Sunday, June 3, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၇)

 ရောဘတ် လည်း ပြန်ရောက်မလာသေး။ လက်ဖက်ရည်မသောက်မီ သွားကြည့်ဖို့ အချိန်ရသေး သည်။ ကျွန်မ တုံ့ဆိုင်းဆိုင်းဖြစ်နေမိပါသည်။ တစ်အိမ်လုံး အရမ်းငြိမ်သက်ပြီး အရမ်း တိတ်ဆိတ် နေသည်။ အစေခံ အားလုံး မီးဖိုဆောင်၏ဟိုဘက်ရှိ သူတို့အခန်းများမှာ ရှိနေကြသည်။ဂျက်စ်ပါ သည်လှေကားအောက်ရှိ ရေခွက်ထဲမှရေကို အသံမြည်အောင်သောက်နေ သည်။ သူရေသောက် သံက ပဲ့တင်သံပြန်ပေါ်နေသည်။ အပေါ်ထပ် သို့ ကျွန်မတက်ခဲ့သည်။ ထူးဆန်းသည့် စိတ်အားတက်ကြွမှုဖြင့် ကျွန်မ ရင်တွေ ခုန်နေသည်။ ကို ဆက်ဖတ်ရန်.....

အခန်း (၁၄)

သည်စံအိမ်ကြီးသို့ရောက်လာပြီး နောက်တစ်နေ့မနက်တွင် ကျွန်မ ရပ်နေခဲ့ဖူးသည့် စင်္ကြံထဲမှာပင် ယခု လည်း ရပ်နေမိကြောင်း သတိပြုမိသည်။ ယခင်တစ်ခေါက် ရောက်ပြီးကတည်းက နောက်ထပ် တစ် ခေါက်မှ ပြန်မရောက်တော့။ လာချင်စိတ်လည်း မရှိသောကြောင့်ဖြစ် ပါသည်။ ပြတင်းပေါက် မှ နေရောင် ထိုးဝင်နေသည်။
ဘာသံမျှလည်း မကြားရ။ ဟိုတုန်းကကဲ့သို့ပင် မှိုတက်သည့်အနံ့ကို ရှူရှိုက်နေရသည်။ ဘယ်ဘက်သွား ရမည် ကို ကျွန်မ မဝေခွဲတတ်ပါ။ ကျွန်မ နောက်မှာရှိနေသည့် အခန်းကတော့ ယခင်တစ်ခါ မစ္စက်ဒင်ဗာ ထွက် လာသည့် အခန်းဖြစ်နိုင်သည်။ တံခါးဖွင့်ပြီး အတွင်းသို့ဝင်လိုက်သည်။ အထဲမှာ မှောင်နေသည်။ နံရံမှာ လျှပ်စစ် မီးခလုတ်ရှာပြီး ဖွင့်လိုက်သည်။ အိပ်ခန်းတစ်ခု၏ရှေ့ဘက် နားနေအခန်းကလေးတစ်ခု ထဲ သို့ ရောက်နေကြောင်း သတိပြုမိပါသည်။ အဝတ်အစားလဲသည့်အခန်းလည်း ဖြစ်နိုင်ပါသည်။ နံရံ ပတ်လည် မှာ အဝတ်ဗီရိုကြီးတွေ ပြည့်နေသည်။

ဟိုဘက်မှာ တံခါးတစ်ပေါက်ရှိသည်။ တံခါးဖွင့်ပြီး အတွင်းသို့ဝင်လိုက်သည်။ မီးခလုပ်ရှာဖွင့်သည်။ သည်အခန်း ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်တည်း ပထမဦးဆုံး ကျွန်မ ခံစားလိုက်ရသည်ကား တုန်လှုပ်ချောက်ချား သွားခြင်းပင်ဖြစ်ပါသည်။ အခန်းထဲမှာ ပစ္စည်းအစုံအလင်ဖြင့် ခင်းကျင်းပြုပြင် ထားသည်။
စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခုတင်တွေကို ဖုန်မတက်အောင် အဝတ်များနှင့် ထုပ်ထားပေလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။ ယခု တကယ်တွေ့ရတော့ သည်လိုမဟုတ်ပါ။ မှန်တင်ခုံပေါ်မှာ ဘီးတွေ၊ ဝက်မှင် ဘီးတွေ၊ ရေမွှေးပုလင်းတွေ၊ ပေါင်ဒါဗူးတွေ အစုံအလင်ရှိသည်။ ခုတင်ကိုလည်း သေသေချာချာ ခင်း ကျင်းပြင်ဆင် ထား သည်။ မှန်တင်ခုံနှင့် ခုတင်ဘေးမှ စားပွဲပေါ်တွင်လည်း ပန်းအိုးများ အကျအန ထိုး ထားသည်။ ပိုးဂါဝန် တစ်ထည် ကုလားထိုင်ပေါ်မှာ ရှိနေသည်။ အောက်မှာက ခြေညှပ်ဖိနပ်တစ်ရံ။

သည်အခန်းသည် ရဘက်ကာ မသေမီ က အသုံးပြုခဲ့သည့် အခန်းဖြစ်ရမည်။ ယခုလို ပြင်ဆင်ထားသည် ကို မြင်ရတော့ ရဘက်ကာသည် ယခုပင် သည်အခန်းထဲသို့ ပြန်ဝင်လာပြီး မှန်တင်ခုံပေါ်မှာ ထိုင်ကာ ခေါင်းဖြီးရင်း သီချင်းတအေးအေး ညည်းနေသည်ကို မြင်ယောင်လာသည်။ ကျွန်မသည် တံခါးဝ မှာ ရပ် နေသည်ကို လည်း သူ တွေ့သွားလိမ့်မည်။ သို့သော် ဘာမျှဖြစ်မလာပါ။ ကျွန်မကလည်း ရပ်နေမြဲပင်။ နံရံပေါ်မှ နာရီစက်သံကို ကြားရတော့မှ နာရီနှင့် အချိန်ကိုက်နေသည်ကို တွ့ရသည်။ နာရီ ကိုကြည့် လိုက်တော့ ကျွန်မလက်မှ နာရီနှင့် အချိန်ကိုက်နေသည်ကို တွေ့ရသည်။ ၄ နာရီ ၂၅ မိနစ်။ လက်ဖက် ရည်သောက် ချိန် ရောက်တော့မည်။

အခန်းအလယ်သို့ ကျွန်မ လျှောက်သွားသည်။ အခန်းကို တစ်စုံတစ်ယောက်က အသုံးပြုနေပုံမရပါ။ တစ်ခန်း လုံး မှိုစော်နံနေသည်။ ပန်းအိုးများ အသစ် ထိုးထားသော်လည်း ပန်းနံ့က မှိုနံ့ကို မလွှမ်းနိုင်ပါ။ ခန်းဆီးတွေ ချ ထားသည်။ တရုတ်ကတ်တွေ ပိတ်ထားသည်။ မစ္စက်ဒင်ဗာက သည်အခန်းကို ဘယ်လို ပဲ ပြင်ထားထား ရဘက်ကာ ကိုတော့ ပြန်ခေါ်နိုင်စွမ်းမရှိတော့ပါ။ သူ သေသွားပါပြီ။ သေသွားသည်ကို တစ်နှစ်လောက် ပင် ကြာခဲ့ပါပြီ။ ဘုရားရှိခိုးကျောင်းထဲမှာ မြှုပ်နှံထားပြီး ဖြစ်ပါသည်။
သည်အခန်း ထဲမှနေပြီး ပင်လယ်လှိုင်းသံများကို သဲသဲကွဲကွဲကြားနေရပါသည်။ ပြတင်းပေါက်သို့သွားပြီး တရုတ်ကတ် ကလေး ကို ဖွင့်လိုက်သည်။ ကျွန်မ မြက်ခင်းပေါ်မှာရှိတုန်းက သည်အပေါ်မှနေပြီး ကျွန်မ ကို လှမ်းကြည့်ခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သည့် နာရီဝက်က မစ္စက်ဒင်ဗာနှင့် မစ္စတာဖေဗယ် တို့နှစ် ယောက် သည်နေရာမှာ ရပ်နေခဲ့ကြပါသည်။ အပြင်မှ နေရောင်ဝင်လာသောကြောင့် လျှပ်စစ်ရောင် က ဝါကျံကျံဖြစ်သွားသည်။ တရုတ်ကတ်ကို ပိုကျယ်အောင် ကျွန်မ ဖွင့်လိုက်သည်။ အခန်းထဲ မှာ ပိုပြီး ပြတ်ပြတ်သားသားမြင်လာရသည်။

မှိုစော်နံခြင်းနှင့် ခန်းဆီးများချထားသည်ကို ကျွန်မမေ့သွားသည်။ သည်အခန်းထဲမှာ ကျွန်မကိုယ်ကျွန်မ ဧည့်သည်ဖြစ်သည် ဟု ခံစားနေရသည်။ အခန်းထဲသို့ ဝင်လာပြီးနောက် ကျွန်မ၏ခြေထောက်များ တဆတ်ဆတ် တုန်နေကြောင်း ပထမဦးဆုံး သတိထားလိုက်မိသည်။ ရင်ခုန်နေခြင်းကား မရှိတော့ပါ။
သည်အခန်း အလွန်လှပကြောင်း မစ္စက်ဒင်ဗာ ပြောခဲ့သည်မှာ မှန်ပါသည်။ ချဲ့ကားပြောဆိုခြင်းမဟုတ် ပါ။ သည် တစ်အိမ်လုံးတွင် အလှဆုံးအခန်းဖြစ်ပါသည်။ အသုံးအဆောင်ပစ္စည်းတွေအားလုံးကလည်း အဖိုးတန်တွေ ချည်း ဖြစ်ပါသည်။ ဘီးများကို ကိုင်ကြည့်သည်။ တစ်ချောင်းက အခြားဘီးများထက် ပိုပြီး နွေးနေသည် ကို တွေ့ရသည်။ မှန်ထဲမှာမြင်နေရသော ကျွန်မ၏မျက်နှာသည် အလွန် တရာ ဖြူရော်နေ သည်။ ဆံပင်တွေကလည်း လျော့လျည်းလျော့လျဲဖြင့် စင်းစင်းကြီး ဖြောင့်တန်းနေ သည်။

ကုလားထိုင်ပေါ် ရှိ ဂါဝန်ကို ကျွန်မ သွားကိုင်ကြည့်သည်။ ကြမ်းပေါ်က ခြေညှပ်ဖိနပ်ကို ကောက်ကိုင် ကြည့်သည်။ ကြောက်စိတ်ပေါ်လာသည်။ ကြောက်စိတ်မှတစ်ဆင့် စိတ်ပျက်လာသည်။ ခုတင်ပေါ်မှ သားမွေးစောင် ကို ကိုင်ကြည့်သည်။ ထောင့်စွန်းတစ်နေရာတွင် ရဘက်ကာ၏နာမည်အတိုကောက် ရေး ထိုးထားသည် ကို တွေ့ရသည်။ သေတ္တာကလေးထဲမှာထည့်ထားသော ညဝတ်အင်္ကျီကို ဆွဲထုတ်ကြည့် သည်။ ကျွန်မ၏ မျက်နှာနှင့်လည်း ကပ်ကြည့်မိပါသည်။ အလွန်တရာ အေးစက်နေသည်။ မှိုစော်လည်း နံနေ သည်။ သေတ္တာထဲသို့ ကျွန်မ ပြန်ထည့်ထားခဲ့သည်။
သည်နေရာ မှာ ကျွန်မ ဆက်မနေချင်တော့ပါ။ ထို့ကြောင့် အဝတ်ဗီရိုများ ထားရာ ရှေ့ခန်း ကလေးသို့ ပြန်လာခဲ့သည်။ ဗီရိုတစ်လုံးကို ဖွင့်ကြည့် သည်။ တွေးထင်ထားသည့်အတိုင်းပင် အဝတ် များပြည့်နေ သည်ကို တွေ့ရသည်။ ဗီရိုထဲမှ ထူးဆန်းသော အနံ့တစ်မျိုးလည်း ထွက်နေသည်။ အဇေလီယာ ပန်းနံ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အိပ်ခန်းထဲသို့ ကျွန်မ ပြန်ဝင်လာခဲ့မိပါသည်။ တရုတ်ကတ်ကြား မှ ဝင်လာ သည့်နေရောင်ကြောင့် မြင်ကွင်အားလုံးကို ထင်ထင် ရှားရှား မြင်တွေ့နေ ရပါသည်။

ထိုအချိန်မှာပင် ကျွန်မ နောက်ဘက်မှ ခြေသံကြားရပါသည်။ လှည့်လိုက်သောအခါ မစ္စက်ဒင်ဗာ ကို တွေ့ရသည်။ သူ့မျက်နှာပေါ်က အမူအရာကို ကျွန်မတစ်သက်တွင် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။ အောင်ပွဲခံလိုက်ရသည့် အမူအရာမျိုး၊ စိတ်အားထက်သန်နေသည့် အမူအရာမျိုးဖြစ်သည်။ ကျွန်မ အရမ်းကြောက် သွားမိပါသည်။
"ဘာကိစ္စများ ရှိပါသလဲ ဆရာကတော်" ဟု သူက မေးသည်။
ပြုံးပြဖို့ ကျွန်မ ကြိုးစားပါသည်။ သို့သော် မပြုံးနိုင်ပါ။ စကားပြောဖို့လည်း ကြိုးစားကြည့်သည်။ သို့သော် လည်း မပြောနိုင်ပါ။

"ဆရာကတော် နေကောင်းပါတယ်နော်"
သူက ညင်သာစွာပြောရင်း ကျွန်မအနီးသို့ လျှောက်လာပါသည်။ သူနှင့်ဝေးအောင်နောက်သို့ ကျွန်မ ရွှေ့ လိုက်သည်။ အနီးသို့ သူ ရောက်လာလျှင် ကျွန်မ မေ့မြောသွားလိမ့်မည်ဟု ထင်မိပါသည်။ သူ အသက်ရှုထုတ် လိုက်သည့် လေများက ကျွန်မ၏မျက်နှာပေါ်သို့ ကျလာသည်။ ခဏကြာတော့မှ စကား ပြန်ပြောနိုင် ပါသည်။
"ကျွန်မ နေကောင်းပါတယ် မစ္စက်ဒင်ဗာ။ ရှင်နဲ့ အခုလိုတွေ့ရမယ် မထင်မိ လို့ပါ။ မြက်ခင်းပေါ် ကနေပြီး ပြတင်းပေါက်တွေကို ကျွန်မ လှမ်းကြည့်မိခဲ့တယ်။ တရုတ်ကတ်တစ်ခု ပွင့်နေတာ ကို မြင်ရတယ်။ ဒါ ကြောင့် ပိတ်ဖို့ တက်လာတာပါ"
"ကျွန်မ ပိတ်ပေးပါ့မယ်"

သူက အခန်းကို တိတ်ဆိတ်စွာ ဖြတ်လျှောက်သွားပြီး တရုတ်ကတ်ကို ပိတ်လိုက်သည်။ တိုးဝင်နေ သည့် နေရောင် များ ပျောက်ကွယ်သွားသည်။ ဝါကျင့်ကျင့် လျှပ်စစ်မီးရောင်အောက်တွင် မရေရာသော အခန်းအဖြစ် သို့ ပြန်လည်ပြောင်းလဲသွားသည်။ မစ္စက်ဒင်ဗာက ကျွန်မအနီးသို့ ပြန်လာပြီးရပ်သည်။ ပြီး တော့ ပြုံးသည်။ သို့သော် ယခင်အမူအရာမျိုးမဟုတ်တော့ပါ။ ထိတ်လန့်စရာ ဖြစ်နေပါသည်။ မျက် မှောင် ကိုလည်း ကုပ်ထားသည်။

"တရုတ်ကတ်ပွင့်နေတယ်လို့ ဘာဖြစ်လို့ပြောရတာလဲ ဆရာကတော်။ ဒီအခန်းထဲက မထွက်ခင် ကျွန်မ ကိုယ်တိုင် ပိတ်ခဲ့တာပဲ၊ ဒီတရုတ်ကတ် ကို ဆရာကတော်ကိုယ်တိုင် ပြန်ဖွင့်လိုက်တာ မဟုတ်လား။ ဒီ အခန်း ကို ဆရာကတော် ကြည့်ချင်လို့လေ…။ ဒီအခန်းကို ကြည့်ချင်ပါတယ်လို့ အစက ဘာဖြစ်လို့ မပြောခဲ့ တာလဲ။ ဒီအခန်းကိုပြဖို့ နေ့တိုင်း ကျွန်မ အဆင်သင့် စောင့်နေခဲ့တယ်။ ပြပါလို့ ကျွန်မကို ပြော လိုက်ရုံ နဲ့ ပြီးသွားမယ့်ကိစ္စပါ။"
ဝေးရာသို့ ကျွန်မ ထွက်ပြေးသွားချင်ပါသည်။ သို့သော် ကျွန်မ လှုပ်ရှားလို့မရတော့ပါ။ သူ့မျက်လုံးများ ကိုသာ စိုက်ကြည့်နေမိပါသည်။
"ကိုင်း… ဒီအခန်းထဲကို ဆရာကတော် အခုရောက်နေပြီ။ အကုန်လုံးကို ကျွန်မပြမယ်" သူ့လေသံက ပျားရည်လို ချိုလှသည်။ တစ်ပြိုင်တည်းမှာပင် ကြောက်မက်ဖွယ်ရာလည်း ကောင်းနေသည်။ တစ်စုံ တစ်ရာ လည်း မှားယွင်းနေပုံရသည်။ "ဒီအခန်းကို ဆရာကတော် ကြည့်ချင်နေတာ ကျွန်မ သိပါတယ်။ ကြည့်ချင်နေ တာ ကြာလှပြီလေ…။ ဒါပေမဲ့ ပြခိုင်းရမှာလဲ သိပ်ရှက်နေခဲ့တယ်။

သိပ်ကို ချစ်စရာကောင်း တဲ့ အခန်းပဲ၊ မဟုတ်ဘူးလား၊ ဆရာကတော် တွေ့ဖူးသမျှ အခန်းတွေထဲမှာ ချစ်စရာ အကောင်းဆုံး အခန်းဖြစ်ရမယ်"
ကျွန်မလက် ကို သူ ဆွဲပြီး ခုတင်ဆီသို့ သွားသည်။ ကျွန်မမှာ တွန်းလှန်နိုင်စွမ်းမရှိတော့ပါ။ ကျွန်မ အသား ကို သူ ထိလိုက်သဖြင့် တုန်သွားပါသည်။ သူ့လေသံကိုလည်း ကျွန်မ မုန်းပါသည်။ ပြီးတော့ ကြောက်လည်းကြောက်ပါသည်။
"ဟောဒါ ရဘက်ကာ ရဲ့အိပ်ရာပေါ့၊ မလှဘူးလား၊ ရွှေရောင်အိပ်ရာခင်းကို အမြဲတမ်း ကျွန်မ ခင်းပေး ထားတယ်။ ရွှေရောင် ကို သူ အကြိုက်ဆုံးပဲ။ ဟောဒီသေတ္တာထဲမှာ ညဝတ်အင်္ကျီရှိတယ်။ အခုန ဆရာ ကတော် ကိုင်ကြည့်ခဲ့ပြီးပြီလေ။ သူ မသေချင် နောက်ဆုံးည မှာ သူ ဝတ်သွားခဲ့တာပေါ့။ ကိုင်ကြည့်ချင် သေး သလား" သေတ္တာထဲမှ ညဝတ်အင်္ကျီကို သူ ဆွဲထုတ်လိုက်သည်။

"ကိုင်ကြည့်ပါဦး၊ ဘယ်လောက်နူးညံ့သလဲ။ ဘယ်လောက် ပျော့ပျောင်းသလဲ။ ကျွန်မ လုံးဝမလျှော်ဘူး၊ သူ ဝတ်ခဲ့တဲ့ အတိုင်း ဒီအတိုင်းပဲထားတယ်။ ဒါတင်မကဘူး။ ဒီအခန်းထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးကို သူ မသေခင် နောက်ဆုံးညက အတိုင်း ထားတယ်။ သူ့အတွက် ကျွန်မ အားလုံးလုပ်ကိုင်ပေးခဲ့ရတာ။ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယေယာက် စမ်းပြီးခန့်ကြည့်သေးတယ်။ ဒါပေမဲ့ ရဘက်ကာ က ကျွန်မ က လွဲပြီး ဘယ်သူ့ကို မှ စိတ်တိုင်းမကျဘူး"
ညဝတ်အင်္ကျီ ကို သေတ္တာထဲသို့ သူ ပြန်ထည့်သည်။ ပြီးတော့ ကျွန်မ လက်ကိုဆွဲပြီး ခြေညှပ်ဖိနပ်ရှိရာ သို့ ခေါ်လာ သည်။ "ဟောဒီ ခန်းနေဂါဝန်ကို ကြည့်ပါဦး။ ရဘက်ကာ ဟာ ဆရာကတော်ထက် အများကြီး ပိုပြီး အရပ်မြင့် တယ်။ ဆရာကတော့်ကိုယ် နဲ့ တိုင်းကြည့်ပါလား။ ခွေးချေးတက်ဖြစ်သွားမှာပေါ့။

သူ့ကိုယ်လုံးကိုယ် ထည် က သိပ်လှတာ။ ဟောဒါက သူ့ခြေညှပ်ဖိနပ်လေ…။ သူ အရပ်ရှည် သလောက် ခြေထောက် ကလေး တွေက သေးတယ်။ ကိုယ်လုံးက ငါးရံ့ကိုယ်။ ဟောဒီခုတင်ပေါ်မှာ အိပ်နေပြီ ဆိုရင် အင်မတန်လှတာ။ ပိတုန်းရောင်ထနေတဲ့ ဆံပင်တွေက ဖွာလို့"
ခြေညှပ် ဖိနပ်နှင့် ခန်းနေဂါဝန်ကို ပြန်ချကို ပြန်ချထားလိုက်သည်။ ပြီးတော့ မှန်တင်ခုံဆီသို့ ကျွန်မကို ဆွဲခေါ် သွားပြန်သည်။
"ဟောဒီ ဘီးတွေကိုလဲ ကြည့်ပါဦး။ သူ့ဆံပင်တွေကို နေ့တိုင်း ကျွန်မ ရှင်းပေးရတယ်။ တစ်ခါရှင်းရင် မိနစ်နှစ်ဆယ်လောက် ကြာတယ်။ သူ လက်ထပ်တုန်းက သူ့ဆံပင်တွေက တင်ပါးထိရောက်အောင် ရှည် တယ်။ မစ္စတာဒီဝင်းတား က အမြဲတမ်း ဆံပင်ရှင်းပေးလေ့ရှိတယ်။ ဒီအခန်းထဲကို ကျွန်မ ဝင်လာ တိုင်း သူ့ယောက်ျား က ဆံပင်ရှင်းပေးနေတာကို အမြဲတွေ့ရတယ်" "နောက်ပိုင်းမှာတော့ သူ့ဆံပင်တွေ ကို ဖြတ်ပစ်လိုက်တယ်။

လူတိုင်းက စိတ်မကောင်းဖြစ်ကြတယ်။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။ ကိုယ် လုပ်ချင်တာ လုပ်တာ ဘယ်သူနဲ့ဆိုင်တာမှတ်လို့ ပြော လေ့ရှိတယ်။ ဆံပင်တိုတော့ မြင်းစီးရတာ ရွက်တိုက်ရတာ ပို လွယ် သတဲ့။ မြင်းပေါ်မှာထိုင်လျက် သူ့ပုံ ကို နာမည်ကျော် ပန်းချီဆရာတစ်ယောက်က ဆွဲဖူးတယ်။ အကယ်ဒမီ ပြတိုက်ထဲ မှာ အဲဒီပုံ ချိတ်ထား တယ်။ ဆရာကတော် မြင်ဖူးသလား"
"မမြင်ဖူးပါဘူး… မမြင်ဖူးပါဘူး" ဟု ကျွန်မက ခေါင်းခါပြီး ပြန်ပြောပါသည်။
"ကျွန်မ သိသလောက်တော့ အဲဒီပန်းချီကားဟာ အဲဒီတစ်နှစ်လုံးရဲ့အကောင်းဆုံး ပန်းချီကားပဲ၊ ဒါပေမဲ့ မစ္စက်တာ ဒီဝင်းတား က အရေးမစိုက်ဘူး။ မန်ဒါလေစံအိမ်ကြီးမှာ မချိတ်ရဘူးတဲ့။ သူ့အဝတ်အစားတွေ ကိုရော ကြည့်ချင်သေး သလား"
ကျွန်မအဖြေ ကို သူ မစောင့်ပါ။ အရှေ့ခန်းကလေးဆီသို့ ကျွန်မကို ဆွဲခေါ်လာပြီး ဗီရိုများကို တစ်လုံးပြီး တစ်လုံး ဖွင့်ပြတော့သည်။ ဘယ်အင်္ကျီ က မစ္စတာဒီဝင်းတား လက်ဆောင်ပေးထားတာဖြစ်ကြောင်း၊ ဘယ်ဂါဝန် က နာတာလူး ပွဲတော်လက်ဆောင်အဖြစ် မစ္စတာဒီဝင်းတားက ပေးတာဖြစ်ကြောင်း၊ ဘယ် အနွေးထည် က မစ္စတာဒီဝင်းတားက မွေးနေ့လက်ဆောင်အဖြစ် ပေးတာဖြစ်ကြောင်း အဆက် မပြတ် ပြောနေတော့သည်။

ကျွန်မ၏လက်မောင်း ကို ပို၍တင်းကျပ်အောင် သူ ဆုပ်ကိုင်လိုက်ပြန်ပါသည်။ သူ့ခါးကိုလည်း ကိုင်း လိုက်သည်။ မျက်တွင်းဟောက်ပက် မျက်နှာကြီးက ကျွန်မ မျက်နှာကို စိုက်ကြည့်ပြီး အကဲခတ်နေပြန် သည်။ သည်နေရာ မှ ဝေးရာသို့ ကျွန်မ ထွက်ပြေးချင်ပါသည်။ သူပြောနေသည့် စကားများကိုလည်း နားထောင် မနေချင်တော့ပါ။ သို့သော် ကျွန်မမှာ စွမ်းအားများ ကုန်ခန်းနေပါပြီ။
"သူ သေမယ့်ညတုန်း က ရှပ်အင်္ကျီ နဲ့စကတ်တိုပဲ ဝတ်ထားတယ်။ အလောင်းပြန်တွေ့တော့ အဲဒီအဝတ် အစားတွေ တစ်ခုမှ မရှိတော့ဘူး။ အင်မတန် ချောမောလှပတဲ့ သူ့မျက်နှာကလေးကိုလဲ မမှတ်မိတော့ ဘူး။ လက်နှစ်ဖက် လဲ မရှိတော့ဘူး။ ပင်လယ်ထဲမှာ ကျောက်ဆောင်တွေနဲ့တိုက်မိတာပေါ့။ အလောင်း က အက်ခ်ျကွန်ဘီ မှာ သွားပေါ်တာ။ မစ္စတာဒီဝင်းတားလိုက်သွားပြီး သူ့အလောင်းဖြစ်ကြောင်း အတည် ပြုခဲ့ ရတယ်။ သူတစ်ယောက်တည်း လိုက်သွားတယ်။ အဲဒီတုန်းက မစ္စတာဒီဝင်းတားဟာ စိတ်ထောင်း ကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို တားလို့မရဘူး။ မစ္စတာ ခရော်လေတောင် တားလို့ မရဘူး"

သူ့စကားကို ခဏရပ်လိုက်သည်။ ကျွန်မကို စိုက်ကြည့်နေသည့် မျက်လုံးများကတော့ အမူအရာလုံးဝ မပြောင်း။ "ရဘက်ကာ ဒီလိုကွယ်လွန်သွားရတဲ့အတွက် ကျွန်မကိုယ်ကျွန်မ တစ်သက်လုံး ခွင့်မလွှတ်နိုင်တော့ ဘူး။ အဲဒီညနေ က ကျွန်မ အပြင်ကို ထွက်သွားမိတယ်။ ကားရစ်မြို့ ကို နေ့လယ်ကတည်း က သွားလည် နေတာ။ ညမှ ပြန်လာခဲ့တယ်။ ရဘက်ကာကလဲ လန်ဒန်ကို သွားနေတာ ကိုး။ စောစောပြန်လာလိမ့်မယ် လို့ ကျွန်မ မထင်မိဘူး။ ဒါကြောင့် ခပ်အေးအေးနေပြီး ညကိုးနာရီ ခွဲတော့မှ ကျွန်မ အိမ်ကိုပြန်ရောက် တယ်"
"တကယ်တော့ ၇ နာရီမထိုးခင် ကတည်းက ရဘက်ကာ ပြန်ရောက်လာတယ်တဲ့။ ညစာစားပြီး အပြင် ကို ပြန်ထွက် သွားတယ်တဲ့။ ပင်လယ်ကမ်းခြေကို သွားတာဖြစ်မှာပေါ့။ ကျွန်မ အရမ်းစိတ်ပူသွားတယ်။ ဒီအချိန် က အနောက်တောင်လေတိုက်ပြီး ရာသီဥတုက ဆိုးရွားနေတယ်။ ကျွန်မသာဆိုရင် မသွားစေ ရဘူး။ ကျွန်မ စကားကို လဲ နားထောင်တယ်၊ ဟိုတုန်းကလဲ ကျွန်မ တားရင် မသွားတော့ဘဲ ကျွန်မနဲ့ထိုင် ပြီး စကားတွေပြောနေတော့ တာပဲ"
ကျွန်မ၏ လက်မောင်း ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းကလေးများ လျော့ပြေလာသည်။ ပြီးတော့ ဆက်ပြောပြန် သည်။

"အဲဒီညတုန်းက မစ္စတာဒီဝင်းတားက မစ္စတာ ခရော်လေအိမ်မှာ ညစာသွားစားနေတယ်။ သူ ဘယ် အချိန်ပြန်ရောက် လာသလဲ ကျွန်မ မသိဘူး။ ဆယ့်တစ်နာရီနောက်ပိုင်းမှာ ဖြစ်မှာပေါ့။ သန်းခေါင်မတိုင် မီက စပြီး မုန်တိုင်းကျနေတယ်။ ရဘက်ကာကလဲ ပြန်မလာသေးဘူး။ အောက်ထပ်ကိုဆင်းသွားတော့ စာကြည့်ခန်း တံခါးအောက်က မီးရောင်ထွက်နေတာကိုလဲ မတွေ့ရဘူး။ အပေါ်ပြန်တက်လာပြီး မစ္စတာ ဒီဝင်းတား အခန်းကို သွားခေါက်တယ်။ ဘယ်သူလဲလို့ အခန်းထဲကနေပြီး ချက်ချင်းပြန်မေးတယ်။ ကျွန်မ က ရဘက်ကာ ပြန်မရောက်လို့ စိတ်မချကြောင်း ပြောပြတယ်"
"ခဏကြာတော့ သူထလာပြီး တံခါးဖွင့်ပေးတယ်။ ကမ်းခြေ က တိုက်ပုကလေးထဲမှာ သူ အိပ်နေမှာပေါ့ လို့ ပြော တယ်။ ခါတိုင်းလဲ အိပ်နေကျပဲလို့ ပြောတယ်။ မစ္စတာဒီဝင်းတားကို ကြည့်ရတာ သိပ် ပင်ပန်း နေပုံပဲ၊ ဒါနဲ့ ကျွန်မလဲ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့တယ်။ တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူ။ ရဘက်ကာ ဘာတွေ လုပ်နေသလဲဆိုတာကိုပဲ တွေးနေမိတယ်"

"မနက် ငါးနာရီခွဲတဲ့အထိ အိပ်ရာပေါ်မှာ ကျွန်မ ငုတ်တုတ်ထိုင်နေမိသည်။ နောက်ဆုံး ဆက် မစောင့်နိုင် တော့တဲ့အခါမှာ အနွေးထည်ဝတ်ပြီး ဆိပ်ကမ်းက တိုက်ပုကလေးဆီ ထွက်လာခဲ့တယ်။ အလင်းရောင် လဲ ရနေပါပြီ။ လေလဲငြိမ်နေပြီ။ ဆိပ်ကမ်းရောက်လို့ ကြည့်လိုက်တော့ ဗော်ယာမှာ ရွက် သင်္ဘောကပ် ထားတာ မတွေ့ရဘူး။ ရာဘာလှေကလေးတစ်စီးပဲ တွေ့ရတယ်"
ကျွန်မ လက်မောင်း ကို သူ လွှတ်လိုက်သည်။ ပြီးတော့ လက်နှစ်ဖက်ကို ဘေးမှာချထားသည်။ စကား ထပ်ပြောသော အခါ စောစောက ခံစားချက်များအားလုံး သူ့လေသံထဲမှာ မရှိတော့ ပါ။ နေ့စဉ်ပြောနေ ကျ လေသံမျိုးပြန်ဖြစ်လာသည်။

"အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ ရဘက်ကာရဲ့သင်္ဘောပေါ်က အသက်ကယ်ဘောတစ်ခု ကားရစ်ဆိပ်ကမ်းမှာ လာ တင်တယ်။ နောက်နေ့ကျတာ့ တခြားဘောတစ်ခုကို ကျွန်မတို့ဆိပ်ကမ်းက အငူကလေးအောက် နား မှာ ပုစွန်ဖမ်းတဲ့ လူတွေက သွားတွေ့တယ်။ တခြားအပိုင်းအစတွေလဲ ဒီရေနဲ့ပါလာတယ်"
မစ္စက်ဒင်ဗာ သည် ကျွန်မအနားမှနေ၍ တစ်ဖက်သို့လှည့်ထွက်သွားသည်။ စားပွဲအံဆွဲများ ကို ပြန်ပိတ် နေသည်။ နံရံပေါ်မှ ဓာတ်ပုံတစ်ပုံကိုလည်း နေသားတကျဖြစ်အောင် ပြင်နေသည်။ ကျွန်မက သူ့ကို စောင့်ကြည့်နေ သည်။ ဘာလုပ်ရမှန်းမသိ။

"အဲဒီအချိန်ကစပြီး ဒီအနောက်ဆောင် က အခန်းတွေကို မစ္စတာဒီဝင်းတားက ဘာကြောင့်မသုံးတော့ တာလဲ ဆိုတာ ဆရာကတော် အခု သိပြီမဟုတ်လား" ဟု သူက ပြောသည်။
ပြတင်းပေါက်တွေရော တရုတ်ကတ်တွေပါ ပိတ်ထားသည့်ကြားက ပင်လယ်လှိုင်းပုတ်သံများကို အတိုင်း သားကြားနေရပါသည်။
"ရဘက်ကာ ရေနစ်သေဆုံးခဲ့တဲ့ အချိန်ကစပြီး ဒီအခန်းတွေကို သူ မသုံးတော့ဘူး။ သူ့ပစ္စည်းတွေအား လုံး ကို နေရာရွှေ့ပစ်ုလိက်တယ်။ စင်္ကြံရဲ့အဆုံးမှာ သူ့ဖို့ အခန်းတစ်ခန်းပြင်ပေးရတယ်။ အဲဒီမှာလဲ သူ သိပ်အိပ်ပုံ မပေါ်ဘူး။ ကုလားထိုင်ပေါ်မှာထိုင်နေတာကများတယ်။ မနက်ကျ သူ့အခန်းဝင်ရှင်းရင် တစ် ခန်းလုံး စီးကရက်ပြာတွေပွနေ တာပဲ။ နေ့ဘက်ကျတော့လဲ စာကြည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် အဆက် မပြတ် လမ်းလျှောက်နေတာကို ဖရစ်က ကြားရတယ်"
ကုလားထိုင်ဘေးက ကြမ်းပြင်ပေါ်မှ စီးကရက်ပြာများကို ကျွန်မလည်း မြင်နိုင်ပါသည်။ သူ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည့်ခြေသံကိုလည်း ကျွန်မ ကြားနိုင်ပါသည်။ မစ္စက်ဒင်ဗာက အခန်း တံခါး ကို ပိတ်လိုက်သည်။ မီးများကိုပါ ပိတ်လိုက်သည်။ အခန်းထဲရှိ ပစ္စည်းများကို မမြင် ရတော့ပါ။ အခန်းဝမှ နေ၍ ကျွန်မကို သူ စောင့်နေပါသည်။

"ဒီအခန်းကို ကျွန်မကိုယ်တိုင် နေ့တိုင်းလာပြီး ဖုန်သုတ်တယ်။ တံမြက်စည်းလှဲတယ်။ ဆရာကတော် လာကြည့်ချင်သေးသပ ဆိုရင် ကျွန်မကို ပြောရုံနဲ့ ကိစ္စပြီးပါတယ်။ ဒီအခန်းထဲကိုတော့ ဘယ်အိမ်ဖော်ကို မှ ဝင်ခွင့် မပေးဘူး။ ကျွန်မကလွဲပြီး ဘယ်သူ့ကိုမှ လာခွင့်မပေးဘူး"
သူ့အမူအရာ သည် ဟိုစောစောက အမူအရာသို့ ပြန်ပြောင်းသွားပြန်သည်။ မျက်မှောင်ကုပ်ထားသည်။ မပျော်ပိုက် သလို၊ စိတ်မချမ်းသာသလို အမူအရာမျိုးပေါ်လာသည်။ ပြုံးပြန်တော့လည်း တစ်ခုခုမှားနေ သလို ရှိသည်။

"မစ္စတာဒီဝင်တား ခရီးသွားနေတဲ့အခါမျိုးမှာ ဆရာကတော် တစ်ယောက်တည်းပျင်းနေလို့ ဒီအခန်းကို လာပြီး ထိုင်ချင်စိတ်ပေါ်ချင်ပေါ်လာ ပါလိမ့်မယ်။ အဲဒီစိတ်မျိုးပေါ်ရင် ကျွန်မကိုပြောပါ။ ဒီအခန်းဟာ သိပ်လှတဲ့ အခန်း။ ဒီအခန်းထဲက ရဘက်ကာ ထွက်သွားတာကြာပြီလို့ ဆရာကတော် မထင်နိုင်ပါဘူး။ အခုပဲ အပြင် ကို သူ ထွက်သွားပြီး ညနေကျပြန်လာမှာပဲလို့ ထင်ရတယ်မဟုတ်လား။ အဲဒီလို ထင်ရ လောက်အောင်လဲ ကျွန်မ နေ့တိုင်းဂရုစိုက်ပြီး ပြင်ထားခဲ့တယ်"
ကျွန်မ ကြိုးစားပြီး ပြုံးလိုက်ပါသည်။ စကားတော့မပြောနိုင်ပါ။ ကျွန်မ၏လည်ချောင်းထဲမှာ ခြောက်သွေ့ ပြီး တင်းကျပ်နေပါသည်။
"ဒီအခန်းတစ်ခု တည်း မဟုတ်ပါဘူး။ ဒီအိမ်ကြီးမှာ အခန်းတွေ အများကြီးရှိပါတယ်။ ခန်းမကြီး၊ နံနက် ခန်း၊ ပန်းအလှပြင်တဲ့အခန်း… အဲဒီအခန်းတိုင်းမှာ သူ ရှိနေတယ်လို့ ကျွန်မ စိတ်ထဲမှာ ခံစားရပါတယ်။ ဆရာကတော်ရော ဒီအတိုင်း ခံစားရပါသလား"
သူက ကျွန်မကို စူးစမ်းသလို စိုက်ကြည့်နေသည်။ ပြီးတော့ သူ့အသံက လေသံအဖြစ်သို့ ပြောင်းသွားပါ သည်။

"တစ်ခါတစ်ရံ စင်္ကြံထဲမှာ ကျွန်မ လျှောက်သွားတဲ့အခါ ကျွန်မနောက်က သူ လိုက်လာတယ်လို့ ခံစားရ ပါတယ်။ ခြေသံသဲ့သဲ့ ကို ကြားနေရသလိုပဲ။ ဘယ်နေရာမှာမဆို ကြားနေရတယ်။ သူ ရပ်နေပုံ သူ လမ်း လျှောက်နေပုံတွေကိုလဲ မြင်ယောင်နေမိပါတယ်။ အခုလို ကျွန်မတို့နှစ်ယောက် စကားပြောနေတာ ကို သူ မြင်နိုင်တယ်လို့ ဆရာကတော့ ထင်ပါသလား။ သေသွားတဲ့လူက အသက်ရှင် ကျန်ရစ်တဲ့ လူတွေဆီ ပြန်လာပြီး ကြည့်နေနိုင်တယ်လို့ ထင်ပါသလား"
ကျွန်မ တံတွေးမျိုချ လိုက်မိသည်။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
"ကျွန်မ မသိပါဘူး… ကျွန်မ မသိပါဘူး" ကျွန်မ အသံကျယ်သွားပါသည်။ သဘာဝသံမဟုတ်ပါ။ ကျွန်မ ၏အသံ လည်း မဟုတ်ပါ။

"တစ်ခါတစ်ခါကျတော့ ကျွန်မ စဉ်းစားနေမိတယ်။ ရဘက်ကာဟာ ဒီမန်ဒါလေစံအိမ်ကြီးကိုပြန်လာပြီး မစ္စတာဒီဝင်းတား နဲ့ ဆရာကတော်တို့ နေထိုင်ကြပုံကို ချောင်းများကြည့်ရင် ဘယ်လောက်ကောင်းမလဲ လို့ တွေးကြည့် မိပါတယ်"
တံခါးပေါက်နား မှာ ကျွန်မတို့ ရပ်နေကြသည်။ အပြန်အလှန်လည်း စိုက်ကြည့်နေကြသည်။ ကျွန်မ၏ မျက်လုံးများ ကို ဘေးသို့လွှဲဖယ်၍ မရပါ။ သူ့မျက်လုံးထဲတွင် မုန်းတီးစိတ်များ၊ နာကျည်းစိတ်များ၊ မကျေ နပ်စိတ် များ မည်မျှကြီးမားနေကြောင်း သိသာလှပါသည်။ ထို့နောက် သူက တံခါးဖွင့်လိုက်သည်။

"ရောဘတ် ပြန်ရောက်နေပါပြီ။ ဆယ့်ငါးမိနစ်လောက်ရှိသွားပြီ။ သစ်အယ်ပင်အောက်မှာ ဆရာကတော် အတွက် လက်ဖက်ရည်ပွဲပြင်ဖို့လဲ အမိန့်ပေးပြီးပါပြီ"
အခန်းထဲမှ ကျွန်မ ထွက်သာအောင် သူက ဘေးဖယ်ပေးသည်။ စင်္ကြံသို့ ဒယီးဒယိုင်ဖြင့် ကျွန်မ ထွက်ခဲ့ သည်။ ဘယ်ကို သွားနေသည်ဟုလည်း ကိုယ်ဟာကိုယ် မသိတော့။ သူ့ကိုလည်း ဘာစကားမျှပြန် မပြော ဖြစ်။ မျက်မမြင်တစ်ယောက်လို လှေကားအတိုင်း ဆင်းလာခဲ့သည်။ ပြီးတော့ အရှေ့ဘက်ဆောင် ရှိ ကျွန်မတို့အခန်းသို့ ပြန်လာခဲ့သည်။ တံခါးကို အတွင်းမှ သော့ခတ်လိုက်သည်။ သော့ကို ကျွန်မအိတ်ထဲ မှာ ထည့်ထား လိုက်သည်။ ပြီးတော့ ခုတင်ပေါ်မှာ လှဲချလိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။
မချိမဆန့်သော နာကျည်းမှုကို ကျွန်မ ခံစားရပါတော့သည်။

ဆက်ရန်
.

No comments: