောသည်။
"မယုံဘူး။ ဟုတ်လား"
ညေးက ငြင်းမနေချင်တော့။ သူ့ဘက်က ကျိန်းသေနေသည်။ ငြင်းနေလျှင် လေကုန်သည်။ စားပွဲ ထိုးက ဘီယာပုလင်း ယူလာသည်။ ညေး တစ်ဝကြီး သောက်လိုက်သည်။ မကြုံစဖူး ဘီယာ အရသာထူးနေ၏။

"သေချာရဲ့လားဗျာ" စမစ်က မေးပြန်သည်။
"မြေကြီးလက်ခတ်မလွဲ သေချာတယ်။ ကျွန်တော်က တစ်ခါမြင်ဖူးရင် မေ့တတ်တဲ့ လူစား မဟုတ်ဘူးဗျ"
"ဒါဖြင့် သူ့ကိုတော့ ဘာဖြစ်လို့ မြင်မြင်ချင်း မမှတ်မိရတာလဲ"
"ကျွန်တော် မြင်ခဲ့တာက ဘလက်ပူးလ်မှာ မိနစ်ပိုင်းလောက်ပဲ ကြာတာကိုးဗျ။ ၃နှစ်လည်း ကြာသွားပြီ။ အဲဒီတုန်း ကတော့ အာရုံလည်း ထားလှတာမှ မဟုတ်တာ"
"မိနစ်ပိုင်းလောက် မြင်ဖူးတာဆိုတော့ လူမှားနိုင်တာပေါ့ဗျ"

"ဒီမှာ ကျွန်တော် သတင်းထောက်ဗျ။ အမှတ်သညာ ရှိတာဟာ ကျွန်တော့်အလုပ်။ အဲဒီတုန်းက ကျွန်တော် ပဲရစ် က ပြန်လာခါစ ရှိသေးတယ်။ ဆယ်မာဗီးလ်က ၀ိတ်ခ်အမှုကို သတင်းဆောင်းပါး ရေးခိုင်းတာနဲ့ အဲဒီကို သွားရတာ။ သြဂုတ်လကြီးမှာ ဘလက်ပူးလ်ကို ဘယ်သွားချင်ပါ့မလဲ။ ဒါပေမဲ့ အနားရတာပေါ့လေဆိုပြီး သွားတာ။ မဆိုးပါဘူး။ ဟိုင်းစ်ဆိုတဲ့ ငနဲနဲ့ လျှောက်လို့ချည်း လည်ပစ်တာ ပဲ။ သူက မစ်ဂ်ဟီးလ် သတင်းစာအုပ်စုကို သတင်းထောက်ဗျ။ တစ်နေ့ခင်း သူ့ကို သွားခေါ်ရင်း ကော်ရာကို လှစ်ခနဲ မြင်လိုက်ရတာ။ ဒါနဲ့ မှတ်မိနေတာပဲ"
"သူ့ကြည့်ရတာကတော့ ဖြစ်နိုင်မယ့်ရုပ် လုံးလုံးမပေါက်ပါဘူးဗျာ"
စမစ်က ဘ၀င်မကျနိုင်အောင်ဖြစ်၍ ညေး စိတ်ဆိုးမာန်ဆိုး ဖြစ်လာတော့သည်။
"ပွဲထဲမှာ သူ ကျီးကန်းတောင်းမှောက် ဖြစ်နေတာကို ခင်ဗျား မမြင်ဘူးလားဗျ။ လိပ်ပြာမလုံလို့ ဒီလို ဖြစ်နေတာပေါ့ ဗျ"

"မမြင်ပေါင်ဗျာ"
"ခင်ဗျား ကန်းနေလို့ ဖြစ်မှာပေါ့"
"ဒီလူတွေက အကျင့်သိက္ခာနဲ့ နေတဲ့ လူတွေပါဗျာ"
"လူတိုင်း မှာ ဖုံးဖိထားတဲ့ ကိစ္စကလေး တစ်ခုတလေတော့ ရှိတတ်တာမျိုးပဲ စမစ်ရဲ့"
"ပေ့ မိသားစုကတော့ သိပြီးရောပေါ့"
"သိမှာ မဟုတ်ဘူး။ သေချာတယ်။ အဲဒါ ကျွန်တော်တို့အတွက် အကွက်ပဲ"
ညေးအကြံ ကို စမစ် ရိပ်စားမိလာသည်။ အူးယားဖားယား ကန့်ကွက်သည်။

"မဖြစ်ဘူး ... မဖြစ်ဘူး။ ကျွန်တော်တော့ ဒီလို သဘောမထားနိုင်ဘူး။ ခင်ဗျားပြောတာ မှန်နေ တောင် ကျွန်တော် တို့ မလုပ်နိုင်ဘူး"
စမစ်ကား မဆက်နိုင်။ အရေးဆိုလျှင် ချွေးပြန်တတ်သည့် သူ့အကျင့်အတိုင်း တစ်ကိုယ်လုံး ချွေးတွေ ရွှဲလာသည်။
ခဏငြိမ်နေ သည်။ ညေးက သူ့ကို ပြောင်ချော်ချော် ကြည့်နေသည်။
စမစ်က ဆုတ်ဆိုင်းဆိုင်း ပြောသည်။
"မှားရင်တော့ ငါးပါးမှောက်တော့မှာပဲ။ အသရေပျက်မှုနဲ့တော့ တန်းနေတာပဲ"
"အသာနေစမ်းပါ စမစ်ရယ်။ ဘီယာလေး ဘာလေး သောက်လိုက်ပါဦး။ ခုတစ်လော ခေါင်းရှုပ် နေတာ ကျွန်တော် သိပါတယ်။ ဖြေဆေးလေး ဘာလေး လုပ်လိုက်ပါလားဗျာ"
"မဖြစ်ဘူး ညေးရေ ... လက်ဖျားနဲ့တောင် မတို့ဝံ့ဘူး။ ခေါင်းရှင်းရှင်း ရှိနေမှ ဖြစ်မှာ။ ခင်ဗျား ပြောတာမှန်ရင် ကျွန်တော် တို့ အခြေအနေတော့ တစ်မျိုးပြောင်းလာတော့မှာပဲဗျို့"

"ဘုရားရေ ..."
ညေးက ၀ါးခနဲ အော်ရယ်လိုက်သ်ည။ ရယ်သံကြောင့် ဘေးလူများကပင် ၀ိုင်းကြည့်ကြသေးသည်။
"ကျွန်တော်တို့က စုန်းစုန်းမြှုပ်နေတာဗျ"
"မဟုတ်သေးဘူး။ ဒီလောက်လည်း မလောနဲ့ဦးလေ။ ကျွန်တော်တော့ တစ်ရှူးထိုး မလုပ်ချင်ဘူး ဗျာ။ စလီဒန် သွားပြီး ကောင်မလေးကို တွေ့လိုက်ပါဦးလား။ ၀န်ခံတော့မှ ကျွန်တော်တို့ ... ဘယ်လို ... ဘယ်လို ... ကျွန်တော် တို့ ကိုယ့်အနေအာထား ကိုယ်သိမှာပေါ့"

"ပူမနေစမ်းပါနဲ့ဗျာ။ ကျွန်တော် သွားတွေ့လိုက်မှာပါ။ ကျွန်တော် ဦးဆုံးလုပ်မှာက ရုံးချုပ်နဲ့ ဆက်သွယ်မယ်။ ဒီအကြောင်း ဘာမှ မပြောဘူး။ သူတို့ သိဖို့လည်း မလိုဘူး။ နောက်ထပ်အချိန် သုံးပတ်သာပေးပါ။ ဥတ္တရအလင်း ကို ကြာကလပ်နဲ့တင်ပြီး ဆက်သပါမယ် ခင်ဗျားလို့ ကတိသစ္စာ ပြုရုံ ပြုလိုက်မှာပါ"
ညေးက ရွှင်ရွှင်ကလေး ပြောသည်။ ဘီယာကို အကုန်မော့ပြီး စားပွဲမှ ထသည်။ ထို့နောက် တိုက်ခွဲ သို့ ထွက်လာခဲ့လေ သည်။

ဆက်ရန်
.

2 comments:

Maribel Artaste said...

www.nayminmaung.info/2012/06/autodesk-autocad-2013-x86.html

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog