ဥတ္တရအလင်းလည်း စောင်ရေကျလာသည်။ သွေးရူးသွေးတန်း ဖြစ်လောက်အောင် မကျဟု ဆိုနိုင် စေကာမူ အပတ်တိုင်း စောင်ရေ ရာပေါင်းများစွာ တအိအိ ကျလာသည်။ ဘယ်လောက်အထိ အရှုံးဆက်ခံနိုင်ပါ့မလဲ ဟူသော ကြောင့်ကြမှုသည် ပေ့ ရင်ထဲတွင် တအုံနွေးနွေးနှင့် တဖြည်းဖြည်း ကြီးထွားလာနေလေ၏။
ယနေ့ နံနက် သတင်းညိနှိုင်းပွဲမှာလည်း ရွှင်လန်းချမ်းမြေ့မှုမရှိ။ ညိနှိုင်းပွဲအပြီးတွင် ဟင်နရီပေ့သည် သုန်သုန်မှုန်မှုန်ကြီး ထိုင်ကာ မော်ကွန်းသတင်းစာကို ဟိုလှန်ဒီလှော လုပ်နေလေသည်။ ကို ဆက်ဖတ်ရန်...တီနာတင်ဂဲလ် လက်သံပြောင်လိုက်လေဟု အော့နှလုံးနာနာ နှင့် သတိထားမိနေ၏။
''ချစ်တဲ့ တီနာရေ... မေ့ကိုယ်တော်ချောက မင်္ဂလာမဆောင်ခင် နှစ်ကိုယ်ကြင်တာကို မှားတယ်လို့ မထင်ဘူး တဲ့ ကွယ်''
ဟူသော မေးခွန်းကို အတည်ပေါက် ပြန်ဖြေပုံမှာ....
''ချစ်တဲ့ ဂလဲဒစ်ရေ... ညီမရဲ့ ချစ်သော မောင်မောင်က ညီမရဲ့ ကိုယ်ကာယကို လိင်အာသာဖြေမှု တစ်ခုတည်းသက်သက်အတွက် အသုံးချချင်တာပါကလား။ သူ့ကို အသာခေါ်ပြီး တိုးတိုးလေး ပြော လိုက်ပေါ့ကွဲ့၊ သူ့မယားကို မပြစ်မှားနဲ့လို့။ ဒီလိုကိစ္စမှာ အညှာလွယ်တဲ့ ညီမရဲ့ သူငယ်ချင်းတွေက ညီမရဲ့ စိတ်ဓာတ်ခိုင်မာတည်ကြည်မှု၊ ကိုယ်ကာယ ကျန်းခန့်သန့်စင်မှုကို လှောင်ကြလိမ့်မယ်။ ဒါ ပေမဲ့ သူတို့မှာသာ လိပ်ပြာမသန့်တဲ့ စိတ္တဇနာစွဲကြမှာပါ။ နောက်ဆုံးတော့ ညီမက သူတို့ကို ပြန် လှောင်နိုင်မှာပါကွယ်'' ရှိသေးသည်။
''ခင်မင်အပ်သော မစ်တင်ဂဲလ်ရှင့်။ ကျွန်မ၏ ခင်ပွန်းသည် ဒေါသကုမ္မာရတစ်ဦးပီပီ ကျွန်မကို နှစ်ပေါင်း ၂၀ တိုင်တိုင် ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ကြီးဟစ်ကျယ် ကြိမ်းမောင်း နေခဲ့ပါသည်။'' ဆိုသော မေးခွန်းကို....
''အချစ်ရေ... ရှင့်ခင်ပွန်းက စိတ်ဝေဒနာရှင်ပါကလား။ ရှင့်အဖို့ ကြေကွဲဖွယ် ဒုက္ခအသွယ်သွယ်ကို ကြုံနေရပေ မယ့် သူ့ကို ယုယုယယ ပြုစုပါလေ။ မယားဝတ္တရား ကျေပွန်ရခြင်းရဲ့ ပီတိနဲ့ ကျေနပ်မှု ကို ရှင်ခံစားရပါ လိမ့်မယ်။ မျှော်လင့်ချက်ကုန်ခန်းနေပြီ လို့ ထင်ရတဲ့ အခြေအနေမှာ ဘယ်လိုအနှစ် သာရလေးနက်ပြည့်ဝတဲ့ အနက် အဓိပ္ပါယ် ရှိတယ်ဆိုတာကို ရှင်မခန့်မှန်းနိုင်ပါဘူး။ နားအဆို့ ကလေး တပ်ထားရင် သက်သာနိုင် ပါတယ်ရှင်။ ဝါသနာလေး တစ်ခုခု လေ့လာလိုက်စားပေါ့ သီချင်း ဆိုတာတို့၊ စန္ဒရားတို့လို ဟာမျိုးတွေပေါ့လေ။
ဟင်နရီပေ့ သည် သတင်းများကို တစ်လှည့်ဖတ်ပြန်သည်။ စက်ဘရာဆီယာ တီထွင်လိုက်ကြောင်း ကို ''သပြေကညာ တို့ လေဘရာ သုံးဖူးကြရဲ့လား... ကညာမာန်ကို သဒ္ဒါန်လန်ဖောင်းစေလိမ့် မည်'' ဟူသော ခေါင်းစီးဖြင့် ဘရာဇီယာ သမိုင်းစဉ် မော်ကွန်းတင်သည်။
ထိုသတင်းအောက်တွင် ဂရက်ဖို့ဒ်မြို့မှ လူတစ်ယောက်က အိမ်ထောင်သက်နှစ် ၃၀ အတွင် သူ့ဇနီးကို အကြိမ် ၅၂၀၀၀ နမ်း ခဲ့သည်ဆိုသော သတင်း၊ မက်ဆီကိုနိုင်ငံတွင် အမျိုးသမီးနစ်ဦးက ခေါင်းနှစ်လုံးပါသော ကလေး ကို မွေးခဲ့သည်ဆိုသော သတင်းများကို တွေ့ရသည်။
ထိုသတင်းများကို စိတ်မပါ့တပါ ဖတ်ကြည့်နေ စဉ် တံခါးခေါက်သံကြားရသည်။ ဟိုရေ့စ်ဘာလ်မာ အခန်းထဲ ဝင်လာသည်။
သူ့မျက်နှာ ကို ကြည့်ပြီး စိတ်မချမ်းသာစရာ စကားကို ပြောတော့မည်မှန်း ပေ့ ကြိုသိနေသည်။ ပေ့ ကိုယ်တိုင် ကလည်း စိတ်မကြည်မလင် ဖြစ်နေ၍ ဘာလ်မာကို ခါတိုင်းထက်ပို၍ စေ့စေ့စပ်စပ် ကြည့် နေမိသည်။ ဘာလ်မာ သည် မြင်လိုက်လျှင် အထင်ကြီးချင်စရာ လူစားမျိုး၊ သားသားနားနား ပြောဆိုတတ်၏။ အပေါင်းအသင်း အလွန် ဆံ့၏။ ရိုတေရီ အသင်းဝင်ဖြစ်၏ ဟက်ဒက်လ်စတန်မြို့ အသိုင်းအဝိုင်းတိုင်းတွင် 'ပါလေရာ' တစ်ဦးဖြစ်၏။ သူ့လောက် ဟက်ဟက်ပက်ပက် လက်ဆွဲနှုတ် ဆက် တတ်သူမရှိ။ သူ့လောက် ထမင်းစားရေသောက် သာမန်ညောင်ည ကိစ္စကို ရွှမ်းရွှမ်းဝေအောင် ပြောနိုင်သူမရှိ။
''ကျွန်တော်တော့ ဒုက္ခလှလှတွေ့နေပြီ ဟင်နရီရေ့''
သူ့ ထုံးစံအတိုင်း ငယ်ပေါင်းကြီးဖော် အပြောမျိုးဖြင့် စကားစသည်။
''ကြော်ငြာတွေ က ဒီနှုန်းအတိုင်းနဲ့တော့ မစွံတော့ဘူး''
ပေ့က တုံဏှိဘာဝေ လုပ်နေသည်။ ဘာလ်မာက ဆက်ပြောသည်။
''သူတို့က ကျွန်တော်တို့ ကြောငြာနှုန်းတွေကို ဈေးဖျက်နေတာ။ တချို့ကြော်ငြာတွေဆိုရင် အလကား တောင် ထည့်ပေးနေတယ် ထင်တာပဲဗျာ'' ''ဒါကတော့ မိုက်ကန်းတာပေါ့'' ''ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။
လာဘ်မြင်တဲ့လူတွေကို ထင်တာပဲ။ သူတို့က မြို့ထဲလျှောက် လှည့်တယ်။ မကြာခင် ဒီမြို့မှာ သူတို့ သတင်းစာ တစ်စောင်တည်း ရှိတော့မှလို့ ပြောတယ်။ ပြီတော့ မှ လျှော့ဈေးပေါ့ဈေးနဲ့ ရေရှည် ကြောငြာစာချုပ်တွေ ချုပ်တယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ ဟင်ဒါဆင်နဲ့ ဘိုင်းလ်ကြော်ငြာတွေ လက်လွတ် သွားပြီ။ ဖောက်သည်ဟောင်းတွေ လည်း ယိုင်စ ပြုကုန်ပြီ။ ဒီနေ့မနက် ဝဲလ်စ်ဘီကို သွားတော့ ကြော်ငြာတော့ ရပါရဲ့။ ဟာလီဒေး က ကျွန်တော့်ကို ကြောင်စီစီ ကြည့်လွတ်လိုက်။ ကျွန်တော်တို့ လုပ်စရာကတော့ တစ်ခုပဲ ရှိတော့တယ် လို့ ထင်တယ်''
''ဘာလုပ်ရမှာလဲ'' ''ကျွန်တော်တို့ ဘက်ကလည်း ဈေးနည်းနည်း လျှော့ချဖို့ပေါ့'' ''ဘာဖြစ်လို့လဲ''
''ကျင့်ဝတ်နဲ့မှ မညီပဲဟာ။ ပြီးတော့ အဓိပ္ပာယ်လည်းမရှိဘူး။ ကျွန်တော်တို့က လျှော့ရင် သူတို့ကလည်း လိုက်လျှော့ဦး မှာပေါ့။ ကျွန်တော်တို့ သတင်းစာက ကြောငြာတွေကို တန်ရာတန်ကြေးဈေးနဲ့ ထိုက် ထိုက် တန်တန် ထည့်ပေးနေတာ နှစ်ပေါင်း ၁၅၀ ရှိပြီ။ ကျွန်တော်တို့မှာ အဆင့်အတန်းရှိတယ်။ အပြန် အလှန် လည်လှီး တဲ့ ဈေးနှုန်းစစ်ပွဲ လည်း မနွှဲချင်ဘူး။ ကြော်ငြာနှုန်းကိုလည်း မချနိုင်ဘူး''
ဘာလ်မာက မချိတင်ကဲ မျက်နှာထားဖြင့်... ''ခင်ဗျား မှားနေပြီထင်တယ်။ ခင်ဗျား တာဝန်ဆိုတာတော့ ဟုတ် တာပေါ့။ ကျွန်တော်ကတော့ သတိပေး ရုံ ပေးတာပါ။ တစ်နေ့က သူတို့တိုက်က မစ္စတာစမစ်နဲ့ လမ်းမှာဆုံတယ်။ သူကလည်း ရိုတေရီ အသင်း ဝင်ပဲလေ။ ခင်ဗျားလည်း သိမှာပေါ့။ သူကတော့ တကယ့်စီးပွားရေး လာဘ်မြင်တဲ့ လူပါပဲဗျာ''
''ဒီလိုကြားရတာ ဝမ်းသာတယ် ဟိုရေ့စ်ရေ။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်လည်း စီးပွားရေး သမားကောင်း ပဲဗျာ။ ဒီတော့ မူလနှုန်းတွေ နဲ့ပဲ ဖြစ်အောင် ဆက်လုပ်ပေါ့။ ကဲ သွားပေရော့''
ဘာလ်မာ ထွက်သွားသည်။ သူတို့တိုက်က မစ္စတာစမစ်တို့။ ရိုတေရီအသင်းဝင်တို့ စသော ချစ်စနိုး စကားလုံးတွေ က နိမိတ်ပြေးလွန်းသည်ဟု ပေ့ တွေးမိ၏။ မော်ကွန်းသတင်းစာတိုက်ခွဲ ဖွင့်ထားသည့် လမ်းမတော် လမ်းပေါ်တွင် စမစ်နှင့် သူ မျက်နှာချင်း ဆုံဖူးသည်။ စမစ်က သူ့ကို တလေးတစား ဦးညွတ် နှုတ်ဆက် သည်။ သဟဇာတ ဖြစ်လိုဟန်ပြသည်။ သို့သော် သူ့ တိုက်သားတစ်ယောက်နှင့် စမစ်တို့ ပလဲနံပ သင့်ခြင်းကား တစ်ကိစ္စ ဖြစ်ချေ၏။
ဘာလ်မာနှင့် တွေ့ဆုံလိုက်ရခြင်းသည် ပေ့အဖို့ ဘာတစ်ခုမှ အပေါက်အလမ်းမတည့်သော မကောင်း ဆိုးဝါး နေ့တစ်နေ့၏ အစနိဒါန်းပင် ဖြစ်လေတော့သည်။ မစ်မော့ဖတ်က ဇီင်္ဇာကြောင် လွန်းနေ၏။ စောင် ရေက နောက်ထပ် ကျလာပြန်၏။ နှလုံးသွေးတိုးတို့ကလည်း ဆောင့်ကြီးအောင့်ကြီး သွားသလို နှေး သွားလိုက်၊ တာတိုပြေးသလို သွက်လာ လိုက် ဖြစ်နေ ၏။ ဒေါက်တာဘတ် ပေး ထားသည့်နိုက်ထရို ဂလစ်စရင်ဆေးပြားကို သိပ်အားမထားချင်။ မသောက် ဘဲ နေလိုက်၏။
ညနေ ၅ နာရီ ထိုးတော့ စိတ် လျှော့်ချလိုက်သည်။ အိမ်ပြန် အနားယူရန် ဆုံးဖြတ်လိုက်၏။
အိမ်တွင်းရေး ကလည်း ယခုလပိုင်းအတွင်း အခြေပျက်နေ၏။ သူအိမ်ထောင်ရေးက လက်ထပ်ပြီး မကြာမီမှာပင် မှားမှန်း သိခဲ့ရသည့် အိမ်ထောင်ရေး၊ ကြိတ်မှိတ်စခန်းသွားရတော့မည်မှန်း သိခဲ့ရသည့် အိမ်ထောင်ရေး။ သူ့ဇနီး အဲလစ် က သူနှင့် စိတ်တူကိုယ်တူ မိန်းမပျိုမဟုတ်။ ''ဖြစ်သမျှအကြောင်း အကောင်းချည်း'' ဆိုသော သူ့စကား အတိုင်း ဘဝခရီးကို ဆက်လျှောက်ခဲ့သည်.။ အဲလစ်တောင် သူမှန်းတိုင်း ဖြစ်မလာမှတော့ သူ့ဘဝကရော သူမှန်းတိုင်း ဖြစ်လာနိုင်ပါတော့မလား။
အိမ်ထောင်သက် နှစ်ပေါင်းများစွာအတွင်း ရေလိုက်ငါးလိုက်လုပ်ကာ မျိုသိပ်နိုင်ခဲ့သည်။ သို့ဖြင့် အဲလစ် ၏ စိတ်ရူးပေါက် မှုများ၊ အဆင်ခြင် မရှိ နမောနမဲ့ လုပ်မှုများ၊ ရံဖန်ရံခါ စုန်းပူးသလို နတ်ပူးသလို ယမ်းပုံ မီးကျ ဒေါသပေါက်ကွဲမှု များကို အောင့်အည်း သည်းခံနိုင်ခဲ့သည်။ လင်မယား သင့်မြတ်အောင်၊ အိမ် ထောင်ရေး တည်ငြိမ်အောင် အထိုက်အလျောက် ဖန်တီးနိုင်ခဲ့သည်။
ယခုမူ မယားကရော သမီးကပါ သူ့ကို အော်ကလိအာ လုပ်လာကြပြန်သည်။ သူ့ကို ပြောဟန်ဆိုဟန် က အေးတိအေးစက်။ သူတို့သားအမိချင်း အပြန်အလှတ် ကြည့်ပုံက အဓိပ္ပါယ်အပြည့်။ သူ့သမီးက လည်း အိမ်ဖော် ဟာနာ ပြော သလို ပြောရလျှင် အမေနှင့် ချွတ်စွပ်တူလာသည်။
ထို့ကြောင့် ယနေ့ညနေ သူ အိမ်ပြန်အရောက်တွင် သူတို့သားအမိက စိတ်လိုကရ နှုတ်ဆက်ကြ၍ ပေ့ အံ့အားသင့် ရသေး၏။ သူတို့သားအမိ ဧည့်ခန်းတွင် ထိုင်ပြီး လက်ဖက်ရည် သောက်နေကြ၏။ အဲလစ် က သူ့ကို မြင်မြင်ချင်း စိတ်လိုလက်ရ ပြုံးပြ၏။
''လက်ဖက်ရည်လေး လာသောက်ပါဦး ဟင်နရီရေ။ ရှင်ဒီနေ့ စောစော ပြန်လာတာ အတော်ပဲ။ သတင်း ကောင်းလေး ပြောစရာရှိတယ်'' ဟင်နရီပေ့ က ''ကောင်းပါပြီတဲ့ဗျာ။ ကျုပ်ခံနိုင်ရည် ရှိကောင်းပါရဲ့'' ဟု ပြော သည်။ လက်ဖက်ရည်ခွက် ကို ယူသည်။ ကုလားထိုင်တွင် ဝင်ထိုင်သည်။
''ဘာသတင်း လို့ ထင်သလဲ။ ရှင်ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ပါဘူး'' အဲလစ်က သက်ပြင်းကြီး ရှိုက် လိုက်သည်။
''ဒေါ်ရီ ဆုရတယ်လေ။ ဂီနီ ၂၀ တောင်မှပဲ'' ဟု ပြောသည်။
''သမီး ကံမကောင်းဘူး ဖေဖေ။ တော်ကော မတော်ဘူးလား'' ဟု ဒေါ်ရော်သီက ဝင်ပြောသည်။
ဟင်နရီပေ့ မှာ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေ၍ အမှတ်အသားက မကောင်းချင်လှ။ သူ့သမီး ကြက်ကန်း ဆန်အိုးတိုးပြီး ကျောင်း မှ ဆုရသည်ဟုပင် ထင်လိုက်မိ၏။
''တော်လိုက်လေ သမီးရယ်'' ဟုပင် အမှတ်မထင် ပြောလိုက်မိသေးသည်။ ပြီးမှ အနုပညာကျောင်းမှ ဆုလည်း မဖြစ်နိုင် ဟု သတိရသည်။ ဒေါ်ရော်သီကို လှမ်းကြည့်ပြီး... ''ဘာအတွက် ရတာလဲကွဲ့'' ဟု မေးလိုက်မိ၏။
''ဖြစ်ပုံက ဒီလိုလေ။ သမီးက ခါတိုင်းလိုပဲ ဘူတာရုံကနေ လမ်းလျှောက်ပြန်လာတာ။ သမီးတို့ လမ်းပေါ် ရောက်တော့ လမ်းထောင့်မှာ လူစိမ်းတစ်ယောက်နဲ့ တွေ့တယ်။ လမ်းမှားနေတာနဲ့ တူပါတယ်။ ဟုတ် တာပေါ့။ တစ်ယောက် က သမီးကို မေးတယ်။ ဒါ ဟန်လေလမ်းလားတဲ့။ သမီးက ဟုတ်ပါတယ်လို့ ပြောရင်း သူ့ရင်ဘတ်ပေါ် က ဖြူနီပြာဖဲပြား တံဆိပ်ကို သတိထားမိတယ်။ ရှင်ရတနာပုံမောင် မဟုတ် လားလို့ ဒက်ခနဲ မေး လိုက်တယ်။ သူက မင်းအတော်လျင် တဲ့ မိန်းကလေးပဲ ငါ့ကို တွေ့အောင်ရှာနိုင် တယ်လို့ပြောတယ်''
''ပျော်စရာ မကောင်းဘူးလား၊ ဟင်နရီ''
ဟင်နရီပေ့ က မင်သတ်မိသလိုလို ငူငူကြီး ထိုင်နေသည်။ အဲလစ်က စကားလုမပြောဘဲ မနေနိုင်။ ဒေါ်ရော်သီ ပြောလက်စ စကား ကို သူက ကြားဝင်ပြီး ဆက်ပြောနေလေသည်။
''ကျန်သေးတယ်။ အဲဒီလူက ဒေါ်ရီ ကို ပြောတယ်လေ။ ငါ့ကို ဘယ်သူမှ ရှာမတွေ့တော့တာ လေးရက် ရှိပြီ။ ဒါကြောင့် မင်း ၅ ဂီနီ ထဲရမှာ မဟုတ်ဘူး။ ဂီနီ ၂၀ ရမှာတဲ့။ ပြီးလည်း ပြီးရော ငွေတွေကို ဒေါ်ရီ လက်ထဲ ထည့်ပေးသွားတော့ တာပါပဲလေ''
''ပျော်စရာကြီးပေါ့။ တကယ်ပဲ'' ဒေါ်ရော်သီက ဝင်ပြောပြန်သည်။
''ပြီးတော့ သမီးတို့ စကားပြောကြတယ်။ နောက်လာတဲ့သူက ပထမလူထက်တောင် အပြောချိုသေး တယ်။ အေးအေး လူလူ ပြောရိုးပြောစဉ်ပဲ။ လေယူလေသိမ်းက အမေရိကန် ဆန်ဆန်နဲ့။ သမီးကို လည်း ဓာတ်ပုံ ရိုက်ယူ သွားသေးတယ်။ ဘာလဲ။ ဘာဖြစ်လို့လဲ ဖေဖေရဲ့''
ဟင်နရီပေ့ ၏ အသံ အက်ကွဲနေ၏။ မာကျောနေ၏။
''အဲဒီဆု က ဘယ်လိုရတာလဲ။ မော်ကွန်းသတင်းစာကို ကိုင်လာလို့ရတာဖြစ်မှာပေါ့''
''ဟုတ်ကဲ့။ သမီး ကိုင်လာတယ်'' ''သူတို့ သတင်းစာကို ဝယ်ဖတ်တယ်ပေါ့လေ'' အဲလစ် မျက်နှာထား သီသီပြောင်း လာသည်။ မျက်နှာမှာ သွေးဖျော့ဖျော့ လွှမ်းလာသည်။
''ကဲပါ ... ဟင်နရီ။ အပေါ်စီးနဲ့ မပြောစမ်းပါနဲ့ရှင့်။ ဘာဖြစ်တယ်ဆိုတာပဲ ပြောစမ်းပါ''
''အဲဒီသတင်းစာ က မင်းအတွက် ဝယ်လာခဲ့ရတာတဲ့ သတင်းစာပေါ့လေ''
''ဝယ်တော့ ဘာဖြစ်လဲ''
အဲလစ် မျက်နှာ ပိုနီလာသည်။ အထက်တန်းစား ဟန်ပန်လေသံကို အစွမ်းကုန်ယူကာ သူ့ကိုယ်သူ ကာကွယ် သည်။
''သူတို့ရေး တဲ့ ဂုဏ်သရေရှိ အသိုင်းအဝိုင်း သတင်းတွေကို ကျွန်မ ကြိုက်တယ်။ ရှင့်သတင်းစာမှာက ဟုတ်တိ ပတ်တိ ပါတာမဟုတ်ဘူး။
တီနာတင်ဂဲလ်က ရယ်ရတယ်။ ဒါလောက်နဲ့ ဘာထိခိုက်စရာရှိ လို့လဲရှင့်''
ပကာသန မက်မောစိတ်ဖြင့် လူကုံထံ အတင်းအဖျင်းသတင်းများကို အဲလစ် ဖတ်ကျင့်ရှိနေမှန်း ပေ့ နား လည်သည်။ သို့သော် ပြောသည်ဆိုရုံလောက်တော့ ပြောလိုက်၏။
''ဒီလူတွေက တို့ကို အပြတ်တိုက်နေတာကွ။ အဲဒါကို မင်းတို့က စေတနာရေစီးကမ်းပြိုလိုက်ပြီး အား ပေးအားမြောက်လုပ်နေတယ်။ ဒီလို ကိုယ့်လူ သူ့ဘက်သာ လုပ်တာမျိုးကို ငါ တစ်သက်လုံး မကြား ဖူးဘူး''
ဒေါ်ရော်သီဘက်သို့ လှည့်ပြီး ''နင်ကလည်း ကံကောင်းတယ်လို့ပဲ အရူးမဟုတ် မကောင်းမဟုတ် ပြော နေတယ်။ သူတို့က နင်ကို ထောင်ဖမ်းတာ နင်မသိဘူးလား၊ အဲဒါ တစ်ခုလုံးက အကွက်ဆင်ထားတာ။ စကားပြော ချိုလိုက်တာ တဲ့ ဟုတ်လား။ နင့်အကြောင်း ဘာတွေ ရေးမယ်ဆိုတာ တွေးရင် ငါ ကြက် သီးထတောင်ထတယ်။
နက်ဖြန်မှပဲ သိရတော့မှာပဲ။ သူတို့ နောက်ထပ် ဆော်ကွက်ရသွားမှာ စိုးလို့ သာ။ နို့မို့ရင် အဲဒီငွေတွေ ငါ ပြန်ပေးခိုင်း မှာ''
ပေ့သည် နာကျည်းခံပြင်းစိတ်ဖြင့် မွှန်ထူကာ ထသွားသည်။ ဒေါ်ရော်သီငိုသည်။
''ဖေဖေ သိပ်မမှန် တာ ပြောတာပဲ။ အားလုံးပျက်ကုန်အောင် လုပ်တာပဲ''
အဲလစ် က သူ့သမီးဘက်က မလိုက်တော့။ အလျှော့ပေးသွားပုံရသည်။ ခေါင်းရှုပ်သွားပုံလည်း ရသည်။
''ကျွန်မတော့ နား ကို မလည်နိုင်ဘူး။ ဘာကြောင့်.... သူတို့က ရှင့်ကို အဲလောက် ကဏ္ဍကောဇ လုပ်နေ ရင်.... ဘာကြောင့် ဒေါ်ရော်သီ ကို ဂီနီ ၂၀ ပေးရမှာလဲ''
စကားဆက်ပြောနေ၍ လည်း အကျိုးမထူးတော့။ ပေ့က စိတ်လိုက်မာန်ပါ ပြောမိလေခြင်းဟု သူ့ကိုယ်သူ အပြစ်တင်နေမိ ၏။ ဤအချင်းများမှုသည် မိသားစုတစ်ခုလုံးကို နာကျည်းသူ နာကျည်း၊ စိတ်အားငယ် သူ၊ ငယ်ဖြစ်စေသည်။ သူ့သမီးကိစ္စနှင့် စပ်လျဉ်း၍ ဘာကို မျှော်တလင့်လင့် လုပ်ရမည်မှန်း သူ သိ သည်။ နောက်တစ်နေ့နံနက်တွင် သူစိုးရိမ်ပူပန်ကြီးစွာ မျှော်တလင့်လင့် လုပ်နေသည့်ကိစ္စကို မော်ကွန်း သတင်းစာ တစ်ဝကြီး ဖတ်ရသည်။
မော်ကွန်းသတင်းစာ အလယ်စာမျက်နှာတွင် သူ့သမီး၏ ကိုယ်လုံးပေါ် ဓာတ်ပုံကြီးကို ''ဒေါ်ရော်သီပေ့၊ ဧရာမ ရတနာပုံကြီးတွေ့'' ဟူသော ခေါင်းစီးဖြင့် သတင်းဖော်ပြထားသည်။ ဓာတ်ပုံထဲတွင် ဒေါ်ရာသီက ပြုံးတုံးတုံး။ သတင်းစာကို မြင်သာအောင် ပြပြီး လက်တစ်ဖက်ဖြင့် ဆုယူနေသည်။ ငွေစက္ကူတွေက ယပ်တောင်အလား ကားကားပြန့်ပြန့်။ ပေ့ စိတ်တင်းပြီး သတင်းစာကို ဖတ်ကြည့်လိုက်သည်။
ညို့ညို့ငင်ငင်။ ဖျတ်ဖျတ်လတ်လတ်၊ လှလှ ပပ ဆံပင်နက်နက် ၁၇နှစ်သမီးကလေး ဒေါ်ရော်သီပေ့ သည် မော်ကွန်း ၏ ရတနာပုံမောင်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားသဖြင့် ရွှေဂီနီ ၂၀ ကို အောင် ပွဲခံသွား သည်။ လှိုက်လှိုက်လှဲလှဲကြီး ချီးကျူးဂုဏ်ပြုလိုက်ပါရဲ့ ဒေါ်ရော်သီရေ။ (ဒါထက် မော်ကွန်း အလှမယ်ပြိုင်ပွဲ ကို ရော ဘာဖြစ်လို့ ဝင်မပြိုင်သေးရတာလဲ မနွဲ့ဆိုးလေးရဲ့။ မင်းလို လှပုံ ယဉ်ပုံမျိုးနဲ့ဆို အဲဒီဆုကြီးကိုလည်း ဆွတ်ခူးနိုင်မှာပါကွယ်။)
ဒေါ်ရော်သီပေ့မှာ လက်ပွန်းတတီး ခင်မင်ရင်းနှီးသူများအကြား ဒေါ်ရီဟု လူသိများသူဖြစ်သည်။ တိုက် တိုက်ဆိုင်ဆိုင် မော်ကွန်း၏ ချစ်ကြည်ရင်းနှီးသော ပြိုင်ဘက် ဥတ္တရာအလင်း သတင်းစာ အယ်ဒီတာ ချုပ် မစ္စတာဟင်နရီပေ့ ၏ သမီးလည်းဖြစ်သည်။ ဒေါ်ရော်သီပေ့က မော်ကွန်း သတင်းထောက်နှင့် တွေ့ ဆုံရာတွင် စိတ်ဝင်စား ဖွယ် ထင်မြင်ချက်များကို ပြောပြလိုက်သည်။ ဒေါ်ရော်သီနှင့် မိခင်တို့ သည် မော်ကွန်းပရိသတ် များ ဖြစ်ကြသည်။ (ကျေးဇူးတင်ပါတယ် မစ္စက်ပေ့ခင်ဗျာ) မော်ကွန်းသည် ဟက်ဒယ်လ်စတန်မြို့နှင့် ပတ်ဝန်းကျင်ဒေသ များတွင် အငန်းမရ လိုအပ်နေသော အတွေးသစ် အမြင် သစ်များ ကို သွေးသစ် အားသစ် လောင်းပေးနိုင်မည်ဟု ယုံကြည်ကြသည်။
တက်သစ်လူငယ်တစ်ဦးဖြစ်သူ ဒေါ်ရော်သီသည် အနုပညာကျောင်းသူဖြစ်သည်။ ကပွဲ၌ လက်သွက် ခြေသွက်တစ်ဦးဖြစ်သည်။ ရုပ်ရှင် ကောင်းကောင်းကြိုက်သည်။ ဂျက်ကီဒစ်၏ ဓာတ်ပြားများကို ကြိုက် သည်။ ခွင့်လွတ်ပါဦးခင်ဗျာ။ မော်ကွန်းကိုလည်း ကြိုက်သည်။ အခြား မြို့လူထုပေါင်းများစွာတို့ ကဲ့သို့ပင် တုန်ချိ တုန်ချိ လူနေမှုပုံစံကို အားမလိုအားမရ ဖြစ်နေသည်။ မြို့နယ်အတွင်းရှိ တိုးတက်သော ရှေ့သို့ အင်အားစု များအား ချိုးနှိမ်ထားခဲ့သည့် မှိုင်းမှုန်ရီဝေ ထုံပေပေစိတ် သဘောထားများကို လက်သင့်မခံ။
''တကယ်တော့လည်း ကျွန်မတို့ နေနေတာ အဏုမြူခေတ်ကြီးပဲရှင့်။ ကျောက်ခေတ်မှ မဟုတ်တော့ တာ။ လှည်းခေတ် ထက်တော့ မြန်မြန်ထက်ထက် ပြုမူနေထိုင်ရတော့မှာပေါ့။ ကျွန်မကတော့ ရော့အင် ရိုးမှ ရော့အင်ရိုးပဲ။ မော်ကွန်းဟာ အထောက်အပံ့ ဖြစ်စေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။''ဟု ဒေါ်ရော်သီက ပြုံးပြုံး ရယ်ရယ် ပြောပြလိုက်သည်။ ပြောတတ်လိုက်လေ ဒေါ်ရော်သီလေးရေ။ ဟင်နရီ ပေ့၏ သမီးနှုတ်ဖျားမှ ထွက်လာသော စကားများဖြစ်၍ မော်ကွန်းက တလေးတစား တန်းဖိုးထားပေ သည်။ မော်ကွန်းပရိသတ် ကလည်း ဤစကားရပ်များသည် မဟာချီးမွန်းခန်းပင် ဖြစ်ကြောင်း သဘော တူလိမ့်မည်ဟု မျှော်လင့်ပေသည်။
သတင်းညိနှိုင်းပွဲအခန်းထဲသို့ ဟင်နရီပေ့ ဝင်သွားသောအခါ တစ်ခန်းလုံး စိတ်လေးနေသည်။ မယ်လ်ကမ်မိတ်တလန် က ခေါင်းမမော်။ သူ့ကို တစ်ချက်သာ လှမ်းကြည့်သည်။ ပူးလ်က နှုတ်ခမ်းမွေး ကို သရင်း မျက်နှာကျက်ကို မော့ကြည့်နေသည်။ ဟက်ဒလေကတော့ ကိုယ်ရောင်ဖျောက်ချင်သလို လို ကြို့ကြို့ ယို့ယို့ လုပ်နေသည်။ ဘာလ်မာတစ်ယောက်သာ တောင့်တောင့်မတ်မတ် ထိုင်နေသည်။
မိတ်တလန်က လေပြည်ထိုးဖာက်ရ၍ ပေ့ ကျေးဇူးတင်ရသေးသည်။
''ကိုင်း ဟင်နရီရေ။ ကံခေတာတော့ ခေတာပေါ့။ ဒါပေမဲ့ ပြီးတာပြီးပါစေတော့။ ဒေါ်ရော်သီအကြောင်း သူ့တို့ရေးပုံ ကတော့ ညက်ပါပေ့ဗျား'' ''ကောင်မလေးကိုက ဆက်ဆော့တာပါ''
''ဒါတော့ ဒါပေါ့။ ဒါပေမဲ့ သူ့ခမျာလည်း ဘာရယ်လို့ ဘယ်သိမလဲ။ ကျွန်တော်တို့ကို ခုနှစ်ဆွေး ရှစ် ဆွေး ရှေးခေတ်သမားတွေ လို့ စောင်းပါးရိပ်ခြေလောက် သာ ရေးသားတာ ပါ။ သွေးပုပ်လေလွင့် မရေးတာ တော်သေး တာပေါ့'' ဘာလ်မာက ဝင်ထောက်သည်။
''ကျွန်တော့်အထင်တော့ ဒါက ဆဲတာထက် နာစရာကောင်းသေးတယ်''
''ဒါ ညေးဆိုတဲ့ ငနဲ လက်ချက်ပဲ'' ပူးလ်က ပြောသည်။
''သူကြိုးကိုင်နေတာပဲ။ တစ်နေ့ညက ခြင်္သေ့နီမှာ ဘိလိယက်ထိုးနေတာ တွေ့ခဲ့တယ်။ တကယ့် ကြောင်သူတော်ပဲ'' ''အရေးလုပ်မနေပါနဲ့တော့လေ'' မိတ်တလန်က ပြောသည်။
''အရေးမလုပ်ဘဲ ဘယ်နေနိုင်မလဲဗျ''
ပူးလ်က ဒေါကြီးမောကြီး ပြောသည်။
''ကျုပ်တို့ မြောက်အာဖရိကမှာ အူလန် အသည်းလန် တိုက်နေရတုန်းက ဒကြမ်းပိုး သူခိုးက နယူ ယောက်မှာ ဇိမ်ကျနေတာ။ ပြန်ကြားရေးအဖွဲ့အတွက် လုပ်နေသလိုလို ဘာလိုလိုနဲ့ အဲဒါ တွေးမိရင် အဲဒီကောင် ကို ခေါင်းဖြတ်ချင်တယ်''
မိတ်တလန်က ပြုံးလိုက်သည်။
''ကူသတ်မယ့် လူရှိကြသလားဗျို့'' ဟု မေးသည်။
''ကျွန်တော်တို့တော့ ဝေလာဝေးပဲဗျို့''
ဘာလ်မာက အောက်သိုးသိုးပြော သည်။
''သူတို့တောင် ဒီလောက် ဥာဏ်သွားသေးရင် ကျွန်တော်တို့က ခေါင်းတစ်လုံးသာအောင် လုပ်ရမှာ ပေါ့။ အကြမ်းဖက်တယ် ဆိုတာကတော့ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး''
တစ်ယောက်တစ်ပေါက် ဖြစ်မကုန်မီ စကားဖြတ်မှ တော်တော့မည်ဟု ဟင်နရီပေ့ တွေးလိုက်မိသည်။
''လက်တုံ့ပြန်ချင်တယ်ဆိုတာကတော့ သဘာဝပေါ့လေ။ ဒီထိုးနှက်ချက်တွေကြောင့် ခဏတော့ ကျွန်တော်တို့ အထိနာမှာပေါ့။ ဒါပေမဲ့ ချုပ်တည်းနိုင်လေ အကျိုးရှိလေဖြစ်မှာပါ။ လူထုက ကျွန်တော် တို့ကို ကြည်ညိုလေးစား လာကြမှာပါ။ စော်ကားမော်ကားလုပ်တာတွေ၊ အပေါစား လှောင်လုံးပြောင်လုံး ထုတ်တာတွေ သွားပုတ်လေလွင့် လုပ်တာတွေ အထဲကနေ ကျွန်တော်တို့ကို ကယ်နိုင်မှာ တစ်ခုတည်း ရှိတယ်။ အဲဒါ ဘာလဲဆိုရင် လူထုရဲ့ ကြည်ညိုလေးစားမှုပဲ''
''လူထု... ''ပူးလ်က ခေါင်းမော့ပြီး သံကုန်ဟစ်လိုက်သည်။
မိတ်တလန်က သာယာညင်းပျောင်းပြောသည်။
''လူထုကို ဘေးချိတ်လို့ မရဘူး။ အရေးကြီးလာရင် လူထုက စောင့်ရှောက်လိမ့်မယ်လို့ ကျွန်တော် ယုံ တယ်ဗျာ။ ပေ့ ပြောတာ သဘောတူတယ်။ ကျွန်တော်အားလုံး သတင်းစာအတွက် အစွမ်းကုန်လုပ်ကြ မယ်။ စောင့်ကြည့်မယ်''
ပူးလ်က ''ခင်ဗျား မှန်ပါစေလို့ ဘုရားမှာ ဆုတောင်းပါရဲ့ဗျာ။ ဒါပေမဲ့ ဒီလိုသာ စောင်ရေဆက်ကျနေရင် အစောင့်လွန် သွားတာမျိုး ဖြစ်နေဦးမှာလည်း စိုးရသေးတယ်''ဟု ပြောသည်။
သုန်သုန် မှုန်မှုန် ငြိမ်သက်သွားကြသည်။ နောက်ထပ် ငြင်းခုန်မနေကြတော့။ အလုပ်ကိစ္စကိုသာ ပြော ကြသည်။
အရေးမလှ ဖြစ်ရုံသာမက အသိအကျွမ်းများအလယ်တွင် လှောင်ဖတ်ပြောင်ဖတ် ဖြစ်နေရသည်ဆို သော အတွေးသည် ဟင်နရီပေ့ စိတ်ထဲတွင် တစ်နေ့လုံး တနုံ့နုံ့ စွဲနေသည်။ ထို့ကြောင့်ပင် ညနေ ၆နာရီ သတင်းစာတိုက် မှ အပြန်တွင် မြောက်ပိုင်းခရိုင်များ အသင်းဂလပ် သို့ ဝင်ဖြစ်အောင်ဝင်သည်။ မကြာမီကစ၍ မလို အပ်သော ပုဂ္ဂိုလ် များ အဆက်အဆံများကို သူရှောင်ခဲ့သည်။ ကိုယ့်အပူကို လူပုံ အလယ်မှာ ဖွင့်မပြောချင်။ အားပေးသမှု ပြုခြင်းကို လည်း မခံချင်။ ဝမ်းနည်းစကားပြောကြားခြင်းကိုပင် နားမထောင်ချင်။ ယခုတော့ သတင်းစာ အကျိုး ကို ရှေးရှုကာ ခွေးဟောင်တိုင်း ထမကြည့်သော သဘော ထားကို လူသိရှင်ကြား ဖော်ပြရန် လိုအပ်လာပြီ ဟု သူယူဆသည်။
ဆက်ရန်
.
No comments:
Post a Comment