Thursday, July 12, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၂၁)

သို့သော် ပိုပြီး ကျွန်တော့်ကို ချောက်ချားစေသည်မှာကား နီဂရိုးများကိုယ်တိုင်က ကျွန်တော်ထံ လာပြီး ကျွန်တော် "ဂရင်းဝုဒ်" သွားခြင်းသည် ထင်ပေါ်ကျော်ကြားလို၍သွားခြင်းဆိုသည်မှာ မှန်ပါ သလားဟု အမေးခံ ရသည့် အခါ ဖြစ်ပါသည်။ အမေရိက တွင် နီဂရိုးတစ်ယောက်ကို သင်က ကယ်တင်ကူမ ရန် ကြိုးစား ပါက နီဂရိုးများကိုယ်တိုင် ကပင် သင့်ကို မယုံမရဲနှင့် သင့်ရည်ရွယ်ချက် ဘယ်ပုံဘယ်နည်း ရှိသည်ကို ပြန်လှန်မေးခွန်းထုတ် ကြမည်ဖြစ်၏။ ကျွန်တော် သာ ဖျော်ဖြေရေးလုပ်ငန်း ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး တပ်ဖွဲ့ထဲဝင် ပြီး ဗီယက်နမ်သို့သွားခဲ့ပါလျှင် ကျွန်တော့် ကို မည်သူမျှ (အဖြူရော၊ အမည်းရော) ဘာကြောင့် ဤ သို့လုပ်ရသနည်း ဟု လာမေးမည် မဟုတ် ပါချေ။ သို့သော် နီဂရိုးများ ကို ကူညီပါလျှင်ကား....။ ကို ဆက်ဖတ်ရန်..........

(၂)

အမှန်တရားဘက်မှနေ၍ လုပ်ဆောင်ခြင်းကြောင့် ထောင်ကျရခြင်းသည် မွန်မြတ်လှပါသည်။ သို့သော် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သံမဏိ တံခါးကြီး ဆောင့်ပိတ်လိုက်ကာ သော့ခတ်လိုက်လျှင်ကား သင် သည် ထောင်ထဲရောက်နေပြီ မှန်း သိလိုက်ရမည်သာ ဖြစ်သည်။ ဤသည်မှာ "ဘာမင်ဂန်"။
၁၉၆၃ ခု မေလ။ "မာတင်လူသာကင်း" က ကျွန်တော့်ကို လာခဲ့ရန်ခေါ်သည်။ ကျွန်တော်လည်း တနင်္လာနေ့ မနက် ၁၁း၀၀ တွင် ရောက်ခဲ့သည်။ နောက်ထပ် တစ်နာရီခွဲအကြာတွင် ကျွန်တော်သည် အခြားသော ဆန္ဒပြသမား ရှစ်ရာကျော်နှင့် အတူ ထောင်ထဲသို့ ရောက်ခဲ့လေသည်။ ကျွန်တော့်အတွက် ပထမဆုံး အကြိမ် ထောင်ထဲရောက်ဖူးခြင်း။

"မင်း၊ ဒစ်ဂရီဂိုရီ လား"
"မဟုတ်ဘူး၊ကျွန်တော်က မစ္စတာ ဂရီဂိုရီပါ..."
လူတစ်ယောက် က ကျွန်တော့်ကော်လာကို ဆောင့်ဆွဲလိုက်သည်။ ညနေပိုင်းတွင် ကျွန်တော့် အား အောက်ထပ် သို့ ခေါ် သွားကာ လူ ၂၅ ယောက်အတွက် ဆောက်ထားသော အခန်းကျဉ်းလေးထဲသို့ သွင်းလိုက်သည်။ ထိုအခန်း တွင် ယခု ၅၀၀ ခန့်ရှိနေသည်။ စားသောက်ချိန်ရောက်လျှင် အပြင်ထွက်ရန် အတွက် လမ်းလျှောက် ၍ပင် မရနိုင်။ လူအုပ်ကြီး ရွေ့လျားသည့်အတိုင်း အလိုက်သင့် မျောသွားလိုက်ရုံ ပင် ဖြစ် သည်။ နောက်ဆုံးရောက် လာသော သူအတွက်ဆိုလျှင် လဲလျောင်းစရာပင်၊ အိပ်စရာပင် နေရာမရှိတော့။

အခန်းကျဉ်း ထောင့်တစ်နေရာတွင် လက်မလေး စုပ်နေသော လေးနှစ် အရွယ်ခန့် ကောင်လေး တစ် ယောက် ကို တွေ့လိုက် ရသည်။ ကျွန်တော် သူ့အတွက် အတော် စိတ်မကောင်း ဖြစ်မိပါသည်။ ဤနေ ရာ တွင် သူနှင့်ဆော့ကစားနိုင် မည့် သက်တူရွယ်တူဟူ၍ တစ်ဦးမျှပင် မရှိ။ သူ့ခေါင်းကို  ကြင်နာစွာ  ပွတ်ပေးနေရင်းနှင့်  ဘာ့ကြောင့်    ဒီအထဲကို      ရောက်နေကြောင်း မေးလိုက်သည်။
"ဘာဖြစ် လို့ မင်းဒီ ရောက်နေတာလဲဟင်...    "
"လွှတ်မြောက်ရေး အတွက်" လွတ်မြောက်ရေးဟူသော ကောင်လေးများမှာမူ ဓမ္မသီချင်းကို အော်ဆိုကြသည်။ တစ်ညလုံး ငုတ်တုတ် ထိုင်ပြီး မိုးအလင်း စောင့်ကြသည်။ ကျွန်တော်တို့ကို မည်မျှကြာအောင် ထောင်ချ ထားမည် ကို  မည်သူမျှ မသိကြ။

ကျွန်တော်တို့မျှော်လင့်နေကြသည်မှာကား ပြင်ပလှုပ်ရှားမှု အခြေအနေများကို သိနိုင်မည့် လူ သစ်များ ထောင်ထဲ သို့ ငုတ်တုတ် ထိုင်နေကြပြီး၊ အပြင်တွင် ပထမဆုံးတော်လှန်ရေးကြီး၏ တိုက်ပွဲကြီး တစ်ရပ် တစ်ကယ်တမ်း စတင် တိုက်ခိုက်နေကြောင်းကို မသိကြချေ။ "ဘူးကော်နာ" ဟူသော အမည် သည် ကမ္ဘာပေါ် တွင် အမေရိကန် တစ်ယောက် ၏ အဆင့်အတန်းနိမ့်၊ ယုတ်ညံ့မိုက်မဲမှု၏သင်္ကေတ စကားလုံး တစ်ခုဖြစ်လာခဲ့ ပါသည်။ "အလားဘားမား" မြို့သည်လည်း အမေရိကန်ပြည်၏ ကင်ဆာရောဂါဟု ကမ္ဘာတစ်ဝှန်းလုံးက သင်္ကေတပြုကြရာမြို့ဖြစ်လာ ပါတော့သည်။ ဤထောင်နံရံ၏ဟိုဘက်တွင် ခွေးများ၊ မီးသတ်ပိုက်ခေါင်း များ၊ သေနတ် များ၊ တုတ်များ၊ လူမည်းနှင့် လူဖြူတို့၏သွေး များ၊ အသား အရောင်မရွေး လူဆိုးလူကောင်းများ၊ မိန်းမ များ။ သက်ကြီးရွယ်အိုများတို့၏သွေးများ၊ ကျွန်တော်တို့ ကား တိုက်ပွဲဝင်နေကြပါသည်။

သို့သော် ထောင်အပြင်ဘက် မှ ကျန်ကမ္ဘာတစ်ခုလုံးသည် ကျွန်တော်တို့ ထက်ပို၍ တိုက်ပွဲသဏ္ဍာန်ကို မျက်မြင်မြင်တွေ့နေ ရပါသည်။ ဗုံးများ၊ စစ်သားများ၊ သတ်ဖြတ်မှုများ၊ အချို့လူများက "မာတင်လူသာကင်း" သည် ကလေး များ ကို သုံးစွဲသည်ဟုဆိုကာ ချောက်ချားနေကြ သည်။ အချို့လည်း လွတ်မြောက်ရေး ဆိုသည်မှာ လူမည်းကလေးများ အတွက်လည်း ဖြစ်သည်ကို သိ နားလည်ထားကြသည်။ ဟီရိုရှီးမားတွင်ကား ကလေး များ ရှိခဲ့ကြသည် မဟုတ်လော။

မနက်တွင် ထောင်က ကျွန်တော်တို့ကို ထမင်းကျွေးသည်။ စားကောင်းကြသည်။ ကျွန်တော်တို့အထဲမှာ အချို့ သည် အစာမစားခဲ့ရသည်မှာ ၂၄ နာရီမျှပင် ရှိခဲ့ကြပြီ။ အစာကျွေးသလို သူတို့က အနှောင့် အယှက် လည်း ပေးကြသည်။ ဒုတိယနေ့တွင် တံခါးဖွင့်ကာ ကလေးများကို လက်လှမ်းမှီသလောက် အပြင် ထုတ်ကြသည်။ ကလေးများကလည်း မသွားလိုကြ။ ထို့ကြောင့် ကျွန်တော်တို့ကလည်း တံခါး ကို ပြန်တွန်းပိတ်ကြသည်။ သူတို့ကလည်း အတင်းပြန်ဖွင့်ကြသည်။ အပြင်ထွက်နေသော ကျွန်တော့်လက် တစ်ဖက် ကို သူတို့တုတ်ဖြင့် ရိုက်ချကြသည်။ အကြမ်းမဖက်ရေး အသိတရားမဝင်နိုင်မီ ကျွန်တော်သည် တံခါးကို တွန်းဖွင့်ကာ သူတို့နောက် ပြေးလိုက်မိသည်။ ကျွန်တော်သာ အစောင့်ငါးယောက်ကြားထဲ ရောက်သွားရသည်။

ကျွန်တော့် ဘဝတစ်သက်တာတွင် ပထမဆုံးနှင့် အပြင်းထန်ဆုံး အရိုက်အနှက် ခံရခြင်းပင် ဖြစ် သည်။ ခေါင်းဖျားမှ ခြေဖျားအဆုံး တစ်ကွက် မလပ်ရိုက်နှက်ကြသည်။ ညကျသောအခါ မျက်နှာကို လက်ဖြင့် စမ်းရန် လက်မြောက်ရာ လက်ပင်မြှောက်၍ မရတော့။ ဘာဖြစ်သေးသလဲ။ မင်းသာ လွတ်မြောက်ရေး အတွက် တကယ်တမ်း တိုက်ပွဲဝင်ရင်၊ အသေခံဖို့ စိတ်ဓာတ်ရှိရင် ဒီလောက် အရိုက်အနှက်ကလေး တော့ ခံနိုင်ရမှာပေါ့။ သို့သော် ဒဏ်ရာဒဏ်ချက် များမှာ မသက်သာလှသောကြောင့် ကြာတော့လည်း သေသွားတာကမှ  ပိုကောင်း လိမ့်ဦးမည် ဟု ထင်လာမိတော့သည်။
ဤသည်မှာ ခန္ဓာကိုယ်ဆိုင်ရာ နာကျင်မှုသာဖြစ်သေးသည်။ ကာယဆိုင်ရာ နာကျင်မှုသက်သက်။

နီဂရိုး တို့ ရင်ထဲတွင် စိတ်ပိုင်းဆိုင်ရာ၊ စိတ္တနာကျင်မှုပေါင်းများစွာမှာ အရိုးစွဲအောင်ပင် ရှိနေခဲ့ကြသည်။
နီဂရိုးတို့၏ ဝိဥာဉ်ထဲ တွင် အသားမာတက်ပြီး နာသထက် နာကျင်နေကြရသည်ကလည်း အများအပြား၊ ဤသည်မှာ သဘာဝ၏ဥပဒေသ ရှင်းရှင်းရိုးရိုးလေး တစ်ခုပင်ဖြစ်ပါသည်။ ဖိနပ်ကျပ်ကျပ် စီးသော အခါ ခြေထောက် တွင် ဖိနပ်ပေါက်ကာ အသားမာတက်သည့်သဘော။ ခြေထောက်သည်ကား ဘဝ။ ဖိနပ် ကျပ်ကျပ် သာလျှင် လူတို့က အတင်းစီးခိုင်းခြင်း ဖြစ်သည်။ စီးစတွင်မူ ခြေထောက်မှာ မခံမရပ်နိုင် အောင် နာပေမည်။ သို့သော် အတင်းစီးရင်း စီးရင်းနှင့် အသားမာတက်လာပြီး နာကျင်မှုတို့ ထုံထိုင်း သွားပေမည်။ နောက်ဆုံးတွင် ဖိနပ်သာ ပေါက်သွားရသည်။ အသားကား နာမည်မဟုတ်တော့။

အမေရိက ရှိ နီကရိုး တို့သည်လည်း ထိုအတိုင်းပင်။ လူဖြူတို့၏စနစ်ဆိုးဖိနပ်ကို အတင်းစီးနေကြရသည်။ နီဂရိုး တို့မှာ မခံမရပ်နိုင်အောင်ပင် ခံစားခဲ့ကြရသည်။ သို့သော် သူတို့ကိုကား မဖျက်ဆီးနိုင်ကြ။ သူတို့ ဝိဥာဉ်ထဲ၊ စိတ်ထဲတွင် အသားမာတက်ခဲ့လေပြီ။ ထိုအသားမာသည် နောင်အခါတွင် ဖိနပ်ကိုပင် ဖောက် ပစ်နိုင်မည့် အသားမာ ဖြစ်လာတော့သည်။

(၃)

"ဘာမင်ဂန်" မှ ပြန်အလာတွင် ကျွန်တော်၏ညကလပ် ပရိသတ်များမှာ ကျွန်တော့်ကို လေးစားမှု ပိုလာ ကြသည် ကို တွေ့ရသည်။ "ဂရင်းဝုဒ်" မှ ပြန်အလာတုန်းကမူ အချို့သွားပုပ်လေလွင့်ပြောသူများက ကျွန်တော်သည် ဆန္ဒပြပွဲ တွင် ထင်ပေါ်ကျော်ကြားမှုကို သွားရောက်အမြတ်ထုတ်ယူခဲ့သည်ဟု စွပ်စွဲခဲ့ ကြသော "ဘာမင်ဂန်" မှ ပြန်အရောက် တွင်မူ လူအများက လာရောက်လက်ဆွဲနှုတ်ဆက်ကြပြီး၊ ဘုရား သခင်က ကောင်းချီးပေးရန် ဆုတောင်းကြကာ မှန်သည့်ဘက် မှ ဆက်လုပ်သွားရန်ပင် အားပေးခဲ့ကြ သည်။ လူဖြူများရော၊ လူမည်းများပါ။ ကျွန်တော့်မှာ အံ့အားသင့်သွားရသည်။ ကျွန်တော် ထင်ခဲ့သည် မှာ ထောင်လည်းကျ၊ အရိုက်ခံရတာနဲ့ ဖြေဖျော်ပွဲတွေမှာ လူလက်ခံကြတော့မှာ မဟုတ်ဘူးလို့။

ကျွန်တော်မှာ အချိန်အားများ ကို မကြာခဏယူပြီး၊ လေယာဉ်နှင့် ဟိုပြေးသည်ပြေး လုပ်ရတော့၏။ ရန်ပုံ ငွေ ကောက်ခံပွဲများ၊ လူထုအစည်းအဝေးပွဲများ၊ အစည်းအဝေးများသို့၊ မေလတွင် ဆန်ဖရန်စ္စစ်ကို၌ "ဟန်းဂရီး အိုင်ကလပ်" ကို ဖွင့်ပေးခဲ့သည်။ ထို့နောက် "ဂျက်ဆင်" မြို့တွင် ဆန္ဒပြပွဲမစခင် ပြေးသွားရ ၏။ ထိုနေရာတွင် "မက်ဂါအဲဗား" မှာ တကယ့်အထိကရပုဂ္ဂိုလ်ကြီး ဖြစ်နေသည်။ သူ့ကို ကျွန်တော် လာ ကူနိုင် မကူနိုင် ဖုန်းဆက်မေးကြည့်ပေသည်။ "မက်ဂါ" သည် လူမှုအခွင့်အရေး တိုက်ပွဲများတွင် ဘက် ပေါင်းစုံမှ အားထားရသူဖြစ်သည်။ ၁၉၆၂ ခုနှစ်တုန်းကလည်း သူသာ "ဂျက်ဆန်" သို့ ကျွန်တော့်အား မဖိတ်ခေါ်ခဲ့လျှင် ကျွန်တော်သည် ဇနီး အဆုံးခံရသော အဘိုးကြီးနှင့်လည်း သိခဲ့ရမည်မဟုတ်ပါချေ။ "ကလိုင်ဘဲနတ်" အကြောင်းလည်း သိခဲ့ရမည်မဟုတ်ပါချေ။ ယခုလည်း "မက်ဂါ"က ကျွန်တော်လာရန် ခေါ်ပြန်ချေပါပြီ။

ကျွန်တော် လည်း "ဟန်ဂရီးအိုင်ကလပ်" ပိုင်ရှင် "အင်ရီကိုဘာဒူရှီ" ထံ သွားပြီး ခွင့်ပန်ခဲ့သည်။ ကျွန် တော့်ပြည်သူများက ကျွန်တော့်ကို လိုအပ်နေ၍ သွားရောက်ခွင့်ပြုပါရန်။ သူသည် လူဖြူဖြစ်သည်။ သူ သည် ကျွန်တော့်ပွဲစဉ်များကို တစ်နှစ်လုံး စောင့်ဆိုင်းခဲ့သူဖြစ်သည်။ သို့သော် ယခုခွင့်တောင်းသောအ ခါ သူသည် မျက်တောင်လေး တစ်ချက်မျှပင် မပုတ်ခတ်ပါချေ။
"ကျွန်တော် ခင်ဗျားကို ချီးကျူးပါတယ် ဂရီဂိုရီ။ ကံကောင်း ထောက်မပါစေဗျား"
ထိုညသည် ဆန်ဖရန်စ္စစ်ကိုတွင် ကျွန်တော်၏နောက်ဆုံးညဖြစ်ပါသည်။ စနေနေ့ည။ ကျွန်တော့်ဝမ်းထဲ တွင် ဆဋ္ဌမအာရုံ မှနေ၍ တစ်စုံတစ်ဦးသည် သေတော့မည်ဆိုသည်ကို အလိုလို သိမြင်လာနေသည်။ ကျွန်တော်က ကျွန်တော့်ရှေ့နေ ကိုခေါ်ပြီး ကျွန်တော့်သေတမ်းစာကို ကျွန်တော်ပြောသည့်အတိုင်း ရေး ထားရန် ကပ်ပြီးပြော သည်။

ထို့နောက် ရှီကာဂိုသို့ လေယာဉ်ဖြင့် ဆင်းလာကာ လီလီယန်နှင့် စကား ပြောရန် ကြံသည်။ အကယ်၍ "ဂျက်ဆင်" တွင် ကျွန်တော် အသတ်ခံခဲ့ရပါက ကျွန်တော့်ကလေးများ သည် သူတို့ကို မုန်းသွားအောင် ပစ် သွားသော အဖေဟူသော အသိစိတ်ဖြင့် မကြီးပြင်းလာစေချင်ပေ။
သူသည် ကွပ်ပျစ်လေးပေါ်ထိုင်ရင်း သူ့မျက်လုံးများမှာ ပြူးကျယ်နေသည်။ မျက်ရည်များကလည်း ဝေ့ ဝဲနေသည်။ ကျွန်တော်က ကျွန်တော့်ကလေးများအား ပြောချင်သောစကားများကို သူ့အား ပြောပြနေ သည်။ ကလေး တို့ရဲ့ ဖေဖေဟာ အမှန်တရားကို လုပ်နေတယ်လို့။ ခွေးတွေ၊ မီးသတ်ပိုက်တွေ၊ လက် နက်တွေကြားက တိုက်ခိုက်နေရ တယ်လို့ ပြောပြလိုက်စမ်း လီလီယန်။ သူတို့က ငါ့အပေါ် အမုန်းတရား မထင်ဟင်စေနဲ့။ သူတို့ရဲ့ အဖေလုပ်ရပ်တွေ ထဲက အလှအပတွေကို သူတို့မြင်ရပါစေ လီလီယန်။

ကျွန်တော် သည် အိပ်ခန်းထဲသို့ ၀င်သွားကာ ’’မီရှဲလ်’ နှင့် လင်းကို  နမ်းလိုက်သည်။ ထို့နောက် သားလေး ’’ရစ်ချက် ကလက်ဇ်တန် ဂရီဂိုရီဂျူနီယာ’’လေးအားနမ်းလိုက်သည်။ သူသည် နှစ်လခွဲသား လေး ဖြစ်သည်။ သူနှင့် နေရ သည့်  အချိန်ပင် ကျွန်တော်တွင် သိပ်မရှိ။
’’ဂျင်မ်ဆင်ဒါးစ်’’ သည် ကျွန်တော်အား အောက်ထပ်မှ စောင့်နေသည်။ ကျွန်တော်အိတ်ထဲတွင် ကျွန်တော် ဖြေဖျော်ပွဲ များတွင် အသုံးပြုသော မောင်းချဓါးလေးပါလာကြောင်း တွေ့ရ၍ အပေါ်ထပ်ပြန် တက်ကာ ပြန်ထားရသေးသည်။ လီလီယန်မှာ ရေချိုးခန်းထဲတွင် ဖြစ်သည်။ ’’ရစ်ချတ် ဂျူနီယာလေး၏ သွားရေခံ သည် စိုရွှဲလျက်ရှိပြီး သူသည် ငိုနေရှာသည်။ ကျွန်တော်က ကောက်ချီိလိုက်သောအခါ သူသည် အငိုရပ်သွားပြီး ကျွန်တော် ကို ပြုံးပြပြန်သည်။ှ’’ ’’ဒါ သားလေးနဲ့မောင် ကလူကျီစယ်တာ ပထမဆုံးပဲနော်’’
အချိန် က သိပ်မရှိတော့ဘူး လီလီယန်ရယ်။ တစ်နေ့တော့ တို့အချိန်ရလာတဲ့ အခါကျရင် သားအဖ စကားစမြည် ထိုင်ပြီး ပြောကြရတာပေါ့ကွယ်။

ကျွန်တော်က သားလေးကို တစ်ခါ ထပ်နမ်းလိုက်ပြန်သေးသည်။ ’’ဂျက်ဆင်’ ရောက်ရောက်ခြင်း သူ့ကို ဖုန်းဆက်မည် ဟုလည်း ’’လီလီယန်'' ကို ကတိပေးလိုက်သည်။
သို့သော် ကျွန်တော်ကတိမှာ မတည်နိုင်ခဲ့ပါချေ။ ဆန္ဒပြသူများသည် ကျွန်တော်နှင့် ဂျင်မ်တို့ကို နီဂရိုးဝန်ကြီး တစ်ယောက်၏ အိမ်သို့ တစ်ခါတည်းခေါ်သွားကြသည်။ ထို့ကြောင့် နောက်မှ တယ်လီဖုန်းရုံမှနေ၍ ဖုန်းဆက်ရန် ကြံလိုက်ရတော့သည်။ ဂျင်မ်နှင့် အိပ်ရာဝင်ရန် ပြင်စတွင် တယ်လီဖုန်းလာ၏။’’မက်ဂါအဲဗားစ်’’
’’ဂရီဂိုရီ... ခင်ဗျားအိမ်ကို ဖုန်းဆက်လိုက်ရင် ကောင်းမယ်ထင်တယ်’’
ကျွန်တော် တုန်လှုပ်ချောက်ချားသွားမိသည်။ သူ့အသံမှာ အမေဆုံးသည့် ညက ရုပ်ရှင်ရုံသို့ ’’ဒေါ့လင်ဂဲလ် ’’ ဖုန်းဆက် သည့် အခါတုန်း က အသံမျိုးဖြစ်သည်။

’’ဘာဖြစ်တာလဲ ’’
’’ကျွန်တော်တော့ မသိဘူးဗျာ။ အိပ်ကိုသာ ဖုန်းဆက်ကြည့်ပါ။ ခင်ဗျားသားလေး နေမကောင်းဘူးတဲ့။
’’မဟုတ်သေးပါဘူး မက်ဂါရယ်။ သားလေး နေကောင်းပါတယ်။
’’အိမ်သာ ဖုန်းဆက်စမ်းပါ ဂရီဂိုရီရယ်’’
’’ဘာဖြစ်လို့လဲဟင် ’’ ’’ဖုန်းသာ ဆက်ကြည့်စမ်းပါဗျာ။’’
’’မက်ဂါ ’’
’’ကျွန်တော်ဝမ်းနည်းပါတယ် ဂရီဂိုရီ။ ခင်ဗျားသားလေး ဆုံးသွားရှာပြီတဲ့’’

ကျွန်တော် သည် ထူပူထုံထိုင်းသွားသည်။ သို့သော် မျှော်လင့်ချက်နည်းနည်းတော့ ရှိသေးသည်။ လီလီယန် သည် ဖုန်းဆက်ကြည့် သည်။ သို့သော် သူ့ခမျာလည်း တုန်လှုပ်ချောက်ချားနေရှာသည်။
’’မောင် အိမ် ကို အမြန်ဆုံးပြန်ပါမယ် အချစ်ရယ်။’’

ကျွန်တော် ’’မက်ဂါ ’’ ကို ပြန်ဖုန်းဆက်သည်။ သူ ’’ဂျက်ဆန် ’’တွင်လုပ်ကိုင်နေခြင်းသည် ကျွန်တော် သား  သေဆုံးခြင်းထက် ပို၍ အမေရိကန်အဖို့ အရေးကြီးကြောင်း ယခုကျွန်တော် ပြန်သွားရမည် ဖြစ်သဖြင့် ၀မ်းနည်း ပါကြောင်း ပြန်ပြောလိုက်သည်။ ’’ဂျင်မ် ’’နှင့် ကျွန်တော်သည် အ၀တ်အစားများကိုပင် မယူနိုင်တော့ဘဲ တစ်ခါတည်း တန်းပြန်ခဲ့ကြသည်။ ဤအပြန်ခရီးမှာ အလွန်တို တောင်းသည်ဟု ကျွန်တော်ထင်ပါသည်။ သူ သာလျှင် အမိ၊ သူသာလျှင်အဖ သဖွယ် ဖြစ်နေသော ကျွန်တော်ကလေးများ၏ မိခင် လီလီယန်ကို မည်သို့မည်ပုံ ကျွန်တော် ရင်ဆိုင်ရမှန်းပင် မသိတော့။ ကျွန်တော်သည် အိမ်တွင် သူစိမ်း သက်သက်လိုပင် ဖြစ်နေပေသည်။ ကျွန်တော် သည် ပြင်းထန်သော တိုက်ပွဲများ ကြားတွင် အသတ်ခံပြီး သေဆုံးရဖွယ် ရှိနေပါလျကိ ကျွန်တော်က မသေဘဲ လုံလုံခြုံခြုံ ဘေးကင်းရန်ကင်းနှင့် ရှိနေသော ကျွန်တော့်သားလေးက သေသွားရသည်။ ယုံနိုင်ဖွယ်ပင် မရှိတော့။

ကျွန်တော် အိမ်တံခါးဝသို့ ရောက်သောအခါ လီလီဟန်မှာ ကွပ်ပျစ်ကလေးပေါ်တွင် ထိုင်နေ ရှာသည်။ ’’ဂျက် ’’မဂ္ဂဇင်း မှ အယ်ဒီတာ ’’ဂျော့ဘွန်ဆင် ’’ လည်းရှိနေသည်။ ကျွန်တော်ဝင်လာစဉ် စက္ကန့်ပိုင်း လေးတွင်ကား လီလီယန် မျက်လုံးများသည်တောက်ပြောင်ရွှန်းလဲ့လာပါ၏။ သို့သော် ခဏအကြာ တွင် ပြန်မှေးမှိန် သွားတော့သည်။ ကျွန်တော်သူ့ထံ လျှောက်အသွားတွင် တယ်လီဖုန်းက မြည်လာ သည်။ ’’အလားဘားမား ’’ပြည်နယ် မှ ဆက်သော ဖုန်းဖြစ်သည်။ လူဖြူအမျိုးသမီးတစ်ယောက်၏ အသံ။

’’မစ္စတာ ဂရီဂိုရီလား’’
’’ဟုတ်ပါတယ် အစ်မကြီး’’
’’ကျွန်မ အခုပဲ ရေဒီယိုထဲမှာ ရှင့်သားလေး ဆုံးသွားတာ ကြားလိုက်ရတယ်။ အဲဒါကြားလိုက်ရတော့ ကျွန်မဖြင့် အတော်ကျေနပ်သွားမိတယ်။ တကယ်လည်း ၀မ်းသာသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှင်က ဘာမဆိုင် ညမဆိုင် နဲ့ ကျွန်မတို့ဒေသလာပြီးရှုပ်ရှုပ်ယှက်ယှက် လုပ်ခဲ့လို့’’
’’ကျွန်တော်ကလည်း ၀မ်းသာပါတယ်ဗျာ၊ ကျွန်တော်က သားကို ဒေါ်လာငါးသန်းနဲ့ အသက် အာမခံထားခဲ့ တာ ကိုးဗျ။ အတန်ကြာပင် တိတ်ဆိတ်သွားတော့သည်။ နောက်မှ သူက
’’ကျွန်မ ၀မ်းနည်းပါတယ်ရှင်။ ကျွန်မကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော်၊ ဟုပြောသွားလေသည်။

အလွန်ညတာရှည်သော ညတစ်ညပင် ဖြစ်ပါသည်။ တစ်ခါတစ်ခါ လီလီယန်ထံ ထပြီးသွားမိပါသည်။ အများ အားဖြင့် သူသည် ငူငူကြီး ပေါင်ပေါ်လက်များတင်ပြီး ထိုင်နေကာ အုတ်နံရံသို့ အဓိပ္ပာယ်မဲ့ စူးစိုက်ကြည့်နေ တတ်သည်။ စကားပြောသော အခါ၌လည်း တုန်ရီလှိုက်မောနေရှာသည်။ ကျွန်တော်ထွက်ခဲ့သောညက သူသည် သန်းခေါင်ကျော်မှ အိပ်ရာဝင်ခဲ့သည်။ မနက် ၄နာရီတွင်ကလေး ကို နို့တိုက်ရန် ထခဲ့သည်။ ဤကလေးမှာ ကျွန်တော်တို့ကလေးများထဲတွင် အကျန်းမာဆုံးနှင့် အစားအငမ်းဆုံးကလေး ဖြစ်ပါသည်။ လီလီယန်သည် ပြန်အိပ်ပျော်သွားခဲ့သည်။ မနက် ၈နာရီ သူငိုလျှင် နိုးမည်ဟု ဆိုကာ အိပ်သွားခဲ့သည်။ သို့သော် မနက်ကျသောအခါ ကလေးက မငို။ လီလီယန်က ၉ နာရီကျတော့ နိုးလာ၏။

ထို့ကြောင့် ကလေးကို ထချီလိုက်သည်။ ကလေးမှာ ပူပူနွေးနွေးပင် ရှိသေးသော်လည်း သေနေရှာပြီ။ သူသည် အပြင်ထွက်ပြီး ငယ်သံပါအောင် အော်ရှာသည်။ အိမ်နီးချင်းများက မီးသတ်ဌာနသို့ အကြောင်းကြားကြ၏။ မီးသတ်ဌာန က အသက်ရှူကိရိယာများ ယူလာကြသည်။ ဆေးရုံမှ ဆရာဝန်တစ်ဦးကမူ ’’ညတွင်းဖြစ် အဆုတ်အအေးမိရောဂါ’’ တစ်မျိုးဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးများ တွင် ဖြစ်တတ် သည့် ရောဂါတစ်မျိုးဟုပြောသည်။ သူပြောသည်မှာ မှန်ကန်ကြောင်း ရောဂါတစ်မျိုးဟုပြောသည်။ သူပြောသည် မှာ မှန်ကန်ကြောင်း နောက်မှ ကျွန်တော်တို့သိကြရသည်။ နှစ်စဉ်နှစ်တိုင်း ဤရောဂါဖြင့် ကလေးများ ထောင်ပေါင်းများစွာလေလွင့် ပျက်စီးကြရရှာလေသည်။

ထိုညတွင် တယ်လီဖုန်းခေါ်သံများမှာ အဆက်မပြတ်။ လူမျိုးစုံထံမှ အများစုမှာ ကြင်နာ သနားစွာဖြင့်  မေးမြန်းဝမ်းနည်းစကားပြောကြသည်။ အချို့ကမူ ရက်စက်စွာ ပြောဆိုကြသည်။ ဘုန်းကြီးများ၊ ဓမ္မဆရာများကလည်း ဖုန်းဆက်ကြသည်။ ယခုအချိန်မှာ ’’ဒစ်ဂရီဂိုရီ ’’ ၏ ဖြေဖျော်ပွဲများ ရာသီပွဲ အစပင်ဖြစ်သည်။ သူ့သား အသုဘအချိန်မှာ သူ၏ ခေတ်အထဆုံး အချိန်နှင့်ကိုက်နေပေသည်။ ဘုန်းကြီးတစ်ပါး သည် ကျွန်တော်၏ ရေဒီယိုဖျော်ဖြေ ခန်းလေးကို အသံသွင်းထားပြီး ကျွန်တော် အိမ်လာကာပြန်ဖွင့်ပြကာ ကျွန်တော်၏ သရုပ်ဆောင်မှုများကို အားပါးတရပင် ချီးကျူး ပြောကြားခဲ့ဖူးသည်။
ဖုန်းတစ်ခါ လာပြန်သည်။ ’’ဂရင်းဝုဒ် ’’မှ ဖြစ်သည်။ တောင်ပိုင်းသားအသံမျိုး ခပ်ဝဲ၀ဲပင် ဖြစ်သည်။ ရုတ်တရက် တွင် နီဂရိုးတစ်ယောက် ဟု ထင်လိုက်မိ၏။

’’မစ္စတာ ဂရီဂိုရီလား’’
’’ဟုတ်ပါတယ်။ ’’
’’ခင်ဗျား ဒီကို ဘယ်တော့်ပြန်လာမလဲဟင်’’။
’’အခွင့်အရေး ရမယ်ဆိုလျှင် ရလျှင်ရခြင်း ပြန်လာခဲ့ပါတယ်။’’
’’အခု ဂျက်ဆင်မှာကော ဘယ်လို အခြေအနေ ရှိနေသလဲ။’’
သူတို့ဘက်မှ တီးတိုးသံလေးဖြင့် ပြောနေသံကိုပါ ကျွန်တော် ကြားနေရသည်။

’’သူ့သားအကြောင်း မေးလိုက်ဦး၊ သူ့သားအကြောင်း မေးလိုက်ဦးကွ’’
ထိုသူများမှာ လူဖြူများ ဖြစ်ကြောင်း ကျွန်တော်သိလိုက်ချေပြီ။
"ခင်ဗျားသား နေကောင်းရဲ့လား၊ မစ္စတာ ဂရီဂိုရီ"
"ဟာ... ကောင်းပါတယ်၊ နေကောင်းပါတယ်"
"အခု ဂျက်ဆင် မှာ ဘယ်လိုအခြေအနေလဲဗျ"
"သိပ်မကောင်းပါဘူးဗျာ၊ ခင်ဗျားတို့သိတဲ့အတိုင်း ငမည်းတွေက ငပျင်းတွေ မဟုတ်လား"
"ဒီမနက် ခင်ဗျား ဂျက်ဆင် မှာ ရှိနေခဲ့တယ် ထင်တယ်"

"အလို... ခင်ဗျားနှယ် အ ရန်ကောဗျာ။ ကျုပ်က ဒီမနက် ဂျက်ဆင်မှာရှိခဲ့ပြီး ဘယ့်နှယ်လုပ် ခုညမှာ ရှီ ကာဂိုကနေ ခင်ဗျား ကို စကားပြောနေနိုင်မလဲဗျာ။ ဒီမှာ လူဖြူလေးရယ်၊ ငမည်းတွေဟာ လေယာဉ်ပျံစီး ရမှာ ကြောက်တတ်မှန်း လဲ မင်း သိသားနဲ့"
"မစ္စတာ ဂရီဂိုရီ၊ ကျွန်တော် တို့ကို ဟာသလေးဘာလေး ပြောစမ်းပါဦးကွာ"
"ဒီမှာ လူဖြူလေးရယ်၊ နားထောင်စမ်းပါဦး၊ ငါတို့မြောက်ပိုင်းအရပ်က ငမည်းတွေဟာလေ မင်းတို့ တောင်ပိုင်း က ကောင်တွေထက်တောင် ဆင်ခြေဆင်လက် များသေးသကွ။ တို့က ည ၁၁ နာရီခွဲဆို ဘယ်တော့မှ အလုပ် မလုပ်တော့ဘူးကွ။ ဒါကြောင့် မင်းတို့ကြားချင်ရင် ငါ့အလုပ်ချိန်အတွင်းမှာ ပြန်ဖုန်း ဆက် သိလား"
ကျွန်တော့် အသံတွင် ဝမ်းနည်း၊ ကြေကွဲသံ၊ နာကျည်းသံများ ရှိုက်ငင်ပါဝင်နေသည်ကို သူတို့မသိကြ ချေ။ သူတို့က ကျွန်တော့် ကို နှုတ်ဆက်ပြီး ဖုန်းပြန်ချလိုက်သည်။

ကျွန်တော်က လီလီယန်ထံသို့ ယခု တယ်လီဖုန်း ဆက်သည့်အကြောင်းများကို ပြန်ပြောပြလိုက်သည်။ သူခမျာ အတော် ဝမ်းနည်းသွားသည်။ ရင်ထဲတွင်ပင် ဆို့တက်လာဟန် တူသည်။
"မီရှေးလ်" နှင့် "လင်း" တို့မှာ ငြိမ်သက်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ထိန်းရင်းနှင့် အခြား အခ်းတစ်ခုထဲတွင် ရှိနေကြသည်။ လီလီယန်က သူတို့ကို ဘာမှမပြောထားသေး။ ကျွန်တော်က "မီရှဲလ်" လေး အား ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်သည်။

"သမီးလေးရေ... ရစ်ချက်ကော ဘယ်မှာလဲဟေ့"
"ရစ်ချက် သွားပြီလေ ဖေဖေရ"
"ဘယ်သွားတာလဲကွယ်"
"ဆေးရုံ ကိုလေ"
"သူ ဘယ်တော့ ပြန်လာမှာလဲကွယ်"
"သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ဖေဖေရ၊ ဖေဖေအနေနဲ့သာ နောက်ရစ်ချက်လေး တစ်ယောက် ကို ရှာပေးရတော့မှာ"
"သမီး ဘယ့်နှယ်လုပ်သိလဲဟင်"
"သမီး မေမေ့မျက်နှာကို ကြည့်တာနဲ့တင် သိတာပေါ့ ဖေဖေရ"

ယခု ညသန်းခေါင်ကျော်ပေပြီ။ ယခင် ၂၄ နာရီတုန်းကပင် ကျွန်တော်သည် ရစ်ချက်ကလေးကို ချီပိုး ထားခဲ့ရသေး သည်။ ယခုတော့ သားလေး မရှိတော့ပြီ။ ကျွန်တော် "ဂျက်ဆင်" သို့ ပြန်သွားပြန်သည်။ ဆန္ဒပြပွဲများ သို့ သွားချင်သည်။ သို့သော် ယခု ပူဆွေးသောက ရောက်လွန်းနေရှာသော မိန်းမက ရှိသေး သည်။ ထို့ကြောင့် ကျွန်တော် က သူတို့ထံ ဖုန်းလှမ်းဆက်လိုက်ရ၏။ လုပ်စရာရှိသည်များကို ဆက်လုပ် ရန်၊ စီစဉ်စရာ ရှိတာများ ကို ဆက်စီစဉ်ထားရန်။ ထို့နောက် ကလေးများကို သိပ်ရ၏။ ယခု လီလီယန် ကို နှစ်သိမ့် ရမည်။ ပြုစုပေးရမည်။ သို့မှသာ "ဂျက်ဆင်" ကို စိတ်အေးလက်အေးဖြင့် အမြန်ဆုံး ပြန် သွားနိုင်ပေမည်။

ကျွန်တော်တို့ အိပ်ခန်းထဲသို့ ဝင်သွားသောအခါ သူသည် မျက်နှာကျက်ကို မော့ကြည့်ရင်းနှင့် ကုတင် ပေါ်တွင် လှဲနေရှာသည်။ ရစ်ချက်၏စောင်လေးကို သူ့ရင်ပေါ်တွင် လွှမ်းခြုံထား၏။
"လီလီယန်၊ မောင် စကားလာပြောနိုင်လားဟင်"
ကျွန်တော်က သူ့ကို ထိလိုက်သည်။ သူက တစ်ဖက်သို့ လှည့်သွား၏။
"ဒီမှာ လီလီယန်၊ သူဟာလည်း မောင့်သား အရင်းခေါက်ခေါက်ပါပဲကွယ်၊ ဒါကြောင့် မင်းရဲ့ ပူဆွေးမှု လေးတွေ ကို မောင်လည်း ဝေမျှ ခံစားပါရစေနော်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့ကွယ်"
သူက ကျွန်တော့်ကို မော့ကြည့်ကာ ကျွန်တော့်လက်များကို လာဆုပ်သည်။
"မင်း မှတ်မိသေးတယ် မဟုတ်လား၊ မောင်တော့ ဂျက်ဆင်မှာ အသတ်ခံရတော့မလို့ ထင်နေခဲ့တာကို လေ"
"မှတ်မိပါတယ် မောင်"
 
ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

အခက်တွေ ကြားထဲက ပူပင်သောကတွေ အလည်မှာ ရပ်တည်နိုင်ဖို့ဆိုတာ ..လွယ်တော့မလွယ်ဘူးနော်..မမ

ကျေးဇူးပါလို့....