Sunday, June 3, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၆) ဇာတ်သိမ်း

 " စိမ်းဝေ ကိုကိုနဲ့ သိပ်တွေ့ချင်တယ်၊ ဖုန်းနဲ့ဖြစ်ဖြစ် စကားပြောချင်တယ်၊ ကိုကို ဟိုတစ်ခါ ယူကေ မလာခင် စိမ်းဝေကို ဖုန်းဆက်ကတည်းက ကိုကိုနဲ့ စကား မပြောရတော့ တာ လေးလလောက် ရှိပြီ "
မနှင်းဖွေး ပါ မျက်ရည်လည်လာသည်။ " ညီမလေးရယ်၊ ညီမလေးနဲ့ စကားပြောဖို့ ကိုကိုက အဆင် သင့် မဖြစ်သေးလို့ပါ၊ သူ အဆင်သင့် ဖြစ်တဲ့နေ့ကျရင် သူကိုယ်တိုင် စဆက်ပါလိမ့်မယ် "
ခေတ္တ တိတ်ဆိတ်နေသည်။ ပြီးမှ ခြောက်ကပ်ကပ်အသံနှင့် မေးသည်။
" ကိုကို က အဲသလို ပြောတာလား မမနှင်း " ယောင်ယမ်း၍ ခေါင်းညိတ်မိသည်။ ပါးစပ်က ဘာမှ မဖြေမိ။
" ပြီးရောလေ၊ စိမ်းဝေ အဲဒီနေ့ကို မျှော်နေပါ့မယ်၊ စိမ်းဝေမှာ ကိုကို့ကို မေးစရာတွေမှ အများကြီး ပဲ "
မနှင်းဖွေး ဘာမှ ပြန်မဖြေနိုင်သေး။
ကို ဆက်ဖတ်ရန်...........

ရဲဝင့် (၁၄)

ရဲဝင့်က စားပွဲပေါ် လက်ထောက် ထိုင်လျက်က ခေါင်းနှစ်ဖက်ကို လက်နှင့် ညှပ်ကိုင်ထားသည်။ ခေါင်းက တဒိန်းဒိန်း ထိုးကိုက်နေသည်။
မနှင်းဖွေး က ကော်ဖီတစ်ခွက်ကို လက်တုန်တုန်ဖြင့် ဖျော်နေစဉ် ဟန်ပိုက မကျေမနပ် မြည်တွန် တောက်တီး သည်။
" အနားက ဆေးခန်းမှာ သွေးကလေး သွားချိန်လိုက်၊ သွေးတိုးကျဆေး သောက်လိုက် လုပ်နေလို့ ရမလား ကွ၊ မင်း အသက် သုံးဆယ်တောင် မပြည့်ချင်သေးဘူး၊ သွေးက အလကားနေရင်း မတိုးဘူး၊ အထူးကုလေး ဘာလေးပြသေသေချာချာ စစ်ဆေးမှပေါ့ "
ရဲဝင့်က မော့ကြည့်၍ မဲ့ပြုံးကလေးပြုံးပြသည်။

" ငါ့အဖေလည်း ဒီအရွယ် ကတည်းက တိုးတာပဲကွ၊ အခု အကောင်းပဲဟာ၊ မိန်းမတောင် နှစ်ယောက် ယူပြီးပြီ "
" ကိုရဲဝင့် ရယ် စိတ်ပူလို့ ပြောတိုင်း၊ အမြဲ ရယ်စရာလုပ်ပစ်တယ်၊ နှင်းတို့ စေတနာကို တန်ဖိုးထားပါဦး၊ အလုပ်တွေ ကလည်း အခု အဆင်ပြေနေပြီဟာ၊ နှင်းတို့နဲ့ ထားခဲ့လို့ ရပါတယ်၊ စမ်းစမ်းဝေ ကို လည်း ခေါ်တော့ပေါ့ "
မနှင်းဖွေး က ကော်ဖီခွက်နဲ့ဆေး ချပေးရင်းက ဆူသည်။
ရဲဝင့်က ကော်ဖီနှင့် ဆေးကို ကမန်းကတန်း ပူပူကြီးပင့် မော့ချလိုက်ပြီးခေါင်းညိတ်ပြသည်။
" ဟုတ်တယ်၊ အရင် ခြောက်လလောက် အတွင်းမှာ ငါတို့ သိသိသာသာ အခြေကျသွားတယ်၊ ဟန်ပို မင်း နဲ့ နှင်းကို ထားခဲ့ပြီး၊ ငါ ခဏနားမယ်ဆိုရင် နားလို့ ရနေပြီ၊ ငါ သေသေချာချာ စစ်ဆေးခံလိုက်ပါမယ်၊ လိုအပ်ရင်သာ အပေါ်က ငါ့စားပွဲ အံဆွဲထဲက ဒိုင်ယာရီထဲမှာ ငါ့စိတ်ကူးတွေ အစီအစဉ်တွေ ချရေး ထားတာ ရှိတယ်၊ ယူကြည့်လိုက်ကြ ဟုတ်လား "

" ထားစမ်းပါကွာ၊ အလုပ်ကိစ္စတွေ၊ မင်း ဘယ်တော့ ဆေးခန်း ပြမှာလဲ၊ ဘယ်သူနဲ့ ပြမှာလဲ၊ ငါ့ သူငယ်ချင်း သမားတော်တွေလည်း ရှိတယ် "
ရဲဝင့် က ခေါင်းခါပြ၍ "တိုးတိုး၊ ငါ ဒေါက်တာမြင့်သူနဲ့ ပြမယ်၊ ဒီစမ်းချောင်းထဲက အသစ်ဖွင့် တဲ့ ဆေးခန်းကြီးမှာ ထိုင်တယ်၊ ငါစုံစမ်း ထားပြီးပြီ" ဟု ပြောသည်။
ဟန်ပိုက ဒေါက်တာမြင့်သူ ဟု တိုးတိုး ရေရွတ်၍ မနှင်းဖွေးဘက်သို့ မေးငေါ့ပြသည်။ မနှင်းဖွေးက မကြားဖူး ဘူး ဆိုသည့် အမူအရာနှင့် ခေါင်းခါပြသည်။
" ကဲပါ၊ ငါအပေါ်တက် နားတော့မယ်၊ နက်ဖြန် ညနေ ဆေးခန်းပြမယ်၊ ဒီနေ့တော့ ဘာပြဿနာ ပေါ်ပေါ် မင်း တို့ ကြည့်ရှင်းလိုက်တော့ "
ရဲဝင့် က နေရာမှ ထ၍ အပေါ်ထပ်သို့ တက်သော လှေကားဘက်လျှောက်သွားသည်။ ဟန်ပိုနှင့် မနှင်းဖွေး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ နားမလည်စွာ ကျန်ခဲ့ကြသည်။

လည်ချောင်းထဲကို အစာများ ပျို့တက်လာသည်ကို အိပ်ပျော်နေလျက်ကပင် သိ၍ ရဲဝင့် လန့်နိုး လာသည်။ ခေါင်းက တူကြီးကြီးနှင့် အဆက်မပြတ် ထုနေသလို တဒိန်းဒိန်း ကိုက်ခဲနေသည်။
ငါ အန်တော့မယ်၊ မဖြစ်ဘူး၊ ထမှ။ အိပ်ပျော်ရက်နဲ့ အန်ရင် လေပြွန်ဆို့သွားလိမ့်မယ်။
ခေါင်းကိုက်နေသည့် ကြားထဲက လူးလဲထ၍ အိပ်ခန်းနှင့် တွဲလျက် ထားသော အိမ်သာဆီပြေးသည်။ လမ်းမှာ တင် အန်ဖတ်တို့က ပါးစပ်ထဲမှ အရှိန်အဟုန်နှင့် လွင့်ထွက်လာသည်။
အိမ်သာ က မုတ်အဖုံးကို ဆွဲဖွင့်၍ ထိုင်ချသည်။ အိမ်သာထဲသို့ အားရပါးရ အန်ချသည်။ ပြီးသွားပြီ မှတ်လိုက်၊ ပျို့တက်လာလိုက်၊ ထပ်အန်လိုက်၊ အကြိမ်ပေါင်းများစွာ အန်အပြီးမှာတော့ ၀မ်းထဲက အစာတွေ သာမက ကလီစာတွေအားလုံးပါ အန်ထွက်သွားသလို ခံစားရသည်။

ရင်တုန်မောဟိုက်စွာဖြင့် အိမ်သာအိုးကို မှီလျက် ထိုင်ချလိုက်သည်။
ခဏနေတော့ ပျို့တက်လာသဖြင့် အိမ်သာအိုးကို ခေါင်းစိုက်မိသည်။ အန်ကြည့်တော့ မရ။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါအရမ်း မောနေပြီ၊ လှဲချဖို့ လိုနေပြီ။
ခံစားချက် ဘာမှ မရှိသလို ဖြစ်နေသော ခြေထောက်နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ အားပြု၍ ရပ်သည်။
ဒယီးဒယိုင်ဖြင့် ခုတင်ဆီ ပြန်လျှောက်ခဲ့သည်။ ရင်ဘတ်မှာ ပေနေသော အန်ဖတ်များကို သုတ်သင် ချင်သော်လည်း ဘယ်လိုမှ အားမရှိ။ အပြင်ခန်းမှာ အိပ်နေသော တပည့်ကို လှမ်းအော် ခေါ် ချင် သော်လည်း ပါးစပ် ဖွင့်ရန်ပင် အားမရှိ။
အိပ်ရာပေါ် သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။
အိပ်ရာနှင့်ကျော ထိသည့် အချိန်မှာပင် အမှောင်တိုက်က ပိတ်ဖုံးသွားသည်။

မနှင်းဖွေး (၁၅)

ဦးနှောက် အာရုံကြော အထူးကုသမားတော်ကြီး အခန်းသို့ မနှင်းဖွေး ၀င်သွားတော့ အမျိုးသမီး သမားတော် ကြီးက အမျိုးသား လူလတ်ပိုင်း ဆရာဝန်တစ်ဦးနှင့် စကားပြောနေ သည်ကို တွေ့ရ၍ ခြေလှမ်းများ ရပ်သွား သည်။
အမျိုးသမီး သမားတော်ကြီးက မော့ကြည့်သည်။
" ကိုရဲဝင့် အိမ်က မဟုတ်လား၊ လာလာ၊ မမတို့ သူ့အကြောင်းပဲ တိုင်ပင်နေကြတာ၊ ကိုရဲဝင့် နေသာ တယ် မဟုတ်လား "
မနှင်းဖွေး ရင်ဝတွင် ဆို့နင့်နေသည်။
" သတိရပါတယ် မမ၊ စကားတော့ သိပ်မပြောဘူး၊ ခေါင်းတအား ကိုက်နေတဲ့ပုံစံမျိုးပဲ၊ မှိန်းပဲနေတယ် "
မမက စောစော က အမျိုးသား ဆရာဝန်ဘက်ကို လှည့်ကြည့်၍ နံရံတွင် ကပ်ထားသော မီးအဖြူ လင်းနေ သည့် မှန်ပြားပေါ် တွင် ကွန်ပျူတာ ဓာတ်မှန်များကို မေးငေါ့ပြသည်။ အမျိုးသား ဆရာဝန်က ကုလားထိုင်ပေါ် မှ ထ၍ အနားကပ်ပြီး သွားကြည့်နေသည်။

" ဘာတော်လဲကွယ့် "
မနှင်းဖွေး ဖြေရခက်သွားသည်။
" သူငယ်ချင်းတွေပါပဲမမ၊ သူ့မှာက အဖေပဲရှိတာ၊ အဖေက နယ်ရောက်နေ တယ်၊ ပြန်လည်း ခေါ်ထား  ပါတယ်၊ နိုင်ငံခြားက ညီမလည်း လိုက်လာနေပါပြီ "
စမ်းစမ်းဝေ …
စမ်းစမ်းဝေ ကို ဘယ်လို ဆက်သွယ်ရမည် မသိ။ ရဲဝင့်ကလည်း တစ်ညသာ သတိလစ်ပြီး သတိပြန်ရ သည်နှင့် " စိမ်းဝေကို ခေါ်ပေးပါ " ဟုသာ ပြောသည်။ စမ်းစမ်းဝေအကြောင်း တစ်လုံးမှ မဟသဖြင့် ဘယ်လို ဖြေရမှန်း ကို မသိ။ မမက ခေါင်းတဆတ်ဆတ်ညိတ်သည်။
" မမလက်ထောက်တွေ ညီမတို့ကို ရှင်းတော့ ရှင်းပြထားတယ်၊ မဟုတ်လား "
မနှင်းဖွေး မျက်ရည်ဝဲလျက်က ခေါင်းညိတ်သည်။

" ဦးနှောက်ကင်ဆာ ဆိုတာလား မမ"
မမက ခဏငြိမ် စဉ်းစားနေသည်။ ပြီးမှ
" ဦးနှောက် မှာ အကျိတ်တွေ့ရင် ကင်ဆာလို့ပဲ အလွယ်ခေါ်ကြတာ ပေါ့ကွယ်၊ ကင်ဆာအစစ်တော့လည်း မဟုတ်ဘူး၊ ညီမတို့ ပြောတဲ့အတိုင်းဆို သူ့ရောဂါ လက္ခဏာတွေက နှစ်ပေါက်နေပြီ၊ ဒီလောက် ဖြည်းဖြည်း လေးကြီးလာမှတော့ ကင်ဆာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဦးနှောက်အကျိတ် ဆိုတာက ကင်ဆာ မဟုတ် လည်း အသက်ကို အန္တရာယ် ပေးတတ်တာပါပဲ "
" ကုသဖို့ရော မဖြစ်နိုင်ဘူးလား မမ၊ ဟိုလေ ကျွန်မတို့ လိုအပ်ရင် နိုင်ငံခြားသွားကုဆိုလည်း စီစဉ်နိုင် ပါတယ်"
မမက ခေါင်းတစ်ချက် ညိတ်သည်။

" သူက ဦးနှောက်အောက်ခြေမှာ ကပ်နေတာဆိုတော့ အင်မတန် ခွဲစိတ်ရခက်တဲ့ အမျိုးအစားပဲ၊ ညီမတို့ ပြောတဲ့ ဘန်ကောက်က ဆရာဝန်ဆီလည်း မမ အီးမေးလ်နဲ့တိုင်ပင်နေပါတယ်၊ သူကလည်း ခက် မယ်ပေါ့လေ၊ စွန့်စားရမယ့် ကိစ္စဆိုတော့ လူနာနဲ့ လူနာရှင်က တကယ် စိတ်ပြတ်မှ လာခဲ့ပါတဲ့၊ မနေ့က ညီမပြောတော့ ကိုရဲဝင့်က ဘယ်မှ မသွားချင်ဘူးဆို "
မနှင်းဖွေး မျက်ရည်ဝဲလျက်က ခေါင်းညိတ်သည်။
" သူ့ညီမ အင်းလေ၊ မွေးစားညီမ ဆိုပါတော့၊ အဲဒီ ညီမ ရောက်လာရင်တော့ တစ်မျိုး ဖြစ်နိုင်ပါတယ် "
မမ က ခေါင်းတဆတ်ဆတ်ညိတ်သည်။
" မမလည်း စဉ်းစားလို့ရတာပေါ့လေ၊ ဒီက ဒေါက်တာမြင့်သူက စင်ကာပူမျာ အဲဒီ ခွဲစိတ်မှု မျိုးတွေ သေသေ ချာချာ လေ့လာပြီး ပြန်လာတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးပဲ၊ ရဲဝင့် ကို နိုင်ငံခြား မသွားချင်ဘူး ဆိုရင်လည်း ဒီမှာ ကိုမြင့်သူတို့ လုပ်ပေးနိုင်မပေးနိုင်ပေါ့လေ၊ အဲဒါ ခေါ်တိုင်ပင်နေ တာပါ" ဒေါက်တာမြင့်သူက လှည့်ကြည့်၍ ပြုံးပြသည်။

" ဒီလောက်ခက်တဲ့ နေရာမျိုးက အကျိတ်၊ ကျွန်တော်လည်း သုံးယောက်ပဲ ခွဲစိတ်ဖူးပါတယ်၊ တစ်ယောက် ကတော့ ကံမကောင်းရှာဘူးပေါ့လေ၊ နှစ်ယောက်ကတော့ ကောင်းနေပါတယ်၊ စွန့်စားရ မယ့် ကိစ္စ ဖြစ်ပေမယ့် ဒီအတိုင်းထားရင်လည်း ကောင်းလာစရာ မရှိတော့၊ ကျွန်တော်ကတော့ လူနာ သဘော တူမယ် ဆိုရင် ကူညီချင်ပါတယ် "
မနှင်းဖွေး ဒေါက်တာမြင့်သူဟု တိုးတိုးလေး ရေရွတ်ကြည့်နေရာမှ ရုတ်တရက် သတိရ၍ ပါးစပ် ပွင့်သွား သည်။
" ဆရာက ဟို စမ်းချောင်းက အသစ်ဖွင့်တဲ့ ဆေးရုံမှာ ထိုင်တဲ့ ဒေါက်တာ မြင့်သူ မဟုတ်လား "
ဒေါက်တာမြင့်သူ က မျက်မှောင် ကြုတ်ကြည့်၍ ခေါင်းညိတ်သည်။
မနှင်းဖွေး အူယားဖားယား ဆက်ပြောသည်။

" ဆရာ့ကို သူ သိတယ်၊ ဆရာနဲ့ပြမလို့ သူ စုံစမ်းထားတယ်တဲ့၊ သူ သတိမလစ်ခင်နေ့က ပြောထားတာ၊ ဒါပေမဲ့ ဆရာက ဦးနှောက် ခွဲစိတ်ဆရာဝန်ကြီးဆို၊ သူက ခေါင်းကိုက်တာကို ဘာဖြစ်လို့ ဆရာ နဲ့ ပြချင်ရတာလဲ၊ သူ့ကိုယ်သူ ဘာရောဂါဆိုတာ ကြိုသိနေလို့လား "
ဒေါက်တာမြင့်သူ ငြိမ်၍ အကြာကြီး စဉ်းစားနေသည်။ ပြီးတော့ ကိုရဲဝင့် အသက်က ၃၀ ဟု တိုးတိုး ရေရွတ်သည်။
ပြီးတော့မှ ဖျတ်ခနဲ သတိရဟန်ဖြင့် မမဘက်သို့ လှည့်၍ ပြောသည်။
" ဟာ ကျွန်တော်သိပြီ၊ ဒီလူ ကျွန်တော် စင်ကာပူမှာ ရှိတုန်း ကျွန်တော့် ကွန်ဆားလ်တင့်န် ဒေါက်တာဟို နဲ့ လာတွေ့သွားသေးတာပဲ၊ အဲဒီကတည်းက ကျွန်တော်တို့က "ဘရိန်းကျူမာ "ပဲထင်တာ၊ စီတီ" မပေါ်ဘူး၊ ယူကေမှာသွားရင်း "အမ်အာရ်အိုင်" ရိုက်ပါလို့တောင် ကျွန်တော်တို့ မှာလိုက်သေးသားပဲ၊ သူ့ညီမ ဘွဲ့ယူမှာ မို့လို့ ယူကေသွားစရာ ရှိတယ်ဆိုတဲ့ လူလေ " မနှင်းဖွေး မျက်ရည်များ မထိန်းနိုင်ဘဲ ကျဆင်းလာသည်။

" ဟုတ်ပါတယ် ဆရာရယ်၊ ယူကေလည်း ရောက်လာပါတယ်၊ သူ့ညီမကို သူ့ရောဂါအကြောင်း ဘာမှ မပြော ပြဘဲ စကားတွေလွှဲပြီး ပြန်သွားခဲ့တာ၊ အခု ဆရာပြောတော့ ရေးတေးတေးလေး ဆက်စပ်လို့ ရပါပြီ " ဒေါက်တာ မြင့်သူက ခေါင်းတစ်ချက် ညိတ်သည်။
" အဲဒီကတည်းက သူ ပြောတာက သူ့မှာ ပညာသင်နေဆဲ ညီမလေးတစ်ယောက်လည်း ရှိတယ်တဲ့၊ သူ့ကို မှီခိုနေတဲ့ ၀န်ထမ်းတွေလည်း ရှိတယ်တဲ့၊ အဲဒီကိစ္စတွေ စိတ်ချရအောင် လုပ်ပြီးမှ သူ အခွဲစိတ် ခံမယ်တဲ့၊ နောက်ကျသွားရင်လည်း သူ့ကံပဲတဲ့၊ အဲဒီကိစ္စတွေ မရှင်းမပြီးမချင်း သူ အခွဲစိတ်မခံချင်ဘူးတဲ့၊ ကြည့်ရတာ ယူကေမှာ သူ အမ်အာရ်အိုင် ရိုက်ဖြစ်ပြီး သိသွားတဲ့ ပုံပဲ "
ရှင်းပါပြီ။ ကိုရဲဝင့်ရယ် …
ရက်စက်လိုက်တာ။
မနှင်းဖွေး ကုလားထိုင်နောက်မှီပေါ် ခြေပစ်လက်ပစ် မှီချလိုက်မိပါတော့သည်။

မနှင်းဖွေးက ဆန်ပြုတ် တစ်ဇွန်း ထပ် ခပ်သည်။ ရဲဝင့်က ညာဘက် လက်တစ်ဖက် ကို ဖြည်းညင်းစွာ မြှောက်ပြသည်။
မနှင်းဖွေးက ဘေးမှာ ရပ်နေသော ဟန်ပိုကို မော့ကြည့်သည်။ ဟန်ပိုက ခဏနေမှတစ်ခါ ခွံ့ပေးလိုက်၊ အန်သွားဦးမယ် ဟု လေသံနှင့်ပြောသည်။
မနှင်းဖွေး က ဆန်ပြုတ်ပန်းကန်ကို ခုတင်ဘေးက စားပွဲကလေးပေါ် ချတော့ ရဲဝင့်က ထောင်ထားသော ခုတင်ဦးပိုင်း ကို ပြန်ကျောမှီ၍ ပြုံးပြီး ငြိမ်နေသည်။
အဆင်ပြေလား သူငယ်ချင်း၊ မင်း ဆေးရုံမဆင်းခင် ကတည်းက ငါ ဒီထောင်လို့ ရတဲ့ ခုတင် သွားရှာလာတာ
ရဲဝင့်က ပြုံး၍ ခေါင်းညိတ်ပြသည်။ ပြီးတော့ နံရံက နာရီကို လှမ်းကြည့်သည်။ ဟန်ပိုက ရယ်သည်။

" စိတ်မပူ ပါနဲ့၊ ငါသွားကြိုမှာ၊ အစောကြီးရှိသေးတယ်၊ လမ်းမှာ စိမ်းဝေ မေးရင် ငါ ဘာတွေ ဖြေရမလဲသာ ငါ့ကို ပြောပြဦး "
ရဲဝင့်က အားပျော့စွာ ပြုံး၍ အမှန်တွေပဲ ဖြေတော့ပေါ့ကွာဟု တိုးတိုးပြောသည်။
" စိတ်ချ၊ ဖြေချင်နေတာ ကြာလှပြီ၊ စမ်းစမ်းဝေနဲ့ မင်းနဲ့ယူတယ်ဆိုတာ မဟုတ်တဲ့အကြောင်း၊ စမ်းစမ်းဝေ ရဲ့ အဖေ သီးသက်ဝေရဲ့ ခွင့်ပြုချက်နဲ့ စမ်းစမ်းဝေကို စင်ကာပူမှာ "မင်းန်နေ့ခ်ျနင့်န်ကို့စ်" သွားတက်ခိုင်းပြီး စိမ်းဝေ လက်လျှော့အောင် လုပ်ထားတာ ဖြစ်တဲ့အကြောင်း၊ စိမ်းဝေကို ချစ်လွန်းလို့၊ နစ်နာ မှာ စိုးလွန်းလို့ အာသာဘက်ကို တမင်တွန်းပို့ခဲ့တာ ဖြစ်ကြောင်း အကုန်ဖြေတော့မှာ "
ရဲဝင့် က ဖွဖွပြုံး၍ အာသာ ညံ့တယ်ကွာဟု ပြောသည်။
မနှင်းဖွေး က အာသာ ညံ့တာ မဟုတ်ဘူး။ စိမ်းဝေတော်တာ။ စိမ်းဝေ အစောကြီးကတည်းက တစ်ခုခုပဲလို့ စိုးရိမ်နေ မိခဲ့တာ။ စိမ်းဝေကို လျှော့မတွက်နဲ့ဟု ၀င်ပြောသည်။
ရဲဝင့် က မျက်လုံး ပြန်မှိတ်၍ မှိန်းနေသည်။

စိမ်းဝေ (၁၅)

စိမ်းဝေက ရဲဝင့် ဖြည်းဖြည်းလေး လျှောက်နေသည်ကို ဖေးမတွဲခေါ်၍ ဒန်းကလေးပေါ် ထိုင်သည် အထိ နေရာချပေးသည်။ ပြီးတော့မှ ရဲဝင့် နံဘေးဒန်းကလေးတွင် ၀င်ထိုင်သည်။
ပြီးတော့ သက်ပြင်းချသည်။
" တော်သေးတာပေါ့ ကိုကိုရယ်၊ ဒီလောက် အခြေအနေနဲ့မှ တွေ့ရပါ့မလားလို့ စိမ်းဝေက စိတ်ပူ လိုက်ရတာ "
ရဲဝင့်က ပြုံး၍ တိုးတိုးဖြေသည်။
" အလုံး က သိပ်မကြီးဘူးတဲ့၊ ဦးနှောက် အရည်ကြည်ထွက်တဲ့ အပေါက်ကို သွားဖိထားလို့ အရည် တင်းတင်းပြီး ခေါင်းကိုက်တာ၊ သတိလစ်တာ၊ အန်တာတဲ့၊ အခုတော့ အရည်လျော့ တဲ့ ဆေးတွေ ပေးထားတော့ နည်းနည်းခံသာနေတာပေါ့၊ ဒါပေမဲ့ တစ်နေ့နေ့ တော့ ဆေးနဲ့မနိုင် ဖြစ်လာတော့မှာ၊ ဒါကြောင့် ခွဲစိတ်တာ ခံဖို့ ကိုကို ဆုံးဖြတ်လိုက်တာ "
စိမ်းဝေ က မျက်ရည်ဝဲလျက်က သက်ပြင်းချသည်။

" အဲဒါတွေ အားလုံးကို ဘယ်သူ့ကိုမှ ပြောမပြဘဲ တစ်ယောက်တည်း ကြိတ်ခံနေရသလား ကိုကိုရယ် "
ရဲဝင့်က ပြုံးပြန်သည်။
" ကိုကို့မှာ ငယ်ငယ်ကတည်းက ခေါင်းတိုးဝင်ပြီး ချွဲစရာ နွဲ့စရာ မိခင်ရင်ခွင် မရှိခဲ့လို့လား မသိဘူး၊ ကိုကို လူတွေ ဆီက ဘာမှ သိပ်မမျှော်လင့်တတ်ခဲ့ဘူး၊ စိမ်းဝေလည်း သိပါတယ်၊ လူတွေက ကိုကို့ကို ဘယ်လို မြင်ကြတယ်ဆိုတာ၊ နှင်းတို့ ဟန်ပိုတို့က ကိုကို့ကို တော်တော် သည်းညည်းခံနိုင်လို့ သူငယ်ချင်း ဖြစ်နေကြ တာ၊ ငယ်ငယ်တုန်းက နှင်းတို့ အဆောင်က အစ်မကြီးတွေ ဆိုရင် ကိုကို့ကို အူကြောင်ကြောင် ဒေါင့်မကျိုးတဲ့အကောင်၊ မပေါင်းနဲ့လို့ ခဏခဏ ထားခဲ့ကြတာ၊ လုပ်ငန်းကြီး တစ်ခုကို ဦးစီးရတော့ လည်း စိမ်းဝေ အသိပဲ၊ ဘ၀င်မြင့်နေတယ်၊ တိမ်တွေပေါ်မှာ လမ်းလျှောက် နေတယ်၊ စုံနေတာပဲ၊ လူတွေဆီက အချစ်ကို ကိုကို တစ်ခါမှ မရခဲ့သလိုရတာ၊ မရတာကိုလည်း တစ်ခါမှ အလေးဂရု မပြုခဲ့ဖူးဘူး၊ ဒါပေမဲ့ ကိုကို ကတော့ ကိုကို့ဘ၀ကို ကိုကို ကျေနပ်နေတာပဲ၊ အဲဒါ ဘာဖြစ် လို့လဲ သိလား "
စိမ်းဝေ အံကြိတ် မျက်ရည်ဝဲလျက်က ခေါင်းခါသည်။

" သူတို့ ကိုကို့ကို ချစ်ချစ်၊ မချစ်ချစ်၊ ကိုကိုက ချစ်နေခဲ့တာကိုး၊ ကိုကို လူတွေအားလုံးကို ချစ်တယ်၊ သူတို့ကို လူလည်း ကျန်းမာစေချင်တယ်၊ စိတ်လည်း ချမ်းသာစေချင်တယ်၊ သူတို့ လိုတာရှိရင်လည်း အမြဲ ဖြည့်ဆည်းပေးချင်တယ်၊ မေတ္တာစိတ်လို့ ခေါ်လို့ရမလားပဲ၊ ကိုကို တစ်သက်လုံး အဲဒီစိတ် နဲ့ နေလာတာ၊ အဲဒီစိတ်က ဘယ်လောက် အေးချမ်းတယ် မှတ်လဲ၊ လူတွေက ကိုကို့ကို ဘယ်လိုပဲ မြင်မြင်၊ ကိုကို့ရင်ထဲမှာ နည်းနည်းမှ မတုန်လှုပ်ဘူး၊ ကိုကို ကူညီနိုင်တဲ့လူ၊ ကူညီရမယ့်သူ ဘယ်သူ ရှိသေးလဲ၊ အဲဒါပဲ တစ်ချိန်လုံး တွေးနေတော့ ကိုကို့ အပြင်ပန်းက ထန်သလိုရှိပေမယ့် ရင်ထဲ မှာတော့ ကြည်လင်နေတာပဲ "
စိမ်းဝေက မျက်စောင်းဖွဖွ ထိုးသည်။
" အဲဒါကိုပဲ အာသာ့ကိုပါ ကူညီချင်လာရော ဆိုပါတော့ "
ရဲဝင့်က တိုးတိုးရယ်သည်။

" ကိုကို့ရင်ထဲက လူတွေအပေါ် ထားတဲ့စိတ်ကို မေတ္တာစိတ်လို့ ခေါ်ရမျာကို မ၀ံ့မရဲ ဖြစ်နေရတဲ့ အကြောင်းက အဲဒါပဲ၊ မေတ္တာဆိုရင် တစ်ပြေးညီ ဖြစ်ရမှာ "
ရဲဝင့် က စိမ်းဝေ မျက်နှာလေးကို အတန်ကြာအောင် ငေးကြည့်နေသည်။ ပြီးမှ တိုးတိုး တက်ပြောသည်။
" စိမ်းဝေ ကိုတော့ သူများနဲ့ တပြေးညီ မချစ်နိုင်ဘူး၊ အမြဲတမ်း ပိုနေတယ်၊ စိမ်းဝေ ဘ၀လေး လှဖို့၊ စိမ်းဝေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရဖို့ အဲဒါ ကိုကို့ဘ၀မှာ ဘာထက် မဆို အရေးကြီးတယ်၊ မကြာခင် အချိန် အတွင်းမှာ ဒီ ဦးနှောက်အကျိတ်က ကိုကို့ဘ၀ကို အလဲထိုးတော့မယ်လို့ သိလိုက်ရတဲ့ အချိန် မှာ ကိုကို့ဘေး မျာ စိမ်းဝေရှိနေတာကို ဘယ်လိုမှ လက်မခံနိုင်တော့ဘူး၊ အာသာကလည်း ကိုကို့ စိတ်မျိုး စိမ်းဝေအပေါ်မှာ ထားနိုင်တယ်ဆိုတာ ကိုကို သိတယ်၊ ဒါကြောင့် စမ်းစမ်းဝေကို ခုတုံးလုပ်လိုက်တာ၊ စိမ်းဝေကမှ ကိုကို စီစဉ်တာ မနာခံဘဲ"
စိမ်းဝေ က အံကလေး ကြိတ်သည်။

" ကိုကို မမှတ်မိလို့ပါ၊ စိမ်းဝေ ကိုကို့ကို အစောကြီးကတည်းက အပြတ်ပြောထားပြီးသားပဲ၊ စိမ်းဝေတို့ မိန်းကလေးတွေ ချစ်တာ ခံစားမှု သက်သက်ပဲလို့၊ သင့်တော်တဲ့သူကို ရွေးချစ်လို့မရဘူးလို့၊ ရင်ထဲက ချစ်ပြီး ရင် ပြောင်းမပစ်နိုင်ဘူးလို့ "
ရဲဝင့် က ပြုံးကာ ကိုယ်ကို အနည်းငယ် လျှော့ထိုင်ပြီး စိမ်းဝေ ပခုံးပေါ် ခေါင်းမှီချလိုက်သည်။ စိမ်းဝေက ရဲဝင့် ခေါင်းကို ကြင်နာစွာ ပွေ့ဖက်ထားသည်။
" ခုတော့ ကိုကို သဘောပေါက်ပါပြီ၊ ဒါကြောင့် ကိုကို ဘယ်လောက်ပဲ နေရနေရ စိမ်းဝေကို မောင်းမထုတ်တော့ဘူး၊ အနားမှာပဲ ခေါ်ထားတော့မယ်လို့၊ ပြီးတော့ အဲဒီခွဲစိတ်မှုဟာ အရမ်း အန္တရာယ်များ တယ်ဆိုတာ သိပေမယ့် ကံကောင်းထောက်မလို့များ ဆက်လက် ရှင်သန်ခွင့် ရခဲ့မယ် ဆိုရင် စိမ်းဝေ မျက်ရည်တွေကို သုတ်ပေးခွင့်ရဦးမယ်ဆိုတဲ့ အသိနဲ့တင်တန်တယ်လို့ ဆုံးဖြတ်ပြီး ခွဲစိတ်ခံ ဖို့ ဆုံးဖြတ်ခဲ့ တာလေ "
စိမ်းဝေ မျက်ရည်ဥ များ မျက်ဝန်းနှစ်ဖက်စလုံးမှ ဖြည်းညင်းစွာ ကျလာသည်။

" နိုင်ငံခြား သွားခွဲဖို့ကျတော့ ဘာလို့ ငြင်းရလဲ ကိုကို "
" ကိုကို လေ့လာပြီးပြီ၊ ဒေါက်တာ မြင့်သူရဲ့ ရာခိုင်နှုန်းက နိုင်ငံခြားထက် မနည်းဘူး၊ ပြီးတော့ ဒီခွဲစိတ်မှု က ကံကောင်းရင် လူကောင်း ပြန်ဖြစ်သွားမယ်၊ ကံမကောင်းရင် အခွဲခံရတဲ့နေ့က ကိုကို့ ဘ၀ရဲ့ နောက်ဆုံးနေ့ ကို ကိုကိုချစ်တဲ့ ဒေသမှာ ကိုကိုချစ်တဲ့ လူတွေ ကြားထဲမှာပဲ ကိုကို နေချင်တယ် "
စိမ်းဝေ မျက်ရည်စက်တို့ ရဲဝင့် မျက်နှာပေါ်မကျခင် တိတ်တခိုး သုတ်မိပါသည်။

ရဲဝင့် (၁၅)

နံနက် ၈ နာရီမှာ ခွဲစိတ်မှု စတင်မည်ဟု ဒေါက်တာမြင့်သူက ပြောထားသည်။
ရဲဝင့် နံနက် ၅ နာရီကတည်းက နိုးလာပြီး ခေါင်းက ကြည်လင်နေသည်။
ထူးဆန်းသည်မှာ ခေါင်းတောင် မကိုက်။
ညက စိမ်းဝေကို အတင်း အိမ်ပြန်လွှတ်၍ အနားယူ ခိုင်းလိုက်သည်။ သည်မှာဆိုလျှင် စိမ်းဝေ အိမ်မှာ မဟုတ်။
တပည့်ကလေး ၏ အကူအညီနှင့် ရဲဝင့် မျက်နှာသစ်သည်။ ဘာမှတော့ မစားရ။ ည ၁၀ နာရီ ကတည်းက ရေတောင် မသောက်ထား။
၆ နာရီ မှာ စိမ်းဝေ ရောက်လာသည်။
အပြုံးကလေး က နွမ်းလျလျ။ သေချာသည်၊ အိပ်ပျော်ဟန် မတူ။

" ဖေဖေနဲ့ မေမေ အိမ်မှာပဲ နေခဲ့ခိုင်းလိုက်တယ်၊ ဘုရားခန်းထဲမှာ ကျန်ခဲ့ကြတယ်၊ ကိုကို စိတ်အေးအေး ထားနော် "
ရဲဝင့်က ပြုံးပြသည်။
" ကိုကို က စိမ်းဝေကို အဲသလို ပြောမလို့ "
စိမ်းဝေက ယဲ့ယဲ့ပြုံး၍ ခုတင်ဘေးက ကုလားထိုင်မှာ ၀င်ထိုင်သည်။
၇ နာရီမှာ ခွဲခန်းဝတ်စုံ လဲရသည်။
လဲပြီးခါစမှာတင် မနှင်းဖွေးနှင့် ဟန်ပိုတို့ ရောက်လာသည်။
ဟန်ပိုက ရဲဝင့်ကို မေးတစ်ချက် ဆတ်ပြ၍ ပြောသည်။
" အောက်မှာ ဘယ်သူတွေ ရောက်နေသလဲဆိုတာ ပြောပြရင် မင်းယုံမှာမဟုတ်ဘူး "
ရဲဝင့် အူကြောင်ကြောင် ပြန်မေးမိသည်။

" ဘယ်သူတွေ ရောက်နေလို့လဲ "
" လူတိုင်းပဲ "
" ဘယ်လို "
ဟန်ပိုက ပခုံးတွန့်ပြသည်။
" မင်းကြိုက်တဲ့ နာမည်ပြော၊ အောက်မှာ အားလုံးရှိတယ်၊ ဆေးရုံဝန်ထမ်းတွေက ပေးမ၀င်လို့၊ ရှေ့က ကားပါကင်ထဲမှာ လူပင်လယ်ကြီး ဖြစ်နေပြီ၊ မင်း ပြတင်းပေါက်က ကြည့်ကြည့်လိုက် "
ဟန်ပိုက ခန်းဆီးစကို မ၍ ရဲဝင့်ကို ပြသည်။
ဟုတ်ပါရဲ့။
ဆေးရုံ ဆင်ဝင်ရှေ့ ကားပတ်ကင်တွင် လူတွေ ဖွေးဖွေးလှုပ်နေသည်။

ဟိုမှာ ကိုမြင့်မောင်၊ ခြေလျင် တောင်တက်တုန်းက နောက်ချန်အဖွဲ့မှာ ပါခဲ့သည့် သူငယ်ချင်းများ၊ ဟို နားမှာက သုံးဘီးအတူ မှောက်ခဲ့သည့် သူငယ်ချင်းတွေ၊ ကိုတင်စိုး စက္ကူစက် ပိုင်ရှင်၊ ဟိုမှာ မမသိန်း၊ မနှင်းဖွေး တို့ အဆောင်က အဖွဲ့တွေ။ ရဲဝင့် စက္ကူစက် ထောင်စဉ်က လာအပ်သည့် အစ်ကိုတွေ လည်း တွေ့ သည်။
ဟိုဟာက ပန်းရန်အဖွဲ့၊ ဟုတ်သားပဲ။ အဲသည့် ပန်းရန်ဆရာ တိုက်ပြိုကျ၍ ပါသွားပြီး ခွဲစိတ်ခန်း ၀င်တုန်း က သူ သွေးလှူဖူးသည်။ မာလာတို့ အုပ်စုကိုလည်း တွေ့ရသည်။ ကလျာနှင့် မူယာလည်း ရှိနေ သည်။ အရက် ဆိုင်အတင်း ခေါ်သည့် ကန်ထရိုက်အုပ်စုက လူတွေလည်း ရှိသည်။
ဟိုမှာက စမ်းစမ်းဝေနှင့် ဦးသက်ဝေ
အလို ဟိုမှာ အာသာပါလား၊ အာသာပါ လိုက်လာသကိုး။ ဘာကြောင့် သူ့ ဘ၀သစ် လျှောက်လုံးမှာ သိခဲ့ ပတ် သက်ခဲ့ သမျှ လူတွေ အားလုံး စုရုံး ရောက်ရှိ နေရတာတဲ့လဲ။ သူများ အိပ်မက် မက်နေရော့သလား။
သူ့ အတွေး ကို သိနေဟန်ဖြင့် စိမ်းဝေက တိုးတိုးပြောသည်။

" လူတွေ အားလုံးကို ကိုကိုက ချစ်တယ်၊ ကိုကို့ကို ဘယ်လို သဘောထားလဲ၊ ကိုကို စိတ်မ၀င်စားဘူးလို့ ပြောခဲ့တာလေ၊ ကိုကို အခု သိပြီ မဟုတ်လား၊ မေတ္တာဆိုတာ ရောင်ပြန်ဟပ်စမြဲပဲ၊ အပြော အဆို အမူအရာ တွေကြောင့် ကိုကို့ကို လတွေက စိတ်ကွက်ကြရင်လည်း ခဏပဲ ကွက် မှာပဲ၊ ရေရှည်မှာတော့ ကိုကို့ စေတနာတွေကို လူတွေက နားလည်ကြတာပါပဲ၊ ဒီလူတွေ အားလုံးက ကိုကို့ ကို စိတ်ပူလို့ ဆုတောင်းပေးချင်လို့ ရောက်နေကြတာ၊ အားလုံးကိုကို့ကို ချစ်လို့၊ အဲဒီကိုကို့ကို ချစ်တဲ့လူတွေ အားလုံး အတွက် ကိုကို ပြန်လာရမယ်နော် "
ရှိုက်သံတစ်ချက် တိုးတိုး လှုပ်ခတ်လိုက်သည်။
" အထူးသဖြင့် စိမ်းဝေ အတွက်ပေါ့ " နောက်ဆုံး စကားက တုန်ယင် ပျောက်ကွယ်သွားသည်။

" ဦးရဲဝင့် သွားရအောင် "
အခန်းပေါက်ဝ မှ လူနာတင် တွန်းလှည်းနှင့် ဆေးရုံအလုပ်သမား တစ်ယောက် ရောက်လာသည်။
ရဲဝင့်က ဆတ်ခနဲ ခေါင်းညိတ်၍ နေရာမှ ထသည်။

နိဂုံး

မြသလွန်ဘုရား ရင်ပြင်တော်ပေါ်မှ လှမ်းမျှော်ကြည့်လျှင် အဝေးမှာ မြင်နေရသော ဧရာဝတီမြစ်ရေပြင်မှာ ၀င်လုလု နေမင်း၏ အောက်တွင် အနီရင့်ရောင် ဘောင်ကွပ်ထားသည့် စိမ်းပြာရောင် လှိုင်းကြက်ခွပ် များနှင့် အလှကြီး လှနေသည်။
သို့သော် ကြည့်ရှုသူတို့၏ အမြင်ကို တကယ်တမ်း ဖမ်းစား ဆုပ်ကိုင်နိုင်သည်က ဧရာဝတီမြစ် ၏မြင်ကွင်းမဟုတ်။
မြသလွန်ဘုရား ရင်ပြင်တော်ပေါ်တွင် သုံးခွ ထောက်ချ၍ ဆွဲလက်စ ပန်းချီတစ်ချပ်ကို စိတ်ပါလက်ပါ အာရုံ စူးစိုက် ရေးဆွဲနေသော မိန်းမပျိုသာဖြစ်ပေသည်။
မြသလွန် ဘုရား ရင်ပြင်တော်ပေါ်မှာ သုံးခွထောက်ချ၍ ပန်းချီ ဆွဲနေသည့် ပန်းချီဆရာ မှာ မကွေးသူ မကွေးသား တို့အတွက် နေ့တိုင်း မြင်ရနေကျ ရှုခင်းမဟုတ်။ ပန်းချီ ဆရာမဆိုလျှင်တော့ သာ၍သာ ရှားပေ တော့မည်။

ယခုတော့ ပန်းချီဆရာမမှ အသက်အစိတ်ကျော်ကျော်ခန့် ငယ်ငယ်ူလှလှပန်းချီဆရာမလေး။ ပြီးတော့ သူ ဆွဲနေသည့် ပန်းချီကို သွားကြည့်လိုက်လျှင် ပန်းချီ အနည်းငယ် တီးမိခေါက်မိ ရှိသူတွေမှအပ ဘာမှ နားလည်မည်မဟုတ်။ ရေလည်း မပါ။ သောင်လည်း မပါ။ ပျစ်နှစ်နေသော ဆေးရောင်စုံတို့ကိုသာ အထပ်လိုက် တွေ့ရမည်။ တော်သေးတာပေါ့။ ရင်ပြင်တော်ပေါ်မှာကလည်း လူနည်းနည်းရှင်းနေပေလို့။
ဒေါက်တာမြင့်သူ သက်ပြင်းချမိသည်။

အဲသည် ပန်းချီဆရာမကလေးသည် မကွေးတစ်ဖက်ကမ်း မင်းဘူးသူ စင်စစ် ဖြစ်သော်လည်း ယူကေနိုင်ငံ တွင် အခြေချနေထိုင်လျက်ရှိပြီး အကြာကြီး နေမှ တစ်ခါသာ မြန်မာပြည်ကို ပြန်လာတတ်သူမှန်း သိကြလျှင် ပို၍ပင် အံ့သြကြပေဦးမည်။
တိုက်တိုက်ဆိုင်ဆိုင် မကွေးတံတားကြီး ဖွင့်လှစ်ပြီး၍ မန်းရွှေစက်တော် သို့ ဘုရားဖူးသွားရန် လွယ်ကူ သွားပြီဟုဆိုတာ မင်းဘူးမှ လူနာဟောင်းတစ်ဦးက ဇွတ်ခေါ်နေသဖြင့် ဘုရားဖူး ထွက်လာခဲ့ရင်း မကွေး မြသလွန်ဘုရား ခဏ၀င်ဖူးသော ရန်ကုန်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်နှင့် လူနာရှင်၊ အင်းလေ … လူနာရှင်ဟောင်းပေါ့၊ ယူကေတွင် နေရသော လူနာရှင်ဟောင်းတို့ ဘုရားပေါ်တွင် ဆုံမိ သည့် တိုက်ဆိုင်မှုက အံ့သြစရာ။
ဒေါက်တာမြင့်သူ အနားသို့ လာရပ်ပြီး ပန်းချီကားကို ငုံ့ကြည့်နေသည်ကို ခံစားမိနေသော စိမ်းဝေက အမှတ်တမဲ့ လှည့်ကြည့်ရာက ပါးစပ်ကလေး ၀ိုင်းသွားသည်။
" ဟယ် … ဆရာပါလား " ဒေါက်တာမြင့်သူ ပြုံး၍ ခေါင်းညိတ်ပြသည်။

" ရွှေစက်တော်က ပြန်လာတာ၊ စိမ်းဝေ မြန်မာပြည် ပြန်ရောက်နေတာကိုး "
စိမ်းဝေက ပြုံး၍ ပန်းချီဆေးများ ဘူးကလေးထဲ ပြန်ထည့်သည်။
" မရောက်တာ တစ်နှစ်လောက် ဖြစ်သွားတော့လေ၊ ဖေဖေနဲ့မေမေ အတင်းခေါ်တာနဲ့၊ သူတို့ကလည်း ဒီမှာပဲ နေနေကြပြီး ရန်ကုန်မှာလည်း တွေ့စရာလူက သိပ်မရှိတော့တာနဲ့ မင်းဘူးပဲ တန်းတက်လာတာ "
အပြုံးကလေးက နွမ်းလျလျ။ ဒေါက်တာမြင့်သူ ခေါင်းတစ်ချက် ဆတ်ခနဲ ညိတ်မိသည်။
" ဆောက်လုပ်ရေးတွေကရော "
" မမနှင်း နဲ့ ကိုဟန်ပိုပဲလေ၊ သူတို့လည်း မအားပါဘူး၊ အလုပ်တွေက ဇယ်ဆက်နေတာ၊ ဖုန်းပြောရင်တောင် ကျားလိုက်သလိုပဲ၊ ဆရာ့ဆီလည်း ၀င်လာနှုတ်ဆက်ဦးမလို့ပါပဲ၊ ဆရာ မအားမှာ စိုးတာနဲ့ပဲ " ဒေါက်တာမြင့်သူ ဖွဖွပြုံးသည်။

" ခွဲစိတ်ခန်းရှေ့က ဖြတ်ရမှာ ကြောက်နေတာ မဟုတ်ဘူးလား "
စိမ်းဝေ အပြုံး ကလေး မှိန်သွားသည်။
" ဟုတ်တယ်၊ အဲဒီနေ့က စိမ်းဝေ ခွေလဲသွားတဲ့အထိ … အားလုံးကို အိပ်မက်ဆိုးလိုပဲ ခဏခဏ ပြန်မြင် ယောင်နေတာ၊ ဆောရီးနော် … ဆရာ " ဒေါက်တာ မြင့်သူလည်း အပြုံးလေး မှိန်သွားသည်။ " ဆောရီး ပြောရမှာက တို့ ထင်တာပဲ " နှစ်ယောက်စလုံး ခေတ္တ ငြိမ်သက်သွားကြသည်။

ကိုယ့်ချစ်သူက စစ်မြေပြင်ကို စစ်ထွက်သွားရသည် ဆိုလျှင်ပင် သည့်ထက်တော့ စိတ်အေးရမည်ဟု ထင် သည်။ စစ်ထွက်သွားသည် ဆိုကတည်းက အင်နှင့်အားနှင့်။ လက်နက် အပြည့်အစုံနှင့်။ ပြီးတော့ စာလာမည်။ လူကြုံစကား ကြားရသည်။ ကိုယ့်ချစ်သူရှိရာ ဒေသမှာ ငြိမ်းချမ်း နေသလား၊ တိုက်ပွဲတွေ ပြင်းထန်နေ သလား။ သည်လို စုံစမ်း၍ ရနိုင်သေးသည်။
ယခုတော့ ကိုကို့မှာ ဘာအင်အားမှ မရှိတော့။
ခွဲစိတ်ခန်း ဆိုတာက လိုက်သွားကြည့်၍လည်းမရ။ ဘယ်လိုနေသလဲဟုလည်း သတင်းစကား မေး၍မရ။
တိုက်ပွဲတော့ တိုက်ပွဲ ပါပဲ။ အသက်နှင့်ရင်း၍ တိုက်ရသည့် တိုက်ပွဲ။

သို့သော် ဦးဆောင်တိုက်သူက ကိုကိုမဟုတ်။ ဒေါက်တာမြင့်သူဖြစ်သည်။ ကိုကို့ အသက်ရော၊ ကိုကို့ ဘ၀ရော၊ ပြီးတော့ စိမ်းဝေ၏ နှလုံးသားတစ်ခုလုံးကိုပါ သူ့လက်ကို အပ်ထားရသည်။ သူ ရှုံးလျှင် အဲဒါတွေ အကုန်လုံးသွားပြီ။
သည်မျှ ကြီးမားသော အရင်းအနှီးနှင့် ရင်ဆိုင်နေရတာ ဖြစ်သော်လည်း အခြေအနေကို ဘာမှ သိခွင့်မရ။
" ခွဲစိတ်ခန်း" ဟု ရေးထားသော ဆိုင်းဘုတ်အောက်က တံခါးမ။
အဲဒီ တံခါးမ ကို ဖွင့်၍ ကိုကို့ကို တွန်းသွင်းသွားကြတုန်းက လှမ်းမြင်လိုက်ရတာက လမ်းကျဉ်းကျဉ်း ပျပျ ကလေး။ ဖိနပ်တွေ အများကြီး တန်းစီချွတ်ထားတာကလွဲ၍ မမြင်ရ။ အဲသည် နောက်မှ ဘယ်နှကွေ့ ထပ်ကွေ့ပြီး မှ ရောက်မည် မသိသော အခန်းကလေး တစ်ခန်းထဲတွင် ကိုကို ရှိနေလိမ့်မည်။ သတိလစ် ကောင်း လစ်နေမည်။ ကိုကို့အသက် တည်ရာ၊ မှီရာ အလွန်နုနယ်သော အစိတ်အ၀ိုင်း တစ်ခုကို ဒေါက်တာ မြင့်သူ ဦးဆောင်သည့် လူအုပ်စုတစ်ခုက ဓား၊ ကတ်ကြေး၊ စူးဆောက် တန်ဆာပလာ လက်နက်ကိရိယာများဖြင့် ချွေးတလုံးလုံး အသည်းတထိတ်ထိတ် ကိုင်တွယ်နေကြပေ လိမ့်မည်။ အလွန် စွန့်စားရမည့် ခွဲစိတ်မှုမျိုးတဲ့။

မျက်ရည်ဝဲနေသော မျက်လုံးတစ်စုံ၊ တုန်ယင်နေသော နှုတ်ခမ်းတို့နှင့် တတ်သလောက် မှတ်သလောက် ဘုရားစာ ဆိုနေရုံမှတစ်ပါး စိမ်းဝေ ဘာမှ မတတ်နိုင်ခဲ့ပါ။ ၀င်မေးလို့လည်း မရ။ သွားကြည့်ခိုက်းလို့လည်း မရ။ နာရီလက်တံ ဂဏန်း တစ်ခုပြီးတစ်ခု ကျော်လွှားလာသည် ကိုသာ ချောက်ချား စွာ စောင့်ကြည့်နေခဲ့ ရပါသည်။ အဲသလောက်တောင် … ကြားရသလား ဆရာရယ်။
သူများ ခွဲစိတ်ခံစားရတာ သွားကြည့်ဖူးတာဆိုလို့ စိမ်းဝေ ဘ၀မှာ ကလေးမွေးသည့် သူငယ်ချင်း ကို စောင့်ပေးဖူးတာသာရှိသည်။ မိနစ်ပိုင်းပါပဲ။ ဒါတောင် အကြာကြီးလို့ ထင်ခဲ့မိသည်။ ယခုတော့ နာရီနှင့် ချီ၍။

ကျွီခနဲ မြည်လိုက်သံ။
အားလုံး ခေါင်းများထောင်၍ ခွဲစိတ်ခန်း တံခါးမဘက် လှည့်ကြည့်မိသည်။ ခွဲစိတ်ဝတ်စုံ ၀တ်ထားသည့် လူငယ်တစ်ဦး က တံခါးကို အတွင်းမှ လှမ်းဖွင့်ပေး၍ ကိုင်ထားသည်။ အတွင်းဘက် ကို မျှော်ကြည့်နေသည်။ ကိုကိုလား။ ကိုကို ထွက်လာပြီလား။
ခွဲစိတ်မှု အောင်မြင်သွားပြီတဲ့လား။ တကယ်တမ်း ထွက်လာတော့ ခွဲစိတ်ခန်း ၀တ်စုံနှင့် ဆရာဝန် တစ်ဦးသာဖြစ်နေသည်။ ပြာနုရောင် တီရှပ်၊ အပြာနုရောင် ဘောင်းဘီရှည် အပြာနုရောင် ခေါင်းစီး၊ အပြာနုရောင် မျက်နှာဖုံး ဘယ်သူများလဲ။
ခေါင်းစီး မှာတော့ အင်္ဂလိပ်စာလုံး အမ်နှင့် တီကို ထုးထားသည်။ ဒေါက်တာ မြင့်သူ များလား။
ဆရာဝန် က စိမ်းဝေ၊ ကိုဟန်ပိုနှင့် မနှင်းဖွေတို့ ဘက်သို့ လှမ်းကြည့်သည်။ ပြီးတော့ သူတို့ရှိရာသို့ ဦးတည်၍ လာနေသည်။ ခြေလှမ်းတို့က နှေးသည်။ ယိုင်သည်။ တာဝေး အပြေးပြိုင်ပွဲပြီး၍ ပင်ပန်းနွမ်းနယ်နေ သည့် အားကစားသမား၏ ဟန်ပန်။

ဘုရား၊ ဘုရား၊ ဘာလဲ၊ ဘာဖြစ်တာလဲ။
မပြောပါနဲ့။ မသိချင်ဘူး။ မကြားပါရစေနဲ့။
စိမ်းဝေ ကိုယ်လုံးလေး ညွှတ်သွား ယိုင်သါားသည်ကို သတိထားမိသော မနှင်းဖွေးက စိမ်းဝေ ပခုံးလေးကို တင်းကျပ် စွာ ဖက်ထားသည်။ ကိုဟန်ပိုက ရှေ့သို့ တက်လာသည်။
ဆရာဝန်က မျက်နှာဖုံးကို ဆတ်ခနဲ ဆွဲဖယ်လိုက်သည်။
ဟုတ်ပါတယ်။ ဒေါက်တာ မြင့်သူပါပဲ။
ဒေါက်တာမြင့်သူ ၏ မျက်နှာက မနေ့က တွေ့ခဲ့ရတာထက် အများကြီး ပို၍ အိုစာနေ သည်။ ခြေလှမ်း နှေးနှေးနှင့် သူတို့ဘက် ဆက်လာနေသည်။ လက်ထဲက ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ကို ဆေးရုံကော်ရစ်ဒါ ပေါ်သို့ ရုတ်တရက် လွှင့်ပစ်လိုက်သည်။
အဲသည့် မျက်နှာဖုံး ကို လွှင့်ပစ်လိုက်သည့် တဒင်္ဂမှာပဲ စိမ်းဝေ သတိလစ်လဲကျသွားခဲ့ခြင်းဖြစ်ပါသည်။

စိမ်းဝေ က ခေါင်းကလေး တစ်ချက်ဆတ်၍ ပြုံးပြီး ဒေါက်တာမြင့်သူကို လှည့်ကြည့်သည်။ ဧရာဝတီ မြစ်ကိုဖြတ်၍ တိုက်ခတ်လာသော လေနုအေးကလေးက စိမ်းဝေ၏ ဆံနွယ်တချို့ကို စိမ်းဝေ မျက်နှာပေါ် တင်စေသည်။
" ဆရာ က ဘာလို့ ဆောရီး ပြောရမှာလဲ၊ ဆရာက စိမ်းဝေတို့ရဲ့ ကျေးဇူးရှင်လေ "
ဒေါက်တာမြင့်သူ ပခုံးတွန့်ပြသည်။
" လူနာရှင်တွေ ဘယ်လောက် စိတ်ပူစွာနဲ့ ကိုယ့်အမူအရာတွေကို စောင့်ကြည့်နေမလဲဆိုတာ အတွေ့အကြုံ မနည်းတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တို့ သိသင့်တယ်လေ၊ အဲဒီနေ့က တို့ အဲဒီ မျက်နှာဖုံး ကလေး ကို ခြေပစ်လက်ပစ် လွှင့်မပစ်လိုက်မိရင် စိမ်းဝေ ဘယ်လဲကျသွားပါ့မလဲ "
စိမ်းဝေ က ယဲ့ယဲ့ပြုံးသည်။
" အင်မတန် ခက်ခဲတဲ့ ခွဲစိတ်မှု တစ်ခုကို နာရီပေါင်းများစွာ လုပ်ပြီး ပြန်ထွက်လာတဲ့ ခွဲစိတ်ဆရာဝန်ကြီး ရဲ့ မျက်နှာ က ရွှင်လန်းမြူးထူးနေရမယ်လို့ ထင်တဲ့ စမ်းဝေကသာ ရူးတာပါ ဆရာရယ် "
နှစ်ယောက်သား ပြိုင်တူ တိုးတိုး ရယ်မိသည်။

" နောက်ဆုံးတော့ စိမ်းဝေ အပူလွန်တာက စိမ်းဝေ အပူကနေ သတိရလာတဲ့အချိန် စိမ်းဝေကို အနားမှာ မတွေ့ရတဲ့ ကိုရဲဝင့် အပူဖြစ်သွားရတာလေ" " ဟုတ်ပ … ဆရာရယ်၊ နှစ်နှစ်လောက်ကြာအောင် အဲဒီကိစ္စပြောတုန်း " ဒေါက်တာ မြင့်သူ ခေါင်းတဆတ်ဆတ် ညိတ်သည်။
" သူရော နေကောင်းတယ် … မဟုတ်လား၊ အခု ပါလာလား " စိမ်းဝေက ခေါင်းညိတ်ပြသည်။

" ကောင်းပါတယ်၊ အလုပ်မလုပ်ဘဲ နေရတာ ပျင်းတယ်ချည်း အော်နေတာပဲ၊ ယူကေမှာလည်း အပေါင်း အသင်း က သိပ်မရှိတော့ ပိုပျင်းတော့တာပေါ့၊ စိမ်းဝေ၊ ဒီတစ်ခါ အလုပ်ကန်ထရိုက်ပြည့်ရင် မြန်မာပြည် တစ်လှည့်ပြန်နေ ပါ့မယ်၊ အဲဒီကျ အလုပ်လည်း ပြန်လုပ်ချင်လုပ်ပါ၊ အခုတော့ ဆေးစစ်တာလေး အဆင်ပြေ နေတော့ ယူကေ ဆရာဝန်က ထပ်ပြဖို့ မလိုတော့ဘူး ပြောတဲ့ အထိတော့ နေကြ ရအောင်ပါလိ့ မနည်း ဖျောင်းဖျ ထားရတယ်၊ တရားတော့ ထိုင်သလား မမေး နဲ့၊ သေမင်း ကို တစ်ခါ ရင်ဆိုင်ဖူးထားတော့ ဘ၀မှာ အချိန်ကို တန်ဖိုးထားတတ်သွားပြီတဲ့ "
" အခုကော "
" ဟိုဘက်က ဘီလူးပြုံးတဲ့ တန်ဆောင်းထဲမှာ တရားထိုင်နေတယ် "
ဒေါက်တာမြင့်သူ မျက်ခုံးပင့် ကြည့်သည်။
" ဘီလူးပြုံးတဲ့ တန်ဆောင်း … ဟုတ်လား "
စိမ်းဝေ က ရယ်သည်။
" အာရုံခံ တန်ဆောင်းကိုပဲ ပြောတာပါ၊ ဒီ မြသလွန်ဘုရား ခေါင်းလောင်းတော်မှာ ဘီလူး အစောင့်တွေ ထည့်ထုထားတာ ဆရာတွေ့တယ် မဟုတ်လား "
ဒေါက်တာ မြင့်သူ ခေါင်းညိတ်ပြသည်။

" အားလုံးက မဲ့နေကြလေ၊ ဘီလူး တစ်ရုပ်ပဲပြုံးတယ်၊ အဲဒါနဲ့ တည့်တည့်က တန်ဆောင်းကို ဘီလူးပြုံးတဲ့ တန်ဆောင်းလို့ ခေါ်ကြတာ "
" သြော် … ဒီလိုလား "
ဒေါက်တာ မြင့်သူ ဘုရားေ ခါင်းလောင်းတော်ပေါ်မှ ဘီလူးရုပ်များကို သေသေချာချာ လှည့်ပတ် ကြည့်ပြီးမှ သဘောကျစွာ ရယ်သည်။
" တို့ ကိုရဲဝင့်လိုပေါ့ ဟုတ်လား "
စိမ်းဝေ က မျက်လွှာ ပင့်ကြည့်သည်။

" ဘာကိုလဲ … ဆရာ "
" ကိုရဲဝင့်လည်း လေသံပြတ်နဲ့ ပိဿလေး ဘေးပစ်သလို အမှန်တွေ ပြောတတ်လွန်းလို့ သူများတွေ ခဏခဏ အထင်လွဲခံရတယ်လို့ စိမ်းဝေ ခဏခဏ ပြောဖူးတယ်လေ၊ တကယ်တော့ သူ့ရင်ထဲမှာက လူတွေ အားလုံး ဘယ်သူ့ကိုမှ မမုန်းတော့၊ အမြဲ ငြိမ်းချမ်းနေတာပဲ ဆိုတာလေ "
" ဟုတ်တယ် … ဆရာရဲ့ "
" ပြီးတော့ လူအများရှေ့မှာ ဘယ်လိုပဲ ခက်ထန် ခက်ထန် စိမ်းဝေနဲ့ကျတော့ အမြဲ နူးညံသိမ်မွေ့နေတယ် မဟုတ်လား၊ ဟို တစ်မျက်နှာတည်း ပြုံးနေတဲ့ ဘီလူးလိုပေါ့ ဟုတ်လား။
" ဟာ … ဆရာကလည်း "
စိမ်းဝေက ရှက်ကိုးရှက်ကန်းနှင့် ရယ်တော့ ဒေါက်တာမြင့်သူသဘောကျစွာ လိုက်ရယ်ပါတယ်။

"ဘာတွေ သဘောကျနေတာလဲ … စိမ်းဝေ "
ပန်းချီ ပစ္စည်းများ သိမ်းရင်း ပြုံးနေသော စိမ်းဝေကို အနားရောက်လာသော ရဲဝင့်က လှမ်းမေးသည်။
" ဒေါက်တာမြင့်သူနဲ့ ခုပဲ ဆုံတယ်လေ၊ ခွဲတဲ့နေ့က စိမ်းဝေ စိတ်အပူလွန်ပြီး သတိလစ်သွားတဲ့အကြောင်း ပြန်ပြောပြီး ရယ်နေကြတာ "
" ဟာ … ဆရာနဲ့ ဆုံတာလား၊ ညစာ လိုက်ကျွေးဖို့ မဖိတ်လိုက်ဘူးလား "
" ဖိတ်ပြီးပါပြီ … ကိုကိုရယ်၊ ညကျရင် မကွေး ဟိုတယ်မှာ လာခေါ်မယ်၊ ဟတ်တ်မျာ လိုက်ကျွေးမယ်၊ မှာ လိုက်ပြီးသား တံတားက ညလည်းဖွင့်တာပဲ၊ ပြဿနာမရှိပါဘူး "
ရဲဝင့်က ပြုံး၍ ခေါင်းညိတ်သည်။

" အေးကွာ မကွေး တံတား ကတော့ ရှယ်ပဲ၊ အတော်ပဲ၊ ဆရာနဲ့ မတွေ့ရတာ ကြာလို့ ဆရာ့ကိုတွေ့ချင် ကျွေးချင်နေတာ၊ ဆရာသာ ကိုကို့အသက်ကို မကယ်လိုက်နိုင်ရင် ဒီတစ်သက် မင်္ဂလာတောင် ဆောင်ဖူး လိုက်မှာ မဟုတ်ဘူး "
စိမ်းဝေက မျက်စောင်းထိုးသည်။
" နို့ … စမ်းစမ်းဝေနဲ့ တစ်ခါယူတယ်ဆို "
ရဲဝင့်က ရယ်သည်။
" အဲဒါက အင်၊ စိမ်းဝေနဲ့ မင်္ဂလာဆောင်တော့မှ တကယ်လေ "
" ခုမှ "
စိမ်းဝေက သုံးချောင်းထောက်ကို ပိတ်၍ သည်မည်လုပ်တော့ ရဲဝင့်က ဦးအောင် သယ်သည်။

" စိမ်းဝေ သယ်ပါ့မယ် … ကိုကိုရယ် "
" စိမ်းဝေရယ် ကိုကို လူကောင်းဖြစ်နေပြီ နေစမ်းပါ "
စိမ်းဝေက ရယ်၍ လက်လျှော့ပြီး ဆေးဘူး သေတ္တာကို ကောက်လွယ်သည်။ ပြီးတော့ ဧရာဝတီမြစ်၏ မင်းဘူးဘက်ကမ်းတွင် လှမ်းမြင်နေရသော တိမ်သားများနှင့် ထိစပ်နေသည့် တောင်တန်းများကို လှမ်းပြ သည်။
" ဒါဆိုလည်း ကိုကို ပြောဖူးတဲ့ စကားထဲကလို ဟိုးတောင်တွေပေါ်လျှောက်သွားလိုက်ပါဦးလား၊ တိမ်တွေ ကြားထဲ ရောက်သွားအောင်လေ "
ရဲဝင့်က ရယ်၍ စိမ်းဝေ ပခုံးကလေးကို လွတ်နေသော လက်ဖြင့် ဖွဖွ ဖက်သည်။

" တိမ်တွေကြားထဲ သွားရ သွားရ၊ တောင်တွေကြားထဲပဲ သွားရ သွားရ ဘ၀မှာ ဘာမှ အရေးမကြီးတော့ ဘူး၊ စိမ်းဝေ အနား မှာ ပါလာဖို့ပဲ လိုတယ် "
စိမ်းဝေ လည်း ကြည်နူးစွာ လိုက်ရယ်မိပါသည်။

(ပြီးပါပြီ)

ဆန္ဒမွန်ဖြင့်
လင်္ကာရည်ကျော်
၂၉-၉-၁၁
ည ၈း၃၀၊ မကွေးမြို့။
.

3 comments:

Anonymous said...

ကောင်းလိုက်တာ.. ကျေးဇူးအများကြီး တင်ပါတယ် အမရယ်.. စောင့်ဖတ်နေခဲ့ရတာ..မတင်တဲ့နေ့ဆို အားမလို အားမရနဲ့ တင်ပေးဖို့ တောင်းဆိုချင်မိပေမဲ့ စေတနာ ပျက်သွားမှာမို့ ငြိမ်နေခဲ့ရတာ.. ကျေးဇူး အများကြီး တင်တယ်လို့ ထပ်ပြောပါရစေ..

Anonymous said...

ကျေးဇူးအမ.....
မေ

Anonymous said...

Thanks u very much...a ma shwezin