Monday, July 9, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၁၈)

 သူ့မျက်လုံးများ ပြူးကျယ်လာသည်။ ပါးစပ်ကလည်း အဟောင်းသားနှင့်။ ဧည့်ခန်းကြမ်းပြင် အလယ်ခေါင် ရှိ ခရစ်စမတ်သစ်ပင်တွင် ချိတ်ထားသော သမီးလေး "မီရှယ်လ်" ၏ ကစားစရာတစ်ခု ကို သွားမြင်လိုက်သည်။ သူငယ်သံပါအောင်ပင် အော်လိုက်သည်။ နောက် မေ့ မျော၍ပင် သွားတော့လေ သည်။
ဤသည်မှာ ၁၉၆၁ ခုနှစ်၊ ခရစ်စမတ်။ ကျွန်တော် ကြုံဖူးခဲ့သမျှ ခရစ်စမတ်များနှင့် လုံးဝခြားနားသည့် ခရစ်စမတ်။
ကို ဆက်ဖတ်ရန်..............

(၇)

နောက်တနေ့ နံနက်တွင် ကျေကျေနပ်နပ်ကြီး ပြုံးကာ နိုးထလာပါသည်။
မှန်ပြတင်းပေါက်၏တစ်ဘက်တွင် ရပ်နေကာ ဘဝ၏ဆန်းကြယ်ပုံများကို တွေးတောကြည့်နေမိ သည်။
ဇန်နဝါရီ ၁၉၆၁ တုန်းကမူ ဖိနပ် မလုံလောက်သဖြင့် ဖိနပ်စုတ်များကို စက္ကူပြားများခုပြီး စီးခဲ့ရ သည်။
၁၉၆၂ ခုတွင် စီးနိုင်သည့် အရေအတွက်ထက် ဖိနပ်က ပိုများနေသည်။ ဝတ်စုံများဆိုလျှင် ဟင်း ရွက်ကန်စွန်း လိုပင် ဝယ်နေနိုင်ပြီ။ ကလေးတွေကို မဖျားမနာခင်ကပင်လျှင် ဆရာဝန်သွားပြနေ သည်။ ဘရော့ဒ်ဝေး ဇာတ်ခုံ တွင် တက်ကနေနိုင်ပြီ။ ဇနီးက "ဟာဝိုင်အီ"ခေါ်၍ လည်ပတ်ခဲ့သည်။ အောင်မြင်မှုများ ရခဲ့ပေပြီ။

သို့သော် အတွင်းစိတ်အင်အားကမူ ကျေနပ်ပုံမပေါ်သေး။ လုပ်စရာအများကြီးရှိသေးသည်။ ဆက် လုပ်ရပေဦးမည်။ ဆိုးသွမ်းလေလွင့်နေသော ကလေးငယ် ၂၁ ယောက်ကို ဒက်ထရွိုက်မြို့သို့ခေါ် လာကာ လူငယ် ပြုပြင်ရေးကျောင်းသို့ ပို့ပေးခဲ့သည်။ သူတို့အတွက် လမ်းမှန်ရောက်အောင် ပြုပြင် ပေး ခဲ့သည်။ ကောင်မလေး သန့်သန့်ပြန့်ပြန့်များနှင့် တွဲကနိုင်အောင် စီစဉ်ပေးခဲ့သည်။
ညကလပ်ပိုင်ရှင်များကို ပွဲကြော်ငြာရာတွင် လူဖြူသတင်းစာရော၊ လူမည်းသတင်းစာများတွင်ပါ အသားအရောင် ခွဲခြားမှုမရှိ ထည့်သွင်းပေးမှ ကပြဖြေဖျော်နိုင်မည်ဟု စာချုပ်ထဲတွင် ထည့်ချုပ်နိုင် သည် အထိ တောင်းဆိုလာနိုင်သည်။ လူမှုဝန်ထမ်း အသင်းအဖွဲ့ ရန်ပုံငွေပွဲများတွင်လည်းပါဝင် အသုံးတော်ခံ အလှူငွေ ထည့်ခဲ့ ပြီးပြီ။ ထောင်များထဲတွင်ပင် ဝင်၍ ဖြေဖျော်နေပေပြီ။
ထောင်ပွဲများ အနက် နှစ်ပွဲကိုကား ကျွန်တော့်တစ်သက်တွာင် မမေ့နိုင်ခဲ့ပါချေ။ ရုပ်ပိုင်းဆိုင်ရာ အနေနှင့် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ၊ ကြုံခဲ့ရသည်မှာကား "မေရီလန်း အကျဉ်းစခန်း" တွင် ဖြစ် သည်။
ထောင်ထဲသို့ မရောက်ခင်ကမူ ထောင်ထဲတွင် အသားအရောင် ခွဲခြားမှုမျိုး ကျင့်သုံးကြလိမ့်မည်ဟု မထင်။

