Friday, May 4, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၇)

"အနက်ရောင် ပိုးသားဂါဝန် ကို ဘယ်တော့မှ မဝတ်ပါဘူးလို့ ကတိပေးစမ်း"
သူ့စကား ကို ကြားရတော့ ကျွန်မ ပြုံးမိပြန်ပါသည်။ သူကလည်း ကျွန်မကို ပြန်ရယ်ပြသည်။ နံနက်ခင်း သည် သာယာ သွားပြန်ပါပြီ။ နံနက်ခင်း သည် အလွန်တရာ တောက်ပသော အရာဝတ္ထု တစ်ခု ဖြစ်သွားပါ ပြီ။ အဘွားကြီး မစ္စက်ဗန်ဟော့ပါး ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ အချိန်တွေ ရှည်လျားစွာ ကျန်နေ သေးသည့် မွန်းလွဲပိုင်းအချိန်ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ လက်ဖြောက် တစ်ချက်တီး လိုက် သလို အားလုံးကို မေ့ပစ်လိုက်ပါတော့သည်။ ရှည်လျား ပါသည်ဆိုသော ထိုအချိန်များက အလွယ် တကူ ကုန် ဆုံးလွန်မြောက်ကြပါလိမ့်မည်။ နောက်ပြီးတော့ ယနေ့ညဆိုတာ ရှိလိမ့်မည်။ မနက်ဖြန် ဆိုတာ လည်း ရှိ လိမ့်မည်။ ထိုညတွေ၊ မနက်ဖြန်ညတွေ သာယာလှပသောညနှင့် မနက်ဖြန်တွေ ဖြစ် လိမ့် မည်။
ကို ဆက်ဖတ်ရန် ...............

ကျွန်မ၏စိတ်ထဲမှာ သတ္တိတွေပြည့်ဖြိုးလာသည်။ ရွှင်လန်းချမ်းမြေ့လာသည်။ သည်အချိန်ကလေးတုန်း က မစ္စတာဒီဝင်းတာ ကို တန်းတူရည်တူ ဆက်ဆံဝံ့သော သတ္တိတွေလည်း အပြည့်ရှိလာသည်။ မစ္စက် ဗန်ဟော့ပါး၏  အိပ်ခန်းထဲသို့ အချိန်နောက်ကျပြီး ကျွန်မဝင်သွားရမည်ကို မြင်ယောင်နေမိသေးတော့ သည်။ ကျွန်မ နောက်ကျသည့်အတွက် အဘွားကြီးက အမေးအမြန်းထူလိမ့်မည်။ ကျွန်မကလည်း ပမာ မခန့် တစ်ချက် သမ်းဝေလိုက်ရင်း…
"အချိန်တွေကိုတောင် ကျွန်မဖြင့် သတိမရနိုင်တော့ပါဘူးရှင်… မက်ဇင်မ်နဲ့ အတူတူ နေ့လယ်စာ သွား စားနေ လို့လေ…"ဟုလည်း ပြန်ပြောမိပေလိမ့်မည်။
သူနှင့်စတွေ့တွေ့ချင်းမှာပင် ကျွန်မနာမည်၏ရှေ့လုံးအလုံးကို သူ ခေါ်ခဲ့သည်။ သို့သော်လည်း လူတစ် ယောက်၏ နာမည်မှ ရှေ့ဆုံအလုံးကို ပိုင်စိုးပိုင်နင်းခေါ်ခြင်းသည် ရိုင်းစိုင်းသော အပြုအမူဖြစ်သည် ဟု ကလေးငယ်တစ်ယောက် တွေးထင်သလိုပင် ကျွန်မလည်း အစွဲကြီးရှိနေ သူဖြစ်ပါသည်။

ယခုတော့ အခြေအနေတွေအားလုံး ပြောင်းကုန်ပြီ။ သည်နေ့ မနက်ခင်း၏အတွေ့အကြုံများက ကျွန်မ ကို ရာထူး တိုးပေးလိုက်သလို ရှိသွားပြီ။ ကျွန်မ၏အဆင့်အတန်း ပိုမိုမြင့်တက်သွားပြီ။ သူနှင့် ကျွန်မ၏ ရင်းနှီးကျွမ်းဝင်မှု အဆင့် က မြင့်တက်သွားပြီ။ ကျွန်မ တွေးထင်ထားခဲ့သလို သူ့ထက်အများကြီး အောက် တန်း နောက်တန်း ကျသည့် ဘဝမျိုးမဟုတ်တော့ပါ။ ပြီးတော့ ကျွန်မကိုလည်း သူ နမ်းခဲ့ပြီ။ လက်ကို တစ်ကြိမ်။ ခေါင်းကိုတစ်ကြိမ်။ သို့သော် သူ နမ်းပုံကြီးက အလုပ်သဘောဆန်လွန်းလှပါ၏။ ကျွန်မ ကို နှစ်သိမ့်သည့်သဘောဖြစ်နေပါ၏။ ညင်ညင်သာသာကလေး နမ်းလိုက်ခြင်းဖြစ်ပါ၏။

သူ့အနမ်းကြီး က ကျွန်မ ဖတ်ဖူးထားသော အချစ်ဝတ္ထုများထဲက နမ်းသလိုလည်း မဟုတ်။ အသည်းတုန် အူတုန် စရာလည်း မကောင်း။ ရင်ဖိုပြီး ရှက်သွေးကလေး ဖြာသွားရသည်မျိုးလည်း မဟုတ်။ သူနှင့် ကျွန်မ၏ ဆက်ဆံရေးကို ပိုမိုချောမွေ့အောင် ပြုလုပ်လိုက်သည်နှင့်ပင် တူသေးတော့သည်။ အရာရာတို့ ကို ပိုမို ရိုးစင်းသွားအောင် ပြုလုပ်လိုက်သည်နှင့်ပင် တူလှပါ၏။ သူနှင့်ကျွန်မ ခြားနားသော ကွာဟချက် ကြီး ကိုလည်း ပေါင်းကူးတံတားထိုးပေးလိုက်သလိုရှိပါချေသည်။ သူ့ကို ကျွန်မက မက်ဇင်မ်လို့ ခေါ်ရ မယ်တဲ့လေ…။

ထိုနေ့မွန်းလဲပိုင်းတုန်း က မစ္စက်ဗန်ဟော့ပါးနှင့် ဖဲကစားရသည်မှာလည်း အခါတိုင်းလို ပျင်းရိငြီးငွေ့ဖွယ် ရာ မကောင်းတော့ ပါ။ သို့သော်လည်း မနက်ပိုင်းက ဘာတွေဖြစ်ခဲ့ကြောင်း ဖွင့်ပြောဖို့တော့ ကျွန်မမှာ သတ္တိမရှိရိုး အမှန်ပင်။ ဖဲကစားပြီး ဖဲချပ်များကို ဗူးထဲသို့ ထည့်သိမ်းရင်း အဘွားကြီးက ကျွန်မကို မေးပါ သည်။
"ပြောစမ်းပါဦး… ဒီဟိုတယ်ထဲမှာ မက်ဇ်ဒီဝင်းတား ရှိနေတုန်းပဲလား"
သည်လို အမေးခံလိုက်ရတော့ ရေငုန်သမား ကမ်းနဖူးပေါ်မှာ တုံ့ဆိုင်းဆိုင်းလုပ်နေသလို ကျွန်မလည်း ခဏတော့ တုံ့ဆိုင်းဆိုင်းဖြစ်သွားမိ ပါသည်။ ပြီးတော့ အမှန်ကို ကျွန်မ မပြောရဲတော့။
"ဟုတ်ကဲ့… ရှိနေပါလိမ့်မယ်။ စားသောက်ခန်းထဲကိုတော့ ထမင်း လာလာစားနေတာပဲ"

တစ်ယောက်ယောက် က အဘွားကြီးကို သံတော်ဦးတင်လိုက်ပြီဟု ကျွန်မ ထင်ပါသည်။ ကျွန်မတို့ နှစ် ယောက် တပူးတွဲတွဲလုပ်နေကြသည်ကို တစ်ယောက်ယောက်က မြင်တွေ့သွားပါလိမ့်မည်။ သို့တည်း မဟုတ် ကျွန်မကို တင်းနစ်ရိုက်နည်းသင်ပေးနေသူ ဆရာက အဘွားကြီးကို တိုင်လိုက်တာ လည်း ဖြစ် နိုင်သည်။ ဒါမှမဟုတ် ဟိုတယ်မန်နေဂျာက စာရေးအကြောင်းကြား လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ ကြောင့် ကျွန်မကို ဘယ်လိုများ ဆူပူကြိမ်းမောင်းလေမည်နည်း ဟု တွေးရင်း ငြိမ်ပြီး ကျွန်မ စောင့်နေမိ ပါသည်။

သို့သော်လည်း ကျွန်မ ထင်သလိုဖြစ်မလာပါ။ အဘွားကြီးက ဖဲချပ်များကို ဗူးထဲသို့ ဆက်ထည့်နေ သည်။ သူ့ အိပ်ရာခင်း စန့်စန့်ရန့်ရန့်ဖြစ်သွားအောင် ကျွန်မ ပြုလုပ်ပေးနေခိုက်တွင် မစ္စက်ဗန်ဟော့ပါးက အနည်း ငယ် သမ်းဝေလိုက်သည်။ ကျွန်မက ပေါင်ဒါဗူး၊ နှုတ်ခမ်းနီဆိုးဆေးများကို ယူပေးလိုက်သည်။ သူက ဖဲထုပ် ကို ဘေးမှာချလိုက်ပြီး စားပွဲပေါ်က လက်ကိုင်ကြည့်မှန်ကို ကောက်ယူသည်။
"လူကတော့ စွဲမက်စရာကောင်းလောက်တဲ့ လူချော။ ဒါပေမဲ့ စိတ်နေသဘောထားက ခပ်ဆန်းဆန်း ရယ်။ အသိရခက် တဲ့ စိတ်သဘောထားမျိုးလို့ ငါ ထင်တယ်။ ဟိုတစ်နေ့ စားသောက်ခန်းထဲမှာ တွေ့ကြ တုန်းက သူ့မန်ဒါလေစံအိမ်ကြီးကို လာလည်ဖို့ ငါ့ကို ဖိတ်တော့မယ်လို့ ထင်တာ… တစ်လုံးမှဟမသွား ဘူး" ဟု မစ္စက်ဗန်ဟော့ပါးက ပြောသည်။
ကျွန်မ က ဘာမျှပြန်ပြောဘဲ ငြိမ်နေလိုက်ပါသည်။ သူ့နှုတ်ခမ်းသား မာကျောကျောကြီးပေါ်မှာ ဆိုးဆေး ဖြင့် ကောက်ကြောင်းခြယ်နေသည်ကို သာ ငေးစိုက်ကြည့်နေလိုက်ပါသည်။

"သူ့မိန်းမ ကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး"ဟု ထိုစကားကိုပြောရင်း ကြည့်နေဆဲ မှန်ကိုပါ ဖယ်လိုက် သည်။ ကျွန်မ၏မျက်နှာပေါ်မှာ မည်သို့သော အမူအရာများ ပေါ်သွားလေသနည်းဟု စပ်စုနိုင်ရန်ဖြစ် သည်။
"ဒါပေမဲ့ အင်မတန် ချစ်စရာကောင်းတယ်ဆိုတာတော့ ငါ ယုံတယ်။ အဖိုးတန် ဝတ်ကောင်းစားလှတွေ က ကိုယ်ပေါ် မှာ အမြဲပဲတဲ့။ နေရာတကာမှာလဲ သိပ်ကို ထက်ထက်မြက်မြက်ရှိတယ်ဆိုပဲ။ သူတို့လင် မယား ဟာ မန်ဒါလေ စံအိမ်ကြီးမှာ အင်မတန်ကြီးကျယ်တဲ့ ဧည့်ခံပွဲကြီးတွေလဲ မပြတ်ခင်းကျင်းလေ့ရှိ သတဲ့။ မစ္စတာဒီဝင်းတား ဟာ သူ့မိန်းမ ကို အင်မတန် မြတ်နိုးတယ်လို့ ငါ ယုံတယ်။ အခုတော့ ကောက် ကာငင်ကာ နဲ့ ဗြုန်းကနဲ ကြေကွဲစရာ အဖြစ်ဆိုးကြီးကို ကြုံသွားရတော့တာပဲ၊ အင်း… ငါ့နှုတ်ခမ်းက နီနီ ရဲရဲကြီး နဲ့ ဆိုရင် ပေါင်ဒါ အရောင်ရင့်ရင့်နဲ့မှ လိုက်တော့မှာပဲ။ အဲဒီ ပေါင်ဒါဗူးကလေး လှမ်းလိုက်စမ်းပါ သမီး ရယ်… ဒီပေါင်ဒါဗူး ကို အံဆွဲထဲ ပြန်ထည့်သိမ်းထားလိုက်ပါနော်…"

တံခါးခေါင်းလောင်းမြည်သံကြားရပြီး ဧည့်သည်များရောက်လာမည့် အချိန်အထိ ပေါင်ဒါရိုက်၊ နှုတ်ခမ်း နီဆိုး၊ ရေမွှေးဆွတ် စသည့်အလုပ်များဖြင့် ကျွန်မတို့ဇယ်စက်သွားကြပါသည်။ ကျွန်မကလည်း သူတို့ ကို အရက်ခွက် ကမ်းခြင်း၊ ဝတ္တရားကျေစကား အနည်းငယ်ပြောခြင်း၊ ဓာတ်ပြားအသစ်လဲပေးခြင်း၊ စီးက ရက်တို များကို ရှင်းလင်းပေးခြင်းများဖြင့် ကိုယ့်အလုပ်ကိုယ် လုပ်နေရပြန်ပါသည်။
"နောက်ထပ် ပန်းချီများ ဆွဲဖြစ်သေးသလား မိန်းကလေးရေ…"ဟု ဘဏ်သူဌေးအဘိုးကြီးက မေးပါ သည်။ မမေးလိုသော် လည်း လောကဝတ်အရ မေးရသည့်သဘောမျိုးဖြစ်ကြောင်း ကျွန်မ သိပါသည်။ ကျွန်မ ကလည်း လောကဝတ် အရ အားယူပြီး ပြန်ပြုံးပြရပါသည်။

"သိပ်မဆွဲဖြစ်လှပါဘူးရှင်… စီးကရက်တစ်လိပ်လောက် ထပ်ယူပါဦးလားရှင်"
သို့ကလို ပြန်ဖြေရသော်လည်း ကျွန်မ၏စိတ်အစဉ်ကတော့ သည်နေရာတွင် မရှိပါ။ စိတ်က တစ်နေရာ သို့ လွင့်ပါးနေ ပါသည်။ မစ္စတာဒီဝင်းတား၏ဇနီးပုံကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိပါသည်။ သို့သော် လည်း ကျွန်မ ၏စိတ်ကူးထဲက သူ့ရုပ်ပုံသည် မပီဝိုးတဝါးဖြစ်နေပါသည်။ အသားရောင်တွေကလည်း မထင်ရှား။ မျက်လုံးနှင့် သူ့ဆံပင်ပုံများကိုလည်း ပုံဖော်၍ မရနိုင်အောင် ဖြစ်နေပါသည်။
တာရှည်ခံသည့် အလှ သူ့မှာရှိခဲ့သည်။ သူပြုံးပုံကလေးကလည်း တစ်ခါမြင်လျှင် တစ်သက်မမေ့နိုင် သော အပြုံးမျိုးဖြစ်သည်။ တစ်နေရာရာ မှာ သူ့အသံလွင်လွင်ကလေးကလည်း တွဲခိုနေပါလိမ့်မည်။ သူ ပြောခဲ့ သည့် စကားလုံးများကလည်း ပြန်လည်အမှတ်ရနေဖွယ်ရာ ကောင်းပါလိမ့်မည်။ သူ သွားလာ လည်ပတ်  ခဲ့သည့် နေရာပေါင်း မြောက်မြားစွာရှိသည်။ သူ့လက်နှင့်ထိတွေ့ကိုင်ခဲ့သော အရာဝတ္ထုတွေ လည်း ရှိသည်။ သူဝတ်ခဲ့ သည့် အဝတ်အစားများ ထည့်သွင်းသိမ်းဆည်းထားရာ ဗီရိုများလည်း ရှိ ကောင်း ရှိရပေမည်။ ထိုအဝတ်အစားများတွင် သူ သုံးခဲ့သည့် ရေမွှေးနံ့များနှင့် သူ့ကိုယ်သင်းနံ့ကလေး များလည်း ပြယ်လွင်ဦးမည်မဟုတ်သေး။

ကျွန်မ အိပ်ခန်းထဲ ရှိ ကျွန်မ၏ခေါင်းအုံးအောက်မှာပင် သူ့လက်များနှင့် ကိုင်တွယ်ခဲ့သည့် စာအုပ်တစ် အုပ်ရှိနေသေးသည်။ ပထမဆုံးစာမျက်နှာကို လှန်ရင်း ကောက်နေသည့် ကလောင်သွားမှာ မင်ကိုခါ ကာ စာရေး ရင်း သူ ပြုံးနေမည့်ပုံကိုပင် ကျွန်မ မြင်ယောင်နေမိပါသည်။
"မက်ဇင်… ရဘက်ကာထံမှ…"
ထိုနေ့သည် မက်ဇ်၏မွေးနေ့ဖြစ်ပေလိမ့်မည်။ အမျိုးသမီးက အခြားလက်ဆောင်ပစ္စည်းများနှင့်အတူ ထို စာအုပ်ကလေးကိုလည်း နံနက်စာစားမည့် စားပွဲပေါ်မှာ ရောနှောတင်ထားပေလိမ့်မည်။ ပြီးတော့ သူတို့ ဇနီးမောင်နှံနှစ်ယောက် ပြိုင်တူရယ်မောကြကာ လက်ဆောင်ပစ္စည်းများပေါ်ရှိ စက္ကူနှင့်ကြိုးများကို ဖြေ ကြပေလိမ့်မည်။ စာအုပ်ပေါ်မှာ "မက်ဇ်" ဆိုသော စာလုံးကလေးကို သူ ဖတ်နေသောအခါ အမျိုးသမီး က သူ့ပခုံးပေါ် မှကျော်ပြီး ကိုယ်ကို ကိုင်းကြည့်နေပေလိမ့်မည်။ သူ့ကို သည်မိန်းမက "မက်ဇ်" လို့ ခေါ် သတဲ့။ မှတ်မိလွယ်သော အမည်ဖြစ်သည်။ ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသော အမည်လည်းဖြစ်သည်။ ပြီးတော့ အခေါ်ရလည်း လွယ်သည်။

အိမ်သားများ ကတော့ မက်ဇင်မ်ဟု ခေါ်ချင်လျှင်လည်း ခေါ်နိုင်ကြပါသည်။ သူ့အဘွားတွေ၊ အဒေါ်တွေ ကတော့ မက်ဇင်မ်ဟု ခေါ်ကြပေလိမ့်မည်။ ကျွန်မတို့လို အသက်ငယ်ပြီး ဘာမျှ အရေးမကြီးသူများအဖို့ တော့ မက်ဇင်မ်ဟု ခေါ်လည်း အကြောင်းမဟုတ်။ "မက်ဇ်" ဟူသောအမည်မှာ သည်မိန်းမ က ရွေးချယ် ထားခြင်းဖြစ်သည်။ သူပိုင်စကားလုံးဖြစ်သည်။ သည်နာမည်ကိုပင် ယုံကြည်ချက်ကြီး တစ်ခွဲသားဖြင့် ကဗျာစာအုပ် ရေခံစာရွက်ပေါ်တွင် သည်မိန်းမ ရေးခဲ့ပြီမဟုတ်လား။ မင်လုံးက ကြီးကြီး၊ လက်ရေးက စောင်းစောင်း၊ စာရွက်ဖြူပေါ်မှာ ထင်းလို့။ ထိုစာလုံးသည် ထိုအမျိုးသမီး၏ အမှတ်လက္ခဏာပင်ဖြစ်ချေ သည်။ သူ့ကိုယ်သူ အလွန်သေချာသူ၊ အလွန် စိတ်ချသူ ဖြစ်ချေသည်။

သည်လို ခံစားချက်မျိုးဖြင့် ဒီဝင်းတားထံသို့ အကြိမ်ပေါင်း ဘယ်လောက်များအောင် သူ ရေးခဲ့လေသ နည်း။
သူ့ယောက်ျား ခရီးသွားနေခိုက်တွင်လည်း စာရွက်အပိုင်းအဖြတ်များပေါ်တွင်လည်းကောင်း၊ စာမျက်နှာ တစ်ခုပြီး တစ်ခုပေါ်တွင်လည်းကောင်း သူတို့အကြောင်းကို ရေးပြနေပေလိမ့်မည်။ သည်မိန်းမ၏အသံ ကလည်း တစ်အိမ်လုံးမှာ တစာစာလွှမ်းမိုးနေလိမ့်မည်။ စာအုပ်ထဲမှာ ပေါ့ပျက်ပျက် ရေးလိုက်သလို သူ့ အသံကလည်း ပန်းခြံထဲအထိ ကျူးကျော်ပဲ့တင် ထပ်နေပါလိမ့်မည်။
ပြီးတော့ သူ့ကို ကျွန်မက မက်ဇင်မ် လို့ ခေါ်ရမယ်တဲ့ရှင်…။

အခန်း (၆)

ထုပ်ရပိုးရ သိမ်းရဆည်းရပြန်ပါပြီ။ တစ်နေရာကို ခွာရပြန်ဦးတော့မည်ဆိုတော့လည်း စိတ်ထဲက မကျေ နပ်ချင်မိ။ သေတ္တာများကို သော့ခတ်လိုက်။ ထိုသော့က ကြမ်းပေါ်မှာ ပွစကျဲနေသည့် စက္ကူစများကြား တွင် ပျောက်လိုက်ဖြင့် ဂျင်ခြေ လည်နေသည်။ သည်အလုပ်မျိုးကို ကျွန်မ အမြဲတမ်း မုန်းတီးမိပါသည်။ ယခုလည်း မုန်းတီးစိတ် များ တဖွားဖွားပေါ်နေမိပြန်သည်။ ကျွန်မဘဝသည် တစ်နေရာတည်းမှာ ကြာ ရှည်လေးမြင့် အတည်တကျနေ ရသည်ဟူ၍ မရှိ။ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းသွားလာနေရ သည်ချည်း ဖြစ်သည်။ "သေတ္တာသွားရာ လူကပါရသည်" ဆိုသည့် စကားမှာ ကျွန်မအတွက်ပင် ရည် ညွှန်းလေရော့ သလားဟု ဆိုရတော့မည်ပင်။

ယခုလည်း ကြည့်ပါဦး။ စားပွဲအံဆွဲများကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် ကိုယ့်ပစ္စည်းမကျန်ရစ်ရလေအောင် စစ်ဆေးကြည့်ရှု ရသည်။ အဝတ်ဗီရိုတံခါးများကိုလည်း ဖွင့်ဟထားရသည်။ သို့မှသာ ဘာတွေကြွင်း ကျန် နေရစ်သည်ကို အလွယ်တကူ မြင်တွေ့နိုင်သည်။
ကျွန်မ၏စိတ်ထဲမှာ ဝမ်းနည်းစိတ်များ တလူလူလွင့်လာသည်။ တစ်စုံတစ်ရာကို လက်လွှတ်ဆုံးရှုံးလိုက် ရသလို ခံစား ရသည့် စိတ်မျိုးဖြစ်သည်။ သည်နေရာကလေးမှာ ကျွန်မတို့ဇနီးမောင်နှံနေခဲ့ကြသည်။ ကျွန်မတို့ ဇနီးမောင်နှံ ကြည်နူးချမ်းမြေ့ခဲ့ကြသည်။

အချိန်ကာလအားဖြင့် မည်မျှပင် တိုတောင်းပါစေ၊ သည်နေရာကလေးကို အချိန်အတိုင်းအတာတစ်ခု အထိတော့ ကျွန်မ တို့ ပိုင်ဆိုင်ခဲ့ကြပါသည်။
သည်အမိုးအောက် မှာ ကျွန်မတို့ဇနီးမောင်နှံ နှစ်ညတာမျှ အိပ်စက်နားနေခဲ့ကြသည်မှန်သော်လည်း ကျွန်မတို့နှင့် သက်ဆိုင်ရာတစ်စုံတစ်ရာကို သည်နေရာမှာ ချန်ထားရစ်ခဲ့ရသလို ခံစားရပါသည်။ ရုပ် ဝတ္ထုအနေဖြင့်ကား မဟုတ်ပါ။ မှန်တင်ခုံဘေးမှာ ဆံညှပ်ကလေး တစ်ချောင်းမျှပင် မကျန်ရစ်ခဲ့သည်မှာ မှန်ပါ၏။ ခေါင်းကိုက်ပျောက်ဆေးပုလင်းခွံကလေး တစ်လုံးမျှပင် မကျန်ရစ်ခဲ့သည်မှာ မှန်ပါ၏။ ခေါင်း အုံးအောက်မှာ လက်ကိုင်ပဝါကလေးတစ်ထည်မျှပင် မကျန်ရစ်ခဲ့သည်မှာလည်း မှန်ပါ၏။ သို့သော် အမျိုးအမည် တပ်ကာ ဖော်ပြနိုင်စွမ်းမရှိသော တစ်စုံတစ်ရာတော့ ကျန်ရစ်ခဲ့သည်မှာ အမှန်ဖြစ်ပါချေ သည်။

ကျွန်မ စဉ်းစားကြည့်မိပါသည်။ ကျွန်မတို့ အတူတကွနေထိုင်ခဲ့ကြသည့် "အချိန်ကာလကလေးတစ်ခု" ဆိုသည် ကတော့ သည်နေရာမှာ ကျန်ရစ်ခဲ့ချေပြီ။ "စိတ်ခံစားချက်ကလေးတစ်ခု" ဆိုသည်ကတော့ သည်နေရာမှာ အမှန်တကယ်ပင် ကျန်ရစ်ခဲ့လေပြီ။
သည်နေရာကလေး က ကျွန်မတို့ဇနီးမောင်နှံကို နားခိုရာပေးခဲ့သည်။ သည်နေရာကလေးမှာ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်တင်းတုံ့လှယ်စကားတွေ ကြွယ်ခဲ့ကြသည်။ ပတ်လည်မှာ နံရံများကာရံထား သည့် သည်အခန်းကလေးထဲမှာ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ချစ်ရည်လူးကာ ရွှင်မြူးခဲ့ကြသည်။

ယင်းအဖြစ်အပျက်များက မနေ့က အဖြစ်အပျက်များပင်။ အားလုံး အတိတ်ဖြစ်သွားပါပြီ။ အတိတ်မှာ ကျန်ရစ်ခဲ့ကြပါပြီ။ မနေ့က အဖြစ်အပျက်များ မရှိတော့။ မနေ့ကအကြောင်းများ မဟုတ်တော့။ မနေ့က ဆို သည်မှာ ပြန်လည်ကိုင်ဖမ်း၍ လုံးဝမရနိုင်တော့။ တစ်နည်းတစ်ဖုံအားဖြင့်တော့ ပြောင်းလဲသွားကြပြီ။ မနေ့က ဖြစ်ပျက်ပြုလုပ်ခဲ့ကြသည်များကို ယခု ပြန်လည် ဖြစ်ပျက်အောင် ပြုလုပ်၍ ရနိုင်ပါသည် ထားဦး တော့။ မနေ့က မဟုတ်တော့ပြီ။ မနေ့က အဖြစ်အပျက်မဟုတ်တော့ပြီ။ မတူညီနိုင်ပြီ။
လမ်းဘေး တစ်နေရာရှိ တည်းခိုခန်းကလေးတစ်ခုမှာ နေ့လယ်စာစားဖို့  ကားထိုးရပ်လိုက်သည်ဆိုပါစို့။ ကိုယ်နှင့် အကျွမ်းတဝင် မရှိသော မှောင်နေသည့် အခန်းကလေးတစ်ခုထဲသို့ လက်ဆေးရန် ကျွန်မ ဝင် သွား မည်။ တံခါး လက်ကိုင်ကလေးကိုလည်း ကျွန်မမသိ။ နံရံတွင်ကပ်ထားရာမှ ကွာကျစပြုနေသည့် စက္ကူ ကိုလည်း ကျွန်မ မသိ။ လက်ဆေးကြွေခွက်ပေါ်ရှိ အနည်းငယ်ကွဲနေသော ကြည့်မှန်သည်လည်း ကျွန်မနှင့် အကျွမ်းတဝင် မရှိ။ အားလုံး အစိမ်းသက်သက်များသာ ဖြစ်ပါသည်။

ဘယ်လောက်ပဲ စိမ်းနေပါသည်ဆိုဆို သည်အချိန်ပိုင်းကလေးမှာတော့ ထိုအရာများအားလုံးသည် ကျွန်မနှင့် သက်ဆိုင်နေကြသည် ချည်း ဖြစ်ပါ၏။ ကျွန်မတို့ချင်း အပြန်အလှန် သိကျွမ်းနေကြသည့် သ ဘောဖြစ်ပါ၏။ ယခု ပစ္စုပ္ပန်တည့်တည့်အချိန်မှာ ကျွန်မတို့ချင်း ကျွမ်းဝင်နေကြသည့် သဘောပင် ဖြစ်ပါ ၏။ အတိတ်မရှိ၊ အနာဂတ်မရှိ။ သည်နေရာမှာ ကျွန်မလက် များ ဆေးကြောသုတ်သင်နေပါသည်။ အနည်းငယ်ကွဲနေသည့် ကြည့်မှန်ကလေးထဲမှ ကျွန်မကိုယ် ကျွန်မ ပြန်ကြည့်နေပါသည်။ ထိုပစ္စုပ္ပန်အ ချိန်ကလေး၏ ကျွန်မဖြစ်ပါသည်။ မှန်ထဲက ကျွန်မသည် ထိုပစ္စုပ္ပန်အချိန်ကလေး ၏ ကျွန်မ ဖြစ်ပါသည်။ သည်အချိန်ပိုင်းကလေးသည် ကုန်ဆုံး လွန်မြောက် သွားသေးသည် မဟုတ်။

ပြီးတော့ တံခါးကို ဖွင့်ကာ ကျွန်မကိုထိုင်စောင့်နေသည့် ခင်ပွန်းရှိရာ စားသောက်ခန်းထဲသို့ ကျွန်မ လှမ်း ဝင်သွားသည်။ ထိုအချိန်ပိုင်းကလေးမှာပင် ကျွန်မ၏အသက်သည် စောစောကထက် ကြီးရင့်သွားချေ ပြီ။ စောစောက အချိန်ပိုင်းများကို ဖြတ်သန်းလွန်မြောက်ခဲ့ပါပြီ။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ခြင်း သည် သိနိုင်စွမ်း မရှိသော ရည်မှန်းချက်ပန်းတိုင်တစ်ခုသို့ ကျွန်မ ဦးတည်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မသည် အပြန်အလှန် ပြုံးရယ်လိုက်ကြသည်။ ကြိုက်နှစ်သက်ရာ နေ့လယ်စာ ကို မှာယူ စားသောက်ကြသည်။ ရောက်တတ်ရာရာ ထွေရာလေးပါးများကို ပြောကြဆိုကြမည်။ သည် အချိန် မှာပင် ကျွန်မကိုယ်ကျွန်မ ပြန်ပြောနေမိသည်။ "အခု ငါဟာ လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက ငါ့ခင်ပွန်း ကို သည်နေရာမှာထားခဲ့ပြီး လက်ဆေးဖို့ ထသွားတဲ့ ငါ မဟုတ်တော့ပါကလား၊ စောစောက ငါဟာ အတိတ် မှာ ကျန်ရစ်ခဲ့ပြီ၊ ပျက်သွားပြီ၊ အခု ငါဟာ စောစောက ငါမဟုတ်တော့ဘဲ တခြား မိန်းမတစ် ယောက်ဖြစ်နေပြီ၊ စောစောက ငါထက် အသက်ပိုကြီးနေပါပြီ၊ ပိုပြီး ရင့်ကျက် တည်ငြိမ်နေပြီ"စသည်ဖြင့် ကျွန်မကိုယ်ကျွန်မ ပြန်ပြောမသည်။

မွန်တီကာလို အပန်းဖြေစခန်းမှာ ကျွန်မတို့ တည်းခိုခဲ့ကြသည့် ကိုတေဒါဇူးဟိုတယ်ကြီး ပိုင်ရှင်သစ် တစ်ယောက်၏ လက်သို့ ရောက်သွားပြီဖြစ်ကြောင်း၊ ကိုတေဒါဇူးဆိုသော မူလအမည်ကိုလည်း ပြောင်း လဲပစ်လိုက်ပြီဖြစ်ကြောင်း ဟိုတစ်နေ့က သတင်းစာထဲမှာ ကျွန်မ ဖတ်လိုက်ရပါသည်။ အခန်းများကို အလှ ပြန်ပြင်ပြီးပြီ။ အတွင်းပိုင်း အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ ဒုတိယထပ်မှာရှိနေသည့် မစ္စက် ဗန်ဟော့ပါး တည်းခိုခဲ့သော အခန်းသည်လည်း လုံးဝရှိနိုင်တော့မည်မဟုတ်ပါ။ ကျွန်မ နေထိုင်ခဲ့ရ သည့် အိပ်ခန်း ကျဉ်းကျဉ်းကလေးသည်ပင် ကြက်ပျောက် ငှက်ပျောက် ဖြစ်နေလောက်ပြီ။ ထိုနေရာသို့ ဘယ်နံရောအခါ တွင်မှ ကျွန်မ ပြန်သွားတော့မည် မဟုတ်ကြောင်းကိုလည်း ကျွန်မသိနေသည်။

ကိုတေဒါဇူးဟိုတယ်ရှိ မစ္စက်ဗန်ဟော့ပါး၏အခန်းထဲက ကြမ်းပြင်ပေါ်မှာ ကျွန်မ ဒူးထောက်ထိုင်ရင်း အဘွားကြီး ၏သေတ္တာသော့များကို မကျွမ်းမကျင် ပိတ်ပေးနေခဲ့ရသည့် နေ့တစ်နေ့ကိုလည်း ယခုပင် ကျွန်မ သတိပြန်ရနေပါသည်။ ထိုအလုပ်မျိုးကိုလည်း နောက်ထပ် ဘယ်တော့မှ ကျွန်မ လုပ်တော့မည် မဟုတ်ပါ။
ထိုနေ့က သော့ခလောက်ကို ဖြှောက်ခနဲ ညှစ်ပိတ်လိုက်သည်နှင့်တစ်ပြိုင်တည်း ကျွန်မ၏ဘဝအဆစ် အပိုင်းလေး တစ်ခု နိဂုံးချုပ်သွားပါပြီ။ ပြတင်းပေါက်ကိုကျော်ပြီး အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ ဓာတ်ပုံအယ်လ်ဘမ် ကို တစ်ရွက်ချင်း လှန်ကြည့်နေရသလို ရှိပါသည်။ အိမ်ခေါင်မိုးများကို တွေ့ရ သည်။ ပင်လယ်ပြင်ကြီး ကို လှမ်းမြင်ရသည်။ သို့သော်လည်း ထိုအရာအားလုံး ကျွန်မနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ပါပြီ။ သူတို့အားလုံး မနေ့ကအရာများ ဖြစ်သွားကြပြီ။ အတိတ်ကာလနှင့် သက် ဆိုင်သွားကြပြီ။

ယခု ကျွန်မတို့ရပ်နေသည့် အခန်းများသည်ပင်လျှင် ဟင်းလင်းပြင်ဖြစ်သွားပြီ။ ကျွန်မ တို့ပိုင်သည့် ပစ္စည်း များကို ဖြုတ်ယူသိမ်းဆည်းပြီးပြီ။ ကျွန်မတို့ကိုလည်း အလိုမရှိတော့။ မနက်ဖြန်တွင် သည်အခန်းထဲသို့ ကျွန်မတို့ အစားဝင်ရောက်နေရာယူတော့မည့် လူသစ်ကို မျှော်နေကြပြီ။
သေတ္တာကြီးများ ကို စင်္ကြံထဲမှာ ထုတ်ထားပြီးပြီ။ နောက်မှ ဆက်လက် သိမ်းဆည်းရမည့် အသေးအဖွဲ့ များသာ ကျန်တော့သည်။ "တစ်ဝက်တစ်ပျက် ကျန်နေသေးသည့် အဘွားကြီး၏ဆေးပုလင်းများ၊ စွန့် ပစ်ထား သည့် မျက်နှာလိမ်း ကရင်ဗူးများ၊ စုတ်ဖြဲထားသည့် ငွေတောင်းခံလွှာများ၊ ပေးစာများသာ ကျန် တော့သည်။ စားပွဲမှ အံဆွဲများသည်လည်း ပွင့်လျက်။ ဗီရိုများထဲမှာလည်း ဘာမျှမကျန်တော့။"
မနေ့မနက်တုန်း က မစ္စက်ဗန်ဟော့ပါးဖို့ ကော်ဖီထည့်ပေးနေတုန်း ကျွန်မကို သူက စာတစ်စောင်ပြ သည်။

"သမီးဟယ်လင်က စနေနေ့ကျရင် သင်္ဘောနဲ့ နယူးယောကို ပြန်တော့မယ်တဲ့။ ငါ့မြေး နန်စီကလေးက အူအတက်ပေါက် ချင်သလိုလို ဖြစ်နေတယ်။ ဒါကြောင့် အမေရိကန်ကို ပြန်လာခဲ့ဖို့ ဟိုကလဲ သူတို့ ဆီ ကြေးနန်းရိုက်ပြီး ခေါ်နေတယ်။ ငါလဲ ဘာလုပ်ရမယ်ဆိုတာ အခုမှပဲ ဆုံးဖြတ်နိုင်တော့တယ်။ တို့လဲ သူ တို့နဲ့အတူတူပြန်ကြမယ်။ ဥရောပမှာ ဒါလောက်ကြာကြာနေရတာ ငါဖြင့် သေချင်စော် နံလောက်အောင် ငြီးငွေ့နေပြီ။ နောက်ရာသီ စောစောပိုင်းမှာ တို့ပြန်လာကြရင် လဲ ဖြစ်သားပဲ၊ နယူးယောက်မြို့ကြီး ကို ရောက်ရတော့မယ်ဆိုတော့ မင်းစိတ်ထဲမှာ ဘယ်လိုနေသလဲ"
ထောင်သွင်း အကျဉ်းချထားခြင်း ခံရသည်ထက်ပင် ပိုမိုးဆိုးရွားပေလိမ့်မည်ဟု ကျွန်မ ထင်လိုက်မိပါ သည်။ ကျွန်မ၏ စိတ်အထင်က မျက်နှာပေါ်မှာပင် အမူအရာထင်ဟပ်သွားပုံရပါသည်။ ထို့ကြောင့် အဘွားကြီး က အံ့သြသွားသည်။ ပြီးတော့ စိတ်ပျက်သည့် အမူအရာ ပေါ်လာသည်။

"ကလေးမရေ… မင်းကတော့ ခက်ပါသေးတယ်ကွယ်။ မင်းမှာ ဘာကိုမဆို စိတ်တိုင်းကျနိုင်တယ်လို့ကို မရှိဘူး။ ငါဖြင့် မင်းကို နားမလည်နိုင်အောင် ဖြစ်နေမိပြီ။ ငွေကြေးတစ်ပြားတစ်ချပ်မှမရှိတဲ့ မင်းလို အဆင့်အတန်း မျိုးတွေ တို့တိုင်းပြည်မှာ ဘယ်လောက်တောင် အပျော်ကြီးပျော်နိုင်ကြတယ်ဆိုတာ မင်း သဘော မပေါက်ဘူး ထင်တယ်။ ယောက်ျားကလေးတွေဆိုတာ ရိုက်သတ်လို့ မကုန်နိုင်ဘူး။ ရပ်သပ် ရှု မောစရာတွေကလဲ မှိုလိုပေါက်၊ မင်းနဲ့ အဆင့်အတန်းချင်းတူတဲ့ အပေါင်းအသင်း အသိုင်းအဝိုင်းတစ်ခု ကိုလဲ မင်း ရမယ်။ ဒီမှာလို ငါ့အနားမှာ အမြဲထိုင်ပြီး ခိုင်းသမျှ လုပ်ပေးနေဖို့လဲ မလိုဘူး။ မွန်တီကာလိုမှာ မင်း မပျော်ဘူး လို့ ငါထင်နေတာ"
"ကျွန်မ ဒီမှာ နေသားကျနေပါပြီရှင်"ဟု စိတ်ညစ်ညစ်ဖြင့် ပါးစပ်ထဲ တွေ့ရာကို ထစ်ထစ်ငေါ့ငေါ့ပြောချ လိုက်မိပါသည်။ ကျွန်မ၏စိတ်ထဲမှာ ပဋိပက္ခကလေးတစ်ခု ဖြစ်ပေါ်နေသည်။

"ဟုတ်လား… အေး…ကောင်းတယ်။ ဒီလိုဆိုရင် နယူးယောက်မြို့မှာလဲ မင်း နေသားတကျဖြစ်အောင် လုပ်ရမှာပေါ့ ကွယ်။ ဒါဆို အားလုံး အဆင်ပြေသွားမှာပါ။ ဟယ်လင်တို့ စီးမယ့်သင်္ဘောကို မီဖို့ဆိုရင် လက်မှတ် ကိစ္စကို တို့ ချက်ချင်းလုပ်ကြမှ ဖြစ်တော့မယ်။ အောက်ထပ်က ဧည့်ကြိုရုံးခန်းကို တန်းပြေး ပေတော့။ နည်းနည်းပါးပါး ချက်ချက်ချာချာရှိတဲ့ ဟိုစာရေးခပ်ငယ်ငယ်ကလေးနဲ့ အစီအစဉ် လုပ်။ ဒီတစ် နေ့လုံးတော့ ဖင်ယားလို့တောင်မှ ကုတ်အားတော့မှမဟုတ်ဘူး။ မွန်တီကာလိုကို ခွဲရမှာမို့ မင်း အဖို့ အလွမ်းသယ်နေချိန် မရှိဘူးနော်"
တစ်ဆက်တည်း အဘွားကြီးက မကျေနပ်သလို ရယ်ပါသည်။ ပြီးတော့ စီးကရက်တိုကို ထောပတ်ခွက် ထဲ ထိုးခြေထည့် ကာ သူ့မိတ်ဆွေအပေါင်းအသင်းများကို ဖုန်းဆက်ရန် ထသွားသည်။
ဧည့်ကြိုရုံးခန်း သို့ ချက်ချင်း တန်းပြီး မပြေးဝံ့အောင် ဖြစ်နေမိသည်။ ထို့ကြောင့် ရေချိုးခန်းထဲသို့ ဝင်လာ ပြီး တံခါး ကို အတွင်းမှသော့ခတ်လိုက်သည်။ ပြီးတော့ သပေါ့ဖျာပေါ်မှာ ထိုင်ချကာ ခေါင်းကိုလက်နှစ် ဖက်ဖြင့် သိုင်းဖက် ထားမိသည်။

နောက်ဆုံးကျတော့လည်း ဒါမျိုးနှင့်ပင် ကြုံရလေတော့သည်။ တစ်နေရာတည်းမှာ အတည်တကျ မနေ နိုင် ဘဲ တစ်ရပ်တစ်ကျေးသို့ ပြေးရသည့် အလုပ်ကိုပင် လုပ်ရတော့သည်။ အားလုံး ပြည်ဖုံးကား ချသွား ပြန်ပါပြီ။
မနက်ဖြန် ညနေဆိုလျှင် မစ္စက်ဗန်ဟော့ပါး၏အစေအပါးတစ်ယောက်ပီပီ သူ၏လက်ဝတ်လက်စားဗူးနှင့် ခြုံစောင် ကို ကိုင်ပြီး ရထားတွဲထဲမှာ ကျွန်မ ရှိနေတော့မည်။ အဘွားကြီးကမူ ငှက်မွေးတစ်ချောင်း အလှ ထိုးထား သည့် ပုံပျက်ပန်းပျက် သူ့ဦးထုပ်အသစ်ကြီးကို ဆောင်းလျက်၊ သားမွေးအင်္ကျီကြီးကို ဝတ် လျက်၊ ထိုသားမွေး အင်္ကျီကြီးကြောင့် သူ့ကိုယ်လုံးကိုယ်ထည်မှာ ပုကွကွဖြစ်လျက် ရထားတွဲထဲမှာ ကျွန်မနှင့် မျက်နှာချင်း ဆိုင်ထိုင်နေပေလိမ့်မည်။

ရထားတွဲပေါ် က တဂျုံးဂျုံးမြည်နေသော တံခါးများရှိသည့် အခန်းကျဉ်းကလေးထဲတွင် ကျွန်မ တို့နှစ် ယောက်သား သွားတိုက် မျက်နှာသစ် လုပ်ကြရပေလိမ့်မည်။ ကြွေရေခွက်မှာ စိုရွှဲနေပေ လိမ့်မည်။ မျက် နှာသုတ်ပဝါ ကလည်း စိုထိုင်းထိုင်း ဖြစ်နေလိမ့်မည်။ ဆပ်ပြာခဲပေါ်တွင် ဆံပင်ကလေး တစ်ချောင်း ကပ် နေလိမ့် မည်။ သောက်ရေတကောင်းမှာ ရေတစ်ဝက်သာ ရှိပေလိမ့်မည်။
အသံ တဂျုံးဂျုံးမြည်ကာ ရထားကြီးက ကျွန်မတို့ကို သယ်ဆောင်ပြေးနေခိုက်မှာပင် မစ္စတာဒီဝင်းတား နှင့် ကျွန်မသည် တစ်စတစ်စဖြင့် မိုင်ပေါင်းများစွာ ဝေးကွာလာပြီဖြစ်ကြောင်း ရထားကြီး က ပြောပြနေ သလို ရှိလိမ့်မည်။ သည်လိုအချိန်မျိုးမှာ သူကတော့ ဟိုတယ်ထဲရှိ ကျွန်မသိ သည့် စားပွဲ မှာ တစ်ကိုယ် တည်းထိုင်ရင်း စာတစ်အုပ်ကို ဖတ်နေလိမ့်မည်။ သူ့ကိုခွဲခွာပြီး ကျွန်မ ထွက်လာခဲ့ ရသော်လည်း သူ့ စိတ်ထဲမှာ မည်သို့မျှ ထိခိုက်ခံစားရမည်မဟုတ်။ ကျွန်မ အကြောင်းကလေး ကိုတောင် မှ တွေးတော စိတ်ကူးနေလိမ့်မည်မဟုတ်။

ဆက်ရန်
.

No comments: