"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။ "လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။ "ကိုင်း အစ်ကို လမ်းပြပေတော့" ကို ဆက်ဖတ်ရန်...
(၂)
ရှည်လျားသော တောင်တန်းကြီးနှစ်ဖက် ညှပ်ထားသော လမ်းတစ်လမ်းသည် အနီးအနားမှာ ရှိသည်ဟု တစ်ကြိမ်မျှ မကြားဖူးသောကြောင့် ငထွန်းကားမှာ မိမိလွတ်မြောက်လာခဲ့သော တောင်ကြားလမ်းကို တအံ့တသြ လည်ပြန်ကြည့်နေ မိ၏။ ဥစ္စာစောင့်တွေက လှည့်စားသည်၊ ဘီလူး ပြိတ္တာတွေက မျက်စိလည်အောင် လုပ်သည် ဆိုရအောင် ကလည်း မိမိတို့ ညီအစ်ကိုချည်းမဟုတ်။ အခြားလှည်းလေးစီးပါသေးသည်။ နှစ်စီးမှာ ကမ်းဖြူ က။ နှစ်စီးက ဆန်ကောရွာ က ဆို၏။
"ကိုင်း အစ်ကို လမ်းပြပေတော့"
မောင်ဆေးရိုး၏ ပြောသံကြားရငြား ငထွန်းကား အံ့သြမပြေ။ လှည်းလမ်းကို နှစ်ဖက်ညှပ်မိုးထား သည့် တောင်တန်းကြီးကိုသာ ကြည့်၍ မ၀သကဲ့သို့ ဖြစ်နေ၏။
"အဖော်လှည်းတွေ သွားကုန်ပြီဟ အစ်ကိုရ"
ညီထံ မှ တတိယအကြိမ် ကြားရသည်တွင် ငထွန်းကားသည် မောင်ဆေးရိုးကို လှည့်ကြည့်မိ၏။
"အစ်ကိုပဲ လမ်းပြမယ် ပြောပြီးတော့ အခု ဘယ်လိုဖြစ်နေပြန်တာတုံးကွ ဟေ"
"အေးကွ" ငထွန်းကားသည် သူ၏ အေးကွကို သူလည်း နားမလည်ပေ။ စင်စစ်အားဖြင့် လက်ရှိမြင်ကွင်းသည် လည်း သူနှင့် စိမ်းသည်သာပင်။ တောင်ကြားတွင် အတူတကွ ပိတ်မိခဲ့သော လှည်းများလည်း သွားကြပြီ။ သို့သော် ကမ်းဖြူမှဟုဆိုသော လှည်းများကမူ လက်ဝဲဘက်လမ်းကို ထိုးပြသွားကြ၏။
"အေးကွ။ သည်လမ်းလည်း ခပ်စိမ်းစိမ်းပဲကွ။ သို့ပေသည့် အရှေ့ဘက်ကလမ်းကို လိုက်ကြတာ ပေါ့ကွာ"
ဤသို့ဖြင့် ငထွန်းကား ညီအစ်ကိုတို့၏ လှည်းသည် ယာခင်းများ အလယ်မှ ဖြတ်ချေ၊ ဖုန်းဆိုးမြေမှ ဖြတ်ချေဖြင့် မဆုံးနိုင်သော လှည်းလမ်းအတိုင်း မောင်းလာမိကြသည်။
ဤအရိပ်တွင်လည်း တစ်ချိန်သောအခါက တောဖြစ်ခဲ့ဖူးဟန်တူ၏။ ဆွေးနေသော သစ်ငုတ်အချို့ ကို မြက်ဖုတ်ကြား ချုံကြား၌ တွေ့ရ၏။ သည်နေရာတွင် ထူထပ်သိပ်သည်းစွာ တစ်ချိန်က ရှိခဲ့ဟန် တူသော တော သည် လူတို့ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးရာ လက်စလက်န အငုတ်များ ကျန်ခဲ့ ခြင်း ဖြစ်ပေမည်။
အပင်ကြီးကြီးမားမား မရှိသလောက် ရှား၏။ တစ်ပင်တလေမှာ စောင်ချမ်းပင်များသာ ဖြစ်သည်။ မြင့်သော်ငြား သစ်ပင် မဟုတ်သော အရာမှာ ရှားစောင်းပြာသာဒ် ဖြစ်သည်။ မိုးလေအဆင်ပြေခိုက် တွင် ထိုးတက် လာသော်ငြား မိုးလေ အဆင်မပြေသောနေ့၌ အချိန်မရွေး အူချောင်းပြီး လဲတတ်သော ရှားစောင်းပြာသာဒ် အပြင်၊ တောနာနတ် လည်း ရှိသေး၏။
တောနာနတ် လည်း ဟန်နှင့်ပန်နှင့် ၀င့်ကြွားစွာ ပေါက်ရောက်ငြားသူလည်း အချိန်မရွေး ကျတတ် သည်။ ချိုးငှက် များကား ဤနှယ်အပင်ကြီး မရှိသော အရိပ်မှာပင် မြည်တမ်းနေကြ၏။
"ဖွတ်ကလေး ပုတတ်ကလေး ယုန်ကလေး သင်းခွေချပ်ကလေး တစ်ကောင်တလေရရင် ကောင်းမှာပဲဟေ့"
ချုံတွေ မြတ်ဖုတ်တွေ ကို စေ့စေ့ကြည့်ရင်း ငထွန်းကား မြည်တမ်း၏။
"တစ်နေရာမှာ နေခိုပြီး ထမင်းချက်စို့ အစ်ကို"
မောင်ဆေးရိုးသည် ရှေ့သို့ မျှော်ကြည့်ရာက ငထွန်းကားကို လှည့်ကြည့်ပြီး တိုင်ပင်သည်။
"စောပါသေးတယ်ကွာ။ မင်းနွားတွေ တို့မောင်းစမ်းပါ"
ငထွန်းကားသည် မီးခိုးနံ့ရသောကြောင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်ရင်း တုံ့ပြန်၏။ မွန်းတည့်ချိန်တွင် မိမိအရိပ် မည်မျှရှိသည် ကို ဖော်ပြသော "စစ်၊ ကိုင်း၊ အ၊ နောက်၊ အုတ်၊ ကျောက်၊ စု၊ ရာ" သည် ယခုမှ အသုံးဝင်ပေတော့၏။ မြေပြောင်ပြောင်ကို မမြင်နှင့်။ တံလှပ် ထနေပြီ။
တံလှပ် မထလျှင် လေပွေပျိုးပြီ။ "ညီလေးရေ၊ ဇရပ်တစ်ဆောင်ကွ" ငထွန်းကား ၀မ်းသာ အားရအော်ငြား မောင်ဆေးရိုး မမြင်ရ။
"ဇရပ်ရှိရင် ရေတွင်းဖြစ်ဖြစ် ရေကန်ဖြစ်ဖြစ် ရှိနိုင်တယ်ကွ။ ဟန်တာပဲဟေ့၊ မောင်း မောင်း၊ တို့ပေးဟေ့"
ငထွန်းကားသည် အမှန်ပင် ဇရပ်တစ်ဆောင်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ သို့ရာတွင် ကုန်း ကမူ ပြန်ကွယ်သွားသောကြောင့် မောင်ဆေးရိုး လည်ပင်ရှည်ချိန်၌ မမြင်ရခြင်း ဖြစ်၏။ သို့သော် လှည်းလမ်း မှာ ထိုဇရပ်ရှိရာသို့ သွားနေခြင်းဖြစ်သဖြင့် နောက်ထပ် တစ်ခါမျှ မောင်းမိပြီးချိန်၌ ဇရပ် သည် ဘွားခနဲ ပေါ် လာလေ၏။ "နည်းသဲ့ဟာကြီး မဟုတ်ပါကလား" မောင်ဆေးရိုး ၀မ်းသာအားရ အော်၏။
ကိုးခန်း ရင်ကွဲဇရပ်ကြီးသည် ငထွန်းကား မျှော်လင့်သည့်အတိုင်း ရေတွင်းရော ရေကန်ပါ ရှိသည်။ ရေကန်မှာ ထန်းပင်များနှင့် သဖန်းပင်များ ၀န်းရံထားပြီး ရေတွင်းကိုမူ ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်က အုပ်ခြုံပေး ထားပေ၏။
"ဇရပ်ကသွပ်တွေကို ခွာမယူကြတာပဲ ကျေးဇူးတင်ရမယ် အစ်ကိုရေ့"
မောင်ဆေးရိုး တွေ့ဖူးသမျှ မြင်ဖူးသမျှကား သုသာန်ဇရပ်မှ ခါးပန်းနှင့် သွပ်ကိုပင် မရှောင်ဘဲ ခွာယူ ကြသည်။ လမ်းဘေးရှိ ဇရပ်များသော်ကား ပြောဖွယ်မရှိပြီ။ အမိုးဟင်းလင်း၊ ခါးပန်းနှင့် ဆင့် ဗလာ ကသာ များပေသည်။
"သည်အရပ်မှာ လူယုတ်မာ မရှိလို့ ဖြစ်မှာပေါ့ကွာ"
ငထွန်းကားက ထိုသို့ ထင်မြင်ချက်ပေးငြား၊ မောင်ဆေးရိုးက ချက်ချင်းပယ်ဖျက်သည်။
"ရွာဆက် ဝေးသယ်ထင်သယ်ဟ အစ်ကိုရ၊ သွပ်ခွာဖို့ တကူးတကန့် လာရမှာမို့ အဝေးကြီးကို မလာကြ သာ ဖြစ်ရော့သလား"
မည်သို့ ပင်ဖြစ်စေ ကိုးခန်းဇရပ်ကြီးကား ကုန်းခေါင်ခေါင်တွင် ရှိနေသောကြောင့် အဖိုးတန်လှသည်။ မိုးမိသည့်အခါ များတွင် နွားများကို သွင်းထားရန်အတွက် ဇရပ်ကို ရင်ခွဲပေးထားပြန်သဖြင့် ပို၍ အဖိုးတန်သည်။ မုတ်ဆိတ်ဖွားဖွားဖြင့် ဟိုနားတွင် တစ်ပင်၊ သည်နားတွင် တစ်ပင် လျှောက်ပြီး ထောက်ခြင်းအားဖြင့် အေးရိပ်ချဲ့သော ညောင်ပင်ကြီးကလည်း လွန်စွာ အဖိုးတန်ပေသည်။
အဖိုးတန်သည်နှင့် အညီ မှီခိုနားနေသော လှည်းများကလည်း မနည်းပေ။ ဇရပ်ဝန်းကျင်တွင် သုံးအုပ်။ ညောင်ပင်အောက်တွင် လေးအုပ် လှည်းဝိုင်းဖွဲ့ထား၏။ လူများမှာလည်း လှည်းပေါ်လှည်း အောက် ဇရပ်ပေါ် ဇရပ်အောက်၌ အိပ်နေသူများဖြင့် ပြည့်နေ၏။ နွားစာစဉ်းနေသူ၊ ဆန်ပြာနေသူ၊ ထမင်း ဟင်း ချက်ပြုတ် လုပ်ကိုင်နေသူ၊ ရေခပ်ဆင်းနေသူ စသည်များကလည်း မနည်းပေ။
သည်မျှ များပြားသော ပရိသတ်ကြားတွင် သူတို့ညီအစ်ကိုအတွက် တစ်နေရာသည် မခက်ပေ။ လှည်းပါးသော နေရာတွင် ငထွန်းကား လှည်းထိုးလျှင် မောင်ဆေးရိုးက ၀ါးကျည်တောက်ထဲ၌ ဆန်ထည့်ပြီး ရေကန်ဘက်သို့ လာသည်။
"ရေကန်မှာ ဆန်မဆေးရ။ ရေတွင်းမှာ ရေပုံးရှိ"
ဝဲပုံကိုက လှပသာယာသော အသံ ဖြစ်သည်။ စကားမှာ မပြည့်စုံငြား နားလည်သည်။
"ရေတွင်းမှာ ရေပုံးရှိတယ်ကော" "ဟုတ်ကဲ့ ကောင်းပါပြီ။ ရေတွင်းမှာပဲ ဆန်ဆေးပါမယ်"
မောကလည်းမော၊ ဆာကလည်း ဆာလောင်သဖြင့် အသံရှင်ကို မောင်ဆေးရိုး မော့မကြည့်မိ။ သို့ရာတွင် ထိုအသံရှင် ပင် မီးစွဲနေသော ထင်းစ ငါးစ လာပေးသည်။
"ဖိုခုံလှောက် မြေကြီးခဲ လုပ်တာပ" ဖိုခုံလှောက်အဖြစ် အသုံးပြုထားသော မြေကြီးခဲတွေ အသင့် ရှိသည်။ မောင်ဆေးရိုး အသင့်ယူပြီး မီးဖိုသည်။ ထမင်းအိုး တည်တသည်။ ထမင်းအိုး ငှဲ့နေချိန်တွင် ခုနက အသံရှင် ဟုထင်ရသော မိန်းကလေး ရောက်လာပြန်၏။
"ပဲပုပ်ကင် ရှိတယ်။ ဟင်း မရှိ"
ပဲပုပ်ကို မောင်ဆေးရိုး မစားဖူးပါ။ ယခု အမျိုးသမီးလာပေးသော ပဲပုပ်ကင်မှာ ဖက်ဖြင့် ထည့်ထား ငြား ဆီရွှဲနေ သည်။ အနံ့လည်း သင်းသည်။ ပဲပုပ် ကမှ ညောင်ရွက်နှင့်မို့ သားနားသေး၏။ မောင်ဆေးရိုး ဆန်ထုပ်ထဲမှ ဆွဲထုတ် လာသော ငရုတ်သီးထောင်း မှာ ဖြတ်ကတတ်ဆန်းနိုင်၏။ ပြောင်းဖူးဖက်ဖြင့် ထုပ်ထားသော ငရုတ်သီးထောင်းနှင့် ငါးပိဖုတ်။ ဆန်စေ့တွေ ပွတ်ချ ရသည်။ ဖွဲတွေ မှုတ်ထုတ်ရသည်။ ထမင်းပူပူလောင်လောင်ကြီး ကို မောင်ဆေးရိုး ဆာဆာနှင့် လွေးသည်။ ထမင်းဆယ်လုတ်ခန့် မျိုချပြီးမှ အစ်ကိုငထွန်းကား ကို မောင်ဆေးရိုး သတိရသည်။
"လှည်းထိုးပြီး ကတည်းက ပျောက်သွားတာပါ"
ထမင်းလုတ် ခွံ့ရင်းက မောင်ဆေးရိုး လည်ပင်းရှည်သည်။ ဇရပ်ပေါ်နှင့် ညောင်ပင်အောက်သို့ ကြည့်သည်။ ဇရပ်ပေါ်တွင် အော်လံကြီး တကားကားနှင့် သီချင်းစက်တစ်လုံးကို မြင်ရသည်။ လူတွေ ၀ိုင်းနေသည်။
"သေနိုင်ရိုးလား လေဘာတီရေ၊ ပေတစ်ရာကို လျှောက်ပါလို့ မြင်သလောက်ကိုတော့ ပြလိုက်ချင် တယ်။ အခြေလည်း တိုးတယ်၊ အနေလည်း တိုးတယ်၊ မသေဘဲ ကိုးကွယ်"
ထိုခေတ် ထိုအခါက ခေတ်စား လူကြိုက်များသော အငြိမ့်မင်းသမီး လေဘာတီမမြင်ရ၏ တုံးကျော်မ တေးချင်း ဖြစ်၏။ သို့ဖြစ်ငြား ရမ်းဘိုကနုးဇနပုဒ်သား မောင်ဆေးရိုးသည် မမြရင်ကို မကြားဖူးပါ။ မသိပါ။ သို့ကြောင့် ထိုသီချင်း စက်ဘေးရှိ လူအုပ်ကို ကျော်ပြီး မျက်စိ ရောက်သွား၏။
မောင်ဆေးရိုး ၏ မျက်စိရောက်သွားသော လူအုပ်မှာ တေးချင်း နားထောင်နေသူများနှင့် ပုံဟန်ချင်း မတူပါ။ မျက်နှာချင်း ဆိုင် ၀ိုင်းထိုင်နေသူများမှာ သုံးယောက်သာ ဖြစ်သည်။ ထိုသုံးယောက်ကိုမှ တစ်ဖန် လူများ ထပ်ဆင့် ၀န်းအုံနေကြ၏။
"အစိုကိုရေ၊ ထမင်းစားကြစို့"
"စားစား ညီလေး စားနှင့်"
ဖဲဝိုင်း ဖြစ်သည်။ သို့သော် စက္ကူဖဲ ဖဲဝိုင်းကား မဟုတ်။ သုံးပုံဖဲ ဖဲဝိုင်း ဖြစ်သည်။ ကစားသူမှာ သုံးယောက်သာ ရှိ၏။ ဘေးက ၀ိုင်းနေသူများမှာ လက်ထဲတွင် ကိုင်ထားသော ဖဲ၊ အောက်တွင် "ဖွက်" ထားသော ဖဲကိုကြည့်ကာ ကျန်လူနှစ်ယောက်၏ လက်ထဲက ဖဲ၊ မှောက်ထေထားသော ဖဲများကို ကြည့်ကာ ကြားထဲက ရင်တုန်ပန်းတုန် ဖဲမီးလှုံနေကြခြင်း ဖြစ်၏။
ငထွန်းကား က ညောင်ပင်စပ်မှ လှမ်းခေါ်သော ညီကို လှမ်းပြောသောအခါ ဖဲကိုင်ထားသူက လှည့်ကြည့်၏။ "သွားစားချေ ပါ၊ ပြန်လာရင် ထပေးမယ်" ဟု ပြောသော်ငြား ငထွန်းကား မသွားပေ။
"ရပါတယ်၊ မဆာသေးပါဘူးဗျာ"
သို့အတွက် ထိုသူ က တစ်ပွဲအပြီးတွင် ထရပ်သည်။ သူ့နေရာတွင် အထိုင်ခိုင်းသည်။
"ပိုက်ဆံပါရဲ့လား"
"တစ်မတ်တော့ ပါသဗျ"
ငထွန်းကားအတွက် နေရာဖယ်ပေးသူသည် ဇယ် ၁၃ခုနှင့် ကြေးပိုက်ဆံပြား ၃ပြားကို ငထွန်းကား သို့ ပေးကာ ငထွန်းကား ထံမှ မတ်စေ့အ၀ိုင်းကလေးကို ယူသွား၏။
ဖျာပေါ်တွင် ဖဲချပ် ၂၄ချပ်ကို ရှစ်ချပ်စီခွဲပြီး မှောက်ထားသည်။ ငထွန်းကားက သူ့ရှေ့ရှိ ဇယ်များကို မေးထိုးပြ၏။ ထိုဇယ်များ မှာ အပ်ချည်ရစ်သော ဘီးလုံးအသေးကို ခါးလယ်မှ ပိုင်းထားခြင်း ဖြစ်သည်။ ငထွန်းကားက သူ့ကို နေရာဖယ်ပေး သူ ရှိနေဆဲတွင် မေးငေါ့လျက် မေး၏။
"သည်ဇယ်တွေ ဘယ်သူထုတ်တာတုံး"
"ကျုပ် ထုတ်တာပါဗျာ၊ ဇယ်တစ်ခုကို တစ်ပြားနဲ့ ၆၄ခု တစ်ကျပ်ဖိုး ထုတ်ထားပါတယ်"
ငထွန်းကား ၏ လက်အောက်အိမ်မှ နှုတ်ခမ်းမွေးနှင့် သျှောင်ကြီးဗွေက သွက်လက်စွာ ဖြေသည်။ ထိုအခါတွင်မှ ငထွန်းကား သည် ကျေနပ်စွာဖြင့် သူ့ရှေ့ရှိ ဖဲရှစ်ချပ်ကို ကောက်ယူသည်။
ဖဲသမားအများစု သည် ဖဲကြီးကို လက်ရင်း၌ထားပြီး ဖဲငယ်များကို လက်ဖျား၌ ဖဲဆွဲပုံကို ကြည့်ပြီး ဖဲအပါကို ခန့်မှန်း တတ်၏။ ထို ခန့်မှန်းချက်ဖြင့် ပိတ်တတတ် ဆို့တတ်၏။
သို့ဖြစ်သောကြောင့် ငထွန်းကားသည် လက်ရင်း၌ ဖဲသေး၊ လက်ဖျား၌ ဖဲကြီးများကို ထားလေ့ ရှိသည်။ သူ့လက်ထိပ်က လူ၊ သူ့လက်အောက်ကလူများ အထင်မှားအောင် လုပ်တတ်သည်။ ယခုပင်ကြည့်။ ဖဲရှစ်ချပ် စီအပြီး ၌ ငထွန်းကား ရေရွတ်၏။
"ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့"
သူ့ဘေးတွင် ထိုင်ပြီး သူ့ဖဲကို သဲသဲမဲမဲ ကြည့်နေသူများမှာ မျက်လုံးပြူးနေကြ၏။ ပြူးရမလည်လေ၊ သူ့တွင် ပါသော ဖဲနှင့် သူအော်ပုံက တခြားစီ မဟုတ်ပါလား။
သူ့လက်ထဲ တွင် ရှိသော ဖဲမှာ ရှမ်းဖဲချည်း ဖြစ်၏။ သို့ပါလျက်နှင့် "ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့" မြည်တမ်းသောအခါ ဘေးလူတွေ မျက်လုံးပြူးရ၏။ ငထွန်းကား လက်ထဲတွင် ရှမ်းကြီးတွေချည်း ရှိသည်။ စုံလာသည်ဖြစ်စေ၊ တစ်ချပ်ချင်းလာသည်ဖြစ်စေ ရှမ်းသာ လာလျှင် ငထွန်းကားလက်မှ ပြေးမလွတ်။
သို့ရာတွင် သူ့အထက်က ဖဲငယ်ကလေးတွေ ဆင်းလာသည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထေလွှတ်ရသည်။ ထို ဖဲငယ်ကလေးကို သူ့လက်အောက်က ရိုက်ယူသည်။ စုံတိုက်သည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထိုင်ပြီး ထေနေရသည်။ ဤသို့ဖြင့် တစ်လှည့်ပြီး သွားကာ လေးစေ့ပေးလိုက်ရချိန်ဝယ် ငထွန်းကား ရှေ့သို့ ထမင်းတစ်ပန်းကန် ရောက်လာ၏။
မယ်ငြိမ်းစည် ၏ ချိုသာသော မျက်နှာမျိုး။
"မောင်ကြီးရဲ့ ညီငယ်က ဖက်နဲ့ထုပ်ပြီး ပို့မယ်လုပ်နေလို့ နှမက ပန်းကန်နဲ့ ထည့်ပြီး ယောက်သွား တပ်ပေးတာပါ"
အသံ သည် ချိုသည့်နည်းတူ မယ်ငြိမ်းစည်၏ မျက်လုံးမျိုး ဖြစ်သည်။ မြို့ကြီးပြကြီးများတွင် ကြေးဇွန်းအသုံး တွင်နေပြီ ဖြစ်ငြား ကျေးလက်တွင် "ကန်ယောက်သွား" ဖြင့်သာ ခပ်စားနေဆဲ ရှိသေး၏။ မျက်လုံးလှပြီး မျက်နှာ ချိုသော၊ အသံသာသော ထိုမိန်းမမှာ ငထွန်းကား၏ လက်အောက်က ကိုဘဒင်း၏ဇနီး မယ်အေးရှင် ဖြစ်သည်။
သို့ရာတွင် ထိုအမျိုးသမီးကို ငထွန်းကား မသိပါ။ အင်တစ်ခုဖြင့် ထည့်ပေးသော ထမင်းတွေကို ကန်ယောက်သွားဖြင့် ကော်၍ ကော်၍ စားသည်။ တက်လာသော ဖဲတွေက ဗမာနှင့် ရှမ်း မျှပြီး မပါ။ ခုနက အလှည့်တွင် ရှမ်းဖဲချည်းပါသဖြင့် ထိုင်ပြီး ထေနေခဲ့ရသည့် နည်းတူ သည်တစ်လှည့်တွင် ဗမာကြီးတွေချည်း ပါသည်။ ဆင်းလာသမျှ ရှမ်းတွေကို ထိုင်ပြီး ထေနေရကာ အဆုံးသတ်တွင် လေးစေ့ပေးလိုက်ရသည်။
ဤနည်းဖြင့် ငထွန်းကားတွင်ပါသော တစ်မတ် ကုန်ပြီ။
"အစ်ကိုရေ နေရှိတုန်း ခရီးဆက်ကြစို့လေ"
ငထွန်းကားဘေးသို့ မောင်ဆေးရိုး ရောက်လာသည်။
"အေးကွာ သွားတာပါ။ ညီလေးမှာ ပိုက်ဆံပါရင် အစ်ကို့ကို ချေးကွာ။ ရွာရောက်ရင် ပြန်ဆပ်မယ်"
"အမေပေးလိုက်သာ တစ်မတ်။ ကျီးဒန်ပေးလိုက်သာ တစ်မတ်။ စုစုပေါင်း ငါးမူး ပါသဗျာ့၊ ရော့"
မောင်ဆေးရိုးသည် ကက်ကို အနည်းအကျင်းနားလည်ငြား၊ သုံးပုံကို ဗိတ်ဗိတ်သား မသိပါ။ ပဲစေ့ ၄စေ့နှင့် မူးစေ့ ၂စေ့ကို ငထွန်းကားသို့ ထုတ်ပေးပြီး ထသွားသည်။ ငထွန်းကားမှာ မောင်ဆေးရိုး၏ ပိုက်ဆံငါးမူး လက်ခံရရှိမှပင် မင်္ဂလာရသည်။ တစ်ချီတည်းနှင့် ၁၆စေ့။
"ညီလေးရဲ့ ပိုက်ဆံက လာဘ်ကောင်းသကွ"
နောက်တစ်လှည့်တွင် ငထွန်းကား ဖူလုံသည်။ နောက်တစ်လှည့်တွင် နှစ်ဖူရပြီး ကျယ်သည်။ ဤသည်ကို ရည်ပြီး သူ့ပိုက်ဆံကို လာဘ်ကောင်းသည်ဟု ချီးမွမ်းငြား၊ မောင်ဆေးရိုး ဟင်းချနေ၏။ အကြောင်းသော်ကား သူ့ထံမှ ထမင်းတွေက ယူသွားပြီး၊ ငထွန်းကားထံ ပို့ပေးသော မယ်အေးရှင် သည် ငထွန်းကားဘေး တွင် ရောက်နေသောကြောင့် တည်း။
ငထွန်းကား၏ ဇနီး မယ်ငြိမ်းစည်ကို "မျက်လုံးမကောင်း" ဟု ငထွန်းကား၏မိခင် မယ်ကြွယ်စိုးက ပြောခဲ့ဖူး၏။ ယခု ထိုမယ်ငြိမ်းစည်နှင့် ထပ်တူထပ်မျှ မျက်လုံးမကောင်းသူမှာ မယ်အေးရှင် ဖြစ်သည်။ သူ့ယောက်ျား ဦးဘဒင် ကလည်း ဖဲနိုင်နေသောကြောင့် လျစ်လျူရှုသလော၊ မနိုင်သော ကြောင့် လွှတ်ထားရသလော။ မောင်ဆေးရိုးမှာ ကြားထဲက အနေခက်၏။
ဖဲသမားသည် အချိန်ကို မသိပေ။
ငထွန်းကားမှာ သုံးမတ်ရှုံးပါလျက် ထမည့်ဟန် မပြ။ ဦးဘဒင်နှင့် မောင်ဖိုးအိတို့၏ လူအများက ရေနံချေးမီးခွက်များ ထွန်းပေးကြ၏။ မောင်ဖိုးအိမှာ ငထွန်းကား၏ လက်ထိပ်ကလူ ဖြစ်သည်။ သူလည်း ငထွန်းကားနှယ် သုံးမတ် မရှုံးသည့်တိုင်အောင် တ်စမျှသော်ကား ရှုံးထားဟန် တူ၏။ ညစာ သည်လည်း နံနက်စာနည်းတူပင် အင်ခွက်နှင့် ကန်ယောက်သွား တပ်လျက် ငထွန်းကားထံ ရောက်လာရပြန်ပြီ။ ယခု ညစာတွင်ကား အားလုံး တစ်ညီတည်း ဖြစ်သည်။ သူငယ်အိပ်ဆိပ်တွင် လှည်းပေါ်၌ အိပနေသော မောင်ဆေးရိုးကို မယ်အေးရှင်က လာနှိုးသည်။
"မောင်လေး ကို မောင်လေးရဲ့ အစ်ကိုက အနှိုးခိုင်းလို့"
မောင်ဆေးရိုး ထလိုက်လာသည်။ ရေနံချေးမီးခွက် နှစ်ခွက်အောက်က သုံးပုံဖဲဝိုင်းသ်ည တိတ်ဆိတ် နေ၏။ သို့ရာတွင် ဖဲချပ်တွေကို ဖဲချပ်တစ်ချပ်ဖြင့် ဆွဲခြစ်သံကား ညံဆဲပင်။ မောင်ဆေးရိုးသည် သူ့အစ်ကို ငထွန်းကားဘေးတွင် တသမ်းသမ်းတဝေေ၀ သွားထိုင်သည်။
"ညီလေး အင်္ကျီချွတ်စမ်း"
ငထွန်းကားတွင် အင်္ကျီမပါ။ မောင်ဆေးရိုးသည် ခရီးထွက်ခါနီးမှ ကောက်စွပ်လာခြင်း ဖြစ်၏။ ယခု ထိုအင်္ကျီကို ငထွန်း ကား ရန်ရှာသည်။ မောင်ဆေးရိုးကား အီလေးအာလေး ဆွဲမနေပေ။ အင်္ကျီကို ချွတ်ပြီး ငထွန်းကား၏ ရင်ခွင်ထဲသို့ ထည့်ပေး၏။
"ကိုသာဒင် ငါးကျပ်ပေးဗျာ"
ငထွန်းကားသည် မောင်ဆေးရိုး၏ အင်္ကျီကို လက်အောက်အိမ်သို့ ချက်ချင်းပို့လိုက်သည်။
"ခင်ဗျာ့ အင်္ကျီ ငါးကျပ်တန်ပေမဲ့ ပိုက်ဆံမရှိဘူးဗျ"
"ရှိသလောက်ပေးဗျာ၊ ဘယ်လောက်ပေးမတုံး"
ဦးဘဒင်သည် ကြေးပြားနှင့် ပဲစေ့၊ မူးစေ့၊ မတ်စေ့များကို ရေတွက်ကြည့်နေရာက "သုံးကျပ်တော့ ရနိုင်တယ်" ဆို၏။
"အက်ႌယူထားဗ်ာ။ ရွေးနိုင်ရင် ရွေးမယ်။ မရွေးနိုင်ရင် ငါးကျပ်အဆုံးပေါ့ဗျာ"
ငထွန်းကားသည် ဦးဘဒင်ထံမှ ရသော ပိုက်ဆံများကို သူ့ရှေ့တွင် တပ်ထားသည်။ အချို့ကို ဇယ်နှင့် လဲသည်။
"ဒါလောက်ဖဲသေတာ၊ ဖဲဖမ်းပါလား"
လက်ထိပ်အိမ် မောင်ဖိုးအိက အကြံပေး၏။ ငထွန်းကား ခေါင်းခါသည်။
"ဖဲညံ့တာ မှ မဟုတ်တာ၊ လူအသုံးမကျလို့ ဖြစ်တာပဲ"
ငထွန်းကားသည် သုံးမတ်ရှုံးပြီးစေကာမူ တစ်ကြိမ်မျှ ဖဲမဖမ်းပေ။ တစ်ခါမျှလည်း နေရာမလဲပေ။ သို့ရာတွင် ငထွန်းကား၏ လက်ထိပ်မှ မောင်ဖိုးအိမှာလည်း ရှုံးနေသူဖြစ်သဖြင့် ဖဲဖမ်းပြီ။ ယင်းတိုက် နှစ်ဖြင့် ပြုလုပ်ထားသော သုံးပုံဖဲ ၂၄ချပ်ကို သုံးချပ်စီ ထပ်ပြီး ရှစ်ပုံပူးထားသည်။ ဖဲဖမ်းသူ မောင်ဖိုးအိ က ဖဲပုံ ရှစ်ပုံမှ အပေါ်ဆုံးအချပ်များကို တညီတည်း ဆွဲချသည်။ ဖဲရှစ်ချပ်သည် အလွှာ လိုက် ကျဆင်း လာလျှင် သုံးချပ်စီ ထပ်သည်။ နှစ်ပုံရလျှင် ပိုနေသော ၂ချပ်ကို ထပ်သည်။ နောက်တစ်ချပ် ယူပြီး ထပ်သည်။ ဖဲဖမ်းသူ မောင်ဖိုးအိရှေ့တွင် သုံးချပ်ဖဲပုံ ရှစ်ပုံ ဖြစ်သွားပြီ။ ထိုမှ တစ်ဖန် လေးချပ်ပုံများသို့ ပြောင်းပြီး ပုံပြန် သည်။ ခြောက်ပုံအရတွင် မောင်းဖိုအိသည် နှစ်ပုံစီ တွဲထားသည်။
"ကိုင်း အံစာထိုးပေတော့"
ဦးဘဒင်က အံစာကိုငထွန်းကားဘက်သို့ တွန်းပေးသည်။်
"ဟာ ကျုပ်မှမကျယ်တာ၊မထိုးချင်ပါဘူး" "အံစာထိုးတဲ့လူဆိုတာ ကျယ်တတ်သဗျ"
ထိုသို့ပြောမှငထွန်းကားသည်အံစာကို ကောက်ကိုင်ချေသည်။ အထက်တွင်ဆိုခဲ့သည့် "ကျယ်သည်" ဆိုခြင်းမှာ ကစားဖော်သုံးယောက်အနက် အတော်ဆုံးအခြေအနေကို ရသူဖြစ်၏။ အံစာမှာ ၆ မျက်နှာပါသော သစ်သားတုံး ကလေးဖြစ်သည်။ တစ်မျက်နှာတွင် အမှတ်အသားတစ်ခု ရေးထားသည်။ ပထမတစမျက်နှာတွင် အစက် တစ်စက်၊ ဒုတိယမျက်နှာ၌ အစက်နှစ်စက်။ ဤသို့ဖြင့် ဆဋ္ဌမမျက်နှာတွင် အစက်ခြောက်စက် ရှိသည်။
အံစာထိုး သည်ဆိုခြင်းမှာ အံစာတုံးကို ပစ်လိုက်ခြင်းဖြစ်၏။
တစ်ပွင့်ပေါ်နေခြင်းနှင့် လေးပွင့် ပေါ်နေခြင်းကို အတူတူ ဖြစ်သည်ဟု သတ်မှတ်၏။ အခေါ်အဝေါ် အားဖြင့် တစ်လေး။ လိုက်နာရန် စည်းကမ်းကား အံစာထိုးသူ ပထမ ကောက်ရခြင်း ဖြစ်၏။
နှစ်ပွင့်ပေါ်နေခြင်းနှင့် ငါးပွင့် ပေါ်နေခြင်းသည် ထပ်တူထပ်မျှ ဖြစ်သည့်အတွက် နှစ်ငါးဟု ခေါ်၏။ နှစ်ငါး၏ အကျိုးသက်ရောက်မှုမှာ အံစာထိုးသူသည် နောက်ဆုံးမှ ကောက်ယူရခြင်း ဖြစ်ပေ၏။
သုံးပွင့်ပေါ်ခြင်းနှင့် ခြောက်ပွင့်ပေါ်ခြင်းသည်လည်း အတူတူပင် ဖြစ်၏။ အခေါ်အားဖြင့် ခြောက်သုံး။ အကျိုးသက်ရောက်မှုအားဖြင့် အံစာထိုးသူ၏ လက်ထိပ်လူက စတင်ကောက်ယူရပြီး၊ အံစာထိုးသူ က အလယ်ကျခြင်း ဖြစ်ပေ၏။
"ကဲဗျာ ဟုတ်ပါပြီ၊ ကဲဟေ့"
ငထွန်းကား သည် မောင်ဖိုးအိ ဖဲဖမ်းထားသော ဖဲပုံပေါ်သို့ ပြောပြောဆိုဆို အံစာကို ပစ်ချလိုက်လေ ၏။ အံစာသည် ဖဲပုံပေါ်မှ ဖျာပေါ်သို့ လိမ့်သွားသည်။ အပွင့်လေးပွင့်ပေါ်လျက် ငြိမ်သက်နေသည်။
"တစ်လေးပါကလား"
ငထွန်းကား သည် တန်းစီထားသော လေးချပ်ပုံထဲမှ ၂ပုံကို ပြောပြောဆိုဆို ကောက်ယူသည်။ လက်ထဲတွင် ဖဲစီ၍ ပြီးရုံသာ ရှိသေးသည်။
"ကောင်းမယ့်ကောင်းတော့လည်း ပါစင်မင်္ဂလာပါခင်ဗျာ"
မှန်ပေသည်။ ရှမ်းဖဲကျူးတစ်စုံနှင့် စီတင်းတစ်စုံ။ တီတစ်စုံနှင့် မင်္ဂလာစုံတွဲ ဖြစ်သည်။
ကျူးတစ်စုံ ကို နိုင်သောဖဲ ဖရှိပါ။ ထိုကျူးတစ်စုံကို ကြောက်ရသော စီတင်းတစ်စုံကလည်း အတူတကွ ပါနေသည်။ တီတစ်စုံကလည်း မြန်မာဖဲတွင် အမြင့်ဆုံးဖြစ်သည့်အတွက် နိုင်ဖဲ ၆ချပ်ကို လက်ဝယ်ပိုင် ထားသောကြောင့် ပါစင် ခေါ်၏။
ထိုပါစင်နှင့်တွဲလျက်ပါသော မင်္ဂလာမှာ ရိုးရိုးမင်္ဂလာ မဟုတ်။ "ပါစင်မင်္ဂလာ" ဖြစ်သည့်အတွက် ကစားဖော် ၂ယောက်က ပါစင်ကြေးနှစ်စေ့။ မင်္ဂလာကြေး နှစ်စေ့။ ဖူလုံကြေး လေးစေ့။ စုစုပေါင်း တစ်ဦးလျှင် ရှစ်စေ့ ပေးရ၏။
"ဖဲဖမ်းဆော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ရေရွတ်ရာ ဦးဘဒင်က နှစ်သိမ့်၏။
"တော်လိုက်တာ၊ ပါစင်မင်္ဂလာ သည်တစ်ခါပဲ ဖြစ်သေးတယ်"
ဦးဘဒင်၏ဇနီး မယ်အေးရှင်သည် ငထွန်းကားနှင့် ကပ်ထိုင်ရာက နှာသံကလေးဖြင့် ပြောသည်။ ဦးဘဒင်မှာ ဖဲနိုင်နေ လျှင် မယားကို အရေးမလုပ်သူ မဟုတ်ချေ။ ငထွန်းကားအတွက်သော်ကား နှာသံ ကြာဗျာပါဟန်များသည် အဆန်းမဟုတ်တော့ချေ။
"ဖဲဖမ်းတော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ထပ်မံပြောသောအခါ "ရော့ဗျာ၊ ကျုပ်ရတာတွေ ခင်ဗျားယူ" ဟု ငထွန်းကားက သူ့ရှေ့ရှိ ဇယ်စေ့များကို မောင်ဖိုးအိဘက်သို့ တွန်းပေး၏။
"ခင်ဗျား ဒါဘာလုပ်တာတုံး၊ ဘာလုပ်တာတုံး"
မောင်ဖိုးအိသည် မေးလည်း မေး၏။ ထရပ်ရင်း နောက်သို့လည်း ဆုတ်၏။
"နားညည်းတယ်ဗျာ"
"နားညည်းရင် မပြောဘူးဗျာ။ ခင်ဗျားဟာတွေ ပြန်ယူ"
မောင်းဖိုးအိ၏ ဟန်ပင်က ထိုးမည်သို့ ကြိတ်မည်သို့ ရှိ၏။ သို့ရာတွင် ငထွန်းကားက မော်၍သော်မျှ မကြည့်သည့်အတွက် ပြန်ထိုင်ကြသည်။ ငထွန်းကား အံစာထိုးသည်။ ဘိတ်ကျသည်။ မင်္ဂလာ ထွက်နိုင်သည့်အတွက် မင်္ဂလာကြေးရသည်။ ထိုအလှည့်တွင် ငထွန်းကားမှား မင်္ဂလာကြေးရသည်။ ဖူလုံ သည်။ နောက်တစ်လှည့်တွင် ပါစင် မင်္ဂလာရပြန်သည်။
"တော်ပြီ၊ အိပ်ပြီ"
သည်မျှ ဖဲကောင်းနေသော သူ့အစ်ကိုကို ခရီးဆက်ရန် မောင်ဆေးရိုး မတိုက်တွန်းဘဲ လှည်းပေါ် တွင် ပုဆိုးခြုံပြီး မောင်ဆေးရိုးကွေးသည်။ မှေးမှေးမှေးမှေး ဖြစ်စဉ် သူ့ကိုယ်ပေါ်သို့ "ခေါက်ချိုးစောင်" တစ်ထည် ရောက် လာ၏။
"ဟာ ဘယ့်နှာကြီးတုံး"
မောင်ဆေးရိုးသည် ထိုခေါက်ချိုးစောင်ကို ကန်ပစ်ရာ "မခြုံချင်နေပေါ့။ သူများက စေတနာနဲ့ ခြုံပေး တာ" ဆီမန်း မန်းသံ ကြားရ၏။ အသံရှင်မှာ မယ်အေးရှင်ဖြစ်ကြောင်း မောင်ဆေးရိုး ကောင်းစွာ သိသည်။ ထိုမိန်းမသည် ကြာတွေ နှာတွေ ဗျာပါတွေနှင့် ဆွဲဆောင်မှုရှိသော်ငြား ဘုန်းကြီးကျောင်း တွင် "ကာမေသုမိစ္ဆာစာရ" ကို ကောင်းစွာ သင်ကြားခဲ့ရသော မောင်ဆေးရိုးကို မယူကျုံးနိုင်ပေ။ သို့ကြောင့် မောင်ဆေးရိုးသည် နွားနှစ်ကောင်ချည်ထားသည့်နေရာသို့ ထလာခဲ့သည်။
နွားနှစ်ကောင်မှာ ရေနှင့်ဖျော်သော အစာကို စားနေကျ ဖြစ်သည်။ သည်နေရာတွင်မူ ရေကို သီးခြားသောက်ပြီး တစ်ကောင်လျှင် မြက်တစ်ထုံးကျ စားနေရသဖြင့် အားမရ။ မောင်ဆေးရိုး၏ အနံ့ကို သိသဖြင့် ထရပ်ကြ သည်။ မောင်ဆေးရိုးက ဘို့နေရာကို ပွတ်ပေးရုံမှအပ ဘာမျှမတတ်နိုင်။ မတတ်နိုင်သောကြောင့် ဖဲဝိုင်းကို မောင်ဆေးရိုး လှမ်းကြည့်သည်။ သူ့အစ်ကို ငထွန်းကားမှာ အခြေအနေကောင်းနေ သဖြင့် မောင်ဆေးရိုး၏ အင်္ကျီကို ပေါင်နှံရာမှ ရွေးထားသည်။ သို့သော် မောင်ဆေးရိုး ၀မ်းမသာ ပါ။ နှဲသမားပါးစပ်နှင့် ဖဲသမားအဖြစ်မှာ အတူတူပဲ မဟုတ်လား။
သို့ဖြစ်သဖြင့် မောင်ဆေးရိုးသည် ဦးဘဒင်ထံမှ သူ့အစ်ကို သုံးကျပ်ဖြင့် ရွေးထားသော အင်္ကျီကို ကိုင်၍သော်မျှ မကြည့်။ သူ့အစ်ကိုဘေးတွင် ထိုးအိပ်၏။ ကြည့်စမ်း၊ မယ်အေးရှင်တို့ အတင့်ရဲပုံများ။ မီးရောင်အောက် တွင်လည်းဖြစ် ဦးဘဒင်၏ မျက်စိအောက်မှာပင် မောင်ဆေးရိုးကို စောင်ခြုံပေး၏။
"ကျုပ်တို့ သွားဖို့ကောင်းပြီ အစ်ကို"
မောင်ဆေးရိုး တီးတိုးပြောသည်။
"အေးပါ၊ အရုဏ်တက်ရင် သွားကြတာပေါ့"
ငထွန်းကားက မောင်ဆေးရိုးကြားရုံမျှသော လေသံဖြင့် ပြန်ဖြေ၏။ စင်စစ်သော်ကား ဦးဘဒင်နှင့် မောင်ဖိုးအိတို့မှာ အရပ်တကာလည်ပြီး ကက်ဆွဲရလျှင် ကက်။ ကက်မဆွဲရလျှင် သုံးပုံရိုက်နေသူ များ ဖြစ် ၏။ ငထွန်းကားမှာ သွားရင်းဟန်လွှဲ အပျော်လုပ်သော်ငြား ဦးဘဒင်တို့မှာ စီးပွားရေး လုပ်ငန်း တစ်ခုသဖွယ် လုပ်နေကြခြင်း ဖြစ်၏။
ဦးဘဒင်ရော မောင်ဖိုးအိပါ ကမ်းဖြူရွာသားများ ဖြစ်ကြသည်။ သည်သုံးပုံဝိုင်းသို့ ငထွန်းကား ၀င်နိုင်ရန် ဖယ်ပေးသူ မှာ ဥသျှစ်ကုန်းသား ဖြစ်၏။ ဥသျှစ်ကုန်းမှာ ကမ်းဖြူနားက ရွာတစ်ရွာ ဖြစ်သည်။ ဖယ်ပေးသူမှာ ဦးဘဒင်နှင့် မောင်ဖိုးအိ တို့ မလှန်နိုင်သော မောင်သာအေး ဖြစ်သည်။
စင်စစ်အားဖြင့် သူတို့သည် နွားစာအ၀ယ် ထွက်ဟန်ဖြင့် သည်နေရာ၌ ဖဲရိုက်ကြခြင်း ဖြစ်၏။ ငထွန်းကား ထသွား လျှင်လည်း သုံးပုံဝိုင်း ဆက်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကက်ဝိုင်းဖြစ်မည်မှာ သေချာ၏။ ယခု ငထွန်းကား ၀င်လာ သဖြင့် ဥသျှစ်ပင်ရွာသား မောင်သာအေး အိပ်ချိန်စားချိန် ကောင်းစွာရနေခြင်း ဖြစ်ပေ၏။
ငထွန်းကား မှာ အကျင့်မကောင်းပေ။
သူသည် ဤသုံးပုံဝိုင်းတွင် ၀င်ရောက်ထိုင်မိပြီး သုံးလေးလှည့်မျှ ဆ်ကတိုက်နိုင်လျှင် သူ ထမည်။ ယခုသော်ကား ရှုံးသောကြောင့် မဲခြင်း ဖြစ်သည်။ အဘယ်မျှ မဲပါသနည်းဟူမူ ထမင်းသုံးနပ်ကို ဖဲရိုက်ရင်း စားကာ အိပ်ချိန် တစ်ချိန် မေ့လျှော့ခဲ့ပြီ။
မည်သို့ဆိုစေ သာလာယံဇရပ်ကြီးနှင့် ညောင်မုတ်ဆိတ်ပင်ကြီးကို လွှမ်းခြုံထားသော ညဥ့်အမှောင် သည် တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့သည်။ သိပ်သည်းသော အမှောင်ထုကြီး ပြယ်စပြုပြီ။ မောင်ဆေးရိုးသည် သူ့အစ်ကိုမနှိုးဘဲ နိုးလာသည်။ မျက်လုံးကို ပွတ်ပြီး ငထွန်းကား၏ ဘယ်ဘက် ပခုံးပေါ်သို့ လှမ်းကြည့်၏။ မောင်ဆေးရိုး ထိုးမအိပ်မီက ငထွန်းကား၏ပခုံးပေါ်တွင် တင်ထားသော အင်္ကျီ မရှိပြိ။
သို့ဖြစ်ရကား သူ့အစ်ကို ရှုံးမဲ မဲဦးမည်ဟု မောင်ဆေးရိုး တွက်သည်။ သို့ကြောင့် သူ့အစ်ကိုဘေး တွင် မောင်ဆေးရိုး ပြန်လှဲသည်တွင် ငထွန်းကားက ညာလက်ဖြင့် ခံထားသည်။
"မအိပ်နဲ့တော့၊ သွားကြရအောင်"
"အင်္ကျီကော" ဟု မေးရင်း၊ မောင်ဆေးရိုး ထထိုင်၏။
"ညီလေးရဲ့အင်္ကျီလား။ ရွေးလိုက်၊ ပြန်ပေါင်လိုက်နဲ့။ အေးလေ၊ အရှုံးနဲ့ပိုင်းတာပဲ ကောင်းပါတယ်"
မောင်ဆေးရိုး စောဒက မတတ်ကပါ။ သူသည် ငါးကျပ်ဖြင့် ဆုံးသော အင်္ကျီကို နှမြောသော်ငြား မပြောတော့ ပါ။ ပြောမိသောကြောင့် သံသရာရှည်နေလျှင် နောက်ထပ် ဘယ်နှရက်ထိုင်ဖြစ်မည်ကို မည်သူမျှ အတပ် မပြောနိုင်ပါ။ မန်ကျည်းပင်ပုရွာမှ မယ်ငြိမ်းစည် မျှော်ခြင်း မမျှော်ခြင်းထက် ရမ်းဘိုကုန်းမှ အမေ မျှော်ရော့မည်။
သို့ကြောင့် အင်္ကျီစကား တစ်ခွန်းမျှ မပြောဘဲ မောင်ဆေးရိုး ထလာသည်။ နွားနှစ်ကောင်ကို လှည်းတပ်သည်။
"မောင်လေး သွားတော့မလား"
မယ်အေးရှင် ရောက်ဖြစ်အောင် ရောက်လာသေးသည်။
"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မေင်ဆေးရိုး လျှာယားနေ ၏။ "ခင်ဗျားလောက် အရှက်နည်း သဲ့မိန်းမ။ တစ်သက် မတွေ့ဖူးဘူးဗျာ"
ဆက်ရန်
.

No comments:
Post a Comment