Sunday, June 3, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၄)

အော်လဗာသည် သားလုပ်သူ၏ အဖြစ်ကို ကြည့်ပြီး မနည်း မျက်ရည် ဆည်ထားရ၏။ အတတ်နိုင် ဆုံး ကူညီဖို့ လည်း ဆုံးဖြတ်ထားပြီ။
"မစ္စက်ကာတာ နဲ့လဲ ဦးတို့ ဆွေးနွေးပြီးပါပြီ။ သားဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ ကလေး ရဲ့ တာဝန် ယူနိုင်သူဖြစ်ကြောင်း လက်မှတ်ထိုးပေးမယ်တဲ့။ လက်ဆောင်လေး ဘာလေးတော့ မျှော်လင့် တာပေါ့ကွာ၊ မင်းတို့ သားအဖကြည့်ပေးလိုက်ပေါ့၊ ဒါပေမယ့် သတိတော့ ထားရမယ်နော်၊ ကလေး ကို ငွေနဲ့ဝယ်တဲ့ သဘောမျိုး မသက်ရောက်စေရဘူး၊ အဲဒါ ဆိုရင်တော့ ရာဇ၀တ်မှုပဲ၊ ဒါပေမယ့် မပူပါနဲ့၊ ဦး တို့ ရေးပေးမယ့် စာချုပ်မှာ သူလက်မှတ် ထိုးပါ့မယ် တဲ့၊
ကို ဆက်ဖတ်ရန်...........

နောက်အပါတ်မှာ ဘာကာစဖီး ရုံးချိန်ရက်ရမယ်၊ အားလုံး အဆင်ပြေမယ်ဆိုရင် အဲဒီနေ့မှာပဲ သားသေးကို မင်း တစ်ခါတည်း ခေါ်ပြန်လာနိုင်ပါလိမ့်မယ်"
"အဲဒီရက် မတိုင်ခင် ကျွန်တော် ဘာလုပ်ရလဲဟင်" ဘင်ဂျမင် ဆောက်တည်ရာမရ ပုံစံဖြင့် မေးသည်။
"အဲဒါတော့ ဦးတို့ ဘာမှ မတတ်နိုင်ဘူးသား၊ ကလေးက ကောင်းကောင်းမွန်မွန်ထားတဲ့ နေရာမှာ ရှိနေပါတယ်လေ" ဘင်ဂျမင် မကျေမနပ်နှင့် သဘောတူလိုက်ရသည်။ ဆန္ဒရာကို စာချုပ်လက်မှတ်ထိုးဖို့ ရှာတွေ့ပါစေ ဟုသာ ဆုတောင်းရတော့မည်။

အခန်း (၂၆)


သားအဖနှစ်ယောက် ဘာကာစဖီးသို့ ထွက်ခဲ့ကြသည်။ ကားပေါ်တွင် ဘင်ဂျမင်တစ်ယောက် ရင်တထိတ်ထိတ်နှင့်။ နှစ်ယောက်သား အတွေး ကိုယ်စီဖြင့် စကား သိပ်မပြောဖြစ်ကြ။
အော်လီဗာ က စတင်ရမည့် ဘ၀သစ်အကြောင်း စဉ်းစားလာသည်။ ကလေးတွေ မွေး ချင်ပါသည် ဆို သော ရှားလော့၊ အက်နက်ကလေးတစ်ယောက် ထပ်တိုးလာဦးမည့် အဖြစ်။
သို့သော် ဘင်ဂျမင်ကတော့ အက်နက်၏ အကူအညီဖြင့် ကလေးကို သူ့ဘာသာသူ တာဝန်ယူမည် ဆိုသည်၊ ဘင်ဂျမင်နှင့် အက်နက်တို့နှစ်ယောက် ပုခက်တွေ ဘာတွေ ဆင်ထားပြီးပြီ၊ ကစားစရာ တွေလည်း အများကြီး ၀ယ်ထား၏။

မစ္စက်ကာဘာအိမ် တွင် အက်နက် အ၀တ်အစားတွေ ၀င်ယူဖို့ ဘင်ဂျမင်က ပြောသည်၊ အော်လီဗာက အပြန် မှ ယူရန် အကြံပေး၏။ တစ်စုံတစ်ခု အမှားအယွင်း ဖြစ်မှာကို အော်လီဗာ စိုးရိမ်နေဆဲ ဖြစ်၏။ ဆန္ဒရာ့ ကို ဘယ်မှာမှ ရှာမရကြောင်း သိရသည်။ သို့သော် ဘင်ဂျမင့်အလိုကျ ဖြစ်အောင် ကြိုးစားပေးမည် ဟု ရှေ့နေကြီးတွေက ကတိပေးထားသည်။
သြဂုတ်လနောက်ဆုံးအပါတ်ဖြစ်၍ ဘာကာစဖီး ရာသီဥတုမှာ ပူပြင်းလှသည်။ သားအဖနှစ်ယောက် တရားရုံးရှေ့တွင် ကားရပ်ပြီး အဆောက်အအုံထဲသို့ ၀င်ခဲ့ကြသည်။
ရှေ့နေကြီးတွေ ရောက်နှင်နေကြပြီ။ တရားရုံးတွင် သားအဖနှစ်ယောက် နေရာယူလိုက်ကြ၏။ ဘင်ဂျမင် ကြောက်နေသည်။ ကာကီဘောင်းဘီနှင့် ဂျာကင်အပြာရောင်ကို ၀တ်ထားသည်။ ဘီးလစ် စာရေးကြီးက အားလုံးမတ်တပ်ရပ်ဖို့ ပြောတော့ အော်လီဗာက သားဖြစ်သူကို အားပေး ပြုံးပြပြီး လက်မောင်းကို ညှစ်လိုက်သည်။ "အားလုံး အိုကေမှာ သားရယ်" ဘင်ဂျမင် က နွမ်းနယ် စွာဖြင့် ပြန်ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ"
သို့သော် အပိုင်တွက်၍ မရကြောင်း နှစ်ယောက်စလုံး သိနေကြသည်။ တရားသူကြီးက အချီး စကား ပြောရာတွင် သူ့မျက်နှာမှာ သိသိသာသာလေးနက်နေ၏။
မစ္စက်ကာဘာ ၏ ထွက်ချက်ကို ရုံးတော်တွင် ဖတ်ကြားသည်။ သည်မိန်းမကြီးနှင့် မျက်နှာချင်း မဆိုင်ရသည့် အတွက် အော်လီဗာတို့ သားအဖနှစ်ယောက်လုံး ၀မ်းသာနေကြသည်။ ဆန္ဒရာ လက်မှတ်ရေး ထိုးပြီး စောင့်ရှောက်ရေးအဖွဲ့တွင် တင်ထားခဲ့သည့်လျှောက်လွှာကို သက်သေအဖြစ် ရုံးတော် သို့ တင်ပြသည်။
ထို့နောက် ကလေး၏ အနာဂတ်အတွက် အစီအမံများကို တင်ပြသည်။ ကလေးကို ၀တ်ဆင် မိသားစုနေအိမ်တွင် ဘင်ဂျမင်၏အဖေ၊ ညီ၊ ညီမတို့နှင့်အတူ အိမ်ဖော် အမျိုးသမီးက စောင့်ရှောက် ထိန်းသိမ်း မည်။ ကလေး၏ အဖေ ကောလိပ်တက်နေစဉ်ကာလတွင်လည်း အားလုံးက တာဝန်ယူမည်။
ဘင်ဂျမင် တက်မည့် တက္ကသိုလ်မှာ ဖွင့်ဖို့ တစ်ပတ်သာ လိုတော့သည်။ စာအုပ်ဆိုင် အချိန်ပိုင်း အလုပ်ကို သူ လက်မလွှတ်သေး။

တရားသူကြီးမင်းသည် ဝေခွဲ၍ မရသည့်ပုံဖြင့် တစ်ဘက်မှ အကျိုးတော်ဆောင်ရှေ့နေကြီးကို ဘင်ဂျမင်နှင့် တရားခွင်သို့ ၀င်ရန် ဆင့်ဆိုသည်။ ထို့နောက် ဘင်ဂျမင်ကို ကျမ်းကြိမ်ခိုင်းသည်။
မေးစရာ များ ရှိ၍ ကျမ်းကြိမ်ခိုင်ခြင်းဖြစ်ကြောင်း တရားသူကြီးက ရှင်းပြသည်။ ဘင်ဂျမင်သည် သက်သေ ၀က်ခြံထဲတွင် ဒူးတွေတဆတ်ဆတ်တုန်သည်။ အဖေ့ကို တစ်ချက် လှမ်းကြည့်သည်။
"ဒါဟာ လုပ်နေကျ ကြားနာစစ်ဆေးမှုမျိုး မဟုတ်ဘူးဆိုတာ နားလည်ထားပါ မစ္စတာဘင်ဂျမင် ၀တ်ဆင်၊ သိပ်လေးနက် သိမ်မွေ့ တဲ့ အကြောင်းအရာတစ်ခုကို ရုံးတော်က ဆွေးနွေးမှာ ဖြစ်တယ်၊ ကလေး တစ်ယောက် ရဲ့ ဘ၀ဟာ ကြိုးတန်းပေါ်မှာ ရောက်သလို ဖြစ်နေတယ်၊ အဲဒါလည်း သဘောပေါက် ရဲ့လား" ဘင်ဂျမင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

သို့သော် ဣနြေ္ဒမပျက်ခေါင်းညိတ်ပြီး ...
"ဟုတ်ကဲ့ခင်ဗျား၊ ကျွန်တော် နားလည်ပါတယ်"
"အဲလက်ကာ ဘာဆိုတဲ့ ကလေးဟာ၊ မောင်ရင့်ကလေး၊ မောင်ရင့်ကလေးအဖြစ် ခံယူသလား"
"ဟုတ်ကဲ့၊ အဲလက်စ်ဟာ ကျွန်တော့်သားပါ" "ခုလောလောဆယ် ကလေးအမေနဲ့မောင်ရင် အတူတူနေ သလား" "ခု မနေပါဘူး ခင်ဗျာ" "ဟိုတုန်းက ဘယ်လောက်ကြာကြာ အတူတူနေခဲ့ဖူးသလဲ"
"တစ်နှစ်လောက် နေခဲ့ဖူးပါတယ်" "လက်ထပ်ပြီး အတူတူနေတာလား" "မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော် တို့ လက်ထမပ်ကြပါဘူး" "ကလေးနဲ့ ကလေးအမေကို ငွေကြေးထောက်ပံ့သလား"

"ဟုတ်ကဲ့၊ ကလေးမမွေးခင် ခြောက်လလောက် ကတည်းက ကျွန်တော် ရှာကျွေးလာခဲ့တာပါ။ လင်မယား ကွဲတဲ့ အထိပါပဲ၊ နောက်ပိုင်းမျာပဲ ကျွန်တော် ... အဲ ... ကျွန်တော့် ဖခင်နဲ့ ကျွန်တော်ပဲ လစဉ်ဒေါ်လာခြောက်ရာထောက်ပံ့ ခဲ့ပါတယ်" တရားသူကြီး က ခေါင်းတညိတ်ညိတ်လုပ်ပြီး ဆက်မေး သည်။ "ဒီအရွယ်ကလေး တစ်ယောက် ကို ဘယ်လိုကျွေးမွေး ထိန်းသိမ်းရမယ် ဆိုတာ မောင်ရင် သိသလား" "ဟုတ်ကဲ့၊ ကျွန်တော်တို့ မကွဲခင်အထိ သားကလေးကို ကျွန်တော်ပဲ ထိန်းခဲ့ရတာပါ။ ဆန္ဒရာ ... အဲ ... သူ့အမေ က အမြဲတမ်း အပြင်ထွက်နေတာပါ၊ ပြီးတော့ ကလေးကို ဘယ်လို ပြုစုရမယ်ဆိုတာ သူလုံးလုံး မသိပါဘူး" "မောင်ရင်က သိတယ်ပေါ့" တရားသူကြီးက နားမလည်သလို မေးသည်။ ဘင်ဂျမင် အခြေအနေ ကို ထိန်းလိုက်နိုင်၏။

"ဒီလို မဟုတ်ပါဘူးခင်ဗျာ၊ ပထမ ကျွန်တော် ဘာမှ မသိပါဘူး၊ ကျွန်တော် ဖြည်းဖြည်း သင်ယူရတာ ပါ၊ အလုပ် က ပြန်လာရင် ကျွန်တော်ပဲ ထိန်းရတော့ တဖြည်းဖြည်း နားလည်လာတာပါ။ တစ်ခါတစ်လေ ကလေး ကို ကျွန်တော့်အလုပ်ထဲ ခေါ်သွားရတဲ့အခါမျိုးလဲ ရှိပါတယ်။ သူတို့ သားအမိအတွက် ကျွန်တော် အဲဒီတုန်းက အလုပ်နှစ်ခုတပြိုင်တည်း လုပ်နေရပါတယ်" "ကလေးကို အလုပ်ထဲ ခေါ်သွားတယ်၊ ဟုတ်လား" "ဟုတ်ကဲ့၊ သူအိမ်မှာ မရှိတဲ့ အခါမျိုးမှာ ကြည့်ပေးမယ့် လူတစ်ယောက်မှ မရှိလို့ ခေါ်သွား ရတာပါ။ ကျွန်တော်တို့မှာ ကလေးထိန်းငှားနိုင်တဲ့ အင်အား မရှိကြပါဘူး" တရားသူကြီးကို လှမ်းအကဲခတ် လိုက်သည်။ ခံစားမှုအလျဉ်း မရှိသည့်မျက်နှာမျိုး။ ဘင်ဂျမင် ပြောပုံဆိုပုံကို အော်လီဗာ ဂုဏ်ယူ မဆုံး ဖြစ်နေ သည်။ လုံးဝ ရင့်ကြက်နေကြောင်း သူ့ထွက်ဆိုပုံက ပြနေပြီလေ၊ ဘင်ဂျမင်တစ်ယောက် လုံးဝ လူကြီး ဖြစ်နေပါပေါ့လား။ ပြီးတော့ ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်နေပြီ။ တရားသူကြီး သဘောပေါက်နိုင် လိမ့်မည် ထင်ပါ၏။

"ဒါဖြင့် ခု မောင်ရင်နဲ့ ကလေးနဲ့ အဖေ့ဆီမှာ နေကြမယ်ပေါ့၊ ဟုတ်လား"
"ဟုတ်ပါတယ်ခင်ဗျာ" "မောင်ရင့်အဖေက သဘောတူသလား" အော်လီဗာက ဘင်ဂျမင်ကို လှမ်းပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ခင်ဗျာ၊ သဘောတူပြီးသားပါ"
"အဖေ့ အိမ်ကနေ တစ်နေ့နေ့ မောင်ရင်ထွက်သွားရင်ကော၊ ဥပမာကွာ ကျောင်းကနေ ဒုတိယ အကြိမ် အထုတ် ခံ ရတာမျိုး။ ဒါမှမဟုတ် နောက်မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး လိုက်သွားတာ မျိုးပေါ့"
"ကျွန်တော့် ဘယ်သွားသွား သားကလေး ကို ခေါ်သွားမှာပါပဲ၊ ကျွန်တော့်ဘ၀မှာ သူ့ထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ ကျောင်းက အထုတ်ခံရရင်လဲ အရင်ကလိုပဲ အလုပ်လုပ်ပြီး သူ့ကို ကျွေးမှာပါ" "ကဲ ... အနားယူနိုင်ပါပြီ မစ္စတာဝတ်ဆင်၊ တရားခွင်ကို ဆယ့်ငါးမိနစ် နားပါမယ်"
တရားသူကြီး က တူကလေးကို ထုပြီး ထသွားသည်။ ဘင်ဂျမင် ဆက်ရပ်နေ၏။ သူ့ကိုကြည့်ရသည် မှာ တည်တည်ငြိမ်ငြိမ် ဟု ထင်ရသည်။ သို့သော် သူ့တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ။။

ရှေ့နေကြီးက တိုးတိုးကပ် ပြောသည်။
"အဲဒီအတိုင်း ဆက်လုပ်၊ သိပ်နှိပ်တာပဲ၊ သား အရမ်းတော်တယ်"
"ဘာလို့ အနားပေးလိုက်တာလဲဗျ" အော်လီဗာက နားမလည်သလို ၀င်မေးသည်။
"သက်သေခံ စာရွက်စာတမ်းတွေ သူပြန်ဖတ်ဦးမှာပေါ၊ သေချာအောင် ပြန်ကြည့်ရတယ် အော်လီဗာ၊ အိုကေ မှာပါ၊ ဘင်ဂျမင်ထွက်တာ သိပ်ကောင်းတာပဲ၊ ကျုပ်ကလေးတွေ ဘင်ဂျမင်ထွက် တာ သိပ်ကောင်း တာပဲ၊ ကျုပ်ကလေးတွေတောင် သူ့ကို ပေးလိုက်ချင်စိတ် ပေါက်လာတယ်"
ရှေ့နေကြီး က အရွှန်းဖောက်ပြီး ပြုံးပြုံးကြီးနှင့် အားပေးစကားဆိုသည်။ ပြီးတော့ သူတို့ သုံးဦးသား ခေါင်းချင်းရိုက်ပြီး ဆက်တိုင်ပင်ကြသည်။ ဆယ့်ငါးမိနစ် ပြည့်သွားပြီ။ တရားသူကြီး ပြန် ထွက်လာသည်။ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ယူကြသည်။

တရားသူကြီးက အော်လီဗာနှင့် အော်လီဗာ့ရှေ့နေကြီးကို တစ်ချက်ကြည့်သည်။ ပြီးတော့ စားပွဲကို တူနှင့်ထုရင်း ဘင်ဂျမင်ကို စူးစူးစိုက်စိုက်ကြည့်သည်။
"ပြန်စမယ်၊ မတ်တတ်မရ်ပကြပါနဲ့တော့၊ မစ္စတာဘင်ဂျမင် ၀တ်ဆင်၊ ကလေးကို ရယူလိုမှု နဲ့ မောင်ရင် လျှောက်ထားတာတော့ ဟုတ်ပါပြီ၊ ဒီတာဝန်ဟာ အလွန်မတန်ကြီးမားတယ်၊ ဘယ်လို မှ ရှောင်လွှဲလို့ မေ့ပျောက်လို့ရတဲ့ တာဝန်မျိုး မဟုတ်ဘူး။ ပစ်ပယ်လို့ ထွက်ပြေးလို့ ရတဲ့ တာဝန်မျိုး မဟုတ်ဘူး။ အဲဒီတာဝန်မျိုးကို မောင် ဆယ့်ရှင်နှစ်လုံးလုံး ယူရမှာနော်။ ရုံးတော်က မောင့်ကို အုပ်ထိန်းခွင့်ပေး လိုက်ရင်ပေါ့လေ ..."

"ဒါကြောင့် အလေးအနက် ထပ်စဉ်းစားဖို့ ရုံးတော်က တိုက်တွန်းချင်ပါတယ်။ သည်ကလေးရဲ့ တာဝန် ကို နေ့တိုင်း အမှတ်ရနေရမယ်၊ သားအပေါ်မှာ မောင်ကြွေးတွေ ရှိနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ ရဘူး" "ဒီနေ့ နှစ်ဆယ့်ကိုးရက် သြဂုတ်လကစပြီး ဘင်ဂျမင် ၀တ်ဆင်က အဲလက်စ်ကာဘာကို ရုံးတော် က တစ်ဦးတည်း အုပ်ချုပ်ခွင့်ပေးလိုက်တယ်၊ တပြိုင်တည်းမှာ မိခင်၏ အုပ်ထိန်းမှုအား ဒီနေ့ကစပြီး ရုပ်သိမ်းခြင်း ကို ရုံးတော်က အသိအမှတ် ပြုလိုက်တယ်" "ကလေးနာမည်ကို မောင့်နာမည်နဲ့ တရားဝင် မှည့်ခေါ်နိုင်တယ်" တရားသူကြီးက ဘင်ဂျမင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ကဲ ... ကလေးကို မောင်ပိုင်ပါပြီ ဘင်ဂျမင်"
ဘီလစ်စာရေးကြီးအား တရားသူကြီးက အချက်ပြလိုက်သည်။ စာရေးကြီးက အခန်းတစ်ခန်းမှ တခါးရွက်ကြီး သွားဆွဲဖွင့်သည်။ စောင့်ရှောက်ရေး လူမှုဝန်ထမ်း အလုပ်သမားတစ်ယောက်က ကလေး ကို ပွေ့ပြီး ထွက်လာသည်။ အဲလက်စ်ကလေးသည် လူစိမ်း၏ ရင်ခွင်ထဲမှ ထူးထူးဆန်းဆန်း ပတ်ဝန်းကျင် ကို ကျီးကန်း တောင်းမှောက် လိုက်ကြည့်နေသည်။ ဘင်ဂျမင်နှင့် အော်လီဗာတို့သားဖ မျက်ရည်တွေ လည်နေ သည်။ ရှေ့နေကြီးပင် မျက်ရည်ကျချင်နေ၏။
"အဲလက်စ် ကို ခေါ်သွားနိုင်ပါပြီ ဘင်ဂျမင်" ကြင်နာသည့် လေသံဖြင့် တရားသူကြီးက ထပ်ပြောသည်။ လူမှုဝန်ထမ်း အလုပ်သမားက ကလေးကို ချီပြီး ဘင်ဂျမင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

အဲလက်စ်ကလေးက ခုမှ သူ့အဖေကို မြင်သည်။ ၀မ်းသာအားရ အော်သည်။ အလုပ်သမားက ကလေးကို သူ့အဖေလက်အပ်ပြီး ကစားစရာတွေနှင့် အ၀တ်အစားအချို့ပါသည့် စက္ကူပုံးတစ်ခု ကို ရှေ့နေကြီး လက်ထဲ သို့ ထည့်ပေးသည်။ ဘင်ဂျမင်တို့သားအဖ မျက်ရည်တွေ စီးကျလျက်က  ရယ်နေကြ သည်။ ဘင်ဂျမင်က သားကလေးကို တအားဖက်ထားလျက်က တရားသူကြီး ကို တအံ့တသြမော့ကြည့်ပြီး ...
"ကျေးဇူးပါတယ် ခင်ဗျာ၊ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ် တရားသူကြီးမင်းခင်ဗျာ"
တရားသူကြီးက ခင်ဖြည်းဖြည်း ထပြီး တရားခွင်ထဲမှ ထွက်ခွာသွားသည်။ ရှေ့နေကြီးက သားအဖ သုံးယောက် ကို တရားရုံးခန်းထဲမှ ဦးဆောင်ပြီး အပြင်သို့ ခေါ်ထွက်လာခဲ့သည်။ ဘင်ဂျမင်က သားကလေး ကို ပွေ့လျက် အော်လီဗာက သူ၏ပခုံးကို သိုင်းဖက်လျက်။

အပြင်ရောက်တော့ ရှေ့နေကြီး ကို ကျေးဇူးတင်ကြောင်း ပြောပြီး နှုတ်ဆက်ကြသည်။ ဘင်ဂျမင်တို့ သားအဖ ကားနောက်ခန်းတွင် ၀င်ထိုင်သည်။ ထိုင်ခုံမှ ခါးပတ်ကို သေသေချာချာ ပတ်သည်။ မစ္စက်ကာဘာအိမ် သို့ မ၀င်တော့ဘဲ တန်းပြန်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ဤဘ၀ဤမျှသာပဲပေါ့။ သို့ သား အမိနှင့် ဘယ်တော့မှ ဘင်ဂျမင် မပတ်သက်ချင်တော့။
အမှတ်(၉၉) လမ်းမကြီးပေါ်တွင် ခပ်ဖြည်းဖြည်းချင်း မောင်းလာခဲ့ကြသည်။ အဲလက်စ်ကလေးက ကားပေါ် တွင် ၀ူးဝူးဝါးဝါးနှင့် ပျော်ရွှင်စွာ လိုက်ပါလာသည်။ ဘင်ဂျမင်က တရားသူကြီးအကြောင်း တရားခွင် အကြောင်းများ ကို စိတ်လှုပ်ရှားစွာ စားမြုံ့ပြန်သည်။
ပြီးတော့ သားကလေးနှင့် တတွတ်တွတ် စကားပြောလိုက်လာသည်။
"ကဲ ... ဆရာသမား၊ ဘယ်လိုလဲ၊ ဘိုးဘိုးတို့၊ မယ်လီဆာတို့၊ ဆမ်တို့နဲ့အတူ နေရတော့မယ် သဘောကျ ရဲ့လား" အဲလက်က ရယ်ပြီး ဖြတ်သွားသည် ထရပ်ကားကြီးကို လက်ညှိုးထိုးပြသည်။

"သဘောမကျဘူးဆိုရင် ကားရုံထဲမှာ တီကောင်တွေနဲ့ သွားထားပေါ့ကွာ"
ချစ်စနိုးပြောပြီး မြေးကလေးကို လှည့်ကြည့်သည်။ အဘိုးလုပ်သူ၏ မျက်နှာသည် မြေကလေးနှင့် အပြိုင် ပြုံးနေသည်။ မယ်လီဆာ၊ ဆမ်နှင့် အက်နက်တို့သုံးယောက် ရင်တမမဖြင့် စောင့်နေကြ၏။ မယ်လီဆာက အဖေ တစ်ယောက်တည်း ရှေ့ခန်းတွင် ထိုင်မောင်းလာသည်ကို ဦးစွာ မြင်သည်။ တစ်ခုခုတော့ ဖြစ်ပြီ ထင်ပြီး စိတ်ဓာတ်အကျကြီး ကျသွားသည်။ အနားရောက်မှ နောက်ခန်းက သားအဖနှစ်ယောက် ကို မြင်သည်။ မယ်လီဆာ တအားအော်ပြီး ပြေးချသွားသည်။ တံခါးဖွင့်ပြီး ဆင်းမည်လုပ်နေသည့် ဘင်ဂျမင်က ... "ဟေး ... ဟေး ... အရမ်းမလုပ်နဲ့လေ၊ ကလေးလန့်သွားမယ်၊ သူ့အတွက် အားလုံး အသစ်အဆန်း တွေ ချည်း ဆက်တိုက်တွေ့လာတာလေ" အက်နက် က မုန့်တွေပေးပြီး ကလေး ကို မြှူသည်။ ဆမ်က ပူကလေးကို ပြပြီး ခေါ်ဖို့ ကြိုးစားသည်။ အဲလက်စ်ကလေးက ပူးကလေးကို သဘောကျပုံ ရသည်။ နှာခေါင်းကို လက်နှင့်တို့ကြည့်သည်။

အားလုံးမီးဖိုဆောင်ထဲသို့ သွားကြသည်။ အက်နက်က ကုလားထိုင်အမြင့်တစ်လုံး ရှာလာပြီး အဲလက်စ်ကို ထိုင်ခိုင်းသည်။ အော်လီဗာက ရှမ်ပိန်တစ်လုံးဖောက်ပြီး ဘင်ဂျမင်ကို ငှဲ့ပေးသည်။ ဆမ်ကလေးကိုလည်း တစ်စက်နှစ်စက်တိုက်သည်။ "အဲလက်စ် ၀တ်ဆင်အတွက်" ဖန်ခွက်ကို မြှောက်ပြီး ဆုတောင်းလိုက် သည်။ တစ်ဆက်တည်း ... "သားကလေး အတော်ဆုံးအဖေနဲ့ အသက်ရာကျော်နေနိုင်ပါစေ" ဟု ထပ်ဖြည့် လိုက်သည်။ ဘင်ဂျမင်က အဖေကို ပြုံးပြုံးကလေးကြည့်ပြီး ... "အတော်ဆုံးအဖေ က ဖေဖေပါဖေဖေ မယ်လီဆာက ၀င်ပြောသည်။ "နှစ်ယောက်စလုံးပါပဲလေ"
မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အဲအက်စ်ကလေးကို ၀ိုင်းကြည့်နေကြသည်။

အခန်း (၂၇)
နောက်တစ်နေ့တွင် ဘင်ဂျမင် ကျောင်းစတက်ရသည်။ စိတ်ချလက်ချသွားပါဟု အက်နက် အတန်တန် မှာသည့်ကြား မှ အိမ်ကို နှစ်ခေါက်ပြန်လာပြီး။ အဲလက်စ်ကလေး၏ အခြေအနေကို ကြည့်သည်။ ဘင်ဂျမင့် ကို ကြည့်ရသည်မှာ သူ့သားကလေးကို မျက်စိမှ အပျောက်မခံနိုင်သလို ဖြစ်နေသည်ထင်ရ၏။
ညနေကျောင်းဆင်း လို့ အိမ်ပြန်လာတော့ ကုလားထိုင် အမြင့်ကြီးပေါ်တွင် ထိုင်ကာ အက်နက် ကျွေးသည့်ညနေစာ ကို အားရပါးရ လွေးနေသည့် အဲလက်စ်ကလေးကို တွေ့ရ၏။
ညပိုင်း တွင် ရှားလော့ ရောက်လာသည်၊ ကလေးကို ပုခက်ထဲထည့်ပြီး သီချင်းဆိုသိပ်သည်။ မယ်လီဆာနှင့် အက်နက်က နဘေးမှ ရပ်ကြည့်နေကြ၏။ ဆမ်က သူ့ဝက်ဝံရုပ်ကြီးကို ပုခက်ထဲ ထည့်ပေး သည်။ တစ်ခဏအတွင်း အဲလက်စ်ကလေး အိပ်ပျော်သွားသည်။ "နောက်တစ်ပါတ်ဆို အဲဒီကလေး လုံးလုံး ပျက်စီးသွား မှာ သေချာတယ်"
အော်လီဗာ က မနှစ်မြို့ဟန်ဖြင့် ပြောသည်။ သို့သော် သူ့မျက်နှာကြီးက ပြုံးလို့၊ ကလေးကို တကယ် ဖျက်ဆီးမည့် သူက အော်လီဗာဖြစ်ကြောင်း ရှားလော့ သိထားသည်။

"ကလေးတစ်ယောက် အိမ်ပြန်ရောက်လာတော့ ဘယ်လိုနေလဲဟင်"
ရှာားလော့က မေးလိုက်သည်။ "ကောင်းတာပေါ့။ သူမနက် ၆နာရီမှ နိုးတော့ တစ်အိမ်လုံးနိုးရော၊ ဘင်ဂျမင်ကတော့ ရှားတယ်ဟေ့။ ကလေးကို ပြုစုတဲ့နေရာမှာ အက်နက်ထက်သာတယ်ဗျာ"
အော်လီဗာက လေသံနှိမ့်ပြောသည်။ "မောင်လဲ ပြုစုတတ်နေပါပြီ မဟုတ်လား၊ ရှာလီတော့ ဘာမှ မလုပ်တတ် ဘူးနော်" အော်လီဗာက ရှားလော့ကို အနားတိုး ထိုင်ခိုင်းလိုက်သည်။
ထိုတနင်္ဂနွေနေ့တွင် ကလေးကို သူ့အဖေမပါဘဲ သူတို့နှစ်ယောက် တိရစ္ဆာန်ရုံသို့ ခေါ်သွားကြသည်။ အမှတ် ထင်ထင်နေ့ ဖြစ်၏။ သစ်ဆန်းသည့် ပျော်ရွှင်မှုတစ်မျိုးကို ရှာဖွေ တွေ့ရှိကြသည်။ ဘယ်သူမှ မနှောင့်ယှက်ကြ။ အော်တိုရေးခိုင်းမည့်သူတွေနှင့်လည်း မတိုး။

လူတော်တော်များများက သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြသည်။ သို့သော် ရှားလော့ ဆင်မဆင်ဟူ၍ ဘယ်သူမှမထင်ကြ။ တိရစ္ဆာန်ရုံသို့ ပျော်ပျော်ရွှင်ရွှင် ထွက်လာကြသည့် ရိုးရိုး မိသားစုဟု ပင် ထင်ကြပေမည်။
သြဂုတ်လအတွင်း က အကယ်ဒမီ ပဏာမ ရွေးပွဲတွင် ရှားလော့ကော၊ သူခေါင်းဆောင်သည့် ပြဇာတ်ပါ တန်းဝင်စာရင်းထဲ ပါသွားပြီးကတည်းက ဘယ်ကိုမှ လွတ်လွတ်လပ်လပ် မသွားရ။ သတင်းထောက်တွေ က တကောက်ကောက် လျှောက်လိုက်နေသည်။ နောက်အပတ်မှာ ကြေငြာ မည့် သည်နှစ်အကယ်ဒမီဆု စာရင်းဝင်သရုပ်ဆောင်များ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို သတင်း ထောက်တွေ အတင်းလိုက်နေကြသည်။ ရှားလော့ တတ်နိုင် သမျှ ရှောင်နေ၏။
မနက်အစောကြီးထပြီး စတူဒီယိုသို့ သွားသည်။ ညပိုင်းတွင် အော်လီဗာက လာကြိုသည်။ တစ်ခါ တစ်လေ အပြင်တွင် အေးအေးဆေးဆေး နေရာရှာပြီး ညစာစားသည်။ တစ်ခါတစ်ခါလည်း ကလေးတွေနှင့် အတူ အိမ်မှာ ပြန်စားကြသည်။

ဒီဇင်ဘာလတွင် ကျရောက်မည့် လက်ထပ်ပွဲအတွက် သူတို့တတွေ ရင်ခုန်နေကြ၏။ မင်္ဂလာခရီး ဘယ်ကို ထွက်ဖြစ်မည် ကို ယခုထိ မဆုံးဖြတ်ရသေး။ ဆမ်ကလေးက လိုက်ချင်နေသည်။ သို့သော် အော်လီဗာ ခေါ်မသွားဖို့ ဆုံးဖြတ်ထားသည်။
နောက်တစ်ပတ် တွင် ရှားလော့၏ အရေးတကြီး အချိန်သို့ ရောက်လာ၏။ သတင်းမုဆိုးတွေကို ဘယ် လိုမှ ရှောင်မလွတ်တော့။ သားကောင်းကို ချောင်းသလို လိုက်ချောင်းနေကြသည်။ စတူဒီယို အပြင်ဘက်တွင်လည်း သူတို့တတွေ ခြေချင်းလိမ်နေသည်။
မယ်လီဆာအတွက် ၀တ်စုံတစ်စုံဝယ်ဖို့ ကုန်တိုက်သို့ လစ်ထွက်ခဲ့သည်။ သို့သော် သူတို့ တတွေက နောက်မှတကောက်ကောက်။ မယ်လီဆယအတွက် ရှားလော့ အ၀တ် ၀ယ်ပေး လျှင် အော်လီဗာက ဆူတတ်သည်။ သို့သော် ရှားလော့က မဆိုင်သည့်ကိစ္စ ၀င်မပါဖို့ ပြောထားသည်။
ဝတ်စုံ အမျိုးမျိုးဝတ်ပြီး မယ်လီဆာ အက သင်နေပြီ။ ရှားလော့က စနစ်တကျ သင်ပေး၏။ မိန်းကလေးနှစ်ယောက် အဖွဲ့ကျနေပြီ။

ဤသို့ဖြင့် အကယ်ဒမီနေ့သို့ ရောက်လာခဲ့လေသည်။ ဘင်ဂျမင်နှင့် မယ်လီဆာတို့ခေါ်ပြီး အော်လီနှင့် ရှားလော့ အိမ်မှ ခပ်စောစော ထွက်ခဲ့သည်။ အက်နက်နှင့် ဆမ်ကလေးက အခန်းအနားကို အိမ်မှာပင် တီဗွီ တွင် စောင့်ကြည့်ကြမည်။
ဆုပေးပွဲ ကျင်းပမည့် ပီဆာဒိုနာ ဇာတ်ရုံကြီးကို လေးယောက်သား ၀င်ခဲ့ကြ၏။ ကားပေါ်မှ ဆင်းလျှောက် သွားသည့် ရှားလော့၏ ခြေလှမ်းများက တည်ငြိမ်သည်။ ဣနြေ္ဒရသည်။ ရုံထဲရောက် တော့ အော်လီဗာ့ လက်တွဲလိုက်သည်။ မယ်လီဆာနှင့် ဘင်ဂျမင်က နောက်မှကပ်လိုက်သွားကြ၏။
မောင်နှမနှစ်ယောက် ဘယ်လောက် ရင်တွေခုန်နေသည်ကို သူတို့မျက်နှာကလေးတွေပေါ်တွင် အတိုင်းသား တွေ့နေရ၏။ အလွန့်အလွန် စိတ်လှုပ်ရှားစရာကောင်းသည့် တစ်ဒင်္ဂ။ သတင်း ထောက်အုပ်စု ကို မြင်တော့ ရှားလော့၏ လက်ဖ၀ါးလေးတွေ ချွေးစို့လာသည်။

မသိမသာတုန်နေကြောင်း အော်လီဗာ သတိထားမိသည်။ ထိုင်ခုံတွင် အသီးသီးနေရာယူလိုက် သည်နှင့် ဗွီဒီယို ကင်မရာမှန်ဘီလူးများက သူတို့ဆီ ၀ိုင်းပြုံချိန်လိုက်ကြသည်။
နာမည်ကျော် မင်းသားမင်းသမီးတွေ လာရောက် နှုတ်ဆက်ကြ၏။ ခဏနေတော့ ဆုပေးပွဲ အခမ်းနား စသည် ထုံးစံအတိုင်း၊ ဇာတ်ရံ၊ ဇာတ်ပို့များ စာရင်းက စကြေညာသည်။ ပထမတန်း ရုပ်ရှင် မင်းသားမင်းသမီး များ အလှည့်ကို ရောက်ဖို့ လူတိုင်း စိတ်စောနေကြ၏။

ဆမ်ကလေးက တီဗွီကြည့်ရင်း အဲလက်စ်ကလေးက အက်နက်၏ လက်ပေါ်တွင် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ပဏာမအရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည်ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကားအမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲ မှ ပြေးထွက်လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက်လိုက်၏။ အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့်အချိန်သည် စက္ကန့်နှင့် နီးလာလေပြီ၊ ရှားလော့၏ မိတ်ဆွေတစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူးသွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။

ဆက်ရန်
.

1 comment:

AMK said...

အစ်မကြီးနေကောင်းရဲ့ လား ကလေးလေး နာမည် က အဲလစ် ကလေး မဟုတ်လားဟင် ခုနောက်ပိုင်း အက်နက် လို ကလေးနာမည် ကိုတွေနေတယ် အချိန်ရ၇င်ပြန် ကြည့် ပြီး ပြင်ပေးပါအုံးနော် အစ်မကိုကော စာရိုက်ပေးတဲ့  သူ ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