Tuesday, June 5, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၅)

ဆမ်ကလေးက တီဗွီကြည့်ရင်း အဲလက်စ်ကလေးက အက်နက်၏ လက်ပေါ်တွင် နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ပဏာမအရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည်ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကား အမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲ မှ ပြေးထွက် လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက် လိုက်၏။ အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့်အချိန်သည် စက္ကန့်နှင့် နီး လာလေပြီ၊ ရှားလော့၏ မိတ်ဆွေတစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူး သွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။ ကို ဆက်ဖတ်ရန်....

ပဏာမ အရွေးခံရသည့် နာမည်စာရင်းကို အခမ်းအနားမှူးက ပထမ ဖတ်ပြသည်။ ရှားလော့ နာမည် ပါလာတော့ မယ်လီဆာနှင့် ဘင်ဂျမင်တို့ ထအော်ကြသည်။ အလားတူ တန်းဝင် ကား အမည် များ ကြေညာတော့ ထုတ်လုပ်သူ နှစ်ယောက်နှင့် သူတို့ဇနီးတွေ ပရိသတ်ထဲမှ ပြေးထွက်လာပြီး ၀မ်းသာအားရ အော်ကြသည်။ ရှားလော့က အားရပါးရ ပြုံးပြီး အော်လီဗာကို သိုင်းဖက်လိုက်၏။
အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာမည့် အချိန်သည် စက္ကန့်နှင့် နီးလာလေပြီ၊ ရှားလော့၏ မိတ်ဆွေ တစ်ယောက် ထုတ်လုပ်သည့် ရုပ်ရှင်ကား အကောင်းဆုံးဆု ဆွတ်ခူးသွားသည်။ တဖြည်းဖြည်းနှင့် မိမိတို့ အလှည့် ရောက်ပြီ၊ ရှားလော့ အသက်ရှူဖို့မေ့နေ၏။

မိမိဘ၀ တစ်လျှောက်လုံးတွင် ကျော်ဇောမှုနှင့် ပကာသနတွေကို ဂရုမစိုက်ဘဲ နေခဲ့သော်လည်း သည်ရွှေစင် ရုပ်တုကိုတော့ အများနည်းတူ လိုချင်ခဲ့သည်၊ သည်အတွက်ပင် အသေအလဲ အပင် ပမ်း ခံခဲ့ခြင်း၊ ကြိုးစားခဲ့ခြင်းမဟုတ်လား ရွှေစင်ရုပ်တုမရလျှင်လည်း အနုပညာလောကတွင် ထိုက်ထိုက် တန်တန် နေရာရနေပြီဖြစ်၍ ရှားလော့ကျေနပ်ပြီဖြစ်၏။
တီဗွိကင်မရာတွေ က မကြာခဏရှားလော့ဆီသို့ ချိန်သည် အော်လီဗာ၏ လက်ကို တင်းတင်းဆုပ် ထား မိ၏။ အော်လီဗာ က ချစ်သူအတွက် ကျိတ်ပြီး ဆုတောင်းပေးနေသည်။
အခြား ရုပ်ရှင်မင်းသမီးများ၏ အမည်များနှင့် ဆုတွေကို ဆက်ကြေညာသည်။ ပြီးတော့ အကြာကြီး တိတ်ဆိတ် သွားသည်၊ ကဇာတ်ရုံကြီးထဲတွင် အပ်ကျသံကိုမျှ မကြားရလောက်အောင် ငြိမ်သက် သွား၏။ တစ်စုံတစ်ယောက် သည်းမခံနိုင်သလို "လုပ်ပါတောဗျို့" ဟု လေသံနိမ့်ဖြင့်အော်သည်၊ တစ်ခဏအတွင်း ရှားလော့၏ နာမည်ကိုကြားလိုက်ရ၏။ အော်လီဗာ နားထဲသို့ လေးဘက်လေး တန်မှမိုးကြိုးပစ်သံလို ၀င်လာသည်။

ရှားလော့ ကြက်သေသေပြီး အော်လီဗာ့ကိုစိုက်ကြည့်နေသည်၊ ပြီးမှ ယောင်ယမ်းပြီး ပါးစပ်ကို လက် တစ်ဖက်နှင့် ပိတ် လိုက်သည်၊ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွား၏။
အော်လီဗာ က အသာကလေးဆွဲထူလိုက်သည်။ ရှားလော့ခပ်ကြောင်ကြောင်ထရပ်သည်။
"ဟုတ်ကော ဟုတ်ရဲ့လား မောင်ရယ်"
ပတ်ဝန်းကျင် ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အိပ်မက်မဟုတ်ပါကလား။
စင်မြင့်ဆီ သို့ လူသွားလမ်းကလေးအတိုင်း အပြေးကလေးထွက်သွားသည်၊ လှပသည့်ဆံပင်များ သည်လေထဲ တွင် ၀ဲပျံနေ၏။
ရွှေစင်ရုပ်ထု ကို လက်တစ်ဖက်မှ ကိုင်လျက် တစ်ဖက်မှ စကားပြောခွက်ကိုကိုင်ပြီး ပရိတ်သတ် ကို နှုတ်ဆက်သည်။

စိတ်လှုပ်ရှားစွာဖြင့် ရယ်ပြီး......
"ကျွန်မ...ကျွန်မ...ဘာပြောရမှန်း မသိတော့ပါဘူးရှင်၊ လုံးဝမပျော်လင့်ခဲ့တဲ့အတွက် ဘာမှပြင်ဆင် မလာခဲ့ မိပါဘူး၊ ကျွန်မ...ကျွန်မ အနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ထုတ်လုပ်သူမျာ၊ ဒါရိုက်တာ များ၊ စာရေးဆရာ များ၊ လုပ်ဖော်ကိုင်ဖက် မင်းသားမင်းသမီးများ၊ ကင်မရာဆရာများ.. ပြီးတော့ ကျွန်မရဲ့ အကသင်ဆရာ ဂျွန်ဒရမ်၊ နောက်ဒီပြဇာတ်ဖြစ်ဖို့အတွက် စီစဉ်ပေးတဲ့ ကျွန်မ ရဲ့မန်နေဂျာအင်နီ၊ အထူးအနေ နဲ့ကတော့..."
ချစ်သူမျက်နှာ ကိုလှမ်းကြည့်လိုက်သည်။
"ကျွန်မရဲ့ မိသားစုပေါ့လေ၊ ကျွန်မကို အမြတ်တနိုးအားပေးတဲ့ ကျွန်မရဲ့ ခင်ပွန်းလောင်း အော်လီဗာ၊ ပြီးတော့ ... ကျွန်မတို့ကလေးတွေ၊ ဘင်ဂျမာ၊ မယ်လီဆာ၊ ဆမ်..."
ရှားလော့ ၏ မျက်ဝန်းတွင် မျက်ရည်တွေ ပြည့်လျှံလာသည်၊ အော်လီဗာလည်း အလားတူပင်၊ အိမ်တွင် တီဗွီကြည့်နေသော ဆမ်ကလေးက ကျောက်ရုပ်လေးလို ငြိမ်နေသည်။

"အးလုံးကို ရှာလီချစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ နောက်နှစ်ကို ဒါထက်ပိုပြီး ကြိုးစားနိုင်လိမ့် မယ် လို့မျှော်လင့် ပါတယ် ရှင်"
ပြီးတော့ ရွှေစင်ရုပ်ထုကို ဝှေ့ယမ်းပြီး ပရိသတ်ကို နှုတ်ဆက်ရင်း စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်၊ ထိုင်ခုံ ကို ပြန်ရောက်သည်နှင့် တပြိုင်တည်း သတင်းထောက်တွေတိုးဝှေ့ ရောက်လာ၏။ အော်လီ ဗာ အတင်း ကာထားသည်။ တစ်ဦးကိုတစ်ဦး နမ်းလိုက်ကြသည်။ မယ်လီဆာနှင့် ဘင်ဂျမင်က တစ်ယောက်လက်ကို တစ်ယောက် တင်းတင်း ဆုပ်ထားကြသည်။
ဆုပေးပွဲ အခမ်းအနား ပြီးသွားပြီ။ ပရိသတ်နှင့် သတင်းသမားတွေကို အတင်းတိုးဝှေ့ပြီး အိမ်အ ရောက် ပြန်ခဲ့ကြသည်။ အိမ်ရောက်ရောက်ချင်း ရှမ်ပန်တစ်လုံး ဖောက်ပြီးအောင်ပွဲခံကြသည်။  အိမ် တွင် ကလေးတွေနှင့် ဦးဦးဖျားဖျား အထိမ်းအမှတ် လုပ်ခြင်းဖြစ်သည်။ ဂုဏ်ပြုပွဲတွေ၊ ဧည့်ခံ ပွဲတွေ ကို နေရာအနှံ့ တက်ရောက်ရတော့မည်။ ညလုံးပေါက် မည်ထင်၏။ ရှားလော့အတွက် ဘယ်တော့ မှ မေ့လိုရမည်မဟုတ် သည့် ပန်းတိုင် ကို ရောက်သောည။

နှစ်ယောက်သား အိမ်မှထွက်မည်အပြုတွင် တယ်လီဖုန်းမြည်လာသည်။ အဖေနှင့်မာဂရက်တို့ထံ မှရှားလော့ အတွက် ဂုဏ်ယူကြောင်းလှမ်းပြောကြခြင်း ဖြစ်သည်။ ရှားလော့က နီဘရာစကာ မှ မိဘ များထံ ဖုန်းဆက်နေစဉ် နဘေးမှအက်နက်တစ်ယောက် မျက်ရည်တွေကျနေသည်။ ၀မ်းသာလွန်း လို့ ကျသည့် မျက်ရည်များသည် အားလုံး၏ ပါးပြင်ပေးတွင် စိုရွှဲလျက်ရှိသည်။ ငိုလည်းငိုကြ၏။ ရယ်လည်း ရယ်ကြ၏။ အိမ်မှမထွက်မီ တီဗွီမှလာသည့် အကယ်ဒမီသတင်း ကို ထပ်ကြည့်ကြ သေးသည်။
ဧည့်ခံပွဲ ပေါင်းစုံမှ အပြန်တွင် ရှားလော့ကအော်လီဗာကို ကပ်ပြောသည်။
"ရှာလီ တကယ့်ကိုရမယ်မထင်တာ" "မောင်ကတော့ တကယ့်ကိုရမယ်ထင်တာ"
အော်လီဗာသည် ချစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေ၏။ သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ မနက်လေးနာရီထိုးနေပြီ။ ရှာလော့ က အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ 

အော်လီဗာ့ နဘေးတွင် ၀င်လှဲလိုက်သည်။ ရွှေစင်ရုပ်သည် အခန်းထောင့်စားပွဲပေါ်မှ သူတို့နှစ် ယောက် ကို စိုက်ကြည့်နေသည်။ အော်လီဗာက လည်စီးကိုတောင် မလျှော့နိုင်လောက်အောင် ပင်ပမ်းနေပြီ။ ရွှေစင်ရုပ် ကိုလှမ်းကြည့်ပြီး "သူကသိပ်လှတာပဲနော်"ဟု ပြောတော့ရှားလော့က သူ့ဘက် သို့လှည့်ပြီး- "မောင့်လောက်မလှပါဘူး၊ မောင်ကမှ တကယ်ချောတာ"
ရှားလော့ တစ်ယောက် အရမ်းစိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ရှမ်ပိန် တန်းခိုးလည်း ပြနေပုံရ၏။

"မင်းဟာ ဟောလိဝုဒ် မှာ အတော်ဆုံး မင်းသမီးတစ်လက် ဖြစ်နေပြီရှာလီ၊ ကိုယ့်လို အဘိုးကြီး တစ်ယောက် နဲ့ ဘာ ဆက်လုပ်မှာလဲ" "ဆက်ချစ်မှာပေါ့၊ ကလေးတွေ မွေးမှာပေါ့"
"သတိထားနော်၊ မင်းဟာ ကလေးသုံးယောက်ရဲ့အမေ ဖြစ်တော့မှာ၊ ဟာ...ဘယ်က မလဲ၊ မြေးတစ်ယောက် ရဲ့ အဘွားဆိုလဲ ဟုတ်တယ်လေ"
နှစ်ယောက်သား ပျော်ရွှင်စွာ ရယ်မောကြသည်။ ခဏကြာတော့ ချစ်သူရင်ခွင်ထဲတွင် အိပ်ပျော် သွား သည်။ လမင်းထက်နှစ်လေးသာနေသည့် ချစ်သူမျက်နှာကလေးကို အော်လီဗာ ငေးကြည့်နေ သည်။ ထိုမိန်းကလေး သည် မိမိ၏ဇနီးမယား ဖြစ်တော့မည်ဆိုသည်မှာ မယုံနိုင်စရာပါလား။
မနက်၆နာရီ တွင် ရှာလော့ မနိုးခင် အိပ်ယာထဲမှ ထခဲ့သည်။ ကလေးတွေလည်း မနိုး ကြလေသေး။ ရေချိုး နေရင်းစောင့်ရမည့် အချိန်ကာလကို စဉ်းစားကြည့်မိသည်။ သုံးလကြီး များတောင် နေရဦးမှာ ပါကလား။ သို့သော်ရေပန်းပွားအောက် မှ အော်လီဗာ့မျက်နှာ သည် ပြုံးရယ်လျက်ရှိ သည်။

အခန်း(၂၈)

စိတ်လှုပ်ရှားစရာ၊ အံ့သြစရာအဖြစ်အပျက် တို့သည် မဆုံးနိုင်လောက်အောင်ပင်၊ ရှားလော့ နောက်မှ သတင်းထောက်တွေ တစ်ပတ်လုံးလုံး ကပ်လိုက်နေသည်။ ကုမ္ပဏီက မယုံနိုင်လောက် သည့် ဆုငွေတွေပေး သည်၊ ဈာုပ်သက်တမ်းတိုးဖို့လည်း ကမ်းလှမ်းသည်။ အခြား အခြားသော နာမည်ကြီး ကုမ္ပဏီများ ကလည်း အလုအယက်စာချုပ်ချုပ်ဖို့ ကြိုးစားကြသည်၊ ၎င်းတို့အထဲတွင် ဘာရောဒ်ဝေးမှ ကမ်းလှမ်းချက် ပါလာသောအခါ ရှားလော့ရှုးချင်သလိုလို ဖြစ်သွားသည်။ သို့သော် ဘယ်သူ့ကိုမှ လက်မခံသေး ဘဲအော်လီဗာနှင့် အရင်ဆွေးနွေးပါရစေဟု ပြောလွှတ် သည်။ ထိုည စတူဒီယိုမှအပြန် ရှားလော့ အိမ်ဝင်ပြီး မင်္ဂလာခရီးထွက်ဖို့ ဆွေးနွေးကြသည်။ အော်လီဗာက ဘိုရာဘိုရာကို သွားချင်သည်။ ဆွေးနွေးနေရင်း ရှားလော့၏ အမူအယာတစ်မျိုး ဖြစ်နေသည်ကို သတိထားမိ၏။
"ရှာလီ ဘာဖြစ်နေတာလဲဟင်" ချစ်သူနှင့်ဆိုလျှင် အမြဲရွှင်နေတတ်သည့် မိန်းကလေးသည် ထူး ထူးခြားခြားနှုတ်ဆိတ် လျက်ရှိ သည်။ ရှားလော့က အချိန်မဆိုင်းဘဲအဖြစ်မှန်ကို ပြောပြလိုက်သည်။ ဘရော့ဒ်ဝေး မှ ကမ်းလှမ်း လာကြောင်း၊ ကရမည့်ဇာတ်ခွင်မှာ ပြဇာတ်လောက၏ အဆင့်မြင့်ဆုံး ခွင်မျိုးဖြစ်ကြောင်း၊ ယင်းမှာ မိမိ၏အမြင့်ဆုံးရည်မှန်းချက် ပန်းတိုင်ဖြစ်ကြောင်း။

"ဒီဇင်ဘာလမှစပြီး လေ့ကျင့်ရမယ်တဲ့၊ အနည်းဆုံးတစ်နှစ်လောက် ကရမှာ၊ နှစ်နှစ်လောက်ကြာ ရင်လဲ ကြာ သွားနိုင်တယ် တဲ့"
အော်လီဗာ မျက်နှာပျက်သွားသည်၊ သူ့နားကို သူမယုံနိုင်အောင်လည်း ဖြစ်နေ၏။ ရှားလော့၏ မျက်နှာကလေး မှာလည်း ညှိုးနွမ်းနေသည်၊ အော်လီဗာ၏ ရင်ထဲတွင် မုန်တိုင်းထန်နေသည်။
"ဒီက ကားလက်စတွေ၊ ရိုက်လက်စတွေကကော" ကိုယ့်အတွက်ကကောဟုလည်း အော်မေးလိုက်ချင်၏။
"ရှာလီ ရဲ့ မန်နေဂျာကပြောတယ်၊ ထုတ်လုပ်သူတွေနဲ့ ညှိပြီးပြီတဲ့၊ သူတို့ရှာလီကို လျှော့ပေးကြ မှာပါ။ ဒီအခွင့်အရေးမျိုး က တစ်သက်တစ်ခါ အခွင့်အရေးမျိုးလေ။"

"မင်းသွားရမှာပေါ့နော်" "ရှာလီ ဘာလုပ်ရမှန်းမသိတော့ဘူးမောင်၊ ဘာရော့ဒ်ဝေးဟာ ရှာလီရဲ့ ရည်မှန်းချက် ပန်းတိုင်ပါ" ရှားလော့ သည် ခါတိုင်းလိုပင် ချစ်သူအပေါ် ရိုးသားလျက်ရှိသည်။
"ရှာလီ မောင့်ကို အမှန်အတိုင်းပြောနေတာပါနော်၊ ရှာလီဘာမှမဆုံးဖြတ်ရသေးဘူး၊ မောင်နဲ့ တိုင်ပင် ပါရစေဦးလို့ သူတို့ကို ပြောထားတယ်၊ ဒါပေမယ့်မောင်ရယ်၊ ဘရော့ဒ်ဝေးကိုတော့ ရှာလီ သွားချင်တယ် ကွယ်၊ အထူးသဖြင့် ဒီဇာတ်မျိုးမို့ ပိုပြီးကချင်တာ"
"ဒါဆို မောင်တို့ဇာတ်လမ်းကကော၊ နှစ်နှစ်လုံးလုံးမောင်က ဘာလုပ်နေရမှာလဲ၊ ဒီမှာလုပ်တာ မကြာသေးတော့ အလုပ်ကလဲ ပြန်ပြောင်းဖို့မလွယ်ဘူး၊ ကလေးတွေကလဲ ဒီမှာအခြေကျနေပြီ။ ဒါပေမယ့် မင်းကိုလဲ အခွင့်အရေးကောင်းတွေ မလွတ်စေချင်ဘူး" "ရှာလီ မကြာ မကြာ ပြန်လာလို့ရပါတယ် မောင်ရယ်"

သည်စကားလုံးတွေကြားရတော့ အော်လီဗာ အလန့်တကြားဖြစ်သွားသည်။ ဆတ်ခနဲထပြီး အခန်းထဲ တွင် လမ်းလျှောက်နေလိုက်၏။
"မကြာမကြာပြန် လာမယ် ဟုတ်လား၊ ကိုယ်တစ်ခါခံရဖူးပြီ ရှာလီ၊ ဒီစကားလုံးတွေနဲ့ပဲ ကိုယ်ခံခဲ့ ရတာလေ၊ ဆာရာဟာ အဲဒီအတိုင်းပြောပြီး ထွက်သွားတာ၊ ဘော့စတန်ကနေ နယူးယောက် ကို ပြန်မလာနိုင်တော့ ဘူး။ ခုဟာ မိုင်သုံးထောင်ကျော်ဝေးတာ၊ တစ်ခါတည်း အပြတ်ပြောလိုက်ပါ ရှာလီ၊ တစ်စောင့်စောင့် နဲ့ နေရတဲ့ ဘ၀မျိုးကို ကိုယ်ထပ်မရောက်ပါရစေနဲ့တော့"
စိတ် ကိုနိုင်အောင်ထိန်းလိုက်ပြီး ဆက်ပြောသည်။ ချစ်ကို မနစ်နာစေလိုပါ။ "ရှာလီလုပ်စရာ ရှိတာ လုပ်ပါလေ၊ မောင့်အတွက်သိပ်မစဉ်းစားပါနဲ့တော့" မျက်လုံးအစုံကို ပိတ်လိုက်သည်။ ခံစားဖူး သည့် ဝေဒနာဟောင်းသည် ရင်ထဲတွင် ပြန်လည် လှုပ်ရှားလာသည်။

"ဟုတ်တယ်၊ ရှာလီသွားသာသွား၊ သွားဖြစ်အောင်သွားရမယ်၊ ဒါပေမယ့် ပြန်လာပါ့မယ်လို့တော့ အာမခံ မသွားပါနဲ့၊ ဒီအခွင့်အရေးမျိုးက လက်လွတ်လို့ဖြစ်တဲ့ အခွင့်အရေးမျိုးမဟုတ်ဘူး၊ မင်းပြော သလို နောက်တစ်ခါ ဘယ်တော့မှရောက်လာမှ မဟုတ်ဘူး"
ပြောရင်း မျက်ရည်တွေ လည်လာသဖြင့် မျက်နှာကို တစ်ဘက်သို့ လွှဲလိုက်ရသည်။
"မောင်ပြောနေပုံက တစ်မျိုးကြီးပဲ၊ မောင်နဲ့ရှာလီတို့ရဲ့ ဇာတ်လမ်းဆုံးပြီလို့ ပြောနေတာလား ဟင်"
ရှာလီ အသံတွေ တုန်တုန်ယင်ယင်ဖြစ်လာသည်။

"ဟုတ်တယ် ရှာလီ၊ မင်းဘ၀အောင်မြင်ရေးမှာ ကိုယ့်ကြောင့် အဟန့်အတားမဖြစ်စေရဘူး၊ တစ်ခါသေ ခဲ့ဖူးပြီမို့ ဒါမျိုးထပ်အဖြစ်မခံနိုင်တော့ဘူး၊ ဒါကြောင့် အကိုယ်အသဲကွဲခံပြီး မင်းကို အပြီး အပိုင် နှုတ်ဆက်ပါ့မယ် ရှာလီ၊ လပေါင်းများစွာခံစားရမယ့် အစားခုကတည်းက တစ်ခါတည်း အပြတ် ခံစားပစ်လိုက် ရတာက သက်သာဦးမယ်ထင်တယ်လေ၊ ကိုယ်မင်းကို သိပ်ချစ်ပါတယ် ရှာလီ၊ ကိုယ် ရင်ကွဲနာ ကျချင်ကျပါစေ၊ မင်းဒီထက်ဒီအောင်မြင်ဖို့လေ အဓိကပါ၊ ကိုယ်ပြန်မယ်၊ အေးအေးဆေးဆေး လုပ်စရာရှိတာ လုပ်နော်၊ တကယ်ပြောတာပါရှာလီ၊ မောင်နားလည်ပါတယ်" ရှားလေ့ ငိုနေပြီ။ ချစ်သူ ဆီက သည်လိုစကားမျိုးကြားရလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲပါ။ ကားမောင်း ထွက်သွားသံ ကြား လိုက်ရ၏။

အော်လီဗာ အိမ်ပြန်ရောက်တော့ ဆမ်ကလေး မအိပ်သေး၊ သူ့ပူးကလေးနှင့် မိးဖိုထဲတွင် ကစား နေ သည်။ အဖေ့အမူအယာကိုကြည့်ပြီး.... "ဟဲလို ဖေဖေ...ဟင်...ဖေဖေ ဘာဖြစ်တာလဲဟင်"
"ဘာမှ မဖြစ်ပါဘူး သားရဲ့၊ ရုံးမှာ ပင်ပမ်းလာလို့ပါ။ ကဲ...ဖေဖေအိပ်တော့မယ်နော်"
ဆမ်ကလေး ၏ ဆံပင်တွေကို ဖွခဲ့ပြီး အပေါ်ထပ်တန်းတက်ခဲ့သည်။ ဆမ်က မယ်လီဆာ အနားသို့ ပြေးပြီး ချက်ချင်း သတင်းပို့သည်။ "ဖေဖေ ဘာဖြစ်တာလဲ မသိဘူးမမ၊ မျက်နှမကောင်ဘူး"
"နေမကောင်းဘူးလား မှ မသိတာ၊ မေးမကြည့်ဘူးလား"

"ရုံးမှာပင်ပမ်းလာလို့တဲ့"
"ဟုတ်မှာပါ၊ မနက်ဖြန်ဆို အိုကေသွားမှာပါ၊ ပူမနေပါနဲ့"
သို့သော် နောက်တစ်နေ့ မနက်တွင်လည်း အော်လီဗာ မှိုင်တွေချလျက်ပင်၊ စကားတစ်လုံးမှ မပြောဘဲ မျက်နှာဖြူ ဖပ်ဖြူယော်ဖြစ်နေ၏။ မနက်စာပွဲတွေကို တို့ပင်မတို့၊ ဆမ်ကအစ်မလုပ်သူ ကိုလှမ်းကြည့် လိုက်သည်။ "ဖေဖေ နေမကောင်းဘူးလားဟင်" မယ်လီဆာက အမှတ်မထင်လေသံနှင့် မေးလိုက်သည်။

"ဖေဖေညက ရှာလီနဲ့ ရန်ဖြစ်လာတယ် ထင်တယ်"
ဆမ်ကလေး က တည့်တည့်ကြီးမှန်အောင် ပစ်လိုက်သည်။ အော်လီဗာ တစ်ချက်တွန့်သွားသည်။
"ဟာ..မဟုတ်ပါဘူး သားရယ်"
သို့သော်မနေ့ည အိမ်ပြန်ရောက်ပြီးကတည်းက ဖုန်းလှမ်းမဆက်တော့။ တစ်ညလုံး အိပ်၍လည်း မပျော်၊ ရင်နှင့်ချစ်ရသည့်ချစ်ရသူကို ပိုင်ရခါနီးဆဲဆဲတွင်မှ စွန့်လွှတ်ရမည့်အဖြစ်၊ ခံနိုင်ရည်ဟူ သမျှတို့ တဖြည်းဖြည်း ခမ်းခြောက်စပြုနေပြီ။ စက်ရုပ်တစ်ရုပ်၏ လှုပ်ရှားမှုမျိုးဖြင့် ရုံးသို့ရောက် လာခဲ့သည်။ ရှားလော့ လာစောင့်နေကြောင်း အတွင်းရေးမှုးက ပြောတော့ အော်လီဗာတစ်ယောက် အိမ်မက်ဆိုးမှ လန့်နိုးစ လူလို ကြောင်စီစီဖြစ်သွားသည်။

သူနှင့်တွေ့ရမည် ကိုကြောက်နေ၏။ သူဆုံးဖြတ်ချက်ကို သိနေသော်လည်း ကြားရမည်ကို လန့်နေ ၏။
"မောင် နေကောင်းရဲ့လားဟင်"
သူ့ပုံ ကိုကြည်ပြီးမျက်လုံး ချင်းဆုံကြ၏။ ရှားလော့ကိုယ်တိုင်လည်း ကောင်းကောင်းအိပ်ခဲ့ရပုံမပေါ်။
"ဆုံးဖြတ်ပြီးပြီးပေါ့...ဟုတ်လား" ရှားလော့ခေါင်းညိတ်သည်။

"မောင့်ကို ကြိုပြောချင်လို့ လာခဲ့တာ၊ ညနေလောက်ဆိုရင် သတင်းကြေညာတဲ့အထဲမှာပါတော့ မှာ ခရစ္စမတ် မှာရုံတင်နိုင်အောင် အပူတပြင်း ဇာတ်တိုက်ရမယ်တဲ့"
ခရစ္စမတ်၊ အင်း..မင်္ဂလာဆောင်ဖို့ရက် ရွေးထားသည့် မင်္ဂလာရက်မြတ် ခရစ်စ္စမတ်။ "ဘရော့ဒ်ဝေးကို လက်ခံ လိုက်ပြီပေါ့" ဆို့နစ်နစ်အသံဖြင့် မေးလိုက်၏။
ရှားလော့ ခပ်ဖြည်းဖြည်း ခေါင်းညိတ်သည်။ မျက်လုံးထဲတွင် ကြေကွဲရိပ်များကို အထင်းသားတွေ့ ရ၏။
"ဟုတ်တယ်မောင်" သူ့လက်နှစ်ဖက်ကို ရှားလော့လှမ်းဆုပ်လိုက် သည်။ ပြီးတော့ တောင်းတောင်း ပန်ပန်ပြော သည်။

"မောင်နဲ့ရှာလီ ညှိကြရအောင်ပေါ့နော်၊ မောင့်ကိုရှာလီချစ်တယ်၊ အဲဒါဘယ်တော့မှမပြောင်းလဲ ဘူး၊ ဘာကြောင့်မှ မပြောင်းလဲဘူးမှတ်ပါမောင်" အလွန်အမင်းစိတ်လှုပ်ရှားနေဟန်ဖြင့် ရှားလော့ပြောသည်၊ လက်ရှိ အခြေအနေကို အော်လီဗာ ယုံကြည်ပါသည်။ ယခုအခြေအနေကို မောင်ယုံပါတယ်။ အနာဂတ် ကိုမယုံဘူး၊ ကြာရင် မလွယ်ပါ ဘူး၊ အဝေးချိတ်မာ ဖြစ်သါားမှာပါ၊ မင်းက နယူးယောက် မှာ နေပြီးပြဇာတ်ထဲမှာ နစ်မြုပ်နေမယ်ြ၊ ကိုယ်က ဒီမှာကျန်ခဲ့ပြီး ကလေးတွေကိစ္စ၊ အလုပ်ကိစ္စတွေထဲမှာ လည်နေယင်၊ ဘာအဓိပ္ပာယ်ရှိ မှာလဲ "ဟုတ်ပါတယ်၊ အခက်အခဲတွ အများကြီးရှိမယ်၊ ဒါပေမယ့် စိတ်ရှည်ရှည် နဲ့စောင့်ကြမယ်လေ၊ ဒီလိုနဲ့ အဆင်ပြေသွားတဲ့ ချစ်သူတွေအများကြီးပါမောင်ရယ်၊ ရှာလီ ကတိပေးပါတယ်ကွယ်၊ မောင်နဲ့ ရှာလီ ဘယ်တော့မှ မီးဝေးချိတ်မာ မဖြစ်စေရပါဘူး၊ ကတိပေး ပါတယ်၊ မောင့်ဆီလဲ မကြာ မကြာ ပြန်လာပါ့မယ်နော်"

"ဘယ်လိုဖြစ်နိုင်မှာလဲ ရှာလီ၊ မင်းအလွန်ဆုံးရရင် တစ်ပတ်နှစ်ရက်ပေါ့်၊ လာတာတစ်ရက် ကြာမယ်၊ ပြန် တာတစ်ရက်ကြာမယ်၊ ကိုတို့အတွက် ဘာကျန်မှာဘဲ၊ လေယာဉ်ကွင်းမှာရပ်ပြီး နှုတ်ဆက် ရုံပဲ ရမယ်၊ အဲဒီဘ၀မျိုး နဲ့ ကိုယ်ဘယ်လောက်ကြာကြာဆက်နေနိုင်မှာလဲ" စားပွဲကို ပတ်လျှောက်လာပြီး ရှားလော့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"မင်း ဆုံးဖြတ်တာ မှန်ပါတယ် ရှာလီ၊ မင်းမှာပါရမီရှိတယ်၊ အခြေအနေပေးတယ်၊ ဒါကြောင့် ထိပ် ဆုံးရောက်အောင် သွား ဖို့ မင်းမှာအခွင့်အရေးရှိတယ်" "ဒါပေမယ့် မောင့်ကို ချစ်တယ်လေ"
"မောင်လဲ ချစ်ပါတယ်၊ ဒါပေမယ့်တို့အချစ်ဇာတ်လမ်းဘယ်လိုမှ ဆက်လက်ရှင်သန်ဖို့ အကြောင်း မရှိ ဘူးလေ၊ ကိုယ်သိလို့ ပြောနေတာပါရှာလီ" ခံစားရသည့်ဝေဒနာက ပြင်းထန်လှ၏။ နက်ရှိုင်းလှ၏။ ချစ်သူ့မျက်နှာကို ငေးကြည့်နေမိ၏။ စိတ်ထဲတွင် ဆုံးပြီဟု နားလည်လိုက်သည်။

"အဲဒါဆို ဘယ်လိုလုပ်ကြမလဲဟင်" ရှားလော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည် သို့သော် ဆက်လက်ငြင်းဆန်ခြင်းမပြုလိုတော့။ "ခဏတော့ ခံစားကြရမှာပေါ့၊ ကြာတော့ ခံနိုင်ရည် တဖြည်းဖြည်း ရှိလာပြီး မင်းလဲ မင်းအလုပ်ထဲ မှာနေသားကျသွားမယ်လေ၊ ကိုယ်လဲအလုပ်တွေ၊ ကလေး တွေ နဲ့ပျော်အောင် နေရတော့မှာပေါ့၊ ဒီလိုနဲ့ ဝေဒနာတွေ တစ်စတစ်စလွင့်ပျယ်သွားမှာပေါ့"
ဆာရာ တုန်းက အတွေ့အကြုံအရ ပြောလိုက်ခြင်းဖြစ်ပါ၏။ သို့သော် ရှာလော့နှင့် လမ်းခွဲရသည့် အခါပို၍ ခံစားရမည်ကို သိနေ၏။ အချစ်ကြီး ချစ်ခဲ့ကြ၊ အပျော်ကြီး ပျော်ခဲ့ကြသည်မဟုတ်လား။ ပြီးတော့ အနာဂတ် ရည်မှန်းချက်တွေက အပုံအပင်မဟုတ်လား၊ ခုတော့ အားလုံးသဲထဲရေသွန် ဖြစ် ကုန်ပါချေပြီ။

မောင်တွေးပုံ အပေါ်ယံမဆန်လွန်းဘူးလားဟင်။ ရှားလော့က ဆွေးမြေ့ခြင်းနှင့်အတူ အံ့သြ ထိတ်လန့်နေ သည့် မျက်လုံးများဖြင့် ချစ်သူကို ကြည့် ပြီးမေးသည်။ အော်လီဗာက ချစ်သူ့ လက်နှစ်ဖက် ကို ဆုပ်နယ်နေ၏။
အော်လီဗာ ရုံးခန်းထဲမှ မျက်ရည်စက်လက်နှင့် ရှားလော့ထွက်သွားသည်။ ညနေရုံးဆင်းတော့ လမ်းတွင် အရက်ပြင်းပြင်း တစ်ခွက် ၀င်သောက်သွားသည်၊ အိမ်ရောက်တော့ ဆမ်နှင့် အက်နက် တို့ နှစ်ယောက် အဲလက်စ်ကလေး ကို ညနေစာကျွေးရင် တီဗွီထိုင်ကြည့်နေကြသည်။ ရှားလော့ ဆင်မဆင်ဘရောဒ့်ဝေး သို့ သွားမည့်အကြောင်း ကြေညာပြီးကာစကလေး ဖြစ်၏။
ဆမ်ကရယ်ပြီး... "ခုပဲသတင်းလာသွားတယ်ဖေဖေ၊ မဟုတ်တရုတ်တွေ လျှောက်ပြောသွားတယ်၊ ရှားလော့ က ဘရော့ဒ်ဝေးကို သွားပြီး ပြဇာတ် ကမလို့တဲ့၊ အလကားပါနော် ဖေဖေ၊ သူကဖေဖေ နဲ့လက်ထပ် ပြီး သားတို့နဲ့ နေမှာပဲဟာ" အော်လီဗာမျက်နှာပျက်သွားသည်။ ရုတ်တရက်ဘာပြောရမှန်း မသိ သဖြင့် ခေါင်းရမ်းပြလိုက် သည်။

ခဏနေမှ.....
"ဖေဖေတို့ စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်လိမ့်မယ်သား၊ ရှာလီ့အတွက် သိပ်အရေးကြီးတဲ့ ကိစ္စ ဖြစ်နေ တယ်၊ ဒါကြောင့်သူ ဘရော့ဒ်ဝေးသို့ သွားရလိမ့်မယ်" အက်နက်နှင့်ဆမ် တို့နှစ်ယောက် အော်လီဗာ ကို ကြောင်ကြည့်နေကြ၏။ ထိုစဉ်ဘင်ဂျမင် အခန်းထဲ ၀င်လာသည်။ နာစွန်နားဖျား ကြားလိုက်သဖြင့် ရိမ်ဖမ်း သံဖမ်းသာ အဓိပ္ပာယ်ကောက် လိုက်နိုင်၏။ အဲလက်စ်ကလေးက အဖေကိုမြင်တော့ လက်ကမ်းပြီးခေါ် ဖို့ အချက်ပြသည်။ သို့သော် ကလေးကိုဘယ်သူမှဂရုမပြုမိကြ။ ဆမ်ကလေးက ဆက်မေး သည်။ "သားတို့ကော နယူးယောက်ကို ပြန်ပြောင်းမှာလား ဖေဖေ" အဖေ က ခေါင်းရမ်းပြ သည်။ တစ်ရက်အတွင်း အဖေ့မျက်နှာ အများကြီး အိုစာသွားသည်ထင်၏။

"ဘယ်ဖြစ်မလဲ သားရဲ့၊ သားတို့ ကျောင်းတက်စတန်းလန်းကြီးနဲ့၊ ပြီးတော့ ဖေဖေ့အလုပ်နဲ့ ခဏခဏပြောင်း လို့ မရဘူးလေ" "ဖေဖေလိုက်မသွားချင်ဘူး ဟုတ်လား" ဆမ်က နားမလည် သလို ထပ်မေးသည်။ "လိုက်သွားချင်ပါတယ်၊ ဒါပေမယ့် မဖြစ်ဘူးလေသားရဲ့ သူများဘ၀ထဲကို ၀င်ပြီး အနှောက်အ ယှက်မပေးရဘူးလေ၊ ရှာလီမှာ လုပ်စရာတွေရှိတယ်၊ သူ့ဘ၀နဲ့သူလေ၊ ဖေဖေတို့မှာလဲ အလားတူ လုပ်စရာတွေရှိသေးတယ် မဟုတ်လား" ခဏတွေနေပြီး ဆမ်ကလေး ခေါင်းညိတ်သည်၊ ပြီးမှ ပါးပြင်ပေါ် လိမ့်ဆင်းလာသည့် မျက်ရည်တွေ ကိုလက်ဖြင့် သုတ်ရင်း..... "မေမေ့လိုပေါ့ ....ဟုတ်လား"
"အင်း... ဆိုပါတော့" ခေါင်းညိတ်ပြီး ဆမ်ကလေးအခန်းထဲမှ ထွက်သွားသည်။ အက်နက် က ကလေး ချီပြီး ဆမ့်နောက် သို့လိုက်သွား၏ ဘင်ဂျမင်က ဖအေ့လက်မောင်းကို အသာဆုပ်လိုက်သည်။

"သား ဘာလုပ်ပေးရမလဲဟင် ဖေဖေ"
ဖေအေ့ဖြစ်အင် ကို နားလည်ပြီး စိတ်မကောင်းသည့် လေသံဖြင့် မေးလိုက်သည်။ အော်လီဗာခေါင်း ရမ်းပြ၏။ သားဖြစ်သူ၏ လက်မောင်ကို ပြန်ဆုပ်ပြီး အပေါ်ထပ်သို့ တက်သွားသည်၊ အိပ်ယာထဲ တွင် လှဲချ လိုက်ပြီး တစ်ညလုံးစဉ်စားသည်၊ တစ်ဘ၀တည်းတွင် သည်ဝေဒနာမျိုးနှစ်ခါ ခံရသည် ကတော့ တရားမျှတမှု ရှိသည်မထင်။ ချစ်သူနှင့် ကွေကွင်းရခြင်းကလည်း ဖြစ်သင့်သည့် ကိစ္စမ ဟုတ်ပါ။
အတွေး သံသရာတွင် ချာချာလည်နေ၏။ သူ့ကိုမုန်းချင်ပါ၏။ သို့သော် စိတ်ကူးဖြင့်ပင် မုန်း၍မရ။ သိပ်ချစ်ရသည့် ချစ်သူမဟုတ်လား။ အိပ်၍မပျော်သော ဒုတိယည၊ နောက်တစ်နေ့ မနက် တွင် စောစောစီးစီး ခံပြင်းစရာ ရှက်စရာနှင့် ကြုံရ၏။ အိပ်ယာနံဘေး စားပွဲပေါ်မှ ဘိုရာဘိုရာ ခရီးစဉ် စာရွက်စာတမ်း များနှင့် တည်းခိုးခန်းကြော်ငြာစာရွက်များ၊ အားလုံးဆွဲယူပြီး လွှင့်ပစ်လိုက်သည်။

သည်တစ်သက် တွင် ဘယ်သူ့ကိုမှ ချစ်၍ ရနိုင်တော့မည်မဟုတ်။ ပြတင်းပေါက်အပြင်သို့ ငေးရင်း ရှာလီ့ အကြောင်းဆက်စဉ်းစားမိပြန်၏။ မျက်ရည်တွေစီးကျလာသည်။ ထုထည် ကြီးမား လှသော မေတ္တာ မျိုးဖြင့် ချစ်ခဲ့သည်။ ပိုင်ဆိုင်ရယူလိုစိတ်ဖြင့် တစ်ကိုယ်လုံးပူလောင်လျက်ရှိ၏။ သို့သော် ဝေဒနာ ကို မျိုချပြီး သူ့ကိုလျှော့ဖြေပေးရမည်သာ။
တစ်နေ့လုံး ဖုန်းဆက်ဖို့ အကြိမ်ကြိမ်စိတ်ကူးသည်။ သို့သော် စိတ်ကိုတအားတင်းထား၏။ သတင်းစာ အားလုံးတွင် ရှာလီ့သတင်းတွေ ဆက်တိုက်ပါလာသည်၊ နောက်ရက်များတွင်လည်း ဆက်ပါမြဲ၊ ရှာလီဘက်မှလည်း လုံးဝဖုန်းမလာတော့။ သူမြန်မြန်သွားပါစေဟု အော်လီဗာကျိတ်ပြီးဆုတောင်းနေ၏။ သူ့အိမ်ကို ၀င်သွားရမလား၊ စတူဒီယို တွင်းသွားတော့ရမလားနှင့် နေ့စဉ်ထိန်းချုပ်ရလွန်းသဖြင့် ပင်ပန်းလှပြီ။ သွားပါတော့ရှာလီရယ်၊ မင်းရဲ့ဘ၀သစ်ရှိရာကို အပြီးအပိုင်ထွက်သွားပါတော့ အချစ်ရယ်။

ဆက်ရန်
.

1 comment:

Anonymous said...

ဟူးးးးးးရင်‌မောလိုက်တာ‌နော်..။လည်ပင်းထဲမှာတစ်
ဆို့ဆြို့ကီး..ဟီး..။