Monday, June 4, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၈)

"ရောဘတ် ပြန်ရောက်နေပါပြီ။ ဆယ့်ငါးမိနစ်လောက်ရှိသွားပြီ။ သစ်အယ်ပင်အောက်မှာ ဆရာကတော် အတွက် လက်ဖက်ရည်ပွဲပြင်ဖို့လဲ အမိန့်ပေးပြီးပါပြီ"
အခန်းထဲ မှ ကျွန်မ ထွက်သာအောင် သူက ဘေးဖယ်ပေးသည်။ စင်္ကြံသို့ ဒယီးဒယိုင်ဖြင့် ကျွန်မ ထွက်ခဲ့သည်။ ဘယ်ကို သွားနေသည်ဟုလည်း ကိုယ်ဟာကိုယ် မသိတော့။ သူ့ကိုလည်း ဘာစကား မျှပြန် မပြော ဖြစ်။ မျက်မမြင်တစ်ယောက်လို လှေကားအတိုင်း ဆင်းလာခဲ့သည်။ ပြီးတော့ အရှေ့ဘက်ဆောင် ရှိ ကျွန်မတို့အခန်းသို့ ပြန်လာခဲ့သည်။ တံခါးကို အတွင်း မှ သော့ခတ် လိုက်သည်။ သော့ကို ကျွန်မအိတ်ထဲ မှာ ထည့်ထား လိုက်သည်။ ပြီးတော့ ခုတင်ပေါ်မှာ လှဲချ လိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။  မချိမဆန့်သော နာကျည်းမှုကို ကျွန်မ ခံစားရပါတော့ သည်။
ကို ဆက်ဖတ်ရန်........

အခန်း (၁၅)

နောက်တစ်နေ့မနက်တွင် မက်ဇင်မ်က ဖုန်းဆက်ပြီး ည ၇ နာရီအချိန် သူ ပြန်ရောက်မည့် အကြောင်း ပြောသည်။ ဖရစ်က တယ်လီဖုန်းလက်ခံစကားပြောသည်။ မက်ဇင်မ်က ကျွန်မနှင့် ကိုယ်တိုင် စကား ပြောလိုကြောင်း မပြောပါ။
မနက်စာစား ဖို့ ကျွန်မ ထိုင်နေတုန်း တယ်လီဖုန်းခေါင်းလောင်းမြည်သံ ကြားရပါ့သည်။ ခဏကြာလျှင် ဖရစ် ဝင်လာပြီး "မစ္စတာဒီဝင်းတား က စကားပြောချင်လို့ပါတဲ့ ဆရာကတော်"ဟု ပြောလိမ့်မည်ထင်ပါ သည်။ ထို့ကြောင့် လက်သုတ်ပဝါကို အောက်ပြန်ချပြီး ထိုင်ရာမှ ကျွန်မ ထလိုက်ပါသည်။ ထို့နောက် ဖရစ် ပြန်ဝင်လာပြီး ကျွန်မကို သတင်းပေးပါသည်။
"မစ္စတာဒီဝင်းတား ဖုန်းဆက်ပါတယ် ဆရာကတော်။ အထွေအထူး ဘာမှမပြောပါဘူး။ ဒီနေ့ည ၇ နာရီ လောက် မှာ သူ ပြန်ရောက်မယ်လို့ ပြောပါတယ်"
ကုလားထိုင် ကိုတွန်းပြီး ဖုန်းရှိရာသို့သွားရန် ကျွန်မ ဟန်ပြင်လိုက်သည်ကို ဖရစ်မြင်သွားပါသည်။ သူ ဘယ်လို များ ထင်လေမလဲ၊ ဣနြေ္ဒမရ၊ မိုက်မဲသူဟုများ ထင်လေမည်လား။ နေရာမှာ ကျွန်မ ပြန်ထိုင် လိုက်ရပါတော့ သည်။

"ကောင်းပါပြီ ဖရစ်… ကျေးဇူးတင်ပါတယ်"
နံနက်စာ ကို ကျွန်မ ဆက်စားနေပါသည်။ ဂျက်စ်ပါက ကျွန်မ ခြေထောက်နားမှာ ရှိနေသည်။ အကြီးမ ကတော့ အခန်းထောင့် ရှိ သူ့ဝပ်ကျင်းထဲမှာ ရှိနေသည်။
ယနေ့ တစ်နေကုန် ကျွန် ဘာလုပ်နေရပါ့မလဲဟု တွေးမိပါသည်။ မနေ့ညတုန်းကလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ ပါ။ မကြာခဏ ထိုင်နေမိသည်။ တစ်ယောက်တည်း အိပ်ရသောကြောင့်လည်း ဖြစ်နိုင်ပါ သည်။ နာရီကို လှမ်းကြည့်လိုက်တော့ နာရီလက်တံတွေ ရွေ့နေပုံက နှေးကွေးလှသည် ထင်မိပါသည်။
အိပ်ပျော် သွားပြန်တော့လည်း အိပ်မက်ဆိုးတွေမက်နေသည်။ မက်ဇင်မ်နှင့် ကျွန်မ နှစ်ယောက် တည်း တောထဲမှာ လမ်းလျှောက်နေသည်။ သူက အမြဲတမ်း ကျွန်မရှေ့သို့ ရောက်နေသည်။ သူ့ကို မီအောင် မလိုက်နိုင်ပါ။ သူ့မျက်နှာကိုလည်း မမြင်ရပါ။ ရှေ့ကနေပြီး တွင်တွင်ကြီးသာ သူ လျှောက်နေ သည်။

အိပ်ပျော်သွားတုန်း ကျွန်မ ငိုမိသည် ထင်ပါသည်။ မနက် အိပ်ရာနိုးတော့ ခေါင်းအုံးမှာ မျက်ရည်တွေ ရွှဲ နေသည်။ မှန်ထဲမှာကြည့်တော့ မျက်လုံးတွေလည်း မို့နေသည်။ ကျွန်မ၏ မျက်နှာမှာ ပြောင်ချောကြီးဖြစ် နေသည်။ စွဲမက်စရာ ဘာမျှမရှိ။ မျက်နှာသွေးရောင်ပြန်လွှမ်းလာအောင် ပါးနှစ်ဖက် ကို ပွတ်လိုက်သည်။ သည်တော့မှ ပိုဆိုးသွားတော့သည်။ နံနက်စာစားဖို့ သွားတုန်း က ရောဘတ်က ကျွန်မကို ငေးကြည့်နေ တာလည်း သတိထားခဲ့မိသည်။
မနက် ဆယ်နာရီလောက် တွင် ငှက်ကလေးများကို အစာကျွေးနေခိုက် တယ်လီဖုန်း ခေါင်းလောင်းမြည် သံကို ကြား ရပါသည်။ သည်တစ်ခါတော့ ကျွန်မအတွက်ဖြစ်သည်။ ဖရစ်က လာပြီး မစ္စက်လေစီက ကျွန်မနှင့် စကားပြောချင်ကြောင်း ပြောပါသည်။

"မင်္ဂလာပါ မမရေ…"
"ဘယ်လိုလဲ ညီမလေး… နေကောင်းတယ်မဟုတ်လား"
တယ်လီဖုန်း ထဲက သူ့လေသံသည် သူ့ပုံစံအတိုင်း ဖျတ်ဖျတ်လတ်လတ်ပင်ဖြစ်သည်။ အပိုတွေပြောမ နေ။ ကျွန်မ ၏ အဖြေကိုလည်း သူ မစောင့်။
"ဒီနေ့ နေ့ခင်း အဘွားဆီကို မော်တော်ကားမောင်းသွားရရင် ကောင်းမလားလို့ စဉ်းစားနေတာ။ ညီမလေး နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့နေရာမှာ မိတ်ဆွေတွေနဲ့အတူတူ နေ့လယ်စာစားနေတယ်။ မင်း ကို လာခေါ်ပြီး အဘွားဆီ အတူသွားကြရအောင်လား…။ အဘွားနဲ့ မင်း သွားတွေ့ဖို့ အချိန်ကောင်းပဲ လေ…။ ဘယ်လိုလဲ" "ကျွန်မ သိပ်တွေ့ချင်ပါတယ် မမ"
"ဟန်ကျပြီ။ ဒီလိုဆိုရင် သုံးနာရီခွဲလောက်မှာ မမ လာခေါ်မယ်။ ညစာစားပွဲမှာ မက်ဇင်မ်ကို ဂျိုင်းလ်စ် တွေ့တယ် တဲ့။ အစားအသောက် သိပ်ညံ့တာပဲ။ ဝိုင်အရက်ကတော့ အရမ်းကောင်းတာပဲတဲ့။ ဒါပဲ ညီမလေး… နေ့ခင်းမှ တွေ့မယ်"
တစ်ဖက် မှ တယ်လီဖုန်း ပြန်ချသွားသံကြားရသည်။ ပန်းခြံထဲသို့ ကျွန်မ ပြန်လာခဲ့သည်။ အဘွားကို သွားတွေ့ ဖို့ အကြံပေးသည့်အတွက် ဝမ်းသာမိပါသည်။ သည်လိုမှမဟုတ်လျှင် တစ်နေကုန်အောင် အချိန်ဖြုန်းဖို့ မလွယ်။ မက်ဇင်မ် ပြန်လာမည့် ည ၇ နာရီအချိန်သို့ ရောက်ဖို့ဆိုသည်မှာ အလွန်မတန် ရှည်လျား လှပါသည်။

စိတ်လွတ်လက်လွတ် ရက်အားရနေသည့်ခံစားမှုမျိုးမရှိတော့ပါ။ ဂျက်စ်ပါကို ခေါ်ပြီး ပျော်စရာတောင် ကြား သို့လည်း မသွားချင်။ လွတ်လပ်သော စိတ်ခံစားမှုနှင့် ကလေးငယ်လို ပြေးလွှားဆော့ကစားနေချင် သည့် စိတ်များ လည်း ပြယ်လွင့်ပျောက်ကွယ်သွားပါပြီ။ စာတစ်အုပ်ရယ်၊ တိုင်းမ်သတင်းစာရယ်၊ ထိုး လက်စ သိုးမွှေး ဆွယ်တာ ရယ် ယူပြီး ပန်းခြံထဲမှာ ထိုင်နေမိသည်။
သတင်းစာ ကို စိတ်ဝင်စားစွာဖတ်ဖို့ ကျွန်မ ကြိုးစားပါသည်။ ပြီးတော့ ဇာတ်လမ်းမြူးမြူးကြွကြွရှိသော ဝတ္ထုထဲ မှာ အာရုံကို နှစ်မြှုပ်ထားလိုက်ပါသည်။ မနေ့က နေ့ခင်းပိုင်းအကြောင်းနှင့် မစ္စက်ဒင်ဗာ အကြောင်း ကို ကျွန်မ ပြန်မတွေးချင်ပါ။ ယခုအချိန်ကလေးမှာပင် ပြတင်းပေါက်တစ်ခုခုမှနေ၍ မစ္စက် ဒင်ဗာ က ကျွန်မကို ချောင်းကြည့်နေမည့်အကြောင်းကိုလည်း မေ့ပစ်နိုင်ဖို့ ကြိုးစားနေပါသည်။ စာအုပ်မှ မျက်နှာ ခွာပြီး အိမ်ကြီးဆီသို့ လှမ်းမျှော်ကြည့်လိုက်သောအခါတွင် ကျွန်မတစ်ယောက်တည်းမဟုတ်ပါ လား ဆိုသော အသိကြီးက ဝင်လာပါတော့သည်။

မန်ဒါလေစံအိမ်ကြီးမှာ မက်ဇင်မ်နှင့် ကျွန်မ လုံးဝအသုံးမပြုသော ပြတင်းပေါက်တွေ အများကြီးရှိသည်။ အခန်းတွေ အများကြီးရှိသည်။ ထိုအခန်းများတွင် မက်ဇင်မ်၏အဘိုးနှင့် အဘွားရှိစဉ်က လူတွေနေခဲ့ကြ မည်။ ဧည့်ခံပွဲကြီးတွေ၊ ပျော်ပွဲရွှင်ပွဲကြီးတွေလည်း ကျင်းပခဲ့ကြပေလိမ့်မည်။ အိမ်ဖော်တွေ အစေခံတွေ လည်း တလှေကြီးရှိပေလိမ့်မည်။ ထိုတံခါးတွေကို ဖွင့်ဖို့ပိတ်ဖို့ မစ္စက်ဒင်ဗာအနေဖြင့် ဘာမျှခွန်အားစိုက် ထုတ်ရန် မလို။ ပြီးတော့ ပြတင်းပေါက် တစ်ခုခု၏နောက်မှနေ၍ ကျွန်မကို ငုံ့ကြည့်နေပေလိမ့်မည်။
မနက်ပိုင်း အချိန်များကလည်း ရှည်လျားလှပါသည်။ နေ့လယ်စာစားရသည့်အချိန် ကျရောက်လာသဖြင့် ဝမ်းသာ မိပါသည်။ ညနေသုံးနာရီခွဲတော့ ဘီယက်ထရစ်၏မော်တော်ကား မောင်းဝင်လာသံကြားရ သည်။ ကျွန်မမှာ အဝတ်အစား အသင့်လဲထားပြီး ဖြစ်သည်။ သူ့ကို ခရီးဦးကြိုပြုရန် အိမ်ပြင်သို့ ပြေး ထွက်လာခဲ့ သည်။
"ညီမလေးရေ… ရောက်လာပြီဟေ့… ဒီကနေ့ ရာသီဥတုကတော့ အလွန်ကောင်းပဲ" သူက ကားတံခါး ကို ဆောင့်ပိတ် ခဲ့ပြီး ကျွန်မရပ်နေသည့် လှေကားထစ်များဆီသို့ တက်လာသည်။ ပြီးတော့ ကျွန်မကို နမ်း သည်။

"မင်းကိုကြည့်ရတာ နေမကောင်းသလိုပဲ" သူက ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ချက်ချင်း ပြောချ သည်။ "သိပ်ပိန်နေ တယ်။ မျက်နှာမှာလဲ သွေးရောင်မရှိဘူး။ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"ဟု ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောမိသည်။ ကျွန်မ မျက်နှာပေါ်မှာ ဘာဖြစ်နေသည်ကို လည်း ကျွန်မ သိပါသည်။ "ကျွန်မ မျက်နှာက အမြဲတမ်း ဒီလိုပဲ ဖြူဖပ်ဖြူရော် ဖြစ်နေတာပါ"
"အို… မဟုတ်တာ။ အလျင်မြင်ခဲ့ရတဲ့ရုပ်နဲ့ ဘာမှမဆိုင်တော့ဘူး"
"အီတလီနိုင်ငံ မှာ နေတုန်းက နေပူဆာလှုံခဲ့တဲ့ အသားအရောင်တွေ ကုန်သွားလို့ဖြစ်ပါလိမ့်မယ်" ကျွန်မ က ပြောရင်း ကားထဲသို့ ဝင်လိုက်သည်။
"ဟင်း… မင်းလဲ မက်ဇင်မ်အတိုင်းပဲ။ မင်းတို့ကျန်းမာရေးအကြောင်း ဝေဖန်ရင် နည်းနည်းကလေးမှ မခံ နိုင်ကြဘူး။ တံခါးကို နာနာဆောင့်ပိတ်လိုက်။ ဖြည်းဖြည်းပိတ်ရင် မကျဘူး"
ခြံဝင်းတွင်း မှထွက်ပြီး အဝေးပြေးလမ်းမပေါ်သို့ ရောက်လာသည်။ သူ ကားမောင်းတာ မြန်လွန်းလှ သည်။

"မင်း ကိုယ်ဝန်များ ရှိချင်လို့လား"
"မဟုတ်ပါဘူး… မဟုတ်ပါဘူး… ကျွန်မတော့ မထင်ဘူး" ကျွန်မက ဂွကျကျပုံမျိုးဖြင့် ပြန်ဖြေသည်။
"မနက်ပိုင်း မှာ မအီမသာဖြစ်တာတို့ အော့ချင်အန်ချင်တာတို့ မဖြစ်ဘူးလား"
"မဖြစ်ပါဘူး" "အေးလေ… ဟုတ်ပါတယ်။ ဒါမျိုးတွေကလဲ အမြဲဖြစ်တတ်တာမျိုး မဟုတ်ပါဘူး၊ ရော်ဂျာကို ကိုယ်ဝန် ဆောင်တုန်း က မမလဲ ဘာမှမဖြစ်ခဲ့ဖူးဘူး။ ဆံပင်ကလေးတစ်ချောင်းတောင် မကျွတ်ဘူး။ ကိုးလလုံး လုံး နေကောင်းလိုက်တာမှ ဒေါင်ဒေါင်ကိုမြည်နေတာပဲ။ သူ့ကိုမမွေးခင် နေ့အထိ မမ ဂေါက်သီး ရိုက်နေ သေးတယ်။ သဘာဝကိစ္စဟာ ဘာမှရှက်စရာမလိုဘူး။ ကြားလား။ မသင်္ကာစရာ ရှိရင် မမကိုပြော" "ဟုတ်ကဲ့… မရှက်ပါဘူး။ အကြောင်းရှိရင် ပြောပါ့မယ်။ အခုအချိန် အထိတော့ ပြောစရာမရှိသေးပါဘူး"

"သားလေးတစ်ယောက်တော့ မွေးပေးဖို့ကောင်းတယ်ကွယ်။ မက်ဇင်မ်ရဲ့အရိုက်အရာကို ဆက်ခံနိုင် ဖို့ ပေါ့။ မက်ဇင်မ်အဖို့ အသင့်မြတ်ဆုံးပဲ။ သားသမီး မရအောင် တားတာတွေ ဘာတွေ မလုပ်နဲ့နော်…"
"မလုပ်ပါဘူး မမရယ်" ဘယ်လိုစကားတွေကိုများ ပြောနေကြပါလိမ့်ဟု ကျွန်မ တွေးမိပါသည်။
"ဟော လန့်မသွားနဲ့လေ… မမ ပြောတာတွေကို ဘယ်လိုမှမအောက်မေ့နဲ့နော်။ ကိုယ်က အမဲ လိုက်ချင် နေတယ် ဆိုရင်တော့ ကိုယ်ဝန်ဆောင်နေရတာနဲ့ မဖြစ်တော့ဘူးပေါ့ကွယ်။ ကလေး ရပြန်တော့လဲ အနှောင့်အယှက် ဖြစ်ပြန်တာပဲ။ ပန်းချီဆွဲနေတဲ့အခါမျိုး ကလေးငယ်က ဝင်နှောင့်ယှက်ရင် ပျက်လေ ရော မဟုတ်လား။ ဒါထက် မင်း ပန်းချီဆွဲတာရော ဘယ်လိုလဲ" "ကျွန်မလဲ ဟုတ္တိ ပတ္တိ မဆွဲဖြစ်ပါဘူး ရှင်" "ဟုတ်လား… အခုတလော ရာသီဥတု သိပ်ကောင်းနေတာပဲ။ မမ လက်ဖွဲ့လိုက်တဲ့ စာအုပ်တွေကို သဘောကျရဲ့ လား" "အို… သိပ်သဘောကျတာပဲ မမရယ်။ သိပ်ကို မြတ်နိုး စရာကောင်းတဲ့ လက်ဆောင်ပါ" "ဝမ်းသာပါတယ်ကွယ်…" သူ စိတ်ချမ်းသာသွားပုံ ရပါသည်။

မော်တော်ကားက အရှိန်ပြင်းပြင်းဖြင့် ဆက်ပြေးနေသည်။ ဘီယက်ထရစ်သည် လီဗာပေါ် မှ ခြေထောက်ကို လုံးဝမကြွ။ လမ်းကွေ့များတွင်လည်း အရှိန်ကို လုံးဝ မလျှော့ဘဲ တရကြမ်း ကပ်ကွေ့ လေ့ရှိသည်။ ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်းမောင်း လာသောကြောင့် မော်တော်ကားနှစ်စီး ကလည်း ဒေါသ တကြီးဖြင့် သူ့ကို ကြည့်သွားသည်။ လမ်းလျှောက်နေသူတစ်ယောက်ကိုလည်း ပွတ်ဆွဲ သွားသော ကြောင့် ထိုသူက တုတ်ထောင်ပြလိုက်သေးသည်။ ကျွန်မကမူ ကိုယ့်ထိုင်ခုံမှာပင် ကုတ်ကုတ် ကလေး ထိုင်နေရပါတော့သည်။
"ဒီနှစ် ကျောင်းတွေပြန်ဖွင့်ရင် ရော်ဂျာက အောက်စဖို့တက္ကသိုလ် သွားတက်တော့မယ်လေ…။ သူ ဘယ်လိုနေ မယ်မသိဘူး။ ဂျိုင်းလ်စ်နဲ့ မမကတော့ အလကားအချိန်ဖြုန်းတယ်လို့ ထင်တာပဲ။ ကျောင်း ဆက် မတက်ပြန်ရင်လဲ သူ့အတွက် ဘာလုပ်ရမှန်းမသိဘူး။ သူလဲ မမတို့လင်မယားလိုပါပဲ။ မြင်းတွေက လွဲပြီး တခြား ဘာမှစိတ်မဝင်စားဘူး။ ဟောဟိုရှေ့ကားစုတ် ဘာလုပ်နေတာလဲ။ ဘေးချမောင်းတာ မဟုတ်ဘူး။ လမ်းလယ် မှာ ကန့်လန့် ကန့်လန့်နဲ့။ တကယ်ပဲ…။ ကားမောင်းတာ စည်းကမ်းကိုမရှိကြဘူး အကုန်လုံး သေနတ်နဲ့ပစ်သတ်ဖို့ကောင်းတယ်"

ရှေ့ကကား ကို လွတ်ရုံကလေး ကပ်ရှောင်ကာ လမ်းမကြီးပေါ်သို့ ကျွန်မတို့ရောက်လာကြသည်။
"အိမ်မှာ ညအိပ်လာ တဲ့ ဧည့်သည်တွေ များသလား" "မရှိပါဘူး မမ…။ ကျွန်မတို့ ချည်း အေးအေးဆေးဆေး ပါပဲ" "ကောင်းတာပေါ့…။ ဧည့်ခံပွဲကြီးတွေလုပ်နေရတာ ငြီးငွေ့ စရာ ကောင်း လှတယ်။ မမတို့ဆီ လာနေရင် သိပ်ကောင်းမှာပဲ။ မမတို့ကတော့ ဟိုအိမ် ဒီအိမ်လျှောက်စားလိုက်… တစ်ဦးချင်း နှစ်ဦးချင်း ကိုယ့်အိမ် ဖိတ်ကျွေးလိုက်နဲ့ ပြီးတော့ ဟောလီဝုဒ်ကစား…။ မင်းရော ဟောလီဝုဒ် ကစားသလား" "ကျွန်မ သိပ်မကျွမ်းကျင်လှပါဘူး"

"အရေးမကြီးပါဘူးကွယ်။ အထိုက်အလျောက်ကစားတတ်ရင် ပြီးတာပါပဲ။ အိမ်ဖြည့်ပေါ့။ လုံးလုံးမက စားတတ်တဲ့လူဆိုရင် စိတ်ကုန်လွန်းလို့။ ဆောင်းတွင်းလိုအချိန်မျိုးမှာ ထမင်းစားပြီးရင် ဘာလုပ်မလဲ။ ဖဲပဲ ကစားရမှာပေါ့။ ဒီအတိုင်း စကားချည်းထိုင်ပြောနေလို့ ဖြစ်တာမှမဟုတ်တာ။ သားတော်မောင် ရော်ဂျာ အရွယ်ရောက်လာတာ သိပ်ဟန်ကျသွားတယ်။ သူကလဲ သူ့သူငယ်ချင်းတွေခေါ်လာတတ် တယ်လေ။ ပြီးခဲ့တဲ့ ခရစ္စမတ်တုန်းက မမတို့အိမ်မှာ ပျော်လိုက်ကြတာ။ စကားထာတွေ ဝှက်ကြ၊ အရက်တွေ သောက်ကြနဲ့၊ ဝှက်တဲ့စကားထာ ဘယ်သူမှ မဖော်နိုင်ရင်လဲ အရေးမကြီးဘူးလေ…။ ဝိုင်း ရယ်ပစ်လိုက်ကြတာပေါ့"
လာမည့် နာတာလူးပွဲတော်တွင် သူတို့အိမ်သို့ လာရန် ကျွန်မတို့ကိုဖိတ်လျှင် ဘယ်လိုလုပ်ရပါ့မလဲ။ ထို အချိန်တွင် ကျွန်မ တုပ်ကျွေးမိနေလျှင် ကောင်းမည်ဟု တွေးမိပါသည်။ ဘီယက်ထရစ်က ခဏငြိမ်သွား သည်။  စကားမပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေသည်။

"မက်ဇင့်မ် ကျန်းမာရေးရော…" တအောင့်ကြာမှ သူက မေးသည်။
"သိပ်ကောင်းပါတယ်…။ ကျေးဇူးတင်ပါတယ်"
"အင်မတန် စိတ်ချမ်းသာပြီး ပျော်နေတာပေါ့လေ"
"ဟုတ်ပါတယ် မမ"
ရွာဝင်လမ်းကလေး က ကျဉ်းသဖြင့် သူ စကားမပြောနိုင်တော့။ မစ္စက်ဒင်ဗာနှင့် ဖေဗယ် တို့ အကြောင်း ပြောပြလိုက်လျှင် ကောင်းမည်လားဟု တွေးကြည့်မိသည်။ ပြဿနာတွေ ရှုပ်ထွေးကုန် မှာလည်း စိုးမိ သည်။ မက်ဇင်မ်ကို သူ ပြန်ပြောလိုက်မှာလည်း စိုးမိသည်။ သည်ကြားထဲကပင် ဖွင့်မေးရင် ကျွန်မ ဆုံး ဖြတ်လိုက်မိလေတော့သည်။

"ဖေဗယ်ဆိုတဲ့ လူကိုများ မမ ကြားဖူးသလား…။ ဂျက်ဖေဗယ်လေ"
"ဂျက်ဖေဗယ်… အင်း… ဒီနာမည် သိဖူးသလိုလိုပဲ။ နေပါဦး… ဟုတ်တယ်… ဂျက်ဖေဗယ်… ဟေးလား ဝါးလားသမား တစ်ယောက်ပါ။ တစ်ခါ တွေ့ဖူးတယ်။ ကြာပါပြီ" "မနေ့တုန်းက မန်ဒါလေကို လာတယ်။ မစ္စက်ဒင်ဗာဆီကို လာလည်တာတဲ့" "ဟုတ်လား… အော်… သိပြီ… သိပြီ… သူ လာမှာပေါ့"
"ဘာဖြစ်လို့လဲ" "သူက ရဘက်ကာရဲ့ဝမ်းကွဲအစ်ကိုလို့ ထင်တယ်"

ကျွန်မ အံ့အားသင့်မိပါသည်။ ဒီလူဟာ ရဘက်ကာရဲ့ဝမ်းကွဲအစ်ကို ဆိုပါလား။ ရဘက်ကာမှာ ဆွေမျိုး ညာတကာ ရှိသည် ဟု ကျွန်မ မထင်ခဲ့။ ယခုတော့ ဂျက်ဖေဗယ်ဟာ သူ့အစ်ကို ဝမ်းကွဲတဲ့။
"အော်… ကျွန်မက အမျိုးတော်တယ် မထင်မိဘူး"
"မန်ဒါလေ ကို သူ အခေါက်ခေါက် အခါခါ သွားချင်သွားခဲ့မှာပေါ့။ မမလဲ မပြောတတ်ပါဘူးကွယ်…။ မမက မန်ဒါလေ ကို တစ်ခါတစ်ရံမှ သွားတာ" သူ့အမူအရာကို ကြည့်ရခြင်းအားဖြင့် သည်အကြောင်းကို ဆက်ပြောချင်ပုံမပေါ်။ "ဒီလူကို ကြည့်ရတာ ကျွန်မ သိပ်မကြိုက်ချင်ဘူး"
"အင်း… မင်းကို အပြစ်ဆိုစရာ မရှိပါဘူးလေ" ကျွန်မက သူ ဆက်ပြောမည့်စကားကို စောင့်နေသည်။ သို့သော် သူ ဘာမျှဆက်မပြော။ ဖေဗယ်က သူ လာတာ မက်ဇင်မ်ကို ပြန်မပြောဖို့ ပြောသွားတာ ဖွင့်ပြောရလျှင် ကောင်းမည်လားဟု ကျွန်မ စဉ်းစား ကြည့်နေမိပါသည်။ သည်အကြောင်းပြော လိုက်လျှင် ပြဿနာတွေအားလုံး ရှုပ်ကုန်နိုင်သည်။ မော် တော်ကားကလည်း ခရီးဆုံးသို့ ရောက်လာပြီ။ ခြံဝမှာ အုတ်တိုင်ဖြူဖြူနှစ်ခုကို တွေ့ရသည်။ ခြံထဲရှိ ကျောက်သားမော်တော်ကား လမ်းကလေး က ချောမွေ့နေသည်။

"အဘွားကြီးရဲ့မျက်လုံး ကောင်းကောင်းမမြင်တော့တာကို မမေ့နဲ့နော်။ မှတ်ဉာဏ်လဲ သိပ် မကောင်း တော့ဘူး။ မမတို့လာမယ့်အကြောင်း သူနာပြုဆရာမကိုတော့ ဖုန်းလှမ်းဆက်ထားတယ်။ အားလုံး အဆင်ပြေ မှာပါ"
အိမ်က အကြီးကြီး၊ အုတ်တိုက်အနီကြီးဖြစ်သည်။ သုံးမြှောင်ပုံသဏ္ဌာန်ဆောက်ထားသည်။ ရှေးခေတ် အိမ်မျိုးဖြစ်သည်။ သည်အိမ်ကို ထိန်းသိမ်းဖို့အတွက် အစေခံတွေ အများကြီးခန့်ထားရပါလိမ့်မည်။ အိမ် ရှင်အဘွားကြီး ကလည်း မျက်လုံးမကောင်းတော့ပြီမဟုတ်လား။ ခပ်ပိန်ပိန် အိမ်ဖော်မိန်းကလေးတစ်ဦး က တံခါးလာဖွင့်ပေးသည်။
"နေကောင်းတယ် မဟုတ်လား နိုရာ" ဟု ဘီယက်ထရစ်က နှုတ်ဆက်သည်။
"ကောင်းပါတယ် မမ… ကျေးဇူးတင်ပါတယ်။ မမတို့ အိမ်သားတွေလဲ နေကောင်းကြပါတယ်နော်"
"ကောင်းကြပါတယ် ကွယ်…။ ဒါထက် အဘွားရော ဘယ်လိုနေသလဲ နိုရာ"
"ဒီလိုပါပဲ မမ ရယ်… ဘွားဘွားကတော့ တစ်နေ့ရွှေ တစ်နေ့ငွေပါပဲ။ မမတို့လာလည်တဲ့အတွက် ဘွားဘွား စိတ်ချမ်းသာမှာပါ" နိုရာက ကျွန်မကို လှမ်းကြည့်ပြီး အကဲခတ်သည်။

"ဒါက မက်ဇင့်မ်ဇနီးလေ…" ဘီယက်ထရစ်က ပြောသည်။
"ဟုတ်ကဲ့ပါ မမ…။ နေကောင်းပါတယ်နော်…"ဟု နိုရာက ပြောသည်။
အခန်းကျဉ်းကလေး တစ်ခုထဲမှတစ်ဆင့် စားပွဲကုလားထိုင်တွေ ပြည့်ကျပ်နေသော ဧည့်ခန်းကြီးထဲ သို့ ရောက်သွားသည်။ မြက်ခင်းကလေးကို ဘီယက်ထရစ်၏အဘွား ထိုင်နေ သည်။ ခေါင်းအုံး များကို မှေးမှီ ထားသည်။ ခြုံစောင်ကလေးများလည်း ပတ်လည်မှာ ဝိုင်းနေသည်။
သူ့အနား သို့ ကျွန်မတို့ရောက်သွားသောအခါ မက်ဇင်မ်နှင့် ရုပ်ချင်း အလွန်တူသည်ကို သတိထားမိ သည်။ မက်ဇင်မ် အသက်ကြီးပြီး မျက်မမြင် အဘိုးကြီးဖြစ်လာလျှင် တထေရာတည်းတူပေလိမ့်မည်။ အဘွားဘေး မှာ စာထိုင်ဖတ်နေသော သူနာပြုဆရာမက စာရွက်ကိုခေါက်၍ မှတ်လိုက်ပြီး ထိုင်ရာမှ ထသည်။ "နေကောင်းလား မစ္စက်လေစီ…"ဟု သူက ဆီးနှုတ်ဆက်သည်။

ဘီယက်ထရစ်က သူနှင့် လက်ဆွဲနှုတ်ဆက်ပြီး ကျွန်မနှင့် မိတ်ဆက်ပေးသည်။
"အဘွားကြည့်ရတာ ကျန်းကျန်းမာမာပါပဲ။ အသက် ၈၆ နှစ်အရွယ်မှာ ဒီလိုကျန်းမာတာ ရှားတယ် နော်…။ သမီးတို့ ရောက်လာပြီ အဘွား… လမ်းမှာ ချောချောမောမောပါပဲ" ဘီယက်ထရစ် က လေသံကို မြှင့်ပြောသည်။ "သမီး… သမီးလာလည် တာ ဝမ်းသာလိုက်တာကွယ်… ဒီမှာ ဘာမှလုပ်စရာ မရှိလို့ အဘွားတို့ ပျင်းနေ တာ" ဘီယက်ထရစ်က အဘွားကို ကုန်းနမ်းသည်။ "အဘွားနဲ့တွေ့ ရအောင် မက်ဇင့်မ်မိန်းမကိုလဲ သမီး ခေါ် လာခဲ့တယ်။ ဟိုရက်တွေကတည်းက အဘွားနဲ့ သူ လာတွေ့ ချင်နေတာ… ဒါပေမဲ့ သူနဲ့မက်ဇင်မ် အလုပ်များနေကြလို့"
ဘီယက်ထရစ် က ကျွန်မ၏ကျောကိုပုတ်ပြီး "နမ်းလိုက်ပါ" ဟု ပြောသည်။ အဘွား၏ပါးကို ကျွန်မ နမ်း လိုက် ပါသည်။

အဘွားက ကျွန်မမျက်နှာကို လက်ချောင်းကလေးများဖြင့် တို့ကြည့်နေသည်။
"အချောကလေးပဲ… သမီးလာလည်တာ သိပ်ကောင်းတာပေါ့။ သမီးနဲ့တွေ့ရတာ အဘွား ဝမ်းသာပါ တယ်။ မက်ဇင်မ်ကိုပါ ခေါ်ခဲ့ဖို့ကောင်းတယ်ကွယ်"
"မက်ဇင်မ် လန်ဒန်ကို သွားနေပါတယ် အဘွား။ ဒီနေ့ညမှ ပြန်ရောက်မှာပေါ့"
"နောက်တစ်ခေါက်လာရင် ခေါ်ခဲ့နော်…။ ကဲ… ထိုင် သမီး… ဒီကုလားထိုင်မှာ ထိုင်… ဒါမှ သမီးကို အဘွားမြင်ရမယ်။ ဘီးက ဒီဘက် ကုလားထိုင်ကိုလာ… ရော်ဂျာကြီးရော နေကောင်းရဲ့လား။ အင်မ တန် ကဲတဲ့ အကောင်။ အဘွားဆီလဲ လာလည်ဖော်မရဘူး"
"သြဂုတ်လကျရင် သူ လာပါလိမ့်မယ်။ သူ အောက်စဖို့တက္ကသိုလ် သွားတက်တော့မယ်လေ…" ဘီယက်ထရစ်က အော်ပြောသည်။

"ဟုတ်လား… လူပျိုကြီး ဖားဖားတောင်ဖြစ်နေပြီပေါ့။ မှတ်မိတော့မှာတောင် မဟုတ်ဘူး"
"သူ့အဖေထက်တောင် အရပ်ကြီး ပိုမြင့်နေပြီ အဘွားရဲ့"ဘီယက်ထရစ်က သူ့ယောက်ျား ဂျိုင်းလ်စ် အကြောင်း၊ သူ့သား ရော်ဂျာအကြောင်း၊ မြင်းတွေ ခွေးတွေ အကြောင်းများ ဆက်ပြောနေသည်။ သူနာပြုဆရာမ က သိုးမွေးအိတ်ကိုယူပြီး အပ်နှစ်ချောင်းနဲ့ဆွယ် တာ ထိုးနေသည်။ ကျွန်မကို လှည့်ကြည့် သည်။ အလွန်ဖော်ရွေသည့် အကြည့်မျိုး။
"မန်ဒါလေကို သဘောကျပါရဲ့လား မစ္စက်ဒီဝင်းတား"
"သိပ်သဘောကျပါတယ်ရှင်… ကျေးဇူးတင်ပါတယ်"
"အင်မတန်လှတဲ့နေရာ… ဟုတ်ပါတယ်နော်" လက်ကတော့ ဆွယ်တာ ထိုးမပျက်။ "ကျွန်မတို့လဲ မရောက်တာကြာပါပြီ။ အဘွား အသက်အရွယ်နဲ့တော့ မသွားနိုင်တော့ဘူးလေ။ မန်ဒါလေမှာ ကျွန်မ တို့ နေခဲ့ရတဲ့ရက်တွေကို သတိရလိုက်တာ"

"အချိန်ရတဲ့အခါမှာ လာလည်ပါရှင်"
"ကျေးဇူးတင်ပါတယ်။ ကျွန်မ သိပ်လာလည်ချင်ပါတယ်။ မစ္စတာဒီဝင်းတားလဲ ကျန်းမာပါတယ်နော်"
"ကျန်းမာ ပါတယ်ရှင်… ကျေးဇူးတင်ပါတယ်"
"ရှင်တို့ ပျားရည်ဆမ်းခရီးအဖြစ် အီတလီနိုင်ငံကို သွားခဲ့ကြတယ်နော်။ မစ္စတာဒီဝင်းတား ပို့လိုက်တဲ့ ဓာတ်ပုံကလေး ကိုကြည့်ပြီး ကျွန်မတို့ ကြည်နူးသွားပါတယ်"
"ကျွန်မ တို့… ကျွန်မတို့…" ဟူ၍ ထီးနန်းဆန်ဆန် ဘာကြောင့်များ သုံးနှုန်းပြောဆိုနေပါလိမ့်ဟု ကျွန်မ တွေးနေမိပါသည်။ မက်ဇင်မ်၏ အဘွားနှင့် သူ့ကိုယ်သူ တစ်ဦးတည်းပုံ သဘော ထားပြီး ပြောနေခြင်း လည်း ဖြစ်နိုင်သည်။

"သူ ပို့လိုက်သေးသလား။ ကျွန်မတောင် မမှတ်မိတော့ဘူး"
"ဟုတ်ကဲ့… ပို့လိုက်ပါတယ်။ သိပ်ပျော်စရာကောင်းတာပဲ။ ဒါမျိုးကို ကျွန်မတို့ သိပ်သဘောကျပါတယ်။ အယ်လ်ဘမ် တစ်ခုလုပ်ပြီး ဒါမျိုးတွေ စုသိမ်းထားပါတယ်။ မိသားစုနဲ့ပတ်သက်တဲ့ပုံတွေ၊ ပို့စကတ်တွေ ပေါ့။ စိတ်ချမ်းသာ စရာ ကောင်းတာပဲ"
ဘေးမှ ဘီယက်ထရစ်၏စကားသံများ နားထဲဝင်လာသည်။
"မက်ခ်စ်မင်း ကိုလဲ ကျွန်မတို့ ခေါ်လာရဦးမယ်။ အဘွား မှတ်မိတယ်နော်။ အမဲလိုက် အင်မတန်တော် တဲ့ မုဆိုးကြီးလေ…" ဟု ဘီးက အော်ပြောသည်။
"ဘယ်ဟာလဲ သမီး… အဘိုးကြီး မက်ခ်စ်မင်း မဟုတ်ဘူးလား"
"ဟုတ်တယ်… အဘိုးကြီးလေ။ သူလဲ မျက်စိနှစ်ဖက်စလုံး မမြင်တော့ဘူး အဘွားရဲ့။ သနားစရာပဲ"
"သနားစရာကောင်းလိုက်တာကွယ်" အဘွားကလည်း ဘီယက်ထရစ်၏စကားအတိုင်း ဆက်ပြော သည်။

မျက်စိမမြင်သည့်အကြောင်းကို ယခုလို တဲ့တိုးကြီးမပြောသင့်ဟု ကျွန်မ ထင်ပါသည်။ သူနာပြုဆရာမ ကို ကျွန်မ လှမ်းကြည့်သည်။ သူကတော့ ဆွယ်တာထိုးမပျက်။
"ရှင်ရော အမဲလိုက်ပါသလား မစ္စက်ဒီဝင်းတား"
"ကျွန်မ မလိုက်တတ်ပါဘူးရှင်"
"လေ့ကျင့်ဖို့ကောင်းပါတယ်။ ကျွန်မတို့ ဒီဘက်ပိုင်းက လူတွေကတော့ အမဲလိုက်တာကို အကြီး အကျယ် ဝါသနာထုံကြပါတယ်"
"ကောင်းပါပြီရှင်"
"မစ္စက်ဒီဝင်းတား က ပန်းချီဆွဲ သိပ်ဝါသနာပါတာလေ… မန်ဒါလေမှာ ပန်းချီကားကောင်းဖြစ်နိုင်တဲ့ ရှုမျှော်ခင်းတွေ အများကြီးရှိတဲ့အကြောင်း သူ့ကို ပြောပြနေရသေးတယ်" ဟု ဘီယက်ထရစ်က သူနာပြုဆရာမ ကို လှမ်းပြောသည်။

"အို… သိပ်ဟုတ်တာပေါ့" သူနာပြုဆရာမကလည်း ထောက်ခံသည်။ ပြီးတော့ ခဏဆိုင်းသွားသည်။ "ပန်းချီဆွဲတယ်ဆိုတာ အင်မတန်ကောင်းတဲ့ ဝါသနာပါပဲ။ ကျွန်မမှာလဲ ပန်းချီဆွဲ အင်မတန်ဝါသနာပါ တဲ့ အမျိုးသမီးသူငယ်ချင်းတစ်ယောက်ရှိတယ်။ တစ်ခါတုန်းက သူနဲ့ကျွန်မ နယ်ကိုသွားလည်ရင်း သူက သိပ်လှတဲ့ ပန်းချီကားတွေ ဆွဲခဲ့သေးတယ်" "ကောင်းလိုက်တာရှင်" "ပန်းချီဆွဲတဲ့အကြောင်း သမီး တို့ ပြောနေကြတာ" ဘီယက်ထရစ်က အဘွားကို အော်ပြောသည်။ "သမီးတို့ မိသားစုထဲမှာ ပန်းချီဆရာမတစ်ယောက်ရှိနေ တာ အဘွား မသိသေးဘူး မဟုတ်လား"
"ဘယ်သူလဲ ပန်းချီဆရာမ… တစ်ယောက်မှ အဘွား မသိပါလား" "ဘယ်သူဖြစ်ရမှာလဲ… အဘွား ရဲ့မြေးမ အသစ်ကလေးပေါ့။ သူတို့မင်္ဂလာဆောင်လက်ဖွဲ့ပစ္စည်းအဖြစ် သမီးက ဘာပေးသလဲဆိုတာ သူ့ကိုမေးကြည့်စမ်းပါဦး အဘွား"
ကျွန်မ က ပြုံးလိုက်သည်။ ပြီးတော့ အဘွား၏အမေးကို စောင့်နေသည်။ အဘွားက ကျွန်မဘက်သို့ လှည့် လာသည်။

"ဘီးက ဘာတွေပြောနေတာလဲ…။ သမီးဟာ ပန်းချီဆရာမဆိုတာ အဘွား မသိပါလား။ အဘွားတို့ မိသားစု ထဲမှာ ဘယ်တုန်းကမှ ပန်းချီဆရာမ မရှိခဲ့ဖူးဘူး"
"ဘီးက နောက်နေတာပါ အဘွားရယ်…။ သမီးက  ပန်းချီဆရာမလဲ မဟုတ်ပါဘူး။ တကယ်ပြောတာပါ။ ဝါသနာ အနေနဲ့ ပန်းချီဆွဲတာပါ။ ဆရာနဲ့ လက်ထပ်သင်ဖူးတာလဲ မဟုတ်ပါဘူး။ အင်မတန် ချစ်စရာ ကောင်းတဲ့ စာအုပ်တွေ ဘီးက လက်ဖွဲ့ပါတယ်"
"အို… သမီးကို စာအုပ်တွေလက်ဖွဲ့တယ်… ဟုတ်လား… ရဲတိုက်ကြီး ကို ကျောက်မီးသွေး ပို့ပေးသလို ဖြစ်နေတာပေါ့။ မန်ဒါလေစာကြည့်တိုက်ထဲမှာ စာအုပ်တွေ တလှေကြီးပါကွယ်"
ထိုစကားပြောပြီး အဘွားက အားရပါးရ ရယ်သည်။ သူ့ပြက်လုံးကြောင့် ကျွန်မတို့ပါ ဝိုင်းရယ်မိကြ သည်။ သည်အကြောင်း သည်နေရာမှာ ပြတ်ပြီဟု ကျွန်မ ထင်သည်။ သို့သော်လည်း ဘီယက်ထရစ်က စကားဆက်နေပြန်သည်။

"အဘွားက မသိပါဘူး။ အခုဟာတွေက ရိုးရိုးစာအုပ်တွေ မဟုတ်ဘူး။ ပန်းချီနဲ့ပတ်သက်ပြီး ရေးထား တဲ့ စာအုပ်တွေ၊ လေးတွဲတောင်မှ"
သူနာပြုဆရာမ က အဘွားဘက်သို့ ကုန်းပြီး ဆက်ရှင်းပြနေသည်။
"မစ္စက်ဒီဝင်းတား က ပန်းချီဆွဲအင်မတန် ဝါသနာပါတဲ့အကြောင်း မစ္စက်လေစီက အဘွားကို ရှင်းပြနေ တာ။ ဒါကြောင့် အတွဲလေးတွဲပါတဲ့ စာအုပ်တွေကို သူက လက်ဖွဲ့တယ်တဲ့။ ပန်းချီနဲ့ပတ်သက်တာတွေ ချည်း ရေးထား တဲ့ စာအုပ်တွေ"
"ရယ်စရာပဲနော်" ဟု အဘွားက ပြောသည်။ "မင်္ဂလာဆောင်မှာ စာအုပ်လက်ဖွဲ့ရတယ်လို့ မကြားဖူး ပေါင်တော်။ အဘွား မင်္ဂလာဆောင်တုန်းကလဲ ဘယ်သူကမှ စာအုပ်လက်မဖွဲ့ခဲ့ပါဘူး။ လက်ဖွဲ့ ရင်လဲ အဲဒီစာအုပ်ကို ဘယ်တော့မှ ဖတ်မှာ မဟုတ်ဘူး"
အဘွားက ရယ်ပြန်သည်။ ဘီယက်ထရစ်က မခံမရပ်နိုင်ဖြစ်လာပုံ ရသည်။ ကျွန်မက သူ့ကို ပြုံးပြလိုက် ရသည်။ သူ စိတ်ချမ်းသာစေရန် ဖြစ်ပါသည်။ သို့သော်လည်း သူ မြင်ပုံမရဘူး။ သူနာပြုဆရာမက ဆွယ်တာ ဆက်ထိုးနေ သည်။

"ငါ လက်ဖက်ရည် သောက်ချင်ပြီ" အဘွားက စိတ်မရှည်နိုင်တော့သလို ပြောသည်။ "အခု လေးနာရီခွဲ ပြီ မဟုတ်လား… နိုရာက ဘာဖြစ်လို့ လက်ဖက်ရည် ယူလာမပေးသေးတာလဲ"
"ဘာလဲ အဘွား… ဆာပြန်ပြီလား။ ကျွန်မတို့ နေ့လယ်စာ တအားစားထားတာလေ" သူနာပြုဆရာမက ထိုင်နေရာမှထသည်။ အားရပါးရလည်း ပြုံးလိုက်သည်။
ကျွန်မ ရင်ထဲ မှာ မောလာသည်။ အိုမင်းမစွမ်းရှိသူများလည်း ကလေးငယ်များအတိုင်း ဖြစ်သည်။ ခု သဘောကျနေသော်လည်း ခုပင် သဘောမကျတော့ဘဲ ဖြစ်တတ်သည်။ သူလည်း မောပန်းသွားသည့် အလား သူနာပြုဆရာမပြင်ပေးသည့် ခေါင်းအုံးပေါ်မှာ မှေးမှီရင်း မျက်လုံးများကို မှိတ်ထားသည်။ ယခု လိုနေတော့ မှ မက်ဇင်မ်နှင့် ပိုတူလာသည်။
အဘွား ငယ်ငယ်တုန်းက အင်မတန် ချောမောလှပပေလိမ့်မည်။ မန်ဒါလေစံအိမ်ကြီးတွင် သွားလာလှုပ် ရှားနေမည့်ပုံကို ကျွန်မ စိတ်ကူးကြည့်နေမိသည်။ ယခုတော့ ငယ်ရွယ်နုပျိုခြင်းများ မရှိတော့ပြီ။ ပျော် ရွှင်လန်းဆန်းခြင်းများ မရှိတော့ပြီ။ သူ့ခင်ပွန်း ဆုံးသွားသည်မှာ နှစ်ပေါင်းလေးဆယ်ရှိပြီ။ မက်ဇင်မ်တို့ ၏အဖေ သူ့သားဆုံးသည်မှာ ဆယ့်ငါးနှစ်ရှိပြီ။  သည်အိမ်ထဲမှာ အခြွေအရံတွေပတ်လည်ဝိုင်းရင်း သေ ဆုံးရသည့်အချိန်ကို စောင့်ဆိုင်းနေရခြင်းသာဖြစ်ပါသည်။

တကယ်ဆိုတော့လည်း အိုမင်းမစွမ်းရှိသူများ၏အကြောင်းကို ကျွန်မ များများစားစား မသိပါ။ ကလေး ငယ်များ အကြောင်းကို ကျွန်မ သိပါသည်။ သူတို့၏ကြောက်ရွံ့တတ်ပုံများ၊ မျှော်လင့်ချက်ထားပုံများကို ကျွန်မ သိပါသည်။ ကလေးဘဝကို ကျွန်မ ဖြတ်သန်းခဲ့ဖူးပါသည်။ ကိုယ်ကြုံခဲ့ရသည်များကို မေ့နိုင်စွမ်း လည်း မရှိပါ။ သို့သော်လည်း သည်နေရာမှာ ထိုင်နေသည့် မက်ဇင်မ်၏အဘွား မည်သို့ ခံစားနေရ ကြောင်းကိုမူကား ကျွန်မ မသိပါ။ ဘီယက်ထရစ်က တသမ်းတည်းသမ်းပြီး နာရီတကြည့်ကြည့် လုပ်နေ သည် ကို သူ သိပါသလား။ ယခုလို ကျွန်မတို့ အလည်လာပြီး သူနှင့်တွေ့ဆုံနေခြင်းသည် တာဝန် ဝတ္တရားတစ်ရပ်အနေဖြင့်မလုပ်လျှင် မဖြစ်သောကြောင့် သူနှင့် လာရောက်တွေ့ ဆုံခြင်းဖြစ်ကြောင်း သူ တွက်ဆမိပါရဲ့လား။ အိမ်ပြန်ရောက်သောအခါ နောက်ထပ် သုံးလလောက် အတွက်တော့ ငါ စိတ်သန့် သွားတာပေါ့လေဟု ဘီယက်ထရစ်က ပြောမည်ကို သူ တွေးမိပါသလား။

မန်ဒါလေစံအိမ်ကြီးအကြောင်းကိုရော သူ တွေးမိပါရဲ့လား။ ထိုစံအိမ်ကြီးအတွင်းရှိ ယခု ကျွန်မ ထိုင်နေ ကျ ထမင်းစားစားပွဲ မှာ သူ ထိုင်ခဲ့သည့်အကြောင်းတွေကိုရော အမှတ်ရပါသလား။ သူ့မျက်နှာပေးက အို မင်းရင့်ရော်ခြင်း ၏အမှတ်လက္ခဏာများကို လက်နှင့်ဆွဲဖယ်ပစ်လိုက်ချင်ပါသည်။ တစ်ချိန်တုန်းက သူ ပျိုမျစ်နုနယ် ခဲ့သလို ယခု တစ်ဖန် ပြန်လည်ပြီး ပျိုမျစ်နုနယ်စေချင်ပါသည်။ သူ့ဘေးမှာထိုင်နေသည့် ဘီယက်ထရစ် လို သွက်လက်တက်ကြွစေချင်ပါသည်။
"ဒီကနေ့ ကျွန်မ တို့ ခံတွင်းလိုက်မယ်။ လက်ဖက်ရည်နဲ့အတူတူ မှိုနတိုသွတ်ထားတဲ့ ပေါင်မုန့်စားရမယ်။ မှိုနတို ကို ကျွန်မတို့ သိပ်ကြိုက်တာနော် အဘွား" ဟု သူနာပြုဆရာမက ပြောသည်။
"ဒီနေ့ မှိုနတိုနေ့ လား…။ အစက မင်း မပြောပါလား။ နိုရာက ဘာဖြစ်လို့ လက်ဖက်ရည် မယူလာသေး တာလဲ" "တစ်နေ့ကို ငွေတစ်ထောင်ပေးမယ်ဆိုရင်တောင် ကျွန်မတော့ ဒီအလုပ်ကို မလုပ်ဘူး ဆရာမရေ" ဘီယက်ထရစ် က သူနာပြုဆရာမကို လေသံဖြင့် လှမ်းပြောသည်။

ဆက်ရန်
.

No comments: