Wednesday, July 25, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂ဝ)

အိမ်ပြန်ပြီး အ၀တ်အစားယူရန် အချိန်မရှိတော့။ ဘူတာသို့ တိုက်ရိုက်သွားမှ အချိန်မီမည်။ လန်ဒန် သို့ အရေးတကြီးသွားစရာကိစ္စပေါ်၍ ထွက်သွားကြောင်း စာကလေးတစ်စောင် ရေးသည်။ မစ်မော့ဖတ်၏ လက်နှိပ်စက် အဖုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိမ်သို့ တယ်လီဖုန်းဆက်သည်။ အဲလစ် အပြင်သွားနေသည်။ သူ ခရီးသွားမည်။ နှစ်ညအိပ်ထက် ပိုမကြာဟု အိမ်ဖော် ဟန်နာကို မှာခဲ့သည်။
ဦးထုပ်ဆောင်း၊ အပေါ် အင်္ကျီဝတ်၊ ရုံးခန်းမှထွက်ကာ ဘူတာရုံသို့ ကမျောသောပါး ထွက်လာခဲ့လေသည်။
ကို ဆက်ဖတ်ရန်.........

(၁၀)

နောက်တစ်နေ့နံနက်တွင် ဒေးဗစ်သည် တုံဏှိဘာဝေနေရခြင်း၊ စိတ်အိုက်နေရခြင်း။ ကော်ရာနှင့် သူ့အကြား အသည်း နာစရာ ဟန်ဆောင်နေရခြင်းကို သူ ဆက်ပြီး ကြိတ်မှိတ်ခံစားမနေနိုင်တော့ မှန်း သဘောပေါက် လာသည်။ ထွက်ပေါက် တစ်ခုခုတော့ ရှာရတော့မည်။

ခါတိုင်းလမ်းလျှောက်နေကျအတိုင်း နံနက် ၉ နာရီတွင် ဒေးဗစ် အိမ်မှ ထွက်ခဲ့သည်။ နံနက် ၉ နာရီ ခွဲတွင် ဟက်ဒယ်လ်စတန် သို့ ထွက်သည့် ဘတ်စ်ကားကို တက်စီးလာခဲ့သည်။
သူ့အဖေ ကို ပထမဆုံးတွေ့မည်။ အရေးလုပ်ပြီး ထင်သာမြင်သာ ပြမနေစေကာမူ သူ့အဖေကို သူ ကျေးဇူးတင် သည်။ သူ့အဖေကို သူ တွယ်တာသည်။ သူ့အဖေ၏ အယူအဆအများစုကို သူ လက်သင့်မခံ။ သို့သော် သူ့အဖေ ၏ စိတ်ကောင်းနှလုံးကောင်း၊ သူ့အဖေ၏ အသိဥာဏ်ကို သူ လုံးဝဥဿုံစုံမှိတ် ယုံကြည်သည်။ သူ့အဖို့ ယခု အလိုအပ်ဆုံး ဖြစ်နေသည်မှာ ထိုအရည်အသွေးများ သာဖြစ်သည်။ သူ့အဖေနှင့် တွေ့ရာတွင် ထိုအရည်အသွေး များနှင့် ပြည့်ဝသော အကြံဥာဏ်များကို ရလိမ့်မည်ဟု သူ မျှော်လင့်သည်။

ခရီးက ကြန့်ကြာလွန်းသည်။ မဆုံးနိုင်တော့သည့်အလား ထင်ရသည်။ နောက်ဆုံးတွင်မှ မြို့ကို မြင်ရသည်။ ၀ိတိုရိယကွက်လပ် တွင် ကားရပ်လိုက်သည်။ ဒေးဗစ် ကားပေါ်မှ ဆင်းသည်။ ဥတ္တရ အလင်း သတင်းစာတိုက် သို့ လျှောက်လာသည်။ မိုးစက်မိုးပေါက်တွေက သူ့နဖူးကို ထိုးဆွနေသည်။ သူ့အဖေ၏ မိုးစွန်တမွတ် ကြယ် ကိုဆွတ် စိတ်ဓာတ်ဖြင့် အနေကဇာတင်ထားသည့် သတင်းစာ တိုက်။သူအမွေဆက်ခံရန် သူ့အဖေက သတ်မှတ် ထားသည့် သတင်းစာတိုက်။ ဤသတင်းစာတိုက် သို့ လာရသည်မှာ ဧရာမ မှတ်ကျောက်တင် ပွဲဝင်ရသလို ဖြစ်နေသည်။ အခြားသောကများ ဖိစီးနေ သည့်ကြားမှ သတင်းစာတိုက်ထဲသို့ဝင်ပြီး သူ့အဖေ အခန်းတံခါးမ ကို ခေါက်ရသည်မှာပင် မဆီ မဆိုင် ၀င်ရောက်စွက်ဖက်ရသလို လိပ်ပြာမသန့်ဖြစ်ရသည်။ အခန်းထဲ တွင် ဘယ်သူမှ မရှိ။ ခဏ ကြာမှ မစ်မော့ဖတ် ပေါ်လာသည်။ ဒေးဗစ် မလာစဖူး အလာထူး၍ မစ်မော့ဖတ် က အံ့သြဟန်ဖြင့် အရိပ်အကဲ ကြည့်နေသည်။

"မစ်မော့ဖတ် နေထိုင်ကောင်းရဲ့နော်"
ဒေးဗစ်က နှုတ်ဆက်သည်။ ဤအဘွားကြီးနှင့်ဆိုလျှင် လိုရင်းပြောမှ ဖြစ်မည်မှန်း သိသည်။
"အဖေ နဲ့ တွေ့ဖို့လာခဲ့တာ" ဟု ပြောသည်။
"ဒါပဲ ဖြစ်ရမှာပေါ့"
မစ်မော့ဖတ်သည် သူ့ကို အူဝဲဆိုကတည်းက သိခဲ့သူပီပီ နောက်တောက်တောက် ပြောတတ်သည်။
"ဒါပေမဲ့ အခုတော့ မရှိဘူးကွဲ့"
"ဘယ်တော့မှ ပြန်လာမှာလဲ"
"မပြောနိုင်ပါဘူးကွယ်။ လန်ဒန် ထွက်သွားသတဲ့"
"လန်ဒန် ... ဟုတ်လား"
"ဟုတ်တယ်။ ဘာကိစ္စလဲတော့ ငါလည်း မသိဘူး။ မနေ့ညက ထွက်သွားတာပဲ။ ကိစ္စရှိလို့ဆိုတဲ့ စာကလေး ပဲ ရေးသွားတယ်။ စီးပွားရေးညီလာခံ ကိစ္စပဲ ထင်ပါရဲ့။
ခဏကြာမှ မစ်မော့ဖတ်က ဆက်ပြောသည်။

"ရက်တော့ မကြာနိုင်ပါဘူး။ မင်းအမေရဲ့ ဧည့်ခံပွဲကလည်း နက်ဖြန် လုပ်မှာ မဟုတ်လား"
ဒေးဗစ် စိတ်ပျက်လက်ပျက် ဖြစ်သွားဟန် တူသည်။ မစ်မော့ဖတ်က သူ့ကို စေ့စေ့စပ်စပ် ကြောင့်ကြောင့်ကြကြ ကြည့်မြဲကြည့်နေ သည်။
"အပေါ်အင်္ကျီ ဘာဖြစ်လို့ ထပ်မ၀တ်ခဲ့ရတာလဲကွဲ့။ မင်းဆိုတဲ့ မင်းကတော့ တကယ့် လူလွန်မသား ပဲ။ ထီး ကလေးတောင် ဆောင်းမလာဘူး။ မိုးတ၀ုန်းဝုန်း ရွာနေတာများ မသိဘူးလားကွယ်။ တစ်ကိုယ်လုံးကို နစ် မတတ်ပဲ။ ဆံပင်ကလည်း ကြည့်ပါဦး။ လာစမ်း ... ငါ ဖြီးပေးစမ်းမယ်"

ဒေးဗစ် ဘာလုပ်ရမှန်း မသိ။ ရပ်နေမိသည်။ မစ်မော့ဖတ်က ရှေ့တိုးလာသည်။ သူ့ကို အင်္ကျီရင်ပတ် ကြယ်သီး တပ်ပေး၊ ရေစက်ရေပေါက်များကို ခါပေးနှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေသည်။
''ကိုင်း.......ခုမှပဲ ဟုတ်သွားတော့တယ်။ လက်ဖက်ရည်လေးသောက်သွားဦး။ ကော်ရာတောင် မနေ့က ဒီမှာ လက်ဖက်ရည်သောက် သွားသေးတယ်။ သိပ်တော်တဲ့ကလေးမလေးပဲကွယ်။ ကဲ....လိုက်ခဲ့ ငါ့ အခန်းထဲ သွားကြမယ်''
ဒေးဗစ်က လန့်နိုးလာသလို''ဟင့်အင်း...မသောက်တော့ပါဘူး။ ကျေးဇူးပါပဲ။ သွားစရာရှိနေလို့'' ဟု ငြင်းသည်။
''ဟဲ့....ဒေးဗစ်.....ခဏနေဦးလေ''

ဒေးဗစ်မနေချင်။ မနေနိုင်။ ချာခနဲလှည့်ပြီး လှေကားမှ ရေးကြီးသုတ်ပြာဆင်းပြေးသည်။ လမ်းပေါ်အရောက်တွင် ကားတိုက် ခံရတော့မလိုပင် ဖြစ်သွားသေးသည်။ သူကတော့ အမှုအမှတ်မထား။ ဆက်၍ သာ လျှောက်သွားသည်။ သူ့အဖေ လန်ဒန်သို့ ရုတ်တရက်ထွက်သွားခြင်းသည် ဤစက်ဆုပ်စရာ ချည်ခင် အူပေါက် ကိစ္စနှင့် တစ်နည်းနည်းတော့ဆက်စပ်ရမည်ဟု မုချတွေးမိလေသည်။
သူ့ကြမ္မာ သူဖန်တီးရန်သာ အားတင်းလိုက်တော့သည်။ ယခု သူဘာလုပ်မလဲ။ သူ့အမေထံသွားပြီး တိုင်ပင်နေ ၍တော့ အကျိုးမထူးနိုင်။ လက်မြှောက်အရူံးပေးပြီးတော့ဖြင့် စလီဒန်သို့မပြန်နိုင်။ နာရီပေါင်းများ စွာ တစ်ယောက် တည်း တနုံ့နုံ့တွေးရငေးရသည့်အလုပ်ကို သက်ဆိုးရှည်အောင် လုပ်မနေချင်တော့။ တစ်နည်းသာ ကျန်တော့သည်။ သူ စိတ်ကို ထိခိုက်နိုင်မည်မှန်း သိသည်။ သို့သော် တစ်နေ့မဟုတ်တစ်နေ့တော့ ထိုနည်း ကိုသာ မလွဲနိုင်မရှောင်နိုင် ရင်ဆိုင်ရတော့မည်သာ။

မော်ကွန်းသတင်းစာတိုက်ခွဲ ဖွင့်ထားသည့် ပရုဒင်ရှယ်တိုက်ကြီးမှာ မလှမ်းမကမ်းတွင်ပင်ရှိသည်။ ၅ မိနစ်အတွင်း ထိုတိုက်ကြီးရှေ့ သို့ ဒေးဗစ်ရောက်သွားသည်။ မော်ကွန်းသတင်းစာ တိုက်ခွဲက စတုတ္ထထပ် တွင်ရှိသည်။ ဒေးဗစ်တိုက်ထဲသို့ ချက်ချင်းမ၀င်သေး။  ပြောချင်တာကို စဉ်းစားနေသေးသည်။ ကိုယ်အား ဉာဏ်အား သိမ်းမွေးနေသေးသည်။ အရေးကြုံလျှင် သက်လုံမကောင်းတတ်သော သူ့အကျင့်ကို သူသိသည်။ ဤကိစ္စ တွင် သတိလက်လွက် အဖြစ်မျိုးမရောက်စေရန် ဆုံးဖြတ်လိုက်သည်။

ကတောက်ကဆ ဖြစ်ရမည့်အရေး၊ စော်ကားမော်ကား ခွန်းကြီး ခွန်းငယ် ပြောမည့် အရေးကို တွေးမိ လိုက်သောအခါ ဒေါသဆူဝေလာသည်။ ဒေးဗစ်အောင့်အည်း ကြိတ်မှိတ် မနေနိုင်တော့။ တိုက်ထဲ သို့ စွတ်ဝင်သွားသည်။ ဓာတ်လှေကားကို မစောင့်။ လေးထပ်အထိ ရိုးရိုးလှေကားမှပင် အမောတကောတက် သွားသည်။  မှန်မှုန်ပေါ်တွင် ရွှေစာလုံးဖြင့်ရေးထားသည့် မော်ကွန်းသတင်းစာတိုက်ခွဲဆိုသော စာတန်းကိုတွေ့ ရသည်။ တံခါးပင် ခေါက်မနေတော့ ။ ၀င်သွားသည်။

တစ်ခန်းလုံး လူသူရှင်းလင်း ကင်းဆိတ်နေခြင်းကြောင့် ဒေးဗစ်အံ့အားကြီးပင် သင့်နေမိသည်။ တယ် လီဖုန်းခုံဘေး တွင် ၁၇ နှစ်ရွယ် လူကလေးတစ်ယောက် လက်နှိပ်စက်ရိုက်နေသည်။ ဒေးဗစ်က ကိုယ့် ဘာသာကိုယ် ပင် မမှတ်မိတော့သည့် အသံဖြင့် ညေးကို တွေ့လိုကြောင်းပြောလိုက်၏။ လူငယ်ကလေးက သူ့ကို သမင်လည်ပြန် ကြည့်သည်။
''မရှိဘူးဗျ။ တိုင်းကာဆယ်ကို သွားတယ်'' ဒေးဗစ်က မယုံသင်္ကာကြည့်နေ၍ လူငယ်ကလေးက ''ဘယ်သူမှ မရှိတာ ဗျ။ မစ္စတာစမစ်လည်း မော့စဘန်းကတိုက်မှာ ရောက်နေတယ်'' ဟုစကားဖြည့်ပြောသည်။
အပြတ်ရှင်းရန် အစွမ်းကုန်မာန်သွင်းလာသူပီပီ ဒေးဗစ်က သူပစကားကိုမယုံ။ အခြားအခန်းနှစ်ခုကိုပင် ဇိုးဇိုး ဇတ်ဇတ် ၀င်ကြည့်လိုက်သေးသည်။ နှစ်ခန်းစလုံးတွင် လူမရှိ။
''သူဘယ်တော့ ပြန်လာမလဲ''

''ဘယ်သိနိုင်ပါမလဲဗျ။ ဒီမှာက ဘာအလုပ်မှ သိပ်ရှိတာမဟုတ်ဘူး။ တစ်နေ့လုံး အပြင်ရောက်နေမှာ နဲ့ တူပါတယ်'' ''တစ်နေ့လုံး'' ဒေးဗစ်သည် လူငယ်ကလေးစကားအတိုင်း ရွတ်လိုက်မိသည်။ ခဏငြိမ်နေသည်။ ပြီးမှ ချာခနဲ လှည့်ထွက် လာခဲ့သည်။ လမ်းပေါ်သို့ ပြန်ရောက်ချိန်တွင် ဒေးဗစ်သည်နာကျဉ်းစိတ်ဖြင့် လက်သီးကျစ်ကျစ် ပါ အောင် ဆုပ်၊ တစ်ကိုယ်လုံးတောင့်တင်းကာ ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။ ဘာမှ မဖော်ထုတ်နိုင်။ ဘာမှမစွမ်း ဆောင်နိုင်။ ငါဘာအဖြစ်မှရှိတဲ့ကောင် မဟုတ်ပါလားဟူသော အားငယ်စိတ်သာ သူ့ တစ်ကိုယ်လုံး ရစ်သိုင်း နေတော့၏။ နေ့လည်စာ စားချိန်ရောက်နေပြီဖြစ်၍ လူသွားလူလာ ရှုပ်လာသည်။ မိုးရွာထဲ တွင် လူတွေအပြေးအလွှားသွားရင်း သူ့ကို တိုးတိုက်သွားနေကြသည်။ သူကတော့ ရပ်လျှက်ပင်။ ချီတုံ ချတုံဖြစ်လျက်ပင်။ ဒေါသသွေး ဆူဝေလျက်ပင်။ ခဏကြာမှ ၀ိတိုရိယကွက်လပ်ဘက်သို့ ထွက်လာခဲ့သည်။ ဘာမှလုပ်စရာ မရှိတော့။ စလီဒန်သို့ ပြန်ရုံသာရှိတော့သည်။

ဘတ်စ်ကားတစ်စင်း ထွက်လုထွက်ခင် ဖြစ်နေသည်။ ကားတစ်စင်းလုံး လူအပြည့်။ ကားအလည်ခေါင်တွင် တစ်နေရာ ရသည်။ မကြာပါချေ။ လူတွေ သူ့ကို ၀ိုင်းကြည့်နေကြသည်။ တချို့က သရော်တော်တော်၊ တချို့က မလိုတမာ ကြည့်နေကြသည်ဟု သူထင်လာသည်။
ဒေးဗစ် ခေါင်းငုံ့ထားသည်။ ကားကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ဥပေက္ခာစိတ်မွေး၍ မရ။ ရင်ထဲမှာ ဗလောင်ဆူနေ သည်။ တစ်လမ်းလုံး ပို၍သာ ဆိုးလာသည်။ စလီဒန်သို့ ပြန်ရောက်ပြီး အိမ်သို့ သုတ်ခြေတင်ပြန်လာသည့် အချိန်အထိ ရင်ထဲမှာ မအေး။

ဒေးဗစ် အိမ်ထဲဝင်သွားချိန်တွင် တစ်အိမ်လုံး တိတ်နေသည်။ မီးဖိုချောင်းထဲမှ ရေနွေးအိုး ဆူသံကို သာ ကြား ရသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ကော်ရာကို မြင်ရသည်။ ပန်းခြံထဲတွင် လမ်းလျှောက်နေသည်။
သူ့ရင်ထဲ တွင် ကော်ရာ့ထံ ပြေးသွားချင်စိတ် တဖွားဖွား ပေါ်လာသည်။ ယခင်ကလို ကော်ရာ ပြုစု ယုယမှုကို အခန့်သား ရယူကာ တင်တင်းစီးစီး လုပ်ချင်စိတ်များ ပြယ်လွင့်ကုန်သည်။ ကော်ရာ့ အပေါ် တွယ်တာစိတ် ၀င် လာသည်။ ကြင်စဦးကာလ တပ်မက်စိတ်မျိုး ပေါ်လာသည်။ အိပ်ခန်းသို့ သွားပြီး ကော်ရာကို လှမ်းခေါ်ကာ အချစ်ကြီး ချစ်ပစ် လိုက်ချင်စိတ်ပေါ်ပင်မိသည်။ သို့သော် စိတ်အလိုမလိုက်နိုင်။ သူ့စိတ် သူ ငြိမ်အောင် ထိန်း သည်။ သူ စိတ်ကသောင်းကနင်း ဖြစ်နေပုံ၊ သူ ဟက်ဒယ်လ်စတန်သို့ သွားခဲ့ပုံတို့ကို ကော်ရာ လုံးဝ မသိစေရ။

”ဒေးဗစ် ခေါင်းငုံ့ထားသည်။ ကားကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ဥပေက္ခာစိတ်မွေး၍ မရ။ ရင်ထဲမှာ ဗလောင်ဆူနေ သည်။ တစ်လမ်းလုံး ပို၍သာ ဆိုးလာသည်။ စလီဒန်သို့ ပြန်ရောက်ပြီး အိမ်သို့ သုတ်ခြေတင်ပြန်လာသည့် အချိန်အထိ ရင်ထဲမှာ မအေး။
ဒေးဗစ် အိမ်ထဲဝင်သွားချိန်တွင် တစ်အိမ်လုံး တိတ်နေသည်။ မီးဖိုချောင်ထဲမှ ရေနွေးအိုး ဆူသံကို သာ ကြားရ သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ကော်ရာကို မြင်ရသည်။ ပန်ခြံထဲတွင် လမ်းလျှောက်နေသည်။

သူ့ရင်ထဲတွင် ကော်ရာ့ထံ ပြေးသွားချင်စိတ် တဖွားဖွား ပေါ်လာသည်။ ယခင်ကလို ကော်ရာ ပြုစု ယုယမှုကို အခန့်သား ရယူကာ တင်တင်စီးစီး လုပ်ချင်စိတ်များ ပြယ်လွင့်ကုန်သည်။ ကော်ရာ့အပေါ် တွယ်တာစိတ် ဝင် လာသည်။ ကြင်စဦးကာလ တပ်မက်စိတ်မျိုး ပေါ်လာသည်။ အိပ်ခန်းသို့ သွားပြီး ကော်ရာကို လှမ်းခေါ်ကာ အချစ်ကြီး ချစ်ပစ်လိုက်ချင်စိတ် ပေါ်မိသည်။ သို့သော် စိတ်အလိုမလိုက် နိုင်။ သူ့စိတ်သူ ငြိမ်အောင် ထိန်းသည်။ သူ စိတ်ကသောင်းကနင်း ဖြစ်နေပုံ။ သူ ဟက်ဒယ်လ် စတန်သို့ သွားခဲ့ပုံတို့ကို ကော်ရာ လုံးသ မသိစေရ။

ဒေးဗစ်သည် အပေါ်ထပ်သို့ တက်သွားသည်။ စားပွဲတွင် ထိုင်လိုက်သည်။ ဒေါက်တာအီဗန်က စိတ် ငြိမ်အောင် ထိန်းနည်းတစ်ခု ပေးထားသည်။ စိတ်ထဲရှိသမျှ စိတ်ကူးစိတ်သန်းများကို စာရွက် တစ်ရွက်ပေါ်တွင် မြန်မြန် သွက်သွက် စိတ်လွတ်လက်လွတ် ရေးချသွားရန် ဖြစ်သည်။ ဒေးဗစ်သည် ဖောင်တိန်ကို ကောက်ကိုင်လိုက်ပြီး စာတွေ ကို စိတ်လွတ်ကိုယ်လွတ် ရေးချနေလေ၏။
”အသည်းနင့်အောင် ချစ်မိလို့ ခံစားရတဲ့ဝေဒနာဟာ တစ်ခါတလေ ချစ်လို့ခံစားရတဲ့ ပီတိထက်သာ တယ်။ ပီတိ ကို စိတ်လွတ်လက်လွယ် ခံစားမိတက်သလို ဝေဒနာကိုလည်း ခံစားမိတတ်တယ်။ ဝင်္က ပါထဲမှာ ကျွန်တော် လမ်းလျှောက်နေရ သလိုပါပဲ။ မရေမရာသစိတ်က ဖိစီးလာနေတယ်။ ဒါပေမဲ့ အညံ့မခံဘူး။ ဘယ်လို အခက်အခဲမျိုးကို ဖြစ်ဖြစ်  ကျွန်တော် ကျော်လွှားနိုင်မှာပါ။ ဘယ်လို ရန်သူ မျိုးကို ဖြစ်ဖြစ် ကျွန်တော် အနိုင်ယူနိုင် မှာပါ။ ကျွန်တော် စိတ်ဓာတ်ကြံ့ခိုင်ရင်ပေါ့လေ။

ဒီဒုက္ခသုက္ခ တွေ ရှင်းသွားမှာပါ။ ကော်ရာ့ကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး။ သူ့ကို ကျွန်တော် စောင့်ရှောက် မယ်။ အခု ကျွန်တော် ရချင်နေတာကတော့ နားနေလေတျာင်းစက်တဲ့ အာရုံကလေး။ နက်နဲ တည်ငြိမ်တဲ့... ”
ဤမျှထက် ပို၍ မရေးရသေး။ ဖျတ်ခနဲ ရပ်လိုက်သည်။ ခေါင်းငဲ့လိုက်သည်။ နားစွင့်လိုက်သည်။
”နားနေ လျောင်းစက်တဲ့ အာရုံကလေး... နက်နဲတည်ငြိမ်တဲ့... ”
နားအူ တာပဲလား။ လပေါင်းများစသွာ ကြားနေကျအတိုင်း ခေါင်းလောင်းသံ၊ ခရာသံတွေ ကြားနေ တာပဲလား။
သူ့စကားလုံး ကို သံယောင်လိုက်ပြီး သူ့ကို လှောင်ပြောင်နေသည့် အသံကိုပင် တကယ်ကြားနေ တာပဲလား။
နားစိုက်ထောင် လိုက်ပြန်တော့ ဘာသံမှ မကြားရ။

စာရေးချလိုက်ပြန်သည်။ သူ ရေးချသည့် ”အလင်းအပြောကျယ်လာပြီး အမှောင်ပြယ်လွင့်သွားချိန် တွင်... ”ဆိုသော စကားလုံးအတိုင်း သံယောင်လိုက်ကာ ပေါ်လာပြန်သည်။ သူက ရေးလိုက်။ အသံက ပြောလိုက်။
အသံပို ၍ ကျယ်လောင်လာသည်။ အသံနှင့် ဖောင်တိန် ချိန်သားကိုက်ထားသလို ဖြစ်နေသည်။ အသံငြိမ်သွားစေရန် စာကို  တစ်လုံးချင်းရေးကြည့်သည်။ အသံကလည်း ကျယ်ကျယ်လောင် လောင် ပီပီသသ သွက်သွက် လက်လက်ကြီး ပေါ်လာသည်။
ဒေးဗစ် သည် မီးကျီခဲကို ကိုင်ထားရသည့်အလား ဖောင်တိန်ကို လွှတ်ချလိုက်သည်။ စားပွဲအစွန်း ကို ဆုပ်ကိုင် ထားသည်။ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းသည်။ နားထဲတွင် အသံဗလံတွေ ကြားရသည် ဟု ပြောပြစဉ်က ဒေါက်တာအီဗန်မှာလိုက်သည့် စကားကို ကြားယောင်မိသည်။

”အဲဒါ စိတ်ကူးသက်သက်ပဲ။ ငါတို့က နားချောက်ချားတာလို့ ခေါ်တယ်။ စိတ်ထဲမှာ အမှတ်မထားနဲ့။ အလျှော့ မပေးနဲ့။ တစ်ချက်ကလေး အလျှော့မပေးနဲ့”
ဒေးဗစ်သည် အသာအယာ ခေါင်းမော့လိုက်သည်။ ခဏအကြာတွင် အသံဗလံတွေ ပျောက်သွား သည်။ ပျောက်သွားတာ မှ ဟုတ်ရဲ့လား။ တောင့်တောင့်ကြီး ထိုင်နေမိသည်။ နားစွင့်နေမိသည်။ အသံဗလံတွေ ပျောက်သွားလိမ့်မည်ဟု မျှော်လင့်နေမိသည်။
အသံဗလံတွေ က ဖောင်တိန်ကို စားပွဲပေါ်ချထားပါလျက် စာရေးခြင်းနှင့် အဆက်အစပ်မရှိ ပေါ် ထွက်လာပြန် သည်။ တိုးတိုးနှင့် ပီသသည်။ အောက်ထပ်အိပ်ခန်းထဲမှ ပေါ်ထွက်လာနေသည်။ ယောက်ျားအသံ။ သူ့ကို ခေါ်နေ သည့် အသံ။

”ဒေးဗစ်... ဒေးဗစ်..... အပေါ်မှာလား”
”ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိထားပါဦးလေ”
ဟူသော အသံကို ကြားလိုက်ရပြန်သည်။ ဒေးဗစ် အလန့်တကြား ဖြစ်သွားသည်။ ညေးအသံမှန်း သူ အမှတ်ရ သည်။
ဒေးဗစ် ထခုန်လိုက်သည်။ အသံဗလံများကို မကြားရအောင် လက်နှစ်ဖက်ဖြင့် နားပိတ်ထားသည်။ စိတ်ကူး မျှသာ ဖြစ်မှန်း၊ အာရုံလှည့်စားမှုမျှသာ ဖြစ်မှန်းသိသည်။ သို့သော် မကြားရအောင် လုပ်လေ ကြားရ လာလေ။ အောက်ထပ်မှ အသံကျယ်လောင်လာလေ။ မောက်မာလေလေ။ ပိုမို ပီသလာ လေ။
”ကိုယ့်လူ က ကျုပ်ကို သတ်မယ်ပေါ့လေ။ ဟုတ်လားပေ့။ ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိ ထားပါဦးလေ... ”
မှားတာမဖြစ်နိုင်။ မခံနိုင်တော့. ဒေးဗစ် တံခါးဖွင့်လိုက်သည်။ လှေကားကျဉ်းကလေးမှ ပြေးဆင်း သည်။ အောက်ထပ် အိပ်ခန်းထဲ ၀င်ရှာသည်။ ဗီရို နှစ်လုံးရော ကုတင်အောက်ပါ အကုန်ရှာသည်။ ဗီရိုထဲ၌ ချိတ်ထား သည့် ကော်ရာ့အင်္ကျီများကို စမ်းရှာသည်။ အခန်းချောင်ကြိုချောင်ကြား ၀င်ရှာသည်။ ဘယ်သူမှမရှိ။

ဒေးဗစ်သည် ကုတင်စွန်းတွင် ခွေခွေယိုင်ယိုင် ထိုင်ချလိုက်သည်။ နဖူးတပြင်လုံး ချွေးသီး ချွေးပေါက်တို့ဖြင့် စိုထိုင်းနေသည်။ သူ ရူးတော့မှာလား။ အသံဗလံရော၊ ဒြပ်မဲ့ဖြစ်တည်မှုပါ ပျောက်ကွယ်သွားသည်။ ပြဲပြဲစင်အောင် ရှာလိုက်ဖွေလိုက်ခြင်းဖြင့် အာရုံလှည့်စားမှုကို ဖယ်ရှား နိုင်လိုက်၏။ အားပျော့လာသော်လည်း စိတ်မှန်လာ၏။
သက်ပြင်းကြီးချလိုက်သည်။ မှန်ရှေ့တွင် ခေါင်းဖြီးနေမိသည်။ သူ့ဘေးတွင် ရပ်နေသော ကော်ရာ ကို မှန်ထဲ တွင် မြင်ရသည်။ ယခုမှပင် အရိပ်များ အကြား၌ ဒြပ်အစစ်ကို တွေ့ရသည်။
ကော်ရာက ''မောင်ပြန်ရောက်နေတာ မသိလိုက်ဘူး။ လမ်းလျှောက်တာကလည်း ကြာလိုက်တာ ကွယ်'' ဟု ပြောသည်။
သတိမချွတ်သော သူ့စိတ် အခြေအနေသစ်က ပရိယာယ်ေ၀၀ုစ်တွေ မလုပ်ချင်တော့။ ကော်ရာ့အနီးသို့ ကပ်သွား သည်။ ကော်ရာ့လက်ကို ဆွဲကိုင် ဖျစ်ညှစ်လိုက်သည်။

''မောင် လမ်းလျှောက်တာ မဟုတ်ပါဘူးကွာ။ အဖေ့ကို တွေ့ဖို့ ဟယ်ဒယ်လ်စတန်ကို သွားတာ''
''တွေ့ခဲ့လား''
ကော်ရာ တစ်ကိုယ်လုံးတောင့်သွားသည်။ ဒေးဗစ်က ခေါင်းခါပြလိုက်မှ ပြေလျှော့သွားသည်။
'' လန်ဒန် သွားတယ်တဲ့။ ဗြုန်းစားကြီး ထသွားတာတဲ့''
''လန်ဒန် ကို'' ကော်ရာက ဖြည်းဖြည်းလေးလေး ပြောသည်။ မျက်နှာ လန်းဆန်းလာ သည်။ မျှော်လင့်ကိုးစား ချက် ဖြင့် လှိုက်လှဲလာသည်။ ကော်ရာ့ မျက်နှာပေါ်တွင် ရက်ပေါင်းများစွာ မမြင်ခဲ့ရသည့် မျက်နှာထား။
''အို. . . ဒေးဗစ်ရယ်။ ကျွန်မ သိပ်ပျော်တာပဲ။ မောင့်အဖေကို ကျွန်မ အားကိုးတယ်။ အခုတော့ မေး လား စမ်းလား လုပ်မနေနဲ့ဦး. . . မောင်ရေ . . .။ ဒါပေမဲ့ ကျွန်မတို့ ကောင်းဖို့ချည်းပဲ''

(၁၁)

ထိုနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဟင်နရီပေ့သည် လန်ဒန်မြို့ ကင်းခရော့စ် ဘူတာရုံသို့ ရောက်သည်။ သူ စီးလာသည့် ရထားက နောက်ကျသည်။ မှောင်ကြီးမည်းမည်းတွင် အတော်ကြာ အောင်စောင့်မှ အငှားကား တစ်စင်း ကို ရှာတွေ့တော့သည်။
လန်ဒန် သို့ သူ ရောက်ခဲသည်။ ရောက်သည့်အခါတိုင်း ဗြိတိသျှတိုက်အနီးရှိ ငြိမ်ငြိမ်ဆိမ်ဆိမ် အက်စမန် ဟိုတယ်ကလေးတွင် တည်းခိုလေ့ရှိသည်။ ဟိုတယ် ညတာဝန်ခံက သူ့ကို မှတ်မိနေသည်။
''မနက်စာလေး များ စားလို့ရမလား'' ပေ့က ညတာဝန်ခံကို မေးသည်။

''မရနိုင်သေးပါဘူးခင်ဗျာ။ ၇ နာရီအထိ လူမရှိသေးလို့ပါ။ ကျွန်တော်တာဝန်မလွှဲခင် မှာထားခဲ့မယ် လေ''
''နေပါစေတော့လေ။ ကျွန်တော်ပဲ တယ်လီဖုန်းနဲ့ မှာလိုက်ပါတော့မယ်''
ခဏ နားလိုက်ဦးမယ် ဟူသော အတွေးဖြင့် ပေ့က ပြန်ပြောသည်။ တစ်လမ်းလုံး မအိပ်ခဲ့ရသ လောက်ဖြစ်၍ အ၀တ်အစား ပင် ချွတ်မနေတော့ဘဲ အိပ်ရာပေါ် လှဲချလိုက်၏။ မျက်စိမှိတ်ထားလိုက် ၏။ စိတ်ကပြင်းပြဆဲ။ အတွေးက ယောက်ယက်ခတ်ဆဲ ရှိသေးသည်။ အိပ်မရ။ ကုတင်ပေါ် လှဲရုံ လှဲနေလိုက်ရတော့သည်။
၇ နာရီထိုးမှ တယ်လီဖုန်းဖြင့် ကော်ဖီကျကျ လှမ်းမှာသည်။ ကော်ဖီမသောက်ရန် ဆရာဝန်က တားထားသည်။ သို့သော် ယခုအချိန်မှာတော့ မသောက်ဘဲ မနေနိုင်။ တမေ့တမောကြာမှ ရောက်လာသည်။ ကော်ဖီကတော့ ထုံးစံ အတိုင်း ပေါ့ရွှတ်ရွှတ်။ သို့သော် သုံးခွက်ဆင့် သောက် လိုက်သည်။ ပေါင်မုန့်မီးကင် တစ်ချပ်သာ စားလိုက် သည်။ အတော်ပင် လန်းဆန်းလာသည်။

ရေမိုးချိုး၊ မုတ်ဆိတ်ရိပ်ပြီး အကျင့်လိုဖြစ်နေ၍ သတင်းစာတစ်ထပ်ကြီး ၀ယ်လိုက်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကျော်လွှားကြည့်သွားရုံထက် ပိုမလုပ်နိုင်။ သူတို့ မိသားစုကို ကံဆိုးမိုး မှောင်ကျစေမည့် သတင်းဆိုး မှာ ပါနေလေပြီလားဟု တထိတ်ထိတ် ဖြစ်နေမိသည်။
ဆမ်မာဗီးလ် သည် ၁၀ နာရီ မထိုးမချင်း ရုံးသို့ ရောက်လေ့မရှိ။ ပေ့အဖို့ အလုပ်ကိစ္စပြောရန် စောလွန်းနေသေး သည်။ သို့သော် တစောင့်စောင့် မလုပ်ချင်။ ကမ်းနားလမ်အထိ ခြေကျင်လျှောက်
သွား သည်။

ပြန်တမ်းသတင်းစာတိုက်ကြီးကတော့ သူ့သတင်းစာတိုက်နှင့် ကွာပါပေ့။ အစောင့်တစ်ဦးက ပေ့အမည်ကို စုံစမ်းရေးဌာန သို့ ပို့ပေးသည်။ အတော်ကြာ စောင့်ရသည်။ ပြီးမှ အမြန်ဓာတ်လှေ ကားရှိရာသို့ လမ်းညွှန်သည်။ အပေါ်ဆုံးထပ်တွင် ဆမ်မာဗီးလ်၏ အတွင်းရေးမှူးက သူ့ကို လမ်းမှ ဖြတ်တွေ့သည်။
''မစ္စတာပေ့ တွေ့ရမယ့်လူက မစ္စတာ ဂရီလီပါ ခင်ဗျာ။ ဒါပေမဲ့ သူက ခွင့်ယူထားလို့ သူ့လက်ထောက် တာဝန်ခံ မစ္စတာ ချာလုံနာနဲ့ပဲ တွေ့လိုက်ပါခင်ဗျာ''
ပေ့က မာမာပြတ်ပြတ်ပင် ပြောသည်။

''မဖြစ်ဘူး။ ကျုပ် ကိစ္စက ဆမ်မာဗီးလ်နဲ့ နှစ်ကိုယ်ချင်း ပြောရမယ့် ကိစ္စ''
''ဟုတ်မှာပေါ့။ ဒါပေမဲ့ မစ္စတာဆမ်မာဗီးလ်က တစ်မနက်ခင်းလုံး မအားပါဘူး၊ ပြီးတော့လည်း ခုထိကို ရောက်မလာသေးပါဘူး ခင်ဗျာ မစ္စတာပေ့ ဆန္ဒရှိလို့... ”
” ကျုပ်စောင့်မယ်”
”ဒါဖြင့် ဒီဘက်ခန်းကို တစ်ဆိတ်ကြွပါ ခင်ဗျာ”
ပေ့သည် ကြိုတင်အချိန်းအချက် လုပ်မနေတော့။ သို့မှသာ ရှောင်ဖယ်ဖယ်လုပ်ဖို့လမ်း နည်းသည် ဟု တွက်ဆမိသည်။ ဆမ်မာဗီးလ်က လက်ခံတွေ့မည် ဆိုလျှင်တောင်မှ စောင့်ရဦးမည်သာ ဖြစ်မှန်း သူ သိသည်။ သူ စောင့်သည်။ တစ်နာရီလုံး အခန်းထဲရှိ ပန်းချီကားကြီးကို ငေးရင်း စောင့်နေ သည်။ သို့သော် မျက်စိက ပန်းချီကား ကို မမြင်။ သူ သိသမျှ ဆမ်မာဗီးလ် အကြောင်းကိုသာ တနုံ့နုံ့ တွေးနေမိသည်။

 ဆမ်မာဗီးလ်သည် သူ့ပြိုင်ဖက် နှစ်ဦးဖြစ်သော ဂျတ်ထန်၊ မစ်ဂ်ဟီးလ်တို့နှင့် မတူ။ ထိုနှစ်ယောက် က ချောင်ကြိုချောင်ကြားမှ ထိန်ဖျားရောက်သူများ။ ဆမ်မာဗီးလ်ကမူ လမ်းရီုးလမ်းဟောင်အတိုင်း လိုက်ခဲ့သူ ပထမဆုံး သူ့ခြေလှမ်းမှာ ပြုတ်လုတဲတဲ ပြန်တမ်းသတင်းစာ ကို ဝယ်ခဲ့ခြင်းဖြစ်သည်။ လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့သည်။ လူပြိန်းကြိုက်ကို ထူးထူးခြားခြား သိသူပီပီ အောင်မြင် ချင်ဇောဖြင့် သတင်းစာ ကို ဇွတ်အတင်း အသွင်ပြောင်းခဲ့သည်။
သတင်းစာရောင်းရ တွင်ကျယ်လာသည်။ ဆမ်မာဗီးလ် လက်ရဲဇက်ရဲ ဖြစ်လာသည်။ မြို့ရေးမြို့ရာ ဂျာနယ် ထုတ်သည်။ ခြေသွက်လက်သွက်ပင် တနင်္ဂနွေမျက်လုံးဂျာနယ်ကို ဆက်တိုက်ထုတ်သည်။ အစတော့ လုပ်ငန်းသစ် များ အောင်မြင်သည်။

သြဇာအရှိန်အဝါအရသာကို မြိုးမြိုးမြက်မြက် တွေ့လာသည်။ စောစောစီးစီးပင် သတင်းစာဘုရား ဂိုက်ထန်၏ တူမ ဘလန်ချီဂီလီဖလားဝါးနှင့် လက်ထပ်သည်။
ဤတွင် အခြေယိုင်မှုက စလုံးရေ စသည်။ ဆမ်မာဗီးလ် အိမ်ထောင်ဖက်အရွေးမှားသည်။ လက် ထပ်ပြီး နောက်တစ်နှစ် မှာပင် လက်မယားကွဲသည်။ သူ့ဇနီးက သူ့ပြိုင်ဘက် မစ်ဂ်ဟီးလ် ထုတ်ဝေ သည့် ကမ္ဘာလုံး သတင်းစာတွင် ဖက်ရှင်အယ်ဒီတာ သွားလုပ်သည်။
ပေ့သည် သူ့မိန်းမ ထံမှကြားရသည့် အထက်တန်းလွှာ အတင်းအဖျင်း ကလေးများကို ဝိုးတိုးဝါးတား အမှတ်ရနေလေ သည်။

ထိုအချိန်တွင် ပေ့ ငိုက်မြည်းလာသည်။ ဆမ်မာဗီးလ်၏ အတွင်းရေးမှူး လာခေါ်ချိန်တွင် လူချင်း မ တွေ့မီ ဆေးနှစ်လုံးသောက် ရန် စိတ်ကူးထားသည်ကိုပင် မေ့မေ့လျော့လျော့ ဖြစ်သွားလေသည်။
ပေ့ ဝင်သွားချိန် တွင် ဆမ်မာဗီးလ်သည် စားပွဲတွင် ထိုင်ကာ စာရွက်စာတမ်းမျာူးကို လက်မှတ်ထိုး နေသည်။ တစ်မိနစ်လောက်ကြာအောင် မော့ကြည့်ဖော်ပင်မရ။ ပြီးမှ ဆုံလည်ကုလားထိုင်ကို လှည့်ကာ ကုန်းကွကွ ရပ်သည်။ လက်ဆွဲနှုတ်ဆက်သည်။ ပြန်တမ်းသတင်းစာပိုင်ရှင် ကုပ်တိုတို ပခုံးကျယ်ကျယ် ဆမ်မာဗီးလ်သည် သူ့အသက် ၄၅နှစ်ထက်ပို၍ ရင့်ရော်သည်ဟု ထင်ရသည်။ ပြူးထွက်နေသော သူ့မျက်လုံးများကို ကြည့်ပြီး သူ့ရင်ထဲမှာ တွန်းကန်လှုပ်ရှားမှု အရှိန်ကို သိသာ နိုင်သည်။ စိတ်တိုလက်တို ကိုယ်ဟန် အမူအရာက အလုပ်ထဲတွင်သာ အာရုံမြုပ်ထားသူမှန်း ထင်ရှား စေသည်။ ညံ့ဖျင်းနုံချာမှု၊ လုပ်ရည်ကိုင်ရည်မရှိမှု၊ မဆီမဆိုင် ဝင်ရှုပ်မှု မှန်သမျှကို လက် ပိုက်ကြည့်နေမည့်လူစားမျိုး မဟုတ်မှန်းလည်း သိသာသည်။

ဆမ်မာဗီးလ်သည် ကုလားထိုင်တွင် ပြန်ထိုင်သည်။ ပေ့ကို ပြောင်ပြောင်ပင် လူကဲခတ်နေသည်။
ဟင်နရီပေ့ လည်း ကုလားထိုင်တွင် ထိုင်လိုက်သည်။ ဘယ်ကစ၍ ဘာစကားပြောရမှန်း မသိဖြစ် နေ၏။ ဆမ်မာဗီးလ် က သူ့စကားအစကို စောင့်နေသည်။ ပေ့ အပြောခက်နေသည်ကို ရိပ်မိသည်။ ထို့ကြောင့် လိုရင်းကို ဒိုးဒိုး ဒေါက်ဒေါက်ပင် ပြောချလိုက်သည်။
”ခင်ဗျားလာမယ်ဆိုတာ ကြိုတင်ပြောရော့ပေါ့ဗျာ။ နေ့လယ်စာလေးဘာလေး အတူစားသွားနိုင်တာ ပေါ့။ ကျွန်တော်တို့ကို ပြန်ချခဲ့တဲ့ ခင်ဗျားရဲ့ သတ္တိကို ချီးကျူးမိပါရဲ့ဗျာ။ ကျွန်တော်တို့ကို အလဲ ထိုးတော့မှာပဲလို့တောင် ထင်နေတာ။ အခုတော့ ကျွန်တော်တို့နဲ့ သဘောတူပြီပေါ့ ဟုတ်လား”

”အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး”
ပေ့ မအီမသာဖြစ်နေသည်။ ဒူးဆတ်ဆတ်တုန်သည်အထိ ဖြစ်နေသည်။ သို့သော် စကားစပျိုး လိုက်နိုင်၍ သတ္တိတိုးလာသည်။
”မော်ကွန်းသတင်းစာ ကို ခင်ဗျားဝယ်တော ၂နှစ်ရှိပြီ။ အစတုန်းကတော့ ကျွန်တော် မလိုတမာ ဖြစ် ခဲ့မိတာ အမှန်ပဲ။ ဟက်ဒယ်လ်စတတန်မှာ ခင်ဗျားလာပြီး သတင်းစာ ထောင်ခွင့်ရှိတာပေါ့။ ကျွန်တော် သတင်းစာနဲ့ ပြိုင်နိုင်ခွင့် လည်း ရှိတာပေါ့။ ဒါပေမဲ့ မြို့ကသေးတော့သတင်းစာ နှစ်စောင် အတွက် နေရာမရှိဘူး။ ဒီတော့ လူထုက ရွေးရတော့တာပေါ့။ အခုတော့ ရွေးပြီးသွားပြီ။ လူထု ရွေးတဲ့အတိုင်း လက်ခံဖို့ကိစ္စကို ပြောရအောင် လာခဲ့တာပါပဲ” ဆမ်မာဗီးလ်က ချက်ချင်း စကားမပြန်။

”လူထုလက်ခံတယ်ဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ ကိစ္စပဲဗျ။ နေ့ချင်းညချင်း ပြောင်းသွားနိုင်တာမျိုး ပဲ။ မော်ကွန်းက ဒီနေ့အထိ ရောင်းနေရတုန်းပဲဟာ။ ကျွန်တော်တို့က ဆက်လုပ်သွားဦးမှာပါဗျ”
ဟင်နရီပေ့ ခေါင်းယမ်းလိုက်သည်။
”မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ချင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ပါ။ ခင်ဗျားတို့ ကျွန်တော့် ကို အပြုတ်ချတယ်။ မရဘူး။ ဒီတော့ ဥတ္တရအလင်းကို လက်ရှောင်လိုက်ပါတော့ဗျာ”
”ခင်ဗျားပြောတာ ကျွန်တော်တော့ နားမလည်ဘူး”
ဆမ်မာဗီးလ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။

”ကျွန်တော်တို့မှာ ဒီလောက် ပုံအောထားပြီးမှ အမြီးကုပ် ထွက်သွားရမှာလားဗျ”
”ကျွန်တော် ပြောချင်တာက သတင်းကလေးတစ်ပုဒ် သတ်ပေးဖို့ပါ”
”သတင်းမှောင်ချရမှာ... ဟုတ်လား။ အံ့အံ့သေးတော့ မိတ်ဆွေကြီးရယ် ကျွန်တော်တို့ သတင်းစာ ရဲ့ နံပါတ်တစ် ကျင့်ဝတ် တာဝန်က သတင်းလုံးဝ မှောင်မချရေးဆိုတာ မဟုတ်လားခင်ဗျာ”
”အရေးကြီးတဲ့ သတင်းကိုပြောနေတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်မိသားစု၊ ကျွန်တော့် ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်ရုံပတ်သက်တဲ့ သတင်းပါ”
”ဒီမှာ မိတ်ဆွေကြီး ဒီကိစ္စ ကျွန်တော် ဘာမှမသိဘူး။ ခင်ဗျားပြောနေတာတွေကိုလည်း ဘာမှမသိဘူး။ ဟက်ဒယ်လ်စတန်မှာ ခင်ဗျားနဲ့ ပတ်သက်တာ မှန်သမျှကတော့ အရေးကြီးတာ ချည်းဖြစ်မှာပေါ့ဗျာ။ အဲဒီမှာရှိတဲ့ ကျွန်တော့် အယ်ဒီတာချုပ်ကလည်း ဒီလိုပဲ သဘောထားမှာပဲ ထင်တယ်”
ဟင်နရီပေ့ နှုတ်ခမ်းကိုက်လိုက်၏။

”အဲဒီသတင်း က ချေးခြောက်ရေနူး သတင်းပါဗျာ။ အပြစ်မရှိတဲ့ လူတွေကိုသာ ဒုက္ခလှလှရောက် အောင် လုပ်မယ့် သတင်းသက်သက်ပါ”
ဆမ်မာဗီးလ် က ရုတ်တရက် စကားကြမ်းလာသည်။
”ဘုရားရေ ကျွန်တော့်ကို ခင်ဗျားဘာများ နားသွင်းနေပါလိမ့်ဗျာ။ ၂၀ ရာစုအလယ် ရောက်နေပြီဗျ။ ဒီခေတ်မှာ အထိမခံ ရွှေပန်းကန်လုပ်လို့ မရတော့ဘူးခင်ဗျ။ ကျွန်တော်တို့လို ဆော်တဲ့နှက်တဲ့ အလုပ်မျိုးမှာ ကိုယ်ဆော်တာ လည်း ရှိတယ်။ ကိုယ်အတွယ်ခံရတာလည်း ရှိတယ်။ မော်ကွန်းထဲ ထည့်မယ့် သတင်းတိုင်းကို ကျွန်တော် ကိုယ်တိုင်လည်း စိစစ်မနေနိုင်ဘူးဗျာ။ အယ်ဒီတာချုပ်ကို ယုံတယ်။ သူ့ကိုပဲ လုံးလုံးလျားလျားလွှဲထားတာ”
ဟင်နရီပေ့သည် ခံပြင်းလွန်း၍ ဆတ်ဆတ်မတုန်အောင် အောင့်အည်းမျိုသိပ်မထားနိုင်တော့။
ဆမ်မာဗီးလ်က လက်ပတ်နာရီကို ကြည့်လိုက်၏။ စကားဖြတ်မည့် အရိပ်အရောင်ပြသည်။

”မိတ်ဆွေကြီးရယ်...ဘာဖြစ်လို့များ ကျွန်တော့်ဆီလာပြီး ကယ်ပါယူပါ လုပ်နေရတာလဲဗျာ။ ကျွန် တော်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတာပါ။ သူတို့ လုပ်တာ လက်ခံရမှာပါပဲ။ ဒီကိစ္စက ဒေသဆိုင်ရာတွေမှာ လုပ်ပိုင်ခွင့် ရှိတာပေါ့။ ဒီကိစ္စကို ကျွန်တော် သိကိုသိရမယ် အရေးလုပ်ပြီး စဉ်းစား ရမယ်ဆိုပြီး ထင်ထားလို့တော့ ဘယ်ဖြစ်ပါ့ မလဲဗျာ”
ဆမ်မာဗီးလ်၏ ပြောပေါက်ဆိုပေါက်က ထိုကိစ္စကို ပစ်ပစ်ခါခါ ဖယ်ထုတ်လိုက်လေပြီ။ အနုတ်စုတ် ဂုတ်စုတ် အလုပ်မျိုးကို သူ ကိုယ်တိုင်အလုပ် သလိုလို ပြောနေလေပြီ။ ရေစုန်မြော်ဖို့သာရှိမှန်း ပေ့ သိသည်။ ရင်တွင်း ၌ ဒေါသ လောင်မြိုက်လာသည်။ သစ်စိမ်းချိုးတော့ အချိုးမခံ။

”ဒါထက်နေစမ်းပါဦး။ ဥတ္တရအလင်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း”
ဆမ်မာဗီးလ်သည် စားပွဲရှင်းနေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်၏။ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ရင်းအချင်းကို ယနမကင်း ဖြစ်ပုံပေါက်နေသည်။ ဤအညတရ တောသားက သူ ထိပ်တိုက် တိုးနေ သည့် ပြဿနာကို လေဖမ်းတန်းချည် မှန်းဆနေလေပြီလား။

ဆက်ရန်
.

No comments: