Thursday, July 26, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၁)

”ဒါထက်နေစမ်းပါဦး။ ဥတ္တရအလင်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း”
ဆမ်မာဗီးလ်သည် စားပွဲရှင်းနေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်၏။ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ရင်းအချင်းကို ယနမကင်း ဖြစ်ပုံပေါက်နေသည်။ ဤအညတရ တောသားက သူ ထိပ်တိုက် တိုးနေ သည့် ပြဿနာကို လေဖမ်းတန်းချည် မှန်းဆနေလေပြီလား။
ကို ဆက်ဖတ်ရန်...

ထောင်တက်နေသော စရိတ်စကများ၊ မြင့်တက်လာသော လုပ်ခကြေးငွေများ၊ သူ့ကို အပြုတ်နှံနေ သည့် လက်ဝါးကြီးအုပ် လုပ်ငန်းရှင်ကြီးများ ကို တိုက်သွားရမည်။ ဒါက သူ့ပြဿနာ။ ဂျတ်ထန်နှင့် မစ်ဂ်ဟီးလ်တို့ လုပ်ငန်းချင်း ပေါင်းကြတော့မည်။ သတင်းစာလုပ်ငန်း လောကကို လက်ဝါးကြီး အုပ်ကြတော့မည်။ ဥတ္တရအလင်း ကို မဖြိုနိုင်၍ လူရယ်စရာ ဖြစ်ရသည်က တစ်မျိုး၊ တနင်္ဂနွေ မျက်လုံး ရှုံးရသည်က တစ်ဖုံ။ မြို့ရေးမြို့ရာ ပြုတ်လုတဲကာ ဖြစ်ရသည်က တစ်နည်း။ သူ့အဖို့ လုပ်ငန်းချဲ့နိုင်ချဲ့။ မချဲ့နိုင် စုန်းစုန်းမြှုပ်ဖို့သာ ရှိတော့သည်။ ဒါကလည်း သူ့ပြဿနာ။ ဆမ်မာဗီးလ် က ပေ့ကို စေ့စေ့စပ်စပ် ကြည့်သည်။

"ရှင်းနေတာပဲ။ စောင်ရေ များချင်လို့ပေါ့ဗျာ"
"အခုလည်း ခင်ဗျား စောင်ရေက နည်းတာမှ မဟုတ်တာ။ ပြန်တမ်း ဆိုရင် တစ်သန်းကျော် ရောင်းနေတာပဲဟာ"
"ဒီခေတ်လို အပြိုင်အဆိုင်ကြဲတဲ့ ကာလမျိုးမှာ ရှေ့မှာ မရောက်ရင် နောက်ကို ဆုတ်ရတော့တာဗျ"
"ခင်ဗျားအဖို့ ရှေ့ကို ရောက်တယ်ဆိုတာ ပြန်တမ်းစောင်ရေ တိုးရေး၊ မော်ကွန်းစောင်ရေ တိုးရေး။ ဒါပဲလား"
ပေ့သည် ဖြစ်ချစ်ရာဖြစ်၊ စိတ်ထဲရှိသမျှ ဖွင့်ချရပြီးရော သဘောဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက် သည်။
"ဆန်းစစ်ဂျာနယ်ထဲမှာ သတင်းစာလောကအကြောင်း ဆောင်းပါးတစ်ပုဒ်ပါတယ်။ ဖတ်လိုက်မိ သေးလား" ဟု မေးလိုက်၏။

"ဆန်းစစ်က တကယ်ကောင်းတဲ့ စာစောင်ပဲ။ ကျွန်တော်တော့ ဖတ်ခဲပါတယ်"
"အဲဒီဂျာနယ်မှာ စေ့စေ့စပ်စပ် သမာသမတ် ကျကျနန ရေးထားတဲ့ အစီရင်ခံစာ တစ်စောင် ပါတယ်။ ကောက်ချက်အချုပ်ကတော့ အသိဥာဏ်ရှိရှိ၊ မူဝါဒမြင့်မြင့်နဲ့ ထုတ်သတဲ့သတင်းစာတွေက လူပြိန်း ကြိုက်သတင်းစာတွေ အနက် အောက်တန်းအကျဆုံး သတင်းစာတွေက ၀ိုင်းဖိနေပြီတဲ့။ အဲဒီ သတင်းစာတွေ ဟာ ပြည်သူ့အကျိုးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ မဟုတ်ဘူးတဲ့။ ငွေရ ပြီးရော ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ သက်သက်ပဲတဲ့။ ပြီးတော့ အဲဒီ သတင်းစာတွေဟာ ကမ္ဘာမှာ အနုံဆုံး၊ အချာဆုံး၊ အောက်တန်းအကျဆုံး၊ အော့နှလုံးနာစရာ အကောင်းဆုံး သတင်းစာ တွေပဲတဲ့။ အဲဒီအထဲမှာ ခင်ဗျား ရဲ့ ပြန်တမ်းဟာ ခေါင်စွဲတာပဲတဲ့"
ဆမ်မာဗီးလ် က ပြုံးစေ့စေ့နှင့် အရေးမစိုက်သလို လုပ်နေသည်။

"ကျွန်တော်တို့ကို မလိုတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ သနားစရာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က လူထုကြီး ကို အကြိုက်တွေ့အောင် လုပ်တာပဲ။ ဧယဉ်ကျူးပေးတာပေါ့ဗျာ"
"သတင်းပုတ် သတင်းသိုး သတင်းဆိုးတွေကို ခွံ့ပြီးတော့ပေါ့လေ ..."
"သူတို့လိုချင်တာ ပေးတာပဲဗျ"
ပေ့က ခေါင်းကို သွက်သွက်ခါအောင် ရမ်းလိုက်သည်။

"မဟုတ်သေးပါဘူး။ လူသားတွေက ထင်သလောက် မမိုက်မဲကြပါဘူးဗျာ။ ကျွန်တော်တို့လူမျိုးကို ဒီလိုပစ်စလက်ခတ် သဘောထားလို့ ဘယ်ဖြစ်မလဲ။ သူတို့မှာ သတ္တိဗျတ္တိလို့၊ ရွှန်လန်းတက်ကြွမှုတို့၊ စေတနာတို့၊ စိတ်ကောင်း သဘောကောင်းတို့ဆိုတဲ့ အရည်အသွေးတွေ ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ အဲဒီ လူထုကြီးရဲ့ လေးပုံသုံးပုံ ဟာ ပညာမတောက်တစ်ခေါက် ဖြစ်နေတော့ ခင်ဗျားတို့ အရူး ဘုံမြှောက်လုပ်တာကို မပယ်လှန်နိုင် ဘူးပေါ့ဗျ။ သိပြီးသားတွေ ပြောမနေတော့ပါဘူးဗျာ။ ခင်ဗျားတို့ သတင်းစာတွေ မှာ သွေးသားသောင်းကျန်းမှုတွေ၊ ရာဇ၀တ်မှုခင်းတွေ၊ အာရုံနိုးဆွမှုတွေ၊ အသိမ် အဖျင်း အနုတ်စုတ် ဂုတ်စုတ်တွေ ပြည့်နေတာသက်သက်ကြောင့်သာ အန္တရာယ်ကြီးနေတာ မဟုတ် ဘူးဗျ။ အယုတ်ညံ့ဆုံး အစွဲတွေ၊ အကြိုက်တွေ ကို ပညာသားပါပါ မီးလောင်လေပင့်လုပ်ပြီး ခင်ဗျားတို့ကို ဆန့်ကျင်သူတွေ  အပေါ်ကြီး ပက်ပက်စက်စက် အပြစ်ဖို့နေတာကြောင့်လည်း အန္တရာယ်ကြီးနေတာဗျ။ ကျောမွဲ နလပိန်းတုံးတွေကို အရက်ပုန်းရောင်း လိုက်ချင်သေးတယ်။ ဒီလို အလုပ်မျိုးနဲ့တော့ အဆိပ်အတောက်ဖြစ်အောင် မလုပ်ချင်ဘူးဆိုတဲ့ ၀န်ကြီးချုပ် ဘဲလ်ဖိုး ရဲ့ စကားကို မှတ်မိတယ် မဟုတ်လား။

ခင်ဗျားတို့ရဲ့ ကဇော်ပေါက်အောင် ပုပ်သိုးနေတဲ့ စာဆိုးပေဆိုး တွေနဲ့ ဒီလိုသာ နှစ် ၅၀လောက် ဆင်ကန်းတောတိုး လုပ်နေရင် လူတွေ ပိတ်ပိတ်သား နလပိန်းတုံး ဖြစ်ကုန်ကြတော့မှာပဲ။ ခင်ဗျားတို့ လက်ထဲက လက်နက်ဟာ ဘယ်လောက်အစွမ်းထက်သလဲဆို တာ ခင်ဗျားတို့ အသိဆုံးပါ။ ဘာဖြစ်လို့ အဲဒီလက်နက်ကို အကျိုးရှိရှိ မသုံးနိုင်ရတာလဲဗျ။ ဒီနေ့ တိုင်းပြည်မှာ ဥာဏ်ရှိရှိ၊ မူရှိရှိ သတင်းစာတွေ အလိုကြီး လိုနေတယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။ သေမင်းနဲ့ မိတ်ဖွဲ့နေရတဲ့ စစ်ကာလမှာတောင် ကျွန်တော်တို့ ကြီးကျယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ  တော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ စိတ်ဓာတ်အရရော ကျွန်တော်တို့ ဖြူခါ ပြာခါ ကျခဲ့ တယ်။ ဒါယာယီပဲလို့တော့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုန်းထွက်နိုင်မှာဗျ ... မထွက်ရင် ..."
ပေ့ အာခြောက်လာသည်။ ဆက်ပြောစရာ စကားလုံးရှာ မတွေ့တော့။ အမြင်ကပ်ကပ်ကြည့်နေ သည့် ဆမ်မာဗီးလ်က ပေ့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသော စိတ်အားငယ်ဟန်ကို အကွက်ကောင်းယူကာ ချော့ချော့မော့မော့ လေသံပျော့ပျော့ဖြင့် ပြောသည်။

"ဒီမှာ မိတ်ဆွေကြီးရယ် ... ခင်ဗျား သဘောထားကိုလည်း သိပါတယ်လေ။ ဒါပေမဲ့ အချိန် ကလည်း သိပ်မရှိလှဘူးဗျာ။ တိုတိုပဲ ပြောကြစို့ရဲ့။ ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ဈေးကောင်းပေးထားတာပဲဗျာ။ အကျပ်မကိုင်ပါဘူး။ လက်ခံနိုင်မလားဆိုတာ ပြောဖို့ပဲ ရှိပါတယ် ဗျာ။ ရောင်းဖို့ဆုံးဖြတ်ရင်တောင်မှ ခင်ဗျားအလုပ်ဆက်လုပ်ချင်စိတ် ရှိချင်ရှိဦးမှာပေါ့။ ခင်ဗျား ရေးတဲ့ ခေါင်းကြီးပိုင်းတွေက ဝေေ၀ဆာဆာ ရှိပါတယ်"
"မလုပ်ချင်တော့ပါဘူးလေ။ ရောင်းရင်လည်း လုံးလုံး။ မရောင်းရင်လည်း လုံးလုံးပဲ"
"ဒါဖြင့်လည်း လုံးလုံးရောင်းပေါ့ဗျာ"
ဟင်နရီပေ့သည် ဆမ်မာဗီးလ်ကို မကြည့်နိုင်တော့။ ခေါင်းပင်မမော့နိုင်တော့။ သူ ရှုံးပြီး။
"စဉ်းစားလိုက်ဦးမယ်ဗျာ။ ၃၊ ၄၊ နာရီပေါ့။ နေ့လယ်ကျတော့ ဖုန်းဆက်လိုက်ပါ့မယ်"
ဆမ်မာဗီးလ်က မတ်တတ်ရပ်လိုက်သည်။

"ကောင်းပါပေ့ဗျာ။ မျှော်နေပါ့မယ်"
ပေ့ အခန်းထဲမှ ထွက်လာခဲ့သည်။
မိုးတဖွဲဖွဲ ရွာနေ၏။
ပေ့သည် မနေ့နေ့လယ်ပိုင်းကတည်းက ဘာမှ မစားရသေး၍ ဆာလာသည်။ နှလုံးကလည်း တဒိန်းဒိန်း ခုန် လာသည်။ အက်ရှိလေ ပန်းခြံအနီးသို့ အရောက်တွင် ရင်ထဲက နာလာသည်။
လွန်ခဲ့သည့်လပိုင်းမှစ၍ လက်ဝဲဘက် လက်တစ်လျှောက်နာကျင်သော နှလုံးရောဂါ လက္ခဏာများ ပေါ်နေသည်။ ယခု နာကျင်မှုက ထူးခြားသည်။ ရင်ဘတ်တစ်ပြင်လုံး နာကျင်ခြင်း ဖြစ်သည်။ နံရိုး များကို ပြုတ်တူကြီးဖြင့် ညှပ်ထားသည့် အလား တအားကုန် နာကျင်ခြင်း ဖြစ်သည်။ အသက်ရှူရုံ လှုပ်ရှားမှု လောက်ပင် မရ။ ချွေးသီးချွေးပေါက် ထွက်လာသည်။ ဝေဒနာက ပြင်းလှ၏။
ခိုနားစရာ မရလျှင် လူပုံလယ်တွင် ခွေယိုင်လဲကျတော့မည့်အခြေသို့ပင် ရောက်လာသည်။ မနည်း ကြိုးစားပြီး ဘုရားရှိခိုးကျောင်းထဲသို့ ၀င်သည်။ အတွင်းသို့ ရောက်သည်နှင့် ခုံတန်းလျားများပေါ် တွင် ခွေကျသွားတော့ သည်။

ခဏကြာမှ သက်သာလာ၍ အိတ်ထဲမှ ဆေးတောင့်နှစ်တောင့်ကို ချိုးပြီး ရှူလိုက်သည်။ ဆေးပြား တစ်ပြားကိုလည်း မြိုချလိုက်သည်။ မိနစ် ၂၀ခန့်ကြာမှ ထထိုင်နိုင်တော့သည်။ ရင်နာပျောက်သွား သည်။ မသေရုံ တစ်မည် ကျန်သည်။ အသက်နှင့်ကိုယ် အိုးစားမကွဲသည်မှာ အံ့တစ်ပါး ဖြစ်နေ တော့သည်။
ဘုရားရှိခိုးကျောင်း ထဲတွင် လူသူလေးပါး ကင်းဆိတ်နေ၏။ သီလရှင် လားတော့ မသိ။ အ၀တ်နက် ၀တ်ထားသော အမျိုးသမီးတစ်ဦးသာ ရှိနေသည်။ ထိုအမျိုးသမီး ၀တ်ပြုနေချိန်တွင် ကော်ရာကို သတိရ လိုက်မိလေ၏။ ကော်ရာ့ ရုပ်သွင်ကိုလည်း မြင်ယောင်နေမိလေ၏။ ကော်ရာတစ်ယောက် သောကပွားစရာ မလိုတော့။ စိတ်ချလက်ချနေနိုင်ပြီ။ ပျော်နိုင်ရွှင်နိုင်ပြီ။
ယုတ်စွအဆုံး အရှုံးထဲမှ ဖြေစရာတစ်ကွက်ရလိုက်သည်။ တစ်သက်နှင့်တစ်ကိုယ် ဤသို့သော စိတ်လှုပ်ရှားမှုမျိုး ကို တစ်ခါမျှ မခံစားခဲ့စဖူး။ မမီတဲ့ ပန်းးကို လက်လှမ်းမမီသော ကြည်နူးနှစ်သက် မှုကို သူတစ်သက်လုံး ရှာခဲ့သည်။

ယခုမှ ပြည့်ဝပေတော့၏။ သောမနဿတော့ မဟုတ်။ ခါးသီးသလိုလို ချိုမြိန်သယောင်ယောင် အရသာ။
ခဏအကြာတွင် ပေ့ ထရပ်နိုင်လောက်အောင် သက်သာလာသည်။ လမ်းပေါ်သို့ တက်ခဲ့သည်။ ဟိုတယ်သို့ အငှားကားဖြင့် ပြန်လာခဲ့သည်။ အခန်းထဲတွင် နေ့လယ်စာ မှာစားသည်။ စားသောက် ပြီးနောက် နာရီဝက်ခန့် နားနေလိုက်၏။
ဆမ်မာဗီးလ်ထံ ပေ့ တယ်လီဖုန်း ဆက်သည်။ ဆမ်မာဗီးလ်မရှိ။ အတွင်းရေးမှူးကို မှာထားခဲ့သည်။ နက်ဖြန် ညရထားဖြင့် ဟက်ဒယ်လ်စတန် ပြန်မည်။ နောက်တစ်နေ့နံနက်တွင် စာချုပ်လက်မှတ် ရေးထိုးမည်ဟု ...။

ကိစ္စပြီးပြတ်သွားပြီဖြစ်၍ ဝေေ၀၀ါးဝါး ဖြစ်နေသော သူ့စိတ်အာရုံထဲတွင် စလီဒန်အတွေးသည် လင်းလင်း ထိန်ထိန် အရာဝတ္ထုတစ်ခုပမာ ပေါ်လာသည်။ ယခုကိစ္စကို ဘာမျှ မသိသေးသော ဒေးဗစ် ကို တွေ့ချင်စိတ်က ကော်ရာ ကို ပြေးတွေ့ချင်ဇောက ပိုသည်။ ကော်ရာ တစ်ယောက် သောကဗျာပါဒ ပြေပျောက်စေလေအောင်။ ကော်ရာတစ်ယောက် စိတ်ချမ်းသာ မှု ပြန် ရစေလေ အောင်။

(၁၂)

ထိုဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ပေ့ ဟိုတယ်သို့ ပြန်လာသည့်အချိန်လောက်မှာပင် ဟက်ဒယ်လ်စတန် တွင် ညေးလည်း တိုင်းကာဆယ်မြို့မှ ရထားဖြင့် ပြန်လာသည်။ တိုင်းကာဆယ်တွင် ညေး ပျော်ပျော်ကြီး အချိန်ဖြုန်းခဲ့သည်။ ထိုနေ့နံနက်ပိုင်းက ပေ့ လန်ဒန်သို့ ထွက်ခွာသွားခြင်းကို အလျဉ်းမသိသေး။
"ဒီမှာ ... စမစ် ... နေ့လယ်ကျရင် ပေ့ ဖုန်းဆက်မှာ သေချာတယ်။ ခပ်မြှောက်မြှောက်ကလေး ပြောပြီး လက်မှတ် ထိုးအောင်သာ လုပ်ခဲ့ပေတော့"
ဟု တစ်ဘီးလှိမ့်လေသံဖြင့် စမစ်ကို အခါပေးခဲ့သေးသည်။
"ခင်ဗျားကကော" စမစ်က မေးသည်။

"ဦးနှောက်ရှိစမ်းပါ ကိုယ့်လူရ။ ကျွန်တော့် မြင်ရ သူ ကျွဲမြီးတိုရုံရှိတော့မှာပေါ့။ သူ ဆက်ဆံချင်တာ ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။ တိုင်းကာဆယ်လည်း ကျွန်တော် သွားစရာရှိနေသေးတယ်လေဗျာ"
"ဘာကိစ္စ"
"ဆံပင်ညှပ်၊ လက်သည်းညှပ် အလည်အပတ်ပေါ့ဗျာ"
ညေးသည် ကမ္ဘာပျက်တောင် မျက်တောင်တစ်ချက်မခတ်သော ဂိုက်မျိုး ဖမ်းထားခဲ့သည်။ သို့သော် တစ်နေ့လုံး ရင်တမမ တင်တကြွကြွ ဖြစ်နေခဲ့သည်။ တိုက်ခွဲရုံးထဲသို့ အ၀င်တွင် ကတုန်ကယင် ဖြစ် လာသည်။ ရပ်ပြီး စီးကရက် တစ်လိပ် သောက်လိုက်ရသေးသည်။ ပြီးမှ ခြေလှမ်းအရှိန်လျော့ကာ စိမ်ပြေနပြေ လျှောက် ၀င်လာခဲ့သည်။

လေးထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ သူ့ရုံးခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ သည်။
"ဘာ သတင်းထူးလဲဟေ့" တိုက်ခွဲသို့ ၀င်လာရင်း မေ့လေ့ရှိသည့်အတိုင်း ပီတာကို မေးလိုက်၏။
"မော့စဘန်းက မစ္စတာစမစ် ဖုန်းခေါ်နေတာ ခဏခဏပဲခင်ဗျာ"
"ဆက်ပေးစမ်းကွာ"
ညေးသည် သောက်လက်စ စီးကရ် တစ်ပိုင်းတစ်စကို လုံးခြေလိုက်သည်။ နောက်ထပ်တစ်လိပ် မီးညှိပြန်သည်။ သွက်သွက် ဖွာရှိုက်နေသည်။
"ဧည့်သည်တစ်ယောက်လည်း လာသေးတယ် မစ္စတာ ညေး။ မစ္စတာ ပေ့ရဲ့ သားလို့ ထင်တာပဲဗျ" ပီတာက ပြောသည်။

"ဒီကို လာတယ်ဟုတ်လား"
"ဟုတ်ကဲ့ ... မစ္စတာညေး။ ကြည့်ရတာတော့ ကြောင်စီစီပဲ"
"အမြဲတမ်းပဲ ကြောင်နေတာပါကွာ။ နောက်တစ်ခါလာရင် ပြောစမ်း။ ငါ ကြည့်ရှင်းလိုက်မယ်"
"ကောင်းပါပြီခင်ဗျာ။ ဟဲလို ... ဟဲလို ... မစ္စတာစမစ်မာလား ခင်ဗျာ"
ညေးက တယ်လီဖုန်းစကားပြောခွက်ကို ကောက်ကိုင်လိုက်သည်။
"စမစ်လား ... ညေးက ... ဘာကြားသေးသလဲ"
စမစ်အသံ က ဒေါသ ချုပ်တည်းထားရသည့် လေသံပေါက်နေသည်။

"တစ်ခုခုတော့ ကြားရတော့မှာပေါ့။ မနေ့ညက ပေ့ လန်ဒန်ကို ထွက်သွားပြီ။ ဒီနေ့မနက် ဆမ်မာဗီးလ်နဲ့ သွားတွေ့ တယ်။ ဘာတွေ ဖြစ်ကုန်လဲတော့ ကျွန်တော်လည်း မသိဘူး။ ဂရီလီလည်း မရှိဘူး။ ဆမ်မာဗီးလ် ကလည်း အစည်းအဝေး တက်နေတယ်။ တစ်နေ့ခင်းလုံး ရုံးချုပ်သို့ ဖုန်းဆက် နေတာပဲ။ ခင်ဗျား လျှောက်လည်နေတာတော့ ဘယ်ကောင်းမလဲဗျာ။ အကုန်လုံး အိုးနင်းခွက်နင်း ဖြစ်နေတာပဲ"
မမျှော်လင့်သော သတင်းကို ကြားလိုက်ရ၍ ညေး မျက်နှာပျက်သွားသည်။
"ချာလုံနာ တစ်ယောက်ပဲ သိတယ်နဲ့ တူတာပဲ။ ပေ့က ဒီနေ့ စကားပြန်မယ်လို့ ကတိပေးသွားတယ်နဲ့ တူတယ်။ ချာလုံနာကတော့ ဟန်ကျလိမ့်မယ်လို့ ထင်နေတာပဲ။ ဒါပေမဲ့ သူလည်း မသေချာပါဘူး။ ကျွန်တော် သတင်းစောင့်နေတာ တစ်နာရီ ရှိနေပြီ။ အသည်းတောင် ယားလာပြီ"
ညေး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူ တွက်ကိန်းလွဲပုံကိုရော စမစ် အပြစ်ပုံချနေပုံကိုပါ ဒေါသ ဖြစ်နေမိသည်။ ဤအချိန်တွင် ကတောက်ကဆ ဖြစ်နေ၍ အကြောင်းမထူး။ နံရံကို စိုက်ကြည့်နေ သည်။ တအောင့်လောက် စဉ်းစားနေသည်။

"ခင်ဗျား လာခဲ့ပါလားဗျ။ နှစ်ယောက်ညှိရတာပေါ့"
စမစ် လိုလိုလားလား လက်ခံပုံကိုထောက်လျက် သူ့စိတ်အခြေအနေကို ညေး နားလည်လိုက် သည်။
"တယ်လီဖုန်း လာရင် ခင်ဗျားဘက်ကို လွှဲပေးဖို့ ပြောထားခဲ့မယ်။ တယ်လီဖုန်းနားကတော့ မခွာနဲ့ နော်။ မိနစ် ၂၀ အတွင်း အရောက်လာခဲ့မယ်"
ညေးက ပီတာကို လှည့်ကြည့်သည်။
"မင်းလည်း သွားပေတော့။ ဒီနေ့ အဖို့တော့ မလိုတော့ဘူး" ဟု ပြောလိုက်သည်။
ညေးသည် ပီတာထွက်သွားမှ အခန်းသို့ ပြန်သွားသည်။ စားပွဲစွန်းတွင် ထိုင်သည်။ စဉ်းစားသည်။ နာရီဝက်ကျော်ကြာမှ စမစ် ရောက်လာသည်။ ညေး ထင်ထားသည့်အတိုင်းပင် စမစ်တစ်ယောက် ကျီးကန်တောင်းမှောက် ဖြစ်နေသည်။

"မထူးသေးဘူးလား။ ကျွန်တော်တော့ မခံနိုင်တော့ဘူးဗျာ"
ပြောပြောဆိုဆို ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သားရေလက်ဆွဲအိတ်ကို ဒူးပေါ်မှာ တင်ထားသည်။ "အေးအေးပေါ့"
ညေးက အားပေးသည်။ သို့သော် သူကိုယ်တိုင်လည်း သိပ်တော့ မအေးလှ။ စိတ်ချောက်ချားနေ သည်။ ဤကိစ္စက ချောချောမောမော ဖြစ်မှပြီးတော့မည်။ ဆမ်မာဗီးလ်အတွက်ကြောင့်သာ မဟုတ်။ အရေးမလှလျှင် သူမျက်နှာပြ၀ံ့တော့မည် မဟုတ်တော့၍လည်း ဖြစ်သည်။ ယခုတော့ နောက်ဆုံးအဆင့်ရောက်လာပြီ။ သူပြုတ် ကိုယ်ပြုတ် နှံ ရတော့မည်။
သူတို့နှစ်ယောက်စလုံး တယ်လီဖုန်းခေါ်သံကို စောင့်နေကြသည်။ ညေးက စီးကရက်တစ်လိပ် မီးညှိပြန်သည်။ တစ်နေ့ခင်းလုံး သူ မီးခိုးဆက် စီးကရက်သောက်နေလေသည်။
"ခင်ဗျား ဘယ်လိုထင်သလဲ" စမစ်က မေးသည်။

"တိတ်စမ်းပါဗျာ။ ဒီကိစ္စပြောတာလည်း အပ်ကြောင်းထပ်နေပါပြီ။ တခြားကိစ္စကလေး ဘာလေးလဲ ပြောစမ်းပါဦး။ မိုးကြောင်း၊ လေအကြောင်း၊ မြာအကြောင်း၊ ဂျစ်ပစီတစ်ယောက်သမားအကြောင်း၊ ခင်ဗျားအကြိုက်ဆုံး ၀မ်းနှုတ်ဆေး အကြောင်း ... ပြောချင်တာသာ ပြောဗျာ"
ခဏတိတ်သွားသည်။
"တိုင်းကာဆယ်မှာ တော်တော် အလုပ်ဖြစ်ခဲ့ရဲ့လား"
စမစ်က လက်လျှော့ဟန်ဖြင့် မေးသည်။

"သိပ်ဖြစ်တာပေါ့။ ကြော်ငြာရှင်တွေ အားလုံးဆီရောက်ခဲ့တယ်။ စက္ကူစက်ရုံခွဲလည်း ရောက်ခဲ့တယ်။ ပဲ့တင်သံသတင်းစာက လက်ထောက်အယ်ဒီတာ ဟာရီဆန်နဲ့လည်း အကြာကြီး စကားစမြည်ပြော ခဲ့သေးတယ်။ ကိစ္စတွေ အားလုံး စီစဉ်ပြီးပါပြီ။ ပေ့နဲ့ ပြေပြေလည်လည် ဖြစ်လိမ့်မယ် ထင်ပါတယ်လို့ ပြောခဲ့တယ်။ ပေ့က နည်းနည်းတော့ အသာစီးရနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကြောင့် ထွက်ချင် နေပါပြီလို့လည်း ပြောခဲ့တယ်။ ဒါပြောရတာ လွယ်တာ မဟုတ်ဘူး။ ချွေးပြန်အောင်ကို လုပ်ရတာ ဗျ။ ဒါက အရေးကြီးတယ်။ ပဋိပက္ခဖြစ်တယ်လို့ ထင်ရင် လွှဲပြောင်းယူတဲ့အချိန်ကျတော့ ကျွန်တော် တို့ကို ဒုက္ခပေးနိုင်တယ်ဗျ"
ညေးက စီးကရက်တစ်ဝကြီး ဖွာရှိုက်လိုက်သည်။
"ဒါ ကျွန်တော့် သတင်းပဲ။ ခင်ဗျားသတင်းလည်း ပြောပါဦးလေ" ပြောသည်။

"ပြောပြီးပါပကောလား။ တစ်နေ့လုံး တယ်လီဖုန်းစောင့်နေပါတယ်ဆို။ စောင့်ရင်း မင်နီဆီကို စာအရှည်ကြီး ရေး တယ်။ အတူပြန်လာနေဖို့ ခေါ်တဲ့ စာပါ။ ဒီကိစ္စအဆင်ပြေသွားမှ ထည့်မှာပါ
စမစ်သည် ညေး မျက်နှာထားကို ရိပ်မိုပုံရသည်။ ခေါင်းကို လေးလေး တွဲ့တွဲ့ ရမ်းလိုက်သည်။
"ရယ်စရာ လို့ မထင်နဲ့ဗျို့။ ကျွန်တော်တို့က ခင်ဗျားလို မိန်းမ စန်းပွင့်တဲ့ကောင် မဟုတ်ဘူး"
စမစ် ဆက်မပြောနိုင်မီ ရုတ်တရက် တယ်လီဖုန်းခေါ်သံကြားရသည်။ နှစ်ယောက်သား တစ်ပြိုင်တည်း ထပြေးသည်။ ညေး က တယ်လီဖုန်းခုံသို့ အလျင် ရောက်သည်။
"ဟဲလို ... ဟဲလို ... ဟုတ်ပါတယ် ညေးပါ"
ချာလုံနာ ထံမှ သတင်းက တိုတိုနှင့် လိုရင်းသာ။ ညေးက စမစ်ကို မကြည့်။ စကားပြောခွက်ကို ချလိုက်၏။ တစ်မိနစ်ခန့် မျက်နှာသေကြီးဖြင့် ရပ်နေသည်။ တစ်မိနစ်လုံးလုံး စမစ် စိတ်ဒုက္ခရောက် နေသည်။ ပြီးမှ ...
"ပေ့ ညရထား နဲ့ ပြန်လာမယ်။ နက်ဖြန်သူ ပြန်ရောက်ရောက်ချင်း စာချုပ်လက်မှတ်ထိုးမယ်တဲ့" ဟု ပြောလိုက်လေ သည်။

"ဘုရားဂုဏ်တော်ပါပဲဗျာ"  စမစ်သည် ကုလားထိုင်ပေါ်သို့ ခွေချလိုက်သည်။ လက်ကိုင်ပ၀ါ စမ်းသည်။ မတွေ့။ နှုတ်ခမ်း ကို လက်ဖြင့် သုတ်လိုက်သည်။
"ခင်ဗျားက အတော်တော့ အသည်းထိတ်အောင် လုပ်တတ်တဲ့လူပဲဗျာ"
ညေးက ပြုံးလိုက်သည်။ စမစ် ပခုံးကို ကိုင်လိုက်သည်။
"ကဲ ... ခင်ဗျား အရက်တစ်ခွက်လောက်တော့ သောက်လိုက်မှ ဖြစ်လိမ့်မယ်။ လာပါဗျာ။ ကျွန်တော် တိုက်ပါ့မယ်" ဟု ဖိတ်ခေါ်သည်။
"မဖြစ်ဘူး ... မဖြစ်ဘူး။ ဒီအချိန်ကစပြီး တစ်သက်လုံး မသောက်တော့ဘူး။ ဒါသစ္စာဆိုတာပဲ"
"သစ္စာဆိုတာ ဟုတ်လား။ ဘယ်သူ့ဆီမှာ သစ္စာဆိုတာလဲ"
စမစ် ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။

"ကတိသစ္စာပြုတယ်။ ဒါပဲပေါ့ဗျာ။ ဘုရားမလို့ ဒီကိစ္စ အောင်မြင်ရင်ပေါ့ဗျာ"
ညေးက တစ်ချက်ကလေး မလှောင်။ စိတ်ကောင်းဝင်နေသည်။
"အို ... လာပါဗျာ"
တကယ်ပင် ညေး စိတ်ကောင်းဝင်နေသည်။ ရင်ထဲတွင် ပုစွန်ဆိတ်ခုန်သလို မြူးကြွနေသည်။ စမစ်ကို ဖက်လှဲ တကင်း လုပ်ဖော်ပင် ရနေသည်။
"ကျွန်တော်တို့ အောင်သေအောင်သာလေး စားကြရအောင်ပါဗျာ။ ဒီညက ကျွန်တော်တို့အဖို့ ညထူးညမြတ် ပဲဟာ။ ပျော်လည်း အတူတူပေါ့ဗျာ"
စမစ် ဝေသွားသည်။ မျက်နှာ လန်းလာသည်။ သူက အပြောရက်သည့် လူစားမျိုး မဟုတ်။
"အေးလေ ... နောက်ဆုံးအကြိမ် အဖြစ်ပေါ့"
သူတို့နှစ်ယောက်သာ ရုံးခန်းတံခါးပိတ်ပြီး ပန်းခြံလမ်းပေါ်သို့ ထွက်လာခဲ့ကြ၏။ သာသာယာယာ ညနေခင်း။ ကျေးငှက်သံက တီတီတာတာ။ လေချိုနုက အေးအေးမြမြ။ ရော်ရွက်ဝါတွေကြားမှ နေမှိန်မှိန်က လမ်းတွေ၊ အိမ်တွေ ကို ရောင်ခြည်ပက်ဖျန်းပေးနေသည်။ သာမန်အားဖြင့် ဒါမျိုးတွေ ကို ညေး အမှုထားလေ့ မရှိ။ ယခုမှ သတိပြုမိသည်။

ဟက်ဒယ်လ်စတန်ကလည်း အလှသားပါကလား။ ညေးသည် စိတ်ကောင်းဝင်သထက် ၀င်လာ သည်။ ဟက်ဒယ်လ်စတန်ကို ကိုယ့်မြို့ကိုယ့်ရွာကလေးလိုပင် သဘောထားလာမိသည်။ တစ်နေ့ နေ့တော့ ကိုယ့်မြို့ ကိုယ့်ရွာ ဖြစ်လာရပေလိမ့်မပေါ့။ ခြေဗွေပေါက်ပြီး ကမ္ဘာအနှံ့ရောက်နေသည့် အဖြစ်ကို သူ စိတ်ကုန်လာပြီ။ အသက် ကလည်း ၃၅နှစ် ရှိနေပြီ။ ငယ်တော့သည် မဟုတ်။ ခြေသလုံးအိမ်တိုင်လုပ်ကာ အလုပ်တစ်ခု ပြီး တစ်ခု ပြောင်းနေရခြင်းကိုလည်း ငြီးငွေ့လာသည်။ အခြေစိုက်ရန် စိတ်ကူးက မဆိုးလှ။ အဒေါ်လုပ်သူကို ဆိုင်ကလေး ရောင်းပစ်ခိုင်းပြီး သူနှင့်အတူ လာနေရန် ခေါ်ရကောင်းမလားဟုပင် စိတ်လိုလက်ရ ဖြစ်နေမိသည်။ အိမ်ထောင်ရက်သား ပြုဖို့တော့ စိတ်မကူးသေး။
ဖြုတ်ချည်းခဏပင် သူ့ကိုယ်သူ ဟက်ဒယ်လ်စတန်မြို့တော်ဝန်အဖြစ် မြင်ယောင်လာသည်။ စလွယ်ကြီး သိုင်းထားဟန်။ ဆိုးသွမ်း မိန်းကလေးဂေဟာ ဖွင့်လှစ်ပေးနေဟန်။ မိန့်ခွန်းပြောနေဟန်။ သူ့စကားသံကိုပင် ကြားလာရသည်။

"ဂုဏ်သရေရှိ အမျိုးကောင်းသမီးများနှင့် လူကြီးလူကောင်းများ၊ မြို့တော်သူမြို့တော်သားများ ခင်ဗျား။ ဆိုးသွမ်းမိန်းကလေးများကို ထိန်းသိမ်းထားမယ့် ဒီဂေဟာရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက် ကတော့ မိန်းကလေးတွေကို ထာဝစဉ် ဆိုးသွမ်းနေအောင် ဖန်တီးဖို့ပဲ ဖြစ်ပါတယ် ..."
ညေးသည် အော်ကြီးဟစ်ကျယ် ဟားတိုက်ပစ်လိုက်ချင်စိတ်ပင် ပေါက်လာမိလေ၏။
ခြင်္သေ့နီဟိုတယ်သို့ ရောက်ချိန်တွင် စမစ်က သူ့စာကို စာတိုက်ပုံးတွင် သေသေချာချာ ထည့်သည်။ စာသိမ်းသည့် အချိန်ကို မှတ်သည်။ စာအိတ်က ဧရာမအထူကြီး။ လွန်ခဲ့သည့် ရက်များအတွင်း ကျုံးရေးခဲ့သည့် စာများ။ သူသာ ရှိမနေလျှင် စမစ် စာအိတ်ကို နမ်းလားရှုံ့လား လုပ်ကောင်းလုပ် လိမ့်မည်ဟု ညေး ထင်မိသည်။
သူတို့ ဟိုတယ်ခန်းမထဲသို့ ၀င်လာကြသည်။ ပြတင်းပေါက်ဘေးနားတွင် ထိုင်ကြသည်။

"ဘာသောက်မလဲ"
"ဒီလောက် တိုက်နေမှတော့ ၀ီစကီခွက်ကြီးပေါ့ဗျာ"
စမစ်သည် လက်ဆွဲအိတ်ကြီးကို ယူမိအောင် ယူလာသေးသည်။ ဘေးတွင် အသာချထားသည်။ အိပ်ရာထဲ ယူသွားသည်အထိ အဖြစ်သည်းနေလေမလားဟု ညေး ထင်မိ၏။
"မောင့်စ်ဘန်းကနေပြီး စာချုပ်သုံးစောင် ရိုက်ယူလာခဲ့တာ။ တံဆိပ်တုံးတွေလည်း နှိပ်ထားပြီးပြီ။ ဒါကြောင့် တစ်နေ့လုံး တစ်ပိုက်ပိုက်လုပ်နေတာဗျို့။ ဘာတွေ ဘယ်လိုဖြစ်နေနေ။ ပေ့လက်မှတ် ထိုးပါ့မလားလို့ စိတ်တထင့်ထင့် ဖြစ်နေတာတော့ အမှန်ပဲ" ဟု စမစ်က ပြောသည်။
"ထိုးမှာပါ စမစ်ရဲ့။ ထိုးကို ထိုးမှာပါ"
သူတို့ အရက်ကိုယ်စီ သောက်ကြသည်။ ညေးက စားပွဲထိုးကို အရက်ထပ်မှာသည်။ ညစာမှာသည်။

"ကျွန်တော်တို့ အောင်အောင်မြင်မြင် ဖြစ်လိုက်တာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ ကျွန်တော်တော့ ပေ့ကို စိတ်ထဲက ကို မဖျောက်နိုင်ဘူး။ သူ့မျက်လုံးထဲကအကြည့်က ... သူ့ကို ကျွန်တော် သဘောကျတယ်ဗျာ"
ညေးက ၀မ်းဟာဟာနှင့် ၀ီစကီသောက်ထား၍ အာရွှင်နေသည်။ သားချော့တေး လေးတစ်ပုဒ်ကို လက်တန်းဖျက်၍ ဆိုလိုက်သည်။
ခင်ဗျားကြိုက်တဲ့ ပေ့ကလေး
သူ့အင်္ကျီက နွေးတေးတေး
ကျုပ်တို့တွေက ဒုက္ခမပေး
အအေးမိဖို့ သူ ဝေးသေး
"အတည်ပြောတာပါ။ ဒါပြောင်စရာ နောက်စရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဒါသာ ပျက်သွားရင် ခင်ဗျားနဲ့ လိုက် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး"
"ဘာကိစ္စမှာလဲ" "ဟိုညစ်တီညစ်ပတ် သတင်းကိစ္စမှာပေါ့"
"ဘုရားရေ ..." ညေးသည် စမစ်ကို ကြည့်လိုက်သည်။ ယခုကဲ့သို့ ကိုယ်လွတ်ရုန်းစကားမျိုးကို ကြားရတာ နားကြားပြင်း ကပ်သည်။

"ကျွန်တော်တို့ သတင်းစာဆရာတွေက အဲဒီလို ညစ်တီးညစတ်ပတ်သတင်းတွေ၊ အမြှူအဆွတွေနဲ့ စားသာနေ တာဗျ။ ခင်ဗျား မသိဘူးလား။ တိရစ္ဆာန်ရုံမှာ အစာကျွေးတာလိုပဲ။ သားစိမ်းငါးစိမ်းလည်း ဖြစ်ရမယ်။ သွေးရဲရဲ သံရဲရဲ ဖြစ်ရမယ်။ အနည်းဆုံးသွေးရောင်ဆိုးထားတဲ့ အသား ဖြစ်ရမယ်။ မုဒိမ်း ကျင့် သတ်သွားခြင်းဆိုတဲ့ လက်ပွေ့ ရောင်း သမားလေးတွေရဲ့ အော်သံကို ခင်ဗျား မကြားဖူးဘူး လား။ အဲဒါ သတင်းပဲ အစ်ကိုရေ့ ..."
"ဒါပေမဲ့ ပေ့ ပြောတာလည်း အရေးကြီးတာပဲဗျ။ သတင်းစာကျင့်ဝတ် အဆင့်အတန်းကို မြှင့်တင်ဖို့ ကတော့ လိုတာအမှန်ပဲ" "ဘယ်လို ပြုပြင်မှာလဲ" "ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့လိုဟာမျိုး ဖွဲ့ပြီးတော့ပေါ့ဗျာ"
"သတင်းစာလွတ်လပ်ခွင့်ကို ဒီမိုကရေစီနိုင်ငံမှာ ချုပ်ချယ်လို့ မရဘူး ဆရာကြီးရဲ့။ သောက်သုံးမကျ တာတွေ ပြောမနေစမ်းပါနဲ့။ အဲဒါ သတင်းပိတ်ပင်တာပဲ။ ဆင်ဆာလုပ်တာပဲ။ လူတွေက  ကျွန်တော်တို့ရေးတာတွေ မကြိုက်ရင် ဘာဖြစ်လို့ ၀ယ်ဖတ်နေကြသေးလဲ။ ကြိုးပေးခံရခါနီး ရာဇ၀တ်သား မနက်စာ မြိန်မြိန် စားသာလး ဆိုတာကို သိချင်တာက ဘယ်သူလဲ။ ကျွန်တော် နယူးယောက်မှာ ရှိနေတုန်းက ဆင်ဆင်ထောင် မှာ လူတစ်ယောက်ကို လျှပ်စစ်ဓာတ်နဲ့ ကွပ်မျက် တယ်။

သတင်းစာတစ်စောင်က ဘာရေးတယ်ဆိုတာ ခင်ဗျား မြင်စေချင်တယ်။ သတင်းထောက်က ကင်မရာအသေးကလေး ၀ှက်ယူသွားတယ်။ နောက်တစ်နေ့လည်းကျရော လျှပ်စစ်ကုလားထိုင် ပေါ်မှာ ကွပ်မျက်ခံရတဲ့ လူရဲ့ပုံကြီးကို သတင်းစာ အပြည့်ထည့်တယ်။ နောက်တစ်နှစ်ကတော့ အဲဒီ သတင်းထောက်ပဲ လူအုပ်ကြီးက ကိုယ့်တရားကိုယ်စီရင်ပြီး လူတစ်ယောက်ကို ကြိုးပေးတဲ့ သတင်းဓာတ်ပုံနဲ့ ဆုရသွားတယ်"
"ကြောက်စရာ ပါလား ညေးရယ်။ ကြောက်စရာကြီးပါလား။ ကျွန်တော် ပြောတာနဲ့ကို ကိုက်နေတာ ပဲ။ ကျွန်တော်တို့ လူထုကို ပညာပေးရမယ်ဗျ"
"ပြီးတော့ သတင်းစာလည်း ပြုတ်ကရော။ ဟုတ်လား။ အရည်မရ အဖတ်မရ တွေ့ကရာ ရှစ်သောင်းတွေ ပြောမနေစမ်းပါနဲ့ဗျ။ ဒီခေတ်မှာ လူထုဆိုတာလည်း နေ့စဉ် ဝေပုံကျ ဘိန်းလေးလို တာပါပဲဗျ။ မဟုတ်ရင် ဒီသောက်ကမ္ဘာကြီးမှာ နေနိုင်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ကမှ တကယ့် ဗြဟ္မစိုရ်ဝါဒီတွေဗျ။ ခင်ဗျားရဲ့ မိတ်ဆွေကြီး ပေ့လို သုစရိုက်သမားယောင်ယောင်တွေ မဟုတ်ဘူး"
"ဟုတ်ပါပြီ ညေးရာ ... ဟုတ်ပါပြီ။ ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တော့ စီမံခန့်ခွဲရေးဘဏ် မှာ လုပ်နေရတာ ၀မ်းတောင်သာမိပါတယ်။

ခင်ဗျားလည်း သိပါတယ်။ ကျွန်တော်က သိပ်သံယောဇဉ်ကြီးတယ်။ မိန်းမကိုလည်း သိပ်တွယ်တာတယ်။ သားနဲ့မယားနဲ့ နေချင်တဲ့လူစား။ ခင်ဗျား လုပ်သလိုဟာမျိုးတွေ လုပ်ရရင် အသည်းကွဲမှာ သေချာတယ်"
"သြော် ... ဒါဖြင့်လည်း ဘဲဥပဲ သွားကြော်နေချည်တော့ဗျို့။ သတင်းစာအလုပ်မှာ အသည်းနှလုံး ကိစ္စဆိုတာတွေ မရှိဘူးဗျ။ ဒီအသိကို ကျွန်တော် ငယ်ငယ်ကတည်းက ရလာတာ။ ကျွန်တော် သတင်းထောက်ပေါက်စ ဘ၀တုန်း က အမေရိကန် သတင်းဌာနက လေထီးသမားတစ်ယောက်ရဲ့ သတင်းကို ယူခိုင်းတယ်။ လူ့လင်းယုန်လို့ နာမည်ကြီးတဲ့ ရုဒီရှားမန်း ပေါ့ဗျာ။ သူက ပွဲတွေ လမ်းတွေမှလိုက်ပြီး လေထီးခုန်ချပြတယ်။ ကျွန်တော်လည်း သူနဲ့ လျှောက်လိုက်နေတာပေါ့။ ကျွန်တော် သတင်းတွေရေးတာနဲ့ သူလည်း နာမည်ပိုကြီးလာတယ်။ သူ့အလုပ် က သိပ်အန္တရာယ် ကြီးလို့ ကျွန်တော်က အနိုင်နဲ့ပိုင်းပြီး ရပ်တန်းကရပ်ဖို့ အကြံပေးတယ်။ သူ့မိန်းမကလည်း ပြော တယ်။ သူက ပြုံးပြီး ခေါင်းခါတယ်။ ရွာကလေးတစ်ရွာမှ ခြံကလေးဝယ်ပြီး အငြိမ်းစား ယူနိုင် လောက်အောင် ငွေစုမယ် ဆိုပြီး ဆက်လုပ်တယ်။ တစ်နေ့တော့ ဖြစ်တော့တာပဲ။ လေထီးကြိုးရှုပ် ပြီး မြေကြီးပေါ် ဗုံးခနဲ ကျတာပေါ့။ ကျွန်တော်နဲ့ ပေ ၃၀ လောက်မှကျတာ။

ကျွန်တော် သွားတွေ့ ပြီး စက္ကန့်ပိုင်းလောက်မှာပဲ သေရှာတယ်။ မသေခင်ကြည့်သွားတဲ့ သူ့အကြည့်ကို မျက်စိထဲက ဖျောက်လို့မရဘူး။ အဲဒီတုန်းကတော့ ကျွန်တော် လည်း ခံစားတတ်တဲ့ စိတ်ရှိတာပဲ။ အခုပြောတော့ ရယ်စရာပေါ့။ ကျွန်တော် မျက်ရည်တောက်တောက်ကျခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သတင်းက ပို့ရ မယ်။ ဒါကို့ အယ်ဒီတာ ခွေးမသားကြီး က ဘာပြောတယ်ထင်သလဲ။ နိပ်တယ်ဟေ့။ မျက်နှာဖုံး အပြည့်ပေးမယ်။ သတင်း ရှည်ရှည် လိုချင် တယ်။ ဓာတ်ပုံတွေလည်း များများလိုချင်တယ်။ လူ တစ်ကိုယ်လုံးပေါ်တဲ့ပုံ ပါပေ့စေကွနော်တဲ့"
ညေးသည် စမစ် ကို ငေးကြည့်နေသည်။ အရက်ကို စိမ်သောက်နေသည်။ ပြီးမှ ပြောလိုက်သည်။
"ကျွန်တော် သတင်းစာ အပျိုရည်ပျက်တာ အဲဒီကတည်းကပဲ။ ဟိုသောက်စားပွဲထိုင်ငနဲက ဘယ်ရောက်နေပြန် ပလဲ။ ကဲ ... နောက်တစ်ကျော့ မော့ပြီးရင် ညစာ သွားစားကြစို့"

ဆက်ရန်
.

No comments: