Tuesday, July 10, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၉)

သို့သော် နီဂရိုးတိုင်းအား ထိခိုက်စေသည်။ ထို့ပြင် ထိုဇီးသီးခူးသမားများအနေဖြင့် နီဂရိုးများ သည် ဘာမင်ဂန် ကုန်ပဒေသာ ဆိုင်များထဲတွင် ဦးထုပ်ဆောင်းခွင့်၊ ဖိနပ်စီးခွင့်တို့အတွက် တိုက်ခိုက်နေ ရကြောင်း ကို လည်း နားလည်နိုင်ကြပါ မည်လော။
ထိုနှစ်ဆောင်းရာသီ တွင်ပင် "မက်ဒ်ဂါအဲဗားစ်" က "မစ္စစ်စီပီ" ပြည်နယ် ဂျက်ဆန်မြို့မှ မဲဆန္ဒရှင် များ၏ ဆန္ဒပြပွဲ တွင် လာရောက် မိန့်ခွန်းပြောရန် ဖိတ်ခေါ်ပြန်သည်။
ကို ဆက်ဖတ်ရန်..............

(၈)

၁၉၆၂ နိုဝင်ဘာလတွင် ကျွန်တော်သည် "ဂျက်ဆင်"မြိုကခန်းမကြီး၏ စင်မြင့်တစ်ခုပေါ်တွင် ရောက် နေပါသည်။ ကျွန်တော့်အလှည့်မရောက်မီ ထိုင်စောင့်နေရပါသည်။ ကျွန်တော်မှာ မနားတမ်းပင် တောက်လျှောက် လုပ်ချင်နေ ပါသည်။ ညကပင် လေယာဉ်ဖြင့်ရောက်ခဲ့သည်။
ယခုလည်း မိန့်ခွန်းပြောပြီးသည်နှင့် ဤမြိုကမှ ထွက်ခွာသွားချင်နေသည်။
ယခုမူ အလဟဿ ထိုင်စောင့်နေရသည်။ စင်ပေါ်တွင် ယခုမှ ထောင်က လွတ်လာသော နီဂရိုး အဖိုးကြီး တစ်ယောက် ကို မိတ်ဆက်ပေးနေကြသည်။

ကျွန်တော့်မှာ သူတို့ပြောသည်ကိုပင် သိပ်နားမထောင်တော့။ ထိုအဘိုးကြီးသည် လူသတ်ခဲ့သည် ဟုလည်းပြောနေ သံ ကြားနေရသည်။ ယခုမူ သူက ဤမဲဆန္ဒပြပွဲကြီးတွင် ခေါင်းဆောင်ပါဝင်နေ ပေပြီ။ သူပြောသည် များကို ကျွန်တော်သေသေချာချာပင် နားထောင်နေသင့်သည်။
သို့သော် ထိုအဘိုးကြီး သည် ကျွန်တော့်ဘ၀တစ်ခုလုံး ပြောင်းပြန်လှန်ပစ်မည့် သူတစ်ဦးဖြစ် ကြောင်းကိုကား ထိုစဉ်က ကျွန်တော်ဘ ယ်နည်းနှင့်မျှ မစဉ်းစားနိုင်အောင်ပင် ဖြစ်ခဲ့သည်။
အဘိုးကြီး မှာ စကားပြောခွက်ရှေ့တွင် ရောက်နေသည်။ သူ့အသက်မှာ ၇၈နှစ်ခန့်ရှိပြီဟု သူပြော နေသံကို ကြားသည်။ သူနောက်ထပ် ပြောသောစကားကိုကား ကျွန်တော့်တစ်သက်တွင် မမေ့။

"ကျုပ်အနေနဲ့ လွတ်မြောက်မှုအတွက် ဆိုရင် ထောင်ကျချင် ကျပစေ။ လုံးဝ ဂရုမစိုက်ပါဘူး။ လွတ်မြောက်မှု အတွက် အသတ်ခံရရင်တောင် မှ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျုပ်မိန်းမနဲ့ အရင်က ဆို ကျုပ်ဟာ လက်ထပ်ခဲ့တာ အတော်ကြာ ခဲ့ပါပြီ။ ခင်ဗျားတို့သိကြတဲ့အတိုင်း ကျုပ်ဟာ အိမ်က ဆိုဘယ်တော့မှ တစ်ညတောင် ခွဲအိပ်တတ် တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တောင်ကျ နေတုန်းမှာ ကျုပ်မိန်းမဆုံးသွားခဲ့တယ်"

သူပြောသည့် အချက်က ကျွန်တော့်ကို တုန်လှုပ်ချောက်ချားစေပါသည်။ ထိုင်နေရင်းပင်လျှင် ၀မ်းခေါင်းတစ်ခုလုံး ဗြောင်းဆန်နေ သည်။ မတ်တပ်ထရပ်ကြည့်၍ မရနိုင်လောက်အောင် ဖြစ်လာ ရသည်။
နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်တိ ကောက်ကွေး၊ မျက်နှာမည်းပြောင်ပြောင်နှင့် ဤနီဂရိုး အဘိုးကြီး မျိုးကို အမေရိက ရှိ တစ်ခြားနီးဂရိုးတိုင်းကပင် အထင်သေး၊ အမြင်သေး ဖြစ်ကြမည်မှာ မုချဖြစ် သည်။
သို့သော် နီဂရိုးကြီးကပင်လျှင် ကျွန်တော်တို့အတွက် စနစ်တစ်ခုကို တိုက်ပွဲဝင်ပေးခဲ့သည်။ ကျွန်တော် တို့အတွက် ထောင်ကျ ခံခဲ့သည်။ ကျွန်တော် တို့အတွက် သူ့ဇနီး အဆုံးခံခဲ့ရသည်။ သူသည် ရှေ့တန်းမှနေ၍ တိုက်ပွဲဝင်ခဲ့လေ သည်။ သူမမြင်ရသေးသော အနာဂတ်အတွက်။

နီဂရိုး တို့ အလုပ်အကိုင်ရရှိရေး၊ တရားမျှတရေးတို့အတွက်။
ဤသည်တို့ကို သူ့သက်တမ်းတွင် ခံစားရတော့မည် မဟုတ်။
ဤအသီးအပွင့်များသည် သူ့အတွက်မဟုတ်။ သို့သော် ကျေးတောမှ ဤနီဂရိုးကြီးသည် သူ့အိမ် တောင်ရေး ဘ၀ အတွင်း တွင် တစ်ခါမျှဘူးသော မိန်းမနှင့် အိုးအိမ်ခွဲပြီး မအိပ်ဖူးသူ၊ ဤနီဂရိုးကြီး သည် ကျွန်တော်တို့ အတွက် ထောင်ကျခံခဲ့သည်။ ကျွန်တော်တို့အတွက် ဇနီးအဆုံးခံခဲ့သည်။ စွန့်လွှတ်အနစ်နာခံပေးခဲ့သည်။

အဘိုးကြီး စကားပြောပြီးသွားသောအခါ ကျွန်တော် သူ့ထံသွားပြီး ကျေးဇူးတင်စကားဆိုမိသည်။ ကျွန်တော် သူ့ကို ငွေကြေးထောက်ပံ့ရန် မှာကား စော်ကားရိုင်းပြမည်စိုးသဖြင့် မပေးလို။ သို့သော် ခင်တွယ်စရာ သားသမီးဖြစ်စေ၊ တစ်နေရာရာ တွင်ရှိသော ခင်မင်သူထံဖြစ်စေ၊ ခရစ်စမတ်ကာလ အတွင်း သွားလိုပါမူ ထိုအခွင့်အရေး ကို ကျွန်တော်တာဝန်ခံကူညီပြီး ယူပါရစေဟု သူ့ကိုတောင်း ပန်သည်။ သူကလည်း ကယ်လီဖိုးနီးယား တွင် သူ့သားတစ်ယောက်ရှိသည်ဟု ပြော၍ ကျွန်တော် က"မက်ဂါအဲဗားစ်"အား မီးရထား လက်မှတ်နှင့်ငွေကြေး အချို့ပေးပြီး အဘိုးကြီးအား ပေးအပ်စေ လိုက်သည်။
ကျွန်တော် ထိုညက ဘာတွေ ဟောပြောခဲ့မိသည်ကိုင် မိမှန်း မသိတော့။ ကျွန်တော့်စိတ်တို့မှာ ဗြောင်း ဆန်နေ သည်။ စင်မြင့်ပေါ်မှ ဆင်းသောအခါ "မက်ဂါ"က ကျွန်တော့်ကို "လီယိုနာစမစ်"ဆိုသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေး ခဲ့သည်။ ကျွန်တော်က သိပ်စိတ်ဝင်စားဟန်မပြသောအခါ သူကထိုအမျိုးသမီးသည် "ကလိုင်ကဲနတ်" ၏ အမေဖြစ်ကြောင်း ဆက်ပြောသည်။ ထိုနာမည်ကို လည်း ကျွန်တော်စိတ်မ၀င်စား။ ထို့ကြောင့် "မက်ဂါ" က ဇာတ်စုံခင်းပြသည်။ ထိုအခါမှ စိတ်မ ကောင်းဖြစ်ရတော့သည်။

"ကလိုင်ကဲနတ်"သည် အသက် ၃၅နှစ်မျှ ရှိပြီ။ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ သူထောင်ကျခဲ့သည်။ ကြက်စာ ငါးအိတ် ခိုးမှုဖြင့်။ သို့သော် အကြောင်းရင်း အစစ်အမှန်မှာကား သူသည်တောင်ပိုင်း မစ္စစ်စီပီကောလိပ်သို့ ၀င်ရောက် ရန်ကြိုးစားခဲ့မှုပင်ဖြစ်သည်။

"ဂျက်ဆင်"မြို့မှ မထွက်ခွာမခင်ပင် ကျွန်တော်သည် "မစ္စွစ်စမစ်"အား သားတော်မောင် ထောင်မှ လွတ်ရေးအတွက် ကျွန်တော့တွင် ရှိသမျှ စွမ်းအား အာဏာကုန်သုံးမည် ဖြစ်ကြောာင်း ကတိပေး ခဲ့သည်။ ရှီကာဂိုပြန်ရောက်သောအခါ "မက်ဂါ"သည် အမှုနှင့်ပတ်သက်၍ ကျွန်တော့ထံ ဖုန်းဆက် ပြီးနောက်ဆက်တွဲ သတင်းများ ကို ပေးပို့ခဲ့သည်။ ကျွန်တော်ကား ယုံပင် မယုံနိုင်တော့ချေ။
"ကဲနတ်" ကို မစ္စစ်စီပီပြည်နယ်တွင် မွေးသည်။ သူသည် ရှီကာဂို တက္ကသိုလ်တွင် တက်ခဲ့ဖူးသည်။ ထို့နောက် ကိုရီးယားစစ်ပွဲ တွင် လေထီးစစ်သားအဖြစ် အမှုထမ်းခဲ့ပြီးနောက် စစ်တပ်မှ ထွက် အလာတွင် သူ့မိဘများအား မစ္စစ်စီပီတွင် ယာတစ်ကွက် ၀ယ်ပေးခဲ့သည်။ သူ့ပထွေးဖြစ်သူ မကျန်းမာသောအခါ သူက ယာမြေကို သွားရောက် လုပ်ကိုင်ပေးခဲ့သည်။

သို့သော် သူက တက္ကသိုလ်ပညာကို ဆုံးခန်းတိုင်း သင်ယူလိုသေးသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ် တွင် အနီးဆုံးဖြစ်သော တောင်ပိုင်း မစ္စက်စီပီကျောင်းသို့ လျှောက်ထားလိုက်သည်။ သို့သော် ၀င်ခွင့် ချလိုက်သည့် အပြင် ရဲများက လာရောက်စစ်ဆေးကာ နောက်ဆုံးတွင် သူ့ယာထဲတွင် ကြက်စာငါးအိတ်တွေ့ ရှိသည်ဆိုကာ ဖမ်းတော့ သည်။ သို့နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခုနစ် နှစ်ကျသွားတော့သည်။ အခြားနီဂရိုးတစ်ယောက်က ထိုကြက်စာ အိတ်များကို ခိုးပါသည်ဟု ဖြောင့်ချက်လာပေးသောအခါ၌ကား လူဖြူအာဏာပိုင်များက ထိုသူ အား နှုတ်ပိတ်ခိုင်းကြသည်။
နှစ်သစ်ကူး အကြိုနေ့တွင် ရှီကာဂိုရှိ "မစ္စတာကယ်လီ"၏ စင်မြင့်မှနေ၍ ကျွန်တော်သည် ၁၉၆၃ ခုနှစ် အတွက် ပြဋ္ဌာန်းချက် တစ်ရပ်ကို ချမှတ်လိုက်သည်။ "ကဲနတ်ထောင်မှ လွတ်မြောက်ရေး"။

ကျွန်တော်က အကယ်၍ "ကဲနတ်"နှင့် ပတ်သက်သော အချက်အလက်များအားလုံးကိုသာ ထုတ်ဖော် သိရှိနိုင်ပါက သတင်းစားများတွင် ထည့်သွင်းဖော်ပြလိုက်ခြင်းဖြင့် သူ့ကိုထောင်မှ လွတ်စေနိုင်မည်ဟု တွက်ဆ မိ၍ ဖြစ်သည်။ ယူအိုင်ပီ သတင်းဌာနမှ လူဖြူသတင်းထောက် တစ်ဦးသည် ကျွန်တော့်ထံ လာ၍ မေးမြန်းစုံးစမ်းရာ ကျွန်တော်က ဇာတ်စုံခင်းပြလိုက်သောအခါ အလွန်ပင် တုန်လှုပ်ချောက်ချားသွားပြီး သူကိုယ်တိုင် ပင် စေတနာ့ဝန်ထမ်းအနေဖြင့် မစ္စစ္စပီ ပြည်နယ်သို့ သွားကာ သတင်းအချက်အလက်များကို စုဆောင်းပေး မည် ဖြစ်ကြောင်း ကတိပေးခဲ့ သည်။ ပထမဆုံးရရှိသော သတင်းအပိုင်းအစမှာကား "ကလိုက်ကဲနတ်" သည် ကင်ဆာရောဂါ ကြောင့် သေလုမြောပါးဖြစ်နေပြီး ဟူသော သတင်း။

ရှီကာဂိုမှ နာမည်ကျော် သတင်းဆောင်းပါးရှင် "အာဖိကုစိနက်"က "ကဲနတ်"ဇာတ်လမ်းကို ဖွင့်ထုတ်ရေးသား လိုက်သည်။ ကျွန်တော့်သတင်းထောက်ကြီးကလည်း "ကဲနတ်"၏ ဆေးမှတ် တမ်းရာဇ၀င်များကို ရရှိလာပြီး သတင်းစာ ထဲတွင် ဖော်ပြခဲ့သည်။ ထို့နောက် ရှီကာဂို သန်းကြွယ် သူဌေးကြီး တစ်ဦးက မစ္စစ်စီပီတွင် ကုန်သွယ် လုပ်ငန်းတစ်ခု အခြေစိုက်ရန် ဆက်သွယ်လိုက် သည့်အချိန်တွင် "ကဲနတ်"မှာ ထောင်မှ လွတ်လာရတော့သည်။
ရှီကာဂို သို့ ကင်ဆာရောဂါကုသရန် လေယာဉ်ပျံဖြင့် လာရောက်စဉ် သူ့အသက်မှာ ၃၅နှစ်သာ ရှိသေးသည်။ သို့သော် ၈၅နှစ်လောက်ပုံပေါက်အောင်ပင် အိုစာနေရှာသည်။ သို့သော် နောက် ကျလွန်းကြပါချေပြီ။ အပြင်ရောက်ပြီး ၆လအကြာတွင် သူဆုံးရှာ၏။

ကျွန်တော်သည် ထိုနှစ်တွင် "ဂျိမ်းစ်မာရီဒစ်သိ"နှင့် တွေ့ဆုံးခဲပါသည်။ ထိုသူမှာ အမေရိကတွင် အထက်မြက် ဆုံးနှင့် သတ္တိအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ နိုင်ငံတစ်ဝှန်းလုံးရှိ နီဂရိုးတိုင်းကို သိက္ခာတင်ပေးသူဖြစ်သည်။

နီဂရိုးများ ကို ကောလိပ်တက်နိုင်အောင် စီစဉ်ပေးသူဖြစ်သည်။ သမိုင်းစာမျက်နှာများတွင် တော်လှန်ရေးကြီး တစ်ရပ်ဖြစ်သော အမေရိကန် နီဂရိုးလှုပ်ရှားမှုကြီးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။ "ဂျိမ်းစ်မော်စ်ဒစ်သိ၊ ဘွဲ့ရသောအခါ၌ နီဂရိုးများသည် ပုံစံလေး နည်းနည်းပြောင်းလာ" လှုပ်ရှားမှုလေး နည်းနည်းပြောင်း လာကြသည်။
အဘယ်ကြောင့်ဆိုသော သူတို့အားလုံးသည်ပင် သူနှင့်အတူ ဘွဲ့ရခဲ့ကြ၍ဖြစ်သည်။ နီဂရဂိုးတိုင်း သည် အသိဥာဏ်ပညာခေါင်းပါး သည်။ နီဂရိုးများသည် ပျင်းရိသည်။ နီဂရိုးများသည် ညစ်ညမ်း သည်ဟူသော တရားသော အစွဲ တို့မှ လွတ်မြောက်မှုဘွဲ့ကို ရရှိခဲ့ကြ၍ ဖြစ်ပါသည်။

တိုက်ပွဲသည် စတင်နေပေပြီ။ စစ်ပွဲပုံသဏ္ဌန်ကား ရုပ်လုံးပေါ်နေပေပြီ။ စာကလေးရေးရုံ၊  တရားလေး ဟောပြော ရုံမျှဖြင့် မလုံလောက်တော့ပြီ။
မည်သည့် လူမဆို အဖြူဖြစ်စေ၊ အမည်ဖြစ်စေ၊ အမေရိကန်ပြည်တွင် ရသင့်ရထိုက်သည့် အခွင့် အရေးမရခဲ့ပါလျှင် ကျွန်တော်သည်လည်း ထိုအထဲတွင် အပါအ၀င်ဖြစ်ပေမည်။
ထိုအချိန် တွင် ကျွန်တော်သည် ညကလပ်များတွင် အသာနေပြီး လိမ္မာပါးနပ်စွာသော စကားအသုံး အနှုန်းလေး များဖြင့်သာ ကလိသလို ရိသလိုလုပ်နေ၍တော့ ရနိုင်ပေမည်။ သို့သော် အမေရိက ည် ဒီနေ့မနက်ဖြန်ပင် စစ်ထဲဝင်၊ စစ်ပွဲပြင်တော့မည်ဆိုပါက ကျွန်တော်သည် အေးအေးလူလူ ကလူ ကျီစယ်၍ ရပါတော့မည်လော။ မရပါချေ။ ရေခြားမြေခြားသွား၍ ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲ ၀င်ရပေမည်။ အသက်စွန့်လွှတ်တန် စွန့်လွှတ်ရမည်။

ယခုလည်း လှုပ်ရှားမှုတစ်ပိုင်းတစ်စ တစ်စိတ်တစ်ပိုင်းတွင်မှု ပါဝင်ဆင်နွဲရပေမည်။ လှုပ်ရှားမှု တစ်ခုတွင် ပါဝင်ရပေမည်။ ကျွန်တော့်အခွင့်အရေးကား ကျွန်တော် မျှော်မှန်းနေဆဲပင် ရောက်လာ တော့သည်။
မစ္စက်စီပီရှိ လူအချို့တို့သည် စာနပ်ရိက္ခာနှင့် ပတ်သက်၍ ပြဿနာများ ရှိကြသည်။ တစ်ညနေ တွင်ရှီကာဂို ညကလပ်သို့ လူတစ်ယောက် ပေါက်လာပြီး အလှူငွေ ကောက်ခံသည့် စာတစ်စောင် တွင် ကျွန်တော့် လက်မှတ် ရေးထိုးပေးရန် တောင်းဆိုခဲ့သည်။
ကျွန်တော် ကလည်း ကျွန်တော့်နာမည်ကို မည်သည့်အခါမျှ ရောင်မစားလိုဟုပင် ပြောလိုက်သည်။ အသင်းအဖွဲ့တစ်ခု အတွက်ဆိုလျှင် ထိုအသင်းအဖွဲ့ထဲသို့ ပါဝင်၍ လုပ်ဆောင်မည်။ လုပ်ဆောင် ပေးလိမ့်မည်။

ထို့ကြောင့် အသင်းအဖွဲ့ဖြစ်ပါက ထိုအသင်းအကြောင်း စာရွက်စာတမ်းများကို ဖတ်ကြည့်လို သေးသည်။ ဤညကလပ် မှနေ၍ မနက်လေးနာရီမှ အိမ်ပြန်ရမည် ဖြစ်သဖြင့် တတ်နိုင်ပါက အဆို ပါ စာရွတ်စာတမ်းများအား ကျွန်တော့် အိမ်တံခါးမအောက်ဖက်မှနေ၍ လျှိုပစ်သွင်းခဲ့ရန် ပြော လိုက်သည်။ ထိုစာရွက်များကို ကျွန်တော် အိပ်ရာမ၀င် ခင် ဖတ်မည်ဟုလည်း ပြောလိုက်သည်။
သူကလည်း ကျွန်တော်ပြောသည့်အတိုင်းပင် လုပ်ခဲ့လေသည်။ အခြေအနေများသည် မည်မျှ ဆိုးဝါးနေမည်ဖြစ်ကြောင်း ကျွန်တော် ရိပ်စားမိနိုင်ပါချေမည်။
မစ္စစ်စီပီပြည်နယ်၊ လက်ဖလိုးဒေသတွင် နီဂရိုးအများစုတို့အတွက် ဝေငှသော စာနပ်ရိက္ခာ အထောက်အပံ့ များမှာ ပြတ်လပ်နေခဲ့သည်။ ဤသည်မှာ မဲဆန္ဒခံယူပွဲတွင် ဆန္ဒပြခဲ့ကြမှု၏။ အကျိုးဆက်ပင် ဖြစ်သည်။

လူဖြူအာဏာပိုင်တို့က ဆင်းရဲသားများအတွက် စားနပ်ရိက္ခာတစ်နှစ်လျှင် ဒေါ်လာ ၃၇၀၀၀ အခမဲ့ မထောက်ပံ့နိုင်တော့ ဟု အကြောင်းပြကြသည်။ ထို့ကြောင့် ကျွန်တော့်ထ့ တတ်အားသမျှ လာရောက် အလှူခံကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း စာတစ်စောင်ရေးပြီး ဒေါ်လာ ၁၀၀အလှူ ပါဝင်လိုက်တော့သည်။
နောက်တစ်နေ့တွင် ထိုအလှူခံများက ကျွန်တော့်ထံ ဖုန်းဆက်ကြပြန်သည်။ သတင်းစာရှင်းလင်း ပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကလည်း သိလိုသမျှ အချက်အလက်များကို ထပ်မံစုံစမ်း ရပြန်သည်။ သို့မှသာ သတင်းထောက်များ၏ မေးမြန်ချက်များ ကိုဒိုးဒိုးဒေါက်ဒေါက် ဖြေဆိုနိုင် မည်ဖြစ်သည်။

ကျွန်တော်၏သတင်းထောက်ကိုလည်း ထို"ဂရင်းဝုဒ်"ဒေသသို့ လွှတ်လိုက်ရသည်။ ထို့နောက် ကျွန်တော်သည် ရှီကာဂို လမ်းကြိုလမ်းကြားများသို့ သွားရတော့သည်။ အစားအသောက် ၁၄၀၀၀ ပေါင်ခန့် စုဆောင်းရခဲ့သည်။
လေယာဉ်တစ်စီး ကို ငှားကာ ဖေဖော်ဝါရီ ၁၁ရက်၊ ၁၉၆၃ခုတွင် မင်ဖစ်မြို့သို့ ထိုအစားအသောက် များကို သယ်ယူ လာခဲ့သည်။ ယင်းမြိုကမှ တစ်ဖန် ကုန်တင်ကားများဖြင့် ၁၃၄မိုင်ဝေးသော "ကလပ်စ်ဒေးလ်"မြို့သို့ သယ်ယူရပြန်သည်။
ထိုမှတစ်ဆင့် "ဂရင်းဝုဒ်"သို့ ပို့ရသည်။ ကျွန်တော်ကား တောင်ပိုင်းပြည်နယ်များကို ကြောက်ရွံ့ ဆဲပင်။ ထို့ကြောင့် ညတွင်းချင်းပင် ပြန်လိုလှသည်။ ထို့ကြောင့်သာ ဤနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကို တမင်ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့သည် "သမ္မတ လင်ကွန်းမွေးနေ့ဖြစ်၍ သမ္မတ ကနေဒီက ကန်တော် တို့ ဇနီးမောင်နှံအပါအ၀င် လူပေါင်း ၄၀၀မျှကို အိမ်ဖြူတော်ဧည့်ခံပွဲသို့ ဖိတ်ကြားထားပြီး ဖြစ်သည်။"
ထို့ကြောင့် ကျွန်တော်တို့သည် စားနပ်ရိက္ခာများ ဝေငှပြီး "အကြမ်းမဖက်ပူးပေါင်း လုပ်ဆောင် ရေး ကျောင်းသားများ ကော်မီတီ"မှ ဆန္ဒမဲရှင်များကိုလည်း ဆန္ဒပြပွဲစသည်နှင့် ကျွန်တော် ပြန်လာ မည်ဖြစ်ကြောင်း ကတိပေး ခဲ့ရသည်။ ထို့နောက် ကျွန်တော်သည် "မင်ဖစ်"မြို့သို့ပြန်လာ ရှီကာ ဂိုသို့ လေယာဉ်ဖြင့် ပြန်ကာ လီလီယန်ကို ၀င်ခေါ်ပြီး ၀ါရှင်တန်သို့ သွားကြ၏။
အံ့သြစရာကောင်းသော ပွဲပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် သမ္မတကနေဒီ၊ ဂျွန်ဆင်တို့နှင့် လက်ဆွဲနှုတ်ဆက် ရသည်။

လီလီယန်မှာ ကိုယ်ဝန်ကြီး ကိုးလဖြင့် အရင့်အမာကြီးပင်ဖြစ်ရာ အိမ် ဖြူတော် တွင်ပင် မွေးချလိုက်ပါစေတော့ ဟုပင် ကျွန်တော် က ဆုတောင်းမိသည်။ သို့သော် ပွဲသာ ပြီးသွားရော သူက ဗိုက်ကလေးပင် တစ်ချက်မှ မနာလိုက် ၍ မသက်မသာဖြင့် အိမ်ပြန်လာခဲ့ကြ ရလေသည်။
 ကျွန်တော့် သတင်းထောက် ထံမှ သတင်းများကို စတင်ရရှိနေပြီ ဖြစ်သည်။ "ဂရင်းဝုဒ်"တွင် ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် အကြမ်းဖက်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ကားများ ပျက်စီးခဲ့သည်။ နီဂရိုး အလုပ်သမား တစ်ယောက် သည် နောက်ကျောမှနေ၍ သေနတ်ပစ်ခံရရာ ကျည်ဆံမှာ လည်ပင်းမှ ပင် ဖောက်ထွက်သွားခဲ့သည်။

"အကြမ်းမဖက်ရေး ကျောင်းသားအဖွဲ့အစည်း"ရုံးခန်းလည်း မီးတင်ရှို့ခံခဲ့ရသည်။ နီဂရိုးများက ကန့်ကွက်ချီတက်ကြသောအခါ ပုလိပ်များက ခွေးများဖြင့် ရှူးတိုက်ပစ်ကြသည်။ ခေါင်းတောင် ၁၁ ဦး ကို ဖမ်းဆီး ခဲ့ကြသည် ဆို၏။ ထို့ကြောင့် "ဂရင်းဝုဒ်"သို့ သွားရန် ကျွန်တော် ဆုံးဖြတ်လိုက် သည်။
ကျွန်တော် ကား ထိတ်လန့်ဖွယ်ရာများကို ရင်ဆိုင်ခဲ့ရသည်။ တရားဟောခြင်း၊ အလှူငွေ ထည့်ခြင်း၊ တောင်ပိုင်းပြည်နယ်များတွင် တစ်ညနှစ်ည အိပ်ခြင်း စသည်တို့ကား တစ်ပိုင်း။ လမ်းများတွင် ကျည်ဆံများ၊ ခွေးများ၊ မီးသတ်ပိုက်များကို ဖြတ်သန်းပြီး ချီတက်ရသည်ပင် တစ်ပိုင်း။
ထိုပွဲတွင် ကျွန်တော်သည် အခရာဖြစ်သည်။ မစ္စစ်စီပီ သတင်းစာများနှင့် အာဏာပိုင်များက ကျွန်တော်ယူ လာသော စားနပ်ရိက္ခာများကို အထူးသတိ ထားမိနေကြသည်။
အကယ်၍ ကျွန်တော်သာ စားနပ်ရိက္ခာ ပေါင် ၁၄၀၀၀ သာ ယူမလာပါက ဆန္ဒပြပွဲမှာ ဆက်လက် ရပ်တည်နိုင်ရန် ခဲယဉ်းမည် ဟု ပြောကြသည်။

သူတို့က အကယ်၍ "ဒစ်ဂရီဂိုရီ" သည် သူ့ဆင်းရဲသားနီဂရိုးများကို စောင့်ရှောက်ကြည့်ရှု့လိုသည် ဆိုပါက အားလုံးကို "ရှီကာဂို"သို့ ပင့်သွားရန် ရေးသားကြသည်။ ကျွန်တော်သည် လူများသိရေး အတွက် စတန့် ထွင်နေကြောင်း ပြောကြသည်။ ထိုအခါ ကျွန်တော့်စိတ်ကို ပြဠာန်းရန် အချိန်ပင် ဖြစ်တော့သည်။
ဆန္ဒပြပွဲအကြီးဆုံးကို ဧပြီ၁ရက်တွင် လုပ်ရန် စီစဉ်ထားကြသည်။ "အကြမ်းမဖက်ရေး ကျောင်းသား" အဖွဲ့ဝင် အများစု တို့မှာ ထောင်ထဲသို့ ရောက်နေကြရာ၊ သူတို့တွင် ခေါင်းဆောင် များ လိုနေ၏။ ထိုခေါင်းဆောင်မှာ လူသိ ထင်ရှား နာမည်တစ်လုံးရှိရန် ပို၍ အရေးကြီး၏။

သို့မှသာ တစ်မျိုးသားလုံးအတိုင်းအတာ အနေဖြင့် ဂရုမစိုက်ဘဲ မနေနိုင်လောက်သည့် အခြေ အနေ များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့တွင် ကျွန်တော်သည် "ဖီလဒယ်လ်ဖီးယား"မြို့ ဟိုတယ်တစ်ခု၏ ခုတင်ပေါ်တွင် လှဲလျောင်းနေရင်းဖြင့် ကျွန်တော့အကြံအစည်များကို အကြိမ်ရာနှင့် ချီ၍ ပြောင်း လွဲပစ်ခဲ့သည်။ ထိုနေရာသို့ မသွားရန် ဘက်မှ ခိုင်မာသော အကြောင်းပြချက် ကောင်းများစွာကို တွေးတောမိသည်။
သူတို့ ကျွန်တော့်ကို သတ်ပစ်နိုင်ကြသည်။ ခေါင်းကို ရိုက်ခွဲကြမည်။ သေနတ်ဖြင့် လမ်းပေါ်တွင် ပင် ပစ်သတ်ကြမည်။ ဒါဆိုရင် ဘယ့်နှယ်လုပ်မလဲ။
လီလီယန်၊ မီရှေးလ်၊ လင်း တို့အတွက် ဘယ်လိုလုပ်ရမလဲ။ လီလီယန်မှာ လောလောဆယ်ပင် ဒစ် အငယ်စားလေး မွေးပြီး ဆေးရုံ ကပင် မဆင်းရသေး။ ဒီကောင်လေးရော ရှေ့ဆက်ပြီး ဘယ်လို ကြီးပြင်း ရပါ့မလဲ။

တောင်ပိုင်းမှ လူဖြူများက "ဂရင်းဝုဒ်"တွင် ကျွန်တော့်ကို မသတ်ခဲ့လျှင်လည်း မြောက်ပိုင်းမှ လူဖြူ များက ကျွန်တော့် ကို ဖြေဖျော်ပွဲများတွင် သတ်ကြမည်သာ ဖြစ်သည်။
လူတိုင်း ကို ကျွန်တော့်အခြေအနေကို တင်ပြခဲ့သည်။
လီလီယန် ကမူ မသွားစေချင်။ ဤသို့ သွားလိုက်ခြင်းသည် လူရွင်တော်ဘဝကို ပျက်ယွင်းသွားစေ မည့်ဟု သူက ပြောသည်။
ယခုကဲ့သို့ ချီတက်ပွဲတွင် ပါဝင်၊ ဆန္ဒပြပွဲတွင် ဆင်နွဲပြီး အဖမ်းအဆီးခံခဲ့ရသောသူ တစ်ဦး၏ပွဲသိုံ မည်သူကလာပြီး ရယ်မောနေဦးမှာလဲဟု ပြောသည်။

ကျွန်တော့်အခန်းထဲတွင် လေယာဉ်လက်မှတ် နှစ်စောင်ရှိပါသည်။ တစ်စောင်မှာ ကျွန်တော့် အတွက်။ တစ်စောင်မှာမူ ထင်ရှားသော နီဂရိုး ဟာသစာရေးဆရာ "ဂျိမ်းဆင်းဒါး" အတွက်။
ကျွန်တော် လက်မှတ်များကို အမှိုက်ခြင်းထဲသို့ လွှင့်ပစ်လိုက်သည်။ "အကြမ်းမဖက်ရေး ကျောင်းသားအဖွဲ့" သို့ ကျွန်တော် နေမကောင်းကြောင်း ဖုန်းဆက်လိုက်မည်။ ကျွန်တော်စိတ် ပြောင်းသွားပါချေပြီ။
ကျွန်တော့်ကန်ထရိုက်စာချုပ်များကို ဖျက်ပြီး မြို့မှမခွာနိုင်။ လီလီယန်ကို ဆေးရုံသို့ ဖုန်းဆက် လိုက်သည်။ သူက ကျွန်တော့်အား ဘာမှ မပူရန်ပြောသည်။ တောင်ပိုင်းသို့ သွားလိုက် သွားပါ။ နောက်ကြောင်း အေးအေးသာ ထားသွားပါဟု ဆိုသည်။

ထိုအချိန်တွင် ကျွန်တော်က သူ့ကို မစ္စစ်စီပီ နီဂရိုးကြီးအကြောင်း ပြောပြနေမိသည်။ အခြားနီဂရိုး များကပင် "ငမည်း" ဟု ခေါ်ကြလေသူ၊ ဝါဂွမ်းခူးသမားကြီး သူဆင်းရဲကြီး၊ အမေရိကမှ နီဂရိုးတိုင်း ကို သတ္တိသွေးပေးလေ သူ၊ တစ်နိုင်လုံးကို လှုပ်နိုးနိုင်သူ။ အကယ်၍ "ဂရင်းနစ်" အဖြစ်အပျက်ကို အမေရိက တစ်နိုင်ငံလုံးသာ သိခဲ့လျှင် နောက်နောင် ဤအဖြစ်အပျက်မျိုး ဘယ်နေရာတွင်မှ ထပ် မပေါ်နိုင်ဟု ကျွန်တော် ယုံကြည်မိသည်။
ထို့ကြောင့် ထိုအထဲတွင် ကျွန်တော် တစ်စိတ်တစ်ပိုင်း ပါဝင်ချင်သည်။
သို့သော် ကျွန်တော် ကြောက်တတ်သည်။
မှန်ပါသည်။

အသားအရောင်နှင့် ပတ်သက်၍ မတရားမှုတံခါးပေါင်းများစွာကို ကျွန်တော့်မိန့်ခွန်းများဖြင့် ကန် ဖွင့်ခဲ့ပြီးပါပြီ။
ယခု တံခါးတစ်ချပ်ကို ကန်ဖွင့်ရန်ကား ကျန်နေပါသေးသည်။ ထိုတံခါးကို ကျွန်တော့်ရင်သွေးများ က ကန်ဖွင့်မည်ဖြစ်သည်။
သို့သော် ကျွန်တော် အိပ်မပျော်တော့။ မိုးစင်စင်ပင် လင်းခဲ့သည်။
သွားရမလား၊ မသွားဘဲ နေရမလား။
အမှိုက်ခြင်းတောင်းထဲမှ လေယာဉ်လက်မှတ်များကို ပြန်ကောက်လိုက်၊ ပြန်လွှင့်ပစ်လိုက်။ သို့ သော် ဆုတ်တော့ မဆုတ်ပစ်ဖြစ်သေး။ ထိုသို့ရှိနေစဉ် ကျွန်တော့်ဘဝဇာတ်ကြောင်းတစ်ခုလုံး သည် စိတ်ထဲတွင် အစဉ် လိုက် ပြန်ပေါ်လာရသည်။ စိန့်လူဝီမြို့။ အမေ၊ ရစ်ချက်၊ မုန့်ကလေးတစ် ချပ်၊ လိမ္မော်ရည်လေး တစ်ပုလင်းဖြင့် အသက်ဆက်ခဲ့ရသော ဘဝ။ ရစ်ချက်၊ ရစ်ချက် အဖေ။ စနစ်ကြောင့် ပျက်ယွင်းရသော အဖေ။ ထို့ကြောင့် သူ အိမ်မှထွက်ပြေးခဲ့ရသည်။

သို့သော် မီးဖို ချောင် ရှိ ဟင်းအိုးထဲတွင် ထည့်ထားသော အိမ်လခငွေလေးများကို တစ်ဖန်ပြန်လာပြီး ယူရပုံ။  ကျွန်တော်တို့မှာ အမြဲတမ်းပြေးလွှားနေရသည်။ ပုန်းအောင်းနေရသည်။ သူ့ဇနီး အဆုံးခံသွားရှာ သော အဘိုးကြီး ကို သွားသတိရမိပြန်သည်။ "ကလိုက်ဘဲနတ်" အကြောင်း။ "ဂျိမ်းစ်မဲရီဒစ်" အ ကြောင်း။ သူတို့ကား ပြေးသူများ မဟုတ်ကြ။ "ဖီလဒယ်လ်ဖီးယား" တစ်မြို့လုံးတွင်ကား အာရုံ တက်လုပြီ။ ကျွန်တော့် အာခေါင်များ ခြောက်လာသည်။ ရေနွေးပူလာသည် တစ်ကိုယ်လုံး စီးဆင်း လာပြန်ချေပြီ။ ကျွန်တော့် အခန်းလေး သည် ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးဖြစ်သော အမေရိ ကန်ကို ကြည့်ရှုရန် အထူးတန်း စင်မြင့် ဖြစ်လာနေပေပြီ။ ပြိုင်ပွဲကား ဆက်လက်တည်တံ့ရေးပြိုင်ပွဲ။ ကျွန်တော့်အတွင်းစိတ်အင်အားကမူ "ဆက်လက်ချီတက်" ရန် အမိန့်ပေးလိုက်ချေပြီ။

ဆက်ရန်
.

No comments: