Monday, June 25, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၅)

"ပြန်ကြရအောင်။ လ ရှိတုန်း ပြန်ကြရအောင်" "အမေကလဲ" "ဘာအမေ ကလဲ။ နင်တို့ ဘိုင်စကုတ်က ကြီးလာလိုက်၊ သေးသွား လိုက်၊ ပျောက်သွား လိုက်၊ ပေါ်လာလိုက် နဲ့ ဘာအသုံးကျ သတုံး ကိုဆေးရိုး ထ လှည်းတပ်" အိမ်ပြန်မည့် ကိစ္စကို ကန့်ကွက်သူ မှာ ချောစိန်တစ်ယောက်သာ ရှိ၏။
မောင်ဆေးရိုး မှာ ဘိုင်စကုတ် ကို ဇနီးနှင့် ကလေးများ ကြည့်ဖူးစေရန်နေခြင်း ဖြစ်၏။ ယခုသော် ကား ဘညိန်းလည်း အိပ်ပြီ။ အဓိကထားသော မကျီးဒန် က မကြည့်တတ်ဟု ဆို၏။ ချောစိန် လည်း ကြည့်ဖူးချေပြီ။  ကို ဆက်ဖတ်ရန်......

(၅)

ဘုရားကြီးကုန်း ပွဲတော်ပြန်လက်ဆောင်ကား ထွန်သွား ဆယ်ချောင်းနှင့် ဆေးရွက်ကြီး ၅ပိဿာ၊ ပြောင်းဖူးဖက် တစ်ထုပ်၊ တဘက် တစ်ထည်သာ ဖြစ်၏။ သည်မျှသာ ၀ယ်လာရကောင်းလားဟု မယ်ကြွယ်စိုး အပြစ် မတင်ပေ။ သူ့ ချွေးမ အသုံးအစွဲ စေ့စပ်လှသည်ဟု ချီးမွမ်း၍ မဆုံးတော့ပေ။
"သနပ်ဖက်နဲ့ က ဇယားမမိဘူး အရီးရ"
ဆေးစပ် တစ်မျိုးတည်းဖြစ်စေကာမူ သနပ်ဖက်ဖြင့် လိပ်သော ဆေးလိပ်နှင့် ပြောင်းဖူးဖက်ဖြင့် လိပ်သော ဆေးလိပ် တို့ အရသာမတူပေ။
မကျီးဒန် ၏ မိဘများဖြစ်ကြသော ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ နှစ်ယောက်လုံး  ဆေးလိပ်သောက်ကြ သည်။ သို့ဖြစ်သဖြင့် မကျီးဒန် မှာ ဆေးလိပ်သောက်သော မောင်ဆေးရိုးနှင့် အိမ်ထောင်ကျရာတွင် အခက်အခဲ အနည်းငယ် သာ တွေ့ရ၏။ ယင်းမှာ ဆေးချေးစော်နံခြင်း ဖြစ်၏။

အိမ်ရှေ့တွင် သနပ်ပင် ရှိသည်။ ဦးကြွက်နီသည် သနပ်ရွက် ချည်ရည်ဟင်းကြိုက်သောကြောင့် သနပ်ပင် စိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် သနပ်ပင်မှာ ရွက်နုကို ချဉ်ရည်ဟင်းချက်စား ၍ ရ၏။ သနပ်ရွက်ရင့်လာသောအခါ ခူးပြီး နေလှန်း သည်။ သဲထည့်သော အိုးကင်းဖြင့် လှော်သည်။ ကျောက်ဖိထားပြီး အသားကျချိန် တွင် ဆေးလိပ်ဖက်အဖြစ် သုံးစွဲသည်။
ဈေးထဲက ဖက်သည် ထံသို့ သနပ်ဖက်တွေ ပို့ဖြစ်လာသည်။ အိမ်မှာ မကျီးဒန်တို့ ခူးဆွတ်ထားသော သနပ်ဖက်ထက်ချော ၏။ သို့သော် ဆေးလိပ်လိပ်ပြီး သောက်သောအခါ ညှော်သည်။ မကြိုက်သူက "ညှော်" ပြီး ကြိုက်သူ က "မွှေး" သော၊ သနပ်ဖက် မီးလောင်သောအနံ့ ဖြစ်သည်။

သနပ်ဖက်က ညှော်သော်ငြား ပြောင်းဖူးဖက်မူ မညှော်ပေ။ ဆေးလိပ်မီးခိုးငွေ့ကပင်လျှင် ချဉ်မွှေး သည်။ ဖက်ကြမ်း ကို အစီခံလုပ်ပြီး ဖက်ချောဖြင့် ဆေးလိပ်လိပ်သည်။ အမေ့အတွက် ဧရာမ ဆေးလိပ်ကြီး လိပ်ရ၍ အဖေ့ အတွက် အသေးလိပ်ပေးရသည်။
အမေ့ အတွက် လိပ်ပေးရသော ဆေးလိပ်မှာ အဖေသောက်သော ဆေးလိပ်ထက် သုံးဆတုတ် သည်။ ဖက်တွေ ကို ဆက်ပြီး လိပ်ရသည်။ ဤသို့လျှင် ပြောင်းဖူးဖက်ဆေးလိပ်တွင် ကျွမ်းကျင်သော မကျီးဒန်ကို ယောက္ခမက ချီးမွမ်း သည်။ "ကျီးဒန်တို့က စေ့တယ်" စေ့သည်ဆိုခြင်းမှာ အလေအလွင့်မရှိအောင် စေ့စေ့စပ်စပ် စီမံခန့်ခွဲ တတ်သည် ဟု ဆိုလိုရင်း ဖြစ်၏။ ထိုသို့ ယောက္ခမက ချီးမွမ်းသောအခါ မကျီးဒန်တို့ မျက်စိမဖွင့်တော့ပြီ။ ကလေးနှစ်ယောက်နှင့် မောင်ဆေးရိုး မှာ လှိမ့်ပြီး ခံကြရပေသည်။

"ကိုဆေးရိုးရေ။ ထရေးမ၀င်ခင် ဥနှဲရိုးလေး လေးငါးပြည်စာပဲ ရရ၊ တစ်တင်းစာပဲရရ ခုတ်ပေးခဲ့ပါ ဦး"
ဆေးလိပ်ထဲ တွင် ဆေးရွက်ကြီးပါသော်ငြား ဆေးပေါ့လိပ်သမားများက ဆေးရွက်ကြီးချည်း မသောက်နိုင်ကြပေ။ ဟင်းထဲ တွင် ငရုတ်သီး ၏ အစပ်နှင့် ငါးပိ၏ အငန်ကို ဖြေရန်အတို့ထည့်မြှုပ် ရ၏။ ထိုနည်းတူ ပင် ဆေးလိပ်၌ လည်း ဆေးရွက်ကြီး၏ ပြင်းသောအနံ့ ကို ပြင်းသောအရသာကို ဆေးရိုးဖြင့် ခုပေးရသည်။ ဆေးပင်၏ အရိုးကို ခုတ်ပိုင်းသော အခါ ဆေးရိုး ဖြစ်လာသည်။ ယင်းကို ထင်ရှားစေရန် "ဆေးရိုးစစ်" ဟုခေါ်ကြ၏။
ဆေးလိပ်သမား များသည် ဆေးရွက်ကြီးနှင့် ရောယှက်တွဲဖက်ရန်အတွက် ဆေးရိုးကို အလိုရှိငြား ဆေးရိုးစစ်ကို မတတ်နိုင်ကြပေ။ ထိုအခါ ဆေးရိုးစစ်နှင့် အသွင်ဆင်တူသော ကနခိုပင်၏ အရိုးကို စဉ်းသည်။ "စိန်ခိုရိုး" ဟု ခေါ်ကြ၏။ မကောင်းသော် လည်း ရသေ့စိတ်ဖြေ သောက်ကြ၏။

"ထခိုင်ရိုး" ထန်းနို့၏ အရိုး၊ ထန်းသီးခိုင်၏ အရိုးကို စဉ်းသောဆေးရိုးမှာ "ထန်းခိုင်ရိုး" ဖြစ်၏။ ဆေးရိုးစစ်ကို မမီစေကာ မူ ဖွာ၍ရသည်။ သဖန်းပင်၏ အကိုင်းအခက်များကို စဉ်းထားသော သဖန်းဆေးရိုးကို လည်း ရသေ့ စိတ်ဖြေသောက်ကြငြား၊ ဥနှဲရိုးကို ကား မမီပေ။ ဥနှဲရိုးကား ဆေးရိုးစစ်နှင့် ပခုံးချင်း ယှဉ်နိုင်၏။ သို့ဖြစ်သောကြောင့် မောင်ဆေးရိုး မှာ ကိုယ့်ဒုက္ခကို ကိုယ်ရှာသောအားဖြင့် ဥနှဲပင် ရှာရ ၏။ ဥနှဲပင်မှာ အရွက် စိတ်သည်။ အရွက်က တစ်ဖက်ကြမ်း တစ်ဖက်ချော ဖြစ်သည်။ အရွယ်စိတ် သည့်အတွက် အ၀င်ရအထွက်ရ ခ်သည်။ ဥနှဲရိုး အတွက် ခုတ်သူက များပြီး ဥနှဲပင်က အဖြစ်နှေး သဖြင့် ဥနှဲပင်ရှာသူများ များစွာ အခက်တွေ့ကြရ၏။

ယနေ့လည်း မောင်ဆေးရိုးမှာ ဓားတစ်ချောင်း ခါးထိုးပြီး ပုဆိုးဟောင်းတစ်ထည် စလွယ်သိုင်းပြီး ဥနှဲပင် အရှာ ထွက်ရ၏။ သစ်ပင်စိမ်းစိမ်းမို့မို့မြင်လျှင် မောင်ဆေးရိုး ပြေးသည်။ ဥနှဲပင်ရှာသည်။ ခုတ်လောက်သော အကိုင်းရှိသည့် အပင်ကို ရှာမတွေ့ချေ။ လယ်ပြင်တစ်ခွင်လုံး၌ ဆေးရိုး အတွက် ခုတ်လောက်သော ဥနှဲပင် မရှိချေ။ "မရှိလဲ ၀ယ်သုံးတာပေါ့ကွာ" မောင်ဆေးရိုး စိတ်လျှော့ကာ ပြန်လာတော့မှ ဥနှဲတစ်ပင်ကို တွေ့သည်။ အခင်းတစ်ခင်း ၏ ထောင့်တွင် ဖြစ်သည်။ ဥနှဲရိုးသမားတွေ မျက်စိလျှံသွားကြခြင်း ဖြစ်ဖွယ် ရှိသည်။ လေးငါးပြည် ခန့် ထွက်မည့်အကိုင်းတစ်ကိုင်း သည် မြေပေါ်သို့ ထိုးစိုက်လျက် မြက်ဖုံးနွယ်ရစ်နေ၏။

သို့သော် ဆယ်ချက်ခန့်ခုတ်အပြီးတွင် ဆွဲချိုး၍ ရ မရ နှဲ့အကြည့်၌ ပိုင်ရှင်ရောက်လာသည်။
"ပိုင်ရှင်ဆီ ခွင့်မတောင်း ဘာမတောင်းနဲ့၊ ဘာလုပ်တာတုံး" မိန်းမသံ ဖြစ်သည်။ မောင်ဆေးရိုး လှည့်ကြည့်သည်။ ကုတင်ကြီးစုရွာမှ ဖြစ်သည်။ သို့သော် နာမည်ကို မသိ။ "တော်က ရမ်းဘိုကုန်းက မယ်မျှင့်မောင် ကိုဆေးရိုး မဟုတ်လား" အိုးတိုးအန်းတမ်းဖြင့် တန်းလန်းထားပြီး ထွက်လာရ ကောင်းမည်လော။ တောင်းပန်စကားဆိုကာ ဆက်ခုတ် ရမည်လော။ မည်သို့ လုပ်ရမည်မှန်းမသိဖြစ်နေစဉ် ဥနှဲပင်ပိုင်ရှင်က ဖော်ရွေသဖြင့် မောင်ဆေးရိုး အနေရ အထိုင်ရ သက်သာသွားရပေ၏။

"တော်သေးသာပေါ့။ မယ်မျှင့်အသိနဲ့တိုးလို့။ နို့မိုရင် ပါးအရိုက်ခံရမှာ သေချာသဟ"
"သည်လိုလဲ မဟုတ်ပါဘူး" "ဘုရားကြီးကုန်းပွဲတော်က ကိုင်းဆေး ငါးပိဿာဝယ်လာပေမဲ့ ဆေးရိုးစစ်က မရှိဘူးဟ" "ကျုပ်တို့လည်း ရောက်သေးသတော့်" "အဲသာ လယ်ထဲမဆင်းခင် ဥနှဲတုံးကလေး တစ်တုံးလောက် ခုတ်ပေးခဲ့ဦးဆိုသာနဲ့" "မကျီးဒန်က ခိုင်းသာလား" "အေးပေါ့။ နေပါဦး။ ငါ့ကိုရော ငါ့မိန်းမကိုရော သိနေတဲ့ ငါ့နှမ ရဲ့သူငယ်ချင်း နင်က ဘယ်ရွာကတုံး" ဥနှဲပင်ပိုင်ရှင်က ပြုံး၏။

"ကျုပ်က ခုတင်ကြီးစုက အေးသီ ပါ။ မကျီးဒန်နဲ့ မရင်းနှီးပေမဲ့ သိပါတယ်။ တော့်နှမ မယ်မျှင်နဲ့ ကတော့ ရင်းနှီး ပါတယ်။ အခင်းထဲ ၀င်ပြီး အမောဖြေပါဦး။ ပြီးမှ ဆက်ခုတ်သာပေါ့" ဤသို့ဖြင့် မောင်ဆေးရိုးသည် အေးသီတို့ အခင်းထဲရှိတဲ သို့ လိုက်သွား၏။ ရေနွေးကြမ်း သောက်၏။ ရယ်ရယ်မောမော စကားစမြီ ပြော၏။ ထို့နောက် ခုတ်ရ မလွယ်သော ဥနှဲကိုင်း ကို အေးသီတို့ထံမှ သွေးပြီးစ ဓားမကြီးဖြင့် ခုတ်ယူခဲ့၏။ ဥနှဲရိုး လေးငါးပြည်ရမည့် အကိုင်းကြီး ရခဲ့သဖြင့် မောင်ဆေးရိုး ကျေနပ်မဆုံး၊ ၀မ်းသာမဆုံး။ "ကျီးဒန်ရေ လက်လျှော့ပြီး ပြန်လာတော့မှ ရလာသာဟ" မောင်ဆေးရိုးသည် ဥနှဲတုံးရလာပုံကို မကျီးဒန်သို့ ပြောပြ၏။
"စိုတုန်းစဉ်းရင် လူရော ဓားရော သက်သာသတဲ့" ဤသို့ဖြင့် နေမပူစေရန် ဥနှဲတုံး ကို အဖီထဲ သွင်းကြ၏။ မောင်ဆေးရိုး မှာ ထိုဥနှဲတုံး ကို မည်သို့မှ မဥပါဒ်ငြား ဆယ်ရက်ခန့်အကြာတွင် အဖီဝ၌ ခါးထောက် ရပ်နေသော မကျီးဒန် ကို တွေ့ရ၏။ "ဟဲ့ ဘာလုပ်နေသာတုံး။ ဆာလိုက်သာဟာ ထမင်းခူး"
"ထမင်းခူးထားမယ်။ အဲသည်" ထိုအချက် မှ မကျီးဒန်၏ ရှေ့တွင် သစ်တုံးသစ်တုံး ရောက်နေမှန်း မောင်ဆေးရိုး သတိထားမိ၏။

"အဲသည် ဥနှဲတုံးကို ကုတင်ကြီးစု သွားပို့လိုက်" မောင်ဆေးရိုးသည် မကျီးဒန်ကို သေချာစွာ ကြည့်၏။ ရိုးသားအေးချမ်းသော မကျီးဒန် မဟုတ်။ ဘီလူးသဘက် သရဲမှင်စာ ပူးကပ်နေသော မကျီးဒန်ပါတကား။ မျက်တောင့်နီဖြင့် စားတော့ ၀ါးတော့မည့် အသွင်ပေါ်ပေါက်နေချေသည်။
"နင် ဘာဖြစ်နေ သတုံး ကျီးဒန်" "ကုတင်ကြီးစု က အေးသီဆိုသာ လက်စသတ်တော့ တော့်မယားငယ်ပဲ"
"ဟဲ့ဟဲ့ မတော်သာ မပြောပါနဲ့" မောင်ဆေးရိုးသည် မျက်လုံးမျက်ဆန်ပြူးလျက် မကျီးဒန်၏ ပါးစပ် ကို ပြေးပိတ်၏။ မကျီးဒန်က ကြမ်းတမ်းစွာ ပုတ်ချ၏။ "အဲသည် ဥနှဲတုံးကို အခုသွားပို့မလား၊ မပို့ဘူးလား"
"ဟဲ့ စေတနာနဲ့ ပေးလိုက်သာကို ဘာကိစ္စသွားပို့ရမှာတုံး။ ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘာမတောင်း နဲ့ ၀င်ခုတ်ရာက အသိဖြစ်လာသာ" "အသိမဟုတ်ဘူး မယား ခွိ ခွိ ခွိ" မယားငယ်ကို မကျီးဒန် ပြောလိုသော်ငြား ကိုဆေးရိုးက အပိတ်မြန် သဖြင့် အသံထွက်မလာ။

"မင်း ရိုင်းလှချည်လား ကျီးဒန်။ အဲသည်ကောင်မလေးဟာ ငါ့နှမ မယ်မျှင်နဲ့သာမကဘူး၊ နင်နဲ့ပါ သိသယ်တဲ့"
"သိတယ် သိတယ်။ အဲသာကြောင့် ပြန်ပို့ခိုင်းသာ။ တော်နဲ့ သူနဲ့ နှစ်ယောက်တည်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး အကြည်ဆိုက်နေသာတဲ့။ မျက်မြင် ကို မြက်ပင်မလုပ်နဲ့"
"ကျီးဒန် သူများပြောသာ ယုံမလား၊ ငါပြောသာ ယုံမလား" "တော်ပြောသာ မယုံဘူး။ သူများပြောသာ ယုံတယ်။ အဲသည် ဥနှဲတုံး ရှိနေသရွေ့ သည်အိမ်မှာ ကျုပ် မနေဘူး" မောင်ဆေးရိုးအတွက် အံ့သြစရာများသည် တစ်ခုပြီး တစ်ခု လျင်မြန်စွာ ဖြစ်ပွားကြ၏။ ပထမ မျှော်လင့်သော အထင်မှားမူ။ ဤအချက်ကို ချေဖျက်ရန် ကြိုးစားစဉ် အိမ်ရှင်မ သည် ကလေး နှစ်ယောက်ကို ခေါ်ကာ သူ့အမေအိမ်သို့ ဆင်းသွား၏။ တားချိန်ပင် မရလိုက်။

"ဟဲ လူလေး၊ ဘယ်လိုဖြစ်ကြတာတုံး" မယ်ကြွယ်စိုးလည်း ဘုမသိဘမသိ ရောက်လာ၏။
"မသိပါဘူး အမေရာ၊ ကုတင်ကြီးကကောင်မလေးနဲ့ သမုတ်တယ်။ ပြီးတော့ အငယ်ကောင် ခါးထစ်ခွင်ချီ၊ အကြီးမ လက်ဆွဲပြီး ဆင်းသွားသာပဲ အမေရ" "သွားခေါ် သွားခေါ်၊ သည်မှာ အိုးတွေက တိုးလိုးတန်းလန်း။ လယ်ပြင်မှာလည်း နှမ်းကြဲဖို့က တန်းလန်း" သားနှင့်သမီး ပါသွားသောကြောင့် မောင်ဆေးရိုး ဖျပ်ဖျပ်လူးသည်။ သို့ရာတွင် "သွားခေါ်" ဟု အမေ ပြောသော အခါ မောင်ဆေးရိုး စဉ်းစားရပြီ။ "သည်ကိစ္စတွင် မည်သူမှား သနည်း" မကျီးဒန် ကို မည်သူနှင်ချသနည်း။ သူ့သဘောနှင့်သူ သွားခြင်း ဖြစ်သည်။
သို့ကြောင့် မောင်ဆေးရိုး သည် မကျီးဒန်ကို လိုက်မခေါ်။ သို့သော် မယ်ကြွယ်စိုးက မောင်ဆေးရိုးကို မာနထောင် ခွင့်မပြု။

"ဟဲ့ ထစမ်း။ သွား အခုသွားခေါ်ချေ။ ငါ့မြေးနှစ်ယောက် မပါရင် အိမ်ကို ပြန်မလာခဲ့နဲ့ သွား။ အခုသွား"
မောင်ဆေးရိုး သည် အမေ့ကို ရိုသေ၏။ သူ့သဘောနှင့်သူ ဆင်းသွားသော မိန်းမ။ အပြစ်မရှိသည် ကို အပြစ်ရှာသော မိန်းမ။ သည်မိန်းမကို လိုက်မခေါ်ချင်သော်လည်း အမေက အာဏာထားသော အခါ ထလာရသည်။ မာနကို တော်ရာချောင်တွင် ထိုးထားခဲ့ကာ ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ အိမ်ပေါ် သို့ တက်လာ၏။
"ဘာကိစ္စလဲ သွား။ မလာနဲ့" မကျီးဒန်က ဘီလူးစီးသော အသံဖြင့် ဆီးကြိုသော်ငြား သားနှင့်သမီးက "အဖေ" ခေါ်ကာ ပြေးဖက် သည်။ သို့ဖြစ်သောကြောင့် မောင်ဆေးရိုးသည် မကျီးဒန်ကို အရေးမလုပ်။ ကလေးနှစ်ယောက် ရှေ့တွင် ဒူးထောက်လျက် ကလေးတွေကို တမြတ်တနိုး ပွေ့ဖက်သည်။
"သားတို့ သမီးတို့" "ဘာ သားတို့ သမီးတို့လဲ။ သွား အခုထွက်သွား"

မကျီးဒန်သည် မောင်ဆေးရိုးကို ပါးစပ်ဖြင့် နှင်၏။ ကလေးနှစ်ယောက်ကား ကြမ်းတမ်းစွာ ဆောင့်ဆွဲ သည်။ လက်လှမ်း မီရာ နားသယ် နားရင်းတို့ကို ပုတ်ခတ်ထိုးကြိတ်သည်။ "သည်ကလေးတွေမှာ ဘာအပြစ်ရှိလို့ နားရင်အုပ် ရသာတုံး။ မတော်တဆ နားပင်းသွားရင် ဘယ့်နှယ်လုပ်မတုံး" "နားပင်းသွားရင် ကျုပ်တစ်သက်လုံး လုပ်ကျွေးမယ်။ တော့်အပူတစ်ပြားသားမှ မရှိဘူး။ တော် အခု ထွက်သွား" မကျီးဒန်၏ လှပချိုမြိန်သော မျက်နှာကလေး သည် ရွံ့ရှာစက်ဆုပ်ဖွယ်ရာ ခက်ထန်နေ၏။ ယဉ်ကျေး သိမ့်မွေ့မြဲအသံမှာလည်း ရိုင်းစိုင်းကြမ်းတမ်း လှ၏။ အမေ့စကားကြောင့် လာရသော မောင်ဆေးရိုး သည် မကျီးဒန်ကို အရေးမလုပ်။

"အမေက ခေါ်ခိုင်းလို့လာရတာ။ ဒါကြောင့် ကလေးနှစ်ယောက် ခေါ်ပြီး လိုက်ခဲ့"
မကျီးဒန် မဲ့၏။ "ဝေးသေး၊ အမေ မကလို့ အမေ့ဘိုးအေ လာပြီးခေါ်ဦး၊ မလိုက်ဘူး၊ တော် အခု ထွက်သွား၊ ဟောသည်မှာ ဓား" ကံမကောင်းချင်သောအခါ ဦးကြွက်နီရော၊ ဒေါ်ရွှေအိမ် ပါ ချောင်း အနောက်ဘက် ညောင်ကုန်းရွာ သို့ ရောက်နေကြ၏။ သို့ကြောင့် ယောက္ခမဘေးရှိ အဖီကလေးထဲမှ သူတို့သမီး ထွက်လာသည် ကို မသိ။ သမက်ကို သူတို့သမီးက ဓားကြိမ်း ကြိမ်းသည်ကိုလည်း မသိကြပါ။
"ကျီးဒန်ရာ၊ ငါ့ကို အမြင်ကတ်ပေမဲ့ ကလေးတွေ သနားစရာပါဟာ" မောင်ဆေးရိုးသည် မကျီးဒန်၏ စိတ်ညွှန်ပျောင်းရာ ညွှတ်ပျောင်းကြောင်း ကလေးတွေနှင့် လှည့်ပြောသော်ငြား၊ မကျီးဒန် စိတ်မပြေ။ မောင်ဆေးရိုးကို ဓားဖြင့် ခုတ်သည်။

"ဟောသည်မှာ ဓား လို့ ပြောနေသော ဘာမထီလေးစား လုပ်နေသာတုံး"
ပြောလည်း ပြော၊ ဓားဖြင့်လည်း ခုတ်သည်။ မောင်ဆေးရိုးနောက်သို့ လျင်မြန်စွာ ဆုတ်သည်။ မကျီးဒန် အခုတ်ရပ်သည် အထိ ဆုတ်သောအခါ ၀ိုင်းပြင်သို့ ရောက်သွားတော့သည်။
ဦးကြွက်နီ ဒေါ်ရွှေအိမ် တို့သည် အိမ်ဝိုင်းကို တံခါးတပ်မထားပါ။ သို့ကြောင့် မကျီးဒန်သည် ထန်းလက်ခြောက် များ ဆူးခက်များဖြင့် အ၀င်ဝကို ပိတ်ဆို့သည်။ ကျေနပ်သလောက်ရှိမှ အိမ်ပေါ်သို့ ပြန်တက်သွား။ ရှေးကျသော အယူအဆ ရှိသူများသည် ခြံစည်းရိုး မကာရံကြပါ။ အတုမြင် အတတ်သက်ကာ တစ်ဦး ကာရံသည် ကို နောက်တစ်ယောက် က တုပပြီး၊ သန်းသား၊ ဒဟတ်သားများဖြင့် ကပ်ရပ်ကာ ကာရံကြ၏။ အချို့လည်း ၀ါးကပ်ရက်ပြီး ကာရံကြ၏။ သို့ရာတွင် အချို့သော်ကား ခြံစည်းရိုးနေရာ တွင် "တုံးတင်" ရုံသာ တင်ထားကြ၏။

ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့သည် အိမ်ဝိုင်းကို လုံခြုံအောင် မကာရံပါ။ တုံးတင်ထားကြသည်။ မောင်ဆေးရိုးသည် ထိုတုံး များအောက် မှ ငုံ့ဝင်သော် ဖြစ်၏။ သို့သော် မ၀င်ပါ။ ထန်းလက်ခြောက် နှင့် ဆူးခက်ဆို့ထား သည့် နေရာတွင်သာ ကြာမြင့်စွာ ရပ်နေ၏။ သမီးကြီးချောစိန်နှင့် သားငယ် ဘညိန်းတို့သည် အဖေနှင့်အမေ ရန်ဖြစ်သည်ကို မသိ။ ဘနှင့်အမေကြီးတို့အိမ်သို့ လာရသဖြင့် ၀မ်းသာနေကြ၏။ ထဲဝင်ပြင်ထွက် ဆော့ကစားနေ ရသဖြင့် ဖအေ့ အဖြစ်ကို မမြင်ကြ။
မောင်ဆေးရိုး သည် ထန်းလက်ခြောက်နှင့် ဆူးခက်ဆို့ထားသော အိမ်ဝိုင်းဝတွင် ရပ်နေပြီးနောက် အိမ်သို့ မပြန်မိ။ အလယ်တံခါးမှ ထွက်ပြီး ဘုရားငါးဆူတောထဲသို့ ၀င်လာမိ၏။ သူသည် အချိန် ကြာမြင့်လာပါလျက် အိမ်ပြန် ရန် သတိမရဘဲ ပုတီးပင်ဘုရားအနီးမှ တာလမ်းသို့ ထွက်မိ၏။

တာလမ်းသည် ကျောက်ခင်းလမ်း ဖြစ်၏။ ထိုကျောက်ခင်းလမ်း၏ ၀ဲယာတွင် လှည်းလမ်းတွေ ရှိသည်။ တာလမ်း ကို ကျော်လိုက်လျှင် သရက်ပင်တန်း ရှိသည်။ ထိုသရက်ပင်တန်းမှာ နေချင့် စဖွယ် အရိပ်အာဝါသ ကောင်း ၏။ ရေမြောင်းဘေးဖြစ်သောကြောင့် နေချင့်စဖွယ် ဖြစ်၏။
ထိုနေရာ သို့ သွားရန် ကျောက်လမ်းဘက်သို့ ထွက်လာစဉ် နွားလှည်းငါးစီးကို လှမ်းမြင်၏။
"အချိန်မတော် ညနေစောင်းမှာ၊ သြော် ဟုတ်ပြီ၊ ဟုတ်ပြီ" ကမ်းနား (သင်္ဘောဆိပ်)မှ လှည်းတွေ၊ ဆန်အိတ်တိုက် ရန် ထွက်လာကြခြင်း ဖြစ်၏။ သူတို့သည် မြင်မြင်ထင်ထင်တွင် လှည်းလမ်းမှ မောင်းမည်။ လှည်းတစ်စီးလျှင် သုံးတင်းဝင် ဆန်အိတ် ငါးအိတ် တင်မည်။ အလင်းရောင် မရှိတော့သဖြင့် ကျောက်လမ်းပေါ်မှ မောင်းမည်။ "သြော် ဒါကြောင့်ကိုး" ဟု မောင်ဆေးရိုး မြည်တမ်းခြင်းမှာ ဤအချက်ပင် ဖြစ်သည်။

ကျောက်လမ်းပေါ်က သွားရခြင်းသည် မြေလမ်းထက် သက်သောင့်သက်သာ ရှိကြောင်းကို လူမဆို ထားဘိ၊ နွားကအစ သိသည်။ သို့ဖြစ်သဖြင့် ဆန်အိတ် ငါးအိတ်၏ အလေးချိန် ကို နွား သည် ကျောက်လမ်းဖြင့်သာ သယ်ဆောင်လိုသည်။ သို့ရာတွင် လမ်းလုပ်သားအစ လမ်းအင်စပက်တော် အဆုံး တို့သည် လှည်းသမား ကို အာဏာပြ၏။ ငေါက်ငမ်း၏။ သို့ရာတွင် ညအမှောင်အောက်တွင် ကား သူတို့ ရောက် မလာနိုင်ပြီ။ သို့ကြောင့် လှည်းသမားက ထိုအချိန်ကို ရွေးပြီး တမင်ထွက်လာ ခြင်း ဖြစ်ပေ၏။
"ဟေ့လူ ဘာလုပ်နေသာတုံး" မမျှော်လင့်ဘဲ အသိနှင့် တိုး၏။ "ဘာရယ်မဟုတ်ပါဘူးဗျာ"
"လာလေဗျာ၊ စကားစမြည်ကလေးဘာကလေး ပြောရတာပေါ့ဗျာ၊ ခင်ဗျားဆင်းချင်တဲ့အချိန် ဆင်းသွားပေါ့ဗျ"
သူပြောသည် မှာ မှန်၏။ မိမိလည်း မိုးဝန်းသို့ သွားစရာ ရှိနေသည်။ သို့ဖြင့် မောင်ဆေးရိုးသည် လှည်းပေါ် တက်ထိုင်မိသည် တွင် လေကြောမိတော့၏။

"လှည်းခေါင်း နဲ့ မိတ်ပျက်မှာ စိုးလို့သာ လှည်းတပ်ပြီး လိုက်လာရတာ၊ အဲသည်ကရသဲ့ ပိုက်ဆံကို စားမယ့် မိန်းမ ကိုတော့ သဒ္ဓါစိတ် က ခပ်ပါးပါးရယ်" မမေးမစမ်း၊ စကားလည်း မစပ်မိပါဘဲလျက် လှည်းသမားသည် အိမ်ရှင်မ မကောင်းကြောင်းဖြင့် စတင်၏။ အိမ်ရှင်မနှင့် ကတောက်ကဆ ဖြစ်လာသော မောင်ဆေးရိုး အတွက် ပြောချင် စရာ နာချင်စရာကြီး ဖြစ်တော့သည်။ သို့ကြောင့် မောင်ဆေးရိုးမှာ မိုးဝန်းတွင် ဆင်းကျန်ခဲ့ရမည်ကို သတိမေ့လျော့ပြီး စလင်း အထိ ပါလာတော့သည်။ ထိုအချိန် တွင် ဆန်စက်ဝင်းထဲမှ ရိုင်ပတ်လိပ် ရင်း မောင်းထွက် လာသော လှည်းတစ်အုပ်ကို တွေ့ရ၏။ ထိုလှည်းအုပ် ကို မောင်ဆေးရိုး မသိငြား၊ လှည်းသမားက သိသည်။

"မန်ကျည်းပင်ပုက ဘယ်မှမပြေးပါဘူး၊ လောမကြီးစမ်းပါနဲ့"မန်ကျည်းပင်ပုဆိုသော စကားလုံး သည် မောင်ဆေးရိုး ၏ နားစည်တွင် ထိတ်၏။ အစ်ကိုကြီး ငထွန်းကား သည် မန်ကျည်းပင်ပု၌ နေသည်ဟူသော အသိ ကလည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ် လာသည်။ "သွားပြီဗျို့" ဟု စီးလာသော လှည်း၏ လှည်းသမား ကို နှုတ်ဆက်ပြီး၊ လှည်းပေါ်မှ ခုန်ချ သည်။ ထို့နောက် ထိုင်ပင်မထိုင်ရသေးသော လှည်းသမား ကို အော်ပြီး ပြောသည်။ "မန်ကျည်းပင်ပုကို လှည်းကြုံလိုက်ချင်လို့ပါ"
တာလမ်းဆီ သို့ ဦးတည်ထွက်ခွာနေသော လှည်းပေါ်မှ လှည်းသမားက လှည့်ကြည့်သည်။ "ရပါတယ်၊ တက် တက်" ဟု ပြောပြီးမှ၊ လှည်းလမ်းကြောင်းထဲသို့ လှည်ရောက်ချိန်တွင် အခင်းပေါ်၌ ထိုင်ရင်း၊ လှည့်ကြည့်ရာက အမေး စကား ထွက်ပေါ်လာ၏။

"ခင်ဗျားကို ဦးထွန်းကား အိမ်မှာ မြင်ဖူးသလားလို့"၏
"ဟုတ်တယ်၊ မနှစ်တုန်းက အစ်ကို ရွာအပြင်မှာ လိုက်ပို့ရင်းနဲ့ အတော်ကြာကြာနေဖူးသဗျ"
"အခုကော အလွမ်းပြေပဲလား" "ဆိုပါတော့ဗျာ" မောင်ဆေးရိုးသည် ချော်လဲရာတွင် ရောထိုင်ရငြား မန်ကျည်းပင်ပု သို့ သွားရန် ရည်ရွယ်ချက် မရှိပေ။ စိတ်လေရာသို့ လူလိုက်ပါ လွင့်မျောရာက အသိလှည်းသမား ၏ လှည်းပေါ်သို့ တက်ထိုင်မိ၏။ ထိုမှတစ်ဆင့် မမျှော်လင့်ဘဲ လှည်းကြုံကို တွေ့ရသဖြင့် အစ်ကိုငထွန်းကားတို့ ရွာ သို့ ရောက်ရပြန်၏။

အစ်ကိုငထွန်းကား၏ အိမ်သို့ မောင်ဆေးရိုး ရောက်သွားချိန်မှာ အချိန်မတော်ကြီး ဖြစ်သ်ည။ လူတို့ အတွက် အချိန်လင့်နေပြီဖြစ်ငြား၊ လှည်းဆွဲရသော နွားအတွက်မူ အချိန်ကောင်း ဖြစ်သည်။ နေ့အချိန်တွင် နေပူနေခိုက်၌ လှည်းဆွဲ ရသော နွားအတွက် ပင်ပန်းသည်။ အပူရှိန်နည်းသော ညအချိန်တွင် နွားအတွက် သက်သာ၏။ သို့ကြောင့် နွားကို မှီခိုနေသော လှည်းသမားသည် လမ်းကောင်းပေါ်၌ တ်ကမောင်းခွင့်သာသော ညအချိန် ကို ရွေးသည်။ နေအပူရှိန်မရှိသော ညအချိန်ကို ရွေးသည်။ လှည်းသမားကား လယ်သမား ယာသမား ထက် နွားကို မှီခိုအားထား တန်ဖိုးထားရမှန်း သိသူပါပေတည်း။ မောင်ဆေးရိုးမှာ အစ်ကိုငထွန်းကား အိမ် တံစက်မြိတ်အောက် သို့ ၀င်မိလျှင်ဝင်မိချင်း ပြန်ပြေးချင်းစိတ် ပေါက်လာရ၏။ အကြောင်းသော် ကား မောင်ဆေးရိုး ရောက်သွားချိန် တွင် ငထွန်းကား မရှိသောကြောင့် ဖြစ်၏။ ငထွန်းကားသည် မီးအုပ်တစ်ခု၊ တုတ် တစ်ချောင်းဖြင့် ယုန်လိုက်ထွက်နေသဖြင့် ဖြစ်ပေ၏။

မယ်ငြိမ်းစည်သည် "ဧည့်သည် ပါတယ်ဗျို့၊ မီးထွန်းပါ" ဟူသည့် လှည်းသမား၏ စကားကို အဟုတ် မှတ်ပြီး ရေနံချေး မီးခွက်ဖြင့် ကြိုဆို၏။ "ဟယ် မောင်လေးပါကလား"
ဝမ်းသာအားရ ကြိုဆိုသံကိုက နှာသံဖြစ်နေသဖြင့် မောင်ဆေးရိုး စိတ်ပျက်သွားစဉ် "အမယ်လေး မျှော် လိုက်ရတာ၊ ခုမှပဲ ပေါ်လာတော့တယ်" ဆက် အပြောတွင်ကား၊ မောင်ဆေးရိုးမှာ ထွက်ပြေးချင် စိတ် ပေါ် လာလေ၏။ သို့သော် အချိန်မတော်ကြီးတွင် ရွာပြင်သို့ မထွက်သင့်ပေ။ ကိုယ်က သည်အရပ်သား မဟုတ် သဖြင့်၊ ပြင်လွင်တစ်ပါးသို့ အခါမဲ့ မထွက်သင့်ဟု နားလည်သည်။ သို့ကြောင့် စိတ်ကို ချုပ်တီးထားရ၏။
"မရီး၊ အစ်ကို ဘယ်သွားတုံး" ကောင်းမွန်ရိုးသားစွာ မေးမြန်းသူကို မယ်ငြိမ်းစည် ကောင်းစွာ မဖြေ။

"အစ်ကို့ ကို သတိရလို့ လာတာလား၊ အပြုံးကို လွမ်းလို့ လာတာလား"
"မရီးကလဲဗျာ၊ မေးသာတော့ မဖြေဘူး၊ အစ်ကို ဘယ်သွားတုံး၊ သည်အချိန်ထိအောင် ထန်းရည်တဲ မှာ နေဖို့ မကောင်း ပါဘူး" နှာသံဖြင့် မြူသည်ချူသည်ကို အလိုက်သင့် မပါတော့မှ မယ်ငြိမ်းစည် လေသံပြောင်းသွား၏။
"သည်အချိန်ကြီး မှ ရောက်လာတော့ ထမင်း ဘယ်မှာစားခဲ့တုံး မောင်လေး"
"မစားရသေးပါဘူး မရီးရာ၊ သာပေမဲ့ ထမင်းက သာလောက် အရေးမကြီးပါဘူး၊ မရီးရဲ့ ယောက်ျားပဲ အရေးကြီး ပါတယ်" "အမယ်လေးဟဲ၊ မရီးကို ငုတ်တုတ်ထားပြီး အစ်ကိုကို မေးနေတယ်၊ နင့်အစ်ကို ယုန်သွားလိုက် သာ ပြန်လာတော့မယ်" မယ်ငြိမ်းစည် သည် မောင်ဆေးရိုးကို "ခဏနေဦးနော်" ဆိုကာ၊ အိမ်ရှေ့တွင် ငုတ်တုတ် ထားပစ်ခဲ့ သည်။ စင်စစ် အိမ်တွင် ထမင်းဟင်း အလုံအလောက် ရှိပါလျက်နှင့် အပြုံးတို့အိမ်သို့ သွားပြီး ထမင်းဟင်း တောင်းသည်။

အပြုံး၏မိခင် ဒေါ်ကျေးသည် မယ်ငြိမ်းစည်နှယ် မကလက်။ သူ့သမီး အပြုံးမှာလည်း မောင်ဆေးရိုး ကို ရမ်းသမ်း ကြိုက်နေငြား အချိန်မတော်ကြီး တွင် ထလိုက်မလာပေ။ ထမင်းဟင်းကို စနစ်တကျ ချက်ပြုတ် စားသောက် သူများဖြစ်ရ ကား၊ ငါးပိဖုတ်ကလေး လက်မခန့်သာ ရခဲ့၏။
မယ်ငြိမ်းစည် ထွက်သွားပြီး တစ်ခဏအကြာတွင် ငထွန်းကား ပြန်ရောက်လာသည်။
"ဟဲ့ သူခိုးလား၊ လူလားဟေ" "လူပါဗျ အစ်ကိုရ၊ အစ်ကို ယုန်သွားလိုက်သယ်ဆို"
"ဟေ့ ညီလေး" ဆိုကာ၊ မောင်ဆေးရိုးကို ငထွန်းကား ပြေးဖက်သည်။ "အဖေတို့၊ အမေတို့၊ မယ်မျှင် တို့ နေကောင်းလား" မေးသည်။ သို့သော် မင်းဘာကိစ္စ လာတာတုံး ဟူ၍ကား မမေးပေ။
"နေပါဦး၊ မင်းမရီးကော" မီးဖိုထဲသို့ လျှောဆင်းရင်း ငထွန်းကား၏အမေး။

"ခဏနေဦးဆိုပြီး မှောင်ထဲ ၀င်သွားတာပဲဗျ" "ထမင်းဟင်း ရှိတယ်ကွ၊ နည်းတယ်ထင်ပြီး ထွက်ရှာတာ ဖြစ်မယ်"
ငထွန်းကား သည် ဗျပ်ထဲ၌ ရှိသမျှထမင်း အကုန်ပုံပြီး အမဲသားရောသော ငရုတ်သီးဟင်းကို အိုးလုံးကျွတ် သွန်းလောင်း လျက် မောင်ဆေးရိုး၏ ရှေ့မှောက်သို့ ပို့လာ၏။ "လာဟေ့ မရှိအတူ ရှိအတူပေါ့ကွာ"
"ရှိရင်အ၀၊ မရှိရင်အငှပေါ့ အစ်ကိုရာ" ဗျပ်ခွက်ကို ညီအစ်ကိုနှစ်ယောက် ခေါင်းချင်းဆိုင်သော်ငြား၊ မယ်ငြိမ်းစည် ရောက်မလာသေး။ ဗျပ်ခွက်ကို ငထွန်းကား ရေဆေးပြီး ထောင်ထားမှ မှောင်ထဲက ထွက်လာသည်။ "ဟောတော် စားပြီးကြပြီ" "ဘယ်အချိန် ရှိပတုံး၊ ဧည့်သည်ကို သည်အချိန်ထိ ထမင်းမကျွေးဘဲ ထားရသလားဟ" "ရှိတာ ချကျွေးရင် တော့်ဖို့ မကျန်မာစိုးလို့ ထမင်းကျန်ကလေးများ တစ်ဆုပ်တစ်ခဲရလို့ရငြား ထွက်ရှာတာ ပါတော်" မယ်ငြိမ်းစည်သည် ခြူသံခလောက်သံဖြင့် တက်လာရာက တောင်ကြည့်မြောက်ကြည့် ကြည့်ပြီး မေး၏။

"ယုန်လိုက်သွားတာ၊ ဘယ်မတုံးယုန်" "တောမှောက်တာနဲ့ ပြန်လှည့်လာတာဟေ့၊ ဘယ့်နှယ် ငသန်းကို အဖော် မခေါ်ပဲ နဲ့၊ ငသန်းက ရှေ့ရောက်နေတယ်လေ" ငသန်းဆိုသည်မှာ ငထွန်းကား တောလည်တိုင်း ခေါ်နေကျ အဖော် ဖြစ်သည်။  "ဟေ့ ဒါထက် ငကျော်နဲ့ ငသော်ကော" ငထွန်းကားမျက်နှာ ကွက်ခနဲ တစ်ချက် ပျက် သွားငြား မောင်ဆေးရိုးက မသိယောင်ဆောင်နေ၏။ "ကိုသော်နဲ့ ကိုကျော်က ကျောင်းမှာပဲ အိပ်သကွ"
"တယ် ဟုတ်ပါကလား"

သို့ရာတွင် မောင်ဆေးရိုး ပြောလိုသော စကားမှာ ဤမျှဖြင့် မပြီးပေ။ "သူတို့အမေက သားတွေကို ခွဲနိုင် သလား" မေးချင်ငြား မမေးပေ။ စကားလုံးတွေကို မျိုချ၏။ သူသည် သူ့မရီးအကြောင်းကို ရမ်းဘိုကုန်းမှာ ကတည်းက သိထားခဲ့သည်။ သို့ဖြစ်သဖြင့် အကွယ်အ၀ှက် အဖုံးအအုပ်တွေ မည်မျှ ရှိသည်ကို သူတို့ လင်မယား မှသာ သိမည်။ သို့ဖြစ်၍ မေးချင်ပါလျက် မမေး။ သို့အတွက် ကိုကျော် နှင့် ကိုသော်၏ အကြောင်း စကားမဆက် ဘဲ ရာသီဥတုအကြောင်း လုပ်ငန်းကိုင်ငန်းနှင့် အဖေ အမေတို့အကြောင်း၊ မယ်မျှင့်ယောက်ျား ကျောင်းဆရာ အကြောင်း ပြောရင်းဖြင့် အိပ်ပျော်သွားကြ လေ၏။
မောင်ဆေးရိုး မှာ စောင်နှင့် ခေါင်းအုံး ရှိသည်။ သို့ကြောင့် အိပ်ရာကထလျှင် အိပ်ရာသိမ်းရသည်။ ငထွန်းကား လင်မယား မှာမူ စောင်မဆိုထားဘိ၊ ခေါင်အုံးသော် မျှ မရှိပေ။ သို့ကြောင့် အိပ်ရာသိမ်း ရန် မလိုပေ။
"ဟေ့ အစ်ကို၊ နင်တို့ မင်္ဂလာဆောင်တုန်းက" ဤသို့ အစချီကာ မောင်ဆေးရိုး မေးချင်၏။ ငထွန်းကား မယ်ငြိမ်းစည်တို့ မင်္ဂလာဆောင်စဉ် က လွှာချင်းစောင်နှစ်ထည်ပါသည်။ ယခု စောင်များသာမက ခေါင်းအုံးပင် မရှိတော့။ ဤသည်ကို မေးပါက အစ်ကိုသာ အနေရအထိုင်ရခက်တော့မည်။ သို့ကြောင့် မောင်ဆေးရိုး မမေးပါ။ အစ်ကို့ကို သာမဟုတ်၊ မရီးကိုလည်း မောင်ဆေးရိုး မမေးပါ။ သူ့မရီးသည် ဆွေပစ်မျိုးပစ် အဆင့်ရှိသည်။ သို့ကြောင့် လျစ်လျူရှုကာ မျက်နှာသစ်သည်။

"သြော် မောင်လေး"
မယ်ငြိမ်းစည်သည် မျက်နှာသစ်ရန် ရေအိုးဘေး၌ထိုင်သော မောင်ဆေးရိုးကို မီးသွေးခဲတစ်ခဲလာပေးသည်။
"မင်းတို့အိမ်မှာလို မီးသွေးမှုန့်ဆားမှုန့်မထားဘူး၊ မီးသွေးခဲနဲ့ပဲ သွားတိုက်တယ် မောင်လေးရဲ့"
မောင်ဆေးရိုး သည် သူ့မရီးလာပေးသော မီးသွေးခဲ့ကို အသုံးမ၀င်ဟု မြင်ရုံဖြင့်သိသည်။ သို့ရာတွင် လာပေးသူ လက်ရှက် သွားမည်စိုးသည့်အတွက် လက်ခံခြင်းဖြစ်၏။ မယ်ငြိမ်းစည် လာပေးသော မီးသွေးခဲမှာ မာမာတောင့်တောင့်ကြီး ဖြစ်ရာ သွားပဲ့မည်ပင် စိုးရိမ်ရသည်။ မောင်ဆေးရိုး၏ အစ်ကို ငထွန်းကားမူ သွားတိုက် ရန် မျက်နှာ သစ်ရန် စိက်ကူး ရှိပုံ မရပေ။ သူသည် မျက်နှာအဆီပြန်နေသည်ထင်လျှင် ပုဆိုးဖြင့် ပွတ်မည်။ မျက်စိထဲ ၀င်အောင် ချွေးထွက်လျှင် ပုဆိုးဖြင့် သုတ်မည်။ မျက်နှာသစ်ခြင်း သွားတိုက်ခြင်းသည် သူ့လုပ်ငန်းများ တွင် ပါဝင်ဟန် မတူပေ။

"ဘတွေး ရောက်နေတယ်ဆို" "ညတုန်းက ဘထွေးဆေးရိုး လာတယ်ဆို"
ငကျော်နှင့် ငသော်သည် စောစီးစွာ ရောက်လာကြ၏။ ငါးပေါင်းကြော် များ ရှေ့တွင် ချပြီး ရေနွေးကြမ်းနှင့် မြည်းနေသော မောင်ဆေးရိုးထံ ရောက်လာကြ၏။ "ဟေ့ ငါသည်မှာကွ"  တူနှစ်ယောက် သည် ဖအေတူတွေဖြစ်ကာ မည်းမည်းသည်သည်း တုတ်တုတ်ခဲခဲကြီးတွေ ဖြစ် ၏။
"ဘထွေး၊ ကျုပ်တို့ဖို့ ဘာပါတုံး" အကြီးကောင် ငကျော်၏ အမေးဖြစ်သည်။

"မိုးဝန်းရယ်လို့ ထွက်လာရာက၊ မမျှော်လင့်ဘဲ ရောက်လာသာကွ၊ ဒါကြောင့် ဘာမျှ ထူးထူးထွေထွေ ၀ယ်လာ သာ မရှိဘူးကွ၊ သာပေမဲ့ သားကြီးတို့ ဘာစားချင်သတုံး၊ ဘထွေး ၀ယ်ပေးမယ်" ထို့နောက် မောင်ဆေးရိုးသည် အငယ်ကောင် ငသော်ကို လှည့်ပြောရပြန်၏။ "ကိုသော် ကြားတယ်နော်၊ ဘထွေး ရည်ရွယ်ချက် မရှိဘဲ ရောက်လာသာကွ" ကိုသော်က ခေါင်းညိတ်ပြလျှင်၊ ကိုကျော်က မောင်ဆေးရိုး၏ ရှေ့သို့လာပြီး တင်ပျဉ်ခွေ ထိုင်၏။ "ဘထွေး၊ မုန့်တွေဘာတွေ ၀ယ်မပေးနဲ့ဗျာ"
"ဒါဖြင့် ဘာဝယ်ပေးရမတုံး" ကိုကျော်သည် သူ့လည်ပင်းတွင် စွပ်ထားသော အိတ်ရှုံ့ ကလေး ကို ဖြုတ်ယူပြီး မောင်ဆေးရိုး ၏ လက်ထဲသို့ ထည့်၏။

"အဲဒီအိတ်နဲ့ တစ်အိတ်ပြည့် ကောက်ရစ်တံ ၀ယ်ပေး" ကောက်ရစ်တံဆိုသည်မှာ 'ကံ့ကူဆံ' ဖြစ်သည်။ မီးသွေးဖြင့် ချေထားသော သစ်သားသင် ပုန်းတွင် ထိုအရာဖြင့် ရေးရသည်။ မောင်ဆေးရိုးသည် ကိုကျော်၏ အိတ်ရှုံ့ ကို လက်ခံပြီးနောက် ကိုသော်ကိုလှည့်ကြည့်၏။ ကိုသော်သည် မောင်ဆေးရိုးကို ကုန်းပိုးထား၏။
"ကိုင် ကိုကျော် ကတော့ ကောက်ရစ်တံ တစ်အိတ်တဲ့၊ မင်းကကော" လျှောဆင်းပြီး ရင်ခွင်ထဲ၌ ထိုင်၏။
"သားလည်းကောက်ရစ်တံ ယူမယ်" ကိုသော်ကလည်း ပြောပြောဆိုဆို အိတ်ရှုံ့တစ်လုံးကို ဖြုတ်ပေး၏။ အိတ်ရှုံ့နှစ်လုံး မှာ နှုတ်ခမ်းတွေ ကြိုတပ်ထားသည်။တ နှစ်လုံးလုံးချွေးဖြင့် ချေးဖြင့် စေးထိုင်းနေသည်။ ကိုသော် ၏ အိတ်ထဲတွင် ကောက်ရစ်တံ အကျိုးတစ်ချောင်း ပါသည်။

"မင်းတို့နှစ်အိတ်လုံးကို ဘထွေးလျှော်ပေးမယ်၊ ဈေးသွားသဲ့ လူကြုံနဲ့ ကောက်ရစ်တံ တစ်မူးဖိုးမှာပေးမယ်"
"ဘထွေး၊ ကော်ရစ်တံသည် က ရွာထဲမှာ ရှိတယ်နော၊ ဈေးကို လူကြုံမှာဖို့ မလိုပါဘူးဗျ"
"ဟေး ဟုတ်လား၊ ဟားကောင်းသာပေါ့" မောင်ဆေးရိုး ခုန်ထသော်ငြား၊ ကိုကျော်က သတိရှိသည်။
"ဘထွေး က အိတ်တွေလျှော်ပေးမယ် ဆိုတော့ အိတ်ကိုလျှော်ပြီး လှန်ပစ်ခဲ့၊ကော်ရစ် တံသည်က ရွာလယ် '၀ဇရပ်' နားမှာရှိတယ်၊ အဲဒီက၀ယ်ပြီးရင် ကျုပ်တို့ရဲ့အိတ်တွေထဲ ထည့်ပြီး ကျောင်းကို လာပို့"
"သားတို့ လာယူပါကွာ" "မလာဘူးဗျာ၊ ဟိုသင်း" "ဟေ့ကောင်၊နှုတ်မစောင့်စည်း ရင်ဘာဖြစ်တတ်တယ် ဆိုတာ မေ့သွားပြီလား"

အကြီးကောင်ကိုကျော် တစ်စုံတစ်ရာပြောမည်အပြုတွင် အငယ်ကောင်ကိုသော်က လှမ်းပြီး ထိန်းချုပ် လိုက်၏။ မောင်ဆေးရိုးမှာ ကသိကအောက်ဖြင့် တိုးလိုးတန်းလန်းကျန်ခဲ့ကာ၊ ကတိပေးရ၏။
"အေးကွာ၊ ဆွမ်းခံရင် လှည့်ဝင်လာလဲ ရသာပဲ မဟုတ်လား" "ကျုပ်တို့ညီအစ်ကိုက သည်ရွာမှာ ဆွမ်းမခံဘူး ဘထွေးရ၊ ဟိုဘက်ရွာ ဆွမ်းခံ အဖွဲ့မှာပါ တယ်"
"ကိုယ်ရွာမှာ ဆွမ်းခံသာ ဘာဖြစ်တုံး" "ကိုယ့်ရွာမှာကိုယ် ဆွမ်းခံချင်တာပေါ့ ဘထွေးရာ"
သို့သော် ဤစကားတွင်လည်း ကိုကျော်မှာ ကိုသော်က လက်သည်းဖြင့် ထိုးသည့်အတွက် စကားတစ်ပိုင်း တစ်စဖြင့် ရပ် သွား၏။ တူနှစ်ယောက် ထသွားလျှင် မောင်ဆေးရိုးမှာ ငေးမော ကျန်ရစ်ခဲ့သည်။ သူ၏ ငေးမောမှု တွင် တူကလေးနှစ်ယောက် သိမ်းဆည်း ထားသော လျှို့ဝှက်ချက် တွေသည် မည်သည်တို့နည်းဟူသည့် အမေးတွေ ပါဝင်နေပေ၏။

သို့ရာတွင် မောင်ဆေးရိုးမှာ ကြာရှည်ငေးမော မနေနိုင်ပါ တူနှစ်ယောက်ထံ မှ ယူထားလိုက်သော အိတ်ရှုံ့နှစ်လုံးကို 'သဲဆပ်ပြာ' ဖြင့်လျှော်သည်။ နှစ်ထပ်လျှော်ပြီးမှ နေလှမ်းထားခဲ့ကာ ရွာလယ်ရှိ ၀တ်ဇရပ်သို့ ထွက်ခဲ့သည်။ ၀တ်ဇရပ်တွင် ကလေးလူကြီး လေးငါးယောက် ရှိသည်။ ထွေရာလေးပါး ပြောဆို ရယ်မောနေကြ ရာက မောင်ဆေးရိုးကို စိန်းစိန်းကြည့်ကြ၏။ သို့သော် သူတို့၏အကြည့်ကို မောင်ဆေးရိုး အရေးမထားပါ။
"သည်နားမှာ ကောက်ရစ်တံရောင်းသဲ့လူ ရှိတယ်ဆိုလို့" "ဟိုအိမ် ဟိုအိမ်"
တဲကလေးတစ်လုံး ကို လက်ညှိုးထိုးပြသူက ပြ၏။ "ဦးဘ ဦးဘ။ ကောက်ရဏ်တံ ၀ယ်ချင် လို့တဲ့" ဟုလှမ်းပြောသူ က ပြောရုံသာ မက "မြောက်ခွင်သား ထင်ရဲ့" ဟုခန့်မှန်းသူက ခန့်မှန်း၏။
"ကောက်ရစ်တံ လိုချင်ရင် သည်ကိုလာပါ" အသက် ၅၀ ရွယ်၊ ခါးကုန်းကုန်းခေါင်းတုံးပြောပြောင် လူတစ်ယောက် ထွက်လာသည်။

"ကောက်ရစ်တံ ဘယ်လိုရောင်းပါလိမ့်"
ဦးဘသည် မောင်ဆေးရိုး၏ အမေးကို မဖြေဘဲ စူးစူးဝါးဝါး ကြည့်နေရာက "ကလေးတွေ သာရောင်းတာ၊ လူကြီးကိုမရောင်းဘူး" ဟုပြောသည်။
"ဟိုဘက်နားက ဦးငထွန်းကားရဲ့သားကိုကျော်နဲ့ ကိုသော်အတွက် လာဝယ်သာပါ"
"သြော် အင်းအင်း၊ ဦးထွန်းကားရဲ့ညီကိုး၊ ရပါတယ်၊ လာပါ၊ ၀င်ပါ၊ ထိုင်ပါဦး"
မောင်ဆေးရိုးမှာ တဲတံစက်မြိတ်အောက်ရှိ ခုံတန်းကလေးတွင် ထိုင်နေစဉ် ဦးဘက ကံ့ကူဆံ အပြားတစ်ပြား ယူ လာ၏။

"ကော်ရစ်တံ လေးချောင်းစာ ရှိတယ်၊ အဲဒါ နှစ်ပြား" "သည်အပြားကြီးနဲ့ ဘယ်လိုလုပ်ပြီး ရေးမတုံး"
"သံချောင်း နဲ့ အရာပေးပြီးဖဲ့ရတယ်လေ၊ ဘုန်းကြီးကျောင်း မနေဖူးဘူးလား"
"ဘုန်းကြီးကျောင်း မှာ မနေလို့ ဘယ် မယ်သူတော့်ကျောင်းမှာ သွားပြီးနေရမှာတုံး"
ဦးဘ သည် မောင်ဆေးရိုး ရှေ့တွင် ချထားသော ကံ့ကူဆံ အပြားကြီးကို ဆတ်ခနဲ ဆွဲယူသည်။
"ကျုပ်က ကလေးတွေ ကံ့ကူဆံကလေး တစ်ချောင်းအတွက် ဈေးသွားလားဘာလား ဖြစ်နေတာမြင်လို့ ကလေးတွေ အတွက် တမင်ရောင်းတာဗျ၊ မာရေကြောရေ မပြောနဲ့" "ခင်ဗျားရဲ့စေတနာဟာမွန်မြတ်ပေမဲ့ ခင်ဗျားစကားပြော သာက မောက်မာသယ်ဗျ" "အံမယ်၊ စကားပြောတဲ့လေသံက မြောက်ခွင်သားနဲ့တူရဲ့"
မောင်ဆေးရိုးက ဧည့်ထောက်ခံစကားမပြောဘဲ ဦးဘကို မကျေမနပ် ကြည့်နေ၏။

"နေပါဦး၊ ငထွန်းကားရဲ့ သားတွေအတွက် လာဝယ်တာလို့ ပြောလိုက်သလား၊ ဟုတ်လား" ဤအမေး ကိုလည်း မောင်ဆေးရိုး မဖြေပေ။ ဦးဘ ကိုသာ စိန်းစိန်းကြီး ကြည့်နေ၏။
"အခု ဘယ်လောက်ဖိုး ယူမတုံး၊ လေးချောင်းစာ အပြားတစ်ပြားကို ပိုက်ဆံနှစ်ပြား။
"တစ်မူဖိုး ယူမယ်၊ လေးပြား" "ခင်ဗျားကို လေးပြားရောင်းလိုက်ရင်၊ ကျုပ်မှာ နှစ်ပြားလဲ ကျန်တော့မှာ"
"နှစ်ပြား ဆိုလည်း ရှစ်ချောင်းထွက်ပါသယ်ဗျာ၊ ကျုပ်မှာလည်း ကျုပ်တူတွေက အိတ်အပြည့် ၀ယ်ပေးရမယ်ဆိုလို့ မုန့်ပဲသရေစာ အစား ကံ့ကူဆံ ၀ယ်ပေးရသာဗျို့၊ ပိုက်ဆံက တစ်မတ်ပဲပါသာ" ထိုအချိန်တွင် မိန်းကလေးတစ်ယောက်သည် သုံးချောင်းထောက်တစ်စုခံချက် ရေနွေကြမ်းအိုး လာချ၏။ ရေနွေးကြမ်းအိုးဘေး တွင် ပေါက်ပေါက်ဆုပ်များ ကို မြေပန်းကန်ဖြင့် ထည့်ထား၏။

"သုံးဆောင်ပါဦး၊ ကျုပ်လည်း မြောက်ခွင်သားပဲဗျ"
မောင်ဆေးရိုးသည် မတ်စေ့တစ်စေ့ ထုတ်ပေးအပြီးတွင် ရေနွေးတစ်ခွက် ငှဲ့သောက်၏။ ဦးဘပြော သည့် မြောက်ခွင်ကို စိတ်ဝင်စားဟန် မပြချေ။ ဦးဘမှာ မောင်ဆေးရိုးပေးသည့် မတ်စေ့ကို ကိုင်လျက် တဲထဲသို့ လည်ပင်းရှည် ကြည့်နေချေ၏။ "လုံမရေ၊ မတ်ပြား တစ်ပြား အမ်းရမယ်ဟေ့"
ခုနတုန်းကရေနွေးအိုး မောင်ဆေးရိုး မကြည့်မိလိုက်သော မိန်းမပျို၏အသံမှာ များစွာ သာယာသည် ဟု မောင်ဆေးရိုး သတိပြုမိ၏။ "ဘယ်လောက် အမ်းရမှာတုံး အဖေ" သာယာသော ထိုအသံကလေးသည် စွဲမက် စဖွယ် ဖြစ်သဖြင့် "တစ်မူးပဲ အမ်းရမှာပါ" ဟု မောင်ဆေးရိုး ၀င်ပြောမိသည်။

"နေပါဦး၊ ခင်ဗျားက ငထွန်းကားနဲ့ တော်တာလား၊ ငထွန်းကားရဲ့ မယားနဲ့ တော်တာလား"
"ကျုပ်က ငထွန်းကားရဲ့ ညီအရင်းဗျ" မောင်ဆေးရိုး ထရပ်သည်။ ကံ့ကူဆံလေးပြားကို ကုန်းကောက်သောအခါ ဦးဘ က တားသည်။ "အမ်းဖို့ ပိုက်ဆံမပြည့်သေးလို့ ခဏထိုင်ပါဦး"
"အိမ်သိသားပဲဗျာ၊ အဲသည်ကို လာပို့လည်း ရပါတယ်" "သည်းခံပါ၊ ခဏကလေးပါ၊ ကျုပ်သမီးကို သည်လို နာမည်ပျက် ရှိတဲ့အိမ်ကို မလွှတ်နိုင်ဘူး" ထရပ်ပြီးသော မောင်ဆေးရိုး ပြန်ထိုင်သောအခါ ဦးဘက ဆက်ပြော၏။

"စိတ်မရှိနဲ့နော်၊ ကျုပ်မှာက ဖအေတစ်ခု သမီးတစ်ခုပဲရှိတာ၊ ခင်ဗျာ့မရီးက ရေနံချောင်းမှာ နာမည် ပျက်ပြီးမှ ဒီရွာ ကို ရောက်လာတာဗျ၊ ကျုပ်သမီးနဲ့ မပတ်သက်စေချင်ဘူး" "ကျုပ်မလဲ နှမတစ်ယောက် ရှိလို့ ကိုယ်ချင်းစာ ပါတယ်" "အဖေရေ၊ ခုနစ်ပြားတော့ရပြီ အဖေရေ့၊ တစ်ပြားပဲလိုတော့တယ်"
သာယာသော အသံကလေးသည် ခုနတုန်းက ကြားလိုက်ရသော အသံထက် ပိုပြီး သာယာစွာ လွင့်ပျံလာပြန်၏။
"ညောင်ရေအိုးအောက် မှာ အဖေ ထားမိသလား မသိဘူး သမီး၊ စမ်းကြည့်ပါဦး"
ဦးဘ သည် တဲတွင်းသို့ လှမ်းပြောအပြီးတွင် မောင်ဆေးရိုးဘက်သို့ လှည့်ပြီး ပြောပြန်၏။
"ငထွန်းကား ရဲ့ဇနီး မယ်ငြိမ်းစည် ဟာ လူကသာ နာမည်မကောင်းပေမဲ့ ဗိုလ်ရင်းထောင်ရဲ့မြစ် ဆိုပါကလား"
ထိုအခါတွင် မောင်ဆေးရိုးမှာ ကြားထဲက မရှူနိုင်မကယ်နိုင် ဖြစ်ရ၏။ "ဗိုလ်ရင်းထောင်သည် အမျိုးသား သူရဲကောင်း ဖြစ်ငြား၊ သူ၏ညီ ဗိုလ်ရင်းသောင်မှာ အမျိုးသားသစ္စာဖောက်" ဖြစ်ကြောင်း ကို ပြောရအခက်၊ မပြောရအခက် ဖြစ်နေ၏။

မယ်ငြိမ်းစည်သည် နယ်ချဲ့ဆန့်ကျင့်ခုခံတွန်းလှန်ရေးသမားကြီး ဗိုလ်ရင်းထောင်အကြောင်း ဂုဏ်ယူရမှန်း သိ၏။ ဤ အတွက် ကျေးဇူးတင်ရ ၀မ်းသာရစေကာမူ၊ အမျိုးသားသစ္စာဖောက် ဗိုလ်ရင်းသောင်အကြောင်းကို မြုံထားခြင်း မှာ မရိုးသားရာရောက်၏။
"အစ်ကို ငထွန်းကား နဲ့ မယ်ငြိမ်းစည်တို့ စေ့စပ်ပွဲတုန်းကတော့ မယ်ငြိမ်းစည်ရဲ့အဖေ ဦးရဲတင်း ပြောသံ ကြားဖူးတာ ပဲဗျ၊ နေပါဦး၊ ခင်ဗျားက ဗိုလ်ရင်းထောင်အကြောင်း ဘယ်လောက်သိသတုံး" ထိုအခါ ဦးဘသည် သူ၏ခေါင်း ကို လက်ဝါးဖြင့် ပွတ်၏။

"ကျုပ်တို့ မန်ကျည်းပင်ပုကို ခင်ဗျားက နှယ်နှယ်ရွာ မှတ်သလား၊ သူပုန်ရွာဆိုပြီး ရွာလုံးကျွတ် နယ်နှင်ခံရတဲ့ရွာဗျ"
"ကျုပ်တို့ ရမ်းဘိုကုန်းရွာကလည်း သေနတ်သမားရဲမက်တွေ၊ အမြောက်တပ်သားတွေအတွက် ယမ်းချက်ပြီး ဆက်သ ရတဲ့ ရွာဗျ"
သူက ၀င့်ဝါသောကြောင့် မောင်ဆေးရိုးလည်း အားကျမခံ ၀ါကြွားရစေကာမူ၊ ယမ်ျးက်ယမ်းစု အမှုထမ်းများကို တစ်ယောက် မျှ မသိချေ။
"မန်ကျည်းပင်ပု သား မှန်ရင်၊ ကုလားဖြူကုလားမည်း အနည်းဆုံး တစ်ယောက်တော့ သတ်ဖူးတဲ့ သူပုန်တွေဗျ"
မောင်ဆေးရိုး မှာ ထိုအထိကား ပြိုင်ဆိုင်ဝါကြွားမှု မပြုနိုင်ပေ။ ထိုအခါ ဦးဘအမည် ရှိသော ခေါင်းတုံးပြောင်ကြီး က ဆက်လက် ၀င့်ဝါ၏။

"မင်းကြီးဗိုလ်ဥတ္တမဆိုတာကလည်း ကျုပ်တို့ မန်ကျည်းပင်ပုမှာပဲ အနေများတာကလား။ စလင်းကို သိမ်းပိုက်ဖို့ ကြံစည်တော့လည်း မန်ကျည်းပင်ပုမှာ စတည်းချတာပဲဗျ။ စလင်းကို ကုလားက သိမ်းသွားလို့ မင်းကြီးဗိုလ်ဥတ္တမ ဆုတ်ခွာလာတော့ မန်ကျည်းပင်ပုမှာ တပ်စွဲတာပဲ" ဦးဘသည် လည်ဆံမွေးတွေ ထောင် လာသော ကေသရာဇာခြင်္သေ့မင်း အလား မာန်ဖီမာန်ဝင့်လျက် ရှိသည်။
"မန်ကျည်းပင်ပု က ဗိုလ်မီးတောက်ဆိုတာဟာ ဗိုလ်ရင်းထောင်ရဲ့ အရင်းနှီးဆုံး သွေးသောက်ကြီးပဲ။ ဒါပေမယ့် ဗိုလ်မီးတောက် ဟာ အုတ်ကျောင်းတိုက်ပွဲမှာ ကျဆုံးသွားသလို၊ ဗိုလ်ရင်းထောင်ကျတော့ အဖမ်းခံရပြီး ကြိုးပေး အသတ်ခံ သွားရတာဗျ၊ အဲဓါကြောင့် ဗိုလ်ရင်းထောင်ရဲ့ မြစ်ဆိုပြီး ကျုပ်တို့က တလေးတစား ရှိပေမဲ့ ခင်ဗျာ့မရီးက" ဦးဘ မည်သည်ကို ဆိုလိုကြောင်း မောင်ဆေးရိုး သိပါသည်။ ဦးဘ စကားမဆက်နိုင်ဘဲ တိုးလိုး တန်းလန်းဖြစ်နေစဉ် တွင် သူ့သမီး ရောက်လာသည်။ ကြေးပြားရှစ်ပြား သူ့ဖခင်ကို ပေးသည်။

ဆက်ရန်
.

No comments: