Monday, July 9, 2012

စုမီအောင် ၏ တစ္ဆေတွေကိုကျွန်မချစ်တယ်

တစ္ဆေတွေကို ကျွန်မချစ်တယ်။
ဒီလိုပြောလိုက်ရင် ကျွန်မကို အရူးအနှမ်းတစ်ယောက်လို အားလုံးက မျက်လုံးကြီးတွေပြူးအောက်မေး ရိုးတွေ ပြုတ်ကျ သွားပြီး တအံ့တသြကြီးကို ၀ိုင်းအုံကြည့်ကြမှာ သေချာတယ်။ တကယ်ပြောတာ တစ္ဆေတွေကို ကျွန်မ တကယ်ပဲ ချစ်ပါတယ်။

" တစ္ဆေတွေကို ချစ်ရတယ်လို့ ဘယ့်နှယ်ကြံကြီးစည်ရာကွယ်လို့ လူကြီးသူမ လေသံကြီးနဲ့ ကျွန်မကို ရှင်တို့ နှာခေါင်းရှုံ့ကြ မှာ သေချာတယ်။ " လူတိုင်းက ကြောက်စရာလန့်စရာလို့ ယုံကြည်လက်ခံထားတဲ့ တစ္ဆေကို သူကများ ချစ်စရာတဲ့၊ အဲဒါ တမင်သက်သက် စတန့်ထွင်တာ၊ လူ စိတ်ဝင်စားအောင် လျှောက်ပြော တာပါ" လို့ ရှင်တို့စိတ်ထဲ မြည်တွန်တောက်တီးလုပ်ချင်ကြမှာပဲလို့ ကျွန်မ နားလည်ပါတယ်။
ပြောရရင် တစ္ဆေတွေမှာ ကျွန်မ သဘောကျတဲ့အရည်အချင်းတွေ ရှိတယ်။ သူတို့ရဲ့ အရည်အချင်းတွေကို ကျွန်မတို့ လူသားတွေ ဘယ်တော့မှ လိုက်မမီနိုင်ဘူး။ တစ္ဆေတွေက သူတို့ကို မြင်စေချင်တဲ့သူဆိုပေးမြင်နိုင် တယ်။ မမြင်မတွေ့စေချင်တဲ့သူ ဆို ဒိုင်လျှိုလေးနဲ့ အသာလေးပုန်းလျှိုး ကွယ်လျှိုးနေလို့ရတယ်။ သူတို့က ၀ါဂွမ်းတစ်စ ငှက်မွေးတောင်လေးတစ်စလို ပေါ့ပေါ့ပါးပါးလေးပဲ။ ဟိုသွားသည်လာ တစ်ခဏချင်း ကူးသန်း လို့ရတယ်။ ကိုယ်ခန္ဓာ အတိအကျမရှိတော့ ကရိကထ မများလှဘူး။ ကျွန်မတို့လူသားတွေလို ရေချိုးရ၊ အ၀တ်အစားဝတ်ရ ဖြီးလိမ်းပြင်ဆင်ရ၊ ရေမွှေးဆွတ်ရ ဘာတစ်ခုမှ သူတို့လုပ်စရာမလိုဘူး။ ဘယ်လောက် နား အေး သလဲ။

ကျွန်မဆိုရင် ခေါင်းပေါ်က ဆံပင်တစ်မျိုးတည်းနဲ့ပဲ အလုပ်ရှုပ်နေရတာ၊ အမြဲတမ်းပဲ ဆံပင်ညှပ်တော့မယ် စိတ်ကူးပြီး Beauty Saloon ထဲ ၀င်လိုက်ပါတယ်။ ဟာ ဒီဆံပင်ညှပ်ခ နှမြောပါတယ်။ ဆံပင်မညှပ်တော့ဘဲ စာအုပ် ၀ယ်ဖတ်လိုက်တာ မှ အကြာကြီးဖတ်ရသေးဆိုပြီး ပြန်ပြန်ထွက်လာတာနဲ့ပဲ ခေါင်းပေါ်က ဆံပင်တွေက ခုတလော ရှည်ရှည် လာတော့တာ။ အိမ်အလုပ်လုပ်မယ်ဆို ထုံးရဖွဲ့ရ၊ အပြင်ထွက်မယ်ဆို စည်းရနှောင်ရ၊ အင်္ကျီအရောင် နဲ့ လိုက်ဖက်မယ့် ဖဲကြိုးဆံညှပ်တွေ ရွေးချယ်ရနဲ့ အို ရှုပ်နေတော့တာပဲ။ ဒီဆံ ပင်တစ်ခုတည်းနဲ့ ကို။

အခုပဲ တစ္ဆေကိုချစ်တဲ့အကြောင်း ပြောမလို့ပါဆို၊ ဆံပင်က ၀င်ဂှုပ်ပြန်ပေါ့။ ကျွန်မ မညာပါဘူး။ တကယ် ပြောတာ၊ တစ္ဆေတွေ ကို ကျွန်မချစ်တယ်။ ချစ်တယ်ဆိုမှတော့ ယုံကြည်လို့ချစ်လို့ရတာပေါ့။ မဟုတ်ဘူးလား။ ရှင်တို့ စဉ်းစားကြည့်၊ ရှင်တို့စိတ်ထဲ တစ်စုံတစ်ယောက်ကို ချစ်စိတ်ဝင်ပြီဆိုရင် အဲဒါ ယုံကြည်စိတ်က စတင်မြစ်ဖျားခံတဲ့ အရာပဲလို့ ကျွန်မ တပ်အပ်ပြောလိုက်မယ်။ ဒါကြောင့်ပြောတာ၊ တစ္ဆေတွေကို ကျွန်မ ချစ်တယ်ဆိုတာ အကြောင်းမဲ့ အလဟသကြီး စတန့်ထွင်ပြောတာ မဟုတ်ဘူး။ ချစ်တယ်ဆိုတာ ယုံကြည်လို့၊ ယုံကြည်တယ် ဆိုတာ လက်ခံလို့၊ လက်ခံတယ်ဆိုတာ သူတို့တကယ်ရှိနေလို့၊ဒီလို ဒီလို ကျွန်မ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေနဲ့ ပြန်ပြောင်းချိတ်ဆက်ပြီး ပြောပြရဦးမယ်။

ကျွန်မက ငယ်ငယ်တုန်းက အဘွား ရဲ့ အသည်းစွဲ သတ္တိခဲ။ ကျွန်မရဲ့ အဘွားကတော့ ကျွန်မနဲ့ ဆန့်ကျင် ဘက်၊ တစ္ဆေ ကို သိပ် ကြောက်တတ်တဲ့သူ။ ညည အဘွား အိမ်သာသွားချင်ပြီဆို ကျွန်မကို နှိုးလေ့ရှိတယ်။ ကျွန်မက အဘွားရှေ့ ကနေ လက်နှိပ်ဓာတ်မီးထိုးပြီး ဦးဆောင်ပြီး ခေါ်ခေါ်သွားတာ။ ကျွန်မအစ်ကိုကြီးဆိုရင် လည်းယောက်ျား တန်မဲ့ တစ္ဆေကြောက်လိုက်တာမှ လွန်ပါရော။ လူပျိုပေါက်ပဲ ဖြစ်နေပြီ၊ ညမှောင် ရင် ကြော်ကတုန်း။ သူ ဘယ်လောက် အပြင်ထွက်လည်လည် မမှောင်ခင် မိုးမချုပ်ခင် အိမ်ကို အမြဲ ပြန်လာ လေ့ ရှိတယ်။ အဲ .... အကြောင်းတစ်ခုကြောင့် နောက်ကျပြီဆိုရင်လည်း သူ့သူငယ်ချင်း တစ်ယောက်ယောက်က အမြဲ အိမ်ပြန်ပို့ပေး ရတယ်။ အဲဒီ လောက်ထိ၊ အဘွားလည်း ဘာထူးသေးလဲ။ တစ္ဆေမဆိုထားနဲ့ တစ္ဆေမဖြစ်ရသေးတဲ့ ပူပူနွေးနွေး လူသေ ကိုတောင် ကြောက်လိုက်တာမှ ဆတ်ဆတ်ကို တုန်နေတာပဲ။

ဘယ်လောက်တောင်မှ ကြောက်တတ်သလဲဆိုရင်၊ လမ်းမှာ အသုဘတစ်ခုက ငိုသံတွေ စီခနဲစီခနဲ၊ ကြေး စည် ကို နှောင်ခနဲ နှောင်ခနဲ တီးပြီး အိမ်ရှေ့ကနေ ဖြတ်တော့မယ်ဆိုရင် အို တစ်အိမ်လုံး ရှိရှိသမျှ တံခါးတွေ ကို ပြေးပြေးပြီးတော့ ကို လိုက်ပိတ်တော့တာ။ တစ်ယောက်တည်း ၀ရုန်းသုန်းကားကို ဖြစ်လို့။

သူ့ပါးစပ်က လည်း " ဟဲ့ ပိတ်ကြပါဟဲ့၊ ပိတ်ကြပါဟဲ့ ဟိုမှာ လာနေပြီ " ဆိုပြီး အလန့်တကြားလေသံကြီး နဲ့ အော်နေလိုက်သေး တာ။ အဲဒီမှာ သူ့လိုပျာကလောင်မဖြစ်ဘဲ ငြိမ်နေတဲ့အဖေ့ကို " ဟဲ့ ပိတ်ပါဆို၊ ဘာကြောင်ကြည့်နေ တာလဲ၊ ဟိုမှာ နင့် အမေ အသုဘက လာနေပြီ "ဆိုပြီး ပြောပြောဆိုဆို အဖေ့ခေါင်းကို ထုသွား လိုက်သေးတာ အဖေက အဘွားမမြင်အောင် မျက်နှာကိုကွယ်ပြီး အမေ့ဆီ မျက်စပစ်လို့ တအစ်အစ် ခိုးရယ်တော့တာပေါ့။ " နင့်အမေ အသုဘ" ဆိုတဲ့ စကားကြီးကိုလေ။ အဖေက အဘွားရဲ့သား မဟုတ်လား။ သူ့စကားဘယ်ရောက်လို့ ရောက်မှန်းမသိ၊ အဲဒီအဘွားကတော့လေ။ ပြီးတာနဲ့ ကျွန်မတို့ ကလေး ကိုလည်း ကြောင်မကြီးက ကြောင်ကလေးတွေကိုလည်ကုပ်ကနေ ကိုက်ချီသလို သူ့ပါးစပ်နဲ့ ကိုယ် တိုင် ကိုက်မချီရုံ တစ်မည်ပါပဲ ကျွန်မတို့ကို ကုပ်ကနေ ဆွဲကုပ်ခေါ်ပြီး အိမ်ထဲ သွင်းထည့်တော့တာပဲ။

ကျွန်မက အဘွားကို စချင်တာနဲ့ " အဘွား၊ တစ္ဆေက အဘွားခုလို တံခါးပိတ်တာလောက်တော့ အပျော့်ပဲ၊ မီးကြည့် တဲ့ ကာတွန်းကားထဲကလို ကိုယ်ကို ပျော့ပျော့စိစိကြီးလုပ်ပြီး ဟော့သလို ဟော့သလို တံခါးကို လျှောခနဲ ထွင်းဖောက် ၀င်တတ်တယ်" လို့ ပြောပြီဆိုရင် ကျွန်မ ခေါင်းတော့ဂေါက်ခနဲ မြည်သွားတော့ တာပဲ။ အဘွား ခေါက်ထည့် လိုက်တာလေ။ အနာခံပြီးတော့ကို ကျွန်မက တမင်သက်သက် အဘွားကို စတာ။ ဒါပေမဲ့ အဘွား တကယ် ကြောက်တတ်မှန်းသိတော့ ညဘက်ဆိုရင်တော့ အဘွားကို မစပါဘူး။ အခု လည်း အသုဘဖြတ်သွားပြီး လို့ အိမ်ရှေ့ကနေ စီစီနှောင်နှောင် အသံတွေ တိတ်သွားပြီဆိုမှ အဘွားက အိမ် တံခါးတွေ ကို လိုက်ဖွင့်တော့တယ်။

အဲဒီဝရုန်းသုန်းကား အခြေအနေပြီးဆုံးသွားတော့မှပဲ အဖေရယ် အမေရယ် ကျွန်မတို့ မောင်နှမသုံးယောက် ရယ် စောစောက အဘွားလွှတ်ခနဲ ပြောလိုက်တဲ့ " နင့်အမေအသုဘ" ဆိုတဲ့ စကားကြီးကို တဟားဟား နဲ့ ပြန်ပြောရင်း ရယ်ပွဲဖွဲကြတော့တာ၊ အမလေး အနားမှာ အဘွားရှိနေရင်တော့ ဒီလိုဘယ်ရယ်ရဲပါ့မလဲ။ အဘွား က စိတ်ကောက်တတ်တယ်။ သူကောက်ပုံက ကလေးတော့ဆန်မယ် ထင်တယ်။ ထမင်းမစား ဘဲ နေခြင်းအားဖြင့် သူကောက်ကြောင်းကို ပြတာ။ အဘွား ထမင်းမစားမှာ စိုးတာနဲ့ပဲ သူ့ကို ကျွန်မတို့ စိတ် ကောက်အောင် မလုပ်ရက်ကြပါဘူး။
တစ္ဆေ လို့ ဆိုလို့ မရတဲ့ နည်းနည်းတော့ ထူးဆန်းတဲ့အရာတစ်ခုကို ကျွန်မမြင်ဖူးတယ်။ အိုက်စပ်စပ် နွေည ခင်း တစ်ခင်း မှာပေါ့။

ည ကိုးနာရီလောက်မှာ အဘွားက ကလေးပီပီ စောစောမအိပ်သေးတဲ့ကျွန်မကို အိမ်ရှေ့ သရက်ပင်ကြီးအောက် က ကွပ်ပျစ်လေး မှာ ပုံပြင်ပြောပြနေတယ်။ ကျွန်မက တင်ပျဉ်ခွေ ယှက်ထိုင် နေတဲ့ အဘွားပေါင်ပေါ် ခေါင်းတင် အုံးပြီး သရက်ပင်ကြီးကိုကြည့်လိုက်၊ ကောင်းကင်က ကြယ်လေးတွေကို ကြည့်လိုက် နဲ့ ပုံနားထောင်နေပါတယ်။ အဲဒီမှာ သရက်ပင်ခွကြားလို့ ပြောမလား ကိုင်းကြားလို့ပြောမလား၊ အဲဒီနေရာ နား ကနေ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတဲ့အရာတစ်ခုကို ကျွန်မ လှမ်းမြင်တယ်။ ပထမတော့ ကျွန်မ လိုပဲ အိပ်မပျော်သေး တဲ့ ငှက်တစ်ကောင်ကောင် ဖြစ်မယ်လို့ ထင်မိပါသေးတယ်။ နောက်တော့ အဲဒီအရာဆီ က ပြူးဝိုင်းနေ တဲ့ မျက်လုံးနှစ်လုံး ကို ကျွန်မမြင်တယ်။ ဒါနဲ့ စိတ်ထဲ ဇီးကွက်တစ်ကောင်ဖြစ်မယ်လို့ ထင်ပြန် ရော။ ထင်လည်း မထင်ပြန်ဘူး။ ဇီးကွက်မျက်လုံး ကို ကျွန်မကောင်းကောင်းသိတာပေါ့။ ၀ိုင်းပြီးကြီးမယ့်သာ ကြီးတာ ရှေ့ကို ဒီလို ငေါထွက်ပြီး လှုပ်စိလှုပ်စိ မနေတာ။

အခုမျက်လုံးတွေက ခုပဲမျက်အိမ်ကနေ ကျွတ်ထွက်တော့ မလိုလို လှုပ်နေတာလေ။ နောက်တော့ သူ့ဆီက ခြေထောက်နဲ့ တူပါရဲ့ တွဲလောင်းပြုတ်ကျလာတယ်။ နောက်တော့ အဲဒါကို လက်နှစ်ချောင်းလို့ ကျွန်မထင်မိ ပြန်ရော။ သိပ်တော့မသဲကွဲဘူး။ လက်လားခြေလား မသဲကွဲတဲ့အရာ၊ အဘွား ပြောနေတဲ့ပုံပြင် ဘယ်ရောက် လို့ ရောက်မှန်း မသိတော့ဘဲ သစ်ပင်ပေါ်က ထူးဆန်းတဲ့အဲဒီနေရာကို ကျွန်မ စူးစိုက်ကြည့်နေမိတယ်။ အဲဒီမှာပဲ ပြူးငေါလှုပ်မျက်လုံးနှစ်လုံးအောက်က ပါးစပ်လို့ ထင်ရတဲ့ နေရာက ပြဲပြဲကြီးဟ သွားတယ်။ ပြီးလျှာ လို့ထင်ရတဲ့ အရာကြီး လျှောခနဲ ထွက်ကျလာတယ်။ ကျွန်မ အဘွား သိပ်ကြိုက်တဲ့ အရှည်ဆုံးကြောင်လျှာ သီးတစ်ခုထွက်ကျလာတယ်။ အဲဒါကြီးက လိပ်ခွေဝင်သွားလိုက် ပြန်လျှောပြီးထွက် ကျလာလိုက်နဲ့။

အဲဒီနေရာက အသံတစ်ခု လည်း ကြားတယ်။ ဒါကိုတော့ ဘယ်လို အသံလဲ ကျွန်မ ပြန်မပြောပြတတ်ဘူး။ သူ့ တစ်ကိုယ်လုံး လည်း လှုပ်ရွနေတာပဲ။ ငြိမ်ငြိမ်မနေဘူး၊ ကြည့်ရတာ သူအဲဒီမှာ ရှိနေတယ်ဆိုတာ ကျွန်မ တို့ကို သိမြင်စေချင် လို့ ရှိသမျှ အင်အားအစွမ်းကုန် ထုတ်ပြီး ပြသနေသလိုပဲ။ လျှာရှည်ရှည်ကြီးကလည်း လိပ်ဝင် သွားလိုက် လျှောကျလာလိုက်နဲ့ တစ်ခါထက်တစ်ခါ ပိုပိုရှည်ပြီး ထွက်ကျလာသလိုပဲ။ အဲဒါ ကျွန်မ ကို ပြောင်ပြနေ တာလား။ ဘာမှန်းမသိပေမဲ့ ကြည့်နေရင်းနဲ့ ကျွန်မပျော်လာတယ်။

ကျွန်မ ကိုင်ကြည့်ချင်လာ လို့ လက်နဲ့ လှမ်းလှမ်းကိုင်ဆွဲတယ်။ ကျွန်မက လှမ်းအဆွဲ အဲဒါကြီးက လိပ်ဝင်သွားနဲ့ ဆွဲတမ်းတို့တမ်း၊ ကစားနေရသလိုပဲ။ မမိမိအောင် ဆတ်ခနဲ ကျုံးထပြီး အားကုန်လှမ်းဆွဲလိုက်တာ အဲဒီအရာက ကျွန်မ မပြောတတ်တဲ့ အသံတစ်မျိုးစူးခနဲ အော်ဟစ်ပြီး ပျောက် သွားပါလေရော။ အဘွားက " အမလေး ကွိကွကွကွ" လို့ အော်ပြီး ဘာဖြစ်တာလဲမေးတယ်။ ကျွန်မကလည်း ကျွန်မမြင်တဲ့အရာကို အစ အဆုံး ပြောပြလိုက်တယ်။ ကျွန်မ တို့ ဆော့ကစားနေတာကိုပါ ပြောပြလိုက်တော့။ အဘွား ခမျာ ခေါင်းမီးတောက် ပါလေရော။ အိမ်ထဲအမြန်ဝင်ကြပြီး ကျွန်မကို ဘုရားစင်ရှေ့ ခေါ်ထိုင်ခိုင်းပြီး ဘုရားစာတွေ ရွတ် ပါလေရော။ " နာနာဘာဝမကောင်းဆိုးဝါး အကောင်တွေ ငါ့မြေးကို ဒုက္ခမပေးကြနဲ့၊ ငါ့ခြံထဲကအခု ထွက်သွားကြ" လို့လည်း ပြောသံကြားတယ်။
" အဲဒါက မီးကို ဘာမှဒုက္ခမပေးပါဘူး အဘွားရဲ့၊ မီးတို့ ဆော့နေတာ ပျော်တောင် ပျော်သေး" လို့ ကျွန်မက ၀င်ပြောတော့ ရင်ဘတ်စည်တီးနဲ့ "အမလေး ငါ့မြေးလေး အပမီပါပြီ "တဲ့။

အဘွားပြောတာ ကျွန်မ နားမလည်ဘူး။ ဒါပေမဲ့ ကျွန်မ အဲဒီအဖြစ်ကနေ သင်ခန်းစာကောင်းကောင်းရ လိုက်တယ်။ တကယ်ဆို ကျွန်မက တကယ်ရှိတာကို တကယ်တွေ့တာ၊ တကယ်တွေ့တာကို မြင်တဲ့အတိုင်း အမှန် အတိုင်း ပြောမိတာ၊ အမှန်ကို အမှန်အတိုင်း ရိုးရိုးကလေး မမြင်ဘဲ ယုန်ထင်ကြောင်ထင် ချဲ့ကား ယူကုန်တော့ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်ပွားလာပြီး ရလဒ်တွေက မလှတော့ ဘူးပေါ့။
နောက်တစ်နေ့မှာ အဘွားရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ အဲဒီသရက်ပင်ကြီးကို ခုတ်လှဲပစ်လိုက်ပါတယ်။ ကျွန်မ ရဲ့အရပ်လောက် ငုတ်တိုလေးသာ ကျန်တော့တဲ့ အဲဒီအပင်ကြီးရှေ့မှာ ကျွန်မစူးစူးဝါးဝါးငိုပါတယ်။
သရက်ပင်ကြီး သေသွားပြီဆိုပြီး အပင်ကြီးကိုသနားလို့ ကျွန်မငိုပါတယ်။

ဖေဖေက သရက်သီးသိပ်ကြိုက်သူ၊ အကင်းလေးကစပြီး မှည့်ဝင်းတဲ့အထိနေ့တိုင်း ငါးပိရည်နဲ့ တို့စားလေ့ ရှိတော့ ဖေဖေသရက်သီးဝအောင် မစားရတော့ဘူးလို့ စဉ်းစားမိပြီး ဖေဖေ့ကို သနားလို့ ကျွန်မ ငိုပါတယ်။
သရက်သီးတွေပေါ်တဲ့ရာသီဆို အိမ်နီးချင်းတွေကို ဖောဖောသီသီ ပေးနိုင်လို့ မေမေလည်း မျက်နှာပွင့်လန်း ရသူပါ။ အခု မေမေမျက်နှာပွင့်လန်းမရတော့ဘူးလို့ စဉ်းစားမိပြီး မေမေ့ကို သနားလို့ ကျွန်မငိုပါတယ်။
အဘွား က ဒီသရက်ပင်အောက်က ကွပ်ပျစ်လေးမှာ ထိုင်ရတာသိပ်ကြိုက်သူပါ။ နွေရာသီတိုင်း အရိပ်အေး အေးလေးရတဲ့ သရက်ပင်အောက်က ကွပ်ပျစ်လေးမှာ မထိုင်ရတော့ဘူးလို့ စဉ်းစားမိပြီး အဘွားကို သနား လို့ ကျွန်မ ငိုပါတယ်။

ပြီးတော့ ဟို .... ဘာမှန်းမသိတဲ့ အကောင်လေးကိုပါ သရက်ပင်ကြီးမရှိတော့ သူဘယ်နားမှာ သွားနေမှာပါ လိမ့်လို့ စဉ်းစားပြီး သူ့ကို သနားလို့ ငိုပါတယ်။
ငါသာ မပြောဘဲထားရင်စဉ်းစားပြီး သူ့ကို သနားလို့ ငိုပါတယ်။
ငါသာ မပြောဘဲထားရင် ဒီအပင်ကြီး ဒီလိုငှက်တိုဘ၀ ရောက်မှာမဟုတ်ဘူးလို့ စဉ်းစားမိတော့ လည်း နောင်တတွေရလို့ ကျွန်မအတွက် ကျွန်မငိုပါတယ်။ အဲဒီလို အားလုံးအတွက် စဉ်းစားမိပြီး ငိုတာဖြစ်တဲ့ အတွက် ကျွန်မ တစ်နေကုန် တစ်နေခန်း အကြာကြီးမှ အကြာကြီးတရစပ် ငိုပါတယ်။

ငါသာ မပြောဘဲထားရင် ဒီအပင်ကြီး ဒီလိုငုတ်တိုဘ၀ ရောက်မှာ မဟုတ်ဘူးလို့ စဉ်းစားမိတော့ လည်း နောင်တတွေရလို့ ကျွန်မအတွက် ကျွန်မ ငိုပါတယ်။ အဲဒီလို အားလုံးအတွက် စဉ်းစားမိပြီး ငိုတာဖြစ်တဲ့ အတွက် ကျွန်မ တစ်နေကုန် တစ်နေခန်း အကြာကြီးမှ အကြာကြီးတရစပ်ငိုပါတယ်။
အဲဒီမှာ အဘွားက တစ်စခန်းထပြန်ပါတယ်။ ငါ့မြေး ဒီလောက်ငိုလှတာ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုပြီး အ၀တ်ဖြူတွေ ၀တ်ထားတဲ့ ဘိုးတော် ဆရာလို့သူတို့ ခေါ်တဲ့ လူကြီး တစ်ယောက်ခေါ်လာပြီး ကျွန်မကို တွတ်တွတ်မြည် မန်းမှုတ်ထားတဲ့ အရည်တွေတိုက်တယ်။ အိပ်ခိုင်းတယ်။ " ဟိုအကောင်လေး မှာ နေစရာမရှိတော့ဘူး၊ မီးအခန်းထဲခေါ်ထားမယ်" လို့စိတ်ထဲ သနားမိတဲ့ အတိုင်းပြောတော့ ပိုဆိုးပါလေရော။ " တွေ့လား သေချာပါပြီ သေချာပါပြီ" ဆိုပြီး ရင်ဘတ်ကို ဖိဖိနေတယ်။

ကျွန်မကတော့ ငိုတုန်းပဲ။ နောက်တော့လည်း မောလွန်းလာလို့ ဘယ်သူမှ မချော့ရဘဲ ကျွန်မ အငိုရပ်သွားပါတယ်။
သရက်ပင်ပေါ် က အဲဒီအရာလေးက တစ္ဆေပဲလား။ လူကြီးတွေ ပြောသလို နာနာဘာဝ သရဲသဘက် ဆိုတာပဲလား။ ကျွန်မ မသဲကွဲဘူး။ ဒါပေမဲ့ တကယ်မြင်ခဲ့လို့ တကယ်ရှိတယ်လို့တော့ ကျွန်မ လက်ခံလိုက် တယ်။ ဒါပေမဲ့ အဲဒါက ကျွန်မကို အဘွားတို့ ထင်မြင်သလို ဒုက္ခပေးတာမဟုတ်ဘဲ ကျွန်မစိတ်ကိုတောင် ရွှင် မြူးစေခဲ့တာ အမှန် ပါပဲ။ ဒါကြောင့် အဲဒါလေးဟာ သရဲသဘက်လေး ဖြစ်တယ်ဆိုဦးတော့ ကျွန်မသူ့ကို ချစ်ပါ တယ်။ အဲဒါလေး ကို နောက်တစ်ကြိမ်တွေ့မြင်ချင်ပါသေးတယ်။

ညဘက် လူကြီးတွေအလစ်မှာ ခိုးပြီး ခြံထဲက တခြားသစ်ပင်တွေဆီ လိုက်ကြည့်ပေမဲ့ အဲဒါလေးကို မတွေ့ ရတော့ပါဘူး။ တစ်ညတော့ ကျွန်မ အိပ်မက်ထဲ အဲဒါလေး ရောက်လာပါတယ်။ အပြင်မှာတုန်းကလိုပဲ သူ့ ဆီက ထွက်ကျလာတဲ့ လျှာကြီးနဲ့ ကျွန်မဆော့ပါတယ်။ ဆော့ရုံသာမက သူ့လျှာကြီးနဲ့ ကျွန်မ တစ်ကိုယ် လုံးကို ပတ်ခေါ် သွားတာ ကျွန်မ ကောင်းကင်အမြင့်ကြီးကို ရောက်ဖူးသွားတယ်။ ကြယ်တွေနဲ့ စကားပြောခဲ့ ရတယ်။ တိမ်တွေပေါ် မှာလည်း တက်ထိုင်ခဲ့တယ်။ နောက်တော့ " မင်းအဘွားကို ငါ ကြောက်တယ် "လို့ ပြောပြီး သူက ကျွန်မ ကို အိပ်ရာထဲအထိ ချောချောမောမော ပြန်ပို့ပေးပါတယ်။

ဒီအိပ်မက်လေးက ကျွန်မစိတ်ကို တအားကို ရွှင်မြူးစေပေမဲ့ ဒီတစ်ခါ အဘွားအပါအ၀င် လူကြီးတွေ ကို ပြန် ပြောပြလို့ မဖြစ်ပါဘူး။ အဲဒါလေး မလာနိုင်အောင်ဆိုပြီး သရက်ပင်ကြီးကို ဖျက်ဆီးပစ်သလိုမျိုး ကျွန်မ အိပ် မက်တွေ ကို ဖျက်ဆီးပစ်ကုန်မှဖြင့် ခက်ရချည့်။ အိပ်မက်တွေကို သရက်ပင် ခုတ်လှဲသလို ခုတ်ထစ်ဖျက်ဆီး ပစ်လို့မရဘူး လို့တော့ ကျွန်မ ယုံပါတယ်။
တစ္ဆေ လို့ တိတိပပပြောနိုင်တဲ့ အရာတစ်ခုကို ကျွန်မ ပထမဆုံး မြင်ဖူးတာ လေးတန်းကျောင်းသူအရွယ်ကပါ။ ကျွန်မ တို့ တစ်အိမ်သားလုံး မန္တလေးသွားကြတယ်။ ဘာကိစ္စနဲ့ သွားတယ်တော့ ကျွန်မ မမှတ်မိပါဘူး။ တစ်လလောက် ကြာခဲ့တယ်။ ပြန်လာတော့ အိမ်ရှေ့မှာ မြင်းလှည်း ရပ်ပြီး လူကြီးတွေက ပစ္စည်းတွေ ချသူချ မြင်းလှည်းခ ရှင်းသူရှင်း အလုပ် ရှုပ်နေချိန်မှာ ကျွန်မတစ်ယောက် တည်း အိမ်ထဲပြေးဝင်တယ်။ ကျွန်မရဲ့ အချစ်တော်ခွေးကလေး "မဲတူ" ရဲ့ နာမည်ကို အော်ခေါ်ပြီးတော့ပေါ့။

တံခါးတွေမဖွင့်ရသေးတော့ အိမ်ကြီးတစ်ခုလုံး မဲကြုတ်နေပါတယ်။ မဲတူကို ခြံဝင်းထဲအဆင်သင့် မတွေ့ရလို့ အိမ်မကြီး ကနေ နောင်ထဲပြေးဝင်ပြီး သူရှိနေတတ်တဲ့ ပစ္စည်းဟောင်းတွေကို သိုလှောင်တဲ့အခန်းဆီ ကျွန်မ သွားပါတယ်။ လက်စသတ်တော့ မဲတူက ကျွန်မတို့ကို မကြိုအားဘဲ အိပ်မောကျနေတာကိုး။ ကျွန်မက "မဲတူမဲတူ အို့အို့" လို့ အသံပြုရင်း လက်ထဲက စားလက်စ အသားကင်လုံးလေးတွေကို အိတ်ထဲကနေ အကုန်ဖောက်ချ ပြီး ကျွေးလိုက်တော့ ချက်ချင်းထလာပြီး စာနေးလိုက်တာ။ ကျွန်မ ခြေထောက်ကို တိုးခွေ့ လိုက် စားလိုက်နဲ့၊ ကျွန်မလက် နဲ့ သူ့ခေါင်းလေးကို ပုတ်လိုက်တော့ ကုပ်ကလေးကို ပုအိုက်ခွက်ဝင်သွား တာပဲ။ ပြီးတော့ ကျွန်မလက်ခုံ ကို သူ လျှာနဲ့ လျက်တယ်။ အဲဒီအခိုက်မှာပဲ မေမေက စိတ်မောလူမောသံကြီးနဲ့ ကျွန်မအနားရောက်လာတယ်။

" ဟဲ့ သမီး ရယ် ဘာလို့ အသားလုံးတွေ ပျစ်ချနေတာလဲ "
" ဟင် မေမေ ကလဲ ဒီမှာ မဲတူကို ကျွေးတာလေ "
မေမေက မျက်စိမျက်နှာ အပျက်ပျက်နဲ့ ကျွန်မကို ကပျာကယာ ကောက်ချီပြီး အိမ်ပေါ်ခေါ်သွားတယ်။ နောက်မှ ခြံစောင့်ကြီးပြော လို့ သိရတာက မဲတူက ကျွန်မတို့ ရောက်မလာခင် နှစ်ရက်က သေသွားခဲ့ပြီတဲ့။ အိမ်သားတွေ မမြင်တော့ ထမင်းလည်းမစား ဘာမှလည်း ကျွေးမရနဲ့ နောက်ဆုံး ခြံဝင်ထောင့်မှာ ခွေခွေလေး အသက်ထွက်နေတာ နဲ့ အဲဒီနေရာမှာပဲ မြှုပ်ထားလိုက်တယ်တဲ့။ ခြံစောင့်ကြီးက တစ်အိမ်လုံးရဲ့ အားကိုးရတဲ့ လူယုံကြီးပါ။ သူညာမပြောဘူးဆိုတာ ကျွန်မ ယုံပါတယ်။ ဒါဆိုရင် သေချာတာက ကျွန်မနဲ့ တွေ့ခဲ့တာ တစ္ဆေမဲတူပေါ့။ မဟုတ်ဘူးလား။
" မဲတူ ကို တကယ်တွေ့ခဲ့တာပါ။ သူ့ခေါင်းကိုတောင် ပုတ်လိုက်သေး။ သူက ကျွန်မလက်ကို လျှာနဲ့တောင် လျက်လိုက်သေး" လို့ ကျွန်မ က အသေအချာ ပြောပြတာကို ဘယ်သူမှ လက်မခံကြဘူး။ တွေ့ကရာ ရှစ်သောင်း လျှောက်လျှောက် မပြောစမ်းနဲ့ဟဲ့။ ပြီးတော့ လုပ်ပြန်ပြီ။ ကျွန်မကို ပရိတ်ရွတ်ထားတဲ့ ရေဆိုလား ဘာလား၊ အတင်း တိုက်တယ်။ မဲတူနဲ့တွေ့လည်း မပြောဘဲ နေရုံပဲပေါ့။ တွေ့တာကတော့ တွေ့ တာ အသေအချာ ပါပဲ။

ဒီအကြောင်း အတန်းထဲမှာ သူငယ်ချင်းတွေကို ပြောပြတော့ သူငယ်ချင်းတွေက ယုံတာမယုံတာထက် ကြောက်ဖို့ ရှုထောင့် ကပဲ ပြောနေကြတယ်။
" တကယ်လား၊ ကြောက်စရာကြီး "
" နင့်တို့အိမ်မှာ ခွေးတစ္ဆေရှိတယ်၊ ငါတို့မလာတော့ဘူး" တဲ့။
နောက်တစ်ခါ ကျွန်မ ဒန်းစင်လေးမှာ ဒန်းစီးနေတုန်း ကျွန်မ ခြေထောက်အောက်ကနေ မဲတူ လျှိုဝင် လာတယ်။ ကျွန်မ ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဖျားလေးနဲ့ သူ့လည်ပင်းကို တို့တို့ပြီး ပွတ်သပ်ပေးတော့ ခေါင်း လေးမော့၊ မျက်လုံးလေးမှေးပြီး ဇိမ်ခံနေ လိုက်တာ။

ကျွန်မ မျက်စိထဲ က ထွက်ကိုမထွက်တော့ဘူး။ ကျွန်မနဲ့ မဲတူ ပြေးလွှားကစားကြတယ်။ အကြာကြီးပဲ။
" သမီးတစ်ယောက် တည်း ဘာလို့ အရမ်းပြေးနေတာလဲ "
မေမေက လာတားတယ်။ မေမေလည်းလာရော မဲတူက ထွက်ပြေးသွားတယ်။
" တစ်ယောက်တည်း မဟုတ်ဘူး မဲတူနဲ့ မီးနဲ့ ဆော့နေတာ "
ကျွန်မ ကို မေမေက သနားစရာ သတ္တ၀ါလေးလို ကရုဏာ တနင့်တပိုးကြီးနဲ့ ငုံ့ကြည့် လာတယ်။ သေချာတယ်။ မေမေ ကျွန်မကို မယုံဘူး။ ကျွန်မကတော့ မဲတူသေသွားပေမဲ့ ကျွန်မအနားမှာ အသေအချာ ရှိတယ်လို့ လက်ခံယုံကြည်ပါတယ်။ မဲတူရဲ့လည်ကုပ်ကို ထိုးဖွထားတဲ့ ကျွန်မ ခြေချောင်း ကြားလေးတွေ မှာ သူ့ဆီက ကျွတ်ကျန်ခဲ့တဲ့ အမွေးမည်းမည်းလေးတွေ၊ ပြီးသူ့ကို ချီးပွေ့သေးတာကြောင့် ကျွန်မ အင်္ကျီရင်ဘတ် မှာလည်း ကပ်နေတဲ့ အမွေးလေးတွေအများကြီးပဲ။ ကျွန်မ တစ်ဘက်သတ် ထင်ယောင် ထင်မှားဖြစ်တာပါလို့ ဘယ်လိုမှ ပြောလို့မရတဲ့ သက်သေအစစ်တွေပါ။ တစ္ဆေ တကယ်ရှိတာ ကျွန်မ ယုံသလို တစ္ဆေတွေ ကို ကျွန်မချစ်တာ တကယ်ပါ။

တစ်ခါကတော့ သီတင်းကျွတ်ပွဲတော်ရက်အတွင်းမှာ ဖေဖေခရီးသွားနေခိုက် ကျွန်မတို့ မြို့ကလေးမှာ လှည့် လည်ဖျော်ဖြေ တဲ့ တီးဝိုင်းကားကြီးတွေနောက် ကျွန်မတို့ ညီအစ်မနှစ်ယောက် လိုက်ကြည့်ကြတယ်။ လူတွေ အရမ်းများ လို့ မတိုးနိုင်မှန်းသိလို့ ခပ်လှမ်းလှမ်းကပဲ ကြည့်ကြဖို့ စိတ်ကူးထားပေမဲ့ မရည်ရွယ်ဘဲ ကျွန်မတို့ တီးဝိုင်းကား အနားအတင်းတိုးမိပြီး အစ်မနဲ့ ကျွန်မ လူချင်းကွဲသွားပါတယ်။ ပတ်ပတ်လည်မှာ လူအုပ်ထူထူ ကြီးပိတ်နေ တယ်။ ခက်တာက ငြိမ်းပြီးရပ်နေလို့လည်းမရဘူး။ သူတို့နဲ့အတူ လိုက်ရွေ့ပေးနေရတော့ ဘယ် နားရောက် လို့ ရောက်မှန်းလဲမသိဘူး ဖြစ်နေပါတယ်။

အဲဒီမှာ သာမန်လူတွေထက် ခေါင်းတစ်လုံးပိုထူပြီး မြင့်နေတဲ့လူ တစ်ယောက်ကို ကျွန်မနဲ့ မလှမ်းမကမ်းမှာ ဘွားခနဲတွေ့လိုက် ရတယ်။ ရုတ်တရက် သူက လှည့်ကြည့်ပြီး ကျွန်မကို ပြုံးပြတယ်။ ဟင် ကျွန်မတို့အိမ်က အဖေ့ ကားမောင်းပေးတဲ့ ဒရိုင်ဖာ ဦးထွေးကြီး။ သူက အဖေနဲ့ အတူ ခရီးထွက်သွား တယ်မို့လား။ ပြန်ရောက် နေပြီလား၊ ပြန်ရောက်ရင် အဖေလည်း ပြန်ရောက်ပြီပေါ့။ မဟုတ်သေးပါဘူး။ လူတူတာဖြစ် မှာ။ အတွေးတွေနဲ့ ကျွန်မသူ့ကို မသိသလိုနေလိုက်တယ်။ သူက မရဘူး။ ကျွန်မဘက်ကို လှမ်းလှမ်းပြီး ငုံ့ငုံ့ကြည့် တယ်။ လူတွေကို ဆန့်ကျင်ပြပြီး ကျွန်မဘက်ကို တိုးလာနေတယ်။ ပြီးတော့ ကျွန်မ ကို သေချာကြည့်ပြီး
" မီးမီး လာ ဒီဘက်ကိုလာ "တဲ့၊ လက်ယပ်ခေါ်တယ်။ ဒါဆိုရင်တော့ လူမှားတာ မဟုတ်တော့ဘူး။ ကျွန်မကို အသေအချာခေါ်နေ တာ။ ဒါနဲ့ ကျွန်မလည်း သူခေါ်ရာဘက်ကို အတင်းတိုးေ)ှ့ လိုက်သွားတယ်။ သူက မီး မီး လာလို့ ခေါ်လိုက်သူ့ဆီကို ကျွန်မ အတင်းလိုက်သွားလိုက်နဲ့ နောက်ဆုံး ဘွားခနဲ ကျွန်မအစ်မကို တွေ့ လိုက်ရ လို့ ကျွန်မပျော်သွားတယ်။

" အမလေး ခေါင်းနားပန်းကို ကြီးထွက်သွားတာပဲ။ နင်ဘယ်ပျောက်သွားတာလဲ၊ ဘာလဲဟာ ငါ့လက်ကိုမှ မတွဲ ထားတာ "
အစ်မ ရဲ့ ပြစ်တင်သံကို ကျွန်မ စိတ်မ၀င်စားဘူး။ ကျွန်မ မျက်လုံးတွေက ဦးထွေးကြီးကို လိုက်ရှာနေမိ တယ်။ သူ ဘယ်ပျောက်သွားပါလိမ့်၊ လွှတ်ခနဲ အစ်မကို မေးမိတယ်။
" ဦးထွေးကြီး ရော ..... "
" ဟဲ့ ဘာကြောင်နေတာလဲ သူ အဖေနဲ့ ပါသွားတယ်လေ" တဲ့ ကျွန်မ စိတ်ထဲ ဇဝေဇ၀ါနဲ့ ဘာကို ယုံရမှန်း မသိဘူး။ အိမ်ပြန်ရောက်တော့ တယ်လီဖုန်းဝင်လာတယ်။ အဖေတို့ ကားမှောက်လို့တဲ့။ အဖေတော့ ပွန်းပဲ့နာ ကျင်ရုံ ပဲတဲ့။ ဒရိုင်ဘာ ဦးထွေးကြီး ဒဏ်ရာအပြင်းအထန်ရပြီး မြစ်ကြီးနားဆေးရုံပေါ်မှာ ဆုံးသွားပြီတဲ့။ အခုမှပဲ ကျွန်မ ရှင်းသွားတယ်။ ကျွန်မတို့ လူချင်းကွဲတုန်းက အစ်မနဲ့ ပြန်တွေ့အောင် တဖြည်းဖြည်း လက်ယပ်ခေါ် ပြီး တစ္ဆေဦးထွေးကြီး က လမ်းပြပေးခဲ့တာပါ။ ဟုတ်သားပဲ။

တကယ်ဆို သူက အရပ်သိပ်မြင့်လွန်းလို့ ကျွန်မ လိုကလေးလေးက သူ့ကို လှမ်းမြင်တယ်ဆို ထားပါတော့။ သူက အခုလို လူတွေကြားထဲ ပုညပ်နေတဲ့ ကျွန်မကို ဘာလှမ်းတွေ့စရာ အကြောင်းရှိမှာလဲ။ တစ္ဆေမို့လို့သာ လူတွေ ပိတ်ကာနေတဲ့ကြားကနေ ကျွန်မကို သူကောင်းကောင်းကြီး မြင်ခဲ့တာပေါ့။ အဘွားသံသယ ရှိသလို တစ္ဆေဟာ ကျွန်မ ကို ဒုက္ခပေးဖို့ မဆိုထားနဲ့ ကျွန်မ လူအုပ်ထဲညပ်ပြီး ဒုက္ခတွေ့နေလို့တောင် ကူညီလမ်းပြပေးခဲ့သေးတာပါ။ ဒါကြောင့် တစ္ဆေ ဆိုတာ ကျွန်မအတွက် ကြောက်စရာမဟုတ်ဘဲ ချစ်စရာဖြစ်ခဲ့ပါတယ်။

ကျွန်မ ခုနစ်တန်းအရွယ်မှာ သီချင်းဂီတကို သိပ်ခုံမင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ။ ခရစ်ယာန် ဘာသာဝင် သူငယ်ချင်း သဲမာက ကျွန်မကို သူတက်နေကျ ဘုရားရှိခိုးကျောင်းကို ခေါ်သွားတယ်။ ဂစ်တာ အတီး သင်ပေးတယ်။ နောက်ပြီး ဆယ်ဖို့တစ်ဖို့ အလှူငွေထည့်ဝင်တတ်ဖို့လည်း သင်ပေးခဲ့တယ်။ သူက ကျွန်မရဲ့ အချစ်ဆုံး အကောင်းဆုံးသူငယ်ချင်းပါ။ ၀ါသနာချင်းတူသလို စိတ်သဘောထားချင်းလည်း ကိုက် ညီမှုရှိ ပါတယ်။ ကျွန်မတို့ အင်္ကျီဆင်တူ ဖိနပ်ဆင်တူ၊ ဦးထုပ်ဆင်တူ၊ ဘာကိုမဆို အတူတူလုပ်လို့ ရတာတွေ အကုန်အတူ လုပ်လေ့ရှိတယ်။ ကျောင်းကပွဲမှာ သူနဲ့ ကျွန်မ Duet သီချင်းအတူဆိုတာ အားလုံးရဲ့ ချီးကျူးမှု ကို ရခဲ့တယ်။

တစ်နေ့နံနက်မှာ သဲမာ မရှိတော့ဘူးလို့ သဲမာအစ်ကိုက ငိုသံပါကြီးနဲ့ကျွန်မကို အစောကြီးလာပြောတယ်။ "ဟင် ဘယ်သွားလို့ လဲ "လို့ အလိုက်ကမ်းဆိုးမသိ ကျွန်မက မေးလိုက်မိသေးတယ်။ သွေးဖြူဥ နှုန်းတွေ တရားလွန် တက်နေခဲ့တာ၊ သွေးကင်ဆာနဲ့ သဲမာဆုံးပြီတဲ့။ အိမ်ကို လိုက်သွားတော့ အနီရောင် နှင်းဆီ ပွင့် တွေ တစ်ကိုယ်လုံးအပြည့်ခြုံလွှမ်းထားတဲ့ သဲမာကို အဖြူရောင်ဝတ်စုံလေးနဲ့ ငြိမ်သက် တိတ်ဆိတ်နေတာ တွေ့ရ ပါတယ်။ ကျွန်မ အရမ်းဝမ်းနည်းပါတယ်။ ငယ်ငယ်တုန်းက သရက်ပင်ကြီးသေတုန်းကလို စူးစူးဝါးဝါး အကြာကြီးအော်ငို ပစ်ချင်ပါတယ်။
ထူးဆန်းတာက ကျွန်မ မျက်ရည်တွေကို ဘယ်အရာက ထိန်းချုပ်ထားသလဲမသိပါဘူး။ အားကြီးတဲ့ လက်တစ်စုံ က ကျွန်မရဲ့ တုန်ယင်နေတဲ့ ပခုံးတွေကို ပွေ့ပိုက်ပြီး နှစ်သိမ့်မှုပေးနေသလိုပဲ။ အဲဒါ သဲမာ ပြော ဖူးတဲ့ ဘုရားသခင် ရဲ့ တန်ခိုး ပါတဲ့ လက်တစ်စုံလား။ သဲမာရဲ့ အမေက ကြေကွဲနေတဲ့ကြားက ပြုံးပြီး ကျွန်မ ကို ပြောတယ်။

" သဲမာကို မီးမီးသိပ်ချစ်လား "
ကျွန်မ ခေါင်းညိတ်လိုက်တယ်။
" သူနဲ့ တွေ့ချင်လား "
ကျွန်မ ခေါင်းညိတ်တယ်။
" သဲမာ က အခု ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်မှာ ၀င်စားနေပြီ။ မီးမီးကို သဲမာစောင့်နေမှာပါ။ မီးမီးခရစ်ယာန်ဖြစ်ရင် သဲမာ နဲ့ ကောင်းကင်ဘုံမှာ ပြန်ဆုံမှာအသေအချာပဲ" တဲ့ ကျွန်မ ပျော်သွားတယ်။
" ကျွန်မ တို့ အခုလိုပဲ ဘာမဆို အတူလုပ်လို့ရမှာလားအန်တီ "
" အတူပေါ့ ဘာမဆို အတူကောင်းကင်ဘုံမှာ အားလုံးအတူတူပဲ၊ အရမ်းချစ်တဲ့ သူတွေအတွက် ဘုရားသခင်က တစ်ခန်းတည်းနေ လို့ရအောင် စီစဉ်ပေးထားမှာ "
ဒီလိုဆိုမှဖြင့် သဲမာသေတာ ဘာအထွေအထူး ၀မ်းနည်းစရာရှိလို့လဲ၊ အိမ်ကို ပြန်လာတော့ အဘွားက ဆတ်ဆတ် ခါခါ လေသံ နဲ့ ပြောတယ်။

" အိမ်ပေါ်မတက်နဲ့ဦး၊ ရေချိုးခန်းထဲ နောက်ပေါက်ကလှည့်ဝင် ရေအရင်ချိုးချ"
အသုဘအိမ် က ပြန်လာလို့ပြောတာပါ။ တစ်ဆက်တည်း ခေါင်းလျှော်ဖို့ပါ လှမ်းပြောရင်း စဉ်းစားမိဟန် နဲ့ မေးတယ်။
" နေစမ်းပါဦး ဦးထုပ်က ဘယ်မှာလဲ ဦးထုပ်ပါလျှော်ပစ် "
အဘွားပြောမှ ဦးထုပ် ကို သတိရတယ်။

" ဦးထုပ်ကျန်ခဲ့တယ် ဟိုအိမ်မှာ " လို့ အော်ပြောလိုက်တယ်။ အဘွားက ကျွန်မကို မျက်ခြည်မပြတ် စောင့် ကြည့်နေခဲ့တာ ပဲ။ အဘွားကို ချစ်တာမှန်ပေမဲ့ အရွယ်လေးရောက်စပြုလာတော့ အရင်ကလို ကိုယ့်ဆန္ဒမပါ ဘဲ အဘွားပြောသမျှ လိုက် လိုက်လုပ်ရတာမျိုး၊ မလုပ်ချင်တော့ဘူး။ ကိုယ့်အယူအဆနဲ့ကိုယ်ပဲ လွတ်လပ် စွာ နေချင်ပါပြီ ဒါနဲပဲ
" မချိုးတော့ မလျှော်တော့ဘာဖြစ်မှာလဲ အဘွား "
ခါခနဲနေအောင် ခေါင်းကို ယမ်းခါပြီး ခပ်တည်တည်နဲ့ ကျွန်မ အိမ်ပေါ်တက်ခဲ့ပါတယ်။ အိပ်ရာပေါ် ပစ်လှဲ အိပ်လိုက်ပြီး မှ ပြန်ထထိုင်ပြီး ဂစ်တာ ကောက်ကိုင်မိတယ်။ ကျွန်မ ကိုယ် ကျွန်မ မသိလိုက်ခင်မှာပဲ နှုတ်က အလိုအလျောက် သဲမာ နဲ့ ဆိုနေကျ Duet သီချင်းလေးဆိုဖြစ်သွားပါတယ်။ ဆိုနေရင်းနဲ့ ဒုတိယ Verse မှာ သဲမာ တကယ်ပဲ ၀င်ဆိုပေးခဲ့တယ်။

ဟိုဟိုသည်သည် ကြည့်တော့ အို .... သဲမာပါလား။ ပြတင်းပေါက်ဘောင်ပေါ်မှာ ခြေတွဲလွဲချ ထိုင်နေတဲ့ သဲမာ။ အခါတိုင်း တစ္ဆေတွေလို ခပ်လှမ်းလှမ်းမှာ မဟုတ်ဘဲ နီးနီးကပ်ကပ်လေးအခန်းထဲမှာ မြင်ရတော့ မကြောက်ပေမဲ့ လည်း အံ့သြလွန်းတဲ့စိတ် နဲ့ မှင်တက်ငေးကြည့်နေမိတယ်။ စိတ်ထဲမှာလည်း စောစောက အသုဘ က အိပ်မက်မက်နေတာ၊ အခုဟာမှ တကယ့်အဖြစ်၊ သဲမာကဖြင့် မသေပါဘူးလို့ ကယောင် ချောက်ချား တွေး လိုက်မိတယ်။

" နင့် ဦးထုပ်ကျန်ခဲ့လို့ လိုက်ပေးတာ၊ ရော့ "
သဲမာ က လှမ်းပေးတယ်၊ ကျွန်မ ထိုင်နေရာက ထယူကာ မရဘူး။ အားယူရုန်းထပြီး သွားယူလိုက်တော့ သဲမာက တခစ်ခစ်ရယ်ပြီး ဦးထုပ်လေးကိုင် လို့ အခန်းထဲ လှည့်ပတ်ပြေးနေတယ်။ ကျွန်မ ခေါင်းမူးလာတယ်။
" နင် ငါ့ကို ကြောက်နေပါတယ် "
အဲဒီလို သဲမာပြောတော့ မဟုတ်ဘူး လို့ ကျွန်မဖြေရှင်းချင်ပေမဲ့ အသံက ထွက်မလာဘူး။
" ဒါဖြင့်လည်း နောက် မလာတော့ပါဘူး။ ကောင်းကင်ဘုံ ကနေ နင့်ကို စောင့်နေမယ်၊ နင်လာမယ်မို့လား"
ပြောပြောဆိုဆို ကျွန်မ ခေါင်းပေါ် ကို ဦးထုပ်လေး ဆောင်းပေးသွားပြီး လှစ်ခနဲပျောက်သွားတယ်၊ သဲမာ လှုပ်ရှားပုံ က မြန်ဆန်လွန်းအားကြီးလို့ ကျွန်မ ပါးစပ်အဟောင်းသားနဲ့ပဲ ဖြစ်ကျန်ခဲ့တယ်။ အတန်ကြာ မှ အသံလေးတုန်တုန် နဲ့ အော်မိတယ်။

" သဲမာ သဲမာ နင်ရှိသေးလား "
သူ ကျွန်မ အခန်းရဲ့ တစ်နေရာရာမှာ ရှိနေဦးမှာပါ။ သူဆွတ်နေကျ ရေမွှေးနံ့လေးက တစ်ခန်းလုံး သင်းပျံ့ နေဆဲ ပဲ။ ဟုတ်တယ် သူ သဲမာ ရှိသေးတယ်။ ကျွန်မ သူ့ကို ကြောက်နေတယ်ထင်လို့ သူ ကျွန်မ မြင်အောင် မပြတာပဲ ဖြစ်မယ် လို့ ကျွန်မ ရိပ်စားမိလိုက်တယ်။ သူ မေးတာ ကျွန်မ မဖြေလိုက်ရဘူး။ ခုမှပဲ ၀မ်းနည်းဆို့ နင့် လာတယ်။ ကျွန်မ ခုမှ ထိုင်ငိုမိတယ်။ တအိအိငိုသံကြားလို့ အဘွားက အပေါက်ဝကနေ လာကြည့် တယ်။ ခေါင်းပေါ်က ဦးထုပ်ကို မြင်တော့ မျက်မှောင်ကြီးကွေးရှုံ့နေအောင် အတင်းတွန့်ထားပြီး ပြောတယ်။
" ပြောတော့ ကျန်ခဲ့တယ်ဆို "

" အခုပဲ သဲမာလာပေးသွားတာ "
ကျွန်မ က အမှန်အတိုင်းဖြေတာပါ။ အဘွားက ပခုံးတွေတွန့်ပြပြီးလှည့်ထွက်သွားတော့မလို ဟန်ပြင်ပြီး မှ နှာခေါင်း ကို ရှုံ့ရှုံ့ပွပွလုပ်ပြီး မေးပြန်တယ်။
" ဘာအနံ့တွေလဲ မွှန်နေတာပဲ "
" သဲမာ ဆီက ရေမွှေးနံ့ "
ကျွန်မ စကားလည်းဆုံးရော အဘွား ပါးစပ်ပိတ်ပြီး တစ်ကြိုးတည်းလစ်ရော။
သဲမာ ရဲ့ အလောင်းမြေချတဲ့နေ့က ဟိုနေ့တုန်းဆီက မဖြေလိုက်ရတဲ့ စကားကြွေးကို ကျွန်မ ပြန်ဆပ်လိုက်ပါ တယ်။ မြေကြီးခဲ တချို့ လက်နဲ့ကုပ်ယူပြီး သဲမာ အလောင်းပေါ် အသာလေးပစ်ချ လိုက်ရင်း ကတိပြုလိုက် တယ်။

" တို့အတူ ပြန်တွေ့ကြစို့ ငါလာခဲ့ပါ့မယ် သဲမာ "
အချစ်ဆုံး သူငယ်ချင်းကို မထင်မှတ်ဘဲ ဆပ်ခဲ့တဲ့စကားကြွေးက ကျွန်မဘ၀ကို အပြောင်းအလဲ တစ်ခုဖြစ် စေ ခဲ့တယ်။ ရွာကလေးကို စွန့်ခွာပြီး မြို့ပေါ်မှာ အလုပ်လုပ်ရင်းနဲ့ ကျွန်မ ငှားနေတဲ့ အဆောင်နားက သမ္မာ ကျမ်း စာသင်ကျောင်း မှာ နောက်ဆုံးနှစ်ကျောင်းတက်နေတဲ့ ကချင်အမျိုးသား ကိုနော်အောင်နဲ့ အိမ်ထောင်ကျတဲ့အခါ ကျွန်မ ခရစ်ယာန်ဘာသာဝင် ဖြစ်သွားခဲ့လို့ပါပဲ။
ကျွန်မ အိမ်ထောင်ကျပြီး တစ်နှစ်ကြာတဲ့အခါ အဘွားဆုံးသွားပါတယ်။ အဘွားရဲ့ အသုဘကိစ္စနဲ့ ရွာကလေးကို တစ်ခေါက်ပြန်ရောက်ချိန် မှာ ရွာကလေးက မြို့သေးသေးလေးဖြစ်နေပါပြီ။ ဘူတာကနေ မြင်းလှည်း ငှားမယ်ကြံတော့ ဈေးကြီးလှတာကြောင့် အိတ်ကို ဆွဲပြီး နံနက်ရောင်နီ မသန်းသေးခင် အမျောင်ခင်းထဲမှာပဲ ခုံးတံတား ကို ဖြတ်ကျော်ပြီး လမ်းလျှောက်ခဲ့တယ်။ ခုံးတံတားအလွန် ဈေးလမ်းလေးအတိုင်း လျှောက်လာတော့ နံနက်ခင်းဈေးသည်တွေ ဈေးထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်မဘေးကနေ စက်ရှိန်မြှင့်ပြီး ကပ်သီသီလေး ဖြတ်သွား တဲ့ ဆိုင်ကယ် တစ်စီးကို ကျွန်မ မျက်စောင်းထိုး ကြည့်လိုက်တယ်၊ ဆိုင်ကယ် က ပြန်ကွေ့လာပြီး ကျွန်မရှေ့လာပိတ်ရပ်တယ်။

" နင့်အဘွားအတွက် ငါစိတ်မကောင်းပါဘူး "
ဆိုင်ကယ်သမား က ပြောတယ်။ ဆယ်တန်းတုန်းကသူငယ်ချင်း၊ နာမည်ရင်းကို ကျွန်မ မသိတော့ဘူး။ "စာကလေး" ဆိုတဲ့ နာမည်ပြောင် ကိုပဲ ကျွန်မ မှတ်မိတယ်။
" အယ် ... စာကလေး၊ မတွေ့တာတောင်ကြာပြီ၊ ဘာတွေလုပ်နေလဲ "
" ဒီလိုပါပဲ "
ခေါင်းပေါ် မှာ သိုင်းချီဆောင်းထားတဲ့ ဟဲလ်မက်ကို ဖြုတ်လိုက်တဲ့အခါ ချွေးသီးချွေးပေါက်တွေ တွဲရွဲခိုထွက် နေ တဲ့ မျက်နှာမြင်ရလို့ ကျွန်မ အံ့သြရတယ်။ ဘယ့်နှယ် ဒီလောက်ချမ်းအေးလှတဲ့ ဆောင်းတွင်းနံနက်ကြီး။ သူ့ဆိုင်ကယ် နဲ့ သွားရင် မြန်မြန်အိမ်ရောက်မယ်လို့ စဉ်းစားမိတယ်။

" ငါ့ကို လိုက်ပို့ပါလား၊ အိမ်အမြန်ရောက်ချင်လှပြီ "
" ငါ့မှာ အချိန်မရှိတော့ဘူး၊ ဟော ခေါ်နေကြပြီ "
လီဗာ ကို တစ်ဟုန်ထိုး ဆောင့်တင်ပြီး မောင်းထွက်သွားတယ်။ သူ့ဆိုင်ကယ် မောင်းထွက်သွားရာ လမ်းကြားလေး ထဲ နောက်လှည့်ပြီး ကြည့်မိတော့ လမ်းအနေအထားက အဲဒီလို ဆိုင်ကယ်ဝှီးခနဲဖြတ်ဖို့ မဆိုထား နဲ့ ဆိုက်ကားတောင် ဖြည်းဖြည်းချင်းသွားမှရမယ့် လမ်းကျဉ်းလေးဖြစ်ပြီး နံနက်ခင်းလမ်းဘေး ဈေး သည်တွေနဲ့ကျပ်နေတာ ကျွန်မ တွေ့ရတယ်။ ဆိုင်ကယ် ဟာ မြေနဲ့မထိ ဘဲ လေထဲကနေ မောင်း သွားသလား အောက်မေ့ ရလောက်အောင် လျင်မြန်စွာ အစအန ပျောက်သွားခဲ့ပါတယ်။

အိမ်ရှေ့ရောက်တာနဲ့ ကျွန်မ မျက်လုံးတွေက အဘွားနဲ့ထိုင်နေကျ ကွပ်ပစ်လေးရှိရာဆီ လှမ်းကြည့်မိတယ်။ အို အဘွား က ကွပ်ပျစ်ပေါ်မှာ တင်ပျဥခွေ ထိုင်လို့ ကွမ်းတွေအပြည့် ၀ါးထားတဲ့ပါးစပ်နဲ့ ပြုံးတုံ့တုံ့လုပ်နေတဲ့ အဘွား ဆီ ကျွန်မ သတိလက်လွတ်နဲ့ အပြေးသွားပြီး ဖက်လိုက်တယ်။ ကွပ်ပျစ်အခင်းပေါ် ဘုတ်ခနဲ ကျွန်မ မှောက်ကျ သွားပါတယ်။
တစ်စုံတစ်ရာအသံကြားလို့ အိမ်ထဲကထွက်လာပုံရတဲ့ မေမေက ကွပ်ပျစ်ပေါ်ကနေ လေးဖက်ကုန်းထနေတဲ့ ကျွန်မကို အံ့အားသင့်နေတဲ့ မျက်လုံးအစုံ၊ ဒါပေမဲ့ နားလည်မှု သက်ဝင်နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်ရှာပါ တယ်။

မျက်ရည်ဝဲတဲ့ မျက်လုံးတွေနဲ့ ကျွန်မရယ်ကျဲကျဲလုပ်ရင်း မေမေ့ရှေ့မှာ ရပ်လို့ ပြောလိုက်တယ်။
" အဘွား ကို ကျွန်မ မြင်တယ်၊ ဒါကြောင့် ပြေးဖက်မိသွားတာ "
အမေ့ရဲ့ မျက်ဝန်းတွေထဲ ၀တ်စုံတစ်ရာ ဖွေရှာစူးစမ်းရင်း ကျွန်မ ထပ်ပြောလိုက်တယ်။
" တကယ်ပါမေမေ၊ အဲဒါ တကယ် "
ပြောရင်းနဲ့ မေမေ့ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။ မေမေက အိမ်ထောင်တောင်ကျနေပြီဖြစ်တဲ့သမီးကို နို့စို့သမီး အရွယ်လေး လိုပဲ သဘောထားတုန်း ထင်ပါရဲ့။ ကျွန်မရဲ့ နဖူးဆံစလေးတွေကို ဖွဖွလေးသပ်ပေးပြီး ပြောတယ်။

" မေမေယုံပါတယ် သမီးရယ်၊ မေမေလည်းပဲ .... "
အဘွားရဲ့ ရက်လည်နေ့မှာ အထက်တန်းကျောင်းက သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တော့ စာကလေး ဆိုင်ကယ် မတော်တဆမှောက်ပြီး နေရာမျာပဲ ပွဲချင်းပြီး သေဆုံးခဲ့တဲ့အကြောင်း တစ်ယောက်က စပြောလာ တယ်။
" ပြီးခဲ့တဲ့ စနေနေ့ မနက် ငါးနာရီခွဲက မဟုတ်လား "
ကျွန်မ ကောက်ကာငင်ကာ ဖြည့်စွက်ပြောလိုက်တယ်။ ဟယ် နင်ဘယ်လိုလုပ်သိ ဆိုတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို အားလုံး က ၀ိုင်းကြည့်နေကြတယ်။
သူတို့မျက်လုံးတွေ ကို တစ်ဦးချင်းလိုက်ငေးကြည့်ရင်း ကျွန်မ ပေါ့ပေါ့ပါးပါး လုပ်ပစ်လိုက်ရတယ်။

" လျှောက်ပြောတာပါဟာ "
တစ္ဆေစာကလေး ကို ကျွန်မ မြင်ခဲ့ရုံမက စကားတောင်ရပ်ပြောခဲ့သေးတယ်လို့ခုနေ အတည်ပေါက်နဲ့ ပြောရင် ကော ဘယ်သူ ယုံနိုင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ တစ္ဆေတွေကို ယုံပါတယ်။ သူတို့ တကယ်ရှိနေကြတယ်လို့ ခိုင်ခိုင်မာမာ ပြော ချင်တယ်။ ဒါပေမဲ့ သူတို့ဟာ ဘာမှ လူတွေကို ဒုက္ခမပေးနိုင်ပါဘူး။ လူတွေကို ဘယ်တော့မှ အဆုံးသတ်မရှိ တဲ့ ဒုက္ခ မျိုးစုံ ပေးပေးနေတာ တကယ်တော့ တစ္ဆေတွေ မဟုတ်ပါဘူး။ အရင်းစစ်လိုက်တော့ လူတွေကို ဒုက္ခပေးနေ တာ လူတွေပဲ ဖြစ်ပါတယ်။ ကျွန်မ ကိုယ်တွေ့အရပြောရရင် တစ္ဆေတွေဟာ ကျွန်မကို ပျော်ရွှင် မြူးထူးမှုနဲ့ အတူ ကူညီဖေးမ လမ်းပြမှုတောင် ပေးခဲ့သေးတာပါ။

တစ္ဆေတွေက ကျွန်မရဲ့ ပျင်းရိနေတဲ့စိတ်ကို ပျော်တော်ဆက်ပေးတဲ့ ပရော်ဖက်ရှင်နယ် ဖျော်ဖြေရေး သမားတွေဖြစ်တယ်။ ပြီးတော့ တစ်ကိုယ်ရေ အထီး ကျန်ပြီး ခြောက်ခြောက်ကပ်ကပ် ဖြတ်သန်းနေရတဲ့ နာရီတွေကို စိုလက်တောက်ပအောင် အဖော်ပြုပေးတယ်လို့ ကျွန်မယုံတယ်။ ဘ၀မှာ ရှေ့လျှောက် ဘယ်လို တစ္ဆေမျိုးမြင်ရဦး မလဲလို့ ကျွန်မ ရင်ခုန် မျှော်လင့်နေမိပါတယ်။
တစ္ဆေတွေ ကို ယုံဖို့မယုံဖို့ ရှင်တို့ကို ကျွန်မ ဘယ်တော့မှ တိုက်တွန်းပြောကြားသွားမှာမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်တွေ့ ကိုပဲ ပြောပြနေတာပါ။ နောက်ထပ်လည်း ဒါ့ထက် ဆန်းကြယ်ထွေပြားပြီး ချစ်စရာ ကောင်းတဲ့ တစ္ဆေတွေ အကြောင်း ပြောပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ တစ္ဆေတွေကို တကယ်မြင် တယ်။ မြင်လို့ ယုံတယ်။ ဒုက္ခမပေးလို့ ချစ်လည်း ချစ်မိတယ်။ ဒါပေမဲ့ ကျွန်မဒါတွေကို ပြောပြရင် ရှင်တို့အားလုံး လက်ခံမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ဘာမဆို စောဒကမတက်ဘဲ မငြင်းမဆန် လက်ခံယူတဲ့ စာရွက်တွေပေါ်ကို ကျွန်မ ၀န်ခံပြောပြနေ တာပါ။
ဘာကြောင့် ကျွန်မမှာ တစ္ဆေတွေကို ဒီလိုမြင်နိုင်စွမ်းအားရှိနေတာလဲဆိုတာတော့ ကျွန်မလည်း အဖြေမရှာ တတ် ပါဘူး။ ကျွန်မကိုယ်တိုင်ကပါ တစ္ဆေတစ်ကောင်ဖြစ်နေလို့များလား။ ရှင်တို့ကော ဘယ်လိုထင်လဲ။

စုမိအောင်
နွယ်နီ မဂ္ဂဇင်း ၂ဝ၁၂ ဇွန်လ
.

6 comments:

တိမ်ပြာ(မနောမြေ) said...

ကျွန်မကိုယ်တိုင်ကပါ တစ္ဆေတစ်ကောင်ဖြစ်နေလို့များလား၊၊ ဖတ်နေရင်းနဲ့ ကျောစိမ့်သွားတယ် အမရေ အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း အချိန်ကလည်း 12:03 မိနစ်၊၊ ကြောက်ကြောက်

စံပယ်ချို said...

တစ္ဆေကိုတော့မချစ်တတ်ပေမယ့်
မကြောက်တတ်လို့အရမ်းကို စိတ်ဝင်စားပြီးဖတ်ကောင်းတယ်
အမရွှေစင်ရေ
သူငယ်ချင်း တစ္ဆေလေးသဲမာဖြင့် ဦးထုပ်လေးတောင်လာ
ပြီးပို့ပေးရှာသားပဲ
တစ္ဆေတွေကို မြင်ရပြီး စကားလဲပြောရတယ်ဆိုတော့
(ကိုယ်တိုင်ကပါ တစ္ဆေတစ်ကောင်ဖြစ်နေလို့များလား)
သူအတွေးကမှန်လောက်ပါတယ်

စုချစ် said...

ကြက်သီး စိမ့်စိမ့်... စိမ့်စိမ့်နဲ့ လာဖတ်သွားတယ်... အစ်မရွှေစင်... ဖတ်တဲ့အချိန်က နေ့လည်ကြီးမို့ တော်သေး....း)

Anonymous said...

မချစ်သင့်တာကိုချစ်နေမိတာပါကလားနော်..
စာရေးသူရေးပုံကောင်းတော့
ကိုယ်တိုင်တောင်ချစ်ချင်လာသလိုလိုပါဘဲ :)
ကြည့်ရတာသရဲထက်စာရင်တော့
တစ္ဆေကပိုလိမ္မာမယ့်ပုံဘဲနော်အစ်မ..
ခုချိန်ထိတော့..မျက်စိနဲ့မမြင်ဖူးသေးပါဘူးအစ်မရေ့
အဲ..အသံတော့ကြားခဲ့ဖူးလေရဲ့
ဒါလည်းစိတ်ခြောက်ခြားလို့ဖြစ်မှာပါလေ :D
မကျွတ်မလွတ်တဲ့ဘ၀ကတော့..
ဘယ်ဘ၀မှမကောင်းပါဘူး။


ချစ်ခြင်းအားဖြင့်
မိစံ

Pole Star said...

ညဖက်မှာ ဖတ်နေတာ နဲနဲတော့ သတိထားနေရတယ်..

Angelhlaing(May everybody be happy and healthy! said...

ညဘက်ကြီးမို့ သတ္တိကောင်းချင်ယောင် ဆောင်ပြီး ဖတ်နေတာ..ကြောက်တော့ကြောက်သား...မမရေ..:):) သူနေရာမှာ..ညီမလေးဆို...မတွေးရဲစရာ..နေစရာတောင် ရှိမယ်မထင်ဘူးမမ..:):)