Friday, July 13, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂၂)

ကျွန်တော်တို့ အိပ်ခန်းထဲသို့ ဝင်သွားသောအခါ သူသည် မျက်နှာကျက်ကို မော့ကြည့်ရင်းနှင့် ကုတင် ပေါ်တွင် လှဲနေရှာသည်။ ရစ်ချက် ၏စောင်လေးကို သူ့ရင်ပေါ်တွင် လွှမ်းခြုံထား၏။
"လီလီယန်၊ မောင် စကားလာပြောနိုင်လားဟင်" ကျွန်တော်က သူ့ကို ထိလိုက်သည်။ သူက တစ်ဖက် သို့ လှည့် သွား၏။ "ဒီမှာ လီလီယန်၊ သူဟာလည်း မောင့်သား အရင်းခေါက်ခေါက်ပါပဲကွယ်၊ ဒါကြောင့် မင်းရဲ့ ပူဆွေးမှု လေးတွေ ကို မောင်လည်း ဝေမျှ ခံစားပါရစေနော်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့ကွယ်" သူက ကျွန်တော့် ကို မော့ကြည့်ကာ ကျွန်တော့်လက်များကို လာဆုပ်သည်။ "မင်း မှတ်မိသေးတယ် မဟုတ်လား၊ မောင်တော့ ဂျက်ဆင်မှာ အသတ်ခံရတော့မလို့ ထင်နေခဲ့တာကို လေ" "မှတ်မိပါတယ် မောင်"
ကို ဆက်ဖတ်ရန်............

"ဒါကြောင့် မောင် ပြောခဲ့ မှာခဲ့ တယ်မဟုတ်လား၊ ကလေးတွေ မောင့်ကို မမုန်းအောင်၊ အထင်မလွဲရ လေအောင် ဆိုပြီးလေ။ နောက်တော့ ရစ်ချက်လေး ကိုလည်း ပထမဆုံးအကြိမ် မောင် ချီခဲ့တယ်၊ ဖက်ခဲ့ တယ်၊ နမ်းခဲ့တယ်၊ သူနဲ့  ကစားခဲ့တယ်" "ဟုတ်ပါတယ် မောင်" "မောင် သူ့ကို နမ်းပြီး ပြောလိုက်တယ်၊ ဖေဖေတော့ သားအတွက် ပိုကောင်းတဲ့ ကမ္ဘာသစ်တစ်ခုကို တည်ထောင်ပေးဖို့ ကြိုးစားနေပြီလို့။ အဲဒီအချိန်မှာ သားလေးရဲ့ကမ္ဘာ ဟာ နောက်ထပ် နာရီပိုင်း လောက်သာ ကျန်တော့မယ် ဆိုတာတော့ မသိခဲ့ဘူးပေါ့ကွယ်၊ ဟုတ်တယ် မဟုတ်လား"

"ဟုတ်ကဲ့"
"အချစ်ရယ်... မောင် ဒီကနေထွက်ပြီး မနေ့ညက မစ္စစ်စီပီကို သွားခဲ့တယ်၊ အဲဒီမှာ မောင် အသတ်ခံရ ဖို့ သိပ် လွယ်တာ ကို မောင် သိတယ်၊ မောင် အသတ်ခံရတော့မှာဆိုတာလဲ သိနေခဲ့တယ်၊ ဒါပေမဲ့ မင်း သိတယ်မဟုတ် လား၊ အဲဒီအချိန်မှာ မင်းပဲ နေမကောင်းဖြစ်ဖြစ်၊ ရစ်ချတ်လေး ပဲ နေမကောင်းဖြစ်ဖြစ်၊ မောင် ပြန်လာဖို့ ခေါ်ရင် မောင်တော့ ပြန်လာတော့မှာ မဟုတ်ဘူးကွယ် မှန်တယ် မဟုတ်လားဟင်"
"ဟုတ်ကဲ့" "မနှစ်တုန်းက မှတ်မိသေးလား၊ မင်း ကိုယ်ဝန်လျောကျပြီး နယူးအော်လင်းမှာ ဒုက္ခရောက်တုန်း ကလေ၊ မင်းကို အိမ်ထဲကနေ တွန်းလှည်းလေးနဲ့တွန်းထုတ်နေတုန်းမှာ မောင်က ချက်လက်မှတ်အလွတ်တစ် ရွက် ပဲ မင်း လက်ထဲထည့်ပေးနိုင်ခဲ့တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ မောင့်မှာက လေယာဉ်ကိုအမှီပြေး ရဦးမှာ ကိုး။ ဒီနေ့လည်း မောင် တောင်ပိုင်း က အသက်အန္တရယ်နဲ့ ကြုံရခါနီး အခု လွတ်လာပြန်ပြီလေ၊ ဟုတ်တယ် မဟုတ်လား ဟင်"

"ဟုတ်ကဲ့ မောင်၊ ဒါတွေကို ကျွန်မ သိပါတယ်"
"ကောင်းပြီ အချစ်ရေ... ခုလဲ ဒီနေ့သာ မောင် တောင်ပိုင်းက ဒီကိုပြန်မရောက်နိုင်ခဲ့ရင် မောင် အသတ် ခံချင် ခံနေရမှာ ပဲ မဟုတ်လား" "ဟင့်အင်း၊ ဒီလိုတော့ မဟုတ်နိုင်ပါဘူးလေ"
"ဒါကို ဘယ်လိုလုပ်သိလဲဟင်၊ ဒီလို မဖြစ်နိုင်ပါဘူးလို့ စိတ်ထဲ ထင်နေတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"မင်းသိတဲ့အတိုင်းပဲ၊ မောင်တို့အလုပ်က ဘုရားသခင်ရဲ့အလုပ်ပဲ ဖြစ်မှာပေါ့နော်၊ ဒါကြောင့် မောင့်အ သက်ကို ကယ်တင်ဖို့အတွက် သားလေးအသက်ကို အစားထိုးနှုတ်ယူသွားတာ ဖြစ်မှာပေါ့၊ ဘုရားသခင် အနေနဲ့ ဒါတွေ လုပ်နိုင်တယ်ဆိုတာ မင်း ယုံရဲ့လားဟင်"

"ယုံပါတယ် မောင်"
ထို့နောက် ကျွန်တော်က သူ့လက်ကို နာနာဖိဆုပ်လိုက်ပါသည်။ ကျွန်တော့်ဘဝ တစ်သက်တာတွင် တစ်ခါမျှ မလုပ်ခဲ့ဖူးသော ထူးခြားသည့် အရာတစ်ခုကို ကျွန်တော် လုပ်တော့ရန် ကြံလိုက်ပါသည်။ ကျွန်တော်က သူ့လက်ကလေးကို ကိုင်ပြီး သူ့ကိုစိုက်ကြည့်လိုက်ပါသည်။
"ကဲ ဘုရားသခင်ကို မေ့ထားလိုက်စမ်းပါဦး။ မောင်က မင်းကို တစ်ခုခု ဖြေခိုင်းတော့မယ်နော်"
"ဘာဆိုလိုတာလဲ မောင်ရယ်"
"မင်းအနေနဲ့ တစ်ခုခု ဆုံးဖြတ်ရတော့မယ်လေ၊ ဘုရားသခင်ကို မေ့ထားလိုက်။ ဒီမနက်မှာ မောင် အသတ်ခံရ လိမ့်မယ်၊ ဒါကို ကာကွယ်ဖို့ရာလည်း ရစ်ချက်ကလေးရဲ့အသက်နဲ့လဲမှ ရမယ်ဆိုတာသိရင် မင်း ဘယ်သူ့အသက် ကို အရင်ရွေးယူမှာလဲဟင်"

