Wednesday, July 11, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၁၄)

ရုံးချုပ် ကမူ အရှုံးထဲမှ ရနိုင်သမျှ အဖတ်ဆည်ချင်သည်။ သို့သော် စကားခေါ်သူပင်မရှိ။ ရှိလိမ့်မည် လည်း မထင်တော့။ စမစ် ကတော့ ဟန်မပျက် လုပ်နေတုန်းပင်။ သို့သော် ကြာလေ၊ အဓိပ္ပါယ်မရှိလေ၊ အငမ်းမရ လုပ်လေဖြစ်နေလေ သည်။ လမ်းဆုံးနေပြီ။ ဒါကိုသိသည်။ ဤနှုန်း အတိုင်းသာ စောင်ရေကျနေလျှင် ဆမ်မာဗီးလ် က ကြာရှည်တောင့်ခံနေတော့မည်မဟုတ်။ သူတို့ နှစ်ယောက် စလုံး အလဲထိုးခံကြရတော့မည်။ ထိုအချိန် ကိုသာ နေ့တိုင်း မျှော်နေမိလေသည်။ ကို ဆက်ဖတ်ရန်....

သူ့အဖို့တော့ ထူးခြားစရာအကြောင်းမရှိဟု ညေးက သူ့ကိုယ်သူ အယုံသွင်းထားသည်။ သူ့ဘဝက သာမန် သတင်းစာဆရာ တစ်ဦးနျင့် မခြားလှ။ ပိုင်ရှင်ခိုင်းသမျှ လုပ်ပေး။ လခကြေးငွေကျတော့ မဖြစ်စလောက်။ ကိုယ့်ကိုယ် ကိုယ် လူကြီးလူကျယ်ဖြစ်အောင် လုပ်ခွင်ကျတော့ မရသလောက်။ သူ အစွမ်းအစရှိမှန်း လန်ဒန်မြို့ သတင်းစာ ရပ်ကွက်ဖြစ်သော ဖလိလမ်းတွင် အများကပင် သိသည်။ သူ့သဘော က ဖြတ်လမ်း လိုက်သင့်လိုက်မည်။ သူများတကာထက် အလျင်ရောက်လျှင် ပြီးစတမ်း။

သူ့ကိုယ်သူ ဥာဏ်သွားမှန်း၊ 'ဇ' ရှိမှန်း၊ ဥပဓိရုပ်ကောင်းမှန်း သူသိသည်။ လူလုပ်သမျှ အဖြစ် ရှိသည်။ လျှောလျှောလျှူလျှူ ဖြစ်ဖြစ်မြောက်မြောက် ပြီးသည်။ ပြင်သစ်နှင့်  ဂျာမန်စကားကို ကောက်ကာငင်ကာ သင်လိုက်သည်။ လည်လည်ပတ်ပတ် ပြောနိုင်ဆိုနိုင်သည်။ ခေတ်ပေါ် ပန်းချီကို ပတ်ပတ်နပ်နပ် နားလည် သည်။ခေတ်ပေါ်ပန်းချီဆရာကြီးများဖြစ်သော ပီကာဆို၊ ဘူဖေး၊ မွန်ဒရိယန် တို့အကြောင်း ဆောင်းပါးများကို လက်ပူးကြပ်တိုက် ရေးချနိုင်စွမ်းရှိသည်။ ဂီတ 'နား' လည်း ရှိသည်။ စနစ်တကျ မသင်ဖူးစေကာမူ စန္ဒရားတီးကွက် ကို နားကြားနှင့် လိုက်တီးနိုင်သည်။ တင်းနစ်နှင့် ဘိလိယက် ကစားရာတွင်လည်း ကျွမ်းကျင်သည်။

လူတော သူတောဝင်လျှင်လည်း သူနှင့် အလွမ်းမသင့်သူ ယောက်ျား မိန်းမဟူ၍ မရှိသလောက်ရှားသည်။ ဥရောပ ၌ နိုင်ငံခြားသတင်းထောက် လုပ်နေခဲ့စဉ်က နိုင်ငံတကာ အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် ဝင်ဝင်ဆံ့ဆံ့ ဆက်ဆံလှုပ်ရှားကာ သတင်းများကို ရေးသားနိုင်ခဲ့သည်။ တော်ရုံတန်ရုံ သတင်းထောက်မျိုး ကို ဆိုလျှင် ဆေးဖော်ကြောဖက်မလုပ်သည့် အသိုင်းအဝိုင်းမျိုး။
ထိုအချိန် ကပင် တွေ့ဆုံမေးမြန်းချက် များတွင် လိုရာဆွဲရေးသည့် အတတ်ကို သူတစ်ဖက်ကမ်းခတ်ခဲ့သည်။ ကာယကံရှင် ၏ စကားလုံးများကို အတိအကျထည့်သုံး စေကာမူ စာဖတ်သူတို့ အကြည်ဆိုက်အောင် ထိထိ ခိုက်ခိုက် ရေးလေ့ရှိသည်။ ကာယကံရှင်က ကန့်ကွက်စာပို့လျှင် စာမျက်နှာ ချောင်ကြိုချောင်ကြား၌ မထင်မရှား ထည့်လိုက်ရသည် မှာ သူ့အဖို့ အူမြူးစရာလို ဖြစ်ခဲ့သည်။
တစ်ခါတစ်ရံ လူကြိုက်များသော စာအုပ်တစ်အုပ်ကို ပစ်စလက်ခတ် ဆော်ထည့် ရသည်မှာ သူ့အဖို့ သောလုံ တစ်ခု လိုဖြစ်သည်။ စာအုပ်ထဲမှ စာပိုဒ် အချို့ကို အဆက်အစပ်မရှိ ထုတ်နုတ်ကိုးကားဖြင်းဖြင့် စာရေးဆရာခမျာ ခါးတောင်းကျိုက် တခြား တင်တခြားဖြစ်ကာ နလပိန်းတုံးလိုလို၊ ပေါချာချာလိုလို အဖြစ်မျိုးရောက်ရရှာသည်။

ထိုအစွမ်းအစတို့သည် ဆမ်မာဗီးလ်အုပ်စု သတင်းစာများအတွက် သူ အမေရိကန်မှ အပတ်စဉ်ဆောင်းပါး များ ရေးသားပေးပို့ချိန်တွင် အတိုင်းမသိပွင့်လန်းလာကြသည်။ အမေရိကန်တို့ ခြိုးခြံချွေတာနေချိန်တွင် အမေရိကန် ချမ်းသာကြွယ်ဝမှုကို တစ်ဖက်စောင်းနင်း ဖိရေးခြင်းဖြင့် ဗြိတိသျှလူထုက အမေရိကန်အပေါ် အထင်အမြင် လွဲအောင် ဆွပေးခဲ့သည်။
အမေရိကန် သို့ တစ်ကျော့သွားရောက် တာဝန်ထမ်ဆောင်ခွင့်ရနိုင်သေးသည်။ သို့မဟုတ် ကိန်းရုပ်ရှင်ပွဲတော်သို့ သတင်း သွားယူခွင့် ရနိုင်သေးသည်။ ရုပ်ရှင်ပွဲတော်ကျင်းပရာ ပြင်သစ်ပင်လယ်ကမ်းခြေ ရီဗီယေးရားမြို့တွင် သူ့မှာ အဆက်အသွယ် မျိုးစုံရှိသည်။

သူ့ကိုယ်သူ အရူးဘုံမြှောက် လုပ်နေရသော်လည်း ဤအရေးတွင် ရှုံးနိမ့်ရခြင်းမှာ သူ့အဖို့ မာနဦးချိုး ခံရခြင်း ပင်ဖြစ်တော့သည်။ ဟင်နရီပေ့လို လူမျိုး၏ နာမ်နှိမ်ခံရခြင်းမှာ ပို၍ အသည်းနာစရာ ကောင်းနေသည်။ ဥတ္တရ အလင်းပိုင်ရှင်ကို ပထမအကြိမ် တွေ့လိုက်ကတည်းက ထားခဲ့သည့် သူ့အာဃာတသည် တစ်နေ့တခြား တိုး၍သာ လာ ခဲ့သည်။ ယခုတော့ ဥပါဒါန်လိုပင်ဖြစ်နေပြီ။
စမစ် သာ ကြောက်ဆုတ်ကြောက်ဆိတ် လုပ်မနေလျှင်သူတို့ လွယ်လွယ်အေးအေး အနိုင်ရနိုင်သည်။ ပုံနှိပ်စက်ခန်း တိုက် ကို အဝယ်မှားလိုက်သည့် ကိစ္စတွင် ကိုယ့်ရှူးကိုယ်ပတ်ခဲ့သည် မှန်၏။ သို့သော် သူသေ ကိုယ်သေ တိုက်ကြရာတွင် ကညာစစ်နေ၍ မရ။ သေမြေကြိး ရှင်ရွှေထီးလုပ်မှ တန်ကာကျသည်။ စမစ် ကမူ ရေဆုံးရေဖျား လိုက်ချင်သူ မဟုတ်။

ဘာပဲဖြစ်ဖြစ် မရှုမလှခံရမည့်သူမှာ စမစ်သာဖြစ်သည်။ စမစ်က အလွယ်ကလေးဟု ထင်ထားခဲ့ သည်။ အောင်ပန်း ပန်ဆင်နိုင်လိမ့်မည်ဟု လုံးလုံးလျားလျား ယံကြည့်ကိုးစားထားခဲ့သည်။ သူ့ဇနီးနှင့် ပြန်ပေါင်းထုပ်နိုင်တော့မည်ဟု ထင်ထားသည်အထိပင် အောင်စိတ်မွေးနေခဲ့သည်။ ယခု ရက်ပိုင်း အတွင်း စမစ်မျက်နှာပေါ်တါင် လူတါင်ကျယ်ပုံပန်းများ ပျောက်ကွယ်နေလေပြီ။ ထွက်ပေါက်တွေ့လိုတွေ့ငြား တကုပ်ကုပ် လုပ်နေသေးသည်။ သို့သော် သူ့ခမျာ ခြေကုန်လက်ပန်းကျနေရှာလေပြီ။

ပြောင်းဖူးဈေးတန်းသို့ ညေးရောက်သွားသည်။ မြို့တော်ခန်းမဟောင်း ရှေ့တွင် ပိုစတာများကပ်ထာသည်။ စိန့်မတ်ခ် ဘုရားရှိခိုးကျောင်းပြဿဒ် မျှော်စင်ရန်ပုံငွေအတွက် ဟင်နရီပေ့ ကြီးမှူးကျင်းပသည့် ဂီတပွဲကြော်ငြား များ၊ ဂီတပွဲကို စက်တင်ဘာ၊ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်။
ပိုစတာများကို ညေး ကျောခိုင်းလာခဲ့သည်။ ကွက်လပ်ကို ဖြတ်လျှောက်နေစဉ် ဥတ္တရအလင်း သတင်းစာ တိုက်ပေါ် မှ ဆင်းလာသည့် ဟင်နရီပေ့ကို ညေး လှမ်းမြင်သည်။ ပေ့ကို မကြည့်ချင်လောက်အောင် ဖြစ်နေ၍ မကြာမီ က စ၍ ပေ့နှင့် ရင်ဆိုင်မတိုေးအာင် ညေးရှောင်နေခဲ့သည်။

ဟင်နရီပေ့နှင့် အတူ မိန်းမပျိုတစ်ဦးကပ်ပါလာသည်။ ကြည်ပျော်ရှုပျော် အရပ်အေမာင်း ကောင်းကောင်း။ ရှိုက်ဖိုကြီးငယ် တင့်တင့်တယ်တယ်။ အဝေးကမြင်ရုံနှင့် ထူးခြားမှန်းသိသာသူ။ တစ်ခဏတော့ ဘယ်သူများ ပါလိမ့်ဟု ညေး တွေးနေမိသေး၏။
ပေး၏ အရပ်ရှည်ရှည်။ ဆံပင်ရှည်ရှည်၊ ကဗျာဆန်ဆန် သားတော်မောင်က နောက်မှ ဆင်းလိုက်လာသည်။ အမျိုးသမီး က သူ့ကို ပြုံးပြသည်။ သူလက်မောင်းကိုကိုင်သည်။ သူတို့အားလုံး ညေးကို မမြင်ကြ။ ညေးကလည်း အမြင်မခံချင်။ ညေးသည် မော်ကွန်းသတင်းစာတိုက်ခွဲသို့ ဆက်လျှောက်လာခဲ့သည်။ ထင်သည့် အတိုင်းပင် စမစ်ကို တွေ့ရသည်။ စားပွဲတွင် အလုပ်များနေသယောင် လုပ်နေသည်။ တကယ်တော့ သူ့ဇနီးစောင်း မီနီထံသို့ စာရေးနေခြင်းသာ။ စမစ် ပိန်ချုံးကျသွားသည်။ အမှုမဲ့ အမှတ်မဲ့ မနေနိုင်အောင် သိသာ သည်။

"ဘာထူးသေးလဲ"
ညေးက ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
"ဘာတစ်ခု မှ မထူးပါဘူးဗျာ"
သနားစရာ ပင်ကောင်းကောင်းသေးတော့။ စမစ် အသံက မျှော်လင့်ချက် တစ်ခွဲသားပေါက်နေသေး သည်။ ညေးက စိတ်ပေါက်ပေါက်နှင့်….
"ဂုဏ်ပြုအပ်သော ဗာနန်ဆမ်မာဗီးလ်ကကော ဘာအမိန့်တော်မြတ်ကျလာသေးလဲဗျ" ဟု ထပ်မေးလိုက်၏။

"ဘာမှ မလာပါဘူးဗျာ။ ဘာသတင်းမှ မရှိတာဘဲ သတင်းကောင်းလို့ ဆိုရတော့မှာပေါ့။ ကိစ္စတစ်ခုခု…."
"ကိစ္စတစ်ခုခု ပေါ်လာရင်တော့လည်း မဆိုနိုင်ဘူးပေါ့လေ"
ညေး က စမစ် အသံကိုတုပြီး သူ့ကိယ်စား စကားအဆုံးသတ်ပေးလိုက်၏။ စမစ် မျက်နှာနီသွားသည်။
"ခင်ဗျား ရွှေဥာဏ်တော် စူးရောက်တာနဲ့ ပျက်စီးခြင်းငါးပါး တိုင်တော့တာပဲ"
"ဟိုငနဲကြီး က သောက်စာကူးစက်နဲ့ သတင်းစာထုတ်လိမ့်ဆိုတာတော့ ကျွန်တော်လည်း ဘယ်လိုလုပ် ကြိုသိမှာ မလဲဗျ။ အဲဒီလို ဘဝင်ငနဲတွေနဲ့ လုပ်ရတာ ခက်ကိုခက်တယ်" ညေး ဒေါသူပုန်ထလာသည်။
"သတင်းစာ လုပ်ငန်းကိုများ မြင့်မြတ်တော်မူပေသော ကိစ္စလိုလုပ်ပြီး တရားဟောနေသေးတာ။ အဲဒီ ပထမဆုံး အကြိမ် တွေ့ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မမေ့ပဘူး။

 အဲဒီလို ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ် နဲ့ လောကနိဗ္ဗာန် ဖန်ဆင်းချင် တဲ့ မြင့်တင်ရေးသမားတွေ ကို ကျွန်တော် နည်းနည်းမှ ကြည့်လို့မရဘူး။ လူ့စရိုက်ကို ကျွန်တော်သိတယ်။ သတင်းစာ လုပ်ငန်းအကြောင်းဆိုရင် အူသေးချေးခါးမကျန် သိတယ်။ ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေ လိုပဲပေကါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ဆိုတဲ့ ပန်းတိုင်နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင်ရောက်ဖို့ စောင်ရေတိုးရရမယ်။

စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရမယ်။ လူအများစုကြီး ဖတ်ချင်တဲ့ ဓာတ်စာသတင်းက ဘာလဲ။ သူတို့ ဖတ်ချင်တာက အရေရွှမ်းတဲံ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက်သတင်းတွေ၊ အမနာပ သတင်းတွေ။ အမြှူအဆွ သတင်းတွေဗျ။ ရာဇဝတ်ရုံးသတင်းတေါ။ ထရံပေါက် သတင်းတွေနဲ့ စောင်ရေ ခုနစ်သန်း အထိ ရောက်နေတဲ့ တနင်္ဂနွေအထောက်တော်က သက်သေခံနေတာပဲ မဟုတ်လား။ ဘာဇီဇာကြောင်နေ ရမှာလဲ။ လူထုဆိုတာလည်း လူတွေပါပဲဗျာ။ ကျွန်တော်က အပျော်အပါး ကိစ္စမှာ ဘေးမရှိဘူး လို့ ယုံတဲ့ကောင်။ မသေခင်လေး ပျောရတာပဲ။ ပျော်ကြစမ်းပါစေဗျာ။ ကမ္ဘာကြီး ကတော့ ချေးတွင်းထဲ ကျနေတာ ပါပဲ။ ပေ့လို မြှင့်တင်ရေးသမားတေါက ပြန်ဆွဲတင်လို့လည်း မရပါဘူးဗျာ"
ပိုးစိုး ပက်စက် ပြောနေသည့် ညေး၏ စကားများကို စမစ်က ငြိမ်ပြီး နားထောင်နေသည်။

"ခင်ဗျားကြိုက်တာ ခင်ဗျားပြောပေါ့။ ကျွန်တော်ကတော့ ပေ့ကို အာဃာတ မထားဘူး။  လူကောင်းကြီးပါဗျာ"
"ဟုတ်ပဗျာ" ညေးက တောက်တောက်ခါးခါး ပြောသည်။
"ကမ္ဘာ့ထိပ်သီး လူသူတော်ကြီးပါပဲ။ အခုပဲ ကျွန်တော်မြင်လိုက်ပါသေးတယ်" စီးကရက်တိုက်ု ဖိချေလိုက်သည်.
"သူ့သား လည်း ပါတယ်။ မြာတစ်ပွေလည်းပါတယ်"ဟု ပြောလိုက်၏။

"မိန်းမငယ်ငယ်မဟုတ်လား ခပ်ချောချောလေ"
"တကယ်ကြည့်လို့ကောင်းတယ်ဗျို့။ ဒေါက်ကောင်းကောင်းနဲ့ ဖောငက်းဖောင်းမို့ကို့ပဲ။ အဝေးကကြည့်တာနဲ့ နိတ်မှန်း သိတယ်"
"ဒေးဗစ် မိန်းမပါဗျာ"
ညေးက သရော်သံဖြင့် "ဒေးဗစ် ဟုတ်လား။ ခင်ဗျားပြောပုံကတော့ သူတို့ အိမ်သားကျနေတာပဲ" ဟု ငေါ့သည်။
စမစ် က မျက်ကြောတင်းတင်းနျင့် စားပွဲပေါ်က စာရွက်တွေကို ရှင်းနေလိုက်သည်။ ညေးက တစ်အောင့်လောက် ငြိမနေသည်။
"အရင်က သူ့ကိုမတွေ့မိပါဘူး"
"ဘယ်သူ့ကိုလဲ"
"အဲဒီ မချောကိုပေါ့ဗျ"
"သူတို့က စလီဒန်ရွာမှာပဲ အောင်းနေတာကိုး"
"သူတို့ဘာသာသူတို့ နေပါစေဗျာ။ လူကောင်းတွေပါ"

စမစ်က မာရေကြောရေ ပြောသည်။
"ပုဂ္ဂိုလ်စွဲပြောနေတာမဟုတ်ဘူး။ သူတို့ သဘောထားတွေကို မုန်းတယ်။ အားလုံးကို မုန်းတာပဲ"
"ခင်ဗျား ကတော့ အတော် အမုန်းကြိးတဲ့လူပဲ"
"ကျွန်တော် က မုန်းတတ်တယ်။ ဘာဖြစ်လဲ။ မငြင်းပါဘူး။ တော်ပြီ။ ကဲ.. ဘီယာ သွားသောက်လိုက်ဦးမယ်။"

ဝိတိုရိယအရက်ဆိုင်ရှိရာသို့ ညေး လျှောက်လာခဲ့သည်။ ဆိုင်ရောက်တော့ ဝီစကီမှာသည်။ ဘီယာနှင့်မျှောသောက် သည်။ ညမှောင်မှောင် အချိန်ရောက်မှ ဘူတာရုံတဝိုက်၌ တစ်ရစ်ဝဲဝဲလုပ်သည့် မိန်းမပျက်အချို့ ကို တွေ့ရသည်မှတစ်ပါး အခြားကြည့်စရာ ရှုစရာမရှိသော ဟက်ဒယ်လ်စတန်လို မြို့ကလေးမျိုး ၌ အရက်သောက်နေလိုက်သည်ကသာ စရိုက်မှန်သည်ဟု ညေး ယူဆသည်။
အရက်သောက်ရင်း မှာပင် ပေ့၏ချွေးမကို စိတ်ထဲမှ ဖောက်မရ။ ယခင်က ဘာကြောင့် မတွေ့ခဲ့ရပါလိမ့်ဟုသာ တွေးနေမိ၏။ သူ့ယောက်ျားက သံကါန်ချာအုပ်ထားလေရော့သလား။ ဒေးဗစ်ပေ့ကတော့ သဝန်ကြောင် လူစားမျိုး။ မြင်ရုံနှင့် သိသာသည်။

ညေးက မိန်းမမြင်တိုင်း တန်းတန်းစွဲသူ မဟုတ်။ မိန်းမတွေကိုလည်း မယုံ။ သူ့အပြောအတိုင်းဆိုလျှင် မိန်းမတွေကို ငြိးချင်သလိုဖြစ်နေသည်။ ဤမိန်မကိုတော့ သူစိတ်ဝင်စာသည်။ ဒေးဗစ်ပေ့လို လူစားမျိုးနှင့် လားလား မျှ မထိုက်။ သူ့လိုကာလသားကြိုက်သာ ဖြစ်ပုံရသည်။ သူနှင့် ထိုမိန်းမတို့ နှစ်ယောက်ကြားတွင် အဆက်အစပ် တစ်စုံတစ်ရာ တည်ရှိနေသလို ခံစားရသည်။
ထိုမရေရာ ထူးဆန်းထွေလာ ခံစားရချက်ကို ညေးဘယ်လို ရှင်းပြရမှန်းမသိ။ သူ့ကိုယ်သူ တစ်မေး တည်း မေးနေမိသည်။ အဖြေက မပေါ်။

စိတ်ပညာဆရာကြီး ဆစ်ဂမန်ဖရိုက်အကြောင်း နှစ်ကော်လ်ံဆောင်းပါး တစ်စောင်လောက်တော့ အဆီတစ်ထပ် အသားတစ်ထပ် သူ ရေးတတ်သည်။ သို့သော် စိတ်ပညာက သူ့နယ်မဟုတ်၍ အနက်မဖွင့်။ ပြီးတော့ ဒေးဗစ်ပေ့၏ မိန်းမနှင့် သူက မေးထူးခေါ်ပြောပင် မလုပ်စဖူး။ တို့ဖူးဖို့ ကိုင်ဖူးဖို့ဆိုတာ ဝေလာဝေး။ သို့သော် ထိုမိန်းမကို မြင်ရ၍ ခံစားရသည့် တုံ့ပြန်မှုဥမှာ ယခင်က သူနျင့် အဆက်အစပ်ရှိခဲ့ဖူးသလိုလို တုံ့ပြန်မှုမျိုး။

စိတ်လှည့်စားတာ ဖြစ်မှာပါဟု သူ့ကိုယ်သူ ဖြေသိမ့်သည်။ ဟက်ဒယ်လ်စတန်မြို့ထဲသို့ ထိုမိန်းမဈေးဝယ်လာစဉ် သူမြင်ခဲ့ဖူး ၍ ခေါင်းထဲစွဲထင်နေပြီး ဤအတွေးပေဲခြင်းဖြစ်တန်ရာ၏။ ထိုအဖြေကိုလည်း သူ နှစ်နှစ်ကာကာ မယုံကြည်နိုင်။
နဝေတိမ်တောင်စိတ် က သူ့ကို ဖိစီးစပြုစဉ် စမစ်ဝင်လာသည်။စားပွဲတွင်ဝင်ထိုင်သည်။ ဦးထုတ်ချွတ်၊ မိုးရေစက်ခါ လုပ်နေသည်။ ညေးက သူ့ကို စေ့စေ့စပ်စပ်ကြည့်နေသည်။
"ဘာသတင်းမှ မလာတာနဲ့ ခင်ဗျားဆီ လိုက်လာတာ။ ပီတာကို တယ်လီဖုန်းစောင့်ခိုင်းထားခဲ့တယ်။ ရုံးခန်းထဲ ကလည်း စိမ့်နေတာပဲဗျာ"
"တစ်ခုခုသောက်မလား"
"ကောင်းသားပဲ" စမစ်က ကဏှာမငြိမ်ဖြေသည်။

စမစ်က ညေးကို အောက်သိုးသိုး ကြည့်လိုက်သည်။ ဂျင်းရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။
"ပြီးခဲ့တဲ့ ခင်ဗျားစိတ်ကူးကတော့ နိပ်ပါ့ဗျာ"
ညေးက ထိုကိစ္စကို အကျယ်အကျယ်မငြိမ်းဖွယ် လုပ်မနေချင်တော့။ သူ့စိတ်ကူးကို စမစ်မမေးဘဲ မနေနိုင်မှန်းသူသိနေသည်။ စောင့်ကြည့်နေလိုက်သည်။
"ဘာစိတ်ကူးပါလိမ့်ဗျာ"
ညေးက သရော်ပြယ်ချော် လေသံဖြင့်
"သြော် အဲဒီ လူကောင်းသူကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရရင် ကျွန်တော်တို့ နေသာထိုင်သာများ ရှိလိမ့်မယ်လို့ ထင်တာနဲ့ပါဗျာ။ ခင်ဗျားက လူကုံထံ အသိုင်းအဝိုင်းနဲ့ ပေါင်းရသင်းရတာကို ပီတိဖြစ်တဲ့လူ မဟုတ်လား။ ပြီးတော့ ကျွန်တော်တို့ ဒီမြို့က အမြီးကုပ်ပြီး ထွက်သွားမယ့်အစား လူတော သူတောထဲ ဟန်ကျပန်ကျ တိုး၊ အောင်စည်ယွန်းပြီးမှ ထွက်ချုင်လို့ပေါ့ဗျာ။ ခင်ဗျားလက်မှတ်ဝယ်လို့ရပါ့မလား" ဟု ပြောသည်။

စမစ်က ညေးကို ဇဝေဇဝါ ငေးကြည့်နေ၏။
"ရမယ်ထင်တာပဲ"
ကောင်းတာပေါ့ဗျာ။ ရျေ့နားကျကျရအောင် လုပ်နိုင်ရင် လုပ်ခဲ့ပေတော့ဗျို့"
စမစ် အမေးအမြန်းမထူမီ ညေးက အရက်ဖိုး ထုတ်ပေးပြီး ဆိုင်ထဲမှ ထွက်သွားလေ၏။

(၂)

နှစ်ရက်ကြာပြီးနောက်ညနေပိုင်းအချိန်။ ဒေါ်ရော်သိ တိုင်းကာဆယ်မြို့မှ ပြန်လာသည်။ နို့နှင့် ဘိစကစ်မုန့်ယူရန် စားဖိုဆောင်အသွား အမေလုပ်သူနှင့် ခန်းမထဲတွင် ရင်ဆိုင်တိုးသည်။
"ဒေါ်ရော်သီရေ… ဒေးဗစ်နဲ့ ကော်ရာတို့ဆိ စာကလေးတစ်စောင်ပို့ပေးစမ်းပါကွယ်"
စလီဒန်တောင် မှ သွားရမှာလား"
ဒေါ်ရော်သီ က မြောက်ဝင်ရိုးစွန်း သွားရတော့မည့်အလား ကန့်ကွက်စကားဆိုသည်။
"သွားလိုက်ပါ အချစ်ရယ်။ ဖေဖေက တိုက်က လှမ်းပြောတာ။ သူတို့ကို ဂီတပွဲမသွားခင် နေ့လယ်စာ လာစားစေချင် လို့"
"မေမေ ကလည်း သမီးပင်ပန်းလာတာ။ ဘတ်စ်ကားနဲ့ သါားရမှာ။ စလီဒန်လမ်းချိုင့်တွေနဲ့ဆို တစ်ကိုယ်လုံး ပြုတ်ထွက် ကုန်တော့မှာပဲ"
"စက်ဘီလေး ထုတ်စီးသွားပေါ့ကွယ်။ ဝယ်ပြီကတည်းက စီးရတယ်ကို မရှိသေးဘူး။ ညနေခင်းကလေးကလည်း သာသာယာယာ ရှိသားပဲကွယ်"

"ရှေ့ဘီိးပြားနေတယ် မေမေရဲ့"
"ဒါဖြင့် လေထိုးသွားပေါ့ကွယ်။ သမီးအတွက် ကောင်းပါတယ်။ ဒီရက်ပိုင်းမှာ သမီး ကိုယ်လက်လှုပ်ရှားမှု မလုပ် သလောက် ဖြစ်နေတဲ့ဟာပဲကွယ်"
ဒေါက်တာအီဗန်ထံမှ ပေ့ထံသို့ အကြောင်းကြားစာ ရောက်လာ၍ ဒေးဗစ်နှင့် ကော်ရာကို ယခုကဲ့သို့ အခေါ်လွှတ်ခြင်းဖြစ်၏။ ထိုစာကြောင့်ပင် ပေ့နှင့် ဒေးဗစ်တို့ လင်မယားကို ဟက်ဒယ်လ်စတန်မြို့ ထဲတွင် ပေ့နှင့်အတူ ညေး တွေ့ခဲ့ရခြင်းဖြစ်၏။
ဆရာဝန် က စာထဲတွင် ဒေးဗစ်ကို မကြာခဏ မြို့ထဲခေါ်ပြီး လူတွေနဲ့ ရောရောနှောနှောနေရန် အကြံပေးထား ၏။ ထိုအကြံပေးချက်မှာ ပေ့ကို သူပြောထာသည့် စကားနှင့်တသွားတည်းဖြစ်နေသည်။ ထို့ကြောင့် အဲလစ် ကျေကျေနပ်နပ်လိုလိုလားလားရှိနေခြင်းဖြစ်၏။

"ရော့ … အချစ်ရေ"
မစ္စစ်ပေ့က ပြုံးပြသည်။ ဒေါ်ရော်သီ၏ အင်္ကျီအိတ်ထဲသို့ စာကို ထိုးထည့်လိုက်၏။
"အို…… အေးလေ လမ်းမျာ တစ်ခုခုဖြစ်ရင် မေမေ့တာဝန်ပဲ"
တကယ်တော့ ဒေါ်ရောက်သီပျော်သည်။ သူ ဘာလုပ်စရာမှ မရှိ။ သတင်းထောက်ကလေး လူဝစ်က ညဥ့်နက်အောင် အလုပ်လုပ်ရမည်ဖြစ်၍ ရုပ်ရှင်လိုက်မပြနိုင်ဟု သူ့ကို တယ်လီဖုန်းဆက်ထာသည်။ ပျင်းစရာကြီးဖြစ်နေမည့် အစား ညနေပိုင်းတွင် ကော်ရာနှင့် သွားတွေ့ရသည်မှာ ပျော်စရာ။ သူတို့ သမီးယောက်မတွေ့ခဲသည်။ သို့သော် ကော်ရာ ကို သူက သဘောကျသည်။ ကော်ရာနှင့်တွေ့လျှင် လက်ဖက်ရည် ကောင်းကောင်းသောက်ရ ဖို့လည်း သေချာသည်။.

စက်ဘီးကို ကားရုံထဲမှ ထုတ်ယူလာသည်။ ဟန်နာကို ချောပြီး လေထိုးခိုင်းသည်။ စလီဒန်ရှာသို့ ထွက်လာ ခဲ့သည်။
ဝေးဝေး မရောက်သေး။ စင်္ကြံပေါ်၌ သူ့ကိုလက်ပြပြီးတားနေသူတစ်ဦးကို ဒေါ်ရော်သီ မြင်လိုက်လေသည်။ ပြီးမှ လီယိုနတ်ညေး မှန်း သိရသည်။
"ကျွန်တော် တားတာကို ဒေါ်ရီမြင်တာ ဝမ်းသာလိုက်တာဗျာ"
ဟုတ်လား" ဒေါ်ရော်သိက မကြည်မသာ ပြောသည်။

သူ့အဖေကို ဖီလာကန့်လန့်လုပ်နေသူ ဖြစ်စေကာမူ ညေးအပေါ် ဒေါ်ရော်သ်က ထူးထူးခြားခြား ရန်ညှိုးမထား။ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေသည်။ လူကြီးတွေကိစ္စတွင် ဘာသာလဝါပင် နေခဲ့သည်။ ဒုက္ခပင်လယ်ဝေနေသည့် ကြားမှ သူ့အဖေက သူ့ပုံစံအတိုင်း စိတ်ကူးယဉ်ယဉ် လုပ်နည်းလုပ်ဟန်ဖြင့် ယက်ကန်ယက်ကန် ရုန်းထွက်နေခဲ့ ပုံ စောင့်ကြည့်နေခဲ့စဉ်က သူ့ရင်တဖိုဖို ဖြစ်ခဲ့ရသည်။ မနိသားစုအားလုံး အိမပေါ်က ဆင်းပြေးရ မလို ဖြစ်နေစဉ်ကလည်း သူ့စိတ်ထဲတါင် ပျော်သလိုလိုပင်ဖြစ်ခဲ့ရသည်။
ဒါတွေနှင့် မဆိုင်။ သူ့အာဃာတက သူ့ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည်။ ညေးက တပြုံးပြုံး လုပ်နေ သည်။ ဒေါ်ရော်သီက ရတနာပုံမောင်နှင့် တွေ့ခဲ့စဉ်က မော်ကွန်းတွင် သူ့အကြောင်းရေးခဲ့ပုံကို မမေ့နိုင်သေး။ အနုပညာကျောင်းတွင် သေချင်ပက်ကျိဖြစ်အောင်ပင် သူ လှောင်ဖတ်ပြောင်ဖတ်ဖြစ်ခဲ့ရသည်။

ထိုအချိန်မှစ၍ လမ်းတါင်ဆုံတိုင်း ညေးက သူ့ကို ဦးထုပ်ချွတ်ခေါင်းညွှတ်၍ နှုတ်ဆက်လေ့ရှိသည်။သို့သော် ယခုအချိန်အထိ ပြောဖူးဆိုဖူး မရှိသေး။
"ရှင်တို့ သွားကုန်ကြပြီ ထင်နေတာ"
ဒေါ်ရောသီ က သူတို့ကို မရှိစေချင်တော့သည့်လေသံဖြင့် ပြောသည်။
"မကြာတော့ပါဘူ့းဗျာ။ သွားတော့မှာပါ"
ညေးက အပြောခံရတာကို မနာသလို ပြန်ပြောသည်။

"မသွားခင် နှုတ်ဆက်ချင်နေတာနဲ့ အတော်ပဲ။ ဘာအာဃာတမှ မထားဘူးဆိုတာလည်း ပြရုံပါဗျာ"
"တကယ် မရှိတာလားရှင်"
ညေးက မျက်နှားထားချိုချိုကို မျက်နှာမျာ အသကပ်ထားသလို အပြုံးမပျက်။
"မရှိပါဘူးဗျာ။ ခင်ဗျား အဖေကတော့ ကျွန်တော်တို့ကို တိးလိုက်ပေါ့။ အို... ဒါပေမဲ့ ကျွန်တ်ာတို့ အလုပ် က ဖြစ်သမျှအကြောင်းအကောင်းချည်းထင်ရတဲ့ အလုပ်မျိုးပဲဟာဗျာ"
ညေးက စီးကရက်ဗူး ထုတ်သည်။ ဒေါ်ရော်သီကို စီးကရက်တည်သည်။ ဒေါ်ရော်သီက သူငယ်နပ်စား အထင် မခံလို။ တစ်လိပ်ယူသောက်လိုက်၏။

"အပျင်းပြေ လျှောက်စီးတာလား"
"ဟုတ်ပါတယ်"
"စက်ဘီးကတော့ အပျံစားပဲ။ ဟမ်းဘားမျိုး မဟုတ်လား။ ဝယ်ထားတာ ကြာပြီလား။"
ဒေါ်ရော်သီက ကွက်ခနဲ မျက်နှာပျက်သါာသည်ကို မြငလိုက်ရ၍ ညေးက မြန်မြန်ဆက်ပြောသည်။
"တောင်းပန်ပါတယ်ဗျာ။ စပ်စုတာ မဟုတ်ဘူးနော်"
"ရှင်တို့ ဆီက ရတဲ့ ဆုငွေနဲ့ ဝယ်ထားတာပါ။ ကျန်တာကတော့ အဖေလှူပစ်ခိုင်းလို့ လှူလိုက်တယ်"
"အင်းလေ... အဲဒီဆုနဲ့ ဒါနကလေးတစ်ခုတော့ လုပ်လိုက်ရသေးတာပေါ့"

ဒေါ်ရော်သီ နေမထိထိုင်မသာဖြစ်နေသည်။ လူမြင်ကွင်းတွင်ရပ်ပြီး မသောက်တတ်သောက်တတ်နှင့် စီးကရက်သောက်နေသည်။ ညေးက မသိလိုက်မသိဘာသာ လုပ်နေသည်။ ကျောင်းတွင် အခြားကျောင်သူများနှင့်အတူ ကော်ဖီသောက်ရင်း တစ်ခါတစ်လေ ဒေါ်ရော်သီဆေးလိပ်သောက်ခဲ့ဖူးသည်။ သို့သော် ယခုသောက်ပုံနှင့်မတူ။ အထက်တန်းစားအလွှာ လုပ်ပုံလုပ်နည်း မဟုတ်။ သူ့အဖေသာသိလျှင် မိုးမီးလောင်လိမ့်မည် မုချ။ သူ့အဖေ ဒေါသူပုန်ထလည်း ထလောက်သည်။

ဒေါ်ရော်သီ ခွက်ထွက်ဖို့ စဉ်းစားတုန်းရှိသေး။ ညေးက
"ကျွန်တော်လည်း ဟိုတယ်သွားပြီး လက်ဖက်ရည်သောက်မလို့ ထွက်လာတာ။ လက်ဖက်ရည်လေး လိုက်သောက်ပါဦးလား ခင်ဗျာ" ဟု ပြောသည်။

ဆက်ရန်
.

No comments: