Monday, July 2, 2012

စံဇာဏီဘို ၏ ကွမ်းစားတစ္ဆေ

စံဇာဏီဘို - ကွမ်းစားတစ္ဆေ

စကားနည်းသော ပြုံးချို သည် ပန်းချီတော်၏။ နံရံဆေးရေးပန်းချီ၌ လွန်စွာလက်ရာမြောက်၏။ အုတ်နီခဲကို ထုထောင်း ၍ အမှုန့်ပြုကာ ရေနှင့် ဖျော်၍ ပန်းခီဆွဲရန် ရေဆေးကို ပြုလုပ်၍ တံမြက်စည်းရိုးမှ တုတ်တံကို အဖျားထု ခြေဖွာ၍ ပန်းချီစုတ်တံပြုကာ ထောင်အတွင်း အုပ်နံရံတို့၌ ဘုရားပုံတော်ကို ကျကျနနရေးဆွဲသည်။ ပြုံးချို ၏ နံရံဆေးရေး မော်ဒန်ဂရက်ဖတီဖီလင် ကို တိုက်(၁)တွင် ရှိသော သူတို့အားလုံး မြတ်နိုးစွာ ခံစားကြကုန် သည်။ အခန်းတိုင်း တွင် ပြုံးချို၏ လက်ရာအား အမြတ်တနိုး ရှိခိုးဦးချကြကုန်သည်။

 ပြုံးချိုသည် ဥရောပရီးနေးဆက်ခေတ်မှ နံရံဆေးပန်ချီပညာရှင် တစ်ဦးဖြစ်စေ၊ ပုဂံခေတ် နံရံဆေးရေး ပန်းချီပညာရှင် တစ်ဦးဖြစ်စေ၊ သေဆုံး၍ လူဝင်စားဘဝဖြင့် ၈၈ ကျောင်းသား မျိုးဆက်သစ် ဖြစ်ပေါ်လာသည် ထင့်။ တိုက်(၁) အခန်းပေါက်စေ့ တွင် ပြုံးချို၏ ဘုရားပုံတော် နံရံဆေးရေးပန်းချီတို့ လက်ရာမြောက်စွာ ရှိ၏။ နေ့ခင်းစောင့်သော ဝါဒါတို့ထံ လိုင်းဝင်၍ အခန်းချင်းလဲကာ ကိုယ့်အခန်း ပြုံးချိုဝင်၊ ပြုံးချို အခန်းကို ဝင်ခြင်းပြုကာ နံရံပန်းချီ တို့ကို စွန့်စွန့်စားစား ရေးဆွဲရခြင်းတည်။ ဘုရားပုံတော်ပန်းချီကားတစ်ခုအား အနှောင့် အယှက် မရှိ ရေးဆွဲရက ၂ ရက်ခန့်ကြာ၏။ ရှိက ၃၊ ၄ ရက်ခန့်ကြာ၏။ အခန်း၏ အတွင်းမျက်နှာစာ တစ်ပေါက် တည်းသော သံတံခါးဝဘေးနံရံ တွင် ဘုရားပုံတော် ပန်းချီကို ရေးဆွဲကြကုန်သည်။

အခန်း၏ အခြားနေရာတွင် ရေးဆွဲပါက အခန်းပြင်ပမှ မြင်နိုင်သည်။ ထိုနေရာသည် သာ မျက်ကွယ်ရာဖြစ်သည်။ ၁ တိုက် သည် ၁၀(က) အထိန်းသိမ်းခံများထားရှိသော နေရာဖြစ်သည်။ စီးပွားရေးသမားများ လည်း ပါ၏။ ဒေါ်လာလောကမှ အီစမန် နှင့် ဒါ ဝတ်ကျင်ဝါလား တို့၏ အခန်းတွင်ကာ ပြုံးချို၏ လက်ရာကို တမူ ထူးစွာ တွေ့ ရမည်။ မီးသွေးခဲမှုန့်ကို အမည်းရောင်၊ အုတ်နီခဲမှုန့်ကို အနီရောင်၊ မဲနယ်မှုန့် အပြာရောင် တို့ကို ရောယှက်ကာ အစ္စလာမ် တို့ထားရှိသော မက္ကာပုံကျောက်တုံးမည်းကြီးပုံကို ကျကျနနရေးဆွဲထား၏။ ဤသို့ ၁ တိုက် တွင် နေထိုင်သူတို့ ဘာသာတရားကိုင်းရှိုင်းခြင်း၊ ဘာသာတရား ကို တလေးတစားကိုးကွယ်၊ အနီးကပ် ပူဇော်ကြခြင်းသည်ကား ကရင်မ ကြောင့်တည်း။

ကရင်မ သည် ဆံတိုကုပ်ဝဲ အထက်အောက် အဖြူရောင်ဝမ်းဆက်ဝတ်လေ့ရှိသည်။ ရက်စေ့အင်္ကျီ ခပ်ပွပွ ဝတ်လင့် ကစား ကြော့ရှင်း ၏။ ထဘီကို ခပ်ကျပ်ကျပ်ဆွဲ၍ ခြေ်သလုံးသားပေါ်အောင် ဝတ်။ ၁၉၇၀ ခုနှစ် ခေတ်ဦး စတိုင် ခြေသလုံးပေါ် စတိုင် ဝတ်၏။ စတူဒီယိုခေတ်ဦး တက္ကသိုလ် ထွန်းနောင် တေးသီချင်းများထဲမှာ ဆံတို ကုပ်ဝဲပုံဖြစ်၏။ ခါးသေးသေး၊ ဝမ်းချပ်ချပ်၊ တင်ရင်အလှ ပြည့်ဖြိုးလှပ ၏။ သန်စွမ်းနက်မှောင်သော ကုပ်ဝဲဆံပင်၊ ထူထဲသော မျက်ခုံး၊ ဝါဝင်းသော အသားအရေနှင့် အရွယ်လတ် မိန်းမသား တစ်ဦးပင်ဖြစ်လင့်ကစား ရွှန်းသစ်နုပျိုခြင်းနှင့် ဆွဲဆောင်မှုအပြည့်ရှိသည်။

ကွမ်းကို မပြတ်တမြုံ့မြုံ့စားသူဖြစ်လေရကား၊ လှပသော နှုတ်ခမ်း တို့သည် ကွမ်းဖတ်၊ ကွမ်းကြေးအောက်၌ နီစွေးစွေး ရှိ၏။ ခံတွင်း ဟ လိုက်လျှင် ရဲဗတောင်း ခတ်နေသော ခံတွင်းနှင့် လျှာ၊ ကွမ်းချိုးတက်၍ ရဲရဲနီသော သွားနှင့်ဖြစ်၏။ ဤသည်ပင်လျှင် ဆွဲဆောင်မှုတစ်မျိုးဖြစ်ပေသည်။ အင်းစိန်ထောင်ဝင်းအတွင်း နေ့မရွေးညမရွေး အချိန်ကာလ မရွေး တံခါးမရှိ ဓားမရှိသွားလာ၏။ နေ့အခါ၌ တွေ့ရန် ခက်ခဲသည်။ ညအခါ၌သာလျှင် အသွားအလာ များသည်။ မြင်တွေ့ရန် လွန်စွာခဲယဉ်းသည်။ တွေ့ဖူးသူတို့ သွေးပျက်ခြင်း၊ အရူးအမူး  ဖြစ်ခြင်းများကြုံသည်။ နာနာဘာဝ သရဲမပင်ဖြစ်လင့်ကစား ဥစ္စာစောင့်မများကဲသို့ လှပကာ လူသား တို့၏ ဝိညာဉ်လိပ်ပြာ ကို ဆွဲခါလှုပ်ခတ်နိုင်စွမ်းရှိသူဖြစ်သည်။ တွေ့ဖူးသော သူများအနက် ၁ တိုက်တွင်နေ ထိုင်သော ကိုသောင်းထိုက် ရူးသွပ်မတတ်ဖြစ်ခဲ့သည်။ ရုပ်ရှင်မင်းသား အောင်လွင် သည် ကား သွေးလည်း မပျက်၊ အရူးအမူး လည်း မဟုတ်သည့်အပြင် ထောင်အတွင်း ၌ ရှားပါးလှသည့် ကွမ်းယာ ကိုပင် ပုံမှန်ပေးကာ စားသုံးစေခြင်းပြုလေ၏။

နားရင်းရိုက်ခံရသော ဝါဒါ

ဝါဒါကိုကျော်ဦး သည် မွေးရာပါ နှာခေါင်းတွင် ဘုကြီးပါသောကြောင့် အများက ဘုကျော်ဦးဟူ၍ ခေါ်သည်။ ထိုကာလ အမေရိကန်နိုင်ငံ တွင် သမ္မတဂျော့ဘွတ်စီနီယာမှ အုပ်ချုပ်သည်ဖြစ်ပေရာ ၄င်းအားဂျော့ဘု ဟူ၍လည်း ခေါ်ယူကြ ကုန်သည်။ အလွန်အအိပ်ကြီးသောသူဖြစ်သည်။ ညကင်းစောင့်သော အခါများတွင် အိပ်နေသောကြောင့် အပြစ်ပေးခံရလေ့ရှိသည်။ ယခုလည်း တခူခူနှင့် ထိုင်ခုံပေါ်ထိုင် လျက်အိပ်မော ကျနေစဉ် ဖြောင်းခနဲ လက်ဝါးနှင့်ဖြတ်ရိုက်ခံရ၍ ဝါဒါဘုကျော်ဦး အိပ်ငိုက်နေရာမှ ထိုင်ခုံပေါ် မှအား ခနဲ ပြုတ်ကျ သွားသည်။

ကုပ်ပိုး ကို ပွတ်၍ ထလာသည်။ ဝုန်းခနဲအသံကြောင့်  "ဆရာဘု ဘာဖြစ်တာလဲ"နိုးလာသော စံ-ဇာဏီဘို က မေးလေသော် "ကရင်မ လာရိုက်တာ၊၊ ကိုဇာကြီးြ့ပန်အိပ်နေ၊ တစ်ယောက်ယောက်ကင်းစစ်ဖို့ လှည့်လာလိမ့် မယ်" ဝါဒါဘုကျော်ဦး က ယူနီဖောင်းကိုဆင်ယင်၍ ဘွတ်ဖိနပ်ကြိုး ပြန်ချည်၏။ ဦးထုပ်ဆောင်း၏။ Gun Pipe (နံပါတ်တုတ်)ကို ကိုင်၍ နိုးနိုးကြားကြား ကင်းစောင့်သော စတိုင်ယူနေ၏။ မကြာမီ ခြေသံများ ကြးရ၏။ အလေးပြုသံ ကိုလည်းကြားရ၏။ "သတိ"ဟူသော အသံများနှင့်အတူ လိုက်လံစစ်ဆေး၍ အခန်းအတွင်းများ မီးများ ပိတ် မပိတ် စစ်ဆေးကြကုန်၏။ ဝါဒါညစောင့်များကိုလည်း ဝတ်စုံ ပြည့်၊ မပြည့်၊ နိုးနိုးကြားကြားရှိ၊ မရှိ စစ်ဆေး၏။ ထောင်ပိုင်ကြီးကိုယ်တိုင် လိုက်လံစစ်ဆေးခြင်း ဖြစ်သည်။

 ၁ တိုက်အခြေအနေများ စစ်ဆေး၍ ကျေနပ်စွာထွက်ခွာသွားသော ထောင်ပိုင်ကြီးဦးထွန်းထွန်းက "ကျော်ဦး မင်း ကံကောင်းတယ်၊ ဟိုဘက်တိုက်က ကောင်တွေ အိပ်နေကြလို့ ဒီကောင်တွေပြဿနာပဲ"။ ဦးထွန်းထွန်းက ဝါဒါကျော်ဦး ကို ချီးမွှမ်း၍ "ဇင်ဇင်း" စီးကရက်တစ်ဘူး ပေးသွား၏။ သူ တာဝန်ယူသော ၁ တိုက် တွင် ပြဿနာ မရှိခြင်းအတွက် အတော်ဝမ်းမြောက်နေ၏။
"ကိုဇာကြီး ရော့" ထောင်မှူးထွက်သွားသည့်နှင့် ဝါဒါကျော်ဦး လာရောက်ဆေးလိပ်တိုက်သည်။ အိပ်ချင်ယောင်ဆောင်နေသော စံ-ဇာဏီဘို ကို ဆေးလိပ်တိုက်၏။ ထိုခေတ်ကာလတွင် ဒူးယား၊ ခပေါင်းဆေးလိပ် တို့ ခေတ္တပျောက်၍ "ဇင်ဇင်း"အမည်ရှိသော တရုတ်စီးကရက် လွန်စွာခေတ်စား ၏။ ဆေးစပ်ကောင်း ၏။ ခပ်ပြင်းပြင်းဖြစ် ၍ လူကြိုက်များ၏။

"ဒါနဲ့ ပြောပါဦး ဆရာဘု၊ အခုနက ဘယ်သူလာကြီး နားရင်းရိုက်ပြီး နိုးတာလဲ" "ကရင်မ လာသတိပေးတာ" ဘယ်က ကရင်မ လဲ ဒီတိုက်ထဲ ညဘက်ကြီး မိန်းမ ဝင်လို့ရမှာလဲ" "ကရင်မဆိုတာ လူမိန်းမ မှ မဟုတ်တာ၊ သရဲမလေ၊ ဘယ်သူမြင်မလဲ၊ ကရင်မကိုမြင်ရင် ဖျားသွားမယ်၊ ရေရေလည်လည်မိုက်တာ" အစချီ၍ ကရင်မ၏ အလှ ကို စာဖွဲ့နေစဉ် ကြက်သီးဖြန်းခနဲထသွား၏။ ကွမ်းယာနံ့များထောင်းခနဲ ထလာ ၏။ လေထု သည် အေးသယောင် ရှိ လာ၏။ ကွမ်းယာနံ့များ ထောင်းခနဲထလာ၏။ ခေါင်းရှိ ဆံပင်ရင်းများ ကြက်သီးများ ထကာ ထောင် သွား၏။

ထိုစဉ် ဗဟိုကင်းမှ သံချောင်း ၆ ချက်ခေါက်သံ ကြားရသည်။ ည သန်းခေါင်ကျော် ၂ နာရီထိုးပြီ။ ပြောနေစဉ် စစ်ခွေးတိုက် မှ ခွေးအူသံများ ထွက်ပေါ်လာ၏။ အေးစက်နေသော လေတစ်ဝှေ့ကို သိသိသာသာခံစားရသည်။ ကွမ်းစားနေသော သူတစ်ဦးရောက်လာသည့် အလား ကွမ်းဝါးသံ၊ ကွမ်းနံ့များ ရ၏။ သို့သော် မည်သည့် အရိပ်အယောင် မျှ မမြင်ရ။ တိုင်တွင်ချိတ်ထားသော ဝါဒါဘုကျော်ဦး၏ ဦးထုပ် သည် လေမတိုက် ဘဲ အောက် သို့ဖုတ်ခနဲ ပြုတ်ကျ၏။

"လာပြီ၊ လာပြီ၊ ဆေးလိပ်တိုက်မယ်" ဝါဒါကိုကျော်ဦးက အမှောင်ထဲသို့ လှမ်းစကားပြော၏။ အမှောင်ထဲတွင် မည်သည့် အရိပ်အယောင်မျှ မတွေ့ရ။ ကိုကျော်ဦးတစ်ယေက် ရူးနေပြီထင့်။ ဝါဒါကျော်ဦးသည် စီးကရက် တစ်လိပ်မီးညှိသည်။ ထို့နောက် တိုက်တံခါးဝ ဝင်းတိုင်အမြင့်တိုင်တွင် တင်၍ "ကဲ... လာသောက် ကရင်မ၊ ငါ့ကို သတိပေးတာ ကျေးဇူးတင်ပါတယ်" ဟူ၍ အမှောင်ထဲသို့ကြည့်ကာ ပြော၏။
ခွေးအူသံများ ရုတ်တရက် ရပ်တန့်သွားသည်။ ကွမ်းနံ့များ ရုတ်တရက်ပြင်းထန်လာသည်။ တင်ထားသော စီးကရက် သည် လေကြောင့် မဟုတ်ဘဲ လူတစ်ဦးတစ်ယောက် ဖွာလိုက်သောအခါ ရဲခနဲ ဆေးလိပ် မီးတောက်လောင်ခြင်းဖြစ်၏။ တစ်စုံတစ်ယောက် ဆေးလိပ်မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သကဲ့သို့ အခိုးအငွေ့ များ ဖြာထွက်နေ သည်။ ပုံမှန် မီးညှိ ပါက အမွှေးတိုင်ကဲ့ သို့သာ လောင်ကျွမ်းမည်။ သို့သော် ဆေးလိပ်ဖင်စီခံ မှ အငွေ့ များ လှိုင်နေသည်။

ထိုမြင်ကွင်းမှာ ကြက်သီးထဖွယ်ရာ။ "မကြောက်ပ်ါနဲ့၊ ကရင်မက ဘော်ဒါစိတ်ရှိပါတယ်၊ သူခင်တဲ့ ဝါဒါတွေ အိပ်ငိုက်နေ ရင် ပထမလှုပ်ပြီး သတိပေးတယ်၊ မနိုးရင် နားရင်းရိုက်ပြီး သတိပေးတယ်၊ ခုတင်ပေါ် အိပ်နေရင် ခြေထောက် ကို ဆွဲရင်ဆွဲ၊ ဒါမှမဟုတ် ကန်ချတယ်၊ အဲဒီလိုသတိပေးတယ်" ထိုသို့ ပြောနေစဉ် စီးကရက် သည် ဖွာမည့်သူ မရှိ့ဘဲ မီးငြိမ်းသွားသည်။ ကရင်မ ကို တိုက်ထားသော ဆေးလိပ်အား ကိုကျော်ဦးက သွားယူ လာ၏။ ထိုအခါ တွင် ဆေးလိပ်အစီခံတွင် သွားနှင့်ကိုက်ထားသော အရာများကို တွေ့ရ၏။ ထိုဆေးလိပ် တွင် ကွမ်းယာဖတ်၊ ကွမ်းတံတွေး များပေနေ၏။ တစ်ဦးတစ်ယောက်မျှမတွေ့ရဘဲ စီးကရက် ကို သောက်သုံး သွားခြင်း ဖြစ်ပေ၏။

ဘကြီးအောင်နှင့် ကရင်မ

ဘကြီးအောင်ဟု အများခေါ်သော ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင် ၏ အခန်းတံခါးကို ပိတ် ထားသော သော့ခလောက် သည် လေမတိုက်ဘဲ ဂျောက်ဂျောက်မြည့်၍ လှုပ်၏။ ထောင်တိုက်တံခါးသော့ တို့သည် နံရံကိုထွင်း၍ နံရံဘက် တွင် သော့ခလောက်ထားကာ ပိတ်ခြင်းဖြစ်သည်။ သော့ခလောက်များသည် လည်း အလွန်ကြီးမား လှပေရာ လူတစ်ယောက်လှုပ်ခါမှ သာလျှင် အသံများ ထွက်ပေါ်လာနိုင်သည်။

"ပြန်တော့လေ၊ လာမနောက်နဲ့တော့" ဟု လှမ်းပြောသည်။ ပြောကာမှ သော့ခလောက်အား ခါလှုပ်၏။ ထို့နောက် အသံပျောက်သွားသည်။ ထပ်မံ၍ ဆေးလိပ်တို ကို မီးညှိကာ စကားပြောနေစဉ်"အား" ဟူ၍ အသံနက်ကြီးနှင့် အလန့်တကြားထအော်သော ဘကြီးအောင်အသံ ကို ကြားရသည်။ " တပီလာ၊ ဘယ်ဒေါ်အော်အီး" ဟူ၍ နှုတ်မှ အဆက်မပြတ်အော်ဟစ်နေသော ဘကြီးအောင်အား အခန်းပြင်မှ ကိုကျော်ဦး က ရေနှင့် ပက်ကာမှ အသံရပ်သွားသည်။ ဘကြီးအောင် ကရင်လိုပြောသံများကိုလည်း ကြားရ၏။ အအိပ်ဆတ်သူ များ နိုးလာ၏။

"ဘကြီးအောင်၊ ဘာဖြစ်တာလဲ" အိပ်ချင်မူးတူးနှင့် ရန်မျိုးသိမ်းက လှမ်းမေး၏။ ၈၈ ခု မျိုးဆက်ကျောင်းသား များအနက် ဆေးကျောင်းသား ရန်မျိုးသိမ်း သည် ဆေးထိုးအပ်မကိုင်ဘဲ ဆရာဝန် လုပ်မည် ဟု ကြွေးကြော်ထားသည်။ တစ်တိုက်လုံး အားထားရသော ဆရာဝန်လောင်းလျာဖြစ်သည်။ " ရောဂါမှန်သမျှ ပါရာသောက် ပျောက် ဟူ ၍ ပါရာစီတမော့တစ်ဖုံ ကို တွင်တွင်သုံးသောသူဖြစ်သည်။ ယခုလည်း အိပ်ရာမှ လန့်ပြီး ထအော်သော ဘကြီးအောင် အား ပါရာစီတမော့တိုက်ရန် လှမ်းအော်သည့်ထင့်။

"ဘကြီးအောင်၊ ဘာတွေအော်နေတာလဲ" ကရင်စာတွေ လာသင်နေတာ အိပ်မက်ထဲမှာ" ဟု ဘကြီးအောင် က ပြော၏။ ကရင်စကားမပြောတတ်သော ဘကြီးအောင်သည် တပီလာအယ်ဒေါ် အော်အီး ကို ကောင်းကောင်းပြောနေ ၏။ ကိုကျော်ဦးက ကရင်စပ်ဖြစ်သောကြောင့် တစ်ပီလာဆိုတာ ကွမ်းစားချင်တယ် လို့ပြောတာ ဟု ဘာသာပြန်သည်။ တပီလာ အယ်ဒေါ်အီး လို့ လာသင်နေတာ။ "ကွမ်းစားချင်ရင် ဒီလိုအော်"။ "ဘယ်သူ က လာသင်တာလဲ"ဟု ရန်ကြီးက စပ်စပ်စုစုမေး၏။ "အရမ်းဖြောင့်တဲ့ ကရင်မ လာသင်တာ"။ "သြော်.. ဒါများ ဘာအော်စရာလိုလဲ" ဟု ဘေးမှ နားထောင်နေသော ဦးရဲအောင်မင်းမှ ခပ်ရွှတ်ရွှတ်ပြော၏။ ကွမ်းစား မလားလို့မေးတယ်။ အိပ်နေတာလာနှိုး လို့ ကြည့်လိုက်တော့ အတော်လှတဲ့ အမျိုးသမီး တစ်ယောက် ကို တွေရတယ်၊ စားချင်တာပေါ့လို့ဖြေတော့ ကွမ်းစားချင်ရင် ကရင် လိုပြောလို့ တပီလာအယ်ဒေါ်အော်အီး ဟု လိုက် ရွတ်ခိုင်း၏။

လိုက်ရွတ်တော့ သဘောကျပြီးပြုံးပြသည်။ ရိုးရိုးပြုံးပြရုံသာမက လက်နှစ်ဖက်နှင့် သူ့ခေါင်းကို လည်ပင်းရင်း က ဖြုတ်ပြီး လည်ပြတ်ကြီးက သွေးတွေ ပန်းထွက်လာတယ်။ နားရွက် အနား ပါးစပ်ကပ်ပြီး တပီလာ ဟု အော်သည်။ လန့်ပြီး ထအော်ယူရတယ်။ အိပ်မက်က တော်တော်ဆန်းတယ်။ ဘာပဲဖြစ်ဖြစ် ကရင်စကား တစ်လုံးတော့ တတ်သွားပြီ။

ကွမ်းစကား တပီလာ


နံနက်မိုးသောက် ရောက်ရှိလေသော်"တပီလာအယ်ဒေါ်အော်အီး" ဟူသော ကရင်လိုပြောသော စကားသံကို ကြား ရသည်။ သပိတ်ကဲ့သို့ မည်မှောင်နေသော အသားနှင့် ပိန်ပိန်ရှည်ရှည်နှင့် ထောင်ဝါဒါဝတ်စုံကို ဝတ်ဆင်ထားသော ကုလားတစ်ဦးသည် ကရင်ကဲ့သို့ တပီလာအယ်ဒေါ်အော်အီးဟူသော ကရင်စကားကို ပီသစွာပြော၍ ဘကြီးအောင်အား ကွမ်းယာ ၁ ထုပ် လှမ်းပေး၏။  တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော ဝါဒါ တစ်ဦးဖြစ်သည်။

ညက ထောင်ပိုင်ကြီးကိုယ်တိုင်လှည့်လည်စစ်ဆေးချိန်တွင် ညတာဝန်ယူသူများ အိပ်ပျော်နေခြင်းကြောင့် အပြစ်ဒဏ် အဖြစ် ဗူးပေါ်တင်ခြင်း ပြု၏။ ဝါဒါလောကတွင် ဗူးပေါ်တင်ခံရသော အခြေအနေသည် ဝါဒါတို့ အတွက် အလွန် ဆိုးသော အခြေအနေဖြစ်၏။ ယခု သင်တန်းဆင်းဝါဒါအသစ် များကို အပြောင်းအလဲ  ရောက်ခြင်းဖြစ်သည်။ ထိုဝါဒါကုလားကြီးသည် ကရင်စကားလည်းမတတ်၊ ကွမ်းရောင်း၍ စီးပွားရှာခြင်း လည်းမဟုတ်။ ထိုနေ့ တိုက်အဝင်အဝ ဗာဒံပင်အောက်တွင် ကွမ်းထုပ် ကို တွေ့လျှင် ကောက်ယူ လိုက်ပြီး ၁ တိုက်သို့ရောက်ရှိလာကာ အခန်း ၇ ရှေ့တွင် ရပ်၍ဘကြီးအောင်အား ကွမ်းထုပ် လာ၍ ပေးခြင်းဖြစ် ၏။ ဤအခန်း၌ ဘကြီးအောင် နေမှန်းလည်း မသိဘဲ တပီလာအယ်ဒေါ်အော်အီး ဟု အလို အလျောက်ပြော ၍ ပေးခြင်းဖြစ်၏။

ထို့နောက် ကွမ်းယာပေးပြီးထွက်သွားသော ကုလားကြီးနောက်နောင် တွေ့ခြင်းမရှိ၊ ထမင်းစားပြီး ထိုနေ့ခင်း တွင် တစ်ရေးတစ်မော အိပ်စက်နေစဉ်" တပီလာအယ်ဒေါ်အော်အီး"ဟူသော အသံကြောင့် နိုးထလာသည်။ ဆံပင် ကို နောက်သို့လှန်ဖြီးထားပြီး ဗိုက်ပူပူ၊ပါးဖောင်းဖောင်း၊ ရွှေသွားခေါခေါနှင့် ဝါဒါဝတ်စုံကို ဝတ်ထားသော တရုတ်ကြီးတစ်ဦး သည် ဘကြီးအောင်ထံသို့ ကွမ်းလာပေး၏။ "သေဒဏ်ကြိုး သမားတွေ ရေချိုးတဲ့ ကန်ပေါင်ပေါ် မှာ ကွမ်းထုပ် ကို ကောက်ယူပြီးတာနဲ့ ဒီကိုလာပေးရမယ်ဆိုတာ အလိုလိုသိနေတယ်၊ ရော့" ဟု ပေးကာ ထွက်သွား၏။

ထိုတရုတ်ဝါဒါကြီးအား နောက်နောင် မတွေ့ရတော့ပါ။ ဤသို့နှင့် ည ၉ နာရီ အိပ်ချိန်တွင် "တပီလာအယ်ဒေါ်အော်အီး"ကို ကြားရပြန်သည်။ ကုလားမဟုတ်၊ ကရင်မဟုတ်၊ တရုတ်လည်း မဟုတ်၊။ ထောင်လောကတွင် ဗန္ဓုလဟုလည်းကောင်း၊ စံရစ်ဟူ၍လည်းကောင်း အလွန်နာမည်ကြီးသော ထောင်မှူးကြီး ဦးစံရဖြစ်သည်။ ဦးစံရသည်။ အလွန်စည်းကမ်းကြီးသည်။ အလွန်ပြဿနာရှာသည်။ အလွန် ရစ်သည်။ ဦးစံရစ်ဟု အမည်တွင်ခြင်းသည် မဆန်းလှ။ ကရင်လိုပြောပြီး ဘကြီးအောင်အား ကွမ်းပေး၏။ ထောင်တွင် ကွမ်းထာတွေ့လျှင်ပင် ဘယ်သူပေးတာလဲ၊ ဘယ်ကရတာလဲ ဟု ပြဿနာရှာတတ်သော ဦးစံရ လာပေးသောကြောင့် ဆန်း၏။

မိန်းကြေးစားပွဲပေါ် မှာတွေ့လို့ ကောက်ပြီး ဒီကိုပေးရမယ်လို့ အလိုလိုသိပြီး လာပေးတာ" ဟု ပြောကာ ထွက်သွား၏။ တိုက်သားများအားလုံး မအိပ်နိုင်တော့။ တစ်ထုပ်ပြီးတစ်ထုပ် ၃ ကြိမ်တိုင်တိုင် ရရှိ ထားသောကြောင့် အလျှံပယ်ဖြစ်နေ၏။ ဗမာဆေး၊ ဆေးမွှေး၊ စစ်ကနယ်နှင့် ကျနစွာ ယာထားသော ကွမ်းယာ သည်ကား ၁ တိုက်တွင် အားလုံး တမြုံ့မြုံ့စား၍ စားကောင်းကြ၏။ ထုံးနှင့် ရှားဆေး ကျကျနန စပ်ထားသောကြောင့် မစားတတ်သောသူပင်လျှင် ထုံးမပေါက် ကွမ်းမနင်ဘဲ တမြုံ့မြုံ့ဝါး၍ စားကောင်းလှ၏။ "ဘကြီးအောင်ရဲ့ ကရင်မ တယ်စွမ်းသကိုး" ဟု ပြောကြသည်။ "ဒီည လာရင် ဘီယာလေး၊ ဘဲကင်လေးတောင်း ရအောင်၊ ဘီယာ၊ ဘဲကင်လောက်မလုပ်နေနဲ့၊ ဂျော်နီလမ်းလျှောက်လေးပါ တောင်းမှ၊ ဆိုဒါ မရရင် နေ၊ ရေခဲတုံး နဲ့ဆိုရင် on the rock ပေါ့" ကွမ်းတမြုံ့မြုံ့ဝါး၍  ဦးရဲအောင်က ဆိုပြန်သည်။ လူ့အလို နတ်မလိုက်နိုင်ရင်သာ ရှိမယ်။ ကရင်မ ကတော့လိုက် နိုင်မယ် ထင်တယ်ဟူ၍ တစ်ဖန် ပြောကြပြန်၏။

"ဘိုင်စကုတ်မင်းသမီး နဲ့ တူသလား။ အတော်စတိုင်မိုက်တယ်။"ဆောင်း" ရုပ်ရှင် ကားထဲက မင်းသမီး စံရှားတင် လို့ကိုယ်လုံးတောင့်တောင့် မျက်နှာဆင်တင်တင်။
ပီသုံးလုံး ကိုသောင်ထိုက်နှင့် ဘကြီးအောင်တို့ စေ့စေ့စပ်စပ် မေးဖြေသံကို အားလုံးက နားစွင့်နေကြ၏။ ပီသုံးလုံး တွင် ပါဝင်သူအားလုံးတို့သည် "လက်ဝဲ၀ါဒီ ရုပ်ဝါဒ" စစ်စစ်ကို လက်ခံယုံကြည်သူများ ဖြစ်သည်။ တိုက်ခန်း တွင် နေထိုင်သူအားလုံးတို့သည် လက်တွေ့ရုပ်ဝါဒ ဆက်နွှယ်သူများ၊ သိပ္ပံနည်းစနစ်ကို လက်ခံသူများ လက်တွေ့သမား များဖြစ်သည်။ ခေတ်လူငယ်များလည်း ဖြစ်ပေရာ တစ္ဆေသရဲနှင့် ပတ်သက်၍ အယုံအကြည် မရှိသူများဖြစ်၏။

ယခုဖြစ်ရပ်တွင်ကာ စိတ်ထင်လို့ပါဟူ၍ ပြောရခက်နေ၏။ ဝါဒါကျော်ဦး နားရင်းရိုက်ခံရသည် မှာ သေချာလှသည်။ စီးကရက်ကို လေတွင်ထားလျက် အစိခံမှ ကွမ်းဖတ်၊ သွားကိုက်ရြ၊ ဘကြီးအောင် အခန်းသော့ လှုပ်ခြင်း၊ ကွမ်းယာ မမျှော်လင့်ဘဲ ရရှိခြင်းတို့သည်ကာ ထူးခြားချက်ဖြစ်ပေသည်။

"သရဲ ဆိုတာရှိရင် တွေ့ချင်လိုက်တာ" ဟူ၍ ရကထ ကိုတင်ဆန်းက စိတ်ခံစားချက်ကို ပြော၏။ ထိုညနေ တစ်ခုလုံး တစ္ဆေသရဲပုံပြင်များ အပြန်အလှန် ပြောကြသည်။ မကောင်းဆိုးဝါး နာနာဘဝမှန်သမျှ ကိုယ်ထင်ပြကြပါစေ ဟူ၍ အခန်းတိုင်း က တောင်းဆို၍ အိပ်ရာဝင်၏။ တစ္ဆေသရဲတို့ကို စောင့်ဆိုင်းကြ၏။ မိုးလင်းခါနီး မှ အိပ်စက်ကြ၏။
"ဟား..ဟား....ဟား.. ဟားး.... " ဟူ၍ စူးစူးဝါးဝါး ရယ်မောသံ ကြာရလေသော် အားလုံးရုတ်တရက် နိုး၏။ တန်းစီးစိုးမြတ် သည် တစ်စုံတစ်ရာ ပူးကပ်စီးနေသကဲ့သို့ မရပ်မနား စူးဝါးရယ်ကာနေ၏။ ကိုသောင်းထိုက် အခန်းရှေ့ တွင် ရပ်၍ လက်ညှိုးထိုး၍ ခေါင်းတဆတ်ဆတ်ညိတ်ကာ ရယ်မောသည်။ ထို့နောက် ရယ်မောခြင်း ကို ရုတ်တရက်ရပ်ကာ "တပီလာ" ဟူ၍ ၃ ခွန်းအော်ကာ ဘကြီးအောင်အခန်းတွင် ကွမ်းယာထုပ်ပေး၍ ၁ တိုက်အတွင်း မှ ထွက်ခွာသွားသည်။

"စိုးမြတ်ကြီး ဘာဖြစ်တာလဲ" ဟု အစောင့်ဝါဒါများက ခေါင်းတယမ်းယမ်းနှင့် ပြော၏။ "သန်ဘက်ခါည လာခဲ့မယ် လို့ ကွမ်းယာထုပ်မှာ စာရေးထားတယ်" ဟု ဘကြီးအောင်က ကွမ်းထုပ်ပေါ်မှ စာတိုကိုပြ၏။ "ဟာ... ဘယ်သူလာ မှာလဲ" "သရဲဆိုတာ စာမရေးတတ်ပါဘူး" "စိုးမြတ်ကြီး ရေးထားတာနေမှာပေါ့" သန်ဘက်ခါ ကျရင် နွားဆေးလိပ် နဲ့ ပဲကြော်ဧည့်ခံမယ်" လို့ အားလုံး တဟီးဟီး တဟားဟားနှင့် ဝိုင်းသြဘာပေးကြ၏။

သရဲစီးခံရခြင်း

"အား" ဟူသော အသံနက်ကြီးကို လူအမြောက်အများ အော်ဟစ်သူံကို ကြားဖူးသူ ရှိကေင်းရှိမည်။ သို့သော် ရှားမည်။ သန်ဘက်ခါဟုဆိုသော ညတစ်ညတွင် ထိုအသံကို တိုက် ၁ တွင် ရှိသူအားလုံးတို့သည် ကြားလည်းကြားဖူကြသည်။ ကိုယ်တိုင်လည်း အော်ဟစ်ကြသည်။
စူးစူးဝါးဝါးအော်ဟစ်သံများ အသံနက်ကြီးနှင့် မရပ်မနားအော်ဟစ်သံများ တဝုန်းဝုန်းတဒိုင်းဒိုင်းနှင့် အသံ များကြောင့် တစ်တိုက်လုံး နိုးထလာကြ၏။ "အဆောင် ၃ မှာ သရဲစီးလို့" အစောင့်ဝါဒါများက ပြောသည်။

"အိပ်ချိန် လှဲ ထားမယ်၊ လှဲနေမယ်၊ လုံးဝမထနဲ့" ဝါဒါများ၏ အမိန့်ပေးသံတို့သည် တိုက်ဝင်းအတွင် ဆူညံနေ ၏။ ထောင်အတွင်း သရဲစီးခြင်းသည် လွန်စွာ ကြောက်မက်ဖွယ်ကေင်း၏။ခွေးတစ်ကောင်အူလျှင် တခြားခွေးများ အူသကဲ့သို့ အလားတူ တစ်ဦးတစ်ယောက်မှ အသံနက်ကြီးနှင့် စတင်အော်လေသော် အခြားလူများက လိုက်၍ အော်သည်။ လူစိတ်ပျောက်၍ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်ရိုက်နှက်ကြသည်။ သရဲစီးသည်ဟူသော စကား အတိုင်းဖြစ်သည်။ ကြီးမားသော ဒဏ်ရအြနာတရရသည့်တိုင် အသက်ထိခိုက်နိုင်သော အနေအထားအထိ ထိုးကြိတ်ရိုက်နှက်သတ်ဖြတ်ကြကုန်သည်။ အိပ်ဆင်ဘာယာများ၊ တန်းစီးဝါဒါများ၊ အခန်းလူကြီး များ ထိန်းသိမ်း၍ မရအောင် ဖြစ်လေ့ဖြစ်ထရှိသည်။

"ဟား....ဟား.... သန်ဘက်ခါည လာမယ်ဆိုပြီး ၁ တိုက်လာမယ်ဆိုပြီး ၃ တိုက်ကိုရောက်နေလေရဲ့ "ကိုသောင်းထိုက်က ပြော၏။ "အဲဒီသရဲ လိပ်စာ မှားလို့နေမှာပေါ့" ဟု ရန်ကြီးကဝင်၍ နောက်ရွှတ်ရွှတ်ပြော၏။ ထိုစဉ် " အား "ဟူသော အသံသည် အဆောင်  ၁ တွင် ပေါ်လာပြန်သည်။ "ဟာ.. ဒုက္ခပဲ၊ ဆက်တိုက်ဖြစ်တော့မယ်" ဝါဒါတို့က ပြောပြန်သည်။ ဤသို့ သရဲစီးခြင်းမဖြစ်သည်မှာ ကြာပြီးဖြစ်ပါက အဆောင် များ တစ်ခုမှ တစ်ခု ကူးစက်ကာ ဖြစ်တတ်၏။ ယခုည ၁၁ နာရီခန့်သာ ရှိသေး၏။ တစ်ညတာ အတွက် စိုးရိမ်ရကြော်း ယါဒါများက ပြော၏။ အိပ်ဆောင်များ နံနက် ၆ နာရီမှ စဖွင့်မည်ဖြစ်ပေရာ တိုက်အတွင်းမှ လူများ အားလုံး မအိပ်ကြတော့။ အားလုံးသတိနှင့် ထိုင်နေကြသည်။

အိပ်ချိန်မအိပ်ပဲ အချင်းချင်း စကားတီးတိုးပြောကြသည်။ ထိုသို့ဖြင့် မနက် ၃ နာရီခန့်သို့ရောက်သောအခါ "တော်ကြာ မိုးလင်းတော့မှာ၊ ထောင်မဖွင့်ရင်တောင် ၄ နာရီဆို လင်းပြီ" ကမ္ဘာဦးအစ လူများ နေမင်းအလင်းရောင် ကို မျှော်လင့်ကစား အလင်းရောင်ကို တောင့်တကြသည်။ အသံများလည်း မကြား ရတော့။ မျက်လုံးများလေးလံကာ အိပ်ချင်စိတ်လွှမ်းမိုးနေသည်။ အိပ်သူ အိပ်၊ ငိုက်သူ ငိုက်၊ သက်သောင့် သက်သာ နေ၍ မှေး ခနဲ အိပ်ပျော်သွား၏။

လက်တို့၊ ခြေတို့ လှုပ်၍မရ။ ရင်ဘတ်ပေါ်တွင် တက်နင်းထားသကဲ့သို့ မျက်လုံးဖွင့်ကြ့်သောအခါ ဖိနပ် မပါသော ခြေတစ်စုံ ကို မြင်ရ၏။ အထက်သို့ မော့ကြည့်လေသော် မျက်လုံးပြူး၊ လျှာထွက်၊ ကြိုး တန်းလန်းနှင့် သေနေသော လူသေကောင်ကြီး။ ဘေးမှလည်း မကောင်းဆိုးဝါး ငြာသံပေး၍ တအူးအူး တအားအား များကြားရ၏။ ရင်ဘတ်ပေါ်မှ နင်းထားသော ခြေထောက်တို့သည် ပိုမိုလေးလံလာ၏။ တစ်ကိုယ် လုံး လှုပ်၍မရတော့။

 "ကိုဇာကြီး ဘာဖြစ်နေတာလဲ" တစ်ယောက်ယောက် အော်ဟစ်မေးသံကြာရသည့်အခါမှ ကြိုးစားရုန်းကန် ညှစ်ထုတ်နေသော အားဟူးသော အသံထွက်လာ၏။ ထိုသို့နိုးထသော အချိန်တွင်လည်း တစ်တိုက်လုံးထောင် တစ်ခုလုံး ဆူညံအော်ဟစ်နေကြ၏။ ဝါဒါများကိုယ်တိုင်ပင်လျှင် မျက်လုံးပိတ်၍ တအားအားဟစ်အော်ကြ၏။ လက် တွင် ကိုင်ထားသော Gun Piperနှင့် သံတိုင်များကို တဂျမ်းဂျမ်းရိုက်၏။ အတော်အတန် အော်ဟစ်ကြပြီး အသံများ ကို ရပ်လိုက်၏။ အိပ်မက်ဆိုးမှ နိုးလာကြ၏။

"လူမည်းကြီး လာခွလို့" ရန်မျိုးသိမ်းက ပြော၏။
"လည်ပင်းလာညှစ်လို့" တင်ဆန်းကပြော၏။
"ခြေထောက်လာဆွဲလို့" မြအေးက ပြော၏။
"လက်ပြတ်အမည်းကြီး လည်ပင်းလာညှစ်လို့" ဟု ကိုသောင်းထိုက်က ပြော၏။

အားလုံး အိပ်မက်ဆိုး ကို တစ်ပြိုင်နက်တည်း မြင်မက်ခြင်းဖြစ်ပေ၏။ နံနက် ၄ နာရီ အကျော်တွင် မလင်းသည့် အပြင် ပို၍မှောင်သယောင် လဝင်ချိန်ဖြစ်သည်။ နေသည်လည်း ထွက်မလာ။ မိုးကောင်းကင်တွင် ကြယ်စင် အလင်းများတိမ်ဖုံးနေ၏။ ထိုအချိန်တွင် နံနက်လင်းခါနီးဖြစ်၍ ပြန်အိပ်ရင် ချောက်ချားနေကြ၏။ အားလုံးမှေးခနဲ ဖြစ် သွားပြန်၏။
"အား" ဟူသော အသံနက်ကြီးသည် ကိုသောင်းထိုက် အခန်းမှ စူးစူးဝါးဝါး အသံများဖြစ်နေ၏။
တိုက် ၁ ဘက် ငြိမ်ကျနေပြီ ဖြစ်၏။

"ကိုသောင်းထိုက် အိုကေလား" ဟု ဝါဒါများက မေး၏။ "ကုပ်ပေါ်အေးစက်စက်ကြီးခွစီးနေလို့"
ကိုသောင်းထိုက်ပြော၏။ ဝါဒါများက ကိုသောင်းထိုက် အခန်းဝတွင် ထိုင်နေ၏။
"ဂျောင်း...ဂျောင်း.. ရှိုက်တန်၊ ရှိုက်တန်" အခန်း ၂ အီစမန်က ကုလားလို ထအော်၏။ "ကိုအီစမန် ဘာဖြစ် တာလဲ" "အပေါက်ဝကနေ အငွေ့တန်းကြီး ဝင်လာတယ်၊ ရှိုက်တန် သရဲ မိန်းမဖြစ်တယ်။ အရိပ် ကနေ ဖြစ်လာတယ်"
"အားရိုးရိုး အလ္လာ"ဟူ၍ ဘုရားတကာပြော၏။ မိုးသောက်ခါနီးသည်အထိ အခန်းအတွင်း အရိပ်မြင်သူ မြင်၊ အကောင်မြင် သူ မြင်၊ အကိုင်ခံရသူ ခံရနှင့် တစ္ဆေသရဲမြင်ဖူးချင်သူများအား ဆန္ဒဖြည့်လေတော့သည်။

"ဣတိပိေဿာ" ရွတ်နေသော တင်ဆန်းအား ပါးစပ်ကို အမွေးထူထဲနေသော လက်တစ်စုံက လာရောက်ပိတ် ၏။ ရောင်နီပျိုးချိန်ရောက်သော် အားလုံးငြိမ်သွား၏။ ထူးခြားချက်သည်ကား ပြုံးချိုသည် သရဲသဘက် မကောင်းဆိုးဝါး ၏ ခြောက်လှန့်ခြင်းကိုလည်း မကြုံ၊ အိပ်က်ဆိုးလည်း မရ၊ အော်လည်းမအော်၊ အေးချမ်း ပကတိရှိသည့်အပြင် အခြားအခန်းများ ဆိုးဆိုးဝါးဝါးဖြစ်နေသည်များကို လိုက်လံအားပေးကူညီသည်။

အကြောင်းသည်ကား ပြုံးချိုသည် ပန်းချီဝါသနာပါသူဖြစ်ပေရာ အခန်းနံရံအတွင် ဘုရားပုံတော်များရေးဆွဲ ထားခြင်းကြောင့် ဖြစ်သည်။
"ကိုပြုံးချို ဘုရားပုံလာဆွဲပေးပါ" လို့ ကိုသောင်းထိုက်က စ၍တောင်းဆိုသည်။ ဤသို့ဖြင့် နောက်နောင်တွင် အခြားအဆောင် တိုက်များတွင်သာ သရဲစီးခံရခြင်းများဖြစ်၍ တိုက် ၁ တွင် နာနာဘာဝဘေးမှ လွတ်၏။

သို့သော် ဘကြီးအောင် လည်း တပီလာကွမ်း နှင့် ဝေးရလေတော့သည်။ များမကြာမီ သတင်းကြားရသည်မှာ ကရင်မ သည် တိုက် ၃ တွင် နေထိုင်သော ဆရာမင်းသိင်္ခ ထံ ခြေဦးလှည့်နေကြောင်း သိရှိရသည်။
ချမ်းမြေ့မေတ္တာ တုံ့ပြန် ပါသည်။

စံ - ဇာဏီဘို
ရယ်စရာ မဂ္ဂဇင်း ၂၀၁၂၊ ဂျူလိုင်
.

9 comments:

အောင်ဒင် said...

ဆန်းပါပေ့။ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းနဲ့တောင် ကြက်သီးထမိတယ်...မမရေ.. အပြင်မှာဆို ကြောက်တဲ့စိတ်နဲ့ အသက်ပါမယ် ထင်ပါရဲ့ .အဟီးး

Anonymous said...

good want to meet kayin lady

seeesein said...

မမ ခွေးအော်သံတွေဆူညံနေလို့ တခါနိုးပြီး ပြန်ထဖတ်တာ အဟဲ ကရင်မလေးများတွေ့မလားလို့ပါ
ချစ်ညီမ

Anonymous said...

ဟီးဟီး-- ဘုရားမယုံတရားမယုံတဲ့ ရုပ်ဝါဒီတွေ ဘာသာရေးကိုင်းရှိုင်းကုန်တာ ကရင်မလက်ချက်ကိုး။

မြစ်ကျိုးအင်း said...

ဖတ်သွားပါတယ်အစ်မ။

ပစ်ပစ် said...

မကြီးရေ ကျေးဇူးတင်လိုက်တာ
စိတ်ဝင်တစားနဲ့ဖတ်သွားတယ်အမ

Anonymous said...

လာဖတ်သွားပါတယ်အမ.
ကျေးဇူးတင်ပါတယ်နော်.
မေ

Nyi Linn Thit said...

တကယ့်ကို ထူးဆန်းတဲ့ အဖြစ်ပါပဲ..၊ ဆရာ စံဇာဏီဘိုကလည်း နာမည် အရင်းကြီးတွေနဲ့ ရေးထားတော့ တကယ့်အဖြစ်အပျက်လို့ပဲ ထင်ပါတယ်၊ ထောင်မှာ သရဲစီးတဲ့ အဖြစ်တွေ အကြောင်းတော့ ကြားဖူးတယ်၊ ဇူလိုင်လထုတ် အသစ်စက်စက်ကို အခုလို တင်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ် အစ်မရွှေစင်ရေ...။