"မော်တော်ကားတွေအားလုံး မနက်ငါးနာရီ မှာ အသင့်ပြင်ထားကြဖို့လဲ မှာရဦးမယ်"
ခပ်ယဲ့ယဲ့ ကလေး ကျွန်မ ရယ်မိပါသည်။ မျက်လုံးထဲမှာလည်း မျက်ရည်များ ပြည့်လာသည်။
"အို… အစ်ကိုရယ်… ဘယ်သူမှ မလာကြနဲ့တော့လို့ သံကြိုးရိုက်လိုက်ကြရအောင်ပါ" ဟုလည်း မက်ဇင်မ် ကို ပြောမိသည်။ "ညီမလေးကလဲကွာ… ရဲရဲရင်ဆိုင် စမ်းပါ။ နှစ်ပေါင်း အတော်ကြာတဲ့ အထိ ဒီလိုပွဲမျိုး ပြန်လုပ်ဖို့ မလိုတော့ပါဘူး…။ ဖရင့်… ကိုယ်တို့ပြန် လိုက်ဦး မှ" ကို ဆက်ဖတ်ရန်.....
ကျွန်မတို့ အိမ်ပြန်ရောက်တော့ အားလုံး နေသားတကျ ပြင်ဆင်ပြီးနေပြီ။ တီးဝိုင်းလည်း ရောက်နေပြီ။ တီးဝိုင်း မှ ဂီတသမားများနှင့် နှုတ်ဆက်စကားပြောရသည်။ တီးဝိုင်းအဖွဲ့သားများက ကျွန်မတို့အိမ်မှာ ညအိပ်ကြမည့် သူများဖြစ်သည်။
ထိုနေ့ခင်းက ကျွန်မ နေမထိ ထိုင်မသာ ဖြစ်နေသည်။ ထို့ကြောင့် ဂျက်စ်ပါကို ခေါ်ပြီး အဝေးကြီးသို့ လမ်းလျှောက်ထွက်ခဲ့သည်။ အချိန်အနည်းငယ် နောက်ကျမှ ပြန်ရောက်သည်။ မက်ဇင်မ်နှင့်ဖရင့်တို့က လက်ဖက်ရည်သောက်နှင့်နေကြပြီ။ ကျွန်မတို့ လက်ဖက်ရည်သောက်ပြီးချိန်မှာပင် ဘီယက်ထရစ်နှင့် ဂျိုင်းလ်စ်တို့ လင်မယား ရောက်လာကြသည်။ အချိန်တွေ ကုန်တာက မြန်လိုက်တာဟု ကျွန်မ ထင်ပါ သည်။
"ဟိုတုန်းကလို ပြန်ပျော်ကြရဦးမှာပေါ့" ဘီယက်ထရစ်က မက်ဇင်မ်ကိုနမ်း၍ နှုတ်ဆက်ရင်းပြောသည်။ "ဒီပွဲမျိုး ဘယ်လိုလုပ်ရမယ်ဆိုတာ တစ်ခုမကျန် မှတ်မိတာတော့ ချီးကျူးစရာပဲ။ ပန်းအိုးတွေထိုးထား တာ ကလဲ သိပ်လှတာပဲ" ပြောရင်း ကျွန်မဘက် လှည့်လာသည်။ "ဒါတွေ ညီမလေး ပြင်ပေးတာလား"
"မဟုတ်ပါဘူး" ရှက်ရှက်နှင့်ပင် ကျွန်မ ဖြေရတော့သည်။ "အားလုံး မစ္စက်ဒင်ဗာရဲ့လက်ရာတွေချည်း ပါပဲ"
"သြော်… ဟုတ်လား… ဒါဖြင့်ရင်…" ဘီယက်ထရစ်က စကားကိုဆုံးအောင် မပြောဖြစ်ပါ။ ဖရင့်က မီးခြစ်ပေးသောကြောင့် စီးကရက် မီးညှိနေသည်။ ပြီးတော့ သူ ဘာပြောရမညကို မှတ်မိပုံမပေါ်တော့။
"အစားအသောက် က အလျင်အတိုင်းပဲလား" ဟု ဂျိုင်းလ်စ်က မေးသည်။
"ဟုတ်တယ်…။ ဘာတစ်ခုမှ ပြောင်းတာမရှိပါဘူး။ ဟုတ်တယ်နော် ဖရင့်…။ ကျွန်တော်တို့ရုံးမှာ မှတ် တမ်းတွေ ရှိနေ တယ်။ လစ်ဟင်းတာ တစ်ခုမှရှိမယ် မထင်ပါဘူး" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"ဘယ်သူက ဘာတွေဝတ်ကြမှာလဲ။ မက်ဇင်မ်က ခါတိုင်းလိုပဲလား။ ရိုးရိုးပဲ ဝတ်မှာလား"
"ထုံးစံ အတိုင်းပေါ့"
"တုံးတာပေါ့ကွာ…။ မင်း တစ်ခုခု အထူးအဆန်းဝတ်ရင် ပွဲ ပိုစည်သွားမယ်"
"အောင်မယ်လေး မမရယ်…။ မန်ဒါလေမှာလုပ်တဲ့ ပွဲ မစည်ဘူးဆိုတာများ ရှိဖူးလို့လား"
"ဟုတ်တော့ ဟုတ်ပါတယ်။ အစီအစဉ်တွေ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ရှင် ကိုယ်တိုင် က ခေါင်း ဆောင်ပြီး တစ်ခုခု အထူးအဆန်းလုပ်သင့်တာပေါ့"
"အိမ်ရှင်မ နဲ့တင် လုံလောက်ပါပြီဗျာ…။ ကျွန်တော်က ဘာထပ်လုပ်နေစရာလိုဦးမှာလဲ…။ ရူးရာကျ မှာ ပေါ့"
"ရယ်စရာဖြစ်တာပေါ့ကွယ်…။ ရူးရာကျတယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။ ငါ့မောင်က ဘာဝတ်ဝတ် ကြည့် ကောင်း ပါတယ်။ ဂျိုင်းလ်စ်လို အတ္တဘောကြီးမျိုးမှ မဟုတ်ဘဲ"
"ဒီနေ့ည ဂျိုင်းလ်စ် က ဘာဝတ်မှာလဲ။ လျှို့ဝှက်ထားသလား" ဟု ကျွန်မက လှမ်းမေးပါသည်။
"မလျှို့ဝှက် ပါဘူးဗျာ…။ အာရပ်စော်ဘွား အဝတ်အစားဝတ်မယ်"
"သိပ်ကောင်းတာပေါ့" ဟု မက်ဇင်မ်က ပြောသည်။
"မဆိုးပါဘူး။ သူ့အတွက် ခေါင်းစွပ်ကို မိတ်ဆွေတစ်ယောက်ဆီက ငှားလို့ရတယ်။ ကျန်တာတွေတော့ သတင်းစာထဲက ဓာတ်ပုံကြည့်ပြီး အပ်ချုပ်ဆိုင်မှာ အပ်ထားတာ။ သူနဲ့ သိပ်ကြည့်ကောင်းတယ်" ဟု ဘီယက်ထရစ်က ဝင်ပြောသည်။ "ခင်ဗျားရော ဘာဝတ်မှာလဲ မစ္စက်လေစီ" ဟု ဖရင့်က မေးသည်။
"ဂျိုင်းလ်စ် က အာရပ်စော်ဘွားလို ဝတ်မယ်ဆိုရင် ကျွန်မကလဲ အာရပ်စော်ဘွားကတော်လို့ ဝတ်ရတော့ မှာပေါ့။ ဒါပေမဲ့ သိပ်တော့တူမယ် မထင်ဘူး။ သိတယ် မဟုတ်လား။ ပုတီးစေ့တွေနဲ့၊ မျက်နှာကိုလဲ ဇာ မျက်နှာဖုံးအုပ်လို့လေ"
"ဟာ သိပ်ကောင်းတာပေါ့ မမရယ်…" ဟု ကျွန်မက ဝင်ပြောသည်။
"ဒီလိုပဲ ပြောရတော့မှာပေါ့။ ဝတ်လို့ သက်တောင့်သက်သာရှိတာပဲ ကျေးဇူးတင်ရသေးတော့…။ သိပ်ပူ လာရင်တော့ မျက်နှာဖုံးကြီး ကို ဆွဲချွတ်ပစ်လိုက်မှာပဲ။ ညီမလေးကရော ဘာဝတ်မှာလဲဟင်…"
"သွားမမေးနဲ့… သွားမမေးနဲ့… ဘယ်သူ့မှ သူ မပြောဘူး။ ဒါလောက် ကြီးကျယ်တဲ့ လျှို့ဝှက်ချက်မျိုးတ တစ်ခါ မှ မကြုံဖူးဘူး။ လန်ဒန်ကိုတောင် စာရေးပြီး ပိတ်ထားတယ်နဲ့ တူတယ်" ဟု မက်ဇင်မ်က ဝင်ပြော သည်။
"ညီမလေး… ညှာညှာတာတာတော့ လုပ်ပါကွယ်နော်… မမတို့အားလုံး အရှက်ကွဲကုန်ကြပါဦးမယ်။ မမ တို့ဝတ် မှာတွေက အိမ်မှာချုပ်တဲ့ လက်ဖြစ်အပေါစားတွေ။ သိတယ်နော်…"
"မပူပါ နဲ့ မမရယ်…။ ရိုးရိုးကလေးပါ။ မက်ဇင်မ်က ကျွန်မကို သက်သက်စနေတာပါ။ သူ့တစ်သက်မှာ အကြီးဆုံး အံ့သြစရာဖြစ်အောင် လုပ်ပြမယ်လို့ ကျွန်မက ပြောထားတယ်"
"အင်မတန် မှန်တာပေါ့ဗျာ။ မက်ဇင်မ်က နေရာတကာ သူသိ သူတတ်လုပ်နေတာ။ ဒါထက် ခရော်လေ ကရော…" ဖရင့်ခရော်လေက အားတုံ့အားနာ ဖြစ်သွားပုံရသည်။
"ကျွန်တော်လဲ အလုပ်များနေတာနဲ့ ဟုတ္တိပတ္တိ ပြင်ဆင်ချိန် မရပါဘူး ခင်ဗျား…။ မနေ့ညက ဘောင်းဘီ ဟောင်းနဲ့ ဖိနပ်ဟောင်းတစ်ရံတွေ့တယ်။ ဘောလုံးကန်ဖို့ အင်္ကျီ တစ်ထည် တွေ့ တယ်။ အဲဒါတွေဝတ် ပြီး မျက်လုံးတစ်ဖက် ပိတ်လိုက်ရင် ပင်လယ်ဓားပြဖြစ်သွားရောပေါ့။ ဒါပဲ ဝတ် ပါတော့မယ်"
"ဘာဖြစ်လို့ ကျွန်မတို့ဆီ စာလှမ်းမရေးသလဲ။ ကျွန်မတို့နဲ့ရင်းနှီးတဲ့ ဒတ်ခ်ျလူမျိုးမိတ်ဆွေတွေရှိတယ်။ သူတို့ အဝတ်တွေ ငှားဝတ်လိုက်ရင် ရတာပဲ။ ရှင်နဲ့လဲ သေသေချာချာလိုက်မှာ" ဟု ဘီယက်ထရစ် က ပြောသည်။
"မလုပ်ပါနဲ့ မမရယ်…။ ကျွန်တော့်မန်နေဂျာကို ဒတ်ခ်ျလူမျိုးနဲ့တော့ မတူပါစေနဲ့။ သူ့ကို ဘယ်သူကမှ အလုပ်ခန့်တော့မှာ မဟုတ်ဘူး။ ပင်လယ်ဓားပြပဲ လုပ်ပါစေတော့။ သူ့ကို ကြည့်ပြီး လူတချို့ကတော့ လန့်ကောင်းပါရဲ့" "ပင်လယ်ဓားပြနဲ့ တူတာလဲ တစ်ခုမှမရှိဘူး" ဘီယက်ထရစ်က ကျွန်မ နားနားသို့ကပ်ပြီး တိုးတိုးပြော သည်။ ကျွန်မက မကြားချင်ယောင် ဆောင်နေလိုက်ပါသည်။ ဖရင့်ခရော်လေနှင့်ပတ်သက်လာလျှင် ဘီယက် ထရစ်သည် တစ်ခုမှ အကောင်းမမြင်။ သနားစရာကောင်း တဲ့ ဖရင့်။ "ကိုယ့်မျက်နှာပြင်ရင် အချိန်ဘယ်လောက် ကြာမလဲ" ဟု ဂျိုင်းလ်စ်က မေးသည်။
"အနည်းဆုံး နှစ်နှာရီလောက်ကြာမယ်။ ကျွန်မသာ ရှင်ဆိုရင် အခုလောက်က စပြင်နေပြီ။ ဒီပွဲမျိုး ပြန် လုပ်ပေးတဲ့အတွက် သိပ်ပျော်စရာကောင်းတာပဲ မက်ဇင်မ်" ဟု ဘီယက်ထရစ်က ပြောသည်။
"သူ့ကို ကျေးဇူးတင်ပါဗျာ…" ဟု မက်ဇင်မ်က ကျွန်မကို မေးငေါ့ပြသည်။
"အို… မဟုတ်ပါဘူး မမရယ်။ လေဒီခရိုဝင်ကြောင့် လုပ်ဖြစ်သွားတာပါ"
"ညီမလေး အဝတ်အစားတွေကို မမ ကြည့်ချင်လှပြီကွယ်"
"ဘာမှ အထူးအဆန်းမဟုတ်ပါဘူး မမရယ်…။ တကယ်ပါ"
"မစ္စက်ဒီဝင်းတားက ကျွန်တော်တို့ကို ကြိုပြီး အသိမပေးနိုင်ပါဘူးတဲ့ ခင်ဗျာ" ဟု ဖရင့်က ပြောသည်။
အားလုံးက ကျွန်မကို ဝိုင်းကြည့်ပြီး ပြုံးနေကြသည်။ ကျွန်မ စိတ်ချမ်းသာသွားပါသည်။ ပြီးတော့ ပျော် လည်း ပျော်မိသည်။ သူတို့အားလုံး ကျွန်မအပေါ်မှာ ကောင်းကြပါသည်။ တရင်းတနှီးလည်း ရှိကြပါ သည်။ ပွတ်သဘင်ပွဲကြီး ကို တွေးလိုက်မိသည်။ ကျွန်မသည် ကပွဲကြီးခင်းကျင်းပေးသည့် အိမ်ရှင်မ ဖြစ် ချေသည် တကား။
သည်ပွဲ ကလည်း ကျွန်မကို ဂုဏ်ပြုသောအားဖြင့် ခင်းကျင်းခြင်းဖြစ်သည်။ ကျွန်မသည် မက်ဇင်မ်၏ သတို့သမီးဖြစ်သောကြောင့် ကျွန်မ အတွက် ကျင်းပပေးခြင်းဖြစ်သည်။ ကျွန်မသည် စာကြည့်ခန်းထဲမှ စားပွဲပေါ်မှာ ထိုင်ပြီး ခြေထောက်ကို လွှဲနေမိသည်။ ကျန်လူတွေအားလုံးက မတ်တတ်ရပ်ပြီး ရောက် တတ်ရာရာများကို ပြောနေကြသည်။ ကျွန်မကတော့ အပေါ်ထပ်တက်ပြီး အဝတ်အစား လဲချင်လှပြီ။ ကျွန်မ၏ အဝတ်အစားများကို မြင်လျှင် သူတို့ ဘယ်လိုများနေကြမည်နည်းဟု တွေးနေမိသည်။
"ဘယ်အချိန်ရှိသွားပြီလဲဟင်… အပေါ်ထပ်တက်ကြရင် ကောင်းမယ်ထင်တယ်" ဟု ကျွန်မက အနည်း ငယ်သန်းပြီး အမှတ်တမဲ့ပုံမျိုးဖြင့် ပြောလိုက်သည်။
ခန်းမကျယ်ကြီး ကိုဖြတ်ပြီး ကျွန်မတို့လျှောက်ခဲ့ကြသည်။ တစ်အိမ်လုံး သစ်သစ်လွင်လွင် ပြင်ဆင်ထား သည်။ ဟိုနေ့များ တုန်းက မန်ဒါလေစံအိမ်ကြီး မဟုတ်တော့။ ပန်းအိုးများကိုလည်း သူ့နေရာနှင့်သူ ကျကျနန ပြင်ဆင်ထားသည်။ ခန်းမကြီးထဲမှ ဖြတ်လျှောက်လာရင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လည်း သည်ခန်းမကြီးထဲမှာ ယခု ကျင်းပတော့မည့် ကပွဲကြီးမျိုး ကျင်းပခဲ့ဖူးသည်။ ထိုကပွဲကြီးကို ကျွန်မ စိတ်ကူးကြည့်နေ မိပါသည်။ ဟိုတုန်းက ကာရိုလင်း ဒီဝင်းတားသည် ယနေ့ည ကျွန်မဝတ်မည့် အဖြူရောင် ဂါဝန်ကြီးဝတ်ပြီး ဦးထုပ်ကလေးကိုကိုင်ကာ လှေကားမှဆင်းလာသည်ကို မြင်ယောင်နေမိ သည်။
အိပ်ခန်းထဲမှာ ကလားရစ် စောင့်နေသည်ကို တွေ့ရသည်။ ကျွန်မက အခန်းတံခါးကို သော့ခတ်ခိုင်း လိုက် သည်။
ပြီးမှ နှစ်ယောက်သား တခစ်ခစ်ရယ်ရင်း အဝတ်အစား စတင်လဲတော့သည်။ လမ်း လျှောက် လျှင်လည်း ခြေသံမကြားအောင် ခြေဖျားထောက်ပြီး လျှောက်ကြသည်။ စကားပြောလျှင် လည်း လေသံ ကလေးနှင့်ပြောကြသည်။ တိတ်တဆိတ် မကောင်းကြံနေသူများနှင့်ပင်တူနေသေးသည်။
ဂါဝန်မှ ချိတ် များကို ကုလားရစ်က တုန်ယင်သောလက်များဖြင့် ချိတ်ပေးနေရာ ကျွန်မမှာ စိတ် မရှည်နိုင် အောင်ပင် ဖြစ်မိသည်။
"သိပ်လှတာပဲ မမရယ်…" ဟူသော စကားကိုပင် ကလားရစ်က ထပ်တလဲလဲ ပြောနေသည်။ "အင်္ဂလန် ပြည့်ရှင်ဘုရင်မကြီး နဲ့ ထိုက်တန်တဲ့ အဝတ်မျိုး" ဟုလည်း ဆက်ပြောသည်။
"ဘယ်ဘက်က ပခုံးကိုကြည့်လိုက်စမ်း…။ ဘော်လီကြိုးများ ပေါ်နေသလားလို့" ကျွန်မက စိတ်ပူပင် စွာ ဖြင့် မေးကြည့်သည်။
"မပေါ်ပါဘူး မမရဲ့… ဘာမှမပေါ်ပါဘူး"
"ဘယ်လိုနေသလဲ… ကြည့်ကောင်းရဲ့လား" သူ့အဖြေကို ကျွန်မ မစောင့်နိုင်တော့ပါ။ ကိုယ်လုံးပေါ် မှန် ထဲမှာ ဘယ်ညာယိမ်းပြီး ကြည့်နေမိသည်။ ပြုံးကြည့်သည်။ တည်ကြည့်သည်။ မျက်မှောင်ကုပ်ကြည့် သည်။ ကျွန်မ၏ပင်ကိုရုပ် ပြောင်းသွားချေပြီ။ ကျွန်မ၏ ထုံထုံထိုင်းထိုင်း အမူအရာ ပျောက် ကွယ်သွား ချေပြီ။ "ဆံတုပေးစမ်း… သတိနဲ့ကိုင်နော်… တွန့်နေတဲ့ ဆံပင်ကလေးတွေ ဆန့်သွားလိမ့် မယ်" ဆံတုကို ခေါင်းပေါ်မှာတင်ပြီး ဆံညှပ်များဖြင့် ထိန်းသည်။ တွန့်လိမ်နေသော ဆံပင်ကလေးများကို သတိနှင့် ကိုင်သည်။ "အို… ကလားရစ်… မစ္စတာဒီဝင်းတားက ဘာများပြောမလဲ မသိဘူးနော်…" စိတ်လှုပ်ရှားစွာဖြင့် ကျွန်မ က မေးပြန်သည်။ ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးလာခေါက် သည်။
"ဘယ်သူလဲ… ဝင်မလာခဲ့နဲ့နော်…"
"မမပါ ညီမလေး ရဲ့… လန့်မသွားပါနဲ့၊ ပြင်လို့ ဆင်လို့ တော်တော်ပြီးနေပြီလား…။ မမ ကြည့်ချင်တယ်" ဘီယက်ထရစ်၏ အသံဖြစ်သည်။
"မရဘူး… မရဘူ… ဝင်မလာခဲ့နဲ့။ ကျွန်မလဲ အဆင်သင့်မဖြစ်သေးဘူး"
ကလားရစ် က ဆံညှပ်များကိုကိုင်ပြီး ဘေးမှာရပ်နေသည်။ သူ့လက်ထဲမှ ဆံညှပ်ကို တစ်ချောင်းပြီး တစ် ချောင်းယူကာ ဆံပင်ပုံအတုကို ခိုင်အောင် ထိုးနေသည်။
"ကျွန်မ အဆင်သင့်ဖြစ်ရင် ဆင်းလာခဲ့ပါ့မယ်။ မမတို့အားလုံ အောက်ကို ဆင်းနှင့်ကြပါ။ ကျွန်မ ကို စောင့်မနေပါနဲ့။ မက်ဇင်မ်ကိုလဲ မလာဖို့ ပြောလိုက်ပါ မမရယ်"
"မက်ဇင်မ်က အောက်ထပ်ကို ဆင်းသွားနှင့်ပြီ။ အောက်မဆင်းမီ မမတို့ဆီ လာသေးတယ်။ မင်းတံခါး ကို သူ လာခေါက်တာ ပြန်မထူးလို့တဲ့။ ညီမလေး သိပ်မကြာနဲ့နော်…။ မမ လာကူဖို့ မလိုဘူး ဆိုတာ သေချာ တယ်နော်…"
"သေချာပါတယ်။ သွားပါတော့… မြန်မြန်သွားတော့" ကျွန်မက စိတ်မရှည်နိုင်တော့ဘဲ ပြန်ပြောသည်။
သည်အချိန်ကျမှ ဘီယက်ထရစ် ဘာကြောင့်များ ရောက်လာရပါလိမ့်။ ကျွန်မ ဘာလုပ်ရမှန်းမသိတော့ ပါ။ မှန်ထဲမှာ မြင်ရသည့် ကျွန်မ မျက်နှာကိုလည်း မမှတ်မိတော့ပါ။ မျက်လုံးများက ကျယ်လာသည်။ ပါးစပ် က ကျဉ်းသွားသည်။ အသားအရောင်က ဖြူဖွေးကြည်လင်နေသည်။ ဆံပင်ပုံအတုမှ ဆံပင်တွန့် ကလေး များသည် တိမ်လိပ်လို လွင့်ပျံနေကြသည်။ မှန်ထဲမှာ ကျွန်မ ဖြည်းဖြည်းကလေး ပြုံးကြည့် သည်။ ကျွန်မ မဟုတ်တော့သော ကျွန်မပါတကား။
"အို… ကလားရစ်…" စိတ်လှုပ်ရှားစွာဖြင့်အော်ရင်း ဂါဝန်ဖြူကြီးကို ကျွန်မက လှည့်ပတ်နေမိသည်။ ဂါဝန်အောက် အနားသားများက ကြမ်းပြင်မှာ ဒရွတ်တိုက်နေသည်။ မှန်ရှေ့မှာ ဘယ်ပြန် ညာပြန် လှည့် ကြည့်မိသည်။ ကလားရစ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် တခစ်ခစ်ရယ်နေသည်။
"တံခါးဖွင့် လိုက်တော့… အောက်ကို ငါ ဆင်းတော့မယ်။ သူတို့ ရှိသေးသလားဆိုတာ ရှေ့ကပြေးသွား ပြီး ကြည့်နှင့်စမ်း…" ကလားရစ်က ကျွန်မပြောသည့်အတိုင်း အပြင်ထွက်သွားသည်။ တခစ်ခစ်လည်း ရယ်နေဆဲဖြစ်သည်။ ကျွန်မကမူ ဂါဝန်ကြီးကို မကာ စင်္ကြံအတိုင်း လျှောက်လာခဲ့သည်။
"သူတို့ ဆင်းသွားကြပြီ မမ…။ မစ္စတာဒီဝင်းတားရယ်၊ ဗိုလ်မှူးလေစီတို့လင်မယားရယ်၊ မစ္စတာခရော် လေရယ် ခန်းမ ထဲကို အခုပဲ ပြန်ဝင်လာတယ်" ကလားရစ်က လေသံဖြင့် ပြန်ပြောသည်။
လှေကားထိပ်မှနေ၍အောက်သို့ ကျွန်မ မျှော်ကြည့်လိုက်သည်။ မှန်ပါသည်။ ခန်းမထဲမှာ သူတို့လူသိုက် ရပ်ေ နကြသည်။ ဂျိုင်းလ်စ်က အာရပ်စော်ဘွား အဝတ်အစားဝတ်ပြီး ခါးမှာချိတ်ထားသည့် သူ့ဓားကြီး ကို ပြနေသည်။ ဘီယက်ထရစ်က အာရပ်စော်ဘွားကတော်လို အစိမ်းရောင်ဝတ်ရုံကြီးကို ခြုံထားသည်။ ပုတီးစေ့များက သူ့လည်ပင်းမှာ တွဲလောင်းကျနေသည်။ ဖရင့်ခရော်လေကမူ ပင်လယ်ဓားပြ အဝတ် အစားနှင့်။ မက်ဇင်မ်တစ်ယောက်ပဲ ရိုးရိုးဝတ်စုံကို ဝတ်ဆင်ထားသည်။
"ဘာတွေများ သူ လုပ်နေတယ်မသိပါဘူးဗျာ…။ အခန်းထဲ သူ ဝင်သွားတာ နာရီပေါင်းအနည်းတော့ ဘူး။ ဘယ်နှစ်နာရီ ထိုးပြီလဲ ဖရင့်…။ တော်တော်ကြာ ဧည့်သည်တွေနဲ့ ရှုပ်ကုန်တော့မယ်" ဟု မက်ဇင်မ် လှမ်းမေးနေသံ ကို ကြားရသည်။
ခန်းမကြီး၏အပေါ်ဘက် တီးဝိုင်းနေရာယူရမည့်နေရာတွင် တီးဝိုင်းအဖွဲ့သားများ အစုံအလင်ရောက်နေ ပြီဖြစ်သည်။ တစ်ယောက်က တယောကြိုးညှိနေသည်။ နံရံပေါ်ရှိ ကာရိုလင်း ဒီဝင်းတား၏ ပန်းချီကား ပေါ်မှာ မီးရောင် ထိန်လင်းနေသည်။ ကျွန်မကိုယ်ပေါ်မှ အဝတ်အစားသည် ထိုပန်းချီကား ထဲကအတိုင်း တသွေမတိမ်း ဖြစ်နေသည်။ ဆံပင်တွန့်ကလေးများသည် တိမ်ဆိုင် တိမ်လိပ်လို လွင့်ပါးလျက်။ လက် ထဲမှာလည်း အပြန့်ကျယ်သော ဦးထုပ်ကြီးကို ကိုင်ထားသည်။ ဘယ်တုန်းကနှင့် မျှမတူအောင် ကျွန်မ အရမ်းပျော်နေမိသည်။ စိတ်အားတက်ကြွနေသည်။ မာနစိတ်ကလေးလည်း ဝင်လာသည်။
တယောကြိုးညှိနေသူ ကို ကျွန်မ လက်လှမ်းပြလိုက်ပါသည်။ ကျွန်မ ပါးစပ်ကို လက်ညှိုးနှင့် ကန့်လန့် ဖြတ်ပိတ်ပြီး တိတ်တိတ်နေရင်လည်း အချက်ပြလိုက်ပါသည်။ သူက ပြုံးပြပြီး ဦးညွှတ် အရိုအသေပေးပါ သည်။ ပြီးတော့ ကျွန်မ ရပ်နေရာ တံခါးပေါက်ဆီသို့ လျှောက်လာပါသည်။
"လှေကားက ကျွန်မ ဆင်းလာရင် ဒရမ်တီးပြီး ကြိုပေးပါ။ ပြီးတော့ "မစ္စကာရိုလင်း ဒီဝင်းတားရောက် လာပါပြီ"လို့လဲ ကြေညာပေးပါ။ သူတို့ အံ့အားသင့်သွားအောင် လုပ်ချင်လို့"
သူက ခေါင်းညိတ်ပြတယ်။ သူ သဘောပေါက်နားလည်ပါသည်။ ကျွန်မ ရင်ထဲမှာလည်း ရယ်ချင်စိတ် တွေ ပြည့်ကျပ်နေပါသည်။ ပါးနှစ်ဖက်မှာလည်း သွေးရောင်လွှမ်းလာသည်။ ကလားရစ်ကို လှမ်းပြုံးပြ လိုက်သည်။ ပြီးတော့ ဦးထုပ်ကိုပိုက်၊ ဂါဝန်ကိုမကာ တံခါးပေါက် မှ ထွက်ပြီး လှေကားထိပ်သို့ လျှောက် လာခဲ့ပါသည်။ ဒရမ်တီးလိုက်သည့်အသံက ခန်းမကြီးထဲမှာ ပဲ့တင် ထပ်သွားသည်။ ရုတ်တရက်မို့ ကျွန်မ ကိုယ်တိုင်ပင် လန့်ပြီး ခဏ ရပ်နေမိသေးသည်။ အားလုံးက အံ့သြတကြီးဖြင့် မော့ကြည့်နေကြသည်။ "မစ္စတာကာရိုလင်း ဒီဝင်းတား ရောက်လာပါပြီ ခင်ဗျား"
ဒရမ်တီးသူ၏အောင်မြင်သောကြေညာသံကြီး ပေါ်ထွက်လာပါသည်။
လှေကားထိပ်သို့ လျှောက်သွားပြီူး ရပ်နေလိုက်သည်။ လက်ထဲမှာ ဦးထုပ်ကိုကိုင်ပြီး ပြုံးနေမိပါသည်။ ပန်းချီကားထဲမှ ကာရိုလင်းဒီဝင်းတား၏ပုံစံအတိုင်း တသွေမတိမ်း ဖြစ်ပါသည်။ ဝမ်းသာအားရ ရယ်မော သံများနှင့် လက်ခုပ်တီးသံများကို ကျွန်မ စောင့်နေမိပါသည်။ သို့သော် မည်သူမျှ လက်ခုပ်မတီးပါ။ မည် သူမျှ နေရာ က မရွေ့ကြပါ။
အားလုံး က ကျွန်မကို အထိတ်တလန့် ဝိုင်းကြည့်နေကြပါသည်၏။ ဘီယက်ထရစ်က လွှတ်ကနဲ တစ်ချက်အော်လိုက်ပြီး သူ့ပါးစပ်ကို လက်ဝါးဖြင့် ကမန်းကတန်း ပြန်ပိတ်လိုက်ပါသည်။ ကျွန်မက ပြုံးမြဲ ပြုံးလျက် လှေကားလက်တန်းပေါ်သို့ လက်တစ်ဖက်တင်ကာ ဆင်းရန် ဟန်ပြင်လိုက်ပါသည်။
"ကျန်းခန့်သာလို့ မာပါစ မစ္စတာဒီဝင်းတားရှင့်" ဟုလည်း ကျွန်မက ချိုချိုသာသာ မေးလိုက်ပါသည်။
မက်ဇင်မ်သည် လုံးဝမလှုပ်ပါ။ ကျွန်မကို ငေးစိုက်ကြည့်နေသည်။ သူ့လက်ထဲမှာ ဖန်ခွက်တစ်လုံး ကိုင် ထားပါ သည်။ သူ့မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ပြာမှုန့်လို ဖြူနေခြင်းဖြစ်ပါသည်။ တစ်ခုခု တော့ မှားသွားပါပြီ။ ကျွန်မကို သူတို့ နားလည်ပုံမရပါ။ မက်ဇင်မ်သည် ဘာကြောင့် ဒီလို အကြည့်မျိုးဖြင့် ကြည့်နေရသနည်း။ သူတို့အားလုံး အရုပ်များလို ဘာကြောင့် ရပ်နေကြသနည်း။
ထို့နောက် မက်ဇင်မ်က လှေကားဆီသို့ လှမ်းလာပါသည်။ သူ့မျက်လုံးကမူ ကျွန်မပေါ်မှာ လွဲဖယ်မသွား ပါ။
"မင်း ဘာလုပ်တာလဲ… မင်း ဘာတွေ လုပ်လာတာလဲ" ဟု သူက မေးပါသည်။ သူ့မျက်လုံးအစုံမှာ ဒေါ သကြောင့် မီးဝင်းဝင်းတောက်နေသည်။ မျက်နှာအရောင်ကလည်း ပြာမှုန့်လို ဖွေးဖွေးဖြူလျက်ပင်။
ကျွန်မ လှုပ်ရှားလို့မရတော့ပါ။ သည်အတိုင်း ရပ်နေမိပါသည်။ လက်တစ်ဖက်ကလည်း လှေကားလက် တန်းပေါ်မှာ သည်အတိုင်း တင်လျက်သား ရှိနေပါသည်။
"ပန်းချီကားထဲက အတိုင်း ဝတ်တာလေ…" သူ့အကြည့်နှင့် သူ့အသံကြောင့် ကျွန်မ တုန်လှုပ်သွားပါ သည်။ "ဟို ပန်းချီကားလေ… ပန်းချီပြခန်းထဲက ပန်းချီကားလေ" ဟု ကျွန်မက ပြောပါသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေကြပြန်ပါသည်။ ကျွန်မတို့နှစ်ယောက် မျက်တောင်မခတ်စ တမ်း အပြန်အလှန် စိုက်ကြည့်နေကြပါသည်။ အောက်မှာရှိနေသူများလည်း တစ်ယောက်မျှမလှုပ်ကြ။ ကျွန်မက တံတွေးမျိုချလိုက်ပြီး လည်ပင်းကို လက်တစ်ဖက်နှင့် ကိုင်လိုက်မိပါသည်။
"ဘာဖြစ်တာလဲ… ကျွန်မ ဘာလုပ်မိလို့လဲ" ဟု ကျွန်မက မေးပါသည်။
ကြက်သေသေသောအကြည့်မျိုးဖြင့် ကျွန်မကို ကြည့်မနေစေချင်ပါဘူး။ တစ်စုံတစ်ယောက်က တစ်စုံ တစ်ရာ ကိုတော့ ပြောသင့်ပါသည်။ မက်ဇင်မ် ဆက်ပြောပါသည်။ အင်မတန်တိုးပြီး အသက် မပါသော လေသံဖြစ်ပါသည်။ ရေခဲလို အေးစက်စက်နိုင်လှပါသည်။ သူ့အသံကို ကျွန်မ မမှတ်မိပါ။ ကျွန်မ သိသော အသံမျိုးလည်း မဟုတ်တော့ပါ။
"အဝတ်သွားပြန်လဲလိုက်… ဘာဝတ်ဝတ် အရေးမကြီးဘူး။ ရိုးရိုးအဝတ်တစ်ခုကို ဝတ်ပါ။ ဝတ်ချင်တာ ကို ဝတ်။ ဧည့်သည်တွေရောက်မလာခင် အခု သွား"
ကျွန်မ စကားပြောနိုင်စွမ်းမရှိတော့ပါ။ သူ့ကိုသာ ငေးကြည့်နေမိပါသည်။ သူ့တစ်ကိုယ်လုံးတွင် အသက် ရှိသောအရာဆိုလို့ ဖြူဖွေးနေသော မျက်နှာပေါ်မှ မျက်လုံးများသာ ဖြစ်ပါသည်။
"မင်း ဘာဖြစ်လို့ ဒီမှာ ဆက်ရပ်နေရတာလဲ။ ငါ ပြောနေတာ မကြားဘူးလား" သူ့လေသံက ခြောက် ကပ် အက်ကွဲနေ ပါသည်။
မျက်မမြင် တစ်ယောက် လို နောက်ပြန်လှည့်ပြီး ကျွန်မ ပြေးခဲ့ပါသည်။ ကျွန်မ ရောက် လာပြီဖြစ်ကြောင်း ကြေညာပေး ခဲ့သည့် ဒရမ်သမားကြီး ၏အံ့သြတကြီး မျက်နှာကို လှစ်ကနဲ မြင်လိုက်ရပါသည်။ သူ့ကို ကျော်ပြီး ဒယီးဒယိုင်ဖြင့် ပြေးခဲ့ပါသည်။ မျက်ရည်များလည်း ဖုံးလွှမ်းနေသောကြောင့် မြင်ကွင်း တို့ လည်း ဝါးနေသည်။ ဘာဖြစ်သွားသည်ကို ကျွန်မ မသိပါ။ စင်္ကြံထဲမှာ ကလားရစ် လည်း မရှိတော့ပါ။ လူသူကင်းမဲ့နေပါသည်။ ပတ်လည်ကို လှည့်ကြည့်မိသည်။ သည်တော့မှ အနောက်ဘက်ဆောင်သို့ကူး သည့် တံခါးပေါက်ကြီး ဟင်းလင်းပွင့်နေသည်ကို မြင်ရပါသည်။ တံခါးပေါက် တွင် တစ်စုံတစ်ယောက် ရပ်နေပါသည်။
ရပ်နေသူမှာ မစ္စက်ဒင်ဗာဖြစ်ပါသည်။ မုန်းတီးစက်ဆုပ်ရွံရှာသော၊ အောင်ပွဲခံအနိုင်ယူလိုက်နိုင်အောင် အမူအရာ မျိုး ကို သူ့မျက်နှာပေါ်မှာ မြင်ရပါသည်။ သည်အမူအရာကို ကျွန်မတစ်သက် တွင် မေ့ပျောက် နိုင်တော့မည် မဟုတ်ပါ။ ထိုတံခါးပေါက်မှာ သူ ရပ်ပြီး ပြုံးပြုံးကြီး ကြည့်နေပါသည်။
သူ့ကို ကျောခိုင်းပြီး ကျဉ်းမြောင်းသော စင်္ကြံကလေးအတိုင်း ကျွန်မ အခန်းဆီသို့ အားသွန်ပြေးခဲ့ပါ သည်။ ကြမ်းပြင်ပေါ် မှာ ဒရွတ်တိုက်နေသော ဂါဝန်အောက် အနားသားများကြောင့် လဲတော့ ပြိုတော့ မလို ဖြစ်နေပါသည်။
ဆက်ရန်
.

2 comments:
နေ့တိုင်းစောင့်ဖတ်ပါတယ်။
သနားဘို့ကောင်းလိုက်တဲ့ သတို့သမီး။
ဒုက်ခကြီးလိုက်တာ
အဲဒီမကောင်းဆိုးဝါးမကြီးကိုပါးဆွဲရိုက်ပစ်လိုက်ပါလား..
ညံ့လိုက်တာနော်...။း(
Post a Comment