Friday, June 22, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ အပိုင်း (၁)

''အမေ၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ဖြစ် ငမဲဆိုတဲ့ စကားလုံးနောက်ထပ် ကြားရတိုင်း သူတို့ဟာ ကျွန်တော့် စာအုပ် ကို ကြော်ငြာ ပေးနေကြတယ်လို့သာ သဘောထားလိုက် စမ်းပါ အမေ''

ဘာသာပြန်သူ၏ အမှာ

အင်္ဂလိပ်စာအုပ်ရောင်း သည့် ပြည်သူ့ဆိုင်များ ဖြစ်ကြသော ဆူးလေဘုရား လမ်းဆိုင်နှင့် ပန်းဆိုးတန်းဆိုင်များ တွင် ဖတ်ချင်သည့် စာအုပ်များ ရှာမေတွေ့သောအခါ ကျွန်တော်တို့ သည် ပုဂ္ဂလိကဆိုင်များ ဆီ သို့ ခြေဦးလှည့်ကြည့်ရတော့သည်။ ပြည်သူ့ဆိုင်များတွင် လိုချင်သည့် စာအုပ်ကောင်းလေး တစ်အုပ်တလေ ရရှိဖို့ အရေး သည် အင်မတန်ကံကြီးဖို့ လိုပေသည်။ အရောင်းစွံသော လူဖတ်များသည့် စာအုပ်များသည် တစ်မျိုးလျှင် အုပ်ရေ လေး၊ ငါးခြောက်အုပ်ခန့်သာ ဆိုင်ပေါ် ရောက်တတ်၏။ ထိုစာအုပ်များသည်လည်း ဆိုင်ပေါ်ရောက် လျှင် ရောက်ချင်းပင် ကုန်သွားတတ်သည်။ စာကြည့်တိုက်မှ မ၀ယ်ဘဲကျန် သောလက်ကျန်ကိုလည်း နီးစပ်သူ ပုဂဂ္ဂိုလ်များ က ဆွဲသွားကြပြန်သည်။

ယင်းတို့မှ မျက်စေ့လျှမ်း (မိမိထက် ဦးသူလည်း မရှိပါမှ) ရှားရှားပါးပါး ရတတ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ စာငတ်သူ များသည် ပန်းဆိုးတန်း၊ မောင်ထော်လေးလမ်း၊ အနော်ရထာလမ်း ဗိုလ်အောင်ကျော်လမ်း တစ်ဝိုက်ရှိ အင်္ဂလိပ် စာအုပ်ရောင်းသော၊ ငှားသောဆိုင်များတွင် မွှေနှောက်ကြရ၏။  ထိုပုဂ္ဂိုလိက စာအုပ်ဆိုင် များမှာ ပေါ့သေးသေး မဟုတ်ကြ။ အချို့ဆိုင် များသည် အရင်းအနှီး သောင်းနှင့် သိန်းနှင့် ချီပြီး ရင်းနှီးမြှုပ်နှံ ထားသော ဆိုင်များ ဖြစ်ကြ သည်။

စာအုပ်ငှားခ ၀င်ငွေကလည်း တစ်နေ့တစ်နေ့ ရာနှင့်ထောင်နှင့် ချီပြီးဝင်၏။ နိုင်ငံခြား၌ ထွက်ပြီး နှစ်ပတ်သုံးပတ်လောက် အကြာတွင်ပင် သူတို့ဆိုင်သို့ ထိုစာအုပ်သစ် များ ပူပူနွေးနွေး ရောက် လာတတ်ကြ သည်။ အဆက်အသွယ်လည်း ကောင်း၏။ လေကြောင်း၊ ရေကြောင်း၊ လူကြုံစုံ လှသည်။ နောက်ဆုံးထုတ် ၀တ္ထု၊ ဆောင်းပါး စာနယ်ဇင်းများအပြင် လူငယ်ကြိုက် (လူကြီးများလည်း ပိုကြိုက်သော) ''တိုးတိုးပုံပြင်'' စာအုပ်မျိုးများလည်း ရတတ်၍ နေ့စဉ်ပင် လူစည်ကားလှသည်။ စပေါ်ငွေကား မတန်တဆ ပင် ပေးငှားရ၏။ သို့သော် ထိုစာအုပ်များမှာ လက်မလည်နိုင်အောင်ပင် တစ်ယောက်ပြီး တစ်ယောက် တန်းစီငှားရသော ဟူ၏။

ကျွန်တော် တို့ကား မျက်မှောက်ခေတ် ကမ္ဘာ့စာပေကို မျက်ခြည်မပြတ်တမ်း အမှီလိုက် ၍ လေ့လာ လိုသူများ ဖြစ်ကြသည်။ ထို့ကြောင့် ခေတ်ပေါ်ဝတ္ထု ဟူဟူသမျှကို တကုပ်တကပ် ပင် လိုက်လံ ရှာဖွေ ဖတ်ရှု ရသည်။ အထူးသဖြင့် ''အရောင်းအကောင်းဆုံး စာအုပ်များ'' စာရင်းကို ''တိုင်းမဂ္ဂဇင်း'' တွင် ရှာဖွေပြီး၊ ထိုစာအုပ်များ ကို ရန်ကုန်သို့ ရောက်မရောက် စာအုပ်ဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်လံ စနည်းနာ ရသည်ကလည်း အလုပ်ကြီးတစ်ခု။ တစ်နေ့တွင် ''ဒီဘရေး'' ၏ ''အကျည်းထောင် မှတ်တမ်းများ'' စာအုပ်ကို လိုက်လံ ရှာဖွေရင်းနှင့် စာအုပ်စင်၏ ချောင်ကျကျ တစ်နေရာတွင် မဲမဲသဲသဲ စာအုပ်ကလေး တစ်အုပ်ကို သွားသတိပြုမိ၍ ကောက်ကိုင်လိုက်၏။ ဤတွင် ကျွန်တော့ ဘေးတွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော စာအုပ်ဆိုင်ရှင်က....
''အဲဒီစာအုပ်ကို ငှားသွားပါဆရာ ။ဆရာတို့လို လူတွေကြိုက်မည့် စာအုပ်ပါ။ ကပ္ပလီ အကြောင်းရေးတဲ့ စာအုပ်တွေ ထဲမှာတော့ အကောင်းဆုံးလို့ ဖတ်ပြီးတဲ့ လူတွေက ပြောပါတယ်။

 ဒီစာအုပ်နှစ်အုပ်ကိုတောင် နိုင်ငံခြားလူကြံတစ်ယောက် ဆီကကျွန်တော် ဆွဲထားလိုက်တာ။ ၀ယ်ပြီးကလည်းက ဆိုင်ကိုပြန် မရောက်ဘူး။ မနေ့ကမှ တစ်ယောက်က ပြန်အပ်လို့ ဆရာမြင်နေရတာ။ ကျွန်တော့်ဖောက်သည် တစ်ယောက်က ဆိုရင် ကြိုက်လွန်း လို့ဆိုပြီး စပေါ်အဆုံးခံပြီး စာအုပ် ပြန်မပေးလို့ ဒီတစ်အုပ်ပဲ ကျန်တော့်တာ ဆရာ့ကံ ပဲပေါ့''
ဆိုင်ရှင် အိန္ဒိယအမျိုးသားသည် စာဖတ်နာသူဖြစ်သည်။ စကားပြောကလည်း ကောင်းသည်။ သူ့အညွှန်းကို ယုံ စားကာ ကျွန်တော်စာအုပ်ကို ငှားခဲ့၏။

''စပေါ် ဘယ်လောက်ပေးရမလဲ''
''သုံးဆယ်ပါ'' ''များလှချည့်လားဗျာ။ စာအုပ်တန်ဖိုးက ဗမာငွေနဲ့ဆို သုံးကျပ်ခွဲလောက်ကျတာပဲ''
''စာအုပ်ပြန် မပေးမှာစိုးလို့ စပေါ်နဲ့ ထိန်းထားတာပါ''
သူက ရယ်ကျဲကျဲဖြင့် ပြောသည်။ ကျွန်တော်လည်း စပေါ်ဆိုတာပြန်ရမည့် ပိုက်ဆံပဲဟု သဘောထားကာ စာအုပ် ကို ဆွဲခဲ့၏။ ထိုညဖတ်ကြည့်သည်။ နောက်တစ်နေ့ ဆက်ဖတ်သည်။ တစ်ပတ်ခန့် ကြာသောအခါ ဒုတိယအကြိမ် ဖတ်မိပြန် သည်။ ထို့နောက် စပေါ်ငွေ အဆုံးခံကာ ဆုံးဖြတ်လိုက်ပြီး ဘာသာပြန်မိတော့လေသည်။
စာအုပ်အမည်မှာ ''နဂါး''။

မြန်မာလို အတိအကျ ပြန်ဆိုရမည်ဆိုလျှင် ''ကပ္ပလီစုတ်''။ လူဖြူတို့ကြီးစိုးသော နိုင်ငံများတွင် လူမည်းဖြစ်သော ကပ္ပလီ တို့အား ဘာသာစကားကို ဖိနှိပ်ရေး ကိရိယာ အဖြစ်သုံးပြီး တမင်သက်သက် နံနှိမ်ပြီး ခေါ်သော စကားလုံး။ အမည်း တို့အဖို့ ဆဲရေးတိုင်းထွာခြင်း ခံရသည်ထက်ပင် နာသော၊  အခံရခက်သော စကားလုံး။

စနစ်တကာ စနစ်ထဲတွင် ''အသားအရောင် ခွဲခြင်းရေးစနစ်'' သည်လူမဆန်ဆုံး၊ အဆင့်အတန်း အနိမ့်ဆုံး၊ အယုတ်ညံ့ဆုံး စနစ်ဖြစ်သည်။ ထိုစနစ်ကြောင့်ပင် ယနေ့ အာဖရိကတောင်ပိုင်းတွင် ကမ္ဘာပျက်နေ ရသည်။ တောင်အာဖရိကနှင့် ဇင်ဘာတွေ (ရိုဒီးရှား) နိုင်ငံများတွင် သွေးချောင်းစီး လုနေပေပြီ။ လူဦးရေ ၅၇၀၀၀၀ ရှိသော လူမည်းထု သည် လူဖြူ ၈၀၀၀၀၊ စစ်သား ၁၇၀၀၀ တို့၏ နှိပ်ကွပ်မှုအောက်တွင်  ကျွန်ဖြစ်နေ ရသည်။

ရိုဒီးရှား တွင် လည်း လူဖြူ ၂၇၀,၀၀၀ တို့သည် လူမည်း ၁၆ သိန်းကို ဖိနှိပ်အုပ်ချုပ်နေ၏။ အမျိုးသားရေး ခေါင်းဆောင် ဟူသမျှ ကို ရက်ရက်စက်စက် သတ်ပစ် နေကြသည်။ ၁၉၆၆ မှစ၍ လူမည်းများ လက်နက် ကိုင်စွဲ သူပုန်ထကြရပေပြီ။ ထို့ကြောင့် မကြာမီကာလတွင်ပင် တိုင်းရင်းများ လူမည်း ၁၈ သန်း၊ လူဝါ ၂ သန်းခွဲနှင့် အာရှတိုက်သား ၈ သိန်းခွဲတို့သည် လူဖြူ ၄၂ သိန်းတို့နှင့် မီးကုန်ယမ်းကုန် သွေးစာရင်း ရှင်းကြပေတော့ မည်။ လူဖြူတို့သည် ခေတ်ပေါ် လက်နက်ကိရိယာများဖြင့် စစ်ပြင်ထားကြပေပြီ။ လူဖြူတို့၏ ကံကြမ္မာ ကား......။ သို့သော် သူတို့ကို ကမ္ဘာ့ပြည်သူများ က လက်ပိုက်ကြည့်နေကြမည် မဟုတ်ချေ။

လူဖြူ တို့က လက်နက်ပင် သာကြသော်လည်း သူတို့နောက်တွင် ကမ္ဘာ့ပြည်သူများ မရှိကြ။ လူဖြူလှုပ်ရှားမှု တပ်ဖွဲ့ များဖြစ်သော ဇနူးစနူး၊ ဇင်ဘာဘွေ တပ်ဦးတို့သည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် အသင့်ဖြစ်နေကြပေပြီ။ အင်ဂိုလာ လွတ်လပ်ပြီး နောက်ပိုင်းတွင်  လူမည်းပြောက်ကျား တိုက်ပွဲများ ပို၍ ပြင်းထန် လာကြသည်။ မိုင် ၈၀၀ ကျော်ရှိသော မိုဇမ်ဘစ်နယ်မြေသည် စစ်တလင်း။
အမေရိကန် တွင်လည်း လူမည်းတို့သည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး တို့တွင် အဖိနှိပ်ခံ နေကြရသည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်း က ကောက်ယူခဲ့သော စာရင်းများအရ မောင်ဂိုမာရီပြည်နယ်တွင် ကပ္ပလီ အမျိုးသမီး ၁၀၀ တွင် ၄၈ ယောက်မှာ နေ့စား အလုပ်သမားနှင့် အိမ်ကျွန်။ လူဖြူ ၇၀၀၀၀ တို့၏ တစ်ဦးချင်းနှစ်စဉ် ၀င်ငွေမှာ ဒေါ်လာ ၁၇၀၀ ကျော် လူမည်း ၅၀၀၀၀ တို့၏ တစ်ဦးချင်း နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၉၀၀ ကျော် မျှသာ သူတို့သည် လူမျိုးခွဲခြားမှုဝါဒ ၏ ဖိနှပ်မှုအပြင် စီးပွားရေး မညီမျှမှုဒဏ်ကိုပါ ခံနေကြ ရသည်။

သူတို့၏ အနာဂတ်ကား မဝေးတော့ချေ။ လူမှုအခွင့်အရေး တိုက်ပွဲများသည် ပြင်းထန်နေ ပေပြီ။ အသားအရောင် ခွဲခြားအုပ်စိုးမှု စနစ် ဆန့်ကျင်တိုက်ဖျက်ရေး လက်တွေ့လုပ်ငန်း ဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးတစ်ရပ်ကို လာမည့်နှစ် တွင် အာဖရိကတိုက် နိုင်ငံတစ်ခုခုတွင် ကျင်းပပြုလုပ်ရန် အသားအရောင် ခွဲခြားအုပ်စိုးမှု ဆန့်ကျင်ရေး (၁၈) နိုင်ငံ အထူးကော်မတီက ကုလမဂ္ဂ အထွေထွေ ညီလာခံကြီးသို့ အောက်တိုဘာလ (၈) ရက်နေ့  ကတောင်းခံ တင်ပြထားသည်။

ကမ္ဘာ့ပြည်သူတစ်ရပ်လုံးသည် တစ်ခဲနက်ပင် စနစ်ဆိုးကြီး တစ်ရပ်အား တိုက်ဖျက်ပစ်ကြပေတော့မည်။
''ငမဲ'' (သို့) ''ကပ္ပလီစုတ်'' ဟု အမည်တွင်သူ ''ဒစ်ဂရီဂိုရီ'' မှာလည်း ထိုစနစ်၏ သားကောင်တစ်ယောက်။ သူ့ဘ၀ တိုက်ပွဲများမှာ စိတ်ကူးယဉ် ၀တ္ထုထက်ပင် အံ့မခန်း ဆန်းကျယ်နေသည်။ သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိသည် အမေရိကန်နိုင်ငံ တွင် ရောင်းမလောက် အောင်ပင် ဖြစ်နေရသည်။ မြန်မာပြည်သူတို့၏ လူမည်းများအပေါ် စာနာစိတ် ကို ဤစာအုပ်က ယိုဖိတ်စေနိုင်မည်ဆိုလျှင် ဤစာအုပ် ''ငမဲ'' ကိုဘာသာပြန်ရကျိုး နပ်သည် ဟုပင် ယူဆ မိပါသည်။

အပိုင်း (၁)

ခရစ်စမတ် အကြိုနေ့။
ချောမောသော ကျွန်တော့်မေမေသည် ''မယ်အမေရိက'' ပုံစံမျိုးဖြင့် ကျွန်တော့်ကို ပြုံးပြ နေသည်။ ကျွန်တော့် ညီလေး ညီမလေးများကား သစ်သားစားပွဲဝိုင်းတစ်လုံးနှင့် လိမ္မော်သီး သေတ္တာခွံများဖြင့် ပြုလုပ်ထားသော ကုလားထိုင် များချထားသည့် မီးဖိုခန်းကျဉ်းလေးကိုပင် လှည့်ပတ် ကခုန်နေကြသည်။
''ရစ်ချတ်က သစ်မွှေးတွေသွားယူ၊ ပရက်စလီကိ ကန်စွန်းဥတွေအခွံသင်၊ ဒေါ်လိုရက်စ်က မီးဖိုထဲ က ပေါင်မုန့် ကို ထုတ်လိုက်။ ဂါလင်ကလည်း ဒီဘဲကင်နားက ခွာပါတော့လား။ ရော်နယ် ဟဲ့....ရော်နယ်၊ သားလေးက  လိမ္မာပါတယ် ကွယ်၊ သွား ဟိုနားမှာ ပေါ်လင်နဲ့ သွားရပ်နေချေ။

ရစ်ချတ် လူကလေးရေ စားသောက်ဆိုင်က မစ္စ၀ှိုက်ပေးလိုက်တဲ့ ခွံမာသစ်သီးအိတ်ရယ်၊ မစ္စကင်းရဲ့ ကြက်ဆင် ရယ်ကော မြင်ပြီးပြီလား။ မစ္စတာဘင် ကိုရော သားသိလားဟင်။ သူက..... ''
အမေ သည် စကားကို အမျှင်မပြတ်ပင် ပြောနေပါသည်။

''ဒီမှာမေမေ၊ တချို့ချမ်းသာတဲ့ လူတွေတောင်မျှ ကျွန်တော်တို့လောက် ၀က်ပေါင် ခြောက်တွေ၊ ကြက်ဆင်တွေ ဒီလောက် အများကြီး ရမှာမဟုတ်ဖူးနော်''
''ဘုရားသခင် ကျေးဇူးပေါ့ကွယ်၊ ဘုရားသခင်ဟာ မေမေ့သားတွေအားလုံးကို အမြဲတမ်း စောင်မ ကြည့်ရှုနေ တာဘဲ ရစ်ချတ်ရယ်။ ပစ္စည်းတွေက ဒါတွင် ဘယ်ကဥိးမလဲကွဲ့။ နက်ဖြန်ကျရင် ဒီအနားက အသားဖြူတွေက ဒို့ဆီ ကို နောက်ထပ် လက်ဆောင်တွေ လာပေးကြဦးမှာ ကြည့်နေ''
အမေ သည် ထိုခရစ်စမတ် တွင် အလွန်ပျော်နေရှာပါသည်။  လူတိုင်းကပင် အစားအသောက် လက်ဆောင်များ လာပေးကြ သည်။ ကုန်စုံဆိုင်က မစ္စတာဘင်ကလည်း အကြွေးပိုဝယ်ခွင့်ပြုသည်။ မီးစက်ဆရာကိုပင် အမေက မီးပွင့် များ ဆက်ထွန်းပေးရန် ပြောခဲ့သည်။

''ဒီမှာ မေမေ၊ ဒီမှာကြည့်စမ်း၊ ဖေဖေ့အတွက် လက်ဆောင် မီးခြစ်ကလေးတစ်ခု၊ အဲဒီအပေါ်မှာ အဖေ့ နာမည်တောင် ရေးလို့ ရနိုင်တယ်''
ဘယ် နာမည် ရေးမလဲ ရစ်ချတ်။ ပရဂက်စ်ကြီးလို့ပဲ ရေးမလား။ ဖေဖေလို့ပဲ ရေးမလား။
''ဘာစာ မှ မရေးဘူး မေမေ။ ဖေ့ဖေ့အတွက် လက်ဆောင်ကို ဒီတစ်ခါလည်း စားသောက် ဆိုင်က အဘိုကြီး မစ္စတာဝှိုက် ကိုပဲ ပေးရဦးမှာပါ။
အမေက လှည့်ထွက်သွားသည်။ သူပြန်လှည့်လာသောအခါ သူ့မျက်လုံးအိမ်မှာ စိုရွှဲနေသည်။ ထို့နောက် သူ၏ ''မယ်အမေရိက'' အပြုံးမျိုး ပြန်ပြုံးပြကာ ကျွန်တော်၏ ပခုံးများကို လာဆုပ်လိုက်သည်။
''ရစ်ချတ်၊ လူကလေး၊ မေမေ သားကို တစ်ခုပြမယ်နော်....အဲဒါသား ဘယ်သူ့ကို မှ ပြန်မပြော ရဘူး။ ပြောစမ်း ပြန်မပြောပါဘူးလို့..... ''

''ဘာပစ္စည်းပြမှာလဲ အမေရဲ့''
''အမေ့မှာ သားကို ပေးဖို့ ပစ္စည်းတစ်ခုရှိတယ်ကွယ့်''
''ဟာ ....အမေ ကလည်း မေ့နေပြီလား။ ကျွန်တော့်တို့အတွက် ပစ္စည်းတွေအားလုံး ခရစ်စမတ် သစ်ပင်မှာ ချိတ်ထားပြီးပြီ မဟုတ်လား''
''ဒါက သား အတွက် အထူးကွယ့်''
''ကျေးဇူးပါပဲ အမေရယ်၊ ဟာ...အမေ ဘယ်နှယ်လုပ် သိလဲဟင်၊ ကျွန်တော် သားရေပိုက်ဆံအိတ်ကလေး လိုချင်နေတယ် ဆိုတာ။ လူကြီးတွေကိုင်တဲ့ တကယ့်ပိုက်ဆံ အိတ်မျိုး လိုချင်နေတာ အမေဘယ်လိုလုပ်ပြီး သိသလဲ ဟင်''

အမေသည် ကျွန်တော့်တို့အား ထိုကဲ့သို့ပင် သီးသန့် အထူး လက်ဆောင်များ ပေးတတ် ပါသည်။ ခရစ်စမတ် သစ်ပင်အောက် တွင် ချိတ်ထားသော လက်ဆောင်များမှအပ ဖြစ်သော ထိုသီးသန့် လက်ဆောင်ပေးသည် ကို မောင်နှမအချင်းချင်းပင် တစ်ယောက်နှင့် တစ်ယောက် မပြောပြစေရပါ။ သို့သော် ကျွန်တော်တို့က အိုးမလုံ အုံပွင့်ကြ သည် ချည့်သာ။ ဂါလင်နှင့် ကျွန်တော်သည် ရန်ပွဲ အမြဲဆင်ရပါသည်။"မေမေက ငါ့ကို ပိုချစ် တယ်ကွ။ ဒီမှာ မေမေပေးတာ ကို ကြည့်စမ်း" ထိုသို့ စကားစလိုက်သည်နှင့် တစ်ယောက် နှင့်တစ်ယောက် လျှို့ဝှက်ချက် ဘူးပေါ် သလိုပေါ်လာတတ်ကြပါသည်။

သို့သော် ဤပိုက်ဆံအိတ်ကလေးကို ကျွန်တော်သိပ်ကြိုက်သည်ကာျး အမှန်။ ပိုက်ဆံအိတ်ရပြီး ကျွန်တော် ပထမဆုံး လုပ်သည့် အလုပ်မှာ လိပ်စာကတ်ပြားထည့်ခြင်းပ။ တကယ်လို့များ ကားတိုက်ခံရလျှင် ကျွန်တော် ဘယ်သူ ဘယ်ဝါဆိုတာ သိရအောင်ပေါ့။ နောက်တော့ လူကြီးတွေ လုပ်သလိုပင် ငွေစက္ကူများထည့်ပါသည်။ လက်မှတ်ရောင်း လာ သောအခါ ပိုက်ဆံအိတ်ကို ဆွဲထုတ် လိုက်ပြီး ငွေစက္ကူတစ်ရွက်ကို ဟန်ပါပါ ထုတ်ပေး လိုက် သည်။

"အကြွေးမပါဘူးလား ကလေး"

""ပါပါတယ် အစ်ကိုကြီး" နောက်တစ်ကြိမ် ပိုက်ဆံအိတ်ထုတ်လိုက်ပြန်သည်။ အကြွေထည့်သော အိတ်ငယ်လေး ကို ထပ်ထုပ်ပြီး အကြွေယူပြန်ပိတ်၊ ပိုက်ဆံအိတ်ထဲ ပြန်ထည့်။ ငွေစက္ကူချပ်ကို သားရေအိတ်အတွင်း အိတ်ရှည် တွင်ထည့်၊ သားရေအိတ် ပြန်ပိတ်၊ ဘောင်းဘီအိတ်ထဲထည့်၊ အပြန်ခရီးမှာလည်း ထိုနည်းအတိုင်း ကျင့်သုံးခဲ့သည်။
ထိုည ညစာမှာကား အလျှံပယ်၊ ပေါင်မုန့်ရှိလျှင် ၀က်အူချောင်းကမရှိ၊ ၀က်အူချောင်း ရှိလျှင်ပေါင်မုန့်က မရှိပြန်၊ နွေရာသီတွင် သကြား လုံးလုံး ပြတ်ခဲ့သည်။ သံပုရာရည် ဖျော်သောက် စရာပင် သံပုရာသီးက မရှိ။ ရေခဲက မရှိ။ ထိုသို့သော နေ့ရက်များကို ဒီတစ်ညတည်းဖြင့်ပင် လျော်ပစ်လိုက်ကြသည်။ ထိုတစ်ညဖြင့် ကျွန်တော် တို့အားလုံး အဆင်ပြေကြပါပေသည် တကား။

ညစာစားပြီးနောက်တွင် ကျွန်တော်သည် နောက်ဖေးတံခါးမှ ထွက်ခဲ့ပြီး ကောင်းကင်ပြင်ကြီးကို မျှော်ကြည့်ကာ ကျွန်တော် တို့ ဒီည စားသလောက် ဘယ်သူမျှ စားနိုင်မည် မဟုတ်ကြောင်း တိုင်တည် ပြောဆိုမိပါသည်။ ဒိန်ခဲတွေ၊ ၀က်ပေါင်ခြောက်တွေ၊ ကြက်ဆင်တွေ။ မနက်ဖြန်အတွက် လည်း မီးဖိုပေါ်တွင် ဘဲသားဟင်း တည်ထားသေး ရဲ့။ ၀ီစကီ အရက်တေင်ပါလိုက်သေး။ အိမ်လာလည်သူတွေ အတွက် လို့တော့ မေမေ က ပြောတယ်။ ကျေးဇူးတင်ပါတယ် ဘုရားသခင်။ မေမေဟာ သိပ်ပျော်နေပါတယ်။ ဒီညမှာ ကြွက်တွေ၊ ပိုးဟပ်တွေတောင် လာမနှောင့်ယှက်ကြဘူး။ နံရံ အကွဲအဟတွေ ကြားကလည်း ခါတိုင်းလို လေတွေ မတိုက် ပါဘူး။

တပည့်တော် ပိုက်ဆံအိတ်လိုချင်နေတာကိုလည်း ဘယ်လိုလုပ်သိပါသလဲ ဘုရားသခင်။ တပည့်တော် စဉ်းစားကြည့်မိပါတယ်။ သားမွှေးအင်္ကျီတွေ၊ လျှပ်စစ်ရထားတွေပိုင်တဲ့ လူချမ်းသာ တွေအားလုံးလည်းပဲ သူတို့လိုချင်နေမှန်း ဘယ်သူမှ မသိတဲ့ ဒီပစ္စည်းလေးမျိုးတွေ ရကြမှာဘဲလို့...။
"ရစ်ချတ် ... အိမ်ထဲဝင် အနွေးအင်္ကျီ လာဝတ်လှည့်။ ဟဲ့ ... ကောင်လေး၊ အိမ်ထဲဝင်မလား၊ မ၀င်ဘူးလား၊ မ၀င်ရင်တော့ ငါရိုက်မိတော့မယ်နော် ..."
အဲဒါပဲ ကြည့်တော့၊ ဘုရားသခင်၊ တပည့်တော် ချမ်းလည်း မချမ်းဘဲနဲ့၊ သူတို့က ခေါ်နေကြပြန်ပြီ။ တပည့်တော် က အရှင်ရဲ့ အနွေးဓာတ်နဲ့ ရစ်ပတ်ထားတာကို သူတို့မသိပြန်ဘူးနော်။

"ဟဲ့ ... ရစ်ခတ်၊ နင်ဘာဖြစ်နေတာလဲ၊ ကြောင်တိကြောင်တောင်နဲ့"
"အမေ မသိပါဘူး အမေရယ် ..."
"ဘာ ငါမသိရမှာလဲ၊ ပြောစမ်း"
"ကျွန်တော် အပြင်ထွက်ပြီး ဘုရားသခင်ဆီ ဆုတောင်းဝတ်ချနေတာ အမေရဲ့၊ အိမ်ထဲမှာဆို သူတို့ ကြားရင် ကျွန်တော့်ကို ၀ိုင်းဟားတိုက်ကြပြီး အရူးလေးလို့ ပြောမှာစိုးလို့။ ကျွန်တော်တို့ ဘုရားသခင်က တကယ်ကောင်း တဲ့ ဘုရားသခင်ဘဲ၊ မဟုတ်ဖူးလား မေမေ"
"ဟုတ်ပါတယ် ရစ်ချတ်ရယ်"
"ဒီမှာ အမေ၊ ကျွန်တော် တစ်ခု ပြောပါရစေ။ ကျွန်တော် ပြောရင် မရယ်နဲ့နော် ...၊ အရူးလေးလို့ လည်း မပြောနဲ့။ အလကား လျှောက်ညာနေတယ်လိုလည်း မဆိုနဲ့။ နော် အမေ"
"ဘုရားသခင် က ကျွန်တော့်ကို စကားပြောတဲ့ အသံကို ကျွန်တော် ကြားရတယ် အမေ"

အမေက ကျွန်တော့်ပခုံးများကို ပွေ့ဖက်လိုက်ပါတယ်။ နောက် သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး "ဟုတ်တယ်၊ ဘုရားသခင်က လူတွေကို စကားပြောပါတယ်။ တကယ်မွန်မြတ်တဲ့ သားလို လိမ္မာတဲ့ လူတချို့ကို စကားပြောပါတယ်။ အမေ့ကို ခွင့်လွှတ်နော်ကွယ်"
"ခွင့်လွှတ်ပါတယ် အမေရယ်"
"နောက်တစ်ခါ ဘုရားသခင်နဲ့ စကားပြောရင်လေ ဖေဖေ့ကို အိမ်ပြန်ပို့ပေးပါလို့ ဆုတောင်းပေးနော်"
"ကျွန်တော်နဲ့ အမေ၊ ဒီမှာ အတူတူရပ်ပြီး တံခါးဝကနေ ကြည့်နေကြရအောင်နော်"
"အားလုံး အိပ်ရာဝင်နေကြပြီ သားရယ်"
"ကျွန်တော့်ဘ၀ တစ်သက်တာလုံး ဖြစ်ဖြစ်၊ ဒီတစ်ခါတော့ ဒီလိုခရစ်စမတ် အကြိုညမျိုးမှာ မေမေနဲ့ အတူတူ ပြတင်းပေါက် ကနေ အပြင်ကို မျှော်ကြည့်ခွင့်လေး တစ်ခုတော့ပေးပါ မေမေရယ်၊ မေမေ့ကို ကျွန်တော်ကြည့် ရယ်မနေပါဘူး"
"ဘာဆိုလိုတာလဲ ရစ်ချတ်"

"မေမေက ဖေ့ဖေ့ကို စောင့်နေတာ မဟုတ်ဖူးလားဟင်။ ကျွန်တော် သိပါတယ် မေမေရယ်။ ခရစ်စမတ် အကြိုညတိုင်း မှာပဲ မေမေဟာ ရေမိုးချိုး၊ ရေမွှေးတွေဆွတ်၊ လူဖြူသူဌေးတွေဆီက ရတဲ့ အကောင်းစား အင်္ကျီတွေ ၀တ်ပြီး ဒီပြတင်းပေါက်အနားမှာ လာဒူးထောက်ပြီး အဖေ့ကို မျှော်နေ တတ်တယ်ဆိုတာ"
"ရစ်ချတ် ... မင်း အိပ်ရာဝင်တော့ရင် ပိုကောင်းမယ် ထင်တယ်ကွယ်"
"ကျွန်တော် သိပါတယ် အမေ။ ဟိုဝီစကီ ပုလင်းကလည်း အိမ်လာလည်တဲ့ လူတွေအတွက် မဟုတ် ပါဘူး။ ဖေဖေ့အတွက်ပဲ မဟုတ်ဘူးလားဟင်"
"ရစ်ချက်ရယ်၊ အိပ်ရာ ၀င်နေချေပါ။ သူလာရင် မေမေ လာနှိုးပါ့မယ်"
"မအိပ်ပါရစေ နဲ့ မေမေ၊ ကျွန်တော် မေမေနဲ့တူတူ ထိုင်နေပါရစေလား ဟင် ဟုတ်လား မေမေရယ်"

"အေး .. အေး ...
"ကျွန်တော် မစ္စတာဝှိုက်အတွက် ပေးဖို့လက်ဆောင်ကို ပြန်ယူထားပါတယ်။ ဒီနှစ် ဖေဖေ့ သူ့အတွက် လက်ဆောင်ပြန်လာ ယူမယ်ဆိုတာ ကျွန်တော် သေသေချာချာ သိနှင့်နေပါတယ်"
မေမေနှင့်အတူတူ ဖေဖေ့ကို စောင့်ရသော ထိုညတွင် ကျွန်တော်မေမေ့ကို ပြောပြချင်သော စကား များစွာ ရှိနေပါသည်။ ထိုင်စောင့်လိုက်၊ ဒူးထောက်ဆုတောင်းလိုက်ကြ၊ လေစိမ်းတိုက်၍ ချမ်းချမ်း တုန်သောအခါ တစ်ယောက်နှင့်တစ်ယောက် ထွေးဖက်ထားလိုက်ကြ။ လမ်းပေါ်မှ အသံဗလံ တစ်ခုခုကြားတိုင်း ရုတ်ခနဲ ထကြည့်လိုက်ကြနှင့်။
ထိုအချိန်တိုင်းတွင် ကျွန်တော် ပြောချင်နေသော စကားများမှာ ရင်ထဲတွင် အပြည့်အသိပ်။ သို့သော် ကျွန်တော် မပြောဖြစ်ခဲ့ပါ။ ဒါတွေကို အမေကလည်း သိနှင့်ပြီး ဖြစ်လိမ့်မည် ဟုပင် တစ်ခါတလေ တော့လည်း ထင်မိပါသည်။

ကျွန်တော် ပြောချင်ပါတယ်။ မေမေ မှတ်မိသေးရဲ့လား။ ကျွန်တော် အိမ်ပြန်လာပြီး ဒေါက်တာ ဂျက်ဆင်အိမ် ကျွန်တော် ရောက်နေတဲ့အကြောင်း ပြောတဲ့နေ့လေ။ သူ ကျွန်တော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ။ မင်းလည်း တစ်နေ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ် လို့ သူက ပြောတယ် ဆိုတာတွေ။ သူက ကျွန်တော့် ကို စာဖတ်တတ်အောင် သင်ပေးတာတွေ၊ ကျွန်တော်တို့အိမ်မှာ စာဖတ်ရတာ သိပ်ချမ်းနေရင် သူတို့အိမ် လာဖတ် ဖို့ အကြောင်းပြောတာတွေ၊ ဒါတွေ ကျွန်တော် ပြောပြခဲ့တာ မှတ်မိရဲ့လားအမေ၊ အဲဒါတွေ အားလုံးဟာ ကျွန်တော် လိမ်ပြော တာချည်းပါပဲ"

"ဒါတွေကို အမေလည်း သိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ကို ချစ်တဲ့လူတွေဆို တာ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် ဖန်တီးထားတဲ့ လူတွေပါ။ ကျွန်တော့်စိတ်ကူးထဲက ဆင်းရဲသားတွေ အပေါ် ကူညီတတ် တဲ့ လူတွေအကြောင်း ကျွန်တော်ပြောပြလျှင်လည်း အမေက သိပ်စိတ်မ၀င်စားသလိုနေပြီး အမည်နာမတွေတောင် သိပ်ဂရုတစိုက် မမေးဘူး မဟုတ်လား။ ဘုရားသခင်ဟာ ကမ္ဘာကို ဖန်ဆင်းပြီး ဒီလို လူကောင်း သူကောင်းတွေကျတော့ ဘာလို့ ကမ္ဘာထဲ မှာ ထည့်ပြီး မဖန်ဆင်းသလဲဟင်။ ကျွန်တော်က စိတ်ကူးကမ္ဘာ ထဲမှာ ကျွန်တော့်ကိုချစ်တဲ့ ကျောင်းဆရာ တစ်ယောက်ကို ဖန်ဆင်းလိုက်ပြီး သူက စာဖတ်တတ်အောင် သင်ပေးပုံတွေ အမေ့ကို ပြောပြခဲ့တယ်။

အိမ်စာပေးလိုက်တဲ့ စာအုပ်တစ်အုပ်လုံး ကြေမွစွတ်စိုနေတာတောင်မှ တစ်စက်ကလေးမှ ကျွန်တော့်ကို မဆူမငေါက်တဲ့ ဆရာမ၊ ကျွန်တော်တို့ မီးဖိုချောင်ဟာ စာဖတ်လို့ မရလောက်အောင် အေးလွန်းလှတဲ့အတွက် အိပ်ခန်း ထဲ ၀င်ပြီး အိမ်စာ လုပ်ရတဲ့အကြောင်း၊ အိပ်ရာပေါ် ကျွန်တော် အိပ်ပျော်သွားတော့ ကလေးငါးယောက် ထဲက တစ်ယောက်ယောက်က သေးတွေပါချတဲ့အတွက် စာအုပ်ဟာ ကြေမွ စွတ်စိုလာရတဲ့အကြာင်းတွေ ရှင်းပြတော့ ဆရာမ က ကျွန်တော့်စကားတွေ ယုံပြီး အပြစ်မတင်ပုံတွေ။

ကျွန်တော် အပြင်ထွက်ပြီး နဖူးကချွေး၊ ခြေမ ကျတဲ့အထိ လုပ်တော့ ငါးဒေါ်လာ ရခဲ့တယ်။  အဲဒါကို ကျွန်တော်က အိမ်ပြန်လာတော့ ပြောပြတယ်။ အမေ မစ္စတာဂရင်းက ဒီပိုက်ဆံ မင်းအမေ ပေးလိုက်လို့ ပြောတယ်။ အမေ့ကိုလည်း ခင်မင်တဲ့အကြောင်း ပြောလိုက်တယ်။ အမေ ကလေး တွေ မွေးမြူထိန်းကျောင်းသလို အမေ့လို ထိန်းကျောင်းချင်တယ်လို့ ကျွန်တော့်ကို ပြောလိုက် သေးတယ် စသည်ဖြင့်ပေါ့လေ။ ဒါတွေဟာလည်း တစ်ခုမှ မဟုတ်ပါဘူး အမေ။

ကျွန်တော် မွေးနေ့ပါတီတွေ သွားတဲ့အကြောင်းတွေကော မှတ်မိသေးရဲ့လား မေမေ။ ဆယ်ဆင့်တန အပေါစား ပစ္စည်းရောင်း တဲ့ ဆိုင်က ပစ္စည်းလေးတွေ ခိုးပြီး အဟုတ်အဟတ် လက်ဆောင်ကောင်းကြီး လုပ်ပြီး မွေးနေ့ လက်ဆောင် ပေးခဲ့ရပါတယ်။ ကျွန်တော် အိမ်ပြန်ရောက် လျှင် ကျွန်တော်တို့ ခေါင်းအုံး ပစ်တမ်း၊ စာတိုက် လုပ်တမ်း၊ မြည်း အမြီး တပ်တမ်းတွေ ကစားကြ ပြီး ကျွန်တော့်ကို လူတိုင်းက ချစ်ကြပုံတွေ ပြောပြခဲ့တယ်လေ။ ဒါတွေဟာ လည်း အလိမ်အညာ တွေချည်းပါဘဲ အမေ။ ခေါင်းအုံးပစ်တမ်း ကစားကြတယ်ဆိုတာ မိန်းကလေး တစ်ယောက်က မျက်စေ့မှိတ်ပြီး ခေါင်းအုံးကို စွပ်ပစ်ရတယ်။ အဲဒီခေါင်းအုံး ၀င်မှန်တဲ့ ယောက်ျားလေးကို သူက နမ်းရတယ်လေ။ တစ်ခါတော့ ကောင်မလေး တစ်ယောက်ပစ်လိုက်တဲ့ ခေါင်းအုံးဟာ ကျွန်တော့်ကို လာမှန် တယ်။ ကောင်မလေးက မျက်စေ့ဖွင့်ကြည့်ပြီး နမ်းရမယ့် လူက ကျွန်တော်လည်း ဖြစ်နေ တာ တွေ့ရော ငယ်သံ ပါအောင် အော်ပြီး ထွက်ပြေးသွားတော့တယ်။

ကျွန်တော့်မွေးနေ့ကျတော့ကော ကျွန်တော် အိမ်ပြန်လာတော့ အိတ်ကြီးတစ်ခုလုံး လက်ဆောင် တွေ အပြည့်အဖောင်း နဲ့ ပါလာတယ်လေ ...။ ကျွန်တော့်ကို အတန်းထဲက အတန်းသား အားလုံးက ပဲ ခင်မင်ကြလွန်း လို့ လူတိုင်း မွေးနေ့လက်ဆောင်တွေ ပေးကြတယ်လို့ အမေ့ကို ကျွန်တော် ပြောခဲ့ တယ်။ ဒါမဟာမမှန်ပါဘူး အမေ။ ဒီလက်ဆောင်လေးတွေ အားလုံးကိုပဲ ကျွန်တော် ဆယ်ဆင့်တန် ဆိုင်က ခိုးခဲ့တာချည်းပါပဲ။ နောက်မှ တစ်ခုစီ ကို စက္ကူတွေနဲ့ အသေအချာပတ်ပြီး တစ်ယောက်စီ နာမည်တွေ လျှောက်ရေးပြီး ကိုယ့်ဘာသာ ကိုယ်ပေး ခဲ့ရတဲ့ လက်ဆောင်တွေပါ အမ။
"ရစ်ချတ်ရေ၊ ဒီတစ်ခါတော့ သူမလာတော့ဘူးနဲ့ တူတယ်ကွယ်"

"သူလာမှာပေါ့ အမေရယ် ...။ ခုနက အမေပြောသလိုပေါ့။ ဒီလိုနေ့မျိုးက အသွားအလာ သိပ်များ တယ် မဟုတ်လား။ ရထားတွေဆို အပြည့်အကျပ်မို့ နောက်ကျနေတာ ဖြစ်မှာပါ"
"မင်းအဖေ က ထမင်းချက်ကွယ့်။ မင်း သိရဲ့လား။ ခရစ်စတမ်နေ့မျိုးမှာလည်း သူ အလုပ်လုပ်ရ တယ်လေ"
"လာ မှာပေါ့ အမေရယ်။ ကဲ ... အ၀တ်အစားလေး ဘာလေး ခဏချွတ် ထားပါ ဦး။ ဖေဖေ လာမှ ပြန်ဝတ်တာပေါ့နော် ..."
တချို့လူတွေက အမေ့ကို ပြောဖူးကြတာ အမေ မှတ်မိဦးမှာပေါ့။ ကျွန်တော်တို့က သိပ်ညစ်ပတ်တဲ့ လူတွေ၊ ဒါကြောင့် ကျွန်တော် တို့နဲ့ သူတို့ ကလေးတွေ မကစား စေလိုတာတွေ။ ကျွန်တော်တို့ကို သူတို့အိမ်တွေ လာမလည်စေချင် တာတွေ။ သူတို့က ပြောတယ် ကျွန်တော်တို့ ကိုယ်အနံ့အသက် တွေက သိပ်နံ့တာပဲတဲ့။ ကျွန်တော် ခြောက်နှစ်သားတုန်းကပေါ့။

"ပရက်စလေ" က ဒီတုန်းက ရှစ်နှစ်နီးပါး။ ဒီစကားကြားရတော့ အမေ့ခမျာ တစ်ညလုံးငိုလိုက်တာ။ နောက် ကျွန်တော် တို့ကို အိမ်မှာထားရစ်ခဲ့ပြီး အ၀တ်အစားအသစ်တွေ ပါမလာမချင်း အိမ်ထဲကပဲ စောင့်နေဖို့ မှာရစ်ခဲ့ပြီး အမေ ထွက်သွားတယ်။ ကျွန်တော်တို့ အ၀တ်ဟောင်းတွေ အားလုံးကိုတော့ သူဖွက်သွားခဲ့တယ်။ ဒီတုန်းက နွေရာသိပေါ့။ ကျွန်တော်တို့အိမ်ထဲမှာ်ဘယ်နေချင်ပါ့မလဲ။ ငိုလိုက်ကြ၊ တခြားကလေး တွေ ကစားတာ မျှော်ကြည့်လိုက်ကြ၊ သူတို့အိမ်တွေက အစားအသောက်စားဖို့ ခေါ်သံတွေ နားထောင်နေလိုက်ကြနဲ့။ ဒါနဲ့ ကျွန်တော်တို့ အ၀တ်အစားတွေ ကျွန်တော်တို့ ပြန်ရှာကြည့်ကြ တယ် သမံတလင်းပေါ်မှာ မီးသွေးထည့် တဲ့ တောင်းထဲမှာ မီလင်းဖိုအောက်မှာ။ ဘယ်မှာမှ အ၀တ်အစားတွေ ရှာမရဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း အမေ့အ၀တ်တွေ ဘက် လှည့်ရတော့တာပါ ပဲ။

လူဖြူသူဌေးတွေ စွန့်ကြဲထားပြီး အမေတစ်ခါမှ မ၀တ်သေးတဲ့အ၀တ်တွေကို ကျွန်တော် တို့ ကောက်ဝတ်ကြတယ်။ နောက် ကျွန်တော်တို့ အပြင်ထွက်ပြီး ကစားကြပြန်ရော။ အမေ့အ၀တ်တွေ ၀တ်ထား တဲ့ ကျွန်တော်တို့နှစ်ယောက်ကို မြင်သူတိုင်း လက်ညှိုးထိုးပြီး ရယ်ကြတယ်။ ခြေဆောင့် ဆောင့်ပြီး ရယ်ကြတယ်။ ဒီနွေမှာ ကစားတာလောက် ကျွန်တော်တို့ အပျော်ဆုံးကစားကြတာ ဘယ်ခါမှကို မရှိပါဘူး။ လူတွေ အတော်စုဝေးပြီးကို ကျွန်တော်တို့ကို ၀ိုင်းကြည့်ကြတယ်။ ကျွန်တော် တို့ အိမ်ရှေ့စမုတ်ကနေ အပြင်ထွက် ကစားကြတော့ လမ်းတစ်ဘက်က လူဖြူစားသောက်ဆိုင်ထဲ ၀င်ဖို့ စောင့်နေကြတဲ့ နီဂရိုး ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာတွေက မြင်သွားတဲ့အခါ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သံတောင်နဲ့တွက်ကြပြီး ခေါင်းတွေ ခါရမ်းနေကြတယ်။

 ကျွန်တော်တို့ အိမ်ရှေ့ဒေါင့်ချိုးနားက ဘတ်စ်ကား မှတ်တိုင်မှာ ကားတစ်စီးဆိုက်လာတော့လည်း ကားပေါ်က လူတွေ အားလုံးပဲ တံခါးပေါက်တွေထဲက ခေါင်းလေးတွေ ပြူထွက်လာကြပြီး ကျွန်တော် တို့ကို ငေးကြည့် နေကြတယ်။ "ပရက်စလေ" နဲ့ ကျွန်တော်ကတော့ လက်တွေတောင် ဝှေ့ယမ်းပြလိုက်သေး။ အဲဒီတစ်နွေ လုံးပဲ ကျွန်တော်တို့ အဲဒီလို ၀တ်ခဲ့ကြပါတယ်။ ကြာတော့လည်း ဘယ်သူကမှ ဂရုမစိုက်ကြတော့ ပါဘူး။ လူတိုင်းကပဲ ဒီငမည်းလေးတွေ အင်္ကျီဝတ်စရာမရှိတော့လို့ သူတို့အမေ အ၀တ်တွေ မှာယူဝတ်ကြရတာပဲ လို့ သိသွားကြတာပေါ့။

"င့ါကြည့်ရတာ ဘယ်လိုလဲ ရစ်ချတ်"
"အားလုံးကြည့်ကောင်းတယ် အမေ"
"ဒါက ငါရှိတဲ့အထဲမှာ အကောင်းဆုံး ဖိနပ်ပေါ့။ မစ္စ၀ါလေ ပေးတာလေ။ ဒါပေမဲ့ ဒါတွေက နွေမှာ စီးတဲ့ ဖိနပ်တွေကွဲ့"
"ဘာလဲ အမေ ရ၊ နွေမှာစီးတဲ့ ဖိနပ် ဟုတ်လား။ ဒီအဖြူနဲ့ အနက်ကျား ဖိနပ်လေးကို ကျွန်တော် သိပ်ကြိုက် တာပဲ။ အမေတစ်ခါမှ ထုတ်မစီးဘဲနဲ့။ ဒါတွေက နွေမှ ထုတ်စီးရတယ်ဆိုတာ ကျွန်တော်တော့ဖြင့် မသိပါဘူး"

"ဆောင်းရာသီမှာ ဖိနပ်ဖြူတွေ စီးတာ မင်းမမြင်ဖူးဘူးလား ..."
"ဒါက သူတို့ အရောင်းဆိုးထားတာ ဖြစ်မှာပေါ့ အမေရ၊ ဒါဆို ကျွန်တော်လည်း အမေ့ဖိနပ်ကို ဆေးဆိုးပေးမယ်လေ။ ဒါမှ အမေလည်း စီးနိုင်ပြီး အဖေ့ကလည်း ဖိနပ်သစ်လေးကို မြင်နိုင်မှာ"
"အို ... ရစ်ချတ်ရယ်၊ အချိန်မရှိပါဘူး၊ ဆေးဆိုးလျှင်လည်း ခြောက်အောင်စောင့်ရဦးမှာ"
"စိတ်မပူပါနဲ့ အမေရယ်၊ ဖိနပ်ကို မီးကင်လိုက်ရင် အမေစီးတဲ့အခါ ခြောက်သွားမှာပေါ့"
ကျွန်တော် ဖိနပ်မျိုးစုံ ဆေးဆိုးခဲ့ဖူးပါတယ် အမေ။ ဖိနပ်ဆေးဆိုးပေးဖူးတယ်။ ဖိနပ် တိုက်ပေးခဲ့ ဖူးတယ်။ ကျွန်တော် လုပ်ခဲ့တဲ့အလုပ်တွေ မြင်ခဲ့တဲ့ အရာတွေ အကုန်လုံးအမေ့ကို ပြန်မပြောခဲ့သေး ပါဘူး။ အမေ မှတ်မိသေးလား။ သွားတွေယိုင်ပြီး နှုတ်ခမ်းကြီးလည်း ကွဲလို့ ကျွန်တော် အိမ်ပြန်လာ ခဲ့တဲ့ တစ်နေ့လေ။ လှေခါးပေါ်က ချော်ကျခဲ့တာလို့ အမေ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် ခြေထောက်နဲ့ အကန်ခံခဲ့ရတာပါ။ အကန်ခံရတာမှ မျက်နှာကိုခံရတာပါ အမေ။

စနေနေ့ မွန်းလွဲပိုင်းအချိန်။ ကျွန်တော်က အဲဒီတုန်းက ဆယ်နှစ်။ ဒါပေမဲ့ လူပုံပန်းကြည့်ရတာ ခုနစ်နှစ်သားလို့ ထင်ရပါတယ်။ ဆိုင်ထဲမှာတော့ ဘီယောက်သောက်သူတွေနဲ့ စည်ကားနေပါတယ်။ ကျွန်တော်ကတော့ လူဖြူမိန်းမ တစ်ယောက်ရဲ့ ဖိနပ်ကို တိုက်နေပါတယ်။ အရက်ဆိုင်ထဲမှာ ထိုင်နေတဲ့ လူတချို့က ကျွန်တော့်ကို အလကားနေရင်း ဟားတိုက်နေပါတယ်။
"ဒီမှာ အစ်မကြီး၊ ဒီမျောက်သေးသေးလေး ခင်ဗျားအိမ် ခေါ်သွားပါလားဗျ။ ကံပြောင်း ကံလွဲလေး ပေါ့ ..."
မိန်းမကြီး ကလည်း ရယ်နေတယ်။ "ခေါ်ရကောင်းမလား စဉ်းစားနေတာ။ ဒီလိုသတ္တ၀ါလေးတွေကို မြင်းတွေလို ဇက်ကြိုး နဲ့ ချုပ်ပြီး လှန်ထားဖို့ ကောင်းတယ်"
"မျောက်ကလေး မှာ အမြီးပါတယ်နော်။ ဟိုရမ်း ဒီရမ်းနဲ့"

သူ့ဖိနပ်က အဖြူနဲ့အညိုကြား။ ဒါကြောင့် ဖိနပ်ဆေးအညိုကို အဖြူနေရာမှာ မပေအောင် လက်တစ်ဖက်ကို သူ့ခြေထောက်နောက်မှာထားပြီး လက်တစ်ဖက်နဲ့ ထိန်းပြီး ဖိနပ်ဆေး သုတ်ပေး နေရတယ်။
ဒီအချိန် မှာ လူဖြူတွေထဲက လိုက်ပြီး မရယ်တဲ့ လူတစ်ယောက်က ခွေးခြေပေါ်မှာ ထိုင်နေရာကနေ ခုန်ထ လိုက်ပြီး ... "ဟေ့၊ မင်းလက်မည်းတွေကို ဒီလူဖြူမိန်းမ ခြေထောက်ကနေ ဖယ်လိုက်စမ်း။ ခွေမသား ငမည်းစုတ်"

ပြောပြောဆိုဆို ကျွန်တော့်ပါးစပ် တည့်တည့်ချိန်ပြီး ခြေထောက်နဲ့ ကန်လိုက်ပါတယ်။ ခုနက ရယ်နေတဲ့အထဲက လူတစ်ယောက် ထွက်လာပြီး ကျွန်တော့်ကို ကန်တဲ့လူကို ဆွဲထားလိုက်တယ်။
"ဘုရားသခင် အလိုတော်အရပေါ့ဗျာ။ ဒီကောင်လေးကလည်း ကလေး ရှိသေးတာပဲ"
"ဒါ မင်းအလုပ် မဟုတ်ပါဘူးကွ"
"ဒီလိုနဲ့ ရန်ပွဲကြီး စပါလေရော"
အရက်ရောင်းတဲ့ လူက ကောင်တာကနေ ထလာပြီး ကျွန်တော့် လက်ကို တစ်ဖက်ကဆုပ်၊ တစ်ဖက် ကတော့ ဖိနပ် ဆေးသေတ္တာလေးကို ဆွဲပြီး၊ "ကဲ ... စိတ်မရှိပါနဲ့ကွာ၊ မင်းအပြစ်တော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ဒီနေရာမှာ မင်း မရှိရင် ပိုကောင်းမယ်ကွ"
နောက်တော့ သူက ငါးဒေါ်လာ ထုတ်ပေးလိုက်တယ်။

ကျွန်တော် က သွေးတွေနဲ့ ကျွန်တော့် သွားအပိုင်းအစလေးကိုလည်း မြင်လိုက်ရရော သိပ်ကြောက် သွားတယ်။ အင်္ကျီ လည်း သွေးတွေပေလို့။ အမေကတော့ တကယ့်ကို စိတ်ဆိုးတော့မှာပဲဆိုပြိး အိမ်မပြန်ရဲသေးတာနဲ့ "ဘူး" တို့အိမ် မှာ တစ်ည သွားအိပ်ခဲ့တယ်။ ကျွန်တော်က "ဘူး" ကိုတောင် ပြောပြလိုက်သေးတယ်။ ဒီလိုသာ တစ်ခါ အကန် ခံရတိုင်း ငါးဒေါ်လာ သာရမယ်ဆို ခဏခဏ အကန်ခံချင်စမ်းပါဘိလို့။
"ဘယ်နှစ်နာရီ ထိုးပြီလဲ အမေ"
"လေးနာရီ ထိုးပြီး ရစ်ချတ်"
"ဖိနပ်တွေ မီးကင်စရာ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်၊ လိုသေးလို့လားဟင်"

အရက်ဆိုင်နားမှာ အလုပ်လုပ်ရတာ သိပ်တော့ မဆိုးလှပါဘူး အမေ။ ကျွန်တော် ဖိနပ်တိုက်တာကို ဘယ်ကလေး မှလည်း လာပြီး မနောက်ပြောင်ကြပါဘူး။ ကျွန်တော့်ကို သူတို့က ချမ်းသာပေး ဘေးမဲ့ပေး ထားကြတယ်လေ။ အရက်ဆိုင်နားက မခွာချင်တာက နောက်တစ်ချက် ရှိသေးတယ် အမေ။ ဆောင်းတွင်းမှာဆို အဲဒီမှာ နွေးတယ်။ နွေဆို ကျွန်တော်တို့ အိမ်မှာထက် ပိုအေးတယ်။ နောက်ပြီး တချို့လူတွေက ကျွန်တော့်မျက်နှာ တံတွေးနဲ့ ထွေးလိုထွေး၊ ခြေထောက်နဲ့ ကန်လို ကန်ကြပေမယ့် တချို့ကြတော့လည်း ကျွန်တော့်ခေါင်းလေး ကို ပွတ်သပ်သွားကြလို သွားကြ၊ သားလေးလို့ ခေါ်လိုခေါ်ကြနဲ့၊ ဒါမျိုးတွေလည်း ကြုံရတတ်ပါသေးတယ် အမေ။

"မင်းအဖေလာမယ် ဆိုလို့ မင်း ဘာဖြစ်လို့ ယုံကြည်နေရတာလဲ ရစ်ချတ်"
"အို ... အမေကလည်း ဘုရားသခင်နဲ့ နောက်ဖေးမှာ ခုနကပဲ စကား ပြောခဲ့ပြီးပြီဘဲ။ အဖေ ဘယ်မယ်ဆိုတာ ကျွန်တော် သိနေတာပေါ့"
"ကဲ ... အိပ်ချေတော့ လူလေး"
"မအိပ်ပါရစေနဲ့ အမေရယ်။ ကျွန်တော်အမေနဲ့ စောင့်နေ ပါရစေ။ ဟိုကုလားထိုင်မှာ ကျွန်တော် လှဲနေမယ်လေ။ အဖေ လာရင် ကျွန်တော့်ကို နှိုးမှာလား" "နှိုးမှာပေါ့ သားရယ်။ ကဲ ... အိပ်တော့နော်" "ဟုတ်ကဲ့ အမေ"

ဒီညအမေ့ကို ကျွန်တော် ပြောစရာတွေ အများကြီး ရှိပါသေးတယ်။ "တေလာ"တို့ဆီ သွားတဲ့အခါ လမ်းကြားလေး တစ်ခုကနေ ဖြတ်သွားတိုင်း ကလေးမလေးတစ်ယောက်က ကျွန်တော့်ကို အမြဲတမ်း လက် ယမ်းနှုတ် ဆက်ပြတတ်ပါတယ်။ သန့်သန့်ပြန့်ပြန့် ကလေးမလေးပဲ။ သူ့စားပွဲပေါ်က ကိတ်မုန့်ကို တစ်ဖဲ့ ဖဲ့ပြီး ကျွန်တော့် ကို ကျွေး တတ်ပါတယ်။ အအေးရေလည်း တိုက်တတ်တယ်။ ခဏအကြာ အလုပ်ပြီးလို့ ကျွန်တော် အိမ်ပြန် ကျတော့လည်း သူ့ကို လက်ယမ်းနှုတ်ဆက်ပြခဲ့ပါ တယ်။

ညစာစားအပြီးမှာ သူ့အဖေနဲ့အမေက အိမ်ရှေ့ခန်းမှာ သွားထိုင်နေကြပြီး သူ့ကျတော့ နောက်ဖေးခန်းမှာ ပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ထားပစ်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်က နောက်ဖေးဘက်ပေါက်ကနေ ၀င်သွားတဲ့ အခါ သူက အခန်းထဲ ၀င်ခွင့်ပေးပြီး "ရှူး ... နင်ဒီမှာ ရောက်နေတာ ဘယ်သူမှ မသိစေနဲ့" လို့ ပြော ပါတယ်။ အခန်း က ကစားခန်းလေးလိုပဲ၊ ညတိုင်း ကျွန်တော်တို့ဆီသွားပြီး အင်တုံမှာ ပန်းကန် ကူဆေးပေး ပါတယ်။ တစ်နေ့တော့ သူ့အဖေ မီးဖိုထဲ ကို ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ကို တွေ့သွားတော့ တစ်ခါတည်း ဖမ်းချုပ်ထားပြီး တစ်ကိုယ်လုံးကို လှုပ်ရမ်းပြီး အိမ်ထဲကို ဘယ်လိုလုပ် ခိုးဝင်လာတယ်ဆိုတာ အတင်းပြောခိုင်း ပါတယ်။ သူ့သမီးကဖြင့် ဒီလို လမ်းပေါ်က ညစ်ပေနေတဲ့ တေလေကလေးကို ခေါ်မှာ မဟုတ်ဘူးလို့ ယူဆထားတယ်လေ။

ဆက်ရန်
.

2 comments:

rose of sharon said...

သနားစရာကောင်လေးရဲ့အကြောင်း စိတ်ဝင်စားစွာဖတ်သွားပါတယ်...နောက်အပိုင်းတွေစောင့်မျှော်လျှက်....

mstint said...

ဆက်ရန်လေး မျှော်နေတယ် ညီမရေ။
စာတွေပြန်ဖတ်ဘို့ အခွင့်အရေးရပြီလေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်