Thursday, June 7, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၃၁)

ညနေပိုင်းတွင် ညစာစားဖို့ အဝတ်အစားလဲနေခိုက် တံခါးခေါက်သံကြားရသည်။ ကလားရစ်ဟု ထင်သ ဖြင့် ဝင်ခဲ့ပါဟု ခေါ်လိုက်သည်။ ဝင်လာသူမှာ ကလားရစ် မဟုတ်ပါ။ မစ္စက်ဒင်ဗာ ဖြစ်နေ သည်။ လက် ထဲမှာ စာရွက်တစ်ရွက် ကိုင်ထားသည်။ ကို ဆက်ဖတ်ရန်....

"လာပြီး အနှောင့်အယှက်ပေးမိတဲ့ အတွက် ခွင့်လွှတ်ပါ ဆရာကတော်။ ဒီပုံတွေ ကို ဆရာကတော် မလို လို့ လွှင့်ပစ်လိုက်တာ ဟုတ် မဟုတ် လာမေးတာပါ။ အမှိုက်ခြင်းတွေ အားလုံးမသွန်ခင် ကျွန်မဆီကို ယူ လာပြရ ပါတယ်။ တစ်ခါတစ်လေကျတော့ တန်ဖိုးရှိတာ တစ်ခုခုမှားယွင်းပြီး ထည့်ထားမိတာမျိုးကို လွှင့် မပစ် မိအောင် စစ်ဆေးရပါတယ်။ ဟောဒီပုံလေးတွေ စာကြည့်ခန်းအမှိုက်ခြင်းထဲက ရတယ် လို့ ရောဘတ် က ပြောပါတယ်"
မစ္စက်ဒင်ဗာကို မြင်ရသည့်အတွက် ကျွန်မတစ်ကိုယ်လုံး အေးစက်သွားပါသည်။ ရုတ်တရက်လည်း စကားပြော မထွက်တော့ပါ။ သူက ကျွန်မကို မြင်နိုင်အောင် စက္ကူကို မြှောက်ပြပါသည်။ ဘီယက်ထရစ် ပေး သည့် စာအုပ်ထဲမှ ကူးဆွဲထားသော ပုံကြမ်းများ ဖြစ်ပါသည်။

"မဟုတ်ပါဘူး မစ္စက်ဒင်ဗာ" ခဏကြာမှ ကျွန်မ စကားပြောလို့ရသည်။ "ပစ်လိုက်လို့ အရေးမကြီးပါဘူး။ ကျွန်မ ပုံကြမ်း ဆွဲထားတာပါ။ မလိုတော့ပါဘူး"
"ကောင်းပါပြီရှင်…။ မှားယွင်းပြီး မပစ်မိအောင် ကျွန်မကိုယ်တိုင် လာစုံစမ်းဖို့ လိုတယ်ထင်လို့ပါ"
"ကောင်းပါပြီ… ကောင်းပါပြီ" သူ ပြန်လှည့်ထွက်သွားလိမ့်မည်ဟု ကျွန်မ ထင်သည်။ သို့သော်လည်း အပေါက်ဝမှာ ရပ်မြဲရပ်နေသည်။ "ဒီလိုဆိုရင် ကပွဲမှာ ဘာဝတ်မယ်ဆိုတာ ဆရာကတော် မဆုံးဖြတ်ရသေးဘူးပေါ့" ဟု သူကမေးသည်။ သူ့လေသံထဲ မှာ ပြက်ရယ်ပြုသည့်လေသံ မျိုး၊ လှောင်ပြောင်ရှုတ်ချ သည့် လေသံမျိုး မသိမသာရောစွက် ပါနေသည်ဟု ကျွန်မ ထင်သည်။ သည်အကြောင်း ကို ကလားရစ်မှတစ်ဆင့် တစ်နည်းနည်းဖြင့် သူ သိ သွားပုံရသည်။

"မဆုံးဖြတ်ရသေးပါဘူး"
သူက ကျွန်မကို အကဲခတ်မြဲ ခတ်နေသည်။ တံခါးလက်ကိုင်ပေါ်မှာ လက်ကို တင်ထားသည်။
"ပန်းချီပြခန်းထဲမှာ ရှိတဲ့ ပန်းချီကားတွေထဲက တစ်ခုခုကို ပြန်ကူးယူရင် ကောင်းမလားလို့ ကျွန်မ တွေး ကြည့်ပါတယ်" ဟု သူက ပြောသည်။
ကျွန်မ၏လက်သဲ များကို တံစဉ်းဖြင့် တိုက်နေလိုက်သည်။ အမှန်က လက်သဲများ အလွန်တိုနေပါသည်။ တံစဉ်းတိုက် ရန် မလိုပါ။ သို့သော်လည်း သူ့မျက်နှာ မကြည့်ချင်သဖြင့် တစ်ခုခုလုပ်နေလိုက်ခြင်းဖြစ်ပါ သည်။

"ဟုတ်ကဲ့။ ကျွန်မ စဉ်းစားပါ့မယ်"
အစက ဘာကြောင့် သည်စိတ်ကူးမျိုးမရခဲ့ပါလိမ့်ဟုလည်း ကိုယ့်ဟာကိုယ် ပြန်တွေးနေမိသည်။ ကျွန်မ ၏အကျပ်အတည်း ကို ဖြေရှင်းပေးနိုင်သော နည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။
သည်အကြောင်း ကိုလည်း သူ မသိစေချင်ပါ။ ထို့ကြောင့် လက်သဲကို တိုက်မြဲတိုက်နေမိသည်။
"ပန်းချီခန်း ထဲမှာရှိတဲ့ ပန်းချီကားတွေက အဝတ်အစားအားလုံး အကောင်းတွေချည်းပါပဲ။ အထူးသဖြင့် ဂါဝန်အဖြူ ဝတ်ပြီး ဦးထုပ်ကိုင်ထားတဲ့ မိန်းကလေးပုံဆိုရင် သိပ်ကောင်းတာပေါ့။ မစ္စတာဒီဝင်းတားက လဲ ဒီပွဲ ကို သမားရိုးကျကြီးဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းကတော့ သူလိုကိုယ်လိုပဲ ဝတ်ကြ မှာပါ။ လူပြက် က ပေါင်ဒါကလေးလောက်တို့ထားတဲ့ အမျိုးသမီးနဲ့တွဲကနေတာမျိုးတော့လဲ ကြည့် ကောင်းမှာ မဟုတ် ပါဘူး"

"လူတချို့ဟာ အပြောင်းအလဲကို သဘောကျပါတယ်။ ဒါပေမဲ့ ဒါမျိုးကျတော့လဲ ခပ်ပေါပေါသဘောဖြစ် သွားမှာပေါ့" ဟု ကျွန်မက ပြန်ပြောသည်။
"ကျွန်မလဲ သဘောမကျပါဘူးရှင်" မစ္စက်ဒင်ဗာ၏အသံမှာ အံ့သြစရာကောင်းလောင်အောင် ပုံမှန် သံဖြစ်နေ ပြီး ရင်းနှီးခင်မင်သံပါ ရောစွက် နေသည်။ ဘာကြောင့် သူ ဒီလိုပြောင်းလဲလာရသလဲ။ ကျွန်မ လွှင့်ပစ်ထားသည့်  ပုံကြမ်းများကို ဒုက္ခခံ ပြီး ဘာကြောင့် ယူလာပြရသလဲ။ နောက်ဆုံးတော့ ကျွန်မနှင့် ခင်မင်ရင်းနှီး လိုစိတ် ပေါ်လာလို့လား။ ဒါမှမဟုတ် ဂျက်ဖေဗယ်လာတဲ့အကြောင်း မက်ဇင်မ် ကို ပြန်တိုင်သူမှာ ကျွန်မမဟုတ်ကြောင်း သိသွား လို့လား။ သည်လို နှုတ်ပိတ်ထားသည့် အတွက် ကျေးဇူးပြန်လာဆပ်နေ သလား ဟု ကျွန်မ တွေးနေမိ သည်။

"မစ္စတာဒီဝင်းတား က ဆရာကတော်ကို အဝတ်နဲ့ပတ်သက်ပြီး အကြံမပေးဘူးလား" ဟု သူက မေးပြန် သည်။
"မပေးပါဘူး" ခဏကြာတောင် တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးမှ ကျွန်မက ပြန်ပြောမိသည်။ "သူနဲ့ မစ္စတာ ခရော်လေ ကို အံ့အားသင့်သွားစေချင်လို့ သူတို့ ဘာမှမသစေချင်ပါဘူး"
"ကျွန်မ အနေနဲ့ ဝင်ပြီး အကြံပေးဖို့ မသင့်လျော်ဘူးဆိုတာ သိပါတယ် ဆရာကတော်။ ဒါပေမဲ့ ဆရာ ကတော် အဝတ်အစားချုပ်ရင် လန်ဒန်ကိုပဲ မှာဖို့အကြံပေးပါရစေ။ ဒီအရပ်က အပ်ချုပ်သမားတွေ က တော့ ဒါမျိုး မကျွမ်းကျင်ကြပါဘူး။ လန်ဒန်မှာဆိုရင်လဲ ဘွန်းလမ်းက ဗော့စ်ဟာ အကောင်းဆုံးပါ"
"မှတ်ထားပါ့မယ်"

"ပန်းချီကားတွေကို လေ့လာကြည့်စေချင်ပါတယ် ဆရာကတော်…။ ကျွန်မ ညွှန်းတဲ့ ပန်းချီကားကလေး ကို လဲ ကြည့်လိုက်ပါဦး။ ဒီအကြောင်း တခြားလူတွေကို ကျွန်မ လိုက်ပြောလိမ့်မယ်လို့ မထင်ပါနဲ့။ ကျွန်မ နှုတ်ပိတ်နေပါ့မယ်"
"ကျေးဇူးတင်ပါတယ် မစ္စက်ဒင်ဗာ" ကျွန်မ၏စကားဆုံးတော့ တံခါးကို ညင်သာစွာပိတ်ပြီး သူ ထွက် သွားသည်။ ကျွန်မလည်း အဝတ်အစားဆက်လဲရင်း သူ့အပြုအမူကို နားမလည်နိုင်အောင် ဖြစ်နေမိ သည်။ ဒီကိစ္စ အတွက် ဖေဗယ် ကိုပင် ကျွန်မက ကျေးဇူးတင်ရဦးတော့မှာလား။
ဂျက်ဖေဗယ်သည် ရဘက်ကာ၏အစ်ကိုဝမ်းကွဲတော်သည်။ ရဘက်ကာ၏အစ်ကိုဝမ်းကွဲကို မန်ဒါလေ၏ အရိပ်တောင် မနင်းရဟု ဘာကြောင့်များ မက်ဇင်မ်က ပိတ်ပင်ထားရသနည်း။ ဖေဗယ်ကို ဟေးလားဝါး လားသမားဟု ဘီယက်ထရစ်က ပြောခဲ့သည်။ ကျွန်မကတော့ ထိုမျှမကပင် ထင်မိပါသည်။ ရဘက်ကာ သည် ချောမောလှပသူ၊ လူတိုင်းက သဘောကျသူ၊ အဆင့်အတန်း မြင့်သူဖြစ်သည်။ ထိုကဲ့သို့သော အမျိုးသမီးက ဖေဗယ်လိုလူနှင့် ဘယ်လိုသွားပြီး မောင်နှမ တော်စပ်နေသနည်း။

သူတို့အမျိုးထဲမှာ ဂျက်ဖေဗယ်က စုန်းပြူးတစ်ကောင်အဖြစ် ပါလာတာဖြစ်နိုင်သည်။ ထို့ကြောင့် မက်ဇင်မ် မရှိသည့်အခါများတွင် ရဘက်ကာက လက်ခံတွေ့ဆုံကာပေးကမ်းထောက်ပံ့ခြင်းများ ပြုလိမ့် မည်။ မက်ဇင်မ် မကြိုက်မှန်းသိသောကြောင့် တိတ်တိတ်ခိုးတွေ့လိမ့်မည်။ သည်အကြောင်းများနှင့် ပတ်သက်ပြီးတော့ လည်း မက်ဇင်မ်နှင့် ရဘက်ကာတို့ အချင်းပွားခဲ့ကြလိမ့်မည်။
ညစာ စားကြတော့ ကျွန်မက ထိုင်နေကြနေရာမှာ ထိုင်သည်။ ကျွန်မ ထိုင်သည့်နေရာမှာ ရဘက်ကာ ထိုင်ပြီး ညစာစားနေပုံကို မြင်ယောင်နေမိသည်။ ထိုအခိုက် တယ်လီဖုန်းခေါင်းလောင်းမြည်လိမ့်မည်။ ဖရစ်က သွား နားထောင်မည်။ ပြီးတော့ ပြန်လာပြီး "မစ္စတာဖေဗယ်က စ ကားပြောချင်လို့ပါတဲ့ မဒမ်" ဟု ရဘက်ကာ ကို ပြောမည်။

ရဘက်ကာက မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက်ကြည့်ပြီး ထလိုက်သွားမည်။ မက်ဇင်မ်ကတော့ ဘာမှ အရေးမစိုက် သလို ညစာဆက်စားနေလိမ့်မည်။ ခဏကြာတော့ ရဘက်ကာ ပြန်လာမည်။ တခြား အ ကြောင်းတွေ လျှောက်ပြောနေလိမ့်မည်။ သူ့ထုံးစံအတိုင်း ရယ်စရာ မောစရာစကားတွေလည်း ပါမည်။ မက်ဇင်မ် ကတော့ တည်တည်ကြီးနေပြီး တစ်ခွန်းစနှစ်ခွန်းစသာ အလိုက်သင့် ပြန်ပြောနေလိမ့်မည်။ သို့ သော် ခဏကြာတော့ သူလည်း ရယ်စရာ စကားကလေးတွေ ပြန်ပြောနေလိမ့်မည်။ ရဘက်ကာက ကားရစ်ဘက် တွင် သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ပြောပြမည်။ မက်ဇင်မ် ကလည်း တဟားဟား ရယ်လိမ့်မည်။ ကျွန်မ၏စိတ်အာရုံထဲမှာ တသီကြီးပေါ်နေသည်။

"ဘာတွေများ သဲကြီးမဲကြီး စဉ်းစားနေတာလဲ" ဟု မက်ဇင်မ်က ကျွန်မကို လှမ်းမေးသည်။
ကျွန်မ လန့်သွားသည်။ မျက်နှာပေါ်မှာ ရဲကနဲဖြစ်သွားသည်။ ကျွန်မ အတွေးလွန်သွားသည်မှာ စက္ကန့် ပေါင်း ခြောက်ဆယ်လောက်တော့ အချိန်ကြာပါလိမ့်မည်။
"ထမင်းမစား ဘဲ မင်း ကိုးရိုးကားရားဖြစ်နေတာ သိရဲ့လား" ဟု သူက မေးသည်။ "ပထမ မင်း နားစွင့် နေတယ်။ တယ်လီဖုန်းခေါင်းလောင်းသံကို နားထောင်တဲ့သဘောမျိုး၊ ပြီးတော့ မင်း နှုတ်ခမ်းတွေ လှုပ် လာတယ်။ ပြီးတော့ ကိုယ့်ကို ကွက်ကနဲ တစ်ချက်လှမ်းကြည့်တယ်။ နောက်တော့ မင်း ခေါင်းယမ်း တယ်။ ပြီးတော့ ပြုံးတယ်။ နောက်ပြီးတော့ ပခုံးနှစ်ဖက်ကို တွန့်လိုက်တယ်။ စက္ကန့်ပိုင်းကလေးအတွင်း မင်း လုပ်နေတာတွေလေ။ ပွတ်သဘင်ပွဲကြီးအတွက် လေ့ကျင့်ခန်းဝင်နေတာလား… ဟား… ဟား…"

သူက တဟားဟားရယ်နေသည်။ ကျွန်မမှာတော့ တုန်လှုပ်ချောက်ချားသွားရပါသည်။ ကျွန်မ၏အမူ အရာ တကယ် ပဲ ပျက်ခဲ့ရပါသည်။ ကျွန်မ ဘာတွေ စိတ်ကူးနေမိကြောင်း သူ အမှန်အတိုင်း သိသွား လေပြီ လား။
"ရာဇဝတ်မှုတစ်ခုခု ကို မင်း ကျူးလွန်လိုက်မိသလိုပဲ။ ပြောစမ်းပါဦး… ဘာဖြစ်တာလဲ" သူက ဆက်မေး နေသည်။ "ဘာမှမဖြစ်ပါဘူး။ ကျွန်မ ဘာမှမလုပ်ပါဘူး" ဟု ကျွန်မက မြန်မြန် ပြန်ဖြေသည်။
"ဘာတွေ စဉ်းစားနေတယ်ဆိုတာ ပြောစမ်းပါဦး ညီမရယ်…" "ကျွန်မဘက် ကျတော့ ဘာဖြစ်လို့ အတင်းမေးနေရတာလဲ။ အစ်ကို ဘာတွေ စဉ်းစားနေတယ် ဆိုတာ ရော ကျွန်မ ကို ပြောဖူးလို့လား"
"ဘာတွေစဉ်းစားနေသလဲလို့ ညီမလေးမှ မမေးဖူးဘဲ။ မေးဖူးလို့လား"

"တစ်ခါ မေးဖူးတယ်" "အစ်ကို မမှတ်မိဘူး" "အစ်ကိုနဲ့ ကျွန်မ စာကြည့်ခန်းထဲမှာ ထိုင်နေတုန်းကလေ"
"အင်း… ပြော ပါဦး။ အစ်ကို ဘာပြန်ဖြေသလဲ" "ခရစ်ကတ်ကစားပွဲကို မစ်ဒယ်လ်ဆက်ကစားကွင်း မှာမလုပ် ဘဲ ဆာရေကစားကွင်းမှာ ဘယ်သူကများ ပြောင်းလုပ်သလဲလို့ စဉ်းစားနေတာပါလို့ အစ်ကို ဖြေခဲ့တယ်"
"ဟား… ဟား… ဒီအဖြေကြားတော့ ညီမလေး တော်တော် စိတ်ပျက်သွားမှာပေါ့။ အစ်ကို ဘာတွေ စဉ်း စားနေတယ် ထင်လို့လဲ" သူက တဟားဟား ရယ်ပြန်သည်။ သူကတော့ ရယ်နိုင်ပေမှာပေါ့။
"ဒါနဲ့မဆိုင် တဲ့ တခြားကိစ္စလို့ ထင်တာ" "ဘယ်လိုကိစ္စမျိုးလဲ" "အို… ကျွန်မ မသိဘူး"

"ဆာရေနဲ့ မစ်ဒယ်လ်အကြောင်း အစ်ကို စဉ်းစားနေတယ်လို့ ပြောရင် တကယ်လဲ အဲဒါကိုပဲ စဉ်းစားနေ တယ် ဆိုတာ ယုံပါ။ ယောက်ျားတွေဟာ ညီမလေး ထင်ထားတာထက်ပိုပြီး ရိုးသားကြပါတယ်ကွယ်။ ဒါ ပေမဲ့ မိန်းမတွေကျတော့ ဒီလိုမဟုတ်ဘူး။ အခုဆို ညီမလေး ဘယ်လိုဖြစ်သွားသလဲ သိလား။ ညီမလေး ရဲ့မျက်နှာအမူအရာဟာ လုံးလုံးကြီးပြောင်းလဲသွားတယ်" "ဟုတ်လား… ဘယ်လိုအမူအရာမျိုးလဲဟင်…"
"အစ်ကိုလဲ ရှင်းပြနိုင်မယ် မထင်ဘူး။ ညီမလေးရဲ့ပုံသဏ္ဌာန်ဟာ ချက်ချင်း အိုစာသွားတယ်။ တစ်ခုခုကို ဟန်ဆောင် လိုက်သလိုပဲ။ စိတ်ထိခိုက်သွားသလိုပဲ" ကျွန်မက ရေတစ်ကျိုက်သောက်ရင်း ဖန်ခွက်နှုတ်ခမ်း ကိုကျော်၍ သူ့ကို ကြည့်နေမိသည်။

"အသက်ကြီးတဲ့လူနဲ့တူတာ အစ်ကို မကြိုက်ဘူးလား" "မကြိုက်ဘူး" "ဘာဖြစ်လို့လဲ"
"ညီမလေးရုပ်နဲ့မလိုက်လို့" "တစ်နေ့ကျရင် ကျွန်မလဲ အသက်ကြီးရမှာပဲ။ အိုရမှာပဲ။ တားလို့ ရနိုင်တဲ့ တရား မဟုတ်ပါဘူး အစ်ကို။ ဆံပင်တွေဖြူရမယ်။ မျက်နှာပေါ်မှာ အရေတွေတွန့်ရမယ်"
"'ဒါက အရေးမကြီးပါဘူး" "ဒါဖြင့် ဘာက အရေးကြီးသလဲ" "အခုနတုန်းက ပုံစံမျိုးဖြစ်သွားတာတော့ မကြိုက်ဘူး။ ညီမလေး နှုတ်ခမ်းက တွန့်သွားတယ်။ မျက်လုံး အမူအရာကလဲ တစ်ခုခုကို သိလိုက် သလိုပဲ။ ညီမလေး မသိသင့်တဲ့ဟာမျိုးကို သိလိုက်သလိုပဲ" ကျွန်မ ရယ်ချင်စိတ် ပေါက်လာသည်။ စိတ်လည်း လှုပ်ရှား တက်ကြွလာသည်။

"ဘာကိုဆိုလိုတာလဲ အစ်ကို…။ မသိသင့်တဲ့ဟာမျိုးဆိုတာ ဘာကို ပြောတာလဲဟင်"
သူက ချက်ချင်းပြန်မဖြေပါ။ ဖရစ် ဝင်လာပြီး စားပြီးသော ပန်းကန်များကိုသိမ်းကာ အသစ်ချပေးသည်။ ဖရစ် ပြန်ထွက်သွားတော့မှ သူက ပြောသည်။ "မင်းကို အစ်ကို စတွေ့တုန်းက မင်းရဲ့မျက်နှာအမူအရာ ဟာ အခု အမူအရာအတိုင်း ရှိခဲ့တယ်။ ဒါကို ညီမလေး သဘောပေါက်အောင် ရှင်းမပြတတ်ဘူး။ ဘယ်လို ရှင်းပြရမယ်ဆိုတာလဲ မသိဘူး။ အဲဒီအမူ အရာကြောင့် ညီမလေးကို အစ်ကို လက်ထပ်ခဲ့တယ်။ အခုန အမူအရာ က အဲဒါမျိုးမဟုတ်ဘူး။ တစ်မျိုး ဖြစ်နေတယ်။ ရှိမြဲအမူအရာကို ခွာချလိုက်ပြီး တစ်ခုခု အစား ဝင်လာ သလိုပဲ"
"ဘယ်လို တစ်ခုခုလဲ အစ်ကို…။ ရှင်းပြပါဦး" ကျွန်မကို သူ ကြည့်ပြီး အကဲခတ်နေသည်။ မျက်ခုံးကို ပင့်ချီထားသည်။ ခပ်တိုးတိုးလည်း လေချွန်နေ သည်။

"အစ်ကို ပြောတာ သေသေချာချာ နားထောင် အချစ်…။ ညီမလေး ကလေးဘဝတုန်းက ညီမလေး မဖတ်သင့်တဲ့ စာအုပ်တွေ ကို ညီမလေးအဖေက သော့ခတ်သိမ်းထားတာမျို ကြုံဖူးသလား"
"ကြုံဖူးပါတယ်" "ကောင်းပြီ။ လင်ယောက်ျား ဆိုတာ အဖေနဲ့ ဘာမှမထူးဘူး။ ညီမလေး မသိစေချင်တဲ့ အကြောင်းတွေ ရှိ တယ်။ အဲဒါတွေကို သော့ခတ်သိမ်းထားရမှာပဲ။ အဲဒါသဘောပေါက်ကွာ။ ကဲ… ကဲ… စားလိုက်ဦး။ အစ်ကိုကို့ ဘာမှထပ်မမေးနဲ့တော့" "ခြောက်နှစ်သမီးကလေးအပေါ် ဆက်ဆံသလိုတော့ မဆက်ဆံစေချင်ပါဘူး အစ်ကို" "ဘယ်လို ဆက်ဆံစေချင်လို့လဲ" "တခြား လင်ယောက်ျားတွေက သူတို့ဇနီးတွေ ကို ဆက်ဆံကြသလို ဆက်ဆံစေချင်တာပေါ့" "နားရင်းထထ တီးနေတာမျိုးလား"

"ရယ်စရာ လုပ်မပစ်ပါနဲ့ အစ်ကို…။ ကိစ္စတိုင်းကို ဘာဖြစ်လို့ ရယ်စရာ လုပ်လုပ်ပစ်ရတာလဲ"
"ရယ်စရာမလုပ်ပါဘူးဗျာ။ အတည်ပြောနေတာပါ"
"မဟုတ်ပါဘူး… မဟုတ်ပါဘူး… အစ်ကို့မျက်လုံးကိုကြည့်တာနဲ့ သိတယ်…။ ကလေးလေးတစ်ယောက် ကို စသလို ကျွန်မကို အမြဲတမ်း စနေတယ်။ ကလေးတစ်ယောက်နဲ့ ကစားသလို အမြဲတမ်း ကစားနေ တယ်" "ထူးဆန်းသောနယ်မြေက ကောင်မလေးပေါ့…။ ဟား…  ဟား… ကိုယ့်စိတ်ကူး အင်မတန် ကောင်းတာ ပါကွာ။ ဟိုညမှာဝတ်ဖို့ အဝတ်အစားနဲ့ ဆံပင်ချည်ဖို့ ဖဲကြိုး ရပြီလား"
"အစ်ကို့ ကို သေသေချာချာ ပြောလိုက်မယ်။  ကျွန်မရဲ့အဝတ်အစားကို မြင်ရတဲ့အခါ အစ်ကို့တစ်သက် အအံ့သြဆုံးဖြစ်ရစေ့မယ်"

"ကောင်းပါပြီဗျာ… ကဲ… မက်မုန်းသီး စားလိုက်ဦး။ ပြီးတော့ အစားတွေ ပလုတ်ပလောင်းနဲ့ စကား မပြော နဲ့နော်… အစ်ကိုလဲ ရေးစရာစာတွေ အများကြီးရှိသေးတယ်ကွာ…" ကျွန်မ စားသောက်ပြီးသည့် အချိန် အထိ သူ မစောင့်တော့ပါ။ ဧည့်ခန်းထဲသို့ ကော်ဖီယူလာပေးရန် ဖရစ် ကိုပြောပြီး ထသွားတော့သည်။ ဖရစ် ကလည်း ကော်ဖီများယူပြီး ချက်ချင်း လိုက်သွားတော့သည်။ ညစာ စားပြီးသောအခါ အနုပညာခန်းမကြီး မှ ပန်းချီကားများကို ကြည့်ရန် ကျွန်မ တက်ခဲ့သည်။ ထိုပန်း ချီကားများကို ကျွန်မ ကောင်းကောင်း ကြည့်ဖူးပါသည်။ သို့သော်လည်း ကျွန်မ ဝတ်ဆင်ရန် အဝတ် အစား အထူးအဆန်း အတွက် သည်ပန်းချီကားတွေထဲက ကူးယူဖို့ စိတ်ကူးမရခဲ့။ မစ္စက်ဒင်ဗာ ပြော သည်မှာ မှန် ပါသည်။ စောစောက သည်စိတ်ကူးမျိုး မရခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပင် မကျေ မနပ် ဖြစ်မိပါသည်။

ဂါဝန်အဖြူဝတ်ပြီး ဦးထုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသော မိန်းကလေး၏ပုံတူပန်းချီကားကို အစ ကတည်း က ကျွန်မ သဘောကျနှစ်ခြိုက်ပြီး ဖြစ်ပါသည်။ ပန်းချီကားကို ရေးဆွဲသူမှာ နာမည်ကျော် ပန်း ချီ ဆရာကြီး ရေးဘန်းဖြစ်ပါသည်။ ပုံတူ အဆွဲခံမိန်းကလေးသည် မက်ဇင်မ်၏ညီမ ကာရိုလင်း ဒီဝင်း တား ဖြစ်ပါသည်။
ကာရိုလင်းဒီဝင်းတား သည် ဝှစ်ပါတီခေါင်းဆောင် နာမည်ကြီး နိုင်ငံရေးသမားတစ်ဦးနှင့် လက်ထပ်ခဲ့ပါ သည်။ ကာရိုလင်း၏အလှသည် နှစ်ပေါင်းများစွာ ကြာအောင် လန်ဒန်ရွှေမြို့တော်ကြီး မှာ ကျော်ကြား နေခဲ့ပါသည်။ လူတွေ ပြောမဆုံးအောင် ရှိနေခဲ့ပါသည်။ ယခု ပုံတူပန်းချီကား ကို ရေးဆွဲစဉ် က ကာရို လင်း ဒီဝင်းတား အိမ်ထောင်မကျသေးပါ။ အပျို ဘဝတုန်း က ရေးဆွဲခဲ့ခြင်းဖြစ် ပါသည်။ သူဝတ်ထား သည့် အဖြူရောင် ဂါဝန်ကြီးအတိုင်း ပုံတူချုပ်ရန်မှာ မခဲယဉ်းနိုင်ပါ။ ဦးထုပ်ကတော့ အနည်းငယ် ခက်ခဲ ပေလိမ့်မည်။ ဆံပင်လှိုင်းတွန့်ကလေးများအတွက် ဆံတုပုံ လုပ်နိုင်ပါသည်။ ကျွန်မ၏ ဆံပင်များက ဖြောင့်စင်းနေသည်။

 အဝတ်အစားနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ပြီမို့ ကျွန်မ စိတ်သက်သာရာရသွားပါသည်။ ကလား ရစ်ကိုလည်း ပြောပြလိုက်သည်။ ကလေးမကလေး အလွန်စိတ်အားတက်ကြွနေသည်။ နောက်နေ့ မနက်ကျတော့ လန်ဒန်ရှိ အပ်ချုပ်ဆိုင်သို့ စာရေးပြီး လှမ်းမှာလိုက်သည်။ ပုံကြမ်းနှင့် ကျွန်မ၏ကိုယ် တိုင်းပါ ပေးလိုက်သည်။ ကျွန်မ၏အမှာစာကိုရသည့်အတွက် ဂုဏ်ယူဝမ်းသာကြောင်း၊ ဆင်ယင်ကျင်းပ မည့်ပွဲကြီးအမီ ပို့ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားချက်ရသည်။

ပွတ်သဘင်ပွဲကြီးကျင်းပရန် ရက်နီးကပ်လာလေလေ၊ ကျွန်မနှင့် ကလားရစ်မှာလည်း စိတ်လှုပ်ရှား လာ လေလေ ဖြစ်နေသည်။ ပွတ်သဘင်ပွဲညတွင် ဘီယက်ထရစ်တို့ လင်မယား သည်မှာအိပ်ကြမည်။ အခါ တိုင်းတော့  ပွဲလာဧည့်ပရိသတ်အားလုံးလိုလို သည်မှာအိပ်ကြသည်ဆို၏။ လူတွေ များ လွန်းသော ကြောင့် သည်လောက်ကြီးမားသည့် မန်ဒါလေစံအိမ်ကြီး၏အိပ်ခန်းများပင် မလောက်ငနိုင်တော့ ဘဲ အချို့ဧည့်သည်များဆိုလျှင် ရေချိုးခန်းထဲမှာတောင် ဝင်အိပ်ရသည်ဟု ဆိုသည်။

ယခုတော့ ဘီယက်ထရစ်တို့လင်မယားနှင့် ကျွန်မတို့လင်မယားသာလျှင် သည်အိမ်ကြီးထဲမှာ အိပ်ကြ ရ တော့မည်။ အခြားလူတွေကိုပါ အိပ်ခိုင်းဖို့ မက်ဇင်မ်ကို ကျွန်မ ပြောကြည့်မိသေးသည်။
"ကပွဲအတွက် စီစဉ်ရတဲ့အလုပ်ကပဲ ပင်ပန်းလှပါပြီကွယ်" ဟု ပြောပြီး မက်ဇင်မ်က ငြင်းလိုက်ပါသည်။

တစ်အိမ်လုံး တွင် ပြင်ကြဆင်ကြနှင့် မည်သူမျှ မအားနိုင်အောင် ဖြစ်နေကြသည်။ စားပွဲ ကုလားထိုင်တွေ ရွှေ့ကြသည်။ ပန်းအိုးတွေ ပြင်ကြသည်။ တစ်အိမ်လုံး၊ ခြံဝင်းကြီးတစ်ခုလုံး လှုပ်လှုပ် ရွရွ ဖြစ်နေသည်။ အားလုံးထဲမှာ ဘာအလုပ်မှမရှိသူကတော့ ကျွန်မ တစ်ယောက်တည်းပင် ဖြစ်ပါသည်။
မစ္စက်ဒင်ဗာ က အားလုံးကို စီစဉ်ကွပ်ကဲနေသည်။ သူ အမိန့်ပေး ခိုင်းစေနေသည့် အသံများကို ဟိုမှ သည်မှ ကြားနေရသည်။ သို့သော် လည်း သူ့အသံကြားရာသို့ ကျွန်မ ရောက်သွားတိုင်း ချက်ချင်း ပျောက် သွားတတ်သည်။ သည်ဘက်က ဝင်လျှင် ဟိုဘက်က ထွက်သွားတတ်သည်။
ဆန်းကြယ်သော အဝတ်အစားများဝတ်ဆင်ပြီး တက်ရသည့် ပွတ်သဘင်ပွဲကြီးကျင်းပမည့်နေ့။

မက်ဇင်မ်နှင့် ကျွန်မသည် ထိုနေ့က နေ့လယ်စာကို ဖရင့်ခရော်လေ အိမ်မှာ သွားစားကြမည်။ ကျွန်မတို့ သုံးယောက် တည်း အေးအေးလူလူ စားကြရသည်မှာ အေးချမ်းလှပါသည်။ ပွဲကြီးကျင်းပဖို့က နာရီပိုင်း သာ လိုတော့သည်။ ကျွန်မ စိတ်ထဲမှာလည်း လှုပ်ရှားနေသည်။ မက်ဇင်မ်နှင့်လက်ထပ်ခဲ့သည့် မနက်က ခံစား ခဲ့ရသော စိတ်လှုပ်ရှားမှုမျိုးပင် ဖြစ်သည်။
ကျွန်မမှာထားသည့် အဝတ်အစားလည်း အချိန်မီရောက်လာပြီးဖြစ်သည်။ မနက်တုန်းကပင် အခန်း တံခါးပိတ်ပြီး အစမ်းဝတ်ကြည့်ခဲ့မိသေးသည်။ ထိုအဝတ်ကို ဝတ်လိုက်တော့ ကျွန်မ၏ပုံစံက လုံးလုံးကြီး ပြောင်းလဲသွားတော့သည်။ မက်ဇင်မ်နှင့်ဖရင့် က ကျွန်မ၏အဝတ်အကြောင်းကိုသာ တမေး တည်း မေး နေကြသည်။

"မပြောနိုင်ပါဘူး…။ အစ်ကိုတို့နှစ်ယောက်စလုံး ဒီတစ်သက်မှာ အအံ့သြဆုံး ဖြစ်သွားစေရမယ်" ကျွန်မ ကလည်း အလျှော့မပေး။ "လူပြက်လို ဝတ်ဆင်ပြီး ထွက်လာမှာတော့ မဟုတ်ပါ ဘူးနော်…။ ပျော်စရာကောင်းအောင်ဆိုပြီး လန့် စရာကြီးဝတ်ဆင်ပြီး ထွက်လာမှာတော့ မဟုတ်ပါ ဘူးနော်…" ဟု မက်ဇင်မ် ကပင် စိတ်မရှည်တော့သလို မေးသည်။
"မဟုတ်ပါဘူး…။ အဲဒါမျိုးမဟုတ်ပါဘူး" ဟု ကျွန်မက ပြန်ဖြေသည်။ အလွန်အရေးကြီးသည့်ပုံစံမျိုး လည်း လုပ်နေလိုက်မိသည်။ "အစ်ကိုပြောသလို ထူးဆန်းသောနယ်မြေက ကောင်မကလေး လုပ်လိုက်ရင် ပြီးတာပဲကွာ" "မစ္စက်ဒီဝင်းတား ဘာပဲဝတ်ဝတ်  ကျွန်တော်တို့ သဘောကျမှာပါဗျာ" ဟု ဖရင့်ခရော်လေ က ပြောသည်။

"ဖရင့်… သွားမြှောက်မနေနဲ့။ သူ့ဟာနဲ့သူ ဟုတ်လှပြီထင်နေတာ။ ဘီယက်ထရစ်နဲ့ သူတွေ့မယ်။ ကြည့် နေ… ဒီအခမ်းအနားမျိုး မှာ မတော်တာ တစ်ခုခု တွေ့ပြီဆိုရင် ဘီယက်ထရစ်က အလျင် သတိထားမိ တာချည်းပဲ။ ဘယ်သူ့မှလဲ ဂရုစိုက်မနေဘူး။ ဟိုတစ်ခါတုန်းကလဲ ကြည့်ပါလား…။ သူ့ဆံတုကြီး က စောင်းသွားတော့ အလကားဟာကြီးဆိုပြီး လူတွေကြားထဲမှာ ဆွဲဖြုတ်ပစ်တာလေ…။ ပြီးတော့ တစ်ည လုံး ဒီအတိုင်းနေတော့ တာပဲ။ အဲဒီညတုန်းက ဂျိုင်းလ်စ် သနားပါတယ်။ သူက ထမင်းချက် အဝတ်အစား တွေ ဝတ်လို့။ သူ့မိန်းမ လူကြားထဲမှာ ဒီလိုလုပ်ရသလားဆိုပြီး ဘားခန်းထဲမှာ ကုတ်ကုတ် ကလေး ဝင် နေတယ်။ တစ်ချက်ကလေးတောင် မပြုံးရဲတော့ဘူး" "မဟုတ်ဘူး ခင်ဗျ… အဲဒါကြောင့် မဟုတ်ဘူး။ နောက်ရောက်လာတဲ့ မြင်းအသစ်တစ်ကောင်ကို သူ ကြိုးစားစီးကြည့်ရင်း လိမ့်ကျလို့ ရှေ့သွားနှစ်ချောင်း ကျိုးသွားတယ်လေ…။ ဆရာ မမှတ်မိဘူးလား။ သွားကျိုးကြီး လူမြင်မှာ စိုးလို့ သွားပုနေတာ"

"သြော်… ဒီလိုလား… သနားပါတယ်။ ဆန်းဆန်းကြယ်ကြယ်တွေ ဝတ်ရတာ သူသိပ်သဘောကျတယ်"
"မစ္စက်ဒီဝင်းတား… ထမင်းထပ်ယူပါဦး ခင်ဗျာ" "တော်ပါပြီ ဖရင့်… ကျွန်မ ရင်ပြည့်နေ ပါတယ်။ ကျေးဇူး တင်ပါတယ်" "ရင်ခုန်နေတာကွ… ဟား… ဟား… ရင်ခုန်နေတာ။ ဒါပေမဲ့ မနက်ဖြန် ဒီအချိန်ဆိုရင် အားလုံး ပြီးသွားပါ ပြီ" ဟု မက်ဇင်မ်က ပြောသည်။ "မှန်ပါတယ် ခင်ဗျာ… မနက်ဖြန်ဆိုရင် ပြီးသွားမှာပါ"
ဖရင့် က အလေးအနက် အမူအရာဖြင့် ဝင်ပြောသည်။

"မော်တော်ကားတွေအားလုံး မနက်ငါးနာရီ မှာ အသင့်ပြင်ထားကြဖို့လဲ မှာရဦးမယ်"
ခပ်ယဲ့ယဲ့ ကလေး ကျွန်မ ရယ်မိပါသည်။ မျက်လုံးထဲမှာလည်း မျက်ရည်များ ပြည့်လာသည်။
"အို… အစ်ကိုရယ်… ဘယ်သူမှ မလာကြနဲ့တော့လို့ သံကြိုးရိုက်လိုက်ကြရအောင်ပါ" ဟုလည်း မက်ဇင်မ် ကို ပြောမိသည်။ "ညီမလေးကလဲကွာ… ရဲရဲရင်ဆိုင်စမ်းပါ။ နှစ်ပေါင်းအတော်ကြာတဲ့အထိ ဒီလိုပွဲမျိုး ပြန်လုပ်ဖို့ မလိုတော့ပါဘူး…။ ဖရင့်… ကိုယ်တို့ပြန်လိုက်ဦးမှ"

ဆက်ရန်
.

No comments: