Monday, June 25, 2012

ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၄)

နောက်တစ်နေ့ အမေ့ အတွက် ပေါင်မုန့် သွားဝယ်သော အခါ အသားများတုန်တုန်ရီရီဖြင့် မိန်းမကြီး တစ် ဦး အား ပြောနေသံ ကို ကြားလိုက်ရပါသည်။ "ဒီတစ်ပဲနိ တန် သကြားချောင်း နဲ့ များ ဘာဖြစ်လို့ မှန်တံခါးခွဲတယ် ဆိုတာ ကျုပ်ဖြင့် မစဉ်းစား တတ်အောင် ပဲ။ ဒီ အစုတ်ပလုတ် သကြားချောင်း လာတောင်းလှည့် ပါလား။ တောင်းရုံ ပဲတောင်း ကျုပ် ပေးလိုက်မှာ ပေါ့" ကို ဆက်ဖတ်ရန်......
ထိုအချိန်က ကျွန်တော်၏အကောင်းဆုံး မိတ်ဆွေမှာ "ဘူး" ဖြစ်ပါသည်။ သူ့အမည်ရင်းမှာ ချားလ်(စ်) ဆီမွန်(စ်)ဖြစ်ပြီး ယခုအခါတွင် စိန့်လူဝီမြို့တွင် ကျောင်းဆရာအဖြစ် အမှုထမ်းနေသူ ဖြစ်ပါသည်။ "ဘူး"သည် အသက် ကိုးနှစ်သားအရွယ် လောက်ကပင် ငါးဆယ်အရွယ်ထိ ထင်ရသူဖြစ်သည်။ အသက်နှင့် မမျှအောင် ရင့်သူဖြစ် ပါသည်။ အုတ်ခုံဘောင်များပေါ်တွင် အမြဲတက်ထိုင်လေ့ရှိပြီး ပေါင် မုန့်အတွင်းသားအားလုံး ဆွဲ ထုတ်ကာ အလုံးကလေးများဖြစ်အောင်လုံးပြီး လမ်းဘေး တွင် တစ်လုံးစီ တန်းစီထားလိုက်သည်။ နောက်မှ စိန်ပြေနပြေ လမ်းလျှောက် ကာ ပေါင်မုန့်လုံးကလေးများကို တစ်လုံးစီ ကောက်စားတတ် သည်။ ထိုသို့ ပေါင်မုန့်လုံးကလေးများ ကို "ဘူး"လျှောက် စားနေစဉ် ကျွန်တော်တို့က ထိုင်ပြီး စကားစ မြည်ပြောနေ ကြရသည်။ ကျွန်တော်တို့မှာ ခက်ခက်ခဲခဲ အကြံအဖန် ဘ်ာလုပ်ကြရမလဲဟူ၍သာ အစီ အစဉ်များကို တိုင်ပင်နှီးနှောနေ တတ်ကြပါသည်။

"ဟေး၊ ရစ်ချတ်"
"ဘာလဲကွ"
"ငါတို့တိရစ္ဆာန်ရုံသွားပြီး ကျားတွေ အကုန်လွှတ်ပစ်ကြရအောင်လား....."
"ဒါက သိပ်ပျော်စရာ မကောင်းပါဘူးကွာ....၊ ဟိုဘတ်စ်ကား လက်မှတ်စစ်ကိုဖမ်းပြီး မီးနဲ့ရှို့၊ နောက်ပြီး မစ္စတာဘင် ရဲ့ ရေခဲဘူးထဲ ထည့်ထားလိုက်ကြရအောင်" "မကောင်းသေးပါဘူးကွာ။ လာ "ကယ်လ်ဗင်"ကို သွားရိုက်ကြရအောင်" "ကယ်လ်ဗင်မှာ ဘူး၏ ညီငယ်လေး ဖြစ်သည်။"

"ဘူး"သည် မာမာကျစ်ကျစ်ကလေးဖြစ်သည်။ ကျွန်တော်တို့ ဂိုဏ်းများသည် သူနှင့်သာ ကပ်ပေါင်း ထားကြရ သည်။ သူကား အတိုက်အခိုက် ကောင်းသူ။ အကယ်၍ သူတစ်ယောက်တည်း ချ၍မနိုင်တော့ လျှင်လည်း သူ့ကို ကူချပေး မည့် သူ့အစ်ကိုကြီးများစွာ ရှိနေပါသေးသည်။ ထို့ကြောင့် "ဘူး"နှင့် ရန်ဖြစ်ခြင်းသည် စစ်ကြေညာ လိုက်ခြင်းပင် ဖြစ်တော့သည်။ "ဘူး"သည် ကိုယ်တိုင်ကားဘယ်တော့ မှရန်စမဖြစ်တတ်။ ရန်ဖြစ်ရမှာကိုပင် အလွန် ပျင်းသူဖြစ်သည်။ သို့သော် ကျွန်တော် အထိုးအကြိတ်ခံရ မည့်အန္တရာယ်အတော်များများကိုကား သူ ၀င်ရောက် ကယ်တင်ပေးခဲ့လေသည်။ ကျွန်တော်ကတော့ အိမ်ကျယ်သက်သက်။ မည်သူနှင့်မျှ ရန်မဖြစ် ရဲ။ ပြေးသည်ချည့်သာ။ "ကယ်လ်ဗင်"လေးကိုပင် ပြိုင်ရန် မဖြစ်ရဲ။

ကျွန်တော်တို့ကား အမျိုးမျိုး ကြံဖန်ကစားတတ်ကြသည်။ မော်တော်ကား တာယာကြီးများတွင်း၌ ၀င်ပြီး ဆင်ခြေလျှော် လမ်းတစ်လျှောက် လှိမ့်ဆင်းတတ်သည်။ တံမြက်စည်း လက်ကိုင်းရိုးဖြင့် ဘောလုံး ရိုက် တတ်ကြသည်။ ဆိုဒါပုလင်းခွံများဖြင့် ကျီးသားရိုက်သည်။ ထဲတွင် သဲထည့်ထားပြီး တံမြက်စည်း လက်ကိုင်ရိုးဖြင့် ရိုက် လိုက်လျှင် အဝေးကြီး လွင့်သွားတတ်သည်။ ပစ္စည်းတစ်ခုခုကို ဆွဲ ယူပြီး ပြေးရ သောကစားနည်းမှာလည်း ပျော်စရာကောင်းသည်။ ထို့နောက် လမ်းဖြည်းဖြည်းလျှောက်၊ လေ ကလေး ချွန်ပြီး အိတ်ထဲလက်နှိုက်ကာဘာမှ မယူသလို ဟန်ဆောင်ကြရသည်။ "ခွေးသတိပြု"ဟု ဆိုင်းဘုတ် ကပ်ထားသော ခြံစည်းရိုးများထဲသို့ ခုန်ဆင်း၊ ဂိတ်ဝတံခါးကို အထဲမှဖွင့်ကာ ထွက်ပြေးကြပြန်သည်။ ထိုကဲ့သို့ သော အလေ့အကျင့်များကြောင့်ပင် နောင်အခါ အပြေးမြန်သူတစ်ယောက် ဖြစ်လာလေ သလားဟုပင် စဉ်းစား မိပါသည်။ ခွေးဆိုးတစ်ကောင်သာ သင့်နောက် လိုက်လာပါက သင့်အဖို့ ကမ္ဘာ့ စံချိန်ကျိုးအေင်ပင် ပြေးနိုင်မည် မုချဖြစ်ပါသည်။

တစ်ခါမူ ဂိတ်တံခါးတစ်ခု ဆွဲအဖွင့်တွင် ခွေးသမင်ကြီးတစ်ယောက်က ကုန်းဟပ်ပြီး ကျွန်တော့ကို ကိုင်လိုက် ပါသည်။ ခွေးပိုင်ရှင်ကလည်း မြင်သွားပါသည်။ ဆေးခန်းတစ်ခု သွားပြသောအခါ ဘယ်ခွေး ကိုက်သလဲ ဟု မေးပါသည်။ ကျွန်တော်က ဘယ်ခွေးမှန်း သိလျက်နှင့် မပြောပြပါ။ ပြောလိုက်လျှင် သူတို့က ကိုက်သော ခွေးထံသွားပြီး ခွေးရူးရောဂါရှိမရှိ စစ်ကြပေလိမ့်မည်။ ထိုအခါ ခွေးပိုင်ရှင်က ကျွန်တော် ဘာလုပ်ခဲ့သည် ကို အမေ့ကိုပြန်တိုင်ပါမည်။ ထို့ကြောင့် ဘယ်ခွေးမှန်းမသိဟု ပြောလိုက်ရ သည်။ သို့နှင့် ခွေးရူးဆေး ဆယ့်လေးလုံး အထိုးခံလိုက်ရလေသည်။

ရန်ပွဲများရှိလျှင်လည်း ကျွန်တော်တို့ လိုက်အားပေးကြသည်။ သို့သော်ပုလိပ်များလာသောအခါ၌ ကျွန်တော် တို့က ဦးအောင် ပြေးကြသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် နီးဂရိုးပုလိပ်များ ရှိသည်။ ခပ်ကြမ်းကြမ်း တမ်းတမ်းကြီး များ။ သူတို့သည် ကျွန်တော်တို့ကလေးများအပေါ်တွင် လူဖြူပုလိပ်များ ထက်ပင် ခက်ထန်သေး သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့၏ လှုပ်ရှားမှုများသည် သူတို့အ ပေါ် တွင် ရောင်ပြန် ဟပ်တတ်ကြောင်း ကောင်းကောင်းသိကြ၍ ဖြစ်သည်။ "ဂရိုင်းမ်"ဟူသော ပုလိပ်ကြီး တစ်ယောက် သည် ကြောင်ခုနှစ်ကောင် ကို ဆေးရုံထောင့် တွင် နှစ်ချက်ထဲနှင့် အလဲထိုးနိုင်သူဖြစ် သည်။ ကျောင်းဝင်းထဲတွင် အရက်ခိုးသောက်နေသော ကောင်လေး တစ်ယောက်ကို သူသောက်နေစဉ်အတွင်း ပုလင်းကြေမွသွားအောင် ရိုက်ခွဲ ပစ်နိုင်ခဲ့သည်။ သိပ်တော့ အထင်မကြီးလိုက်ပါနဲ့။ ဘေ့စ်ဘောလ် ရိုက်တံနှင့် ခွဲခြင်းသာ ဖြစ်သည်။

"ဘူး"နှင့် ကျွန်တော်တို့ အကြမ်းဆုံးလုပ်ခဲ့သည့် အလုပ်မှာ ဘတ်စ်ကားများကို ဗုံးဖြင့် ဖောက်ခွဲခဲ့ကြ ခြင်းဖြစ် သည်။ စက္ကူအိတ်များ ထဲတွင် "စိန့်လူဝီ"ရပ်ကွက်တွင် ရနိုင်သော ဖုန်မှုန့်အမဲများ အပြည့် အ သိပ် ထည့်ကြသည်။ ထိုဖုန်မှုန့်များမှာ နွေအခါတွင် ပူပူခြောက်ခြောက်ကြီးများ ဖြစ်နေတတ်သည်။ လမ်း ထောင့် တစ်နေရာ တွင် သွားစောင့်နေကြသည်။ ဘတ်စ်ကား လည်သည်နှင့် ကျွန်တော်တို့သည် အိတ်များ ကို လွှဲ၍ လွှဲ၍ ရမ်းထားကြသည်။ ကားလည်းရပ်ရော အိတ်များကို  လက်ထဲက လွှတ်ပစ်လိုက် ကြသည်။ ဖုန်မှုန့်များ တထောင်းထောင်း ထနေရာမှ ကြည်လင်သွားသောအခါ၌ ကျွန်တော်နှင့် "ဘူး"တို့မှာ အိမ်ရှေ့ပေါက်များ သို့ပင် ရောက်နေကြပြီ။ မျက်စေ့ပွတ်သူပွတ်၊ အင်္ကျီဖုန်ခါသူခါ၊ ချောင်း ဆိုးသံ၊ ဆဲရေးသံတွေကို နားထောင်ရင်းနှင့် ကျွန်တော်တို့ နှစ်ယောက်မှာ အူတက်မတတ် ရယ်လိုက်ကြ ရသည့်ဖြစ်ခြင်း။

စနေနေ့ကား ကျွန်တော်တို့အတွက် နေ့ကြီးနေ့ကောင်း။ မိုးမခင်းခင်ပင် အိပ်ရာမှထကြပြီး အိမ်နီးနား မှ လူဖြူများ အိမ်သို့သွားကြသည်။ ကျွန်တော်တို့ အမေအလုပ်သွားလုပ်သော ချမ်းသာသည့် လူဖြူများ အိမ်ကားမဟုတ်။ လက်လုပ်လကစား လူဖြူများအိမ်သို့ ဖြစ်ပါသည်။ ရာသီဥတုကို လိုက်၍ လှေကားတိုက်ခြင်း၊ ဆီးနှင်းခဲ များ ဖယ်ပစ်ခြင်း၊ မော်တော်ကားဆေးခြင်း၊ ပြတင်းပေါက်များ သုတ်ပေး ခြင်းများကို လုပ်ကြပါသည်။ များသော အားဖြင့် ကျွန်တော့်အစ်ကို "ပရက်စလေ"နှင့်အတူ သွားလုပ်ကြ သည်။ တစ်ခါတစ်ခါလည်း ကျွန်တော် တစ်ယောက်တည်း။ "ဘူး"အဖေမှာ ကားမောင်းသမားဖြစ်၍ သူ့အဖို့ သည်မျှ အလုပ် မလုပ်ရပါ။ ပြတင်းတိုက် ရသည့် အလုပ်ကိုမူ ကျွန်တော်မကြိုက်ဆုံး။ အလုပ် မလုပ်ရပါ။ ပြတင်းတိုက်ရသည့် အလုပ်ကိုမူ ကျွန်တော် မကြိုက်ဆုံး။ နှစ်ထပ်ပြတင်းပေါက် အစွန်းလေး များပေါ်တွင် မတ်တပ်ရပ်ပြီး တစ်ပေါက်မှ တစ်ပေါက် ကူးတိုက် ရသော အလုပ်မှာ ထိတ်လန့်စရာပင် ကောင်းပါသည်။ ဘုရားစာ တတွတ်တွတ်ရွတ်ရင်းပင် အလုပ် လုပ် ရပါသည်။ မကြာမခဏပင် ဘောင်း ဘီထဲ၌ သေးပါမိသည်အထိ။

လူဖြူအိမ်နီးနားချင်းများထံတွင် အလုပ်လုပ်ပြီး အပြန်နီဂရိုးအိမ်နီးချင်းများထံတွင် နှစ်နာရီမှ လေးနာရီ ထိ ကုန်စိမ်း သယ်သောအလုပ် လုပ်ရပြန်သည်။ ထို့နောက် ဖိနပ်တိုက်သေတ္တာလေးကို ယူကာ လမ်း လျှောက် ရင်းနှင့် တင်းနှင့် မီးသွေး ၀ယ်မည့် ဖောက်သည်များကို ရှာရပါသည်။ ထင်းကတော့ ဘယ်နေ ရာက သွားခိုး ခိုး ရပါသည်။ ခြံစည်းရိုးဖျက်ပြီးတော့လည်း ထင်းဆိုက်နိုင်သည်ပဲ။ ညကျလျှင် အရက် ဆိုင်ရှေ့တွင် ဖိနပ် တိုက်ရသည်။ နောက် တနင်္ဂနွေနေ့ထုတ်သတင်းစာများကို မနက်၃နာရီအထိ ရောင်းရသည်။ ထို့နောက် အိမ်ပြန်လာ။ မနက်ခြောက်နာရီထ၊ ကိုးနာရီခွဲ သတင်းစာပို့။
ကျွန်တော့်အတွက် အဓိကပြဿနာမှာ အခကြေးငွေ ဘယ်လောက်တောင်းယူရမလဲ ဆိုသော ပြဿနာ ပင်ဖြစ် ပါသည်။ တစ်ဒေါ်လာလောက်နှင့် ကျွန်တော်လူမုန်းမခံလိုပါ။ ထို့ကြောင့်ပင် "တန်သ လောက်ပဲ ပေးပါ ခင်ဗျာ"ဟု ပြောတတ်၏။ အများအားဖြင့် ကျွန်တော် တန်သည်ထင်သော လုပ်ခထက် လျော့ရသည်ချည့်ပင်။ ထို့ကြောင့် မကျေမနပ်ဖြစ်ရသည်။ ထို့ကြောင့် တန်ရာတန်ကြေးတောင်း ကြည့်မိသည်။ ထိုအခါကျတော့လည်း သူတို့ ကို မတရားပိုတောင်းသည်ဟု ဆိုကာ ကျွန်တော့်ကို မနှစ် သက်ကြပြန်ချေ။

သတင်းစာရောင်းပြီးလျှင် ကိုယ်လက်သန့်စင်ပြီး ဘုရားရှိခိုးကျောင်းသို့ သွားပါသည်။ ကျွန်တော် ဘုရား ရှိခိုးကျောင်းကို သဘောကျ နှစ်ခြိုက်သည်။ ထိုင်းပြီး သာယာချိုအေးသည့် တေးသံကိုနား ထောင်၊ တရားဟောဆရာ၏။ ဓမ္မတေးကို ကြားနာ၊ လူတိုင်းပင် ၀တ်ကောင်းစားလှနှင့် သန့်သန့်ပြန့် ပြန့်၊ နီဂရိုးဘုရား ကျောင်းည် နီဂရိုးတွေအတွက် အများကြီး အဓိပ္ပာယ်ရှိလေသည်။ ဤနေရာပင် သူတို့အတွက်ကလပ်။ သူတို့၏ လူမှုဘ၀၊ မြို့မှလူများကို မေ့လျော့ထားရာဒေသ။ ကျွန်တော့်အတွက် တော့ ကျောင်းဆရာတွေ၊ လူမှုဝန်ထမ်းတွေ နှစ်ထပ်တိုက်ပိုင်ရှင်တွေထက် ပိုပြီး ခွန်အားကြီးသော ဘုရားသခင်က လူသားအားလုံးကို လွှမ်းခြုံ ပိုက်ထွေးထားရာဒေသဟု မှတ်ထင်မိပါသည်။

ရုပ်ရှင်တွေကြည့်ကြသည်။ အချစ်ဇာတ်လမ်းများ၊ "အယ်လင်လက်"နှင့် "ဟမ်ဖရေဘိုဂတ်"။ သိပ်ကြည့် ကောင်း သည်။ ကျွန်တော်တို့ သူတို့လမ်းလျှောက်သလို လိုက်လျှောက်သည်။ သူတို့စကားပြောသော ပါးစပ် အနေအထား အတိုင်းလိုက်ပြောသည်။ သူတို့စီးကရက်သောက်သလို လိုက်သော်သည်။ စီးက ရက်တို့ကို အတင်းရှိုက်ရာ လက်များပင် မီးပူကုန်၏။ တာဇံကားဆိုလည်း မလွယ်တမ်း။ အာဖရိကန် တွေက လူဖြူတွေကို တိုက်ခိုက်ကြပုံ။ အားကောင်းသော သေနတ်များကို လှံများဖြင့် ဆန့်ကျင်တော် လှန်ကြပုံများကို သဘော တူကြသည်။ တစ်ခါတော့ ရုံထဲတွင် အဓိကရုဏ်းဖြစ်ခဲ့ရသည်။ တာဇံသည် အာဖရိကန် တစ်ရာလောက်ပေါ်သို့ ခုန်ချပြီး သတ်ဖြတ်ခန်း ဖြစ်သည်။ တာဇံ တစ်ယောက် တည်းနှင့် လူငါးယောက်၊ ဆယ်လောက် သတ်သည်ကို ကျွန်တော် တို့ ဘာမျှ မပြောလိုပါ။ သို့သော် ယခုကဲ့သို့ မျိုးစုကြီး တစ်ခုလုံးကို သတ်ဖြတ်သည်မှာတော့ လွန်လွန်း လှပြီ။ ထို့ကြောင့် ရုပ်ရှင်ရုံကို ဖျက်ကြသည်။ ပိတ်ကားကြီးကို ဆွဲဆုတ်ပစ်လိုက်ကြသည်။

"ဖရင်ကင်စတိန်း"သူရဲကားကြည့်ပြီး ကြောက်လန့်ကြသည်။ မြင်းတပ်နှင့် အင်ဒီးယန်းတိုက်ပွဲကားများ ကိုကြည့်သည်။ ရာဇ၀င်စာအုပ်များမှာ မတရားဟုထင်သည်။ မြင်းတပ်က အင်ဒီးယန်းများကို နိုင်လိုက် လျှင်မူ တကယ့်အောင်ပွဲကြီးပမာ ရေးသားကြပြီး၊ အင်ဒီးယန်းများနိုင်လိုက်လျှင်မူ အလကားသိမ်းကျုံး သတ်ဖြတ်ခြင်း သဘော ကို ဆောင်ယူကြသည်။ စစ်ကားများတွင်မူ ဂျာမန်နှင့်တို့ ကို တိုက်ခိုက်လိုက် သော အမေရိကန် စစ်သားများ ကို ချီးကျူးမိပါသည်။ သို့သော် ပိတ်ကားပေါ်တွင် နီဂရိုးစစ်သားများကို သိပ်မတွေ့ရပါ။ ကျွန်တော် တို့ပင် လမ်းပေါ်တွင် နေရာတကာ မြင်နေရပါလျက်နှင့်။ ကျွန်တော့်အ ကြိုက်ဆုံး ရုပ်ရှင်မှာ "ကင်းစ်ရိုး" (Kings Row)။ ထိုစဉ်က ကျွန်တော်သည် ဆယ်နှစ်သား၊ ဇာတ်လမ်း မှတ်မိသလောက်ပြောရလျှင် သူ့သမီးကို မချစ်၍ သူ့သမီး ရူးသွားသောကြောင့် သူ့သမီး၏ချစ်သူ မီးရထားအလုပ်သမားလေး၏ ခြေထောက်ကို ဖခင်ဆရာဝန်ကြီး က ဖြတ်ပစ်လိုက်ပုံဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်လမ်းကို ကောင်းကောင်းနားလည်မိ၍ ကျွန်တော့် ကိုယ်ကျွန်တော် အလွန်ဘ၀င် မြင့်သွားရသည်။ ထို့ကြောင့် ခဏခဏ သွားကြည့်ခဲ့သည်။

ပျော်စရာလေးတွေလည်း ကြုံခဲ့ပါသေးသည်။ ထိုပျော်စရာလေးတွေ ရှိသေးလို့ပင် ဆက်လက် အသက် ရှင်သန် လိုစိတ်ရှိခြင်းဖြစ်သည်။ ခံစားရသော ဝေဒနာများကလည်း ဘယ်လို ဆက်လက် အသက်ရှင်နေသွားဖို့ သွန်သင်ပေးခဲ့ ပါသည်။ တောင်ကုန်းပေါ်တွင် စခန်းတစ်ခုရှိပါသည်။ ထိုစခန်း တွင်ညဆိုလျှင် မီးပုံများဖိုကာ သီချင်းဝိုင်းဆိုကြရပါသည်။ ဂျက်စီဂျိမ်းဘဏ်တိုက်မှ ဓားပြတိုက်လာ သောငွေများ ဖွက်ထားသည့် ဂူများ ကို လျှောက်ကြည့်ကြပါသည်။ သွားတိုက်နည်း၊ ဆပ်ပြာနှင့် ရေသုံး နည်းများလည်း သင်ပေးပါသည်။ နွေရာသီနှစ်ကြိမ်မျှ တစ်ကြိမ်လျှင် နှစ်ပတ်ကြာ သင်တန်းသွားတက် ခဲ့ပါသည်။ သင်းအုပ် ဆရာကြီ "ဂျိမ်းစ်ကွတ်"စီစဉ်ပေးခြင်းဖြစ်သည်။ သူက ကျွန်တော်တို့အားလုံးကို လမ်းပေါ်မှခေါ် ထရပ်ကား များဖြင့် တင်ပြီး ခေါ်ခဲ့ပါသည်။ ဆရာများမှာ အထက်တန်းပညာ အောင်မြင် ပြီးတက္ကသိုလ်တက်နေသူ နီဂရိုး များ ဖြစ်ကြပါသည်။ သူတို့ အားလုံးကို ကျွန်တော်ချစ်ပါသည်။

အကောင်းဆုံးအရာမှာကား "မူနီအော်ပရာ"ပွဲ သွားကြည့်ရခြင်းဟု ကျွန်တော်ထင်ပါသည်။ "ဘူး"နှင့် ကျွန်တော် တို့သည် နေ့တစ်ဝက်ကြာအောင်ပင် ပြေးသွားလိုက်၊ လမ်းလျှောက်လိုက်နှင့် သွားကြည့်ရ ပါသည်။ ကလေးများ အတွက် အခမဲ့ ထိုင်ခုံများ ထားပါသည်။ ဇာတ်လမ်းများရော၊ တေးသံများပါ ကြည်နူးစရာကောင်းပါသည်။ သီချင်းဆိုသူများ၊ ကခြေသည်များနှင့် ခပ်ဝေးဝေးမှ ကြည့်ရသဖြင့် သူတို့မှာ အသားမည်း လား၊ အသားဖြူများလား မပြောနိုင်ပါ။ အားလပ်ချိန်ကျလျှင် လူချမ်းသာများ စီးကရက်သောက်ပြီး စကားပြောကြ၊ ရယ်မောကြသည်ကို လိုက်ကြည့်ပါသည်။ ဒါကလည်း ပြပွဲတစ်ခု ပင် နွေရာသီဆိုလျှင် ကျွန်တော် တို့ ညတိုင်းလိုလို သွားကြည့်ကြပါသည်.။ ဒါလည်း ဘုရားကျောင်း တက်သလိုပင် ဖြစ်သည်။

အိမ်ပြန်ရောက်လျှင် ရေဒီယိုဖွင့်ရာ "ပူနိ"အော်ပရာမှ သီချင်းများပင်လာနေ၍ မျက်လုံးကို အသာမှိတ် ထားလိုက်သည်။ ထိုအခါ မီးဖိုချောင်ကြီး ပျောက်ကွယ်သွားပြီး အော်ပရာကို အစမှအဆုံး နောက် တစ်ကြိမ် ပြန်ကြည့်ရသလို ခံစားရပြန်သည်။
အိမ်နားးပါးနီး တွင်ကား ကျွန်တော်သည် အနှိမ်ခံ၊ ရပ်ကွက်တွင် အပိန်ဆုံးကောင်လေး၊ အဆင်းရဲ ဆုံး ကောင်လေး၊ အဖေမရှိသူ "ဟာသ" နောက်ပြောင်ခြင်း၏ အင်အားဟူသော သင်ခန်းစာကို ကျွန်တော် ပထမဆုံး သင်ယူခဲ့ သည်မှာကား-
"ဟေး.... ဂရီဂိုရီ"
"ဘာလဲ"
"မင်း... ဘာအကျီဝတ် လာသလဲဆိုတာ ငါကြည့်ချင်လို့ကွ"

"ကြည့်လေ... ဟာမင်"
"ယော့ရေ... ဒီကောင် ဘာရှပ်အကျီဝတ်လာတယ် ထင်သလဲဟေ့"
"သူ ဝတ်လာတာ ရှပ်အကျီမှ မဟုတ်တာကွ၊ ပစ်ကနစ်ထွက်ရင် ထိုးတဲ့ ရွက်ဖျင်တဲစကြီးပဲ၊ ဟာမင်ရဲ့"
"ဒါ..မင်းအဖေ အင်္ကျီလားကွ"
"အေး" "သူ့မှာ အဖေ မရှိဘူးကွ" "ဟာမင်"ရဲ့ ဒီအင်္ကျီက သုံးယောက်စပ် အင်္ကျီလို့ခေါ်တယ်"
"သုံးယောက်စပ် အင်္ကျီဟုတ်လား"
"သူ ရယ်၊ ဂါလင် ရယ်၊ ပရက်စလေရယ် သည် တစ်ထည်ထဲ လှည့်ဝတ်ကြလို့လေကွာ"

"ဘူး" သာ အနားမှာ မရှိလျှင်ကျွန်တော့်အဖို့ စိတ်ထိခိုက်ပြီး အိမ်ကို ငိုပြီးပြေးသွားမည်သာ ဖြစ်သည်။ သူတို့က ကျွန်တော့် ကို ဟားတိုက်နေသည်။ ရယ်စရာ လုပ်နေသည်။ လှောင်နေကြသည်။ ကျွန်တော် ကလည်းရယ်စရာ တစ်ခုခုပြော မှ တန်ကာကျမည်။ သို့မဟုတ်လျှင် ကျွန်တော့်ကိုသာ ဖိနောက်နေကြ မည်။ ထို့ကြောင့် ဦးတည်ချက်လွဲသွားအောင် ရယ်စရာ များ ပြောရပေဦးမည်။
"ဟေ့ကောင်၊ ဂရီဂိုရိ ထိုင်စပ်ပါဦး၊ ငါနဲ့ "ဟာမင်"ကို ပြောပြစမ်းပါဦး၊ မင်းတို့ ခုတင်မှာ လူဘယ် နှစ်ယောက် အိပ်တယ်ဆိုတာ" "လူအများကြီး အိပ်တာပေါ့ ကွ၊ ငါညသန်းခေါင် သေးပေါက်ရင် ငါ့နေရာ ပျောက်သွားမှာစိုးလို့ အမှတ် အသားတောင် လုပ်ပစ် ခဲ့ထားရတယ်" သူတို့စကားမဆက်ခင် ကျွန်တော်က ပထမစကားလုံးဖြင့် သတ်ထားရ ပါသည်။ သူတို့ ကျွန်တော့်ဘက် လှည့်မလာခင် ကိုယ်က ဦးအောင်မြန်မြန် နောက် ထပ်ပြောရပါဦး မည်။

"တစ်ည ငါလည်း လေးဘက်ကုန်းပြီး ကြွက်တွင်းနား သွားကြည့်တယ်ကွ၊ မင်းတို့ယုံပါ့မလား မသိဘူး။ ကြွက်တွေ ကလည်း ငါတို့လိုပဲ တစ်ခုတင်မှာ ခြောက်ကောင် အိပ်တယ်ကွ" သူတို့စိတ်ဝင်စားလာကြပြီး ကျွန်တော့်ဘေး တွင် ၀ိုင်းလာကြသည်။
"ငါတို့အိမ်ထဲ ၀င်ရင် ဖိနပ်ပေါ်က ဆီးနှင်းတွေ သုတ်ပစ်ဖို့ မလိုဘူးကွ။ အိမ်ထဲမှာက သိပ်အေးတော့ ကြမ်းပြင်ပေါ် ကို အရည်တောင် ပျော်မကျဘူးလေ"
ထိုအချိန်မှ ၍ သူတို့အခြေအနေအားလုံးမှာ ပြောင်းလဲသွားချေပြီ။ လူတစ်ယောက်ကိုသာ ရယ်စရာ ပြောထားပါ။ အဲဒီ လူက သင်ကို ရယ်စရာ လုပ်ဖို့ မလွယ်တော့ချေ။ ကလေးများမှာ ကျွန်တော့်ထံမှ ဟာသများ ကို မျှော်လင့်နေကြတော့သည်။ ကျွန်တော်ကား ဟာသဖြင့် အောင်မြင်မှုရလာလေပြီ။ သို့နှင့် ကျွန်တော်သည် သူတို့ ကို ဟာသပြန်လုပ်ပစ်တော့၏။

"ဟေ့... ဂရီဂိုရီ၊ မင်းအဖေက ခု....ဘယ်ရောက်နေသလဲကွ"
"ဒီ မအေ...လား..သူမရှိတော့ အိမ်ငြိမ်းချင်းပါတယ်ကွာ။ မင်းတို့ အိမ်လို မဟုတ်တော့ဘူးပေါ့ ယော့ရယ်"
"ဘာပြောတာလဲကွ"
"မနေ့ညက ဗလာပွဲတစ်ခု ငါကြည်ခဲ့ရတယ်ကွ။ မူနိုအော်ပရာထက်တောင် ကောင်းသေးတယ်။ ငါပြ တင်းပေါက် ဖွင့်ပြီး အသာမှိန်း နားထောင်နေတယ်။ မင်းအဖေက မင်းအမေကို ရိုက်နေတာလေ။ ဟေ့ ကောင်အဲဒါ မင်း အဖေ မဟုတ်ဘူးလားကွ ဟုတ်တယ်မို့လား ယော့" ထို့နောက် ခပ်မြန်မြန်ပင် အခြား ချာတိတ်တစ်ကောင် ဘက် မြှားဦးလှည့်ပစ်လိုက်ပြန်သည်။

"ဟေ့ယောင် ဟာမင်၊ မနေ့ညက မင်းတို့အိမ်ဘေး ရဲကား လာဆိုက်တယ်မို့လား။ သူတို့က ငါတို့ အိမ်လာပြီး မေးသေး တယ် မင်းဘယ်မှာနေသလဲလို့"
သို့နှင့် ကျွန်တော် သည် ရပ်ကွက်တွင် ခေါင်းဆောင်ဖြစ်လာပါတော့သည်။ အသက်ကြီးလာသည့်အခါ အိမ်နီး ပါးချင်းတွေကြားတွင်ပင် ခေါင်းမော်လာနိုင်ပါတော့သည်။
ကျွန်တော် သည် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ပင် ဟာသလုပ်ပ်ရပါသေးသည်။ တစ်ခါ သတင်းစာပို့ရင်းနှင့် ကျွန်တော် လက်ကျိုးသွားရသည်။ ကျွန်တော့်မှာ ငိုအားထက် ရယ်အားသန် ဖြစ်နေရသည်။ ကျွန်တော့် ဖိနပ်ခုံမှာ စုတ်နေ၍ ထောင့်ချိုးတစ်ခုတွင် ချော်လဲပြီး လက်ကျိုးသွားခြင်း ဖြစ်သည်။ ဖိနပ်ခုံစုတ်လျှင် လက်ကျိုးနိုင်သတဲ့၊ ဒါပေမယ့် လက်က ဖိနပ်ခုံကိုတော့ ကျိုးအောင် လုပ်နိုင်တယ်လို့တော့ မကြားဘူး ပါလား။

မိသားစုကိုလည်း ဟာသလုပ်ပစ်သည်။ ကျွန်တော့်အမေ ဘယ်လောက်ဟင်းချက် မကောင်းဘူးဆိုတာ ကမ္ဘာပေါ် မှာ မကောင်းဆုံး ဟင်းချက်သမကြီးတောင် ဖြစ်နိုင်သည်။ "ရေခဲရေကို မီးဖိုပေါ်တင်တယ် လို့ ဘယ်သူများကြားမိ ပါသလဲ အရပ်ကတို့" ဒါက သိပ်ရယ်စရာမကောင်းလှသေးပါ။ ကျွန်တော်တို့အိမ်တွင် ထမင်းစားချိန် ရယ်လို့ သတ်သတ်မှတ် မှတ်တစ်ခါမှ မရှိဘူးပါ။ အရင်ရောက်တဲ့လူ အရင်စား၊ မုန့်ကျွတ်လေး ၀ါးလိုက်၊ ပေါင်မုန့် ထောပတ် သုတ်လေး ကိုက်လိုက်နောက်ပြီး အပြင်ပြေးထွက်သွားလိုက်၊ ရာဦးဥတုပူရင် ကျွန်တော် တို့ သစ်သား ရေခဲဘူးကြီးကို ဖွင့်ရန် အလွန်လန့်ကြသည်။ မနေ့ကအကျန် ပဲသီးတောင့်များ၏ ချဉ်စုတ်စုတ် အနံ့က သင့်ကို မူးမေ့သွားစေမည်။

အိမ်နီးပါးချင်းမှ ကလေးများကို သူတို့အိမ်များက ထမင်းစားဖို့ခေါ်လျှင် ကျွန်တော်တို့က အပြင်ထွက် ကစားကြတော့ ၏။ ထို့နောက် သူတို့မီးဖိုချောင်နားကပ်ပြီး သူတို့စားပြီးသည် အထိစောင့် ရ၏။ နောက်မှ ပြန်ထွက်ကစားရသည်။
နောက်ဖေး မီးဖိုချောင်တွင် သူတစ်ပါးစားသောက် စကားပြောနေတုန်း ကိုယ်က ချောင်းနားထောင် သည်မှာ လည်း အရသာတစ်ပါး။ ထမင်းစားတုန်း သောက်တုန်း၊ မိသားစုစကားစမြည်ပြောကြ သည်မှာ ကြည်နူးစရာ၊ ကျွန်တော့် သူငယ်ချင်း "ရောဘတ်"သည် သူ့အဖေနားတွင် ကပ်ထိုင်ပြီး စားနေသည် ကို ပြတင်းပေါက်မှ ချောင်းကြည့်၍ မြင်နေရသည်။ ထို့နောက် သူ့ဖခင်သည် ထိုင်နေရာမှထ၊ သွားကြားထိုးတံ တစ်ခုယူ၊ သတင်းစာဆွဲ၊ ဆေးပြင်းလိပ် မီးညှိပြီး လမ်းလျှောက်သွားသည်မှာ ကမ္ဘာ ကြီးတစ်ခုလုံးကို သူပိုင်စိုးနေ သည့်နှယ်။

ထို့နောက် နောက်ဖေးခန်းသို့ ပြန်လာပြန်သည်။ တစ်ကိုယ်တည်း ပြုံးပြီး ဆေးပြင်းလိပ်ကြီးကို ကြည့် နေသည်။ ထို့နောက် အောက် ကို မျက်လုံးကစားလိုက်သည်။ ကျွန်တော့ကို တွေ့သွားလေပြီ။
"မင်း ဘယ်သူလဲ ကောင်လေး" "ကျွန်တော် မစ္စဂရီဂိုရီရဲ့သား ရစ်ချတ်ပါ"
"အပြင်မှာ ဘာထိုင်လုပ်နေတာလဲကွ" "ရောဘတ် ထမင်းစားအပြီးကို စောင့်နေတာပါ"
"ဒါဆိုလည်း ၀င်ခဲ့ရောပေါ့၊ တစ်ခုခုစားပါလားကွ" "ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ကျွန်တော် မဆာသေးလို့ပါ"
"လာပါကွာ၊ အထဲဝင်ပြီး တစ်ခုခုစားပါဦးလား" သူက ကျွန်တော့်ကို ခေါ်ပြီး စားပွဲတွင် ထိုင်ခိုင်းပါသည်။

နောက်တစ်နေ့တွင်လည်း ကျွန်တော့်ကို ခေါ်ကျွေးပြန်သည်။ နောက်တစ်ရက်လည်းခေါ်ပြန်သည်။ ထိုအခါ အမေသင်ပေးထားသော စကားလုံးလေးများကို ကျေးဇူးတင်ရပါတော့သည်။ ဟုတ်ကဲ့ပါ ဆရာ၊ မဟုတ်ပါဘူး ဆရာ၊ ဟုတ်ကဲ့အစ်မကြီး၊ ကျေးဇူးတင်ပါတယ် ဆရာမကြီး။ ထိုစကားလုံးလေးများနှင့် ပင် ကျွန်တော် စားနေရပါတော့သည်။ သူတို့ကလည်း ကျွန်တော်လာနေသည်ကို သဘောကျ နေကြပုံရ ပါသည်။ လူကြီးမှာ ကျွန်တော့်ကို  အတော်သဘောကျနှစ်ခြိုက်နေပါသည်။ ကျွန်တော့်ကို သားအရင်း ပမာပင် ဆက်ဆံပါသည်။ "ရောဘတ်"၏ ညီမလေးဆိုလျှင် ပန်းကန်တွေ မြန်မြန်ထက်ထက်ဆေးပြီး ကျွန်တော်ကို ရေတစ်ခွက် အမြဲခပ်ပေးတတ်၍ သူ့ကိုပင် ၀ိုင်းစနေတတ်ကြသည်။ "မာဂျော်ရီ"တစ် ယောက်တော့ ဘယ်လိုဖြစ်နေသလဲ မသိဘူးဟေ့ ရစ်ချတ် ရှိပြီဆိုရင် ပန်းကန်တွေ ဆေးဆေးပြလိုက် တာအမောသား
ပဉ္စမမြောက်နေ့ တွင် ရောဘတ်အဖေအလုပ်မှ အပြန်ဘတ်စ်ကားပေါ်မှ ဆင်းလာသည်ကို တွေ့ရှိ၍ ဘယ်အချိန် အားလုံးထမင်းစားကြမလဲဟု ကျွန်တော်သွားမေးမိပါသည်။ အဘယ်ကြောင့်ဆိုသော် နေ့တိုင်း သူတို့အိမ် ထမင်း သွားစားတိုင်း ကျွန်တော်သည် ညစ်တီးညစ်ပတ် ဖြစ်လွန်းသဖြင့် ရှက်စရာ ဖြစ်နေ၍ ဖြစ်ပါသည်။ ညစ်ပတ် သမျှ ခေါင်းကအစ ခြေထောက်အဆုံး တစ်ကိုယ်လုံး ညစ်ပတ်လွန်း၍ ဖြစ်ပါသည်။

ဒီနေ့တစ်ရက်တော့ သန့်သန့်ပြန့်ပြန့်သွားချင်ပါသည်။ ထို့ကြောင့်အိမ်သို့ပြေးပြီး ရေချိုးရသည်။ ဖိနပ်တိုက် ရသည်။ တိုက်ပြီးသား ဖိနပ်ကို ခေါင်မိုးပေါ်သွားလှမ်းရသည်။ ဒါမှပင် ဖိနပ်ဆေးနဲ့ စူးစူးဝါးဝါး မထွက် ဘဲနေမည်။ ခြေအိတ်တွေ လျှော်သည်။ အင်္ကျီ မီးပူတိုက်သည်။ လူဖြူအိမ်များမှ အမေတောင်း လာ ခဲ့သော ဘောင်းဘီကိုဝတ်သည်။ ထိုဘောင်းဘီမှာ ကျွန်တော်၏ အကောင်းဆုံး ဘောင်းဘီဖြစ်ပါ သည်။ တစ်ခါမှ ပင် ချမ၀တ်ဘူးသေးပါ။ သူတို့ဘောင်းဘီတွေလောက်တော့ မကောင်းလှဘူးပေါ့။ သို့ သော် ဒီလောက်နှင့်ပင် ကျေနပ်လှပါပြီ။ သူတို့ကဲ့သို့ပင် သန့်သန့်ရှင်းရှင်းနှင့် ထမင်းစားပွဲတွင် ထိုင်လို ပါသည်။

သူတို့အိမ် ကို လျှောက်သွားကြသောအခါ အိမ်အပြင်တွင် မည်သူမျှ မရှိ၍ အိမ်ရှေ့တံခါးကို လှမ်းခေါက် လိုက်ရပါသည်။ "ရောဘတ် အထဲမှာရှိပါသလား မစ္စစ်ဘရောင်း"
"အေးရှိတယ်၊ ထမင်းစားနေတယ်" "သူ ထမင်းစားနေတယ် ဟုတ်လား"
"မကြာခင် သူစားပြီးသွားမှာပါ၊ နောက်ဖေးပေါက်က စောင့်နေလေ" ထို့နောက် အဘိုးကြီးအသံ ကြားလိုက်ရသည်။ "အပြင်မှာ ဘယ်သူလဲကွ" "ဟို ပရီဂိုရီဆိုတဲ့ ကောင်လေး လာနေပြန်ပြီလေ"
"ရစ်ချတ်ရေ...သူ့ကို အထဲဝင်ခိုင်းပြီး နည်းနည်းပါး ကျွေးလိုက်စမ်းပါဦးကွာ"

ထိုညစာ စားပွဲဝိုင်းမှာ ပျော်ရွှင်စရာ မကောင်းလှတော့ပါ။ ရောဘတ်အမေ သည် သူ့အဖေနှင့် တတွတ်တွတ် ငြင်းခုံနေကြပါသည်။ ညစာစားပြီးကြသောအခါ ကျွန်တော်က ပန်းကန် ကူဆေးပေး လိုက်သည်။ ကံ မကောင်းချင်တော့ ပန်းကန်တစ်လုံး ကျကွဲသွားရသည်။ ထိုအခိုက် "မစ္စစ်ဘရောင်း" ကျွန်တော့်ကို ကြည့် လိုက်ပုံသည် ထိုနေရာတွင်ပင် ကျွန်တော်နေဖို့မကောင်းတော့ပါ။ ရူးချင်သလိုပင် ဖြစ်သွားပါသည်။ မနက်ဖြန်ကျ လျှင် ပန်းကန်ပြားတစ်ချပ် မဟုတ်ဘူး၊ ပန်းကန်ပြားတစ်စုံလုံ ပြန်အစား လျော်ပေးမည်ကို သူသိပုံ မပေါ်ပါ။ နေ့လယ်စာ စားချိန်လောက်တွင် ကုန်စုံဆိုင်သွားပြီး ပန်းကန်ပြား တစ်စုံလုံး ခိုးယူပြီး မနက်ဖြန် ညစာစားချိန်အမှီ ပြန်လျော်ပေးဖို့ ကြံစည်ထားပါသည်။

နောက်ဖေးတွင် အဘိုးကြီး မြက်ရိတ်စက်ဓားသွားများကို ကူပြီးသွေးပေးနေစဉ်တွင် ကျွန်တော် ကြားလိုက် ရပါသည်။ "ရောဘတ်၊ သည် ဒရီဂိုရီဆိုတဲ့ကောင်လေး ညတိုင်း ငါတို့အိမ် ညစာလာစားနေတာ ငါသိပ်သဘော မကျတော့ ဘူးကွာ။ ဘယ့်နှယ်စားပြီးလို့ ကျေးဇူးတင်ပါလေး တစ်ခွန်းတောင် ပြောဖော်မရဘူး။ သူ့မှာ အဖေနဲ့အမေမှ ရှိသေးရဲ့လား မသိဘူး" ကျွန်တော် ငိုချလိုက်ပါသည်။ နောက်ပြေးထွက်ခဲ့သည်။

ဆက်ရန်
.

2 comments:

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Angelhlaing(May everybody be happy and healthy! said...

ချို့တဲ့ခဲ့တဲ့ ငယ်ဘဝတွေကိုတောင် ပြန်အမှတ်ရမိတယ်မမ..ကျေးဇူးပါလို့..