သို့သော် ထောင်ထဲရောက်ပြီး ကျွန်တော့်အစီအစဉ် ကြည့်ရန်အတွက် နေရာယူကြရာမှ လူဖြူ အကျဉ်းသားများ မှာ အလယ်တွင်ထိုင်နေကြပြီး လူမည်းအကျဉ်းသားများမှာကား နံဘေးတွင် ထိုင် နေကြသည် ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကျွန်တော့်ကို ခေါ်လာသော ဘုန်းတော်ကြီးအား ဤကဲ့သို့ ခွဲခွဲခြားခြား လုပ်ထားသော ပရိသတ်ရှေ့ တွင် ကား ကျွန်တော် မဖြေဖျော်နိုင်ကြောင်း ပြောလိုက်သည်။
ထိုအခါ ဘုန်းတော်ကြီးက အကျဉ်းသားများအဖို့ ကျွန်တော့်ဖြေဖျော်ခ်းကို အာသာငန်းငန်း စောင့် ဆိုင်းနေခဲ့ကြသည် မှာ တစ်ပတ်ခန့်ပင် ကြာပြီဖြစ်ကြောင်း၊ အကယ်၍ ကျွန်တော် မဖြေဖျော်ပါက အဓိကရုဏ်း ပင် ဖြစ်နိုင်ကြောင်း ပြန်ပြောပြသည်။

ကျွန်တော်ကလည်း နေရာအစီအစဉ် ပြင်ပေးရန်သာ ပြောလိုက်သည်။ ထို့ကြောင့် ဘုန်းတော်ကြီး သည် ထောင်ပိုင် အား သွားတွေ့ရတော့သည်။
ထောင်ပိုင် ကလည်း ကျွန်တော်သာ မဖြေဖျော်ပါက အဓိကရုဏ်းဖြစ်တော့မည်။ ထောင်သားများ လည်း ၃၂ နှစ်လုံးလုံး သည်အတိုင်းသာ နေထိုင်လာခဲ့ကြရရာ ယခုမှတော့ သူလည်း ဘာမှ မလုပ် နိုင်တော့ ဟု ပြောသည်။
ထို့နောက် သူက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အနေနှင့် သေဒဏ်ကျခံနေရသူ အကျဉ်းသား များကို ပွဲပြခြင်းဖြစ် သည်။ သူတို့ကို လသာဆောင်တွင် ကြည့်စေသည်ဟု ပြောသေးသည်။
"ကဲ… ဒီလိုဆိုလည်း ကျွန်တော့်ကို နောက်ဖေးပေါက်ကသာ ထွက်ခွင့်ပေးပါတော့ ထောင်ပိုင်ကြီး ရာ၊ သူတို့ ကိုတော့ ကျွန်တော် နှလုံးရောဂါရလို့ ပြန်သွားပြီလို့သာ ပြောလိုက်ပါတော့"
သူက ကျွန်တော် ဖြေဖျော်ရန် သာ တောင်းပန်နေသည်။

အကယ်၍ ကျွန်တော်သာ ဤပွဲတွင် ကပေးခဲ့ပါက နောက်ပွဲများတွင် ဤကဲ့သို့ ခွဲခြားမှုမျိုး လုံးဝ မဖြစ်စေရပါ ဟူသော ကတိတစ်ခုလည်း ပေးသည်။
သို့သော် ကျွန်တော့်အတွင်းစိတ်ကား ရုန်းထလာချေပြီ။
ရေနွေးပူပူ သည် ကျွန်တော့်အကြောအချင်တစ်လျှောက် စီးဆင်းလာနေချေပြီ။
"ဒါဖြင့်လည်း ပြီးရောပေါ့ ထောင်ပိုင်ကြီး၊ ခင်ဗျား ပြောတဲ့အတိုင်းဆို သူတို့ကို ရောပေးလိုက်ရင် လည်း အဓိကရုဏ်းဖြစ်မယ်၊ ကျွန်တော် မဖြေဖျော်ရင်လည်း အဓိကရုဏ်းဖြစ်မယ်ဆိုရင်တော့ ဘာ ထူးမှာမို့လည်း၊ ဒီတော့ ကျွန်တော်ပဲ နောက်ဖေးပေါက်က ပြန်ထွက်ရမလား၊ ဒါမှမဟုတ် စင်ပေါ် တက်ပြီး သူ တို့ကို ရောကြည့်ကြဖို့ တိုက်တွန်းရတော့မှာလား။ အသေခံစရာရှိလည်း ထောင်ပိုင် ကြီးနဲ့ အတူတူ အသေခံပါ့ မယ်လေ"
ပြောပြောဆိုဆိုပင် ကျွန်တော်သည် စင်ပေါ်သို့ တက်သွားလိုက်သည်။

ဘုန်းကြီးပြောလိုက်သော လေသံလေးကိုသာ နောက်ဆုံး ကြားနေရသည်။
"ဟာသလေး နဲ့ ပြောနော်၊ ဟာသလေးနဲ့ လုပ်ဟေ့နော်"
အခန်းထဲတွင် ကား လူ ၁၂၀၀ ခန့်ရှိသည်။ အရေးအကြောင်းပေါ်လာပြီဆိုလျှင်ကား တံခါးဝ သို့ ပြေးရန်ပင် မလွယ်။ ဖြစ်ပဟေ့ဆိုသည်နှင့် ကျွန်တော်လည်း အသက်ထွက်ပြီးသားပင် ဖြစ်မှာသေ ချာသည်။ သတင်းစာများ ကလည်း ရေးကြဦးမည်။ ကျွန်တော့်ဟာသကြောင့် လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်ရပါသည်ဟု။

"လူကြီးမင်းများ ခင်ဗျာ။ ကျွန်တော်ဟာ အပွဲပွဲနွှဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့ ယုံကြည်ထားရ မှာကတော့ လူကြီးမင်း တို့ကို ဖြေဖျော်ရတဲ့အတွက် အထူးသဖြင့် ပိုမိုဝမ်းမြောက်မိပါတယ်ဆိုတာပါ ပဲ။ ဒါပေမဲ့ ဒီနေ့ ဒီမှာ ပြဿနာ တစ်ခုဖြစ်နေတာကိုတော့ ကျွန်တော် အသိပေးပါရစေ"
သူတို့ နားမလည်နိုင်ကြသလိုနှင့် ကျွန်တော့်ကို ကြည့်နေကြရှာသည်။ ထောင်ပိုင်ကြီးကား တယ်လီ ဖုန်း တီးတိုး ဆက်နေသည်ကို မြင်နေရသည်။
"ကျွန်တော် ဟာ ခွဲခွဲခြားခြား လုပ်ထားတဲ့ ပရိသတ်ရှေ့မှာ တစ်ခါမှ မဖြေဖျော်ခဲ့ဘူးပါဘူး။ ဖြေဖျော် ချင်စိတ် လည်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့လည်း ကျွန်တော့်ပွဲကို ကြည့်ချင်နေကြတယ်ဆိုရင်ဖြင့် တဆိတ်လောက် နေရာလေးတွေ ပြင်ထိုင်ကြပါ လို့ ကျွန်တော် တောင်းပန်ချင်ပါတယ်"

ဘာတွေ ဆက်ဖြစ်မလဲ ဟူသည်ကိုသာ ကျွန်တော် စောင့်ဆိုင်းနေမိပါတော့သည်။ မျက်လုံးများကို တစ်ဝက်မှိတ် ထားလိုက်သည်။ လူဖြူများကပဲ ရုတ်ရုတ်ရက်ရက် စလုပ်မလား။ ဒါမှမဟုတ် လူမည်း တွေကပဲ ကျွန်တော့်ကို ကာကွယ်ဖို့ အတွက် စပြီး ဝုန်းဝုန်းဒိုင်းဒိုင်း အလုပ်ကြလေမလား။ သို့သော် ရှေ့ဆုံးတန်းမှ လူဖြူများ က ဟေးဟေးဟားဟားအော်ကာ ထကြပြီး လူမည်းတို့ဘေး ကပ်ထိုင်ကြ သည်။ လူမည်းတွကလည်း သြဘာပေးကြသည်။ လူဖြူတော်တော်များများတို့သာ နေရာမှ မရွှေ့ ကြသေး။ သို့သော် လူဖြူအကျဉ်းသား ငါးယောက်တို့သည် လူမည်းအကျဉ်းသား ခြေကျိုးအဘိုး ကြီးတစ်ဦးအား ဝိုင်းပြီး ချီမလာကြပြီး အလယ်တန်း တွင် နေရာလာချပေးသည်ကိုကား မြင်လိုက်ရ သည်။ နေရာရွေ့လဲ နေကြသော လူဖြူနှင့် လူမည်းတို့၏ မျက်နှာများ ပြုံးရိပ်များ ထင်ဟပ်နေကြ သည်။
ကျွန်တော်ကား ပွဲမြန်မြန်စရပေတော့မည်။ ပထမဦးဆုံး နေရာဖယ်ပေးသူ လူဖြူတစ်ဦးကို လှမ်း ကြည့်လိုက်ပြီး။

"ဒီမှာနောင်ကြီးရ၊ ကျွန်တော်ပဲစပြီး နေရာပြဿနာကို စီစဉ်ဖို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ခုနေရာကောင်း ကနေပြီး ကျွန်တော် ဘယ်နေရာကို ဖယ်ပေးရမလဲဆိုတာကိုတော့ ကျွန်တော် ခုထိ မစဉ်းစားမိသေးဘူး ဗျ"
သူတို့ စတင်ရယ်မောကြသည်။ သို့နှင့် လေးဆယ့်ငါးမိနစ်ကြာမျှ တရစပ်ပြောခဲ့သည်။ အထူး သဖြင့် လူမျိုးရေးပြဿနာ များနှင့် ပတ်သက်၍ သူတို့ကို တစ်မိနစ်မျှပင် အနားမပေးဘဲ စဉ်းစား ဆင်ခြင်စေသည်။ သိသင့် သိထိုက်သော ပြဿနာများကို တင်ပြသည်။
ပွဲပြီးသော အခါ ပရိသတ် တော်တော်များများက မတ်တပ်ရပ်ပြီး သြဘာပေးကြသည်။ သို့သော် လူဖြူအများစု ကား ကျွန်တော့် လက်ဆွဲနှုတ်ဆက်သည်ကိုပင် ပြန်မော့မကြည့်ဘဲ မျက်နှာလွဲနေ ကြသည်။
ပြန်ခါနီး တွင် ဘုန်းကြီးက သူ့လေသံအတိုင်းပင် လာပြီး နှစ်သိမ့်နေသည်။

"အမေရိကမှာ စိတ်ထားကောင်းတဲ့ လူဖြူတွေ အများကြီးရှိပါတယ် ဒစ်။ တောင်ပိုင်းက လူဖြူတိုင်း ဟာ မဆိုးကြပါဘူး။ သူတို့ကို ပြုပြင်ဖို့ရာ အချိန်နဲ့ ပညာသာ လိုပါတယ်"
"မီရှီဂန် အကျဉ်းထောင်" တွင် ဖျော်ဖြေရသည့် အစီအစဉ်က ပို၍ပင် အသည်းထိတ်စရာကောင်း နေသေးသည်။ အကျဉ်းသား ပရိသတ်သည် ပျော်ပွဲရွှင်ပွဲ အလွန်ငတ်နေသည့်အတွက် ပွဲကြီးပွဲ ကောင်းတစ်ခုပင် ဖြစ်နေရသည်။
ကျွန်တော် စင်မြင့်ပေါ်မှ အဆင်းတွင် ထောင်ပိုင်ကြီးက ထောင်သက်အနှစ်ငါးဆယ်မျှရှိပြီဖြစ်သော နီဂရိုးအဘိုးကြီးတစ်ဦးနှင့် မိတ်ဆက်ပေးသည်။

သူသည် ပန်းချီဆရာတစ်ဦးဖြစ်သည်။ သူက သူ့ပန်းချီလက်ရာများကို လိုက်ကြည့်ရန် ဖိတ်ခေါ်၍ လိုက်ကြည့်မိသည်။ သူ့လက်ရာများကို မြင်သည်နှင့် ကျွန်တော့်မှာ ပျော့ခွေကျသွားမတတ် ဖြစ်ရ သည်။
သူ့တွင် မိန်းမပုံ ပန်းချီကား တော်တော်များများ ရှိသည်။ သူ စဉ်းစားမိသမျှသော မိန်းမပုံများကို ဆွဲထားခြင်းဖြစ် သည်။ သို့သော် မိန်းမတိုင်း၏ မျက်နှာများမှာ ယောက်ျားမျက်နှာ၊ ယောက်ျားမျက် လုံး၊ ယောက်ျားနှာခေါင်း၊ ယောက်ျားမေးရိုး၊ ယောက်ျားနှုတ်ခမ်း၊ ဆံပင်ရှည်တာ၊ ရင်သား ရှိတာ၊ နှုတ်ခမ်းနီ ဆိုးတာ၊ ဂါဝန်ဝတ်တာလောက်သာ မိန်းမနှင့်တူတော့သည်။ ကျန်တာအားလုံး ကား ယောက်ျား မှ ယောက်ျား။
သူ စိတ်ကူးပြီးဆွဲသည်ကား မိန်းမ။ ထွက်လာသည်ပုံများကား ယောက်ျား။

သူ့အနေနှင့် ယောက်ျားချည်းသာ အနှစ်ငါးဆယ်လုံးလုံး မြင်တွေ့နေခဲ့ရာ၊ လက်ရာတိုင်း မှာ လည်း ယောက်ျားစရိုက် များသာ လွှမ်းနေရခြင်းဖြစ်ပေမည်။
လီလီယန် ကို ထိုအကြောင်းကို ပြောပြမိသည်။ ပြောရင်းပြောရင်းနှင့် ကျွန်တော်သည် အတွေးစ များ ပို၍ပို၍ နက် လာတော့သည်။ အတွေးနက်လာသည်နှင့်အမျှ ပို၍လည်း ထိတ်လန့်တုန်လှုပ် လာမိသည်။ အကယ်၍ ထိုအဘိုးကြီးကိုသာ ခင်ဗျားပုံတွေအားလုံး အမှားတွေချည့်ပဲဟု ဆိုခဲ့လျှင် သူက သင့်ကို လူလိမ်လူညာဟု စွပ်စွဲမည်ဖြစ်ပြီး စတင် ထိုးကြိတ်မည်သာ ဖြစ်သည်။
လီလီယန်နှင့် ကျွန်တော်လည်း ရှေ့ဆက် တွေးလိုက်ကြမိသည်။ သင်သာ အမေရိကမှာ မွေး၊ အမေရိကမှ ကြီးပြင်းခဲ့လျှင် အမုန်းတရား၊ အကြောက်တရား၊ လူမျိုးရေး သွေးခွဲမှုများကို သင် သိရှိရတော့မည် မဟုတ်။ သူတို့အားလုံးသာ သင် မြင်ဖူးခဲ့သလို။

ထိုတစ်နှစ်လုံးပင် ကျွန်တော်သည် လေးလေးနက်နက် တွေးနေမိပါသည်။ ထိုနှစ်မှာ အလုပ်များ သောနှစ် ဖြစ်ပါသည်။ စန်ဖရန်စစ်စကို၊ နယူးယောက်၊ လော့စ်အင်ဂျလိစ်၊ လာ့စ်ဗီဂါ့စ်၊ ညလယ်စာ ကလပ်များ၊ ညကပွဲကြီးများ၊ လူ သိပိုများလာသည်။ ရုပ်မြင်သံကြားအစီအစဉ်များ၊ မဂ္ဂဇင်းဆောင်း ပါးများ၊ အခမဲ့ပွဲများလည်း ပြသခဲ့သည်။ ကျွန်တော် ကြပ်တည်းစဉ်က ထောက်ပံ့ကူညီခဲ့သူများကို လည်း ပြန်လည်ထောက်ပံ့ကူညီနိုင်ခဲ့သည်။ ကျွန်တော့် ပြက်လုံးများဇာတ်လမ်းများကိုလည်း ပို၍ ခေတ်မှီအောင်၊ ပိုပြီး လူမှုရေး ညှိနှိုင်းမှုရှိအောင် ပို၍ ကြိုးစားရေးသားနေခဲ့သည်။
ကျွန်တော် မလိုလားသော စနစ်တစ်ခုအတွက် ကျွန်တော် ပိုပြီးနားလည်သဘောပေါက်လာသည် နှင့်အမျှ ပိုပြီး လည်း ထက်မြက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။
လူထု စည်းဝေးပွဲ၊ ချီတက်ပွဲကြီးများတွင် ပါဝင်၍ ဟောပြောနေပေပြီ။

လူမှုအခွင့်အရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးများဖြစ်သော "ရွိုင်းဝီလကင်း" "ဝှစ်တနေယန်း" "ဂျိမ်းစ်ဖားမား" "မာတင်လူသာကင်" စသူတို့နှင့် သိကျွမ်းပြီး စကားစမြည်ပြောခဲ့ရသည်။ သို့နှင့် ဤပြဿနာမှာ အဘယ်မျှပင်ကြီးမားပြီး အဘယ်မျှပင် ရှုပ်ထွေးကြောင်းကိုပါ နားလည်နိုင်ခဲ့သည်။
နီဂရိုး တစ်ဦး ဖြစ်ရရုံမျှနှင့်ပင် တကယ်တမ်းတွင် လူမျိုးရေး အခြေအနေများကို တိတိပပ သိရှိနိုင် မည် မဟုတ်ကြောင်း ကျွန်တော် နားလည်လာနိုင်ခဲ့သည်။
ထိုနှစ်တွင် ဆန်ဖရစ်စစ်စကို၌ ရှိရစဉ် လူမှုရေးအခွင့်အရေး ခေါင်းဆောင်တစ်ဦးက "အုတ်ကလင်" ပြည်နယ်မှ နီဂရိုး ဇီးသီးခူးသမား တစ်ထောင်ကျော်တို့၏ချီတက်ပွဲကြီးတွင် တရားဟောပေးပါရန် လာရောက် ဖိတ်ခေါ်သည်။
ကျွန်တော် ကလည်း ဝမ်းသာအားရပင် လက်ခံလိုက်သည်။ သူက စာတမ်းတစ်ချို့ကို ပေးပါ၏။

ကျွန်တော်က မယူဘဲ ငြင်းဆန်လိုက်သည်။ ကျွန်တော့်အတွက် ဘာစာများ လိုဦးမှာမို့လဲ။ ဘယ်လို လူကိုမဆို ကျွန်တော် လူမှုရေးပြဿနာတွေ ပြောပြနိုင်တာပဲ။
သို့သော် ကျွန်တော့်တွက်ကိန်းမှာ မှားယွင်းခဲ့သည်။ ရာသီချိန် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့အခါ သူတို့ကို ကျွန်တော် ဘာပြောပြမလဲ၊ ဇီးသီးပင် အမြင့်ကြီးတွေကို လှေကားအရှည် ကြီးတွေ ထောင်ပြီး မိန်းမတွေ ကို အတင်းတက်ခူးခိုင်းတာကိုလည်း ကျွန်တော် ဘာပြောမလဲ။ သူ တို့၏ပြဿနာများမှာ လူမျိုးရေး ပြဿနာများလည်းဖြစ်သည်။ လူမျိုးရေး ပြဿနာများလည်း မဟုတ်ဟု ဆိုနိုင်သည်။
သူတို့ပြဿနာများ မှာ ဒေသဆိုင်ရာ ပြဿနာများဖြစ်သည်။

သို့သော် နီဂရိုးတိုင်းအား ထိခိုက်စေသည်။ ထို့ပြင် ထိုဇီးသီးခူးသမားများအနေဖြင့် နီဂရိုးများ သည် ဘာမင်ဂန် ကုန်ပဒေသာ ဆိုင်များထဲတွင် ဦးထုပ်ဆောင်းခွင့်၊ ဖိနပ်စီးခွင့်တို့အတွက် တိုက်ခိုက်နေ ရကြောင်းကိုလည်း နားလည်နိုင်ကြပါ မည်လော။
ထိုနှစ်ဆောင်းရာသီတွင်ပင် "မက်ဒ်ဂါအဲဗားစ်" က "မစ္စစ်စီပီ" ပြည်နယ် ဂျက်ဆန်မြို့မှ မဲဆန္ဒရှင် များ၏ ဆန္ဒပြပွဲ တွင် လာရောက် မိန့်ခွန်းပြောရန် ဖိတ်ခေါ်ပြန်သည်။
""
ဆက်ရန်
.

No comments: