ရပ်နေသူမှာ မစ္စက်ဒင်ဗာဖြစ်ပါသည်။ မုန်းတီးစက်ဆုပ် ရွံရှာသော၊
အောင်ပွဲခံအနိုင်ယူ လိုက်နိုင်အောင် အမူအရာ မျိုး ကို သူ့မျက်နှာပေါ်မှာ
မြင်ရပါသည်။ သည်အမူအရာကို ကျွန်မ တစ်သက် တွင် မေ့ပျောက် နိုင်တော့မည်
မဟုတ်ပါ။ ထိုတံခါးပေါက်မှာ သူ ရပ်ပြီး ပြုံးပြုံးကြီး ကြည့်နေ ပါသည်။
သူ့ကို ကျောခိုင်းပြီး ကျဉ်းမြောင်းသော စင်္ကြံကလေးအတိုင်း ကျွန်မ အခန်းဆီသို့ အားသွန်ပြေး ခဲ့ပါ သည်။ ကြမ်းပြင်ပေါ် မှာ ဒရွတ်တိုက်နေသော ဂါဝန်အောက် အနားသားများကြောင့် လဲတော့ ပြိုတော့ မလို ဖြစ်နေ ပါသည်။ ကို ဆက်ဖတ်ရန်....

အခန်း (၁၇)
ကျွန်မအိပ်ခန်းထဲမှာ ကလားရစ် စောင့်နေသည်ကို တွေ့ရပါသည်။ သူလည်း သွေးဆုတ်သလို ဖြစ်နေ သည်။ ကျွန်မကို မြင်သည်နှင့်တစ်ပြိုင်တည်း ချုံးပွဲချငိုလိုက်ပါသည်။ ကျွန်မ ဘာတစ်ခွန်းမျှမပြောပါ။ ဂါဝန် မှ ချိတ်များကိုသာ ဆွဲဖြုတ်နေမိသည်။ သေသေချာချာ ဖြုတ်နိုင်စွမ်းလည်းမရှိပါ။ ကလားရစ်က ထ လာပြီး ကူဖြုတ်ပေး သည်။ ကျယ်လောင်စွာလည်း ငိုရှိုက်နေဆဲဖြစ်ပါသည်။
"ကိစ္စမရှိဘူး ကလားရစ်… ဒါဟာ မင်း အမှားမဟုတ်ပါဘူး" ဟု ကျွန်မက ပြောသော်လည်း သူက ခေါင်း ကို သွက်သွက်ခါအောာင် ယမ်းနေသည်။ ပါးပြင်နှစ်ဖက်ပေါ်သို့ မျက်ရည်များ ဒလဟော စီးကျ နေသည်။
"မမရဲ့အင်မတန်လှတဲ့ ဂါဝန်ကလေး ပျက်စီးကုန်တော့မယ်…"
"အရေးမကြီးပါဘူးကွယ်…။ ချိတ်ကို မတွေ့ဘူးလား။ ကျောမှာလေ… နောက်တစ်ခုက အဲဒီအောက်နား မှာ" ချိတ်များကို ခဲရာခဲဆစ် လိုက်ဖြုတ်နေသည့် သူ့လက်များ တဆတ်ဆတ်တုန်နေသည်။ အသက်ကို လည်း သူ ဖြောင့်အောင် မရှုနိုင်ပါ။ ထို့ကြောင့် ကျွန်မကိုယ်တိုင် ဖြုတ်သည်ထက်ပင် သူဖြုတ်တော့မှ ပို ခက်နေသေးသည်။ "ဒါမဝတ်ရင် မမ ဘာကိုဝတ်မှာလဲ" "ငါ မသိဘူး… ငါ မသိဘူး…" ချိတ်များအားလုံးကို သူဖြုတ်ပြီးသွားပြီ။ ထို့ကြောင့် ဂါဝန်ထဲမှနေ၍ ကျွန်မ ထွက်လိုက်သည်။ "ငါတစ်ယောက်တည်းပဲ နေချင်တယ်။ မင်း သွားတော့နော်… ဘာမှမပူပါနဲ့။ ကျန် တာတွေ ငါ့ဟာငါ လုပ်မယ်။ ဘာဖြစ်တယ်ဆိုတာတွေ မေ့ပစ်လိုက်တော့။ ဒီပွဲမှာ မင်း ပျော်စေချင်ပါ တယ်"
"မမဖို့ အဝတ်အစား ထုတ်ပေးခဲ့ရမလား။ ဘယ်လောက်မှမကြာပါဘူး" သူက ကျွန်မကိုမော့ကြည့်ပြီး မေးသည်။ သူ့မျက်လုံးများ ဖောင်းမို့ပြီး စိုရွှဲနေသည်။
"နေပေစေ… ဒုက္ခမရှာနဲ့… မင်းသာ သွားတော့။ ပြီးတော့…"
"ဟုတ်ကဲ့ မမ"
"အခု… အခု… ဖြစ်တာတွေ ဘယ်သူ့ကိုမှ မပြောနဲ့"
"မပြောပါဘူး မမ…" ကလားရစ်က တစ်ချက်ရှိုက်လိုက်ပြန်သည်။
"မင်း အခုလိုဖြစ်နေတာ တခြားလူတွေ မမြင်စေနဲ့။ မင်းအခန်းကို ပြန်ပြီး မျက်နှာကို ပေါင်ဒါရိုက်လိုက် ဦး၊ ငိုစရာအကြောင်း မရှိပါဘူးကွယ်။ ဘာမှငိုစရာ အကြောင်းမရှိပါဘူး"
တစ်စုံတစ်ယောက်က အခန်းတံခါးကို လာခေါက်သည်။ ကလားရစ်က ကျွန်မကို ထိတ်လန့်တကြီး တစ် ချက်လှမ်းကြည့်သည်။
"ဘယ်သူလဲ" ဟု ကျွန်မက လှမ်းမေးသည်။ တံခါးပွင့်ပြီး ဘီယက်ထရစ် ဝင်လာသည်။ ကျွန်မဆီသို့ တန်းတန်းမတ်မတ်လာသည်။ အာရပ်စော်ဘွားကတော် အဝတ်အစားနှင့် သူ့ရုပ်သည်ရယ်စရာကောင်း နေသည်။ လက်ကောက်ဝတ်မှ ခြူကလေးများက အသံမြည်နေသည်။
"ညီမလေးရယ်… ညီမလေးရယ်…" သူက လက်နှစ်ဖက်ဆန့်တန်းပြီး လာသည်။
ကလားရစ်က အခန်းထဲမှ ထွက်သွားသည်။ ကျွန်မသည် ချက်ချင်းဆိုသလို ပင်ပန်းနွမ်းနယ်သွားပြီး မဟန်နိုင်အောင် ဖြစ်လာသည်။ ခုတင်ပေါ်မှာ သွားပြီး ထိုင်လိုက်ရသည်။ ခေါင်းပေါ်မှ ဆံပင်ပုံတုကြီးကို ကျွန်မ ဖြုတ်လိုက်သည်။ ဘီယက်ထရစ်က မတ်တတ်ရပ်လျက် စောင့်ကြည့်နေသည်။
"ညီမလေး နေကောင်းရဲ့လား…။ မင်းမျက်နှာမှာ သွေးမရှိတော့ဘူး" ဟု သူက ပြောသည်။
"မီးရောင်တွေကြောင့်ပါ မမရယ်…။ မီးရောင်များရင် ကျွန်မ သွေးရောင်လျော့သွားစမြဲပါပဲ"
"ခဏထိုင်ပြီး နားနေလိုက်ရင် ကောင်းသွားမှာပါ။ ခဏစောင့်နော်။ မမ ရေတစ်ခွက် သွားခပ်လိုက်မယ်"
ရေချိုးခန်းထဲသို့ သူ ဝင်သွားသည်။ သူ လှုပ်ရှားလိုက်တိုင်း ခြူသံကလေးများ မြည်သွားသည်။ ခဏ ကြာတော့ ရေတစ်ခွက်ယူပြီး ပြန်ဝင်လာသည်။
သူ စိတ်ကျေနပ်ပါစေတော့ဆိုပြီး နည်းနည်းသောက်လိုက်ပါသည်။ သောက်ချင်စိတ် လုံးဝမရှိပါ။ ရေက လည်း နွေးနေသည်။ ရေဘုံဘိုင်ခေါင်းမှ ရေကို အေးသည်အထိ မစောင့်ဘဲ သည်အတိုင်းခံပြီး ယူလာပုံ ရသည်။
"ဆိုးဆိုးရွားရွားကြီးကို မှားသွားပြီဆိုတာ မမ ချက်ချင်း သိလိုက်ပါတယ်ကွယ်…။ ဒီအကြောင်းကို ညီမ လေးအနေနဲ့ သိထားနိုင်စရာ အကြောင်းလဲ ဘယ်ရှိပါ့မလဲ" ဟု သူက ပြောသည်။
"ဘာကို သိရမှာလဲ"
"ညီမလေး ဝတ်လာတဲ့ အဝတ်အကြောင်းကို ပြောနေတာလေ…။ ပန်းချီကားထဲက အဝတ်ပုံစံကို ယူ ချင်တယ်ဆိုတာလေ။ မန်ဒါလေမှာ နောက်ဆုံးလုပ်ခဲ့တဲ့ ပွတ်သဘင်ပွဲကြီးမှာ ရဘက်ကာဝတ်ခဲ့တဲ့ အဲဒီ အဝတ်ပဲပေါ့ ညီမလေးရယ်…။ တစ်ပုံစံတည်းပါပဲ။ သူကလဲ အဲဒီ ပန်းချီကားထဲက ပုံစံကိုယူပြီး ချုပ်တာ။ တစ်ပုံစံတည်း၊ တစ်ရောင်တည်းပဲ။ လှေကားထိပ်မှာ ညီမလေး ရပ်နေတုန်း… အင်မတန် ချောက်ချားစ ရာကောင်းတဲ့ အဲဒီအချိန်ကလေးမှာ မမ တွေးနေမိတာက…"
သူက စကားဆုံးအောင် ဆက်မပြော။ ကျွန်မ၏ပခုံးကို လက်နှင့်ပုတ်နေသည်။
"သနားစရာကောင်းလိုက်တဲ့ ညီမလေးရယ်…။ ကံဆိုးလိုက်တာ။ ညီမလေးအနေနဲ့လဲ ဘယ်သိနိုင်ပါ့ မလဲကွယ်"
"ကျွန်မ သိဖို့ကောင်းတယ်" ကျွန်မက အမိုက်အမဲလို ပြောသည်။ သူ့ကိုလည်း နားမလည်နိုင်သလို ငေး ကြည့်နေမိသည်။ "ကျွန်မ သိသင့်ပါတယ် မမရယ်"
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့။ ညီမလေး ဘယ်လိုလုပ်သိနိုင်ပါ့မလဲ၊ ဒီအကြောင်းကို မမ တို့ကရော ဘယ်လိုလုပ် စိတ်ကူးပေါက်နိုင်ပါ့မလဲ။ ဒီလိုမြင်လိုက်ရတော့ ရုတ်တရက် ကြောင်သွား တယ်။ မမတို့ ဘယ်သူကမှ မျှော်လင့်မထားဘူး။ ပြီးတော့ မက်ဇင်မ်…"
"မက်ဇင်မ် ဘာဖြစ်သလဲဟင်…"
"ဒါ မင်း တမင်လုပ်တာလို့ မက်ဇင်မ်က ထင်တယ်။ တို့တစ်သက်မှာ အံ့သြစရာအကောင်းဆုံးဖြစ် အောင် လုပ်မယ်လို့လဲ မင်းက ပြောထားခဲ့တယ် မဟုတ်လား။ ရယ်စရာတစ်ခုကို တမင်လုပ်ပြလိုက် မယ်လေဆိုတဲ့ သဘောလေ… ဟုတ်တယ်။ သူလဲ နားမလည်နိုင်ဘူး။ သူလဲ အရမ်းတုန်လှုပ်ချောက် ချားသွားတယ်။ ဒါဟာ မင်းက တမင်လုပ်တာမဟုတ်ဘူးလို့ သူ့ကို မမ ချက်ချင်း ပြောပြပါတယ်။ ဒီပန်း ချီကားကိုမှ ထပ်တူထပ်မျှ မင်း ရွေးမိတာက ဂြိုလ်ဆိုးမွှေလို့ ဖြစ်သွားတာပါလို့ မမ ပြောပါတယ်"
"ကျွန်မ ကြိုတင်သိထားသင့်တယ် မမရယ်…" ကျွန်မက ဒီစကားကိုပဲ ထပ်ပြောမိပြန်ပါသည်။ "ဒါတွေ အားလုံး ကျွန်မ အပြစ်တွေဖြစ်သွားပြီ။ ကျွန်မ မြင်ဖူးခဲ့ဖို့ ကောင်းတယ်။ ကျွန်မ သတိထားခဲ့ဖို့ကောင်း တယ်"
"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… ကဲ… ဘာမှ စိတ်မပူနဲ့တော့။ သူ့ကို ဖြည်းဖြည်းချင်း ညီမလေး ရှင်းပြနိုင် သားပဲ။ အားလုံး အဆင်ပြေသွားမှာပါ။ မမ ဒီအပေါ်ထပ်ကို တက်လာတဲ့အချိန်မှာ ဧည့်သည်တွေ စ ရောက်နေပြီ။ အရက်တောင် စသောက်ကုန်ကြပြီ။ အားလုံး အဆင်ပြောနေပါတယ်ကွယ်…။ ညီမလေး ရဲ့ အဝတ်မတော် လို့ ညီမလေး သိပ်စိတ်ပျက်နေကြောင်း… မကျေမနပ်ဖြစ်နေကြောင်း ဧည့်သည်တွေ ကို ပြောပြထား ဖို့ ဖရင့်နဲ့ ဂျိုင်းလ်စ်ကို မမ မှာခဲ့ပါတယ်"
ကျွန်မ ဘာမျှပြန်မပြောပါ။ ပေါင်ပေါ်မှာ လက်နှစ်ဖက်တင်ပြီး ခုတင်ပေါ်တွင် ထိုင်မြဲထိုင်နေမိပါသည်။
"တခြား ဘာဝတ်မလဲ" ဘီယက်ထရစ်က ပြောပြောဆိုဆို အဝတ်ဗီရိုရှိရာသို့ ထသွားပါသည်။ ဗီရိုတံခါး ဖွင့်ပြီး… "ဟောဒီမှာ… ဟောဒီဂါဝန် အပြာကလေး မကောင်းဘူးလား… သိပ်လှတာပဲ။ ဒါလေးကို ဝတ်နော်…။ ဘယ်သူက မှ ဘာမှမပြောပါဘူး။ ကဲ… မြန်မြန်လုပ်… မမ ကူဝတ်ပေးမယ်" ဟု ပြောနေ သည်။
"မဝတ်တော့ဘူး… မဝတ်တော့ဘူး… ကျွန်မ အောက်ထပ် ကို ဆင်းမလာတော့ဘူး"
ဘီယက်ထရစ် က ကျွန်မကို ထိတ်လန့်တကြား ငေးကြည့်နေသည်။ ကျွန်မ၏အပြာရောင် ဂါဝန်ကလေး က သူ့လက်ပေါ် မှာ တွဲလောင်း။
"မဟုတ်တာ ဘဲ ညီမလေးရယ်…။ မင်း ဆင်းလာမှ ဖြစ်မှာပေါ့။ မင်း မလာလို့ ဘယ်ဖြစ်မလဲ" သူက စိတ် မချမ်းမြေ့စွာ ပြောသည်။
"ကျွန်မ မလာတော့ဘူး မမ… မဆင်းတော့ဘူး။ ဒီလိုအဖြစ်ကြီး ဖြစ်ပြီးမှတော့ သူတို့ကို ရင်မဆိုင် ရဲ တော့ဘူး"
"ဒီအဝတ်အစား အကြောင်း ဘယ်သူမှမသိပါဘူး ညီမလေးရယ်…။ ဖရင့်နဲ့ ဂျိုင်းလ်စ်က တစ်လုံးမှ ဖွင့် ပြောမှာ မဟုတ်ပါဘူး။ ဧည့်သည်တွေကို ရှင်းပြဖို့ ဇာတ်လမ်းတစ်ခု လုပ်ထားပြီးပြီပဲ။ အပ်ချုပ်ဆိုင်က အထည် မှားပြီး ပို့လိုက်တယ်။ မင်းနဲ့မတော်ဘူး။ ဒါကြောင့် စီစဉ်ထားသလို မဟုတ်တော့ဘဲ ရိုးရိုးအဝတ် ကိုပဲ ဝတ်ရတော့ တယ်။ ဒါဟာ ဖြစ်တတ်တဲ့ သဘောပဲလို့ အားလုံးက ထင်ကြမှာပါ။
ဒီအတွက်ကြောင့် တော့ ဒီပွဲမှာ ဘာမှထူးခြားမသွားပါဘူး"
"မမ သဘောမပေါက်ပါဘူး။ အဝတ်ကြောင့် မဟုတ်ပါဘူး။ အဝတ်နဲ့ဘာမှမဆိုင်ပါဘူး။ ကျွန်မ ဒီလိုလုပ် လိုက်တဲ့ အတွက် အခုလိုဖြစ်သွားရတာနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်မ ဆင်းမလာနိုင်တော့ဘူး မမ ရယ်…။ မဆင်းနိုင်တော့ဘူး"
"ဒါပေမဲ့ ညီမလေးရယ် ဖရင့်နဲ့ ဂျိုင်းလ်စ်က သေသေချာချာ နားလည်ပါတယ်။ ညီမလေးအပေါ်မှာလဲ သူတို့ ကရုဏာအပြည့်ထားပါတယ်။ မက်ဇင်မ်ကလည်း ဒီအတိုင်းပါပဲ။ အခုဟာက ရုတ်တရက်မို့ တုန် လှုပ်သွားတာပါ။ တစ်မိနစ်လောက် သူနဲ့ နှစ်ယောက်ချင်တွေ့အောင်လုပ်ပြီး မမ ရှင်းပြလိုက်ပါ့မယ်"
"မဖြစ်ဘူး မမ… မဖြစ်နိုင်တော့ဘူး"
ဘီယက်ထရစ်က ဂါဝန်ပြာကလေးကို ခုတင်ပေါ်က ကျွန်မဘေးမှာ တင်လိုက်သည်။
"ဧည့်သည်တွေ စုံတော့မယ်…" သူက စိုးရိမ်တကြီး ပြောသည်။ သူ့စိတ်လည်း ယောက်ယက်ခတ်နေ ပြီ။
"ညီမလေး ဆင်းမလာရင် သိပ်ကိုအရုပ်ဆိုးကုန်လိမ့်မယ်။ ရုတ်တရက် ခေါင်းကိုက်ပြီး နေမကောင်းဖြစ် သွားလို့ပါဆိုတာမျိုးလဲ မမ ပြောလို့ ဘယ်ဖြစ်နိုင်ပါတော့မလဲ"
"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ" ကျွန်မက ပင်ပန်းစွာ ပြန်ပြောသည်။ "ဒါဘာအရေးလဲ… ဒီအတိုင်းပြော လိုက် ဖြစ်တာပဲ။ ဘယ်သူကမှ စိတ်မကောင်းဖြစ်မှာမဟုတ်ပါဘူး။ ကျွန်မကို သိတဲ့လူတွေမှ မပါတာ"
"တော်ပါတော့ ညီမလေးရယ်…" သူက ပြောရင်း ကျွန်မ လက်မောင်းကို ပုတ်နေပြန်ပါသည်။ "ကြိုးစား ကြည့် ပါဦး။ အားတင်းလိုက်စမ်းပါဦး။ ဒီအပြာရောင် ဂါဝန်လှလှကလေးကိုလဲ ဝတ်ပါကွယ်။ မက်ဇင်မ်ရဲ့ မျက်နှာ ကို ထောက်ထားပါဦး။ သူ အရှက်တကွဲအကျိုးနည်းမဖြစ်ဖို့အတွက်တော့ ညီမလေး ဆင်းလာ သင့်ပါတယ်"
"ကျွန်မဟာ အချိန်ရှိသမျှ မက်ဇင်မ် အကြောင်းကိုပဲ တွေးနေရသူပါ မမရယ်"
"ကိုင်း… ဒီလိုဆိုရင် ဆင်းကြရုံပေါ့"
"မဆင်းဘူး…" ကျွန်မက အိပ်ရာကို လက်သဲများဖြင့် ကုတ်ခြစ်နေမိသည်။ "ကျွန်မ မဆင်းနိုင်ဘူး… မျက်နှာချင်း မဆိုင်နိုင်တော့ဘူး"
တစ်ယောက်ယောက် က တံခါးလာခေါက်သည်။ "အို… ဒုက္ခပါပဲ… အရေးထဲမှာ ဘယ်သူကများ တံခါး လာခေါက်နေပါလိမ့်" ဘီယက်ထရစ်က တံခါးဆီသို့ လျှောက်သွားသည်။ "ဘာကိစ္စလဲ" ဟု မေးသည်။
တံခါးကို သူ ဖွင့်လိုက်တော့ ဂျိုင်းလ်စ် ရပ်နေသည်ကို တွေ့ရသည်။
"လူတွေစုံနေပြီ။ မက်ဇင်မ်က ဘာဖြစ်နေသလဲ သွားကြည့်စမ်းဆိုလို့"
"သူက အောက်ကို မဆင်းတော့ဘူးလို့ ပြောနေတယ်။ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုပြော ကြမလဲ"
ဂျိုင်းလ်စ် က ကျွန်မကို လှမ်းကြည့်ကြောင်း မြင်လိုက်ရသည်။
"ဟိုက်… ဒုက္ခပါပဲ… အားလုံးတော့ ရှုပ်ကုန်တော့မှာပဲ"
သူက လေသံကလေးနှင့်ပြောသည်။ သူ့ကို ကျွန်မ လှမ်းမြင်လိုက်ကြောင်း သိသွားသဖြင့် ရှက်ကိုးရှက် ကန်းဖြင့် တစ်ဖက်သို့ မျက်နှာလွှဲသွားသည်။
"မက်ဇင်မ် ကို ငါ ဘာပြန်ပြောရမလဲ။ အခု ရှစ်နာရီ ငါးမိနစ်ရှိနေပြီ"
"စိတ် သိပ်ထိခိုက်နေတယ်လို့ ပြောလိုက်ပါ။ ဒါပေမဲ့ ကြိုးစားဦးမယ်။ နောက်မှ လိုက်ခဲ့မယ်။ ညစာစား ဖို့ စောင့်ပါဦးလို့ ပြောလိုက်ပါ။ ကျွန်မ တန်းပြီး ဆင်းလာခဲ့မယ်။ အဆင်ပြေအောင် ကျွန် လုပ်လိုက်ပါ့မယ်"
"အင်း… မင်း ပြောတာ သိပ်ကောင်းတယ်" ဂျိုင်းလ်စ်က ကျွန်မဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြန် သည်။ ကြင်နာသော အကြည့်မျိုး။ သို့သော်လည်း ခုတင်ပေါ်မှာ ကျွန်မ ဘာလုပ်နေသနည်းဆိုသည်ကို သိချင်သည့် အကြည့်မျိုးဖြစ်ဖို့ ပိုများသည်။ သူ့လေသံကလည်း တိုးတိတ်လွန်းလှသည်။
"ငါ လုပ်ပေးနိုင်တာ တစ်ခုခုရှိသလား"
"မရှိဘူး… ကဲ… သွားတော့… ခဏကြာရင် ကျွန်မ လိုက်ခဲ့မယ်"
ဘီယက်ထရစ် ၏စကားကို သူ နားထောင်ပါသည်။ ချက်ချင်း ပြန်လှည့်ထွက် သွား သည်။ နောင် နှစ် ပေါင်း များစွာကြာမှ ထိုအကြောင်းကလေး ကို ပြန်စဉ်းစားလျှင် အလွန် ရယ်ချင် စရာကောင်းလိမ့်မည်ဟု ထိုတခဏအချိန်တုန်းက ကျွန်မ တွေးလိုက်မိပါသည်။
"ဂျိုင်းလ်စ် က အာရပ်စောဘွားလိုဝတ်လို့... ဘီယက်ထရစ်က မျက်နှာပေါ်မှာ မျက်နှာဖုံးကြီးနဲ့။ သူ့ လက်ကောက်ဝတ် က ခြူသံတွေကလဲ တချွင်ချွင်နဲ့။ မှတ်မိသေးလား" ဟု ကျွန်မက မေးမိကောင်း မေး မိပါလိမ့် မည်။ အဖြစ်အပျက်များကို အချိန်က ကုစားပစ်ပါလိမ့်မည်။
ယခုတော့ ကျွန်မ မရယ်နိုင်ပါ။ ယခုသည် အနာဂတ်မဟုတ်ပါ။ လက်ငင်း နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေ ရခြင်းဖြစ်ပါသည်။ ထင်ထင်ရှားရှားကြီး ကြုံတွေ့နေရခြင်းဖြစ်ပါသည်။ ခုတင်ပေါ်မှာထိုင်ရင်း မွေ့ရာစွန်း က ငှက်မွှေး ကလေး များကို ဆွဲထုတ်နေမိပါသည်။
"ဘရန်ဒီ နည်းနည်း သောက်လိုက်ပါလား ညီမလေး…" ဘီယက်ထရစ် က ပြောသည်။ နောက်ဆုံး အနေ ဖြင့် ကြိုးစားကြည်ခြင်းဖြစ်ပါသည်။ "ဒတ်ခ်ျလူမျိုးတွေဟာ ဒီလိုပဲ ရဲဆေး တင် တတ်တယ်။ တစ်ခါတလေ တော့ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်ပါတယ်ကွယ်…"
"မသောက်ချင်ဘူး… မသောက်ချင်ဘူး… ကျွန်မ ဘာမှမသောက်ချင်ဘူး"
"မမ သွားတော့မယ်…။ ညစာစားဖို့ စောင့်နေကြပြီလို့ ဂျိုင်းလ်စ်က ပြောသွားတယ်။ ညီမလေးကို တစ် ယောက်တည်း ထားခဲ့လို့ ဖြစ်ပါတယ်နော်…"
"ဖြစ်ပါတယ်… ကျေးဇူးတင်ပါတယ် မမ"
"အို… ညီမလေး ရယ်… မမကို ကျေးဇူးတင်စကား မပြောပါနဲ့။ ညီမလေးအတွက် မမ တစ်ခုခုလုပ်ပေး ချင်ပါတယ်" မှန်တင်ခုံရှေ့မှာ သွားရပ်ပြီး သူ့မျက်နှာကို ပေါင်ဒါရိုက်လိုက်သည်။ "ဘုရားရေ… ငါ့ရုပ်က လဲ ဘာနဲ့ တူပါလိမ့်။ ဒီမျက်နှာဖုံးကြီး သောက်သုံးမကျမှန်း ငါ သိတယ်" အခန်းအပြင်သို့ ကမန်းကတန်း ထွက် သွားပြီး တံခါးကို ပြန်ပိတ်ထားခဲ့သည်။ အောက်ထပ် သို့ ဆင်းလိုက်သွား ရန် ငြင်းဆန် လိုက်ခြင်းအားဖြင့် သူ၏အကြင်နာ တရားကို မထီမဲ့မြင်ပြု လိုက်ရာ ကျရောက်ကြောင်း ကျွန်မ သိ ပါသည်။ ကျွန်မအကြောင်းကို သူ သဘောမပေါက်။ သူ မွေးဖွား ကြီးပြင်းခဲ့ရသည်က အထက်တန်းလွှာ လူတန်းစား။ သူတို့မှာ သတ္တိရှိသည်။ ကျွန်မလိုမဟုတ်။ ကျွန်မ ကြုံတွေ့နေရသကဲ့သို့ ဘီယက်ထရစ်က ကြုံတွေ့ ရရမည်ဆိုလျှင် ဘာမှမဖြစ်သလို အခြားအဝတ်တစ် ခုကိုလဲပြီး အောက်ထပ်သို့ ဆင်းသွားကာ ဧည့်သည်များ ကို ကြိုဆိုနှုတ်ဆက်နေပေလိမ့်မည်။ အားလုံး ကို အပြုံးမပျက် ဆက်ဆံနေနိုင်လိမ့်မည်။
ကျွန်မကတော့ သည်လိုမလုပ်နိုင်။ ကျွန်မမှာ မာန်မာနမရှိပါ။ သတ္တိမရှိပါ။ ကျွန်မ မွေးဖွားခဲ့ရသည်က သာမန်အောက်တန်းလွှာ လူတန်းစား။ ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည် မက်ဇင်မ်၏မျက်လုံး များ၊ သွေးဆုပ်ထားသည့် သူ့မျက်နှာ၊ သူ့နောက်မှာ အရုပ်လိုရပ်ပြီး ငေးစိုက်ကြည့်နေကြသော ဂျိုင်းလ်စ်၊ ဘီယက်ထရစ်နှင့် ဖရင့်ခရော်လေ… သည်မြင်ကွင်းကို ကျွန်မ ပြန်လည်မြင်ယောင်နေမိပါ သည်။
ခုတင်ပေါ်မှထကာ ပြတင်းပေါက်နားသို့သွားပြီး အပြင်သို့ လှမ်းကြည့်လိုက်ပါသည်။ ဥယျာဉ်မှူးနှင့် အလုပ်သမားများသည် သစ်ပင်များပေါ်ရှိ ရောင်စုံမီးလုံးများ ကောင်းမကောင်း စစ်ဆေးကြည့်ရှုနေကြပါ သည်။ ကျွမ်းနေသည့် မီးလုံးများကို အကောင်းနှင့် ပြန်လဲနေကြသည်။ သူတို့အားလုံး ကတော့ အေး အေးချမ်းချမ်းပင် ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ ကျွန်မလည်း သူတို့နှင့် အတူ အေးအေး ချမ်းချမ်း သွားနေလိုက်ချင်ပါသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျွန်မ၏စိတ်ကူးထဲမှာ လူအုပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုလူအုပ်ထဲမှာ တစ် ယောက်ပြောမည့်စကားကိုလည်း ကျွန်မ၏နားထဲမှာ ကြားယောင်လာမိပါသည်။
"အခု အိမ်ရှင်မ အသစ် က အလျင်မစ္စက်ဒီဝင်းတားနဲ့မတူဘူး။ တခြားစီပဲ" ဟု ပြောပေလိမ့်မည်။ အခြား အမျိုးသမီးတစ်ယောက်က "သိပ်မှန်တာပေါ့" ဟု ပြောကာ ဝင်ထောက်ခံပေလိမ့်မည်။
"ဒီည သူ ဘယ်ရောက်နေသလဲ၊ ခြံထဲဆင်းလာတာလဲ မတွေ့ပါလား"
"မပြောတတ်ပါဘူး။ ကျွန်မလဲ မသိဘူး"
"အလျင် မစ္စက်ဒီဝင်းတားတုန်းကတော့ ဒီအချိန်လောက်ဆိုရင် ခြံထဲရောက်နေပြီ။ နေရာတကာရောက် ပြီး လူတိုင်းနဲ့လိုက်စကားပြောနေတာ"
"ဒီနေ့ည သူ ဆင်း မလာတော့ဘူးလို့ ပြောနေသံကြားတယ်"
"ဟုတ်တယ်… တစ်ညနေလုံး အောက်ထပ်ကို လုံးလုံး ဆင်းမလာဘူးလို့ အိမ်ဖော်တစ်ယောက်က ပြော တယ်"
"ဘာဖြစ်လို့တဲ့လဲ"
"သူ့အဝတ်က ကိုးရိုးကားရားဖြစ်နေလို့တဲ့"
"ဒီလိုအဖြစ်အပျက်မျိုး ကြားဖူးသလား။ မစ္စတာဒီဝင်းတားအဖို့ မျက်နှာပျက်စရာဖြစ်တော့တာပေါ့"
"အဲဒါတွေ မမှန်ဘူးနဲ့ တူပါတယ်"
"သိပ်မှန်တာပေါ့။ တစ်အိမ်လုံး ဒီအကြောင်းပြောနေကြတာပဲ"
"ကျွန်မ ကြားထားတာ တစ်ခုရှိတယ်။ မှန်နိုင်ပါ့မလား"
"ရှင်က ဘာများကြားထားလို့လဲ"
"အခုဖြစ်ရတာ သူ့အဝတ်အစားနဲ့ ဘာမှမပတ်သက်ဘူးတဲ့။ သူတို့လင်မယား အကြီးအကျယ် စကား များ ထားသတဲ့။ ဒါကြောင့် ဒီနေ့ည ဆင်းမလာတော့ဘူးလို့ ပြောနေကြတယ်"
"ဖြစ်နိုင်တယ်။ အလျင်ကတည်းက ကျွန်မ ကြားဖူးတယ်။ သူတို့အိမ်ထောင်ရေး မသာယာဘူးတဲ့"
"အို… ဟုတ်ရဲ့လား…" "လူတွေ ပြောနေကြတာပဲ။ မစ္စတာဒီဝင်းတားက အမှားကြီးတစ်ခုကို သူ လုပ်လိုက်မိပြီဖြစ်ကြောင်း သဘောပေါက်နေပြီ တဲ့။ ဒီကောင်မရုပ်ကလဲ နှစ်ပြားတောင် တန်တာ မဟုတ်ပါဘူး။ ရှင် သိတယ် မဟုတ်လား" "မသိဘူး။ သူ့အကြောင်းလဲ ကျွန်မ သိပ်မကြားဖူးပါဘူး။ သူက ဘယ်အစားထဲကတဲ့လဲ" "ဘယ်အစားထဲ ကမှ မဟုတ်ရပါဘူးတော်…။ ပြင်သစ်ပြည်တောင်ပိုင်း တစ်နေရာမှာတွေ့ပြီး ဆွဲယူလာ ခဲ့တာတဲ့။ အစေခံမ ဆိုလား… ဘာဆိုလား မသိပါဘူးတော်" "ဖြစ်ရလေတယ်နော်… ရဘက်ကာ အကြောင်း စဉ်းစားမိရင်…"
လူမရှိသေးသော ကုလားထိုင်များကို ကျွန်မ ငေးကြည့်နေမိပါသည်။ ကောင်းကင်မှ တိမ်တိုက်များမှာ ငါးကြင်းကွက်လို ဖြစ်နေသည်။ အဖော်ကင်းမဲ့နေသော စင်ရော်တစ်ကောင်က တစ်ဖက်သို့ဖြတ်ပျံသွား သည်။ နှင်းဆီခြံ၏ဟိုမှာဘက်ရှိ သစ်တောထဲတွင်မူ အိပ်တန်းတက်သည့် ငှက်သံများဖြင့် ဆူညံနေ သည်။
ပြတင်းပေါက်ကိုခွာပြီး ခုတင်ဆီသို့ ကျွန်မ ပြန်လာခဲ့သည်။ စောစောက ကြမ်းပေါ်မှာပစ်ချထားခဲ့သော ဂါဝန်အဖြူနှင့် ဆံပင်ပုံအတုကို ကောက်ယူကာ သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ဗီရိုထဲ ရှိ မီးပူကလေးကို ထုတ်ယူမိသည်။ မွန်တီကာလို အပန်းဖြေစခန်းတုန်းက မစ္စက်ဗန်ဟော့ပါး၏အဝတ် အစားများ ကို သည်မီးပူကလေးဖြင့် တိုက်ပေးခဲ့ရလေ့ရှိပါသည်။ ခုတင်ပေါ်မှာ ဘီယက်ထရစ် တင်ထား ခဲ့ သော ဂါဝန်အပြာကလေးကို မီးပူတိုက်လိုက်ပါသည်။
မီးပူတိုက်ပြီးသောအခါ ခုတင်ပေါ်မှာ အသင့်တင်ထားခဲ့ပါသည်။ ထို့နောက် မျက်နှာသွားသစ်ပြီး အပြာ ရောင် ဂါဝန်ကလေးနှင့် လိုက်ဖက်မည့် မိတ်ကပ်ကိုလိမ်းခြည်ပါသည်။ ဆံပင်ဖြီးပြီးတော့ လက်သွားဆေး လိုက်ပါသည်။ ဂါဝန်အပြာကလေးကို ဝတ်လိုက်သောအခါ ကျွန်မ၏ မူလဘဝ သို့ ရောက်သွားပါတော့ သည်။ မွန်တီကာလိုရှိ ဟိုတယ်စားသောက်ဆိုင်အတွင်းသို့ မစ္စက်ဗန်ဟော့ပါးနှင့် အတူ ဝင်သွားလေ့ရှိ သော ကျွန်မ၏ပုံမှန်ဘဝသို့ ပြန်ရောက်သွားပါတော့သည်။
တံခါးဖွင့်ပြီး အပြင်သို့ ထွက်ကာ စင်္ကြံအတိုင်း လျှောက်လာခဲ့ပါသည်။ အားလုံးတိတ်ဆိတ်ငြိမ်သက်နေ ပါသည်။ ဆန်းကြယ်သော အဝတ်အစားများ ဝတ်ပြီး တက်ရသော ပွတ်သဘင်ပွဲကြီး ကျင်းပနေရာ အိမ်ကြီးနှင့် မတူပါ။ နောက်ဘက်ဆောင်သို့ကူးသည် တံခါးမှာ ပိတ်ထားသည်ကို တွေ့ရပါသည်။
လှေကားထိပ်ကိုရောက်တော့ ထမင်းစားခန်းထဲမှ လွင့်ပါးလာသည့် စကားပြောသံများကို ကြားရပါ သည်။ ခန်းမကြီးထဲမှာ လူသူကင်းမဲ့နေ ပါသည်။ သူတို့ ညစာစားသောက်နေကြတုန်းဖြစ်ပါသည်။
ကျွန်မ ရပ်နေသည့် နေရာမှနေ၍ ကာရိုလင်း ဒီဝင်းတား၏ပန်းချီကားကို လှမ်းမြင်နေရပါသည်။ သူ့မျက် နှာက ပြုံးနေပါသည်။ လှိုင်းတွန့် တွန့်နေသည့် ဆံပင်ကလေးများက သူ့မျက်နှာနားမှာ တိမ်တိုက် လို လွင့်ပျံနေပါသည်။ ဂိုဏ်းအုပ်ကြီး၏ဇနီး ပြောခဲ့သည်များကို ကျွန်မ ပြန်လည်ကြားယောင်နေ မိပါသည်။ "ရဘက်ကာရဲ့ဆံပင်လှိုင်းတွန့်ကလေးတွေက ပိတုံးရောင်လိုနက်မှောင်ပြီး တိမ်တိုက်လို လွင့်နေတယ်။ အင်မတန်ဖြူတဲ့ သူ့အသားနဲ့သိပ်လိုက်ဖက်တာပဲ။ ဂါဝန်ကလဲ ဆွတ်ဆွတ်ဖြူပြီး သူနဲ့ သိပ်ကြည့် ကောင်းနေတယ်"
ထိုစကားကို ကျွန်မ သတိရဖို့ကောင်းပါသည်။ သတိရလျှင် သဘောပေါက်နားလည်ဖို့ကောင်းပါသည်။ ယခုတော့ ဘာတစ်ခုမျှ ကျွန်မ သတိမရခဲ့ပါ။ သိသင့်သည်များကိုလည်း မသိခဲ့ပါ။
ပန်းချီပြခန်း ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရပါသည်။ လှည့်ကြည့်သော အခါ ဘာမျှမရှိပါ။ လူသူလည်း မတွေ့ရပါ။ ငြိမ်ငြိမ်ကလေး ရပ်နေသည့်ကြားထဲက တံခါးပိတ်သံ လိုလို အသံမျိုး ဘာကြောင့်ပေါ်လာရသနည်းဟု တွေးနေမိပါသည်။ ည၏အပူရှိန်ကြောင့် သစ်သားတွေ က အသံမြည်တာပဲ ဖြစ်နိုင်ပါသည်။
ထမင်းစားခန်း ထဲမှ အသံများ ပိုမိုကျယ်လောင်လာပါသည်။ ထမင်းစားခန်းတံခါးပွင့်သွားသည်။ ဧည့် သည်များ အခန်းထဲမှထွက်လာကြသည်။ ကုလားထိုင်ရွှေသံများ၊ စကားပြောသံများ၊ ရယ်မောသံများ ဖုံးလွှမ်းနေသည်။ ပွင့်နေသည့် ထမင်းစားခန်း၏တံခါးပေါက်ဘေးမှာရပ်နေသော ရောဘတ်ကို လှမ်းမြင် ရပါသည်။
ဧည့်သည် များနှင့် တွေ့ဆုံရန် လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ ကျွန်မ ဆင်းလာခဲ့ပါတော့သည်။
ဆက်ရန်
.

1 comment:
thank you sister
Post a Comment