ကျွန်တော် သူ့ဘေး တွင် ဒူးထောက် ထိုင်လိုက်ပါသည်။ ထို့နောက် လူသားစင်စစ်မျက်နှာနှင့် မတူ လောက်အောင် ပင် ပျက်ယွင်းရှုံ့မဲ့နေသော မိန်းမ၏မျက်နှာကို ကြည့်နေလိုက်ပါသည်။ မျက်နှာရှိ အပေါက်နှစ်ပေါက်ဖြစ်သော မျက်လုံးများမှနေ၍ ကျွန်တော့်အား မုန်းတီးမှုများ အပြည့်ပစ်လွှတ်နေ သည်။ သူ့က တွန့်လိမ် ကုန်းထ လာသည်။ ကျွန်တော်က သူ့ကို ခုတင်ပေါ်ပြန်လှဲချပြီး အော်ပစ်လိုက် သည်။
"ဘုရားကို အသာထားလိုက်စမ်း၊ မင်းတစ်ခုခုကို ဆုံးဖြတ်ရတော့မယ်၊ ဆုံးဖြတ်စမ်း၊ ငါ့ကိုလား၊ ရစ်ချက် လေး ကိုလား၊ ရစ်ချက်လေးလား၊ ငါ့ကိုလား"
သူကလည်း တွန့်လိမ်ရုန်းထွက်ကာ အော်ဟစ်နေသည်။ ကျွန်တော့်ကိုလည်း ကန်ကျောက်နေသည်။ ထို့နောက် ရုတ်တရက် ပင် ငြိမ်ကျသွားပြန်သည်။ ပထမဆုံးအကြိမ်ပင် သူ့မျက်လုံးများသည် ကြည်လင် လာသည်။ ခန္ဓာကိုယ် မှ လျောကျသွားသည်။ ပါးပြင်ပေါ်သို့ကား မျက်ရည်စီးကြောင်းများ လိမ့်ဆင်းလာ သည်။

"ရစ်ချတ် ကလေး အသက်ကိုပဲ ရွေးမယ်" ဟု ပြောလိုက်လေသည်။
အသုဘ အခမ်းအနားပြီးသောအခါ ကျွန်တော်နှင့် "ဂျင်မ်ဆင်ဒါးစ်"တို့သည် "ဂျက်ဆင်" သို့ ပြန်သွားကြ သည်။ တစ်လမ်းလုံး ပင် ပူဆွေးဝမ်းနည်းနေသော မိန်းမတစ်ယောက်၊ သားဆုံးသဖြင့် ယူကြုံးမရဖြစ်နေ သော မိခင်တစ်ဦး အပေါ်တွင် ကျွန်တော်လုပ်ခဲ့သော လုပ်ရပ်များမှာ တရားမျှတမှု ရှိမရှိ စဉ်းစားကြည့် နေမိသည်။ ထပ်တလဲလဲ ပင် သေခြင်းတရားကို ဆင်ခြင်ကြည့်မိ၏။ ကျွန်တော်၏သေဆုံးခြင်း၊ ကျွန် တော့် အနိစ္စနှင့် စစ်မြေပြင် မှ စစ်သားတစ်ဦးကဲ့သို့မဟုတ်ဘဲ အကောင်းပကတိမှ ချုပ်ငြိမ်းပျက်ယွင်း သွားရှာသော ကလေးတစ်ဦး၏ အနိစ္စ။

သို့နှင့် မစ္စစ်စီပီသို့ ရောက်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ကြာရှည်မနေကြ။ ဆန္ဒပြပွဲများမှာ အခြေအနေ များ မကောင်းလှ။ ကလေးများလည်း ဆန္ဒပြပွဲများတွင် ပါဝင်လာလေရာ သူတို့ကို အုပ်ထိန်းသူမိဘများ ၏ သဘောတူခွင့်ပြုချက်များ ပြန်ယူခိုင်းရ၏။ လမ်းတွင် နီဂရိုးလူလွတ်နှစ်ဦး လမ်းလျှောက်နေကြသည် ကို တွေ့လိုက် ရသည်။ တစ်ဦးမှာ စစ်သားဖြစ်သည်။ သူတို့သည် ဆန္ဒပြပွဲတွင် မပါဝင်ခဲ့ကြ။ သူတို့ကို ဘာကြောင့် ဆန္ဒမပြကြသလဲဟု ကျွန်တော်က မေးကြည့်သည်။ ရဲဘော်လေးက သူသည် စစ်သားတစ် ဦးဖြစ်သောကြောင့် မပါဝင်နိုင်ပါဟု ဆိုသည်။ ကောင်းပြီ။ သူ၏စစ်တပ်ပင် ကမ္ဘာအနှံ့ လျှောက်လည်ပြီး နိုင်ငံခြားသားများ၏အခွင့်အရေးများကို လိုက်လံချုပ်နှောင်နေသည်ဟု ကျွန်တော် က ပြော လိုက်သည်။

သူ့မိတ်ဆွေကမူ သူ ဆန္ဒပြပွဲထဲ မပါဝင်ခြင်းမှာ သူသည် သိပ်ကြမ်းရမ်းပြီး စိတ်ကြမ်းကိုယ်ကြမ်းရှိတတ် ၍ ဖြစ်သည်ဟု ဆိုသည်။ အသားအရောင် ခွဲခြားမှု တံခါးချပ်များ ပွင့်သွားပြီး သူတို့က ပထမဆုံး နီဂရိုး စုံ ထောက်များခန့်ရန် စီစဉ်လျှင်ကား၊ သင်သည် စိတ်ကြမ်းကိုယ်ကြမ်းရှိသူဆိုကာ ထိုအလုပ်ကို မယူပဲ ငြင်းဆန်နေမည်လောဟု ကျွန်တော်က မေးလိုက်သည်။ သူတို့နှစ်ဦးစလုံးပင် ဆန္ဒပြပွဲတွင်ပါဝင်မည်ဟု ကတိပေးကြတော့သည်။

"လယ်နာဟော့န်း" စကားပြောသောအခါ ပြည်သူတို့ သဘောကျကြသည်။ သူသည် ပြည်သူတို့ ကောင်းကျိုးကို အတော်များများ ဆောင်ကြဉ်းပေး၏။ "ကျုပ်လည်း ခင်ဗျားတို့နဲ့ အတူရှိတယ်" ဟူသော စကားမှာ တက်ကြွဖွယ်ရာ။ အထူးသဖြင့် ဘုရားရှိခိုးကျောင်းများက နိုးထရန် ကြောက်ရွံ့နေကြသော ယခုလို ဒေသမျိုးတွင် သူ့စကားများသည် ပို၍တာသွား၏။

ကျွန်တော်ကမူ "မက်ဂါအဲဗားစ်" ကို ပြောလိုက်မိသည်။ "ဂျက်ဆင်" ၏အခြေအနေမှာ သိပ်မကောင်း။ ဆိုးဆိုးရွားရွား တစ်ခုခုတော့ ဖြစ်လာတော့မည်။ အခြေအနေများမှာ တစ်ခုခု မှားနေပြီဟု ပြောလိုက် သည် ဘာတွေ မှားနေပြီဆိုသည်ကိုကား ကျွန်တော် မသိ။ ကျွန်တော် ကြိုတင်ကာကွယ် လုပ်ဆောင်ပေး နိုင်သည် ကလည်းမရှိ။ "မက်ဂါ"ကလည်း သူလည်း ဤသို့ပင် ထင်နေပါသည်ဟု ပြောသံကို ကျွန်တော် မှတ်မိနေ ခဲ့သည်။ ကျွန်တော်ကမူ ဤနေရာမှ ထွက်ခွာသွားရသည့်အတွက် ဝမ်းနည်းပါကြောင်း ပြော လိုကသ်ည်။ ကျွန်တော့်ကို ဘယ်အချိန် ပြန်ခေါ်ခေါ် ကျွန်တော် လာမည်မှန်းကိုကား သူသိသည်။ အချိန်မရွေး။ သူခေါ် လျှင် ကျွန်တော် လာခဲ့ပါမည်။ သူ သိပါသည်။

"ဆန်ဖရန်စစ္စကို" သို့ ပြန်ခဲ့ကြသည်။ "ဟန်းဂရီးအိုင်ကလပ်" တွင် အလုပ်ပြန်စလုပ်သည်။ ပိုင်ရှင်ကား တစ်ဝက်တန်းလန်း တွင် ကျွန်တော် ထွက်ခွာသွားခဲ့ရခြင်းတွင် တောင်းပန်လိုက်သည်။ သို့သော် လူရွှင် တော် အနေနှင့် ရပ်တည်နိုင်သမျှ ကာလပတ်လုံး သူ့ထံလာရောက် ဖျော်ဖြေပေးမည်ဟုလည်း ကတိ ပေးလိုက်၏။
ပထမနှစ်ညတွင် ကျွန်တော့်စိတ်မှာ အလုပ်ထဲတွင်ပင် ရှိပါသေးသလားဟုပင် တွေးမိသည်။ စိတ်မှာ လီလီယန်တို့၊ မက်ဂါတို့၊ ရစ်ချက်လေးတို့ထံတွင်ပင် ရောက်နေသည်။

ဆန်ဖရန်စစ္စကိုတွင် ယခင်အပတ်ကရှိနေတုန်းက သေခြင်းအတိတ်နိမိတ်ကို စဉ်းစားမိသည့်အကြောင်း ကိုလည်း နားမလည်နိုင်အောင်ပင် ဖြစ်နေရသည်။ ထိုစဉ်က တစ်ယောက်ယောက်သေတော့မည်ကိုပင် စိတ်ထဲမှ တပ်အပ် သိရှိခံစားနေခဲ့ရသည်။ ဤသူမှာ ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်မည်ဟု ထင်နေခဲ့၏။ သို့သော် ကျွန်တော် မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် အကောင်းဆုံးကလေးဆေးရုံမှ ငွေနဲ့ကြေးနဲ့၊ အချစ်မေတ္တာနဲ့ ဂရုတစိုက် ပိုးမွေး သလို မွေးလာသော ကလေးတစ်ဦးသာ သေဆုံးခဲ့ရသည်။
သို့သော် ဤမျှနှင့်ပင် မပြီးသေးပါ။ ဒုတိယည ဖျော်ဖြေပွဲတွင် ကပြဖျော်ဖြေနေစဉ် "မက်ဂါအဲဗားစ်" တစ်ယောက် အသတ်ခံ လိုက်ရကြောင်း ကြားသိခဲ့ရပြန်လေသည်။

(၄)

"ဂျက်ဆင်" မြို့တွင် "မက်ဂါအဲဗားစ်" ၏ရုပ်ကလာပ်နောက်မှ ကျွန်တော်တို့ လိုက်လံပို့ဆောင်ခဲ့ကြ သည်။ အသုဘပို့သူများ မှာ များပြားလွန်းလှ၍ လူတန်းကြီးသည် ပုရွတ်အိတ်တန်းကြီးပမာပင် ဆန့် ထွက်ရှည်လျားနေ သည်။ သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များ၊ အသားမည်း၊ အသားလတ်၊ အသားဖြူများ၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့်၊ ဆံပင်ရှုပ်ပွပွများတို့သည် လမ်းလျှောက်ပို့ဆောင်လာကြ သည်။
ဘုရားသခင်ထံသို့ တပ်တောင်တာ ဗိုလ်ထုချီပြီး လူစုံတက်စုံ ချီတက်သွားကြသည်သို့ပင်။ လမ်းထောင့် တစ်ခု အရောက်တွင် တစ်ချိန်က "မက်ဂါ"အား တိုက်ခိုက် နှောင့်ယှက်ခဲ့ကြသော လူဖြူပုလိပ်များသည် ပင် ယခု အသုဘ တွင် လမ်းရှင်းတာဝန်ကို ထမ်းဆောင်နေကြသည်။ သူတို့သည် လက်အိတ်ဖြူများကို ဝတ်ကာ ထိုလက်အိတ် များဖြင့် လူဖြူကားများကို ရပ်ခိုင်းနေကြသည်။ "မက်ဂါအဲဗားစ်" လာနေပြီ။ လူ ဖြူကားများ ရပ်ကြလော့။ လူဖြူများသည် ကားပေါ်တွင် ထိုင်ပြီး အသုဘအခမ်းအနားကို ကြည့်နေကြ သည်။

ထိုလူဖြူများသည် အမှန်တရားအတွက် တိုက်ပွဲဝင်နေစဉ်ကလည်း သူတို့ပါးစပ်မှ စကားတစ်လုံး မထွက်ခဲ့။ ထိုသူ သည် သူ့အိမ်ရှေ့၌ပင် နောက်ကျောသေနတ်အပစ်ခံရပြီး ကျဆုံးသွားသောအခါ၌ လည်း ပါးစပ်မှ စကားမှ မထွက်ခဲ့ကြ။ သို့သော် ထိုသူ၏ အသုဘအခမ်းအနားသို့ သူကားပေါ်မှ မြင်လိုက်ရသောအခါ၌ကား အတော်ထိတ်လန့်သွားတော့သည်။ အမှန်တရား၊ သစ္စာတရား၊ တရား မျှတမှုများတို့ကို သေနတ်ဖြင့် ပစ်တတ်လေလေ၊ အမှန်တရား၊ သစ္စာတရား၊ တရားမျှတမှုများသည် ပို၍ ရှင်သန်ထွန်းလားလာလေလေ ဆိုသည်ကို သူမြင်တွေ့လိုက်ရသောအခါ ပို၍ ထိတ်လန့်သွားတော့ မည်ဖြစ်သည်။
ထိုနေ့က အတော်ပူသည်။ အပူချိန် တစ်ရာ ဒီဂရီကျော်သည်။ ကျွန်တော်တစ်ကိုယ်လုံး ရေချိုးထာသလို ပင် ချွေးများဖြင့် ရွှဲနေသည်။ လက်ကိုင်ပုဝါကို ထုန်ပြီး ညှစ်ချလိုက်သောအခါ ရေများ တောက်တောက် ကျလာ၏။

သတင်းထောက်များ ကလည်း ပလူပျံနေကြသည်။ "လိုက်ဖ်"မဂ္ဂဇင်းမှ ဓာတ်ပုံဆရာတစ်ဦးသည် "မက်ဂါ" ၏ ခေါင်းပေါ် မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်သောအခါ၌ကား လူတိုင်းလိုလိုပင် အနည်းနှင့်အများ ဆို သလို အောင့်သက်သက် ဖြစ်သွားကြရ၏။ ကျွန်တော်လည်း ထိုနည်းတူပင် ခံစားလိုက်ရသည်။ သို့ သော် ဓာတ်ပုံ ထွက်လာ၍ မြင်လိုက်ရသောအခါ၌ကား။ "မစ္စတာမက်ဂါအဲဗားစ်"၏ မျက်နှာပေါ်မှ မျက် ရည်စီးကြောင်းလေး တစ်ကြောင်း ကျဆင်းနေသည်ကို ပင်ပါအောင် ရိုက်နိုင်ခဲ့သော ထိုဓာတ်ပုံဆရာကို အပြစ် မတင်နိုင်တော့ပြီ။ ခေါင်းပေါ် တက်ရပ်ပြီး ရိုက်ရုံမက ခေါင်းထဲဝင်၍ပင် ရိုက်ပါစေ၊ သူ့ကို ခွင့်လွတ် နိုင်ပေပြီ။

"ဂျင်မ်ဆင်းဒါးစ်"နှင့် ကျွန်တော်သည် "ဆန်ဖရန်စစ္စကို" သို့ ပြန်ပြီး ထိုညက "ဟန်းဂရီးအိုင်" ကလပ် သို့ သွားကြ သည်။ ထိုညက ကျွန်တော်ဟာသများသည် ပြောင်မြောက်လွန်းလှသည်။ အလွန်ရယ်ရသည် ဟု "ဂျမ်" က ပြောသည်။ ကျွန်တော်က ပြောပြလိုက်ရသည်။
"လူတစ်ယောက် ဟာ သူ့အရည်အသွေးတွေကို ရောင်းလိုက်လျှင် သူဟာ ဖာသည်ဖြစ်သွားပြီ။ ဖာသည် ဖြစ်သွားတဲ့နောက်တော့ ဖောက်သည်တွေ လုပ်ခိုင်းသလို လုပ်ရတော့တာပဲပေါ့"
ကျွန်တော် ထိုညက ရယ်စရာကောင်းခဲ့ပါသည်။

"မက်ဂ့အဲဗားစ်"၏ အသုဘပြီး နောက်တစ်ပတ်တွင် နွေရာသီ စတော့၏။ အမေရိကန် အားကစားအဖွဲ့ သည် အမျိုးသားပြေးခုန်ပစ် လက်ရွေးစင်များကို ရွေးကာ မော်စကိုတွင် ရုရှားအသင်းနှင့် ယှဉ်ပြိုင်နိုင် ရန် ပြင်ဆင်နေ၏။ ကျွန်တော် နီဂရိုးအားကစားသမားများအား မော်စကိုပြိုင်ပွဲအား သပိတ်မှောက်ရန် ပြော၏။ ပြိုင်ပွဲရှုံးတာထက် ပိုပြီး စိတ်ကျဉ်းကျပ် အနှောက်အယှက် ဖြစ်စေမည်ဟု ကျွန်တော်က ပြောပြ သည်။ သို့သော် သူတို့က နားမလည်ကြ။

ကျွန်တော်သူတို့နှင့် စကားပြော၏။ ဆွေးနွေး၏။ လမ်းထောင့်ချိုးများတွင်ရပ်ပြီး လက်ကမ်းစာစောင်များ ဝေ၏။ သူတို့မကြားကြားအောင် အော်ပြောခဲ့သည်။ အမေရိကန်နီဂရိုးတ်စယောက်ဟာ မော်စကိုကို သွားပြီးတောင် ရန်သူနယ်မြေ မှာ စုပေါင်းပြေးပွဲ ဝင်နိုင်ပါသေးရက်ကနဲ့၊ ကိုယ့်ပြည် ကိုယ့်မြေက တစ်ချို့ ပြည်နယ်တွေကျတော့ ဘာဖြစ်လို့ စုပေါင်းမပြေးနိုင်ကြတာလဲ။ အဲဒီအချက်ကို မကျေနပ်ရင် ချိုးဖောက် ဆန္ဒပြရမယ်။ မိမိနိုင်ငံ ဂုဏ်ဆောင်ဖို့အတွက် တစ်ခြားနိုင်ငံများ သွားပြေးရတော့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံကို ကယ်တင်ဖို့ အခွင့်အလမ်းလည်း သင်တို့ဆီမှာ ရှိနေကြတယ်။ သူတို့ကို ပြောသော်လည်းမရ။ သူတို့မှာ ငယ်ရွယ်ကြသေး သည်။

သူတို့က ထိုအချက်ကို တစ်ခြား နိုင်ငံများအား မသိစေချင်။ နိုင်ငံတကာအဆင့်တွင် ထိုအချက်ကို ချမပြလိုကြ။ အကယ်၍"ကရုရော့ဖ်" သည် သူ၏ ရုရှအပြေးအဖွဲ့နှင့်အတူ ကျွန်တော်တို့နိုင်ငံသို့လာပြီး၊ "နယူးအော်လင်း" ပြည်နယ်တွင် အပြေးပြိုင်လိုသည်ဟု တောင်းဆိုပါက ကျွန်တော်တို့ ထိုအပြေးပွဲတွင် ရှုံးမည် မုချ။ အဘယ့်ကြောင့် ဆိုသော် ထိုနယ်တွင် နီဂရိုးများ ယှဉ်ပြိုင်ခွင့်မရှိ၍ စိန့်လူဝီပြိုင်ပွဲမှ နေ၍ စိတ်ဓာတ် ကျဆင်းကာ မကျေ မနပ်ဖြင့် ပြန်ခဲ့ရပါသည်။ ထိုအားကစားသမားများသည်။ အမှန်တရားကို အဖတ်ဆယ်နိုင်ခွင့် ရှိသည်။ သူတို့သည် ဤနိုင်ငံအား အိမ်တွင် အမှိုက်လှဲသလို သန့်စင်ပစ်ရန် ဖြစ်သည်။ သို့သော် သူတို့က ထိုတာဝန် ကို မထမ်းဆောင်ကြ။ ထို့ကြောင့်ဤနိုင်ငံလည်း အမှိုက်သရိုက်အချို့ကို ကော်ဇောအောက် သို့ သာ လှဲသွင်းလိုက်တော့သည်။ အိမ်တစ်ဘက်စွန်းတွင် မီးလောင်နေသည်ကို လှည့်မကြည့်တော့ ပေ။

စိန့်လူဝီတွင် မအောင်မြင်ခဲ့ပြီးနောက်၊ လီလီယန်နှင့်ကလေးများကို ခေါ်၍ "ဟိုနိုလူလူ"သို့ အပျော်ခရီး ထွက်ခဲ့ကြ သည်။ ကျွန်တော် ကောင်းကောင်းအနားယူခဲ့သည်။ ဖြေဖျော်ပွဲအချို့နှင့် ရေဒီယိုအချို့ စီစဉ် ကပြခဲ့သည်။
"ရှိကာဂို"သို့ ပြန်ရောက်သောအခါ စာတစ်စောင်က ကျွန်တော့်အား စောင့်ကြိုနေသည်။ ထိုစာကြောင့် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရပါသည်။ ကျွန်တော့်အား အမေရိကန်ပြည်၏ ထိတ်တန်းပုဂ္ဂိုလ်များ စာအုပ်တွင် ထည့်သွင်းဖော်ပြထားကြောင်း အကြောင်းကြားစာ။

ထိုအတွက်ကြောင့်ပင် လူများစွာတို့သည် သူတို့၏ အသက်များကို စွန့်လွတ်ပြီး၊ ဤတိုင်းပြည်အား ဖျက်ဆီး လှိုက်စားနေသည့် "မုန်းတီးမှု"ကင်ဆာရောဂါကြီးမှ ကယ်တင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်း။ သူတစ်ပါး၏ ကယ်ဆယ်ထောက်ပံ့မှုဖြင့် မွေးဖွားကြီးပြင်းလာခဲ့ရသော နီဂရိုးတစ်ယောက်သည် "ထိပ်တန်းပုဂ္ဂိုလ်များစာအုပ်" တွင် ထည့်သွင်းဖော်ပြခြင်း ခံရသည်မှာ ဆန်း၏။ ၁၉၅၂ ခုနှစ်တုန်းက လူမှုအပယ်ခံကျွန်တော်သည် ၁၉၆၃ တွင် အကျော်ကြာ ဆုံး လူသားစာရင်းတွင် ပါဝင်နိုင်ခဲ့ချေပြီ။ အမေရိကတွင် သူ၏ အပြစ်များ ဆိုးရွားမှုများနှင့် အတူ ကောင်းကွက်လေး တစ်ချို့တစ်လေလည်း ရှိနေပါသေး သည်။ တောအုပ်ကြား မှ ဖြတ်ပြေးပြီး နေကို မြင်ရသော အခါမျိုးလည်း ရှိပါသည်။

သို့သော် ထိုနေမှာ တက်နေလား၊ ကျနေလား ဆိုသည်ကိုမူ ကျွန်တော်တို့မသိ။
ကျွန်တော်သည် ဧည့်ခန်းထဲမှ ကွပ်ပျစ်ပေါ်တွင် လဲလျောင်းရင်းနှင့် ထိုအကြောင်းကြားစာလေးကို တစ်ကြော့ ဖတ်သည်။ နောက်ထပ်တစ်ကြော့ ပြန်ဖတ်သည်။ တစ်ကျော့ပြီးတစ်ကျော့။ ထို့နောက် ငိုမိ သည်။ ထို့နောက် ကြက်သီးဖျန်းဖျန်း ထသည်။ ထို့နောက် ခွန်အား ပြည့်ဝလာသည်။ ရေဒီယို ဖွင့်လိုက် သောအခါ ရှိကာဂို တွင် ကျောင်းကောင်းများ ရရှိရေးအတွက် သူတို့ ဆန္ဒပြနေကြကြောင်း ကြားလိုက် သည်။ လူအချို့လည်း ဖမ်းဆီး ထားကြောင်း သိရသည်။ ဂျိမ်းစ်နှင့် လီလီယန်ကို ခေါ်ပြီး အဝတ်လဲကာ ထွက်ခဲ့၏။

ရှီကာဂိုတွင် ကျွန်တော်တို့ကို မှားယွင်းစွာ ရှေ့ဆောင်ရှေ့ရွက်ပြုမှုပြင့် ဖမ်းဆီးလိုက်သည်။ "ဘာမင်ဂန်" "ဂျယ်ဆင်"တို့နှင့် တခြားတောင်ပိုင် ပြည်နယ်များတွင် ကျွန်တော်အဖမ်းခံခဲ့ရသည်။ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်မှုဖြင့်။ ယခု မြောက်ပိုင်းပြည်နယ်၊ ကျွန်တော်မြို့တွင်ကား တောင်ပိုင်းပြည်နယ်များ တွင်လောက်ပင် ကျွန်တော့် သိက္ခာ၊ ကျွန်တော့်ဂုဏ်အင် မရှိတော့ပြီ။ တောင်ပိုင်းပြည်နယ်များတွင် လူများအားလုံးစုပြီး ကျပ်ကျပ် တည်းတည်း ချုပ်နှောင်ထားသည်ကလွဲလျှင် ကျွန်တော်တို့အား ဆန္ဒပြ သမားများအနေနှင့်သာ ဆက်ဆံ သဘောထားခဲ့ကြသည်။ ယခု ရှီကာဂိုတွင်ကား တရားခံ ရာဇဝင်သား များကဲ့သို့ပင် ဆက်ဆံ သဘောထားနေ သည်။ အကျီများ ချွတ်ပစ်သည်။ ပစ္စည်းများ သိမ်းသွားသည်။ အာဏာပိုင်များ ထောင်ထဲရှိလျှင် ပိုဆိုးသေး၏။ သူတို့သည် အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး ထောင်ကျသွားခဲ့သော လူကြီးလူကောင်းများကို မြင်ဖူးဟန်ပင် မတူ ဟုပင် ကျွန်တော်ထင်မိပါသည်။

အထူးသဖြင့် နီဂရိုးပုလိပ်များက မြောက်ပိုင်းပြည်နယ်များမှ လူမှုအခွင့်အရေး ဆန္ဒပြသူ နီဂရိုးနှင့် လူဖြူ များကို ဖမ်းဆီးနေသည် ကို ကြည့်ရသည်မှာကား အတော်ခံရခက်လှသည်။ သို့သော် မြောက်ပိုင်းပြည် နယ် ထောင်များ အတွင်းသို့ ရောက်သွားလျှင်မူကား သင့်အဖို့ အခံရခက်သည့် ဝေဒနာထက် ပို၍ ဆိုးသော ဝေဒနာများကို ခံစားရမည် မှာ သေချာသည်။ ကျွန်တော်သည် ယခင်က ရာဇဝတ်အကျဉ်း သားများနှင့်အတူ မနေခဲ့ဖူးပေ။ သူတို့ထောင် မှ ထွက်ပြေးကြသည်ကိုပင် ကျွန်တော် မယုံကြည်နိုင် အောင် ဖြစ်ရသည်။ အကယ်၍ သင်သည် စီးကရက် (သို့) ရှပ်အကျီ သန့်သန့်ပြန့်ပြန့် တစ်ထည်၊ အပြင် သို့ တယ်လီဖုန်းဆက်ချင်သည် စသည်ဖြင့် လိုချင်တာ လုပ်ချင်တာများရှိက အကျဉ်းသားခေါင်းထံ သွားပြောရသည်။

သူ့ထံမှတစ်ဆင့်သာ ပြုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိ၏။ "ဆောက်ဆိုက်"လမ်းမှာ ဝယ်တာ ထက် ပို၍ စစ်သော "ဟီရိုးအင်း" ကို ရှီကာဂိုထောင်ထဲမှာ ရနိုင်လေသည်။ ယခင်က မလိမ်တက်၊ မညာတတ်၊ မလှည့်ဖျားတတ်၊ မခိုးတတ် သူများပင် ထောင်ထဲရောက်က လျင်မြန်စွာပင် အဌာရသ၊ ဆယ့်ရှစ်ရပ်လုံး၊ အမြန်ဆုံး တက်လာနိုင် မည် ဖြစ်သည်။ အကျဉ်းသား တော်တော်များများပင် ဓားမြောင်များ ကိုင်ကြသည်။ သူတို့သည် ခွေးများကဲ့သို့ သူတို့၏ မိန်းမများနှင့် ပတ်သက်လာလျှင် တိုက်ခိုက်သတ်ပုတ်တတ်ကြ၏။ သူတို့၏မိန်းမများ ဆိုသည် မှာ ချောချောမောမော နုနုထွတ်ထွတ် လိင် တူစပ်ယှက်ခံရသော မိန်းမရှာလေးများပင် ဖြစ်၏။

ကျွန်တော် ဂျိမ်းစ်နှင့် လူဖြူဆန္ဒပြသမားတစ်ဦးတို့သည်လည်း ထောင်ထဲ၌ ဒုက္ခသုက္ခအချို့ ရောက် ခဲ့ကြရသေး သည်။ ပထမတွင် သူတို့သည် လူဖြူကောင်လေးကို စိုက်ပျိုးရေးခြံထဲတွင် အလုပ်လုပ်ခိုင်း ကြသည်။ ထို့ကြောင့် ဂျိမ်းစ်နှင့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ်များကို လုပ်ကိုင်ရန် ငြင်း ပယ်လိုက်ကြသည်။ ကျွန်တော် တို့မှာ ယခုထိ အပြစ်ဒဏ် ချမှတ်ခံရသေးသည် မဟုတ်။ ထို့ကြောင့် အပြစ်ဒဏ်ကျခံသူများကဲ့သို့ အလုပ်လုပ်ရန် မလိုပေ။ ဤသည်မှာ ဥပဒေအတိုင်းပင် ဖြစ်သည်။ သို့နှင့် ကျွန်တော်တို့သုံးဦးအား လူစုခွဲပြီး တစ်ယောက် စီ ခွဲချုပ်ထား လိုက်ကြသည်။
ကျွန်တော်တို့ ၏ အကျဉ်းသားခေါင်းမှာ တောင်ပိုင်းသား နီဂရိုးတစ်ဦးဖြစ်သည်။

သူသည် ဇိမ်ခေါင်း၊ ဓားပြ၊ မူးယစ်ဆေးဝါးစသည့် အမှုပေါင်းစုံဖြင့် ထောင်ကျခဲ့သူဖြစ်၏။ သို့သော် သူသည် စာ အတော် ဖတ်သူဖြစ်၏။ သူ့ဘဝတွင် အချိန်တော်တော်များများမှာ ထောင်တွင်း၌သာ ကုန်လွန်ခဲ့ရ၏။ ထောင်ထဲ တွင် တစ်နှစ်၊ အပြင်တစ်နှစ်နှင့်သာ ထောင်သံသရာလည်နေခဲ့ရ၏။ ယခုမူ တစ်သက်တစ်ကျွန်း ကျနေလေပြီ။ သူသည် ကျွန်တော်တစ်ဦးတည်း ထားရာ အခန်းသို့လာတွေ့တတ်ပြီး ကျွန်တော်တို့ လှုပ်ရှားမှုအလှအပနှင့် အမှန်တရား တို့ကို သူကောင်းစွာ သိရှိနားလည်ပါသည်ဟု ပြောတတ်သည်။ အကယ်၍ လူမှုအခွင့်အရေးသာ ညီမျှပါက သူလည်း ထောင်ပင်ကျမည် မဟုတ်ဟု ပြောသည်။ ကျွန်တော်အာူး တစ်ကိုယ်တည်း တိုက်ပိတ်ခန်းမှ ထုတ်ပေး ရန် ကြိုးစားမည်ဟုလည်း ပြောသည်။ ကျွန်တော်က သူ့ကို ကျေးဇူးတင်ကြောင်းသာ ပြောလိုက်သည်။ သူ လုပ်စွမ်းနိုင်မည်ဟု ကား မထင်မိ။

ကျွန်တော် ထောင်အကြောင်း အတော်သိခဲ့ရသည်။ ထိုနေ့ညနေ ထမင်းစားအပြီးတွင် အကျဉ်းသား ခေါင်းသည် လုံခြုံရေး အရာရှိချုပ် ထံ တက်ပြောခဲ့သည်။
"ဒီမှာ ဆရာကြီး၊ မစ္စတာဂရီဂိုရီနဲ့ သူ့အဖွဲ့ကို တိုက်ပိတ်ခန်းက ထုတ်မပေးရင်တော့ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်တော့ သေလိမ့်မယ် ဆရာကြီး" ကျွန်တော်တို့လည်း တစ်ကိုယ်တည်း တိုက်ပိတ်ခန်းမှ လွတ်တော့ ၏။

ထို့နောက် ကျွန်တော့်အား ရုံးတင်စစ်ကြသည်။ စင်စစ် ခဏတစ်ဖြုတ်သာ စစ်၍ပြီးနိုင်သော အမှုမျိုးကို တစ်နေ ကုန် စစ်နေကြသည်။ ကျွန်တော့်အနေနှင့် ပထမဆုံးအကြိမ် ရုံးတင် အစစ်ခံရဖူးခြင်းပင်။
တောင်ပိုင်းပြည်နယ်များတုန်းကမူ သူတို့ဖြင့် ထိုကဲ့သို့ မလုပ်တန်ရာဟု ထင်ခဲ့မိသည်။ ပုလိပ်များက ငမည်းစုတ် ဟု ခေါ်ကြမည်။ တရားသူကြီးများကလည်း ငမည်းစုတ်ဟု ခေါ်ကြမည်။ ထောင်မကျကျ အောင် ချကြမည်။ သို့သော် မြောက်ပိုင်း ၌မူ သင့်အား မည်သူမှ ငမည်းဟု ခေါ်ကြမည်မဟုတ်။ တရား ခွင်သည်လည်း အမှန်တရား အတိုင်း ကျင့်သုံးလိမ့်မည်။ ထိုကဲ့သို့ ထင်ခဲ့မိသည်။
သို့သော် ယခုကြုံနေရချေပြီ။ သူတို့သည် တရားခွင် အစမှအဆုံးထိ မုသားများသာ ထွက်ဆိုနေကြ သည်။ ကျွန်တော် အော်ဟစ်၍ ပင် ပစ်လိုက်မိသည်။ ရှီကာဂို ပုလိပ်တစ်ယောက်က "ဂျင်မ်ဆင်းဒါးစ်" သည် သူ့ဘက်လှည့် စကားပြော၍ သူ့ကို လက်တစ်ဖက်ထောင်ပြသည်ဟု စွပ်စွဲသည်။ နောက် တစ်ယောက်ကလည်း ဆန္ဒပြသူ များ လူစုမကွဲမချင်း ကျွန်တော်တို့ကို မဖမ်းခဲ့သေးပါဟု ကျမ်းကျိန်ပြ သည်။ ကျွန်တော်တို့အား အမှုဖွင့် တိုင်ကြားချက် မှာ ရုံးတော်သို့သာ တင်ထားသည်။ လက်မှတ်တော့ ထိုးမထား။ ထောင်ထဲ ၁၁ရက်သာ ချုပ်ထား သည့် တိုင်ချက်ကိုကား မည်သူမျှ လက်မှတ်မထိုးကြ၊ ထို့ နောက် တရားသူကြီးက အမှုစစ် ရန် ရွေ့ဆိုင်းလိုက်ပြန်သည်။ နောက်မှ လွှတ်လိုက်တော့သည်။

ထောင်မှလွတ်လျှင် "လော့စ်အင်ဂျလိစ်"သို့ သွားပြီး ညကလပ်တစ်ခုတွင် ဝင်ရောက်ဖျော်ဖြေခဲ့ သည်။ နောက်တစ်နေ့တွင် အရှေ့ဘက်သို့ လေယာဉ်ဖြင့် ပြန်ခဲ့သည်။ နွေရာသီ လှပသော နေ့ရက်များကို ဖြစ် စေသည့်နေ့၊ ပိန်းပိတ်အောင် မှောင်နေသည့် မှော်ရုံတောကြီး လင်းချင်း သာယာလာမည့်နေ့။ ကျွန်တော်တို့ ဝါရှင်တန်ကို ချီတက်ကြသောနေ့။
အောင်ပွဲနေ့။ သမိုင်းတွင် ပထမဆု့းအကြိမ် ဖြစ်ပေါ်လာမည့် ပေါ်လစီယန္တရားကြီး ဝါရှင်တန်တွင် ရပ် တန့်သွားသည့်နေ့။ နိုင်ငံတွင် အချမ်းသာဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ပြည့်တန်ဆာမကြီးတစ်ဦးက ကျွန်တော့်ထံ မှ ငွေဒေါ်လာသုံးဆယ် လာချေးသည်။ သန့်ရှင်းသော ပိုက်ဆံဖြင့် ဝါရှင်တန်သို့ သွားလို၍ ဟုဆို သည်။

လူဖြူများ ကမူ အကြမ်းဖက်မှုများကို မျှော်လင့်ကြသည်။ ကျွန်တော်တို့၏ မခွဲမပျက်တွဲဆက်ထားကြ သော လက်များ ၏ ခိုင်မြဲမှုကို သူတို့နားမလည်ကြ။ စစ်ပွဲများသည် တစ်ပတ်ကြာ နယ်ခြား ပဋိပက္ခများမှ စတင်ခဲ့သည်။ ကျွန်တော် တို့သည် ဖိနပ်အသစ်ကျပ်ချွတ်၊ အဝတ်အစား အသစ်ကျပ်ချွတ်များဝတ်လာ ကြသည်။  နိုဗယ်ဆုရှင်ရော၊ အော်စကာ ဆုရှင်များပါ ဖိတ်ကြားထားသည်။ ကျွန်တော်တို့သည် လီလီယန်ရော၊ ကလေးတွေပါ ခေါ် လာခဲ့သည်။ သူတို့ကို နှစ်ဆယ်ရာစု၏ အစိတ်အပိုင်းတစ်ရပ်ကို လက်လွတ်မခံစေချင်ပေ။

ကျွန်တော်သည် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဟိုတယ်သို့ တန်းသွားကာ အဝတ်အစားများ လဲလိုက် သည်။ အဝတ်သစ် အစားသစ်များ၊ "အိုစီဒေးဗစ်"က သူနှင့်အတူတွဲပြီး ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ရိုက်ကူး ခွင့် ပေးပါဟု လာပြောသည်။ ကျွန်တော်က ငြင်းပယ်လိုက်သည်။ လူဖြူအများစုတို့သည် ကျွန်တော်၏ ဆန္ဒပြပွဲများ တွင် ပါဝင်နေခြင်းကို သိပ်မနှစ်သက်ကြ။ ထို့ကြောင့် ယနေ့လိုနေ့မျိုးတွင် သူတို့၏ ဧည့်ခန်းများ၌ ရုပ်မြင်သံကြားမှနေ၍ ကျွန်တော်က ခြေဖက်ခေါင်းဖက် ပျော်တော်မဆက်နိုင်။ ထို့ထက် အရေးကြီးသည်ကား ယနေ့တွင် ကျွန်တော်သည် တကယ့် ပရိသတ်ကြီးရှေ့တွင် မတ်တပ်ရပ် ပြချင်သေးသည် မဟုတ်ပါလော။

လမ်းပေါ်တွင် လမ်းလျှောက်နေကြသူများကို ကြည့်နေကြသည်။ လူတစ်ယောက်သည် "ဟီဘရူး" ဘာသာဖြင့် ရေးထားသော ဆိုင်းဘုတ်တန်းကို ကိုင်ကာ လျှောက်လာသည်။ သူ ဘာရေးထားသည်ကို ကိုင်ကာလျှောက် လာသည်။ သူ ဘာရေးထားသည်ကို မသိသော်လည်း သူ့မျက်နှာအမူအရာကို ကြည့် ခြင်း အားဖြင့် အမှန်တရားတစ်ခုခု ရေးထားသည်ကိုမူ ခန့်မှန်းနိုင်ကြသည်။ လူတစ်ယောက်နှင့် တစ်ယောက် မတော်တဆ တိုက်မိကြသည်ကိုပင် တစ်ဦးနှင့် တစ်ဦး သူ့ထက်ငါ အလုအယက် ခွင့်လွတ်ပါဗျာဟု တောင်းပန်နေကြသည်။ "မာတင်လူသာကင်း"က ကျွန်တော်တို့ အစာစားရာတွင် ကြက်သားဟင်း ကို ချက်ရည် ဆမ်းမစားကြရန် ပြောထားသည်။ ဤသည်တို့ကို သူတစ်ပါးမမြင်စေချင်ပေ။ ထို့ကြောင့် ကျွန်တော်တို့သည် ကြက်သား ကို ချဉ်ရေဆမ်းမစားကြ။ ကြက်ရိုးများကိုပင် မလွှင့်ပစ်ဘဲ အိပ်ကပ်ထဲ ထည့်လာကြသည်။

လင်ကွန်း အထိန်းအမှတ်ကျောက်ရုပ်ပေါ်မှနေ၍ အောက်သို့ ကြည့်လိုက်လျှင် တစ်ကမ္ဘာလုံး မှ လူများ အားလုံး အောက်တွင် ရောက်ရှိနေကြပြီး၊ နေသာချိန်တွင် ပြုံးရယ်ရွှင်မြူး တေးသီချင်းများ သီကျူး နေကြသလိုပင် ခံစားမိ၏။ နီဂရိုးများရော လူဖြူများပါ အကောင်းဆုံး အဝတ်အစားများ၊ အကောင်းဆုံး အမူအရာများ၊ အကောင်းဆုံး အကျင့်အကြံများနှင့် ရှိနေကြသည်ကို တွေ့ရ၏။ လူဖြူများက "ပထမ တန်းစား နိုင်ငံသား"ခံယူရန် အဆင့်မမှီဟု ဆိုကြသော နီဂရိုးများသည် လူဖြူများထက်ပို၍ ပထမတန်း စားကျကြောင်းကို ကမ္ဘာတစ်ခုလုံးသိအောင် ထိုနေ့တွင် တိုင်တည်ဆန္ဒပြနေကြလေသည်။ "ဘေယဒ် ရပ်စ်ဘင်"က ထိုမဟာချီတက်ပွဲကြီးကို ဦးအောင်ပဲ့ကိုင်ခဲ့သည်။ ဤကဲ့သို့ "ရပ်စ်တင်"ကဲ့သို့သော ပုဂ္ဂိုလ်ကြီး များက ကမ္ဘာ့ ပြဿနာများကို ကူညီဖြေရှုင်းပေးနေခြင်းမျိုးကို ဘယ်သောအခါမှပင် လူဖြူတို့ သဘောပေါက် နားလည် လက်ခံကြပါမည်နည်း။

သူတို့က ကျွန်တော့်ထံ ဝိုင်းလာကာ ကျွန်တော့်ကို စကားနည်းနည်းလောက် ပြောခိုင်း၏။ ကျွန်တော်က ကျွန်တော် မပြောလိုကြောင်း ငြင်းဆန်၏။ သူတို့က အတင်းတိုက်တွန်းကြသည်။ သူတို့က အတင်း တိုက်တွန်ြးုကလေတော့ လည်း ကျွန်တော်သည် တကယ်ပင် ဝမ်းမြောက်မိပါသည်။ ကျွန်တော်က ရယ်စရာ စကား အချို့ ပြောလိုက်သည်။ ထို့နောက် ကျွန်တော့်မိသားစုနှင့် အတူ မြက်ခင်းပြင်ပေါ်တွင် သွားထိုင်နေ လိုက်သည်။

ထိုလှပသောနေ့၏ အထွက်အထိပ်မှာ "မာတင်လူသားကင်း"၏ ကျွန်တော်တွင်ရှိသော အိပ်မက် "ဟူသည့်  မိန့်ခွန်း ပင်။ ပွဲပြီးသောအခါ အော်ဟစ်ကြသော (လိုလားသည်ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ) ပရိသတ်များကား ယခု အကြိမ်လောက် မည်သည့်အချိန်ကမှ မများပြားခဲ့။ ပွဲပြီးသောအခါ ကျွန်တော်ကာူး ထိုင်လျက်ပင်။ ဘယ်နေရာ ဘယ်စခန်း မြန်းရမှန်းမသိ ဖြစ်နေသည်။ အတွေးပေါင်းစုံ တွေးနေမိပါသည်။ အကြောင်းအရာ ကတော့ လွင့်မျောနေခဲ့လေသည်။ နီဂရိုးများကို တူညီအခွင့်အရေး အားလုံး ပေးလိုက်သကဲ့သို့ပင် ထိုနေ့က ခံစားခဲ့ရပါသည်။

ထိုခံစားမှုမှာ စက်တင်ဘာလလောက်ထိပင် တိုင်ပါတော့သည်။ သို့သော် စက်တင်ဘာလ၏ တနင်္ဂနွေ နေ့တွင်ကား "ဘာမင်ဂန်"ရှိ နီဂရိုး ဘုရားရှီခိုးကျောင်းတစ်ခုတွင်းသို့ တစ်စုံတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်း ၍ ကလေးလေးဦး သေဆုံးခဲ့ရသည်တဲ့။ ထိုအခါတွင်မူ...
အသုဘနောက်တစ်ခု "မက်ဂါအဲဗားစ်"၏ အသုဘနှင့်ကား မတူ။ ဤအသုဘကား လူတိုင်းလိုက်မပို့ ရန်မဟုတ်။ နီးစပ်ရာ ဆွေရိပ်မကင်း မျိုးရိပ်မကင်း သူများနှင့် အိမ်နီးနားချင်းတို့ကိုသာ ရွေးဖိတ်သော အသုဘ ဖြစ်သည်။ သို့သော် ဖိတ်ကြားခံရသူများအပြင် ဆင်းရဲချမ်းသာမရွေး လိုက်လံပို့ဆောင် ကြပါ သည်။ ဘုရားရှိခိုးကျောင်း အပြင်ဘက်တွင် ပတ္ထူဖိနပ်စုတ်ကြီးကို  စီးထားသော နီဂရိုးအဘွားကြီး တစ်ယောက်သည် ကုန်အကျီထဲတွင် ဝိုင်ပုလင်းကို ထည့်ထားသော နီဂရိုးအဘိုးကြီးကို တစ်ယောက် သည် လက်တွဲလျက် ရပ်နေသည် ကို တွေ့ရသည်။ ရုပ်မြင်သံကြား ကင်မရာများက ထိုသက်ကြီးမောင်နှံ တွဲအား ဓာတ်ပုံများ ရိုက်ကူးယူသွား၍ ကျွန်တော် ဝမ်းသာသွားပါသည်။ သေသွားသော ကလေးငယ် များသည် နီဂရိုးများအားလုံး ကိုယ်စား အသေခံ သွားကြရှာသူများပင် ဖြစ်ပါသည်။ အသုဘကို ဖိတ်ကြား ခံရသူများကိုယ်စား အသက်သေခံသွားရရှာသူများ မဟုတ်ကြပါ။

သို့သော် ထို "ဘာမင်ဂန် ဗုံးဖောက်ခွဲမှု"မှာ လူမှုအခွင့်အရေး တိုက်ပွဲများသည် သူတို့နှင့်လားလားမှ မသက်ဆိုင် သကဲ့သို့ မှတ်ထင်နေကြသော နီဂရိုးကျောင်းအုပ်ဆရာကြီးများ ၊ ကျောင်းဆရာများ၊ ဆရာ ဝန်များ၊ ဓမ္မဆရာများနှင့် ရှေ့နေများအတွက် အကြီးမားဆုံးသော သင်ခန်းစာပေးမှုတစ်ရပ် ဖြစ်သည် ဟုကား ကျွန်တော် ထင်မိ ပါသည်။ သူတို့သည် ဆန္ဒပြလိုသည်ဖြစ်စေ၊ မပြလိုသည်ဖြစ်စေ ကျွန်တော်တို့ လုပ်ရပ်များသည်။ ဆန္ဒစောသည်ဟု  သူတို့က ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ သူတို့၏ ကလေးများအား ထိုဘုရားကျောင်း ထဲတွင် ရှိနေခဲ့ရသည်သာ ဖြစ်ပေသည်။ သူတို့၏ အသား အရောင် မည်းနက်နေသမျှကာလပတ်လုံးလည်း တဖြည်းဖြည်း သူတို့ သိလာကြမည်သာ ဖြစ်ပေသည်။

ကလေးသုံးယောက် တို့ကား ဘုရားကျောင်းအတွင်းဝယ် လဲလျောင်းသွားကြရှာပြီ။ သူတို့အထဲမှ တစ်ယောက်သောသူ၏ မိခင်နှင့် ကျွန်တော် စကားပြောခဲ့ရသည်။ ဗုံးပစ်ခံရချိန်၌ သူ့သမီးနှစ်ယောက် လုံး ဘုရားကျောင်း ထဲ၌ ရှိနေကြသည်။ သမီးတစ်ယောက်မှာ မျက်မှန်တပ်ထားသူဖြစ်ရာ ဗုံးကွဲပြီး နောက်တွင် မိခင်ဖြစ်သူ သည် ခွဲစိတ်ခန်းထဲမှနေ၍ ငါးနာရီလုံးလုံး ဘုရားတ ရင်မ လိုက်နှင့်ပင် သမီးလေး၏ စက္ခုနှစ်ကွင်း တစ်သက်တာ အဖို့ အလင်းမရဘဲ ရှိတော့မည်ကို စိုးထိတ်ပူပန်နေခဲ့ရရှာ သည်။ မိနစ်အနည်းငယ်ကြာမှ ထို သမီးမျက်စိ မှာ တစ်သက်တာ မကွယ်နိုင်တော့မှန်း သိလိုက်ရ သည်။ သို့သော် ထိုချိန်တွင် သူ့သမီးတစ်ဦး မှာကား ဆုံးသွားပြီဖြစ်ကြောင်းကိုပါ ကြားလိုက်ရလေ တော့သည်။

လီလီယန်နှင့် ကျွန်တော်သည်  ဗုံးဒဏ်ခံရသော ဘုရားကျောင်းထဲသို့ ဝင်ကြည့်ကြသည်။ ထူးဆန်း အံ့ဖွယ်ရာနှင့် ထိန်လန့် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ရပ်ကို မြင်လိုက်ရသည်။ ပြတင်းပေါက်တစ်ခုမှာ လုံးဝ ကြေမွကွဲပျက် သွားသည်။ ခရစ်တော်ရုပ်ပုံ မှန်ပြတင်းမှာလည်း ကွဲအက်သွားပြီး ခရစ်တော်၏ မျက်လုံးနှင့်ခေါင်းပိုင်းသည် ပြိုပျက်ကြေမွသွားခဲ့သည်။ ဤသည်ကို မြင်ရသောအခါ ကျွန်တော့် အဓိပ္ပါယ်နှင့် ကျွန်တော် အတော်ပင် ထိတ်လန့် တုန်လှုပ်သွားမိသည်။
မျက်လုံးမပါသော ခရစ်တော်။ မျက်မမြင်သည် မျက်မမြင်များကို လမ်းပြတော့မည်လော။ ထို့နောက် ခေါင်း မပါသော သို့ သတိဥာဏ် မရှိသော ခရစ်တော်။

ဆက်ရန်
.

No comments: