Tuesday, June 5, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၉)

"ဒီကနေ့ ကျွန်မ တို့ ခံတွင်းလိုက်မယ်။ လက်ဖက်ရည်နဲ့အတူတူ မှိုနတို သွတ်ထား တဲ့ ပေါင်မုန့် စားရမယ်။ မှိုနတို ကို ကျွန်မတို့ သိပ်ကြိုက်တာနော် အဘွား" ဟု သူနာပြုဆရာမ က ပြော သည်။
"ဒီနေ့ မှိုနတိုနေ့ လား…။ အစက မင်း မပြောပါလား။ နိုရာက ဘာဖြစ်လို့ လက်ဖက်ရည် မယူ လာသေး တာလဲ" "တစ်နေ့ကို ငွေတစ်ထောင်ပေးမယ်ဆိုရင်တောင် ကျွန်မတော့ ဒီအလုပ်ကို မလုပ်ဘူး ဆရာမရေ" ဘီယက်ထရစ် က သူနာပြုဆရာမကို လေသံဖြင့် လှမ်းပြောသည်။
ကို ဆက်ဖတ်ရန်...........

"ကျွန်မကတော့ ကျင့်သားရနေပါပြီ မစ္စက်လေစီ… ဘာမှ အပန်းမကြီးတော့ပါဘူး။ တစ်ခါတစ်ရံတော့ အခြေအနေ နည်းနည်းဆိုးတတ်တာပေါ့။ ဒါပေမဲ့ အဘွားက တခြားသက်ကြီးရွယ်အိုတွေလောက် မဆိုး လှ ပါဘူး။ ဟောဒီမှာ နိုရာ လာပြီ"
စားပွဲသေးသေးတစ်လုံးနှင့် စားပွဲခင်းဖြူဖြူတစ်ထည်ကို ယူပြီး နိုရာ ဝင်လာသည်။
"ဘယ်အချိန်ရှိနေပြီလဲ နိုရာ" အဘွားက ဆီးမေးသည်။ "နာရီဝက်ပဲရှိပါသေးတယ် အဘွားရဲ့" ဟု နိုရာ က ပြန်ဖြေ သည်။ သူ့အသံက မြူးကြွနေသည်။ တမင် လေ့ကျင့်ထားသည့်လေသံမျိုးဖြစ်သည်။ သူနာပြု ဆရာမပြော သည့် လေသံအတိုင်း လည်း ဖြစ်သည်။

လူတွေ အားလုံးက သည်လေသံမျိုးဖြင့် သူ့ကို ပြောလေ့ရှိကြောင်း မက်ဇင်မ်၏အဘွား သတိထားမိ ပါလေစ။ အစတုန်းကတော့ ငါ့အသက်ကြီးလာပြီထင်လို့ သူတို့ ဒီလိုပြောကြတာ၊ ဘယ်လောက် ရယ်စရာ ကောင်းသလဲ ဟု တွေးကောင်းတွေးခဲ့ပါလိမ့်မည်။ တဖြည်းဖြည်း အပြောခံရဖန် များလာသော အခါ ရိုး သွားတာမျိုး ဖြစ်နိုင်သည်။ စားပွဲကလေးနားသို့ ကျွန်မတို့တိုးပြီး ဝိုင်းထိုင်ကြသည်။ မှိုနတိုဖြင့် ပြု လုပ် ထားသော ဆင်းဒဝစ်ကို စားကြသည်။
"မှိုနတို စားရမည့်နေ့ဆိုရင် အဘွား သိပ်စိတ်ချမ်းသာတယ်" တည်ငြိမ်သော အဘွား၏မျက်နှာပေါ်မှာ အပြုံးကလေး တစ်ခု ပေါ်သွားသည်ကို မြင်လိုက်ရပါသည်။ လက်ဖက်ရည်က ပူလွန်းလှသည်။ သူနာပြု ဆရာမ က ဖြည်းဖြည်းချင်း သောက်နေသည်။ အဘွား၏မျက်လုံးများကို ကြည့်ရခြင်းအားဖြင့် တစ်နေ ရာရာ သို့ စိတ်ပျံ့လွင့်နေကြောင်း သိသာပါသည်။ သူ ဘာတွေ စဉ်းစားနေသလဲဆိုတာ သိချင်စမ်းပါဘိ။
"အီတလီနိုင်ငံ မှာ ရာသီဥတု တော်တော်ကောင်းသလား" ဟု သူနာပြုဆရာမက ကျွန်မကို လှမ်းမေးပါ သည်။

"ဟုတ်ကဲ့ရှင်… အင်မတန် နွေးနွေးထွေးထွေး ရှိပါတယ်"
ဘီယက်ထရစ်က သူ့အဘွားဘက်သို့ လှည့်လိုက်သည်။
"ပျားရည်ဆမ်း ခရီးအဖြစ် သူတို့ အီတလီကို သွားကြတယ်လေ…။ ဟိုမှာ ရာသီဥတုသိပ်ကောင်းတာပဲ တဲ့။ မက်ဇင့်မ် အသားတွေလဲ နေလောင်ပြီး သိပ်ကြည့်ကောင်းတယ်"
"ဒီနေ့ မက်ဇင်မ် ဘာဖြစ်လို့ ပါမလာတာလဲ" ဟု အဘွားက မေးသည်။
"မက်ဇင်မ် လန်ဒန် ကို သွားနေတယ်လို့ အဘွားကို သမီးတို့ပြောပြီးပြီလေ။ ညစာစားပွဲတစ်ခုတက်ဖို့။ ဂျိုင်းလ်စ်လဲ အဲဒီညစာစားပွဲကို သွားတယ်" ဘီယက်ထရစ်က စိတ်မရှည်သလို အော်ပြောလိုက်သည်။
"သြော်… ဒီလိုလား။ မက်ဇင်မ်က အီတလီကို ရောက်ခဲ့တယ်လို့ ဘာဖြစ်လို့ ပြောတာလဲ"
"ဧပြီလတုန်း က အီတလီမှာ သူတို့ရှိခဲ့တယ်လေ။ အခု မန်ဒါလေကို ပြန်ရောက်နေကြပြီ" ဘီယက်ထရစ် က ပြန်ပြော ရင်း ပခုံးများ တွန့်ပြလိုက်သည်။
"မစ္စတာ နဲ့ မစ္စက်ဒီဝင်းတားတို့ အခု မန်ဒါလေစံအိမ်မှာ ပြန်နေကြပါတယ်" ဟု သူနာပြုဆရာမက ထပ် ပြောပြ သည်။

"ဒီလဟာ မန်ဒါလေမှာ ရာသီဥတု အကောင်းဆုံးပါပဲ။ နှင်းဆီပန်းတွေလဲ အရမ်းပွင့်နေကြပြီ။ အဘွား အတွက် ယူလာချင်လိုက်တာ" ကျွန်မက အဘွားအနားသို့ ကပ်ပြောသည်။
"ဟုတ်တယ်… နှင်းဆီပန်းကို အဘွား သိပ်ကြိုက်တာပေါ့" ဟု ပြောရင်း ကျွန်မကို ဝေသီသော မျက်လုံး များဖြင့် စိုက်ကြည့်နေပါသည်။ "မင်းက မန်ဒါလေမှာပဲ နေသလား" ကျွန်မ တံတွေးမျိုချလိုက်ပါသည်။ စကားဝိုင်း တိတ် သွားသည်။ ခဏကြာတော့မှ ဘီယက်ထရစ်က စိတ် မရှည်သောလေသံ မျိုးဖြင့် အော်ပြော သည်။
"မန်ဒါလေ မှာပဲ သူနေတာ အဘွား သိတယ်လေ… သူနဲ့ မက်ဇင်မ်နဲ့ လက်ထပ်ထားကြတာ"
သူနာပြုဆရာမ က လက်ဖက်ရည်ပန်းကန်ကိုချပြီး အဘွားကို လှစ်ကနဲ တစ်ချက် လှမ်းကြည့် လိုက် ကြောင်း သတိထားလိုက်မိသည်။ အဘွားကမူ ခေါင်းအုံးပေါ်မှာ မှီနေသည်။ နှုတ်ခမ်းကလည်း တွန့်နေ သည်။

"မင်းတို့စကားပြောတာ သိပ်များသွားပြီ။ အဘွား ဘာမှနားမလည်တော့ဘူး" ပြီးတော့ ကျွန်မကို မျက် မှောင် ကုပ်ကြည့်ကာ ခေါင်းကို ခါယမ်းနေပါသည်။ "မင်းက ဘယ်သူလဲ သူငယ်မ… အလျင်တုန်း က မမြင်ဖူးပါလား။ မင်းရဲ့မျက်နှာကို ငါ မသိဘူး။ မန်ဒါလေမှာလဲ မင်းကို မြင်ဖူးတယ်လို့ ငါ မထင်ဘူး။ ဘီး… ဒီကလေးမက ဘယ်သူလဲ။ မက်ဇင်မ်က ရဘက်ကာကို ဘာဖြစ်လို့ခေါ်မလာတာလဲ။ ရဘက်ကာ ကို ငါ သိပ်ချစ်တယ်။ ရဘက်ကာ ဘယ်မှာလဲ" စကားဝိုင်း တိတ်သွား သည်။ ကြောက်မက်ဖွယ်ကောင်း လှသည့် အချိန်ပိုင်းကလေးဖြစ်ပါသည်။ ကျွန်မ ပါးပြင်ပေါ်မှာ သွေးရောင်လွှမ်းသွားကြောင်း ခံစားလိုက် ရပါသည်။ သူနာပြုဆရာမက အဘွားအနားသို့ ခပ်သုတ်သုတ် ပြေးကပ်သွားသည်။
"ရဘက်ကာ ကို ငါ တွေ့ချင်တယ်။ ရဘက်ကာကို မင်းတို့ ဘာလုပ်လိုက်ကြသလဲ" အဘွားက ထပ်ပြော ပြန် သည်။ ဘီယက်ထရစ်က ထိုင်ရာမှ ဒယီးဒယိုင်ထာသည်။ စားပွဲပေါ်ရှိ လက်ဖက်ရည် ပန်းကန်များ သွက်သွက်ခါသွားသည်။ သူ့မျက်နှာလည်း ရဲနေပြီ။ မဲ့လည်း မဲ့နေပြီ။

"မစ္စက်လေစီ… ပြန်ကြရင် ကောင်းမယ်ထင်တယ်" ဆရာမက ပြောသည်။ သူ့မျက်နှာလည်း ပန်းနု ရောင်ပြေးနေ ပြီ။ "အဘွား နည်းနည်း ပင်ပန်းသွားလို့ပါ။ ဒီလိုဖောက်လာရင် အချိန်နည်းနည်းတော့ ကြာ တတ်တယ်။ ဒီနေ့ဖြစ်ရတာ ကံဆိုးတယ်လို့ ပြောရမလိုဖြစ်နေပြီ။ နားလည်နိုင်ပါတယ်နော် မစ္စက် ဒီဝင်းတား" "ကျွန်မ သဘောပေါက်ပါတယ်ရှင်။ ကိစ္စမရှိပါဘူး။ ကျွန်မတို့ သွားကြဖို့  အကောင်း ဆုံးဖြစ်ပါလိမ့်မယ်"
ဘီယက်ထရစ်နှင့် ကျွန်မက ပစ္စည်းများ လှမ်းဆွဲသည်။ ဆရာမက အဘွားဘက်သို့ ပြန်လှည့်သွား သည်။
"အဘွား ဒါတွေ မစားဘူးလာ။ မှိုနတို သွတ်ထားတဲ့ ပေါင်မုန့်လေ"
"ရဘက်ကာ ဘယ်မှာလဲ။ မက်ဇင်မ်က ရဘက်ကာကို ဘာဖြစ်လို့ခေါ်မလာတာလဲ" အဘွားက အလို မကျသောလေသံနှင့် ဆက်ပြောနေသည်။

အိမ်ပြင် သို့ ကျွန်မတို့နှစ်ယောက် ထွက်လာကြသည်။ ဘာစကားမျှမပြောဘဲ ကားမောင်းထွက်လာကြ သည်။ ကျွန်မ ကလည်း ရှေ့တည့်တည့်ကိုသာ ကြည့်နေမိသည်။ ကျွန်မအတွက် ဘာမျှအရေးမကြီးပါ။ ကျွန်မ တစ်ယောက်တည်း ကြုံတွေ့ရမည်ဆိုလျှင် အရေးစိုက်စရာ အကြောင်းမဟုတ်ပါ။ ဘီယက်ထရစ် အတွက် သာ ကျွန်မ စိတ်မကောင်းဖြစ်မိပါသည်။ ယခုအဖြစ်အပျက်ကြီးတစ်ခုလုံးသည် သူ့အဖို့ စိတ်မ ချမ်းမြေ့ ဖွယ်ရာ၊ အနေရကျပ်စရာဖြစ်နေပါတော့သည်။ ကျေးရွာကိုလွန်တော့မှပင် သူ စကားပြောနိုင် ပါ တော့သည်။
"ညီမလေး ရယ်… မမ အရမ်းစိတ်ထိခိုက်သွားပြီ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး"
"စိတ်မကောင်း မဖြစ်ပါနဲ့ မမရယ်။ ဘာမှ အရေးမကြီးပါဘူး။ ကျွန်မလဲ ဘယ်လိုမှ မအောက်မေ့ပါဘူး။ တကယ်ပြောတာပါ" ဟု ကမန်းကတန်းပြန်ပြောရသည်။

"အဘွား ဒီလိုဖြစ်လိမ့်မယ်လို့ မမ လုံးဝမထင်ခဲ့ဘူး။ ဒီလိုဖြစ်မယ် ထင်ရင် ညီမလေးကို ခေါ်မသွားဘူး။ မမ အရမ်း ဝမ်းနည်းပါတယ်" "ဝမ်းနည်းစရာ မကြောင်းမရှိပါဘူး မမရယ်။ ကဲ… ဒီအကြောင်း ထပ်မပြောကြပါနဲ့ စို့"
"မမတော့ နားမလည်နိုင်တော့ဘူး။ ညီမလေးအကြောင်းကို သူ အကုန်သိပြီးသားပဲ။ စာရေးပြီး အသိ ပေးထား တာပဲ။ မက်ဇင်မ်ကလဲ စာရေးပြောပြီးသား။ မင်းတို့နိုင်ငံခြားမှာ လက်ထပ်ခဲ့ကြတာတောင် သူ စိတ်ဝင်စားခဲ့သေးတာပဲ" "အဘွားအသက် ကို မမ မေ့သွားပြီ။ သူ ဘယ်မှတ်မိနိုင်တော့မှာလဲ။ မက်ဇင်မ် နဲ့ ကျွန်မကို ဘယ်ဆက် စပ်လို့ရမလဲ။ ရဘက်ကာနဲ့ မက်ဇင်မ်ကိုသာ သူ ဆက်စပ်လို့ရမှာပေါ့"
ကျွန်မတို့ စကားမပြောဘဲ ကားဆက်မောင်းလာကြသည်။ သည်တစ်ခါ ကားထဲမှာ ထိုင်လိုက်လာရ သည့် အတွက် စိတ်သက်သာရာရမိပါသည်။ ချိုင့်တွေထဲမှာ ကားဘက်လောက်ဆောင့်ဆောင့် အရေး မကြီးပါ။ လမ်းကွေ့များတွင် အရှိန်နှင့် ကွေ့လိုက်သောကြောင့် ကိုယ် ယိမ်းယိုင်သွားသော်လည်း အမှု မထားတော့ပါ။

"ရဘက်ကာကို သူ သိပ်ချစ်တာ မမ မေ့နေတယ်" ဘီယက်ထရစ်က တစ်လုံးချင်းပြောသည်။ "ဒီလို ဖြစ်လာ လိမ့်မည်လို့ ကြိုမတွေးမိတာ မမ မှားတာပဲ။ ရဘက်ကာ သေသွားတာကို သူ ဘာဖြစ်လို့ လက် မခံနိုင် ရတာလဲ မသိဘူး။ အို… ဘုရား… ဘုရား… ဘယ်လိုများဖြစ်ရတယ် မသိပါဘူးကွယ်။ မမကို ညီမလေး ဘယ်လိုထင်သွားလေမလဲ"
"တော်ပါတော့ မမ။ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မဖြစ်ပါဘူးလို့ ပြောပြီးပြီပဲ"
"ရဘက်ကာ က အဘွားစိတ်ချမ်းသာအောင် အများကြီးလုပ်ခဲ့တယ်။ မန်ဒါလေကိုလဲ မကြာခဏ ခေါ် သွား တတ်တယ်။ အဲဒီတုန်းက အဘွားဟာ သိပ်ကျန်းမာနေသေးတာပေါ့။ ရဘက်ကာ ပြောသမျှတွေကို တဝါးဝါး ရယ်နေသေးတယ်။ ရဘက်ကာက ရယ်စရာ မောစရာ ပြောတတ်တော့ အဘွားက သဘောကျ တယ်။ ရဘက်ကာ ဟာ အံ့သြစရာကောင်းလောက်အောင် ပါရမီထူးတဲ့ မိန်းမပဲ။

လူတွေ ကို စွဲမက်စေ တယ်။ ယောက်ျားရော မိန်းမရော ကလေးရော သူ့ကို ခင်ကြတယ်။ ယုတ်စွ အဆုံး ခွေးတွေကတောင် သူ့ကို ခင်ကြတယ်။ အဘွားဟာ သူ့ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူး ထင်တယ်။ ဒီနေ့ ခရီး နဲ့ပတ် သက်ပြီး မမကို လုံးလုံးကျေးဇူးမတင်နဲ့တော့"
"ကျွန်မ စိတ်ထဲ မှာ ဘယ်လိုမှမဖြစ်ပါဘူး။ တကယ်ပြောတာပါ။ ဘယ်လိုမှ မဖြစ်ပါဘူး" သည်အကြောင်း ကို ဘီယက်ထရစ် ဆက်မပြောလျှင် ကောင်းပါမည်။ သည်အကြောင်းကို ကျွန်မ စိတ်မဝင်စားပါ။ ဘာ ပြဿနာ မှလည်း မရှိပါ။ သည်အကြောင်းပေါ်လာသည့်အတွက်လည်း ဘာဖြစ်ရဦးမည်နည်း။
"ဒီအကြောင်း ကို ဂျိုင်းလ်စ်သိရင် သိပ်ကို စိတ်မကောင်ဖြစ်ဦးမယ်။ မင်းကို ခေါ်သွားတဲ့အတွက်လည်း မမကို အပြစ်တင်ပြီး ဆူနေဦးမယ်"
"ဘာမှပြန်မပြောဘဲ နေလိုက်ပေါ့။ ဒီအကြောင်း မေ့လိုက်ကြရင် ကောင်းမယ်ထင်တယ်။ ဒါကို ထပ်ပြော နေရင် လူတွေ က ပုံကြီးချဲ့လာကြလိမ့်မယ်"
"မမအမူအရာ ကို ကြည့်ပြီး တစ်ခုခုဖြစ်လာပြီဆိုတာ ဂျိုင်းလ်စ်က သိမှာပဲ။ သူမသိအောင် ဘာမှ ဟန် ဆောင် ထားလို့မရဘူး"

ကျွန်မ တိတ်နေလိုက်ပါသည်။ သူတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် သည်အကြောင်း ပျံ့နှံ့ သွားနိုင် ကြောင်း ကျွန်မ သိပါသည်။ လူတွေက စိတ်ဝင်တစားဖြင့် ပုံကြီးချဲ့ကြပေတော့မည်။ ကျွန်မအဖို့ အရေး ကြီးဆုံးမှာ မက်ဇင်မ် ပြန်မကြားဖို့ပင် ဖြစ်ပါသည်။ ဖရင့်ခရော်လေကိုတော့ တစ်နေ့ကျ မှ ပြောပြရပါ မည်။ သို့သော်လည်း ယခုအချိန်မှာတော့ ပြောပြလို့ မဖြစ်သေးပါ။
တောင်ကုန်းထိပ်သို့ ရောက်လာကြပြီ။ ကားရစ်မြို့မှ အိမ်ခေါင်မိုး ညိုညိုများကို လှမ်းတွေ့နေရပြီ။ ညာဘက် တွင်မူ တောအုပ်အလယ်မှာ ထီးထီးကြီး ရပ်နေသည့် မန်ဒါလေ။
"ညီမလေး အိမ်ကို ချက်ချင်း ပြန်ရောက်ချင်သလား" "မရောက်ချင်ပါဘူး။ ဘာဖြစ်လို့လဲ"
"ခြံဝ မှာ ညီမလေး ကို ချထားခဲ့ရင် စိတ်မဆိုးနဲ့နော်။ အခုနေ ခပ်သုတ်သုတ် မောင်းလိုက်ရင် လန်ဒန်က ရထား ဆိုက်ချိန် မီနိုင်တယ်။ ဂျိုင်းလ်စ် ကို ကားနဲ့ကြိုနိုင်တယ်။ ဒါမှမဟုတ်ရင် သူ တက္ကစီငှားနေရလိမ့် မယ်" "ရပါတယ်… ကျွန်မ လမ်းလျှောက်သွားမှာပေါ့" "ကျေးဇူးတင်လိုက်တာ ညီမလေးရယ်" ဟု သူက ဝမ်းသာအားရ ပြောသည်။

သည်နေ့ခင်းအဖို့တော့ သူ့မှာ စိတ်လှုပ်ရှားစရာတွေ သိပ်များသွားပြီ။ ထို့ကြောင့် သူတစ်ယောက် တည်း နေချင်ပေလိမ့်မည်။ မန်ဒါလေအိမ်ထဲသို့ ဝင်ပြီး လက်ဖက်ရည်သောက်ချင်စိတ်လည်း ရှိတော့မည် မ ဟုတ်။ ခြံဝရောက်တော့ ကားပေါ်မှ ဆင်းလိုက်သည်။ သူနှင့်နမ်းပြီး နှုတ်ဆက်သည်။
"နောက်တစ်ခါ မမနဲ့တွေ့ရင် ဝအောင်လုပ်ထားနော်…။ ပိန်ရင် ညီမလေးက ကြည့်မကောင်းဘူး။ မက်ဇင်မ် ကို နှုတ်ဆက်ကြောင်း ပြောလိုက်ပါ။ ဒီနေ့ဖြစ်ရတာတွေအတွက် မမကို ခွင့်လွှတ်နော်"
ဖုန်တထောင်းထောင်း ထသွားသည့်နေရာမှာ သူ့ကားပျောက်သွားသည်။

ဂိတ်ဝမှနေ ၍ မော်တော်ကားလမ်းကလေးအတိုင်း လမ်းလျှောက်ဝင်ခဲ့သည်။ လမ်းပေါ်မှာ သစ်ပင်တွေ က အုပ်ဆိုင်းနေ သည်။ မက်ဇင်မ်၏အဘွား ငယ်ငယ်တုန်းက သည်နေရာမှာ လမ်းလျှောက် သွားနေ ပုံ၊ မြင်းရထားစီးသွားပုံ၊ အလုပ်သမားများနှင့် စကားပြောနေပုံ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပင်လယ် ဘက် သို့ ပျော်ပွဲစားထွက်ပုံများကို စိတ်ကူးကြည့်မိပါသည်။
ထို့နောက် သူ အသက်ကြီးလာသောအခါ ရဘက်ကာ က သူ့ကိုတွဲပေးပြီး လမ်းလျှောက်စေပုံ၊ ရယ်စရာ စကားတွေ ပြောပြ ပုံ၊ ရဘက်ကာ ပြောသမျှကို နားထောင်ရင်း တဝါးဝါးရယ်မောနေပုံများကို ကျွန်မ တွေးကြည့်မိပါသည်။ ရဘက်ကာသည် ကိုယ်လုံးကလေး သေးသေးသွယ်သွယ်၊ အရပ် က ထောင် ထောင်မောင်းမောင်း၊ ရုပ်ရည်က ချောမောလှပသည်။ ပြီးတော့ ဘီယက်ထရစ် ပြောသလို ပင် ယောက်ျား၊ မိန်းမ၊ လူကြီး လူငယ်ရော ခွေးတွေပါမကျန် သူ့ကိုချစ်ကြသည်။ ခင်မင်ကြသည်။ အင်မတန် ပါရမီ ဓာတ်ခံကောင်းပြီး ကုသိုလ်ထူးသော အမျိုးသမီးပါတကားဟု လမ်းလျှောက်ရင်း ကျွန်မ စဉ်းစား လာခဲ့မိသည်။

အိမ်နားရောက်တော့ အိမ်ရှေ့မှာ မက်ဇင်မ်၏မော်တော်ကား ရပ်ထားသည်ကို တွေ့ရသည်။ ရင်ခုန် သွား မိသည်။ ထို့ကြောင့်လည်း ခန်းမဆီသို့ အပြေးကလေး တက်ခဲ့မိသည်။ သူ့ဦးထုပ်နှင့် လက်အိတ် များကို စားပွဲပေါ် မှာ တွေ့ရသည်။ စာကြည့်ခန်းဆီသို့ ကျွန်မ တန်းလာခဲ့သည်။ အနားရောက်တော့ အထဲမှ စကားပြောသံ များကို ကြားရသည်။ အသံတစ်ခုက အခြားအသံတစ်ခုထက် ပိုကျယ်သည်။ မက်ဇင်မ်၏ အသံဖြစ်ပါသည်။ တံခါးပိတ်ထားသည်။ အထဲသို့မဝင်မိဘဲ ကျွန်မ တုံ့ဆိုင်းဆိုင်းဖြစ်သွားမိ ပါသည်။

"နောက်ကို မန်ဒါလေနဲ့ ကင်းကင်းရှင်းရှင်း နေပါလို့ စာရေးပြောပါ။ ကြားလား… ကျုပ်ကို ဘယ်သူပြန် ပြောတယ် ဆိုတာ အကြောင်းမဟုတ်ဘူး။ ဒါ အရေးမကြီးဘူး။ မနေ့က သူ့မော်တော်ကားကို ဒီမှာ လှမ်း တွေ့လိုက်ရတယ်ဆိုတာ ကျုပ်သိတယ်။ သူ့ကို ခင်ဗျား တွေ့ချင်ရင် မန်ဒါလေ ရဲ့ အပြင်ဘက် မှာ တွေ့ ပါ။ ကျုပ်ခြံထဲကို မဝင်ရဘူး။ ကျုပ်အိမ်ရိပ်ကို မနင်းရဘူး။ နားလည်ရဲ့လား။ မှတ်မိ ရဲ့လား။ ဒါဟာ နောက်ဆုံးအကြိမ်အဖြစ် ခင်ဗျားကို သတိပေးခြင်းပဲ"
လှေကားဘက် ကို ကျွန်မ ခပ်မြန်မြန်မ ပြန်ထွက်လာခဲ့သည်။ စာကြည့်ခန်းတံခါးဖွင့်သည့်အသံကြားရ သည်။ ကမန်းကတန်း အပေါ်သို့တက်ခဲ့ပြီး အနုပညာခန်းထဲမှာ ဝင်ပုန်းလိုက်သည်။ စာကြည့်ခန်းထဲမှာ မစ္စက်ဒင်ဗာ ထွက်လာပြီး တံခါးပြန်ပိတ်နေသည်။ ကျွန်မ က ခါးကုန်းနေလိုက်သောကြောင့် ကျွန်မကို သူ မမြင်ရပါ။ သူ့မျက်နှာ ကို လှမ်းကြည့်လိုက်သည်။ စိတ်ထိခိုက်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ထိတ်လန့်ခြင်း အမူအရာ များကို မြင်ရသည်။

လှေကားနားမှ ခပ်သုတ်သုတ် လျှောက်သွားပြီး နောက်ဘေးဆောင်သို့ ကူးသည့် တံခါးပေါက်မှာ ဝင် ရောက် ပျောက်ကွယ် သွားသည်။
ကျွန်မ ခဏစောင့်နေသည်။ ထို့နောက် စာကြည့်ခန်းဆီသို့ ဆင်းလျှောက်သွားသည်။ တံခါးဖွင့်ပြီး အထဲ သို့ ဝင်ခဲ့သည်။ မက်ဇင်မ်က ပြတင်းပေါက်နားမှာ ရပ်နေသည်။ လက်ထဲမှာ စာအချို့ကိုင်ထားသည်။ ကျွန်မ ကို ကျောပေးထားသည်။ ကျွန်မ တိတ်တိတ်ကလေး အပြင်ပြန်ထွက်ပြီး အပေါ်ထပ် အိပ်ခန်းထဲ မှာ သွားထိုင်နေရလျှင် ကောင်းမည်လားဟု တွေးလိုက်မိသည်။ ကျွန်မ၏ခြေသံကို သူ ကြားလိုက်ရ သည် ထင်၏။ ရုတ်တရက် နောက်သို့ ပြန်လှည့်လိုက်သည်။

"ဘယ်သူ လာပြန်တာလဲ"
ကျွန်မ က ပြုံးပြပြီး "ဟဲလို…" ဟု ပြောကာ သူ့ဆီသို့ လက်ဆန့်တန်းပြီး လျှောက်သွားသည်။
"သြော်… မင်းကိုး…" သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံနှင့် မည်မျှ သူ စိတ်ဆိုးနေကြောင်း ကျွန်မ သိပါသည်။ သူ့နှုတ်ခမ်း များကိုလည်း တင်းတင်းစေ့ထားသည်။ "မင်းတစ်ယောက်တည်း ဘာတွေများ လုပ်နေ သလဲ" ကျွန်မခေါင်းကို သူ နမ်းပါသည်။ ကျွန်မပခုံးကိုလည်း သိမ်းဖက်ထားပါသည်။ မနေ့က ကျွန်မ ကို ခွဲထား ခဲ့ပြီး သူ ထွက်ခွာသွားသည့် ရှည်လျားလှသော အချိန်ကာလကြီးတစ်ခု ပြီးဆုံးသွားပြီဟု ကျွန်မ ခံစား လိုက်ရပါသည်။

"အစ်ကို့အဘွားကို သွားတွေ့လိုက်တယ်လေ…။ ဒီနေ့ခင်း ဘီယက်ထရစ်က ကားနဲ့လာခေါ်တယ်"
"အဘွား ဘယ်လိုနေသလဲ" "နေကောင်းပါတယ် အစ်ကို" "ဘီက ဘာဖြစ်လို့ လိုက်မလာတာလဲ"
"ဂျိုင်းလ်စ် ကို ဘူတာရုံမှာ ကြိုစရာရှိလို့တဲ့" ပြတင်းပေါက်နားက ကုလားထိုင်မှာ ကျွန်မတို့ အတူထိုင်ကြသည်။ သူ့လက်ကို ကျွန်မ ဆုပ်ကိုင်ထားမိ သည်။

"အစ်ကို ခရီးထွက်သွားတာ ကျွန်မ သိပ်မုန်းတာပဲ။ အစ်ကို့ကို အရမ်းလွမ်းတယ်ကွယ်…"
"ဟုတ်လား…" ကျွန်မတို့ငြိမ်နေ ကြသည်။ သူ့လက်ကိုတော့ ကိုင်မြဲကိုင်ထားမိသည်။
"လန်ဒန်မှာ ပူသလား အစ်ကို" "ဟုတ်တယ်… ပူတယ်။ အဲဒီအရပ်ကို အစ်ကို အမြဲတမ်း မုန်းတယ်ကွယ်"
စောစောတုန်း က သည်အခန်းထဲမှာ မစ္စက်ဒင်ဗာနှင့် ဘာတွေဖြစ်ခဲ့သည် ကို ပြောပြလေမလား ဟု တွေး နေမိသည်။ ဂျက်ဖေဗယ်လာသည့်အကြောင်း သူ့ကို ဘယ်သူကများ ပြောပြပါလိမ့်။

"တစ်ခုခုကြောင့်များ အစ်ကို စိတ်သောက ရောက်နေရသလားဟင်"
"တစ်နေ့လုံး ပင်ပန်းလာတယ်ကွာ။ ၂၄ နာရီအတွင်းမှာ ခရီးရှည်ကြီးတစ်ခုကို အသွားအပြန် ကား မောင်း ရတာ မသက်သာဘူး"
ထိုင်ရာမှ ထပြီး တစ်ဖက်သို့ သူ ထွက်သွားသည်။ စီးကရက်တစ်လိပ်ကို မီးညှိနေသည်။ မစ္စက်ဒင်ဗာနှင့် ဖြစ်သည့်ကိစ္စ ကျွန်မကို ပြောပြတော့မည် မဟုတ်ကြောင်း သိလိုက်ပါပြီ။
"ကျွန်မ လဲ နုံးနေတယ် အစ်ကိုရယ်…။ ဒီနေ့ဟာ တစ်မျိုးပဲ"
ကျွန်မ ကလည်း တစ်လုံးချင်း ပြန်ပြောလိုက်ပါသည်။

ဆက်ရန်
.

No comments: