Thursday, May 3, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၄)

အော်လီဗာ ရာထူးတစ်ဆင့်တက်ပြန်ပြီ။ သူ့ကုမ္ပဏီတွင် ထိပ်ဆုံးကလူဖြစ်နေပြီ။ အသက်လေး ဆယ့်လေး နှစ်အရွယ်တွင် အော်လီဗာ ၀တ်ဆင်သည် နယူးယောက် စီးပွားရေးလောကတွင် အငယ်ဆုံး ညွှန်ကြားရေးမှူး အဖြစ် လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားနေပြီ။
သည် အတွက် အော်လီဗာကျေနပ်၏။ အလုပ်ကို ချစ်မြတ်နိုးသူမဟ်ုတ်လား။ ရာထူးရ ပြီ၊ မြတ်နိုးရသော ဇနီး ကောင်းတစ်ယောက်နှင့် ချစ်စရာသားသမီးသုံးယောက်ရှိပြီ။ ဘ၀တွင် ဘာများ လိုပါသေး သနည်း။ ဘာမှမလို တော့အောင် ပြည့်စုံနေပါပြီ။
ကို ဆက်ဖတ်ရန်...........

" အက်နက် ရှိနေမှာာပါ၊ ဒါပေမယ့် ဆာရာ့အထင် ….. "
" အို …. ဘာမှထင်မနေနဲ့၊ အ၀တ်လဲတော့ "
သူ့အနားရောက် လာသည့် ဆာရာ့အား တင်ပါးကို အသာပုတ်ပြီး ပြောလိုက်၏။ ပြီးတော့ မုတ်ဆိတ်ရိတ်ဓား ခလုတ် ကို ပိတ်လိုက်ပြီး ဇနီးလုပ်သူကို သိုင်းဖက်ကာ …..
" သိပ်ချစ်တာပဲ၊ ဒါလင်သိပါတယ်နော်၊ မောင်တော့ ကြာလေစွဲလမ်းလေပဲ "
သိပါသည်။ ဆာရာကောင်းကောင်း သိပါသည်။ ဆာရာလည်း ချစ်ပါတယ်မောင်ရယ်။ ချစ်လွန်းလို့ ဆာရာ့ အတွက် ခက်နေရ သည်လေ။

" ဆာရာလဲ မောင့်ကို သိပ်ချစ်ပါတယ်မောင်ရယ် "
ဆာရာ့ မျက်ဝန်းထဲတွင် ဆွေးရိပ်သမ်းနေသည်။ အော်လီက တင်းတင်းဖက်လိုက်၏။
" ကြည့်ရတာ ညှိုးနေသလိုပဲ၊ ဒီနေ့ ဘာအဆင်မပြေဖြစ်လို့လဲဟင် "
" အို …. ဘာမှ မဖြစ်ပါဘူးမောင်ရယ် "
အဆင်မပြေစရာ ဘာဆိုဘာမှမရှိတော့ပါ။ ကလေးတွေလည်း သူတို့ ကိုယ်သူတို့ထိန်းသိမ်းနိုင်ကြပြီး အိမ်ကိုလည်း အက်နက် က နိုင်နိုင်နင်းနင်း အုပ်ချုပ်နေပြီ။ ပြင်ပလူမှုရေးပရဟိတ ကိစ္စတွေကို ဆာရာ လျှော့ထားသည် မှာ နှစ်နှစ်ရှိပြီ။ စာရေးမည်ဆိုပြီး ဖြတ်ပစ်လိုက်ခြင်းဖြစ်၏။ သို့သော် ဘာတစ်ပုဒ် မှ ထွက်မလာပါ။
ဘာမှ မပြေလည်စရာ အကြောင်းမရှိတော့ပါချေ။ ငြီးငွေ့ခြင်း၊ အထီးကျန်ခြင်းကလွဲလို့ ပေါ့လေ။

" နည်းနည်း ပင်ပန်းလို့ထင်ပါတယ်၊ သြော် …. ဒါထက်ကြည့်စမ်း … မေ့ နေလိုက်တာ၊ ဖေဖေဂျော့ ဖုန်းဆက် တယ်၊ မောင့်ကို ပြန်ဆက်ပါတဲ့ "
" ဘာဖြစ်လို့တဲ့လဲဟင် "
မိဘနှစ်ပါးနှင့် ပတ်သက်လာလျှင် အော်လီဗာ စိတ်ပူတတ်သည်။ ဇရာထောက်နေကြပြီ မဟုတ် လား။ နှလုံး ရောဂါ တစ်ခါထပြီးကတည်းက ဖေဖေသည် အလျင်အတိုင်း ပြန်ဖြစ်မလာတော့ပါ။
" ဖေဖေ ဘာဖြစ်လို့လဲဟင်ဆာရာ "
" နေကောင်းပါတယ်၊ မေမေဈေးသွားတာကြာလို့ သူစိတ်ပူတာပါ၊ ပြန်ရောက်လာတော့ တစ်ခါထပ်ဆက် တယ်၊ ဒီလိုရာသီဥတု ထဲမှာ အဘွားကြီးအပြင်ထွက်တာကို သူစိတ်ပူတာဖြစ်မှာပါ "
" ဖေဖေဟာ အစိုးရိမ်သိပ်ကြီးလာတယ်၊ ဒါကြောင့် သူ့နှလုံးဒုက္ခပေးတာ၊ မောင်လဲ ခဏ ခဏ ပြောတြာပဲ၊ မေမေက သူ့ကိုယ်သူ ထိန်းနိုင်ပါတယ်လို့၊ မေမေ့ကို ဖေဖေက သိပ် စိတ်မမှန်တော့ ဘူး ထင်နေတယ်၊ မမှန် တာကို သူကွ၊ ပြန်လာမှပဲ ဆက်တော့ မယ်၊ စောပါသေးတယ်၊ လာ ….. မောင်တို့သွားကြစို့ "
သူ ပြုံးပြီးဆက်ပြောသည်။

" မောင် ခုနစ်နာရီမှာ သီးသန့်စားပွဲစီစဉ်ထားတယ်၊ ဒါ လျင်မြန်မြန်လုပ်နော် "
ဆမ်ကလေး ကို အနမ်းဖြင့်နှုတ်ဆက်သည်။ အက်နက်ကို ပျော်ပွဲစားရုံဖုန်းနံပါတ်ပေးခဲ့ပြီး ထွက်လာကြ သည်။ ဘင်ဂျမင် က ထွက်သွားနှင့်ပြီ။ အသားကင်တုံးကြီးနှင့် ဟင်းသီးဟင်းရွက်တွေ အ၀အပြဲစားပြီး မအေ့ ကားသော့ယူကာ လစ်သွားခြင်းဖြစ်၏။
ပျော်ပွဲစားရုံကလေး မှာ နွေးနွေးထွေးထွေးနှင့် ချစ်ဖို့ ကောင်းလှသည်။ ပြင်သစ်ဆန်ဆန် မွမ်းမံပြင်ဆင် ထား၏။ မီးလင်းဖို ထဲတွင် မီးတွေ တဟိန်းဟိန်းနှင့်။ အစားအသောက်ကလည်း အဆင့်မြင့်ကောင်းမွန်လှ သည်။

အေးအေးလူလူ အနားယူပြီး အော်လီပြောပြသည့် ရာထူးတက်ကြောင်း မင်္ဂလာသတင်းကို နားထောင် သည်။ ထူးဆန်းသည် မှာ မိမိကိုယ်တိုင်အတွက် စိတ်လှုပ်ရှားခြင်း အလျှင်းမရှိတော့ခြင်းပင်။ သူ့အတွက် ကား ၀မ်းသာပါသည်။ သို့သော် မိမိနှင့် သူ့အောင်မြင်မှု မဆိုင်တော့ပေ။
စားသောက် ပြီးစီးတော့ အော်လီက ကုလားထိုင်နောက်မှီပြီး ဆာရာ့ကို အကဲခတ်သည်။ တစ်မူထူးခြားနေ သည်တော့ အမှန်။ ဘာရယ်လို့တော့ အော်လီအကဲမခက်တတ်။ ခါတိုင်းဆိုလျှင် ဆာရာ့ရင်ထဲကို အော်လီ ကြည့်မြင် တတ်သည်။ သည်ညတော့ ဘယ်လိုမှ အဓိပ္ပာယ်ဖော်လို့မရဖြစ်နေ၏။

သူ့ကြည့်ရသည်မှာ ဟိုအဝေးကြီးသို့ ရောက်နေသလိုလို၊ မိမိကိုကြည့်သည့် မျက်လုံးများက ကြေကွဲနေသ လိုလို။ ဘုရား … ဘုရား၊ ရင်ထဲထိတ်သွားသည်။ သူ့မှာ ချစ်သူ အသစ်များရှိနေလို့လား။ ဒါလည်း မဖြစ် နိုင်ပါ။ ယောက်ျားပေါ် အလွန်သစ္စာရှိသည့် ဆာရာ။ ပြီးတော့ သိပ်ရိုးသား အပြစ်ကင်းသည့် ဆာရာ။ ဒါတွေ ကြောင့် ပုံအော ချစ်နေရခြင်းမဟုတ်လား။
ဤသို့ မတင်မကျနှင့်ပင် နောက်ဆုံး ရှန်ပိန်နျင့် အချိုပွဲမှာလိုက်ရသည်။ ဖယောင်းတိုင် မီးရောင်အောက်တွင် ဆာရာသည် လှချင်တိုင်း လှနေသည်။ လေးဆယ့်တစ်နှစ်အရွယ်တွင် သုံးဆယ် ရွယ် အမျိုးသမီးထက် ပို၍ နုပျို ငယ်မျစ်စွဲ ချစ်စရာကောင်းနေ၏။ ကိုယ်နေဟန်မှာ အပျိုတုန်းက အတိုင်းပင်။ တစ်သားမွေး တစ်သွေးလှပခဲ့သဖြင့် ဆာရာ၏ အလှသည် ပို၍တည်ငြိမ်လာ၏။ မိန်းမ ကျက်သရေအပြည့် ဖြစ်လှသည့် အလှမျိုး။

" ဒါလင် ဘာတွေစိတ်အနှောင့်အယှက်ဖြစ်နေလဲဟင် "
အော်လီ့ အသံတွင် ကြင်နာမှုတွေ ပြည့်လျှမ်းနေ၏။ ဇနီးသည်၏ လက်ကို ဆွဲယူပြီး မေးလိုက်၏။ သူ ဘယ် လောက်ဖြူစပ်ကြောင်း၊ ဘယ်လောက်မြင့်မြတ်ကြောင်း၊ ပြီးတော့ မိမိကိုလည်း ဘယ်လောက် ချစ်ကြောင်း ဆာရာသိပါ၏။
" ဟင့်အင်း … ဘာမှမဖြစ်ပါဘူး မောင်ရဲ့၊ ဘာလို့ အဲဒီလိုမေးတာလဲဟင်၊ ဘယ်လောက်ပျော်စရာကောင်း တဲ့ ညလဲ "
လှန်ခဲ့သည့် နှစ်ဆယ့်နှစ်နှစ် ရင်းနှီးခဲ့သူဖြစ်၍ သူညာပြောနေမှန်း အော်လီဗာသိနေသည်။

" မောင်တို့ လက်ထပ်ခဲ့တာ ၁၈ နှစ်ပြည့်ပြီနော်၊ ခုလို အဘိုးကြီးဖြစ်လာတဲ့အထိ ဒါလင့်ကို မောင် ချစ်လို့ မ၀သေး ဘူး၊ ခုထိ ရင်ခုန်တုန်းပဲ "
" ဘာလို့ ကိုယ့်ကိုယ်ကို အဘိုးကြီးဖြစ်ပြီလို့ ပြောရတာလဲ "
" ဒါလင့်လောက် အချစ်ခွန်အားတွေ မရှိတော့လို့ပေါ့၊ ကဲ …. ပြောစမ်းပါ၊ ဒါလင် ဘာတွေစိတ်ဓာတ် ကျနေ တာလဲ"
" အို ….. ဘာမှ မဖြစ်ပါဘူးဆို "
" စောစောပိုင်းကလေးက ပြောတာလေ၊ မောင် အိမ်ပြန်ရောက်စကလေ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် သေသွားတဲ့အတိုင်းပဲ "
" ဟာ ….. မောင်ကလဲကွာ ပေါက်ပေါက်ရှာရှာ "
သို့သော် သူပြောသလို ခံစားနေရသည်တော့ အမှန်၊ ကျောင်းပြန်တက်မည်ဆိုလျှင် သူနှင့်ဝေး ရတော့မည်။ သူက မိမိရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ မဟုတ်လား။
" မောင့် ကို မလိမ်နဲ့၊ ဒါလင် တစ်ခုခုဖြစ်နေတယ်၊ စာရေးလို့ မရလို့လားဟင် "

" ဟုတ်ချင် ဟုတ်မှာပေါ့လေ၊ ရေးလို့ကိုမရဘူး၊ နောင်ကော ရပါဦးမလားမသိဘူး၊ စာပေဟာ ဆာရာ ငယ်ဘ၀တုန်း က လျှပ်ပြတ်သလိုတဒင်္ဂ ဖြစ်ထွန်းမှုလားမသိဘူးနော် "
ပခုံး တွန့်ပြီး ပြောလိုက်သည်။ နှစ်နှစ်အတွင်း သည်ကိစ္စကို သည်တစ်ကြိမ်သာ ပေါ့ပေါ့တန်တန် သဘော ထားနိုင်ခြင်းဖြစ်၏။
" ဘာ …. မဟုတ်တာ၊ ဒါလင် ဘယ်လောက်စာရေးကောင်းတယ်ဆိုတာ မောင်သိပါတယ်ကွာ၊ တစ်နေ့ မှာ ပြန်ရေးလို့ ရလာမှာပါ၊ လောလောဆယ် ရေးချင်တာတွေ ရှိလျက်နဲ့ ရေးချလို့ မရတာ မဟုတ်လား၊ အပြင် လောကထဲထွက်ပြီး ရေးကွက်ရှာဖို့ လိုချင်လိုမှာပေါ့၊ ဒီသမားရိုးကျ ဘ၀ကနေပြီး ….. "
ဟင် ….. မထင်ဘဲ သူက လမ်းဖွင့်ပေးနေပြီကော။

" အဲ့ဒီကိစ္စ ဆာရာ စိတ်ကူးနေပါတယ် မောင် "
ခပ်ဆဆ ပြောလိုက်၏။
" ဟုတ်လား ….. အဲဒီတော့ …… "
" မောင်ဘာဆိုလိုတာလဲ၊ အဲဒီတော့ ဆိုတာ "
ဆာရာ့ရင်ထဲတွင် ကြောက်စိတ်တွေ လှိုင်းထလာသည်။ ပထမဆုံးအနေဖြင့် လင်တော်မောင် အား ကြောက်ရွံ့စိတ်ဝင်လာခြင်း။
" မောင့်မိန်းမ က ဘာမဆို စမိရင် ဆုံးအောင်လုပ်တယ်ဆိုတာ မောင်အသိဆုံးလေ "
သူ့ကိုကြည့်ပြီး ဆာရာ ပြုံးသည်။ ပြောချင်စိတ်လုံးဝမရှိပါ။

" ပြောပါ ဒါလင်ရယ်၊ လိပ်ခဲတည်းလည်းကြီးနဲ့ နေရတာ မောင်ရူးချင်လာပြီ "
" ဘာရယ်လို့တော့ မဟုတ်ပါဘူး မောင်ရယ်၊ ဒီအရွယ်မှာဖြစ်တဲ့ သဘာဝမျိုးပဲ ထင်ပါရဲ့ "
သည်တော့ မှ အော်လီဗာ ပြုံးလာနိုင်သည်။
" သြော် ….. ဒီကိစ္စပဲလား၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ခါဖြစ်ဖူးတယ် မဟုတ်လား၊ ကဲ … ပြောပါ ဒါလင် ရယ်၊ မောင့်ကို ချစ်ရင်ပြောနော် "
" ဘာရယ်လို့လဲ ဆာရာ သေသေချာချာ မသိသေးပါဘူး။ မောင်ရယ် "
အော်လီဗာ မျက်နှာညှိုးသွားသည်။

" မောင့်နဲ့ပတ်သက်ုလို့လားဟင် "
" ဟာ ….. မောင်ကလဲမဟုတ်တာ၊ မောင့်လောက် တော်ဖြောင့်မှန်ကန်တဲ့ ယောက်ျားမျိုးနဲ့ ဘာ ပတ်သက် စရာရှိလဲ ခုဟာက အင်း ….. ဆာရာနဲ့ပဲ ပတ်သက်ပါတယ်လေ၊ ဆာရာ့ရင်ထဲမှာ တစ်စုံ တစ်ခု လစ်ဟာ နေတယ်၊ အဲဒီဝေဒနာက ပိုပိုဆိုးလာတယ်၊ ဆာရာဟာ ဒီအိမ်ရဲ့ အဓိကအခန်းမှာ မရှိဘဲ အထောက် အကူ ပြုပစ္စည်းတစ်ခုပဲဖြစ်နေတယ်၊ လက်ထပ်ပြီးကတည်းက ဆိုပါတော့လေ "
အသက်မရှု ဘဲ ရင်တထိတ်ထိတ်နှင့် အော်လီဗာနားထောင်နေသည်။ ရှန်ပိန် ရွှန်းမြသော ညစာ ၀ိုင်းကလေး၊ ၀ိုင်းကလေး တငြိမ့်ငြိမ့်နှင့် ညခင်းကလေးကို အော်လီ လုံးဝမေ့နေပြီ။
" ဆာရာ ဘာတစ်ခုမှ မလုပ်ရသေးဘူး၊ မောင်က အများကြီး၊ အများကြီး လုပ်ပေးခဲ့ပြီးပြီ "
" ဟာ ….. မဟုတ်တာကွာ၊ မောင်လဲ သူလိုကိုယ်လိုပါပဲ "

" ဘယ်ကလာ၊ မောင့်အောင်မြင်မှုတွေက စာဖွဲ့လောက်တာတွေချည်းပါပဲ၊ ခုညအထိ မောင် သရဖူဆောင်း တဲ့သတင်းပေးနိုင်တုန်း မဟ်ုတ်လား၊ နောက် ငါးနှစ်ဆိုရင် "ဘာရိုနှင့်ဒေါဆင်" ကုမ္ပဏီရဲ့ အထွတ်အထိပ် ကို မောင် ရောက်တော့မှာ၊ နယူးယောက် စီးပွားရေးလောက အောင်မြင်မှုတကာရဲ့ အထွတ်အထိပ်ကို မောင်ရောက်မှာလေ "
" ဒါတွေက တည်မြဲတဲ့ သဘောတွေ မဟုတ်ပါဘူး ဆာရာရယ်၊ ဒါလင်သိပါတယ်၊ မက်မောလောက်တယ် ဆို တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သာမညကိစ္စတွေပါ၊ ဒါလင်က တန်ဖိုးမဖြတ်နိုင်တဲ့ ကလေး သုံးယောက် မောင့်ကို မွေးပေးခဲ့ပြီးပြီလေ။ ဒါထက်အရေးကြီးတာ ဘာများရှိသေးလို့လဲ "
" ခုတော့ သိပ်အကြောင်းမထူးတော့ပါဘူးလေ၊ သူတို့တစ်တွေလဲ ကြီးလာကြပြီပဲ၊ ကိုယ့်လမ်းကိုယ်သွား ကြတော့မှာ၊ ဘင်ဂျမင်နဲ့ မယ်လီဆာဆိုရင် မကြာခင် ထွက်ကြတော့မယ်၊ ဆမ်ကလေး တက္ကသိုလ် သွားတဲ့အထိ ဆာရာထိုင်စောင့်ရမှာလားမောင်၊ အက်နက်နဲ့ အိမ်မှုကိစ္စတွေပြော ရင်း နောက်ထပ်နှစ်များစွာ ကုန်ဆုံးရဦးမှာလားဟင် "

ဆာရာပြောရင်း မျက်ရည်တွေလည်လာသည်။ ဆာရာ၏ နေ့လယ်ခင်းများသည် သူသိထားသည်နှင့် တခြားစီ ပါလား ဆာရာသည် စာမရေးဖြစ်သည့်တိုင် စာအုပ်တွေနှင့် မွေ့လျော်နေသည်ဟု ထင်ခဲ့၏။
" သြော် ….. ဒါလင်ရယ်၊ ဘာလို့ ဒါလောက်စိတ်ပျက်လက်ပျက်ဖြစ်နေရတာလဲ၊ ဒါလင်လုပ်ချင်တာလုပ်ဖို့ ဘယ်သူ တားနေလို့လဲ "
အော်လီက ခပ်ပေါ့ပေါ့ပြောလငိက်ခြင်းဖြစ်၏။ ဆာရာရင်ထဲတွင် ကိန်းအောင်းနေသည့် ရည်မှန်းချက် အစိုင် အခဲ သူ မခန့်မှန်းတတ်။ ဘယ်တုန်းကမှ အမှန်အတိုင်း အကဲမခတ်မိ။ အားလုံးကို ဆာရာ လက်လျှော့ ခဲ့ပြီး မိသားစု ဘ၀ထဲတွင် မြှုပ်နှံထားလိုက်ပြီဟု နားလည်ထားခဲ့၏။ ရက်ကလစ်က ဘွဲ့လက်မှတ်များ ကိုလည်း သူမေ့နေပြီထင်ခဲ့၏။
" မောင် တကယ်ပြောတာလားဟင် "

" တကယ်ပြောတာပါ၊ ဒါလင့် စေတနာဝန်ထမ်းအလုပ်တွေ လုပ်နိုင်သားပဲ၊ အချိန်ပိုင်းအလုပ်တွေ ၀င်လုပ် နိုင် သားပဲ၊ ၀တ္ထုတွေ ပြန်ရေးနိုင်သားပဲ၊ စိတ်ထဲမှာ ဖြစ်စေချင်တာ မှန်သမျှ ဖြစ်အောင် လုပ်ပေါ့ ဒါလင်ရဲ့ "
ဆာရာ သက်ပြင်းချသည်။ ပြောဖို့အကွက်တော့ဆိုက်ပြီး ခရစ္စမတ်အထိ မစောင့်နိုင်တော့ပြီ။
" ဆာရာကျောင်းပြန်တက်ချင် တယ် မောင် "
ဆာရာ့အသံက တိုးတိုးကလေးထွက်လာသည်။ အော်လီ့ရင်ထဲ အလုံးကြီးကျသွားသည်။ အင်း ….. တော်ပါ သေးရဲ့။ သူ့မှာ ချစ်သူရှိနေတာမဟုတ်ဘူးတဲ့။
" ဟာ ….. သိပ်ကောင်းတာပေါ့၊ နယူးယောက် ပြည်နယ်တက္ကသိုလ်မှာတက်ပေါ့၊ အချိန်ပိုင်းတက်ပြီး ဒါလင် ကြိုးစား ရင် မဟာဝိဇ္ဇာတောင်ရနိုင်သေးတယ် "
အော်လီဗာပြော ပုံကြောင့် ဆာရာ စိတ်ပျက်သွားသည်။ အနီးအနားကကျောင်းကိုတက်ရမည်တဲ့။ ပြီးတော့ အချိန်ပိုင်းတဲ့။ ဘယ်နှစ်နှစ်နေမှ မဟာဝိဇ္ဇာရမှာလဲ။ ဆယ်နှစ်လား၊ နှစ်နှစ်ဆယ်လား။ ရသစာပေ သင်တန်း မှာ တက်နေသည့် အဘွားအိုတွေလို ဖြစ်နေတော့မှာပေါ့၊ သင်တန်းလည်းပြီးရော လက်တုန်ခြေတုန်နှင့် ဘာမှ မရေးနိုင်တော့ဘူးလေ။
" ဆာရာ လုပ်ချင်တာ အဲဒီလိုမဟုတ်ဘူးမောင် "

ဆာရာ့အသံ သည် ပို၍ ခိုင်မာလာသည်။ ပို၍ ပြတ်သားလာသည်။ အော်လီဗာသည် ရုတ်ခြည်းရန်သူဖြစ် သွားလေပြီး မိမိဆန္ဒမှန်သမျှ ကို ပိတ်ပင်တားဆီးနေသည့် လူသားတစ်ယောက်ဖြစ်သွားလေပြီ။
" ဒါလင် က ဘယ်လိုလုပ်ချင်လို့တုံး "
အော်လီဗာ စိတ်ရှုပ်သွားသည်။ ဆာရာ မျက်စိကို ခဏပိတ်လိုက်ပြီးမှ ခပ်ဖြည်းဖြည်းပြန်ဖွင့်သည်။
" ဟားဗတ်တက္ကသိုလ်မှာ မဟာဝိဇ္ဇာယူဖို့ ဆာရာ စီစဉ်ပြီးပြီ၊ ကျောင်းဝင်ခွင့်လဲရပြီးပြီမောင် "
နှစ်ယောက်သား အကြာကြီးတိတ်သွားသည်။ အော်လီဗာက ဇနီးလုပ်သူကို စိုက်ကြည့်ပြီး နားလည်အောင် ကြိုးစားနေ သည်။ သို့သော် ဘာမှနားမလည်ပါ။ ဆယ့်စုနှစ်နှစ်ခုနီးပါး အတူအိပ်ခဲ့သည့် မိန်းမ သည် ယခု မိမိ ရှေ့တွင် သူစိမ်းပြင်ပြင် ဖြစ်နေပါပြီကော။

" အဲဒါဘာအဓိပ္ပာယ်လဲ၊ ဘယ်တုန်းကကျောင်းဝင်ခွင့်လျှောက်လိုက်တာလဲ "
" သြဂုတ်လ ကုန်ပိုင်းလောက်က လျှောက်လိုက်တာ "
ဆာရာ ခပ်အေးအေးပြန်ပြောသည်။ ဆုံးဖြတ်ပြီးလဆင် နောက်မဆုတ်တမ်းလုပ်တတ်သည့် ငယ်ငယ်က ဆာရာ ၏ ပုံစံကို ပြန်မြင်ရ၏။
" ကောင်းပါတယ်၊ ခုလိုထုတ်ပြောတာလဲ ကောင်းပါတယ်၊ ၀င်ခွင့်ရပြီဆိုတော့ ဘယ်လိုစီစဉ်မယ်ဆိုတာ စိတ်ကူးထားတာ ရှိလား "
" လျှောက်တုန်းကတော့ ဘာရယ်လို့ မဟုတ်ဘူး၊ ဘင်ဂျမင်က ဟားဗတ်လျှောက်မယ်ဆိုလို့ စိတ်ကူးပေါက်ပြီး လျှောက်လိုက်တာလေ၊ ရမယ်လဲမထင်မိဘူး "
" အင်း ….. အမေနဲ့သား စည်းလုံးပါပေတယ်၊ ကဲ ….. ခာ ဘယ်လိုလုပ်မလဲ "

အော်လီံရင်ထဲတွင် ဗလောင်ဆူနေပြီ။ အိမ်မှာဆိုလည်း အကောင်းသား။ အခန်းထဲတွင် လမ်းထလျှောက် နေလို့ ရသည်။ ခုတော့ စားသောက်ဆိုင်ထောင့်မှာ ပိတ်မိနေသလို ဖြစ်နေ၏။
" ဒါလင် ခုပြောနေတာတွေက အလေးအနက်ပြောနေတာလားဟင် "
ဆာရာ သူနှင့် မျက်လုံးချင်းဆိုင်လိုက်သည်။ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြီး …..
" ဟုတ်တယ်အော်လီ "
" ကင်းဘရစ်ကို ပြန်သွားမှာပေါ့ ….. ဟုတ်လား "
မိမိခုနစ်နှစ်နေခဲ့သည့်ကျောင်း၊ ဆာရာကလေးနှစ်၊ သည်ကာလများသည် ဟိုအဝေးကြီးတွင် ကျန်ခဲ့ပြီ ဟု အော်လီခံစားရသည်။ ဘယ်အကြောင်းကြောင့်မှ သည်ကျောင်းနှင့် ပြန် ပတ်သက် ယှက်နွယ်တော့မည် မဟုတ်။
" စဉ်းစားနေတုန်းပါပဲ "
စင်စစ် ဆာရာ ဆုံးဖြတ်ပြီးပါ၏။ သို့သော် အမှန်အတိုင်း မပြောရက်ပါ။ ရက်စက်လွန်းရာကျမည်လေ။

" ပြောပါဦး၊ မောင်က ဘာလုပ်ရမှာလဲ၊ အလုပ်ထွက်ပြီး လိုက်ခဲ့ရမှာလား "
" ဆာရာ မသိသေးပါဘူးမောင်ရယ်၊ ဘာမှ အသေးစိတ် မစဉ်းစားရသေးပါဘူး၊ မောင့်ဘက်က ဘာမှလုပ် ဖို့ မလိုပါဘူး၊ ဒီကိစ္စက ဆာရာတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ "
" သြော် …. သြော် ….. ကျန်တဲ့မိသားစုအတွက်ကျတော့ကော မင်းက ကျောင်းသူဘ၀ပြန်ဖြစ်သွားတော့ တို့သားအဖတွေ ဘာလုပ်ကျန်ရစ်ရမှာတုံး၊ မယ်လီဆာနဲ့ ဆမ်ကို မင်းထည့် မစဉ်းစားတော့ဘူးလား "
သူ စိတ်ဆိုးစပြုလာပြီ။ စားပွဲထိုးတစ်ယောက်ကို စိတ်မရှည်သည့် အမူအရာဖြင့် ပိုက်ဆံယူဖို့ လှမ်းပြီး အချက်ပြ လိုက်သည်။
သည်မိန်းမ ရူးနေပြီထင်ပါရဲ့။ တကယ်ရူးသွားပြီလားမသိ။ ချစ်သူတွေ့နေတာကမှ အဓိပ္ပာယ် ရှိဦးမည်။ အော်လီဗာအတွက် ခံသာဦးမည်။ ရှင်းလို့ လွယ်ဦးမည်။ ထိုတဒင်္ဂတွင် အော်လီဗာ အတွေးတွေ ယောက် ယက်ခက်နေ၏။
" စဉ်းစားစရာတွေအားလုံး ဆာရာမမေ့ပါဘူး မောင်ရယ်၊ ဒါကြောင့် စဉ်းစားဖို့လိုတာတွေကို စဉ်းစားနေ တာပေါ့"
" မင်းအတွက်လိုတာက ကျွမ်းကျင်တဲ့စိတ်ရောဂါ ဆရာဝန်ပဲဆာရာ၊ မင်းဟာ ဦးနှောက်ပျက်နေတဲ့ အိမ်ရှင် မ တစ်ယောက်ပဲ "
သူ ၀ုန်းခနဲထရပ်သည်။ ဆာရာက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ နှစ်ပေါင်းများစွာ အဖိနှိပ် ခံထားရ သည့် မျိုသိပ်စိတ်တွေ ရင်ထဲတွင် ပွက်ပွက်ဆူလာသည်။

ဆာရာ မတ်တတ်ထရပ်သည်။ သူနှင့် မျက်နှာချင်းတည့်ထည့် ထိုင်လိုက်သည်။ စားပွဲထိုးက ခပ်လှမ်းလှမ်း မှ ယဉ်ကျေးစွာ ရပ်စောင့်နေ၏။ အနီးအနားမှ စားသုံးသူတွေကလည်း ကြားဟန်ပြုပြီး နားစွင့်နေကြပြီ။
" ရှင် ကျွန်မကို နားမလည်ပါဘူး၊ ငယ်ဘ၀က အိပ်မက်ခဲ့သမျှ ရည်မှန်းချက်တွေ ဘာတစ်ခု မှ ဖြစ်မလာဘဲ အားလုံးအလျှော့ပေး၊ အရှုံးပေးရတဲ့ဘ၀မျိုးကို ရှင် ဘယ်ကိုယ်ချင်းစာတတ်မလဲ၊ ရှင့်မှာက ရာထူး ရှိတယ်၊ အဆင့်အတန်းရှိတယ်၊ မိသားစုရှိတယ်၊ ပြီးတော့ သတင်းစာယူပေးမယ့်၊ ဖိနပ်တိုက်ပေး မယ့် မိန်းမ ရှိတယ်၊ ခွေးတစ်ကောင်လို ရှင့်ကို သစ္စာရှိတဲ့ မိန်းမလေ …..
" ရှင် ကျွန်မဘက်ကို ၀င်ကြည့်ဖူးသလား၊ ကျွန်မမှာ ဘာရှိသလဲ၊ ကျွန်မဖြစ်ချင်တာတွေ ဘာ တစ်ခု ဖြစ်ခဲ့ရ သလဲ၊ ဘယ်တော့ ဖြစ်လာမှာလဲ၊ ရှင်သေမှ၊ ကလေးတွေ အိမ်ထောင်ရက်သား ကျမှ ဖြစ်လာမှာလား၊ အဲဒီ အခါ ကျွန်မ အသက်က ကိုးဆယ်၊ ဒီမယ် ….. အော်လီဗာဝတ်ဆင် ….. ကျွန်မ အဲဒီလောက်မစောင့်နိုင်ဘူး၊ ခု လိုချင်တယ်၊ ဒီထက် မအိုခင် ရချင်တယ်၊ ရယူပြီး အရွယ်ရှိတုန်းမှာ ခံစား ချင်တယ်၊ ဈေးဝယ်ထွက်သွား ရာက အိမ်မပြန်တတ်တဲ့အရွယ်အထိ ကျွန်မ စောင့်မနေနိုင်ဘူး "

နံဘေးစားပွဲမှ အမျိုးသမီးတစ်ယောက်က ထပြီး လက်ခုပ်တီး သြဘာပေးချင်နေ၏။ သူက ကလေး လေးယောက် အမေ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဘွဲ့ယူဖို့ လက်လျှော့ကာ အိမ်ထောင့် တာဝန် ထမ်းနေ ရသူ။
အော်လီဗာက စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်သါားသည်။ ဆာရာက ကုတ်အင်္ကျီနှင့် လက်ပွေ့အိတ် ကို ကောက်ကိုင်ကာ နောက်မှလိုက်သွားသည်။ ကားနားရောက်လို့ အော်လီဗာက စကား ဆက်တော့ သူ့ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံနေသည်။
မိမိတည်ဆောက် ခဲ့သည့် ဘုံဗိမာန်ကြီး တစ်ခုလုံး တစ်စစီဖြစ်အောင် ပြိုကျပျက်စီးတော့မည့်အဖြစ်ကို သည် မိန်းကလေး မသိပါလား။ မသိသာ ဆိုးရွားလှပါတကား။ မိမိ၏ အချစ်ကိုလည်း တန်ဖိုးထားဖော် မရတော့ ပါ လား။ သူ့ကို ဘာအလုပ်မှ မလုပ်စေခဲ့ခြင်းမှာ သူ့ကို ချစ်လွန်းလို့၊ အကာအကွယ်ပေးချင် လွန်းလို့၊ မြတ်နိုးလွန်း လို့ဆိုတာကို သူ မသိလေရော့သလား။
စင်စစ် ဒါတွေ အတွက် အော်လီဗာ့ ကို ဆာရာ မုန်းစိတ်ဝင်မိခြင်းဖြစ်သည်။

" တို့ကို မင်းထားပြီး သွားတော့မယ်လို့ ဆိုလိုတာလား ဆာရာ၊ တစ်ခါတည်း အပြီး ထွက် သွားတော့မှာလား၊ မင်းဒါကို သိနေတာ ဘယ်လောက်ကြာပြီလဲ "
" စာက မနေ့ကမှ ရတာပါ၊ ဘယ်သူက အပြီးထွက်သွားမယ် ပြောလို့လဲ ကျောင်းပိတ်ရက်တွေ အများကြီး ပဲ၊ ပြန်လာမှာပေါ့ "
အခြေအနေ ကို ဆာရာက ပြန်ထိန်းဖို့ ကြိုးစားသည်။
" ဟင် …. ကျုပ်တို့က ဘယ်လိုနေခဲ့ရမှာတုံး၊ မယ်လီဆာနဲ့ ဆမ် အတွက်ကကော "
" သူတို့အတွက် အက်နက်ရှိသားပဲ "
နှစ်ယောက်သား ကားထဲမ၀င်သေးဘဲ နှင်းတောထဲရပ်ပြီးအော်ကြီးဟစ်ကျယ် ပြောနေကြခြင်းဖြစ်၏။ စင်စစ် ဆာရာ သည်လောက်မြန်မြန်ဆန်ဆန် မပြောလိုပါ။ အသေးစိတ် မစဉ်းစားရသေးဘူးလေ။
" ကိုယ့်အတွက် ကျတော့ကော အက်နက်ရှိသားပဲလို့ ပြောမလား "

ဆာရာပြုံးသည်။ ဒေါသဖြစ်နေတုန်းမှာပင် အော်လီသည် ရိုးသားဖြောင့်မှန်နေဆဲ၊ ရယ်စရာကောင်းနေ ဆဲ ဖြစ်သည်။
" ကဲပါ အော်လီရယ်၊ စိတ်အေးအေးထားကြရအောင်ပါ၊ ဖြည်းဖြည်းစဉ်းစားကြသေးတာပေါ့ "
" မလိုဘူး၊ မလိုဘူး၊ ဘာမှ စဉ်းစားစရာမလိုဘူး၊ မင်းဟာ အိမ်ထောင်သည် မိန်းမတစ်ယောက်၊ ကလေး သုံး ယောက်အမေ၊ မိုင်နှစ်ရာကျော်ဝေးတဲ့ ကျောင်းကို သွားပြန်တက်စရာအကြောင်းမရှိဘူး၊ အဲ ….. တစ်ခုပဲ ရှိ တယ်၊ ဇွတ်သွားမယ်ဆိုရင် တို့ကိုမင်း အပြီးထားခဲ့တာပဲ၊ ရှင်းရှင်းကလေးရယ်"
" ဆာရာ က တကယ်ကျောင်းပြန်တက်ဖို့ လိုတယ်ဆိုရင်ကော "
" မင်းဟာ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပဲ "
ကားတံခါး ဆွဲဖွင့်ပြီး ၀င်သည်။ ဆာရာ ကားထဲဝင်ထိုင်သည်နှင့် မေးခွန်းအသစ်ထုတ်တော့၏။

" နေပါဦး၊ ဟားဗတ် ရဲ့ စရိတ်ကိုကော တွက်ပြီးပြီလား မင်းတို့ သားအမိနှစ်ယောက်စလုံးအတွက် ကိုယ်တတ် နိုင်မယ်ကော ထင်နေသလား "
ဒါကိုတော့ ဆာရာ စဉ်းစားပြီးသားဖြစ်ပါ၏။
" ဆာရာ့ မှာ အဘွားထားခဲ့တဲ့ ပိုက်ဆံတွေရှိသေးတယ်လေ၊ ဒီအိမ်အမိုး မိုးတုန်းက နည်းနည်းထုတ် သုံးတာ ကလွဲပြီး ဆာရာ ထိမှမထိတာဘဲ "
" ကိုယ်က အဲဒီပိုက်ဆံတွေက ကလေးတွေအတွက် မင်းရည်စူးထားတယ် ထင်နေတာ "
" သူတို့ အမေဟာ ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေသွားတာမျိုးကို သူတို့ပိုပြီး လိုလာမှာပါ၊ ဆိုပါတော့ ….. ဆာရာ စာရေးဆရာမ တစ်ယောက်ဖြစ်လာဖို့၊ ဒါမှမဟုတ် လူရိုသေရှင်ရိုသေ ထိုက်ထိုက်တန်တန် အလုပ် တစ်ခု ရဖို့ လိုတာမျိုးပေါ့ "

" အင်း …. စိတ်ကူးယဉ်လို့ ကောင်းပါတယ်၊ ဒါပေမယ့် မင်းကလေးတွေဟာ စာရေးဆရာမ တစ်ယောက် ထက် အမေတစ်ယောက်ကိုပဲ လိုချင်ကြမှာပါ "
သူ ကြည့်ရသည် မှာ စိတ်ကို ချုပ်တည်းထားပုံရသည်။ အိမ်ကို ဖြတ်လမ်းက မောင်းပြန်လာခဲ့၏။ အိမ်ရှေ့ တွင် ထိုးရပ် လိုက်ပြီး …..
" မင်းဆုံးဖြတ်ပြီးပြီပေါ့ ဟုတ်လား၊ မဖြစ်မနေ လုပ်တော့မယ်ပေါ့၊ ဟုတ်လား "
သူ့အသံ မှာ ဆို့နစ်နစ်ဖြစ်နေ၏။ မျက်ဝန်းထဲတွင် မျက်ရည်တွေဝဲလျက်။ ဆာရာ့ရင်ထဲတွင် နင့်သွားသည်။ ချက်ချင်း မျက်ရည်လည်လာ၏။ အဖြူရောင် ဆီးနှင်းတွေကို ငေးကြည့်နေရာမှ သူနှင့် မျက်နှာချင်းဆိုင် လိုက်ပြီး …..
" ဟုတ်တယ် မောင်၊ ဆာရာ လုပ်ဖြစ်လိမ့်မယ်ထင်တယ်၊ မောင် နားလည်အောင် ဘယ်လို ပြောရမလဲ မသိဘူး၊ ဒါပေမယ့် သိပ်ကြာမှာမှ မဟုတ်ဘဲ မောင်ရယ်၊ ဆာရာ ကတိပေးပါတယ်၊ ကြိုးစားပါ့မယ်၊ အမြန် ဆုံးပြီးအောင် လုပ်ပါ့မယ်နော် ….. မောင် "
သို့သော် သူတို့နှစ်ယောက်စလုံး သိနေကြပါသည်။ ဟားဗတ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့သည် လွယ်လွယ် နှင့် ရသည့် ဘွဲ့မျိုးမဟုတ်ပါ။ နှစ်နှစ်လုံးလုံး အပြင်းအထန် ကြိုးစားမှ ရနိုင်သည့် ဘွဲ့မျိုးဖြစ်ပါ၏။
" မင်း ခွဲနိုင်တယ်နော် "
" မင်းမောင် နဲ့ ခွဲနိုင်တယ်နော် " ဟုပြောမည်ပြုပြီးမှ တစ်ကိုယ်ကောင်းဆန်ရာ ကျသွားမည်စိုး၍ ပြင်ပြော လိုက်ခြင်းဖြစ်သည်။

" ဆာရာ့ ကို ခွင့်လွှတ်ပါမောင်၊ ဆာရာ မလုပ်မဖြစ်လို့ပါ။ မောင့်ကို ပြောဖို့လဲ မရည်ရွယ်သေးပါဘူး၊ ခရစ္စ မတ်ပြီး မှ ပြောမလို့ "
နောက် ကားတစ်စီး ၀င်လာသည်။ ကားမီးရောင်တွင် သူ့မျက်နှာပေါ်သို့ မျက်ရည်ဥတွေ စီးကျနေသည် ကို မြင်လိုက်၏။ ဆာရာ သူ့ကို တအား ပွေ့ဖက်ထားလိုက်ချင်ပါသည်။
" ဘာထူးမှာလဲကွာ "
ခပ်ညည်းညည်းပြောရင်း နောက်ဘက်သို့ သူ လှည့်ကြည့်သည်။ ဘင်ဂျမင်နှင့် မယ်လီဆာတို့ ကားပေါ်မှ ဆင်းလာကြ သည်။ ပြီးတော့ ဇနီးသည်ကို တစ်ချက် ပြန်ကြည့်သည်။ မကြာခင် ဆုံးရတော့မည့် ဇနီး။ မိသားစု ကို ထားခဲ့ပြီး တက္ကသိုလ် ပြန်တက်မည့် ဇနီး။ သူ ဘာပြောပြော၊ ဘယ်လို ကတိတွေ ပေးပေး ပြန် လာချင်မှ လာတော့မည်၊ ဘယ်လိုမှ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ပြီ။
" ကလေးတွေ ကို ဘယ်လိုပြောမလဲ "
မောင်နှမနှစ်ယောက် က အဖေနှင့်အမေ ကားပေါ်မှ အဆင်းကို စောင့်နေကြ၏။ သူတို့ကိုလှမ်းကြည့်ပြီး ဆာရာ့ ရင်ထဲတွင် အလုံးကြီးတစ်ခု မျိုထားရသလို တစ်တစ်ဆို့ဆို့ကြီး ဖြစ်လာသည်။

" ဘယ်လို ပြောရမှန်း မသိသေးဘူး၊ သူတို့ ခရစ္စမတ်မှာ ပျော်ပါစေဦး မောင်ရယ်"
အော်လီဗာ ခေါင်းညိတ်သည်။ ကလေးတွေမမြင်အောင် မျက်ရည်သုတ်ပြီး ကားတံခါးဖွင့်သည်။
" ဟဲလို …. ဖေဖေ၊ ညစာစားလို့ အဆင်ပြေရဲ့လား "
ဘင်ဂျမင် က လှမ်းမေးသည်။ သူ့ကြည့်ရသည်မှာ ပျော်နေပုံရ၏။ ရွှေရောင်ဆံပင်များနှင့် လှပသည့် သလုံးသားများ ပိုင်ရှင် မယ်လီဆာကလည်း ပြုံးလျက်။ ၀တ်စုံအပြည့် အစမ်းလေ့ကျင့်ပွဲမှ အပြန်ဖြစ်သည်။ မျက်နှာပေါ်မှ မိတ်ကပ်တွေ မဖျက်ရသေး။ သူကလေးကလည်း ပျော်နေပုံ။
ဆာရာ က သားနှင့်သမီးကိုကြည့်ပြီး တအားပြုံးလိုက်ရင်း ခပ်သွက်သွက် ၀င်ဖြေသည်။
" သိပ်ကောင်းတာပဲ သားရယ်၊ နေရာကလေးက အပျံစားပဲ သိလား "
အော်လီဗာ က ဆာရာ့ကို လှမ်းကြည့်သည်။ ဘယ်လိုများ သည်မျက်နှာပေးမျိုး သူ လုပ်ယူတတ်ပါလိမ့်။ သား နှင့်သမီးကို သူမို့ သည်မျက်နှာမျိုးနှင့် ရင်ဆိုင်နိုင်ခြင်းဖြစ်သည်။ မိမိ မသိခဲ့သည့် ဆာရာ၏ အရည် အချင်းများဖြစ်မည်။ ဆာရာသည် သည်လို မိန်းကလေးဖြစ်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါ။

အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။ ကလေးတွေကို နှုတ်ဆက်ပြီး အပေါ်ထပ်သို့ ဖြည်းဆေးစွာ တက်လာခဲ့၏။ စိတ်ထဲတွင် ချက်ချင်း အိုကျသွားသလို ခံစားလိုက်ရသည်။ အလွန်အမင်း ပင်ပန်းသွားသည်။
အိပ်ခန်းတံခါး ကို ဖြည်းဖြည်းကလေးပိတ်ရင်း အော်လီဗာ သူ့ကို စောင့်ကြည့်နေသည်။ ဆာရာက မျက်နှာ ချင်းဆိုင် လာရပ်ပြီး …..
" ဆာရာ့ တကယ့်ကို စိတ်မကောင်းပါဘူး မောင်ရယ်၊ တကယ်ပါ "
" ကိုယ်လဲ အတူတူပါပဲ "
ယခုတိုင် စိတ်ထဲတွင် မယုံချင်သေး။ သူ စိတ်ပြောင်းလာနိုင်သေးသည်ဟု မျှော်လင့်နေဆဲ။ အရွယ်ပိုင်း ပြောင်းလဲခြင်းကြောင့်လား၊ ဒါမှမဟ်ုတ် ဦးနှောက်ရောဂါ တစ်မျိုးမျိုးလား၊ စိတ်ကျရောဂါကြောင့် ရူးသွားခြင်း များလား။ ဒါဆို ဆာရာ့စိတ်အနေသည် အစကတည်းက မှန်ခဲ့ရဲ့လား။
အို ….. ဘာတွေ ဖြစ်နေနေ သူဟာ မိမိဇနီးပဲ၊ မိမိချစ်သူပဲ၊ မောင့်ကို ခွဲမသွားပါနဲ့လား ဆာရာရယ်။ မင်းပြော ခဲ့တာတွေကို ပြန်ရုပ်သိမ်းလိုက်ပါလား ….. ဟင်။ ဆာရာ များပါတယ် မောင်ရယ် ….. ကလေးတွေနဲ့ သာ မဟ်ုတ်ဘူး မောင်နဲ့လဲ မခွဲနိုင်ပါဘူးလို့ ပြန်ပြင်ပြောပါလား အချစ်ရယ်။

သို့သော် အော်လီဗာ သိလိုက်ပါပြီ။ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဆာရာ၏ တည်ငြိမ်သော မျက်လုံး များက သူ့ဆုံးဖြတ်ချက်ကို တစ်လက်မမျှ လျှော့ပေးမည်မဟုတ်ကြောင်း စကားပြောနေကြပြီ မဟုတ်လား။
ဒါဆို သူသွားတော့မည်ပေါ့။ ဟားဗတ် တက္ကသိုလ်ဆီကို ခြေဦးလှည့်ပြီး မိမိနှင့် ရင်သွေးကလေးတွေကို ထားခဲ့တော့ မည်ပေါ့။
ထိုအသိက အော်လီဗာ့ နှလုံးသားကို ဓားနှင့် လှီးချလိုက်သလို စူးစူးရှရှ ခံစားရ၏။ တစ်ဖန် သူမပါဘဲ မိမိ ဘ၀ကို ဘယ်လို ဆက်လျှောက်ရမှာပါလိမ့်ဟူသည့် အတွေး ၀င်လာပြန်သည်။ ထိုအခါ သွင်သွင်ရူးသွား မတတ် ဖြစ်ရပြန်သည်။ ရှိုက်ကြီးတငင် ငိုချပစ်လိုက်ချင်သည်။ နံဘေးတွင် ယှဉ်အိပ်နေသည့် ဆာရာ့ ကိုယ်ငွေ့ ကို ခံစားနေရသည်။ ထိုညကား အော်လီဗာ့အတွက် ငရဲညဖြစ်ပါ၏။

စိတ်ထဲတွင် သူမရှိတော့ပြီ။ သူထွက်သွားနှင့်ပြီဟုလည်း ခံစားရ၏။ တစ်ပြိုင်တည်းတွင် အချစ်ဆုံး ကို ထွေးပိုက်ထားလိုစိတ်ဖြင့် ဘယ်တုန်းကမှနှင့်မတူအောင် ရမ္မက်ဆန္ဒများ တရှိန်ရှိန်တက်လျက်ရှိ၏။ ရင်ခုန် ဖွယ်၊ လွမ်းမောဖွယ်အတိတ် ကို တရှိုက်မက်မက် တမ်းတလျက်ရှိ၏။
သို့သော် ခုံတင်တစ်ဖက် သို့ ကိုယ်စောင်းပြန်ပြီး အသာရွှေ့လိုက်သည်။ အသားချင်းပင် မထိတော့။
ဤသို့ဖြင့် အသံမထွက်ဘဲ ကျိတ်ငိုနေသည်ကို ဆာရာ မမြင်နိုင်တော့။ တိတ်တခိုး ရှိုက်သံကိုလည်း သူမ ကြားနိုင်တော့ပေ။

 အခန်း (၃)

ခရစ္စမတ်ပွဲတော်ရက်မတိုင်မီ ကာလများသည် တရိပ်ရိပ်ကုန်လွန်နေ၏။ အော်လီဗာတစ်ယောက် အိမ်ပြန် ချင်စိတ် တစ်နေ့တခြား ကုန်ခန်းလာသည်။ ဇနီးလုပ်သူကို မုန်းလည်းမုန်း၏။ ချစ်လည်းချစ်သည်။ သည်စိတ်နှစ်ခု ရောထွေးနေသည်။ သို့သော် ချစ်သည့်စိတ်က ဘယ်တုန်းကမှနှင့် မတူအောင် ခွန်အား ကောင်းနေ၏။
ဆာရာစိတ်ပြောင်းလာအောင် ဘယ်နည်းဘယ်ပုံ လုပ်ရပါ့မလဲဟူသည် နည်းလမ်းကို အမြဲစဉ်းစားလျက် ရှိ၏။ သို့သော် ဆုံးဖြတ်ချက်က ကျပြီးသားဖြစ်နေပါပြီ။
ကလေးတွေ အိမ်ပြန်သွားကြပြီဆိုလျှင် သည်ကိစ္စကို သူတို့နှစ်ယောက် ညစဉ် ညဥ့်နက်သန်းခေါင် အထိ ဆွေးနွေးဖြစ်ကြသည်။ သို့သော် ဆာရာ၏ ရက်စက်စွာ ခေါင်းမာမှုကိုသာ အော်လီဗာတွေ့ရ၏။ ဆာရာ့ ဘက် ကမူ ဘ၀တိုက်ပွဲတစ်ခု စတင်ခြင်းပင်။

ဘယ်သူဖျက်ဖျက် မပျက်နိုင်တော့ကြောင်း ဆာရာက အခိုင်အမာပြောသည်။ သို့သော် မောင့်ကို ချစ်မြဲ ချစ်လျက်နေမည့် အကြောင်းနှင့် သောကြာနေ့ ညနေတိုင်း အိမ်ပြန်လာနိုင်သည့် အကြောင်းကိုလည်း တဖွဖွ ပြောသေးသည်။ သို့သော် အပတ်စဉ် ပြန်လာရေးကိစ္စမှာ ဆာရာ သူ့ကိုယ်သူ လှည့်စားနေခြင်းဖြစ်ကြောင်း နှစ်ယောက် စလုံး သိနေကြသည်။
စာတွေ ကျက်ရမည်၊ စာမေးပွဲအတွက် ပြင်ဆင်ရမည်။ အိမ်ပြန်လာပြီး စာအုပ်ပုံ ထဲက ခေါင်းမဖော်ဘဲ နေပြန် လျှင်လည်း မိမိနှင့် ကလေးတွေအတွက် စိတ်အနှောင့် အယှက်ဖြစ်ရုံသာ ရှိမည်ဟု အော်လီဗာတွေးမိသည်။

ကျောင်းတက်ရပြီဆိုကတည်းက သူ့ဘ၀သည် ပြောင်းလဲပြီးသားဖြစ်သွားပြီ။ ဘယ်လိုမှ မပြောင်းချင်၍ မရ။ မပြောင်းလဲ၍မရ။ တခြား တစ်ကျောင်းကျောင်းကို တက်ဖို့ အော်လီဗာ ဖျောင်းဖျသည်။ ကိုလံဘီယာ တက္ကသိုလ် ဆိုလျှင် ဟားဗတ်ထက် ပို၍အဆင်ပြေနိုင်ကြောင်း ဆွေးနွေးသည်။
သို့သော် ဆာရာက ကင်းဘရစ်မြို့တော် ဟားဗတ်မှလွဲ၍ ဘယ်တက္ကသိုလ်မှ မတက်ချင်။ နာရီ ကို နောက်ပြန်လှည့်သလို သူ့ငယ်ဘ၀ကိုများ ပြန်ယူနေခြင်းလားဟူ၍လည်း ရံခါ တွင် အော်လီဗာတွေး မိ၏။
ကလေးတွေ ကတော့ အမေ့စီမံချက်ကို လုံးလုံးမသိသေး။ အကြီးနှစ်ယောက်ကတော့ အိမ်တွင် တစ်စုံတစ်ရာ တင်းမာမှုရှိနေသည်ကို သိသလိုလိုရှိကြ၏။ မယ်လီဆာက အဖေနျင့်အမေ ရန်ဖြစ်လို့လား ဟု ဆာရာ့ ကို မကြာခဏ မေးနေပြီ။ ဆာရာက ဘာမှမဖြစ်ဟန်နှင့် ရယ်ပစ်သည်။

ပျော်စရာ ခရစ္စမတ်ကို ဆာရာ မပျက်စေချင်ပါ။ ထုတ်ပြောလိုက်လျင် သူတို့အားလုံး အထိတ်တလန့် ဖြစ်ကုန်မည်ကို ဆာရာသိပါသည်။ အော်လီဗာနှင့် သဘောတူထားသည့်အတိုင်း ပွဲတော်ပြီး မှ ပြောတော့ မည်။ အော်လီဗာက စိတ်ပြောင်းလာနိုင်သေးရဲ့ဟူသည့် မျှော်လင့်ချက်ဖြင့် သဘောတူ ထားခြင်းဖြစ်၏။
မိမိအနေဖြင့်မူ သည်လောက် ငြိမ်းချမ်းအေးမြ ပြည့်စုံသည့် ဘ၀မှနေပြီး ဘယ်ဘ၀မျိုးကိုမှ မတမ်းတပါ။ ကလေးတွေနှင့် ခွဲသွားနိုင်သည့် သတ္တိမျိုးကိုလည်းအော်လီဗာ နားမလည်နိုင်ပါ။ ဘယ်တော့မှလည်း နား လည်နိုင်မည် မထင်ပါ။

မယ်လီဆာကလည်း ပြဇာတ်ကို တစ်အိမ်သားလုံးသွားကြည့်ကြသည်။ အိမ်တွင် ခရစ္စမတ် သစ်ပင် ပြင်ဆင် ရာတွင်လည်း ရယ်စရာတွေလုပ်လိုက်၊ ခရစ္စမတ်သီချင်းတွေ ဆိုလိုက်နှင့်ပျော်ပါးပါးပင်။
အော်လီဗာနှင့် ဘင်ဂျမင်က မီးကြိုးတွေ သွယ်ဟယ်တန်းဟယ်ဖြင့် အလုပ်ရှုပ်နေကြသည်။ မယ်လီဆာနှင့် ဆာရာတို့ နှစ်ယောက်က ပြောင်းဖူးပေါက်ပေါက်တွေ ဖောက်ပေးနေ၏။ ဆမ်က ဖောက် လို့ မနိုင်နိုင်အောင် အနားမှ ထိုင်ဝါးနေ၏။
သည်မြင်ကွင်း ကိုကြည့်ပြီး အော်လီဗာ့ရင်ထဲတွင် အသည်းတွေ တစ်စစီကြွေလုမတတ် ဖြစ်နေသည်။ မဖြစ်သင့် ပါ။ ဆာရာမလုပ်သင့်ပါ။ သည်ကလေးတွေကို မိမိတစ်ယောက်တည်း မည်သို့ ထိန်းသိမ်းနိုင် ပါမည် လဲ။ အက်နက်က မည်မျှပင် ချစ်ပါသည်ဆိုသော်ူလည်း သူသည် အိမ်ဖော်မျှသာပဲ မဟုတ်လား။ မိမိက နယူးယောက်တွင် တစ်နေကုန် အလုပ်လုပ်နေရသူ။
အမေ က ဟားဗတ် တက္ကသိုလ်တွင် တက်နေစဉ် ဘင်ဂျမင်နှင့် မယ်လီဆာတို့ အထိန်းအကွပ်မဲ့စွာ ပျက်စီးကြပြီး ဆမ်ကလေးလည်း လူဆိုးကလေးဖြစ်သွားမည့် အရေးကို အော်လီဗာ တွေးပြီး ရင်လေးနေမိ၏။

ခရစ္စမတ် အဖိတ်နေ့ညဖြစ်၏။ စာကြည့်ခန်းထဲမှ တဟိန်းဟိန်းတောက်နေသည့် မီးလင်းဖိုကြီးရှေ့တွင် လင်မယားနှစ်ယောက် ထိုင်နေကြသည်။
ဇနီးလုပ်သူ ကို အလေးအနက်ကြည့်ပြီး ပြန်စဉ်းစားဖို့ အော်လီဗာ တောင်းပန်ပြန်သည်။ ဆာရာ စိတ်ပြောင်း လာမည်ဆိုလျှင် ဘယ်နည်းနှင့် တောင်းပန်ရ တောင်းပန်ရ တောင်းပန်ဖို့ အော်လီဗာ ဆုံးဖြတ်ပြီးပြီ။
" ကလေးတွေကို မင်း ရက်စက်တော့မှာလား ဆာရာ "
နှစ်ပတ် အတွင်း အော်လီဗာ၏ ကိုယ်အလေးချိန် ဆယ်ူပေါင်ကျသွားသည်။ အိမ်ထဲတွင် ကျိတ်ပြီး ဖြစ်နေ သည့် ပြဿနာသည် သူတို့နှစ်ယောက်စလုံး အသက်မရှူနိုင်အောင် လုပ်နေဘိသို့ရှိ၏။ သို့သော် နောက်ဆုတ် ဖို့တော့ ဆာရာ လုံးဝစိတ်မကူး။

ကျောင်းတက်ဖို့ အစီအစဉ်လုပ်ပြီးနေပြီး ဘော့စတွန်တွင်နေဖို့ အစီအစဉ်လုပ်ရန် နှစ်ပတ်အတွင်း သွားတော့ မည်။ ဇန်န၀ါရီလတွင် သင်တန်းတွေ စတော့မယ်လေ။
လုပ်စရာကျန်သည်မှာ ခရစ္စမတ်ပြီးသွားလျှင် ထုပ်ပိုးပြင်ဆင်ဖို့နှင့် ကလေးတွေကို အကျိုး အကြောင်း ပြောပြ ဖို့သာရှိတော့သည်။
" အော်လီ ဒီအကြောင်း ထပ်မပြောဘဲ နေကြရအောင်ပါနော် "
ခုန်ထပြီး သူ့ကို ဆွဲမွှေ့ယမ်းပစ်လိုက်ချင်သည်။ ဆာရာက မျက်နှာလွှဲပစ်လိုက်သည်။ မိမိကြောင့် သူ ခံစား နေရ သည့် ဝေဒနာကို မကြည့်ရက်ပါ။

ကလေးတွေက ခရစ္စမတ်သစ်ပင်အနီးတွင် သူတို့ ခြေအိတ်တွေကို တွဲလောင်းဆွဲထားပြီးပြီ။ ညအတော် နက်မှ ဆာရာက လက်ဆောင်ပစ္စည်းတွေ ယူပြီးဆင်းလာသည်။ ပစ္စည်းတွေကို အက်နက် အကူအညီဖြင့် တစ်ပတ် လုံးလုံး ပန်းစက္ကူများနှင့် ထုပ်ပိုးပြင်ဆင်ခဲ့ရသည်။ ဆာရာ စိတ်ထဲတွင် သည် ခရစ္စမတ် ကို နောက်ဆုံး ခရစ္စမတ်ဟု ထင်မှတ်နေ၏။ အော်လီဗာက ဆာရာအတွက် တစ်ပတ်ကြိုပြီး မြလက်စွပ် လှလှ ကလေးတစ်ကွင်း ၀ယ်ထားသည်။ ဆာရာ ၀တ်ချင်နေမှန်း သူသိသည်လေ။ အလွန်သေသေ သပ်သပ် သွေးထားသည့် လေးထောင့်စပ်စပ်မြကလေး။
ညပိုင်းကတည်း က ပေးဖို့စိတ်ကူးသည်။ သို့သော် ခရစ္စမတ်လက်ဆောင်ဟု မထင်ဘဲ လာဘ်ထိုးသည် ထင်သွားမှာစိုးသဖြင့် အသာကလေး ငြိမ်နေခဲ့သည်။ သည်မျှ အဖိုးတန်ပစ္စည်းကို ၀ယ်ခဲ့မိသည့် အတွက် လည်း နောင်တရနေ၏။

ထိုည အိပ်ရာဝင်ကြတော့ ဆာရာက နာရီနှိုးစက်ကို နံနက်ခြောက်နာရီ ပေးထားသည်။ ကြက်ဆင် အစာသွတ် ဖို့ စောစောထမှ ဖြစ်မည်လေ။ အက်နက်ကို တခြားဗာဟီရတွေ ခိုင်းသည်။ ကြက်ဆင် ကိုတော့ မိသားစု အစဉ်အလာအတိုင်း ကိုယ်တိုင်လုပ်ချင်သည်။ အင်း ….. ဒါလဲ နောက်ဆုံးကြက်ဆင်ပဲ ထင် ပါရဲ့။ မီးပိတ်လိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေ၏။ အော်လီအသက်ရှူသံကို အတိုင်းသား ကြားနေရ၏။ သူ အိပ်မပျော်သေးမှန်း သိနေသည်။ သူ ဘာတွေးနေသည်ကို ဆာရာသိပါ၏။
သည် အတိုင်း စခန်းသွားခဲ့သည်မှာ နှစ်ပတ်ရှိပြီ။ ဆွေးနွေးလိုက်၊ တိုင်ပင်လိုက်၊ ငြင်းခုံလိုက်၊ ငိုလိုက်ဖြင့်။ သို့သော် မိမိဘက် က လုပ်သင့်လုပ်ထိုက်သည်ကို လုပ်နေခြင်းဖြစ်ကြောင်း အမှားအယွင်း အလျှင်း မရှိကြောင်း ဆာရာ ယုံကြည်နေလျက်ပင်။

သည်ကိစ္စ မြန်မြန်ပြီးစေချင်ပြီး။ ဘ၀သစ်၏ ပထမခြေလှမ်းကို စလှမ်းချင်နေပြီး အော်လီ မည်ရွေ့မည်မျှ ခံစားနေ ရကြောင်း သိလျက်နှင့်ပင် သူတို့နှင့်ခွဲသွားလိုခြင်းဖြစ်ပါ၏။
" မောင်ကလဲ ကွယ်၊ ဆာရာ တစ်သက်လုံး ပြန်မလာတော့မှာ ကျနေတာပဲ "
အမှောင် ထဲတွင် ဆာရာ့အသံသည် အလွန်အမင်း ညင်သာနေ၏။
" ပြန်မလာတော့ဘူး မဟုတ်လား "
သူ့အသံ ကို ဆာရာ မချိတင်ကဲကြားလိုက်ရခြင်းဖြစ်သည်။ ဆို့နင့်အက်ကွဲနေသံ။
" ဆာရာပြော ပြီးပြီလေ၊ တတ်နိုင်သမျှ အပတ်စဉ်ပြန်နိုင်အောင် ကြိုးစားပါ့မယ်လို့၊ ပြီးတော့ ကျောင်းပိတ် ရက်တွေ လဲ အများကြီးရှိတာပဲ "
" မင်း ဘယ်နှစ်ခေါက်ပြန်နိုင်မှာလဲဆာရာရယ်၊ ဒီဘ၀ကနေဟိုဘ၀ကိုလဲ ယူလို့ရမလားဆာရာ၊ လုပ်ရက် မယ်ဆိုရင် လဲ ကိုယ်တော့နားမလည်ဘူး "

သည်စကားလုံးများ သူပြောခဲ့သည်မှာ အကြိမ် တစ်ထောင်မကတော့ပါပြီ။ မိမိဘက်က ဘာတွေများ ချွတ်ယွင်းနိုင်တာရှိသလဲ၊ ဘာများမဖြည့်ဆည်းနိုင်တာ ရှိသလဲ၊ သို့မဟ်ုတ် သူအလိုမကျတာများ ဘာတွေ လုပ်ခဲ့မိ သလဲ၊ အော်လီဗာ နှစ်ပတ်လုံးလုံး ကျိတ်စဉ်းစားခဲ့သည်။ အဖြေရှာ၍မရခဲ့ပါ။
ဒါဆိုလျှင် ဘာကြောင့် သည်မိသားစုကို ထားခဲ့ပြီး သူထွက်သွားရမည်လဲ။ လင်ကိုချစ်သည်ဆိုလျှင် ဘာ ကြောင့် ပစ်ခဲ့ရမည်လဲ။
" အားလုံးပြီးသွားတဲ့အခါကျမှ မောင်နားလည်လာမှာပါ၊ ဆာရာတည်ဆောက်ချင်တဲ့ဘ၀မျိုးကို ပန္နက် ချနိုင်ပြီဆိုရင် မောင် ဆာရာ့ကို လေးစားလာမှာပါ၊ အဲဒီတော့မှ ဆာရာ ခုလို ကြိုးစားရခြင်းရဲ့ တန်ဖိုး ကို မောင်သိမယ်လေ "

" ခုလဲမင်းကို ကိုယ်လေးစားနေသားပဲဆာရာ၊ ဘယ်တုန်းကများ ကိုယ့်မိန်းမကိုယ် မလေး မစား ပြုမူခဲ့ဖူးလို့ လဲဟင် "
ပြောပြော ဆိုဆို လရောင်ရေးရေးတွင် လှချင်တိုင်းလှနေသည့် ဇနီးလုပ်သူ၏ မျက်နှာကို ငဲ့ကြည့်လိုက်သည်။
ပို၍ပင်လှနေ သည်ထင်၏။ ဆုံးရှုံးရတော့မည်ကို သိလာလေသူ့ကို ဘယ်လောက်ချစ်ကြောင်း နားလည် လာ လေလေ ဖြစ်လာ၏။
" ကလေးတွေကို မင်း ဘယ်တော့ပြောမှာလဲဟင် "
" မနက်ဖြန် မောင့်အဖေနဲ့ အမေပြန်သွားပြီးတော့မှ ပြောမယ်လေ "
" အင်း ….. ခရစ္စမတ်ကို အမင်္ဂလာသတင်းနဲ့ ပိတ်မယ်ပေါ့၊ ဟုတ်လား "
" ဒီထက် အချိန်ဆွဲလို့ မကောင်းတော့ဘူးမောင်၊ တစ်ခုခု ဖြစ်နေပြီဆိုတာ သူတို့ရိပ်မိနေပြီ၊ သမီးက တစ်ချိန် လုံး အကဲခတ်နေတယ်၊ ဘင်ဂျမင်ကလဲ ဘာမှန်းသာမသိတယ် ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာ သိနေသလိုပဲ "

" ဘာပြဿနာဆိုတာ သူတို့သိသွားရင် ဘယ်လိုနေမယ်ထင်သလဲ "
" မောင်နဲ့ဆာရာလိုပဲနေမှာပါ၊ ပထမတော့ အလန့်တကြားဖြစ်သွားမှာပေါ့၊ ပြီးတော့ ဘာပြောလို့ပြောရမှန်းမသိဘဲ သူတို့စိတ်ထဲမှာ ရှုပ်ထွေးသွားမယ်၊ ပြီးတော့မှ လှုပ်လှုပ် ရှားရှားဖြစ်သွားမယ်၊ ဒါပေမယ့် သားကြီးနဲ့သမီးက နားလည်မှာပါ၊ အငယ်လေးအတွက်ပဲ စိတ်ပူတယ် "
ဆာရာက ခပ်တိုးတိုးပြောနေခြင်းဖြစ်၏။ ပြီးမှ လင်တော်မောင့်ဘက်လှည့်ပြီး လက်ကို အသာဆုပ်လိုက် သည်။ သားငယ်လေးအကြောင်းဆက်ပြောတော့ ဆာရာ့အသံတွေ တုန်နေသည်။
" သားငယ်လေးကို ဂရုစိုက်ပါမောင်၊ သူက အမေထက် အဖေ့ကိုပိုပြီး လိုအပ်တာပါ "
" အမေကိုလဲ လိုအပ်တာပါပဲကွာ၊ အဖေနဲ့က တစ်နေ့ မှ နှစ်နာရီလောက် တွေ့ ရတာ၊ ဘောလုံးအကြောင်း နဲ့ အိမ်စာအကြောင်းလောက်ပဲ ပြောဖြစ်တာ "
" နောက်တော့ မောင်နဲ့ပိုပြီး နီးစပ်လာမှာပါလေ "

" အင်းပေါ့လေ "
ရင်ကွဲနာကျစရာ အကောင်းဆုံး ကဏ္ဍဖြစ်ပါ၏။ အော်လီသည် မိမိ၏ အိမ်ထောင်စုကို ဘာမှ လိုလေသေးမရှိဘဲ အဘက်ဘက်မှ ပြည့်စုံနေသည့် အိမ်ထောင်စုဟု ထင်မှတ်ခဲ့၏။ ငယ်ကကျွမ်းသည့် ငယ်ကျွမ်းဆွေနှင့် လက်ထပ်ဖြစ်ခဲ့၍ နေနဲ့လ ရွှေနဲ့မြဟုထင်မှတ်ခဲ့၏။
" ကိုယ် တို့ ဘ၀မှာ ဘာမှ မပြေလည်စရာအကြောင်းမရှိအောင် ပြီးပြည့်စုံနေတယ်လို့ ထင်ခဲ့တယ်၊ မင်း ခုလို ခံစားနေရလိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး၊ ဟို ….. ဆိုလိုတာက ကိုယ်ဝန်ရှိတဲ့ အခါလောက်သာ စိတ်ဓာတ် တွေကျပြီး မွေးဖါားပြီးတဲ့အခါတိုင်း ပျော်နေခဲ့တယ် အောက်မေ့တာ"
ချစ်သူ လိုသမျှ မဖြည့်ဆည်းနိုင်ခြင်းအတွက် အော်လီဗာ့ရင်ထဲတွင် နင့်နင့်နဲနဲ ခံစားနေရသည်။

" ပျော်ပါတယ် မောင်ရယ်၊ ဆာရာ ပျော်ခဲ့ပါတယ်၊ မောင်မပေးနိုင်တဲ့အရာကိုမှ ဆာရာ လိုချင်နေတဲ့ အတွက် စိတ်မကောင်းပါဘူး၊ အဲဒါက ဆာရာကိုယ်တိုင် လုပ်ယူရမယ့်ကိစ္စလေ၊ ဘယ်တုန်းကမှ မရဖူးတဲ့ အရာ ကို ဆာရာ့ဘ၀ထဲမှာ ပြန်ရှာယူရမှာ "
ဘ၀သခင် က မိမိအတွက် လုံးဝမှီခိုရာ၊ လဲလျောင်းရာ မဖြစ်နိုင်သည့်အတွက်လည်း ဆာရာ ကိုယ့်ကိုယ် ကို အပြစ်ရှိသလို ခံစားရပါ၏။ စင်စစ် အော်လီဗာသည် တစ်ရာတစ်ယောက်၊ တစ်ထောင်တစ်ယောက် ရှာလျှင် ရနိုင်သည့် ယောက်ျားမျိုးမဟုတ်ပါ။
" ရှာလို့ မတွေ့ဘူးဆိုရင်ကော "
" မတွေ့ရင် လက်မြှောက်အရှုံးပေးရုံပေါ့ "
သို့သော် ထိုအရာသည် လက်လှမ်းတစ်မီတွင် ရှိနေပြီဟု ဆာရာယုံကြည်နေပြီ။ ဘ၀ကို တစ်ဆစ်ချိုး ကွေ့ချ လိုက်ဖို့သာကျန်သည်လေ။

" အဲဒီ မင်းပြောနေတဲ့အရာကို ဒီဘ၀ထဲမှာပဲ မရနိုင်ဘူးလားဟင်၊ လွတ်လပ်မှုတွေ အများကြီး ပိုရလာနိုင် မယ် များရင်လေ "
ရှင်းသန့်ငြိမ့်ညောင်း လှသည့် အိပ်ရာကြီးပေါ်တွင် ဆာရာက သူ့ဘက်သို့ တိုးကပ်သွားလိုက်၏။ သူက ပခုံး ကို သိုင်းဖက်လိုက်သည်။
" ဒီထက် လွတ်လပ်ရဦးမှာလားမောင်ရယ်၊ လွတ်လပ်မှုတွေ လိုချင်သလောက် ရနေသားပဲ၊ ဒါပေမယ့် အဲဒီလွတ်လပ်မှုတွေ ကို ဆာရာ ဘာလုပ်ရမှန်းမှမသိဘဲ "
" သြော် ….. ဒါလင်ရယ် "
ဆာရာ့ဆံပင်တွေ ကို အော်လီ မျက်နှာနှင့်ကပ်ထားလိုက်သည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်တွေပြည့် လာ ပြန်၏။ ဆာရာက သူ့မျက်နှာကို လင်တော်မောင်၏ ရင်ခွင်နှင့် အပ်လိုက်သည်။ ပူနွေးသော မျက်ရည် များ သည် အော်လီဗာ့ ရင်ဘက်ပေါ်သို့ စီးကျနေသည်။ ဆာရာ့ပခုံးသားတွေ တသိမ့်သိမ့် လှုပ် လာသည်။

" ဆာရာရယ်၊ ဘာပြုလို့ ဇွတ်လုပ်ချင်ရတာလဲကွယ်၊ ခု တစ်ပတ်နှစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို အားလုံးမေ့ပစ် လိုက်ကြရအောင်လား၊ နာရီတွေကို နောက်ပြန်လှည့်ပစ်မယ်လေ "
မျက်ရည်တွေ တသွင်သွင်ကျနေလျက်က သည်းအူပြတ်မျှ ရင်ထဲကငိုနေရင်း ဆာရာခေါင်းယမ်းသည်။
" မဖြစ်နိုင်တော့ဘူးမောင်၊ ဆာရာ့ရင်ထဲမှာ လေဟာနယ်ကြီးတစ်ခုလို ဖြစ်နေလို့ပါမောင်ရယ်၊ ဆာရာ ပြန်လာ ခဲ့ပါ့မယ်နော်၊ ကတိပေးပါတယ်မောင်ရယ်၊ ကျိန်ဆိုလဲကျိန်ပါ့မယ်၊ မောင့်ကို ဆာရာ သိပ်ချစ်ပါတယ်၊ ပြန်မလာဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲကွယ် "

သို့သော် သည်စကားလုံးများသည် အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ကြောင်း အော်လီဗာ ရင်ထဲကသိနေပါ၏။ မလွှတ်လိုက်ချင်ပါ။ သည်အိမ်ကြီးထက် ပိုပြီး သူ့အတွက် လုံခြုံသည့်နေရာမရှိနိုင်ပါ။
တစ်ယောက် ကို တစ်ယောက် တင်းတင်းဖက်ကာ ကြာမြင့်စွာ ငြိမ်သက်နေကြ၏။ ရံခါတွင် နှုတ်ခမ်းချင်း ထိ တွေ့ကြသည်။ ရင်အခုန်ရဆုံး ည၊ ရင်အနာရဆုံးည၊ ပျောက်ဆုံးနေသော ကြင်နာမှု ကို ပြန်လည်တွေ့ ရှိ သည့်ည၊ တစ်ပြိုင်တည်းတွင် အသည်းတမြည့်မြည့်ကြွေသောည။
ဆာရာ့ ရင်ခွင်ထဲ တွင် အော်လီဗာ အိပ်ပျော်သွားသည်။ သြော် ….. အော်လီဗာ အော်လီဗာ၊ ကြာမြင့်စွာ ချစ်ခဲ့ရ သည့် ချစ်သူ။ ဟားဗတ်တက္ကသိုလ် ဘွဲ့တစ်ခုဖြင့် ဘ၀ ကို တည်ဆောက်ခဲ့သူ။ အင်း …. ခုတော့ ဟားဗတ်တက္ကသိုလ် ဘွဲ့ ယူဖို့ မိမိ သူ့အား ခွဲခွာသွားရတော့မှာပါလား။

ဆက်ရန်
.

2 comments:

Anonymous said...

တကိုယ်‌ကောင်းဆန်တဲ့မိန်းမ..စိတ်မူမမှန်တဲ့မိန်းမဘဲ..
ဒီလို‌ယောက်ျားမျိုးနဲ့တန်ကိုမတန်ဘူး...။

AMK said...

ဇာတ်ရှိန်အတော်မြင့်နေပြီနော် အများအားဖြင့် အနောက်တိုင်း က အမျိုးသမီးလေးတွေ ဖြစ်တတ်တဲ့ စတိုင်ပေါ့ ထူးချွန်ထက်မြက်တဲ့ သူတွေပိုဆိုးတယ် ..လေးစားပါတယ်. ဆက်ရေးအစ်မရေ..စောင့်နေတယ်ဗျာ