Saturday, June 23, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၆)

"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ် ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေး လိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ် လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။

"ပြန်ဖြေတာက ညစောင့်တစ်ယောက်ပါ။ အဲဒီမှာ လူနေအိမ် မရှိဘူးတဲ့။ နေ့ခင်းမှာ ဆရာဝန် တစ် ယောက်ရဲ့ဆေးခန်းဖွင့်ဖူးတယ်တဲ့။ ဒါပေမဲ့ေါဒက်တာဘေကာဆိုသူက ဆေးခန်းပိတ်ပြီး အငြိမ်း စား ယူသွားတာ " ကို ဆက်ဖတ်ရန်....

ဒါပေမဲ့ ဒေါက်တာဘေကာ ဆိုသူက ဆေးခန်းပိတ်ပြီး အငြိမ်း စားယူသွားတာ ခြောက်လလောက်ရှိပြီတဲ့။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့ ရှာလို့ရပါလိမ့်မယ်။ ည စောင့်က လိပ်စာတစ်ခုပြောလို့ ကျွန်တော် ရေးယူလာခဲ့တယ်"

အခန်း(၂၅)

ထိုအခါကျမှပင် မက်ဇင်မ်က ကျွန်မကို လှမ်းကြည့်ပါတော့သည်။ ယခု ညဦးပိုင်း တစ်ချိန်လုံး ကျွန်မကို ပထမဦးဆုံးအကြိမ်အဖြစ် ကြည့်ခြင်း ဖြစ်ပါသည်။ သူ့အကြည့်သည် ကျွန်မ ကို နောက်ဆုံးနှုတ်ဆက် သည့် အကြည့်မျိုး ဖြစ်နေသည်။ ပြီးတော့ ဖရင့်ဘက် သို့ လှည့်သွားသည်။
"ကောင်းတယ် ... ပြစမ်းပါဦး လိပ်စာ"
"လန်ဒန်မြောက်ပိုင်း ဘားနက်ရပ်ကွက်နားတစ်ဝိုက်ပဲ" ဖရင့်က သူ့ကို စာရွက်ပိုင်းကလေး လှမ်း ပေးရင်းပြောသည်။ "ဒါပေမဲ့ ဖုန်းတော့မရှိဘူး။ ကျွန်တော် တို့ ဖုန်းနဲ့ဆက်သွယ်လို့တော့ မရနိုင်ဘူး"
"ခင်ဗျား ရဲ့ဆောင်ရွက်ချက်ဟာ အင်မတန် ကျေနပ်စရာကောင်းပါတယ် ခရော်လေ... မစ္စက်ဒင်ဗာ လဲ အတူတူ ပါပဲ။ ခုလောက်ဆိုရင် တစ်ခုခုကိုများ ခန့်မှန်းနိုင်ပါပြီလား မစ္စက်ဒင်ဗာ ..." ဟု ကာနယ်ဂျူလယန်းက ပြောသည်။

"မစ္စက်ဒီဝင်းတား ဟာ ဆရာဝန်နဲ့ကုသဖို့ ဘယ်တုန်းကမှ မလိုခဲ့ပါဘူး။ တစ်ခါတုန်းက လက်ကောက် ၀တ်အဆစ် လွဲသွားလို့ ကားရစ် က ဒေါက်တာဖီးလစ်ကို ခေါ်ဖူးတာပဲ ရှိပါတယ်။ ဒေါက်တာဘေကာ ဆိုတဲ့ နာမည် ကို ပြောသံလဲ မကြားဖူးဘူး။ ဒီနာမည်မျိုး ကျွန်မကိုလဲ မပြောဖူးပါဘူး"
"ကျုပ်ပြောသားပဲ ... မျက်နှာခြေရောင်း တဲ့ အကောင် ဖြစ်မှာပါ။ ဘာကောင်ပဲဖြစ်နေနေ ဘာဆိုင် သလဲ။ ရဘက်ကာ ဟာ သူ့ဆံပင်အလှပြင်ပေးတဲ့ လူဆီက ဒီကောင်ရဲ့ လိပ်စာရပြီး သွားတွေ့တာ မျိုးပဲ ဖြစ်မှာပေါ့" ဟု ဖေဗယ် က ပြောသည်။

"မဖြစ်နိုင်ဘူး" ဖရင့်က ၀င်ပြောသည်။ "ဒီကိစ္စမှာတော့ ခင်ဗျား မှားပြီထင်တယ်။ ဘေကာဟာ သာမညောင်ည လူ မဟုတ်ဘူး။ သူဟာ အင်မတန် ကျော်ကြားတဲ့ သားဖွားနဲ့ မီးယပ်အထူးကုပါရဂူ ကြီးလို့ မြူဇီယမ် ၀၄၈၈ က ညစောင့် အလုပ်သမား က ပြောတယ်"
"ဟင်း..." ကာနယ်ဂျူလယန်း က သက်ပြင်းချရင်း သူ့မုတ်ဆိတ်ကျင်ဆွယ်ကလေးကို ဆွဲဆန့်နေ သည်။ "မစ္စက်ဒီဝင်းတား မှာ တစ်ခုခုတော့ ဖြစ်နေပြီနဲ့တူတယ်။ ဘယ်သူ့ကိုမှ မပြောပုံရယ်... မစ္စက်ဒင်ဗာလိုတောင်မှ မပြောပုံရယ် ကိုထောက်ရင်တော့ အင်မတန်စိတ်ဝင်စားစရာ ကောင်းနေ ပြီ"
"သူ သိပ်ကို ပိန်နေတယ်။ ဒီအကြောင်း သူ့ကို ကျွန်တော် ပြောဖူးတယ်။ ဒီလိုပြောတော့ သူက ရယ် နေတယ်။ ပိန် မှ ကြည့်လှတယ်တဲ့။ မိန်းမတွေဟာ ဒီလိုပါပဲ... ဓာတ်စာစားဖို့ကိစ္စအတွက် ဘေကာဆီသွားတာ ဖြစ်မှာပါဗျာ ..." ဟု ဖေဗယ် က ပြောသည်။

"ဒါ ဖြစ်နိုင်တယ်ထင်သလား မစ္စက်ဒင်ဗာ ..."
ကာနယ်ဂျူလယန်း က လှမ်းမေးသည်။
မစ္စက်ဒင်ဗာ က ခေါင်းခါပြသည်။ ဘေကာနှင့် ပတ်သက်သည့်အကြောင်း ရုတ်တရက် ပေါ်လာ သောကြောင့် မူးဝေ ထိုင်းမှိုင်း သွားပုံလည်း ရသည်။
"ကျွန်မတော့ နားမလည်နိုင်တော့ဘူးရှင် ... ဘာအဓိပ္ပာယ်ဆိုတာလဲ မသိတော့ပါဘူး။ ဘေကာ ... ဒေါက်တာဘေကာ ... ဘာဖြစ်လို့ ကျွန်မ ကို သူ မပြောတာလဲ။ ဘာဖြစ်လို့ ကျွန်မကို လျှို့ဝှက်ထား သလဲ ... ဘာမဆို ကျွန်မ ကို ပြောတယ်"
"ခင်ဗျား စိတ်ပူမှာစိုးလို့လဲ ဖြစ်နိုင်ပါတယ်" ကာနယ်ဂျူလယန်းက ပြန်ပြောသည်။ "ဒေါက်တာ ဘေကာ နဲ့ ချိန်းပြီးတွေ့ တာတော့ သံသယဖြစ်စရာ အကြောင်းမရှိတော့ဘူး။ ပြီးတော့ ခင်ဗျားကို ဒီအကြောင်းပြောပြ ဖို့ နေ့ချင်း ပြန်လာတာ လဲ ဖြစ်ချင်ဖြစ်မှာပေါ့"

"မစ္စတာဂျက်ဆီရေးခဲ့တဲ့ စာကရော .... "မစ္စက်ဒင်ဗာက ရုတ်တရက် ပြောလိုက်သည်။ "မစ္စတာ ဂျက်ဆီ ရေးလိုက် တဲ့ စာထဲမှာ "ရှင့်ကို ပြောစရာ ရှိနေပါတယ်။ မြန်နိုင်သမျှ အမြန်ဆုံးတွေ့မှ ဖြစ်မယ်" ဆိုတာလေ" "ဒါမှန်တယ်" ဖေဗယ်က တစ်လုံးချင်း ပြောသည်။ "သူ့စာကို ကျွန်တော် တို့ မေ့နေကြတယ်" ပြောပြောဆိုဆို သူ့အိတ်ထဲက စာကို ဆွဲထုတ်လိုက်ပြန်သည်။ ပြီးတော့ အသံ ကျယ်ကျယ်ဖြင့် ဖတ် သည်။ "ရှင့်ကို ပြောစရာ ရှိနေတယ်။ မြန်နိုင်သမျှ အမြန်ဆုံး တွေ့ချင်ပါတယ် ... ရဘက်ကာ"
"ဟုတ်ပြီ ... ဘာမှသံသယဖြစ်စရာ အကြောင်း မရှိတော့ဘူး။ သေချာသွားပါပြီ။ ဆရာဝန် နဲ့ တွေ့ပြီးတဲ့နောက် ပေါ်လာတဲ့ အဖြေဘာလဲ ဆိုတာ ဖေဗယ်ကို ပြောပြဖို့ ဖြစ်ရမယ်" ကာနယ်ဂျူလယန်းက မက်ဇင်မ် ဘက် လှည့်ပြောသည်။

"အခုတော့ ခင်ဗျားပြောတာတွေ ယုံပါပြီဗျာ ... ကျွန်တော့်ဆီရေးတဲ့ စာနဲ့ ဆရာဝန်နဲ့ ချိန်းတွေ့တာ ဟာ ဆက်စပ်နေရမယ်။ ဒါပေမဲ့ ဒါတွေဟာ ဘာတွေလဲ ... ဒါကိုပဲ ကျွန်တော် သိချင်တယ် ... ရဘက်ကာမှာ ဘာကိစ္စပေါ်နေသလဲ" တကယ်ဆိုတော့ သူတို့အားလုံး၏ မျက်နှာပေါ်မှာ အမှန်တရားတွေ ပေါ်နေသည်။ သို့သော်လည်း သူတို့ မမြင်ကြ။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း သူတို့ နားလည်သဘော ပေါက်ခြင်း မရှိကြ။ မက်ဇင်မ် က ဘာမျှမပြောဘဲ ပြတင်းပေါက်ဆီသို့ ပြန်သွားသည်။ အပြင်မှာ မိုးတိတ်ပြီ။
"ဒါလဲ စုံစမ်း လို့ ရပါတယ်ဗျာ ... ဟောဒီမှာ ဆရာဝန်နဲ့ လက်ရှိလိပ်စာ။ မနှစ်က မစ္စက်ဒီဝင်းတားနဲ့ တွေ့တဲ့ကိစ္စ ဘာကိစ္စလဲ လို့ စာရေးပြီး စုံစမ်းရင် ရနိုင်တာပဲ" ဟု ဖရင့်က ပြောသည်။
"ဒီလိုနဲ့ အလွယ်တကူ ရမယ်လို့တော့ ကျုပ် မထင်ဘူး။ လူနာတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားရ မယ့် တာဝန် ဆရာဝန်တွေ မှာ ရှိတယ်။ ခင်ဗျားဘယ်လို သဘောရသလဲ ဒီဝင်းတား ..." ဟု ကာနယ်ဂျူလယန်းက လှမ်းမေး သည်။

မက်ဇင်မ်က နောက်ဘက်ပြန်လှည့်လာသည်။ ပြီးတော့ လေသံတိုးတိုးနှင့် ပြောသည်။
"ကြိုက်တဲ့ အကြံပေးပါ။ ဘာမဆိုလုပ်ဖို့ အဆင်သင့်ပါပဲ"
"ဘာမဆို ဆိုတာ အချိန်ဆွဲဖို့ပေါ့။ ဟုတ်လား။ နှစ်ဆယ့်လေးနာရီဆိုတာ ဘာမဆိုလုပ်ဖို့ ဖြစ်နိုင် တယ် မဟုတ်လား။ မီးရထားမီနိုင်တယ်။ သင်္ဘောနဲ့ ပြေးနိုင်တယ်။ လေယာဉ်ပျံနဲ့ လစ်သွားနိုင် တယ်" ဖေဗယ်က မက်ဇင်မ် ကို လှမ်းပြောသည်။

မစ္စက်ဒင်ဗာက မက်ဇင်မ် ကို လှစ်ကနဲ တစ်ချက်လှမ်းကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့အမူအရာကို ကျွန်မ အကဲခတ် လိုက်မိပါသည်။ ဖေဗယ်၏ စွပ်စွဲချက်များကို မစ္စက်ဒင်ဗာ လုံးဝ မသိ။ နောက်ဆုံးတော့ တဖြည်းဖြည်း သူ ရိပ်စား မိလာပုံရသည်။ သူ့မျက်နှာ အမူအရာကို ကြည့်ခြင်းအားဖြင့် ကျွန်မ ပြောနိုင်ပါသည်။ သံသယတွေ၊ မုန်းတီးစက်ဆုပ်မှုတွေ ရောနေသော အမူအရာတွင် ယုံကြည်မှု ပါ ရောစွက် လာသည်ကို တွေ့ရသည်။ မက်ဇင်မ် ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ နှုတ်ခမ်းကို လျှာဖြင့် လျက်နေသည်။

သိပ်ကို နောက်ကျသွားပါပြီ ဟု ကျွန်မ တွေးလိုက်မိပါသည်။ ယခုအချိန်တွင် ကျွန်မတို့ကို သူ ဘာမျှ မလုပ်နိုင်တော့ ပါ။ ဘာဒုက္ခမျှ မဝေးနိုင်တော့ပါ။ ကျွန်မတို့ကို သူ ဘာပြောပြော၊ ဘာလုပ်လုပ် အကြောင်း မဟုတ်တော့ပြီ။ ကျွန်မ တို့ ဒုက္ခရောက်ဖို့ အားလုံး ပြင်ဆင်ပြီးသွားပါပြီ။ ထို့ကြောင့် ဘာဒုက္ခမျှ သူ ထပ်မပေးနိုင်တော့ ပါ။ မစ္စက်ဒင်ဗာ အမူအရာကို မက်ဇင်မ်က မမြင်။ ကာနယ်ဂျူလယန်းကိုသာ စကား လှမ်းပြောနေသည်။
"ကျွန်တော် ဘာလုပ်ပေးစေချင်သလဲ ... မနက်ဖြန် မနက်ကျရင် အဲဒီ လိပ်စာအတိုင်း လိုက်သွား ပြီး တွေ့လိုက် ရမလား ... ကျွန်တော် လာတွေ့မယ့်အကြောင်း ကြေးနန်းလှမ်းရိုက်လိုက်ရင် ရတာပဲ"
"သူတစ်ယောက်တည်း သွားလို့ ဘယ်ရမလဲ ... ဟား ... ဟား ... ဒီကိစ္စမှာ ကျွန်တော် ပြောပိုင်ခွင့် ရှိပါတယ်။ အင်စပိတ်တော်ဝဲ့လ်ခ်ျ နဲ့ အတူသွားမယ်ဆိုရင်တော့ ကျုပ်မကန့်ကွက်ဘူး" ဟု ဖေဗယ်က ပြောသည်။

မစ္စက်ဒင်ဗာက မက်ဇင်မ် ကို ကြည့်နေဆဲပင် ရှိသည်။ ယခုတော့ မစ္စက်ဒင်ဗာ၏ အကြည့်ကို ဖရင့် လည်း ရိပ်မိ သွားပြီ။ သူ့လက်ထဲ မှ လိပ်စာစာရွက်ကလေးကို တစ်ချက် ငုံ့ကြည့်သည်။ ပြီးတော့ မက်ဇင်မ်ကို လှမ်းကြည့် သည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကာ စာရွက်ကလေးကို ဆက်ကိုင်ထားရမှာ ၀န်လေးဘိအလား စားပွဲပေါ် သို့ လှမ်းတင်လိုက်သည်။
"အခုအချိန်မှာတော့ ဒီကိစ္စထဲ အင်စပိတ်တော်ဝဲ့လ်ခ်ျ ကို ဆွဲသွင်းဖို့ မတော်သေးဘူးထင်တယ်" ဟု ကာနယ်ဂျူလယန်း က ပြောသည်။ သူ့လေသံကို တစ်မျိုး ဖြစ်နေသည်။ မာနေသည်။ "အခုအချိန်မှာ တော့" ဟု သူ သုံးလိုက်သော စကား ကို ကျွန်မ သဘောမကျနိုင်ပါ။ ဘာကြောင့် ဒီစကားကို သူ သုံးသနည်း။ ကျွန်မ သဘောမကျ ပါ။

"ဒီဝင်းတား နဲ့ အတူတူ ကျုပ် လိုက်သွားမယ်။ တစ်ချိန်လုံး သူနဲ့အတူတူ နေမယ်။ ပြီးတော့ သူ့ကို ဒီပြန်ခေါ် ခဲ့မယ်။ ဒါဆိုရင် ခင်ဗျား ကျေနပ်မလား"
ဖေဗယ် က မက်ဇင်မ် ကို လှမ်းကြည့်သည်။ ပြီးတော့ ကာနယ်ဂျူလယန်းကို ပြန်ကြည့်သည်။ စိတ်ထဲမှာ အပြန်ပြန် အလှန်လှန် ချိန်ဆနေပုံ ရသည်။ သူ့ မျက်လုံးများထဲတွင်လည်း အောင်ပွဲရ လိုက်သည့် အမူအရာ ပေါ်နေသည်။ "ကောင်းပြီ ..." သူက တစ်လုံးချင်း ပြောသည်။ "ကောင်းပြီ ... ဒါပေမဲ့ ပိုပြီး စိတ်ချရအောင် ကျွန်တော်ပါ လိုက်ခဲ့မယ် ဆိုရင် ဘယ်လို သဘောထားမလဲ"
"အရေးမကြီးပါဘူး။ အတူလိုက်ဖို့ ခင်ဗျား တောင်းဆိုခွင့် ရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့နဲ့ အတူတူ လိုက်မယ်ဆိုရင် ခင်ဗျား ဣနြေ္ဒရရ နေပါ ဆိုတာကိုလဲ ကျုပ်မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။

"ဒါအတွက် မပူပါနဲ့ဗျာ ..." ဖေဗယ်က ပြောရင်း တစ်ဖြည်းဖြည်း ပြုံးလာသည်။ "ကျုပ် ဣနြေ္ဒရရ နေပါ့မယ်။ မက်ဇင်မ် ကို သေဒဏ်စီရင်မယ့် နောက်သုံးလကြာတဲ့ အချိန်အထိ ကျွန်တော် ဣနြေ္ဒရ ရ နေပါ့မယ်။ ဒေါက်တာ ဘေကာ ဟာ ကျွန်တော်အမှုကို သက်သေခံချက် ပေးနိုင်မယ့်ပုဂ္ဂိုလ် မဟုတ်လား"
သူ့က ပတ်လည် သို့ လှည့်ကြည့်သည်။ ပြီးတော့ တဟားဟား ရယ်တော့သည်။ သဲလွန်စသည် သည်နေရာ မှာ ပေါ်ပြီဖြစ်ကြောင်း သူလည်း သိရှိ သဘောပေါက်သွားပုံရသည်။
"ကောင်းပြီလေ ... မနက်ဖြန် ဘယ်အချိန်သွားကြမလဲ" "အစောဆုံး ဘယ်အချိန်လောက် အဆင်သင့်ဖြစ်နိုင် မလဲ" ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို လှမ်းမေးသည်။

"ကြိုက်တဲ့အချိန် ပြောပါ"
"ကိုးနာရီ ..."
"ကိုးနာရီ ..." ဟု မက်ဇင်မ်က ပြန်ပြောသည်။
"ဒီကနေ့ည အိမ်တံခါးပိတ်ပြီး သူ ထွက်မပြေးဘူးလို့ ကျွန်တော်တို့ ဘယ်ပြောနိုင်မလဲ ... ဂိုဒေါင် ထဲ က ကား ထုတ်ပြီး အလွယ်တကူ ထွက်ပြေးသွားနိုင်တာပဲ" ဟု ဖေဗယ်က ပြောသည်။
"ကျွန်တော့်စကား ကို ခင်ဗျား ယုံတယ်မဟုတ်လား"
မက်ဇင်မ် က ကာနယ်ဂျူလယန်းကို လှမ်းမေးသည်။ ဂျူလယန်းက တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။ ဖေဗယ်က တစ်ချက် လှမ်းကြည့်သည်။ မက်ဇင်မ် ၏ မျက်နှာ ရဲကနဲ ဖြစ်သွားသည်။ နဖူးပေါ်မှာ အကြော များ ထောင်ထလာသည် ကို ကျွန်မ မြင်လိုက်ရသည်။ "မစ္စက်ဒင်ဗာ ..." မက်ဇင်မ်က တစ်လုံးချင်း ခေါ်သည်။

"မစ္စက်ဒီဝင်းတား နဲ့ ကျွန်တော် အိပ်ရာဝင်ပြီးရင် အခန်းတံခါးကို အပြင်ကနေ သော့ခတ်ထားပါ။ မနက်ဖြန် ၇နာရီ ကျတော့ လာဖွင့်ပါ" "ကောင်းပါပြီရှင်..." ဟု မစ္စက်ဒင်ဗာက ပြောသည်။ မက်ဇင်မ်ကိုတော့ စူးစိုက်ကြည့်နေဆဲ ပင် ဖြစ် သည်။
"ကောင်းပြီ ... ဒီနေ့ည ဆက်ဆွေးနွေးဖို့ ဘာအကြောင်းမှ မရှိတော့ဘူးလို့ ထင်တယ်။ မနက်ဖြန် ကိုးနာရီတိတိ ကျွန်တော် ဒီကို ရောက်မယ်။ ခင်ဗျားကားနဲ့ပဲ ကျွန်တော် လိုက်ခဲ့မယ်နော် ... ဒီဝင်းတား ..."
"ရပါတယ်" မက်ဇင်မ်က ပြန်ပြောသည်။ "ဖေဗယ် က ခင်ဗျားကားနဲ့ ခင်ဗျားလိုက်မှာ မဟုတ်လား"
"ခင်ဗျားတို့ နောက်မြီးက ကပ်လိုက်လာမှာပါဗျာ"
ဖေဗယ် ၏ စကားဆုံးတော့ ကာနယ်ဂျူလယန်းက ကျွန်မဆီလာပြီး လက်ဆွဲ နှုတ်ဆက်သည်။

"ကျွန်တော် ပြန်ပါဦးမယ်။ ခင်ဗျားအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် ဖွင့်မပြော လဲ ခင်ဗျား သိပါတယ်လေ ...။ ဖြစ်နိုင်ရင် ခင်ဗျား ယောက်ျား ကို စောစောအိပ်ခိုင်းပါ။ မနက်ဖြန်ကျ တော့ တစ်နေကုန် ပင်ပန်း ဦးမယ်" ကာနယ်ဂျူလယန်းက ကျွန်မ၏လက်ကို အတန်ကြာ ကိုင်ထား ပြီးမှ တစ်ဖက်သို့ လှည့်ထွက် သွားသည်။ ကျွန်မ မျက်လုံး ကို မကြည့်ပါ။ မေးဖျားကိုသာ ကြည့်နေ သည်မှာ တစ်မျိုး ဖြစ်နေသည်။ ဖေဗယ်က စားပွဲပေါ်ရှိ ဗူးထဲ မှ စီးကရက်များကို ယူပြီး သူ့ဗူးထဲသို့ ပြောင်းထည့်နေသည်။
"ကျုပ်ကို ညစာကလေးများ မကျွေးကြတော့ဘူးလားဗျာ ..." မည်သူကမျှ ပြန်မဖြေပါ။ စီးကရက် တစ်လိပ်ကို မီးညှိ သည်။ "ကျွေးမယ့်လူမရှိရင်လဲ လမ်းဘေးက တစ်ဆိုင်ဆိုင်မှာပဲ ကိစ္စပြီးကြတော့ မှာပေါ့လေ ... အရေးမကြီး ပါဘူး။ မနက်ဖြန်ကိစ္စက ပိုအရေးကြီးပါတယ်။ ဒင်နီရေ ... သွားမယ် နော် ... မစ္စတာဒီဝင်းတားရဲ့ အခန်းကို သော့ခတ်ထားဖို့တော့ မမေ့နဲ့" ကျွန်မဆီကိုလာပြီး လက်ကမ်းပေးသည်။ မိုက်မဲသော ကလေး တစ်ယောက် လိုပင် ကျွန်မက လက် နှစ်ဖက်ကို နောက်သို့ ပစ်ထားလိုက်သည်။ သူက ရယ်ပြီး ဦးညွတ်နှုတ်ဆက် သည်။

"အင်မတန်ဆိုးတာပေါ့ဗျာ ... မဟုတ်ဘူးလား ... ကျုပ်လို လူတစ်ယောက်က ခင်ဗျားတို့ရဲ့ သုခ ဘုံကလေးကို လာပြီး ဖျက်ဆီးပစ်တာလေ ...။ မပူပါနဲ့။ သတင်းစာတွေက ခင်ဗျားအကြောင်း ကို ခေါင်းစာလုံးမည်ကြီးတွေ နဲ့ ရေးတဲ့အခါကျတော့ ပိုပြီး သည်းထိတ်ရင်ဖို ဖြစ်ရဦးမှာပေါ့။ "မွန်တီကာလိုမှ မန်ဒါလေစံအိမ် သို့ ရောက် လာသော လူသတ်သမားမယား ၏ အတွေ့အကြုံများ" ဆိုတဲ့ ခေါင်းစဉ်ကြီး ကို မြင်ယောင် မိသေးတော့ တယ်။ နောက်တစ်ကြိမ် ကံကောင်းပါစေဗျာ"
အခန်းပြင် သို့ သူထွက်သွားသည်။ ပြတင်းပေါက်နားမှာ ရပ်နေသည့် မက်ဇင်မ် ကို လည်း နှုတ်ဆက် ဖြစ်အောင် နှုတ်ဆက် သွားလိုက်သေးသည်။ မစ္စက်ဒင်ဗာက သူ့နောက်မှ လိုက်သွားသည်။ အခန်းထဲ မှာ မက်ဇင်မ်နှင့် ကျွန်မသာ ကျန်တော့သည်။ ပြတင်းပေါက်နားမှာ သူ ရပ်မြဲရပ်နေသည်။ ကျွန်မဆီ သို့လည်း မလာပါ။ တစ်ညနေလုံး အခန်းအပြင်မှာသာ နေခဲ့ရသော ဂျက်စ်ပါကသာ ကျွန်မဆီသို့ ပြေးလာသည်။

"မနက်ဖြန်မနက်ကျရင် ကျွန်မလဲ လိုက်မယ်။ အစ်ကိုနဲ့အတူတူ လန်ဒန်ကို လိုက်ခဲ့မယ်"
ကျွန်မက မက်ဇ်မ်ကို လှမ်းပြောသည်။ အတန်ကြာသည့်တိုင်အောင် သူ အဖြေပြန်မပေး။ အပြင်ကို ကြည့်မြဲ ကြည့်နေသည်။ ပြီးမှ ခံစားချက် မရှိသော လေသံမျိုးနှင့် ပြန်ပြောသည်။ "ကောင်းတယ် ... အစ်ကိုတို့နှစ်ယောက် အတူတူသွားတာ ကောင်းတယ်" အခန်းထဲသို့ ဖရင့် ပြန်ဝင်လာသည်။ ကျွန်မတို့ကို ရပ်ကြည့်နေသည်။

"သူတို့ ပြန်သွားကြပါပြီ။ ဖေဗယ်နဲ့ ကာနယ်ဂျူလယန်း ပြန်သွားကြပြီ"
"ကောင်းပြီး ဖရင့် ..."
"ကျွန်တော် တစ်ခုခုလုပ်ပေးရဦးမလား။ ဘာလုပ်ပေးရမလဲ။ တစ်ယောက်ယောက်ဆီကို ကြေးနန်း ရိုက်ပြီး ချိန်းပေး ရမလား။ လုပ်စရာရှိမယ်ဆိုရင် တစ်ညလုံး ကျွန်တော် စောင့်နေ မယ်။ ဒေါက်တာ ဘေကာ ဆီကို ကြေးနန်း ရိုက်ပေးဖို့ လိုမလား"
"မပူပါနဲ့ကွာ ... လောလောဆယ်တော့ မင်း ဘာမှ လုပ်ပေးဖို့ မလိုသေးပါဘူး။ မနက်ဖြန် လွန်သွား ရင် လုပ်စရာတွေ အများကြီး ပေါ်လာနိုင်တယ်။ အချိန်ကျတဲ့အခါမှာ တို့ ၀ိုင်းလုပ်ကြရမှာပေါ့။ ဒီညတော့ တို့ နှစ်ယောက် တည်း နေချင်တယ်။ မင်း နားလည်တယ် မဟုတ်လား"
"ဟုတ်ကဲ့ ... ကျွန်တော် နားလည်ပါတယ်"
ပြီးတော့ သူ ခဏစောင့်နေသေးသည်။ ထို့နောက် နှုတ်ဆက်ထွက်သွားသည်။ တံခါးပြန်ပိတ်သွား သောအခါ ကျွန်မ ရပ်နေသည့် မီးလင်းဖိုနားသို့ မက်ဇင်မ် လျှောက်လာသည်။ ကျွန်မက လက်နှစ် ဖက်ကို ဆန့်တန်းပေး လိုက်သည်။ ကျွန်မ၏ ရင်ခွင်ထဲသို့ ကလေးငယ်တစ်ယောက်လို ၀င်လာ သည်။ အချိန်အတော်ကြာအောင် ကျွန်မ တို့နှစ်ယောက် စကားမပြောဖြစ်ကြဘဲ အပြန်အလှန် ဖက် ထားမိကြသည်။
"အစ်ကိုတို့နှစ်ယောက် အတူတူထိုင်မယ်။ အတူတူကားမောင်းသွားမယ်" ဟု သူက ပြောပါသည်။

"ကောင်းပါတယ် အစ်ကို"
"နောက်ခုံမှာ ထိုင်ရလို့ ဂျူလယန်းက စိတ်မဆိုးပါဘူးနော်"
"မဆိုးပါဘူး"
"အစ်ကိုတို့မှာ မနက်ဖြန်ညဆိုတာလဲ ရှိသေးတာပဲ။ ချက်ချင်းကြီးတော့ သူတို့ ဘာမှ မလုပ်နိုင်ကြ သေး ပါဘူး။ နှစ်ဆယ့်လေးနာရီ အတွင်းမှာ ဘာမှ မဖြစ်နိုင်သေးပါဘူးနော်"
"မဖြစ်နိုင်သေး ပါဘူး အစ်ကို"
"ဒီခေတ်မှာ ထောင်စည်းကမ်းတွေကလဲ ဒါလောက် မတင်းကျပ်တော့ပါဘူး။ အပြင်လူတွေ နဲ့လဲ ထောင် ၀င်စာတွေ့ ခွင့် ရှိပါတယ်။ အချိန်ကလဲ ကြာဦးမှာပါ။ လိုအပ်ရင် ဟတ်စတိန်းကို ငှားရမယ်။ သူက အတော်ဆုံး ရှေ့နေ ပဲ။ အစ်ကို့အဖေနဲ့လဲ ရင်းနှီးတယ်" "ကောင်းပါတယ်"

"သူ့ကိုတော့ အမှန်အတိုင်း အစ်ကို ဖွင့်ပြောပြရလိမ့်မယ်။ ဒါမှ အမှုကို သူတို့ ကိုင်တွယ်ရတာ ပို လွယ်မယ်။ တရားခံ ဘက်ကနေပြီး ဘယ်လိုရပ်တည်ပေးရမယ် ဆိုတာ သူတို့ သိသွားတာပေါ့။ တရားခံဟာ ဘယ်လို အစားလဲ ဆိုတာလဲ သိသွားတာပေါ့"
"ဟုတ်ကဲ့ အစ်ကို"
တံခါးဖွင့်ပြီး အခန်းထဲ သို့ ဖရစ် ၀င်လာသည်။ ကျွန်မက မက်ဇင်မ်ကို တွန်းလိုက်ပြီး ဆံပင်ကို လက်ဖြင့် သပ်နေ လိုက်ရသည်။ "အ၀တ်အစား တက်လဲဦးမလား ဆရာကတော် ... ဒါမှမဟုတ် ကျွန်တော် ညစာ ပြင်လိုက်ရတော့ မလား" "ဒီနေ့ည ကျွန်မတို့ အ၀တ်မလဲတော့ဘူး။ ဒီတိုင်းပဲ စားတော့မယ်"
"ကောင်းပါပြီ ဆရာကတော်" အခန်းထဲမှ သူ ထွက်သွားသည်။ ရောဘတ် ၀င်လာပြန်သည်။ ဖရိုဖရဲ ဖြစ်နေသည် များကို နေသား တကျဖြစ်သွားအောင် ပြင်သည်။ ပန်းကန်ခွက်ယောက်များနှင့် ဆေးလိပ်ပြာခွက်များကို သိမ်း ဆည်းပြီး ပြန်ထွက်သွားသည်။ ထို့နောက် ဖရစ် ၀င်လာကာ ညစာပြင်ပြီးကြောင်း ပြောသည်။

ထိုညက အဖြစ်အပျက်များကို အားလုံး ကို အသေးစိတ် ကျွန်မ မှတ်မိနေပါသည်။ ဟင်းလျာများကို လည်း ကျွန်မ မှတ်မိနေ ပါသေးသည်။ ညစာစားပြီး စာကြည့်ခန်းထဲမှာ ထိုင်နေတုန်း တယ်လီဖုန်း ခေါင်းလောင်းမြည်သံ ကြား ရသည်။ ယခုအချိန်တွင် တယ်လီဖုန်းကို ပြန်ဖြေရမည့်သူမှာ ကျွန်မ ဖြစ်လေသည်။ တစ်ဖက်မှ ဘီယက်ထရစ် ၏ အသံကို ကြားရသည်။
"ညီမလေးလား ... တစ်ညနေလုံး ဖုန်းဆက်နေတာ နှစ်ခါက လိုင်းမအားဘူး"
"၀မ်းနည်းပါတယ်ရှင် ... မမကို အားနာလိုက်တာ" "လွန်ခဲ့တဲ့ နှစ်နာရီလောက်က ညနေသတင်းစာတွေကို ဖတ်လိုက် ရတယ်။ စီရင်ချက်အကြောင်း သိရတော့ ဂျိုင်းလိစ်ရော မမပါ ချောက်ချားသွားတယ်ကွယ် ... မက်ဇင်မ်က ဘာပြောသေးသလဲ" "လူတိုင်း ချောက်ချားကြမှာပဲလို့ ကျွန်မ ထင်ပါတယ်ရှင် ..."

"ဒါပေမဲ့ ညီမလေးရယ် ... ဒီကိစ္စကြီးက မဖြစ်နိုင်တဲ့ဟာပဲ။ ရဘက်ကာဟာ ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေ ရမှာလဲ။ ကမ္ဘာပေါ် မှာ မဖြစ်နိုင်ဆုံး အမျိုးသမီးတစ်ယောက်ပဲ။ တစ်ခုခုတော့ မှားပြီနဲ့ တူတယ်"
"ကျွန်မလဲ မသိပါဘူး" "မက်ဇင်မ်က ဘာပြောသလဲ ... သူ ဘယ်မှာလဲ"
"ဧည့်သည်တွေ အခုပဲ ပြန်သွားတယ်။ ကာနယ်ဂျူလယန်းနဲ့ တခြား ဧည့်သည်တွေ ... မက်ဇင်မ် သိပ် ပင်ပန်းနေပြီ မမ ... မနက်ဖြန်ကျရင်လဲ ကျွန်မတို့ လန်ဒန်ကို သွားကြမလို့"
"ဘာကိစ္စလဲ" "စီရင်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ပါ။ ကျွန်မလဲ သေသေချာချာ ရှင်းမပြတတ်ဘူး"
"ဒီစီရင်ချက်ကြီး ကို ပျက်အောင် လုပ်ပစ်ရမယ်။ သိပ်ကို ရယ်စရာကောင်းနေပြီ။ အုတ်အော် သောင်နင်း ဖြစ်ကုန်တော့ မက်ဇင်မ် အတွက် ဆိုးတာပေါ့"
"ဟုတ်ပါတယ်"

"ကာနယ်ဂျူလယန်းက တစ်ခုခုလုပ်ပေးနိုင်မှာတော့ သေချာပါတယ်။ သူက တရားသူကြီးပဲ။ မှုခင်း ရှေ့နေ ဟောရစ်ခ်ျ အတွေးချော် သွားတာ ဖြစ်မယ်။ ရဘတ်ကာဟာ ဘာကြောင့် သူ့ကိုယ်သူ သတ်သေ ရမှာလဲ ... မမ တစ်သက် ကြားဖူးသမျှထဲမှာ မယုံကြည်နိုင်စရာ အကောင်းဆုံးအဖြစ်ပဲ။ သင်္ဘောဆောက်တဲ့ ဂျိမ်းစ်တက် ကို တစ်ယောက်ယောက် က အကျပ်ကိုင်တယ်နဲ့တူတယ်။ သင်္ဘော ၀မ်းဗိုက်ကအပေါက်တွေဟာ တမင်ဖောက် ထားတာလို့ သူ ဘယ်လိုလုပ် ပြောနိုင်မလဲ။ ကျောက်ဆောင်နဲ့တိုက်မိတာပဲ ဖြစ်မယ်လို့ ဂျိုင်းလ်စ် ကတောင် ပြောနေသေးတယ်" "ကျောက်ဆောင်နဲ့ တိုက်မိတဲ့အပေါက်မျိုးတော့ မဟုတ်ဘူး"
"မမ သာ အဲဒီမှာ ရှိနေမယ်ဆိုရင် တစ်ခုခုတော့ ၀င်ပြောနိုင်မှာပဲ။ အခုတော့ ဒီစီရင်ချက်ကြီး ပျက် အောင် ဘယ်သူ ကမှ ကြိုးစားပြီး မချေဖျက်ကြဘူး ထင်တယ်။ မက်ဇင်မ်တော်တော် စိတ်ထိခိုက် နေသလား"
"သူ သိပ်ပင်ပန်းနေတယ်။ ဘယ်တုန်းကမှ မတူအောင်ကို ပင်ပန်းနေပါတယ် မမ"

"လန်ဒန်ကို ညီမလေးတို့နဲ့အတူတူ လိုက်ချင်လိုက်တာ။ ဒါပေမဲ့ ဘယ်နည်းနဲ့မှ မလိုက်နိုင်ဘူး။ ရော်ဂျာက အပူချိန် ၁၀၃ တောင် ရှိနေတယ်။ သူနာပြု ဆရာမ ကိုလဲ သူက စိတ်တိုင်းမကျဘူး။ မမတို့ ရှိနေမှာ ဖြစ်မှာ"
"ကိစ္စမရှိပါဘူး မမရယ် ... လိုက်ဖို့ မကြိုးစားပါနဲ့" "မင်း လန်ဒန်ရောက်ရင် ဘယ်မှာ ရှိနေမှာလဲ"
"မသိသေးဘူး မမ" "အဲဒီစီရင်ချက် ပျက်သွားအောင် တစ်ခုခုတော့ ကြိုးစားလုပ်သင့်တယ်လို့ မက်ဇင်မ် ကို ပြောလိုက် ပါ။ ဒီစီရင်ချက်ကြီးကတော့ မမတို့မိသားစုအတွက် အင်မတန်ကို ဆိုးပါတယ်။ ဒီစီရင်ချက် မမှန် ကြောင်း၊ ရဘက်ကာ ဟာ သူ့ကိုယ်သူ သတ်သေတဲ့ မိန်းကလေး မဟုတ်ကြောင်း တွေ့တဲ့လူတိုင်း ကို ပြောပြနေ ရတယ်။ မှုခင်းရှေ့နေဆီကို မမ စာလှမ်းရေးဦးမယ်"

"သိပ်နောက်ကျသွားပြီ မမ ... ဒီကိစ္စကို ထားလိုက်ပါတော့။ စာရေးလို့လဲ ဘာမှ အကြောင်းထူး တော့မှာ မဟုတ်ပါဘူး" "သူ့ကို မောင်းမထုတ်နိုင်ဘူးလား ... သူဘာတွေလျှောက်ပြောနေတာလဲ"
မက်ဇင်မ်၏ လှမ်းအော်သံကို ကြားရသည်။ "မမရေ ... လန်ဒန်ရောက်တော့မှ ကျွန်မ ပြန်ဆက်ဦးမယ်နော် ..."
ကျွန်မက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောမိသည်။ "ဒစ်ဂိုဒေါလ်ဖင်းနဲ့ ဆက်သွယ်ရင် ကောင်းမလား ... သူက မင်းတို့နယ်က ပါလီမန် အမတ်လေ ... မက်ဇင်မ်ထက် ပိုပြီး မမနဲ့က ရင်းတယ်။ ဂျိုင်းလ်စ်နဲ့လည်း အတူတူ အောက်စဖို့ တက္ကသိုလ် မှာ ကျောင်းနေဖက်ပေါ့။ ဒီစီရင်ချက်ကို ဖျက်ပေးဖို့ သူ့ကို ဖုန်းဆက်ပြော ရမလားလို့ မက်ဇင်မ်ကို မေးကြည့်စမ်းပါ"

"ဘာမှမလုပ်ပါနဲ့ဦး မမ ... အကုန်လုံး ရှုပ်ကုန်လိမ့်မယ်။ ကျွန်မတို့ မသိနိုင်တဲ့ အကြောင်းတစ်ခုခု ရဘက်ကာမှာ ရှိနေမှာပေါ့" တယ်လီဖုန်းခေါင်းလောင်းသံ မြည်ပြန်သည်။ သည်အတိုင်း ထားလိုက်သည်။ မက်ဇင်မ် ၏ ခြေထောက်နား မှာ ကျွန်မ သွားထိုင်သည်။ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီ ထိုးနေပြီ ဖြစ်ကြောင်း တွေ့ ရသည်။
မက်ဇင်မ် က ကျွန်မကို ပွေ့ယူလိုက်သည်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် အပြန်အလှန် နမ်းကြ ပါသည်။ စိတ်လှုပ်ရှားမှု အပြည့်ဖြင့်လည်း အကြမ်းပတမ်း နမ်းကြခြင်း ဖြစ်ပါသည်။ တစ်ကြိမ် တစ်ခါမျှ မနမ်းခဲ့ ကြဖူးသေးသော ချစ်သူနှစ်ဦးလို နမ်းကြခြင်းလည်း ဖြစ်ပါသည်။

အခန်း (၂၆)

နောက်တစ်နေ့ မနက် ခြောက်နာရီခွဲမှာ အိပ်ရာက ကျွန်မနိုးပါသည်။ ပြတင်းပေါက်ဆီသို့လျှောက် သွားပြီး အပြင် ကို ကြည့်လိုက်တော့ မြူအနည်းငယ် ဆိုင်နေသည်ကို တွေ့ရသည်။ လေက အတန်ငယ်အေးပြီး သန့်ရှင်း လတ်ဆတ်နေသည်။
ပြတင်းပေါက် နားမှာ ဒူးထောက်ထိုင်ပြီး နှင်းဆီခြံကို ငုံ့ကြည့်နေမိသည်။ မနေ့ညက မိုးသည်း ထန်စွာ ရွာထားသည့် အတွက် ပန်းပွင့် များ ငိုက်ကျနေကြသည်။
မြေလူးငှက် တစ်ကောင်သည် နှင်းဆီခြံမှ မြက်ခင်းဆီသို့ ပျံသွားကာ မြေပြင်ကို နှုတ်သီးနှင့် ပေါက်ဆွနေသည်။ သစ်တောဘက် မှ ကျေးငှက်သာရကာ အပေါင်းတို့၏အသံပေါင်းစုံကို ကြားရ သည်။
မန်ဒါလေ ၏ ငြိမ်းချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုများကားသည အတိုင်းဆက်လက်တည်ရှိနေမည် သာပင်။ ကျွန်မ တို့ခံစားနေရသည့် ပူပင်သောကများ၊ စိတ်ဆင်းရဲမှုများ သည် မန်ဒါလေကို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

ကျွန်မတို့သာ မဟုတ်။ အခြားမည်သူကမျှ မန်ဒါလေ ကို ထိခိုက်အောင်ပြုလုပ်နိုင်စွမ်း ရှိမည်မထင် ပါ။
မက်ဇင်မ် အိပ်ပျော်နေဆဲဖြစ်သည်။ သူ့ကို ကျွန်မ မနှိုးပါ။ ယနေ့ခရီးရှည်ကြီး သွားပြီး စိတ်ထိ ခိုက်စရာများနှင့် ရင်ဆိုင် ရပါဦးမည်။ ခရီးလမ်းဆုံးတွင် ဘာတွေ့မည်ကို ကျွမတို့မသိပါ။ ကျွန်မ တို့၏ အနာဂတ်သည် ဘာမျှ မသိ ရသော အနာဂတ်ဖြစ်နေပါသည်။ လန်ဒန်မြို့၏ အနောက်ဘက် ခြမ်းတစ်နေရာတွင် ကျွန်မတို့ လုံးဝ မကြားဖူးသော ဒေါက်တာဘေကာ ဆိုသူ နေထိုင်ပါသည်။ ကျွန်မတို့၏ အနာဂတ်သည် ထိုဒေါက်တာဘေကာ ဆိုသူ၏ လက်ထဲမှာ ရှိနေပါသည်။

ယခုအချိန်ကလေးများသည် ကျွန်မတို့၏နောက်ဆုံးအချိန်ကလေးများ ဖြစ်ပါသည်။ အချိန်တိုင်း သည် တန်ဖိုး မဖြတ်နိုင်လောက်အောင် ဖြစ်ပါသည်။ ကျွန်မရေချိုးပြီး အိပ်ခန်းထဲသို့ ပြန်လာကာ အ၀တ်အစားလဲနေခိုက် အပြင်ဘက် မှ ခြေသံကြားရပါသည်။ အချိန်တိုင်းသည် တန်ဖိုးမဖြတ်နိုင် လောက်အောင် ဖြစ်ပါသည်။ ကျွန်မ ရေချိုးပြီး အိပ်ခန်းထဲ သို့ ပြန်လာကာ အ၀တ်အစားလဲနေ ခိုက်အပြင်ဘက်မှ ခြေသံကြားရပါသည်။ ထို့နောက် တံခါးမှ သော့ကို တိတ်တိတ်ကလေး ဖွင့်သံ ကြားရပါသည်။ အသံခဏတိတ် သွားပြီး ပြန်လှည့် ထွက်သွားသော ခြေသံကိုလည်း ကြားရပါ သည်။ မစ္စက်ဒင်ဗာ ဖြစ်ပါသည်။

သူ ထမ်းဆောင်ရမည့်တာဝန် ကို သူမမေ့ပါ။ မနေ့ညက စာကြည့်ခန်းမှ ကျွန်မတို့ပြန်တက်လာပြီး သည့်နောက် တွင် လည်း ယခုလိုပင် တံခါးကို တိတ်တိတ်ဆိတ်ဆိတ် သော့လာခတ်သွားပါသည်။ တံခါးကို သူမခေါက်ပါ။ သော့လှည့်သံနှင့် သူ့ခြေသံကိုပါ ကြားရပါသည်။ ထိုအသံများကြောင့်  လက်ရှိဘ၀မှန်ကို ကျွန်မပြန်လည် အမှတ်ရ ပါတော့သည်။
ကျွန်မ အ၀တ်အစား လဲပြီးသွားသဖြင့် မက်ဇင်မ် ရေချိုးဖို့ သွားပြင်ပေးပါသည်။ ကလားရစ်က ကျွန်မတို့ဖို့ လက်ဖက်ရည် ယူလာပေးသည်။ မက်ဇင်မ်ကို နှိုးလိုက်သည်။ စစချင်း ကလေးတစ် ယောက်လို ပြူတူးပြဲတဲဖြင့် ကျွန်မ ကို ကြည့်နေသည်။ ပြီးတော့မှ လက်နှစ်ဖက်ကို ဆန့်တန်းပေး ပါသည်။

ကျွန်မတို့နှစ်ယောက် လက်ဖက်ရည်သောက်ကြသည်။ ရေချိုး ဖို့ သူထွက်သွားသော အခါ ခရီး ဆောင် သားရေအိတ် ထဲသို့ လိုအပ်သည့် ပစ္စည်းများကို ကျွန်မက ရွေးချယ်ထည့်သည်။ လန်ဒန် မှာကျွန်မ တို့ နေချင်နေရ စရာ အကြောင်း ပေါ်လာနိုင်ပါသည်။
ကျွန်မ ကို မက်ဇင်မ် ပေးထားသည့် ၀က်မှင်ဘီးများ၊ ညဝတ်အင်္ကျီများ၊ ခြေညှပ်ဖိနပ်များနှင့် အခြား  လိုအပ်သည့် အ၀တ်အထည် များကို ခရီးဆောင်သားရေအိတ်ထဲသို့ထည့်သည်။ မွန်တီကာလို တုန်းက ကြည့်ခဲ့သည့် ပြဇာတ် လက်မှတ်ဖြတ်ပိုင်းကလေးတစ်ခု အိတ်ထဲမှ ထွက်လာသည်။ ထို လက်မှတ်သည် တခြားခေတ်၊ တခြားကမ္ဘာဖြစ်ပါသည်။ အခန်းထဲမှရှိနေသည့် ပစ္စည်းများကို လှည့်ကြည့်နေမိသည်။ သည်ပစ္စည်းများ ကိုကြည့်ရင်း ကျွန်မ၀မ်းနည်းလာပါသည်။ အဝေးသို့ ကျွန်မထွက်သွားမည်ကို မလိုလားသော ကလေးငယ် များကဲ့သို့ ထိုပစ္စည်း များက ကျွန်မကို ကြည့် နေသယောင် အသနားခံနေသယောင် ထင်မှတ်မိ ပါသည်။

ထို့နောက် နံနက်စာစားဖို့ အောက်ထပ်ဖို့ ဆင်းခဲ့ကြပါသည်။ ထမင်းစားခန်း ထဲမှာ အေးနေ သည်။ နေရောင်ကလည်း ၀င်မလာသေး။ ကော်ဖီပူပူကို သောက်ရသဖြင့် ကျွန်မ၀မ်းသာမိပါသည်။ မက်ဇင်မ်နှင့် ကျွန်မ သည် နံနက်စာကို တိတ်ဆိတ်စွာပင် စားကြပါသည်။ သူကနာရီကို မကြာခဏ ကြည့်နေသည်။ ခန်းမအတွင်း သို့ ရောဘတ်ပစ္စည်းများ သယ်ချလာသံကိုလည်း ကြားရသည်။ အိမ်ရှေ့ သို့ မော်တော်ကားမောင်းယူလာသံကိုလည်း ကြားရသည်။
အပြင်သို့ ထွက်လာပြီး ကုန်းစောင်းကလေးမှာ ကျွန်မရပ်နေမိပါသည်။ မနေ့ညက မိုးရွာထား သဖြင့် လေ ကလည်းသန့်ရှင်းလတ်ဆတ်နေပါသည်။ မြက်ခင်းဆီမှ အနံ့သင်းသင်း ကလေး များ ပေါ်ထွက်နေ ပါသည်။ နေထွက်လာမည်ဆိုလျှင် အလွန်ချစ်စရာကောင်းမည့် နေ့တစ်နေ့ ဖြစ်ပါ လိမ့်မည်။

နေ့လယ်စာ မစားမီ တောင်ကြားကလေးထဲမှာ လမ်းလျှောက်နေရလျှင် ဘယ်လောက်ကောင်း မည်နည်း။ သစ်ပင်ကြီးအောက် တွင်ထိုင်ပြီး စာအုပ်နှင့် သတင်းစာများကို ဖတ်နေရလျှင် ဘယ် လောက်ကောင်း မည်နည်း ဟု ကျွန်မ စဉ်းစားနေမိပါသည်။ တစ်မိနစ်မျှကြာအောင် မျက်လုံးမှိတ် ထားမိပါသည်။ မျက်နှာနှင့် လက်မောင်းပေါ် သို့ နေရောင်ထိုးကျလာသည့်အရသာကို ခံစားနေမိ ပါသည်။
အိမ်ဆီ မှ မက်ဇင်မ်၏ လှမ်းခေါ်သံကို ကြားရသည်။ ကျွန်မအိမ်ဘက်သို့ ဖြတ်သွားပါသည်။ ဖရစ် က ကျွန်မကို အနွေးထည် ကူဝတ်ပေးသည်။ ခြံတွင်းသို့ မော်တော်ကားတစ်စီး မောင်းဝင်လာသံ ကိုကြားကြရသည်။ ဖရင့်ခရော်လေ ဖြစ်ပါသည်။
"ဂိတ်ဝ မှာ ကာနယ်ဂျူလယန်း စောင့်နေရစ်ခဲ့တယ်။ ဒီလို လိုက်မလာတော့ဘူးလို့ သူကပြော တယ်"
"ရပါတယ်ကွာ"ဟု မက်ဇင်မ် က ပြန်ပြောသည်။

"ခင်ဗျား ဖုန်းပြန်ဆက်မှာ ကို ရုံးကနေပြီး ကျွန်တော်တစ်နေ့လုံး စောင့်နေမယ်။ ဘေကာနဲ့ တွေ့ပြီးရင် ကျွန်တော့် ကို ခိုင်းစရာ ပေါ်ချင်ပေါ်လာမှာ မဟုတ်လား"
"ဟုတ်တယ် လိုချင်လိုလိမ့်မယ်"
"အခု ကိုးနာရီထိုးပြီ။  သွားဖို့ အချိန်တော်ပြီ။ ဒီနေ့ရာသီဥတု ကောင်းမှာပါ။ ကားမောင်းရတာ အဆင်ပြေ ပါလိမ့်မယ်" ဟု ဖရင့်က ပြောသည်။
"ဟုတ်တယ်"
"သိပ်များ ပင်ပန်းနေမလား မစ္စက်ဒီဝင်းတား....တစ်နေ့လုံး အချိန်ကုန်မှာပဲဟု ဖရင့်ကကျွန်မကို ပြောသည်။"

"ကျွန်မအတွက် ကိစ္စမရှိပါဘူး"
ကျွန်မခြေထောက် နားမှာ ရပ်နေသည့် ဂျက်စ်ပါကို ငုံ့ကြည့်လိုက်သည်။ နားရွက်နှစ်ဖက်ကုပ်ကျ နေပြီး ၀မ်းနည်းကြေကွဲ သည့် မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေသည်။
"ရှင် ရုံးသွား ရင် ဂျက်စ်ပါကို ခေါ်သွားပေးပါ။ သူသိပ်စိတ်ထိခိုက်နေတယ်"
"စိတ်ချပါ။ ကျွန်တော်ခေါ်သွားပါ့မယ်"
"သွားကြစို့... အဘိုးကြီး ဂျူလယန်း စိတ်တိုနေလိမ့်မယ် ဖရင့်...သွားမယ်နော်"ဟုမက်ဇင်မ်က ပြောသည်။
မက်ဇင့်မ်ဘေး မှာ ကျွန်မ၀င်ထိုင်လိုက်သည်။ ဖရင့်က တံခါးပိတ်ပေးသည်။
"တယ်လီဖုန်းပြန်ဆက်နော်" "ဆက်ပါ့မယ်"

အိမ်ဘက်သို့ ကျွန်မ ပြန်လှည့်ကြည့်လိုက်မိသည်။ လှေကားထိပ်မှာ ဖရင့်ရပ်နေသည်။ သူ့ နောက် မှာ ရောဘတ် ရပ်နေသည်။ ကျွန်မမျက်လုံးထဲမှာ အကြောင်းမဲ့မျက်ရည်များဝဲလာသည်။ မျက်ရည်ဝဲ လာသည့် အဖြစ်ကို တခြားလူတွေမမြင်အောင် ခရီးဆောင်သားရေအိတ်ဘက် ကုန်းပြီး အလုပ်များနေလိုက်မိသည်။ မက်ဇင်မ် က ကားစက်နှိုးပြီး မောင်းထွက်လာသည်။ လမ်းကွေ့ကို ရောက်သောအခါ မန်ဒါလေစံအိမ်ကြီးကို မမြင် ရတော့။
ဂိတ်ဝ မှာ ရပ်ပြီး ကာနယ်ဂျူလယန်းကို တင်သည်။ နောက်ဘက်မှခုံမှာ သူဝင်ထိုင်သည်။ ကျွန်မ ကိုမြင်တော့ မယုံ သလို ဖြစ်သွားသည်။
"တစ်နေကုန်ခရီးကြီးနော်....ခင်ဗျား မကြိုးစားသင့်ဘူး ထင်တယ်။ ခင်ဗျား ယောက်ျားကို စိတ်ချပါ။ ကျွန်တော် စောင့်ရှောက် သွားပါ့မယ်"ဟု သူကပြောသည်။
"ကျွန်မ လဲ လိုက်ချင်စိတ်ပေါက်လာတာနဲ့...."
သူ ဘာမျှ ထပ်မပြောတော့။ နောက်ခုံထောင့်မှာ နေသားကျအောင် ထိုင်သည်။

"ဖေဗယ် ဆိုတဲ့အကောင် လမ်းဆုံ ကစောင့်မယ်လို့တော့ ပြောတယ်။ မတွေ့ရင် မစောင့်နဲ့။ ဒီကောင်မပါရင် ကျုပ်တို့ အတွက် ပိုကောင်းတယ်။ အအိပ်လွန်ပြီး မနိုးပါစေနဲ့လို့ ဆုတောင်းရ တော့မှာပဲ"
လမ်းဆုံ ကိုရောက်တော့ ဖေဗယ်၏ အစိမ်းရောင် ကိုယ်ထည်ရှည်ရှည်မျောမျော မော်တော်ကားကို လှမ်းမြင် လိုက်ရသည်။ သည်လိုမြင်ရတော့ ကျွန်မစိတ်လေးသွားမိပါသည။် အချိန်မီ သမရောက်ပါ စေနှင့်ဟု ကျွန်မ တကယ် ပဲ ဆုတောာင်းခဲ့မိပါသည်။ ဒရိုင်ဘာနေရာမှာ သူထိုင်နေသည်။ ပါးစပ်မှာ စီးကရက် ခဲထားသည်။ ကျွန်မ တို့ကို တွေ့တော့ ပြုံးပြီးလက်ဝှေ့ယမ်းပြသည်။ ခရီးရှည်ကြီး စရတော့မည် မို့ သက်သာသလို ကျွန်မပြင်ထိုင်လိုက်ပါသည်။ မက်ဇင်မ် ၏ ဒူးပေါ်မှာလည်း လက်တစ်ဖက်ကို တင်ထားလိုက် မိသည်။

တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးလာသည်။ တစ်မိုင်ပြီးတစ်မိုင် ခရီးပေါက်လာသည်။ ရှေ့တည့်တည့် သို့သာ ကျွန်မကြည့်နေ မိသည်။ နောက်ခုံမှာ ကာနယ်ဂျူလယန်းကတော့ တစ်လမ်းလုံးလိုလို အိပ်လိုက် လာသည်။ ဖေဗယ် ၏ ကားကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ တစ်ခါ တစ်ခါ ကျော်တက် သွားသည်။ တစ်ခါတစ်ခါ နောက်ပြန်ရောက်သွားပြန်သည်။ ခရိုင်မြို့ တစ်ခု ရောက်တော့ နေ့လယ်စာ ၀င်စားကြသည်။ ဖေဗယ် လည်း ကျွန်မတို့နှင့်အတူ ၀င်လိုက်လာလေ မည်လား ဟု ထင်မိသည်။ သို့သော် သူဝင်လိုက်မလာပါ။

ဆက်ရန်
.

No comments: