Saturday, June 2, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၅)

" မမီတော့ဘူး စိမ်းဝေ၊ ပြီးတော့ ငါယောက်ျားချင်းပေးတဲ့ကတိ တစ်ဝက်ပဲ ဖျက်ချင်တယ်၊ သူ့မှာ နင် နဲ့ ခုချက်ချင်း ရင်မဆိုင်နိုင်လောက်အောင် ဘယ်လောက်ကြီးတဲ့ပြဿနာ ရှိနေမှန်း မသိဘူး၊ ဆောရီးဟာ ငါ ပြန်လာမှ အကျိုးအကြောင်း ပြောပြမယ် ဘိုင့်ဘိုင့် "
အာသာ ဖုန်းချသွားသည်။
စိမ်းဝေ က တဒိုင်းဒိုင်း ခုန်နေသော ရင်နှင့် တုန်လှုပ်ချောက်ချားစွာ ဆက်ထိုင်နေမိပါသည်။
ကို ဆက်ဖတ်ရန်....

 စိမ်းဝေ (၁၄)

အာသာ က တံတားပေါင်ကို မှီ၍ ကင်မ်မြစ်ကို ငုံ့ကြည့်ပြီး ငေးငိုင်နေသည်။ စိမ်းဝေက မျက်ရည်များ ပိုးပိုး ပေါက်ပေါက် ကျနေသည်ကို မစုတ်ဘဲ အောက်နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားသည်။
နှစ်ယောက်သား အဲဒီ ပုံစံအတိုင်း တိတ်ဆိတ်စွာ အကြာကြီးရပ်နေကြပြီးမှ စိမ်းဝေက ခေါင်းကို ဆတ်ခနဲခါ ၍ အာသာ ကို လှည့်ကြည့်သည်။
" ငါ မယုံဘူး အာသာ " အာသာ က သက်ပြင်းချသည်။ " ငါ အကြောင်းဆုံးကလည်း အဲဒါပဲ၊ နင် မယုံမှာ ကို ကြောက်တာ၊ နင့်ကို ငါ သိပ်ချစ်တာ မှန်ပေမယ့် အဲဒီ ကိစ္စ ညာပြောရလောက်အောင် ငါ့စိတ်ဓာတ်က မညံ့ဘူး စိမ်းဝေ " စိမ်းဝေက ကျွတ်ခနဲ မြည်တမ်းသည်။

" ခက်ပါလား အာသာရယ်၊ နင့်ကို ငါ မယုံတာ မဟုတ်ဘူး၊ နင်နဲ့ ကိုကိုနဲ့တွေ့တယ်၊ ကိုကိုက အဲဒီ စမ်းစမ်းဝေ ဆိုတဲ့ ကောင်မလေးကို သူ မယူလို့မဖြစ်တော့ဘူး၊ တာဝန်ယူ ရတော့မယ်၊ ငါ့ကိုလည်း စိတ်ပူတယ်၊ နင်က ငါ့ကို အနီးကပ် စောင့်ရှောက်ပေးပါလို့ မှာတယ်၊ အဲဒါ အားလုံး ငါ ယုံတယ်၊ ငါမယုံတာ က ကိုကို အမှန်အတိုင်း ပြောသွားတယ်လို့ ငါ မယုံတာ၊ ကိုကိုမှာ တည့်တည့် ပြောလို့မဖြစ်တဲ့ ပြဿနာတစ်ခုခု ရှိကိုရှိမယ်၊ စမ်းစမ်းဝေ ဇာတ်လမ်းက လုပ်ကြံ ပြောတာပဲ "
အာသာ ခေါင်းကုတ်သည်။
" စမ်းစမ်းဝေ ဇာတ်လမ်းက ကိုရဲဝင့်လောက် တည်ကြည်တဲ့လူ တစ်ယောက်အတွက် ယုံရခက်တာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ သူ နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ နင်လည်းသိ၊ ငါလည်းသိနေတာ၊ နင့်ကို စွန့်လွှတ်ဖို့ အတွက်တော့ ဒီကိစ္စမျိုးက လွဲရင် တခြားအကြောင်း မရှိနိုင်တော့ဘူး ထင်တယ် "
စိမ်းဝေက ဘာမှ ပြန်မပြောဘဲ မျက်ရည် တွေတွေကျလျက် အံကြိတ်ရင်း ခေါင်းခါသည်။

အာသာက တိုးတိုး ဆက်ပြောသည်။ " သူက သူပြောတာ မယုံရင် မနှင်းဖွေးကို ဖုန်းဆက်ကြည့်ပါတဲ့၊ နံပါတ် ပေးတယ်၊ ငါ သူ့ ရှေ့တင် ဆက်လိုက်တယ်၊ မနှင်းဖွေးလည်း တော်တော် တုန်လှုပ် ချောက်ချားသွားပုံပဲ၊ နင့်လိုပဲ၊ မဖြစ်နိုင်ဘူးလို့ ပြောတယ်၊ ဒါဆို အခု အဲဒီ ကောင်မလေး ရုံးမှာ ရှိနေလား လို့မေးတော့ အလုပ်ထွက်သွား တယ်တဲ့၊ ဘာလို့ ထွက်သွားလဲတော့ မသိဘူးတဲ့၊ ကိုရဲဝင့်ကို တစ်ဖက်သတ် ချစ်နေတာတော့လည်း သူ သိတယ်တဲ့၊ ကိုရဲဝင့်နဲ့လည်း နယ်တွေ ဘာတွေ ညအိပ်ညနေ သွားဖူး တာ အမှန်ပဲတဲ့၊ ကိုရဲဝင့်က သူ့ကို "စမ်းဝေ"လို့ ခေါ်လို့တောင် " စိမ်းဝေ "နဲ့ မှားပါဦးမယ် ကိုရဲဝင့်ရယ် လို့ သူ ရယ်စရာပြောသလို သတိပေးဖူးတယ်တဲ့၊ ဖုန်းချပြီးတော့ ကိုရဲဝင့်က အလုပ်က သူ ထွက်ခိုင်း လိုက်တာ၊ သူ့ကို တစ်နေရာမှာ စောင့်ခိုင်းထားတယ်၊ အလုပ် ကိစ္စတွေလည်း ကိုဟန်ပိုကို အကုန် မှာ ထားတယ်၊ သူတို့နှစ်ယောက် လူတွေကို ခဏ ရှောင်နေဦးမှာတဲ့ "
စိမ်းဝေ က မျက်ရည်လည်ရွဲနှင့် ဆတ်ခနဲ မော့ကြည့်သည်။

" ငါ မယုံတာ အဲဒီနေရာပဲ အာသာ "
" စမ်းစမ်းဝေ ကို ငါနဲ့ နာမည်ချင်း ဆင်ပြီး သူ့ကို ချစ်နေတဲ့သူမို့ စိတ်ကစားမိတယ်ဆိုတာရယ်၊ နယ် အတူ သွားရင်းနဲ့ ငြိကြတယ် ဆိုတာရယ် "
အာသာ က သက်ပြင်းချ၍ ခေါင်းခါသည်။
" နင် စိတ်မဆိုးနဲ့ စိမ်းဝေရာ ယောက်ျားတွေက အဲသလို ဖြစ်တတ်ကြတာပဲ ဥစ္စာ၊ ကိုရဲဝင့်မှ မဟုတ်ဘူး၊ ငါ ဆိုလည်း ဖြစ်နိုင်တာပဲ "
စိမ်းဝေ က မဲ့ပြုံး ပြုံးသည်။
" ငါ ခံစား ရတာ သက်သာအောင် လျှောက်ပြောမနေပါနဲ့ အာသာရာ၊ နင် မသိသေးတာ ငါ ပြောပြမယ် "

" ဘာလဲ "
" ဟိုတစ်ခါကိုကိုလာပြီး ငါတို့ ချစ်သူတွေစဖြစ်ကြတဲ့ အခေါက်က လန်ဒန်မှာ လျှောက်လည်ရင်း ငါတို့ တစ်ယောက်ခန်း မရ လို့ ခုတင် နှစ်လုံးနဲ့ တစ်ခန်းတည်း အိပ်ဖူးတယ်၊ ကိုကိုက ငါ့ကို လက်ဖျားနဲ့ တို့ဖို့ မပြော နဲ့၊ အခန်း ထဲ ရောက်တာနဲ့ ငါ့ အနားတောင် မလာဘူး သိလား "
အာသာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
" ငါနဲ့ နာမည်ဆင်လို့၊ သူ့ကို ချစ်နေလို့ မှားမိရအောင် ငါ့ကိုယ်တိုင် အပေါ်မှာတောင် သူ က စောင့်စည်းနိုင် တဲ့ ယောက်ျားမျိုး၊ ဒီမိန်းကလေးကျမှ မထိန်းနိုင်ဘူးဆိုတာ ငါက ယုံရမလား "
အာသာ ငြိမ်ကျ သွားပါသည်။

သူငယ်ချင်း နှစ်ယောက်သား တိတ်ဆိတ်စွာ အကြာကြီး ရပ်နေကြပြီးမှ အာသာက တိုးတိုးမေးသည်။
" အခု နင် ဘာလုပ်မလဲ "စိမ်းဝေက ငါ လိုက်ရှာချင်တယ်ဟု တိုးတိုးပြောသည်။ အာသာ က ခေါင်းခါသည်။ " သူ လန်ဒန်က ထွက်သွားတာ သေချာတယ်၊ မြန်မာပြည်ပြန်တာ ဟုတ်မဟုတ် ငါ မသိဘူး၊ သေချာ တာတော့ သူအိမ်ကို ပြန်မှာ မဟုတ်ဘူး၊ ကောင်မလေးကလည်း ပျောက်နေတယ်၊ ဒီအချိန် နင် သွားရှာရင် ကောက်ရိုးပဲထဲမှာ အပ်ရှာသလို ဖြစ်နေမှာပေါ့၊ ပြီးတော့ လူကြီးတွေကို နင် ဘယ်လို ပြောမလဲ " စိမ်းဝေ အံကြိတ်သည်။

" ဖေဖေနဲ့ မေမေက နဂိုကတည်းက ငါတို့ ချစ်သူတွေဖြစ်နေတာ မသိသေးပါဘူး၊ ကိုကို လန်ဒန်မှာ သူတို့ကို စောင့်ကြိုမယ်လို့ ပြောထားပြီးမှ ကိုကို့ သူငယ်ချင်းပဲ လာကြိုပြီး ကိုကို အရေးကြီးကိစ္စပေါ်လို့ ချက်ချင်းပြန် သွားပြီလို့ ပြောတာပဲ သိတာ၊ ငါလည်း သူတို့ရှေ့မှာ ငိုမိရင် ဖြေရှင်းနေရမှာစိုးလို့ အခု နင်နဲ့ ဒီမှာ လာနေတာ " " မနက်ဖြန် ဘွဲ့ယူဖို့ ကိစ္စရော "
စိမ်းဝေ နားထင် နှစ်ဖက်ကို လက်နှက်ဖက်နှင့် ညှစ်ကိုင်၍ ခေါင်းမော့ပြီး တိုးတိုးလေး အားခနဲ အော်ဟစ် ညည်းတွား ပစ်လိုက်သည်။ မသိတော့ဘူးဟာ ဟုလည်း ပြောသည်။
အာသာ က ခေါင်း တဆတ်ဆတ်ညိတ်သည်။
" နင့်ကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ငါမပြောချင်ဘူး၊ နင်ကြိုက်တာလုပ်၊ ငါ့ကို တစ်ခုပဲ ကတိပေး "
" ဘာကတိလဲ "
" နင် ဘယ်သွားသွား၊ ငါ့ကို ခေါ်သွားရမယ် "
စိမ်းဝေက ပြုံးမဲ့မဲ့ဖြင့် မျက်စောင်းထိုးသည်။

" ရခါစ အလုပ် ပြုတ်သွားချင်လို့လား " " ပြုတ်ပါစေ၊ နင့်ထက်တော့ ဘာမှ ပိုအရေးမကြီးဘူး "
" အာသာရယ်" အာသာမရယ်နဲ့၊ ငါကိုရဲဝင့်ပြောလိုက်တဲ့ တစ်သက် လုံး စောင့်ရှောက်လိုက်ပါ ဆိုတာ မျိုးကို မျှော်ကိုးနေတယ်လို့ နင်မထင်နဲ့၊ ဒါပေမဲ့ ငါတတ်နိုင်သလောက်တော့ စောင့်ရှောက်ရမှာပဲ၊ နင် ခံစားစရာ က ဘယ်လောက်ပဲ ပြင်းထန် ပြင်းထန်၊ နင့်ကိုတော့ ငါ အထိခိုက် မခံနိုင်ဘူး "
စိမ်းဝေ သက်ပြင်း တိုးတိုးချ၍ " အေးပါ သူငယ်ချင်းရာ၊ နင့်စေတနာ ငါ သိပါတယ် " ဟု ပြောသည်။

မနှင်းဖွေး (၁၄)

ရုံးခန်းထဲသို့ ခပ်အေးအေး လမ်းလျှောက်ဝင်လာသော ရဲဝင့်ကို ကြည့်၍ မနှင်းဖွေးရော ဟန်ပိုပါ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ရဲဝင့် ကတော့ ဘာမှ မဖြစ်သလိုပင် လက်ထဲက အိတ်ကို စားပွဲပေါ်ချ၍ အဆင်ပြေရဲ့လားဟု မေးသည်။
မနှင်းဖွေး က ဘာမှ မဖြေနိုင်။ ဟန်ပိုက စိတ်မထိန်းနိုင်ဘဲ ရဲဝင့် ပခုံးတစ်ဖက်ကို လက်သီးနှင့် လှမ်းထိုး သည်။ " ပြေမလားကွ၊ ပြောစရာလားကွ၊ မင်း ဘာတွေ လျှောက်လုပ်နေတာလဲ၊ ရူးများနေလား "
ရဲဝင့် ရယ် ၍ အေးအေးပင် ဖြေသည်။

" ငါပြောရင် မင်း ယုံမှာ မဟုတ်ဘူး၊ ဒီရက်ထဲမှာ ငါ ရူးသွားလိုက်၊ ပြန်ကောင်းလိုက်နဲ့ ခဏခဏ ဖြစ်နေ တာ မင်းသိလား "
ဟန်ပိုက စိတ်မကျေနိုင်သေး။
" ရူးသွားတာကို ယုံတယ်၊ ပြန်ကောင်းတာကို မယုံတာ၊ ဘယ်မှာလဲ စမ်းစမ်းဝေ၊ ပြီးတော့ မင်းတို့ ဘယ်မှာ နေနေတာလဲ "
ရဲဝင့် က ကုလားထိုင်မှာ ၀င်ထိုင်ရင်းက ရှိပါတယ်ဟုသာ ၀တ်ကျေတန်းကျေ ဖြေသည်။ သည်တော့မှ မနှင်းဖွေး ၀င်မေး ဖို့ သတိရသည်။ " ဘာရှိတာလဲ ကိုရဲဝင့်၊ နှင်းတော့ တစ်ခုမှ နားမလည်တော့ဘူး၊ ယုံလည်း မယုံဘူး၊ ကိုရဲဝင့် စမ်းစမ်းဝေနဲ့ ယူလိုက်ပြီ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ စိမ်းဝေကိုရော ဘာတွေ သွားပြောတာလဲ၊ ပြီးတော့ လူကြီးတွေ ကို ရောဘာပြောထားလဲ "
ရဲဝင့် မျက်နှာ တည်သွားသည်။ ခဏ ငြိမ်နေပြီးမှ သက်ပြင်းတစ်ချက်ချ၍ ပြောသည်။

" နှင်းကိုရော၊ ဟန်ပိုရော တို့တစ်ခုလောက်တော့ အကူအညီ တောင်းချင်တယ်၊ အဲဒါက တို့အခု လုပ်ခဲ့တဲ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး တို့ပြောတာကို ယုံပေးဖို့နဲ့ ခြောက်လလောက် ညည်းညည်းခံပြီး အဲဒီ ကိစ္စကို မဆွေးနွေး ဘဲ ထားပေးဖို့ပါ " မနှင်းဖွေး ပို၍ပင် နားမလည်ဖြစ်သွားသည်။
" ဘာခြောက်လလဲ၊ ဘာဖြစ်လို့ ခြောက်လလဲ၊ ကိုရဲဝင့်လာရင် ရှင်းပြမယ်လို့ ထင်ထားကြတာ၊ အခုက ပိုရှုပ်ကုန်ပြီ " ရဲဝင့်က ယဲ့ယဲ့ပြုံး၍ ခေါင်းခါသည်။
" စမ်းစမ်းဝေ ရှိပါတယ်၊ တို့တစ်တွေလည်း အဆင်ပြေပါတယ်၊ လောလောဆယ်တော့ ဦးသက်ဝေတို့ ရှိတဲ့ ပုသိမ်ကို သူ ခဏပြန်သွားတယ်၊ တို့လည်း ဒီအပေါ် ထပ်မှာပဲ ပြန်နေမယ်။

တို့မှာ လောလောဆယ် ဒီ လုပ်ငန်းနဲ့ ပတ်သက်ပြီး အရေးတကြီး လုပ်စရာတွေ အများကြီးရှိနေတယ်၊ ဒီတော့ အိမ်ထောင်ရေးကိစ္စ တွေပါ ခဏ ဘေးဖယ်ထားရမယ့် သဘောပဲ၊ နှင်းနဲ့ ဟန်ပိုကိုလည်း တို့ရဲ့ အဲဒီ ဘ၀ရေးရာ ကိစ္စတွေ၊ ပြဿနာတွေကို ခဏမေ့ထားပြီး ဒီခြောက်လအတွင်းမှာ တို့လုပ်ချင်တဲ့ ကိစ္စတွေ ကို ကူညီစေချင်တယ်၊ ခြောက်လပဲ၊ ခြောက်လပြီးရင် နှင်းတို့မေးတဲ့ မေးခွန်းတွေအားလုံး တို့ဖြေမယ်၊ ဒီကြားထဲမှာတော့ တို့ကိုလည်း မမေးစေချင်ဘူး၊ လူကြီးတွေကိုလည်း မပြောပြစေချင်ဘူး၊ စိမ်းဝေကိုလည်း အခု သူ သိထား၊ နားလည်ထားသမျှနဲ့ပဲ နေစေချင်တယ် "
မနှင်းဖွေး ခေါင်း ထပ်ခါမိသည်။ " စိမ်းဝေ ဖုန်းဆက်ရင်၊ လိုက်လာရင်ရော "
ရဲဝင့် ငြိမ်နေသည်။ ပြီးမှ တိုးတိုး ပြောသည်။ " ဖုန်း မဆက်အောင်၊ လိုက်မလာအောင်တော့ အာသာ ကို သေသေချာချာ မှာခဲ့တာပဲ၊ အရင်အပတ်ကပဲ သူဟိုမှာ အလုပ်စ၀င်သွားပြီလို့လည်း ကြားရတယ်၊ ခြောက်လ အတွင်းတော့ သူလည်း ထွက်နိုင်မှာ မဟုတ် ပါဘူး၊ ခြောက်လနောက်ပိုင်းလာရင်၊ ဖုန်းဆက်ရင်လည်း တို့အဆင်သင့် ဖြစ်နေပါပြီ "

" ဘာအဆင်သင့် ဖြစ်တာလဲကွ "
ဟန်ပိုက စိတ်ဆိုးမာန်ဆိုး ၀င်မေးသည်။ ရဲဝင့်က ပြုံး၍ လက်သာကာပြသည်။
" အဲဒါ ထားပါကွာ၊ ငါ အခုပဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက လူကြီးတွေ နဲ့ တွေ့ပြီး ပြန်လာတာ၊ တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေရပ်နေ၊ နှေးနေတာနဲ့ ပတ်သက်ပြီး နာလန် ထူအောင် ဘယ်လိုလုပ်ရမယ်လို့ တိုင်ပင်ထားကြတာတွေ ရှိတယ်၊ ဒါတွေ မင်းတို့ကို ငါ ပြောပြချင်တယ် "ရဲဝင့်က အိတ်ထဲမှ စာရွက်စာတမ်းများကို ထုတ်ချသည်။

" နားလည်အောင် လုပ်ထားကြကွာ၊ ငါ့မှာက မင်းတို့ သိထားတဲ့ ပြဿနာတွေရော၊ မင်းတို့ မသိ တဲ့ ပြဿနာတွေရောပဲ၊ ငါဖြစ်စေချင်တာက တကယ်လို့ ငါဒီအလုပ်ထဲကို မလာနိုင်တော့ရင်တောင် မင်းတို့ နှစ် ယောက်က ဒီလုပ်ငန်းကို ပြန်ခေါင်းမော့လာအောင် ဦးဆောင်နိုင်စေချင်တာ၊ နှင်းရေ တို့ကို ကော်ဖီတိုက်ပါ လား " မနှင်းဖွေး တွေဝေစွာ နောက်ဘက်ခန်းသို့ လျှောက်လာမိခဲ့ပါသည်။

မနှင်းဖွေး ဖုန်းကို ပြန်ချ၍ ခဏ ငြိမ်ရပ်နေသည်။ ပြီးမျ ရဲဝင့်ဘက်သို့ လှည့်၍ တိုးတိုးပြောသည်။
" ထောင့်ခန်းတစ်ခန်းမှ မကျန်တော့ဘူးတဲ့၊ သုဝဏ္ဏက ဟာရော၊ ပြည်မ်းက ဟာရော၊ ဒဂုံက ဟာရော၊ ဆိုင်ခန်းလည်း အားလုံးနီးနီး ကုန်ပြီတဲ့၊ မရလိုက်တဲ့ လူတွေက မကျေနပ်လို့တဲ့၊ အသစ်စထားတဲ့ ပရောဂျက်ရှိလား၊ မေးနေကြတယ်တဲ့ " ရဲဝင့်က ကွန်ပျူတာ မော်နီတာပေါ်က ကိန်းဂဏန်းများကို ကြည့်နေရင်းက တိုးတိုးရယ်သည်။
" ဟန်ပို ဆက်တာမဟုတ်လား၊ ဈေးရောင်းပွဲတော် လုပ်မယ်ဆိုတုန်းက ဒီကောင်ပဲ တိုက်ခန်း ဈေးရောင်း ပွဲတော်ရယ်လို့ ကြားမကြားဖူးပါဘူးလို့ ကန့်ကွက်တာ "
မနှင်းဖွေး ခေါင်းကို ဖြည်းညင်းစွာ ခါသည်။

" မယုံနိုင်လောက်အောင်ပဲ၊ ကိုရဲဝင့် ဘယ်လို လုပ်လိုက်တာလဲ "
ရဲဝင့်က ပခုံးတွန့်ပြသည်။
" တို့ တစ်ယောက်တည်းလုပ်တာ မဟုတ်ပါဘူး၊ နှင်းတို့လည်း ပါတာပဲ၊ ပြီးတော့ တို့ချည်းလုပ်တာ မဟုတ်ဘူး၊ ကျန်တဲ့ အုပ်စုတွေလည်း တာစူကုန်ပြီ၊ ယုဇနဆိုရင် စတော့မယ် "
" မဟုတ်ဘူးလေ၊ ဒီလောက်အများကြီး မြှုပ်ရမယ့်ကိစ္စကို၊ ဒီလို အဆင်ပြေမယ်ဆိုတာကို ကိုရဲဝင့် ဘယ်လို တွက်မိသလဲ " ရဲဝင့်က ရယ်၍ သူ့ခေါင်းသူ လက်ညှိုးနှင့် ခေါက်ပြသည်။
" ဒီ အထဲက ဦးနှောက်က ရူးလိုက်၊ ပြန်ကောင်းလိုက် ဖြစ်နေတယ် ဆိုတာ နှင်းတို့ ဟန်ပိုတို့ကမှ မယုံဘဲ၊ ပြန်ကောင်းတဲ့ အချိန်ကျ လွှတ်ကောင်းတာနော်၊ သိလား " မနှင်းဖွေး စိတ်မရှည်တော့။

" ကိုရဲဝင့်က အရင်လိုကို မဟုတ်တော့ဘူး၊ ပဟေဠိ သိပ်များတာပဲ "
ကိုရဲဝင့်က ဟက်ဟက်ပက်ပက် ရယ်သည်။
" ပျော်ချင်လို့ စတာပါ နှင်းရယ်၊ နှင်း မသိဘူးနော်၊ တို့ ဒီရက်တွေမှာ သိပ်ပျော်နိုင်တာ မဟုတ်ဘူး "
" အဲဒါကို ပြောပြစေချင်တာလေ၊ မပြောဘဲ တစ်ယောက်တည်း ရင်ဆိုင်နေရတာ နှင်းတို့ကို သူငယ်ချင်း အရင်းလို သဘော မထားတော့ လို့လားပြော "
ရဲဝင့် ပြုံး၍ ခေါင်းခါသည်။ " အချိန် မတန်သေးလို့ပါ နှင်းရယ်၊ ကဲ ဈေးကွက် ကိစ္စ ကို ပြောပြမယ်၊ ဈေးကွက်က ရောင်းလိုအား သိပ်များပြီး ၀ယ်လိုအားနည်းလို့ လျှံသွားတယ်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ ၀ယ်လိုအား နည်းရတာက အကြောင်းရှိနေတယ်၊ အဲဒါလေးကို မြင်အောင် ကြိုးစား လိုက်တာ "

" ဘာကြောင့်လဲ "
" ဈေးကွက်က တခြားဘက်တွေမှာ ဖွင့်ပေးလိုက်တာလေ၊ စူပါ မားကက်ကြီးတွေပေါ်လာတယ်၊ မီဂါကော့ပ် လို့ခေါ်တဲ့ ကုမ္ပဏီကြီးတွေ ပေါ်လာတယ်၊ ဆောက်လုပ်ရေး သမားတွေက ပေးနိုင်တာက သမားရိုးကျ တိုက်ခန်းတွေ ဖြစ်နေတယ်၊ ဆန်းသစ် တိုးတက်လာတဲ့ လုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို မဖြည့်နိုင်ဘူး၊ ပလာဇာတွေကလည်း ခေတ်ဦးပိုင်းက သိပ်မကိုက်တာတွေ ရှိထားတော့ မ၀ံ့မရဲ ဖြစ်နေ ကြတာ၊ အခု လိုလားမှု တကယ်ရှိလာတဲ့ အချိန်မှာ ရီဆက်ရှင်းနဲ့ တွေ့နေတော့ မလုပ်ရဲကြ ဘူး၊ တို့က အဲဒါကို ချထည့် လိုက်တာ " မနှင်းဖွေး ခေါင်း တဆတ်ဆတ် ညိတ်သည်။

" ကိုရဲဝင့်လို အကွက်မြင်ဖို့တော့ နှင်းရော၊ ကိုဟန်ပိုရော ဘယ်လိုမှ လိုက်မီမှာ မဟုတ်ဘူး၊ ဒါနဲ့ အခု တောင်းဆိုနေ တဲ့ ပရောဂျက်အသစ်တွေ ဆိုတာရော၊ လုပ်မှာလား " " နှင်းတို့ သဘောလေ " မနှင်းဖွေး မျက်မှောင်ကြုတ်သည်။ " ဘာ နှင်းတို့ သဘောလဲ " ရဲဝင့် က ခေါင်းခါပြ သည်။

" ပရောဂျက် အသစ် ကို မားကက်မျာ ချပြနိုင်ဖို့ဆိုရင် အနည်းဆုံး ခြောက်လလောက် လိုမယ်၊ ခြောက်လ ဟိုဘက်ပိုင်း ကျရင် တို့ သိပ်အလုပ်လုပ်နိုင်မယ် မထင်ဘူး၊ နိုင်မလား၊ မနိုင်မလား ဆိုတာ ဟန်ပိုနဲ့ နှင်းပဲ ဆုံး ဖြတ်ရမှာ "
" လာပြန်ပြီ၊ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ "
ရဲဝင့် က ရယ်သည်။ အချိန် တန်ရင် ပြောပြပါ့မယ်ဆို၊ နှင်းရယ် ဟု တိုးတိုးပြောသည်။
မနှင်းဖွေး ရင်ထဲ မှာ နောက်ကျိရှုပ်ထွေးနေဆဲ။

" မမနှင်းလား "
မနှင်းဖွေး ရင်ထဲမျာ လည်ပတ် စီးဆင်းနေသော နှလုံးသွေးတို့ ဖျပ်ခနဲ ရပ်တန့်သွားသည်။ အသံ က ပြည်တွင်းက ပြောသလို ကြည်လင်နေသော်လည်း ဒါ ယူကေက စိမ်းဝေ ဆက်တာဆိုတာ ဖုန်း ကောက် မကိုင်ခင်ကတည်းက သူ့စိတ်က ထင်နေမိတာကို အတည်ပြုလိုက်သလိုရှိသည်။
" စိမ်းဝေ လား၊ ပြောလေ "
ရုတ်တရက် ဘာသံမှ ပြန်မကြားရ၊ အသက်ရှူသံ ပြင်းပြင်းကိုသာ ကြားရသည်။ မငိုမိအောင် ချုပ်တည်းနေရ ဟန် တူပါရဲ့။
" စိမ်းဝေ၊ ညီမလေး၊ ပြောလေ မမနှင်းပါ "
ပင့်သက် ရှူလိုက်သံ လား၊ ရှိုက်သံလား၊ တိုးတိုး တစ်ချက် မသဲမကွဲကြားရသည်။

" ကိုကိုတို့ အဆင်ပြေရဲ့လားဟင် "
မနှင်းဖွေး ရုတ်တရက် ဘာဖြေရမည်မသိ။ ကိုကိုတို့တဲ့၊ သူ မြင်နေရတာက ကိုရဲဝင့် တစ်ယောက်တည်း၊ ပြီးတော့ မနှင်းဖွေး တစ်သက်လုံးလည်း တစ်ခါမျှ မညာဖူးခဲ့။
သက်ပြင်း တစ်ချက် ချမိသည်။ " ပြောတယ် ပြောတာပဲကွယ်၊ စမ်းစမ်းဝေက နယ်မှာ သူ့မိဘတွေနဲ့ ခဏ ပြန်နေတယ် တဲ့၊ ကိုရဲဝင့်က ဒီမှာပဲ တပည့် နှစ်ယောက်နဲ့ ပြန်နေနေတယ်၊ ခုတလောတော့ သူ ဦးစီးပြီး တက်တက်ကြွကြွ လုပ်တာ လုပ်ငန်းတွေ တအားအောင်မြင်နေတယ်၊ သူတို့ချင်း အဆင်ပြေ မပြေကိုတော့ စိမ်းဝေ အစ်ကို အကြောင်း လည်း စိမ်းဝေ သိသားပဲ၊ ပြောမှ မပြတော့ မသိဘူးကွယ်၊ လူကြီးတွေ ကိုတော့ ပြောပြထားပုံ မရဘူး၊ စိမ်းဝေရော အဆင်ပြေရဲ့လား "
စိမ်းဝေ အကြာကြီး တိတ်ဆိတ်နေ သည်။ ပြီးမှ တိုးတိုးပြောသည်။

" ပြေပါတယ်၊ လခလည်း ကောင်းတယ်၊ အတွေ့အကြုံလည်း အများကြီးရတယ်၊ သူတို့က စာချုပ် သက်တမ်း ကုန်ရင် တိုးချင်တယ်လို့တောင် ပြောနေတယ် "
" အာသာနဲ့ရော တွေ့လား "
" အာသာ က တစ်မြို့တည်းပဲ၊ စိမ်းဝေကို ခဏခဏ လာကြည့်ပါတယ်၊ ဂရုလည်း သိပ်စိုက်တာပဲ၊ ဒါပေမဲ့ မနှင်းရယ် " စိမ်းဝေ စကားသံက ရှိုက်သံနှင့် တိမ်ဝင်သွားသည်။ " စိမ်းဝေ ညီမလေး မငိုနဲ့လေ "
စိမ်းဝေ က မသဲမကွဲ ဆက်ရှိုက်နေသည်။ ပြီးမှ ငိုသံပါကလေးနှင့်ပြောသည်။

" စိမ်းဝေ ကိုကိုနဲ့ သိပ်တွေ့ချင်တယ်၊ ဖုန်းနဲ့ဖြစ်ဖြစ် စကားပြောချင်တယ်၊ ကိုကို ဟိုတစ်ခါ ယူကေ မလာခင် စိမ်းဝေကို ဖုန်းဆက်ကတည်းက ကိုကိုနဲ့ စကား မပြောရတော့တာ လေးလလောက်ရှိပြီ "
မနှင်းဖွေး ပါ မျက်ရည်လည်လာသည်။ " ညီမလေးရယ်၊ ညီမလေးနဲ့ စကားပြောဖို့ ကိုကိုက အဆင်သင့် မဖြစ်သေးလို့ပါ၊ သူ အဆင်သင့် ဖြစ်တဲ့နေ့ကျရင် သူကိုယ်တိုင် စဆက်ပါလိမ့်မယ် "
ခေတ္တ တိတ်ဆိတ်နေသည်။ ပြီးမှ ခြောက်ကပ်ကပ်အသံနှင့် မေးသည်။
" ကိုကို က အဲသလို ပြောတာလား မမနှင်း " ယောင်ယမ်း၍ ခေါင်းညိတ်မိသည်။ ပါးစပ်က ဘာမှ မဖြေမိ။
" ပြီးရောလေ၊ စိမ်းဝေ အဲဒီနေ့ကို မျှော်နေပါ့မယ်၊ စိမ်းဝေမှာ ကိုကို့ကို မေးစရာတွေမှ အများကြီးပဲ "
မနှင်းဖွေး ဘာမှ ပြန်မဖြေနိုင်သေး။

ဆက်ရန်
.

No comments: