Tuesday, July 3, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၈)

အရေးမလှ ဖြစ်ရုံသာမက အသိအကျွမ်းများအလယ် တွင် လှောင်ဖတ်ပြောင်ဖတ် ဖြစ်နေ ရသည် ဆို သော အတွေးသည် ဟင်နရီပေ့ စိတ်ထဲတွင် တစ်နေ့လုံး တနုံ့နုံ့ စွဲနေသည်။ ထို့ကြောင့်ပင် ညနေ ၆နာရီ သတင်းစာတိုက် မှ အပြန်တွင် မြောက်ပိုင်းခရိုင်များ အသင်းဂလပ်သို့ ဝင်ဖြစ်အောင်ဝင်သည်။ မကြာမီ ကစ၍ မလိုအပ်သော ပုဂ္ဂိုလ်များ အဆက်အဆံများကို သူရှောင်ခဲ့သည်။ ကိုယ့်အပူကို လူပုံ အလယ် မှာ ဖွင့်မပြောချင်။ အားပေးသမှု ပြုခြင်းကိုလည်း မခံချင်။ ဝမ်းနည်း စကားပြောကြားခြင်း ကိုပင် နားမထေင်ချင်။ ယခုတော့ သတင်းစာ အကျိုးကို ရှေးရှုကာ ခွေးဟောင်တိုင်း ထမကြည့်သော သဘော ထားကို လူသိရှင်ကြား ဖော်ပြရန် လိုအပ်လာပြီဟု သူယူဆသည်။ ကို ဆက်ဖတ်ရန်...........

ဟက်ဒယ်လ်စတန်မြို့ တွင် ကလပ်ဟု နှုတ်ကျိုး၍ နေသော မြောက်ပိုင်းခရိုင်များအသင်းသည် နှစ်သံ မဏိရှည်ရှည် ဂုဏ်သရေ ရှိရှိ အဖွဲ့အစည်းတစ်ခုဖြစ်၏။ မြို့မိမြို့ဖများ တွေ့ဆုံကြရာနေရာ။ အပြင်ပန်း အားဖြင့် ဂူဗိမာန်ကြီးနှင့် တူ၏။ အတွင်းဘက်တွင်မူ နွေးနွေထွေးထွေး လင်းလင်းချင်းချင်း။ ဆေးပြင်း လိပ်နံ့ကလည်း တသင်းသင်း။

ပေ့သည် အစောင့်တာဝန်ကျ ဒန်ကင်ကို ခေါင်းညိတ်နှုတ်ဆက်သည်။ အကျင့်လိုဖြစ်နေ၍ ကြော်ငြာ သင်ပုန်းရှေ့ တွင် ရပ်သည်။ ကြော်ငြာများကို ဖတ်ကြည့်သည်။ သူ့မျက်လုံးများကို ဟာရိုးစမစ်ဆိုသော အမည်ပေါ်မှ ခွာမရ။ မော်ကွန်း သတင်းစာ အထွေထွေစီမံခန့်ခွဲရေးမှူး စမစ်။ ဟားဘတ်ရစ်ကဘီက အဆိုသွင်းပြီး စိန့်မတ်ခန် ဘုရားရှိခိုးကျောင်းမှ ဘုန်းကြီးက ထောက်ခံထားသည်။ ခဏတော့ ဟင်နရီ ပေ့ ငိုင်နေ၏။ ကြက်သေသေနေ၏။ မြို့မိမြို့ဖများ၏ ဆေးဖော်ကြောဖက်လုပ်မှုကို စမစ် ဤမျှစောစော စီးစီး ခံယူရရှိလိုက်ခြင်းသည် ပေ့အဖို့ ထိုးနှက်ချက်ကြီး ပင် ဖြစ်တော့၏။ သို့သော် စိတ်ကို ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ဤကိစ္စကို စကားထဲ ထည့် မပြောရန် ဆုံးဖြတ်လိုက်သည်။ ပြီးမှ ဧည့်ခန်းမကြီး ထဲသို့ လျှောက်ဝင်သွားသည်။

ပေ့ ဝင်သွားချိန်တွင် အသင်းသား များများစားစားမရှိ။ သို့သော် သူ့ကိုမြင်၍ မသိမသာတော့ လှုပ်လှုပ် ရွရွ ဖြစ် သွား၏။ ဆာအာချီဘောဝဲလ်စ်ဘီနှင့် ဒေါက်တာဘတ်တို့ မီးလင်းဖိုရှေ့တွင် ရပ်နေသည်။ သူ လျှောက်သွား သည်။ ဝဲလ်စ်ဘီက သူ့ကျောကို အားရပါးရပုတ်ကာ....
''သမီးအတွက် ဂုဏ်တက်နေတဲ့ ဖေဖေကြီး ရောက်လာပါပကော''ဟု ပြောသည်။
သူ့ကိုယ်သူ ဆာအာချီ ဟု ပြောလေ့ရှိသည့် ပုပုဝဝ၊ ထိပ်ပြောင်ပြောင်၊ အသားနီစပ်စပ် အာချီဘော ဝဲလ်စ်ဘီ သည် အမြဲ ဟေးလားဝါးလား၊ ပျော်ပျော်ပါးပါး ပြောတတ်ဆိုတတ်သူ ဖြစ်သည်။ ဖိနပ်လုပ်ငန်း ဖြင့် ချမ်းသာ လာလောက်အောင် အစွမ်းအစ ထက်မြက်သူဖြစ်သည်။ သို့သော် စီးပွားရေးသမား ပုံပန်း မပေါ်၊ ဆက်၍ကြီးပွား တိုးတက်လိမ့်ဦးမည် ဟု သူ့ကိုယ်သူ ယုံနေသူလည်း ဖြစ်သည်။

''မော်ကွန်း ငနဲတွေ ကိုယ့်လူကို အတော်လန့်နေပြီလို့ ကြားတယ်၊ ဒီမြို့ ရောက်တာမှ သုံးလမပြည့် သေးဘူး။ ကိုယ့်လူ ကို ဂီနီရွှေဒင်္ဂါးတွေ ပုံပေးနေပြီဆို ဘယ်လိုများ ပိုင်အောင် လုပ်လိုက်တာလဲ ကိုယ့် လူရေ''
ဟင်နရီ က ပြုံးပြီး ''ဒေါ်ရော်သီကို မေးပေါ့ဗျာ''ဟု ပြောသည်။
''အဲဒီလူ ကို တွေ့အောင် လုပ်နိုင်တာတော့ ကလေးမ တော်တာပဲ''ဟု ဒေါက်တာဘတ်က အလိုက်သင့် အလျားသင့် ဝင်ပြောသည်။
ကလူကျီစယ်ပြောနေသော်လည်း သူ မည်မျှ အထိနာနေမှတ်း သူတို့သိသည်ဟု ပေ့ နားလည် သည်။ နောက်ဆုံးတွင် သူသာ အောင်ပွဲခံလိမ့်မည်ဟူသော သူတို့၏ တွက်ကိန်းများသည် လွယ်လွန်းလှ သည်။
စိတ်ကောင်း နှလုံးကောင်း သူ့မိတ်ဟောင်းကြီး အက်ဒွပ်ဘတ်က စကားပြောင်းပစ်သည်။ ပေ့ကမူ သူ့ ဂုဏ်သတင်းနှင့် သူ့သတင်းစာ မည်မျှ ထိခိုက်နစ်နာသည်ကို အကဲဖြတ်လျက်ရှိသည့် ဝဲလ်စ်ဘီ၏ ခိုးကြောင် ခိုးဝှက် အကြည့်များကို သတိထားမိသည်။

ယောက်ျားရင့်မာကြီးဖြစ်ပါလျက် အရက်မသောက်တတ်၊ ဆေးလိပ်မသောက်တတ်၊ ငါးမမျှားတတ်၊ အမဲ မပစ် တတ်၊ တိုးတိုးပုံပြင် မပြောတတ်၍ ဝဲလ်စ်ဘီက သူ့အပေါ် ဂရုဏာ ဒေါသောရှုတ်ချသော သဘောထားရှိမှန်း သူ သတိထား မိခဲ့သည်။ ထိုကိစ္စအားလုံးကို ဝဲလ်စ်ဘီ မြိန်မြိန်ယှက်ယှက် ထက်ထက် သန်သန် လွန်လွန်ကျွံကျွံ လုပ်သည်။ ပေ့ကမူ သူလို လူစားမဟုတ်။
သူတို့ စကားပြောနေစဉ် မြို့ပြကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူးဆီတန်၊ စက်ကိရိယာကုမ္ပဏီ အထွေထွေစီ မံခန့်ခွဲရေး မှူး ဟာရင်တန်၊ ဝတ်လုံတော်ရကြီး ပေတန်၊ ဘဏ်လုပ်ငန်းရှင် ဖရန့်ဟိုလ်ဒင် စသော အခြား အသင်းဝင် များ ရောက်လာကြသည်။ ပေ့က အရာရာတွင် သတ္တိဗျတ္တိရှိရှိ ရင်ဆိုင်နိုင်ဟန်ကို ပြနိုင် သည်။ နာရီဝက် အကြာ တွင် ကလပ်မှ ပြန်လာခဲ့၏။ ဒေါက်တာဘတ်လည်း တစ်ချိန်တည်း ပြန်သည်။ သူနှင့်အတူ ထွက်လာသည်။ စင်္ကြပေါ်တွင် သူတို့နှစ်ယောက် တအောင့်လောက် ရပ်ပြီး စကေားပြော ကြသည်။

ဒေါက်တာဘတ်က ရုတ်တရက် အထစ်ထစ်အငေါ့ငေါ့ ပြောချလိုက်သည်။
''ကျွန်တော်တို့က ခင်ဗျားဘက်ကပါဗျာ။ ကော်မတီက စမစ်ကို သိပ်လိုလိုလာူးလား ရှိတာမဟုတ်ပါ ဘူး''ဘတ်က ပုခုံးချီလိုက်သည်။
''ဒါပေမဲ့ လူကောင်းတစ်ယောက်နဲ့တော့ တူပါရဲ့။ ပြီးတော့ ထောက်ခံစာတွေလည်း ကောင်းကောင်းပါ တယ်''
ပြီးမှ သူ့ပြောရိုးပြောစဉ်အတိုင်း ဆက်ပြောသည်။

''ခင်ဗျား ကျန်းမာရေးကတော့ ကောင်းပုံရသားပဲ။ အလုပ်လည်း သိပ်မလုပ်နဲ့၊ ဇွတ်တရွတ်လည်း မလုပ် နဲ့ပေါ့ဗျာ''
''မလုပ်ပါဘူး''
''ဒေးဗစ်ကော''
''ကောင်းပါတယ်။ လုံးလုံး ပြန်ကောင်းလာပါပြီ''
ဘတ်က စင်္ကြကို ထီးရိုးဖြင့် တစ်ဒေါက်ဒေါက်ခေါက်ရင်း အဝေးသို့ ငေးကြည့်နေသည်။
''သားကိစ္စမှာလည်း ဇွတ်မလုပ်နဲ့ပေါ့။ ကျွန်တော်ပြောတာလည်း မှတ်ထားဦး။ ဒီရောဂါမျိုးက အမြဲပြန် ဖောက်တတ်တယ်''
''ဘာဖြစ်လို့လဲဗျာ။ ပြန်တောင် ကောင်းနေပြီပဲဟာ''
''ဟုတ်ပါတယ်။ ဒါပေမဲ့ ဂဏှာမငြိမ်မှုကတော့ ရှိနေသေးတာပဲ''
''ဘာဂဏှာမငြိမ်တာမျိုးလဲ''

ဒေါက်တာ အက်ဒွပ်ဘတ်သည် တွန့်ဆုတ်ဆုတ် ဖြစ်နေ၏။ သူ့မိတ်ဆွေကြီးကို ကြည့်နေသည်။ ပြီးမှ အဝေးသို့ ကြည့်နေပြန်၏.။ သူယခင်က ပြောခဲ့ဖူးသည့် ထင်မြင်ချက်သည် စိတ်ထဲတွင် ရှိနေသေး သည်။ ထိုထင်မြင်ချက်ကြောင့် ပင် သူတို့ အစေးမကပ် ဖြစ်လုမတတ်ကြုံခဲ့ရသည်။
ယခုတစ်ကြိမ်တော့ ပေ့က အချီအချ ပြောမနေချင်တော့။ တိုတိုပင်ပြောလိုက်သည်။
''အက်ဒွပ်၊ ခင်ဗျားကသာ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာတဲ့ လူစားမျိုးဗျ။ သားတော်မောင်ကို ခင်ဗျား မြင်စေချင်ပါတယ်။ ဒေါင်ဒေါင်မြည် ကောင်းနေပါလေရဲ့ဗျာ''
ဒေါက်တာဘတ်က တအောင့် ငြိမ်နေသည်။
''ကြားရတာ ဝမ်းသာပါတယ်လေ''ဟု ပြောသည်။

ငြိမ်သွားပြန်သည်။ သူတို့နှတ်ဆက်ကြသည်။ ခွဲခွာကြသည်။ ဆရာဝန်က ညပိုင်းခွဲစိတ်ကုသရန် ဝိတိုရိယလမ်းဘက်သို့ ထွက်သွားသည်။ ပေ့က ဟန်လေလမ်းဘက်သို့ ထွက်လာခဲ့သည်။
ထိုနှစ် နွေကာလမှာ စိုစိုစွတ်စွတ် အေးအေးစက်စက် ရှိလှသည်။ ပေ့ ဘဝမှာလည်း သတင်းစာတိုက်မှာ ရော၊ အိမ်မှာပါ ရာသီဥတတုလိုပင်။ လန်းလန်းဆန်းဆန်းမရှိ။ အလုပ်ကပိ၊ သောက ကပွေနေသည့် ကြားထဲတွင်  အဲလစ်က ဇွတ်ယထာဘူတ ကျချင်သော သဘောထားက သူ့ကို စိတ်ထောင်းကိုယ်ကျေ ဖြစ်စေလေသည်။ လင်ဖြစ်သူက သူ့ကို အလိုကျလိုက်မလုပ်၍ အဲလစ်မကျေမချမ်း ဖြစ်လာသည်။ ထို့ ပြင် စိတ်ကလည်း ကလးဆန်ဆန်ဖြစ်၍ သူ့ကို ဘယ်သူမှ နားမလည်။ နေရာမှန်းမထားဟု ထင်လာ သည်။

ဇွန်လကုန်ပိုင်းတွင် ပေ့က ယခုနှစ်အဖို့ သူကိုယ်တိုင် အပန်းဖြေခရီထွက်ရန် မဖြစ်တော့ဟု အဲလစ် ကို ပြောပြသည်။ ဒေါ်ရော်သီကို တော်ကေး ပင်လယ်သို့ ခေါ်သွားရန် တိုက်တွန်းသည်။ အဲလစ်က မဲ့ပြုံးပြုံး ကာ အတွင်သာ ခေါင်းခါတော့သည်။
''ဟင့်အင်း.... ကျွန်မတို့ အတူတူ ကျကျနန မသွားနိုင်ရန် လုံးလုံးမသွားတော့ဘူး''
ဒေါ်ရော်သီ မကျေမချမ်း ဖြစ်ပုံက ပိုသဲသည်။ လှေကားပေါ် ရင်ဆိုင်တွေ့ချိန်မှာပင် အဖေလုပ်သူကို မပွင့်တပွင့် တစ်ခွန်းစ နှစ်ခွန်းစထက် ပိုမပြော။ မိသားစုက သူ့ကို ဖူးဖူးမှုတ်ထားစေလိုသော စန္ဒ မရှိစေ ကာမူ ဤသို့သော အကြင်နာခေါင်းပါးမှု၊ အဖေးအမ ကင်းမဲ့မှုမျိုးကိုကား ပေ့ ရင်နာမိလေသည်။
ရက်တွေ ကုန်လွန်လာသည်။ သူ့စိတ် အထင်ပေးလားတော့ မသိ။ အသိအကျွမ်းတွေကပင် သူနှင့် တွေ့လျှင် အိုးတိုးအန်းတန်း ဖြစ်လာကြသည်။ သြဂုတ်လ ပထမပတ်တွင် ၀ိုတိုရိယလမ်းပေါ်၌ ဘုန်းကြီးဂိလ်မိုးနှင့် ရင်ဆိုင်တိုးတော့မှ ရှင်းတော့သည်။ ဘုန်းကြီးသည် ပေ့ကို ရှောင်ချိန် မရလိုက်။ လမ်းတစ်ဖက်သို့ ကူးသွားရန် ဟန်ပြင်စဉ် ပေ့နှင့် တန်းတိုးနေသည်။ ဘုန်းကြီးက စကားရွှန်းရွှန်းဝေအောင် ပြောကာ သူ့အပြစ်ကို ဖုံးကွယ်သည်။

''သြော် ... ဟင်နရီ ပါလား။ မိတ်ဆွေကြီး ကျန်းခံ့သာရဲ့နော်''
"စမစ်ကလပ် အသင်းဝင် ဖြစ်လာသည့်ကိစ္စနှင့် ပတ်သက်၍ ဘုန်းကြီး ဂီးလ်မိုးကို ပေ့ တနုံ့နုံ့ဖြစ်နေ သည်မှာ ကြာပြီ။ ထို့ကြောင့် ပြောင်ပြောင်ဖွင့်ချရန် ဆုံးဖြတ်လိုက်သည်။ ပေ့ကို တုံးတိတိပင် ပြောသည်။
"ကျွန်တော် အကျပ်ဆိုက်နေ တယ်ဗျာ။ ခင်ဗျားဆီက အားပေးထောက်ခံမှုလေး ဘာလေးလိုချင် တယ်"
"ဘယ်လိုများ ပေးရမှာလဲဗျာ"
ဘုန်းကြီး ဂီးလ်မိုး က သူ့ထီးပေါ်မှ မိုးရေစက်များကို ခါချရင်း ချိန်ချိန်ဆဆ မေးသည်။
"ဒီမော်ကွန်း အမှိုက်စုတ်ကို တိုက်တဲ့နေရာမှာ ကျွန်တော့်ဘက်က ထောက်ခံစေချင်တာပေါ့ဗျာ။ အရင်က ခင်ဗျား ကို ကျွန်တော် ကူခဲ့တယ်။ အခု ကျွန်တော့်ကို ခင်ဗျား ကူပေါ့" ဘုန်းကြီးက မိုးသားမိုးရိပ် စင်မစင် ကောင်းကင် ကို မော့ကြည့်ရင်း ပေ့ကို စွေကြည့်လိုက်၏။

"ဟင်နီရေ အသင်းတော်က နိုင်ငံရေးနှင့် ဒွေးရောယှက်တင် လုပ်လို့မရဘူးဗျ။ ကျွန်တော်တို့ လုပ်ခွင့်မရှိ တာလည်း ခင်ဗျား သိသားပဲ။ ကျွန်တော် လုပ်ရင်လည်း ဂိုဏ်းချုပ်နဲ့ ပြဿနာပေါ်မှာပဲ။ ခင်ဗျားကလည်း အစွဲအလန်း ကြီးလွန်း ပါတယ်ဗျာ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အယူအဆတွေ ပိုပြီး ကျယ်ပြောဖို့ လိုလာပြျီေ။ မော်ကွန်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီးတွေကလည်း တစ်ခါတစ်ခါ တရားလွန်တာလေးတွကို ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကာလက ခေတ်သစ် ကြီး ရောက်နေပြီဗျ။ မစ္စတာစမစ် ဆိုရင် တကယ့် လူကောင်း ပါဗျာ။ ဒီကို ရောက်မဆိုက်ပဲ ကျွန်တော်နဲ့ လာတွေ့တယ်။ သြစတြေးလျမှာ သူ လုပ်ခဲ့တဲ့ ၀ိုင်အမ်စီအေ လုပ်ငန်းတွေ အကြောင်း ပြောပြတာ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ တနင်္ဂနွေ နေ့တိုင်း စိန့်မတ်ခ် ဘုရားရှိခိုးကျောင်း မှာ သူ ၀တ်တက်တယ်။ ပြီးတော့ ခင်ဗျား သိပြီးပလား မသိဘူး။ ဘုရားရှိခိုးကျောင်း ရန်ပုံငွေ အတွက် ငွေအများဆုံးလှူတာ သူတို့လေဗျာ"
"ဒီလိုကိုး" ပေ့က လေသံမာမာ ပြောသည်။

"ကျွန်တော်တို့အားလုံး ခင်ဗျားဘက်က ရပ်ပါတယ်ဗျာ။ ဒါပေမဲ့ မျှမျှတတတော့ ရှိရမှာပေါ့"
ဟင်နရီပေ့ သတင်းစာတိုက် သို့ ဆက်လျှောက်လာခဲ့သည်။ ရင်ထဲတွင် ဗလောင်ဆူနေသည်။ မယ်လ်ကမ်မိတ်တလန် တစ်ယောက်သာ သူနှင့် နီးနီးကပ်ကပ် နေသလို ထင်မိသည်။ မယ်လ်ကမ် ၏ နှုတ်ဆိတ်ဆိတ် ခေါင်းမာမာ ရဲဘော်စိတ်ဓာတ်ကို သူ တန်ဖိုးထားသည်။ သို့သော် ထိုစိတ်ဓာတ် က သူ့ကို စာနာဖြေသိမ့်မှု မပေးနိုင်။ ညှိုးညှိုးငယ်ငယ် ဆောင်းဦးရာသီမှ ဆောင်းရာသီသို့ တရွေ့ရွေ့ ၀င်လာခဲ့၏။ မိုးကရွာ၊ မိုးသီးကကြွေ။ ဖေဖော်ဝါရီလထဲတွင် ရက်သတ္တပတ်ပေါင်းများစွာ နှင်းထူထူက ကျနှင့်။ လမ်းတွေ ဗွက်ပေါက်ပြီး ရေခဲပြင် ဖုံးနေသည်။ ညစ်ပတ်ပေရေလျက် ရှိသည်။ ဥတ္တရအလင်း လုပ်သားများအဖို့ စိတ်ဓာတ် မကျအောင် ထိန်းရခက်ခက်ပင် ဖြစ်နေကြရလေ၏။

ပေ့ကတော့ အလုပ်ကို အပြင်းအထန် ဖိလုပ်သည်။ တစ်သက်နှင့် တစ်ကိုယ်တစ်ခါမျှ ဤသို့ မလုပ်ခဲ့စဖူး။ စီစဉ် သည်။ စီမံသည်။ အခြား သူများကို အားပေးသည်။ ထုတ်လုပ်စရိတ်ကျေအောင် ခြိုးခြံသည်။ သတင်းစာတိုက်သို့ အစောဆုံး လာသည်။ နောက်ဆုံးမှ ပြန်သည်။ အိပ်မပျော်သည့် အခါ ညဥ့်နက်သန်းခေါင်အိပ်ရာမှ ထပြီး ခြောက်ပြစ်ကင်း သဲလဲစင် သတင်းစာ ထုတ်နိုင်အောင် အစွမ်းကုန်ကြိုးစားသည်။ သို့ရာတွင် သေရေး ရှင်ရေး ပဋိပက္ခ ကား ဆုံးခန်းတိုင်ဖို့ လမ်းမမြင်။

ဟက်ဒယ်လ်စတန်မြို့မှာ သတင်းစာနှစ်စောင်အတွင်း သူ ငွေတရဟော ကုန်ခဲ့မဆွေကပင် စမစ်ကို သူပြောခဲ့၏။ လပေါင်းများစွာ အတွင်း သူ ငွေတရဟော ကုန်ခဲ့သည်။ မော်ကွန်း၏ အရှုံးကား ပို၍ပင် ကြီးမားပေလိမ့်မည်ဟု သူ ထင်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း သူ့အရှုံးသည် မျက်လုံး ပြူးလောက်စရာနှုန်းဖြင့် အရှိန်ပြင်းလာခဲ့သည်။
ဟင်နရီပေ့ ကိုင်စွဲ သည့် ဥတ္တရအလင်း၏ မူဝါဒမှာ အစဉ်သဖြင့် ပြည်သူ့အကျိုးဆောင်၊ ပြည့်သူ့ အကျိုးပြု၊ ပြည်သူ့ဝန်ထမ်း မူဝါဒသာ ဖြစ်ပေ၏။ အမြတ်အစွန်း ရရှိရေး သက်သက်မျှသာ မဟုတ်။ သူတို့မျိုးနွယ် ဆက်၏ အစဉ်အလာ မူဝါဒပင် ဖြစ်ချေသည်တကား။

ပေ့သည် သူ့သတင်းစာကို အနိမ့်ဆုံး ဈေးနှုန်းဖြင့် ရောင်းသည်။ အဆင့်မြင့် သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ စက္ကူ၊ မင်၊ ဘလောက် စသည်တို့ကိုသာ သုံးသည်။ အလုပ်သမားများအပေါ် ရက်ရော သည်။ အထူးသဖြင့် အိုမင်းမစွမ်း အလုပ်သမားများအတွက် အငြိမ်းစားဆုများကို ရက်ရက်ရောရော သတ်မှတ်ပေးသည်။
သူကိုယ်တိုင် ကား လခကို နည်းနိုင်သမျှ နည်းနည်းသာယူသည်။ ပေါင် ၁၅၀၀မျှသာ။ သူ့ဇနီး အမည်ဖြင့် ၀ယ်ထားသော ဟန်လေလမ်းရှိ သတင်းစာ၏ အမည်မှတစ်ပါး အခြားပစ္စည်းအရပ်ရပ်ကို စစ်စရိတ်ငွေ စာချုပ် များ ၀ယ်ယူခြင်းဖြင့် မြှုပ်နှံထားခဲ့သည်။ ပထမကမ္ဘာ စစ်ကြီး အပြီးတွင် နိုင်ငံချစ်စိတ်ဖြင့် ဆုံးဖြတ်ခဲ့သည့် သူ့ဖခင် ၏ အစီအမံအတိုင်း ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်၏။ ထိုမြှုပ်နှံငွေ တန်ဖိုးမှာ ပေါင် ၁၀၀၀၀၀ ဖြစ်သည်။ သင့်တင့်လျောက်ပတ် ကျေနပ်ဖွယ်ကောင်းသော အရန်ငွေကြေးအဖြစ် သူ အမြဲ သဘောပိုက်ခဲ့လေသည်။

သူကိုယ်တိုင်ကား လခကို နည်းနိုင်သမျှနည်းနည်းသာ ယူသည်။ ပေါင် ၁၅၀၀မျှသာ။ သူ့ဇနီး အမည်ဖြင့် ၀ယ်ထားသော ဟန်လေလမ်းရှိ သူတို့နေအိမ်မှ တစ်ပါးသူတါင် အခြားကိုယ်ပိုင် ပစ္စည်း မရှိ။ သူ အလွန် တန်ဖိုးထားသော သတင်းစာ၏ အမည်မှတစ်ပါး အခြားပစ္စည်းအရပ်ရပ်ကို စစ်စရိတ်ငွေ စာချုပ်များ ၀ယ်ယူခြင်းဖြင့် မြှုပ်နှံ ထားခဲ့သည်။ ပထမကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံ ချစ်စိတ်ဖြင့် ဆုံးဖြတ်ခဲ့သည့် သူ့ဖခင်၏ အစီအမံ အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်၏။ ထိုမြှုပ်နှံငွေ တန်ဖိုးမှာ ပေါင် ၁၀၀၀၀၀၀ ဖြစ်သည်။ သင့်တင့်လျောက်ပတ် ကျေနပ်ဖွယ်ကောင်း သော အရန်ငွေကြေးအဖြစ် သူ အမြဲ သဘောပိုက်ခဲ့လေသည်။

မတ်လ၊ ၁ရက် နံနက်ဖြစ်သော ယနေ့တွင်မူ ဥတ္တရအလင်း၏ နောက်ဆုံး လက်ကျန်စာရင်းကို သူ စစ်ဆေးကြည့် သည်။ အရန်ငွေမှ အတော်များများ ထုတ်သုံးထားရပြီး ဖြစ်နေသည်မှာ ဘွားဘွားပေါ်နေ၏။ အချိန် အတော်ကြာကြာ စဉ်းစားပြီးနောက် မြောက်ပိုင်းခရိုင်များ ဘဏ်တိုက်မှ အထွေထွေ စီမံခန့်ခွဲရေးမှူး ဖရန့်ဟိုလ်ဒင် ထံ တယ်လီဖုန်းဆက်သည်။ တွေ့ဆုံရန် ချိန်းဆိုလိုက်၏။
နံနက် ၁၁နာရီ တွင် ဟိုလ်ဒင်၏ ရုံးခန်း သို့ ပေ့ရောက်သွားသည်။ ငွေကိုင်စာရေး၏ စားပွဲနောက်ရှိ မှန်မှုန်တပ် မဟော်ဂနီလိုက်ကာများ ကာထားသည့် အခန်းကျဉ်းကလေး။ သူ ၀င်လာချိန်တွင် ဟိုလ်ဒင်က အခန်းထဲရှိ စာရေးကို အပြင်သို့ ထွက်ခိုင်းသည်။ သူ့ကို ၀မ်းသာအယ်လဲ နှုတ်ဆက် သည်။

အရပ်ရှည်ရှည်၊ နှုတ်ခမ်းမွေးပါးပါး၊ ကော်ကိုင်းမျက်မှန်တပ်ထားသည့် ဖရန့်ဟိုလ်ဒင်သည် ထက်ထက်သန်သန် ပျူပျူငှာငှာ ပြောဆိုဆက်ဆံတတ်သည်။ ပေ့ထက် အသက် ၁၂နှစ်ငယ်သည်။ သူ့ ဖခင် ရောဘတ်ဟိုလ်ဒင်မှာ ပေ့၏ ဖခင်ရော့ဘတ်ပေ့၏ အရင်းချာဆုံး သူငယ်ချင်း ဖြစ် သည်။ ရောဘတ်ကားဘော်တယ်နှင့် လည်း တွဲမိကြ၍ သူတို့သုံးဦးကို "ရဲသုံးဘော်" ဟု အရပ် က ခေါ်စမှတ် ပြုခဲ့လေသည်။ ထိုရင်းနှီးမှုကြောင့်ပင် ပေ့က တစ်စုံတစ်ရာ စနိုးစနောင့် မဖြစ်။ အာလာပ သလ္လာပ ပြောပြီးသည်နှင့် ...
"လာတဲ့ကိစ္စ ကတော့ ငွေချေးဖို့ပဲ ဖရန့်ရေ" ဟု ပြောလိုက်သည်။
"ကျွန်တော် ကလည်း စကားစမြည်ပြောဖို့ ခင်ဗျားကို မျှော်နေတာပါပဲဗျာ"
ပေ့က စကား မဟ။ ဟိုလ်ဒင်က သူ ပြောမည့် စကားကို နားဝင်ခံသာစေအောင် လဲ့လဲ့ပြုံးပြီး ပြောသည်။

"မစ္စတာပေ့လည်း သိမှာပါပဲလေ။ ကျွန်တော်တို့ဘက်က ခင်ဗျားငွေထုတ်ထားတာ အတော်များနေ ပြီ။ တနင်္လာနေ့ ကပဲ ခင်ဗျားစာရင်းတွေကို ကျွန်တော် လှန်ကြည့်သေးတယ်။ ဘယ်လောက် ပိုထုတ်ထားတယ် ဆိုတာတော့ ခင်ဗျားလည်း သိမှာပေါ့" ဟင်နရီပေ့ ခေါင်းညိတ်ပြလိုက်၏။
"ဒါပေါ့လေ။ နည်းနည်းလွှတ်ပေး ထားလိုက် လို့ ဖြစ်သွားတာပါ။ ဒါပေမဲ့ ကျွန်တော် စစ်စရိတ် ငွေစု စာအုပ်တွေ ကို အာမခံ တင်ထားတာပဲ မဟုတ်လားဗျာ"
"ဟုတ်ပါတယ်။ အဲဒါတွေ က ဘယ်နှုန်း နဲ့ ၀ယ်ထားခဲ့တာလဲ"
ဟိုလ်ဒင် က စဉ်းစားသလို လုပ်နေသည်။

"တစ်ရာ့လေး၊ ဟုတ်ရဲ့လား" ဟု မေးသည်။
"ဟုတ်တယ် ထင်တာပဲ"
"အခု ၆၅ အောက်ကျသွားပြီ။ အတိအကျ ပြောရရင် ၆၃ ခွဲပဲ ရှိတော့တယ်။ ထပ်ကျဦးမှာပဲ ထင်တယ်။ ကျွန်တော် ပြောတုန်း က ဘာဖြစ်လို့ ရောင်းမပစ်လိုက်ရတာလဲဗျာ"
"နိုင်ငံ သားကောင်းတစ်ယောက်အနေနဲ့ ကိုင်ထားရမှာပဲလို့ သဘောပိုက်မိလို့ပေါ့ဗျာ"
ဟိုလ်ဒင် က ပေ့ ကို ကြောင်စီစီကြည့်နေ၏။

"အခုနေအခါတော့ နိုင်ငံသားကောင်းတိုင်း ကိုယ့်အကျိုးပဲ ကြည့်နေရတော့တာပဲဗျို့။ ငွေဖောင်းပွ တာကို မထိန်းနိုင်တာ နဲ့ပဲ အစိုးရငွေချေးစာချုပ်တွေ ကိုင်ထားတဲ့လူတိုင်း မွဲကိန်းကြုံနေကြရတာ ခင်ဗျားလည်း သိ မှာပေါ့။ အကောင်းဆုံး စာချုပ်တွေတော့ ဟုတ်ပါရဲ့။ ခင်ဗျားတို့လို ယုံစားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေအဖို့တော့ ဖွတ်ကျောပြောစု ဖြစ်ကုန်ကြရတော့တာပေါ့ဗျာ"
ဟင်နရီပေ့က စောဒကတက်ရန် ဟန်ပြင်သည်။ ဟိုလ်ဒင်က ဆက်ပြောသည်။ အရှုံးပြနေပြီ။ ကျွန်တော် သာ ငွေကြေးဈေးကွက်ကို အကဲဖြတ်နိုင်တဲ့ လူဆိုရင် ခင်ဗျားနောက်ထပ် အရှုံးပေါ်ဦး တော့မှပဲ လို့ ပြောချင်တယ်။ ဒီနှုန်းနဲ့ဆိုရင် လာမယ့်ခုနစ်ပတ်၊ ရှစ်ပတ်အတွင်း ခင်ဗျား အာမခံ တင်ထားတာက ကာမိနိုင် မှာ မဟုတ်တော့ဘူး"
"ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း ချေးငွေကိစ္စ စီစဉ်ဖို့ ခင်ဗျားဆီ လာတာ ပေါ့ဗျာ"

"ဘာ အာမခံနဲ့ ချေးမှာလဲ"
"ဥတ္တရအလင်း အဆောက်အအုံတွေရယ်၊ စက်ရုံရယ်၊ နာမည်ရယ်" ဟိုလ်ဒင် က ပေတံကလေး ကို ကောက်ကိုင်လိုက်ပြီး စေ့စေ့စပ်စပ် ကြည့်နေသည်။ တစ်ခန်းလုံး သိသိသာသာ ငြိမ်သက်နေ၏။ ပေ့ကို မကြည့်။ စကားဆက်ပြောသည်။
"၀မ်းနည်းပါ တယ် မစ္စတာပေ့။ ကျွန်တော် သိပ်ကူချင်ပါတယ်။ ဒါပေမဲ့ လုပ်လု့ မရနိုင်ဘူး"
ဟင်နရီပေ့ တုန်လှုပ် သွားသည်။ ဤသို့ ကန်တော့ဆွမ်း လုပ်ခံရလိမ့်မည်ဟု ဘယ်တနုးကမှ တစ်ဖြုတ်စာမျှပင် မထင်မှန်းခဲ့ "ဘာဖြစ်လို့လဲဗျာ။ ခင်ဗျားတို့ ကျွန်တော့်ကိုလည်း သိပါတယ်။ ဥတ္တရအလင်း ... ကျွန်တော်တို့ နာမည်လည်း ရှိပါသေးတယ် ...။ ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ခင်ဗျားတို့ ဘဏ်မှာပဲ ငွေ အပ်လာခဲ့တာပဲ ဟာဗျာ" ပေ့သည် ကဘောက်တိ ကဘောက်ချာ ပြောနေမိ၏။

"သိပါတယ် ... သိပါတယ်။ ဒီလို ငြင်းရတာလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငွေက သိပ်ကျပ်နေ တယ်ဗျာ။ ကျွန်တော် တို့လည်း ချေးငွေချုံ့တဲ့ အထဲပါနေတော့ ဘဏ်ချေးငွေတွေ ပိတ်ကုန်သလို ဖြစ်နေတာပေါ့ဗျာ။ အစိုးရ ကလည်း ငွေမချေးစေချင်ဘူး"
"ဒါက ဒေသဆိုင်ရာ အလုပ်ပဲဗျာ။ ပုဂ္ဂိုလ်ရေး ချေးတာလို့တောင် ဆိုနိုင်ပါတယ်။ ယုတ်စွ အဆုံး ဆွေးနွေး တာလောက်တော့ လုပ်နိုင်ရမှာပေါ့"
ဟင်နရီပေ့က ကန့်ကွက်သည်။ "ဒါလည်း သိပ်မထူးနိုင်ပါဘူး"
ဟိုလ်ဒင်က ပေ့ကို အားနာပါးနာကြည့်ကာ ပြောသည်။

"ကျွန်တော့်မှာလည်း လုပ်ပိုင်ခွင့် မရှိဘူးဗျာ။ ဒါရိုက်တာတွေနဲ့ တွေ့ပြီး ပြောမှ ဖြစ်တော့မှာပဲ"
ဟိုလ်ဒင်က စကားကို ခဏဖြတ်ထားသည်။ ပေတံကလေးကို ကြည့်နေပြန်သည်။
"ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ သွားတွေ့လိုက်ပါလားဗျာ" ဟု ပြောသည်။
"၀ဲလ်စ်ဘီနဲ့လား"
"ဟုတ်ပါတယ်။ သူနဲ့ ခင်ဗျားနဲ့လည်း ရင်းသားပဲ။ အခုနေဆိုရင် စက်ရုံမှာ ရှိမှာပါ။ ခင်ဗျားလာတွေ့ မယ်ဆိုတာ ဖုန်းဆက်ပြောလိုက်ရမလား" ဟင်နရီပေ့ တုံဏှိဘာဝေ လုပ်နေလိုက်၏။

ဟိုလ်ဒင်က အယဉ်ကျေးဆုံးနည်းဖြင့် သူ့ကို ပထုတ်နေ ပါပကောလား ဟူသော စိတ်အားငယ်စရာ ခံစားချက်က သူ့ရင်ထဲတွင် ပေါ်နေသည်။ လေးလေး ကန်ကန် ထလိုက်သည်။ ၀ဲလ်စ်ဘီကို တွေးမိလိုက်၏။ သူ့ရှေ့ တွင် ငွေကြေးလိုအပ်တာ ကို ပေ့ ဖော်ထုတ်မပြောချင်ဆုံး။ သို့သော် ဘာမှ မတတ်နိုင်တော့။ ငွေချေးချင်သည်။ ရကိုရမှ လည်း ဖြစ်တော့မည်။
"ကောင်းပါပြီလေ ... တယ်လီဖုန်းဆက် ပြောပေးမယ်ဆိုရင်လည်း ကျေးဇူးကြီးလှပါပြီ"

မိနစ် ၂၀ခန့်အကြာတွင် စက်ရုံအနီး ဖုန်းဆိုးကွင်းကြီးထိပ်၌ ဆောက်ထားသည့် ရုံးအဆောက်အအုံ မြင့်မြင့်ကြီးရှီ ၀ဲလ်စ်ဘီ ၏ ရုံးခန်းထဲသို့ ပေ့ရောက်သွားသည်။ ၀ဲလ်စ်ဘီ အရောင်းအ၀ယ်လည်၍ ထိုမြေကွက်ကို ရလိုက်ခြင်းဖြစ်၏။ ၀ိတိုရိယကွက်လပ် မှ လမ်းလွှဲတစ်ခုဖောက်လိုက်၍ မူလဈေးထက်အဆပေါင်းများစွာ တန်ဖိုးမြင့်တက်နေပြီ ဖြစ်၏။  ဟင်နရီပေ့ ၀င်သွားချိန်တွင် ၀ဲလ်ဘီက ၀ိတိုရိယကွက်လပ်ကို စီးမြင်နေရသည့် မှန်ပြတင်းပေါက်ကြီးတွင် ရပ်နေသည်။ ဆေးပြင်းလိပ်ငွေ့သီးသည် အထိ တခွီးခွီးရယ်နေသည်။
"ဒီကိုလာပါဦး  ပေ့ရဲ့။ ကြည့်စမ်းပါဦး"

ဆက်ရန်
.

No comments: