Tuesday, June 26, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၆)

ဦးဘ မည်သည် ကို ဆိုလိုကြောင်း မောင်ဆေးရိုး သိပါသည်။ ဦးဘ စကားမဆက်နိုင်ဘဲ တိုးလိုး တန်းလန်းဖြစ်နေ စဉ် တွင် သူ့သမီး ရောက်လာသည်။ ကြေးပြားရှစ်ပြား သူ့ဖခင် ကို ပေးသည်။ ကို ဆက်ဖတ်ရန်..............


(၆)

ဦးဘ၏ သမီးအမည်မှာ မည်သူနည်း။ အသံသာယာသောကြောင့် မောင်ဆေးရိုး သိချင်သော်ငြား၊ အမည်ကို သိလိုရေးထက် မပိုပေ။ မြန်မာဘုရင် ရွှေလက်ထက်တော်က မင်းမှုထမ်းများသည် ရွှေနန်းတော်ကြီးက ဘုရင်မင်းမြတ် ကို တုပလျက်၊ မယားများစွာ ယူ၏။ ကျွေးမွေးနိုင်ခြင်း၊ ထောက်ပံ့နိုင်ခြင်းကို အသာထားပြီး၊ မြောင်းခေါင်းကတော်၊ တောခေါင်းကတော် အခေါ်ခံရလျှင် ပင် ကျေနပ်ကြဟန်တူ၏။ သို့သော် မောင်ဆေးရိုး၏ အဖေ ဦးကျန်ကြီးမှာ ထိုခေတ်၏ အငွေ့ အသက်ကို မတွေ့ရပေ။ ဇနီးမယ်ကြွယ်စိုးနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်သည်။ မယားငယ်၊ မယားမြှောင်မရှိ။ မယားငယ် မယားမြှောင် ကို ပေးရန် ကျွေးရန် ဝေးစွ။ ကိုယ်ပင် အနိုင်နိုင်။ သို့ဖြစ်၍ မောင်ဆေးရိုးလည်း ကျီးဒန်ကို လွန်ပြီး အပိုမမွေးမိ။ သို့ရာတွင် မရီး မယ်ငြိမ်းစည် လှော်လှယ်သောကြောင့် ဦးအောင်၊ ဒေါ်ကျေးတို့၏ သမီး အပြုံးသည် အိမ်သို့ လာနေ၏။ ယခုလည်း ကြည့်။ အိမ်မှာ အပြုံးရောက်နေသည်။

"မျှော်လိုက်ရတာ၊ လည်ပင်း ညောင်ရေအိုးဖြစ်တော့မယ်၊ ဘယ်သွားပြီး ခြေစကြာဖြန့်နေတာတုံး"
"ကလေးတွေ ပူဆာ လို့ ကောက်ရစ်တံ သွားဝယ်သာပါဗျ"
မောင်ဆေးရိုး သည် အပြုံးကို တစ်ချက်သာ ကြည့်ပြီး၊ သံချောင်း ရှာသည်။ တွေ့လျှင် အိမ်ရှေ့၌ ထိုင်သည်။ ဦးဘထံ မှ ၀ယ်ယူခဲ့သော ကံ့ကူဆံအပြားပေါ်တွင် မျဉ်းကြောင်းဆွဲသည်။ မျဉ်းကြောင်း ပေါ်တွင် သံချောင်းကို ထပ်ကာ ထပ်ကာ ဆွဲသည်။ မျဉ်းကြောင်းရာ နက်လာသောအခါ ဆွဲဖဲ့လိုက် သည်။
"ထမင်းစားတော့မလား၊ မောင်ကြီး"
အပြုံး ဖြစ်သည်။ ပန်းရနံ့ သင်းသင်းကလေး ရသည်။ ပန်းနံ့တွင် သနပ်ခါးလည်း ပါသောကြောင့် အပြုံးသည် သနပ်ခါးရေကျဲ လူးလာရုံ မက ပန်းမန်ပါ ပန်ဆင်လာသည်ဟု ခန့်မှန်းရ၏။ သို့ရာတွင် မောင်ဆေးရိုး မကြည့်ဖြစ်။ အပြုံး ထက် အရေးကြီးသောအရာမှာ ကံ့ကူဆံအပြားကြီးမှ ကံ့ကူဆံ အချောင်း ဖြစ်ရေး ဖြစ်၏။

"ဟင် မောင်ကြီး၊ ထမင်းမဆာသေးဘူးလား"
"မေးနေတယ်လေ မောင်လေးရဲ့"
အပြုံး ကို အရေးတယူမလုပ်သောကြောင့် မယ်ငြိမ်းစည် ၀င်လာ၏။ မောင်ဆေးရိုးနှင့် ကပ်ထိုင်ကာ ငုံ့ကြည့်၏။
"လက်စသတ်တော့ သားတော်မောင်တွေ အတွက် လုပ်နေတာပါတကား။ ဖြစ်ပါတယ်ကွယ်။ မရီး လုပ်ထားလိုက် ပါမယ်။ ထမင်းသာ စားချေပါ"
"မဖြစ်ဘူး ထင်တယ်ဗျ"
ပခုံးချင်း ၀င်ဆောင့်ကာ မောင်ဆေးရိုးကို အဖယ်ခိုင်းငြား၊ မောင်ဆေးရိုး ထမပေးမိ။ သူ့တူ ကိုကျော်က ပွင့်လင်းစေ ကာမူ၊ အငယ်ကောင် ကိုသော် က မပွင့်လင်းပေ။ သူ့အမေ မယ်ငြိမ်းစည် နှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်တွေ ကို ရင်ဝယ်ပိုက်ထားသူ ဖြစ်၏။ သို့ကြောင့် နေရာမှ မထမိ။

"ထမင်းစားဆိုရင် စားပါမယ်။ ဒါပေမဲ့ "ကောက်ရစ်တံ" ကိုတော့ မရီး လုပ်လို့မဖြစ်ဘူး ထင်တယ်"
"ဘာကြောင့်လဲမဖြစ်ရမှာတုံး"
"ကိုကျော် က မကြိုက်ဘူးထင်တယ်နော် မရီး"
မယ်ငြိမ်းစည် သည် သားနှစ်ယောက်နှင့် မည်မျှအထိ လက်ပွန်းတတီး ရှိသနည်း။ "ယခု ကိုကျော်က မကြိုက်ဘူး ထင်တယ်နော်" ပြောကာမျှဖြင့် မယ်ငြိမ်းစည် သည် သက်ပြင်းချ၏။
မောင်ဆေးရိုး သည် များစွာ အသက်မကြီးသေးငြား၊ ပန်းကောင်းအညွန့်ချိုးစိတ် မမွေးလို။ သူ့မရီး၏ မကောင်းသော စိတ် အပြုံးတွေ မကျရောက်စေရန် အိမ်ပေါ်မှဆင်းသည်။ သူနှင့်အတူ ကံ့ကူဆံပြား များနှင့် သံချောင်း ပါ ပါလာသည်။ "မောင်လေး ထမင်းခူးထားတယ်လေ" "သည်နားတွင် ခဏလေးပါ"

ထမင်းပွဲဘေးတွင် အပြုံးရှိနေသောကြောင့် မောင်ဆေးရိုးသည် အိမ်ပေါ်မှ လျင်မြန်စွာ ဆင်း၏။ ကိုကျော်တို့ ကိုသော် တို့၏ ကျောင်းသို့ အသော့နှင်ခဲ့သည်။
ကျောင်းတွင် ကိုကျော်ရော ကိုသော်ပါ မရှိ။ ဆွမ်းခံထွက်နေကြဆဲ ရှိသေး၏။ မောင်ဆေးရိုးသည် ယင်းမာပင် တစ်ပင်အောက် တွင် ၀င်ထိုင်သည်။ ဘိုးသူတော်တစ်ပါးက ချဉ်းကပ်လာပြီး "ငကျော် တို့ ငသော်တို့ရဲ့ ဘထွေး ထင်ရဲ့" ဟု မေးသဖြင့် အကျိုးအကြောင်း ရှင်းပြကာ၊ ကံ့ကူဆံပြားများကို အချောင်းဖြစ်ရေး ကြိုးပမ်းနေသည်။
"မပြေးသော်ကန်ရာ ရှိနိုင်ပါမလား။ ဒွေးနှစ်ဖက် သံဝါညှိစဉ်က တန်ပါဘိရယ်တဲ့ မဘို့မယ်"
မောင်ဆေးရိုး ၏ လက်တန့်သွားကာ အသံလာရာသို့ လှမ်းကြည့်မိ၏။ စိမ်းလန်းစိုပြည်သော သီးပင် စားပင်များဖြင့် အုံ့မှိုင်းဝေစည်နေသော ကျောင်းဝန်း ကို ခြောက်သွေ့သော ယာများက ၀န်းရံထား၏။

"ဒွေးနှစ်ဖက် သံဝါညှိစသ်က တန်ပါဘိရယ်တဲ့ မဘို့မယ်။ မဘို့မယ် သူ့အကြောင်း၊ မဘို့မယ် သူ့အကြောင်း"
ယာ ထွန်းရင်း ဟစ်သည်ဖြစ်စေ၊ စည်းရိုးကာရင်း ဟစ်သည်ဖြစ်စေ၊ မောင်ဆေးရိုး၏ နားထဲတွင်မူ များစွာ အသက်ဝင်သော တေးသံ ဖြစ်၏။
"သည်တေးချင်းသံကို ဒကာကြီးကာ သဘောကျသလား"
ကပ္ပိယကြီး တစ်ယောက် ဖြစ်သည်။
"သဘောကျသာမဟုတ်ဘူး ကပ္ပိယကြီးရဲ့။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလား၊ နှစ်နှစ်လောက်က လား မသိဘူး။ သည်တေးချင်းသံကို ကြားဖူးသဗျ။ အဲသာကြောင့် အဲသည်လူ ဟုတ် မဟုတ် နားစွင့်သာပါ"
"သည်လူရဲ့အမည် က ကျော်အေးတဲ့ ဒကာကြီးရဲ့။ ကလေးသုံးယောက် ရှိနေတဲ့အတွက် မယားကို မပစ်နိုင်ပေမဲ့ မယား က ခြံခုန်တာ ၀ါသနာပါသတဲ့ဗျ။

ထိုသူ၏ အမည် ကျော်အေး ဖြစ်သော်ငြား၊ မောင်ဆေးရိုး၏ အသိထဲ၌ ထိုအမည် မရှိပါ။ ယခု အမည်သာသိပြီး ရုပ် ကို မောင်ဆေးရိုး မမြင်ဖူးသော ကျော်အေး အမည်ရှိသူသည် မယ်ငြိမ်းစည် ကဲ့သို့ ကြာဗျာပါများသော မယား ကို ရထားချေသလော။
မမြင်ရသော်လည်း ထိုသူကို မောင်ဆေးရိုး သနားနေ၏။ ထိုသူကို သနားသော မောင်ဆေးရိုးသည် အစ်ကိုရင်း ငထွန်းကား ကို မည်သည့်အတွက် မသနားသနည်း။ အစ်ကို ငထွန်းကားသည် မယ်ငြိမ်းစည်ကို များစွာ မြတ်နိုး ခဲ့၏။ သို့သော် သူ့ဇနီးမှာ မြတ်နိုးခြင်းနှင့် မထိုက်တန်ဟု သိသော အခါ ငထွန်းကား လျစ်လျူရှုခဲ့သည်။
မောင်ဆေးရိုး အာရုံစိုက်နေဆဲ၌ တေးသံပျောက်လွင့်သွား၏။

"ဘထွေးက ကျောင်းကို လိုက်လာတာကိုးဗျ"
ကိုကျော် ဖြစ်သည်။
"ကိုကျော် ဆွမ်းခံပြန်လာပြီကိုး။ ကိုသော်ကော"
ငသော် တို့အဖွဲ့က နောက်ကျတတ်တယ် ဘထွေးရဲ့"

ငသော် အရောက်နောက်ကျမည်ဆိုသောအခါ မယ်ငြိမ်းစည်နှင့်စပ်လျဉ်းသော စကားများ ကြားရလို ကြားရငြား မောင်ဆေးရိုး ကြိုးစား၏။
"ဟောသည်မှာ ကိုကျော့်အိတ် ခြောက်သွားပါပြီ။ ရွာလည်ဝတ် ဇရပ်နားက ဦးဘ အိမ်က ကံကူဆံအပြားတွေ ၀ယ် လာပြီး သံချောင်းနဲ့ အရာပေးနေတုန်းမှာ ကိုကျော့်အမေက အပြုံး ဆိုသဲ့ကောင်မလေး ကို ခေါ်လာပြီးတော့"
အမေက အဲသည်လိုပဲဗျ၊ မိန်းကလေးတွေနဲ့ ရှုပ်ရင်ရှုပ်ရ"
သို့သော  ကိုကျော်ထံမှ ထိုမျှသာ ကိုဆေးရိုး ကြားရ၏။ သူသည်ကျောင်းပရိဝုဏ် အစပ်သို့ လှမ်းကြည့်သော နေရာ ၌ ဆွမ်းခံပြန်ကျောင်းသား တစ်သိုက်ကို မြင်ရသည်။ထိုအထဲ၌ ကိုသော်ပါနေသည်။ ငသော် သည် ငသော့်အောက်  ၂ နှစ်ငယ်သောငြား၊ မျက်စိလျင်၏။ သပိတ်ထဲမှ ဆွမ်းတွေကို ဆွမ်းဇရပ်သို့ သွားရောက် မပို့ဘဲ ရောက်လာ၏။

"အိမ်မှာ အဆင်မပြေဘူလား ဘထွေး"
"အပြုံးဆိုသဲ့ကောင်မလေး ရောက်နေသာနဲ့ ကိုသော်တို့ဆီ ထွက်လာသာ။ အဲသာမှပဲ လုပ်စရာ ရှိသာ ပြီးတော့သယ်" "အဲသည် မပြုံးက လင်တရူးဗျ" "ဟေ ဟုတ်လား"
"အဖေတောင် ပရောပရည် လုပ်တာဗျ။ အမေကလည်း အဲအဲ ဆွမ်းတွေပါလာတာ ကိုရင်ကြီးသိရင် အရိုက်ခံ ရတော့မှာပဲ"
ငသော်၏ စကားထဲမှ မောင်ဆေးရိုး အမြတ်ရလိုက်၏။ ငသော်သည် သူ့အမေအကြောင်းကို သတိ လက်လွတ် လျှောက်ပြောပြီးမှ သတိဝင်ကာ အရှိန်သတ်သွားခြင်းဖြစ်ပေသည်။
ထိုအခါ မောင်ဆေးရိုး ကောက်ချက်ချနိုင်ပြီ။ မယ်ငြိမ်းစည် ကဲ့သို့သော မိန်းမစားထံတွင် မိန်းကလေးတွေလည်း စုရုံး တတ်၏။

မယ်ငြိမ်းစည် သည် ၎င်း၏ခင်ပွန်း ငထွန်းကားကို မိန်းကလေးတွေနဲ့ အရောရော အနှောနှောအနေခိုင်း၏။ သူကလည်း ယောက်ျားသနာတွေနှင့် အုတ်အရောရော ကျောက်အရောရောနေသည်။ ရပ်ရွာ၏ အမြင်တွင်၊ လူတွေ၏ အမြင်တွင် မယ်ငြိမ်းစည်၏ အပြုအမူသည် မတင့်တယ်ချေ။ ယောက်ျား နှင့်မိန်းမသည် လူတွေဖြစ် သည်။ ထိုလူတွေတွင် လူစိတ်ချည်းရှိနေပါက အကြောင်းမဟုတ်ပေ။ သို့သော် ယောက်ျားစိတ် မိန်းမ စိတ်ပေါ်လာ လျှင် အကြောင်းတော့ ဟုတ်သည်။ သို့ဖြစ်၍ မယ်ငြိမ်းစည် ထံသို့  လာသော ယောက်ျားနှင့်မိန်းမများသည် ရူပ်ကြ၏။ နေရာမှာ မယ်ငြိမ်းစည်အိမ်ဖြစ်သောကြောင့် မယ်ငြိမ်းစည် ရူပ် သည် ဖြစ်တော့၏။ ထိုအကြောင်းကို ငကျောရော ငသော်ပါ သတိထားပြီး ဖုံးဖိကြငြား သတိအလစ် တွင် ပေါ်တတ်သည်။

"ဟေ့ ကိုသော်။ ငါ ကိုရင်ကြီးကို လျှောက်ပေးပါ့မယ်။ ဟိုဘက်ယာထဲက လူဆီကို လိုက်ပို့စမ်းပါ"
"ဦးကျော်အေးလား ဘထွေး" ကိုသော်သည် ကျောင်းပရိဝုဏ်အပြင်သို့ တောက်ပသော မျက်လုံးကြီးများဖြင့် လှမ်းကြည့်၏။ "နာမည်ကို ဘထွေး မသိပါဘူး သားရယ်။ မပြေးသော် ကန်ရာရှိနိုင်ပါ့မလား ဆိုတဲ့တေးချင်းကို ဆိုဆိုနေ သံကြားရလို့ကွ။ မနှစ်တုန်းက ဘထွေးကြားရသာလည်း သည်တေးချင်းပဲ။ အခုလည်း သည်တေးချင်း ကိုပဲ ကြားရပြန်တော့၊ ဘထွေး သူနဲ့"
မောင်ဆေးရိုးမှာ စကားတစ်ပိုင်းတစ်ပစ်ဖြင့် ရပ်ထားမိ၏။ အကြောင်းသော်ကား သူ့တူ ငသော် အထင်လွဲပြီး၊ တစ်မျိုး လုပ်ပစ်မည် စိုးသည့်အတွက် စကားကို လွှဲလိုက်သည်။
"အဲ ဘထွေး သူနဲ့တွေ့ပြီး အဲသည်တေးချင်း တောင်းချင်လို့ ပါကွာ။ ဆင်ကဲဘို့မယ်ဇာတ်ထင် သာပဲ"
ကိုသော် သည် မောင်ဆေးရိုး မျှော်မှန်းသကဲ့သို့ မထုံပေ။ မထုံကြောင်းကို သူ့စကားက ဖော်ပြနေပေ။

"ဆင်ကဲဘို့မယ်ဇာတ် နဲ့ တိုက်ဆိုင်တာ ရှိသလား မသိဘူး ဘထွေးရေ"
မောင်ဆေးရိုး သည် သူ့စကားနှင့်လျော်ညီစွာ ကိုရင်ကြီးထံ ခွင့်တောင်းသောအခါ ကိုရင်ကြီးက သတိပေး၏။
"ငသော် က ခင်ဗျာ့တူလား ဒကာကြီး"
"မှန်ပါဘုရား၊ သူ့အဖေက တပည့်တော်ရဲ့ အစ်ကိုအရင်းပါဘုရား"
"အင်း အင်း။ သတိထားပြီး ပေါင်းနော"
ဤသို့ဖြင့် မောင်ဆေးရိုး သည် ကိုသော်ကို ခေါ်ပြီး၊ ကိုကျော်အေး၏ယာသို့ လာခဲ့၏။ အမြင်နီးပြီး ခရီးဝေးသော အရာထဲ တွင် ယာလည်း ပါသည်။

"အဲဒါ ဦးကျော်အေးရဲ့ယာပဲ ဘထွေးရ"
ငသော် သည် ရှားစောင်းမြင်းနားပင်များ ၀န်းရံထားသော ယာတစ်ကွက်ကို မေးငေါ့ပြသည်။ ယာအတွင်းရှိ သနပ်ခါးပင်များ၊ ဆီးပင်များထက်၌ ချိုးကူချွဲသံများ စည်ညံနေ၏။
"၀င်ပေါက် ဘယ်နားမှာတုံး သိလား"
"မသိပေမဲ့ ရှာရမှာပေါ့ ဘထွေးရ"
မောင်ဆေးရိုး တို့ တူဝရီးနှစ်ယောက်သည် ယာခရိုးကို တစ်ပတ်နီးပါး ပတ်မိပြီးမှ ၀င်ပေါက်ကို တွေ့ကြရ၏။
"ကျုပ်ဘထွေး က တေးချင်းတောင်းချင်လို့တဲ့ဗျ"
ကိုကျော်အေး သည် အသက်၄၀ခန့် ရှိမည့် လူဗလံတစ်ယောက် ဖြစ်၏။ သူ၏ မျက်လုံးများက ရီဝေနေ၏။

"ဘာတေးချင်းများပါလိမ့်ဗျာ"
"မပြေးသော် ကန်ရာရှိနိုင်ပါမလား။ ဒွေးနှစ်ဖက် သံဝါညှိစဉ်က ဆိုသဲ့ တေးချင်းဟာ တစ်ယောက် ယောက် ကို စောင်း ဆိုသာများလားလို့"
ကိုကျော်အေးသည် ယာအစွန်ရှိ ကျီးအုပ်ကို ငေးမောနေ၏။ ထိုအခါ မောင်ဆေးရိုးက "စိတ်မကောင်း စရာဖြစ်မယ် ဆိုရင် တောင်းပန်ပါတယ်ဗျာ" ဟု မျက်ဖြေ စကားဆို၏။
"ကိစ္စမရှိပါဘူးဗျာ။ မိန်းမတစ်ယောက်ရဲ့ အလှည့်စားခံရတာဗျ။ ငရဲငအုံမကြောက်ဘဲ လင်ရှိမယား ကို ကြိုက် မိတာဗျ"
"ဘယ်ရွာက ဘယ်အရပ်ကတုံးဗျာ"
ကိုကျော်အေး သည် ငသော်ကိုသာ စွေစောင်းကြည့်နေ၏။ နှုတ်မှကား မဖြေကြားပေ။ သို့တစေ အမြွက်မျှ ကား ပြောနိုင်၏။

"လင်ရှိမယားရော ဘာရော မရှောင်နိုင်ရတဲ့ ကျုပ်အဖြစ်ကို မကြုံဖူးတဲ့လူတွေ နားမလည်ပေမဲ့၊ ကြုံဖူးတဲ့လူတွေ နား လည်တယ်။ ကိုယ်ချင်းစာတတ်ကြတယ်။ မိန်းမက မျက်လုံးရော ပါးစပ်ပါ လှတာဗျ။ ကြုံဖူးတဲ့လူတိုင်း သိတယ်ဗျ။ ကဲ" ကိုကျော်အေးက ခေါင်းညိတ်ဝန်ခံရသည်ကို အားမရသဖြင့် နှုတ်မှပါ အကူအညီပေး၏။
"လင်ရှိမယားပါကလား လို့ သိပါလျက်နဲ့ ရုန်းမထွက်နိုင်ဘူး။ ဒုသနသောအကြောင်းကို သိသိကြီးနဲ့"
"အခု အဲသည်မိန်းမ ဘယ်ရောက်သွားတုံးဗျ" "ဘယ်မှမရောက်ဘူး ရွာထဲမှာပဲ ရှိတယ်"
"သြော် အင်းအင်း။ ဘယ်လိုက ဘယ်လိုဖြစ်ပြီး ခင်ဗျား လွမ်းကျန်ခဲ့ရတာကိုး"
ကိုကျော်အေး သည် ငသော်ကို တစ်ချက်ကြည့်အပြီးတွင် ယာအစပ်ရှိ ရှားပင်ကြီးကို ငေးမော ကြည့်နေ ၏။ လေးတွဲကြေကွဲစွာ ပြော၏။  "အဆီစား အသားမျို တယ်ဆိုတာ ကြောရရုံ အကြံခံရတဲ့ မိန်းကလေးတွေ သုံးတဲ့ စကားပါဗျ" ဟူ၍ လည်း စောဒကတက်ပြန်၏။

"အင်း ဟုတ်မှာပေါ့။ ကျုပ်မှာတော့ သူ့အိမ်ကို မသွားရဲဘူးဗျ။ ယာထဲကို သူရောက်လာမှသာ။ အင်း သူမလာတဲ့ အခါ ရေခပ်လမ်းကို သွားပေမဲ့ မမြင်ချင်ယောင်ဆောင်တယ်။ နှုတ်ဆက်တဲ့အခါ မသိဖူး တဲ့လူ မမြင်ဖူးတဲ့လူ လို ဆက်ဆံ တယ်ဗျာ" "တော်တော်ယုတ်မာတာပဲဗျ" မောင်ဆေးရိုးက အမည်မသိသော ထိုမိန်းမကို "ယုတ်မာသည်" ဟု ဆိုနိုင်စေကာမူ၊ ကိုကျော်အေး ပြောမထွက်ရက်။
"လင်ကြီး ကို သစ္စာဖောက်ရုံမက သူ့ဘာသာသူ အေးအေးဆေးဆေးနေတဲ့ ယောက်ျားတစ်ယောက် ကိုပါ ငရဲ လည်းပေး၊ ဒုက္ခ လည်း ပေးတဲ့ မိန်းမမုဆိုးထင်သဗျာ" "ကျုပ်မှာတော့ တစ်နေ့သော် သူ သတိ လည်လာနိုး၊ တစ်နေ့သော် သူပြန်လာနိုးနဲ့ အရူးကြီး ဖြစ်နေပြီဗျ" မောင်ဆေးရိုး သည် ကိုကျော်အေး ကို ကြင်နာစွာ ကြည့်၏။ တစ်ပြိုင်တည်းမှာပင် ငသော်ကို စိုက်ကြည့်မိ၏။

"ဘထွေး တေးချင်းရရင် သွားကြစို့"
နေရောင်၏ တောက်ပမှုကြောင့် ငသော်မှာ ဘထွေးကို တည့်တည့် မစိုက်ကြည့်နိုင်ဘဲ ဘေးစောင်း ကြည့်ကာ ပြော၏။ ပြောအပြီးတွင် ကိုကျော်အေးကို ခိုးကြည့်၏။ ကိုကျော်အေးမှာ အဝေးမှ မောင်ဆေးရိုး နားထောင်စဉ် က တာနောယက္ခ၏ ပါးစပ်ထဲတွင် ဖောက်ပြားသော ဇနီးနှင့် တွေ့သူဟု ထင်ရ၏။ ယခု အနီးကပ်မေးမြန်းကြည့်သည့်အခါကျမှ သနားစဖွယ် အလွမ်းမင်းသမီး အဖြစ် မြင်ရ၏။
"သာလောက်တောကျ တဲ့ အရပ်မှာတောင် သည်လိုဆန်းပြားတဲ့ မိန်းမမျိုး ရှိသေးတာပဲနော်"
မောင်ဆေးရို သည် ညည်းတွားမိ၏။

ကိုကျော်အေး သည် ငသော်၏ ရှေ့ဖြစ်သောကြောင့် မိဘယ်သူ မဘယ်ဝါဟု မပြောခြင်းပေလော။ မောင်ဆေးရိုးနှင့်အတူ ငသော်ပါမလာလျှင် "မယ်ငြိမ်းစည်" ဟု ပြောမည်လော။
"အင်းလေ။ တောတော မြို့မြို့ ဖောက်ပြန်လို့ရသာပါပဲကလား"
မောင်ဆေးရိုး ဆက်လက်မြည်တမ်းကာ "အေးဗျာ၊ ကြားရသာ စိတ်မကောင်းပါဘူး" ဟု ပြောရင်း ထ၏။
"ဘထွေး တေးချင်းရရင် သွားကြစို့"
ငသော် ဒုတိယအကြိမ် ပြောတွင်ကား မောင်ဆေးရိုး ထရပ်မိပြီ။
"ပြန်ဦးမယ် ကိုကျော်အေးရေ့" ကိုကျော်အေးက သစ်တုံးတစ်တုံးအလား ငြိမ်သက်နေ၏။ ဟုတ်ကဲ့လဲ မပြော။ အင်းလဲ မဆို။ ခေါင်းလဲ မညိတ်။

"လူလေး သွားတော့နော်။ ကျောင်းကို ဘထွေး မလိုက်တော့ဘူး"
ယာထဲမှ ထွက်လာပြီးနောက် ကျောင်းရှေ့အရောက်တွင် ငသော်ကို မောင်ဆေးရိုး ပြောနေစဉ် သူတို့ ကျောဘက် မှ လူတစ်ယောက် ပေါ်လာ၏။ လက်ထဲတွင် ကျီးအာညွန့်တွေ၊ သပြက်ညွန့်တွေ ကိုင်ထား၏။
"ကပ္ပိယကြီးဦးပြား နဲ့ လိုက်သွားမယ် ဘထွေး"
"အေးအေး" ဟု ငသော် ကို ခေါင်းညိတ်ပြရာက "ကပ္ပိယကြီး ညစာအတွက်လား" ဟု လှမ်းမေး သည်။
"မဟုတ်ပါဘူး ဗျာ။ အရုဏ်စာပါ"
ကပ္ပိယကြီးဦးပြား က မောင်ဆေးရိုး၏ အမေးကို ဖြေကြားအပြီး၌ စိတ်ဝင်တစားမေးသည်။

"ကိုရင်ကြီးကပြောတော့ ကျော်အေးဆီကို တေးချင်းတောင်းရအောင် အသွားမှာ ငသော်ကို အဖော်ထည့်လိုက်ရတယ်ဆို"
"ဟုတ်တယ်၊ သာပေမဲ့ တေးချင်း တောင်းတယ်ဆိုတာ အကြောင်းပြချက် ကောင်းရုံပါ ကပ္ပိယကြီး ရာ"
ထိုအခါ ကပ္ပိယကြီးဦးပြားမှာ ပိုမိုစိတ်ဝင်စားလာဟန်ဖြင့် မောင်ဆေးရိုးတို့ တူဝရီးကြားသို့ ချဉ်းကပ်လာ၏။
"နို့ အဓိကက ဘာတုံး"
"ကပ္ပိယကြီးလည်း ကြားမျာပါ။ မပြေးသော် ကန်ရာရှိနိုင်ပါ့မလား၊ ဒွေးနှစ်ဖက်သံဝါညှိစဉ်က အမြဲဆို နေသာဗျ"
"အင်း ကျုပ်တော့ အမှတ်မဲ့ပဲဗျ" "ကျုပ်လည်း အမှတ်တမဲ့ ပါပဲ။ သို့သော်လည်း သူဟာ သည်တေးချင်းကို အပျင်းပြေဆိုသာ မဟုတ်ဘူးဗျ" "ကျုပ်တော့ အဲဒါလောက် မသိဘူးဗျ။ အင်း ပြောပါဦး"

"ဒီရွာကို ကျုပ် မနှစ်တုန်းက ရောက်တုန်းကလည်း အဲသည်လူဟာ အဲသည် ဆင်ကဲဘို့မယ်ငိုချင်း ကို လှိုက်လှိုက် လှဲလှဲ ဆိုနေသာကို ကြားခဲ့ရသဗျ။ အဲသည်တုန်းက မေ့မေ့ပျောက်ပျောက် နေခဲ့ပေမဲ့ အခု ပြန်ကြားရတဲ့ အခါ မနှစ်တုန်းကဟာပါပြန်ပြီး သတိရစရာ ဖြစ်လာရတော့တယ်"
ကပ္ပိယကြီးဦးပြား မှာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း "တယ်လဲသတိကောင်းပါပေသဗျာ" ဟု ချီးမွမ်း၏။
"အဲသည်လူ အဲသည်ငိုချင်း ကို စွဲစွဲမြဲမြဲ ဟစ်နေပုံထောက်ရင် ဇာတ်လမ်းဇာတ်ကွက်ကလေး ရှိတန်ရဲ့လို့"
"အခု တကယ်သွားခဲ့တော့ကော"
ဦးပြားကား ဘုရားကျောင်းကန်တွင် ကပ်နေရစေကာမူ ၀ါသနာကို ဖျောက်နိုင်ဟန်မတူရှာ။
"သနားစရာ လွမ်းစရာပါကလား" ထိုသို့ အစချီလျက် မောင်ဆေးရိုးသည် ကိုကျော်အေး အကြောင်း ကို ဖောက်သည်ချ၏။ ကာယကံရှင် ကိုကျော်အေးက ငသော်၏ ရှေ့မှာမို့ မယ်ငြိမ်းစည်ကို မပြောလိုက်ပါ။ ယခုလည်း မောင်ဆေးရိုးမှာ မိမိ ရိုသေလေးစားရမည့် မရီးဖြစ်သောကြောင့် မယ်ငြိမ်းစည်ဟု ပြောမထွက်ပါ။

"အင်း ကျုပ် အိမ်ထောင်မပြုတာ မှန်နေပါကလား"
"ဗျာ၊ ဦးပြား ဘာပြောတယ်"
မောင်ဆေးရိုးမှာ မမျှော်လင့်သော စကားကို ကြားလိုက်ရသဖြင့် ပျာယာကြီးခတ်သွားလေ၏။
"ဦးပြား ဘာပြောတယ်"
"ကျုပ် အိမ်ထောင်မပြုတာ မှန်တယ်ဗျ"
"သြော် အင်း၊ ခင်ဗျားမှာလဲ ဆွေးစရာနာစရာနဲ့ပဲကိုး၊ အင်း အင်း၊ ခင်ဗျားကလဲ အလွမ်းမင်းသားပဲ လား"
"ကိုယ်နဲ့ တစ်သက်လုံး ပေါင်းသင်းရမယ့် မိန်းမကို စစ်ဆေးတာပေါ့ဗျာ။ ကိုယ်က တစ်သက်လုံး လုပ်ကိုင်ကျွေးရမှာဗျ" "ဒါ မှန်တာပေါ့ဗျာ" ဤသို့ဖြင့် ကပ္ပိယကြီးဦးပြားသည် အနီးရှိသစ်တုံးပေါ်တွင် ထိုင်ပြီး ခါးပိုက်ထဲ၌ ပါသော မီးခတ်ကို ထုတ်ခတ်သည်။ မီးခတ်ကောင်း ရရှိရေးကို အချိန်ရှိသရွေ့ ကြိုးပမ်းနေသူဖြစ်ရာ၊ ထနောင်းခေါက် ဖြင့် ပြုတ်ထားသော လဲမှို့မှာ တစ်ချက်တည်းဖြင့် မီးစွဲလေ၏။

ဦးပြားသည် လဲမှို့တွင် စွဲနေသော မီးကိုပါးစပ်ဖြင့် မှုတ်ပေးသည်။ လဲမှို့တွင်စွဲနေသော မီး ကျယ်ပြန့် လာတော့မှ ဆေးလိပ် ထိပ်တွင် သိပ်၏။ ဦးပြား၏ ဆေးလိပ်မှာ ပြောင်းဖူးဖက်ဆေးလိပ် ဖြစ်သည်။ သူသည် တစ်ဝက်တစ်ပျက်ဖြင့် မီးငြိမ်းသပ်ကာ သစ်ရွက်ပတ်ပြီး ခါးပိုက်ထဲ ထည့်ယူ လာခဲ့ခြင်း ဖြစ်၏။
"ကျုပ်က သည်ရွာသား မဟုတ်ဘူးဗျ" သည်မျှသာ ဦးပြားက ပြောရသေးသည်။ ငသော်က ၀င်ပြောသည်။
"ကျောင်းထိုင်ဘုန်းကြီးရဲ့ အစ်ကို၊ ခါးပြည့်ရွာသားဆို မဟုတ်လား"
ဦးပြားက ခေါင်းညိတ်ပြ၏။

"ဟုတ်တယ်။ ကျုပ်ညီ ဦးအဂ္ဂကသည်ရွာမှာ ကျောင်းထိုင်ဖြစ်စတုန်းက ကျုပ်ကခါးပြည့်ရွာမှာပဲ ရှိသေးတာ။ ကျုပ်ရည်းစားက မခင်သုန်တဲ့။ ဖော့ယမင်းကလေးလား မှတ်ရတယ် ကိုဆေးရိုးရေ့"
မောင်ဆေးရိုးသည် ခါးပြည့်ရွာသား မောင်ပြား မြတ်နိုးသော ဖော့ယမင်းသူဇာ မခင်သုန်ကို စိတ်မျက်စိဖြင့် ကြည့်၏။ "ကျုပ်မှာ အရူးအမူးပဲ ချစ်လိုက်ရတာ တုန်လို့။ ညီအစ်ကိုနှစ်ယောက်တည်း ရှိနေမှာ ညီဘုန်းကြီး အတွက် ဝေစုကိုပါ မခင်သုန် တင်တောင်းရေးအတွက် သတ်မှတ်ထားမိတယ်"
ဦးပြားသည် ထိုအချိန်က ညီအစ်ကိုနှစ်ဦး၏ ပဋိပက္ခကို ပြန်လည် မြင်ယောင်သဖြင့် မျက်နှာညှိုး၏။

"ကျုပ်က မယားမာန်တက်ပြီး ညီဘုန်းကြီးကို ရန်လုပ်နေပေမဲ့ ဘုန်းကြီးကတော့ သူတော်ကောင်း ပီပီ၊ ဒကာကြီး မကောင်းတဲ့ စိတ်တွေ မွေးမနေနဲ့။ ယာတွေရော လယ်တွေရော အိမ်ပါ ဒကာကြီး သဘောပါပဲလို့ ထိုးအပ်သွားသဗျ" "အေးဗျာ။ မပြန်ခင် တစ်ခေါက်တော့ ခင်ဗျားညီ ဘုန်းကြီးကို လာပြီးဖူးဦးမဗျ"
"ကျုပ်ကသာ မခင်သုန်အတွက် ညီအရင်းကိုတောင် ရန်လုပ်နေပေမဲ့ မခင်သုန်ကတော့ ခြေဖ၀ါးလို မကျင့်ဘူးဗျ။ လက်ဖ၀ါးလို မှောက်ချည်လှန်ချည် စောင်းချည် ငဲ့ချည်လုပ်နေသဗျ" "ခင်ဗျားအပြောအရတော့ တော်တော် လှသမှုတ်လား" "လှတာတော့ မပြောနဲ့။ ခါးပြည့်ရွာ တစ်နယ်လုံးမှာ သူ့ကိုမီတဲ့ မိန်းမတစ်ယောက်မှ မရှိဘူးဗျ"
"အဲသည်တော့ ခင်ဗျားဒုက္ခတွေ့ပြီပေါ့" မောင်ဆေးရိုးက ခန့်မှန်းစကားဖြင့် ပြောချလိုက်ရာ၊ ဦးပြားက သူ့ပေါင်ကို ဖြန်းခနဲ မြည်အောင် ပုတ်သည်။

"မှန်လိုက်လေဗျာ။ မခင်သုန်ကို တစ်ကြိမ်မြင်ဖူးရုံနဲ့ မြေတိုင်း စာရေးက ကြိုက်သွားတော့ ကုန်သည် သားပေး ကိုးဗျ။ ရှိသမျှ စည်းစိမ်အကုန်တင်တောင်းပါ့မယ်ဆိုပြီး ကမ်းလှမ်းလာသာကလား"
လခစား အမှုထမ်းထဲက မြေတိုင်းစာရေးသည် အကြီးဆုံး အဖြစ် ကျေးရွာသို့ ရောက်လာ၏။ မခင်သုန်၏ မိဘများသည် မြေတိုင်းစာရေးကို အမြတ်တနိုးဖြင့် လက်ခံကြ၏။ တေသားယာပိုင်ရှင် လယ်ပိုင်ရှင် မောင်ပြား သည် မြေတိုင်းစာရေးနှယ် လူရာမ၀င်။ ကျေးတောသား မောင်ပြားကို ချောင်းထိုးနေကြစဉ် ရာဇ၀တ်အုပ်မင်း ဦးစောဖေ နယ်လှည့်အလာ တွင် ယမင်းသူဇာ မခင်သုန်ကို မြင်တွေ့သွားလေ၏။
"ကျုပ်တွေ့ဖူးသမျှ မိန်းမတွေကို ဘွာခတ်ပါတယ်"

ရာဇ၀တ်အုပ်ဦးစောဖေသည် မြေတိုင်းစာရေး မောင်အေးကျော်ကို များစွာ ကျော်တက်သွားလေ၏။ သူတို့ အာရုံ တွင် ယာပိုင်ရှင် မြေပိုင်ရှင်ကလေး မောင်ပြားသည်။ ရေးရေးမျှသာ ရှိတော့သည်။
သို့သော် မခင်သုန်၏ ကံကြမ္မာက ရှိသေးသည်။ မခင်သုန်သည် ရာဇ၀တ်အုပ်မင်း၏ ဇနီးဖြစ်ရန် ကံဇာတာ ပါဟန် မတူပေ။ မခင်သုန်၏ မိဘများက ရာဇ၀တ်အုပ်ကို အမြင့်ဆုံး အမြတ်ဆုံး ပုဂ္ဂိုလ် ကြီးအဖြစ် သတ်မှတ်ကာ မျက်စိမဖွင့်ဘဲ ရှိကြစဉ်တွင် မြို့ပိုင်မင်း ဦးခင်မောင်ဝင်းသည် ခါးပြည့်ရွာ သို့ ရောက်ရှိလာခဲ့လေ၏။
မြို့ပိုင်မင်းသည်လည်း မြို့စုံနယ်စုံသို့ လူပျိုလူလွတ်မြို့ပိုင်မင်းအဖြစ် လှည့်လည်နိုင်ခဲ့ငြား ခါးပြည့် ရွာအရောက် တွင် လူပျိုဘ၀ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်လေ၏။ ဤတွင် မကျေမနပ် ဖြစ်သူတွေ တစ်သီကြီး ရှိသည်။

ပထမ မောင်ပြားကြီး။ "ရိုးသား အေးဆေးသည်" ခြေခြေမြစ်မြစ် ယာပိုင်လယ်ပိုင် ရှိသည်။ သို့သော် ကိုမောင်ပြားကြီးသည် မြေတိုင်းစာရေး မောင်အေးကျော်နှယ် ခေတ်မမီ။ လူရည်မလည်။ သို့သော် ထိုမြေတိုင်း စာရေး မောင်အေးကျော် ထက် ရာဇ၀တ်အုပ်ဦးစောဖေက သာလွန်သည်။
ဤသို့ဖြင့် မခင်သုန်၏ မိဘများသည် သားမက်လောင်းများကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခဲ့ရာတွင် ကာယကံရှင် မခင်သုန်သည် မည်သည့်နေရာမှ ပါဝင်ခဲ့သနည်း။ ငယ်ကအချစ် အနှစ်တစ်သောင်း မမေ့ကောင်းဟု ကိုပြားကြီးကိုသာ နက်နက်နဲနဲချစ်ပြီး ဖက်တွယ်ထားသလော။ မဟုတ်ပါ။ မခင်သုန်၌ အချစ် မရှိပါ။ သူသည် မောင်ပြားကို ရှိသမျှမြေတွေရအောင် ညီအစ်ကိုချင်း ရန်အဖြစ်ခိုင်းပြီး ယူရန် ကြိုး စားစဉ် မြေတိုင်းစာရေး မောင်အေးကျော် ပေါ်ပေါက်သည်။ မောင်အေးကျော်က ခေတ်ပညာတတ်ရုံမက ငွေကြေးပါ ရှိပြန်သော အခါ မခင်သုန်သည် မောင်ကျော်အေးထံ ရောက်သွားပြန်သည်။ ထိုမှတစ်ဆင့် ရာဇ၀တ်အုတ် ဦးစောဖေ။ ထို့နောက် မြို့ပိုင်မင်း။

ကိုပြားသည် အခြေအနေကို လေ့လာ သုံးသပ်နေသည်။ သို့သော် မြေတိုင်းစာရေး မောင်အေးကျော်က မခင်သုန်၏ မိဘ ဦးသူတော် ဒေါ်အေးမြတို့ကို ဦးစွာ စကားပြောသည်။
"ခင်ဗျားတို့ဟာ သစ္စာမရှိဘူး" "သစ္စာဆိုထားတာ မဟုတ်တဲ့အတွက် သစ္စာစကား မပြောပါနဲ့ မောင်အေးကျော်။ မိဘ ဆိုတာဟာ ကိုယ့်သားသမီး ကို ကောင်းစားစေချင်တာပါပဲ။ မင်းထက် ဆယ်ဆ၊ ဆယ့်ငါးဆ၊ အဆတစ်ရာ သာသူနဲ့တွေ့ရင် တွေ့သလို ပြောင်းရမှာပဲ မောင်အေးကျော်" ထိုအခါ မောင်အေးကျော်သည် ဦးသူတော် ဒေါ်အေးမြ ကို လက်လွှတ်ခဲ့ပြီး ကာယကံရှင် မခင်သုန် ထံ လာသည်။
"ဘယ်လိုလဲ မခင်သုန်" မခင်သုန်၌ အချစ်မရှိ။ အချစ်တရားသည် မခင်သုန်၏ နှလုံးအိမ်၌ ဆုံးပါး ကွယ်လွန်ခဲ့ပြီးပြီ။

"ဘာကိုပြောတာတုံး ကိုအေးကျော်။ မိဘစီမံတာကို သားသမီးတိုင်းက လိုက်နာရမှာပဲ"
"မခင်သုန်ကို ချစ်တဲ့ အေးကျော်ဆိုတဲ့ကောင် ရင်ကွဲပက်လက် ဖြစ်ကျန်တာကို ထည့်မစဉ်းစား တော့ဘူးလား"
"စိတ်မကောင်းပါဘူး ကိုအေးကျော်။ မခင်သုန်အစား တခြားမိန်းမတစ်ယောက်ကို ပြောင်းပြီး ချစ်ပါနော်"
ခံစားမှု ကင်းမဲ့စွာဖြင့် တုံ့ပြန်လာသော မခင်သုန်ကို မောင်အေးကျော် နာကြည်းစွာ ကြည့်သည်။
"ရက်စက်လှချည်လား မခင်သုန်" "ရှင့်ထက်စောတဲ့ အချစ်ဦး ကိုပြား ကတော့ သည်လိုမပြောပါကလား"
ထိုစကား သည် များစွာ ထိခိုက်၏။

"မခင်သုန် မင်းက ရက်စက်တော့ ငါကလည်း"
မောင်အေးကျော် သည် ခလုတ်ပါသော မောင်းချဓားကို ရှပ်အင်္ကျီထဲမှ ထုတ်သည်။ ခလုတ် ကို နှိပ်လိုက်သော အခါ ဖွေးဖွေး လက်နေသော ဓားသွားသည် ဖျောင်းခနဲ ထွက်လာသည်။
"လာကြပါဦး။ ဟောသည်မှာ ဓားကြီးနဲ့"
မောင်အေးကျော် သည် မခင်သုန်ကို ဓားဖြင့်ထိုးပြီး သူလည်း သူ့ကိုယ့်ကို အဆုံးစီရင်ရန် ကြံစည် သော်ငြား မခင်သုန် ၏ ပါးနပ်လျင်မြန်မှုကြောင့် မအောင်မြင်ပေ။ မခင်သုန်က အော်ဟစ်ပြီး အခန်း ထဲဝင်ပြေးသည်။ အိမ်နီးချင်း များ သူရင်းငှားများ ပြေးလာချိန်၌ မောင်အေးကျော်မှာ ကိုယ့်ဓားဖြင့် ကိုယ် အဆုံးစီရင်သည်။

မည်သည့်နေရာကိုထိုး မှ တစ်ချက်တည်းဖြင့် အသက်ပျောက်ကြောင်း မောင်အေးကျော် မသိပါ။ ထို့ကြောင့် သေကြောင်းကြံစည်မှုဖြင့် တရားစွဲခံရသည်။ ထိုခေတ် ထိုအချိန်က အညှီအဟောက်ဖြင့် ပရိသတ်မွေးသော သတင်းစာများ၏ ကောင်းမှုကြောင့် မခင်သုန်လည်း မိန်းမရွှင်တစ်ပိုင်း ဖြစ်သွား ပြီ။
ထိုမျှသာ မကသေး။ ရာဇ၀တ်အုပ်၏ မယားက ထဘီစွန်တောင်ဆွဲပြီး လိုက်လာသည်။ မြို့အုပ်မင်း ကား အိမ်ထောင်မရှိသော်ငြား မိဘနှင့် ဆွေမျိုးများအုံ ဖွဲ့ပြီး ဆင်းလာကြ၏။ ထိုအခါ မခင်သုန် အတွက် ကိုပြားသာလျှင် လက်ဦးနှင့် နောက်ဆုံးလူအဖြစ် ကျန်တော့သည်။
ကိုပြား စဉ်းစားရပြီ။

"ယူမယ့်လူ မရှိတော့မှ ငါ့ဘက်လှည့်လာတဲ့ သည်မိန်းမဟာ ရိုးမြေပြာကျပေါင်းရမယ့်မိန်းမ ဟုတ်ရဲ့ လား"
ကတိသစ္စာဟူသည်ကို မခင်သုန်တို့က စတင်ပြီး တန်ဖိုးမဲ့ ပြုမှုသောအခါ ကိုပြားကလည်း ကတိ တည်င်္ရန် မလိုတော့ပေ။ သူသည် မခင်သုန်သာမက မိန်မတိုင်းသည် သာရာနားမျးဖြစ်သည်ဟု သတ်မှတ်လိုက်သည်။ ညီဘုန်းကြီးနှင့် သွားရောက်တိုင်ပင်ဦးမည်ဆိုကာ ရွာမှ ထွက်လာရာ ပြန်မရောက်တော့ချေ။

"အဲသည်ကတည်းက အိမ်ထောင်ရေးကို မစဉ်းစားတာ၊ အခုအထိပါပဲဗျာ"
ထိုအပြောဖြင့် ကပ္ပိယကြီးဦးပြားသည် သူအိမ်ထောင်မပြုခြင်း၏ အကြောင်းကို နိဂုံးချုပ်၏။
"ဒါလည်း ဟုတ်သာပဲ။ သို့ပေမဲ့ ခင်ဗျားလိုသာဆိုရင် တစ်လောကလုံးမှာ လူပျိုကြီး အပျိုကြီးတွေ ချည်း ဖြစ်ကုန်တော့ မှာပေါ့"
သို့သော် ဦးပြားသည် မောင်ဆေးရိုးကို ရှင်းပြမနေတော့ဘဲ ကိုသော်ကိုလက်ဆွဲလျက် ကျောင်းဘက်သို့ ထွက် သွားပြီတည်း။

ဆက်ရန်
.

No comments: