Wednesday, July 25, 2012

စံဇာဏီဘို ၏ ဆရာမင်းသိင်္ခ နှင့် ကြိုးသမားမြဂေါင်

စံဇာဏီဘို
စားစားအားမနာနဲ့ စား


ငါးသုံးလုံးစီးကရက် ကို ရှိုက်ခနဲ တစ်ချက်ဖွာ၍ အခြားလက်မှ ကိုင်ထားသော ကြက်ပေါင်ကို အားရပါးရ ကိုက်လိုက်ကာ တမြုံ့မြုံ့ဝါးရင်း စီကရက်မီးခိုးများ မျှင်းထုတ်သည်။ ဤသို့ စီးကရက်ဖွာလိုက်၊ ကြက်ပေါင်ကို ကိုက်လိုက်နှင့် စားပြီးသကာလ ဘဲကင်တစ်ဖတ်ကို ယူကာ ချိုတိုတို ချဉ်တင်တင် အချဉ်ရည်ဖြင့် တို့စား၏။ အသားများနှင့် အနည်းငယ်နင်နေသော လည်ချောင်း ကို ရှင်းသွားစေရန် အလို့ငှာ ငါးခေါင်းဟင်းချိုကို ရှူးခနဲနေအောင် ၂ ဇွန်း၊ ၃ ဇွန်း ဆင့် ၍ သောက်လိုက်သည်။

ထို့နောက် ငါးရှဥ့်ကို ခပ်စပ်စပ်ခြောက်နေအောင် ကြော်ထားသည့် ငါးရှဥ့်ခြောက်စပ် တစ်ဖတ်၊ နှစ်ဖတ်ကို ဝါးပြန် သည်။ လက်တွင် တိုနေသော ဆေးလိပ်တိုကို လွင့်ပစ်၍ ငါးသုံးလုံးစီးကရက်ဘူးအတွင်းမှ စီးကရက်နောက် တစ်လိပ် ကို ယူ၍ ဓာတ်ငွေ့ဂက်စ်မီးခြစ် ကို ထောက်ခနဲဖြစ်ပြန် သည်။ ခေါင်းကိုမော့ ၍ ဆေးလိပ်ငွေ့ တို့ကို မှုတ်ထုတ်ကာ ဘေးတွင်ချထားသည့် ကိုင်းကျိုးကာ၊ အညှိတက်ကာဟောင်းနွမ်းလှသည့် ပလတ်စတစ် အတွင်းထည့်ထားသော နိုင်ငံခြားဖြစ် coca cola အချိုရည်ကို တမျှင်းမျှင်းစုပ်ယူ ကာ သောက်သုံး ၏။ 

ထို့နောက် လက်များနှင့်ပင် မထိသေးသော ဝက်သားအဖတ်လိုက်နှင့် အလုံး ခပ်တုတ်တုတ် ခေါက်ဆွဲကြော်နှင့် ကြာဆံကြော်၊ ကြက်သားသုပ်နှင့် ဝက်စတူးတို့ကို မျက်လုံးများ မှေး၍ မျက်စောင်း ခပ်စောင်းစောင်းကြည့် ရင်း ချောင်းတစ်ချက်ဟန့် ၍ "ဟေ့ကောင်... ဇာဏီ၊ ခေါက်ဆွဲကြော် နည်းနည်း ယူစားကြည့်လေကွာ ဟိုဘက်က ကြက်ကောင်လုံးသွပ်ထားတဲ့ ကောက်ညှင်းလည်း ယူစားလိုက်ဦး" ဟု ၃ တိုက် အခန်း၂ သံတိုင်များနောက်ကွယ်တွင် တိရစ္ဆာန်ရုံမှ မျောက်အိုကြီးအလား ငုတ်တုတ်ထိုင်နေသော စံ-ဇာဏီဘို အား လှမ်း၍ ပြော၏။ အခန်းရှေ့ထောင် အစောင့်ဝါဒါများ အိပ်စက်သည့် ကွပ်ပျစ်ခုတင်ပေါ်တွင် အဖွယ်ဖွယ် အရာရာသော စားဖွယ် များ တည်ခင်းထား၏။

ဟင်းခွက်များ အလယ် တင်ပျဉ်ခွေ၍ မိန့်မိန့်ကြီးထိုင်ကာ ဆေးလိပ်သောက်လိုက်၊ စားသောက်ဖွယ်ရာများ သုံးဆောင်လိုက် လုပ်နေသော ဆရာကြီးမင်းသိင်္ခ က ပြောသည်။
တိုက်ရှေ့ အရိပ်အောက် တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ထက်အောက် ၀တ်ဖြူ စင်ကြယ်နှင့် ဆံပင်ဖြူ နက်ကျား၊ ထောင်ထောင်မောင်းမောင်း၊ အသားလတ်လတ်၊ ရွှေကိုင်းမျက်မှန်နှင့် ဦးရဲထွန်း ကို လှမ်းကြည့်ကာ "လာ ... လာ၊ လာ ... လာ ... လာလေကွာ မောင်ရဲ၊ သွေးတိုးရှိလို့ သေရင် သေပါစေ၊ ဒီမှာ လာစား ... ကွာ၊ ဟောဒီမှာ ၀က်စတူး၊ ဒါက ၀က်နံကင်၊ ဘဲကင် က ဟောဒီမှာ၊ ပြည်ကြီးငါးသုပ်၊ စားကြည့် ပါဦးကွာ၊ ကြက်သားသုတ် ကိုတောင် လက်နဲ့ မထိကြဘူး၊ တယ်ဘ၀င်မြင့် ကြသကိုး။ အသံသြသြနှင့် မထေ့တထေ့ ပြောလေသတည်း။

ကွမ်းယာ ကို တမြုံမြုံဝါး၊ ငါးသုံးလုံး ဆေးလိပ်ဖွာ၍ လမ်းသလားနေသော ဦးရဲထွန်းက ပါးစပ်ကိုစေ့၊ မျက်နှာကို အုပ်၊ လက်ဝါးကာ၍ ရေမြောင်းနားသွားကာ၊ ပါးစပ်က ကွမ်းကို ထွီခနဲထွေးထုတ်ကာ လာမယ်၊ လာမယ်၊ လာမယ်၊ ကိုယ်က ကုလားစာ ကို ကြိုက်တာ၊ ဒီတရုတ်စာ ခံတွင်း မတွေ့ဘူး။ ဦးရဲထွန်း၏ တုံ့ပြန်သံကို နားထောင်ရင်း ဆရာမင်းသိင်္ခ က ခပ်ထေ့ထေ့ပြုံးကာ သိတယ် ကိုယ့်လူ။ မောင်ရင်တို့လို ဘိုဆန်သူတွေက ကုလားစာ ကို ကြိုက်တတ်မှန်းသိတာပေါ့။ ထိုစကားကို ရပ်၍ ဒီဘက်မှာ ရိုတီဘကြီးကျော်နှင့် ဒီမှာ မပဲတိုရှည်နှင့် ဆိတ်သား ကလည်း ဂေါ်ရင်ဂျီချက် ချက်ထားတာ မဆလာနံ့ကို သင်းနေတာပဲ။ အစားအသောက် များ ရှိရာကို မေးဆတ်၍ မောင်ခ မင်းတော်တယ်.... အပြင်ပြန်ရောက် စာလည်း မရေးနဲ့၊ ဗေဒင်လည်း မဟောနဲ့၊ ကိုယ့်ရဲ့ပီအေပဲ လုပ်၊ ဦးရဲထွန်း က ပြုံး၍ ခပ်ထေ့ထေ့ပြောသော် ပီအေတော့ မလုပ်တော့ဘူး ကိုယ့်လူ။ အကြံပေးသာ ခန့်လိုက်။ 

ဤသို့ အပြန်အလှန် ပြောသူများသည် အသက် ၅၀ကျော် ပုဂ္ဂိုလ် များသာဖြစ်သည်။ အပြင်တွင် တစ်ယောက်နှင့် တစ်ယောက် မခင်ကြ။ ဤနေရာတွင်သာ ညီအစ်ကို သဖွယ် ခင်မင်ရင်းနှီးကာ မောင်ခ၊ မောင်ရဲဟူ၍ အပြန်အလှန်ခေါ်ကာ ငယ်ပေါင်းကြီးဖော် အလား ပေါင်းဖက်၍ အမြဲတစေ ငြင်းခုံစကား နိုင်လုလေ့ ရှိသည်။ တိုင်းတစ်ပါး မှ ဥပဒေအတတ်ပညာ ကို သင်ကြားလာသည့် ရှေ့နေကြီးဦးရဲထွန်းနှင့် နိုင်ငံကျော်ဆရာ မင်းသိင်္ခ တို့၏ ငြင်းခုံစကားနိုင်လုပွဲ တို့ သည်ကား အတူနေအားလုံးတို့အတွက် ဗဟုသုတရဖွယ် အကြောင်းအရာများ ချည်း ဖြစ်ပေသတည်း။

ဤကား အိပ်မက်မဟုတ်၊ တစ်ခုသော ဒီဇင်ဘာလ အေးချမ်းလှသည့် နေ့ခင်းတွင် ဤကား မြို့ရန်ကုန် ၏ ကြေးရတတ် မျက်နှာကြီးများ စားသုံးလေ့ ရှိသော ချိုချဉ်ခဲဖွယ်အဖြာဖြာတို့ကို အမှန်တကယ် အားရပါးရနျင့် အင်းစိန်မြို့ကြီး ၏ လေးဖက် နံရံကာ ဤနေရာ၌ လူတစ်စု မြိန်ရေရှက်ရေ စားသုံးနေကြ ခြင်း ဖြစ်သည်။ "ဘာပဲဖြစ်ဖြစ် ..." ဘိုးတော်ခင်ဝင်း ၏ နိဒါန်းစကားပျိုးသံ အစချီသည်နှင့် "ဘစ် ... ဘဲပြား ပြား ... ရန်မျိုးသိန်း၊ ပြုံးချို၊ တင်ဆန်း၊ မြအေး၊ တိုးကျော်လှိုင် တို့က ၀ိုင်း၍ သံပြိုင်အော်ကြပေ သည်။ ဘိုးတော်ခင်ဝင်းသည် အကြောင်းတစ်စုံတစ်ရာကို စတင်ပြောရာ၌ ဘာပဲဖြစ်ဖြစ်ဟု အစချီလေ့ ရှိသည်။ ထိုသို့ အစချီပြီးသော် အချိန်အတော်ကြာ စကားစုကို မစပ်ဘဲ အရှိန်ယူလေ့ ရှိသည်။ ထိုစကား စုကို အစ ချီတိုင်း ကျောင်းသားလူငယ်များက ဘစ် ဘဲပြားပြားဟူ၍ သံပြိုင်အော်လေ့ ရှိသည်။ အော်ဟစ် ကြကုန်သည့် လူငယ်များ ၏ ပါးစပ်များတွင် ဆီများဝေ့နေသည်။

 ပဲဟင်းနှင့် တာပေါကိုသာ ထည့်လေ့ ရှိသော ပုံစံခွက်တို့သည် ငါးခေါင်းဟင်းချို၊ ဘဲပေါင်းစွမ်တန်ဟင်းရည်၊ ၁၂မျိုး ဟင်းချိုဖြင့် ဟင်းအမည်မည် တို့ ရောက်ရှိနေသည်။ စပါးလုံး၊ ခဲလုံးအတိပြီးသည့် နီကြန့်ကြန့် ၀ါကြင့်ကြင့်ဆန် ကို မဆေးဘဲ ရေနွေးဆီပိုင်းပြတ်အပေါ် ဂုန်နီအိတ်ခင်း ၍ ပေါင်းခံချက်ပြုတ် သည့် အောက်စော်နံလှသည့် ဖိုကြီးချက် ထမင်းသာ ထည့်လေ့ ရှိသော ပုံစံ ဒန်ပန်းကန်ပြား သည် လည်း ခေါက်ဆွဲ၊ ကြာဆံကြော်၊ ကြက်ပေါင်း၊ ဘဲကင်၊ ငါးရှဥ့်ကြော်၊ ၀က်နံရိုး စသည့် အမည်မည်အဖြာဖြာ စားသောက်ဖွယ်ရာ များ သင်းပျံ့ကြိုင် လှိုင်ကာ ပြည့်ဖြိုးလျှံမောက်နေသည်။ အသီးသီးဝေပုံကျရထားသော အမြှုပ် တစီစီနှင့် cocacolaအား တမြေ့မြေ့သောက်လိုက်နှင့် အတော်အတန် ဇိမ်ယစ်နေကြသည်။ ဤမျှ ရှားပါးလှ သည့် စည်းစိမ်အလုံးစုံ တို့အား ဒကာခံသူမှာ မန္တလေးသားတစ်ဦး ဖြစ်သည်။ 

ယခုခေတ်တွင်သုံးကြသည့် စပွန်ဆာ ဟူသည့် စကားသည် ထိုခေတ်တွင် မပေါ်သေး။ ဒကာခံသည် ဟူသော စကား ကိုသာ တွင်တွင်ကျယ်ကျယ် သုံးကြပေရာ "ဒီလို စားကောင်းသောက်ဖွယ်များ ကို ဒကာခံတဲ့ မန္တလေးသားနေပြည်တော်ကြီး တစ်ယောက် ကျန်းမာပါ စေ၊ ထောင်မှူးဝါဒါတွေ နဲ့ အဆင်ပြေပြေ လိုင်း ၀င်နိုင်ပါစေ၊ အားလုံး ကိုလည်း ကျွေးမွေးနိုင်ပါစေ၊ အသက်လည်း ရှည်ပါစေလို့ " ဘိုးတော်ခင်ဝင်း က တောင်းဆုပြုလေသည်။ သာဓု ... သာဓု ... သာဓု ... ဟု အားလုံးက ၀ိုင်းအော်ကြသည်။

တထောင်းထောင်းထနေ၍ လတ်ဆတ်လှသော စီးကရက်နံ့၊ ဖုံးဖိ၍ မရလောက်အောင် မွှေးကြိုင် လှသည့် တရုတ်ဟင်းလျာနံ့ များကြောင့် ဝေသာလီပြည် ဘီလူးကျသည့်နှယ် တရုံးရုံးနှင့် တဖြိုးဖြိုး တဖြောက်ဖြောက်၊ တကျွတ်ကျွတ် တကျက်ကျက်၊ တပြွတ်ပြွတ် တရွှတ်ရွှတ်၊ တအင်းအင်း၊ တအုအု၊ တဂွက်ဂွက်နှင့် ကိုက်စားဝါးမျို၊ အုတ်အော်သောင်းနင်း စားသုံးနေသည်ကို အနံ့ခံကောင်း၍ နားပါးသော ၄တိုက်မှ ကိုအရိုင်း က သုံးတိုက် က ရဲဘော်တွေ၊ တယ်မွှေးပါလားလ  ဟူသော စကားမဆုံးမီ ရဲဘော် တွေမဟုတ်ဘူး။ ရဲဘက်တွေ၊ ရဲဘက်တွေ၊ ဦးရဲကြီး ၏ စကားသံနှင့် တကွ "ကောင်းကောင်း" ဟူ၍ ၀ိုင်းဝန်းကာ ပလုတ်ပလောင်း ၀ိုင်းဝန်းအော်ကြလေသော် ဒီဘက် နည်းနည်းပို့လိုက်ဦးနော်၊ အဘိတော် (ဦးတော်ဘုရားလေး) ဥပုသ်အတွက် ခံတွင်းပျက်နေတာ နဲ့ အတော်ပဲ ဟု အရိုင်းက လှမ်းအော်သံသည် "ဆရာခ"ရေ ကိုယ့်လူ အရိုင်း မျောက်ပြပြီး ဆန်တောင်း မလို့လား၊ မဟုတ်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်မလို့ပါ။ ဆရာခရေ ... အဘတော် က ပြောနေတယ်၊ သူ့ကို မျောက်နဲ့ နှိုင်းတာလားလို့ဆိုသော် ဆရာခ သည် တဟားဟားနှင့် ရယ်မောလေသည်။

"အိုကေ ... အိုကေ ... ပို့လိုက်မယ်၊ ပိုတာမှ လျှံနေ တာ၊ ဒီမှာ ..." တယ်ဟုတ်ပါလား၊ ဘယ်သူ ဒကာခံ တာလဲ၊ နေပြည်တော်ကြီးပေါ့" ကမ္ဘာပေါ်တွင် လွန်စွာ ချမ်းသာကြကုန်သော သန်းကြွယ်သူဌေးများ ရှိကြ ကုန်သည်။ မြန်မာနိုင်ငံတွင် ထိုခေတ် ထိုကာလတွင် လူချမ်းသာများ ထွက်ပြူစ ပေါ်ဦး ပေါ်ဖျား ကာလ ဖြစ်သည်။ မန္တလေးမြို့မှ (နေပြည် တော်)ကြီးသည်ကား အင်းစိန်ထောင်၏ မီလျံနာ ဖြစ်သည်။ ဤဒေသ တစ်ခုလုံး တွင် သူ့လောက် ချမ်းသာသူဟူ၍ မရှိ။ စီးပွားရေး ပုဒ်မ ၁၀(က)ဖြင့် ထိန်းသိမ်းခံထားရသည့် ထိုခေတ် ထိုကာလ လုပ်ငန်း နယ်ပယ်အသီးသီးမှ ထိပ်သီး (စူစကာ) သူဌေး ဒါဝတ်ပိုင်၊ ဒေါ်လာသူဌေး အီစမန်၊ ဆန်သူဌေး ကျင်စိန်၊ ရွှေသူဌေး ဦးကျော်သိန်း၊ တရုတ်သူဌေး ဘွန်ဝှက် စသည့် သူဌေးတို့ ထက် အဆများစွာ သာလွန် ချမ်းသာသူ ဖြစ်သည်။ ပတ္တမြားကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပေရာ မူရင်းနာမည် ဦးသန်းထွန်း ကိုပင် လူမသိတော့။ ဤသို့ မတန်မရာ စားသောက်ဖွယ်ရာ မြိုင်ဆိုင်စွာ တည်ခင်းစားသုံးရခြင်း ၏ ဖြစ်ရပ်ရင်းသည်ကား ....

ကြိုးသမားမြဂေါင်

တိုက်ဝင်း အတွင်း ရယ်မောပျော်ရွှင်သံများ ဆိတ်သုဉ်းနေသည်။ ကြိုးတိုကမှ သီချင်းသံများ တိတ်ဆိတ် နေ၏။ သီချင်း အဆိုကောင်းလှသော ကြိုးသမားမြဂေါင်၏ ဆွေးမြေ့သော အသံနှင့် သီဆိုနေသော အလွမ်းတေးသည် တစ်ဝက်တစ်ပျက် တိုးတိမ်သွားပြီး အသံပျောက်သွား၏။ အားလုံး ဆွေးဆွေးမြည့် မြည့် ခံစားရသည်။ အိပ်ချိန် မရောက်လင့်ကစား တိုက်တိုင်း အသံ ငြိမ်နေ၏။
"ဂျောင်း ... ဒုန်း ..." ဟူသော အသံသည် လေအဝှေ့အတွင် တိုက်ခန်းအားလုံးမှ ကြားနေရ၏။ ထိုအသံသည် ရပ်တန့် မသွားဘဲ ပုံမှန်ပြန်မြည်နေသည်။ ကြိုးစင်မှ (ကြိုးကျင့်)နေခြင်း ဖြစ်သည်။
တိုက်ဝင်း ၏ အနောက်တောင်ထောင့်မှ ကြိုးစင်တွင် ကြိုးပေးရန်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ (၂)တိုက်မှ "ကြိုးသမားမြဂေါင်" ကို ကြိုးပေး ရန် အမိန့်ချလိုက်ပြီ ဖြစ်သည်။ "ကိုမြဂေါင်" သည် အောက်ပိုင်းချည့်၍ ကိုယ်တစ်ခြမ်းသေ သကဲ့ သို့ ဖြစ်နေသည်။

ခြေများ ကွေးနေသည်။ ကောင်းစွာ ခြေမဆန့် သလို ဖြစ်သည်။ ရေချိုးဆင်း လမ်းလျှောက်သောအခါ ရှေ့မှ သူတစ်ဦး မှ ပခုံးကိုကိုင်၍ တဖြည်းဖြည်း လှမ်းရသူ ဖြစ်သည်။ နဂိုအကောင်းပကတိဖြစ်သည့် ကြိုးတိုက်တွင် အပျင်း ဖျားပြီး အောက်ပိုင်းချည့်သွားခြင်း ဖြစ်သည်။ အလွန်အသံကောင်းသည် အသံသာ၍ အလွမ်းသံပါ၍ ဆံသ ဆရာဗလကြီး ထက် အဆိုကောင်း၏။ ထိုကြိုးသမားနေထိုင်သော တိုက်သည် တိုက်နံပါတ်၂ ဖြစ်သည်။ ရင်ကွဲတိုက် ဟူ၍ ခေါ်သည်။ ရင်ကွဲတိုက်ဆိုသည်ကား အလယ်တွင် စင်္ကြံ လမ်းကျယ်ထား၍ မျက်နှာ ချင်းဆိုင် တစ်ဖက်တစ်ချက်စီ ၌ အခန်းများထားရှိသည်။ ထိုအခန်းများသည် အ၀င်အထွက်တံခါးတစ်ခု သာ ရှိသည်။ ခိုင်မာ လှသည့် သံတိုင်တံခါး ရှိသည်။ အနောက်ဘက်၊ ဘေးဘက်တွင် အပိတ် ဖြစ်သည်။ တစ်ဖက်တစ်ဖက် တွင် အခန်း၃၀ ရှိသည်။ အခန်းပေါင်း ၆၀ ရှိသော တိုင်တန်းရှည်ကြီး ဖြစ်သည်။

မျက်နှာချင်းဆိုင်တို့၏ တံခါးတို့အား တစ်ဖက်နှင့် တစ်ဖက် ဘယ်ညာလွှဲ၍ ဖောက်ထား သည်။ အလယ်လမ်းဘေး အခန်း တိုက်ဖြစ်ပေရှုာ ရင်ကွဲတိုက် ဟု ခေတ်အဆတ်ဆတ် ခေါ်သည်။ သေဒဏ်ပေး ခံရ သည့် ကြိုးအမိန့်ကျ ကြိုးစင်တက်ရမည့်သူများ နေထိုင်သော နေရာဖြစ်သည်။ အကျဉ်း ထောင်တစ်ခုလုံး၏ အကြီးမြင့်ဆုံး ပြစ်ဒဏ်ပေး ခံရသည့် နေရာဖြစ်ပေရာ လုံခြုံရေးကို အထူးပြုထားရှိ သော တိုက်ဖြစ် ၏။ သေဒဏ်ကျသည့် သူများသည်လည်း မြန်မာနိုင်ငံတစ်ခုလုံး၏ အဆိုးဆုံး၊ အမိုက် ဆုံး ထိပ်ခေါင်ဟု သတ်မှတ်ထားသူတို့ ထားရှိရာ နေရာဖြစ်သည်။ ၄င်းကြိုးတိုက်ကို ထောင်ထဲမှ နေမမြင်၊ လမမြင်တိုက်ဟု သတ်မှတ် သည်။ အခြားသော တိုက်တို့သည် အဝင်အပေါက်မှ ကြည့်လျှင် ကောင်းကင် ကို မြင်ရင်း မြေကြီး ကို တွေ့ရ၏။ ကြိုါ်တိုက်သည်ကား ကမ္ဘာကို မမြင်ရသော နေရာဖြစ် သည်။ ရေချိုးဆင်းသောအချိန်တွင် ၂ တိုက်နှင့် ၃တိုက်ကြား ရေကန် တွင် ရေချိုးဆင်းရသည်။

ရေချိုး ကန်မှ ကြည့်လျှင် ၃တိုက်နောက်ကျောတွင် သံတိုင်ပေါက်များရှိ၏။ ရေချိုးဆင်းရင် စကားစမြည် ဝါဒါ အလစ်တွင် ၃တိုက်မှသူများနှင့် ကြိုးသမားအားလုံးသည် ၃ တိုက်မှသူများနှင့် လွန်စွာ ရင်နှီြးုကကုန် သည်။
ကြိုးပေးခံရသော သူတို့သည် အခြားသောနည်းနှင့် သေခွင့်မရှိ။ လည်ပင်းတွင် ကြိုးကွင်းစွပ်၍ ကြိုးစင် တွင် မသေမချင်း သေစေရန် သာ ဖြစ်သည်။ ထောင်ပိုင်၊ နယ်မြေပိုင်ရဲ၊ တရားသူကြီး၊ ဆရာဝန်ကြီး များ ရှေ့မှောက်တွင် ကြိုးပေးသေဒဏ် စီရင်ခြင်း ဖြစ်သည်။

သေဒဏ်ပေးခံရသော ကြိုးသမားတစ်ယောက်အား ကျန်းမာရေး ကောင်းစေရန်အလို့ငှာ အထူးပြု ကျွေးမွေး သည်။ နေ့စဉ် ဆရာဝန်မှ ခန္ဓာကိုယ်ကို ပေါင်ချိန်ချိန်သည်။ ထောင်လောကတွင် အယူခံရှုံး၍ စာနီထွက် ၍ သေဒဏ်ရက် သတ်မှတ်သော် ထောင်ဆရာဝန်မှ နေ့စဉ် ပေါင်ချိန်စက်နှင့် ကိုယ်အလေး ချိန်ကို မှတ်ကာ ကြိုးကျင့်နေသော ကြိုးစင် ထံ ခန္ဓာအလေးချိန်ကို သတင်းပို့ရသည်။ ပေါင်ချိန်စက် အပေါ်တက်ရသည် ဆိုသည်ကား လူသားတစ်ဦး ၏ နောက်ဆုံးနေရန် နေ့ရက်များပေတည်း။ သေဒဏ်ပေးရန် တစ်ပတ်အလိုတွင် စတင်ပေါင်ချိန်ခြင်း ဖြစ်သည်။ ၁၉၈၈ မတိုင်မီ "ဂွတို" ကြိုးသမား သည် နောက်ဆုံးကြိုးပေးခံရပြီး ယခုပြန်လည် ၍ ပထမဦးစွာ ထောင်ကို ဖွင့်လှစ်လေသော် ကြိုးစင် တွင် ပထမကြိုးပေးခံရသူ ကား သေဒဏ်ကျ မြဂေါင်ဖြစ် သည်။

လျှာပြန်ပေါက်သော ဆရာခ

"ဒီမှာ ကိုယ့်လူ... မှားလို့ကတော့ အင်မတန်ထက်ရှလာတဲ့ စိန်ဓားမောက်၊ သင်တုံးဓားနဲ့ ကိုယ့်လျှာ ကိုယ်ဖြတ် ဂိုဘီသဲကန္တာရထဲသာ ပစ်လိုက်" ဤကား ဆရာခ၏ စိန်ခေါ်ကြွေးကြော်သံဖြစ်သည်။ မှား ရင် လျှာဖြတ်ကြေး ဟူသော စိန်ခေါ်သံနှင့် ဟောကိန်းထုတ်သော ဆရာခသည်ကား စကားမပြောနိုင်။ တစ်ပါးသူ တို့က နှုတ်ဆက်ရင်လည်း ပါးစပ်ကို လက်ညိုးထိုး၍ ဝူးဝါးဝူးဝါးသော အသံပြုနိုင်သော အနေ အထားရှိသည်။ ဆရာခ ၏ အခန်းဘေးတွင် နေထိုင်သော မောင်မောင်ဦးက ဆရာခကိုယ်စား ရှင်းပြရသည် မှာ နေကောင်းပါတယ်၊ မိတ်ဆွေစကားပြောဖို့ လျှာမရှိတော့ဘူး၊ ဂိုဘီသဲကန္တာရထဲ လျှာ ရောက်သွားတာပါဟူ၍ အမြဲတစေ ပြန်ဖြေ ရသည်။

ထောင်ထဲတွင် "လွတ်ကြောင်ကြောင်သည်" ဟူသော ဆိုရိုးစကားရှိသည်။ "ဘုရားကြီး ထီးတော် တင်တယ်၊ နိုင်ငံတော် လာတော့မယ်" ဒီလွတ်လပ်ရေးနေ့မှာ ထောင်ခါမယ်ဆိုပဲ စသည် စသည်ဖြင့် လွတ်လပ်ရေးနေ့၊ တပေါင်းလပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ နှစ်ဆန်းတစ်ရက်နေ့၊ ကဆုန်လပြည်နေ့ အပါအဝင် ရှိရှိ သမျှသော အမှတ်တရနေ့များ အခါကြီး ရက်ကြီးများတွင နိုင်ငံတော်မှ ကြေငြာချက် ထုတ်ကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိမ့်မည်ဟူ၍ မျှော်လင့်ချက်များနှင့် လွတ်ကြောင်ကြောင် သည်။ (၁၀/က) အထိန်သိမ်း ခံရသူများ က ပိုဆိုးသည်။ လွတ်မည်ဆိုက နေ့ချင်းညချင်း လွတ်လေ့ရှိသည်။ ပြီးခဲ့သော ရက်ပိုင်းများအတွင်း ၁ တိုက်မှ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင် ကို စွန့်ခွာ၍ ဆရာခထံ အချစ် မြှားဦးတည့်သော အဖြူရောင် ဝမ်းဆက် ဝတ်သည့် လုံးကြီးပေါက် လှ ကရင်မ အမည်ရှိသော သရဲမ ၏ ကလူကျီစယ် အချစ်စမ်းခြင်းများကို အမြဲကြုံနေ ရကာ ထောင်မှ လွတ်လိုစိတ်များ ဖြစ်ပေါ်၏။

အလွန်စိတ်ခိုင်၍ သမာဓိကြီးလှသည့် ဆရာခ တစ်ယောက် စိတ်ညစ်လောက်အောင် ကရင်မ ဆောင် ရွက် ခဲ့ရသည် များ ကို အလျဉ်းသင့်က ဖော်ပြပါဦးမည်။ "ဒီလွတ်လပ်ရေးနေ့မှာ အားလုံး လွတ်မယ်၊ နိုင်ငံ တော် လာမယ်၊ မှားရင်လျှာ ကို ဖြတ်၊ ဂိုဘီသဲကန္တာရထဲပစ်" ဆရာခ၏ ဟောကိန်းသည်ကား တိုက်ဝင်း အတွင်း သာမက တစ်ထောင်လုံး၊ ထိုမှသည် နယ်အသီးသီးတွင် ရှိသော ရဲဘက်စြခန်းများ အထိ ပျံ့နှံ့ကုန်သည်။ ဤသို့နှင့် အားလုံးမျှော်လင့်နေကြသည့် လွတ်လပ်ရေးနေ့သို့ ရောက်လာ သည်။ လွတ်လပ်ရေးနေ့တွင် အခါတိုင်းနှင့် မတူ တစ်မူထူး ၍ ပဲဟင်းကို ချက်၍ကျွေးသည်။ လွန်စွာကောင်းလှ သော သီးစုံ ပဲကုလားဟင်းဖြစ်သည်။ "တွေ့လား၊ ကိုယ့်ဆရာက အရမ်းတော်တာ၊ ဒီနေ့အားလုံးလွတ် မှာ သေချာတယ်၊ ခုကြည့် မနက်စာ ကိုပဲ ကြည့်လိုက်လေ၊ တကယ့် ရှယ်၊ ဟောဒီမှာ တွေ့လား၊ ငါးခြောက်ဖတ်၊ အသီးအရွက် ကလည်း သန့်၊ ဒါ အမှတ်တရကျွေးတာပဲ။

ထောင်က ထွက်ရင် အလွမ်း ပြေလေးဖြစ်အောင်ပေါ့" စံဇာဏီဘိုက ပဲကုလားဟင်းကို ကြည့်၍ မှတ်ချက်ပေးကာ "ဒီလွတ်လပ်ရေး နေ့ အားလုံးလွတ်မယ်၊ နိုင်ငံတော်လာမယ်၊ မှားရင်လျှာကိုဖြတ်၊ ဂိုဘီသဲကန္တာရထဲပစ်" ဆရာကောင်း တပည့်ပီသ စွာ ဆရာ့လေ အတိုင်း တစ်သဝေမတိမ်းပြောရသည်။ လျှာတော့ ခပ်ယားယား။ ထူးထူးခြား ခြား နေ့ခင်း တွင် ရေနွေးခါးများ လာပို့ပြန်သည်။ "ကဲ..... ကြည့်လိုက်လေ၊ ထူးထူးခြားခြား ဘယ်တုန်းက ဒီလိုအချိန် ရေနွေးလာလို့လဲ" မှတ်ချက်ချကာ ဒီလွတ်လပ်ရေးနေ့မှာ ... အစချီ၍ လျှာဖြတ်၊ ဂိုဘီသဲကန္တာရထဲပစ်ဟူသော စကားလုံးကို ရွတ်ကြပြန်သည်။ ဤအခါတွင်ကား စံ-ဇာဏီဘို သာမက အားလုံူးသော အကျဉ်းစံ များက တစ်ယောက်တစ်ပေါက် ရွတ်ကြသည်။ ထူးကဲစွာ ပဲကုလား ဟင်းကို စားရခြင်း၊ ရခဲလှသော ရေနွေးခါးကြီးကို တိုက်ကျွေးခြင်းများ ခံရလေသော်....
"ရှိပူရသေး.... ကုန်မှအေး"ဟူ ၍ ကြွေးကြော်ကြကာ ချွေချွေတာတာနှင့် ရေရှည်စားသုံးရန်အလို့ငှာ တစ်နေ့လျှင် ဇွန်းတစ်ဝက် သာ စားသုံးသည့် ငါးပိကြော်၊ အသားကြော်နှင့်တကွ မုန့်ကြွပ်၊ ကိတ်ခြောက် နှင့် ထန်လျက်မှအစ ရှိသမျှ အစားအသောက် တို့ကို ဗုံးပေါလအော စားသုံးကြသည်။

"ဟေး... ဒီနေ့လွတ်မှာ မကုန်ရင် ထားခဲ့လိုက်၊ ရှိတာ အကုန်စားလိုက်မယ်၊ လွတ်ငြိမ်းချမ်းသာခွင့်က နေ့ခင်း ၁း ၀၀ နာရီသတင်း မှာ ပါပ့ါမလား၊ ဘယ်ပါပါ့မလဲ၊ နေ့ခင်မှလူကြီးတွေက လက်မှတ်ထိုးမှာ ည ၈း ၀၀နာရီ သတင်းကျမှ ပါမှာ" ဟူ၍ တစ်ခုသော ကာလသေဒဏ်အပြစ်ကို ချမှတ်ခံရပြီးမှ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်မြောက် ခဲ့ဖူးသော ဖထီး(ဦး)မန်းဒါဝိတ် က ပြောကာ နိုင်ငံတော်က လွတ်ငြိမ်းချမ်း သာမှုပေးခဲ့ပုံ၊ အတိတ်မှ အကြောင်း ကို ပြော၏။

ညနေ ၆နာရီ ထောင်ပိတ်ချိန်သို့ ရောက်ရှိလာသည်။ အခါတိုင်ထက် နောက်ကျပြီးမှ တန်းစီကာ လူရေ တွက်၍ ထောင်ပိတ် ၏။ အားလုံးရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များနှင့် "ဒီနေ့လွတ်မှာ ဆရာခ ဟောထားတာ၊ မင်းသိင်္ခဆိုတာ နှယ်နှယ်ရရမဟုတ်ဘူး၊ မှားရင် လျှာဖြတ်လို့ ပြောထားတာ" ဤသို့နှင့် ည ၈ နာရီ ထိုးသည်။ သတင်းတွင် မည်သည့်အကြောင်းအရာမျှမပါ။ ဝါဒါကိုကျော်ဦး၏ ရေဒီယိုလေး မှ "သည်လူကြီးမင်း ဟိုလူကြီးနှင့် တွေ့သည်.. ထိုပုဂ္ဂိုလ်ကြီးမှ ဤသို့မှာကြားထွက်ခွာသွားသည်။ ဤတံ တားကြီး ဖွင့်ပွဲ ကျင်းပသည်... ဤသို့ ညစာစားကြသည်" စသည် စသည်တို့မှ ရွာရန် ၃၉%မိုးလေဝသ သတင်းနှင့်သာ ဆုံးသည်။

အားလုံးရင်ထဲတွင် ဟာတာတာကြီး ဖြစ်သွားသည်။ ရွှီးရွှမ်း၊ ရွှီးရွှမ်း မင်းသားကြီး ဘကြီးအောင် အခန်းမှ အသံ ထွက် လာသည်။ မျှော်လင့်ချက် ကင်းမဲ့စွာ ငြိမ်သက်တိတ်နေ သောအချန်၌ ထိုအသံသည် ကျယ်လောင်လှ၏။ အလွန်အမင်း ငြိမ်သက်ခြင်းဒဏ်ကို မခံနိုင်သည့် အလား ကတုန်ကယင် ခြောက်ခြောက်သွေ့သွေ့နှင့် "ရန်မျိုးသိန်း" ၏ အသံထွက်လာသည်။ "ဘကြီး အောင် ဘာလုပ်နေတာတုံး၊ ငါ ဓားသွေးနေတာ၊ ဗိုလ်ခ လျှာကို သွားဖြတ်မလို့" ဘကြီးအောင် စကား၏ဖြေသံ ကို အားလုံးက သဘောကျသွား၏။

"ပြုံးချို"မှစ၍
"ကောင်း...ကောင်း" ဟူ၍ အော်ဟစ်သည်။ အားလုံးကလည်း တစ်ပြိုင်နက် "ဖြတ်မယ်၊ ဖြတ်မယ်" ဟူ၍ အော်ဟစ်ြုကသည်။ စံ-ဇာဏီဘို က သူများအော်၍ မအော်နိုင်။ ချောင်ကုပ်၍ မှိုင်တွေချနေသည်။ ပါးစပ် ကိုလည်း လုံအောင် ပိတ်ထားသည်။ လျှာကိုလည်း မကြာခဏစမ်းမိ၏။ အင်း... "ဒီလောက်စိတ်ကြီးနေ တဲ့ လူတွေ မနက်ကျရင် ထောင်ဖွင့်၊ ဆရာခ လျှာမဖြတ်ခင် ငါ့လျှာလာဖြတ်ရင်ဖြင့် ဒုက္ခ၊ တောက်... စကားကြီး စကားကျယ် တယ်ပြောချင်တာကိုး" နောင်တများ ရင်မှာပိုက်၊ လျှာကို ဟိုထိုးဒီထိုး လုပ် လိုက်၊ ပါးစောင်ထိုြးုကည့်လိုက်၊ အပြင်သို့ လျှာ ကို အတန်ငယ်ထုတ်ကြည့်လိုက်နှင့် မနက်တွင် ရှိ၊ မရှိ မသေချာလှ သည့် လျှာအား နှမြော်တသစွာဖြင့် ပါးစပ်တွင် လုံခြုံစွာ သိမ်းကာ အိပ်စက်လိုက်သည်။ မနက်မိုးမလင်းသေး။

အားလုံးရွစိရွစိနှင့် ဆူညံနေကြသည်။ နံနက်စာစားရန်လည်း မရှိတော့။ သွား တိုက်ဆေးဘူး၊ သွားပွတ်တံ၊ စားစရာ ပစ္စည်းမှန် သမျှ ဟိုလူပေး၊ ဒီလူပေး၊ ဟိုလွင့်ပစ်၊ ဒီလွှင့်ပစ်နှင့် ရေကို ပလုတ်ကျင်း ပွတ်စရာ ဆားပင် အခန်းအတွင်း မကျန်။ ထောင်ဖွင့်လေသော် စံ-ဇာဏီဘိုသည် ပါးစပ်ကို လက်ကိုင်ပဝါစည်း၍ ထွက်လေသော်....
"အောင်မာ... ဗိုလ်အောင်ဒင် လိုလို၊ ချေးကျုံးကုလား လိုလို လာစမ်း" ဘကြီးအောင်က လှမ်းခေါ်သည်။ သူ့လက်တွင် လည်း ထက်မြက်လှသောဓား၊ သည်အတိုင်းတော့ လျှာဖြတ်မခံ။ တိုက်ကိုပတ်ကာ ဟိုပြေး သည်ပြေး လုပ်လေတော့သည်။ ပြုံးစိစိနှင့် ထောင်မှူးဦးထွန်းထွန်းဦး ရောက်လာမှ သက်သာ ရာရတော့သည်။ ဦးထွန်းထွန်းဦး က ဟိုဘက် ၃ တိုက်မှာတော့ ဆူကုန်ပြီ။ ဆရာခလည်း လျှာမရှိတော့ ဘူး။ "ဟာ ဒီလောက်တော့ လည်း မလုပ်သင့်ပါဘူး" ထိုစကားကြားလေသော် အားလုံ စိတ်မကောင်းဖြစ်သွားသည်။ စံ-ဇာဏီဘိုလည်း ကျောချမ်းသွားသည်။

"ဟာ... ဒါတော့ မလုပ်သင့်ဘူးထင်တယ်" အားလုံးက ပြောသည်။
"နောက်တာပါဗျာ၊ ဘာမှ မဖြစ်ပါဘူး၊ ဆရာခ မမှားပါဘူး၊ ရဲဘက်စခန်းက လူတွေတချို့ လွတ်ဝရမ်းနဲ့ လွတ် ကုန်ကြတယ်၊ နှစ်ကြီး သမားတချို့လည်း အထူးလျှော့ရက်တွေ ပေးတယ်၊ လွတ်ငြိမ်းချမ်းသာတော့ မရဘူး၊ ဒါပေမဲ့ လွတ်နည်းတွေ တော်တော်များများ လွတ်သွားတယ်၊ နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီး လက်မှတ် နဲ့ ထုတ်တာ" "ဆရာခအား မှားသည်ဟု မည်သူမျှ မဆိုတော့။ အလွန်စိတ်ကြီးသော ဆရာခသည် ထိုနေ့မှစ ၍ စကားမပြောတော့။ အခန်းဘေး၌ ရှိသော မောင်မောင်ဦးနှင့် တစ်ဆင့်ခံပြောနေရ၏။

"ကိုမောင်မောင်ဦး၊ ဆရာခ က လျှာမရှိတော့ ဘယ်လိုပြောတုံ၊ ဆေးရှိတယ်လေ လျှာကိုပြန်ထွက် တဲ့ ဆေးရှိတယ်" "ဟာ ဆိုပါဦး၊ လူအများက မေးနေသော် အင်္ဂလိပ်လို ထရစ်ဖစ်(5) ဖိုက်ဖိုက်ဖိုက်၊ မြန်မာ လို ဆိုဗျာ  ဆေးလိပ် အဲဒါလေးရှိရင် စကားပြောတာဗျ"
ဤသို့ဖြင့် နွားဆေးလိပ်သောက် ရင် လျှာတို၍ ငါးသုံးလုံးဆေးလိပ်သောက်ရင် လျှာပြန်ထွက်သော မင်းသိင်္ခ သည် တစ်နေ့သ၌ ထောင်ကြီး တစ်ခုလုံး လှုပ်ခါသွားသည့် ဟောကိန်းကို ထုတ်ပြန်ကြေငြာပြန်သည်။ ဤဟောကိန်း ၏ အဆုံးတွင်ကား ထုံးစံအတိုင် ဂိုဘီသဲကန္တာရကြီးပါလာပြန်သည်။

ဆရာမင်းသိင်္ခနှင့် ကြိုးသမား မြဂေါင်

ကြိုးစင်တွင်ရှိသော စက်ခလုတ်များကို ဆီထိုးနေသည်။ မြဂေါင်၏ အလေးချိန်နှင့် ညီမျှသော သဲအိတ်ကို ချိတ်ဆွဲ ထားသော လည်ပင်းတွင် ကွင်းအလျှော်စွပ်၍ ကြိုးတန်းလန်းကျကာ သေစေမည့် ကြိုးသည် လည်း ဖြောင့်တန်း ကျစ်လျစ်နေ၏။ မြဂေါင်အား ကြိုးပေးရန် ၄ ညသာ ကျန်တော့သည်။ အသက်အရွယ်ကြီးရင့်နေကြသော ဝါဒါအိုကြီးများသည် နေ့စဉ် ဘာသာရေးဆိုင်ရာတရားများ လာရောက်ဆွေးနွေးပေး ကြသည်။ ထူးခြား သည်ကား ကြိုးသမားကိုမြဂေါင် သည် သေခါနီး မီး နောက်ဆုံး   တောက်လောင်မှု၊ ဇီဝလောင်စာ ၏ ကောင်းမှုကြောင့် ပြန်လည် လမ်းလျှောက်လာနိုင်၏။ ချည့်၍ တွဲခေါ်ရာ မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ရေချိုးကန် ဆင်းသော ကိုမြဂေါင် ကို ကြည့်၍ ကြိုးသမားအားလုံး စိတ်မကောင်းဖြစ်ကြသည်။ ကြိုးကွင်း ကို လည်ပင်းတွင် စွပ်၍စက်တိုင်တွင် တပ်ကာ လည်ပင်းတန်းလန်းနှင့် သေဆုံးရခြင်းမှ တစ်ပါး အခြား လမ်းမရှိသည် ကို သိသော ကိုမြဂေါင် သည် အားလုံးကို ပြုံးရယ်နှုတ်ဆက်၏။

စင်စစ် ကိုမြဂေါင် သည် လူမိုက်လူဆိုးတစ်ဦး မဟုတ်။ အိမ်တစ်ခုလုံးရှိ မိသားစုတစ်ယောက်မကျန် အသက်၈၀ကျော် အဘွားမှ အစ ပုခက်အတွင်းရှိကုန်သော လူတို့ တစ်ယောက်မကျန် သတ်ဖြတ်သော သေဒဏ်ပေးခံ ရမှုသည်ကား ဝတ္ထုတစ်ပုဒ်ရေး၍ ဆုံးမည်မထင်။ ဆရာမင်းသိင်္ခသည် ကိုမြဂေါင် ၏ ဘဝဇာတ်ကြောင်း ကို လွန်စွာစိတ်ဝင်စားသည်ဖြစ်ပေရာ တစ်နေ့လျှင် ကိုမြဂေါင်အကြောင်း စာဖွဲ့ရေး သားမည် ဟူ၍ တေးမှတ်ကာ အခွင့်အခါရတိုင်း မကြာခဏရင်းနှီးစွာ စကားပြောလေ၏။ ဆရာမင်းသိင်္ခနှင့် ကြိုးသမား ကိုမြဂေါင် တို့သည် လွန်စွာရင်းနှီးကြကုန်၏။ ရေချိုးဆင်းရင်း ၃ တိုက် အနောက်သို့ရောက်လေသော် ကိုမြဂေါင် က အသံဝါကြီးနှင့် "ဆရာခ ကျွန်တော်သွားတော့မယ် နှုတ်ဆက်ပါတယ်"ဟူ၍ အော်ဟစ်သည်။ "ကိုယ်လူ မြဂေါင် မင်းမသေဘူး၊ မနက်ဖြန်လွတ်မှာ" အလွန် ပီသရှင်းလင်း ၍ ရင်ခေါင်းထဲမှ ထွက်ပေါ်လာသော သြဇာကြီးမား လှသော အသံနှင့် ဆရာမင်းသိင်္ခ ၏ အော်ဟစ်ပြောကြားသံ ကြားလေသော် အားလုံး ဝမ်းသာ သွားသည်။

"ဒုန်း.... ကြိုးစင်ဘက်မှ ကျယ်လောင်လှသောအသံထွက်သွားသည်။ ကိုမြဂေါင်းအစား ချိတ်ဆွဲထားသည့် အလေးချိန် ညီ သဲအိတ်ကြီး သည် ချည်နှောင်ထားသောကြိုးမှ လျှော့ကျကာ အောက်သို့ကျသွားသည်။ "မြဂေါင် မသေဘူး တဲ့။ မနက်ဖြန်လွတ်မယ်တဲ့" ဤစကားတို့သည် တောမီးပမာ ထောင်အတွင်း ပျံ့နှံ့သွားသည်။ အငြိမ် မနေတတ်သော မောင်မောင်ဦးနှင့် တကွ မိုးမြတ်သူ၊ ကျော်ဇေယျ၊ ဆန်နီ လူငယ်တစ်သိုက်တို့က "ကြိုးသမားမြဂေါင် မသေဘူး၊ နက်ဖြန်လွတ်မယ်၊ မှားရင် လျှာဖြတ်ပြီး ဂိုဘီသဲကန္တာရထဲ ပစ်ရမယ်"ဟူ၍ လှမ်းပြော သည်။ ဘိုဘိုဦးသည် ထောင်ဝင်စာမှန် သလို ဝါဒါများနှင့်လည်း အလွန်ပနံသင့်လှသည်ဖြစ်ပေရာ စီးကရက်၊ ကွမ်းယာ ဝယ်စား၊ အပြင်လောက အစားအသောက်များ အမြဲမပြတ်ရှိသူ ဖြစ်သည်။ ဆရာခကိုလည် လွန်စွာ ချစ်ခင်လေးစား သူဖြစ်ရမည်။ လွတ်မည်ဟူ၍ လျှောက်ပြော၏။ နိုင်ငံတော်အပေါ် လွတ်ငြိမ်း ချမ်းသာခွင့် ရှိပြီးသား ဟူသော  အတွေးဝင်ကာ ကျော်သူရ အားလုံးသော လူငယ်များမှ စားသောက်ဖွယ်ရာ များ ပို့ပေးလေတော့ သည်။ မောင်မောင်ဦး က ပြောသည်။ ဒီတစ်ခါကျရင် တစ်တိုက်က မြေကြီးတော်ဆဲသွား၍ အားလုံး က သဘောကျကြသည်။ ဗာဒံရွက်ခပ်စိုစို ၁ ရွက်ကိုခူးစေ၍ သံချွန်နှင့် ခပ်ပွပွဤသို့ရေးလေ၏။

"မြဂေါင်မသေ၊ ဆရာခဟော
မနက်ဖြန် လွတ်
မဖြစ် လျှာဖြတ် ဂိုဘီပစ်
နိုင်ငံတော်လာမည်ထင့်"


ဤစာသား တို့ကို ဗာဒံရွက်ပေါ် ရေး၍ တိုက်အတွင်း ပို့၏။ ဤဒေသတွင် ဗာဒံရွက်ကို စာရေးစက္ကူအဖြစ်သုံး၏။ ဓားအချွန် သံအချွန် တို့နှင့် ရေး၏။ မှတ်သင့်သော စာများကို ပလတ်စတစ်တွင် သံချွန်နှင့်ရေး၍မှတ်၏။ (၁)တိုက် မှ သန်းထွန်းအောင် ပြန်လာလေသော် ကြွပ်ကြွပ်အိတ်အတွင်း မုန့်တွေပါ၍ "နေပြည်တော်ကြီး ဝမ်းသာနေ တယ်၊ နိုင်ငံတော်လာရင် အပြင်ဟိုတယ် က တရုတ်အစားအသောက်တွေကို  table လိုက်ကျွေးမယ် လို့ တောင်မှ ပြောလိုက်သေးတယ်"
"tomorrow is tomorrow" လာ ဒီနေ့ ဝါးထား ဟု ဆိုကာ နေပြည်တော်ကြီးထံမှ ရသော မုန့်တို့ကို ၃ တိုက်တစ်ခု လုံးဝေမျှကာ စားလိုက်ကြတော့သည်။ အားလုံး၏ ရင်ထဲတွင် ထူးထူးခြားခြား ရှိနေသည် မှာ မြဂေါင် ၏နှုတ်ဆက်သံနှင့် ဆရာခ၏ပြန်ပြောသံ၊ ထိုအသံတို့၏ နောက်ကွယ်တွင် အသံလိုင်းအားလိုင်းများပါနေ၏။ ကြားရုံမျှနှင့်ကြက်သီးထလောက် သည့် အသံမျိုးဖြစ်သည်။ ပုံမှန်ပြောဆိုကြခြင်း မဟုတ်။ မနက်ဖြန်သည်ကား .....

ဆရာခပြောမနက်ဖြန်

"ဟေး.... " ဟူးသောအသံကြီးသည် ၂ တိုက် မှ စတင်ထွက်ပေါ်လာသည်။ ၁ဆောင်၊ ၂ ဆောင် အစရှိသည့် အဆောင်များ မှလည်း ပျော်ရွှင်အော်ဟစ်သံများ ပေါ်ထွက်သည်။ ပုံစံခွက်များကို ခေါက်သူက ခေါက် ၊ သံတိုင်များ ကို တီးခတ်၍ ပျော်သူကပျော်။
"လွတ်ငြိမ်းချမ်းသာခွင့် တဲ့ဟေ့.... "ဟူသောအသံသည် တစ်တိုက်မှ တစ်တိုက်ပြောဆိုအော်ဟစ်ကြသည်။ အားလုံးပျော်နေကြ သည်။ မျှော်လင့်ချက်အပြည့်နှင့် စောင့်မျှော်နေစဉ်က မလာ မမျှော်လင့်သောအချိန် မှ ဗြုန်းခနဲ နိုင်ငံတော် က ကြေငြာလေသော် အကျဉ်းကျသူအားလုံးဝမ်းသာကြသည်။ မကြာမီ ထောင်ပိုင်များမှ လာ၍ လွတ်ငြိမ်းချမ်းသာခွင့် ကို ဖတ်ပြသည်။လူတော်တော်များများပျော်ကြသည်။

မပျော်နိုင်သည်က အားလုံး ကို လွတ်ပေးခြင်းမဟုတ်။ ကြိုးဒဏ် သေဒဏ်ပေးသူအား တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကျသူ က ထောင် ၁၀ နှစ်၊ ၁၀ နှစ်ကျသူက ၅ နှစ်၊ ဤသို့ ထက်ဝက်လျော့ကျခြင်းဖြစ်သည်။ အချုပ်ခံရသူများနှင့် ထိန်းသိမ်းခံရသူများ အဖို့ ဤအမိန့်အကျုံးမဝင်။ မြဂေါင်မသေတော့။ သေရန် ၂ ညအလို တွင် ကြိုးဒဏ် မှ လွတ်သည်။ ကျွန်းသမား မြဂေါင်အဖြစ် တစ်သက်တစ်ကျွန်းသို့ ပြောင်းသည်။

မနက်ဖြန် လူတော်တော်များများ လွတ်ကြပေမည်။ ထောင်ဒဏ် ၂၅ နှစ်ကျသော နေပြည်တော်သည်ကား ထက်ဝက်လျှောခြင်း ကို အပြည့်အဝရရှိမည်။ နောင်တစ်ခါ နိုင်ငံတော်ပါလာပါက လွတ်ရန်တည်။ ငါးသုံးလုံးဆေးလိပ်သောက် ရန် မလိုပဲ ဆရာခ၏လျှာသည်လည်း ပြန်လှုပ်ရှား၏။ ၁၀ (က) အကျဉ်းသား များသည် ကား တိုက်ထဲတွင် ပျော်ရွှင်စွာ ကျန်ရစ်ခဲ့သည်။ ကြိုးတိုက်တွင်လည်း လူမရှိတော့။ ကြိုးသမား တို့သည် တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကို ပြောင်းလဲခံယူကာ တန်းစီးများ အခန်းလူကြီးများအဖြစ်သို့ ကူးပြောင်း သွားလေသည်။ ယခင်က ကြိုးသမား ကိုမြဂေါင် သည် "တန်းစီးမြဂေါင်" ဟူသောအမည်နှင့် အဆောင်၃ တွင် သြဇာ အရှိန်အဝါကြီးမားလှ၏။ ချည့်နဲ့သော ခြေအစုံသည်လည်း ပြန်ကောင်းသွား၏ ကတိတည်သော နေပြည်တော်သည်ကား.......
ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်

စံဇာဏီဘို
ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာလ.. ၂ဝ၁၂
.

8 comments:

Nyi Linn Thit said...

ဆရာ စံဇာဏီဘိုရဲ့ စာတွေဖတ်ရတာ ထောင်ထဲက အတွေ့အကြုံတွေ အများကြီး သိရပါတယ်၊ အထူးသဖြင့် နာမည်အရင်းတွေနဲ့ ရေးလို့ ပိုပြီး အသက်ဝင်လှတယ်၊ ဆရာ့စာတွေကို အဆင်ပြေတဲ့အခါတိုင်းမှာ ဆက်ပြီး တင်ပေးပါဦးဗျာ၊ အခုလည်း စက်တင်ဘာလထုတ်ကို ဇူလိုင်လ ကတည်းက ဖတ်ခွင့်ရနေတဲ့ အတွက် အမရွှေစင်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်...။

IDIOT-Ki said...

ထောင်တွင်း အတွေ့ အကြုံ အဖြစ်အပျက် အသုံးအနှုန်းတွေ သိရ ကြားရ တာ .. တမျိုးလေး အရသာ ရှိတာပဲ ..အဲဒီထဲမှာ ပါတဲ့ ဇာတ်ကောင်တွေ အားလုံး လွတ်လောက်ပြီ ထင်တယ်နော်.. မြဂေါင် တယောက်တော့ ကျန်နေအုံးမယ် ထင်တယ်....
ဆရာခက ဘာပုဒ်မနဲ့ ကျတာ တုံး.....

SHWE ZIN U said...

ဆရာခ က နိုင်ငံရေးပုဒ်မ နဲ့ ကိရေ

Anonymous said...

very nice post,,sis.
keep posting his post,
thnx...
Anne

Anonymous said...

ဖတ်လို့ကောင်တယ် အမရေ ကျေးဇူးပါနော်.
မေ

AMK said...

ဆရာ စံဇာဏီဘို ရဲ့  စာတွေ သိပ်သဘောကျတာပဲ ကျေးဇူးအစ်မကြီး

246810121416182022 said...

ကောင်းလိုက်တာဗျာ
ဆရာကြီးမင်းသိင်္ခရဲ့စာတွေလည်းတင်ပေးပါအစ်မရေ။

Anonymous said...

လလလ